ကြက်ကင်ဝယ်သော နောက်ဆုံး ဈေးဝယ်သည် ဆိုင်ထဲမှ ထွက်ခွာသွားသည်။ ယာစုကိုသည် ထိုသူ ထွက်သွားသည်ကို တစ်ခဏမျှ ငေးကြည့်နေပြီးနောက် နာရီကို လှမ်းကြည့်လိုက်သည်။ ၆ နာရီထိုးရန် မိနစ်အနည်းငယ်သာ လိုတော့သည်။ သူမသည် သက်မချ၍ ဦးထုပ်ဖြူကို ခေါင်းပေါ်မှ ချွတ်လိုက်သည်။
ကူဒိုသည် နေ့ခင်းက သူမထံသို့ ဖုန်းဆက်၍ အလုပ်ပြီးချိန်၌ တစ်နေရာတွင် တွေ့ဆုံကြရန် ချိန်းဆိုခဲ့သည်။
“အောင်ပွဲခံရအောင်ပေါ့” သူက အားတက်သရော ပြောသည်။
မည်သည့် ကိစ္စအတွက် အောင်ပွဲခံမည်နည်းဟု သူမက မေးလိုက်သည်။ “မေးစရာ လိုသေးလို့လား” သူက ပြန်ဖြေသည်။ “တရားခံ ဖမ်းမိတဲ့အတွက် အောင်ပွဲခံရမှာပေါ့။ အဲဒီအမှုထဲကနေ မင်း ကွင်းလုံးကျွတ် လွတ်သွားပြီလေ။ ကို့အနေနဲ့လည်း သတိထားပြီး မင်းနဲ့ ခပ်ဝေးဝေး ရှောင်နေစရာ မလိုတော့ဘူး။ ရဲတွေ လိုက်နှောင့်ယှက်မှာလည်း ပူစရာ မလိုတော့ဘူး။ အဲဒီအတွက် ကိုတို့ ပျော်ပျော်ပါးပါး အောင်ပွဲမခံသင့်ဘူးလား”
ကူဒို၏ အသံက လွန်စွာ လွတ်လပ်ပေါ့ပါးနေသည်။ သူသည် အဖြစ်မှန်ကို မသိသောကြောင့်သာလျှင် ထိုမျှ မြူးထူးပျော်ရွှင်နေနိုင်ခြင်း ဖြစ်သည်။ သို့သော် ယာစုကိုအနေဖြင့် မည်သို့ ဝမ်းမြောက်၍ ရနိုင်အံ့နည်း။ သို့ဖြင့် သူမက ငြင်းဆန်လိုက်သည်။
“ဘာဖြစ်လို့လဲ” ကူဒိုက မေးသည်။ ယာစုကိုက ဘာမျှ ပြန်မပြောဘဲ ငြိမ်ဆိတ်နေသောအခါ သူသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလာသည်။ “ကို နားလည်ပြီ။ မင်းတို့တွေက ကွာရှင်းထားပြီးပြီ ဆိုပေမယ့် အသတ်ခံရသူဟာ တစ်ချိန်က မင်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ဖူးတယ် ဆိုတာကို ကို မေ့လျော့သွားတယ်။ အောင်ပွဲခံမယ်လို့ သုံးနှုန်းခဲ့မိတဲ့အတွက် ကို တောင်းပန်ပါတယ်။ ဆောရီးပဲ”
သူ အထင်လွဲမှားနေသည်ကို ယာစုကို ဖြေရှင်းပြချင်စိတ် မရှိ။ နှုတ်ဆိတ်မြဲ နှုတ်ဆိတ်နေသည်။ သူက ဆက်ပြောသည်။ “ဒါပေမယ့် ကို မင်းကို အရေးတကြီး ပြောစရာ ရှိလို့ ဒီည မင်းကို မဖြစ်မနေ တွေ့ချင်တယ်”
သူမက ငြင်းဆန်လိုက်ချင်သည်။ ယခုအချိန်တွင် မည်သူ့ကိုမျှ တွေ့လိုသည့် ဆန္ဒ သူမတွင် မရှိ။ အိရှိဂါမိသည် မိမိကိုယ်စား သွားရောက် အဖမ်းခံခဲ့သည့် သတင်းကို ကြားခဲ့ရသော အချိန်မှစ၍ သူမသည် များစွာ ပူဆွေးသောက ရောက်ခဲ့ရသည်။ သို့သော် ငြင်းဆန်သည့် စကားကိုလည်း သူမ မဆိုရက်။ ကူဒို ပြောချင်နေသည့် အရေးကြီးစကား ဆိုသည်မှာ အဘယ်ပါနည်း။
၆ နာရီခွဲတွင် ဆုံရန် ချိန်းလိုက်ကြသည်။ သူက သူမကို လာခေါ်မည်ဟု ဆိုသည်။ မီစာတိုကိုလည်း အတူခေါ်ခဲ့ရန် ကူဒိုက တောင်းဆိုနေသော်လည်း ယာစုကိုက ပါးနပ်စွာ ငြင်းဆိုလိုက်သည်။ လက်ရှိအချိန်တွင် မီစာတိုနှင့် ကူဒိုတို့နှစ်ဦးကို တွေ့ခွင့်ပြု၍ မဖြစ်သေးပေ။
ယာစုကိုသည် အိမ်သို့ ဖုန်းဆက်ပြီး အိမ်ပြန်နောက်ကျမည် ဖြစ်ကြောင်း မီစာတိုအတွက် အမှာစကား ချန်ထားပေးခဲ့သည်။ ထိုအမှာစကားကို မီစာတို ကြားသွားသည့်အချိန်တွင် မည်သို့ ထင်မြင်ယူဆလိမ့်မည်နည်း။ ယာစုကို၏ စိတ်ထဲ လေးပင်လာသည်။
၆ နာရီ ထိုးသည့်အခါတွင် သူမသည် ခါးစည်းအဝတ်ကို ချွတ်ပြီး စားဖိုဆောင်ထဲမှ စာယိုကိုကို နှုတ်ဆက်လိုက်သည်။
“အယ် … အချိန်က အဲဒီလောက်တောင် ရှိသွားပြီလား” ညစာကို စောစောစီးစီး စားနေသော စာယိုကိုက နာရီကို လှမ်းကြည့်သည်။ “အေးဟယ်၊ ကျန်တာတွေ ငါပဲ ကြည့်လုပ်ထားလိုက်မယ်”
“ဒါဆို သွားတော့မယ်နော်” ယာစုကိုက ခါးစည်းအဝတ်ကို အသေအချာ ခေါက်ထားလိုက်သည်။
“မစ္စတာကူဒိုနဲ့ သွားတွေ့မလို့လား” စာယိုကိုက ခပ်တိုးတိုး မေးသည်။
“အမ်”
“နေ့ခင်းက သူ နင့်ဆီ ဖုန်းဆက်လာပြီး တွေ့ဖို့ ချိန်းထားတာ မဟုတ်လား”
ယာစုကိုသည် မျက်လွှာချပြီး ဘာမျှ မပြောဘဲ ငြိမ်နေသည်။ ထိုသို့သော အမူအရာကို ရှက်နေခြင်း ဖြစ်မည်ဟု စာယိုကိုက ယူဆသွားဟန် တူသည်။ “ငါ နင့်အတွက် ဝမ်းသာတယ်ဟာ” သူမက ဝမ်းသာအယ်လဲ ပြောနေသည်။ “စိတ်ရှုပ်စရာကောင်းတဲ့ လူသတ်မှုကလည်း ပြေလည်သွားပြီ။ ပြီးတော့ သဘောမနောကောင်းတဲ့ မစ္စတာကူဒိုလို လူမျိုးနဲ့လည်း ရေစက်ဆုံခွင့် ရသေးတာဆိုတော့ နင် ရှေ့လျှောက် ကံကောင်းဖို့ပဲ ရှိတော့တယ်”
“ဟုတ်ချင် ဟုတ်မှာပေါ့”
“ဟုတ်ကို ဟုတ်တယ်။ နင် ဒီလောက် ဒုက္ခတွေ ခံလာခဲ့ရတာ။ နောက်နောင် စိတ်ချမ်းသာဖို့ချည်းပဲ။ မီစာတိုလည်း အတူတူပေါ့”
စာယိုကို၏စကားကြောင့် ယာစုကို၏ ရင်ထဲ တစစ်စစ် နာကျင်လာသည်။ သူမကိုသာ လူသတ်သမားတစ်ယောက်အဖြစ် သိရှိသွားခဲ့လျှင် စာယိုကိုသည် သူမအား စိတ်ချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါဦးမည်လော။
“မနက်ဖြန်မှ တွေ့မယ်” ယာစုကို မီးဖိုဆောင်ထဲမှ ထွက်လာခဲ့သည်။ စာယိုကို၏ မျက်လုံးများကို စေ့စေ့ပင် မကြည့်ရဲခဲ့။
ဘန်တန်တိုင်မှ ထွက်သည်နှင့် ယာစုကိုသည် ယခင် အိမ်ပြန်နေကျ လမ်းကြောင်းအတိုင်း ထွက်လာခဲ့သည်။ လမ်းထောင့်ရှိ စားသောက်ဆိုင်တွင် ကူဒိုနှင့် ဆုံတွေ့ရန် ချိန်းထားခဲ့သည်။ တစ်ချိန်က တိုရှိဂါနှင့် ဆုံတွေ့ခဲ့ဖူးသော ထိုစားသောက်ဆိုင်ကို ရွေးချယ်ရန် သူမ မလိုလားခဲ့။ သို့သော် ထိုနေရာကို ရှာရလွယ်သည်ဟု ဆိုကာ ကူဒိုက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ နေရာ ပြောင်းရွှေ့ပေးရန်လည်း သူမက ပြောမထွက်ပြန်။
အမြန်လမ်းကုန်းကျော်၏ အောက်တွင် ကန့်လန့်ဖြတ် ဖောက်ထားသော လမ်းအတိုင်း ဆက်သွားလျှင် စားသောက်ဆိုင်သို့ ရောက်နိုင်သည်။ ထိုကုန်းကျော်အောက်သို့ ရောက်သောအခါ အနောက်ဘက်မှ အော်ခေါ်လိုက်သော အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
ယာစုကိုက နောက်လှည့်ကြည့်လိုက်သည်။ သူမနှင့် ရင်းနှီးနေပြီးသော အမျိုးသားနှစ်ယောက်သည် သူမအထံသို့ လျှောက်လာနေကြသည်။ တစ်ဦးမှာ အိရှိဂါမိ၏ သူငယ်ချင်း ယုကာဝါဖြစ်ပြီး ကျန်တစ်ဦးမှာ မှုခင်းရဲအရာရှိ ကုစာနာဂိ ဖြစ်သည်။ ထိုသူနှစ်ဦးသည် အဘယ်ကြောင့် အတူ ရှိနေရသနည်း။ သူမ စဉ်းစား၍ မတတ်။
“ကျွန်တော့်ကို မှတ်မိသေးလား” ယုကာဝါက မေးသည်။
ယာစုကိုက ထိုသူနှစ်ဦးကို တစ်လှည့်စီ ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျားမှာ သွားစရာ ရှိသေးတာလား”
“ဟုတ်” သူမက နာရီကို ငုံ့ကြည့်လိုက်သည်။ စိတ်လှုပ်ရှားလွန်းနေသောကြောင့် နာရီလက်တံများကို ဘာမျှ မမြင်ရတော့။ “ကျွန်မ လူတစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားတယ်”
“မိနစ် ၃၀ ဆိုရင် ရပါပြီ။ ကျွန်တော် ခင်ဗျားနဲ့ အေးဆေး စကားပြောချင်တယ်။ အရေးကြီးတဲ့ ကိစ္စ ရှိလို့ပါ”
“အဲ … ကျွန်မ …” သူမက ခေါင်းခါလိုက်သည်။
“ဒါဆိုလည်း ၁၅ မိနစ်ဗျာ။ ၁၀ မိနစ်ဆိုလည်း ရတယ်။ ဟောဟိုက ခုံတန်းလျားမှာ ခဏထိုင်ရအောင်” ယုကာဝါသည် အနီးရှိ ပန်းခြံငယ်သို့ လက်ညှိုးထိုးပြသည်။ ၎င်းမှာ အမြန်လမ်းကုန်းကျော်၏ အောက်တည့်တည့်တွင် တည်ရှိသည်။
ယုကာဝါ၏ အသံမှာ တည်ငြိမ်ပြတ်သားလှသည်။ တစ်ဘက်လူကို ပြန်လည် ငြင်းဆန်ရန် ခွင့်မပြုနိုင်သည့် လေသံမျိုး ဖြစ်သည်။ သူ မည်သည့်အကြောင်း ပြောလာလိမ့်မည်ကို ယာစုကိုက ကြိုတင် သိရှိနေသည်။ ရှေ့တစ်ခေါက် ဆုံတွေ့ခဲ့ကြစဉ်ကလည်း ဤလက်ထောက်ပါမောက္ခသည် ပေါ့ပါးသော လေသံဖြင့် သူမအား ကြီးမားလေးလံသည့် ဖိအားတစ်ခုကို ပေးခဲ့ဖူးသည် မဟုတ်ပါလော။
သူမ ရှောင်ပြေးလိုသည်။ ၎င်းမှာ သူမ၏ ရင်တွင်းစကား။ သို့သော် သူမစိတ်ထဲ၌ သိလိုစိတ်များ ပျံ့နှံ့လျက် ရှိနေပြန်သည်။ ယခု သူပြောလာမည့် စကားများမှာ အိရှိဂါမိနှင့် ပတ်သက်နေရပေလိမ့်မည်။
“ဒါဆိုလည်း ၁၀ မိနစ်ပေါ့”
“ကောင်းလိုက်တာ” ယုကာဝါက ပြုံး၍ ပြောပြီး ပန်းခြံငယ်ထဲသို့ ဦးဆောင်ဝင်သွားသည်။
“သွားရအောင်” တွေဝေတွန့်ဆုတ်နေသော ယာစုကိုကို ကုစာနာဂိက လက်ဆန့်ပြကာ ခပ်တိုးတိုး ပြောလိုက်သည်။ သူမက ခေါင်းညိတ်ပြီး ယုကာဝါအနောက်မှ လိုက်သွားတော့သည်။ ရေငုံနှုတ်ပိတ်ကာ အနောက်မှ ငြိမ်ငြိမ်ကုပ်ကုပ် လိုက်ပါလာနေသော ရဲအရာရှိကို မြင်ရသည်မှာ သူမအတွက် အထူးအဆန်းတစ်ခုလို ဖြစ်နေသည်။
ယုကာဝါသည် နှစ်ယောက်ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး ယာစုကို ထိုင်ရန်အတွက် နေရာလွတ် ချန်ထားပေးသည်။ “မင်း ဟိုဘက်မှာ သွားနေပေးပါလား” ယုကာဝါက ကုစာနာဂိကို လှမ်းပြောသည်။ “ငါ သူနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်”
ကုစာနာဂိ၏ အမူအရာက များစွာ ကျေနပ်ဟန် မတူသော်လည်း နှုတ်ခမ်းတစ်ချက်သာ တွန့်ပြပြီး အနားမှ ထွက်ခွာသွားသည်။ ပန်းခြံအဝင်ဝနားသို့ ပြန်လျှောက်သွားပြီး စီးကရက်ဘူးကို ဆွဲထုတ်နေသည်။
ယာစုကိုက ယုကာဝါနံဘေးတွင် ဝင်ထိုင်ပြီး ကုစာနာဂိ ရှိရာသို့ လှမ်းကြည့်လိုက်သည်။ “အဲဒီလူက ရဲမဟုတ်ဘူးလား။ သူ့ကို အဲဒီလိုလုပ်လို့ ကောင်းပါ့မလား”
“ကိစ္စမရှိဘူး။ ကျွန်တော် နဂိုက တစ်ယောက်တည်း လာမလို့ပဲ။ နောက်ပြီး အဲဒီလူက ကျွန်တော့်အတွက်တော့ သူငယ်ချင်းပဲ။ ရဲ မဟုတ်ဘူး”
“သူငယ်ချင်း”
“ကျွန်တော်တို့က တက္ကသိုလ် ကျောင်းနေဖက်တွေပါ” ယုကာဝါက သူ၏ ဖြူဝင်းနေသော သွားများကို ပေါ်အောင် ပြုံးနေသည်။ “သူနဲ့ အိရှိဂါမိကလည်း ကျောင်းနေဖက်ပဲ။ ဒါပေမယ့် ဒီအမှု မဖြစ်ခင်အထိ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မြင်ဖူးကြတာ မဟုတ်ဘူး”
ယုကာဝါသည် အမှုဖြစ်ပြီးနောက်မှ အဘယ်ကြောင့် အိရှိဂါမိထံသို့ ရောက်ရှိလာရသနည်း။ ထိုမေးခွန်းကို သူမသည် ယခင်က မည်သို့မျှ စဉ်းစား၍ မရနိုင်ခဲ့။ ယခုမှ သူမ သဘောပေါက်လာသည်။ အိရှိဂါမိထံမှ ဘာမျှ မကြားခဲ့ရသော်လည်း သူ၏ အစီအစဉ်တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့ရခြင်းမှာ ယုကာဝါနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေရမည်ဟု သူမက သံသယ ရှိနေခဲ့သည်။ မှုခင်းစစ်ရဲမှာ ကျောင်းနေဖက် ဖြစ်နေခြင်း၊ ထိုသူနှစ်ဦးတွင် ဘုံသူငယ်ချင်းတစ်ယောက် ရှိနေခြင်း စသည့် အချက်အလက်များသည် အိရှိဂါမိ၏ တွက်ကိန်းထဲတွင် ထည့်သွင်းစဉ်းစားခဲ့သော အချက်အလက်များ မဖြစ်တန်ရာ။ အိရှိဂါမိအတွက် ကြိုတင်တွက်ဆနိုင်သော အကြောင်းအရာများ မဟုတ်ခဲ့ပေ။
အခြေအနေအားလုံး လက်လွန်သွားကြပြီ မဟုတ်ပါလော။ ယုကာဝါသည် မည်သည့်အကြောင်းကို ပြောဆိုရန် ရည်ရွယ်ထားသနည်း။
“အိရှိဂါမိ အဖမ်းခံတာ ကြားရတော့ ကျွန်တော် အတော်လေး စိတ်မကောင်း ဖြစ်သွားတယ်” ယုကာဝါ၏ စကားများက စစချင်း ဆောက်နှင့်ထွင်း ဆိုသကဲ့သို့ ဖြစ်နေသည်။ “သူ့လို အင်မတန်မှ တော်တဲ့လူတစ်ယောက်က တစ်သက်လုံး ထောင်ထဲမှာပဲ နေသွားရတော့မယ်လို့ စဉ်းစားလိုက်မိတိုင်း ကျွန်တော် စိတ်မကောင်း ဖြစ်မိတယ်။ သူ့လိုပဲ သုတေသီတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ သူ့အတွက် မခံမရပ်နိုင် ဖြစ်မိတာ အမှန်ပဲ”
မည်သို့ တုံ့ပြန်ရမည်ကို ယာစုကို မသိ။ သူမသည် သူမ၏ ဒူးနှစ်လုံးကို လက်ဖဝါးနှစ်ဘက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။
“ဒါပေမယ့် ကျွန်တော် အခုချိန်ထိ ဘယ်လိုမှ ယုံလို့ မရသေးဘူး။ သူ အဲဒီလို အလုပ်မျိုးတွေ တကယ်ရော လုပ်ခဲ့ပါ့မလား”
ယုကာဝါသည် ဘေးမှ ထိုင်လျက် သူမကို စွေကြည့်နေသည်ဟု သူမ ခံစားနေရသည်။ သူမ၏ ကိုယ်မှာ သိသိသာသာ တောင့်တင်းလာသည်။
“ခင်ဗျားအပေါ်မှာ အဲဒီလို ယုတ်ညံ့စုတ်ပဲ့တဲ့ အပြုအမူမျိုးတွေ သူ လုပ်ခဲ့လိမ့်မယ်လို့ ကျွန်တော် ဘယ်လိုမှ တွေးဆကြည့်လို့ မရဘူး။ ‘တွေးဆကြည့်လို့ မရဘူး’ ဆိုတဲ့စကားလုံးက သိပ် မတိကျသေးဘူး။ အစကတည်းက ယုံကို မယုံခဲ့တာလို့ ပြောရင် ပိုပြီး မှန်ကန်လိမ့်မယ်။ သူ … လိမ်ပြောခဲ့တယ်။ ဘာဖြစ်လို့ လိမ်ညာခဲ့ရတာလဲ။ လူသတ်သမား ဆိုတဲ့ နာမည်ဆိုးကို သူ ရနေပြီးပြီပဲ။ သဘောအရဆိုရင် ထပ်ပြီး ညာနေလည်း ဘာအကြောင်းမှ မထူးတော့ဘူး။ ဒါပေမယ့် သူ လိမ်ပြောခဲ့တယ်။ အကြောင်းအရင်းက တစ်ခုပဲ ရှိတယ်။ အဲဒီမုသားဟာ သူ့အတွက်သူ ပြောခဲ့တာ မဟုတ်ဘူး။ တစ်ဦးတစ်ယောက်ကို အကာအကွယ် ပေးဖို့အတွက်ပဲ”
ယာစုကိုသည် တံတွေးကို မျိုချလိုက်ပြီး အသက်ရှူသံကို မူမှန်စေရန် အသည်းအသန် ကြိုးစားနေရသည်။
ထိုသူသည် အဖြစ်မှန်ကို သိရှိသွားပြီလော။ အိရှိဂါမိသည် တစ်စုံတစ်ဦးကို အကာအကွယ် ပေးနိုင်ရန် ကြိုးစားနေကြောင်း ထိုသူ သိရှိနေသည်။ လူသတ်တရားခံသည် တခြားသူ ဖြစ်ကြောင်း သိနေသောကြောင့် အိရှိဂါမိကို သူ ကယ်တင်လိုသည်။ သို့သော် မည်သို့ ကယ်တင်မည်နည်း။ သူ့သူငယ်ချင်းကို ကယ်တင်နိုင်ရန်အတွက် အလွယ်ဆုံး နည်းလမ်းမှာ အဘယ်ပါနည်း။ လူသတ်သမား စစ်စစ်က ရဲဌာနသို့ သွား၍ ဖြောင့်ချက်ပေးခြင်းသည် အမြန်ဆုံးနှင့် အလွယ်ဆုံး နည်းလမ်း ဖြစ်သည်။ သူမသည် ရဲဌာနသို့ သွား၍ ဖြောင့်ချက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့သူငယ်ချင်းသည်လည်း ကိုယ့်ကိုယ်ကိုယ် စွပ်ထားသော ကြိုးကွင်းမှ လွတ်မြောက်သွားပေတော့မည်။
ယာစုကိုသည် ယုကာဝါကို မဝံ့မရဲ လှမ်းကြည့်လိုက်သည်။ သူက ပြုံးလျက်။
“ကျွန်တော်က ခင်ဗျားကို လာပြီး ဖျောင်းဖျနေတယ်လို့ ခင်ဗျား ထင်နေတာ မဟုတ်လား”
“မ … မဟုတ်ပါဘူး” ယာစုကိုက ကသုတ်ကရက် ခေါင်းခါလိုက်သည်။ “ကျွန်မကို ဖျောင်းဖျရအောင် ဖျောင်းဖျစရာ ကျွန်မမှာ ဘာရှိနေလို့လဲ”
“ဟုတ်တာပဲ။ ကျွန်တော် စကားပြော လောသွားတယ်။ ဆောရီးပါဗျာ” ယုကာဝါက ခေါင်းတစ်ချက် ဆတ်ပြသည်။ “ကျွန်တော် ခင်ဗျားကို ကိစ္စတစ်ခု သိစေချင်လို့ လာတွေ့တာပါ”
“ဘာကိစ္စများလဲ”
ယုကာဝါသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ စကားစပြန်သည်။ “ခင်ဗျားက တကယ့်အဖြစ်မှန်ကို နည်းနည်းလေးမှ သိမနေဘူး”
ယာစုကိုသည် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်လာသည်။ ယုကာဝါ၏ မျက်နှာပေါ်တွင် အပြုံးများ မရှိကြတော့။
“ခင်ဗျားရဲ့ အလီဘိုင်က တကယ့် အစစ်အမှန် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆတယ်” သူက ဆက်ပြောသည်။ “ခင်ဗျား တကယ်ပဲ ရုပ်ရှင်ရုံကို သွားခဲ့လိမ့်တယ်။ ခင်ဗျားသမီးလည်း သွားခဲ့မှာပဲ။ ခင်ဗျားတို့ကို ရဲတွေ အပြုံလိုက်ကြီးက ဒီလောက်တောင် အသည်းအသန် စစ်ဆေးနေကြတာ။ အဲဒီကို တကယ်သာ မသွားခဲ့ဘူးဆိုရင် ခင်ဗျားရော၊ အလယ်တန်းတက်နေတဲ့ ခင်ဗျားသမီးရော ဒီဒဏ်ကို ဘယ်လိုမှ တောင့်ခံနိုင်မယ် မထင်ဘူး။ ဒါကြောင့် ခင်ဗျားတို့ သားအမိနှစ်ယောက်စလုံး အမှန်အတိုင်း ပြောခဲ့တာပဲ ဖြစ်ရမယ်”
“ဟုတ်တယ်။ ကျွန်မတို့ လုံးဝ မလိမ်ညာခဲ့ဘူး။ အဲဒီတော့ ဘာဖြစ်လဲ”
“ခင်ဗျားရဲ့ စိတ်ထဲမှာ အတော်လေး ထူးဆန်းနေမှာပဲ။ ခင်ဗျားတို့ တစ်ခွန်းတလေမှ လိမ်စရာ ညာစရာ မလိုဘဲနဲ့ ရဲတွေရဲ့ အစစ်အဆေးကနေ တဖြည်းဖြည်း လွတ်မြောက်လာကြတယ်။ ဘာဖြစ်လို့လဲ။ … အဲဒါ အိရှိဂါမိ ကြောင့်ပဲ။ အစစ်အဆေးတွေနဲ့ ကြုံလာတဲ့အခါမှာ ခင်ဗျားတို့က အမှန်အတိုင်း ပြောပြနေရုံနဲ့တင် အားလုံး အဆင်ပြေသွားအောင် သူက အစစအရာရာ ကြိုတင် ပြင်ဆင်ပေးထားခဲ့တယ်။ ရဲဘက်က ဘယ်လောက်ပဲ ဖိအားပေးပေး၊ ခင်ဗျားတို့အတွက် ဘေးကင်းရန်ရှင်းအောင် သူ အကုန်လုံး စီစဉ်ထားခဲ့တယ်။ အဲ … သူ ဘာတွေကို ဘယ်လို ပြင်ဆင်ခဲ့သလဲ ဆိုတာကိုတော့ ခင်ဗျား ဘာတစ်ခုမှ သိလိမ့်မယ် မထင်ဘူး။ အိရှိဂါမိက ထူးခြားပြောင်မြောက်တဲ့ လှည့်ကွက်တွေကို အသုံးချခဲ့တယ် ဆိုတာလောက်ပဲ ခင်ဗျား သိတယ်။ အသေးစိတ် ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို ခင်ဗျား လုံးလုံး မသိခဲ့ဘူး။ ကျွန်တော် ပြောတာ ဟုတ်တယ်မလား”
“ရှင် ဘာပြောနေတယ်ဆိုတာကို ကျွန်မ တစ်လုံးမှ နားမလည်ဘူး” ယာစုကိုက ယုကာဝါကို ပြုံးပြသည်။ သို့သော် သူမ၏ နှုတ်ခမ်းများ လှုပ်ရှားသွားခြင်း ရှိမရှိ ဆိုသည်ကို သူမကိုယ်သူမပင် သံသယ ဝင်နေမိသည်။
“သူက ခင်ဗျားတို့ သားအမိကို ကာကွယ်ပေးနိုင်ဖို့အတွက် ကြီးမားတဲ့ ပေးဆပ်မှုကြီးတစ်ခုကို ပြုလုပ်ခဲ့တယ်။ အဲဒါက ခင်ဗျားနဲ့ ကျွန်တော်တို့လို သာမန်လူတွေ စိတ်တောင် မကူးဖူးတဲ့ ကြီးကျယ်တဲ့ ပေးဆပ်မှုကြီးပဲ။ လူသတ်မှု ဖြစ်သွားပြီ ဆိုကတည်းက အဆိုးဆုံး ဖြစ်လာနိုင်ခြေအတွက် သူ ကြိုတင် ပြင်ဆင်ထားခဲ့တယ်။ အဲဒီအချိန် ရောက်တာနဲ့ ခင်ဗျားတို့အစား သူ ကြိုးစင်တက်ဖို့ ဆုံးဖြတ်ထားခဲ့ပြီးသား။ သူလုပ်ခဲ့သမျှ အစီအစဉ်တွေ အကုန်လုံးကလည်း အဲဒီအချက်ကိုပဲ အခြေတည်ပြီး ရေးဆွဲထားခဲ့တယ်။ အဲဒါ သူ့စီမံကိန်းရဲ့ ပေးထားချက်ပဲ။ အဲဒီပေးထားချက်ကို ဘယ်လိုနည်းနဲ့မှ ဖယ်ရှားပစ်လို့ မရဘူး။ ဒါပေမယ့် အဲဒီပေးထားချက်က ရက်စက်လွန်းရာ ကျမနေဘူးလား။ … ဘယ်သူမဆို တစ်ချိန်ချိန်ကျရင် ဆက်လုပ်ဖို့ လက်တွန့်လာနိုင်တယ်လေ။ ဒါကို အိရှိဂါမိ ကိုယ်တိုင်ကလည်း နားလည်နေတယ်။ ဒါကြောင့် အရေးကြီးတဲ့အချိန် ရောက်လာတဲ့အခါမှာ တွေဝေမနေရအောင် ဆိုပြီး သူ့ ‘ဖောင်’ ကို အစောကြီးကတည်းက သူ့ဘာသာသူ ဖျက်ဆီးပစ်လိုက်တယ်။ အဲဒါက သူချခဲ့တဲ့ စီမံကိန်းကြီး တစ်ခုလုံးထဲမှာ အံ့ဩစရာ အကောင်းဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး မျက်လှည့်ပြကွက်ပဲ”
ယာစုကို၏ ဦးနှောက်ထဲတွင် ချာချာလည်နေသည်။ သူမ တစ်ကိုယ်လုံးလည်း ထူပူလာသည်။ သို့သော် ထိုသူပြောခဲ့သည့် စကားများမှာ အမှန်ပင်ဖြစ်ကြောင်း သူမ သတိထားမိသည်။ အိရှိဂါမိသည် လှည့်ကွက်များကို မည်သို့ စီမံခဲ့သနည်း ဆိုသည့်အချက်ကို သူမ တစိုးတစိမျှ သိရှိထားခြင်း မရှိ။ တစ်ချိန်တည်းမှာပင် သူမအတွက် ထူးဆန်းနေသည့် အချက်မှာ ရဲဌာန၏ စုံစမ်းစစ်ဆေးမှုများသည် သူမ တွေးထင်ထားသကဲ့သို့ တင်းကျပ်မှု ရှိမနေခြင်းပင် ဖြစ်သည်။ ထို့အပြင် ရဲဌာန၏ အပ်ကြောင်းထပ်နေသော မေးခွန်းများသည် တကယ့် အဖြစ်မှန်နှင့် လားလားမျှ မနီးစပ်ခဲ့။ သို့သော် ထိုလျှို့ဝှက်ချက်ကို ယုကာဝါက သိရှိနေသည်။
ယုကာဝါက နာရီကို ငုံ့ကြည့်သည်။
“ခင်ဗျားကို ဒီကိစ္စ ပြောသင့် မပြောသင့် စဉ်းစားရတာနဲ့ပဲ ကျွန်တော့်မှာ အတော်လေး အကျပ်တွေ့ခဲ့ရတယ်” ယုကာဝါ၏ မျက်နှာပေါ်တွင် သောက၏ အရိပ်အငွေ့များ အထင်းသား ပေါ်လွင်နေသည်။ “အခုလို လုပ်တာကို အိရှိဂါမိကတော့ လုံးဝ သဘောကျလိမ့်မယ် မထင်ဘူး။ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ဘယ်လို အခြေအနေပဲ ရောက်ရောက်၊ အဖြစ်မှန်အတိုင်း ခင်ဗျား သိသွားမှာကို သူ နည်းနည်းမှ မလိုလားဘူး။ အဲဒါ သူ့အတွက် မဟုတ်ဘူး။ ခင်ဗျားအတွက်။ တကယ်လို့သာ အဖြစ်မှန်ကို ခင်ဗျား သိသွားမယ်ဆိုရင် အခုလက်ရှိ ခံစားနေရတဲ့ ဒုက္ခထက် အပုံကြီးသာတဲ့ စိတ်သောကတွေကို ခင်ဗျား တစ်သက်လုံး လည်စင်းပြီး ခံသွားရတော့မှာ။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို ပြောပြမှ ဖြစ်မယ်။ တကယ်လို့သာ သူ ခင်ဗျားကို ဘယ်လောက်အထိ ချစ်သလဲဆိုတာ၊ သူ့ရဲ့ တစ်ဘဝစာလုံးကို ရင်းပြီး ဘယ်လို စတေးပစ်ခဲ့သလဲဆိုတာ ခင်ဗျားကို အသိမပေးဘဲ ပစ်ထားလိုက်ရင် သူ့အနေနဲ့ စတေးခံခဲ့ရကျိုး နပ်မှာ မဟုတ်တော့ဘူး။ ဒါက သူ့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘာတစ်လုံးမှ သိမနေတာကို တွေ့မြင်ရတော့ ကျွန်တော် ဘယ်လိုမှ အောင့်အည်းမနေနိုင်တော့ဘူး”
ယာစုကို၏ နှလုံးခုန်နှုန်းမှာ မြန်သည်ထက် မြန်လာသည်။ အချိန်မရွေး မူးမေ့သွားနိုင်သည့်အလား အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။
“ရှင် ဘာပြောချင်နေသလဲဆိုတာ ကျွန်မ နားမလည်ဘူး။ ရှင့်မှာ ပြောစရာရှိရင် မြန်မြန်သာ ပြောပါ” သူမသည် စကားလုံးများကို ခပ်မာမာ ပြောလိုက်ရန် ရည်ရွယ်ထားခဲ့သော်လည်း ထွက်ပေါ်လာသည့် အသံမှာ နွမ်းလျတုန်ခါနေသည်။
“ဟိုလူသတ်မှုရဲ့ … ကျူး-အီဒိုဂါဝါ လူသတ်မှုရဲ့ တရားခံဟာ” ယုကာဝါသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ “သူပဲ။ အိရှိဂါမိကသာ တရားခံအစစ်။ ခင်ဗျား မဟုတ်ဘူး။ ခင်ဗျား သမီးလည်း မဟုတ်ဘူး။ သူက ဘယ်သူ့အတွက်မှ ခေါင်းခံပေးနေတာ မဟုတ်ဘူး။ သူကမှ တကယ့် လူသတ်တရားခံ”
ဘာမျှ နားမလည်သည့် အမူအရာဖြင့် ငူငူကြီး ထိုင်နေသော ယာစုကိုကို ကြည့်ပြီး ယုကာဝါက နောက်တစ်ခွန်း ထပ်ပြောလိုက်သည်။ “ဒါပေမယ့် အဲဒီအလောင်းက ခင်ဗျားရဲ့ ခင်ပွန်းဟောင်း တိုဂါရှိ ရှင်ဂျိ မဟုတ်ဘူး။ တခြားလူတစ်ယောက်ရဲ့ အလောင်း”
ယုကာဝါ၏ စကားကို ယုံကြည်ရ ခက်ခဲနေသော ယာစုကိုသည် မျက်ခုံးများကို အစွမ်းကုန် ကုတ်ထားလိုက်မိသည်။ သောက၏ ဒဏ်ချက်ကြောင့် ပုတ်ခတ်ပုတ်ခတ် လှုပ်ရှားနေသည့် ယုကာဝါ၏ မျက်လုံးအစုံကို မြင်လိုက်ရသောအခါတွင်မူ သူမသည် ရုတ်တရက် နားလည် သဘောပေါက်သွားသည်။ အသက်ကို အားရပါးရ ရှူသွင်းလိုက်ပြီး လက်နှစ်ဘက်ဖြင့် ပါးစပ်ကို ပိတ်ထားလိုက်မိသည်။ စိတ်လွတ်ကိုယ်လွတ် ထမအော်မိစေရန် ချုပ်တည်းထားရသည့်နှယ်။ သူမ၏ မျက်နှာပြင်တစ်ခုလုံးသည်လည်း သွေးဆုတ်၍ ဖြူဖပ်ဖြူရော် ဖြစ်လာလေသည်။
“ကျွန်တော် ဘာပြောချင်နေတယ် ဆိုတာ ခင်ဗျား သဘောပေါက်သွားပြီပဲ” ယုကာဝါက ပြောသည်။ “အိရှိဂါမိက ခင်ဗျားကို ကာကွယ်ပေးနိုင်ဖို့ နောက်ထပ် လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ်။ အဲဒါက မတ်လ ၁၀ ရက်နေ့မှာ။ တိုဂါရှိ ရှင်ဂျိ အသတ်ခံရပြီးတဲ့ နောက်တစ်ရက်ပဲ”
ယာစုကို၏ ခေါင်းမှာ ချာချာလည်နေ၍ ခုံတန်းလျားပေါ်မှ လဲကျမသွားစေရန် ကြိုးစားပြီး အားယူနေရသည်။ သူမ၏ ခြေလက်များမှာလည်း အေးခဲကာ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထနေတော့သည်။
****
အဝေးတွင် ရောက်နေသော ကုစာနာဂိပင်လျှင် ယာစုကို၏ အမူအရာကို တွေ့မြင်ရရုံဖြင့် ယုကာဝါသည် သူမအား အဖြစ်မှန်ကို ပြောပြနေခြင်း ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်သည်။ သူမ၏ မျက်နှာမှာ ဖြူရော်နေသည်။ အထူးအဆန်းတော့ မဟုတ်။ ထိုကဲ့သို့သော အဖြစ်မှန်ကို ကြားသိရလျှင် မည်သူမဆို အံ့ဩထိတ်လန့်ခြင်း ဖြစ်ကြမည်သာ။ သူမသည် ထိုဖြစ်ရပ်မှန်တွင် ပါဝင်ပတ်သက်နေသူ ဖြစ်သောကြောင့် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့။
ကုစာနာဂိပင်လျှင် ထိုကိစ္စကို လက်ခံနိုင်ရန် အတော်လေး ကြိုးစားခဲ့ရသည်။ ယုကာဝါ၏ ရှင်းလင်းပြောဆိုချက်ကို နားထောင်နေစဉ်တွင် အိပ်မက်မက်နေခြင်းလောဟုပင် အထင်ရောက်ခဲ့သေးသည်။ ထိုအခြေအနေမျိုးတွင် ယုကာဝါသည် သူ့ကို နောက်ပြောင်ကျီစယ်နေမည် မဟုတ်မှန်း သူ သိသည်။ သို့သော် သူ၏ သုံးသပ်ချက်မှာ ထူးထွေဆန်းပြားလွန်းနေသည်။
“မဖြစ်နိုင်တာကွာ” ကုစာနာဂိသည် ထိုစဉ်က ဤသို့ ငြင်းချက်ထုတ်ခဲ့သည်။ “ဟာနာအိုကာ ယာစုကို လူသတ်ခဲ့တာကို ဖုံးဖိပေးချင်တာနဲ့ နောက်ထပ် လူတစ်ယောက်ကို ထပ်သတ်တယ်ဆိုတော့ မင်း အယူအဆက စိတ်ကူးယဉ် ဆန်လွန်းမနေဘူးလား။ အဲဒီလိုသာဆိုရင် နောက်ထပ် အသတ်ခံရတဲ့လူကရော ဘယ်သူလဲ”
ယုကာဝါသည် ဝမ်းနည်းကြေကွဲသော အမူအရာဖြင့် ခေါင်းခါပြသည်။ “သူ ဘယ်သူလဲ ဆိုတာကို ငါ မသိဘူး။ ဒါပေမယ့် သူ ဘယ်မှာ နေခဲ့သလဲ ဆိုတာကိုတော့ ငါ သိတယ်”
“ဘာကို ဆိုလိုတာလဲ”
“ဒီလောကကြီးထဲမှာ ရှိတဲ့ လူတချို့ဟာ လူမြင်ကွင်းထဲကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့မယ် ဆိုရင်တောင် သူတို့ကို လိုက်ရှာမယ့်သူ၊ သူတို့ကို စိုးရိမ်ပေးမယ့်သူ တစ်ဦးတလေမှ မရှိကြဘူး။ အမှုဖွင့်ဖို့ဆိုတာတော့ ဝေလာဝေးရော။ အဲဒီလို လူမျိုးတွေက အသိုင်းအဝိုင်းဆိုတဲ့ အဖွဲ့အနှောင်ရဲ့ အဝေးတစ်နေရာကို ရှောင်ထွက်နေကြတဲ့ လူတွေပဲ” ယုကာဝါသည် ပြောရင်း သူတို့နှစ်ဦး အတူလမ်းလျှောက်ခဲ့ကြသော မြစ်ကမ်းနံဘေး ရှိရာအရပ်သို့ လက်ညှိုးထိုးလိုက်သည်။ “စောစောက မင်းလည်း အဲဒီလို လူမျိုးတွေကို မြင်ခဲ့တယ် မဟုတ်လား”
ကုစာနာဂိသည် ယုကာဝါ၏ စကားကို ချက်ချင်း နားမလည်နိုင်ခဲ့ပေ။ သို့သော် သူ လက်ညှိုးညွှန်ရာ မြစ်ကမ်းနံဘေးသို့ လှမ်းမျှော်ကြည့်နေရင်းမှ ဦးနှောက်ထဲတွင် ရုတ်တရက် လင်းလက်လာသည်။ “အိမ်ရာမဲ့တွေကို ပြောတာလား”
ယုကာဝါက ခေါင်းမညိတ်ဘဲ ဆက်ပြောသည်။ “အဲဒီအုပ်စုထဲမှာ ဘူးခွံကောက်တဲ့ လူတစ်ယောက်ရှိတယ်။ သူက အဲဒီတစ်ဝိုက်မှာနေတဲ့ အိမ်ရာမဲ့တွေအကြောင်းကို အကုန်လုံး သိနေတယ်။ ငါ သူ့ကို သွားတွေ့ခဲ့ပြီးပြီ။ လွန်ခဲ့တဲ့တစ်လက ဘော်ဒါအသစ်တစ်ယောက် ရောက်လာခဲ့တယ်တဲ့။ သူက ဘော်ဒါလို့ သုံးပေမယ့် သူငယ်ချင်းလို့ ပြောတာ မဟုတ်ဘူး။ သူတို့နဲ့ အေးအတူ ပူအမျှ တွဲနေမယ့် ဘဝတူမို့လို့ ဘော်ဒါလို့ ခေါ်တာ။ အဲဒီလူက တဲအသစ်လည်း မဆောက်သလို သူများနည်းတူ စက္ကူပုံးကိုလည်း ခုတင်အဖြစ်နဲ့ မသုံးချင်ဘူး။ ဘူးခွံကောက်တဲ့ ဦးလေးက ပြောပြတာတော့ စရောက်ရောက်ချင်း လူတိုင်း အဲဒီလိုချည်းပဲတဲ့။ မာန်မချနိုင်ကြသေးတာပေါ့။ ဦးလေးရဲ့ ပြောစကားအရ ဆိုရင် အနေကြာသွားတာနဲ့ အလိုလို ပြောင်းလဲသွားတာပဲတဲ့။ ဒါပေမယ့် အဲဒီလူသစ်က တစ်ရက်မှာတော့ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။ ဘယ်သူ့ကိုမှလည်း နှုတ်ဆက်မသွားဘူး။ လူတွေက အစပိုင်းတော့ သူ့အကြောင်း တစ်ယောက်ကိုတစ်ယောက် မေးကြသေးတာပေါ့။ ရက်ကြာတော့လည်း မေ့သွားတာပါပဲ။ သူတို့ရဲ့ လောကထဲမှာ အခုလို လူတစ်ယောက် ရုတ်တရက် ပျောက်သွားတာ သူတို့အတွက်တော့ အသစ်အဆန်း မဟုတ်တော့ဘူး”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ” ယုကာဝါက ဆက်ပြောသည်။ “အဲဒီလူက မတ်လ ၁၀ ရက်နေ့ ပတ်ဝန်းကျင်မှာ ပျောက်ဆုံးသွားခဲ့တယ်။ အသက်က ၅၀ ဝန်းကျင်။ ကိုယ်အလေးချိန် နည်းနည်းစီးမယ်။ ခန္ဓာကိုယ် အချိုးအစားကတော့ ပုံမှန်ပဲ”
ကျူး-အီဒိုဂါဝါ မြစ်ကမ်းနံဘေးရှိ အလောင်းကို မတ်လ ၁၁ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ဘယ်သို့ဘယ်ပုံ ဖြစ်ပျက်ခဲ့သလဲ ဆိုတာတော့ ငါလည်း အတိအကျ မသိဘူး။ ဖြစ်နိုင်ခြေများတာကတော့ အိရှိဂါမိဟာ ဟာနာအိုကာ ယာစုကိုရဲ့ ပြစ်မှုကို တွေ့ရှိသွားရာကနေ သူ့ကို ကူပြီး အထောက်အထားတွေ ဖျောက်ဖျက်ပေးဖို့ ဆုံးဖြတ်လိုက်ပုံရတယ်။ အလောင်းကို ခြေရာလက်ရာ ဖျက်ရုံနဲ့တင် မလုံလောက်ဘူးလို့ သူ ယူဆခဲ့မှာပဲ။ အလောင်းရဲ့ နောက်ကြောင်းကို လိုက်နိုင်သွားတာနဲ့ ရဲဌာနက ဟာနာအိုကာ ယာစုကိုဆီ မဖြစ်မနေ ရောက်လာတော့မှာပဲလို့ သူ တွက်ဆထားတယ်။ အဲဒီအချိန်ကျရင် သူတို့သားအမိက ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါနဲ့ သူ ဒီစီမံကိန်းကို အကောင်အထည် ဖော်လိုက်တာပဲ။ တခြားလူ သတ်ထားတဲ့ အလောင်းတစ်ခုကို ပြင်ဆင်ပြီး အဲဒီအလောင်းကို တိုဂါရှိ ရှင်ဂျိပါလို့ ရဲတွေ အထင်ရောက်သွားအောင် စီစဉ်လိုက်တယ်။ အသတ်ခံရသူဟာ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုနည်းနဲ့ အသတ်ခံရတယ် စတဲ့ အချက်အလက်တွေကို ရဲဘက်က မဖြစ်မနေ စုံစမ်းရမှာပဲ။ ရဲဌာနရဲ့ စုံစမ်းမှုက အသေးစိတ်သွားလေလေ ဟာနာအိုကာ ယာစုကိုအပေါ် ထားတဲ့ သံသယက မှေးမှိန်သွားလေလေပဲ။ ဒါကလည်း သဘာဝ ကျတယ်လေ။ အဲဒီလူကို တကယ်လည်း သူတို့ သတ်ခဲ့တာမှ မဟုတ်ဘဲ။ အဲဒီအလောင်းက အစကတည်းက တိုဂါရှိ ရှင်ဂျိမှ မဟုတ်တာ။ မင်းတို့ စုံစမ်းနေကြတာက တခြားလူသတ်မှု တစ်မှုလေ”
ယုကာဝါ ခင်းပြနေသော ဇာတ်လမ်းမှာ အမှန်ဖြစ်ပါသည်ဟု သူ့အနေဖြင့် ယုံကြည်ရ ခက်ခဲနေသည်။ ထို့ကြောင့် ကုစာနာဂိသည် နားထောင်နေစဉ် ကာလတစ်လျှောက်လုံး ခေါင်းတစ်ခါခါ ဖြစ်နေတော့သည်။
“အခုလို အစီအမံကို အိရှိဂါမိ စဉ်းစားမိခဲ့ရတဲ့ အကြောင်းအရင်းက … နေ့တိုင်း မြစ်ကမ်းဘေးတစ်လျှောက်မှာ သူ ပုံမှန် လမ်းလျှောက်ဖြစ်နေလို့ ဖြစ်မယ် ထင်တယ်။ နေ့တိုင်း အဲဒီ အိုးမဲ့အိမ်မဲ့တွေကို ငေးကြည့်ရင်း သူ ဒီလိုများ တွေးနေမိမလား မသိဘူး။ ဒီလူတွေ ဘာအတွက်နဲ့များ အသက်ရှင်နေကြသလဲ။ သေမယ့်ရက်ကို အသာတကြည် ထိုင်စောင့်နေကြတာများလား။ သူတို့ သေသွားတယ် ဆိုရင်တောင် ဘယ်သူမှ သတိထားမိလိုက်မှာ မဟုတ်ဘူး။ ဘယ်သူကမှလည်း တကူးတက ဝမ်းနည်းပေးနေကြမှာ မဟုတ်ဘူး။ … ငါတော့ အဲဒီလို တွေးကြည့်မိတာပဲ”
“ဒါနဲ့ပဲ အဲဒီလိုလူမျိုးကို သတ်လိုက်ရင် ဘာမှ ပြဿနာမရှိဘူးလို့ သူက ယူဆနေတာလား”
“အဲဒီလိုတော့ ဟုတ်ချင်မှ မဟုတ်မှာပေါ့။ ဒါပေမယ့် သူ့ရဲ့ အစီအစဉ်ကို ချမှတ်တဲ့အခါမှာတော့ သူတို့ကို ထည့်စဉ်းစားခဲ့မှာ သေချာတယ်။ အဲဒါကတော့ မြေကြီးလက်ခတ် မလွဲနိုင်ဘူး။ ငါ မင်းကို အရင်က ပြောခဲ့ဖူးတာပဲ။ ကြောင်းကျိုးသာ ညီညွတ်မယ်ဆိုရင် ဘယ်လောက် ရက်စက်တဲ့ အလုပ်မျိုးကိုမဆို သူ လုပ်နိုင်တယ်”
“လူသတ်တာက ကြောင်းကျိုးညီညွတ် နေလို့လား”
“သူလိုချင်တာက တခြားလူ သတ်ထားတဲ့ အလောင်းတစ်လောင်း။ အဲဒီအလောင်းကို ရမှ သူ့စီမံကိန်းထဲက ဟာနေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ပေးနိုင်မယ်”
ကုစာနာဂိသည် မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်နေသေးသည်။ စာသင်ခန်းထဲတွင် စာသင်နေသကဲ့သို့ အမှုအကြောင်း အေးဆေးစွာ ပြောဆိုနေသော ယုကာဝါကို ကြည့်၍ ကုစာနာဂိ၏ စိတ်ထဲ မသက်မသာ ဖြစ်နေမိသည်။
“တိုဂါရှိ ရှင်ဂျိကို ဟာနာအိုကာ ယာစုကိုက သတ်ပြီးတဲ့ နောက်တစ်နေ့ မနက်မှာ အိရှိဂါမိက အိမ်ရာမဲ့တစ်ယောက်နဲ့ ဆက်သွယ်ခဲ့တယ်။ သူတို့ ဘာစကားတွေ ပြောခဲ့ကြသလဲ ဆိုတာကို ငါ အတိအကျ မခန့်မှန်းတတ်ပေမယ့် သေချာတာကတော့ အဲဒီလူကို တစ်ခုခု လုပ်ခိုင်းဖို့ သွားရှာတာပဲ။ သူက အဲဒီလူကို တိုဂါရှိ ရှင်ဂျိ တည်းခဲ့တဲ့ တည်းခိုခန်းကို ခေါ်သွားပြီး အဲဒီမှာ တစ်နေကုန်အောင် တည်းခိုင်းမယ်။ အိရှိဂါမိက တစ်ရက်ကြိုပြီး တည်းခိုခန်းထဲမှာ ရှိတဲ့ တိုဂါရှိ ရှင်ဂျိနဲ့ ဆိုင်တဲ့ ခြေရာလက်ရာတွေကို အားလုံး ရှင်းလင်းထားပြီး ဖြစ်လိမ့်မယ်။ ဒါကြောင့် အခန်းထဲမှာ ကျန်ခဲ့တာက အဲဒီလူရဲ့ လက်ဗွေရာနဲ့ ဆံပင်တွေပဲ။ ညရောက်တော့ အဲဒီလူက အိရှိဂါမိ ပေးထားတဲ့ အဝတ်အစားတွေကို ဝတ်ပြီး ချိန်းထားတဲ့ နေရာကို သွားမယ်”
“ရှီနိုဇာကိ ဘူတာကိုလား” ကုစာနာဂိက မေးသည်။
ယုကာဝါက ခေါင်းယမ်းပြသည်။ “မဟုတ်ဘူး။ ရှေ့တစ်ဘူတာ။ မီဇူအေ”
“ဘာဖြစ်လို့ မီဇူအေ ဖြစ်နေရတာလဲ”
“အိရှိဂါမိက ရှီနိုဇာကိဘူတာကို သွားပြီး စက်ဘီးတစ်စီး ခိုးတယ်။ နောက်မှ မီဇူအေဘူတာမှာ အဲဒီလူနဲ့ သွားတွေ့တယ်။ သူက နောက်ထပ် စက်ဘီးတစ်စီးတောင် ကြိုတင်ပြင်ဆင်ထားမယ့်ပုံ ရတယ်။ သူတို့နှစ်ယောက် ကျူး-အီဒိုဂါဝါ မြစ်ကမ်းနံဘေးကို ရောက်ပြီးတဲ့နောက် သူက အဲဒီလူကို သတ်ပစ်လိုက်တယ်။ သူ အဲဒီလူရဲ့ မျက်နှာကို ဖျက်ဆီးပစ်လိုက်ရတဲ့ အကြောင်းအရင်းက တိုဂါရှိ ရှင်ဂျိမဟုတ်မှန်း လူသိကုန်မှာ စိုးလို့ပေါ့။ သဘောအရဆိုရင် လက်ဗွေတွေကို မီးရှို့ပစ်ဖို့ မလိုဘူး။ တည်းခိုခန်းထဲမှာ အဲဒီလူရဲ့ လက်ဗွေတွေက ကျန်နေခဲ့ပြီးပြီ ဆိုတော့ မီးမရှို့လည်း ရဲဘက်က သေသူကို တိုဂါရှိ ရှင်ဂျိလို့ ယူဆသွားကြတော့မှာပဲ။ ဒါပေမယ့် မျက်နှာကိုတောင် ဖျက်ဆီးထားပြီ ဆိုတော့ လက်ဗွေတွေကို မဖျက်ဆီးဘဲ ပစ်ထားလိုက်ရင် ယုတ္တိမရှိလို့ သံသယ ဖြစ်လာနိုင်စရာ ရှိတယ်။ ဒါကြောင့် လက်ဗွေတွေကို သူ မရှို့လို့ မဖြစ်တော့ဘူး။ အဲဒီလို လုပ်လိုက်ရင် သေသူရဲ့ နောက်ကြောင်းကို လိုက်ဖို့ ရဲတွေအတွက် အချိန်အများကြီး လိုလာပြန်ရော။ ဒါနဲ့ သူက စက်ဘီးပေါ်မှာ လက်ဗွေရာတွေ ချန်ထားပေးခဲ့တယ်။ အဝတ်အစားတွေကို ကုန်အောင် မီးမရှို့ပစ်တာကလည်း အဲဒီ အကြောင်းအရင်းပဲ”
“ဒါဆို စက်ဘီးက အသစ်ဖြစ်နေဖို့ လိုသေးလို့လား”
“မိုးမပြို ပြိုခဲ့သည် ရှိသော်ပေါ့”
“ဘာအဓိပ္ပာယ်လဲ”
“အိရှိဂါမိဘက်က ကြည့်ရင် အရေးအကြီးဆုံး အချက်က ဘာလဲ။ ရဲတွေအနေနဲ့ လူသတ်မှုဖြစ်ပွားခဲ့တဲ့ အချိန်ကို အတိအကျ တွက်ဆနိုင်ဖို့ပဲ။ ရင်ခွဲလို့ ရတဲ့ အဖြေက အားကိုးလောက်တယ် ဆိုပေမယ့် အလောင်းကို တွေ့တာ နောက်ကျသွားမယ် ဆိုရင် အခင်းဖြစ်တဲ့ အချိန်လည်း အထိုက်အလျောက် ဆွဲဆန့်ခံရသလို ဖြစ်သွားနိုင်တယ်။ အခန့်မသင့်ရင် ရှေ့တစ်ရက်အထိ ဆွဲဆန့်သွားနိုင်တယ်။ သဘောက ၉ ရက်နေ့ ညအထိပေါ့။ အဲဒီလို ဖြစ်သွားရင် သူ့အတွက် နိမိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ၉ ရက်နေ့မှာ တိုဂါရှိ ရှင်ဂျိကို ဟာနာအိုကာ ယာစုကိုတို့က သတ်ခဲ့တာကိုး။ အဲဒီနေ့အတွက် သူတို့မှာ အလီဘိုင် မရှိဘူး။ အဲဒီအချက်ကို ကာကွယ်နိုင်ဖို့အတွက် စက်ဘီးဟာ ၁၀ ရက်နေ့မှာ ပျောက်သွားပါတယ်ဆိုတဲ့ သက်သေအထောက်အထားကို ပြင်ဆင်ဖို့ လိုအပ်လာတယ်။ ဒီတော့ တစ်နေကုန်လုံး ပစ်ထားပြီး ဘယ်သူမှ စိတ်မဝင်စားတဲ့ စက်ဘီးမျိုးကိုလည်း ရွေးလို့ မဖြစ်ဘူး။ အခိုးခံလိုက်ရတာနဲ့ တစ်ပြိုင်နက် စက်ဘီးပိုင်ရှင်က အမှုတန်းဖွင့်မယ် ဆိုတဲ့ စက်ဘီးမျိုးကို ရွေးမှ ဖြစ်မယ်။ ဒါကြောင့် ပစ်မှတ်က အသစ်ဝယ်ထားတဲ့ စက်ဘီး ဖြစ်လာရတော့တာပဲ”
“နက်ရှိုင်းပါပေ့ကွာ” ကုစာနာဂိက သူ့နဖူးကို လက်ဖဝါးဖြင့် ရိုက်လိုက်သည်။
“စက်ဘီးကို အခင်းဖြစ်တဲ့နေရာမှာ တွေ့တဲ့အချိန်တုန်းက ဘီးနှစ်ဘီးစလုံးကို သံချွန်နဲ့ ဖောက်ထားတယ် မဟုတ်လား။ အဲဒါ သူများတွေ ယူသွားမှာကို ကာကွယ်ဖို့အတွက် အိရှိဂါမိ လုပ်ထားတဲ့ အကွက်ပဲ။ ဟာနာအိုကာ သားအမိရဲ့ အလီဘိုင် ခိုင်မာဖို့အတွက် သူ ဘယ်လောက်အထိ စဉ်းစားပေးထားသလဲ ဆိုတာ အဲဒါသာ ကြည့်တော့”
“ဒါပေမယ့် သူတို့ရဲ့ အလီဘိုင်က စင်းလုံးချော ဖြစ်မနေဘူး။ သူတို့တွေ အဲဒီနေ့ညက ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်နေပါတယ်လို့ သက်သေပြနိုင်လောက်အောင် ခိုင်မာတဲ့ အထောက်အထားကို ငါတို့ အခုချိန်ထိ ရှာလို့ မတွေ့သေးဘူး”
“ဒါပေမယ့် သူတို့ ရုပ်ရှင်ရုံထဲမှာ ရှိမနေပါဘူးလို့လည်း မင်းတို့ သက်သေ မပြနိုင်ဘူး မဟုတ်လား” ယုကာဝါက ထောက်ပြသည်။ “အမြင်အရ အားနည်းပေမယ့် ဘယ်လိုမှ ချေဖျက်လို့ မရတဲ့ အလီဘိုင်ဟာ အိရှိဂါမိ ဆင်ထားတဲ့ ထောင်ချောက်ပဲ။ တကယ်လို့သာ အလီဘိုင်က စင်းလုံးချော ဖြစ်နေရင် အကြံအဖန် လုပ်ထားသလားဆိုပြီး မင်းတို့က သံသယ ဝင်ကြဦးမှာ မဟုတ်လား။ အဲဒီကနေ မီးခိုးကြွက်လျှောက် လိုက်ပြီး သေသူကို တိုဂါရှိ ရှင်ဂျိမှ ဟုတ်ရဲ့လားလို့ သံသယ ဝင်ချင် ဝင်သွားနိုင်တယ်။ အိရှိဂါမိ ကြောက်တာ အဲဒီအချက်ပဲ။ အသတ်ခံရသူဟာ တိုဂါရှိ ရှင်ဂျိ၊ သံသယတရားခံက ဟာနာအိုကာ ယာစုကို။ သူက အဲဒီထောင်ချောင်ကို အမိအရ ဆင်ထားပြီး ရဲတွေကို အဲဒီထဲကနေ ဘယ်လိုနည်းနဲ့မှ ရုန်းထွက်ခွင့် ပေးမှာမဟုတ်ဘူး”
ကုစာနာဂိက သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။ ယုကာဝါ ပြောသကဲ့သို့ပင်။ သေသူကို တိုဂါရှိ ရှင်ဂျိဟု အထင်မှားပြီး သူတို့၏ သံသယမျက်လုံးများသည် ချက်ချင်းဆိုသလို ဟာနာအိုကာ ယာစုကိုအထံသို့ ကျရောက်သွားကြသည်။ ထို့အပြင် သူမ တင်ပြလာသော အလီဘိုင်ကလည်း ယုံရအခက်၊ မယုံရအခက်။ ထို့ကြောင့် သူတို့သည် သူမကို ပို၍ သံသယ ဝင်ခဲ့ကြသည်။ ဤသို့အားဖြင့် သေသူသည် တိုဂါရှိ ရှင်ဂျိဖြစ်သလော ဟူသည့်အချက်ကို မည်သူမျှ သံသယဝင်ရန် အမှတ်မရကြတော့ပေ။
“အတော် ကြောက်စရာကောင်းတဲ့ လူပဲ” ကုစာနာဂိက တီးတိုးရေရွတ်လိုက်သည်။
“ဟုတ်တယ်” ယုကာဝါက ပြောသည်။ “အဲဒီလို ကြောက်စရာကောင်းတဲ့ လှည့်ကွက်ကို ဖောက်ထွင်း မြင်နိုင်သွားတာကလည်း မင်းရဲ့ ကျေးဇူးပဲ”
“ငါ့ကြောင့် …”
“အိရှိဂါမိ မေးခွန်းထုတ်တဲ့အခါမှာ သုံးတဲ့ ဗျူဟာကို မင်း ပြောခဲ့ဖူးတယ်လေ။ မှတ်မိသေးလား။ ကျောင်းသားတွေရဲ့ ကြိုတင်မှန်းဆချက်ကနေ အရင်းခံပြီး ဖြစ်လာတဲ့ မျက်ကွယ်မှတ်ကို အသုံးချတယ် ဆိုတာလေ။ အမြင်အရ ဂျီဩမေတြီလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ အယ်ဂျီဘရာပုစ္ဆာ ဖြစ်နေတာမျိုး”
“အင်း၊ အဲဒီတော့ ဘာဖြစ်လဲ”
“သဘောတရားက အတူတူပဲ။ အလီဘိုင်မှာ ပြဿနာရှိနေတယ်လို့ ထင်ရပေမယ့် တကယ်တမ်း ပြဿနာက အလောင်းပေါ်မှာ”
“အား” ကုစာနာဂိက ထအော်လိုက်မိသည်။
“နောက်တော့ မင်းက ငါ့ကို အိရှိဂါမိရဲ့ ရုံးတက်မှတ်တမ်း လာပြတယ်။ မတ်လ ၁၀ ရက်နေ့မနက်မှာ သူ ခွင့်ယူပြီး ကျောင်းမသွားခဲ့ဘူး။ မင်းက အဲဒါကို အမှုနဲ့ မဆိုင်ဘူးလို့ ယူဆပြီး အလေးမထားခဲ့ပေမယ့် ခွင့်ယူထားတဲ့ အချိန်ကို ငါ မြင်လိုက်တာနဲ့ သဘောပေါက်သွားတယ်။ အိရှိဂါမိ အရေးတကြီး ဖုံးကွယ်ထားချင်တဲ့ ကိစ္စဟာ ၁၀ ရက်နေ့မှာ ဖြစ်တာမဟုတ်ဘဲ သူ့ရှေ့တစ်ရက် ၉ ရက်နေ့မှာ ဖြစ်သွားခဲ့တယ် ဆိုတဲ့ အချက်ပဲ”
အိရှိဂါမိ အရေးတကြီး ဖုံးကွယ်ထားချင်သော ကိစ္စ ဆိုသည်မှာ ဟာနာအိုကာ ယာစုကို၏ လက်ချက်ဖြင့် တိုဂါရှိ ရှင်ဂျိ သေဆုံးခဲ့ရသည့် လူသတ်မှုပင် ဖြစ်သည်။
ယုကာဝါ၏ သုံးသပ်ချက်များမှာ အစမှ အဆုံးတိုင် အားလုံး စရွေးကိုက်၍ အံဝင်ခွင်ကျ ဖြစ်သည်ဟု ဆိုရမည်။ အသေအချာ စဉ်းစားကြည့်လျှင် ယခင်က ပေါ့ပေါ့တန်တန် ယူဆခဲ့သော စက်ဘီးပျောက်မှုနှင့် တစ်ဝက်တစ်ပျက် လောင်ကျွမ်းခဲ့သော အဝတ်အစားများသည် လူသတ်မှုနှင့် တိုက်ရိုက် ပတ်သက်ဆက်စပ်နေသည်။ သူတို့ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံးသည် အိရှိဂါမိ ဖန်တီးထားသော ဝင်္ကပါထဲသို့ အမှန်ပင် ခုန်ချခဲ့ကြသည်ဟု ကုစာနာဂိအနေဖြင့် ဝန်မခံချင်၍ မရ။
သို့သော်လည်း သူ၏ စိတ်ထဲတွင် ထိုဖြေရှင်းချက်များကို ယုံရ ခပ်ခက်ခက်ပင် ဖြစ်နေသေးသည်။ လူသတ်မှုတစ်ခုကို ဖုံးကွယ်ပေးနိုင်ရန်အတွက် တခြားလူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ဤသို့သောသူ ဇမ္ဗူတွင် ရှိနိုင်ပါ၏လော။
“အဲဒီ လှည့်ကွက်ထဲမှာ နောက်ထပ် အရေးပါတဲ့ အနှစ်သာရတစ်ခုလည်း ရှိနေသေးတယ်” ယုကာဝါသည် ကုစာနာဂိ၏ သံသယစိတ်ကို ဖောက်ထွင်းမြင်နေဟန် တူသည်။ “ဘုရင့်နောင် ဖောင်ဖျက်လိုက်တဲ့ သဘောပဲ။ အဖြစ်မှန်တွေ ပေါ်ကုန်တာနဲ့ သူက ခေါင်းဝင်ခံမယ်လို့ အစောကြီးကတည်းက သူ ဆုံးဖြတ်ထားခဲ့တယ်။ အဲဒီ ဆုံးဖြတ်ချက်ကို နည်းနည်းလေးမှ ယိုင်နဲ့မသွားရလေအောင် အစီအစဉ် စကတည်းက ကြိုပြီး ‘ဖောင်’ ဖျက်ထားလိုက်တယ်။ ရဲတွေရဲ့ စစ်ကြောရေးမှာ တောင့်မခံနိုင်တော့လို့ အမှန်တွေ ဖွင့်ဟမိမှာ၊ အရေးရယ် အကြောင်းရယ် ဖြစ်လာတဲ့ အချိန်ကျမှ တွန့်ဆုတ်နေမိမှာ သူလည်း ကြောက်ပုံရတယ်။ အခုလို လုပ်ပစ်လိုက်တော့ သူ ဘာမှ စိုးရိမ်နေစရာ မလိုတော့ဘူး။ ဘယ်လောက်ပဲ အတင်းအကျပ် စစ်မေးနေပါစေ၊ သူ တွန့်ဆုတ်သွားစရာ အကြောင်း မရှိတော့ဘူး။ လူကို သူ သတ်ခဲ့ပါတယ်လို့ မယိမ်းမယိုင် ထွက်ဆိုသွားရုံပဲ။ ကျူး-အီဒိုဂါဝါမှာ တွေ့တဲ့ အလောင်းကို သူ တကယ်ပဲ သတ်ခဲ့တာကိုး။ သူများအသက်ကို သတ်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ထောင်ကျသွားတာ ဘာဆန်းလို့လဲ။ အဲ … တစ်ချိန်တည်းမှာပဲ သူ ချစ်တဲ့သူကိုလည်း အထိအခိုက်မရှိ ကာကွယ်ပေးသွားနိုင်တယ်”
“သူရဲ့ လှည့်ကွက်တွေကို ရိပ်မိသွားပြီဆိုတာ အိရှိဂါမိ သိလား”
“ငါ သူ့ကို ပြောပြပြီးပြီ။ ဒါပေမယ့် ငါပြောခဲ့တဲ့စကားကို သူတစ်ယောက်တည်းပဲ နားလည်နိုင်တယ်။ ငါ မင်းကို စောစောက ပြောခဲ့တဲ့ စကားပဲ။ ‘လောကမှာ အသုံးမဝင်တဲ့ ခွေးသွားစိပ်ဆိုတာ မရှိပါဘူး။ တစ်ခုပဲ ရှိတယ်။ ခွေးသွားစိပ် ကိုယ်နှိုက်ကသာ သူ့ရဲ့ အသုံးဝင်ပုံကို ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်တယ်။’ ခွေးသွားစိပ်ဆိုတာ ဘာလဲ။ မင်းအခု နားလည်လောက်ရောပေါ့”
“အိရှိဂါမိရဲ့ လှည့်ကွက်ထဲမှာ အသုံးချခံအဖြစ် မအူမလည် ပါသွားတဲ့ အိမ်ရာမဲ့ကို ပြောတာ မဟုတ်လား”
“သူ့ရဲ့ လုပ်ရပ်က ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ မရှိဘူး။ သူ့ဘာသာ သွားပြီး အဖမ်းခံလိုက်တာတော့ အကောင်းဆုံးပေါ့။ ငါ သူ့ကို ခွေးသွားစိပ်အကြောင်း ပြောပြရတာကလည်း သူ့ကို အဲဒီလို လုပ်စေချင်လို့ပဲ။ ဒါပေမယ့်ကွာ။ သူက အခုလို ပုံစံမျိုးကြီး အဖမ်းခံလိမ့်မယ်လို့ ငါ ထင်တောင် ထင်မထားခဲ့ဘူး။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုတောင် အချိုးအဖဲ့ခံပြီး သူများကို ကာကွယ်ပေးဖို့ ကြိုးစားသွားခဲ့သေးတယ်။ … ငါ အဲဒီသတင်းကို ကြားလိုက်တဲ့ အခါကျမှ သူ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း စီမံထားခဲ့သလဲဆိုတာ သဘောပေါက်သွားတော့တယ်”
“ဒါဆို တိုဂါရှိ ရှင်ဂျိရဲ့ အလောင်းက ဘယ်မှာလဲ”
“ငါ မသိဘူး။ အိရှိဂါမိ ဖျောက်ဖျက်ပစ်လိုက်ရောပေါ့။ တခြားဒေသက ရဲတွေ တွေ့ချင် တွေ့ထားလိမ့်မယ်။ ဒါမှမဟုတ် လုံးဝ မတွေ့သေးတာလည်း ဖြစ်မယ်”
“တခြားဒေသက ရဲ … ငါတို့ ပိုင်နက်ထဲမှာ မရှိဘူးလို့ ပြောချင်တာလား”
“ဟုတ်တယ်။ သေချာတာကတော့ မင်းတို့ ပိုင်နက်ကို ရှောင်ရမယ်။ တိုဂါရှိ ရှင်ဂျိရဲ့ အလောင်းနဲ့ သူဆင်ထားတဲ့ လူသတ်မှုက ဘယ်လိုနည်းနဲ့မှ ဆက်နွှယ်သွားလို့ မဖြစ်ဘူး”
“ဒါကြောင့်ပဲ မင်းက စာကြည့်တိုက်သွားပြီး သတင်းစာ သွားလှန်တယ်ပေါ့။ ပိုင်ရှင်မပေါ်တဲ့ အလောင်းကို တွေ့ထားတာများ ရှိမလားလို့ ရှာကြည့်တာလား”
“ငါ လေ့လာထားရသလောက်တော့ အဲဒီလိုအလောင်းမျိုး အခုထိ မတွေ့သေးဘူး။ ဒါပေမယ့် တစ်နေ့မဟုတ်တစ်နေ့ တွေ့လာမှာပဲလေ။ သူက အလောင်းကို ဖွက်ထားဖို့ သိပ် အာရုံစိုက်လိမ့်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလောင်းကို တွေ့သွားရင်တောင် အဲဒီအလောင်းရှင်ကို တိုဂါရှိ ရှင်ဂျိပါလို့ သတ်မှတ်ကြမှာ မဟုတ်တော့ဘူး”
“ငါ အခု သွားရှာလိုက်မယ်” ကုစာနာဂိက ပြောတယ်။
ယုကာဝါက ခေါင်းခါပြသည်။ “မဖြစ်ဘူး။ အဲဒီလိုလုပ်တာက မင်းပေးထားတဲ့ ကတိကို ဖျက်တာနဲ့ အတူတူပဲ။ ငါ အစကတည်းက ပြောခဲ့ပြီးပြီ။ ငါ အခုလို ပြောပြနေတာက သူငယ်ချင်းဖြစ်တဲ့ မင်းကို ပြောတာ။ မှုခင်းစစ်ရဲကို မဟုတ်ဘူး။ တကယ်လို့ ငါ ပြောခဲ့သမျှ အချက်အလက်တွေအပေါ် အခြေခံပြီး မင်း အမှုဆက်လိုက်မယ်ဆိုရင် မင်းနဲ့ငါ သေခန်းပြတ်ပဲ”
ယုကာဝါ၏ မျက်လုံးများပေါ်တွင် ပြတ်သားမှုက အထင်သား ပေါ်လွင်နေသည်။ တစ်ဘက်သားကို ဈေးဆစ်ခွင့် ပြုမည် မဟုတ်။
“ငါ သူ့အပေါ်မှာ လောင်းကြေးထပ်ကြည့်ချင်တယ်။ သူ ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ကြရအောင်လား” ယုကာဝါသည် ဘန်တန်တိုင်ဆီသို့ လက်ညှိုးထိုးပြသည်။ “သူက အဖြစ်မှန်ကို လုံးဝ သိထားတာ မဟုတ်ဘူး။ အိရှိဂါမိဟာ သူ့တစ်ဘဝလုံးကို ဘယ်လို စတေးပစ်ခဲ့တယ် ဆိုတာ သူ မသိဘူး။ သူ့ကို အဖြစ်မှန်တွေ အကုန်လုံး ပြောပြလိုက်ဖို့ ငါ စိတ်ကူးထားတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ပါစေလို့ မျှော်လင့်ရတာပဲ။ အိရှိဂါမိကတော့ သူ့ကို ကလေးတစ်ယောက်လို ဘာမှ မသိဘဲ ပျော်ပျော်ရွှင်ရွှင် ဆက်နေသွားစေချင်မှာပဲ။ ဒါပေမယ့် အဲဒီအနေအထားမျိုးကို ငါ ဘယ်လိုမှ လက်ပိုက်ကြည့်မနေနိုင်ဘူး။ သူ အဖြစ်မှန်ကို သိသင့်တယ်လို့ ငါ ယူဆတယ်”
“သူက အဖြစ်မှန်ကို သိသွားတဲ့အခါမှာ သွားအဖမ်းခံလိမ့်မယ်လို့ မင်း မျှော်လင့်ထားတာလား”
“ငါ မသိဘူး။ သူ့ကို အဖမ်းခံပါလို့လည်း ငါ အတင်းအကျပ် တောင်းဆိုနေမှာ မဟုတ်ဘူး။ အိရှိဂါမိရဲ့ မျက်နှာကို မြင်ယောင်လာပြန်တော့ သူ့ဆန္ဒအတိုင်း လွတ်မြောက်သွားပါစေလို့လည်း ငါ ဆုတောင်းနေမိတာ အမှန်ပဲ”
“တကယ်လို့သာ ဟာနာအိုကာ ယာစုကိုက အချိန်ကြာလာတဲ့အထိ လာပြီး အဖမ်းမခံသေးဘူး ဆိုရင်တော့ ငါ အမှုကို ဆက်စုံစမ်းရလိမ့်မယ်။ အဲဒီအခါကျရင် မင်းနဲ့ငါရဲ့ ခင်မင်မှုတွေ ပျက်သွားမယ်ဆိုလည်း ငါ မမှုနိုင်တော့ဘူး”
“မင်း သဘောပဲလေ”
ဟာနာအိုကာ ယာစုကိုနှင့် စကားပြောနေသော သူငယ်ချင်းကို ငေးကြည့်နေရင်း ကုစာနာဂိသည် ဆေးလိပ်ကို တစ်လိပ်ပြီးတစ်လိပ် ဖွာနေမိသည်။ ယာစုကိုသည် တစ်လျှောက်လုံး ခေါင်းကို ငုံ့ထားလျက် တစ်ရံတစ်ဆစ်မျှ လှုပ်ရှားခြင်း မရှိ။ ယုကာဝါ၏ နှုတ်ခမ်းများမှာ အဆက်မပြတ် လှုပ်ရှားနေသော်လည်း မျက်နှာအမူအရာကမူ စိုးစဉ်းမျှ ပြောင်းလဲမသွားပေ။ သို့သော် သူတို့နှစ်ဦးစလုံး၏ ဘေးပတ်ဝန်းကျင်တွင် သောက၏ အရိပ်အငွေ့များ ဝေ့ဝဲပျံ့နှံ့နေသည်ဟု ကုစာနာဂိက ခံစားနေရသည်။
ယုကာဝါသည် မတ်တတ်ရပ်ပြီး ယာစုကိုကို ဦးညွတ်လိုက်သည်။ ကုစာနာဂိ ရှိရာသို့ လျှောက်လာနေစဉ်တွင် ယာစုကိုသည် ကျောက်ဆစ်ရုပ်တစ်ရုပ်ပမာ မူလနေရာတွင် မလှုပ်မယှက် ထိုင်နေလေသည်။
“မင်းကို စောင့်ခိုင်းရတာ ဆောရီးပဲ” ယုကာဝါက ပြောသည်။
“အကုန် ပြောပြလိုက်ပြီလား”
“အင်း”
“သူ ဘယ်လို ဆက်လုပ်မှာတဲ့လဲ”
“မသိဘူးလေ။ ငါက သူ့ကို အဖြစ်မှန်ပဲ ပြောပြလိုက်တာ။ ဘာဆက်လုပ်မလဲဆိုတာတော့ မေးမနေတော့ဘူး။ ဘာလုပ်သင့်တယ်လို့လည်း အကြံမပေးချင်ဘူး။ သူ့ဘာသာ စိတ်ကြိုက် လုပ်ပါစေ”
“ငါ မင်းကို ပြောခဲ့ပြီးပြီနော်။ တကယ်လို့သာ သူ …”
“ငါ သိပါတယ်။ မင်း ထပ်မပြောပါနဲ့တော့” ယုကာဝါက လက်မြှောက်၍ သူ့ကို တားလိုက်သည်။ သူတို့ ပန်းခြံအပြင်သို့ ထွက်လာကြသည်။ “ငါ မင်းကို အကူအညီတစ်ခု တောင်းချင်တယ်”
“မင်း အိရှိဂါမိကို တွေ့ချင်တာ မဟုတ်လား”
ယုကာဝါက မျက်လုံးပြူးလျက် သူ့ကို လှည့်ကြည့်သည်။ “မင်း ဘယ်လိုလုပ် သိသလဲ”
“သိတာပေါ့ဟ။ ငါတို့ ပေါင်းလာတာ ဒီလောက်ကြာလှပြီကို”
“အေးပေါ့လေ။ အခုချိန်ထိတော့ ငါတို့ သူငယ်ချင်းတွေ ဖြစ်နေကြသေးတာပဲ” ယုကာဝါက မချိတရိ ပြုံးလိုက်သည်။