မာတိကာကြည့်ရန်

အခန်း (၁၉)

ယာစုကိုသည် ခုံတန်းလျားပေါ်တွင် မလှုပ်မယှက်။ ယုကာဝါ၏ စကားလုံးများက သူမအား ခေါင်းပေါ်မှ ဖိချထားသယောင်။ အကြောင်းအရာများက ရင်လေးစရာ၊ အံ့ဩဖွယ်ရာအတိ။ သူမ၏ အသည်းနှလုံးကို ဖိချေပစ်ကြတော့မည့်နှယ်။

ဤမျှ ပေးဆပ်ဝံ့၊ စတေးဝံ့ခဲ့သော … သူ။

တိုဂါရှိ၏ အလောင်းကို အိရှိဂါမိက မည်သို့ စီမံခဲ့သနည်း။ ထိုအကြောင်းကို သူ ဘာမျှ ပြောမပြခဲ့။ စိတ်ပူမနေရန်သာ သူမအား ပြောကြားခဲ့သည်။ “ကျွန်တော် အားလုံး ဖြေရှင်းပြီးသွားပြီ” သူက ဖုန်းထဲတွင် တည်ငြိမ်သော လေသံဖြင့် ဤသို့ ပြောခဲ့သည်။

သူမ ထူးဆန်းနေခဲ့သည်မှာ အမှန်။ ရဲများသည် အဘယ်ကြောင့် လူသတ်မှု ဖြစ်ပြီး နောက်တစ်ရက်၏ အလီဘိုင်ကိုသာ သူမထံမှ တောင်းခံနေကြသနည်း။ မတ်လ ၁၀ ရက်နေ့ညတွင် မည်သည့်အလုပ်များ လုပ်ရမည်ကို အိရှိဂါမိက သူမတို့အား ကြိုတင် မှာကြားထားခဲ့သည်။ ရုပ်ရှင်ရုံ၊ ခေါက်ဆွဲဆိုင်၊ ကေတီဗီ၊ ထို့အပြင် ညဉ့်နက်သန်းခေါင်မှ ဖုန်းကော။ ထိုအရာအားလုံးတို့သည် အိရှိဂါမိ၏ ညွှန်ကြားချက်အတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တစ်ခုပဲ ရှိသည်။ ပြုလုပ်ရသည့် အကြောင်းအရင်းကိုတော့ သူမ နားမလည်ခဲ့။ ရဲအရာရှိများ၏ မေးခွန်းများကို သူမသည် မှန်သည့်အတိုင်း ဖြေကြားနေရသော်လည်း စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ အဘယ်ကြောင့် မတ်လ ၁၀ ရက်နေ့ကိုသာ မဲနေကြသနည်း။

ယခုတော့ သူမ အားလုံး နားလည်သွားခဲ့ပြီ။ ၎င်းမှာ အိရှိဂါမိ ထောင်ထားခဲ့သော ထောင်ချောက်ဖြစ်သည်။ ထိုထောင်ချောင်ထဲသို့ စုပြုံ တိုးဝင်လာအောင်လည်း သူ စီမံထားခဲ့သည်။ ထိုစီမံချက်သည် အသည်းတုန် ရင်တုန်သွားအောင် ကြောက်မက်ဖွယ် ကောင်းပေစွ။ ယုကာဝါထံမှ ကြားလိုက်ရစဉ်က ထို့ထက် ယုတ္တိရှိနိုင်သော တခြား ရှင်းလင်းချက် မရှိနိုင်မှန်းကို သိနေပါလျက်နှင့် သူမ မယုံကြည်ခဲ့ပေ။ မဟုတ်သေး။ သူမ မယုံချင်ခဲ့။ အိရှိဂါမိသည် သူမအတွက် ဤမျှအထိ ပေးဆပ်ခဲ့သည်ကို ယုံကြည်ရန် သူမ မဝံ့မရဲ ဖြစ်နေသည်။ မိမိကဲ့သို့ ဘာမျှ ထူးခြားမှု မရှိသော၊ ရွက်ကြမ်းရေကျို၊ အရွယ်တစ်ဆိတ် ဟိုင်းနေသော တစ်ခုလပ် မိန်းမတစ်ယောက်အတွက် အိရှိဂါမိသည် သူ၏ တစ်ဘဝလုံးကို စတေးပစ်ခဲ့သည်ဟု သူမ မယုံကြည်ဝံ့။ သူမ၏ နှလုံးသားသည် ထိုကဲ့သို့သော ပေးဆပ်မှု၊ စွန့်လွှတ်အနစ်နာခံမှုကို လက်ခံနိုင်လောက်အောင် ကိုယ်ခံအား မရှိကြောင်း ယာစုကို သဘောပေါက်သည်။

သူမသည် လက်နှစ်ဘက်တွင် မျက်နှာအပ်ထားပြီး ဘာကိုမျှ မစဉ်းစားချင်တော့။ ယုကာဝါသည် ရဲများအား ထိုအကြောင်းကို အသိပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သေးသည်။ သူ ပြောခဲ့သမျှ စကားအားလုံးသည် သူ၏ သုံးသပ်ချက်မျှသာ ဖြစ်၍ ဘာအထောက်အထားမျှ မရှိ။ ထို့ကြောင့် သူမ သွားသင့်သည့်လမ်းကို သူမကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်နိုင်ကြောင်း ပြောကြားခဲ့သည်။ သူသည် သူမကို ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် အခွင့်ပေးခဲ့သည်။ အညှာအတာ ကင်းမဲ့သော အခွင့်အလမ်းတစ်ခု။

ဘာဆက်လုပ်ရမည်ကို မသိနိုင်လောက်အောင် သူမ လမ်းပျောက်နေသည်။ မတ်တတ်ရပ်ရန်ပင် ခွန်အားများ မရှိတော့သယောင်။ ကျောက်ဆစ်ရုပ်တစ်ရုပ်ပမာ မည်မျှ ထိုင်နေခဲ့သည်ဟု မဆိုနိုင်။ ရုတ်တရက် ပခုံးပုတ်ခံရသောအခါမှ သတိဝင်လာပြီး အလန့်တကြား ခေါင်းမော့ကြည့်လိုက်သည်။

ကူဒိုသည် စိုးရိမ်စိတ်ဖြင့် သူမကို စိုက်ကြည့်နေသည်။

“မင်း ဘာဖြစ်နေတာလဲ”

ဤနေရာသို့ ကူဒို အဘယ်ကြောင့် ရောက်နေသနည်း။ ထိုမေးခွန်းကို ဖြေဆိုနိုင်ရန်အတွက် အတန်ကြာမျှ အချိန်ပေးလိုက်ရသည်။ သူမသည် သူ့ကို ငေးကြောင်ကြည့်နေပြီး တဖြည်းဖြည်းနှင့်မှ သူတို့ ချိန်းဆိုထားကြောင်းကို သတိရလာသည်။

“ဆောရီးပဲ။ ကျွန်မ … အရမ်း ပင်ပန်းနေတယ်” ထို့ထက်လည်း သူမ ဘာပြောရမည် မသိ။ အမှန်တကယ်လည်း သူမ ပုံကျလုမတတ် ပင်ပန်းနေသည်။ ကိုယ်ခန္ဓာတော့ မဟုတ်။

“မင်း နေမကောင်းဘူးလား” ကူဒိုက ကရုဏာသက်သော လေသံဖြင့် မေးသည်။

ထိုကရုဏာသံက ယာစုကို၏ နားထဲတွင် နူးညံ့မနေဘဲ အေးစက်မာကျောနေသည်။ သူမ ယခုမှ နားလည်သဘောပေါက်လာသည်။ အမှန်တရားကို မသိနားမလည်ခြင်းသည်လည်း ပြစ်မှုတစ်မျိုး ဖြစ်သည်။ ထိုပြစ်မှုကို မကြာသေးခင် အချိန်ကအထိ သူမ မြိန်ရေရှက်ရေ ကျူးလွန်နေခဲ့မိသည်။

“ရပါတယ်” ယာစုကိုသည် ထရန် ကြိုးစားလိုက်သည်။ တုန်ယင်နေသော သူမကို မြင်၍ ကူဒိုက လှမ်းထူပေးသည်။

“ဘာဖြစ်လို့လဲ။ မင်း မျက်နှာလည်း မကောင်းဘူး”

ယာစုကိုက ခေါင်းခါပြသည်။ သူ့ကို ရှင်းပြ၍ ရနိုင်မည် မဟုတ်။ သူ့ကိုသာ မဟုတ်။ တစ်လောကလုံးတွင် ထိုသို့သောသူ ရှိနိုင်မည် မထင်။

“ကိစ္စ မရှိပါဘူး။ နေလို့ သိပ်မကောင်းလို့ပါ။ စောစောက ဒီမှာ ခဏ အနားယူလိုက်လို့ သက်သာသွားပါပြီ” သူမက ကြည်ရွှင်သော လေသံဖြင့် ပြောလိုက်ချင်သည်။ မည်သို့ ဖြစ်နိုင်ပါအံ့နည်း။

“ကို့ကားကို ဒီဘေးမှာပဲ ရပ်ထားခဲ့တာ။ ကိုတို့ မသွားခင် ခဏလောက်ဖြစ်ဖြစ် နားလိုက်ချင်သေးလား”

သူမက သူ၏ မျက်လုံးများကို လှမ်းကြည့်လိုက်သည်။ “ဘယ်သွားမလို့လဲ”

“ကို စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲယူထားတယ်။ ၇ နာရီ ရောက်မယ်လို့ ပြောထားတာ။ နာရီဝက်လောက် နောက်ကျတာတော့ ကိစ္စ မရှိလောက်ပါဘူး”

စားသောက်ဆိုင်။ ထိုစကားလုံးမှာ သူမအတွက် သူစိမ်းဆန်နေသည်။ ယခုလိုအချိန်တွင် ထိုနေရာမျိုးသို့ သွားရောက် စားသောက်သင့်ပါသလော။ ရင်ထဲတွင် လေးပင်သော ဝန်ထုပ်ဝန်ပိုးကြီးကို လွယ်ထားလျက်နှင့် ဟန်ဆောင်ပန်ဆောင် ပြုံး၍နေရန် သင့်ပါ၏လော။ ဇွန်းခက်ရင်းကို ဟိတ်ဟန်ထုတ်၍ ကြီးမြတ်ချင်ယောင် ဆောင်နေသင့်ပါမည်လော။ သို့သော် ၎င်းမှာ ကူဒို၏ အမှားတော့ မဟုတ်။

“ဆောရီးပါရှင်” ယာစုကိုက တိုးညင်းလေးတွဲ့သောအသံဖြင့် ပြောသည်။ “ကျွန်မ ဒီည ဘယ်လိုမှ … ဘယ်လိုပြောမလဲ။ ဟို … နောက်နေ့မှပဲ …”

“ကို နားလည်ပါတယ်” ကူဒိုက လက်မြှောက်၍ သူမကို ဆက်မပြောရန် တားလိုက်သည်။ “အေးလေ။ ဒီလောက် ပြဿနာတွေ ဖြစ်ခဲ့မှတော့ မင်းလည်း ပင်ပန်းနေရောပေါ့။ ဒီနေ့တော့ ကောင်းကောင်း အနားယူလိုက်လေ။ အခုတလော မင်း စိတ်ပန်းလူပန်း ဖြစ်နေတာကို ကိုက အလိုက်ကမ်းဆိုး မသိသလို ဖြစ်နေတယ်။ ဆောရီးပါကွာ”

ယာစုကိုသည် ကူဒို၏ ရိုးသားဖြူစင်မှုကို သူ၏ မျက်လုံးများထဲတွင် တွေ့မြင်နေရသည်။ သူမအတွက် အမှန်တကယ်ပင် စိတ်ပူပန် ပေးနေရှာသည်။ မိမိအား ချစ်ခင်စုံမက်သူ များစွာ ရှိနေပါလျက်နှင့် အဘယ်ကြောင့် မိမိမှာ မပျော်မရွှင်နိုင် ဖြစ်နေရသနည်း။ သူမက တွေးနေမိသည်။

သူ၏ ဖေးမကူညီမှုဖြင့် ယာစုကိုသည် ကားဆီသို့ ဒယီးဒယိုင် လျှောက်သွားနေသည်။ ကူဒိုသည် ကားကို ပန်းခြံမှ ၁၀ မီတာအကွာရှိ လမ်းဘေးတွင် ရပ်တန့်ထားသည်။ သူက သူမအား အိမ်သို့ လိုက်ပို့ပေးမည်ဟု ပြောလာသည်။ သူမ ငြင်းဆန်သင့်သည်ဟု ထင်သည်။ သို့သော် မငြင်းဆန်ဖြစ်။ ယခု အိမ်အပြန်လမ်း ခရီးမှာ ဆွဲဆန့်ခံထားရသကဲ့သို့ ရှည်လျားလွန်းနေသည်။

“မင်း တကယ် အဆင်ပြေရဲ့လား။ တကယ်လို့ ကိစ္စရှိတယ် ဆိုရင် ကို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြစေချင်တယ်” ကားပေါ် ရောက်သောအခါတွင် ကူဒိုက နောက်တစ်ကြိမ် ထပ်မေးပြန်သည်။ ယာစုကို၏ မျက်နှာ အသွင်အပြင်မှာလည်း အမှန်ပင် စိုးရိမ်ချင်စရာ ကောင်းနေသည်။

“အင်း၊ ကျွန်မ အဆင်ပြေပါတယ်။ ဆောရီးပါရှင်” သူမက သူ့ကို ပြုံးပြလိုက်သည်။ ထို့ထက်လည်း သူမ ဘာမျှ မလုပ်ပြတတ်တော့။

သူမ၏ အတွေးများကို မည်သည့်ဘက်သို့ပဲ ဦးတည်ဦးတည်၊ စိတ်ထိခိုက်စရာများသာ သူမခေါင်းထဲသို့ ဝင်လာနေသည်။ အားလုံးအပေါ်တွင် တာဝန်မကျေသကဲ့သို့၊ အကြွေးတင်နေသကဲ့သို့ ခံစားနေရသည်။ ကူဒိုသည် အကြောင်းရှိ၍သာ သူမကို ယနေ့ ချိန်းဆိုထားခြင်း ဖြစ်သည် ဆိုသည့်အချက်ကိုလည်း ရုတ်တရက် သတိရလာမိသည်။

“မစ္စတာကူဒို၊ ရှင် ကျွန်မကို အရေးတကြီး ပြောစရာ ရှိတယ်ဆို”

“အင်း၊ ဟုတ်တော့ ဟုတ်တယ်” သူ ခေါင်းငုံ့သွားသည်။ “ဒါပေမယ့် … ဒီနေ့တော့ ထားလိုက်ပါတော့”

ယာစုကိုသည် ကားပေါ်တွင် ထိုင်လျက် ပြတင်းအပြင်ဘက်သို့ ငေးမောနေမိသည်။ နေရောင် ပျောက်ကွယ်သွားပြီ ဖြစ်၍ မြို့သည် မီးရောင်များဖြင့် ဝင်းပထိန်လင်းနေသည်။ မြင်မြင်သမျှ အရာရာအားလုံး အမှောင်ကျသွားပြီး ကမ္ဘာကြီး ပျက်သုဉ်းသွားလျှင် စိတ်လက်သက်သာသွားလိုက်မည့် ဖြစ်ခြင်း။

ကူဒို၏ကားသည် ယာစုကို၏ တိုက်ခန်းရှေ့တွင် ရပ်တန့်သွားသည်။ “မင်း ကောင်းကောင်း အနားယူလိုက်ဦး။ နောက်မှ ကို ဖုန်းဆက်လာခဲ့မယ်”

သူမသည် ခေါင်းညိတ်ပြီး တံခါးလက်ကိုင်ပေါ်သို့ လက်တင်လိုက်သည်။ တံခါးကို ဆွဲဖွင့်တော့မည် အပြုတွင် ကူဒိုအထံမှ အသံထွက်ပေါ်လာသည်။ “ခဏလေး”

ယာစုကိုက လှည့်ကြည့်လိုက်သည်။ သူသည် နှုတ်ခမ်းကို လျှာဖြင့် သပ်ပြီး ကားစတီယာရင်ကို လက်ဖြင့် နှစ်ချက် ပုတ်လိုက်သည်။

“မင်းကို အခုပဲ ပြောလိုက်တာ ကောင်းပါတယ်”

ကူဒိုသည် ကုတ်အင်္ကျီအိတ်ထဲသို့ လက်နှိုက်ပြီး ဘူးအပြာလေးတစ်ဘူးကို ဆွဲထုတ်လိုက်သည်။ ဘူးကို မြင်လိုက်သည်နှင့် အထဲတွင် ဘာရှိနေသည်ကို ပြောစရာပင် မလိုတော့ပေ။

“တီဗီထဲမှာ ဒီလိုမြင်ကွင်းမျိုး အမြဲတမ်း တွေ့တွေ့နေရမှာပဲ။ ကို အစကတော့ အဲဒီလိုမျိုး မလုပ်ချင်ဘူး။ ဒါပေမယ့် ဒါကလည်း ရိုးရာဓလေ့တစ်ခုလို ဖြစ်နေပြီပဲ မဟုတ်လား” သူသည် သူမ၏ အရှေ့တွင် ဘူးကို ဖွင့်ပြလိုက်သည်။ လက်စွပ်တစ်ကွင်း။ စိန်ကြီးတစ်ပွင့်ပေါ်မှ အလင်းတန်းများ တဖျပ်ဖျပ် ဖြာထွက်နေကြသည်။

“မစ္စတာကူဒို …” ယာစုကိုက ငေးကြောင်၍ သူ့မျက်နှာကို စိုက်ကြည့်နေသည်။

“ချက်ချင်း ပြန်ဖြေစရာ မလိုပါဘူး” သူက ပြောသည်။ “မီစာတိုရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ရဦးမယ်ဆိုတာ ကို နားလည်ပါတယ်။ ဒါပေမယ့် ကို အပျော်အပြက် လျှောက်လုပ်နေတာ မဟုတ်ဘူး ဆိုတာကိုတော့ မင်း နားလည်စေချင်တယ်။ အခုချိန်မှာ ကိုဟာ မင်းတို့ သားအမိကို စိတ်ချမ်းသာအောင် ထားနိုင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်” သူသည် ယာစုကို၏ လက်ကို ဖမ်းကိုင်ပြီး လက်စွပ်ဘူးကို သူမ၏ လက်ဖဝါးပေါ်သို့ တင်ပေးလိုက်သည်။ “ဒီအတွက် မင်းရင်ထဲမှာ ဘာဖိအားမှ မဖြစ်စေချင်ဘူး။ ကိုရဲ့ လက်ဆောင်လို့ပဲ သဘောထားပေးပါ။ ဒါပေမယ့် … တကယ်လို့သာ ကိုနဲ့ လက်တွဲသွားဖို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ ဒီလက်စွပ်က ပိုပြီး အဓိပ္ပာယ် ပြည့်ဝသွားမှာပေါ့။ မင်း စဉ်းစားပေးမယ် မဟုတ်လား”

သူမလက်ဖဝါးပေါ်မှ ဘူးငယ်၏ အလေးချိန်ကို ခံစားနေရသော်လည်း ယာစုကို၏ ဦးနှောက်ထဲ၌ အတွေးများ ထုံထိုင်းနောက်ကျုနေကြသည်။ သူပြောခဲ့သော စကားလုံးများသည် သူ့နားထဲသို့ ဝင်တစ်ဝက် မဝင်တစ်ဝက် ဖြစ်နေသော်လည်း သူ၏ စိတ်ဆန္ဒကို သူမ နားလည်နေသည်။ ထိုသို့ နားလည်နေသောကြောင့်ပင်လျှင် သူမ၏ စိတ်ကို ပို၍ ရှုပ်ထွေးသွားစေခဲ့သည်။

“ဆောရီးပဲ။ ကို အလျင်စလို လုပ်မိသွားတယ်ဆိုတာ ကို နားလည်ပါတယ်” ကူဒို၏ မျက်နှာပေါ်မှ အပြစ်ကင်းစင်သော အပြုံးတစ်ချက် ထွက်ပေါ်လာသည်။ “မင်း အလောတကော ဆုံးဖြတ်ဖို့ မလိုပါဘူး။ မီစာတိုနဲ့လည်း တိုင်ပင်ကြည့်ပါဦး” ယာစုကို၏ လက်ပေါ်မှ လက်စွပ်ဘူးကို အဖုံးပိတ်လိုက်သည်။ “ကို ဝမ်းသာပါရစေ”

မည်သည့်စကားကို ပြောရမည်မှန်း ယာစုကို မသိနိုင်တော့။ စကားလုံးများသည် ဦးနှောက်တစ်နေရာတွင် ပုန်းအောင်းနေကြသည်။ ရုပ်ပုံများသည်သာ သူမ၏ ခေါင်းထဲတွင် တစ်ပုံပြီးတစ်ပုံ ရှေ့နောက်ဆင့်ကာ ထွက်ပေါ်လာနေသည်။ ကူဒို၊ တိုဂါရှိ၊ ထို့နောက် အိရှိဂါမိ။ အိရှိဂါမိ၏ ရုပ်ပုံများမှာ အများဆုံး ဖြစ်ပေလိမ့်မည်။

“ကျွန်မ … ကျွန်မ စဉ်းစားပေးပါ့မယ်” သူမ အားယူ၍ ပြောလိုက်သည်။ ကူဒိုက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ယာစုကိုလည်း ပြုံးပြ၍ ကားပေါ်မှ ဆင်းလာခဲ့သည်။

ကူဒို၏ကား မောင်းထွက်သွားသောအခါမှ သူမသည် တိုက်ခန်းပေါ်သို့ တက်လာခဲ့သည်။ အိမ်တံခါးကို ဆွဲဖွင့်နေစဉ်တွင် သူမသည် ဘေးအိမ်မှ တံခါးရွက်ကို စွေကြည့်လိုက်မိသည်။ စာတိုက်ပုံးထဲတွင် စာများနှင့် ပြည့်နေပြီး သတင်းစာကိုတော့ မတွေ့ရပေ။ အိရှိဂါမိသည် ရဲစခန်းသို့ မသွားခင်ကတည်းကပင် သတင်းစာများကို ရပ်နားထားခဲ့ခြင်း ဖြစ်ရပေမည်။ မီစာတိုလည်း အိမ်ပြန်မရောက်သေး။ ယာစုကိုသည် ကြမ်းပြင်တွင် ခြေပစ်လက်ပစ် ထိုင်ချပြီး သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ သူမ၏ ခေါင်းထဲသို့ ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး ဘေးနားရှိ အံဆွဲကို ဖွင့်၍ အထဲမှ ကွတ်ကီးဘူးကို ဆွဲထုတ်လိုက်သည်။ ဤဘူးထဲတွင် ပေးစာဟောင်းများကို သိမ်းထားလေ့ရှိသည်။ သူမသည် အောက်ဆုံးရှိ စာတစ်စောင်ကို ဆွဲထုတ်လိုက်သည်။ စာအိတ်ပေါ်တွင် ဘာမျှ ရေးထားခြင်း မရှိ။ စာအိတ်ထဲတွင် လက်ရေးစာလုံးများနှင့် ပြည့်နေသော စာရွက်တစ်ရွက် ထည့်ထားသည်။

၎င်းမှာ အိရှိဂါမိနှင့် နောက်ဆုံးအကြိမ် ဖုန်းမပြောခင်က ယာစုကိုအိမ်၏ စာတိုက်ပုံးထဲသို့ ထည့်ထားခဲ့သော စာရွက်ဖြစ်သည်။ ၎င်းစာရွက်အပြင် တခြား စာသုံးစောင်လည်း ပါသေးသည်။ စာတစ်စောင်စီတိုင်းသည် သူ့အား မယားတရူးအဖြစ် သတ်မှတ်ရန် ခိုင်လုံသော အထောက်အထားများ ဖြစ်သည်။ ယခုအချိန်တွင် ထိုစာသုံးစောင်သည် ရဲလက်ထဲ၌ ရှိနေကြသည်။

သူမ၏ လက်ထဲရှိ စာရွက်ပေါ်တွင် ထိုစာသုံးစောင်အား မည်သို့မည်ပုံ အသုံးချရမည်ကို ရေးသား ဖော်ပြထားသည်။ ရဲများ ရောက်လာလျှင် မည်သို့ ဖြေကြားရမည်ကို အသေးစိတ် ညွှန်ကြားထားသည်။ ယာစုကို အတွက်တင်သာ မကဘဲ မီစာတိုအတွက်ပါ ရေးသားပေးထားသည်။ ထိုစာထဲတွင် သူမတို့ ကြုံတွေ့လာနိုင်သည့် အခြေအနေ ပေါင်းစုံကို သုံးသပ်ပြထားပြီး မည်သို့သော အနေအထားမျိုးတွင် မည်သို့သော စကားမျိုးကို ပြောကြားရမည် ဖြစ်ကြောင်း ဟာနာအိုကာတို့ သားအမိအား လိုလေသေးမရှိအောင် သင်ကြားပေးထားသောကြောင့် သူမတို့ သားအမိကလည်း တုန်လှုပ်ခြင်း မရှိဘဲ ရဲများကို အေးဆေးတည်ငြိမ်စွာ တုံ့ပြန်နိုင်ခဲ့ကြသည်။ အကယ်၍သာ အလိုက်သင့် မတုံ့ပြန်နိုင်၍ အလိမ်ပေါ်သွားခဲ့လျှင် အိရှိဂါမိ၏ ကြိုးပမ်းချက်များသည် သဲထဲ ရေသွန်သကဲ့သို့ အလဟဿ ဖြစ်ကုန်တော့မည်။ ယာစုကိုက ဤသို့ ယူဆခဲ့သည်။ မီစာတိုကလည်း သူမကဲ့သို့ပင် ခံယူထားပေလိမ့်မည်။

ညွှန်ကြားချက်များ၏ အဆုံးတွင် ဤသို့သော စာပိုဒ်တစ်ပိုဒ်ကို ထည့်ရေးထားသေးသည်။

ကူဒို ကုနိအာကိက တကယ့်ကို ရိုးသားပြီး အားကိုးထိုက်တဲ့ လူကောင်းတစ်ယောက်ပါ။ ခင်ဗျား သူနဲ့ အိမ်ထောင်ပြုလိုက်မယ် ဆိုရင် ခင်ဗျားနဲ့ မီစာတိုအတွက် သာယာချမ်းမြေ့တဲ့ ဘဝတစ်ခုကို ရလာနိုင်တဲ့အခွင့်အလမ်းက အများကြီး ပိုရှိလာလိမ့်မယ်။ ကျွန်တော့်ကို လုံးဝ မေ့ပစ်လိုက်ပါတော့။ အပြစ်လုပ်မိလေခြင်း ဆိုတဲ့ စိတ်ဖိစီးမှုတွေ၊ နောင်တတွေ မခံစားမိပါစေနဲ့။ တကယ်လို့သာ ခင်ဗျား ပျော်ရွှင်မနေဘူး ဆိုရင် ကျွန်တော် လုပ်ခဲ့သမျှဟာလည်း အရာရောက်မှာ မဟုတ်တော့ဘူး

သူမသည် ထိုစာကို နောက်တစ်ကြိမ် ပြန်ဖတ်ပြီးနောက် မျက်ရည်များ စီးကျလာသည်။

ဤမျှ နက်ရှိုင်းသော အချစ်မျိုးကို သူမ တစ်ခါမျှ မကြုံခဲ့စဖူး။ လောကတွင် ဤသို့သော အချစ်မျိုး ရှိသည်ဟုပင် သူမ မသိနားမလည်ခဲ့။ ခံစားချက်မဲ့သော မျက်နှာထား၏နောက်ကွယ် အတွင်းအကျဆုံး တစ်နေရာတွင် လူသာမန်တို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန် ခက်ခဲလှသည့် ဤအချစ်မျိုးကို သူ သိုဝှက်ထားခဲ့သည်။

သူ သွားရောက် အဖမ်းခံသည်ဟု ကြားသိခဲ့ရစဉ်က သူသည် သူတို့သားအမိကိုယ်စား ခေါင်းခံခဲ့သည်ဟုသာ ခပ်ရိုးရိုးပင် တွေးထင်ခဲ့သည်။ သို့သော် ယုကာဝါထံမှ အမှန်တရားကို သိရှိလာပြီးနောက်တွင် ဤစာရွက်ထဲမှ အိရှိဂါမိ၏ စကားလုံးများသည် ဆူးသွားများသဖွယ် သူမနှလုံးသား၏ အနက်ရှိုင်းဆုံး နေရာသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။

ရဲများကို အမှန်အတိုင်း ပြောပြလိုက်ချင်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် အိရှိဂါမိကို ကယ်တင်နိုင်တော့မည် မဟုတ်။ သူလည်း လူသတ်သမားတစ်ယောက်ပင် ဖြစ်နေသည်။

သူမ၏ အကြည့်သည် ကူဒိုပေးခဲ့သော ဘူးငယ်ပေါ်တွင် ရပ်တန့်သွားသည်။ ဘူးကို ဖွင့်ကြည့်သောအခါ လက်စွပ်မှ လင်းရောင်ခြည်များ ဖြာထွက်လာသည်။

အိရှိဂါမိ၏ နောက်ဆုံးဆန္ဒအတိုင်း မိမိတို့ သားအမိ၏ ဘဝပျော်ရွှင်မှုကို အမိအရ ဖမ်းဆုပ်နိုင်ရန် ကြိုးပမ်းခြင်းကသာ ပို၍ လက်တွေ့ကျမည်လော။ အကယ်၍ မိမိသည် ယခုအချိန်တွင် လက်မြှောက် အရှုံးပေးခဲ့ပါမူ သူ ပြောသကဲ့သို့ သူ ပေးဆပ်ခဲ့သမျှ အရာအားလုံးတို့သည် သဲထဲရေသွန်သကဲ့သို့ ဖြစ်ကုန်တော့မည်။

သို့သော် အမှန်တရားကို ဖုံးကွယ်၍ မျိုသိပ်ထားရခြင်းမှာ ပေါ့ပါးလွယ်ကူသော ကိစ္စ မဟုတ်။ သာယာသော ဘဝတစ်ခုကို ဖမ်းဆုပ်ထားနိုင်ခဲ့လင့်ကစား ထိုသာယာမှုကို အမှန်တကယ် ခံစားသုံးဆောင်နိုင်စွမ်း ကျန်ရှိပါဦးမည်လော။ တစ်သက်ပတ်လုံး မိမိကိုယ်မိမိ အပြစ်တင်ရင်း၊ တစ်သက်ပတ်လုံး သောကများနှင့်သာ အဖော်ပြုရင်း ဘဝကို ဖြတ်သန်းသွားရတော့မည်။ အံကြိတ်၍ ထိုသို့သော စိတ်ဒုက္ခများကို လည်စင်းခံသွားမည် ဆိုလျှင် အာပတ်ဖြေရာ ရောက်မည်ဟုလည်း သူမ တွေးမိပြန်သည်။

သူမသည် လက်စွပ်ကို ဝတ်ကြည့်လိုက်သည်။ လှလိုက်သည့် လက်စွပ်။ နောင်တကုက္ကုစ္စတို့ အလျဉ်း မရှိဘဲ ကူဒို၏ ရင်ခွင်ထဲသို့ ခိုဝင်လိုက်ရပါမူကား မည်မျှ ကောင်းလိုက်လေမည်နည်း။ သို့သော် ထိုသို့ အိပ်မက်မက်ခွင့်ပင် ရှိမည် မထင်။ အဘယ်ကြောင့်ဆိုသော် ပူဆွေးမှုများသည် သူမ၏ အိပ်မက်များထဲသို့ပင် ကျူးကျော်ဝင်ရောက် လာကြတော့မည်။

ယာစုကိုသည် လက်စွပ်ကို ဘူးထဲသို့ ပြန်ထည့်နေစဉ် ဖုန်းသံ မြည်လာသည်။ ဖုန်းမျက်နှာပြင်ပေါ်၌ နံပါတ်စိမ်းတစ်ခု ပေါ်နေသည်။

“ဟယ်လို” သူမက ဖုန်းကိုင်လိုက်သည်။

“အခုပြောနေတာ ဟာနာအိုကာ မီစာတိုရဲ့ အမေလား မသိဘူးခင်ဗျာ” သူစိမ်း အမျိုးသားတစ်ဦး၏ အသံ။

“ဟုတ်ကဲ့။ ကျွန်မ မီစာတို့အမေပါ” စိတ်တထင့်ထင့်ဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော် မိုရိရှိတ မီနာမီ အလယ်တန်းကျောင်းက စာကာနိုပါ။ အနှောင့်အယှက်ပေးမိသွားရင် တောင်းပန်ပါတယ်” မီစာတို၏ ကျောင်းမှ ကျောင်းဆရာ ဖြစ်သည်။

“ဟုတ်ကဲ့ ရပါတယ်။ မီစာတို ဘာဖြစ်လို့ပါလဲရှင်”

“စောစောက အားကစားရုံ အနောက်ဘက်ထဲမှာ မီစာတို သတိလစ်နေတာ တွေ့လို့။ … သူ့လက်ကောက်ဝတ်ကို တစ်ခုခုနဲ့ လှီးထားတဲ့ ပုံပဲ”

“ရှင်” ယာစုကို၏ ရင်မှာ ပွင့်ထွက်လုခမန်း တဆတ်ဆတ် တုန်ခါလာသည်။

“သွေးထွက်လွန်နေတာနဲ့ ကျွန်တော်တို့ ဆေးရုံကို အမြန် ပို့ထားပါတယ်။ အသက်အန္တရာယ်တော့ မရှိတော့ပါဘူး။ စိတ်မပူပါနဲ့။ ဒါပေမယ့် သူ့ကိုယ်သူ သေကြောင်းကြံတာ ဖြစ်ဖို့ များတာမို့လို့ ခင်ဗျား သိထားရအောင် …”

ထိုအမျိုးသား ဆက်ပြောနေသော စကားလုံးများသည် ယာစုကို၏ နားထဲသို့ ထိုးဖောက်၍ ဝင်ရောက်နိုင်စွမ်း မရှိကြတော့ပြီ။

****

 

အိရှိဂါမိ၏ မျက်နှာချင်းဆိုင်ရှိ နံရံပေါ်တွင် မရေမတွက်နိုင်သော အစင်းကြောင်းများ၊ အက်ကွဲရာများနှင့် အစက်အပြောက်များ ရှိနေကြသည်။ သူသည် ထိုအစက်အပြောက်များကို ကျပန်းရွေးချယ်ပြီး စိတ်ထဲမှ မှန်းဆ၍ ၎င်းတို့ကို မျဉ်းဖြောင့်များဖြင့် တစ်ခုနှင့်တစ်ခု ဆက်သွယ်ပစ်လိုက်သည်။ ရရှိလာသော ရုပ်ပုံကားထဲတွင် တြိဂံများ၊ စတုဂံများနှင့် ဆဋ္ဌဂံများ အများအပြား ပါဝင်သည်။ ထို့နောက် ဧရိယာတစ်ခုစီကို အရောင်လေးရောင်ထဲမှ တစ်ရောင်ရောင်သုံးပြီး တစ်ခုနှင့်တစ်ခု ကွဲပြားသွားအောင် ဆေးခြယ်လိုက်ပြန်သည်။ သို့သော် နယ်နိမိတ် ထိစပ်နေသော ဧရိယာနှစ်ခုတွင် အရောင်တစ်မျိုးတည်း မဖြစ်စေရ။

အိရှိဂါမိသည် ထိုပုစ္ဆာကို တစ်မိနစ်အတွင်း၌ပင် ဖြေရှင်းသွားနိုင်ခဲ့သည်။ ထို့နောက် တခြား အစက်အပြောက်များကို ထပ်မံရွေးချယ်ပြီး ယခင်နည်းအတိုင်း ဆေးရောင်ခြယ်ကြည့်ပြန်သည်။ လုပ်ရသည့် အလုပ်မှာ ရိုးရှင်းသော်လည်း ထပ်ခါထပ်ခါ လုပ်နေရခြင်းအတွက် အနည်းငယ်မျှ ပျင်းရိငြီးငွေ့ခြင်း မဖြစ်။ လေးရောင်ခြယ်ပုစ္ဆာကို ရိုးအီသွားပြီ ဆိုလျှင်လည်း အဆိုပါ အစက်အပြောက်များကို အသုံးချပြီး ဂျီဩမေတြီ ခွဲခြမ်းစိတ်ဖြာခြင်း ပုစ္ဆာကို တွက်ချက်နိုင်သေးသည်။ နံရံပေါ်ရှိ အပြောက်တိုင်း၏ ကိုဩဒိနိတ်ကို တွက်ချက်ယူရသည်နှင့်ပင် အချိန်အများကြီး ကုန်လွန်စေခဲ့သည်။

ကိုယ်ခန္ဓာကို ချုပ်ချယ်ကန့်သတ် ထားခံရခြင်းအတွက် သူ အနည်းငယ်မျှ မဖြုံ။ စက္ကူနှင့် ဘောပင်သာ ရှိလျှင် သင်္ချာပုစ္ဆာများကို သူ တွက်ချက်နိုင်သည်။ အကယ်၍ ခြေလက်များကို တုပ်နှောင်ထားမည် ဆိုလျှင်လည်း ဦးနှောက်ဖြင့် အလုပ်လုပ်နေနိုင်သေးသည်။ ဘာကိုမျှ မမြင်ရအောင်၊ ဘာကိုမျှ မကြားရအောင် လုပ်ကောင်း လုပ်နိုင်ကြမည်။ သူ့ကို မတွေးနိုင်အောင်တော့ မည်သူမျှ ချုပ်ချယ်နိုင်မည် မဟုတ်။ သူ့အမြင်၌မူ အချုပ်အနှောင်ဟူသည် ရတနာတွင်းဝ၌ အိပ်စက်နေရခြင်းနှင့်သာ တူနေတော့သည်။ ထိုတွင်းထဲမှ သင်္ချာတည်းဟူသော ရတနာများကို တစ်လုံးမကျန် တူးဖော်ထုတ်ယူနိုင်ရန်အတွက် ရရှိထားသော လူတို့၏ သက်တမ်းမှာ တိုတောင်းလှပေစွ။

သူ့အနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ ချီးကျူးဂုဏ်ပြုခြင်းကိုမျှ မလိုအပ်ဟု သူ ထပ်မံ၍ ခံစားလာရပြန်သည်။ သီအိုရီများကို ပုံနှိပ်ဖော်ပြလိုခြင်း၊ လူအများ၏ အသိအမှတ်ပြုမှုကို ခံယူလိုခြင်း စသည့် ဆန္ဒများ သူ့တွင် ရှိသင့်သလောက်တော့ ရှိနေသည်။ သို့သော် ၎င်းတို့သည် သင်္ချာ၏ အနှစ်သာရ မဟုတ်။ တောင်ထိပ်ပေါ်သို့ ပထမဆုံး တက်နိုင်ခဲ့သူမှာ မည်သူဖြစ်ကြောင်း လူအများသိရန် လိုအပ်ကောင်း လိုအပ်မည် ဖြစ်သော်လည်း တောင်ထိပ်သို့ ပထမဆုံး တက်ရောက်ခဲ့သူ ကိုယ်တိုင်က ထိုအနှစ်သာရကို ခံစားသိရှိနိုင်ခဲ့ပြီ ဆိုလျှင် လုံလောက်ပေသည်။

ထိုအဆင့်သို့ ရောက်နိုင်ရန်အတွက် အိရှိဂါမိသည် အချိန်များစွာ ပေးခဲ့ရသည်။ မကြာသေးခင်ကာလက သူသည် ရှင်သန်ခြင်း၏ အဓိပ္ပာယ်ကို အယူအကောက် လွဲမှားသွားခဲ့ဖူးသည်။ ထိုစဉ်ကသူသည် ဤသို့ တွေးတောခဲ့ဖူးသည်။ သင်္ချာတစ်ခုတည်းကိုသာ နားလည်ပိုင်နိုင်သူ တစ်ယောက်အဖို့ မိမိကျွမ်းကျင်ရာ နယ်ပယ်၌ အရေးပါ အရာရောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပါမူ ထိုသူ၏ အသက်ရှင်ခြင်းသည် မည်သို့ တန်ဖိုးရှိနိုင်ပါဦးမည်နည်း။ သူ၏ ဦးနှောက်ထဲတွင် နေ့စဉ်နှင့်အမျှ သတ်သေရန် ဟူသော အတွေးတစ်ခုတည်းသာ ထပ်ပြန်တလဲလဲ စိုးမိုးနေတော့သည်။ မိမိကဲ့သို့သော လူတစ်ယောက် သေဆုံးသွားခြင်းအတွက် မည်သူကမျှ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူဆွေးခြင်း ဖြစ်လာကြမည် မဟုတ်။ ထို့ထက်ပိုဆိုးသည်မှာ မိမိ သေဆုံးသွားကြောင်းကို မည်သူ တစ်ဦးတစ်ယောက်ကမျှ သတိထားလိုက်မိမည် မဟုတ်ချေ။ သူ ဤသို့ တွေးကြံခဲ့ဖူးသည်။

ယမန်နှစ်၏ နေ့တစ်နေ့တွင် ဖြစ်သည်။

အိရှိဂါမိသည် ကြိုးတစ်ကြောင်းကို ကိုင်၍ တုပ်နှောင်ရန် အဆင်ပြေမည့် နေရာတစ်နေရာကို အိမ်ခန်းထဲတွင် ရှာဖွေနေသည်။ တိုက်ခန်း၏ ဖွဲ့စည်းပုံကြောင့် ကြိုးဆွဲချရန် သင့်လျော်မည့် နေရာတစ်ခုကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေလေသည်။ နောက်ပိုင်း ကြံရာမရသည့် အဆုံးတွင် သူသည် တိုင်တစ်တိုင်ပေါ်တွင် သံချောင်း ခပ်ကြီးကြီးတစ်ချောင်း ရိုက်လိုက်သည်။ ထို့နောက် ကွင်းပုံ ထုံးချည်ထားသော ကြိုးကို သံချောင်းတွင် ချိတ်လိုက်ပြီး သူ့ကိုယ်အလေးချိန်ကို ခံနိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်သည်။ တိုင်လုံးဆီမှ ဂျစ်ဂျစ်မြည်သံများ ထွက်ပေါ်လာသည်။ သံချောင်းက ကွေးညွတ်မသွား။ ကြိုးလည်း ပြတ်တောက်သွားခြင်း မရှိ။

သူ့တွင် တွယ်တာစရာ ဘာမျှ မရှိ။ သတ်သေရန် ရမယ်ရှာ မရသကဲ့သို့ ဆက်လက် ရှင်သန်သွားရန်လည်း အကြောင်းအရင်း မရှိပေ။ ထိုမျှသာ။ သူသည် ထိုင်ခုံပေါ် ရပ်လိုက်ပြီး ကြိုးကွင်းထဲသို့ လည်ပင်းစွပ်ရန် ဟန်ပြင်နေစဉ်မှာပင် တံခါးခေါင်းလောင်းသံ မြည်လာသည်။

သူ့ဘဝလမ်းကြောင်းကို အလှည့်အပြောင်း ဖြစ်စေမည့် ခေါင်းလောင်းသံ။

သူ့‘အလုပ်’ကို လုပ်နေစဉ်အတွင်း မည်သူ တစ်ဦးတစ်ယောက်ကမျှ မနှောင့်ယှက်စေချင်။ တံခါးအပြင်တွင် ရပ်နေသော သူသည် မည်သူဖြစ်ကြောင်း သူ မသိ။ အရေးတကြီးကိစ္စ ရှိကောင်း ရှိနေနိုင်သည်။ သို့ဆိုလျှင် သူ့ဘက်မှ အသံမထူးမချင်း သူ့အား ထိုသူက နှောင့်ယှက်နေပေတော့မည်။ ထိုသို့သော အကြောင်းပြချက်ဖြင့် သူ တံခါးကို ဖွင့်ပေးလိုက်သည်။

တံခါး ဖွင့်လိုက်သောအခါတွင် အပြင်ဘက်၌ အမျိုးသမီးနှစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သားအမိနှစ်ယောက်။

သူတို့သည် ယခုမှ ဤတိုက်ခန်းသို့ အသစ်ပြောင်းလာကြခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက မိတ်ဆက်စကား ဆိုသည်။ သမီးကလည်း အနားမှ ဦးညွတ်၍ အရိုအသေ ပေးနေသည်။ သူတို့နှစ်ဦးကို မြင်လိုက်ရစဉ်မှာပင် အိရှိဂါမိ၏ ကိုယ်ခန္ဓာထဲသို့ အရာတစ်ခု ပျံ့နှံ့စိမ့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

‘သူတို့ မျက်လုံးတွေက လှလိုက်တာ’ သူ ထိုသို့ တွေးနေမိသည်။ ယခင်ကဆိုလျှင် မည်သို့သော အလှတရားမျိုးကမျှ သူ့ကို မဆွဲဆောင်နိုင်၊ မစေစားနိုင်ခဲ့။ အနုအလှတို့၏ သဘောတရားကိုလည်း နားလည် ခံစားတတ်ခဲ့သူ မဟုတ်။ သို့သော် ယခုစက္ကန့်ပိုင်း အတွင်းမှာပင် သူ အားလုံးကို နားလည်သွားခဲ့သည်။ သူ့မျက်စိရှေ့တွင် မြင်တွေ့နေရသော အလှတရားသည် သင်္ချာပုစ္ဆာကို အဖြေရှာစဉ် တွေ့ရှိရသော အလှတရားနှင့် သဘောတရားအရ တစ်ထပ်တည်းပင် ဖြစ်ကြောင်း သူ နားလည်လာသည်။

ထိုစဉ်က သူတို့ မည်သည့်စကားများ ပြောခဲ့ကြသနည်း။ အိရှိဂါမိ အမှတ်မရတော့။ သို့သော် သူ့ကို ကြည့်ရှုနေသည့် သူတို့မျက်လုံးများ၏ လှုပ်ရှားပုံနှင့် မျက်တောင်ခတ်ပုံများကို သူ၏ မှတ်ဉာဏ်ထဲတွင် အလွင့်အစဉ်မရှိအောင် ခတ်နှိပ်မှတ်သားထားသည်။

ဟာနာအိုကာ သားအမိကို တွေ့ပြီးသည့် နောက်မှ စ၍ အိရှိဂါမိ၏ ဘဝသည်လည်း ပြောင်းလဲလာခဲ့သည်။ သတ်သေလိုသော ဆန္ဒမှာလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့သည်။ ပျော်ရွှင်မှု ဟူသော ဝေါဟာရသည် သူ့ဘဝ၏ အဘိဓာန်ထဲသို့ ပြန်လည် ဝင်ရောက်လာသည်။ သူတို့ သားအမိ မည်သည့် နေရာတွင် ရှိနေမည်နည်း။ မည်သည့်အလုပ်များ လုပ်နေကြမည်နည်း။ စသည်တို့ကို ခန့်မှန်းကြည့်နေရရုံဖြင့် သူ့အား ပျော်ရွှင်မှုများကို ပေးစွမ်းနိုင်ခဲ့သည်။ သူ့ဘဝ၏ မတ်ထရစ် (matrix) ထဲတွင် ယာစုကိုနှင့် မီစာတို တည်းဟူသော ကိုဩဒိနိတ် (coordinate) နှစ်ခု ရှိနေခြင်းကပင် အံ့မခန်း ဆန်းကြယ်လှသည့် သဘာဝ၏ အလှတရားပင် ဖြစ်နေတော့သည်။

တနင်္ဂနွေနေ့မှာ သူ့အတွက် အပျော်ဆုံးနေ့ ဖြစ်သည်။ ပြတင်းပေါက် ဖွင့်လိုက်သည်နှင့် သူတို့ သားအမိ၏ အသံများကို ကြားနေနိုင်သည်။ သူတို့၏ ပြောစကားများကို အတိအကျ မကြားရသော်လည်း လေသင့်ရာ လွင့်ပျံလာကြသော သူတို့၏ ခိုးခိုးခစ်ခစ် အသံများမှာ အိရှိဂါမိအတွက် ဂီတသံစဉ်တစ်ပုဒ်ကို နားထောင်နေရသည့်နှယ် ချိုမြိန်နေတော့သည်။

သူတို့နှင့် တရင်းတနှီး ပေါင်းသင်းဆက်ဆံလိုသည့် ဆန္ဒ သူ့တွင် ဘယ်တုန်းအခါကမျှ မရှိခဲ့ချေ။ သူသည် သူတို့နှင့် ထိုက်တန်သူ မဟုတ်။ မြင့်မြတ်ကြီးကျယ်သော အရာတို့ မည်သည် ၎င်း၏ အနားသို့ ချဉ်းကပ်ခွင့် ရလျှင်ပင် အနီးရှိ လူများအား ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ကြသည် မဟုတ်ပါလော။ သင်္ချာပညာရပ်ဝန်းမှာ ကဲ့သို့ အသိအမှတ် ပြုခံရရန် အသည်းအသန် ကြိုးစားကာမှ မိမိ ဂုဏ်သိက္ခာကို ထိခိုက်လာစေနိုင်သည့် အဖြစ်မျိုး ကြုံတွေ့လာနိုင်သည်။

သူတို့ သားအမိအတွက် အကူအညီ လိုအပ်လာချိန်တွင် ဝင်ရောက် ကူညီပေးခြင်းမှာ အိရှိဂါမိအနေနှင့် လုပ်သင့်လုပ်ထိုက်သော အလုပ်တစ်ခုကို လုပ်လိုက်ခြင်းမျှသာ ဖြစ်သည်။ သူတို့သာ မရှိခဲ့လျှင် ယနေ့ သူလည်း ရှိတော့မည် မဟုတ်ပေ။ သူသည် ဒုက္ခကို လည်စင်းခံနေခြင်း မဟုတ်။ ကျေးဇူးကို ဆပ်နေခြင်းသာ ဖြစ်သည်။ သူတို့သားအမိသည် ထိုအချက်ကို နားလည် သဘောပေါက်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့ ဖြစ်နေခြင်းကပင် သာ၍ ကောင်းနေသေးသည်။ တစ်ခါတစ်ရံတွင် လူတစ်ယောက် ကောင်းစွာ အသက်ရှင်နေခြင်းဖြင့် တခြားလူတစ်ယောက်ကို ကယ်ဆယ်ထားနိုင်သည်။

တိုဂါရှိ၏ ရုပ်အလောင်းကို မြင်မြင်ချင်း၌ပင် အိရှိဂါမိ၏ ဦးနှောက်ထဲတွင် စီမံကိန်းတစ်ခု ချမှတ်ထားပြီး ဖြစ်နေသည်။

အလောင်းကို လူမသိ သူမသိ စွန့်ပစ်နိုင်ရန်မှာ လွန်စွာ ခက်ခဲသည်။ မည်မျှပင် ဂရုတစိုက် စီမံစေကာမူ အလောင်း၏ နောက်ကြောင်းကို လုံးဝ ဖျောက်ဖျက်ပစ်ရန်မှာ မဖြစ်နိုင်ပေ။ ကာလအပိုင်းအခြား တစ်ခုမျှ ဖုံးကွယ်နိုင်သည် ဆိုစေ၊ ဟာနာအိုကာ သားအမိသည် မည်သို့မျှ စိတ်ချလက်ချ နေနိုင်ကြမည် မဟုတ်။ မည်သည့်အချိန်တွင် အလောင်းကို တွေ့ရှိသွားကြမည်နည်းဟု စိတ်စနိုးစနောင့် ဖြစ်လျက် အမြဲတမ်း ကျီးလန့်စာ စားနေရပေတော့မည်။ ထိုသို့သော စိုးရိမ်သောကမျိုးကို သူတို့သားအမိအား သူ မပေးရက်။

ဟာနာအိုကာ သားအမိအား စိတ်အေးလက်အေး ဖြစ်သွားစေရန် လုပ်ပေးနိုင်မည့် နည်းလမ်းမှာ တစ်ခုတည်းသာ ရှိသည်။ အမှုနှင့် သူတို့၏ ပတ်သက်ဆက်နွှယ်မှုကို လုံးဝ ဖြတ်ထုတ်ပစ်ခြင်းပင် ဖြစ်သည်။ လူသတ်မှုနှင့် ဆက်စပ်နေသည်ဟု ထင်ရသော်လည်း လုံးဝ ပတ်သက်မှု မရှိအောင် ဖြတ်တောက်ထားနိုင်ရန် ပြုလုပ်ပေးရမည်။

‘စက်ဆရာ’ ကို အသုံးချမည်ဟု သူ ဆုံးဖြတ်လိုက်သည်။ ရှင်-အိုဟရှိတံတားအနီးသို့ မကြာသေးခင်ကမှ ရောက်ရှိလာသော အိုးမဲ့အိမ်မဲ့ တစ်ဦး။

မတ်လ ၁၀ ရက်နေ့ မနက်ခင်းတွင် ‘စက်ဆရာ’ သည် ယခင်ကကဲ့သို့ တခြားသူများနှင့် အဝေးဆုံးတစ်နေရာတွင် ထိုင်နေသည်။

“ကျွန်တော် ခင်ဗျားကို အလုပ်တစ်ခု ပေးမယ်” အိရှိဂါမိက ထိုသူ့ကို ပြောခဲ့သည်။ မြစ်ကြောင်းစီမံကိန်းတစ်ခုတွင် ကြီးကြပ်သူတစ်ယောက်အဖြစ် ရက်အနည်းငယ် လုပ်ကိုင်ရမည် ဖြစ်ကြောင်း သူ့ကို ရှင်းပြခဲ့သည်။ ‘စက်ဆရာ’ သည် ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ဖူးကြောင်း သူ လေ့လာသိရှိထားသည်။

‘စက်ဆရာ’ က အံ့ဩတကြီးဖြင့် အဘယ်ကြောင့် သူ့ကို ရွေးချယ်ရသနည်းဟု မေးခဲ့သေးသည်။ ယခင် တာဝန်ထမ်းဆောင်ခဲ့သောသူသည် မတော်တဆ ဒဏ်ရာရသွားသောကြောင့် အလုပ်မဆင်းနိုင်ဘဲ ဖြစ်နေကြောင်း၊ အကယ်၍ ကြီးကြပ်သူ မရှိလျှင် စီမံကိန်းကို ဆက်လက် လုပ်ကိုင်ခွင့် ရတော့မည် မဟုတ်ကြောင်း အိရှိဂါမိက ရှင်းပြခဲ့သည်။ စရံငွေအဖြစ် ယန်းငါးသောင်း ပေးလိုက်သောအခါ ‘စက်ဆရာ’ က ချက်ချင်း သဘောတူလေသည်။ အိရှိဂါမိသည် သူ့ကို ခေါ်၍ တိုဂါရှိ တည်းခဲ့ဖူးသော တည်းခိုခန်းသို့ ခေါ်ဆောင်သွားသည်။ သူသည် ‘စက်ဆရာ’ အား တိုဂါရှိ၏ အဝတ်အစားများကို လဲဝတ်စေပြီး ညရောက်သည်အထိ ထိုနေရာတွင် စောင့်နေရန် မှာကြားခဲ့သည်။ ညရောက်သောအခါတွင် သူသည် ‘စက်ဆရာ’ ကို မီဇူအေဘူတာသို့ ခေါ်သွားသည်။ အိရှိဂါမိက ရှီနိုဇာကိဘူတာမှ စက်ဘီးတစ်စီးကို ကြိုတင်၍ ခိုးယူထားခဲ့သည်။ စက်ဘီးပိုင်ရှင်က အမှုဖွင့်စေရန် ရည်ရွယ်၍ စက်ဘီးအသစ်ကို ရွေးချယ်ခဲ့သည်။

သူက နောက်ထပ် စက်ဘီးတစ်စီးကိုလည်း အသင့်ပြင်ထားသည်။ ၎င်းကို မီဇူအေဘူတာ၏ ရှေ့တစ်ဘူတာဖြစ်သော အိချိနိုအေဘူတာမှ ခိုးယူထားခြင်း ဖြစ်သည်။ ၎င်းမှာ သော့ပျက်နေသော စက်ဘီးစုတ်တစ်စီး ဖြစ်သည်။

သူသည် စက်ဘီးအသစ်ကို ‘စက်ဆရာ’ အား ပေးပြီး မြစ်ကမ်းနံဘေးသို့ အတူ ထွက်လာခဲ့ကြသည်။ မကြာခင် ကျူး-အီဒိုဂါဝါ မြစ်ကမ်းဘေးရှိ အခင်းဖြစ်မည့် နေရာသို့ ရောက်လာကြသည်။

ထို့နောက်တွင် ဖြစ်ပျက်သွားသော အခြင်းအရာကို သတိရမိတိုင်း အိရှိဂါမိ၏ ရင်ထဲ၌ စိတ်မကောင်း ဖြစ်နေဆဲ။ သူ အဘယ်ကြောင့် သေခဲ့ရသည်ကို ‘စက်ဆရာ’ မသိလိုက်ရှာ။

အိရှိဂါမိသည် ဒုတိယမြောက်အမှုကို မည်သူ တစ်ဦးတစ်ယောက်အားမျှ ပြောပြခဲ့ခြင်း မရှိ။ အထူးသဖြင့် ဟာနာအိုကာ သားအမိအား ပြော၍မဖြစ်။ သို့ဖြင့် သူသည် တစ်ပုံစံတည်းသော လူသတ်လက်နက်နှင့် တထေရာတည်းသော သတ်ပုံသတ်နည်းကို အသုံးပြုခဲ့သည်။

တိုဂါရှိ၏ ရုပ်အလောင်းကို သူသည် ရေချိုးခန်းထဲတွင် အပိုင်း ၆ ပိုင်း ဖြတ်တောက်ပစ်ခဲ့သည်။ တစ်ပိုင်းစီတွင် ကျောက်ခဲတစ်လုံးစီ ချည်ပြီး ဆုမိဒမြစ်ထဲသို့ ပစ်ချခဲ့သည်။ သူသည် မတူသော နေရာ သုံးနေရာတွင် အလောင်းကို စွန့်ပစ်ခဲ့သည်။ သန်းခေါင်အချိန်ကို ရွေး၍ စွန့်ပစ်ခဲ့သောကြောင့် သုံးညကြာမှ အလုပ်ပြီးမြောက်သည်။ အကယ်၍ တွေ့ရှိခဲ့လျှင်လည်း အကြောင်း မဟုတ်တော့။ ရဲဌာနသည် သေသူ၏ ရာဇဝင်ကို မည်သို့မျှ လိုက်နိုင်တော့မည် မဟုတ်။ သူတို့၏ မှတ်တမ်းထဲတွင် တိုဂါရှိမှာ သေပြီးနှင့်နေပြီ။ မည်သူမျှ နှစ်ကြိမ် သေ၍ မဖြစ်။

သို့သော် ယုကာဝါသည် အိရှိဂါမိ၏ မျက်လှည့်ပြကွက်ကို ထွင်းဖောက် ရှုမြင်နိုင်ခဲ့သည်။ ထို့အကြောင်းကြောင့်လည်း သူသည် ရဲဌာနသို့ သွားရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။ သူ၏ စီမံကိန်းကို စတင်ကတည်းက တစ်နေ့တွင် ထိုသို့ ပြုလုပ်ရန် လိုအပ်လာနိုင်သည်ဟု တွက်ဆထားပြီး ဖြစ်သောကြောင့် လိုအပ်သည်များကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

ယုကာဝါသည် ကုစာနာဂိကို ပြောကောင်း ပြောပေလိမ့်မည်။ ကုစာနာဂိကလည်း သူ့အထက်အရာရှိကို တင်ပြနိုင်သည်။ သို့သော် မှုခင်းရဲအဖွဲ့သည် မည်သည့်နည်းနှင့်မျှ ဆက်လက် စုံစမ်းနိုင်မည် မဟုတ်။ သေသူ၏ နောက်ကြောင်းကို ထုတ်ဖော်ရာ၌ အမှားအယွင်း ရှိနေကြောင်း သူတို့ မည်သို့မျှ သက်သေမပြနိုင်။ မကြာခင်တွင် သူ့ကို တရားခွင်သို့ တင်ကြတော့မည် ဖြစ်ကြောင်း အိရှိဂါမိက တွက်ဆမိသည်။ ယခုလို အခြေအနေမျိုး ရောက်နေမှဖြင့် နောက်ပြန်လှည့်၍ မရနိုင်တော့ပြီ။ မည်သို့သော အကြောင်းပြချက်နှင့်မျှ နောက်ပြန်လှည့်၍ မရတော့။ ဉာဏ်ကြီးရှင် ဖြစ်သော ရူပဗေဒပညာရှင်၏ သုံးသပ်ချက်မှာ မည်မျှပင် တိကျမှန်ကန်နေပါစေ၊ တရားရုံးရောက်လျှင် လူသတ်တရားခံ၏ ဖြောင့်ချက်ကို အံတုဖက်ပြိုင်နိုင်ရန် သူတို့တွင် မျှော်လင့်ချက် မရှိပေ။

‘ငါနိုင်ပြီကွ’ အိရှိဂါမိက စိတ်ထဲမှ ကြွေးကြော်နေသည်။

ခေါင်းလောင်းသံ မြည်လာသည်။ အချုပ်ဆောင်သို့ ဧည့်သည်ရောက်လာလျှင် အချက်ပေးတတ်သော ခေါင်းလောင်းသံ ဖြစ်သည်။ အစောင့်ရဲဘော်သည် ထိုင်ခုံမှ ထရပ်လိုက်သည်။ တစ်ခဏမျှ ပြောဆိုကြပြီးနောက် အချုပ်ဆောင်ထဲသို့ လူတစ်ယောက် ဝင်လာသည်။ အိရှိဂါမိ၏ အချုပ်ခန်းရှေ့တွင် ရပ်နေသူမှာ ကုစာနာဂိ ဖြစ်သည်။ အစောင့်ရဲဘော်၏ စောင့်ကြပ်မှုအောက်၌ အိရှိဂါမိသည် အချုပ်ခန်းထဲမှ ထွက်လာသည်။ ခန္ဓာကိုယ်ကို စစ်ဆေးရှာဖွေပြီးနောက် သူ့ကို ကုစာနာဂိ၏ လက်ထဲသို့ ထိုးအပ်လိုက်သည်။ ထိုအတောအတွင်း ကုစာနာဂိက ဘာမျှ မပြောဘဲ နှုတ်ဆိတ်နေသည်။

အဆောင်အပြင်သို့ ရောက်သည့်အခါမှ ကုစာနာဂိသည် အိရှိဂါမိဘက်သို့ လှည့်ပြီး မေးလေသည်။ “ခင်ဗျား ကျန်းမာရေး အဆင်ပြေရဲ့လား”

ထိုရဲအရာရှိသည် ယခုအချိန်အထိ သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေသေးသည်။ တခြားရည်ရွယ်ချက် ရှိနေ၍လောဟု အိရှိဂါမိက တွေးမိသေးသည်။ သို့တည်းမဟုတ် အကျင့်ပါနေ၍ပေလော။

“ပင်ပန်းနေပြီ။ ဖြစ်နိုင်ရင်တော့ တရားရုံးကနေ မြန်မြန် ပြစ်ဒဏ်ချလိုက်စေချင်တာပဲ”

“ဒါကို နောက်ဆုံးအကြိမ် စစ်ကြောရေး လုပ်တယ်လို့ သဘောထားလိုက်ဗျာ။ ခင်ဗျားကို လူတစ်ယောက်နဲ့ တွေ့ပေးချင်တယ်”

အိရှိဂါမိက မျက်မှောင်ကြုတ်လိုက်သည်။ မည်သူ ဖြစ်မည်နည်း။ ယာစုကို မဖြစ်ပါစေနှင့်ဟု သူ ဆုတောင်းနေမိသည်။

စစ်ကြောရေးအခန်းရှေ့သို့ ရောက်သောအခါ ကုစာနာဂိက တံခါးကို ဆွဲဖွင့်လိုက်သည်။ အထဲတွင် ယုကာဝါ ထိုင်နေသည်။ သုန်မှုန်သော မျက်နှာထားဖြင့် အိရှိဂါမိကို စိုက်ကြည့်နေသည်။

‘ဒါ ငါ့ဘဝရဲ့ နောက်ဆုံး စာမေးပွဲ ဖြစ်လိမ့်မယ် ထင်တယ်’ အိရှိဂါမိက မာန်တင်းထားလိုက်သည်။

****

 

ဉာဏ်ကြီးရှင်နှစ်ယောက်သည် စားပွဲတစ်ဘက်စီတွင် ထိုင်လျက် အတန်ကြာမျှ နှုတ်ဆိတ်နေကြသည်။ ကုစာနာဂိသည် နံရံကို မှီလျက် သူတို့နှစ်ဦးကို အကဲခတ်နေသည်။

“မင်း နည်းနည်း ပိန်သွားသလိုပဲ” ယုကာဝါက စကားစလိုက်သည်။

“အမ် … သုံးနပ်လုံးအပြည့် စားနေရတာပဲ”

“စားဝင်ရင် ပြီးတာပါပဲ” ယုကာဝါက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ “မင်းကို လူတွေက တဏှာရူး၊ မယားတရူးဆိုပြီး သတ်မှတ်လိုက်မှာ မကြောက်ဘူးလား”

“ငါ မယားတရူး မဟုတ်ဘူး” အိရှိဂါမိက ပြန်ဖြေသည်။ “ဟာနာအိုကာ ယာစုကိုကို ငါ လူမသိသူမသိ ကာကွယ်ပေးနေတာ။ ငါ မင်းတို့ကို ဘယ်နှခါ ပြောရမှာလဲ”

“ငါ သိပါတယ်။ မင်း အခုချိန်ထိလည်း သူ့ကို ကာကွယ်ပေးနေတုန်းပဲ။ အဲဒါကိုလည်း ငါ သိတယ်”

အိရှိဂါမိ၏ မျက်နှာပေါ်တွင် မကျေမချမ်း ဖြစ်နေသော အမူအရာတစ်ချက် ဖြစ်ပေါ်လာပြီး ကုစာနာဂိဘက်သို့ လှည့်ကြည့်လိုက်သည်။ “ဒီလိုပုံစံမျိုး စကားပြောနေလို့ စစ်ကြောရေးအတွက် ဘာအထောက်အပံ့ ဖြစ်နိုင်မှာလဲ”

ကုစာနာဂိက ဘာမျှ ပြန်မဖြေ။

“ငါ သူ့ကို ငါ့ရဲ့ ထင်မြင်ချက်တွေ ပြောပြပြီးသွားပြီ” ယုကာဝါက ပြောသည်။ “မင်း ဘာတွေ လုပ်ခဲ့သလဲ၊ ဘယ်သူ့ကို သတ်ခဲ့သလဲ ဆိုတာရော အပါအဝင်ပေါ့”

“မင်းရဲ့ ထင်မြင်ချက်ကို မင်းဟာမင်း ဘယ်သူ့ပြောပြော၊ အဲဒါ မင်းရဲ့ လွတ်လပ်ခွင့်ပဲလေ”

“ငါ သူ့ကိုလည်း ပြောပြလိုက်ပြီ။ ဟာနာအိုကာ ယာစုကိုကို”

ထိုစကားကြောင့် အိရှိဂါမိ၏ မျက်နှာကြောများ ဆတ်ခနဲ တုန်သွားကြသည်။ သို့သော် ချက်ချင်းဆိုသကဲ့သို့ သူ့အမူအရာမှာ မဲ့ပြုံး အဖြစ်သို့ ပြောင်းလဲသွားသည်။

“သူက နောင်တတွေဘာတွေ ရမပြဘူးလား။ ငါ့ကို ကျေးဇူးရော မတင်လိုက်ဘူးလား။ ငါ့မှာဖြင့် သူ့ရန်သူကို ရှင်းပေးလိုက်ရတာ။ သူကတော့ ငါ့ကို သူနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူးလို့ မျက်နှာပြောင်တိုက်ပြီး ပြောရဲသေးတယ်”

ဗီလိန်တစ်ယောက်ကဲ့သို့ မျက်နှာကို မဲ့ကာရွဲ့ကာဖြင့် ပြောဆိုနေသော အိရှိဂါမိကို ကုစာနာဂိက အဝေးမှကြည့်ရင်း ပင့်သက်ရှိုက်မိသည်။ ဘာကိုမျှ ငဲ့ကွက်မနေဘဲ လူတစ်ယောက်ကို ဤမျှအထိ အရူးအမူး ချစ်နေနိုင်ကြောင်း ယခုမှပင် သူ မျက်မြင်ဒိဋ္ဌ တွေ့မြင်နေရသည်။

“မင်းကသာ အဖြစ်မှန်ကို ဖွင့်မပြောခဲ့ဘူးဆိုရင် တခြားလူတွေက အဲဒါကို ဘယ်လိုနည်းနဲ့မှ ဖော်ထုတ်လို့ ရမှာ မဟုတ်တော့ဘူးလို့ မင်း ယုံကြည်နေတယ်။ မင်း မှားသွားပြီ သူငယ်ချင်း” ယုကာဝါက ပြောသည်။ “မတ်လ ၁၀ ရက်နေ့မှာ လူတစ်ယောက် ပျောက်ဆုံးသွားတယ်။ သူဟာ လုံးဝလုံးဝကို အပြစ်ကင်းတဲ့ လူတစ်ယောက်ပဲ။ တကယ်လို့သာ သူ့ရဲ့ နောက်ကြောင်းကို စုံစမ်းနိုင်ရင်၊ သူ့ရဲ့ မိသားစုကို ရှာနိုင်ရင် DNA စစ်လို့ ရလာနိုင်တယ်။ နောက်မှ တိုဂါရှိ ရှင်ဂျိရဲ့ အလောင်းနဲ့ တိုက်ဆိုင် စစ်ဆေးလိုက်ရင် အဖြစ်မှန်ဟာ ဘူးပေါ်သလို ပေါ်လာမှာပဲ”

“မင်းပြောတာ ငါ နားမလည်ဘူး” အိရှိဂါမိက ပြုံးလျက် ပြောနေသည်။ “သူ့မှာ မိသားစု မရှိဘူး။ တကယ်လို့ တခြားနည်းလမ်းတွေ သုံးလို့ ရနိုင်တယ် ဆိုရင်တောင်မှ သူ့နောက်ကြောင်းကို လိုက်နိုင်ဖို့အတွက် လိုအပ်လာမယ့် အချိန်နဲ့ လူအင်အားက နည်းနည်းနောနောမှ မဟုတ်ဘဲ။ အဲဒီအချိန်ကျရင် အားလုံး ပြီးဆုံးသွားပြီ။ တရားသူကြီးက ဘယ်လို ပြစ်ဒဏ်ပဲ ပေးပေး၊ ငါ အယူခံ ဝင်ဖို့ ကြိုးစားနေမှာ မဟုတ်ဘူး။ ပြစ်ဒဏ် ကြေညာပြီးပြီ ဆိုတာနဲ့ အမှုလည်း ပိတ်လို့ တိုဂါရှိ ရှင်ဂျိ လူသတ်မှုလည်း ဖြေရှင်းပြီးသား ဖြစ်သွားပြီ။ ဒါမှမဟုတ် …” သူသည် ကုစာနာဂိကို လှမ်းကြည့်သည်။ “ရဲတွေက ယုကာဝါရဲ့ စကားကို နားထောင်ပြီး စိတ်ပြောင်းသွားနိုင်တာလား။ အဲဒီလိုသာဆိုရင်တော့ ငါ့ကို အရင်ဆုံး လွှတ်ပေးရတော့မှာပဲ။ ဘာကြောင့်လဲ။ ငါက တရားခံ မဟုတ်လို့လား။ ဒါပေမယ့် ငါ့ဘက်က ဖြောင့်ချက် ပေးထားပြီးသားလေ။ အဲဒီထွက်ဆိုချက်ကို ဘယ်လိုလုပ်ကြမလဲ”

ကုစာနာဂိသည် ကြမ်းပြင်ပေါ်သို့ ငုံ့ကြည့်နေမိသည်။ အိရှိဂါမိ၏ စကားမှာ အမှားအယွင်း မရှိ။ သူ၏ ထွက်ဆိုချက်ကို မှားပါသည်ဟု သက်သေမပြနိုင်လျှင် တရားစွဲဆိုခြင်း ကိစ္စကို လမ်းတစ်ဝက်တွင် ရပ်တန့်၍ မဖြစ်။ ဤသည်မှာ လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်သည်။

“ငါ မင်းကို ပြောပြချင်တာ တစ်ချက်တည်းပါ” ယုကာဝါက ပြောသည်။

အိရှိဂါမိသည် ယုကာဝါကို မျက်ခုံးပင့်လျက် စိုက်ကြည့်နေသည်။

“မင်းရဲ့ ဦးနှောက် … မင်းရဲ့ သူမတူတဲ့ ဦးနှောက်ကို ဒီလို နေရာမျိုးမှာ လာအသုံးချထားတာ တွေ့ရတော့ ငါ အရမ်းကို ဝမ်းနည်းမိတယ်။ ဒီကမ္ဘာပေါ်မှာ ငါ့အတွက် ပြိုင်စံရှားတဲ့ ပြိုင်ဖက်တစ်ယောက်ကို ငါ လုံးဝ ဆုံးရှုံးလိုက်ရပြီ”

အိရှိဂါမိသည် နှုတ်ခမ်းများကို တင်းတင်းစေ့ပြီး မျက်လွှာကို ချထားသည်။ တစ်စုံတစ်ခု ပွင့်အန်ကျလာမည်ကို စိုးရိမ်၍ ချုပ်တည်းထားရသည့်နှယ်။

တစ်ခဏမျှ ကြာသောအခါ သူသည် ကုစာနာဂိကို နောက်တစ်ကြိမ် လှည့်ကြည့်ပြန်သည်။ “သူ ပြောလို့ ပြီးသွားပြီ။ ကျွန်တော် ပြန်လို့ ရပြီလား”

ကုစာနာဂိက ယုကာဝါကို လှမ်းကြည့်သည်။ ယုကာဝါက နှုတ်ဆိတ်လျက် ခေါင်းညိတ်ပြသည်။

“သွားကြရအောင်” ကုစာနာဂိက တံခါးကို ဖွင့်လိုက်သည်။ အိရှိဂါမိကို အလျင် ထွက်ခိုင်းပြီး ယုကာဝါက အနောက်မှ ခပ်ဖြည်းဖြည်း လိုက်ပါလာသည်။

အခန်းအပြင်သို့ ရောက်သောအခါတွင် ယုကာဝါနှင့် ကုစာနာဂိတို့သည် ဘေးချင်းယှဉ်လျက် အိရှိဂါမိအား အချုပ်ခန်းသို့ ပြန်လည် ခေါ်ဆောင်သွားကြစဉ် ကိရှိတာနိသည် စင်္ကြံလမ်းထောင့်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့အနောက်ဘက်တွင် အမျိုးသမီးတစ်ယောက် ရပ်လျက်။

ဟာနာအိုကာ ယာစုကို။

“ဘာဖြစ်တာလဲ” ကုစာနာဂိက ကိရှိတာနိကို မေးသည်။

“ဆရာ၊ သူ … သူ့ဟာသူ ရောက်လာတာ။ ကျွန်တော်တို့ကို ပြောစရာ ရှိတယ်ဆိုလို့။ ပြီးတော့ သူပြောတာကို ဆရာ ဘယ်လိုမှ ယုံနိုင်မယ် မထင်ဘူး”

“မင်း တစ်ယောက်တည်း နားထောင်ခဲ့တာလား”

“မဟုတ်ဘူး။ တပ်ဖွဲ့မှူးပါ ပါတယ်”

ကုစာနာဂိသည် အိရှိဂါမိကို လှမ်းကြည့်လိုက်သည်။ အိရှိဂါမိ၏ မျက်နှာတွင် သွေးမရှိတော့။ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ယာစုကိုကို စိုက်ကြည့်နေသည်။

“ဒီကို ဘာလာလုပ်ရတာလဲ” သူက သွားကြားလေတိုးသံဖြင့် ပြောလိုက်သည်။

ယာစုကိုသည် ကိရှိတာနိ၏ အနောက်တွင် မလှုပ်မယှက် ရပ်နေသည်။ ထို့နောက်တွင် သူမ၏ အမူအရာသည် ပြိုတော့မည့် မိုးကဲ့သို့ တဖြည်းဖြည်းချင်း ညို့မှိုင်းလာပြီး ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာကြသည်။ သူမသည် အိရှိဂါမိ၏ အရှေ့သို့ တိုးကပ်သွားပြီး ရုတ်တရက် ဒူးထောက်ချလိုက်တော့သည်။

“ဆောရီးပါရှင်။ တကယ့် တကယ့်ကို …… ရှင် ကျွန်မတို့အတွက် …… ကျွန်မလို ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်အတွက် ………..” သူမ၏ ကျောပြင်မှာ တသိမ့်သိမ့် တုန်ခါနေသည်။

“ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ ခင်ဗျား ….. ဘာတွေ ….. ။ လျှောက်လုပ် …….” အိရှိဂါမိ၏ အသံမှာ ဝူးဝူးဝါးဝါးဖြင့် ပီသစွာ ထွက်ပေါ်မလာတော့ပေ။

“ကျွန်မတို့ကို ရှင် ပျော်ရွှင်စေချင်တယ် ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် အဲ ….. အဲဒါက ဖြစ်မှ မဖြစ်နိုင်တော့တာပဲ။ ကျွန်မ လုပ်ခဲ့တဲ့ အလုပ်အတွက် ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ကျွန်မ လက်ခံရမှာပါ။ ကျွန်မ အပြစ်ဒဏ်ကို ကျခံမယ်။ မစ္စတာ အိရှိဂါမိနဲ့အတူ ကျွန်မ အပြစ်ဒဏ် ကျခံမယ်။ ကျွန်မ လုပ်နိုင်တာဆိုလို့ ဒါပဲ ရှိတယ်။ ရှင့်အတွက် လုပ်ပေးနိုင်တာဆိုလို့ ဒါပဲ ရှိတယ်။ ဆောရီးပါ။ လုံးဝ လုံးဝ ဆောရီးပါရှင်” သူမသည် လက်နှစ်ဘက်ကို ကြမ်းပြင်ပေါ်ထောက်လျက် သူ့ကို ရှိခိုးဦးချနေတော့သည်။

အိရှိဂါမိသည် ခေါင်းကို တဆတ်ဆတ် ခါယမ်းရင်း နောက်သို့ တစ်လှမ်း ဆုတ်သွားသည်။ မျက်နှာပေါ်တွင်လည်း နာကျင်မှု ဝေဒနာကြောင့် ရှုံ့မဲ့နေသည်။ ထို့နောက် သူသည် တစ်ဘက်သို့ ရုတ်ချည်း လှည့်သွားပြီး လက်ဖဝါးနှစ်ဘက်ဖြင့် ဦးခေါင်းကို ဆုပ်ကိုင်ထားလိုက်သည်။

“အား ….. အား ….. အား …..” သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သည့် အသံနက်ကြီး သူ့ထံမှ ထွက်ပေါ်လာသည်။ သူ၏ အော်သံထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုနှင့် စိတ်ရှုပ်ထွေးမှုများ ရောယှက်ပါဝင်ပေမည်။ ထိုအသံနက်ကြီးကို ကြားရသူဟူသမျှသည် မတုန်မလှုပ်ဘဲ ရပ်တည်နေနိုင်ကြမည် မဟုတ်ပေ။

အစောင့်ရဲဘော် နှစ်ယောက်သည် သူ့ကို တားမြစ်ရန် ပြေးလာကြသည်။

“မလုပ်ကြပါနဲ့” ယုကာဝါသည် သူတို့အရှေ့မှ နေ၍ တားဆီးလိုက်သည်။ “သူ့ကို အားရအောင် ငိုကြွေးခွင့် ပေးလိုက်ကြပါဗျာ”

ယုကာဝါသည် အိရှိဂါမိဘက်သို့ လှည့်ပြီး သူ၏ ပခုံးထက်သို့ လက်ကို အသာအယာ တင်လိုက်သည်။

အိရှိဂါမိ၏ အော်သံက ဆက်လက် ထွက်ပေါ်လာနေဆဲ။ သူ၏ အသက်ဝိဉာဉ်ကို ခန္ဓာကိုယ်ထဲမှ လွင့်ထွက်သွားအောင် ကုတ်ခြစ်၍ ထုတ်ပစ်နေသည့်အလား။

 

ဖြိုးကျော်

၃ ရက်၊ အောက်တိုဘာလ၊ ၂၀၂၂ ခု။ ည ၉ နာရီ ၃၁ မိနစ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *