နံရံကပ်နာရီမှ လက်တံများသည် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပြညွှန်နေကြသည်။ အိရှိဂါမိသည် အလုပ်ဆောင်အိတ်ကို ပိုက်လျက် အိမ်ထဲမှ ထွက်လာသည်။ ထိုအိတ်ထဲတွင် သူ တန်ဖိုးအထားဆုံး အရာများ ထည့်ထားသည်။ သူ ယခုတလော သုတေသန ပြုနေသည့် သင်္ချာပုစ္ဆာများကို ရေးခြစ်ထားသော စာရွက်စာတမ်းများ ဖြစ်သည်။ ‘ယခုတလော’ ဟု ဆိုခြင်းထက် နှစ်ပေါင်းများစွာအတွင်း နေ့စဉ်ရက်ဆက် သုတေသန ပြုလုပ်ခဲ့သော စာရွက်စာတမ်းများ ဖြစ်သည်ဟု ဆိုလျှင် သာ၍ တိကျမှန်ကန်ပေလိမ့်မည်။ တက္ကသိုလ် တက်စဉ်က ရေးသားခဲ့သော ဘွဲ့ယူစာတမ်းကိုပင် ပြီးပြည့်စုံသည်ဟု မယူဆနိုင်သေးဘဲ ယနေ့အချိန်ထိ ဆက်လက် ဖြည့်စွက်လေ့လာဆဲ ရှိနေသေးသည်။
၎င်းကို ပြီးပြည့်စုံသော စာတမ်းတစ်စောင် ဖြစ်လာစေရန်အတွက် နောက်ထပ် အနှစ် ၂၀ ခန့်မျှ အချိန်ပေးရပေဦးမည်ဟု သူ တွက်ဆထားသည်။ အခန့်မသင့်ပါက ထို့ထက်ပင် ကြာကောင်း ကြာသွားနိုင်သည်။ မည်မျှပင် ပင်ပန်းခက်ခဲပါစေ၊ ၎င်းမှာ သင်္ချာသမားတစ်ဦးအတွက် တစ်ဘဝလုံးကို မြှုပ်နှံထားရန် ထိုက်တန်သော ပုစ္ဆာတစ်ခုပင် ဖြစ်သည်ဟု သူ အခိုင်အမာ ယုံကြည်သည်။ ထို့အပြင် ထိုပုစ္ဆာကို မိမိမှ လွဲ၍ မည်သူမျှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု သူ ယူဆနေသည်။
အကယ်၍သာ တခြားသော ဗာဟီရ ကိစ္စများကို ထည့်သွင်း စဉ်းစားနေစရာ မလိုအပ်ဘဲ၊ နေ့စဉ် ဝေယျာဝစ္စများ၏ အနှောင့်အယှက်ကို မခံရဘဲ မိမိ၏ သုတေသန အလုပ်ထဲ၌သာ စိတ်နှစ်ထားရပါမူ မည်မျှ ကောင်းလိုက်လေမည်နည်း။ အိရှိဂါမိက ထိုသို့ မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးသည်။ မိမိ မသေခင် ကာလအတွင်း ဤအလုပ်ကို ပြီးပြတ်အောင် လုပ်နိုင်ပါမည်လောဟု စဉ်းစားမိလိုက်သည့် အခါတိုင်းတွင် သုတေသနနှင့် မဆိုင်သည့် ကိစ္စများ၌ အချိန်ကို ဖြုန်းပစ်နေမိခြင်းအတွက် နှမြောတသ ဖြစ်မိပြန်သည်။
မည်သည့် နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ၊ ဤစာရွက်စာတမ်းများကို ကိုယ်နှင့်မကွာ ယူဆောင်သွားရမည်ဟု သူ ဆုံးဖြတ်ထားသည်။ သူ၏ အလုပ်အတွက် မုန်ညင်းစေ့မျှသော တိုးတက်မှုကိုသာ ရရှိနိုင်သည် ဖြစ်စေ၊ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အချိန်ကိုပင် သူ အဆုံးရှုံး မခံနိုင်။ စာရွက်နှင့် ဘောပင်သာ ရှိလျှင် သူ ဆက်လုပ်နိုင်သည်။ ဤအလုပ်ကိုသာ သူ ဆက်လုပ်ခွင့် ရနေမည်ဆိုလျှင် သူ့အတွက် ဘာမျှ ထပ်မံ တောင်းဆိုနေစရာ မလိုအပ်တော့ပြီ။
သူသည် စက်ရုပ်တစ်ရုပ်အလား သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း လမ်းလျှောက်နေသည်။ ရှင်-အိုဟရှိတံတားကို ကူးဖြတ်ပြီးနောက် ဆုမိဒမြစ်ရိုးအတိုင်း လျှောက်ကာ အပြာရောင် တာလပတ်စများဖြင့် အမိုးမိုးထားသော တဲစုတ်များကို ဖြတ်ကျော်လာသည်။ ဆံဖြူကို နောက်စေ့တွင် ထုံးချည်ထားသော အမျိုးသားသည် ဂတ်စ်မီးဖိုပေါ်သို့ ဒယ်အိုးတစ်လုံးကို တင်နေသည်။ ဒယ်အိုးထဲတွင် မည်သည့်အရာများ ရှိသည်ကို မမြင်ရပေ။ သူ့ဘေး၌ ရှိသော တိုင်တွင် နီညိုရောင် မျိုးစပ်ခွေးတစ်ကောင်ကို တွဲချည်ထားသည်။ ထိုခွေးသည် သူ့သခင်ဘက်သို့ မျက်နှာမမူဘဲ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေသည်။
‘ကိုဘူးခွံ’ သည် ထုံးစံအတိုင်း တစ်ကိုယ်တည်း ရေရွတ်လျက် ဘူးခွံများကို ပြားသွားအောင် နင်းခြေနေသည်။ သူ့ဘေးနားတွင် အပြားခတ်ပြီးသား ဘူးခွံများ အပြည့်ထည့်ထားသည့် အိတ်နှစ်လုံးကို တွေ့နိုင်သည်။
‘ကိုဘူးခွံ’ ကို လွန်ပြီး အတန်ကြာမျှ လမ်းလျှောက်သွားလျှင် ခုံတန်းလျားတစ်လုံးကို တွေ့ရသည်။ ခုံပေါ်တွင် မည်သူမျှ မရှိ။ အိရှိဂါမိသည် ထိုနေရာသို့ တစ်ချက်မျှ စွေကြည့်လိုက်ပြီး ခေါင်းကို ငုံ့မြဲအတိုင်း ပြန်ငုံ့ထားလိုက်သည်။ ခြေလှမ်းများမှာ အနည်းငယ်မျှ ယိုယွင်းသွားခြင်း မရှိ။
ရှေ့တူရူအရပ်မှ လူတစ်ဦး လျှောက်လာနေသည်။ ယခုအချိန်ဆိုလျှင် ခွေးသုံးကောင် ဆွဲလာသည့် အမယ်အိုကြီးပင် ဖြစ်ရပေမည်။ သို့သော် နီးကပ်လာသော ခြေသံများအရ ဆိုလျှင် ထိုအမျိုးသမီးကြီး၏ ခြေသံများ မဟုတ်ကြ။ အိရှိဂါမိက ခေါင်းမော့ကြည့်လိုက်သည်။
“အဲ” သူ့ပါးစပ်မှ အာမေဍိတ်သံ ထွက်ပေါ်လာပြီး ခြေထောက်များသည်လည်း တုံ့ခနဲ ရပ်တန့်သွားကြသည်။
တစ်ဘက်လူမှာ နီးသည်ထက် နီးအောင် ဆက်လျှောက်လာနေသည်။ ထို့နောက် ပြုံးချိုသော မျက်နှာနှင့် ထိုသူသည် အိရှိဂါမိ၏ ရှေ့အရောက်တွင် ခြေစုံရပ်လိုက်သည်။
“မောနင်း” ယုကာဝါက နှုတ်ဆက်သည်။
အိရှိဂါမိ၏ ပါးစပ်သည် အာစေးထည့်ခံ ထားရသကဲ့သို့ မလှုပ်ရှားနိုင်ဘဲ အတန်ကြာမှ ပွင့်ဟလာသည်။ “မင်း ငါ့ကို စောင့်နေတာလား”
“ဒါပေါ့” ယုကာဝါက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ “ဒါပေမယ့် စောင့်နေတယ်လို့ ပြောရတာ သိပ်တော့ မမှန်ဘူး။ ငါ ကိယိုဆုတံတားဘက်ကို လျှောက်လာရင်း မင်းနဲ့ တွေ့ကောင်းရဲ့လို့ တွေးနေခဲ့တာတော့ အမှန်ပဲ”
“အရေးကြီးလို့လား”
“အရေးကြီးလား … မပြောတတ်ဘူး။ ကြီးချင် ကြီးမှာပေါ့”
“အခုပြောမှ ဖြစ်မှာလား” အိရှိဂါမိက နာရီကို ငုံ့ကြည့်သည်။ “ငါ့မှာ အချိန်အများကြီး မရှိဘူး”
“၁၀ မိနစ် ဒါမှမဟုတ် ၁၅ မိနစ်ဆိုရင် ရပါပြီ”
“လမ်းလျှောက်ရင်း ပြောလို့ ဖြစ်တယ် မဟုတ်လား”
“ဖြစ်ပါတယ်” ယုကာဝါက လေးဘက်လေးတန်သို့ အကဲခတ်ကြည့်သည်။ “ဒါပေမယ့် ငါ မင်းကို ဒီနေရာမှာ စကားနည်းနည်း ပြောချင်တယ်။ ၂ မိနစ်၊ ၃ မိနစ်လောက်ပေါ့။ ဟောဟိုက ခုံတန်းလျားမှာ ထိုင်ရအောင်” အိရှိဂါမိ၏ အဖြေကို မစောင့်တော့ဘဲ ယုကာဝါသည် လူသူကင်းမဲ့နေသော ခုံတန်းလျားဆီသို့ လျှောက်သွားသည်။
အိရှိဂါမိက ပင့်သက်ရှိုက်လိုက်ပြီး သူငယ်ချင်းအနောက်သို့ လိုက်သွားသည်။
“အရင်တုန်းကလည်း မင်းနဲ့ငါ ဒီလမ်းအတိုင်း တစ်ခါ လျှောက်ခဲ့ဖူးတယ်” ယုကာဝါက ပြောသည်။
“အင်း”
“အဲဒီတုန်းက မင်းပြောခဲ့တယ်လေ။ ဟောဟိုအိုးမဲ့အိမ်မဲ့တွေရဲ့ နေ့စဉ်ဘဝဟာ နာရီတစ်လုံးလိုပဲ မှန်မှန်လည်ပတ်နေကြတယ်တဲ့။ မင်း မှတ်မိသေးတယ်မလား”
“မှတ်မိတယ်။ အချိန်ရဲ့ ကန့်သတ်မှုကနေ ကျော်လွန်သွားရင် လူတွေဟာ အဲဒီအတိုင်း ဖြစ်သွားတော့တာပဲလို့ မင်း ပြောခဲ့သေးတယ်”
ယုကာဝါက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“မင်းရော ငါရောက အချိန်ရဲ့ ကန့်သတ်မှုကို မကျော်လွန်နိုင်ကြသေးဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လူမှုပတ်ဝန်းကျင်ဆိုတဲ့ နာရီရဲ့ ခွေးသွားစိပ်တစ်ခု အနေနဲ့ ငါတို့ ပါဝင်လှုပ်ရှားနေကြရတယ်။ အဲဒီခွေးသွားစိပ်လေး လစ်ဟာသွားတာနဲ့ ငါတို့ရဲ့ နာရီလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တယ်။ ငါတို့ဟာ အမှီအခို ကင်းမဲ့ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေပါတယ်လို့ ဘယ်လောက်ပဲ အထင်ရောက်နေနေ တကယ့်လက်တွေ့မှာကျတော့ အဲဒီလို ဖြစ်မနေဘူး။ လူ့အဖွဲ့အစည်းကြီးက ငါတို့ကို အတိုင်းအတာတစ်ခုထိ လုံခြုံမှု ပေးနေတယ် ဆိုပေမယ့် တစ်နည်းအားဖြင့် ငါတို့ဟာ အပြည့်အဝ လွတ်လပ်မနေဘူးလို့ ဆိုလိုရာ ရောက်နေပြန်တယ်။ ဒီအိမ်ရာမဲ့တွေထဲမှာ ပုံမှန်လူ့လောကထဲကို ပြန်မဝင်ချင်တော့တဲ့လူတွေ မနည်းမနော ရှိနေလိမ့်မယ် ထင်တယ်”
“မင်း အဲဒီလို စကားပိုတွေ လျှောက်ပြောနေရင် သုံးမိနစ်ဆိုတဲ့ အချိန်က ခဏလေးနဲ့ ကုန်သွားလိမ့်မယ်” အိရှိဂါမိက နာရီကို ငုံ့ကြည့်ပြန်သည်။ “ကြည့် … အခု တစ်မိနစ် ကုန်သွားပြီ”
“လောကမှာ အသုံးမဝင်တဲ့ ခွေးသွားစိပ်ဆိုတာ မရှိပါဘူး။ တစ်ခုပဲ ရှိတယ်။ ခွေးသွားစိပ် ကိုယ်နှိုက်ကသာ သူရဲ့ အသုံးဝင်ပုံကို ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်တယ်။ ငါ ပြောချင်တာ အဲဒါပဲ” ယုကာဝါက အိရှိဂါမိ၏ မျက်လုံးအိမ်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ “မင်း အလုပ်ထွက်ပစ်ဖို့ စိတ်ကူးထားတာလား”
အိရှိဂါမိက တအံ့တဩဖြင့် မျက်လုံးပြူးလျက် စိုက်ကြည့်နေမိသည်။ “ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ”
“ဘာမှ မဟုတ်ပါဘူး။ စိတ်ထဲမှာ အဲဒီလို ထင်နေမိလို့ မေးကြည့်တာ။ ဒီလူမှုယန္တရားကြီးထဲမှာ မင်းကိုယ်မင်း သင်္ချာဆရာဆိုတဲ့ ခွေးသွားစိပ်တစ်ခုအဖြစ် ကျေကျေနပ်နပ်ကြီး လက်ခံထားတာမှ မဟုတ်ဘဲ” ယုကာဝါသည် ထိုင်ရာမှ ထရပ်လိုက်သည်။ “သွားကြစို့လား”
သူတို့ နှစ်ဦးသည် ပခုံးချင်းယှဉ်ကာ ဆုမိဒမြစ်ကမ်းတစ်လျှောက် လမ်းလျှောက်သွားကြသည်။ အိရှိဂါမိက ဘာမျှ မပြောဘဲ တစ်ဘက်မှ သူငယ်ချင်း၏ စကားအဟကိုသာ ငံ့လင့်နေသည်။
“မင်းဆီကို ကုစာနာဂိ လာသွားသေးတယ်လို့ ကြားတယ်။ မင်းဆီက အလီဘိုင် တောင်းသွားတယ်ဆို”
“အင်း၊ ပြီးခဲ့တဲ့အပတ်ကပဲ”
“သူက မင်းကို သံသယ ဝင်နေတယ်”
“ဟုတ်မှာပေါ့။ သူ ဘာဖြစ်လို့ ငါ့ကို သံသယ ဝင်နေသလဲ ဆိုတာ ငါတော့ နားမလည်နိုင်အောင်ဘဲ”
ယုကာဝါက နားထောင်ပြီး ပြုံးနေသည်။
“သူကိုယ်တိုင်ကလည်း မယုံတစ်ဝက် ယုံတစ်ဝက်ပဲ။ ငါ မင်းကို စိတ်ဝင်စားနေတာ မြင်တော့ သူ မင်းကို စပြီး သတိထားမိလာတယ်။ မင်းကို ဒီလိုကိစ္စမျိုး ပြောမပြသင့်ဘူး ထင်တာပဲ။ တကယ်တော့ ရဲဘက်မှာ မင်းကို သံသယဝင်နိုင်လောက်တဲ့ အထောက်အထား ဘာတစ်ခုမှ မရှိဘူး”
အိရှိဂါမိက ရပ်တန့်လိုက်သည်။ “ဒါဆို ဘာဖြစ်လို့ ငါ့ကို ပြောပြနေရသေးတာလဲ”
ယုကာဝါကလည်း ရပ်တန့်ကာ သူ့ဘက်သို့ လှည့်လိုက်သည်။ “ငါတို့က သူငယ်ချင်းတွေလေ။ တခြား ဘာအကြောင်းပြချက်မှတော့ မရှိပါဘူး”
“သူငယ်ချင်း ဖြစ်တာနဲ့ပဲ ငါ့ကို အဲဒါတွေ ပြောပြနေဖို့ လိုအပ်လို့လား။ ငါနဲ့ အဲဒီအမှုက ဆိုင်မှမဆိုင်ဘဲ။ ရဲတွေက ငါ့ကို သံသယ ဝင်ဝင် မဝင်ဝင်၊ ငါ နည်းနည်းမှ ဂရုမစိုက်ဘူး”
ယုကာဝါအထံမှ လေးပင်၍ ရှည်လျားသော ပင့်သက်ရှိုက်သံကို ကြားလိုက်ရသည်။ ထို့နောက် ခေါင်းကို ခါယမ်းနေသည်။ သူ၏ မျက်နှာပေါ်မှ ကြေကွဲဖွယ် အရိပ်အယောင်တို့က အိရှိဂါမိ၏ အတွင်းစိတ်ကို ထိုးဆွသကဲ့သို့ ရှိနေကြသည်။
“အလီဘိုင်နဲ့ မဆိုင်ပါဘူး” ယုကာဝါက ခပ်တိုးတိုး ပြောသည်။
“ဘာရယ်”
“ကုစာနာဂိတို့အဖွဲ့က သံသယတရားခံရဲ့ အလီဘိုင်ကို အလိမ်ဖော်နိုင်ဖို့ပဲ အာရုံစိုက်နေကြတာ။ ဟာနာအိုကာ ယာစုကိုသာ တရားခံ ဖြစ်မယ်ဆိုရင် သူ့အလီဘိုင်ရဲ့ ဟာကွက်ကို ရှာထုတ်နိုင်တာနဲ့ တစ်ပြိုင်နက် အမှုမှန်ကို ဖော်ထုတ်နိုင်ပြီလို့ သူတို့က ယုံကြည်နေကြတယ်။ တကယ်လို့သာ မင်းက ကြံရာပါဆိုရင် မင်းရဲ့ အလီဘိုင်ကိုလည်း တစ်ပါတည်း စစ်ဆေးသွားမယ်။ ဒါဆိုရင် မင်းတို့ရဲ့ ခံတပ်ကြီး ပြိုလဲသွားလိမ့်မယ်ပေါ့”
“မင်း ဘာဖြစ်လို့ အဲဒါတွေကို လာပြောနေရသလဲဆိုတာ ငါ နားမလည်ဘူး” အိရှိဂါမိက ဆက်ပြောသည်။ “ရဲတွေဘက်ကကြည့်ရင် အဲဒီလို လုပ်တာ သဘာဝ ကျနေတာပဲ။ ဒါပေမယ့် မင်း စောစောက ပြောခဲ့သလိုပေါ့။ ပေးထားချက်အနေနဲ့ သူဟာ တရားခံ ဖြစ်နေရမယ်”
ယုကာဝါ၏ နှုတ်ခမ်းမှာ နောက်တစ်ကြိမ် ကွေးညွတ်သွားပြန်သည်။
“ကုစာနာဂိက ငါ့ကို စိတ်ဝင်စားစရာ ကိစ္စတစ်ခု ပြောပြခဲ့တယ်။ ကျောင်းသားတွေရဲ့ ကြိုတင်မှန်းဆချက်ကြောင့် ဖြစ်ပေါ်လာတဲ့ မျက်ကွယ်မှတ်ကို အခွင့်ကောင်းယူပြီး မင်း မေးခွန်းထုတ်တတ်တယ်လို့ သူ့ဆီက ကြားခဲ့ရတယ်။ ဥပမာ ပြောရရင် အယ်ဂျီဘရာပုစ္ဆာကို ဂျီဩမေတြီပုစ္ဆာလို့ အထင်ရောက်သွားအောင် ထုတ်တတ်တာမျိုးပေါ့။ သိပ် ပိုင်တာပဲ။ သင်္ချာရဲ့ အခြေခံ သဘောတရားတွေကို နားလည်မထားဘဲ ဂဏန်းမြင်တာနဲ့ အပေါင်းအနှုတ်လောက် လုပ်ဖို့ပဲ စိတ်ကူးနေတဲ့ ကျောင်းသားတစ်ယောက်ကို ကောင်းကောင်းကြီး လှည့်စားလိုက်နိုင်မှာပဲ။ ကျောင်းသားက အဲဒါကို ဂျီဩမေတြီပုစ္ဆာလို့ ထင်သွားတာနဲ့ တစ်ပြိုင်နက် အဲဒီရှုထောင့်ကနေပဲ ဖြေရှင်းဖို့ ကြိုးစားနေတော့မှာ။ ဒါပေမယ့် သူတို့ ဘယ်တော့မှ အဖြေရမှာ မဟုတ်ဘူး။ အချိန်ကုန် လူပန်းတာပဲ အဖတ်တင်မယ်။ တချို့လူတွေက အဲဒါကို မတရားဘူးလို့ စွပ်စွဲကောင်း စွပ်စွဲလိမ့်မယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ တကယ့် စစ်မှန်တဲ့ အရည်အချင်းကို စမ်းသပ်ဖို့ရာတော့ အဲဒါက အထိရောက်ဆုံး နည်းလမ်းတစ်ခုပဲ”
“မင်း ဘာပြောချင်နေတာလဲ”
“ကုစာနာဂိတို့ အဖွဲ့က” ယုကာဝါ၏ အမူအရာမှာ ပြန်လည် တည်ကြည်အေးဆေးနေသည်။ “ဒီတစ်ခေါက် ပုစ္ဆာကို အလီဘိုင် စိတ်ဖြာသုံးသပ်ခြင်းလို့ အထင်ရောက်နေကြတယ်။ သူတို့အတွက် အရေးပါဆုံး သံသယတရားခံမှာကလည်း အလီဘိုင် ရှိနေမှကိုး။ သူတို့ အဲဒီလို တွေးထင်နေတာကိုလည်း အပြစ်လို့ မဆိုသာဘူး။ သူတို့ ရထားတဲ့ အလီဘိုင်က အက်ကြောင်းလိုက်နေတော့ အဲဒီအက်ကြောင်းကို တည်ပြီး တူးဆွသွားရင် မကြာခင်မှာ ပြိုလဲသွားရမယ်လို့ ယုံကြည်နေကြတယ်။ ဒါလည်း လူ့သဘာဝပဲလေ။ ငါတို့ရဲ့ သုတေသနလောကမှာလည်း ဘာထူးလို့လဲ။ သဲလွန်စတွေ့ပြီ ဆိုပြီး အူယားဖားယားနဲ့ အဲဒီအနောက်ကို တကောက်ကောက် လိုက်ကြရာက နောက်ဆုံးကျတော့ အချိန်ကုန် လူပန်းတာပဲ အဖတ်တင် ကျန်ရစ်တယ်။ ကုစာနာဂိတို့လည်း အဲဒီအတိုင်းပဲ။ ထောင်ချောက်ထဲ ပြုတ်ကျသွားခဲ့တယ်။ အဲ မဟုတ်သေးဘူး။ ထောင်ချောက်ထဲ ဆွဲပို့ခံလိုက်ရတယ်လို့ ပြောမှ ပိုမှန်မယ်”
“တကယ်လို့ မင်းအနေနဲ့ သူတို့ရဲ့ ထောက်လှမ်းမှုအပေါ် သံသယ ရှိနေခဲ့ရင် ကုစာနာဂိကို ပြောပြရမှာ မဟုတ်ဘူးလား။ ငါ့ကို မဟုတ်ဘူးလေ”
“ဒါပေါ့။ သူ့ကိုလည်း ပြောပြဖို့ လိုအပ်တာပေါ့။ ဒါပေမယ့် သူ့ကို မပြောပြခင် မင်းနဲ့ အရင်ဆုံး ဆွေးနွေးကြည့်ချင်သေးတယ်။ အကြောင်းအရင်းကိုတော့ ငါမင်းကို စောစောက ပြောခဲ့ပြီးပြီပဲ”
“ငါတို့က သူငယ်ချင်း ဖြစ်နေလို့ ဆိုတာလား”
“ဟုတ်တယ်။ နောက်တစ်ဆင့် တက်ပြီး ပြောရရင် မင်းရဲ့ ဉာဏ်စွမ်းကို ငါ အဆုံးရှုံး မခံနိုင်ဘူး။ အခုလို စိတ်အနှောင့်အယှက် ဖြစ်စရာတွေကို မြန်မြန် ပြီးသွားစေချင်ပြီ။ ဒါမှ မင်းလုပ်သင့်တာကို စိတ်နှစ်ပြီး လုပ်သွားနိုင်မှာ။ မင်းရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းကို အရေးမပါတဲ့ ကိစ္စတွေအပေါ်မှာ ဖြုန်းတီးပစ်တာမျိုး ငါ မလိုလားဘူး”
“အဲဒါတော့ မင်းမပူပါနဲ့။ ငါ ဘယ်တော့မှ အချိန်ကို အလဟဿ ဖြုန်းတီးမပစ်ဘူး” ပြောပြီး အိရှိဂါမိက ခြေလှမ်းကို စတင် လှမ်းလျှောက်လိုက်သည်။ ရုံးချိန် နီးကပ်လာသောကြောင့်တော့ မဟုတ်။ ထိုနေရာတွင် ဆက်လက် ရပ်တည်နိုင်စွမ်း မရှိတော့သောကြောင့်သာ ဖြစ်သည်။
ယုကာဝါက အနောက်မှ လိုက်ပါလာသည်။ “ဒီအမှုကို ဖြေရှင်းနိုင်ဖို့ဆိုရင် ပုစ္ဆာကို အလီဘိုင် စိတ်ဖြာသုံးသပ်ခြင်းလို့ မရှုမြင်သင့်ဘူး။ တခြားလမ်းကြောင်း တစ်ခုကနေ ချဉ်းကပ်မှ ဖြစ်မယ်။ သူတို့နှစ်ခုရဲ့ ခြားနားချက်က ဂျီဩမေတြီနဲ့ အယ်ဂျီဘရာတို့ ကွာခြားတာထက်တောင် အပုံကြီး များနေလိမ့်ဦးမယ်”
“မင်းက အဲဒါကို ဘာပုစ္ဆာလို့ ထင်လဲ” အိရှိဂါမိက အနောက်ဘက်သို့ လှည့်မကြည့်ဘဲ လမ်းလျှောက်နေရင်း မေးလိုက်သည်။
“စကားတစ်ခွန်းတည်းနဲ့ ပုံဖော်ဖို့ ခက်လိမ့်မယ်။ မဖြစ်မနေ ပြောရမယ် ဆိုရင်တော့ အသွင်ယူလှည့်စားခြင်းလို့ ခေါ်သင့်မလားပဲ။ အသွင်ယူထားတဲ့ အရာတွေရဲ့ လှည့်စားခြင်းကို မှုခင်းအဖွဲ့တစ်ဖွဲ့လုံး ခံနေကြရတယ်။ သဲလွန်စလို့ သူတို့ ယူဆထားတဲ့ အရာတွေဟာ တကယ်တော့ ဘာမှ မဟုတ်ဘူး။ တရားခံရဲ့ ချက်ကောင်းကို ကိုင်ထားမိပြီလို့ သူတို့ ယူဆလိုက်တဲ့ တစ်ချိန်တည်းမှာပဲ သူတို့ကိုယ်နှိုက်က သူများ ဆင်ထားတဲ့ ထောင်ချောက်ထဲမှာ ပိတ်မိနေကြပြီ”
“အတော် ရှုပ်ထွေးတာပဲ”
“ဟုတ်တယ်။ အတော်ကို ရှုပ်ထွေးတယ်။ ဒါပေမယ့် လေ့လာတဲ့ ရှုထောင့်ကို ပြောင်းလိုက်တာနဲ့ အံ့ဩစရာ ကောင်းလောက်အောင်ကို ရိုးရှင်းသွားတော့တာပဲ။ သာမန်လူတွေက တစ်စုံတစ်ရာကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အခါမှာ ရှုပ်ထွေးတဲ့ နည်းလမ်းတွေကို သုံးတတ်ကြတယ်။ အဲ … အဲဒီလို ရှုပ်ထွေးတဲ့ နည်းလမ်းကြောင့်ပဲ ကိုယ့်သေတွင်းကိုယ် တူးမိသလို ဖြစ်သွားကြရော။ ဉာဏ်ကြီးရှင်တွေကကျတော့ အဲဒီလိုမျိုး မလုပ်တတ်ဘူး။ သူတို့က အင်မတန်မှ ရိုးရှင်းတဲ့ နည်းလမ်းကိုပဲ ရွေးချယ်တတ်ကြတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းကို လူသာမန်တွေအနေနဲ့ စဉ်းစားလို့ မရနိုင်သလို ဘယ်တုန်းကမှလည်း လုပ်ဖို့ စိတ်ကူးရှိခဲ့ကြမှာ မဟုတ်ဘူး။ အဲဒီလို ရိုးရှင်းလွန်းလို့လည်းပဲ ပြဿနာကို အဆုံးစွန်အထိ ရှုပ်ထွေးသွားစေတာပဲ”
“မင်းတို့လို ရူပဗေဒသမား ရုပ်ဝါဒီတွေက စိတ္တဇဆန်ဆန် စိတ်ကူးယဉ် ပုံဖော်ရတာကို အမြင်ကတ်ကြတယ် မဟုတ်ဘူးလား”
“ဒါဆိုလည်း ဒီထက်အသေးစိတ်ပြီး ပြောရတာပေါ့။ အချိန်ရသေးတယ် မဟုတ်လား”
“မလောပါဘူး”
“ထမင်းဆိုင်သွားဖို့ရော အချိန်ရှိသေးလား”
အိရှိဂါမိက ယုကာဝါကို တစ်ချက် စွေကြည့်ပြီး အရှေ့ဘက်သို့ ချက်ချင်း ပြန်လှည့်လိုက်သည်။ “ငါက အဲဒီကို နေ့တိုင်း သွားနေတာမှ မဟုတ်ဘဲ”
“ငါကြားထားသလောက်တော့ မင်း နေ့တိုင်းသွားလို့ ချောင်းတောင် ပေါက်နေပြီတဲ့”
“အဲဒါက ငါ့ကို အမှုထဲ ဆွဲထည့်ရတဲ့ အကြောင်းအရင်းပဲလား”
“ဟုတ်တယ်လို့လည်း ပြောလို့ ရတယ်။ မဟုတ်ဘူးလို့လည်း ပြောလို့ ရတယ်။ ထမင်းဆိုင်တစ်ဆိုင်တည်းကိုပဲ နေ့တိုင်းနေ့တိုင်း သွားနေတာ ငါ့အတွက်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ကို နေ့တိုင်းနေ့တိုင်း သွားကြည့်နေတယ် ဆိုရင်တော့ ဒါမျိုးက စိတ်မဝင်စားလို့ မဖြစ်တော့ဘူး”
အိရှိဂါမိသည် ရပ်ပြီး ယုကာဝါကို စိုက်ကြည့်လိုက်သည်။ “ငယ်သူငယ်ချင်း ဖြစ်တယ် ဆိုတာနဲ့ အခုလို ပေါက်ပန်းဈေး လျှောက်ပြောနေလို့ ရတယ်လို့ ယူဆထားတာလား” ယုကာဝါက သူ့အကြည့်ကို ရှောင်ဖယ်မသွားဘဲ အိရှိဂါမိကို စူးစူးရဲရဲ ပြန်စိုက်ကြည့်နေသည်။
“မင်း စိတ်ဆိုးသွားတာလား။ မင်းရဲ့စိတ်တွေ ယောက်ယက်ခတ်ကုန်ပြီ ထင်တယ်”
“ရယ်စရာပဲကွာ” အိရှိဂါမိက ဆက်လက် ထွက်ခွာသွားပြီး ကိယိုဆုတံတားနားသို့ အရောက်တွင် လှေကားပေါ်သို့ လှမ်းတက်သွားလေသည်။
“အလောင်းနဲ့ မလှမ်းမကမ်းလောက်မှာ သေသူရဲ့ ပစ္စည်းလို့ ယူဆရတဲ့ အဝတ်အစားတွေကို မီးရှို့ခံထားရတယ်” ယုကာဝါသည် အနောက်မှ အမီလိုက်လာပြီး ပြောသည်။ “ဆီပုံးခွံထဲမှာ တစ်ဝက်တစ်ပျက် မီးကျွမ်းနေတဲ့ အဝတ်အစားတွေကို ရဲတွေ တွေ့ခဲ့ကြတယ်။ သူတို့က အဲဒါကို တရားခံရဲ့ လက်ချက်လို့ ယူဆထားကြတယ်။ ငါ အဲဒီအကြောင်းကို စကြားခါစက စဉ်းစားနေခဲ့သေးတယ်။ တရားခံက အဝတ်အစားတွေကို အကုန်လုံး ပြာကျသွားတဲ့အထိ မစောင့်ဘဲ ဘာဖြစ်လို့ ထွက်သွားရတာလဲ။ ကုစာနာဂိတို့ရဲ့ အယူအဆကတော့ တရားခံဟာ အမြန်ဆုံး ထွက်ပြေးသွားချင်လို့တဲ့။ အဲဒီလိုသာဆိုရင် အဝတ်အစားတွေကို အရင် သယ်သွားပြီး နောက်မှ ဖြည်းဖြည်းချင်း ဖြေရှင်းလိုက်လို့ ရတာပဲ မဟုတ်ဘူးလား။ ဒါမှမဟုတ် မြန်မြန် ပြာကျသွားနိုင်တယ်လို့ တရားခံက အတွက်မှားခဲ့တာလား။ အဲဒီလို တွေးလိုက်မိတော့ ငါ့စိတ်ထဲ ကသိကအောက် ဖြစ်လာတာနဲ့ လက်တွေ့ပဲ စမ်းပြီး မီးရှို့ကြည့်လိုက်တယ်”
အိရှိဂါမိ၏ ခြေလှမ်းများ နောက်တစ်ကြိမ် ရပ်တန့်သွားကြပြန်သည်။
“အဝတ်တွေကို မီးရှို့ကြည့်တာလား”
“ဟုတ်တယ်၊ ဆီပုံးခွံထဲမှာ ရှို့တာ။ ဂျက်ကက်ရယ်၊ ဆွယ်တာရယ်၊ ဘောင်းဘီရှည်ရယ်၊ ခြေအိတ်ရယ် … ပြီးတော့ အတွင်းခံရယ်။ ငါ တစ်ပတ်ရစ်ဆိုင်ကနေ အဲဒါတွေကို သွားဝယ်ခဲ့တာ။ ဘတ်ဂျက်တောင် အတော်လေး ထိသွားတယ်။ ငါတို့က သင်္ချာသမားတွေနဲ့ မတူဘူး။ လက်တွေ့မှ မစမ်းလိုက်ရရင် နေမထိ ထိုင်မသာ ဖြစ်လို့”
“အဲ့တော့ ဘာတွေ့လဲ”
“အဝတ်အစားတွေကနေ အနံ့စူးစူးတွေ ထွက်လာပြီး တဖျစ်ဖျစ်နဲ့ လောင်သွားလိုက်တာ” ယုကာဝါက ပြောသည်။ “အကုန်လုံး ပြာကျသွားရောပဲ။ ဘယ်လောက်မှ မကြာလိုက်ဘူး။ ၅ မိနစ်တောင် ကြာလိုက်မယ် မထင်ဘူး”
“ဒီတော့ …”
“တရားခံက ဘာဖြစ်လို့ ၅ မိနစ်လောက်တောင် မစောင့်နိုင်ရတာလဲ”
အိရှိဂါမိက ပခုံးကို တွန့်ပြသည်။ သူသည် လှေကား၏ နောက်ဆုံးအထစ်ကို ကျော်နင်းပြီးနောက် ကိယိုဆုဘာရှိလမ်းပေါ်တွင် ဘယ်ဘက်သို့ ချိုးကွေ့လိုက်သည်။ ဘန်တန်တိုင်သို့ သွားသော လမ်းကို ကျောခိုင်းလျက်။
“မင်း ဟင်းသွားမဝယ်တော့ဘူးလား” ယုကာဝါက မေးသည်။
“တကယ့်ကောင်ပဲကွာ။ ငါ နေ့တိုင်း သွားနေတာ မဟုတ်ဘူးလို့ မင်းကို ပြောပြီးပြီပဲ” အိရှိဂါမိက မျက်မှောင်ကို ကြုတ်လိုက်သည်။
“ပြီးရောလေ။ နေ့လယ်စာအတွက် စိတ်ပူလို့ ငါက မေးကြည့်တာပဲဟာ” ယုကာဝါသည် သူ့အနီးသို့ လျှောက်လာပြီး ပခုံးချင်း ယှဉ်လိုက်သည်။ “အလောင်းနားမှာ စက်ဘီးတစ်စီးကိုလည်း တွေ့ထားသေးတယ်။ စုံစမ်းကြည့်လိုက်တော့ အဲဒီစက်ဘီးက ရှီနိုဇာကိဘူတာရုံအနားကနေ အခိုးခံထားရတာတဲ့။ စက်ဘီးပေါ်မှာ အသတ်ခံရသူရဲ့ လက်ဗွေရာတွေကို တွေ့ရသေးတယ်”
“အဲဒီတော့ ဘာဖြစ်လဲ”
“သေသူရဲ့ မျက်နှာကိုတောင် ဖျက်ဆီးပစ်ထားပြီးမှ စက်ဘီးပေါ်က လက်ဗွေရာကို သုတ်ပစ်ဖို့ အဲဒီလူက မေ့ကျန်နေခဲ့တယ်။ လက်ဗွေရာတွေကို စက်ဘီးပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ချန်ပစ်ခဲ့တာ မဟုတ်ဘူး ဆိုရင်တော့ အဲဒီလူဟာ အတော် မိုက်မဲတာပဲ။ အဲဒီလူက ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ”
“မင်းက ဘယ်လို ထင်သလဲ”
“စက်ဘီးနဲ့ သေသူကို ချိတ်ဆက်ထားချင်လို့ပေါ့။ … တကယ်လို့သာ ရဲဘက်က စက်ဘီးကို လူသတ်မှုနဲ့ မပတ်သက်ဘူးလို့ ယူဆလိုက်ရင် တရားခံအတွက် အကျိုးယုတ်သွားနိုင်တယ်”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲဆိုတော့ အသတ်ခံရသူဟာ စက်ဘီးကို ရှီနိုဇာကိဘူတာကနေ သူ့ဘာသာသူ စီးလာပါတယ်လို့ ရဲတွေကို အထင်ရောက်သွားစေချင်တယ်။ အဲဒီလို လုပ်နိုင်ဖို့ရာကလည်း သာမန် စက်ဘီးဟောင်းနဲ့လည်း မဖြစ်ပြန်ဘူး”
“သာမန်စက်ဘီး မဟုတ်ဘူးလား”
“ဘယ်နေရာမှာမဆို တွေ့မြင်နိုင်တဲ့ မိန်းမစီး စက်ဘီးပါပဲ။ ဒါပေမယ့် အချက်တစ်ချက်က သာမန် မဟုတ်ဘူး။ စက်ဘီးအသစ် ဖြစ်နေတယ်”
အိရှိဂါမိ၏ တစ်ကိုယ်လုံးရှိ ဒွါရကိုးပေါက်စလုံးမှာ ပွင့်ထွက်သွားမတတ် ခံစားနေရသည်။ ဝင်သက်ထွက်သက်ကိုပင် ဟန်ချက်ညီအောင် ရှူရှိုက်ရန် ခက်ခဲလာတော့သည်။
“မင်္ဂလာပါ ဆရာ” ရုတ်တရက် ထွက်ပေါ်လာသော နှုတ်ခွန်းဆက်သံကြောင့် အိရှိဂါမိ၏ ရင်တွင် ထိတ်ခနဲ ဖြစ်သွားသည်။ စက်ဘီးနင်းလာသော အထက်တန်း ကျောင်းသူတစ်ယောက်သည် သူ့ကို ဦးညွတ်နှုတ်ဆက်ပြီး အနားမှ ကျော်တက်သွားသည်။
“ဪ … အေး၊ မင်္ဂလာပါ” သူက ကသုတ်ကရက် နှုတ်ဆက်လိုက်သည်။
“တကယ်တော်တဲ့ ကလေးပဲ။ ဒီခေတ်ကြီးထဲမှာ ဘယ်ကျောင်းသားကမှ ဆရာ့ကို နှုတ်မဆက်တတ်တော့ဘူးလို့ ထင်နေတာ”
“တကယ့်ကို မျိုးသုဉ်းကုန်ပြီ။ ဒါနဲ့ မင်း စောစောက ပြောနေတာ စက်ဘီးက အသစ်ဆို။ တခြားရော ဘာတွေ ထူးခြားသေးလဲ”
“သူခိုးက ခိုးမယ့်ခိုး၊ အသစ်ပဲ ရွေးခိုးမှာပေါ့လို့ ရဲတွေက ထင်နေကြတာ။ တကယ့် အကြောင်းအရင်းက အဲဒီလောက် ဘယ် ရိုးရှင်းပါ့မလဲ။ တရားခံ အဓိက စိတ်ဝင်စားတာက အဲဒီစက်ဘီးကို ဘယ်အချိန်တုန်းက ရှီနိုဇာကိဘူတာမှာ ထားထားခဲ့သလဲ ဆိုတဲ့ အချက်ပဲ”
“ဘာဖြစ်လို့လဲ”
“ဘူတာရုံနားမှာ ရက်ပေါင်းများစွာ ပစ်ထားတဲ့ စက်ဘီးစုတ်တွေက တရားခံအတွက် နည်းနည်းမှ အသုံးမဝင်ဘူး။ စက်ဘီးပိုင်ရှင်ကို အမှုဖွင့်စေချင်တာကြောင့် စက်ဘီးက အသစ် ဖြစ်နေမှ ရမယ်။ ဒါမှ အခိုးခံရပြီးတာနဲ့ စက်ဘီးပျောက် အတိုင်ခံရခြေ များမယ် မဟုတ်လား။ ဒါပေမယ့် … ဒါတွေက ပြစ်မှုကို ဖုံးကွယ်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တွေတော့ မဟုတ်ဘူး။ သူ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့ ကံသေကံမ မပြောနိုင်လို့သာလျှင် တရားခံက ကာဗာယူထားတဲ့ သဘောသက်သက်ပဲ”
“ဪ”
အိရှိဂါမိသည် ယုကာဝါ၏ သုံးသပ်ချက်များကို မည်သို့မျှ ဝေဖန်ပြောကြားခြင်း မရှိဘဲ ရှေ့သို့သာ ဆက်လက် လျှောက်လှမ်းနေသည်။ ကျောင်းပရိဝုဏ်အနီးသို့ ရောက်ရှိလာသောအခါ လမ်းဘေး ပလက်ဖောင်းများပေါ်၌ ကျောင်းသားများနှင့် ပြည့်နှက်နေလေသည်။
“မင်းစကားက အတော် စိတ်ဝင်စားစရာ ကောင်းတာပဲ။ ငါ့ဖြင့် ဆက်ပြီးတော့ ကြားချင်နေသေးတယ်” သူက တုံ့ရပ်ပြီး ယုကာဝါဘက်သို့ လှည့်လိုက်သည်။ “ဒါပေမယ့် မင်း ရှေ့ဆက်ပြီး လိုက်မလာရင် ကောင်းလိမ့်မယ်။ ကျောင်းသားတွေကို ဒီစကားတွေ ကြားမသွားစေချင်ဘူး”
“အဲဒီအတိုင်းပဲ ပိုကောင်းပါလိမ့်မယ်။ ငါ ပြောချင်တဲ့ စကားတွေကလည်း အကြမ်းအားဖြင့်တော့ ပြောလို့ ပြီးသွားပြီ”
“စိတ်ဝင်စားစရာပဲ” အိရှိဂါမိက ပြောသည်။ “အရင်က မင်း ငါ့ကို မေးခွန်းတစ်ခု မေးခဲ့ဖူးတယ်။ သူများ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ခုကို ဖန်တီးတာနဲ့ အဲဒီပုစ္ဆာကို ဖြေရှင်းရတာ၊ ဘယ်ဟာက ပိုခက်သလဲ ဆိုတာလေ။ မင်း မှတ်မိသေးတယ်မလား”
“မှတ်မိတယ်။ ငါရဲ့ အဖြေကတော့ … ပုစ္ဆာကို ဖန်တီးရတာ ပိုခက်တယ်။ ပုစ္ဆာကို ဖြေရှင်းဖို့ ကြိုးစားတဲ့ လူတိုင်းဟာ အဲဒီပုစ္ဆာရဲ့ ဖန်တီးရှင်ကို အမြဲတမ်း တလေးတစား ရှိနေသင့်တယ်လို့ ငါကတော့ ယူဆတာပဲ”
“ဒါဆို P = NP ပုစ္ဆာကရော။ ကိုယ်တိုင် အဖြေရှာတာနဲ့ သူများ ရှာထားတဲ့အဖြေကို မှန်မမှန် စစ်ဆေးတာ၊ ဘယ်ဟာက ပိုပြီး လွယ်ကူသလဲ”
ယုကာဝါက သံသယအကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။ အိရှိဂါမိ၏ ရည်ရွယ်ချက်ကို လုံးဝ နားမလည်သည့်ဟန်။
“မင်းက ကိုယ်ကိုယ်တိုင် အရင်ဆုံး အဖြေရှာပြီးမှ သူများရဲ့ အဖြေကို နားထောင်လိမ့်မယ်” အိရှိဂါမိက ပြောရင်း ယုကာဝါ၏ ရင်ဝကို လက်ညှိုးဖြင့် ထောက်လိုက်သည်။
“အိရှိဂါမိ …”
“ဒီမှာပဲ လမ်းခွဲကြစို့” အိရှိဂါမိသည် ယုကာဝါကို ကျောခိုင်းကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ အလုပ်ဆောင်အိတ်ကို ရင်ခွင်ထဲတွင် မြဲမြံစွာ ပိုက်ထွေးထားလျက်။
လမ်းဆုံးသွားပြီလော။ သူ တွေးနေမိသည်။ ထိုရူပဗေဒပညာရှင်သည် အရာအားလုံးကို သိရှိသွားခဲ့ပြီ မဟုတ်ပါလော။
****
မီစာတိုသည် သူမ၏ မက်မွန်ပူတင်းကို စားလျက် နှုတ်ဆိတ်စွာ ထိုင်မြဲ ထိုင်နေသည်။ သူမကို ဤနေရာသို့ ခေါ်လာရန် မသင့်ဟု ယာစုကိုက နောက်ထပ်တစ်ကြိမ် တွေးမိပြီး နောင်တရနေသည်။
“မီစာတို၊ သမီး စားလို့ပြီးပြီလား” ကူဒိုက မေးသည်။ သူသည် တစ်ချိန်လုံး သတိကြီးကြီးဖြင့် သူမ၏ မျက်နှာရိပ် မျက်နှာခြည်ကို အကဲခတ်နေသည်။
မီစာတိုက သူ့ကို မော်၍မျှ မကြည့်။ ဇွန်းကို ပါးစပ်ထဲသို့ ထိုးထည့်ရင်း ခေါင်းညိတ်ပြသည်။
သူတို့သည် ဂင်ဇာရှိ အဆင့်မြင့် တရုတ်စားတော်ဆက်တစ်ခုသို့ ရောက်ရှိနေကြသည်။ မီစာတိုကိုပါ တစ်ပါတည်း ခေါ်ဆောင်လာရန် ကူဒိုက အတင်းအကျပ် တောင်းဆိုနေသောကြောင့် ယာစုကိုသည် သူမကို မရအရ ဆွဲခေါ်လာခဲ့ရတော့သည်။ အလယ်တန်းကျောင်းသားအရွယ် လူငယ်တစ်ယောက်ကို ‘အစားကောင်း စားရမည်’ ဟူသော မက်လုံးဖြင့် ဆွဲဆောင်၍ ရနိုင်တော့သည် မဟုတ်။ နောက်ဆုံး၌ ‘မူမမှန်လျှင် ရဲများ သံသယဝင်လာလိမ့်မည်’ ဟူသော စကားကို သုံး၍ မီစာတိုကို စည်းရုံးခဲ့ရသည်။
သို့သော် ယခုကဲ့သို့ ဇွတ်အတင်း ခေါ်လာခဲ့မိခြင်းအတွက် ကူဒိုကို အားနာနေရပြန်သည်။ ညစာစားနေသည့် ကာလတစ်လျှောက်လုံးတွင် ကူဒိုသည် မီစာတိုအား စကားပြောလာစေရန် နည်းပေါင်းစုံသုံး၍ ချဉ်းကပ်ကြည့်ခဲ့သည်။ သို့သော် မီစာတိုက သူ့ကို အရေးတယူ လုပ်ပြီး ပြန်လည် ပြောဆိုခဲ့ခြင်း မရှိ။
မက်မွန်ပူတင်းကို စားပြီးသောအခါ မီစာတိုသည် ယာစုကိုဘက်သို့ လှည့်ပြီး စကားတစ်ခွန်း ပြောလိုက်သည်။ “သမီး အိမ်သာခဏသွားဦးမယ်”
“အင်း၊ သွားလေ”
မီစာတို ထွက်ခွာသွားသည်နှင့် ယာစုကိုသည် ကူဒိုအား တောင်းပန်စကား ဆိုလိုက်သည်။
“ဆောရီးပါ၊ မစ္စတာကူဒို”
“ဘာဖြစ်လို့လဲ” သူက တအံ့တဩ ကြည့်နေသည်။ သူ၏ အမူအရာမှာ ဟန်ဆောင်နေမှန်း သိသာလှသည်။
“အဲဒီကလေးက လူစိမ်းသူစိမ်းဆိုရင် ကြောက်တတ်တယ်။ အထူးသဖြင့် အရွယ်ရောက်ပြီးသား ယောက်ျားတွေဆိုရင် ပိုပြီး ကြောက်တတ်သေးတယ်”
ကူဒိုက ရယ်သည်။
“ကိုကလည်း ချက်ချင်းကြီး တရင်းတနှီး ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ကိုတို့ ကလေးဘဝကလည်း သူ့လိုပါပဲ။ နဂိုကတည်းက တွေ့ကြဆုံကြရရုံနဲ့ လုံလောက်ပြီလို့ ကိုက ခံယူထားတာပါ”
“ကျေးဇူးပါရှင်”
ကူဒိုက ခေါင်းညိတ်ပြသည်။ ထိုင်ခုံနောက်မှီတွင် လွှားထားသော အပေါ်ဝတ် ဂျက်ကက်အင်္ကျီထဲမှ စီးကရက်နှင့် မီးခြစ်ကို ထုတ်ယူလိုက်သည်။ ညစာ စားသောက်နေကြစဉ်က မီစာတို ရှိနေသောကြောင့် သူ မျိုသိပ်ထားခဲ့ရသည်။
“နောက်တော့ ဘာတွေ ဖြစ်လာသေးလဲ” ကူဒိုက ဆေးလိပ်တစ်ဖွာ ရှိုက်လိုက်ပြီး မေးသည်။
“ရှင် … ဘာကို ပြောနေတာလဲ”
“ဟိုအမှုလေ”
“ဪ” ယာစုကိုက မျက်လွှာကို ချပစ်လိုက်သည်။ ထို့နောက် ကူဒိုကို မော့ကြည့်လိုက်ပြန်သည်။ “ဘာမှ မထူးခြားပါဘူး။ အားလုံး ပုံမှန်ပါပဲ”
“ကောင်းတယ်၊ ကောင်းတယ်။ ရဲတွေရော မလာတော့ဘူးလား”
“အခုတလော ရောက်မလာတော့ဘူး။ ဆိုင်ကိုလည်း လာတာ မတွေ့တော့ဘူး။ ရှင့်ဆီကိုရော လာသေးလား”
“ကို့ကိုလည်း ထပ်လာမရှာတော့ဘူး။ ကြည့်ရတာ သံသယ မဝင်တော့ဘူးနေမှာ” ကူဒိုက ဆေးလိပ်ပြာကို ပြာခံခွက်ထဲသို့ ခြွေချလိုက်သည်။ “ဒါပေမယ့် ထူးဆန်းနေတာ တစ်ခုတော့ ရှိတယ်”
“ဘာဖြစ်လို့လဲ”
“အင်း …” အတန်ကြာမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထို့နောက် ကူဒိုထံမှ အသံထွက်ပေါ်လာသည်။ “အခုတလော ဘယ်က ခေါ်မှန်းမသိတဲ့ ဖုန်းတစ်ကော ဝင်ဝင်လာတတ်တယ်။ တစ်ဘက်က ဘာအသံမှလည်း မထွက်ဘူး။ အိမ်ကိုချည်း ဆက်ဆက်လာတာ”
“အယ် … ကြောက်စရာကြီး” ယာစုကို၏ မျက်နှာမှာ ရှုံ့မဲ့နေသည်။
“ပြီးတော့” သူသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီး ကုတ်အင်္ကျီ အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ “ကို့အိမ်က စာတိုက်ပုံးထဲမှာ ဒီဟာကို ထည့်ထားတယ်”
သူမ၏ နာမည်ကို စာရွက်ပေါ်တွင် တွေ့မြင်လိုက်ရသောအခါ ယာစုကို မှင်တက်မိသွားသည်။ စာရွက်ပေါ်တွင် ဤသို့ ရေးသားထားသည်။
❝ ယာစုကိုနဲ့ ခပ်ဝေးဝေးနေပါ။ ခင်ဗျားလို လူမျိုးက သူ့ကို စိတ်ချမ်းသာအောင် ထားနိုင်မှာ မဟုတ်ဘူး ❞
မည်သူ ရေးသားထားကြောင်း ခန့်မှန်း၍ မရနိုင်။ ကွန်ပျူတာဖြင့် စာစီပြီး ပရင့်ထုတ်ထားသော စာလုံးများ။
“စာတိုက်ကနေ ပို့လာတာလား”
“မဟုတ်ဘူး။ လူကိုယ်တိုင် လာထည့်ထားတာ ဖြစ်မယ်”
“ဘယ်သူလုပ်တာလဲဆိုတာ ရှင် စဉ်းစားလို့ မရဘူးလား”
“ဟင့်အင်း၊ ဒါကြောင့် မင်းကို မေးကြည့်ချင်နေတာ”
“ကျွန်မလည်း မခန့်မှန်းတတ်ဘူး” ယာစုကိုသည် သားရေအိတ်ကို အနားသို့ ဆွဲယူပြီး အထဲမှ လက်ကိုင်ပဝါကို ထုတ်လိုက်သည်။ သူမ၏ လက်ဖဝါးပြင်ပေါ်တွင် ချွေးစေးများ ပြန်နေချေပြီ။
“ရှင့်စာတိုက်ပုံးထဲကို အဲဒီစာတစ်စောင်တည်း ထည့်ထားတာလား”
“မဟုတ်ဘူး။ ဓာတ်ပုံတစ်ပုံလည်း ပါတယ်”
“ဓာတ်ပုံ …”
“ရှေ့တစ်ခေါက် မင်းနဲ့ကို ရှီနာဂါဝါမှာ ဆုံခဲ့ကြတုန်းက ဓာတ်ပုံ။ စားသောက်ဆိုင်ရဲ့ ကားပါကင်မှာ ရှိနေတုန်းက ခိုးရိုက်ထားတာ ဖြစ်မယ်။ အဲဒီတုန်းကတော့ ကို လုံးဝ သတိမထားမိခဲ့ဘူး” ကူဒိုက ခေါင်းကို ခါယမ်းနေသည်။
ယာစုကိုသည် လေးဘက်လေးတန်သို့ အမှတ်တမဲ့ ဝေ့ကြည့်မိသည်။ ဤနေရာတွင်လည်း သူတို့ကို စောင့်ကြည့်နေမည့်သူ မရှိနိုင်ဘူးလော။ မီစာတို ပြန်ရောက်လာသောကြောင့် စကားလမ်းကြောင်းလည်း ပြတ်တောက်သွားသည်။
စားသောက်ဆိုင်မှ ထွက်လာသောအခါ သူတို့သားအမိသည် တက္ကစီပေါ်တက်ပြီး ကူဒိုကို နှုတ်ဆက်လိုက်ကြသည်။
“ဒီနေ့ည ဟင်းတွေ စားလို့ကောင်းရဲ့လား” ယာစုကိုက သမီးကို မေးသည်။
မီစာတိုက မျက်နှာသေဖြင့် ထိုင်လျက် ဘာမျှ ပြန်မဖြေ။
“သမီး အဲဒီလို မျက်နှာရှစ်ခေါက်ချိုးကြီးနဲ့ ထိုင်နေတာ လူကြီးကို မလေးစားရာ ရောက်တယ်”
“သမီးကို ခေါ်မလာရင် ပြီးနေတာပဲဟာကို။ အစကတည်းက လာချင်တာမှ မဟုတ်ဘဲ”
“သူများက စေတနာနဲ့ ခေါ်တာလေကွယ်”
“အမေတစ်ယောက်တည်း သွားလည်း ပြီးနေတာပဲဥစ္စာ။ နောက်တစ်ခေါက်တော့ သမီးကို ထပ်မခေါ်နဲ့တော့”
ယာစုကိုက ပင့်သက်ရှိုက်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ မီစာတိုသည် သူ့ကို လိုလိုချင်ချင်ဖြင့် လက်ခံလာလိမ့်မည်ဟု ကူဒိုက ယုံကြည်နေရှာသည်။ ယာစုကိုကတော့ ထိုသို့ မထင်။ မျှော်လင့်ချက် ရှိလာလိမ့်မည် မဟုတ်။
“အမေက အဲဒီလူကြီးကို ယူမလို့လား” မီစာတိုက ရုတ်တရက် မေးလာသည်။
ယာစုကိုသည် အနောက်သို့ မှီနေရာမှ ဆတ်ခနဲ ကိုယ်ကို မတ်ချလိုက်သည်။ “နင် ဘာတွေ လျှောက်ပြောနေတာလဲ”
“သမီး အတည်မေးနေတာ။ အမေတို့ လက်ထပ်ကြမှာလား”
“ဟင့်အင်း”
“တကယ်လား”
“တကယ်ပေါ့။ အမေတို့က မကြာမကြာ တွေ့ဖြစ်ကြတာပဲ ရှိတာ”
“ဒါဆိုလည်း ပြီးရော” မီစာတို၏ မျက်လုံးများက ကားပြတင်း အပြင်ဘက်သို့ ငေးကြည့်နေကြသည်။
“သမီး ဘာပြောချင်နေတာလဲ”
“ဘာမှ မဟုတ်ဘူး” ထိုသို့ပြောပြီး မီစာတိုသည် ယာစုကိုဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာသည်။ “ဟိုဦးဦးကို သစ္စာဖောက်တာမျိုး မလုပ်ကောင်းဘူးလို့ သမီးထင်တာပဲ”
“ဟိုဦးဦး …”
မီစာတိုသည် မိခင်ကို ရှုသိုးသိုး စိုက်ကြည့်နေသည်။ ဘာမျှ မပြော။ မပြောပင် မပြောငြားသော်လည်း ‘ဘေးအိမ်က ဦးဦး’ ဟု ပြောလိုနေကြောင်း အလိုအလျောက် သိနေသည်။ နာမည်ကို ကားဆရာ ကြားသွားမည်စိုး၍ ဘာမျှ ဆက်မပြောခြင်းသာ ဖြစ်ရပေမည်။
“အဲဒါကို စိတ်ပူစရာ မလိုပါဘူး” ယာစုကိုသည် အနောက်သို့ မှီချလိုက်ပြန်သည်။
မီစာတိုထံမှ မကျေမနပ် ရေရွတ်လိုက်သည့် “ဟွန့်” ဟူသော အသံတစ်ချက် ထွက်ပေါ်လာသည်။
ယာစုကိုသည် အိရှိဂါမိအကြောင်းကို တွေးနေမိသည်။ သူမသည် နဂိုကတည်းက သူ့ကို စိုးရွံ့နေခဲ့သည်။ မီစာတို သတိပေးစရာပင် မလို။ ကူဒို နောက်ဆုံး ပြောကြားခဲ့သော စကားများကလည်း သူမ၏ရင်ကို ပိုမို လေးပင်စေသည်။
ယာစုကို၏ အမြင်အရဆိုလျှင် သူမ စိတ်ကူးထဲ၌ ကိန်းအောင်းနေသော သံသယရှိထိုက်သူမှာ တစ်ဦးတည်းသာ ရှိသည်။ အိမ်သို့ သူမအား ကူဒို ပထမဆုံးအကြိမ် လိုက်ပို့ခဲ့စဉ်က အဝေးတစ်နေရာမှ သူတို့ကို စိုက်ကြည့်နေခဲ့သည့် အိရှိဂါမိ၏ မီးဝင်းဝင်းတောက်နေသော မျက်လုံးများသည် ယခုအချိန်ထိ သူမ၏ ဦးနှောက်ထဲတွင် ပုံနှိပ်ထားသည့်နှယ် စွဲမြဲစွာ ထင်ကျန်ဆဲ ရှိနေကြသေးသည်။
ယာစုကိုနှင့် ကူဒိုတို့ ချိန်းတွေ့ကြခြင်းကြောင့် အိရှိဂါမိ၏ မနာလိုစိတ်များက သူ့ကို မီးမြှိုက်ပေးသကဲ့သို့ ရှိကြပေလိမ့်မည်။ ပြစ်မှုမြောက်သော အထောက်အထားများကို ဖျောက်ဖျက်ပေးခြင်း၊ ဟာနာအိုကာ သားအမိကို ကာကွယ်ပေးခြင်းနှင့် ယနေ့အချိန်ထိ ရဲများနှင့် အံတုဘက်ပြိုင်နေခြင်းတို့ကို သူ အဘယ်ကြောင့် စိတ်လိုလက်ရ အားတက်သရော လုပ်ပေးနေသနည်း။ အဖြေက ရှင်းသည်။ သူသည် ယာစုကိုအား သာမန်ထက်ပိုသော မေတ္တာဖြင့် စွဲလန်းနေသည် ဆိုသည့် အချက်မှာ ငြင်းစရာ မလို။ သို့သော် သူမကရော …. ။ သူမသည် သူ့ကို အမှုကိစ္စထက်ပို၍ မည်သည့်အခါကမျှ စိတ်ဝင်စားခဲ့ခြင်း မရှိ။
ကူဒိုကို ခြိမ်းခြောက်နှောင့်ယှက်နေသူမှာ အိရှိဂါမိပင် ဖြစ်သလော။ ထိုသို့သာ အမှန်ဖြစ်လျှင် သူသည် သူမကို မည်သို့ ကြိုးကိုင်ရန် ကြံစည်ထားသနည်း။ ထိုသို့သော အတွေးများက ယာစုကိုအား စိတ်ညစ်ညူးလာစေသည်။ နိုင်ကွက်ကို အပိုင်ကိုင်ထားပြီး သူမကို တစ်ဘဝလုံး ထိန်းချုပ်သွားတော့မည်လော။ တခြားယောက်ျားတစ်ဦးနှင့် အိမ်ထောင်ပြုဖို့ ဝေးစွ။ ချိန်းတွေ့ရန်ပင် မဖြစ်နိုင်တော့ပြီလော။
အိရှိဂါမိ၏ ကျေးဇူးကြောင့် ယာစုကိုသည် ရဲများ၏ ပစ်ကွင်းထဲမှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ခဲ့သည်။ ထို့အတွက် သူ့ကို ရင်နှင့်အမျှ ကျေးဇူးတင်၍ မဆုံး။ သို့သော် ကျေးဇူးတည်းဟူသော အကြောင်းတရားကြောင့် သူ၏ လက်ခုပ်ထဲမှ ရေကဲ့သို့ သူ့ဆန္ဒအတိုင်းသာ တစ်ဘဝလုံး နေသွားရတော့မည် ဆိုလျှင် ဤဘဝကြီးသည် မည်သို့ အဓိပ္ပာယ်ရှိနိုင်တော့အံ့နည်း။ တိုဂါရှိ အသက်ရှင်စဉ်က တွေ့ကြုံခဲ့ရသော ဘဝနှင့် မည်သို့ ခြားနားပါတော့အံ့နည်း။ တိုဂါရှိအစား အိရှိဂါမိ ရောက်ရှိလာခြင်းသာ ထူးခြားပေမည်။ ပို၍ ဆိုးရွားသည်မှာ ယခုတစ်ချိန်တွင်မူ သူမသည် သူ့ကို မည်သို့မျှ ခါထုတ်ပစ်နိုင်တော့မည် မဟုတ်။ သူ့ကို ကလန်ကဆန် လုပ်၍ပင် ရအံ့မထင်။
တက္ကစီသည် တိုက်ခန်း၏ အရှေ့တွင် ရပ်လိုက်သောအခါ သူတို့ ကားပေါ်မှ ဆင်းကြပြီး တိုက်ခန်းထဲသို့ ဝင်ခဲ့ကြသည်။ အိရှိဂါမိ၏ အခန်းမှ မီးရောင်ကို တွေ့မြင်နေရသည်။
အိမ်ထဲသို့ ရောက်သည်နှင့် ယာစုကိုသည် အဝတ်အစားများကို လဲလိုက်သည်။ ထို့နောက်မကြာခင် ဘေးအိမ်မှ တံခါး ဖွင့်ပိတ်သံကို ကြားလာရသည်။
“တွေ့လား” မီစာတိုက ပြောသည်။ “ဦးဦး သမီးတို့ကို စောင့်နေတာ အတော်ကြာနေလောက်ပြီ”
“ငါ သိပါတယ်” ယာစုကို၏ အသံမှာ စိတ်မရှည်တော့သည့် အသံမျိုး။ မိနစ်အနည်းငယ် ကြာသောအခါ လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။
“ဟယ်လို” ယာစုကိုက ကောက်ကိုင်လိုက်သည်။
“ကျွန်တော် အိရှိဂါမိပါ” ရင်းနှီးထားပြီးသော အသံထွက်ပေါ်လာသည်။ “အခု ဖုန်းပြောလို့ အဆင်ပြေတယ်မလား”
“ဟုတ်၊ ရပါတယ်”
“ဒီနေ့လည်း ဘာမှ မထူးခြားဘူးမလား”
“ဟုတ်၊ ဘာမှ မထူးဘူး”
“ကောင်းတယ်” အိရှိဂါမိ၏ သက်မချသံ တိုးတိုးလေးကို သူမ ကြားလိုက်ရသည်။ “ကျွန်တော် ခင်ဗျားကို ပြောစရာလေးတွေ ရှိနေတယ်။ ပထမဆုံးအချက်က … ခင်ဗျားအိမ်ရှေ့က စာတိုက်ပုံးထဲမှာ ကျွန်တော် စာသုံးစောင် ထည့်ထားတယ်။ ခဏနေ ခင်ဗျား သွားကြည့်လိုက်ပါဦး”
“စာ …” ယာစုကိုက တံခါးဝကို လှမ်းကြည့်မိသည်။
“အဲဒီစာတွေက နောက်ကျရင် အသုံးဝင်လာလိမ့်မယ်။ ခင်ဗျား ဂရုတစိုက် သိမ်းထားပေးပါ”
“ဟုတ်”
“အဲဒီစာတွေကို ဘယ်လို အသုံးချရမလဲ ဆိုတာ ကျွန်တော် စာရွက်တစ်ရွက်အပေါ်မှာ ရေးပေးထားတယ်။ အဲဒီစာရွက်ကို ဖတ်ပြီးတာနဲ့ ဖျက်ဆီးပစ်ဖို့ ကျွန်တော် သင်ပေးနေစရာ မလိုလောက်တော့ဘူး ထင်ပါတယ်”
“ဟုတ်ကဲ့၊ ကျွန်မ သဘောပေါက်ပါတယ်။ ကျွန်မ အခုပဲ သွားကြည့်လိုက်ရမလား”
“မလောပါဘူး။ ခဏနေမှ လုပ်လည်း ရပါတယ်။ နောက်ပြီးတော့ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်” ထိုသို့ ပြောပြီးနောက်တွင် သူ့ထံမှ အသံတိတ်သွားသည်။ တစ်စုံတစ်ခု ပြောဆိုရန် တွန့်ဆုတ်နေခြင်း ဖြစ်ကြောင်း ယာစုကို ခံစားလိုက်ရသည်။
“ဟယ်လို”
“အခုလို ဆက်သွယ်နေတာ …” သူ့ထံမှ အသံထွက်ပေါ်လာသည်။ “ဒါ နောက်ဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်။ ကျွန်တော် ခင်ဗျားကို ထပ်ပြီး မဆက်သွယ်တော့ဘူး။ ခင်ဗျားလည်း ကျွန်တော့်ကို မဆက်သွယ်ပါနဲ့။ ဒီ့နောက်ပိုင်းကျရင် အခြေအနေတွေ ဘယ်လိုပဲ ဖြစ်လာဖြစ်လာ၊ ခင်ဗျားနဲ့ သမီးက ပွဲကြည့်ပရိသတ်အနေနဲ့ပဲ ဆက်နေသွားပေးပါ။ အဲဒါက ခင်ဗျားတို့ကို ကယ်တင်ပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ”
သူ၏ စကားသံများကို နားထောင်နေစဉ် ယာစုကို၏ နှလုံးခုန်နှုန်းမှာ တဖြည်းဖြည်း မြန်သည်ထက် မြန်လာသည်။ “ရှင် ဘာတွေ ပြောနေတာလဲ။ ကျွန်မ တစ်လုံးမှ နားမလည်ဘူး”
“ခင်ဗျား မကြာခင် နားလည်လာပါလိမ့်မယ်။ အခုတော့ ပြောလို့ မဖြစ်သေးဘူး။ ကျွန်တော် စောစောက ပြောခဲ့တာတွေကို လုံးဝလုံးဝ မမေ့လိုက်ပါနဲ့”
“နေပါဦးရှင်။ ဒီထက်ပိုပြီး ရှင်းအောင် ပြောပြလို့ မရတော့ဘူးလား”
ယာစုကို၏ တုန်ယင်နေသည့် အသံကို သတိထားမိသွားသော မီစာတိုသည် အနားသို့ တိုးကပ်လာသည်။
“ရှင်းပြဖို့ မလိုတော့ပါဘူး။ ကံကောင်းကြပါစေ”
“ခဏ …” သို့သော် သူ ဖုန်းချသွားလေပြီ။
****
ဖုန်းမြည်လာသောအချိန်တွင် ကုစာနာဂိသည် ကိရှိတာနိနှင့်အတူ ကားတစ်စီးဖြင့် လမ်းပေါ်တွင် ရောက်နေသည်။ သူသည် ဘေးခုံတွင် ထိုင်လျက် နောက်မှီကို အဆုံးထိ လှန်ထားပြီး ဇိမ်ယူနေသည်။ နေရာတွင် ထိုသို့ လဲလျောင်းနေလျက်က သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။ “ဟယ်လို၊ ကုစာနာဂိပါ”
“ငါပါ၊ မာမီယာ” တပ်ဖွဲ့မှူး၏ အက်ကွဲကွဲအသံ ထွက်ပေါ်လာသည်။ “အခုချက်ချင်း အီဒိုဂါဝါရဲစခန်းကို ပြန်လာခဲ့”
“ဘာထူးလို့လဲ ဆရာ”
“မဟုတ်ဘူး။ ဧည့်သည်ရောက်နေတယ်။ လူတစ်ယောက်က မင်းကို တွေ့ချင်လို့တဲ့”
“ဧည့်သည် … ဘယ်သူလဲ ဆရာ” ယုကာဝါ ဖြစ်မည်လောဟု တွေးထင်လျက် သူ မေးလိုက်သည်။
“မစ္စတာအိရှိဂါမိ၊ ဟာနာအိုကာ ယာစုကိုရဲ့ အိမ်ဘေးမှာ နေတဲ့ သင်္ချာဆရာလေ”
“အိရှိဂါမိ … သူက ကျွန်တော့်ကို တွေ့ချင်လို့တဲ့လား။ ဖုန်းနဲ့ ပြောလည်း ရနေတာပဲ ဥစ္စာ”
“မရလို့ပေါ့ကွ” မာမီယာ၏ အသံက မာထန်လာသည်။
“သူပြောမယ့်အကြောင်းကို ဆရာကြားပြီးပြီလား”
“ဖြစ်ကြောင်းကုန်စင်ကို မင်းကလွဲလို့ ဘယ်သူ့ကိုမှ မပြောပြဘူးတဲ့။ အမြန်ပြန်လာကွာ။ လျှာရှည်မနေနဲ့”
“ဟုတ်ကဲ့ဆရာ၊ ကျွန်တော် အမြန်ပြန်လာပါ့မယ်” ကုစာနာဂိသည် လက်တစ်ဘက်တွင် ဖုန်းကို ကိုင်ထားလျက် ကျန်လက်တစ်ဘက်ဖြင့် ကိရှိတာနိ၏ ပခုံးကို ပုတ်လိုက်သည်။ “ဆရာက ငါတို့ကို စခန်း ပြန်လာဖို့ ခေါ်နေတယ်”
“ဟိုလူကို သူ သတ်လိုက်တာတဲ့” မာမီယာ၏အသံ ထွက်ပေါ်လာပြန်သည်။
“ဗျာ”
“တိုဂါရှိကို သူ သတ်ခဲ့တာပါတဲ့။ အိရှိဂါမိက အခု ဖြောင့်ချက်လာပေးနေတာ”
“ဘယ်လိုလုပ် …” ကုစာနာဂိသည် ထိုင်ခုံပေါ်တွင် ရုတ်ချည်း ထထိုင်မိလျက်သား ဖြစ်သွားလေတော့သည်။