Show contents

အခန်း (၁)

နံနက် ၇ နာရီ ၃၅ မိနစ် အချိန်တွင် အိရှိဂါမိသည် ယခင်နေ့များကအတိုင်း နေအိမ်တိုက်ခန်းအတွင်းမှ ထွက်လာသည်။ မတ်လထဲသို့ ထိုးဖောက် ဝင်ရောက်လာပြီ ဆိုသော်ငြားလည်း လေမှာ အအေးဓာတ် မပြယ်ချင်သေး။ သူသည် မာဖလာကို မေးစေ့အထိရောက်အောင် ပတ်ထားသည်။ လမ်းမဆီသို့ မလျှောက်လှမ်းမီ သူသည် စက်ဘီးထားသော နေရာသို့ တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထိုနေရာတွင် စက်ဘီးများစွာ ရပ်ထားကြသည်။ သို့သော် ထိုအထဲတွင် သူ အထူးတလည် စိတ်ဝင်စားသော အစိမ်းရောင် စက်ဘီးတော့ မပါ။

တောင်ဘက်သို့ မီတာ ၂၀ ခန့် လျှောက်လိုက်သည်နှင့် ကားလမ်းမကြီးကို မြင်နိုင်သည်။ ၎င်းမှာ ရှင်-အိုဟရှိလမ်း ဖြစ်သည်။ ၎င်းလမ်းဆုံမှ အရှေ့ဘက်သို့ သွားလျှင် အီဒိုဂါဝါမြို့နယ်သို့ ရောက်ပြီး အနောက်ဘက်သို့ သွားလျှင် နီဟွန်ဘရှိမြို့နယ်သို့ ရောက်သည်။ နီဟွန်ဘရှိမြို့နယ် အတွင်းသို့ မဝင်ရောက်ခင် ဆုမိဒမြစ်ကို ဖြတ်ကျော်ရပြီး ထိုမြစ်ပေါ်တွင် ထိုးထားသော တံတားမှာ ရှင်-အိုဟရှိတံတား ဖြစ်သည်။

အိရှိဂါမိ၏ အလုပ်သို့ သွားမည်ဆိုလျှင် တောင်စူးစူးသို့ သွားပါက အနီးဆုံး ဖြစ်သည်။ မီတာ ၄၀၀ ခန့် လမ်းလျှောက်လိုက်လျှင် ဆယ်ချိုဥယျာဉ်ပန်းခြံသို့ ရောက်မည်။ ထိုပန်းခြံ၏ မျက်နှာချင်းဆိုင်တွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိက အထက်တန်းကျောင်းတွင် အိရှိဂါမိက အလုပ်လုပ်နေသည်။ သူသည် သင်္ချာဘာသာရပ်ကို သင်ကြားသော ကျောင်းဆရာတစ်ယောက် ဖြစ်သည်။

မီးပွိုင့်မှ မီးနီကို လှမ်းမြင်လိုက်သည်နှင့် အိရှိဂါမိသည် ညာချိုး၍ ရှင်-အိုဟရှိတံတား ရှိရာဘက်သို့ လျှောက်လာခဲ့သည်။ လေသည် သူ၏ မျက်နှာပေါ်သို့ တိုက်ခတ်လာပြီး အပေါ်ဝတ် ကုတ်အင်္ကျီမှာလည်း တဖျပ်ဖျပ် လှုပ်ခါနေသည်။ သူ့လက်များကို အိတ်ကပ်ထဲသို့ ထိုးထည့်ပြီး ခါးကို အနည်းငယ် ကိုင်းကာ ခပ်သွက်သွက် လှမ်းလာခဲ့သည်။

ထူထပ်သော တိမ်တောင်များက ကောင်းကင်ပြင်တွင် မင်းမူနေသောကြောင့် ၎င်းတို့၏ ညိုမှောင်နေသော အရိပ်များက ဆုမိဒမြစ်ကို ယခင်ကထက် ပို၍ ညှို့မှိုင်းအောင် ဖန်တီးနေသည့်နှယ်။ လှေငယ်တစ်စင်းသည် မြစ်ကို ဆန်တက်ရန် ကြိုးစားနေသည်။ အိရှိဂါမိသည် တံတားပေါ်မှ ဖြတ်လျှောက်နေစဉ် တအိအိ ရွေ့လျားနေသော ထိုလှေငယ်ကို သတိထား ကြည့်နေမိသည်။

မြစ်ကို လွန်သောအခါ သူသည် လှေကားအတိုင်း တံတားအောက်သို့ ဆင်းပြီး မြစ်ရိုးအတိုင်း လမ်းလျှောက်သွားသည်။ မြစ်ကမ်းတစ်ဘက်ဆီတွင် ကွန်ကရစ်ခင်းထားသော လူသွားလမ်းများ ရှိသည်။ မိသားစုနှင့် စုံတွဲ အများစုသည် အရှေ့နားတွင် ရှိသော ကိယိုစုတံတားတွင် လမ်းလျှောက်တတ်ကြသည်။ ထို့ကြောင့် ရုံးပိတ်ရက် ဖြစ်နေပါစေ၊ ရှင်-အိုဟရှိတံတား၌မူ လမ်းလျှောက်သူ အလွန်နည်းသည်။ အဓိက အကြောင်းအရင်းမှာ ၎င်းမြစ်ကမ်းတစ်လျှောက်သည် အိုးမဲ့အိမ်မဲ့တို့၏ နေထိုင်ရာ အရပ်ဖြစ်သောကြောင့်တည်း။ ကမ်းနားလမ်းတစ်လျှောက်တွင် အပြာရောင် မိုးကာစများ ပတ်ကာထားသည့် တဲတန်းလျားများကိုသာ တွေ့ရသည်။ အထက်တွင်လည်း တံတားကြီးက မိုးပေးထားသောကြောင့် သူတို့ကို မိုးဒဏ်လေဒဏ်တို့မှ ကာကွယ်ပေးထားသည့်နှယ်။

အိရှိဂါမိသည် အပြာရောင်တဲအိမ်များကို အမှုမထားဘဲ ဖြတ်လျှောက်လာခဲ့သည်။ ၎င်းတဲအိမ်များ၏ အမြင့်မှာ အလွန်ဆုံး ရှိလှ ပခုံးသာသာ မြင့်ကြသည်။ တချို့ဆိုလျှင် ခါးလောက်ပင် မမြင့်ချင်။ တဲအိမ်ဟု ခေါ်မည့်အစား သေတ္တာဟု ခေါ်လျှင် ပိုပြီး သင့်လျော်ပေမည်။ သို့သော် အိပ်စက်ရန်အတွက်သာ အသုံးပြုမည်ဆိုလျှင် ထိုမျှဖြင့် လုံလောက်နိုင်သည်။ တဲအိမ် သို့မဟုတ် သေတ္တာ၏ အနီးအနားတွင် အဝတ်များ လှန်းနိုင်သည့် နေရာလွတ်ရှိသည်။ ၎င်းနေရာသည် လူအများ စုဝေးရာ ဘုံဆိုင်နေရာတစ်ခု ဖြစ်ကောင်း ဖြစ်ပေမည်။

အမျိုးသားတစ်ဦးသည် လမ်းဘေး သံလက်ရန်းပေါ်တွင် ခွထိုင်ပြီး သွားတိုက်နေသည်။ သူ၏ အသက်မှာ ၆၀ ကျော် ရှိပြီး ဖြူဖွေးသော ဆံပင်များကို စု၍ နောက်စေ့တွင် စည်းထားသည်။ ကြည့်ရသည်မှာ ယနေ့ အလုပ်လုပ်ရန် သူ့တွင် အစီအစဉ် ရှိပုံမရ။ အကယ်၍ ကျပန်းအလုပ် ဝင်လုပ်ရန် စိတ်ကူးရှိလျှင် ယခုအချိန်ထိ အီလေးဆွဲနေမည် မဟုတ်။ သူသည် အလုပ်အကိုင် ရှာဖွေရေးဌာနသို့လည်း သွားလိမ့်မည် မထင်။ အကယ်၍ သူနှင့် သင့်လျော်သော အလုပ်အကိုင် တစ်ခုခုကို တွေ့နိုင်သည်ပဲ ထားဦး။ ဆံပင်ရှည်နှင့် ဖရိုဖရဲ ဖြစ်နေသော သူ့အတွက် လူတွေ့ စစ်ဆေးသည့် အဆင့်သို့ ရောက်ရန်ပင် ခဲယဉ်းလှပေမည်။ သူ၏ အသက်အရွယ်ကြောင့် သူ့ကို အလုပ်ပေးလိုသော အလုပ်ရှင်မှာ မရှိသလောက်ပင် ရှားပေလိမ့်မည်။

တခြားလူတစ်ယောက်သည် သူ၏ အိမ်ခန်းဆောင် သေတ္တာဘေးတွင် ရပ်လျက် ဘူးခွံအလွတ်များကို ခြေဖြင့်နင်းနေသည်။ အိရှိဂါမိသည် ထိုမြင်ကွင်းကို အကြိမ်ပေါင်းများစွာ မြင်ဖူးပြီး ဖြစ်သည်။ သူသည် ထိုလူကို ‘ကိုဘူးခွံ’ ဟု နာမည်ပြောင် ပေးထားသည်။ ‘ကိုဘူးခွံ’ ၏ အသက်မှာ ၅၀ ပတ်ဝန်းကျင်သာ ရှိဦးမည်။ သူ့တွင် အိမ်သုံးပစ္စည်းများ အတော် စုံစုံလင်လင် ရှိပြီး ကိုယ်ပိုင်စက်ဘီး တစ်စီးပင် ရှိသေးသည်။ ဘူးခွံ၊ ပုလင်းခွံများကို လှည့်ပတ် သိမ်းဆည်းရသောကြောင့် သူသည် အခြားသူများထက် ပိုမို တက်ကြွပြီး အလုပ်ကြိုးစားသည်ဟု အိရှိဂါမိက ယူဆသည်။ သူသည် ထိုအစုအဖွဲ့၏ အစွန်ဆုံးနေရာတွင် နေသည်။ ‘ကိုဘူးခွံ’ သည် ၎င်းတို့အဖွဲ့တွင် ရွာလူကြီး ဖြစ်ဟန်တူသည်။ ၎င်းတို့ လူစုတွင် အစောဆုံး ပြောင်းရွှေ့နေထိုင်သူလည်း ဖြစ်ပုံရသည်။ အိရှိဂါမိကတော့ ထို့သို့ ယူဆသည်။

အပြာရောင် မိုးကာတဲအိမ်များကို လွန်လာသည်။ ရှေ့ဆက်လျှောက်လာသောအခါ ခုံတန်းရှည်ပေါ်တွင် ထိုင်နေသော လူတစ်ယောက်ကို အိရှိဂါမိ တွေ့ရသည်။ မူလက နို့နှစ်ရောင် ဖြစ်ပုံရသော အနွေးထည်သည် ယခုအခါ ချေးအလိမ်းလိမ်း ကပ်ကာ မီးခိုးရောင် ဖြစ်နေချေပြီ။ အနွေးထည်၏ အောက်တွင် ဂျာကင်အင်္ကျီရှိပြီး ၎င်း၏ အောက်တွင်မူ အဖြူရောင် ရှပ်အင်္ကျီတစ်ထည် ရှိသည်။ အိရှိဂါမိသည် သူ့ကို ‘စက်ဆရာ’ ဟု အမည်ပေးထားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ‘စက်ဆရာ’ သည် မက္ကင်းနစ်ဂျာနယ်တစ်စောင် ဖတ်နေသည်ကို သူမြင်ခဲ့သည်။ ‘စက်ဆရာ’ သည် ဆံပင်ကို ခပ်တိုတို ညှပ်ထားပြီး နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများကိုလည်း ရိတ်ထားသည်။ အလုပ်သစ် အကိုင်သစ် ရှာဖွေရန် ဆုံးဖြတ်ထားသည့်ပုံ။ ခဏနေလျှင် အလုပ်အကိုင် ရှာဖွေရေးဌာနသို့ သွားတော့မည်လား မဆိုနိုင်။ သို့သော် အလုပ်တစ်ခုကို သူ ရချင်မှ ရပေမည်။ အလုပ်တစ်ခု လျှောက်လိုလျှင် မိမိ၏ မာန်မာနကို အဆုံးစွန်ထိ နှိမ့်ချထားရန် လိုအပ်သည်။ အိရှိဂါမိသည် ‘စက်ဆရာ’ ကို လွန်ခဲ့သော ဆယ်ရက်က စတင် မြင်ဖူးခဲ့ခြင်း ဖြစ်သည်။ ထိုသူသည် ရေမျောကမ်းတင်နေသည့် လက်ရှိဘဝမျိုးနှင့် နေသားကျသေးပုံ မရ။ အပြာရောင် မိုးကာစများနှင့် သူ့အကြားတွင် အလွှာတစ်ခု ခြားထားချင်ဟန် တူသည်။ သို့သော် မည်သို့ ပြုလုပ်ရမည်ကိုလည်း သူ မသိ။ သို့ဖြင့် သူ တွေဝေငေးမှိုင်နေသည်။

အိရှိဂါမိသည် မြစ်ရိုးတစ်လျှောက် ဆက်လျှောက်လာခဲ့သည်။ ကိယိုစုတံတား အနီးတွင် အဘွားအိုတစ်ယောက်သည် ခွေးသုံးကောင်ကို ဆွဲ၍ လမ်းလျှောက်နေသည်။ အနီးသို့ ရောက်သောအခါ အဘွားအိုသည် အိရှိဂါမိကို သတိပြုမိသွားပြီး ပြုံးလျက် နှုတ်ဆက်သည်။ အိရှိဂါမိကလည်း ပြန်လည်ဦးညွှတ်လိုက်သည်။

“မင်္ဂလာ နံနက်ခင်းပါ” အိရှိဂါမိက ဦးအောင် နှုတ်ခွန်းဆက်လိုက်သည်။

“မင်္ဂလာပါ။ ရာသီဥတုက အတော် အေးတာပဲ”

“ဟုတ်တယ် ခင်ဗျ”

အဘွားအိုသည် ဘေးနားသို့ ရောက်လာသောအခါ “ဖြေးဖြေး၊ လမ်းမှာ ဂရုစိုက်ပါ” ဟု ပြောလာသောကြောင့် အိရှိဂါမိက ခေါင်းညိတ်ပြလိုက်သည်။

ကိယိုစုတံတားအခြေသို့ ရောက်သောအခါ သူသည် လှေကားမှတစ်ဆင့် တံတားပေါ်သို့ ပြန်တက်ခဲ့သည်။ ကျောင်းသို့ သွားလိုလျှင် ၎င်းနေရာမှ လမ်းတစ်ဘက်သို့ ဖြတ်ကူးသွားရမည်။ သို့သော် အိရှိဂါမိသည် ကျောင်းကို ကျောပေးကာ ဆက်လျှောက်သွားသည်။

လမ်းမဘက်သို့ မျက်နှာမူလျက် ‘ဘန်တန်တိုင်’ ဟူသော ဆိုင်းဘုတ် တစ်ခု ရှိနေသည်။ ၎င်းဆိုင်းဘုတ်၏ အောက်တွင် ထမင်းဟင်းလျာများကို ပါဆယ်ရောင်းပေးသော ထမင်းဆိုင် သေးသေးတစ်ဆိုင်ကို တွေ့ရသည်။ အိရှိဂါမိသည် မှန်တံခါးကို ဆွဲဖွင့်ကာ အထဲသို့ ဝင်သွားသည်။

“ကြိုဆိုပါတယ်ရှင်၊ မင်္ဂလာ နံနက်ခင်းပါ” အိရှိဂါမိအတွက် ကြားနေကျဖြစ်သော်လည်း အမြဲလတ်ဆတ်နေသော အသံတစ်သံသည် ကောင်တာ၏ အနောက်မှ ထွက်ပေါ်လာသည်။ ဦးထုပ်အဖြူ ဆောင်းထားသော ဟာနာအိုကာ ယာစုကို၏ မျက်နှာက ပြုံးချိုလျက်။

ဆိုင်အတွင်းတွင် တခြား ဈေးဝယ်များ မရှိပေ။ သူမ၏အပြုံးက အိရှိဂါမိ၏ ရင်ကို နွေးထွေးစေသည်။

“ဟုတ်ကဲ့ … စပယ်ရှယ်ဟင်းနဲ့ တစ်ပွဲပေးပါ”

“ဟုတ်၊ စပယ်ရှယ် တစ်ပွဲ ပါဆယ်။ အမြဲ လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်”

သူမက သွက်လက်ချက်ချာစွာ ပြောလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် မည်သို့သော အမူအရာမျိုး ရှိနေမည်ကို အိရှိဂါမိ မသိ။ သူမကို တည့်တည့်ပင် မကြည့်ဝံ့။ တစ်ချိန်လုံး ခေါင်းငုံ့လျက်သာ သူ့လက်ထဲမှ ပိုက်ဆံကို စိုက်ကြည့်နေမိသည်။ သူမသည် သူနှင့် အိမ်ချင်းကပ်လျက်တွင် နေသောကြောင့် အိရှိဂါမိအနေဖြင့် သူမကို နေ့လယ်စာ ထမင်းဟင်းအော်ဒါအပြင် တခြားစကားတစ်ခုခု ပြောသင့်သည်ဟု ယူဆသည်။ သို့သော် သူ ဘာပြောရမှန်း မသိ။

ပိုက်ဆံရှင်းသည့် အခါတွင် သူ၏ နှုတ်ခမ်းမှ “ဒီနေ့ အတော်အေးတာပဲ” ဟူသော အသံထွက်ပေါ်လာသည်။ သို့သော် သူ၏ အသံမှာ ဗလုံးဗထွေး ဖြစ်နေ၍ တခြားလူတစ်ယောက်ကို ပြောနေသည်နှင့် မတူ။ သူ့စကားသံ ဆုံးသွားသည့်အချိန်တွင် နောက်ထပ် ဈေးဝယ်တစ်ယောက် ဝင်ရောက်လာသဖြင့် သူ့အသံသည် တံခါးဆွဲသံနှင့် ရောနှော ပျောက်ကွယ်သွားသည်။ ယာစုကို၏ အာရုံစိုက်မှုသည်လည်း တခြားဘက်သို့ ရွေ့လျားသွားလေသည်။

အိရှိဂါမိသည် ထမင်းဘူးကို ဆွဲ၍ ဆိုင်ထဲမှ ထွက်လာပြီး ကိယိုစုတံတားဘက်သို့ လျှောက်သွားသည်။ သူ ထိုသို့ တကူးတကန့် ဝေ့ဝိုက်သွားနေခြင်းမှာ ဘန်တန်တိုင်သို့ လာလိုသောကြောင့် ဖြစ်သည်။

****

 

နံနက် ရုံးတက်ချိန် လွန်သွားသောအခါမှ ဘန်တန်တိုင်တွင် လူဝင်လူထွက် ကျဲသွားသည်။ ဧည့်ပါးချိန် ဖြစ်သော်လည်း ဆိုင်အတွင်းတွင်မူ နေ့လယ်စာအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေရသည်။ ဆိုင်နှင့် လချုပ်ချုပ်ထားသော ကုမ္ပဏီတချို့ ရှိနေသောကြောင့် မွန်းတည့် ၁၂ နာရီ မတိုင်ခင် ၎င်းအော်ဒါများကို သွားပို့ပေးရမည်။ ဈေးဝယ်ရှင်းသော အခါများတွင် ယာစုကိုလည်း မီးဖိုချောင်ထဲသို့ ဝင်၍ ကူညီပေးရသည်။

ယာစုကို အပါအဝင် ဘန်တန်တိုင်တွင် ဝန်ထမ်း ၄ ယောက်ရှိသည်။ စားဖိုချောင်ကို တာဝန်ယူကြသူများမှာ ဆိုင်ပိုင်ရှင် ယိုနာဇာဝါနှင့် သူ့ဇနီး စာယိုကိုတို့ ဖြစ်သည်။ ကာနဲကိုက အပြင်သို့ ကုန်ပို့ထွက်ရပြီး ယာစုကိုက ဈေးဝယ်များနှင့် ထိတွေ့ဆက်ဆံရသည်။

သူမ၏ လက်ရှိအလုပ် မတိုင်ခင်က ယာစုကိုသည် ကင်ရှိချိုအရပ်ရှိ ညကလပ်တစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ ယိုနာဇာဝါသည် ထိုကလပ်၏ ဖောက်သည်တစ်ဦး ဖြစ်ပြီး စာယိုကိုသည် ထိုကလပ်မှ အပျိုခေါင်းတစ်ယောက် ဖြစ်သည်။ သူတို့နှစ်ဦးမှာ အကြင်လင်မယားများ ဖြစ်ကြသည် ဆိုသည့် အချက်ကို စာယိုကို အလုပ်ထွက်သွားပြီး နောက်ပိုင်းမှ ယာစုကိုက သိခဲ့ရသည်။

“အရက်မယ်တစ်ယောက်ကနေ ထမင်းဆိုင်ပိုင်ရှင်ရဲ့ ကတော်တစ်ယောက်တောင် ဖြစ်သွားသေးတာနော်။ ကံထမ်းလာတာ မမြင်ရဘူးဆိုတာ တကယ် ဟုတ်တာပဲ” ဧည့်သည်တချို့က ထိုသို့ မှတ်ချက်ပြုကြသည်။ သို့သော် စာယိုကို၏ ပြောပြချက်အရ သိရသည်မှာ သူတို့ လင်မယားနှစ်ယောက်သည် ထမင်းဆိုင်တစ်ဆိုင် ဖွင့်ရန် ယခင်ကတည်းက ကြံစည်စိတ်ကူးခဲ့ကြသည်။ ထိုစိတ်ကူးကို မြန်မြန် အကောင်အထည် ဖော်နိုင်ရန်အတွက် ညကလပ်တွင် အလုပ်ဝင်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဘန်တန်တိုင် ဖွင့်ပြီးနောက် ယာစုကိုသည် ထမင်းဆိုင်သို့ မကြာမကြာ အလည်သွားရောက်ခဲ့သည်။ သူတို့၏ လုပ်ငန်းမှာလည်း အရာရာ အဆင်ပြေနေခဲ့သည်။ ဆိုင်ဖွင့်ပြီး တစ်နှစ်လောက် အကြာတွင် သူတို့လင်မယားသည် ယာစုကိုကို သူတို့ဆိုင်တွင် လာရောက်ကူညီပေးရန် ဆန္ဒရှိမရှိ မေးမြန်းခဲ့သည်။ သူတို့ လင်မယား နှစ်ဦးတည်း၏ လုပ်အားဖြင့် ဆိုင်မှာ မနိုင်မနင်း ဖြစ်လာသည်။

“နင်လည်း တစ်သက်လုံး ကလပ်မှာ အရက်မယ်လုပ်နေလို့ ဘယ်ဖြစ်မလဲ။ မီစာတိုလည်း အခုဆို ရှက်တတ်တဲ့ အရွယ်ရောက်နေပြီလေ။ သူ့အမေရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သူလည်း မျက်နှာငယ်နေရှာမှာပဲ” စာယိုကိုက နောက်တစ်ခွန်း ထပ်ဖြည့်လိုက်သည်။ “ငါ လျှာရှည်မိပြန်ပြီ”

မီစာတိုသည် ယာစုကို၏ သမီးဖြစ်သည်။ ယာစုကိုနှင့် သူ့အမျိုးသားသည် လွန်ခဲ့သော ၅ နှစ်က ကွာရှင်းခဲ့ကြသည်။ စာယိုကို မပြောခင်ကတည်းကပင် ယာစုကိုလည်း ထိုအကြောင်းကို စဉ်းစားနေခဲ့မိသည်။ ညကလပ်တွင် ရေရှည်လုပ်၍ မဖြစ်နိုင်မှန်း သူလည်း သိသည်။ မီစာတို၏ ခံစားချက်ကို ဘေးဖယ်ထားလိုက်ဦးတော့ သူ၏ အသက်အရွယ်ကို ထည့်တွက်ရပေဦးမည်။ ညကလပ်က သူ့ကို ဘယ်အသက်အရွယ်အထိ လက်ခံ ထားပါမည်နည်း။ ၎င်းမှာလည်း စဉ်းစားစရာ အချက်တစ်ချက် ဖြစ်သည်။

ထို့ကြောင့် သူသည် တစ်ရက်တည်းနှင့် ဆုံးဖြတ်ချက် ချလိုက်သည်။ ညကလပ်ကလည်း သူ့ကို ဆွဲထားလိုသော ဆန္ဒ ရှိပုံမရ။ “အင်း” ဟု တစ်ခွန်းတည်းသာ သူ့ကို တုံ့ပြန်ခဲ့သည်။ ထိုအခါကျမှ သူလည်း သဘောပေါက်မိသည်။ အရွယ်ဟိုင်းလာသော သူ့လို အရက်မယ်တစ်ယောက်ကို မည်သို့မည်ပုံ ဖြေရှင်းရအံ့နည်းဟု ကလပ်ဆိုင် ပိုင်ရှင်ကလည်း စိတ်ပူနေခဲ့ပေမည်။

ပြီးခဲ့သော နွေဦးရာသီတွင် မီစာတိုသည် အလယ်တန်းကျောင်းသို့ စတက်ခဲ့ရသည်။ သူတို့ သားအမိ လက်ရှိနေနေကြသော တိုက်ခန်းသို့ ပြောင်းရွှေ့မလာခင် ရှေးယခင်နေခဲ့သော ရပ်ကွက်သည် ဘန်တန်တိုင်နှင့် အလွန် ကွာဝေးလှသည်။ ယခုအခါ ယာစုကိုသည် နံနက် မိုးလင်းသည်နှင့် အလုပ်သို့ သွားရသည်။ သူသည် နံနက် ၆ နာရီထိုးသည်နှင့် အိပ်ရာမှ ထပြီး ၆ နာရီခွဲတွင် အစိမ်းရောင် စက်ဘီးကို နင်း၍ အလုပ်သို့ သွားသည်။

“ဟိုအထက်တန်း ကျောင်းဆရာ ဒီမနက် လာသေးလား” အနားယူကြသောအခါတွင် စာယိုကိုက မေးသည်။

“အင်း။ သူ နေ့တိုင်း လာတယ်”

ယာစုကိုက ထိုသို့ ဖြေသောအခါ စာယိုကိုနှင့် ယိုနာဇာဝါတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အဓိပ္ပာယ်ပါပါ ပြုံးနေကြသည်။

“ဘာဖြစ်လို့လဲ။ မျက်နှာတွေက မချိုမချဉ်နဲ့”

“ဘာမှ မဟုတ်ပါဘူးအေ။ ငါတို့ မနေ့ကတောင် ပြောနေကြသေးတယ်။ အဲဒီဆရာက နင့်ကို ကြိုက်နေတာလား မသိဘူး”

“ရှင်” ယာစုကိုသည် လက်ထဲတွင် ရေနွေးကြမ်း ပန်းကန်လုံးကို ကိုင်လျက် အထိတ်တလန့် ခေါင်းမော့ကြည့်သည်။

“မနေ့က နင် ခွင့်ယူတော့ အဲဒီဆရာလည်း ပေါ်မလာဘူး။ သူက နေ့တိုင်းလာတယ် ဆိုပေမယ့် နင်မရှိတဲ့နေ့ဆိုရင် သူ မလာတော့ဘူး။ အဲဒါ ထူးဆန်းမနေဘူးလား”

“တိုက်ဆိုင်လို့ပါ”

“တိုက်ဆိုင်တာ ဟုတ်ပါ့မလား” စာယိုကိုသည် သူ့ယောက်ျားကို စစ်ကူတောင်းသည့်အနေဖြင့် လှမ်းကြည့်သည်။

ယိုနာဇာဝါက ပြုံးလျက် ခေါင်းညိတ်နေသည်။ “စာယိုကို ပြောတာတော့ အမြဲတမ်း အဲဒီလိုပဲတဲ့။ နင် ခွင့်ယူတဲ့ရက်ဆိုရင် သူလည်း ပေါ်မလာတော့ဘူး။ အဲဒါကို အရင်ကတည်းက သူ သတိထားမိနေတာ။ မနေ့ကမှ သေချာသွားလို့ အဲဒီအကြောင်း သူ ငါ့ကို လာပြောတာပဲ”

“အစိုးရရုံးပိတ်ရက်တွေက လွဲလို့ ကျွန်မရဲ့ အလုပ်နားရက်တွေက အတည်တကျမှ မရှိတာ။ ရက်သတ္တပတ် တစ်ပတ်မှာ ဘယ်နေ့ကို နားမယ်လို့ သတ်မှတ်ထားတာမှ မဟုတ်ဘဲ”

“ဒါကြောင့် ပိုထူးဆန်းနေတာပေါ့။ အဲဒီဆရာက နင့်အိမ်ဘေးမှာ နေတာ မဟုတ်လား။ နင် အိမ်ပြင်ထွက်မထွက်ကို ကြည့်ပြီး နင် ခွင့်ယူလား မယူလားဆိုတာကို ဆုံးဖြတ်တာ နေမှာပေါ့”

“ဒါပေမယ့် အပြင်မှာ ကျွန်မ သူနဲ့ တစ်ခါမှ မဆုံဖူးဘူး”

“တစ်နေရာကနေ ချောင်းကြည့်နေတာ ဖြစ်မှာပေါ့အေ။ ပြတင်းပေါက်တို့ ဘာတို့ပေါ့”

“ပြတင်းပေါက်ကနေ မမြင်ရပါဘူး”

“တကယ်လို့ သူက နင့်ကို သဘောကျနေတာဆိုရင် နင့်ကို တစ်နေ့မဟုတ် တစ်နေ့တော့ ဖွင့်ပြောလာမှာပါပဲ” ယိုနာဇာဝါက ပြောသည်။ “ငါတို့ အနေနဲ့ကတော့ အခုလို ပုံမှန် ဖောက်သည်တစ်ယောက်ကို ငါတို့အတွက် ဆွဲပေးထားတာကိုပဲ ဝမ်းသာလို့ မဆုံးဘူး။ ကင်ရှိချိုမှာ ထရိန်နင် ဆင်းထားတယ်လို့ မပြောရဘူး”

ယာစုကိုက မချိပြုံး ပြုံးပြီး ကျန်ရှိနေသော လက်ဖက်ရည်ကြမ်းကို မော့သောက်လိုက်သည်။ ဦးနှောက်က ထိုကျောင်းဆရာအကြောင်းကို စဉ်းစားနေမိသည်။

ထိုသူ၏ အမည်မှာ အိရှိဂါမိ ဖြစ်သည်။ တိုက်ခန်းသို့ ပြောင်းလာသော ပထမဆုံးညက သူမသည် သူ့အခန်းသို့ သွား၍ မိတ်ဆက်စကား ဆိုခဲ့သည်။ သူသည် ကျောင်းဆရာတစ်ယောက် ဖြစ်ကြောင်း ထိုအချိန်က သိခဲ့ခြင်း ဖြစ်သည်။ သူသည် ကိုယ်ခန္ဓာ တောင့်တင်းပြီး မျက်နှာမှာလည်း ဝိုင်းစက်၍ အလွန် ကျယ်သည်။ သို့သော် မျက်ပေါက်မှာ ကြိုးတစ်မျှင်အလား ကျဉ်းမြောင်းနေပြီး ဆံပင်ကလည်း ကျိုးတိုးကျဲတဲနှင့် တိုနံ့နံ့သာ။ အမြင်အရ ကြည့်ရသည်မှာ အသက် ၅၀ အရွယ်ခန့် ရှိပေလိမ့်မည်။ အပြင်ပန်းထက် ပိုကြီးကောင်းလည်း ကြီးပေမည်။ သူသည် အဝတ်အစားကို သိပ်ပြီး ဂရုစိုက်ပုံမရ။ အမြဲတမ်း ဝတ်စုံတစ်မျိုးတည်းကိုသာ ဝတ်ဆင်လေ့ရှိသည်။ ယခုနှစ် ဆောင်းရာသီတွင် သူသည် မီးခိုးရောင် သိုးမွေးဆွယ်တာကိုသာ ဝတ်ဆင်ပြီး ၎င်းအပေါ်မှ အနွေးထည်တစ်ထည် ထပ်ဝတ်ထားသည်။ ၎င်းမှာ ဆိုင်သို့ လာနေကျ သူ၏စတိုင်ပင် ဖြစ်သည်။ သူ့အခန်းရှေ့ ဝရံတာတွင် အဝတ်စိုများကို မကြာမကြာ လှန်းထားတတ်သောကြောင့် အဝတ်အစားကို ပုံမှန် လျှော်ဖွပ်တတ်သည်မှာ သေချာသည်။ သူသည် လူပျိုကြီးတစ်ယောက်သာ ဖြစ်ရမည်ဟု ယာစုကိုက ယူဆသည်။ တစ်ခုလပ် သို့မဟုတ် မုဆိုးဖိုတော့ မဖြစ်နိုင်။

ထိုကျောင်းဆရာက မိမိကို သဘောကျနေသည်ဟု ကြားရသောအခါတွင် ယာစုကိုက မည်သို့မျှ မခံစားရချေ။ သူ့အနေနှင့် ပြောရလျှင် ထိုကိစ္စကို နံရံပေါ်မှ အက်ကြောင်းရာလေး တစ်ခုကဲ့သို့သာ သဘောထားမိသည်။ ၎င်းကို ရှိနေမှန်း သိထားသော်လည်း ဘယ်တော့မှ တကူးတက ဂရုစိုက်နေမိမည် မဟုတ်။

မျက်နှာချင်းဆိုင် ဆုံလျှင်တော့ နှုတ်ခွန်းဆက်လိုက်သည်။ ထို့နောက် တိုက်ခန်း၏ အုပ်ချုပ်ရေးပိုင်းနှင့် ပတ်သက်ပြီး သူနှင့် တစ်ကြိမ်သာ ပြောဆိုဆွေးနွေးခဲ့ဖူးသည်။ ထိုလူ့အကြောင်းကိုလည်း သူ ဘာမျှ များများစားစား သိထားခြင်း မရှိပေ။ သူသည် သင်္ချာသင်သော ကျောင်းဆရာဖြစ်ကြောင်း မကြာသေးခင်ကမှ သိခဲ့ရသည်။ သူ၏ အခန်းရှေ့တွင် သင်္ချာစာအုပ် အဟောင်းများကို ကြိုးနှင့် ချည်၍ စွန့်ပစ်ရန် စုပုံထားသည်ကို မြင်ခဲ့ရသောကြောင့် ဖြစ်သည်။

သူမကို လာမဒိတ်ပါစေနှင့်ဟု ယာစုကိုက ဆုတောင်းနေမိသည်။ သူမကို အတည်ပေါက်ဖြင့် လာချိန်းနေသော အချိန်တွင် ထိုသူ၏ မျက်နှာအမူအရာသည် မည်သို့ ဖြစ်လေမည်နည်းဟု တွေးမိသောအခါ သူမ ကျိတ်၍ ပြုံးလိုက်မိပြန်သည်။

ယခင်နေ့များအတိုင်း နေ့ခင်း မွန်းတည့်ချိန်သို့ နီးကပ်လာသည်နှင့် အလုပ်လည်း ပိုရှုပ်လာသည်။ ၁၂ နာရီနှင့် ၁ နာရီကြားတွင် အရှုပ်ဆုံး ဖြစ်သည်။ နေစောင်းလာသည်နှင့်အမျှ ဧည့်သည်လည်း ပါးသွားပြန်တော့သည်။ ၎င်းကို နေ့စဉ် ကြုံတွေ့နေရစမြဲ။

ယာစုကိုသည် ငွေသိမ်းကောင်တာထဲမှ ပိုက်ဆံများကို ရေတွက်နေစဉ် မှန်တံခါးပွင့်လာပြီး လူတစ်ယောက် ဆိုင်ထဲသို့ ဝင်လာသည်။ သူမက “မင်္ဂလာပါရှင်” ဟု နှုတ်ခွန်းဆက်သရင်း ဧည့်သည် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်နှာမှာ ထူပူလာပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ၏ အသံသည်လည်း လည်ချောင်းတွင် တစ်ဆို့ပျောက်ကွယ်သွားလေသည်။

“မင်း ကြည့်ရတာ စိုစိုပြေပြေပါပဲ” သူမအရှေ့တွင် ရပ်နေသော လူတစ်ယောက်က စကားစလိုက်ပြီး မလိုတမာသော အပြုံးနှင့် ပြုံးလျက် ရပ်ကြည့်နေသည်။

“နင် …. နင် ဘယ်လိုလုပ်ပြီး ဒီနေရာကို သိနေရတာလဲ”

“ဒီလောက်လည်း အံ့ဩပြမနေစမ်းပါနဲ့။ ငါသာ ဆန္ဒရှိရင် ငါ့မယားဟောင်းရဲ့ အကြောင်းကို စုံစမ်းဖို့ရာ ဘာခက်တာလိုက်လို့” ထိုအမျိုးသားသည် နက်ပြာရောင် အနွေးထည်ထဲသို့ လက်နှစ်ဘက်ကို ထိုးထည့်လိုက်ပြီး ဆိုင်အတွင်းသို့ ဟိုဟိုဒီဒီ အကဲခတ်နေသည်။

“အခုလိုအချိန်မှာ နင်က ငါ့ကို ဘာအတွက် ရှာနေရသေးတာလဲ” ယာစုကိုက နာကျည်းသော လေသံဖြင့် ပြောလိုက်သည်။ သို့သော် ယိုနာဇာဝါတို့ လင်မယားတွေ ကြားသွားမည် စိုး၍ အသံကို တတ်နိုင်သလောက် နှိမ့်ချထားသည်။

“အဲဒီလို မျက်စောင်းတခဲခဲ လုပ်မနေစမ်းပါနဲ့။ ငါတို့ မတွေ့ကြတာ ကြာလှပြီပဲ။ ဟန်ဆောင်ပန်ဆောင်လေးတော့ ပြုံးပြဦးမှပေါ့” ထိုသူက အမြင်ကတ်ချင်စရာ ကောင်းသော အပြုံးကို ပြုံးလျက် ပြောနေသည်။

“ဘာကိစ္စမှ မရှိရင် နင်အခု ထွက်သွား”

“ကိစ္စလား၊ ရှိတာပေါ့။ နင်နဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိတယ်။ နင် မအားဘူးလား”

“ဒါ အလုပ်ချိန်ဆိုတာ နင် နားမလည်ဘူးလား” ပြောလိုက်ပြီးခါမှ ယာစုကို နောင်တရမိသည်။ အလုပ်ချိန် မဟုတ်လျှင် ပြောလို့ရသည်ဟု ထိုသူက သဘောပေါက်သွားပေမည်။

ထိုအမျိုးသားက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ “ဘယ်အချိန် အလုပ်သိမ်းမှာလဲ”

“ငါ နင်နဲ့ ဘာစကားမှကို မပြောချင်တာ။ နင် အခု ထွက်သွား။ နင့်မျက်နှာကို လုံးဝ မမြင်ချင်ဘူး”

“အကြင်နာ ကင်းမဲ့လှချည့်လား”

“အဲ့တော့ ဘာဖြစ်သေးလဲ”

ယာစုကိုသည် တံခါးပေါက်ဘက်သို့ ငေးကြည့်နေသည်။ ယခုလို အချိန်တွင် ဧည့်သည်တစ်ယောက်လောက် ဝင်လာလျှင် ကောင်းလေစွဟု သူမ မျှော်လင့်နေမိသည်။ သို့သော် တစ်ယောက်မျှ ဝင်မလာ။

“နင်က ငါ့အပေါ် ဒီလောက်တောင် မေတ္တာတုံးနေမှတော့ ရပါတယ်လေ။ ဒါဆိုလည်း ငါ ဟိုဘက်ကို သွားစမ်းကြည့်ရတာပေါ့” ထိုအမျိုးသားက သူ့ဆံပင်ကို သပ်နေသည်။

“ဘယ်ဘက်လဲ” ယာစုကို၏ အတွေးထဲတွင် စိုးရိမ်စိတ် ဝင်လာသည်။

“ကိုယ့်မိန်းမက ကိုယ့်စကားကို နားမထောင်ချင်ဘူး ဆိုမှတော့ သမီးကိုပဲ သွားတွေ့ရတော့မှာပေါ့။ သူ့ကျောင်းက ဒီပတ်ဝန်းကျင်မှာပဲ မဟုတ်လား” ယာစုကို မကြားချင်ဆုံး စကားကို ထိုအမျိုးသားထံမှ ကြားလိုက်ရသည်။

“ဟင့်အင်း၊ နင် ကလေးကို ဒုက္ခ သွားမပေးချင်စမ်းနဲ့”

“ဒါဆိုလည်း နင်ပဲ ဆုံးဖြတ်ပေါ့။ ငါကတော့ ဘယ်သူနဲ့ တွေ့ရတွေ့ရ ကိစ္စ မရှိပါဘူး”

ယာစုကိုသည် သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။ သူ့ကို ဆိုင်ထဲမှ အမြန်ဆုံး နှင်ထုတ်ပစ်ရပေမည်။

“ငါ ၆ နာရီဆို အလုပ်ဆင်းပြီ”

“မနက်စောစောကနေ ညနေ ၆ နာရီအထိတောင် အလုပ်လုပ်ရတာလား။ မင့်းသူဌေးကလည်း လူလို ခိုင်းဦးမှပေါ့”

“အဲဒါ နင်နဲ့ ဘာဆိုင်လဲ”

“ဒါဆို ငါ ၆ နာရီမှ ပြန်လာခဲ့မယ်”

“ဒီကို မလာနဲ့။ ဆိုင်ရှေ့က လမ်းမကြီးအတိုင်း ညာဘက်ကို လိုက်သွားရင် လမ်းဆုံတစ်ခု တွေ့လိမ့်မယ်။ အဲဒီမှာ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်။ ငါ ၆ နာရီခွဲကျရင် အဲဒီကို လာခဲ့မယ်”

“နင် မလာဘဲ မနေနဲ့နော်။ နင် မလာဘူးဆိုရင် ……”

“ငါလာခဲ့မယ်။ နင် သွားတော့”

“အတော်ကို အကြင်နာကင်းမဲ့တာပဲ” ထိုအမျိုးသားသည် ဆိုင်အတွင်းသို့ နောက်တစ်ကြိမ် ထပ်ကြည့်ပြီး ဆိုင်ထဲမှ ထွက်ခွာသွားသည်။ ဆိုင်ပြင်သို့ အထွက်တွင် မှန်တံခါးကို အားဖြင့် ဆောင့်တွန်းသွားသည်။

ယာစုကိုသည် နားထင်ကို လက်ဖြင့် အသာအယာ ဖိလိုက်သည်။ သူမ၏ ခေါင်းမှာ တဆစ်ဆစ်နှင့် ကိုက်ခဲနေပြီး ပျို့အန်ချင်လာသည်။ မျှော်လင့်ချက်မဲ့သော ခံစားချက်များက သူ့ဦးနှောက်ထဲ၌ တဖြည်းဖြည်း ပြည့်နှက်လာကြသည်။

ယာစုကိုသည် လွန်ခဲ့သော ရှစ်နှစ်က တိုဂါရှိ ရှင်ဂျိနှင့် အိမ်ထောင်ပြုခဲ့သည်။ သူတို့ စတွေ့ကြစဉ်က သူမသည် အာကာစာကာရှိ ကလပ်တစ်ခုတွင် အရက်မယ်တစ်ဦး ဖြစ်၍ သူသည် ထိုဆိုင်၏ ဖောက်သည်တစ်ဦး ဖြစ်သည်။

ထိုစဉ်က သူသည် နိုင်ငံခြားဖြစ် ကားများကို ရောင်းချပေးရသော အရောင်းကိုယ်စားလှယ်တစ်ဦး ဖြစ်သောကြောင့် ငွေဝင်ဖြောင့်ပြီး လက်ဖွာသည်။ သူမကို တန်ဖိုးကြီး လက်ဆောင်များ ပေးခဲ့ပြီး ဈေးကြီးသော စားသောက်ဆိုင်များသို့လည်း ခေါ်သွားခဲ့သည်။ သူက ချစ်ခွင့်ပန်သောအခါ သူမသည် Pretty Woman ရုပ်ရှင်ကားထဲမှ ဂျူလီယာ ရောဘတ်အလား မှတ်ထင်ခဲ့မိသည်။ ထိုအချိန်က ပထမအိမ်ထောင်လည်း ပျက်ပြီးခါစ ဖြစ်၍ သမီးတစ်ယောက်ကို စောင့်ရှောက်ရင်း နာရီပေါင်းများစွာ အလုပ်လုပ်နေရသော သူမ၏ ဘဝကို စိတ်ပျက်ငြီးငွေ့နေခဲ့သည်။

သူတို့နှစ်ဦး၏ အိမ်ထောင်ရေးဘဝမှာ အစပိုင်းတွင် သာယာဖြောင့်ဖြူးခဲ့သည်။ တိုဂါရှိတွင် ပုံမှန်ဝင်ငွေ ရှိနေသောကြောင့် ယာစုကိုသည် ညကလပ်မှ အလုပ်ထွက်လိုက်သည်။ သူသည် မီစာတိုအပေါ်လည်း ကောင်းခဲ့သည်။ သို့သော် မီစာတိုအနေနှင့် သူ့ကို ‘ဖခင်’ တစ်ယောက်အဖြစ် လက်သင့်ခံရန် ခက်ခဲနေဟန် ရှိသည်။

သို့သော် အိပ်မက်ကောင်းတို့မည်သည် ကြာရှည်စွာ မက်လေ့မရှိ။ မကြာခင် တိုဂါရှိ အလုပ်ပြုတ်လေတော့သည်။ ကုမ္ပဏီပိုင်ငွေများကို နှစ်ပေါင်းများစွာ အလွဲသုံးစား လုပ်နေခဲ့သော ကိစ္စကို ကုမ္ပဏီသူဌေးက သိရှိသွားသည်။ ကုမ္ပဏီ၏ အတွင်းရေးများ ဟိုးလေးတကြော် မဖြစ်လိုသောကြောင့်သာ သူ့ကို တရားစွဲဆိုခြင်း မပြုခဲ့ပေ။ ထိုသို့ဆိုလျှင် အာကာစာကာတွင် သုံးဖြုန်းနေခဲ့သော ငွေအားလုံးသည် ကုမ္ပဏီပိုင် ငွေများသာ ဖြစ်ရပေတော့မည်။

ထိုအချိန်မှစကာ တိုဂါရှိ၏ အပြုအမူသည်လည်း အပြောင်းလဲကြီး ပြောင်းလဲလာတော့သည်။ မဟုတ်သေး။ ဗီဇအမှန် ပေါ်လာသည်ဟု ပြောလျှင် ပိုမှန်ပေမည်။ တစ်နေ့တစ်နေ့ အိမ်တွင် စားလိုက်အိပ်လိုက်နှင့် နှပ်မနေရလျှင် အပြင်ထွက်၍ လောင်းကစားနေသည်။ သူ့ကို ငြိုငြင်မိလျှင်လည်း လက်ပါလာတော့သည်။ အရက်သောက်သည့် ပမာဏမှာလည်း များသည်ထက် များလာပြီး တစ်နေကုန် မူးရူးကာ ပြဿနာရှာနေတတ်သည်။

ယာစုကိုအနေဖြင့် အရက်မယ်အလုပ်ကို ပြန်မလုပ်၍ မဖြစ်တော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားသည်။ သို့သော် သူမ ပင်ပင်ပန်းပန်း ရှာထားသမျှ ငွေစငွေနများမှာလည်း တိုဂါရှိ၏ အတင်းကာရော လုယက်သွားမှုကြောင့် ပြုတ်ပြုတ်ပြုန်းရသည်သာ။ နောက်ပိုင်းတွင် သူမသည် ပိုက်ဆံကို ဖွက်ထားရလေသည်။ ထို့ကြောင့် တိုဂါရှိသည် လစာထုတ်ရက် မတိုင်ခင် ကလပ်သို့ ဦးအောင် သွားပြီး သူမ၏ လစာကို ကြိုတင် ထုတ်ယူသွားတော့သည်။

မီစာတိုကလည်း ထိုပထွေးကို ကြောက်ရွံ့လာပြီး သူနှင့် နှစ်ယောက်တည်း မနေရဲတော့ဘဲ ယာစုကို အလုပ်လုပ်သော ကလပ်တွင် အလုပ်မသိမ်းမချင်း စောင့်နေတတ်သည်။

ယာစုကိုက ကွာရှင်းရန် စကားစသော အခါတွင် တိုဂါရှိက မသိချင်ယောင် ဆောင်နေသည်။ နှစ်ခါ သုံးခါ ပြောမိလျှင် အကြမ်းဖက်လာတော့သည်။ တောင်တွေး မြောက်တွေးနှင့် နောက်ဆုံးတွင် ဧည့်သည်တစ်ဦး မိတ်ဆက်ပေးသော ရှေ့နေနှင့် တွေ့ဆုံဆွေးနွေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ရှေ့နေ၏ ကြိုးပမ်းမှုကြောင့် တိုဂါရှိသည် နှစ်ဦးသဘောတူ ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးခဲ့ရသည်။ အကယ်၍ တရားခွင်၌ ရင်ဆိုင်ရလျှင် သူ့အတွက် နိုင်နိုင်ခြေ နည်းသည့်အပြင် စောင့်ရှောက်စရိတ်လည်း ထောက်ပံ့ပေးရမည် ဖြစ်ကြောင်း သူ သိရှိထားပေလိမ့်မည်။

သို့သော် ပြဿနာသည် ထိုမျှနှင့် ပြေလည်မသွားခဲ့။ ကွာရှင်းပြီးနောက်လည်း တိုဂါရှိသည် ယာစုကိုတို့ သားအမိထံသို့ မကြာမကြာ ရောက်လာတတ်သည်။ လာရောက်သည့် အခါတိုင်းတွင် တူညီသော ကတိတစ်ခုတည်းကိုသာ ထပ်ခါထပ်ခါ ပေးနေတတ်သည်။ သူ၏ အကျင့်ဆိုးများကို ပြင်ဆင်သွားမည် ဖြစ်ကြောင်းနှင့် သူ့ကို ပြန်လည် လက်ခံပေးရန် ဖြစ်သည်။ အကယ်၍ ယာစုကိုက သူ့ကို ပုန်းရှောင်နေလျှင် သူသည် မီစာတိုထံသို့ သွားတွေ့တတ်သည်။ သူမ၏ ကျောင်းရှေ့တွင် ငုတ်တုတ်ထိုင်၍ သွားစောင့်နေတတ်သည်။

ဒူးထောက်၍ တောင်းပန်နေသော သူ့ကို မြင်ရသောအခါ ဟန်ဆောင်နေမှန်း သိထားသော်လည်း ယာစုကိုသည် သူ့ကို သနားစိတ် ဝင်မိသေးသည်။ အကြင်လင်မယားတောင် ဖြစ်ခဲ့ကြဖူးသည် မဟုတ်ပါလား။ သူ့အပေါ် ကိုယ်ချင်းစာနာသော စိတ်များ ပေါ်ပေါက်လာသောကြောင့် ယာစုကိုသည် ပစ်မထားရက်ဘဲ သူ့ကို ငွေတချို့ ပေးခဲ့သည်။ ၎င်းမှာ သူမ၏ အကြီးမားဆုံးသော အမှားပင်။ ပိုက်ဆံကို လွယ်လွယ်နှင့် ရနိုင်မှန်း သိလာသော တိုဂါရှိသည် ထိုအချိန်မှ စ၍ ယာစုကို၏ ရှေ့မှောက်သို့ မကြာမကြာ ရောက်လာတော့သည်။ အမြဲတမ်း မျက်နှာချိုသွေး၍ အတင့်လည်း ရဲသည်ထက် ရဲလာသည်။

ယာစုကိုသည် ကလပ်ပြောင်းပြီး အိမ်လည်း ပြောင်းလိုက်သည်။ မီစာတိုကို သနားသော်လည်း မတတ်နိုင်။ သူမကိုပါ ကျောင်းပြောင်းထားရသည်။ ကင်ရှိချိုအရပ်ရှိ ကလပ်တွင် အလုပ်ဝင်သောအခါ တိုဂါရှိနှင့် အဆက်အသွယ် ပြတ်သွားသည်။ ထို့နောက် ယာစုကိုသည် နောက်တစ်ကြိမ် အိမ်ပြောင်းပြန်သည်။ ဘန်တန်တိုင်တွင် အလုပ်ဝင်နေသည်မှာ တစ်နှစ်နီးပါး ရှိလေပြီ။ ထိုအကုသိုလ်ကောင်နှင့် လုံးဝ အဆက်အသွယ် ပြတ်သွားပြီဟု ယာစုကိုက ယုံကြည်နေခဲ့သည်။

ယိုနာဇာဝါတို့ လင်မယားကို ဒုက္ခပေးသကဲ့သို့ ဖြစ်သွားမည် စိုးသည်။ မီစာတိုကို အသိပေး၍လည်း မဖြစ်။ မည်သို့ပင်ဖြစ်စေ ဤပြဿနာကို မိမိကိုယ်တိုင်ပင် ဖြေရှင်းရတော့မည်။ ယာစုကိုသည် နံရံထက်မှ နာရီကို ကြည့်ရင်း ဆုံးဖြတ်ချက် ချလိုက်သည်။

ချိန်းထားသော အချိန်ရောက်သောအခါ ယာစုကိုသည် စားသောက်ဆိုင် ရှိရာသို့ ထွက်လာခဲ့သည်။ တိုဂါရှိသည် ပြတင်းပေါက်နှင့် ကပ်လျက်ရှိ ထိုင်ခုံတွင် ထိုင်ကာ ဆေးလိပ်ဖွာနေသည်။ စားပွဲပေါ်တွင် ကော်ဖီခွက်တစ်ခွက် ချထားသည်။ ယာစုကိုသည် သူ့ထံသို့ လျှောက်သွားပြီး ထိုင်ခုံအလွတ်တွင် ဝင်ထိုင်၍ စားပွဲထိုးကို ကိုကိုးအပူတစ်ခွက် မှာလိုက်သည်။ တချို့ အချိုရည်များသည် တစ်ခွက်မှာသောက်ရုံဖြင့် ဆိုင်မှ မထမချင်း အကြိမ်ကြိမ် ထပ်ဖြည့်ခိုင်း၍ ရသည်။ သို့သော် သူမသည် ထိုဆိုင်တွင် ကြာကြာ ထိုင်ရန် စိတ်ကူးမရှိ။

“ဘာကိစ္စ ငါ့ကို တွေ့ချင်ရတာလဲ” သူမက သံသယမျက်လုံးများဖြင့် တိုဂါရှိကို စိုက်ကြည့်ရင်း မေးလိုက်သည်။

တိုဂါရှိသည် နှုတ်ခမ်းကို လျှာဖြင့် သပ်နေသည်။ “ဒီလောက် လောမနေပါနဲ့လေ”

“ငါ့မှာ အလုပ်တွေ ရှိသေးတယ်။ ကိစ္စရှိရင် မြန်မြန်ပြော”

“ယာစုကို” တိုဂါရှိက လက်ကို ဆန့်ထုတ်ပြီး စားပွဲပေါ်မှ သူမ၏ လက်ကို လှမ်းကိုင်ရန် ဟန်ပြင်လိုက်သည်။ ယာစုကိုသည် လက်ကို အလျင်အမြန် ပြန်ရုပ်ထားရသည်။ တိုဂါရှိက နှုတ်ခမ်းထောင့်ကို အနည်းငယ် ရွဲ့လိုက်ပြီး “ဒီနေ့ စိတ် သိပ်မကြည်ဘူးထင်တယ်”

“ဒါပေါ့။ နင် ဘာကိစ္စ ရှိလို့လဲ။ ဘာဖြစ်လို့ ငါ့ကို ဒုက္ခပေးချင်နေရတာလဲ”

“ဘာဖြစ်လို့ ဒီလောက် စိမ်းကားနေရတာလဲဟာ။ ငါ အခု စီးပွားရေး အဆင်မပြေဘူး ဆိုပေမယ့် ငါက အတည်ပါ”

“နင်က ဘာကို တည်နေချင်သေးတာလဲ”

ကိုကိုးတစ်ခွက်ကို ကိုင်လျက် စားပွဲထိုးတစ်ဦး အနားသို့ ရောက်လာသည်။ ယာစုကိုသည် ခွက်ကို လှမ်းယူလိုက်သည်။ မြန်မြန်ကုန်အောင် သောက်ပြီး မြန်မြန် ထွက်သွားချင်နေသည်။

“နင် အခု တစ်ယောက်တည်း နေတုန်းပဲလား” တိုဂါရှိသည် သူမကို မျက်နှာချိုသွေး၍ စိုက်ကြည့်နေသည်။

“နင့်အပူပါလို့လား”

“မိန်းမသားတစ်ယောက်အနေနဲ့ သမီးတစ်ယောက်ကို တစ်ကိုယ်တည်း ကျွေးမွေးစောင့်ရှောက်ရတယ် ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ နောက်နောင် ကြာလေကြာလေ ငွေကုန်ကြေးကျ များလာလေလေပဲ။ ထမင်းဆိုင်မှာ အလုပ်ရှိတယ် ဆိုပေမယ့် ဒါလည်း ဘဝအာမခံချက် ရှိတာ မဟုတ်ဘူး။ နင် နောက်တစ်ခါလောက် ထပ်ပြီး စဉ်းစားကြည့်ပါဦးလား။ ငါလည်း အရင်နဲ့ မတူတော့ပါဘူး”

“ဘယ်နေရာမှာများ မတူတော့တာလဲ။ အခု နင့်မှာ အလုပ်အတည်တကျ ရှိပြီမို့လား”

“အလုပ်လား။ ငါ သွားလုပ်မှာပေါ့။ ငါ အခု အလုပ်ရှာထားပြီးပြီ”

“သဘောက နင် အခုချိန်ထိ အလုပ်မရှိသေးဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ”

“ငါ အလုပ်ရှာထားပြီးပြီလို့ ပြောနေတယ် မဟုတ်လား။ နောက်လက စပြီး အလုပ်ဝင်ရမယ်။ အလုပ်သစ် ဆိုပေမယ့် အသားကျသွားတာနဲ့ နင်တို့ သားအမိကို ကောင်းကောင်း တင်ကျွေးထားနိုင်မှာပါ”

“တော်ပါတော့။ နင့်အလုပ်က ဒီလောက် ကောင်းနေမှတော့ နောက်မိန်းမတစ်ယောက်သာ အသစ်ရှာလိုက်ပါလား။ ငါ နင့်ကို တောင်းပန်ပါတယ်။ ငါတို့ကို ထပ်ပြီး မနှောင့်ယှက်ချင်ပါနဲ့တော့”

“ယာစုကို၊ ငါ နင့်ကို တကယ် လိုအပ်နေတာပါ”

တိုဂါရှိသည် ယာစုကို၏ လက်ကို ဆုပ်ကိုင်နိုင်ရန်အတွက် နောက်တစ်ကြိမ် လက်ဆန့်ထုတ်လိုက်ပြန်သည်။

“နင် ငါ့ကို မထိနဲ့” သူမက ပြောရင်း လက်ကို ပုတ်ချလိုက်သည်။ ခွက်ထဲမှ အချိုရည်များ အပြင်သို့ ထွက်ကျလာပြီး တိုဂါရှိ၏ လက်ပေါ်သို့လည်း ဖိတ်စင်ကုန်သည်။

“အာလားလား” တိုဂါရှိသည် လက်ကို အမြန် ရုပ်လိုက်ပြီး ယာစုကို၏ မျက်နှာကို မီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်သည်။

“နင့်ဟာနင် စကားလုံးတွေကို ဘယ်လောက်ပဲ မိုးပျံအောင် ပြောနေပြောနေ၊ နင့်စကားတွေကို ငါက ယုံကြည်နေလိမ့်ဦးမယ်လို့ နင်က ထင်နေသေးတာလား။ ငါ နင့်ကို ပြောပြီးပြီပဲ။ ငါ နင်နဲ့ အတူတူ ပြန်နေဖို့ ဒီတစ်သက် စိတ်မကူးတော့ဘူး။ နင် မျှော်လင့်မနေနဲ့တော့”

ယာစုကို မတ်တတ်ရပ်လိုက်သောအခါ တိုဂါရှိသည် သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူမသည် ထိုမျက်လုံးအစုံကို အမှုမထားဘဲ ကိုကိုးအတွက် ကျသင့်ငွေကို စားပွဲပေါ်တင်ပြီး တံခါးဝဆီသို့ လျှောက်သွားလေသည်။

စားသောက်ဆိုင်မှ ထွက်လာပြီးနောက် စက်ဘီးပေါ်တက်ကာ အလျင်အမြန် နင်းထွက်လာခဲ့သည်။ လေးတိလေးကန် လုပ်နေလျှင် အနောက်မှ တိုဂါရှိ လိုက်လာမည်ကို စိုးရိမ်သည်။ ကိယိုစုတံတား ရှိရာ အရပ်မျက်နှာသို့ ဦးတည်၍ နင်းလာခဲ့ပြီး ကိယိုစုတံတားကို ကျော်ပြီးသည်နှင့် ဘယ်ဘက်သို့ ချိုးလိုက်သည်။

ပြောသင့်ပြောထိုက်သော စကားများကို ပြတ်ပြတ်သားသား ပြောခဲ့ပြီးပြီဟု သူမ ယူဆထားသော်လည်း တိုဂါရှိက ယခုအချိန်ထိ စိတ်ကုန်သေးဟန် မတူပေ။ မကြာခင် ဆိုင်သို့ နောက်တစ်ကြိမ် ထပ်ရောက်လာပေဦးမည်။ အခြေအနေများ ရှုပ်ထွေးလာသည်အထိ သူမအနားတွင် ရစ်သီရစ်သီ လုပ်နေပေလိမ့်မည်။ ထို့အပြင် သူမ၏ အလုပ်ရှင်ကိုလည်း ဒုက္ခပေးလာနိုင်သည်။ မီစာတို၏ ကျောင်းသို့လည်း သူ သွားနိုင်သေးသည်။ ယာစုကို လက်မြှောက် အရှုံးပေးသည်အထိ ထိုအယုတ်တမာကောင်သည် သူမကို လိုက်နှောင့်ယှက်နေတော့မည်။ ယာစုကိုသည် ကြာကြာတောင့်ခံနိုင်မည် မဟုတ်ဘဲ အရှုံးပေးကာ သူ့ကို အနှေးနှင့်အမြန် ငွေထုတ်ပေးရမည် ဖြစ်ကြောင်း သူ အပိုင် တွက်ထားလေသည်။

တိုက်ခန်းသို့ ပြန်ရောက်သည်နှင့် ယာစုကိုသည် ညစာအတွက် စတင် ပြင်ဆင်သည်။ ဆိုင်မှ သယ်လာခဲ့သော ဟင်းကျန်များကို ပြန်နွှေးရခြင်းမျှသာ ဖြစ်သော်လည်း ညစာပြင်ဆင်နေရသည်မှာ သူမအတွက် အင်မတန် ပင်ပန်းသည့် အလုပ်တစ်ခုကို လုပ်နေရသည့်နှယ်။ သူမ၏ စိတ်အာရုံထဲတွင် မလိုလားအပ်သော အတွေးများက မကြာမကြာ လွှမ်းမိုးလာကြသောကြောင့် အယောင်ယောင် အမှားမှား ဖြစ်နေပြန်သည်။

မီစာတို အိမ်ပြန်ရောက်ချိန်လည်း နီးကပ်လာပြီ။ ကြက်တောင်ရိုက်အသင်းတွင် ပါဝင်ကစားနေသော မီစာတိုသည် လေ့ကျင့်ရေး ပြီးဆုံးလျှင် တခြားကစားဖော်များနှင့် အတန်ကြာမျှ ထွေရာလေးပါး တွတ်ထိုးနေပြီးမှသာ အိမ်သို့ ပြန်လာတတ်သည်။ ထို့ကြောင့်လည်း အမြဲတမ်း ည ၇ နာရီကျော်မှ အိမ်ပြန်ရောက်သည်။

တံခါးမှ ခေါင်းလောင်းသံ မြည်လာသည်။ ယာစုကိုသည် ရင်တထိတ်ထိတ်ဖြင့် တံခါးဝသို့ လျှောက်သွားသည်။ မီစာတိုထံတွင် အိမ်သော့ရှိနေသည် မဟုတ်လား။

“လာပြီ” ယာစုကိုသည် အခန်းတွင်းမှ လှမ်းမေးလိုက်သည်။ “ဘယ်သူလဲ”

တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ပြန်လည်ဖြေကြားသံ ထွက်ပေါ်လာသည်။ “ငါ”

ယာစုကို မိုက်ခနဲ ဖြစ်သွားသည်။ သူမ မဖြစ်စေချင်သော အရာများ အမှန်တကယ်ပင် ဖြစ်ပေါ်လာလေပြီ။ တိုဂါရှိသည် သူမအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီ။ ယခင်ကတည်းက သူမကို ဘန်တန်တိုင်မှ ဤနေရာအထိ နောက်ယောင်ခံပြီး လိုက်ခဲ့ဖူးပေလိမ့်မည်။

ယာစုကို ဘာမျှ ပြန်မဖြေနိုင်တော့။ တိုဂါရှိသည် တံခါးကို လက်ဖြင့် ထုနေလေသည်။ “ဟေ့”

ယာစုကိုသည် ခေါင်းကို ခါယမ်းလိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။ သို့သော် တံခါးသံကြိုးကိုတော့ မဖြုတ်သေး။

တစ်ဆယ်စင်တီမီတာမျှ တံခါးပွင့်ဟသွားသည်နှင့် တိုဂါရှိ၏ မျက်နှာပြင်က မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ သူ၏ ဝါကျင့်နေသော သွားများကို ပေါ်အောင် စပ်ဖြဲဖြဲလုပ်လျက် ယာစုကိုကို စိုက်ကြည့်နေသည်။

“နင် ဒီကို ဘာလာလုပ်တာလဲ။ နင် ပြန်တော့”

“ငါ ပြောချင်တာ ပြောလို့မှ မပြီးသေးတဲ့ဟာ။ နင်ဘာလို့ ဒီလောက်တောင် လောနေရတာလဲ”

“ငါ့ကို ထပ်ပြီး မနှောင့်ယှက်ချင်ပါနဲ့တော့”

“ငါ့စကား တစ်ခွန်းနှစ်ခွန်းလောက်ကို နားထောင်လိုက်ရလို့ ဘာမှ ဖြစ်မသွားပါဘူး။ ငါ့ကို တံခါးအရင် ဖွင့်ပေးစမ်းပါ”

“ဟင့်အင်း၊ နင် အခု ထွက်သွား”

“နင် ငါ့ကို ပေးမဝင်ဘူး ဆိုရင် ငါ ဒီမှာ ထိုင်စောင့်နေရုံပေါ့။ မီစာတိုလည်း မကြာခင် ပြန်ရောက်တော့မှာပဲ။ နင်နဲ့ ပြောလို့ မရဘူးဆိုရင်လည်း ငါ သူနဲ့ ပြောရုံရှိတော့တာပ”

“အဲဒါ သူနဲ့မှ မဆိုင်ဘဲ”

“ဒါဆို ငါ့ကို ဖွင့်ပေးလေ”

“ငါ ရဲကို တိုင်လိုက်မှာ”

“တိုင်လေ။ နင့်သဘောပဲ။ ကိုယ့်မယားဟောင်းကို လာတွေ့တာပဲဟာ။ မဟုတ်တာ လုပ်နေတာမှ မဟုတ်ဘဲ။ ရဲတွေကရော ဘာလုပ်နိုင်မှာမို့လို့လဲ။ သူတို့ကတောင် ပြောလိမ့်ဦးမယ်။ အစ်မကြီးရယ်၊ ကိုယ့်လူကို အထဲပေးဝင်လိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ”

ယာစုကိုသည် နှုတ်ခမ်းကို ပြတ်မတတ် ကိုက်ထားသည်။ တိုဂါရှိ ပြောခဲ့သည်မှာလည်း ငြင်းပယ်၍ မရသော အမှန်တရားပင်။ သူ ယခင်က ရဲတိုင်ခဲ့ဖူးသည်။ သို့သော် သူတို့ထံမှ ဘာအကူအညီမျှ မရခဲ့ပေ။

မိမိတိုက်ခန်းတွင် ရုတ်ရုတ်ရက်ရက် ဖြစ်နေမည်ကိုလည်း သူမ မလိုလား။ အာမခံမလိုဘဲ အိမ်ခန်းတစ်ခန်း ငှားနိုင်ခဲ့သည်မှာ အင်မတန် ကံကောင်းသည်ဟု ဆိုရပေမည်။ အကယ်၍ ဤနေရာတွင် မလိုလားအပ်သော ကောလာဟလများ ပျံ့နှံ့သွားလျှင် သူတို့ သားအမိသည် ယခု နေနေသော တိုက်ခန်းမှ နှင်ထုတ်ခံရနိုင်သည်။

“ပြောပြီးတာနဲ့ ပြန်”

“အင်းပါ” တိုဂါရှိသည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးနေသည်။

တံခါးသံကြိုးကို ဖြုတ်လိုက်ပြီးနောက် တိုဂါရှိ အခန်းထဲသို့ ဝင်လာသည်။ မျက်လုံးများက အခန်းတွင်းသို့ အကဲခတ်ရင်း ဖိနပ်ချွတ်နေသည်။ ဘယ်ဘက်တွင် မြက်ဖျာခြောက်ချပ်စာ ကျယ်ဝန်းသော ဧည့်ခန်းရှိပြီး ညာဘက်တွင် မီးဖိုချောင် ရှိသည်။ အနောက်ဘက်တွင် မြက်ဖျာလေးချပ်စာ အိပ်ခန်းနှင့် အိမ်နောက်ဖေးတွင် ဝရန်တာ ရှိသေးသည်။

“ကျဉ်းလည်းကျဉ်း၊ ဟောင်းလည်းဟောင်းနေပြီ ဆိုပေမယ့် မဆိုးပါဘူး” တိုဂါရှိသည် ဧည့်ခန်းအလယ်ရှိ အပူပေးစားပွဲအောက်သို့ သူ့ခြေထောက်များကို ခပ်တည်တည်နှင့် ထိုးထည့်လိုက်သည်။ “မီးလည်း မလာပါလား” ဟု ပြောရင်း မီးခလုတ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေလေသည်။

“နင် ဘာကြောင့် ငါ့နောက် လိုက်နေသလဲဆိုတာ ငါသိတယ်” ယာစုကိုသည် မတ်တတ်ရပ်လျက် တိုဂါရှိကို စိုက်ကြည့်နေသည်။ “ပလီပလာ လျှောက်ပြောပြီး နောက်ဆုံးတော့လည်း နင် ပိုက်ဆံလိုချင်လို့ပဲ မဟုတ်လား”

“မင်းက ဘာသဘောလဲ” တိုဂါရှိသည် အိတ်ကပ်ထဲမှ ခုနစ်စင်ကြယ် စီးကရက်ဘူးကို ဆွဲထုတ်လိုက်သည်။ ဆေးလိပ်တစ်လိပ်ကို မီးညှိပြီးသောအခါ ဘေးဘီသို့ လှည့်ကြည့်သည်။ ထိုအခါမှ ဆေးလိပ်ပြာခွက် မရှိမှန်း သတိထားမိသွားသည်။ သူသည် အမှိုက်တောင်းထဲမှ ဘူးခွံတစ်ခုကို လှမ်းယူပြီး အထဲသို့ ဆေးလိပ်ပြာများ ချွေချလိုက်သည်။

“နင် ပိုက်ဆံလိုချင်လို့ပဲလေ။ အဓိကက အဲဒါပဲ မဟုတ်လား”

“မင်းက အဲဒီလို ထင်နေရင်လည်း မင်းသဘောပါပဲ”

“ပိုက်ဆံလား။ ငါမှာ တစ်ပြားမှ မရှိဘူး”

“အင် … ဟုတ်လား”

“နင် သွားတော့။ ဘယ်တော့မှ ပြန်မလာနဲ့”

ထိုစကားကို ပြောပြီး၍ တစ်ခဏမှာပင် အိမ်ခန်းတံခါးမှာ ရုတ်တရက် ပွင့်လာပြီး ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော မီစာတို အိမ်ထဲသို့ ပြေးဝင်လာသည်။ အိမ်ထဲတွင် ဧည့်သည်ရှိနေကြောင်း သတိထားမိသွားသောအခါ အပေါက်ဝတွင် တစ်ခဏမျှ တုံ့ရပ်သွားသည်။ ထို့နောက် ဧည့်သည်မှာ မည်သူမည်ဝါ ဖြစ်ကြောင်း သိသွားသည့်အခါတွင်မူ သူမ၏ မျက်နှာပေါ်၌ စိတ်ပျက်ခြင်း၊ စိုးရိမ်ခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်း စသော စိတ်ခံစားချက်များ ရောပြွမ်း၍ ထင်ဟပ်လာတော့သည်။ လက်ထဲတွင် ကိုင်ထားသော ကြက်တောင်ဘက်တံလည်း လက်ထဲမှ လွတ်ကျသွားလေသည်။

“မီစာတို၊ မတွေ့ရတာ ကြာပြီနော်။ မင်းလည်း ထွားလာပြီကော” တိုဂါရှိက လှမ်းနှုတ်ဆက်လိုက်သည်။

မီစာတိုသည် ယာစုကိုကို တစ်ချက် လှမ်းကြည့်ပြီး ဘာမျှ မပြောဘဲ ဖိနပ်ချွတ်ကာ အိမ်ထဲသို့ ဝင်လာသည်။ ထို့နောက် သူတို့အရှေ့မှ ဖြတ်လျှောက်သွားပြီး အိပ်ခန်းထဲသို့ ဝင်သွားကာ စက္ကူတံခါးကို ဒုန်းခနဲ ပိတ်ပစ်လိုက်သည်။

တိုဂါရှိသည် တစ်ခဏမျှ ငြိမ်နေပြီးနောက် စကားကို ပြန်စလာသည်။ “မင်း ဘယ်လို တွေးနေမလဲတော့ ငါမသိဘူး။ ဒါပေမယ့် ငါ့ဘက်ကတော့ မင်းနဲ့ ပြန်ပေါင်းချင်လို့ ပြောနေတာပဲ။ ငါ အခုလို တောင်းဆိုနေတာ ဘာတွေများ တရားလွန်နေလို့လဲ”

“ငါ ပြောပြီးပြီပဲ။ နင် စိတ်ကူးယဉ်မနေနဲ့။ နင် ဘာလို့ အဲဒီလောက် မျက်နှာပြောင်တိုက်နေရတာလဲ။ ပိုက်ဆံလိုချင်လို့ ငါ့အနား ရစ်သီရစ်သီ လုပ်နေတာ မဟုတ်လား”

တိုဂါရှိသည် ဘာမျှ ပြန်မပြောဘဲ တီဗီအဝေးထိန်း ခလုတ်ကို ကိုင်ပြီး တီဗီဖွင့်လိုက်သည်။ တီဗီတွင် ကာတွန်းကားတစ်ကား ပြနေသည်။

ယာစုကိုသည် သက်ပြင်းတစ်ချက် ချပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ လက်ဆေးကန်ဘေးနားရှိ အံဆွဲထဲမှ ပိုက်ဆံအိတ်ကို ယူပြီး အိတ်ထဲမှ တစ်သောင်းတန် ငွေစက္ကူနှစ်ရွက်ကို ထုတ်ယူလိုက်သည်။

“ရော့၊ ယူပြီး ပြန်တော့” ယာစုကိုသည် အပူပေးစားပွဲပေါ်တွင် ပိုက်ဆံကို ချထားလိုက်သည်။

“ဒါ ဘာလုပ်တာလဲ။ မင်း ပြောတော့ ပိုက်ဆံလုံးဝ မပေးဘူးဆို”

“ဒါ နောက်ဆုံးတစ်ကြိမ်ပဲ”

“ဒီလောက်လေးနဲ့ ငါဘာလုပ်ရမှာလဲ”

“နင် ဒီထက် ပိုလိုချင်နေတာ ငါသိတယ်။ ငါလည်း ဒီထက် ပိုမပေးနိုင်ဘူး”

တိုဂါရှိက ငွေနှစ်သောင်းကို အတန်ငယ် စိုက်ကြည့်ပြီးနောက် ယာစုကိုကို မော့ကြည့်လိုက်သည်။

“အေးလေ၊ ဘယ်တတ်နိုင်မှာလဲ။ ဒါဆို ငါသွားတော့မယ်။ ဒါပေမယ့် မင်းကို ထပ်ပြောထားရဦးမယ်။ ငါ ပိုက်ဆံလိုချင်တာ မဟုတ်ဘူးနော်။ မင်း ဇွတ်အတင်း ပေးနေလို့သာ ယူလိုက်ရတာ”

သူသည် ငွေစက္ကူများကို အနွေးထည်အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် သောက်လက်စ ဆေးလိပ်တိုကို သံဘူးခွံထဲ ထည့်ပြီး မတ်တတ်ထရပ်သည်။ သို့သော် သူသည် တံခါးမကြီးဆီသို့ ထွက်သွားခြင်း မဟုတ်ဘဲ အနောက်ဘက် အိပ်ခန်းဆီသို့ လျှောက်သွားလေသည်။ ထို့နောက် စက္ကူတံခါးကို ဆတ်ခနဲ ဆွဲဖွင့်လိုက်သောအခါ အထဲမှ မီစာတို၏ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

“နင် ဘာတွေ လျှောက်လုပ်နေတာလဲ” ယာစုကိုက အော်မေးလိုက်သည်။

“ကိုယ့်သမီးလေးကို သွားနှုတ်ဆက်တာပဲ။ ဘာဖြစ်လို့လဲ”

“သူက နင့်သမီးလည်း မဟုတ်တော့ဘူး။ နင်နဲ့ ဘာမှ မဆိုင်ဘူး”

“ကဲကို ကဲလွန်းတယ်။ ငါ သွားပြီ မီစာတို။ နောက်နေ့မှ တွေ့ကြတာပေါ့” တိုဂါရှိသည် အခန်းတွင်းသို့ ကြည့်ရင်း ပြောလိုက်သည်။

တံခါးဝနားသို့ ရောက်လာသောအခါ နောက်ပြန်လှည့်ပြီး “ကြီးလာရင်တော့ တကယ် မိန်းမချောတစ်ယောက် ဖြစ်လာမှာပဲ။ စောင့်ရချည့်သေးရဲ့”

“နင် မမိုက်ရိုင်းနဲ့”

“ရော် ငါက အကောင်းပြောနေတဲ့ ဥစ္စာ။ နောက်သုံးနှစ်ဆိုရင် ပိုက်ဆံရှာလို့ရပြီ။ အဲဒီအချိန်ကျရင် ဘယ်အရက်ဘားကမဆို သူ့ကို ခေါ်ချင်နေကြမှာပဲ”

“နင် သွား … အခု ထွက်သွား”

“ငါ သွားမှာပါ။ မပူပါနဲ့။ အနည်းဆုံးတော့ …. ဒီနေ့ပေါ့”

“နောက်လည်း ထပ် မလာနဲ့”

“ဒါတော့ ငါ အာမ မခံနိုင်ဘူး”

“နင် …..”

“ငါ မင်းကို သတိပေးထားရဦးမယ်။ ငါ့လက်ထဲကနေ ဘယ်လိုမှ ထွက်ပြေးလို့ မလွတ်နိုင်ဘူး။ စိတ်ကူးယဉ် မနေစမ်းနဲ့။ ကြားလား” တိုဂါရှိသည် တဟီးဟီး ရယ်လျက် ခါးကုန်း၍ ဖိနပ် စီးနေသည်။

ထိုစဉ် ယာစုကို၏ နောက်ကျောဘက်တွင် တစ်စုံတစ်ခု လှုပ်ရှားသွားသည်။ ယာစုကိုသည် နောက်လှည့်၍ ကြည့်လိုက်သောအခါ အနားတွင် ကျောင်းဝတ်စုံ ဝတ်ထားသော မီစာတို ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ လက်ထဲတွင် တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားသည်။

ယာစုကို တားမြစ်ဖို့ပင် အချိန် မရလိုက်။ အသံထွက်ဖို့ပင် မမီလိုက်တော့။ မီစာတို၏ လက်သည် မြောက်တက်သွားပြီး တိုဂါရှိ၏ နောက်စေ့တည့်တည့်ကို ရိုက်ချလိုက်လေသည်။ ‘အုန်း’ ဟူသော အသံကို ကြားလိုက်ရပြီးနောက် တိုဂါရှိလည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *