မာတိကာကြည့်ရန်

အခန်း (၁၆)

အိရှိဂါမိသည် ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် ကုစာနာဂိကို စိုက်ကြည့်နေသည်။ သို့မဟုတ် သူ၏ မျက်လုံးများသည် ကုစာနာဂိ ရှိရာအရပ်သို့ တူရူနေကြသည်။ တစ်စုံတစ်ဦးကိုမျှ စိုက်ကြည့်နေခြင်း မဟုတ်။ သူ၏ စိတ်မျက်စိဖြင့် အဝေးတစ်နေရာမှ တစ်စုံတစ်ခုကို စူးစိုက်ကြည့်နေစဉ် ကုစာနာဂိက သူ့မျက်စိ ရှေ့တည့်တည့်တွင် အခန့်သင့် ထိုင်နေမိခြင်းလည်း ဖြစ်နိုင်သည်။ အိရှိဂါမိ၏ မျက်နှာသေကို ကြည့်ပြီး မည်သူမဆို ထိုသို့ ကောက်ချက်ဆွဲကြလိမ့်မည် ထင်သည်။

“ကျွန်တော် သူ့ကို ပထမဆုံး တွေ့တဲ့နေ့က မတ်လ ၁၀ ရက်နေ့” အနိမ့်အမြင့် မရှိသော လေသံဖြင့် သူ စကားစလာသည်။ “ကျွန်တော် ကျောင်းကနေ အိမ်ပြန်လာတော့ တိုက်ခန်းရှေ့မှာ လမ်းသလားနေတဲ့ သူ့ကို တွေ့လိုက်ရတာပဲ။ မစ္စဟာနာအိုကာကို လာရှာတာ ဖြစ်မယ်။ သူ့အိမ်က စာတိုက်ပုံးထဲကို ခပ်တည်တည်နဲ့ နှိုက်ပြီး ဟိုမွှေဒီမွှေ လုပ်နေခဲ့သေးတယ်”

“ဆောရီးဗျာ၊ ခင်ဗျားပြောနေတဲ့ ‘သူ’ ဆိုတာက …”

“တိုဂါရှိ ရှင်ဂျိ။ အဲဒီတုန်းကတော့ သူ့နာမည်ကို ကျွန်တော် မသိသေးဘူး” အိရှိဂါမိက ဖြေသည်။

စစ်ကြောရေးအခန်းထဲတွင် ကုစာနာဂိနှင့် ကိရှိတာနိ နှစ်ဦးတည်းသာ ရှိကြသည်။ ကိရှိတာနိက စားပွဲပေါ်တွင် မှတ်တမ်းရေးရန် တာဝန်ယူရသည်။ တခြားရဲအရာရှိများ မပါဝင်ရန် အိရှိဂါမိက တောင်းဆိုခဲ့သည်။ သူ၏ အကြောင်းပြချက်မှာ ပါးစပ်ပေါက်များလျှင် အာရုံစူးစိုက်ရခက်သည် ဟူ၏။

“ကျွန်တော်က ထူးဆန်းတာနဲ့ သူ့ကို လှမ်းခေါ်လိုက်တယ်။ သူ့ရဲ့ အမူအရာက လမ်းသရဲစတိုင်။ ဟာနာအိုကာ ယာစုကိုကို လာရှာတာလို့ ပြောတယ်။ နောက်ပြီး သူ့ကိုယ်သူ အိမ်ခွဲနေနေတဲ့ မစ္စဟာနာအိုကာရဲ့ ယောက်ျားပါတဲ့။ သူ ညာပြောနေတယ် ဆိုတာကို ကျွန်တော် ချက်ချင်းပဲ ရိပ်မိလိုက်တယ်။ ဒါပေမယ့် သူ့ကို အယုံသွင်းချင်တာနဲ့ ကျွန်တော်လည်း သူ့စကားကို ယုံချင်ယောင် ဆောင်လိုက်တာပေါ့”

“နေပါဦး။ ခင်ဗျားက သူ ညာနေမှန်း ဘယ်လိုလုပ်ပြီး သိလိုက်တာလဲ” ကုစာနာဂိက မေးသည်။

အိရှိဂါမိက ပင့်သက်ရှိုက်လိုက်သည်။ “ဟာနာအိုကာ ယာစုကို အကြောင်းကို အူမချေးခါးမကျန် ကျွန်တော် အကုန်သိတယ်။ ကွာရှင်းပြီးနောက်ပိုင်း သူ အဲဒီလူကို ပတ်ပုန်းနေရတယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိတာပေါ့”

“ခင်ဗျားက ဘယ်လိုလုပ်ပြီး အဲဒီလောက် သိနေရတာလဲ။ ခင်ဗျားတို့က အိမ်နီးချင်းတွေ ဆိုပေမယ့် ကျွန်တော် သိသလောက် ခင်ဗျားတို့တွေက အဆက်အဆံမှ မရှိကြတာပဲ။ ခင်ဗျားက သူ အလုပ်လုပ်နေတဲ့ ဆိုင်ကို ပုံမှန် သွားနေတတ်တာပဲ ရှိတာ”

“အဲဒါက အပြင်ပန်းလေ”

“အပြင်ပန်း …”

အိရှိဂါမိသည် ခါးကို ဆန့်တန်းပြီး ရင်ကို အနည်းငယ် ကော့လိုက်သည်။ “ကျွန်တော်က ဟာနာအိုကာ ယာစုကိုရဲ့ ဘော်ဒီဂတ်လေ။ သူ့အနား အကြံအဖန်နဲ့ ကပ်လာတတ်ကြတဲ့ ယောက်ျားတွေရဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးရမှာ ကျွန်တော့်တာဝန်ပဲ။ ဒါပေမယ့် ဘယ်သူမှ အဲဒီအကြောင်းကို မသိကြဘူး။ ကျွန်တော်က အများအမြင်မှာ ကျောင်းဆရာလည်း ဖြစ်နေသေးတာကိုး”

“ဒါကြောင့် သူတို့နဲ့ အဆက်အဆံ မရှိသလောက်ပဲလို့ ပထမဆုံးအကြိမ် တွေ့ကြတုန်းက ခင်ဗျား ကျွန်တော့်ကို ပြောခဲ့တယ် ဆိုပါတော့”

အိရှိဂါမိက တိုးတိတ်စွာ သက်မချလိုက်သည်။ “ခင်ဗျားက လူသတ်မှုအတွက် ကျွန်တော့်ကို လာရှာတာလေ။ ကျွန်တော်က ခင်ဗျားကို အမှန်အတိုင်း ပြောလို့ ဖြစ်ပါ့မလား။ နို့မို့ ကိုယ့်ဘာသာကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်နေမှာပေါ့”

“အင်း” ကုစာနာဂိက ခေါင်းညိတ်လိုက်သည်။ “ဟာနာအိုကာ ယာစုကိုအကြောင်းကို ခရေစေ့တွင်းကျ သိထားတယ်လို့ ခင်ဗျား စောစောက ပြောခဲ့တယ်။ သူ့ဘော်ဒီဂတ် ဖြစ်နေတာကြောင့် အဲဒီလောက် သိနေတာပါလို့ ခင်ဗျားက ဆိုလိုချင်တာလား”

“ဟုတ်တယ်”

“ဒီအမှု မဖြစ်ခင်ကတည်းက သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတယ်လို့ ဆိုလိုချင်တာလား”

“ဟုတ်တယ်။ ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ ဒါက အထူးလျှို့ဝှက် အစီအစဉ်ပါ။ သူ့သမီးတောင် သိတာ မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်ယောက်က အများမသိအောင် သတိထားပြီး လျှို့ဝှက်ဆက်သွယ်ခဲ့ကြတာ”

“ဒီထက်ပိုပြီး အတိအကျ ပြောမပြနိုင်တော့ဘူးလား”

“ကျွန်တော်တို့မှာ ဆက်သွယ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။ ….. အဲဒီအကြောင်းကို စပြီး ပြောစေချင်တာလား” အိရှိဂါမိက အကဲခတ်သည့် မျက်လုံးဖြင့် ကုစာနာဂိကို လှမ်းကြည့်သည်။

တစ်ခုခုတော့ လွဲမှားနေပြီ ဖြစ်ကြောင်း ကုစာနာဂိ ခံစားနေရသည်။ ဟာနာအိုကာ ယာစုကိုနှင့် လျှို့ဝှက်စွာ ဆက်သွယ်ခဲ့ကြပါသည်ဟု ဝန်ခံပြောဆိုနေသော အိရှိဂါမိ၏ စကားများမှာ ယုတ္တိမဲ့လွန်းလှသည်။ အကြောင်းပြချက်များကလည်း မှုန်တိမှုန်မွှားနှင့် ပြက်ပြက်ထင်ထင် မရှိလှ။ သို့သော် ကုစာနာဂိအနေဖြင့် လတ်တလော အသိချင်ဆုံး ကိစ္စမှာ ဘာတွေ ဖြစ်ခဲ့သနည်း ဟူသော အချက်သာ ဖြစ်သည်။

“အဲဒါကို ကျွန်တော်တို့ နောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့။ အခုလောလောဆယ်မှာ ခင်ဗျားနဲ့ မစ္စတာတိုဂါရှိတို့ ပြောခဲ့ကြတဲ့ စကားတွေကို အသေးစိတ် ပြောပြပေးပါလား။ သူ့ကို ဟာနာအိုကာ ယာစုကိုရဲ့ လင်သားဖြစ်ကြောင်း ခင်ဗျား ဟန်ဆောင်ပန်ဆောင် ယုံပေးလိုက်တယ် ဆိုတဲ့အကြောင်း ရောက်သွားပြီ”

“သူက ကျွန်တော့်ကို ဟာနာအိုကာ ယာစုကို ဘယ်သွားသလဲလို့ မေးတာပေါ့။ ကျွန်တော်က သူ့ကို ညာပြောလိုက်တယ်။ သူ အခု ဒီမှာ မနေတော့ဘူး။ အလုပ်ကိစ္စကြောင့် တခြားနေရာကို ပြောင်းသွားတာ မကြာသေးဘူးလို့ ပြောလိုက်တော့ သူ တအံ့တဩနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ ပြီးတော့ သူ့ရဲ့ လိပ်စာအသစ်ကို သိလားလို့ ကျွန်တော့်ကို မေးပြန်တယ်။ ကျွန်တော်လည်း သိကြောင်း သူ့ကို ပြန်ဖြေလိုက်တယ်”

“သူ့လိပ်စာသစ်ကို ခင်ဗျား ဘယ်လို ပြောလိုက်တာလဲ”

အိရှိဂါမိက ခပ်ထေ့ထေ့ ပြုံးလိုက်သည်။ “ရှီနိုဇာကိ။ ကျူး-အီဒိုဂါဝါ မြစ်ကမ်းဘေးက တိုက်တစ်လုံးကို ပြောင်းသွားတယ်လို့ ကျွန်တော် ပြောလိုက်တယ်”

ရှီနိုဇာကိ ဟူသော နာမည်ကို စတင် ကြားရချေပြီ။

“ဒါပေမယ့် ခင်ဗျားက သူ့ကို အဲဒီလောက် ပြောပြလိုက်ရုံနဲ့ သူက ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်ပါ့မလဲ”

“တိုဂါရှိက လိပ်စာအတိအကျကို သိချင်တာနဲ့ ကျွန်တော့်ကို အူယားဖားယား မေးနေတော့တာ။ ကျွန်တော်လည်း သူ့ကို အိမ်အပြင်မှာ ခဏစောင့်ခိုင်းပြီး အိမ်ခန်းထဲ ဝင်သွားလိုက်တယ်။ အထဲရောက်တော့ မြေပုံကြည့်ပြီး စာရွက်ပိုင်းတစ်ပိုင်းပေါ်မှာ လိပ်စာတစ်ခု ရေးပေးလိုက်တယ်။ ရေဆိုးသန့်စင်ရေးစက်ရုံရဲ့ လိပ်စာလေ။ စာရွက်ပိုင်းကို ကြည့်ပြီး ပျော်နေတဲ့ သူ့မျက်နှာကို ခင်ဗျားတို့ မြင်စေ့ချင်တယ်။ သူက ကျွန်တော့်ကိုတောင် ကျေးဇူးတွေ တင်လို့”

“ဘာဖြစ်လို့ အဲဒီလိပ်စာအတုကို ညာပေးလိုက်ရတာလဲ”

“သူ့ကို လူသူကင်းမဲ့တဲ့နေရာ လိမ်ခေါ်သွားချင်လို့ပေါ့ဗျာ။ ကျွန်တော်က အဲဒီ ရေဆိုးသန့်စင်စက်ရုံရဲ့ ပတ်ဝန်းကျင် အနေအထားကို ကောင်းကောင်း သိတယ်”

“ဒီလိုဆိုရင် တိုဂါရှိကို စစ မြင်မြင်ချင်းမှာပဲ သူ့ကို သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်ပေါ့။ အဲဒီလိုလား” ကုစာနာဂိသည် အိရှိဂါမိကို သင်္ကာမကင်းသည့် မျက်လုံးဖြင့် စိုက်ကြည့်နေရင်း မေးလိုက်သည်။ သူ ကြားခဲ့ရသည်များကို ယုံကြည်ရန် ခက်ခဲနေသည်။

“ဒါပေါ့” အိရှိဂါမိက ဣန္ဒြေရရ ပြန်ဖြေသည်။ “ကျွန်တော် ပြောခဲ့ပြီးသားပဲ။ ကျွန်တော် ဟာနာအိုကာ ယာစုကိုကို ကာကွယ်ပေးရမယ်။ သူ့ကို ဒုက္ခပေးနိုင်တဲ့ ယောက်ျားတွေ မြင်ကွင်းထဲ ဝင်လာတာနဲ့ အဲဒီလူတွေကို အမြန်ဆုံး ရှင်းထုတ်ပစ်ဖို့ရာက ကျွန်တော်ရဲ့ တာဝန်ပဲလေ”

“တိုဂါရှိက မစ္စဟာနာအိုကာကို ဒုက္ခပေးလိမ့်မယ်လို့ ခင်ဗျားက ယူဆတယ်ပေါ့”

“ယူဆတာ မဟုတ်ဘူး။ သိကို သိနေတာ။ ဟာနာအိုကာ ယာစုကိုဟာ အဲဒီသူတောင်းစားရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို တစ်လျှောက်လုံး ခံလာခဲ့ရတာ။ သူ့ကို ရှောင်ပုန်းချင်လို့လည်းပဲ ကျွန်တော့်အခန်းဘေး ပြောင်းလာတာပေါ့”

“အဲဒါတွေကို မစ္စဟာနာအိုကာ ကိုယ်တိုင်က ပြောပြခဲ့ဖူးတာလား”

“ကျွန်တော်ရဲ့ လျှို့ဝှက်ဆက်သွယ်နည်းကတစ်ဆင့် သိထားတာပါ”

အိရှိဂါမိ၏ စကားများက တစ်ချက်ကလေးမျှ အထစ်အငေါ့မရှိ။ ရဲဌာနသို့ ဖြောင့်ချက်ပေးရန် ရောက်ရှိလာပြီ ဆိုမှဖြင့် သူ့ဦးနှောက်ထဲတွင် အစီအစဉ်များ အားလုံးကို အကျအပေါက် မရှိအောင် ကြိုတင်စီမံပြီး ဖြစ်ချေတော့မည်။ သို့သော် သူ၏ ထွက်ဆိုချက်ထဲတွင် သဘာဝမကျသည့် အချက်များက တောင်လိုပုံနေသည်။ သေချာသည်မှာ ကုစာနာဂိ အနေဖြင့် သူ့အပေါ်တွင် နားလည်ထားခဲ့သော သူ၏ စရိုက်သဘာဝနှင့် မိုးမြေပမာ ကွာလွန်းနေလေသည်။

“ခင်ဗျား သူ့ကို စာရွက်ပိုင်းပေးပြီး ဘာဆက်ဖြစ်သလဲ” သူ့စကားကို အဆုံးထိ နားထောင်ပြီးမှသာ ဝေဖန်သုံးသပ်တော့မည်ဟု ကုစာနာဂိက ဆုံးဖြတ်လိုက်သည်။

“ဟာနာအိုကာ ယာစုကို အလုပ်လုပ်တဲ့ နေရာကို သိလားလို့ ကျွန်တော့်ကို မေးတယ်။ လိပ်စာအတိအကျတော့ မသိဘူး။ ထမင်းဆိုင် ဆိုတာပဲ သိတယ်လို့ ပြန်ဖြေလိုက်တယ်။ ပြီးတော့ သူက ၁၁ နာရီမှာ အလုပ်သိမ်းပြီး သူ့သမီးကလည်း အဲဒီထမင်းဆိုင်မှာ သူ့ကို သွားစောင့်နေတတ်တယ်။ နောက်မှ အိမ်အတူ ပြန်ကြတယ်လို့ ကျွန်တော် ညာပြောလိုက်တယ်”

“ညာပြောရတဲ့ ရည်ရွယ်ချက်က …”

“သူရဲ့ လှုပ်ရှားမှုကို ကန့်သတ်ချင်လို့ပေါ့။ အဲဒီနေရာက ဘယ်လောက် ခေါင်ပါတယ်ပဲ ပြောပြော၊ သူ့ကို အစောကြီး ရောက်မသွားစေချင်ဘူး။ ကျွန်တော်က ၁၁ နာရီမှ အလုပ်သိမ်းတယ်လို့ ပြောထားတော့၊ နောက်ပြီး သမီးကလည်း အိမ်မှာ ခပ်စောစော ရှိနေမှာ မဟုတ်တော့ သူက အဲဒီလိပ်စာကို အစောကြီး သွားတော့မှာ မဟုတ်ဘူး”

“ခဏလေး နေပါဦးဗျ” ကုစာနာဂိက လက်မြှောက်ပြီး အိရှိဂါမိ၏ စကားကို ဝင်ဖြတ်လိုက်သည်။ “အဲဒီအကြံအစည်တွေ အကုန်လုံးကို ခင်ဗျား တစ်ထိုင်တည်း စဉ်းစားလိုက်တာလား”

“ဟုတ်တယ်လေ။ ပြဿနာရှိလို့လား”

“မဟုတ်ပါဘူး။ … ဒီလို အစီအစဉ်ကြီးတစ်ခုလုံးကို တစ်ခဏအတွင်း တွေးလိုက်နိုင်တယ် ဆိုတော့ ခင်ဗျားကို ချီးကျူးနေမိလို့ပါ”

“ဒါက ဘာမှ မပြောပလောက်ပါဘူး” အိရှိဂါမိ၏ မျက်နှာမှာ ပြန်လည် လေးနက်သွားသည်။ “သူက ဟာနာအိုကာ ယာစုကိုကို အသည်းအသန် တွေ့ချင်နေတယ် ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော့်အနေနဲ့ အဲဒီအချက်ကို အသုံးချတတ်ရင် ရနေပြီလေ။ ဘာမှ မခက်ပါဘူး”

“ခင်ဗျားအတွက်တော့ ဟုတ်မှာပေါ့ဗျာ” ကုစာနာဂိက နှုတ်ခမ်းကို သပ်လိုက်သည်။ “နောက်တော့ရော”

“ကျွန်တော်က ကျွန်တော်ရဲ့ လက်ကိုင်ဖုန်းနံပါတ် သူ့ကို ပေးလိုက်တယ်။ တကယ်လို့ တိုက်ခန်းကို ရှာမတွေ့ရင် ကျွန်တော့်ကို ဆက်သွယ်ပါပေါ့။ တကယ်လို့ သူစိမ်းတစ်ယောက်က အဲဒီလောက်အထိကို သဘောမနော ကောင်းနေပြီဆိုရင် သာမန်အားဖြင့် လူတွေက သံသယ ဝင်တတ်ကြတာကိုး။ ဒါပေမယ့် သူကတော့ တစ်ချက်ကလေးမှ သံသယ ဝင်ပုံ မရဘူး။ အတော် တုံးတဲ့လူလို့ ပြောရမယ်”

“ဒါကတော့ဗျာ၊ လူတစ်ယောက်က စမြင်မြင်ချင်း ကိုယ့်ကို သတ်ချင်စိတ် ဝင်နေလိမ့်မယ်လို့ ဘယ်သူကမှ တွေးထင်မိကြမှာ မဟုတ်ဘူး”

“အခုမှ စမြင်ဖူးလို့လည်းပဲ သံသယ ဝင်သင့်တာပေါ့။ ဘာပဲဖြစ်ဖြစ်ဗျာ။ အဲဒီလူက လိပ်စာအတုကို သူ့အိတ်ကပ်ထဲ ထည့်ယူသွားပြီး လှေကားကနေ အမြန် ဆင်းသွားတော့တယ်။ သူ အဝေးကို ရောက်သွားတာ သေချာမှ ကျွန်တော် အခန်းထဲ ပြန်ဝင်ပြီး ပြင်ဆင်စရာ ရှိတာ စပြီး ပြင်ဆင်လိုက်တယ်” ထိုသို့ ပြောပြီး အိရှိဂါမိသည် စားပွဲပေါ်ရှိ ခွက်ဆီသို့ လက်ကို ဆင်မယဉ်သာ လှမ်းနေသည်။ သူသည် အေးစက်နေပြီ ဖြစ်သော ရေနွေးကြမ်းကို တဂွတ်ဂွတ်မြည်အောင် မော့သောက်ချလိုက်သည်။

“ဘာတွေ ပြင်ဆင်တာလဲ” ကုစာနာဂိက သူ့ကို စကားကြောင်းပေးသည်။

“ဘာရယ် မဟုတ်ပါဘူး။ လှုပ်ရရှားရ လွယ်တဲ့ အဝတ်အစားတစ်စုံ ပြောင်းဝတ်ပြီး အချိန်ကို စောင့်နေတာပေါ့။ အဲဒီ စောင့်နေတဲ့ အချိန်အတွင်းမှာ သူ့ကို ဘယ်လို သတ်ရမလဲလို့ စပြီး စဉ်းစားကြည့်တယ်။ နောက်ဆုံး အဖြေကတော့ သူ့ကို ညှစ်သတ်ဖို့ပဲ။ အဲဒီနည်းလမ်းက အဆင်အပြေဆုံး နည်းလမ်းပဲလေ။ တကယ်လို့ သူ့ကို ခုတ်ပဲ သတ်သတ်၊ ထိုးပဲ သတ်သတ်၊ ကိုယ့်ဆီ သွေးတွေ ဘယ်လောက် လာစဉ်နိုင်မလဲဆိုတာ ဘယ်သူ သိနိုင်တာမှတ်လို့။ ပြီးတော့ သူ့ကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ဘူး။ ညှစ်သတ်မယ်ဆိုရင် လက်နက်ကလည်း ရှာရ မခက်ဘူး။ ဒါပေမယ့် ခိုင်ခံ့တဲ့ ကြိုးမျိုး ရွေးနိုင်ဖို့တော့ လိုတာပေါ့။ နောက်ဆုံး ကျွန်တော် အပူပေးစားပွဲက ဓာတ်ကြိုးကို သုံးဖို့ ဆုံးဖြတ်လိုက်တယ်”

“ဘာဖြစ်လို့ ဓာတ်ကြိုးကို သုံးရတာလဲ။ တောင့်တင်းတဲ့ ကြိုးတွေမှ တစ်ပုံကြီးပဲကို”

“လည်စည်းကြိုးတို့၊ ပါဆယ်ထုတ်ရင်သုံးတဲ့ ပလတ်စတစ်ကြိုးတို့ကို သုံးရင် ကောင်းမလားလို့ ကျွန်တော် စဉ်းစားကြည့်ခဲ့သေးတယ်။ ဒါပေမယ့် အဲဒီ ပစ္စည်းနှစ်ခုစလုံးက ကိုင်ရတာ ချောတယ်။ လက်ထဲကနေ အလွယ်တကူနဲ့ ချော်ထွက်သွားနိုင်တယ်လေ။ အပူပေးစားပွဲရဲ့ ဓာတ်ကြိုးက အဆင်ပြေဆုံးပဲ”

“ဒါနဲ့ပဲ ခင်ဗျား ဓာတ်ကြိုးယူပြီး အဲဒီနေရာကို သွားတယ် ဆိုပါတော့”

အိရှိဂါမိက ခေါင်းညိတ်ပြသည်။

“၁၀ နာရီဝန်းကျင်လောက် ကျွန်တော် အိမ်က ထွက်ခဲ့တယ်။ ဓာတ်ကြိုးအပြင် ဘလိတ်ဓားနဲ့ တစ်ခါသုံး မီးခြစ်တွေကိုလည်း ကျွန်တော် ယူသွားတယ်။ ဘူတာကို သွားနေတုန်း အမှိုက်ပုံထဲမှာ အပြာရောင် ပလတ်စတစ်တစ်စ လွှင့်ပစ်ထားတာ တွေ့တာနဲ့ အဲဒါကို ကောက်ပြီး တစ်ပါတည်း ယူလာခဲ့တယ်။ ကျွန်တော် မိဇူအေဘူတာကို ရောက်တော့ အဲဒီကနေ တက္ကစီငှားပြီး ကျူး-အီဒိုဂါဝါဘက် သွားလိုက်တယ်”

“မီဇူအေဘူတာ … ရှီနိုဇာကိ မဟုတ်ဘူးလား”

“ရှီနိုဇာကိဘူတာမှာ ဆင်းလို့ ဟိုအကောင်နဲ့ မျက်နှာချင်းဆိုင် တွေ့ကြရင် ဒုက္ခပဲလေ” အိရှိဂါမိက တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ဖြေသည်။ “ကျွန်တော် တက္ကစီပေါ်ကနေ ဆင်းတဲ့နေရာက သူ့ကို ပြောထားတဲ့ နေရာထက် အဝေးကြီး လှမ်းသေးတယ်။ သတိဆိုတာ ပိုတယ် မရှိဘူး။ ရည်ရွယ်ချက် မပေါက်မြောက်မချင်း သူနဲ့ အတွေ့ခံလို့ လုံးဝ မဖြစ်ဘူး”

“တက္ကစီပေါ်ကနေ ဆင်းပြီးတော့ရော”

“ကျွန်တော် သူများတွေ မမြင်အောင် သတိထားပြီး သူ ရှိနိုင်မယ့် နေရာဆီကို လျှောက်သွားတယ်။ တကယ်တော့ အဲဒီလောက်ကြီးလည်း တကူးတက သတိထားနေစရာ မလိုပါဘူး။ လမ်းပေါ်မှာ တစ်ကောင်တစ်မြီးမှမှ မရှိတာ” အိရှိဂါမိက ရေနွေးကြမ်းတစ်ငုံ ထပ်သောက်လိုက်သည်။ “ကျွန်တော် မြစ်ကမ်းဘေးကို ရောက်တဲ့အချိန်မှာပဲ ဖုန်းမြည်လာတယ်။ သူ ဆက်လာတာ။ စာရွက်ပေါ်မှာ ရေးထားတဲ့ လိပ်စာအတိုင်း သူ ရောက်နေပြီတဲ့။ ဒါပေမယ့် ဘယ်လိုပဲရှာရှာ အဲဒီတိုက်ကို ရှာမတွေ့ဘူးလို့ ကျွန်တော့်ကို ပြောနေတယ်။ ခင်ဗျား အခု ဘယ်မှာလဲလို့ ကျွန်တော် မေးလိုက်တော့ သူက သူရောက်နေတဲ့ နေရာအတိအကျကို ပြောပြတယ်။ ကျွန်တော်က သူနဲ့ ဖုန်းပြောနေရင်း သူ ရှိတဲ့ နေရာနားကို သတိထားပြီး ချဉ်းကပ်သွားလိုက်တယ်။ ရေးပေးလိုက်တဲ့ လိပ်စာမှန်မမှန် ဆိုတာ သေချာပြန်စစ်ကြည့်ဦးမယ်လို့ ပြောပြီး ကျွန်တော် ဖုန်းကို ချပစ်လိုက်တယ်။ သူ ဘယ်မှာ ရှိနေတယ် ဆိုတာကို ကျွန်တော် မြင်ရနေပြီကိုး။ မြစ်ကမ်းနံဘေးက ခြုံပုတ်နားမှာ သူ ပျင်းရိပျင်းရွဲ ထိုင်နေတယ်။ ကျွန်တော်က ခြေသံလုံအောင် ထိန်းပြီး သူ့အနားကို အရောက်သွားလိုက်တယ်။ သူကတော့ ကျွန်တော့်ကို နည်းနည်းမှ သတိမထားမိဘူး။ သူ သတိထားမိတဲ့ အချိန်မှာတော့ ကျွန်တော်က သူ့နောက်ကျောနားမှာ ရပ်နေမိပြီ။ ကျွန်တော် ချက်ချင်းပဲ ဓာတ်ကြိုးနဲ့ သူ့လည်ပင်းကို ဆွဲပတ်လိုက်တယ်။ အစပိုင်းတော့ သူက ကြိုးစားပြီး ရုန်းကန်နေသေးပေမယ့် ကျွန်တော် အားစိုက်ပြီး တစ်ချက်ဆောင့်ဆွဲလိုက်တဲ့အခါမှာ သူ့အသက်ပါ ပါသွားတော့တာပဲ။ ကျွန်တော် ထင်ထားတာထက်တောင် လွယ်နေသေးတယ်” အိရှိဂါမိသည် လက်ဖက်ရည်ခွက်ကို မျက်စိစွေကြည့်သည်။ ရေနွေးကြမ်း မရှိတော့။ “နောက်တစ်ခွက်လောက် ရနိုင်ဦးမလား”

ကိရှိတာနိသည် မတ်တတ်ထရပ်ပြီး ရေနွေးခရားအိုးကိုင်၍ အိရှိဂါမိအတွက် ရေနွေးငှဲ့ပေးသည်။ အိရှိဂါမိက ကျေးဇူးတင်ကြောင်း ခေါင်းဆတ်ပြသည်။

“အလုပ်ကြံခံရသူက ကျန်းမာတောင့်တင်းတဲ့အပြင် အသက် ၄၀ ကျော်ပဲ ရှိသေးတာ။ တကယ်လို့သာ သူက အစွမ်းကုန် တွန်းလှန်နေမယ်ဆိုရင် လွယ်လွယ်နဲ့ ညှစ်သတ်လို့ ရနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး”

အိရှိဂါမိ၏ အမူအရာက ယခင်အတိုင်း စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိဘဲ မျက်လုံးများသာ အနည်းအကျဉ်းမျှ မှေးမှိတ်သွားသည်။

“ကျွန်တော်က ဂျူဒိုနည်းပြလေ။ တကယ်လို့ နောက်ကျောကနေသာ အလစ်တိုက်ခိုက်မယ်ဆိုရင် တစ်ဘက်လူက ကျွန်တော့်ထက် ခန္ဓာကိုယ် ထွားကျိုင်းနေပါစေ။ သိပ် ခက်ခဲလှတဲ့ ကိစ္စမဟုတ်ပါဘူး”

ကုစာနာဂိက ခေါင်းညိတ်လိုက်သည်။ သူ့အကြည့်များက အိရှိဂါမိ၏ နားများပေါ်သို့ ကျရောက်သွားသည်။ သူ၏ နားရွက်များသည် ဂျူဒိုနပန်းသမား ဖြစ်ကြောင်း သက်သေခံနေသကဲ့သို့ ပွရောင်းဖူးရောင်နေသည်။ ရဲဌာနထဲတွင်လည်း ထိုသို့သော နားမျိုး ပိုင်ဆိုင်ထားသူများ မနည်းမနော။

“လူသတ်ပြီးတော့ရော” ကုစာနာဂိက မေးသည်။

“လတ်တလော အရေးအကြီးဆုံး ကိစ္စက အလောင်းကို မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ မသိအောင် ဖုံးဖိထားနိုင်ဖို့ပဲ။ သေသူက ဘယ်သူဆိုတာ သိသွားတာနဲ့ ဟာနာအိုကာ ယာစုကိုကို သံသယ ဝင်လာကြတော့မှာပေါ့။ ပထမဆုံး ကျွန်တော် ဘလိတ်ဓားနဲ့ သူ့အင်္ကျီတွေကို တစ်စစီ လှီးထုတ်ပစ်လိုက်တယ်။ နောက်ပြီး သူ့မျက်နှာကို ထုရိုက်ပစ်တယ်” အိရှိဂါမိ၏ လေသံမှာ အေးစက်ပြီး တည်ငြိမ်နေသည်။ “ကျွန်တော် ကျောက်တုံးကြီးတစ်တုံး ကောက်လာတယ်။ သူ့မျက်နှာကိုလည်း ပလတ်စတစ်စနဲ့ ဖုံးပြီး ကျောက်တုံးနဲ့ အချက်ပေါင်းများစွာ ထုချေပစ်လိုက်တယ်။ ဘယ်နှချက် ထုလိုက်မိမှန်းတောင် မမှတ်မိတော့ဘူး။ ၁၀ ချက်လောက် ဖြစ်မယ် ထင်တယ်။ နောက်ဆုံးတော့ မီးခြစ်နဲ့ သူ့လက်ဗွေတွေကို မီးရှို့ပစ်တယ်။ အဲဒါတွေ လုပ်ပြီးသွားတော့မှ လှီးထုတ်ထားတဲ့ အဝတ်အစားတွေကို ယူပြီး အဲဒီနေရာကနေ ထွက်သွားဖို့ ပြင်တယ်။ ဖြစ်ချင်တော့ အဲဒီအနားမှာ သံပုံးခွံတစ်ပုံး တွေ့တာနဲ့ အဝတ်အစားတွေကို အဲဒီအထဲ ထည့်ပြီး မီးရှို့ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ မီးလည်း ရှို့လိုက်ရော မီးညွန့်က ကျွန်တော် ထင်ထားတာထက် တောက်လွန်းနေလို့ သူများတွေ ရိပ်မိသွားမှာ စိုးတာနဲ့ ပြာကျတဲ့အထိ မစောင့်တော့ဘဲ ခပ်သုတ်သုတ် ထွက်လာခဲ့လိုက်တယ်။ ဘတ်စ်ကားပြေးတဲ့ လမ်းမကြီးပေါ် ရောက်တဲ့အထိ လျှောက်လာပြီးမှ တက္ကစီတစ်စီးကို တားလိုက်တယ်။ အရင်ဆုံး တိုကျိုဘူတာကို သွားတယ်။ အဲဒီကနေမှ နောက်ထပ် တက္ကစီတစ်စီး ပြောင်းစီးပြီး အိမ်ပြန်လာခဲ့တယ်။ တိုက်ခန်းကို ပြန်ရောက်တော့ ည ၁၂ နာရီ ထိုးပြီးသွားပြီ” ထိုနေရာအရောက်တွင် အိရှိဂါမိသည် သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။ “အဲဒါတွေက ကျွန်တော် လုပ်ခဲ့တာတွေပဲ။ ကျွန်တော် သုံးခဲ့သမျှ ဓာတ်ကြိုး၊ ဘလိတ်ဓား၊ မီးခြစ် အကုန်လုံး အိမ်ထဲမှာ ရှိနေတုန်းပဲ”

ကုစာနာဂိသည် မှတ်တမ်းရေးနေသော ကိရှိတာနိကို မျက်စိစွေကြည့်ပြီး စီးကရက်တစ်လိပ်ကို ပါးစပ်တွင် တေ့ကာ မီးညှိ၍ အားရပါးရ ဖွာရှိုက်လိုက်သည်။ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီးနောက် အိရှိဂါမိကို စိုက်ကြည့်နေသည်။ အိရှိဂါမိ၏ မျက်လုံးများသည် မျက်စိကန်းနေသူ တစ်ယောက်ကဲ့သို့ တည်ငြိမ်အေးစက်နေကြသည်။

သူ၏ ထွက်ဆိုချက်ထဲတွင် သံသယ ဖြစ်စရာ များများစားစား မတွေ့ရပေ။ သူ ပြောဆိုခဲ့သော အချက်အလက်များသည် ရဲဌာနမှ သိရှိထားသမျှသော အထောက်အထားများနှင့် အံဝင်ခွင်ကျ ကိုက်ညီနေကြသည်။ ထိုအချက်အလက် အများစုကို သတင်းမီဒီယာများသို့ အသိပေးထားခြင်း မရှိပေ။ ဤမျှ ထပ်တူညီအောင် စိတ်ကူးဖြင့် လုပ်ကြံဖန်တီးရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။

“တိုဂါရှိကို သတ်ဖြတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မစ္စဟာနာအိုကာကို ပြောပြခဲ့ဖူးလား” ကုစာနာဂိက မေးသည်။

“ကျွန်တော် သူ့ကို ဘယ်လိုလုပ်ပြီး ပြောပြလို့ ဖြစ်မလဲ” အိရှိဂါမိက ဖြေသည်။ “သူကသာ တခြားလူကို လျှောက်ပြောပြလိုက်ရင် ကျွန်တော် ဂွမ်းပြီပေါ့။ မိန်းမဆိုတဲ့ သတ္တဝါက လျှို့ဝှက်ချက်ကို ထိန်းသိမ်းတတ်ကြတာ မဟုတ်ဘူး”

“သူနဲ့ လူသတ်မှုအကြောင်းကို ဆွေးနွေးတာမျိုးလည်း မရှိဘူးပေါ့”

“မရှိဘူး။ ကျွန်တော်နဲ့ သူရဲ့ ဆက်နွှယ်မှုကို ခင်ဗျားတို့ ရိပ်မိသွားရင် ခက်ကုန်တော့မှာပေါ့။ ကျွန်တော်တို့ တတ်နိုင်သလောက် တိုက်ရိုက်ဆက်သွယ်နည်းကို ရှောင်ကြတယ်”

“စောစောက ခင်ဗျား ပြောခဲ့တယ်။ ဘယ်သူမှ မသိနိုင်တဲ့ နည်းကို သုံးပြီး မစ္စဟာနာအိုကာနဲ့ ဆက်သွယ်ခဲ့တယ် ဆိုတော့ အဲဒါ ဘယ်လို နည်းလမ်းမျိုးလဲ”

“အမျိုးမျိုး ရှိတာပဲ။ တစ်နည်းကတော့ သူပြောတာကို ကျွန်တော်က နားထောင်တာပေါ့”

“ခင်ဗျားတို့ ဘယ်နေရာမှာ ချိန်းတွေ့ကြတာလဲ”

“မဟုတ်ဘူး။ အဲဒီလိုသာဆိုရင် လူတွေ တွေ့ကုန်မှာပေါ့။ သူက သူ့အိမ်ထဲမှာနေပြီး ပြောတယ်။ ကျွန်တော်က ကျွန်တော့်အိမ်ကနေ စက်ပစ္စည်း အကူအညီနဲ့ နားထောင်တယ်”

“စက်ပစ္စည်း …”

“သူ့အခန်းနဲ့ ကျွန်တော့်အခန်းကို ခြားထားတဲ့ နံရံမှာ အသံချဲ့စက်တစ်လုံး တပ်ထားတယ်”

ကိရှိတာနိ၏ လက်မှာ ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းမော့လာသည်။ သူ ဘာပြောချင်နေသည်ကို ကုစာနာဂိက ကြိုသိနေသည်။

“ခိုးနားထောင်တယ်လို့ ပြောချင်တာလား”

အိရှိဂါမိ၏ မျက်ခုံးများ ပင့်တက်သွားပြီး ခေါင်းခါယမ်းနေသည်။

“ခိုးနားထောင်တာ မဟုတ်ဘူး။ သူက ကျုပ်ကို ပြောပြနေတာ”

“မစ္စဟာနာအိုကာက အဲဒီစက်အကြောင်းကို သိလား”

“မသိလောက်ဘူး။ ဒါပေမယ့် သူက ကျွန်တော့်အိမ်ဘက် နံရံကို မျက်နှာမူပြီး ပြောနေတာတော့ သေချာတယ်”

“အဲဒါကြောင့်ပဲ သူက ခင်ဗျားကို ပြောပြနေတာပါလို့ ဆိုချင်တာလား”

“ဟုတ်တယ်။ သူ့မှာက သမီးလည်း ရှိသေးတော့ ကျွန်တော့်ကို ပေါ်ပေါ်ထင်ထင် ပြောပြလို့ မရဘူးလေ။ ဒါကြောင့် သမီးနဲ့ပဲ စကားပြောနေသလိုလို ဟန်ဆောင်ပြီး ကျွန်တော့်ကို ရင်ဖွင့်ရတာပေါ့”

ကုစာနာဂိ၏ လက်ထဲမှ စီးကရက်သည် လောင်ကျွမ်းပြီး တစ်ဝက်မျှ ပြာဖြစ်နေသည်။ သူသည် ပြာခံခွက်ထဲသို့ ဆေးလိပ်ပြာများကို ခြွေချလိုက်သည်။ ကိရှိတာနိနှင့် မျက်လုံးချင်း ဆုံမိကြသောအခါ သူ၏ ရဲဘော်သည် စိတ်ရှုပ်သော အမူအရာဖြင့် ခေါင်းကုတ်နေလေသည်။

“သူ့သမီးနဲ့ ဟန်ဆောင်ပန်ဆောင် ပြောနေတဲ့ စကားတွေဟာ တကယ်တော့ ခင်ဗျားကို ရည်ရွယ်ပြီး ပြောပြနေတာပါလို့ မစ္စဟာနာအိုကာက ခင်ဗျားကို အသိပေးထားတာလား”

“အသိပေးနေဖို့ မလိုပါဘူး။ သူ့အကြောင်း ကျွန်တော် အသိဆုံးပဲ” အိရှိဂါမိက ခေါင်းတဆတ်ဆတ် ညိတ်နေသည်။

“ဒီလိုသာဆိုရင် သူက ခင်ဗျားနဲ့ ဘာမှ ညှိနှိုင်းထားတာ မရှိဘဲ ခင်ဗျားဟာခင်ဗျား လိုရာ ဆွဲတွေးနေတာ ဖြစ်နေပြီ”

“ဟုတ်မလားဗျာ” တစ်ချိန်လုံး မျက်နှာသေနှင့် ထိုင်နေသော အိရှိဂါမိသည် အနည်းငယ် မျက်နှာပျက်စ ပြုလာသည်။ “သူ့အရင်ယောက်ျား နှိပ်စက်တဲ့ ကိစ္စကို သူရင်ဖွင့်ခဲ့လို့သာ ကျွန်တော် သိခဲ့ရတာ။ အဲဒီစကားတွေက သူ့သမီးတစ်ယောက်တည်းကိုပဲ ပြောနေခဲ့တာဆိုရင် ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။ သူက ကျွန်တော် ကြားစေချင်လို့သာ တမင်သက်သက် ပြောပြနေခဲ့တာပေါ့။ သူ့အတွက် အကြံထုတ်ပေးပါဦး လို့တောင် ကျွန်တော့်ကို အကူအညီ တောင်းနေသေးတယ်”

ကုစာနာဂိက လက်တစ်ဘက်ဖြင့် သူ့ကို စိတ်လျှော့ရန် တားလိုက်ပြီး ကျန်လက်တစ်ဘက်ဖြင့် စီးကရက်ကို မီးသတ်နေသည်။

“ခင်ဗျားတို့က တခြား ဘယ်နည်းတွေနဲ့ ဆက်သွယ်ကြသေးလဲ”

“ဖုန်း။ ကျွန်တော် ညတိုင်း သူ့ဆီ ဖုန်းဆက်တယ်”

“သူ့အိမ်ကို ဆက်တာလား”

“သူ့ဟန်းဖုန်းကို ဆက်တာ။ ဒါပေမယ့် ကျွန်တော်တို့က ဖုန်းထဲမှာ အပြန်အလှန် စကားပြောလေ့ မရှိဘူး။ ကျွန်တော်က ဖုန်းသံ မြည်ရုံ သူ့ဆီကို ဖုန်းခေါ်လိုက်တယ်။ သူ့မှာ ပြောစရာရှိနေရင် ဖုန်းကို လက်ခံလိုက်တယ်။ မရှိရင် လက်မခံဘူး။ ကျွန်တော်က ဖုန်းသံမြည်တာကို ငါးကြိမ်အထိ စောင့်ပြီး ဖုန်းချလိုက်တယ်။ ကျွန်တော်တို့ နှစ်ယောက်အကြားမှာ အဲဒီလိုမျိုး အချက်ပေးကြတယ်”

“ခင်ဗျားတို့ နှစ်ယောက်ကြား … ဒါဆို သူက အဲဒီလိုလုပ်ဖို့ သဘောတူတယ်ပေါ့”

“ဒါပေါ့။ ကျွန်တော်တို့ အရင်ကတည်းက ပြောထားပြီးသား”

“ကျွန်တော်တို့ မစ္စဟာနာအိုကာဆီကလည်း အတည်ပြုချက် ယူဦးမှာပါ”

“အကောင်းဆုံးပေါ့” အိရှိဂါမိက ယုံကြည်ချက် ပြည့်ဝသော လေသံဖြင့် ပြန်ပြောသည်။

“စောစောက ခင်ဗျား ထွက်ဆိုထားတဲ့ စကားတွေကို နောက်လည်း အကြိမ်ပေါင်းများစွာ ပြောခိုင်းနေဦးမှာ။ အဲဒီကနေမှ တရားဝင် ဝန်ခံချက်တစ်စောင် ပြုစုရမယ်”

“ရပါတယ်။ ကျွန်တော့်ကို ဘယ်နှခေါက် ပြောခိုင်းပြောခိုင်း၊ ကိစ္စ မရှိပါဘူး။ အားလုံးက အမှန်တွေချည်းပဲ”

“နောက်ဆုံးအနေနဲ့ ခင်ဗျားကို မေးခွန်းတစ်ခု မေးချင်တယ်” ကုစာနာဂိသည် လက်ဖဝါးနှစ်ဘက်ကို စားပွဲပေါ်တင်ပြီး ပတ္တာဆက်ထားလိုက်သည်။ “ခင်ဗျား ဘာဖြစ်လို့ လာ အဖမ်းခံရတာလဲ”

အိရှိဂါမိက ပင့်သက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ “လာ အဖမ်းခံလို့ မရဘူးလား”

“ကျွန်တော် အဲဒီလို မပြောဘူးနော်။ လာပြီး အဖမ်းခံတယ် ဆိုမှတော့ အကြောင်းအရင်း ရှိရမှာပေါ့။ အဲဒါကို ကျွန်တော် သိချင်တယ်”

“အဲဒါက ခင်ဗျားအလုပ်နဲ့ ဘာမှ မဆိုင်ဘူး ထင်တယ်။ တရားခံက သူ့ဟာသူ နောင်တရလို့ လာပြီး ဝန်ခံနေပြီပဲ။ ဒီလောက်နဲ့ မရသေးဘူးလား။ အကြောင်းပြချက်တွေ လိုသေးတာလား”

“ခင်ဗျားပုံ ကြည့်ရတာ ကိုယ့်အမှားကိုယ် နောင်တရနေတာနဲ့ တစ်စက်မှ မတူဘူး”

“ကျွန်တော့်ကို အမှား လုပ်ခဲ့သလားလို့ မေးလာရင် ကျွန်တော် မမှားဘူးလို့ပဲ ပြန်ဖြေမိမှာပဲ။ ဒါပေမယ့် ကျွန်တော် နောင်တရတယ်။ အစောကြီးကတည်းကသာ အဲဒီလို ဖြစ်လာမယ်မှန်း သိရင် ကျွန်တော် အခုလို အလုပ်မျိုး လုပ်မိမှာ မဟုတ်ဘူး။ အစောကြီးကတည်းကသာ သစ္စာဖောက်ခံရမယ်မှန်း ကြိုသိခဲ့ရင် ကျွန်တော် ဘာလုပ်ဖို့ လူသတ်နေတော့မလဲ”

“ဘယ်သူက သစ္စာဖောက်တာလဲ”

“သူပေါ့ … ဟာနာအိုကာ ယာစုကို” အိရှိဂါမိသည် မျက်လွှာကို ချလိုက်ပြီး ဆက်ပြောသည်။ “ကျွန်တော့်ကို သူ သစ္စာဖောက်တယ်။ ကျွန်တော့်မှာဖြင့် သူ့ကို ကူပြီး သူ့လင်ဟောင်းကို ဖြေရှင်းပေးခဲ့ရတာကိုမှ မျက်နှာမထောက်ဘူး။ တခြား ယောက်ျားတစ်ယောက်နဲ့ ချိန်းတွေ့ချင်နေတယ်။ သူသာ ကျွန်တော့်ကို ရင်ဖွင့်မပြောခဲ့ဘူး ဆိုရင် ကျွန်တော် လူသတ်မိမှာ မဟုတ်ဘူး။ အဲဒီလို လူယုတ်မာမျိုးကို သတ်ပစ်လိုက်ချင်တယ်လို့ သူ ပြောခဲ့ဖူးလို့ ကျွန်တော်က သူ့ကိုယ်စား လုပ်ပေးရတာလေ။ ပြောရရင် သူလည်း ကြံရာပါပဲ။ ခင်ဗျားတို့ သူ့ကိုပါ ဖမ်းလိုက်သင့်တယ်”

****

 

အိရှိဂါမိ၏ ထွက်ဆိုချက်ကို အတည်ပြုနိုင်ရန်အတွက် သူ့အိမ်သို့ ရဲဘက်မှ ဝင်ရောက် ရှာဖွေခဲ့ကြသည်။ ထိုသို့ ရှာဖွေနေကြစဉ် ကုစာနာဂိနှင့် ကိရှိတာနိတို့သည် ဟာနာအိုကာ ယာစုကိုထံသို့ သွားပြီး စကားပြောကြသည်။ ညနေခင်းဖြစ်၍ သူမနှင့် မီစာတိုတို့ အိမ်၌ ရှိနေကြသည်။ ကလေးမလေးကို အခြား ရဲအရာရှိတစ်ဦးက တစ်နေရာသို့ ခေါ်ထုတ်သွားသည်။ သူမကို မကြားသင့်သည်များ မကြားရစေရန် ကာကွယ်လိုသည့် သဘောမဟုတ်။ သူမကိုလည်း သီးခြား စစ်မေးလိုသောကြောင့်သာ ဖြစ်သည်။

ရဲစခန်းသို့ သွားရောက် အဖမ်းခံသည့် အိရှိဂါမိ၏ သတင်းကို ကြားရသောအခါ ယာစုကို၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အသက်ရှူသံများ ရပ်တန့်သွားမလောက် ငြိမ်သက်သွားပြီး သူမ၏ နှုတ်ခမ်းများသာ ပွင့်ဟလာကြ၍ အသံက ထွက်မလာတော့။

“အတော် ထူးဆန်းသွားသလား” ကုစာနာဂိက သူမ၏ အမူအရာကို မျက်တောင်မခတ် အကဲခတ်နေသည်။

ယာစုကိုက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းသည်။ တစ်ခဏအကြာ ဆွံ့အ,နေရာမှ အသံထွက်ပေါ်လာသည်။ “ကျွန်မ ထင်တောင် ထင်မထားဘူး။ သူက တိုဂါရှိကို …..”

“သူ ဘာကြောင့် အဲဒီလို လုပ်ရတယ် ဆိုတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ခင်ဗျား နည်းနည်းမှ မရိပ်မိခဲ့ဘူးလား”

ကုစာနာဂိ၏ အမေးကို ဖြေဆိုရန် ယာစုကို တွန့်ဆုတ်နေသည်။ သူမ၏ မျက်နှာပေါ်တွင် နားလည်ရ ခက်ခဲသော မှိုင်းပျပျ အမူအရာကို တွေ့နေရသည်။ ပြောစရာ တစ်စုံတစ်ခု ရှိနေသော်လည်း နှုတ်မှ ဖွင့်ဟပြောဆိုရန် မချင့်မရဲ ဖြစ်နေသည့် ပုံမျိုး။

“အိရှိဂါမိက ပြောတယ်။ သူက ခင်ဗျားအတွက်ကြောင့် အဲဒီလို လုပ်ရတာတဲ့။ ခင်ဗျားအတွက် လူသတ်ပေးရတာတဲ့”

ယာစုကိုထံမှ ကြေကြေကွဲကွဲ သက်ပြင်းချသံကို ကြားရသည်။

“ကြည့်ရတာ ခင်ဗျား ရိပ်မိနေသလိုပဲ”

သူမက ခေါင်းကို လေးတွဲ့စွာ ညိတ်လိုက်သည်။ “သူ ကျွန်မအပေါ် မေတ္တာရှိနေတာကို ကျွန်မ အစောကြီးကတည်းက သတိထားမိပါတယ်။ ဒါပေမယ့် သူ အခုလို လုပ်လာလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိဘူး”

“သူက ပြောတယ်။ ခင်ဗျားနဲ့ တစ်လျှောက်လုံး အဆက်အသွယ် မပြတ်ခဲ့ဘူးတဲ့”

“ကျွန်မနဲ့ …” ယာစုကိုက မျက်မှောင်ကြုတ်လိုက်သည်။ “သူနဲ့ တစ်ခါမှ စကားတောင် ဖြောင့်အောင် ပြောဖူးတာ မဟုတ်ဘူး”

“သူက ခင်ဗျားဆီကို ဖုန်းဆက်တယ် မဟုတ်လား။ ပြီးတော့ ညတိုင်း ဆက်တာတဲ့လေ”

ကုစာနာဂိသည် အိရှိဂါမိ၏ ထွက်ဆိုချက်ကို ယာစုကိုအား ပြောပြလိုက်သည်။ သူမ၏ မျက်နှာတွင် အလိုမကျသည့် အရိပ်အယောင်များ လွှမ်းမိုးလာသည်။

“လက်စသတ်တော့ အဲဒီဖုန်းတွေက သူ ခေါ်နေတာကိုး”

“ခင်ဗျား မသိဘူးလား”

“သူ ဖြစ်လိမ့်မယ်လို့တော့ ထင်တော့ ထင်မိသား။ ဒါပေမယ့် မသေချာဘူးလေ။ ဖုန်းဆက်တဲ့သူက တစ်ခါမှမှ သူ့နာမည်ကို ထုတ်မပြောဖူးဘူးပဲ”

ယာစုကို၏ ရှင်းပြချက်အရ သိရသည်မှာ လွန်ခဲ့သော သုံးလခန့်မှ စ၍ လူတစ်ယောက်သည် သူမထံသို့ ညတိုင်း ဖုန်းခေါ်နေခဲ့သည်။ ပထမဆုံးအကြိမ် ဖုန်းဆက်လာစဉ်က ထိုသူသည် သူ မည်သူဖြစ်သည်ကို ပြောကြားခြင်း မရှိဘဲ သူမ၏ ဘဝနှင့် ပတ်သက်သည့် အကြောင်းအရာများကို အမျှင်မပြတ် ပြောကြားနေခဲ့သည်။ သူ ပြောကြားခဲ့သော အကြောင်းအရာများမှာ သာမန်လူတစ်ယောက်အနေဖြင့် လွယ်လွယ်နှင့် မသိရှိနိုင်သော သူမ၏ အတွင်းရေးများသာ ဖြစ်သည်။ တစ်ဦးတစ်ယောက်က သူမအား ချောင်းမြောင်းကြည့်ရှုနေမှသာလျှင် သိရှိနိုင်သည့် အကြောင်းအရာများသာ ဖြစ်သည်။ သို့ဖြင့် သူမ အလွန်အမင်း ကြောက်ရွံ့လာခဲ့သည်။ သို့သော် ထိုသူမှာ မည်သူဖြစ်နိုင်ကြောင်း သူမ မည်သို့မျှ စဉ်းစား၍ မရနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် ထိုသူသည် သူမထံသို့ အကြိမ်များစွာ ဖုန်းခေါ်နေခဲ့သေးသော်လည်း သူမက ဖုန်းကို နောက်ထပ် လက်မခံတော့ချေ။ သို့သော် တစ်နေ့တွင် သူမသည် အမှတ်တမဲ့ ဖုန်းလက်ခံမိလိုက်သည်။ ထိုအခါ တစ်ဘက်လူက ဤသို့ ပြောလာခဲ့သည်။ “ခင်ဗျား မအားလို့ ဖုန်းမကိုင်နိုင်ဘူး ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒီလို လုပ်ကြရအောင်လား။ ကျွန်တော် ညတိုင်း ဖုန်းဆက်လာခဲ့မယ်။ ခင်ဗျားမှာ ပြောစရာရှိရင် ဖုန်းလက်ခံလိုက်ပေါ့။ ကျွန်တော် ဖုန်းမြည်သံကို ငါးခါအထိ စောင့်နေမယ်။ ခင်ဗျားမှာ ပြောစရာရှိရင် အဲဒီမတိုင်ခင် ဖုန်းလက်ခံလိုက်ပါ”

ယာစုကိုက သဘောတူလိုက်သည်။ ထိုသို့ဖြင့် ဖုန်းမှာ ညစဉ်ညတိုင်း မြည်နေတော့သည်။ ထိုသူသည် သူမထံသို့ အများသုံးဖုန်းဖြင့်သာ ခေါ်ဆိုလေ့ရှိသည်။ နောက်ပိုင်း သူမက တစ်ခါမျှ ဖုန်းမကိုင်တော့ပေ။

“အိရှိဂါမိအသံကို ခင်ဗျား မမှတ်မိဘူးလား”

“ကျွန်မတို့က စကားမှ သိပ်မပြောဖြစ်ကြတာ။ ပြီးတော့ ဖုန်းထဲက လူနဲ့လည်း အဲဒီနှစ်ခါပဲ ပြောဖူးတာ။ အဲဒီအသံကို အခုတောင် ကျွန်မ မှတ်မိတော့တာ မဟုတ်ဘူး။ နောက်ပြီး သူ့လိုလူမျိုးက အဲဒီလို လုပ်လာလိမ့်မယ်လို့ ကျွန်မက ဘယ်လိုလုပ် ထင်ရက်မှာလဲ။ သူက အထက်တန်းကျောင်းဆရာလေရှင်”

“ဒီခေတ်မှာ လူတွေက မှန်းရခက်တယ်” အနားရှိ ကိရှိတာနိက ဝင်ပြောသည်။ ထို့နောက် ရုတ်ချည်း ခေါင်းငုံ့သွားပြန်သည်။ ဝင်လျှာရှည်မိသည့်အတွက် တောင်းပန်နေသည့်နှယ်။

ထိုညီငယ်ရဲဘော်သည် အမှုစဖြစ်ကတည်းက ဟာနာအိုကာ ယာစုကိုတို့အား တစ်လျှောက်လုံး ကာကွယ်ပြောဆိုနေခဲ့သည်ကို ကုစာနာဂိ သတိရမိသည်။ အိရှိဂါမိ၏ ဖြောင့်ချက်ကြောင့် သူ အထူး ဝမ်းမြောက်နေပေတော့မည်။

“ဖုန်းဆက်တာအပြင် တခြားရော ရှိသေးလား” ကုစာနာဂိက မေးသည်။

“ခဏထိုင်ပါဦး” ယာစုကိုသည် မတ်တတ်ထရပ်ပြီး အံဆွဲထဲမှ စာတချို့ ထုတ်ယူလိုက်သည်။ စုစုပေါင်း သုံးစောင်။ စာပို့သူ၏ အမည်မပါဘဲ စာအိတ်ပေါ်တွင် ‘ဟာနာအိုကာ ယာစုကို လက်ခံရန်’ ဟုသာ ရေးထားသည်။ လိပ်စာလည်း မပါ။

“ဒါက …”

“ကျွန်မတို့ အိမ်ပေါက်ဝက စာတိုက်ပုံးထဲမှာ ထည့်ထားတာ။ အစကတော့ အများကြီးပဲ။ အကုန်လုံး ကျွန်မ လွှင့်ပစ်လိုက်ပြီ။ ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင် သက်သေအနေနဲ့ ပစ္စည်းတစ်ခုခု ရှိနေတာ ကိုယ့်အတွက် အကျိုးရှိနိုင်တယ်လို့ ရုပ်ရှင်ထဲမှာ ကြားဖူးထားတာကြောင့် စိတ်ထဲ မသတီပေမယ့် ဒီစာသုံးစောင်ကို လွှင့်မပစ်ဘဲ ချန်ထားလိုက်တယ်”

ကုစာနာဂိက စာအိတ်များကို ဖွင့်ကြည့်သည်။

စာအိတ်များထဲတွင် ကွန်ပျူတာဖြင့် ပုံနှိပ်ထားသော စာလုံးများနှင့် စာရွက်တစ်ရွက်စီကို တွေ့ရသည်။ စာမှာ များစွာ ရှည်လျားခြင်း မရှိ။

အခုတလော ခင်ဗျား အလှပြင်တာ ပိုပို ကဲလာသလိုပဲ။ အဝတ်အစားကလည်း ပိုဟော့လာတယ်။ အရင် ဒီလို မဟုတ်ပါဘူး။ ရိုးရိုးယဉ်ယဉ်လေးက ခင်ဗျားနဲ့ ပိုလိုက်ဖက်တယ်။ ပြီးတော့ ခင်ဗျား အိမ်ပြန်နောက်ကျနေတာကို တွေ့ရတော့ ကျွန်တော် စိတ်မချချင်တော့ဘူး။ အလုပ်ပြီးတာနဲ့ အိမ်ကို ချက်ချင်း ပြန်လာခဲ့ပါ။

ခင်ဗျားမှာ စိတ်ညစ်စရာတွေ ရှိနေတာလား။ ရှိနေမယ်ဆိုရင် ကျွန်တော့်ကို မခြွင်းမချန် ပြောပြ‌စေချင်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် ခင်ဗျားကို ညတိုင်း ဖုန်းခေါ်နေတာလေ။ ကျွန်တော် ခင်ဗျားကို အကြံဉာဏ်တွေ အများကြီး ပေးနိုင်ပါတယ်။ တခြားလူတွေက ယုံရတာ မဟုတ်ဘူး။ သွားလည်း မယုံမိစေနဲ့။ ကျွန်တော့်စကားကိုပဲ နားထောင်ပါ။

တစ်ခုခု ဖြစ်လာတော့မယ်လို့ ကျွန်တော် အာရုံရနေတယ်။ ခင်ဗျား ကျွန်တော့်ကို သစ္စာဖောက်သွားမှာ ကျွန်တော် စိုးရိမ်နေမိတယ်။ အဲဒီလို ဖြစ်မလာနိုင်ပါဘူးလို့ ကျွန်တော် ယုံကြည်ထားပေမယ့် တကယ်လို့သာ အဲဒီလို ဖြစ်လာခဲ့မယ်ဆိုရင် ခင်ဗျားကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ကျွန်တော်သာလျှင် ခင်ဗျားရဲ့ တစ်ဦးတည်းသော ရဲဘော်ရဲဘက်ပဲ။ ကျွန်တော်သာလျှင် ခင်ဗျားကို စောင့်ရှောက်ပေးနိုင်တယ်။

စာများကို ဖတ်ပြီးနောက် ကုစာနာဂိသည် စာအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

“ကျွန်တော် ခဏ ယူထားလို့ ရမလား”

“ရှင်တို့ သဘောပါ”

“တခြားရော ထူးထူးခြားခြား ဖြစ်ခဲ့တာတွေ ရှိသေးလား”

“ကျွန်မတော့ မကြုံဘူး …” ယာစုကိုက တုံ့ဆိုင်းဆိုင်း ဖြစ်နေသည်။

“သမီးမှာ ကြုံခဲ့ရလို့လား”

“ဟင့်အင်း၊ မဟုတ်ဘူး။ မစ္စတာကူဒို …”

“မစ္စတာ ကူဒို ကုနိအာကိ … သူက ဘာတွေကြုံခဲ့ရလို့လဲ”

“သူ့ဆီလည်း ထူးဆန်းတဲ့ စာတစ်စောင် ရောက်လာတယ်လို့ ရှေ့တစ်ခေါက် ကျွန်မတို့ ဆုံကြတုန်းက ကျွန်မကို ပြောတယ်။ စာထည့်သူနာမည် မပါဘူး။ စာထဲမှာ ကျွန်မအနား မကပ်ဖို့ သူ့ကို ခြိမ်းခြောက်ထားတယ်။ ပြီးတော့ ခိုးရိုက်ထားတဲ့ သူ့ဓာတ်ပုံကိုပါ စာအိတ်ထဲ တွဲထည့်ပေးထားတယ်”

“ဒါဆို သူ့ကိုပါ လိုက်ချောင်းနေတယ် ဆိုတဲ့ သဘောပေါ့”

လက်ရှိအခြေအနေအရ ဆိုရပါမူ စာထည့်သူမှာ အိရှိဂါမိမှ လွဲ၍ တခြားသူ မဖြစ်နိုင်။ ကုစာနာဂိသည် ယုကာဝါကို သတိရလာသည်။ သူသည် အိရှိဂါမိအား ပညာရှင်တစ်ယောက်အဖြစ် လွန်စွာ လေးစားနေသည်။ သူ လေးစားဂုဏ်ယူနေသော ထိုသူငယ်ချင်းသည် စိတ္တဇဝေဒနာရှင်တစ်ယောက်အလား ဤသို့သော ဆိုးညစ်သည့် အလုပ်များကို ရူးရူးမိုက်မိုက် လုပ်ကိုင်ခဲ့သည်ဟု သိရှိသွားပါမူ သူ မည်မျှ ဆို့နင့်ကြေကွဲသွားချိမ့်မည်နည်း။

တံခါးခေါက်သံ မြည်လာသည်။ “ဝင်ခဲ့ပါရှင်” ဟူသော ယာစုကို၏အသံ ထွက်ပေါ်ပြီးနောက် ငယ်ရွယ်သော ရဲသားတစ်ဦးသည် တံခါးဖွင့်ပြီး အတွင်းသို့ ခေါင်းလျှိုကြည့်သည်။ အိရှိဂါမိ၏ အခန်းကို စစ်ဆေးရန် တာဝန်ချထားခြင်း ခံရသော ရဲဘော်တစ်ဦး။

“ဆရာကုစာနာဂိ၊ ခဏ ထွက်လာလို့ ရမလား”

“အေး အေး” ကုစာနာဂိက ခေါင်းညိတ်ကာ မတ်တတ်ရပ်လိုက်သည်။

တစ်ဘက်ခန်းသို့ ရောက်သောအခါ မာမီယာသည် ထိုင်ခုံတွင် ထိုင်လျက် သူ့ကို စောင့်နေသည်။ စားပွဲပေါ်တွင် ကွန်ပျူတာကို ဖွင့်လျက် တွေ့ရသည်။ ရဲဘော်ကလေးများသည် ပစ္စည်းများစွာကို စက္ကူပုံးထဲ ထည့်ရင်း အလုပ်များနေကြသည်။

မာမီယာက စာအုပ်စင်ဘေးရှိ နံရံကို လက်ညှိုးထိုးပြသည်။ “အဲဒီမှာ ကြည့်ကြည့်”

အံ့ဩလွန်းသောကြောင့် ကုစာနာဂိထံမှ အာမေဍိတ်သံ ထွက်ပေါ်လာသည်။

နံရံ၏ ထောင့်တစ်ထောင့်မှ နံရံကပ်စက္ကူကို ခွာချထားပြီး နံရံတွင် ထွင်းဖောက်ထားသည့် ၂၀ စင်တီမီတာ အလျားရှိသော စတုရန်းကွက်တစ်ကွက်ကို တွေ့နေရသည်။ ၎င်းအပေါက်ထဲမှ ဓာတ်ကြိုးတစ်ကြိုး တွဲလောင်းကျနေကာ ထိုဓာတ်ကြိုး၏ အဆုံးတွင် နားကြပ်တစ်ခု ရှိနေသည်။

“မင်း နားကြပ်ကို တပ်ပြီး နားထောင်ကြည့်ကြည့်စမ်း”

ကုစာနာဂိသည် မာမီယာ၏ စေခိုင်းချက်အတိုင်း နားကြပ်ကို နားတွင်တပ်၍ နားထောင်ကြည့်ရာ စကားပြောသံများ ကြားလာရသည်။

“တကယ်လို့ အိရှိဂါမိရဲ့ ထွက်ဆိုချက်တွေကို မှန်တယ်လို့ အတည်ပြုနိုင်ရင် နောက်ပိုင်းကိစ္စက မြန်မြန်နဲ့ ပြီးသွားတော့မှာ။ နောက်ဆို မစ္စဟာနာအိုကာတို့ကိုလည်း အနှောင့်အယှက် ပေးမှာ မဟုတ်တော့ပါဘူး”

ကိရှိတာနိ၏ အသံဖြစ်သည်။ ဆူညံသံတချို့ ညပ်ပါနေသော်လည်း ပြောစကားကို ကောင်းစွာ ကြားနိုင်သည်။ နံရံတစ်ချပ် ခြားထားလျက် ရှိသည်ဟု မထင်ရလောက်အောင် အသံမှာ ပြတ်သားနေသည်။

“မစ္စတာအိရှိဂါမိကို ဘယ်လို ပြစ်ဒဏ်မျိုး ချမှတ်မှာလဲ”

“ဒါကတော့ တရားရုံးရဲ့ အမိန့်ပေါ် မူတည်တာပဲ။ သူ ကျူးလွန်ထားတာက လူသတ်မှုဆိုတော့ သေဒဏ် မပေးရင်တောင် သက်သက်ညှာညှာ ခံရလိမ့်မယ် မထင်ဘူး။ နောက်နောင်တော့ ခင်ဗျားကို နှောင့်ယှက်နိုင်မှာ မဟုတ်တော့ပါဘူး”

‘ဒီကောင် ရဲတစ်ယောက်လုပ်နေပြီး ဒီလောက်တောင် လျှာရှည်ရသလား’ ကုစာနာဂိက နားကြပ်ကို ဖြုတ်ရင်း စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

“ခဏနေကျရင် ဟာနာအိုကာ ယာစုကိုကို အဲဒါ ခေါ်ပြလိုက်။ အိရှိဂါမိရဲ့ စကားအရဆိုရင် ဒီပစ္စည်း ရှိနေတာကို သူ သိထားလောက်တယ်။ ဒါပေမယ့် ငါကတော့ သူ့စကားကို သိပ် မယုံချင်ဘူး”

“အိရှိဂါမိ လုပ်ခဲ့သမျှကို ဟာနာအိုကာ ယာစုကိုက ဘာမှ သိခဲ့မှာ မဟုတ်ဘူးလို့ ဆရာ ဆိုလိုချင်တာလား”

“စောစောက မင်းတို့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေကို ငါ အကုန် ကြားပြီးသွားပြီ” မာမီယာသည် နံရံပေါ်မှ တွဲလောင်းကျနေသော နားကြပ်ကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။ “အိရှိဂါမိ ဆိုတဲ့ကောင်က တကယ့်ကို မယားတရူးပဲ။ သုက်ပိုး ဦးနှောက်ထဲဝင်ပြီး ကြောင်နေတဲ့ ကောင်မျိုး။ ယာစုကိုနဲ့ သူရဲ့ ဆက်ဆံရေးကို သူ့ဟာသူ စိတ်ကူးထဲမှာ စိတ်ကြိုက်ပုံဖော်ပြီး တစ်ဘက်သတ် ကျိတ်ရူးနေတဲ့ကောင်။ ဒါကြောင့်လည်း ယာစုကိုအနား ကပ်လာသမျှ ယောက်ျားတိုင်းကို ရှင်းထုတ်ပစ်ဖို့ ကြိုးစားနေတာပေါ့။ လင်ဟောင်းကို ဒီလောက် မုန်းနေရတာလည်း အထူးအဆန်းတော့ မဟုတ်တော့ဘူး”

“အဲ …”

“ဘာဖြစ်တာလဲ။ မင်းမျက်နှာက မသာမယာနဲ့။ အီးမှန်ထားသလိုပဲ။ ဘာတွေ အလိုမကျ ဖြစ်နေတာလဲ။ ပြောစမ်းပါဦး”

“မဟုတ်ပါဘူး ဆရာ။ ကျွန်တော် အိရှိဂါမိဆိုတဲ့ လူရဲ့ စရိုက်ကို အထိုက်အလျောက် နားလည်တယ်လို့ ယူဆထားတယ်။ ဒါပေမယ့် အခု သူ ထွက်ဆိုထားသမျှ အကြောင်းအရာတွေ အကုန်လုံးက ကျွန်တော်သိထားတဲ့ သူ့ရဲ့ စရိုက်သဘာဝနဲ့ လုံးဝ ခြားနားနေသလိုပဲ။ ဒါကြောင့် ကျွန်တော့်စိတ်ထဲ မချိတင်ကဲ ဖြစ်နေမိတာပါ”

“လူပဲကွာ။ မျက်နှာဖုံးအမျိုးမျိုး စွပ်ထားတတ်ကြတယ်။ သူ့လို ဂေါက်ကြောင်မျိုးရဲ့ မျက်နှာဖုံးကို လွယ်လွယ်နဲ့ ခွာချလို့ ရတာ မဟုတ်ဘူး”

“အဲဒါကိုတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်။ … အသံဖမ်းစက်အပြင် တခြားရော ဘာရှာတွေ့သေးလဲ ဆရာ”

မာမီယာက လေးလေးနက်နက် ခေါင်းညိတ်ပြသည်။

“အပူပေးစားပွဲရဲ့ ဓာတ်ကြိုးကို တွေ့တယ်။ စားပွဲနဲ့အတူ ပုံးတစ်ပုံးထဲမှာ ထည့်သိမ်းထားတယ်။ ဓာတ်ကြိုးက ချည်မျှင်အကာနဲ့။ တိုဂါရှိကို သတ်ခဲ့တဲ့ လက်နက်နဲ့ တထေရာတည်းပဲ။ အဲဒီကြိုးပေါ်မှာသာ အသတ်ခံရသူရဲ့ အရေပြားစ နည်းနည်းလေး ရှာတွေ့မယ် ဆိုရင် တရားခွင် တင်လို့ရပြီ”

“တခြားရော”

“မင်း ဒါကို ကြည့်ကြည့်စမ်း” မာမီယာက ကွန်ပျူတာမှ မောက်စ်ကို ရွှေ့လိုက်သည်။ သူ၏ ကိုင်တွယ်ပုံမှာ မယုံနိုင်လောက်အောင် ကျွမ်းကျင်လှသည်။ တစ်စုံတစ်ဦးက သူ့ကို သင်ပေးထားခဲ့ပုံ ရသည်။ “ဟောဒါပဲ”

ဖန်သားမျက်နှာပြင်ပေါ်တွင် စာပိုဒ်တစ်ပိုဒ်ကို တွေ့နေရသည်။ ကုစာနာဂိက အနားသို့ ကပ်ပြီး သေချာစွာ ဖတ်ကြည့်လိုက်သည်။

ခင်ဗျားနဲ့ မကြာမကြာ တွဲတွဲနေတဲ့ လူက ဘယ်သူလဲဆိုတာ ကျွန်တော် စုံစမ်းလို့ ရသွားပြီ။ ကျွန်တော် သူ့ဓာတ်ပုံကို ဘာကြောင့် ရိုက်ယူထားသလဲဆိုတာ ခင်ဗျား သဘောပေါက်မှာပေါ့။ ကျွန်တော် ခင်ဗျားကို မေးပါရစေဦး။ အဲဒီလူနဲ့ ခင်ဗျားက ဘယ်လို ပတ်သက်နေတာလဲ။ ခင်ဗျားတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက သမီးရည်းစားအဆင့်ပါ ဆိုရင်တော့ ခင်ဗျား ကျွန်တော့်ကို ရက်ရက်စက်စက် သစ္စာဖောက်လိုက်တာပဲ။ ခင်ဗျားအတွက် ကျွန်တော် ဘာတွေ လုပ်ပေးခဲ့သလဲဆိုတာ ခင်ဗျား နည်းနည်းလေးမှ သတိမရတော့ဘူးလား။ ခင်ဗျားကို ကျွန်တော် ဒီကိစ္စမှာ အမိန့်ပေးပိုင်ခွင့် ရှိတယ်လို့ ကျွန်တော် ယူဆတယ်။ ခင်ဗျား အဲဒီလူနဲ့ ချက်ချင်း အဆက်အသွယ် ဖြတ်ပါ။ အဲဒီလို မလုပ်ခဲ့ရင်တော့ ကျွန်တော့်အဆိုး မဆိုပါနဲ့။ အဲဒီလူကို တိုဂါရှိလို ဇာတ်သိမ်းသွားအောင် လုပ်လိုက်ဖို့ရာ ကျွန်တော်အတွက် နည်းနည်းလေးမှ အခက်အခဲ မရှိဘူး။ အဲဒီလို လုပ်နိုင်ဖို့ အားလုံး အဆင်သင့် ဖြစ်နေသလို အချိန်မရွေးလည်း လုပ်လိုက်လို့ ရတယ်။ နောက်တစ်ခေါက် ထပ်ပြောပါရစေ။ တကယ်လို့ ခင်ဗျားသာ အဲဒီလူနဲ့ သမီးရည်းစား ဆက်ဆံရေးမျိုး ရှိနေခဲ့ရင် အဲဒီလို သစ္စာဖောက်မှုမျိုးကို ကျွန်တော် နည်းနည်းမှ သည်းခံနေမှာ မဟုတ်ဘူး။ ကျွန်တော် မဖြစ်ဖြစ်တဲ့နည်းနဲ့ လက်စားချေရပါလိမ့်မယ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *