Show contents

အခန်း (၁၄)

စိတ်ဆင်းရဲနေသော မျက်နှာများကို အိရှိဂါမိက ထိုင်၍ ငေးကြည့်နေမိသည်။ တချို့သောသူများ၏ အမူအရာမှာ စိတ်ဆင်းရဲနေခြင်းထက် ပိုလွန်နေသည်။ နာကျင်ခံခက်နေသော မျက်နှာများ။ ထို့ထက် ပိုမိုဆိုးရွားနေသော သူများလည်း ရှိနေပြန်သေးသည်။ ထိုသူတို့၏ မျက်နှာများမှာ မကျေမချမ်းစိတ်ဖြင့် နီမြန်းနေကြသည်။ မိုရီအိုကာသည် စာမေးပွဲ စတင်ချိန်မှ စ၍ မေးခွန်းလွှာကို တစ်ချက်ကလေးမျှပင် ကြည့်ဖော်မရ။ ပြတင်းပေါက် အပြင်သို့သာ ငေးမိငေးရာ ငေးမျှော်ကြည့်နေသည်။ ယနေ့သည် နေသာသော နေ့တစ်နေ့ ဖြစ်သည်။ ကျောင်းပရိဝုဏ်၏ အပြင်ဘက် တစ်နံတစ်လျားတွင် အဆုံးအစ မရှိသော ကောင်းကင်ပြာကြီးက မင်းမူလျက်။ ဤကဲ့သို့သော အဓိပ္ပာယ် ကင်းမဲ့လှသည့် စာမေးပွဲခန်းထဲတွင် ထိုင်မနေရပါမူ သူသည် မော်တော်ဆိုင်ကယ်ဖြင့် လှိမ့်ချင်တိုင်း လှိမ့်၍ လွတ်လွတ်လပ်လပ် နေရပေလိမ့်မည်။ မိုရီအိုကာက ထိုသို့ တွေးတောနေမည်လော။

ယခုအချိန်မှာ နွေဦးကျောင်းပိတ်ရက် ဖြစ်သောကြောင့် ကျောင်းထဲတွင် ကျောင်းသားများ မရှိကြတော့။ သို့သော် အကုန်လုံးတော့ မဟုတ်။ ကျောင်းသားတချို့မှာ စိတ်ပျက်ငြီးငွေ့ဖွယ် ကောင်းသည့် စာမေးပွဲနှင့် နပန်းလုံးနေကြရဆဲ ဖြစ်သည်။ စပလီ ပြန်စစ်သော်လည်း ကျရှုံးသော ကျောင်းသား အတော်များများ ရှိနေပြန်သေးသည်။ သို့ဖြင့် အချိန်ပိုသင်တန်း ပေးခဲ့ရပြန်သည်။ အိရှိဂါမိသင်သော အခန်းမှ အချိန်ပိုသင်တန်း တက်ရောက်ရသည့် ကျောင်းသားဦးရေမှာ သုံးဆယ်တိတိ ဖြစ်သည်။ ထိုပမာဏမှာ တခြား ဘာသာရပ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် လွန်စွာမှ များပြားနေသည်။ အချိန်ပိုသင်တန်း ပြီးသောအခါတွင် စာမေးပွဲကို နောက်တစ်ကြိမ် စစ်ရပြန်သည်။ ယနေ့မှာ ဒုတိယမ္ပိ ဖြည့်စွက်စာမေးပွဲနေ့ ဖြစ်သည်။

မေးခွန်းထုတ်နေစဉ်အတွင်း သင်ကြားရေးတာဝန်ခံက အိရှိဂါမိအား မေးခွန်းကို အခက်ကြီး မထုတ်ရန် သတိပေးခဲ့သည်။ “ကျွန်တော်လည်း အဲဒီလို မပြောချင်ပါဘူး။ ဒါပေမယ့် စပလီစစ်တယ် ဆိုတာကလည်း ကျောင်းသားတွေကို အမှတ်နည်းနည်းနဲ့ အတန်းတင်ရတယ် မဖြစ်အောင် ဟန်ပြ လုပ်ရတဲ့ သဘောပဲ မဟုတ်လားဗျာ။ ကလေးတွေက ဆရာရဲ့ မေးခွန်းတွေကို ခက်လွန်းတယ်လို့ ငြီးငြူနေကြတယ်ဗျ။ အခု ဒုတိယအကြိမ်မြောက် စပလီမှာတော့ အကုန်လုံး အောင်သွားအောင် ထုတ်ပေးလိုက်ပါဗျာ”

အိရှိဂါမိက သူထုတ်ခဲ့သော မေးခွန်းများကို ခက်သည်ဟု မယူဆ။ လွယ်ပင် လွယ်နေသေးသည်။ မေးခွန်းများမှာ သင်ရိုးညွှန်းတမ်းစာအုပ်၏ နယ်နိမိတ်ကို ကျော်လွန်သွားခြင်း မရှိ။ အကယ်၍သာ အခြေခံ သဘောတရားများကို နားလည်ထားမည် ဆိုလျှင် အခက်အခဲမရှိ ဖြေဆိုနိုင်မည်သာ ဖြစ်သည်။ သို့သော် လှေနံဓားထစ် ကျက်မှတ်ထား၍တော့ မရ။ တစ်နည်းတစ်ဖုံ လှည့်၍ စဉ်းစားနိုင်မှ ဖြေဆိုနိုင်မည်။ ဖတ်စာအုပ်ထဲမှ အဖြေများကို အလွတ်ကျက်ထားနိုင်ရုံဖြင့် ဖြေဆိုနိုင်မည့် မေးခွန်းမျိုး မဟုတ်ပေ။

ယခုတစ်ကြိမ်တွင် သူသည် သင်ကြားရေးတာဝန်ခံ၏ ညွှန်ကြားချက်အတိုင်း ဖတ်စာအုပ်ထဲမှ မေးခွန်းများကို ဘာမျှ မပြောင်းလဲတော့ဘဲ စာမေးပွဲမေးခွန်းထဲသို့ တစ်သဝေမတိမ်း ကူးထည့်ထားလိုက်သည်။ ကျောင်းသင်ခန်းစာကိုသာ စဉ်ဆက်မပြတ် လုပ်ခဲ့သူ မှန်လျှင် ဖြေကို ဖြေနိုင်ရပေမည်။

မိုရီအိုကာသည် တစ်ချက်မျှ သမ်းဝေလိုက်ပြီး နာရီကို ငုံ့ကြည့်သည်။ အိရှိဂါမိက သူ့ကို လှမ်းကြည့်လိုက်စဉ် မျက်လုံးချင်း ဆုံမိကြသည်။ သူ နေရထိုင်ရ ခက်သွားမည်လောဟု အိရှိဂါမိက တွေးလိုက်မိသည်။ သို့သော် သူက မျက်နှာကို ရှုံ့ပြကာ လက်နှစ်ဘက်ကို မြှောက်၍ လက်ချောင်းများဖြင့် ဝလုံးပုံသဏ္ဌာန် လုပ်ပြနေသည်။ သူ့အဖြေလွှာထဲတွင် ဘဲဥအကြီးကြီး ရတော့မည် ဖြစ်ကြောင်း ကြိုတင် အသိပေးနေသည့်ဟန်။

အိရှိဂါမိက သူ့ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ထိုအခြင်းအရာကို မြင်သော မိုရီအိုကာကလည်း အထူးတဆန်း ဖြစ်ကာ ပြန်၍ သွားဖြဲပြလေသည်။ ထို့နောက် ပြတင်းပေါက်ဘက်သို့ ပြန်လည် ငေးကြည့်နေတော့သည်။

ကဲကုလက်စ်ကို သင်ကြားခြင်းအားဖြင့် မည်သို့ အသုံးဝင်နိုင်မည်နည်း။ မိုရီအိုကာ မေးခဲ့ဖူးသော ထိုမေးခွန်းကို အိရှိဂါမိက ပြန်လည် သတိရမိသည်။ ထိုစဉ်က သူသည် မော်တော်ဆိုင်ကယ် အမောင်းပြိုင်ပွဲကို ဥပမာပြု၍ သင်္ချာသင်ကြားရခြင်း၏ အရေးပါပုံကို ရှင်းပြပေးခဲ့သည်။ သို့သော် မိုရီအိုကာ၏ နားထဲသို့ မည်မျှ ဝင်ရောက်သွားခဲ့သနည်း။ မိုရီအိုကာကဲ့သို့ ဘာသာရပ်များအပေါ် သံသယဝင်နေတတ်ခြင်းကို အိရှိဂါမိက အပြစ်မမြင်လို။ အဘယ်ကြောင့် ဤပညာရပ်ကို သင်ယူရသနည်း။ ဤသို့ သိရှိလိုခြင်းမှာလည်း လူ့စိတ်၏ သဘာဝမျှသာ ဖြစ်သည်။ ထိုသိလိုစိတ်ကို ဖြေရှင်းပေးလိုက်နိုင်မှသာလျှင် သင်ကြားလိုစိတ်၊ သိမြင်လိုစိတ်သည်လည်း ဆင့်ကဲ ပေါက်ပွားလာနိုင်တော့သည်။ သို့မှသာ သင်္ချာပညာရပ်၏ စစ်မှန်သော သဘောတရားကို နားလည်သဘောပေါက်နိုင်မည့် လမ်းကြောင်းပေါ်သို့ ဦးတည်လျှောက်လှမ်းသွားနိုင်ပေမည်။

သို့သော် ဆရာအများစုသည် ထိုသို့ ရိုးရှင်းသော မေးခွန်းများကို ဖြေဆိုရန် ဆန္ဒမရှိကြသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။ မဟုတ်သေး။ သူတို့ကိုယ်နှိုက်က မဖြေတတ်ခြင်းသာ ဖြစ်မည်ဟု အိရှိဂါမိက ယူဆသည်။ သူတို့ကိုယ်တိုင်ကလည်း သင်္ချာကို အမှန်တကယ် နားလည်သဘောပေါက်ကြသည် မဟုတ်။ သင်ရိုးညွှန်းတမ်းကို ကိုင်၍ သင်ကြားပေးနေခြင်းမျှသာ ဖြစ်သည်။ ကျောင်းသားကို အမှတ်ရအောင် လုပ်ပေးနိုင်လျှင် သူတို့ တာဝန်ကျေပြီဟု ယူဆထားကြပုံ ရသည်။ မိုရီအိုကာ မေးခဲ့သော မေးခွန်းမျိုးသည် သူတို့အား စိတ်အနှောင့်အယှက် ပေးရုံမျှသာ ဖြစ်နေလိမ့်မည်။

မိမိသည် ဤသို့သော နေရာမျိုး၌ ဘာလာလုပ်နေသနည်း။ အိရှိဂါမိက မိမိကိုယ်မိမိ ပြန်မေးနေမိသည်။ ကျောင်းသားများကို အမှတ်ရရုံ သက်သက်မျှ စာမေးပွဲ စစ်နေရခြင်းသည် သင်္ချာ၏ စစ်မှန်သော အနှစ်သာရနှင့် ဘာမျှ မသက်ဆိုင်ပေ။ ဘာမျှ အဓိပ္ပာယ် မရှိ။ ၎င်းမှာ သင်္ချာ မဟုတ်။ ပညာရေးဟုပင် ခေါ်ဆို၍ မရ။

အိရှိဂါမိက မတ်တတ်ရပ်ပြီး အသက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။

“မင်းတို့ ဖြေနေတာတွေ ရပ်လိုက်ကြတော့” သူက အတန်းတွင်းမှ ကျောင်းသားများကို ဝေ့ကြည့်လိုက်သည်။ “အခု ကျန်နေတဲ့ အချိန်အတွင်း အဖြေလွှာရဲ့ နောက်ကျောမှာ ကိုယ်ရဲ့ အမြင်ကို ချရေးလိုက်ကြစမ်းပါ”

ကျောင်းသားများ၏ အမူအရာများမှာ သံသယစိတ်ဖြင့် အူလည်လည် ဖြစ်နေကြသည်။ တစ်တန်းလုံးရှိ ကျောင်းသားများ၏ တွတ်ထိုးသံများ သောသောညံသွားလေသည်။ အိရှိဂါမိသည် ကျောင်းသားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ “ကိုယ်ရဲ့ အမြင်ဆိုတာ ဘာကို ပြောတာလဲ”

“သင်္ချာအပေါ် ဘယ်လို မြင်သလဲ။ အဲဒီအမြင်ကို ချရေးခိုင်းတာ။ တကယ်လို့သာ သင်္ချာနဲ့ ပတ်သက်နေမယ်ဆိုရင် ဘာရေးရေး ရတယ်” သူက ထပ်ဖြည့်၍ ပြောလိုက်ပြန်သည်။ “အဲဒါကို အမှတ်ပေးမှာနော်”

ကျောင်းသားများ၏ မျက်လုံးများ လင်းလက်သွားကြသည်။

“အမှတ် ဘယ်လောက် ပေးမှာလဲ ဆရာ” ကျောင်းသားတစ်ယောက်က လှမ်းမေးသည်။

“မင်းရေးထားတာ ဘယ်လောက် ကောင်းသလဲ ဆိုတာအပေါ် မူတည်မှာပေါ့။ တကယ်လို့သာ သင်္ချာပုစ္ဆာတွေကို မဖြေနိုင်ဘူးဆိုရင် ဘယ်လိုရေးရင် ကောင်းမလဲဆိုတာ စဉ်းစားကြပေတော့” ပြောပြီး အိရှိဂါမိက ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

ကျောင်းသားအားလုံးသည် အဖြေလွှာကို ပြောင်းပြန်လှန်လိုက်ကြသည်။ တချို့သူများက ဘောပင်တလှုပ်လှုပ်ဖြင့် စရေးနေကြပြီ။ မိုရီအိုကာလည်း ပြတင်းပေါက်ဘက်သို့ ငေးကြည့်မနေတော့။

ဤတစ်ကြိမ်တွင်တော့ အားလုံး မအောင်စရာ အကြောင်း မရှိတော့ပြီ။ အိရှိဂါမိက တွေးနေသည်။ အကယ်၍သာ အဖြေလွှာကို ဗလာအတိုင်း ပြန်အပ်လျှင် မည်သို့မျှ အမှတ်ပေး၍ မဖြစ်နိုင်ပေ။ တစ်စုံတစ်ရာ ရေးခြစ်ထားမှသာလျှင် အခြေအနေကြည့်၍ အမှတ်ပေးနိုင်မည်။ သင်ကြားရေးတာဝန်ခံကတော့ ကျေနပ်ချင်မှ ကျေနပ်ပေလိမ့်မည်။ သို့သော် သူလည်း အခြေအနေကို နားလည်နိုင်မည်သာ။

ကျောင်းခေါင်းလောင်းသံ မြည်၍ စာမေးပွဲချိန် ပြီးဆုံးသွားသည်။ ကျောင်းသားတချို့က “ခဏစောင့်ပါဦး ဆရာ” ဟု အသံပြုသောကြောင့် အိရှိဂါမိက ၅ မိနစ်မျှ အချိန်ပို ပေးလိုက်သည်။

အဖြေလွှာများကို သိမ်းပြီး စာသင်ခန်းထဲမှ ထွက်၍ တံခါးကို ပိတ်လိုက်သည်။ လက်ခုပ်လက်ဝါး တီး၍ အော်ဟစ်နေသော ကျောင်းသားများ၏ အသံကို ကြားနေရသည်။ ကျောင်းသားတချို့က “ဝဋ်ကျွတ်ပြီဟေ့” ဟု အော်နေသည်။

ရုံးခန်းသို့ပြန်ရောက်သောအခါ ရုံးဝန်ထမ်းတစ်ဦးက သူ့ကို စောင့်မျှော်နေကြောင်း တွေ့လိုက်ရသည်။

“ဆရာအိရှိဂါမိ၊ ဧည့်သည် ရောက်နေတယ်”

“ကျွန်တော့်ကို ရှာတာလား”

ရုံးဝန်ထမ်းက အိရှိဂါမိအနားသို့ ရောက်လာပြီး နားနားကပ်၍ ပြောလိုက်သည်။ “ရဲ”

အိရှိဂါမိက သက်ပြင်းရှိုက်လိုက်သည်။

“ကျွန်တော် ဘာလုပ်ပေးရမလဲ” ရုံးဝန်းထမ်းက သူ့ကို အကဲခတ်နေသည်။

“ဘာကိုပြောတာလဲ။ သူက ကျွန်တော့်ကို စောင့်နေတာ မဟုတ်ဘူးလား”

“ဟုတ်တယ်။ ဒါပေမယ့် ကျွန်တော် အကြောင်းတစ်ခုခုပြပြီး ပြန်ခိုင်းလိုက်ရမလား”

အိရှိဂါမိက ပြုံးလိုက်သည်။ “မလိုပါဘူးဗျာ။ သူ အခု ဘယ်မှာလဲ”

“ဧည့်ခန်းထဲမှာ စောင့်ခိုင်းထားတယ်”

“ကျွန်တော် အမြန်ဆုံး သွားလိုက်ပါ့မယ်” သူသည် အဖြေလွှာများကို အိတ်ထဲသို့ ထိုးထည့်လိုက်ပြီး အိတ်ကို လွယ်လျက် ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ အိမ်ပြန်ရောက်မှ အဖြေလွှာများကို စစ်ရပေတော့မည်။

ရုံးဝန်ထမ်းက သူနှင့်အတူ ဧည့်ခန်းထဲသို့ လိုက်ပါရန် ဟန်ပြင်နေသောကြောင့် အိရှိဂါမိက တားလိုက်သည်။ “ကျွန်တော် တစ်ယောက်တည်းလည်း အဆင်ပြေပါတယ်” ရဲအရာရှိ အဘယ်ကြောင့် ရောက်လာရသည်ကို သူလည်း စပ်စုလိုဟန် ရှိကြောင်း အိရှိဂါမိက ရိပ်စားမိသည်။ ရဲကို အကြောင်းပြ၍ နှင်ထုတ်ပေးမည်ဟု သူ့ပါးစပ်မှ ပြောထွက်လာခြင်းမှာလည်း အိရှိဂါမိထံမှ အခြေအနေကို အစ်ထုတ်လိုသောကြောင့်ပင် ဖြစ်သည်။

သူ့ကို လာရောက် တွေ့ဆုံသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အိရှိဂါမိက ကြိုတင်မှန်းဆ၍ သိရှိနေသည်။ ထိုသူသည် ဧည့်ခန်းထဲတွင် ထိုင်လျက် သူ့ကို စောင့်ဆိုင်းနေသည်။ ထိုသူမှာ ကုစာနာဂိပင် ဖြစ်သည်။

“ကျောင်းထဲအထိ လာနှောင့်ယှက်ရတာ စိတ်မကောင်းပါဘူး” ကုစာနာဂိက မတ်တတ်ရပ်ပြီး ဦးညွတ်လိုက်သည်။

“ကျွန်တော် ကျောင်းမှာ ရှိနေတယ်ဆိုတာကို ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ။ အခုက နွေဦးကျောင်းပိတ်ရက်တောင် ရောက်နေပြီပဲ”

“ကျွန်တော် ခင်ဗျားအိမ်ကို ရောက်ခဲ့ပြီးပြီဗျ။ ခင်ဗျား အိမ်မှာ မရှိတာနဲ့ ကျောင်းကို ဖုန်းဆက်ကြည့်ခဲ့တာ။ ဒါကြောင့် ကျောင်းမှာ စပလီစာမေးပွဲ ရှိနေမှန်း သိခဲ့ရတယ်။ ဆရာလုပ်ရတာကလည်း မချောင်ဘူးပဲဗျ”

“ကျောင်းသားတွေအတွက်တော့ ပိုဆိုးတာပေါ့။ ပြီးတော့ အခုဟာက စပလီ မဟုတ်ဘူးဗျ။ နှစ်ထပ်ကွမ်းစပလီ”

“ဪ … ဒါဆို ခင်ဗျား ထုတ်တဲ့မေးခွန်းတွေက ခက်နေလို့များလား”

“ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ” အိရှိဂါမိက ကုစာနာဂိ၏ မျက်နှာကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“ဘာရယ်မဟုတ်ပါဘူး။ အဲဒီလို ထင်မိလို့ပါ”

“တစ်ချက်ကလေးမှ မခက်ပါဘူး။ တစ်ခုပဲ ရှိတယ်။ ကျွန်တော်က လူတွေ မျက်စိရှန်းတတ်တဲ့ မျက်ကွယ်မှတ်ကို တည်ပြီး မေးခွန်း ထုတ်တတ်တယ်”

“မျက်ကွယ်မှတ် …”

“ဥပမာဗျာ။ အများရဲ့ အမြင်မှာတော့ ဂျီဩမေတြီပုစ္ဆာလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ အဲဒါက အယ်ဂျီဘရာပုစ္ဆာ ဖြစ်နေတာမျိုးပေါ့” အိရှိဂါမိက ကုစာနာဂိ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ “ဆောရီးဗျာ။ ခင်ဗျား ဒီကိုရောက်လာတာ ကျွန်တော်နဲ့ သင်္ချာအကြောင်း ဆွေးနွေးဖို့ လာတာမှ မဟုတ်ဘဲ။ ဒါနဲ့ အခု လာရင်းကိစ္စက …”

“ထွေထွေထူးထူးတော့ မရှိပါဘူး” ကုစာနာဂိကလည်း ထိုင်ချပြီး မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက်သည်။ “ကျွန်တော် အဲဒီညက အခြေအနေကို ပိုပြီး စေ့စေ့စုံစုံလေး နားလည်ချင်လို့”

“ဘယ်ညကို ပြောတာလဲ”

“မတ်လ ၁၀ ရက်နေ့” ကုစာနာဂိက ပြောသည်။ “အခင်းဖြစ်တဲ့ ညပေါ့”

“အာရာကာဝါ မြစ်ဘေးမှာ အလောင်းတွေ့တယ် ဆိုတဲ့ အမှုကို ပြောတာလား”

“အာရာကာဝါ မဟုတ်ဘူး။ ကျူး-အီဒိုဂါဝါမြစ်ပါ” ကုစာနာဂိက ချက်ချင်း ပြင်ဆင်ပေးလိုက်သည်။ “ကျွန်တော် အရင်တုန်းက ခင်ဗျားကို မေးခဲ့ဖူးတယ်လေ။ အဲဒီညမှာ မစ္စဟာနာအိုကာဘက်က ဘာများ ထူးခြားသလဲလို့”

“ဘာမှ မထူးခြားဘူးလို့ ကျွန်တော် ဖြေခဲ့ဖူးတယ် ထင်တာပဲ”

“ဟုတ်တယ်။ ဒါပေမယ့် နောက်တစ်ကြိမ်လောက် ထပ်ပြီး စဉ်းစားပေးလို့ ရမလား မသိဘူး”

“ဘာကို ဆိုလိုတာလဲ။ ကျွန်တော် တကယ်ကို ဘာမှ မသိဘူး။ ကျွန်တော့်ကို နောက်ထပ် ဆယ်ခါပြန်ပြီး စဉ်းစားခိုင်းလည်း စဉ်းစားလို့ ရမှာ မဟုတ်ဘူး”

“ကျွန်တော် ဆိုလိုတာကဗျာ၊ အဲဒီအချိန်က ခင်ဗျား တကူးတက အာရုံစိုက်မိတာမျိုး မဟုတ်ပေမယ့် အရေးပါနေနိုင်တဲ့ ကိစ္စမျိုးတွေ ရှိနေနိုင်တယ်ဗျာ။ တကယ်လို့ ခင်ဗျားအနေနဲ့ အဲဒီညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပိုက်စပ်တိုက်ပြီး ပြန်ဆင်ခြင်စဉ်းစားကြည့်ပေးမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့။ အမှုနဲ့ သက်ဆိုင်လား၊ မသက်ဆိုင်လား ဆိုတာကို လတ်တလော ထည့်မစဉ်းစားပါနဲ့ဦး”

“အမ် … အဲဒီလိုလား” အိရှိဂါမိက ကုပ်ပိုးကို လက်ဖြင့် ပွတ်နေသည်။

“အခင်းဖြစ်ခဲ့တာကလည်း ကြာပြီဆိုတော့ မလွယ်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ခင်ဗျား ပြန်ပြီး စဉ်းစားလို့ လွယ်အောင် ကျွန်တော် ဒါလေးတွေကို တမင် ယူလာခဲ့တယ်”

ကုစာနာဂိ လှမ်းပေးလာသော ပစ္စည်းများမှာ မတ်လ ၁၀ ရက်နေ့ပါဝင်သော ရက်သတ္တပတ်၏ အချိန်စာရင်း ဇယားဖြစ်သည်။ ထို့နောက် ကျောင်း၏ ရုံးတက်မှတ်တမ်း။ ကျောင်းအုပ်ချုပ်ရေးရုံးမှ ငှားရမ်းလာခဲ့ခြင်း ဖြစ်ပေမည်။

“ဒါတွေကို ကြည့်လိုက်ရင် ခင်ဗျား ပြန်စဉ်းစားရတာ ပိုလွယ်သွားမှာပေါ့” ကုစာနာဂိက ပြုံးလျက် ပြောနေသည်။

အချိန်ဇယားများကို မြင်လိုက်ရသောအခါ အိရှိဂါမိသည် ကုစာနာဂိ၏ လာရင်းအကြောင်းကို ချက်ချင်း သဘောပေါက်သွားသည်။ ကုစာနာဂိသည် စကားကို ဝေ့လည်ကြောင်ပတ် ပြောကြားနေခဲ့သော်လည်း သူ သိချင်နေသည်မှာ ဟာနာအိုကာ ယာစုကို၏ အလီဘိုင်သက်သေ မဟုတ်ဘဲ အိရှိဂါမိ၏ အလီဘိုင်သက်သေ ဖြစ်ကြောင်း သိသာပေါ်လွင်နေသည်။ ရဲဌာန၏ မြားဦးသည် အဘယ်ကြောင့် သူ့ထံသို့ ပြောင်းလဲလာရသနည်း။ ထိုအချက်ကို သူ ကောင်းစွာ မသိသေးသော်လည်း ၎င်းသည် ယုကာဝါနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေရမည်ဟု သူ သံသယ ဖြစ်နေမိသည်။

ရဲအရာရှိ၏ ရည်ရွယ်ချက်မှာ သူ၏ အလီဘိုင်ကို စစ်ဆေးရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုလျှင် သူ့အနေဖြင့် အကောင်းဆုံး ဖြေကြားပေးရတော့မည်သာ။ အိရှိဂါမိသည် ကိုယ်ကို အနည်းငယ် ရွှေ့ပြီး ခါးကို မတ်မတ်ဆန့်ထားလိုက်သည်။

“အဲဒီညက ဂျူဒိုသင်တန်းပြီးတော့ ကျွန်တော် အိမ်ပြန်သွားခဲ့တယ်။ ၇ နာရီ ပတ်ဝန်းကျင်လောက် အိမ်ရောက်တာ ဖြစ်လိမ့်မယ်။ ကျွန်တော် ရှေ့တစ်ခေါက်ကလည်း အဲဒီအတိုင်း ပြောခဲ့သလိုပါပဲ”

“ဟုတ်တယ်။ အဲဒီနောက်တော့ ခင်ဗျား တစ်ချိန်လုံး အိမ်ထဲမှာပဲ နေနေတာလား”

“ဟုတ်လောက်တယ်” အိရှိဂါမိသည် ကုစာနာဂိ၏ တုံ့ပြန်မှုကို သိလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် ဝိုးတိုးဝါးတားသာ ဖြေဆိုလိုက်သည်။

“အိမ်ကို ဧည့်သည်လာတာတို့၊ ဒါမှမဟုတ် တစ်ယောက်ယောက်ဆီက ဖုန်းဝင်တာမျိုးတို့ မရှိဘူးလား”

အိရှိဂါမိက မျက်ခုံးကို ပင့်လိုက်သည်။ “ဘယ်သူ့အိမ်ကို မေးတာလဲ။ မစ္စဟာနာအိုကာရဲ့ အိမ်လား”

“မဟုတ်ဘူးဗျ။ ခင်ဗျားအိမ်ကို မေးတာ”

“ကျွန်တော့်အိမ် …”

“ဒီမေးခွန်းက အမှုနဲ့ ဘာဆိုင်လို့လဲလို့ ခင်ဗျား တွေးနေလောက်မှာပဲ။ ကျွန်တော်တို့ အဓိက သိချင်တာက ခင်ဗျား ဘာလုပ်ခဲ့သလဲ ဆိုတာကို မဟုတ်ဘူးဗျ။ အဲဒီနေ့ညက မစ္စဟာနာအိုကာရဲ့ ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို ကျွန်တော်တို့က တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ သိရအောင် ကြိုးစားပုံဖော် ကြည့်နေတာပါ”

‘တယ် ကောင်းတဲ့ အကြောင်းပြချက်ပဲ’ အိရှိဂါမိက တွေးနေသည်။ သူ၏ အကြောင်းပြချက်မှာ များစွာ ယုတ္တိမတန်ဟု အိရှိဂါမိက ရိပ်မိနေမည် ဖြစ်ကြောင်းကို ကုစာနာဂိကလည်း တွက်ဆမိနေပေလိမ့်မည်။

“အဲဒီနေ့ညက ကျွန်တော် ဘယ်သူနဲ့မှ မတွေ့ခဲ့ဘူး။ ဖုန်းကတော့ … ကျွန်တော့်ဆီ ဘယ်သူမှ ဆက်မလာဘူး။ နဂိုကတည်းက ကျွန်တော့်ဆီ ဖုန်းခေါ်မယ့်သူမှ များများစားစား မရှိတာ”

“ဪ”

“ဆောရီးပဲဗျာ။ ကျွန်တော့်ဆီ တကူးတက လာရပြီး ကျွန်တော့်ဘက်က ဘာမှ မကူညီပေးနိုင်ဘူး”

“ကိစ္စ မရှိပါဘူးဗျာ။ အားနာစရာ မလိုပါဘူး။ ဒါနဲ့ …” ကုစာနာဂိသည် အိရှိဂါမိ၏ ရုံးတက်မှတ်တမ်းကို ကောက်ကိုင်လိုက်သည်။ “ဒီမှာ ရေးထားတာက ၁၁ ရက်နေ့ မနက်မှာ ခင်ဗျား ခွင့်ယူပြီး နေ့ခင်းမှ ကျောင်းလာတယ်တဲ့။ အဲဒီနေ့မနက်က တခြားအလုပ် ရှိနေလို့လား”

“မရှိပါဘူး။ နေသိပ်မကောင်းချင်လို့ ခွင့်ယူလိုက်တာပါ။ တတိယ လေးလပတ်အတွက် သင်ရမယ့် စာတွေကလည်း ပြီးနေပြီ ဆိုတော့ သိပ်ပြဿနာ မရှိဘူးလေ”

“ဆေးခန်း သွားပြတာလား”

“မပြပါဘူး။ အဲဒီလောက်လည်း ဆိုးဆိုးဝါးဝါးမှ မဟုတ်တာ။ ဒါကြောင့်လည်း နေ့ခင်းကျ ကျောင်းပြန်လာပြီး စာဆက်သင်ဖြစ်တာပေါ့”

“ကျွန်တော် စောစောက ရုံးဝန်ထမ်းကို မေးကြည့်သေးတယ်။ ခင်ဗျားက ခွင့်ပျက်လေ့ မရှိဘူးတဲ့။ တစ်လမှာ တစ်ရက်လောက်ပဲ နေ့တစ်ဝက် ခွင့်ယူတတ်တယ်လို့ ကြားတယ်”

“အဲဒီလိုပါပဲ”

“ခင်ဗျားက ညဉ့်နက်တဲ့အထိ သင်္ချာပုစ္ဆာတွေနဲ့ အလုပ်များနေတတ်တော့ အိပ်ရေးပျက်ပြီး နောက်တစ်နေ့ မနက်ပိုင်းကို ခွင့်ယူတတ်တယ်လို့ ခင်ဗျားတို့ရုံးက ပြောတယ်”

“ကျွန်တော် ရုံးဝန်ထမ်းကို အဲဒီလို ပြောခဲ့ဖူးပါတယ်”

“ပုံမှန်ဆိုရင် တစ်လကို တစ်ကြိမ်လောက် ခွင့်ယူတတ်တယ်” ကုစာနာဂိက ရုံးတက်မှတ်တမ်းကို စွေကြည့်လိုက်သည်။ “၁၁ ရက်နေ့ရဲ့ ရှေ့တစ်ရက်၊ ၁၀ ရက်နေ့မှာလည်း ခင်ဗျား နံနက်ခင်း နေ့ဝက် ခွင့်ယူထားခဲ့သေးတယ်။ နောက်တစ်ရက်မှာလည်း ထပ်ပြီး ခွင့်ယူခဲ့သေးတယ်ဆိုတော့ အခုလို နှစ်ရက်ဆက်တိုက် ခွင့်ယူတာမျိုး အရင်က တစ်ခါမှ မရှိခဲ့ဖူးသလိုပဲ”

“တစ်ခါမှ … မရှိခဲ့ဖူးဘူး …” အိရှိဂါမိသည် နဖူးကို လက်ဖြင့် ပွတ်သပ်နေသည်။ သူ သတိကြီးကြီးထားပြီး ဖြေဆိုရမည့် စကားဖြစ်ကြောင်း သူ နားလည်သည်။ “ဘာမှတော့ မဟုတ်ပါဘူး။ ၁၀ ရက်နေ့ကတော့ ခင်ဗျား စောစောက ပြောသလိုပေါ့။ ရှေ့တစ်ရက်က တစ်ညလုံး အိပ်ရေးပျက်ထားလို့ နေ့ခင်းကျမှ ကျောင်းသွားနိုင်တယ်။ ၁၀ ရက်နေ့ညကျတော့ ကျွန်တော် ဖျားချင်သလိုလို ဖြစ်လာတာနဲ့ နောက်တစ်ရက် မနက်ခင်းကို ခွင့်ထပ်ယူလိုက်ရတာပဲ”

“ဒါကြောင့် နေ့ခင်းမှ ကျောင်းတက်ဖြစ်တယ် ဆိုပါတော့”

“ဟုတ်တယ်”

“အင်း …” ကုစာနာဂိသည် သံသယမျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။

“ဘာမှားနေလို့လဲ”

“မမှားပါဘူး။ ကျွန်တော်က စဉ်းစားနေတာ။ နေ့ခင်းမှာ ကျောင်းပြန်လာနိုင်တယ်ဆိုတော့ ခင်ဗျားရဲ့ ကျန်းမာရေးက ဆိုးဆိုးဝါးဝါးကြီး မဟုတ်လို့ပေါ့။ တကယ်လို့သာ ပြင်းပြင်းထန်ထန် ဖျားနာတာမျိုး မဟုတ်ဘူးဆိုရင် လူအများစုက အားမွေးပြီး အလုပ်ကို မဖြစ်မနေ တက်ကြတာပဲလေ။ အထူးသဖြင့် ခင်ဗျားလို ရှေ့တစ်ရက်မှာ ခွင့်ယူထားတဲ့ လူမျိုးတွေက ပိုလို့တောင် ရက်ဆက် ခွင့်မပျက်ချင်ကြဘူး” ကုစာနာဂိသည် အိရှိဂါမိအပေါ် ထားရှိနေသော သံသယစိတ်ကို ဖုံးကွယ်မနေတော့ဘဲ ဘွင်းဘွင်း ပြောချလိုက်သည်။ ကုစာနာဂိက လောင်းကြေးကို ‘အော’ ချလိုက်ပုံ ရသည်။ အိရှိဂါမိကို စိတ်ဆိုးအောင် လုပ်မိသွားလျှင်လည်း ထိုကိစ္စအတွက် သူ စိုးစဉ်းမျှ အမှုမထားတော့သည့်နှယ်။

ကုစာနာဂိ၏ လောင်းကြေးကို ‘လိုက်’ နေစရာ သူ့မှာ အကြောင်းမရှိ။ အိရှိဂါမိက မချိုမချဉ် ပြုံးလိုက်မိသည်။

“ခင်ဗျား ပြောတာလည်း အဓိပ္ပာယ် ရှိသလိုပဲ။ ဒါပေမယ့် အဲဒီအချိန်က ကျွန်တော် နေမကောင်းလို့ ခုတင်ပေါ်ကနေတောင် မထနိုင်ဘူး။ နေ့ခင်းရောက်ခါနီးမှ ရုတ်တရက် ပြန်ကောင်းလာတာလေ။ ဒါနဲ့ပဲ အိပ်ရာက ကုပ်ကတ်ထပြီး ကျောင်းကို သွားခဲ့တာပေါ့။ တကယ်လည်း ခင်ဗျားပြောသလိုပါပဲ။ ရှေ့တစ်ရက်က ခွင့်ယူထားတော့ နောက်တစ်ရက် ထပ်ပြီး ခွင့်ယူဖို့ရာ အတော်လေး စဉ်းစားခဲ့ရတယ်”

အိရှိဂါမိ စကားပြောနေစဉ် ကာလတစ်လျှောက်လုံးတွင် ကုစာနာဂိသည် သူ၏ မျက်လုံးများကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ တစ်ဘက်လူက မိမိကို အမှန်အတိုင်း ပြောဆိုနေခြင်း မဟုတ်တန်ရာ ဟူသော သံသယဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေတတ်သည့် အကြည့်မျိုး ဖြစ်သည်။

“ဟုတ်မှာပါပဲ။ ခင်ဗျားက ဂျူဒိုကို ပုံမှန် ကစားနေတဲ့လူဆိုတော့ တော်ရုံတန်ရုံ နေမကောင်းတာလောက်ကတော့ နေ့ဝက် နားလိုက်တာနဲ့ သက်သာသွားလောက်မှာပါ။ ရုံးဝန်ထမ်းရဲ့ အပြောအရဆိုရင် မစ္စတာအိရှိဂါမိကို ဖျားတာနာတာ တစ်ခါမှ မမြင်ဖူးဘူး ဆိုပဲ”

“ဘယ်ဟုတ်မလဲဗျာ။ တစ်ခါတလေတော့လည်း ဖျားတတ်တာပေါ့”

“ခင်ဗျားရဲ့ သဘောက အဲဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် လာဖျားနေတယ် ဆိုပါတော့”

“တိုက်တိုက်ဆိုင်ဆိုင် ဆိုတာက ဘာသဘောလဲ။ ကျွန်တော့်အတွက်တော့ အဲဒီနေ့က ဘာမှ ထူးခြားမနေပါဘူး”

“ဟုတ်ပါပြီဗျာ” ကုစာနာဂိသည် မှတ်စုစာအုပ်ကို ပိတ်ပြီး မတ်တတ်ထရပ်လိုက်သည်။ “ဒီလောက် အလုပ်ရှုပ်နေတဲ့ ကြားက အနှောင့်အယှက် ပေးမိတာ ကျွန်တော် တောင်းပန်ပါတယ်”

“ကျွန်တော်က တောင်းပန်ရမှာပါ။ ခင်ဗျားကို ဘာမှ မကူညီလိုက်နိုင်ဘူး”

“ရပါတယ်ဗျာ။ ဒီလောက်ဆိုရင် လုံလောက်နေပါပြီ”

သူတို့နှစ်ဦးသည် ဧည့်ခန်းထဲမှ အတူတူ ထွက်လာကြပြီးနောက် အိရှိဂါမိသည် သူ့ကို ကျောင်းဂိတ်ဝအထိ လိုက်ပို့ပေးသည်။

“ခင်ဗျားနဲ့ ယုကာဝါတို့ နောက်ရော ထပ်တွေ့ကြသေးလား” ကုစာနာဂိက လမ်းလျှောက်ရင်း မေးလိုက်သည်။

“ဟင့်အင်း။ နောက်ပိုင်း တစ်ခါမှ မတွေ့ဖြစ်တော့ဘူး” အိရှိဂါမိက ပြန်ဖြေသည်။ “ခင်ဗျားတို့ကတော့ ပုံမှန် တွေ့ဖြစ်ကြမှာပေါ့”

“ကျွန်တော်လည်း ဒီရက်ပိုင်း အလုပ်မအားလို့ သူနဲ့ မတွေ့ဖြစ်ဘူး။ ကျွန်တော်တို့ သုံးယောက် တစ်ရက်လောက်မှ ဆုံကြရအောင်ဗျာ။ မစ္စတာအိရှိဂါမိလည်း အတော် သောက်နိုင်တယ်လို့ ယုကာဝါဆီက ကြားထားတယ်” ကုစာနာဂိက လက်မထောင်၍ အရက်သောက်သည့် ဟန်ပန် လုပ်ပြသည်။

“ကျွန်တော်ကတော့ အားပါတယ်ဗျာ။ ခင်ဗျားတို့ရဲ့ အမှုကိစ္စ ပြီးမှ ဆုံကြတာပေါ့”

“ကောင်းပြီလေ။ ဒါပေမယ့် ကျွန်တော်တို့ ရဲတွေက ၂၄ နာရီ နားရက်မရှိ အလုပ်လုပ်နေရတာမှ မဟုတ်ဘဲဗျာ။ နောက်နေ့မှ ကျွန်တော် ဆက်သွယ်လိုက်ပါ့မယ်”

“မျှော်နေပါ့မယ်ဗျာ”

“အိုကေ” ကုစာနာဂိသည် ကျောင်းဂိတ်ဝမှ အပြင်သို့ လျှောက်ထွက်သွားသည်။

အိရှိဂါမိသည် စင်္ကြံလမ်းပေါ်သို့ ပြန်လာပြီးနောက် ပြတင်းပေါက်မှနေ၍ ကုစာနာဂိ၏ ကျောပြင်ကို လှမ်းကြည့်သည်။ ကုစာနာဂိသည် ဖုန်းကိုကိုင်လျက် စကားပြောနေသည်။ အမူအရာကိုကား သဲသဲကွဲကွဲ မမြင်ရပေ။

ယနေ့ ကုစာနာဂိသည် မည်သို့သော ဦးတည်ချက်ဖြင့် သူ့ထံသို့ လာရောက်ခဲ့သနည်း။ သူ့ထံသို့ မြားဦးလှည့်လာစေသည့် အထောက်အထား တစ်ခုခုတော့ ရှိနေရမည်။ ၎င်းမှာ အဘယ်နည်း။ ယခင် ကုစာနာဂိနှင့် တွေ့ဆုံခဲ့ကြစဉ်က ထိုသို့သောအတွေးမျိုး ထိုသူ့တွင် ရှိနေခဲ့ပုံ မရ။

သို့သော် ယနေ့ စစ်မေးသည့် မေးခွန်းများကို ကြည့်ခြင်းအားဖြင့် ကုစာနာဂိသည် အမှန်တရားနှင့် များစွာ အလှမ်းကွာဝေးနေသေးကြောင်း တွေ့ရှိရသည်။ သူသည် ယခုအချိန်ထိ မှန်ချင်ရာမှန် ဆိုသည့်သဘောဖြင့် ရမ်းပစ်နေရုံမျှသာ ရှိနေသေးသည်။ အိရှိဂါမိတွင် အလီဘိုင် ကင်းမဲ့နေလျှင် သူ့အတွက် လမ်းကြောင်းသစ်တစ်ခုကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု သူ ယူဆနေပေလိမ့်မည်။ ထိုကိစ္စအတွက်လည်း အိရှိဂါမိက များစွာ စိတ်ပူပန်ခြင်း မရှိ။ လက်ရှိအချိန်ထိ အဖြစ်အပျက် အားလုံးတို့သည် သူ၏ ‘ခွင်’ အတွင်း၌သာ သွားလာကျက်စားနေကြသည်။ အဓိက ပြဿနာမှာ …

ယုကာဝါ၏ မျက်နှာသည် သူ့အတွေးအာရုံထဲတွင် ထင်ဟပ်လာသည်။ သူသည် အဖြစ်မှန်ကို အဘယ်မျှလောက် တူးဆွထားနိုင်ခဲ့သနည်း။ အမှန်တရားကို အဘယ်မျှသော ပမာဏအထိ လှစ်ဟရန် ကြံရွယ်ထားသနည်း။

တစ်နေ့က အိရှိဂါမိသည် ယာစုကိုနှင့် ဖုန်းပြောစဉ် သူမထံမှ သတင်းဆန်းတစ်ခုကို ကြားခဲ့ရသည်။ ယုကာဝါသည် သူမထံသို့ ရောက်သွားခဲ့သည့် သတင်းဖြစ်သည်။ သူက သူမအား အိရှိဂါမိအပေါ်တွင် မည်သို့ သဘောထားသနည်းဟု မေးမြန်းခဲ့သည်။ သို့ဆိုလျှင် အိရှိဂါမိက ယာစုကိုအား ကျိတ်ပိုးပိုးနေကြောင်းကို သူ သိထားပြီးသည်မှာ သေချာနေသည်။

အိရှိဂါမိသည် ယုကာဝါနှင့် ပြောခဲ့သမျှသော စကားလုံးများကို ပြန်လည် တွေးဆကြည့်သည်။ သူမကို သဘောကျနှစ်သက်နေကြောင်း သက်သေတည်နိုင်သော မည်သည့် စကားမျိုး၊ မည်သည့် အမူအရာမျိုးကိုမျှ သူ အမှတ်တမဲ့ မပြုလုပ်ခဲ့မိဖူး။ အနိမ့်ဆုံးအားဖြင့် သူ ထိုသို့ ပြုလုပ်ခဲ့ဖူးသည်ဟု အမှတ်မရ။ သို့စင်လျက် ယုကာဝါက မည်သို့ သိရှိသွားခဲ့သနည်း။

သူသည် နောက်ပြန်လှည့်ပြီး ရုံးခန်းဘက်သို့ ထွက်လာခဲ့ရာ စင်္ကြံလမ်းပေါ်တွင် ရုံးဝန်ထမ်းနှင့် မထင်မှတ်ဘဲ ဆုံမိပြန်သည်။

“ရဲက ပြန်သွားပြီလား”

“အင်း၊ အခုလေးတင်ပဲ”

“ဆရာရော မပြန်သေးဘူးလား”

“မပြန်သေးဘူး။ လုပ်စရာ အလုပ်တစ်ခု သတိရလာလို့” ရုံးဝန်ထမ်းထံမှ စပ်စုသော မေးခွန်းများ ထွက်ပေါ်မလာခင် အိရှိဂါမိသည် ရုံးခန်းရှိရာသို့ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

သူ့စားပွဲတွင် ဝင်ထိုင်လိုက်ပြီးနောက် စားပွဲအောက်တွင် ထားထားသော သေတ္တာကို ဆွဲထုတ်၍ အထဲမှ ဖိုင်တွဲတချို့ကို လှမ်းယူလိုက်သည်။ ၎င်းသေတ္တာထဲတွင် သိမ်းထားသော စာရွက်စာတမ်းများမှာ ကျောင်းအလုပ်နှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိ။ ခက်ခဲနက်နဲသော သင်္ချာပုစ္ဆာများကို နှစ်ပေါင်းများစွာ လေ့လာစူးစမ်းခြင်းမှ ရရှိလာသည့် အကျိုးရလဒ်များသာ ဖြစ်သည်။

သူသည် ထိုစာရွက်စာတမ်းများကို အိတ်ထဲသို့ ထိုးထည့်ပြီး ရုံးခန်းထဲမှ ထွက်ခွာလာခဲ့သည်။

****

 

“ငါ မင်းကို ဘယ်နှခါ ပြောရမလဲ။ တစ်ခုခုကို စူးစမ်းတယ်၊ လေ့လာတယ်ဆိုတာ အဲဒါကို သဲကြီးမဲကြီး စိုက်ကြည့်နေတတ်ရုံနဲ့ မပြီးသေးဘူး။ မင်း မျှော်လင့်ထားတဲ့ ရလဒ်ကို ရနေတာနဲ့ပဲ မင်းရဲ့ သုတေသနကို ဟုတ်လှပြီ၊ ကောင်းလှပြီလို့ ကျေနပ်နေဖို့ မသင့်ဘူး။ မင်းရဲ့ စမ်းသပ်ချက်အပေါ်မှာ မင်း ဘယ်လို သဘောထားနေရသလဲ ဆိုတာကို ငါ ဂရုမစိုက်ဘူး။ နောက်ပြီး လောကမှာ ကိုယ် မျှော်လင့်ထားတဲ့အတိုင်း အကုန်လုံး ဖြစ်လာနိုင်တာမှ မဟုတ်ဘဲ။ မင်းရဲ့ စမ်းသပ်မှုအပေါ် စိတ်ကို စူးစူးစိုက်စိုက် ထားပြီး မင်းအတွက် တန်ဖိုးရှိတဲ့ အရာတစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်ဖို့ မင်း ကြိုးစားသင့်တယ်။ စာတမ်း မရေးခင်မှာ အရင်ဦးဆုံး ဦးနှောက်သုံးပြီး လေးလေးနက်နက် စဉ်းစားတတ်ဖို့ လိုတယ်။ ဟုတ်ပြီလား”

ဤမျှ စိတ်ဆိုးမာန်ဆိုး ဖြစ်နေသော ယုကာဝါကို မြင်ရခဲလှသည်။ သူက ခေါင်းကို ခါယမ်းပြီး တုဏှိဘော ရပ်နေသော ကျောင်းသား၏ လက်ထဲသို့ စာတမ်းကို ထိုးပေးလိုက်သည်။ ကျောင်းသားသည် ဦးညွတ်ပြီး အခန်းထဲမှ ထွက်ခွာသွားလေသည်။

“မင်းလည်း စိတ်ဆိုးတတ်သေးတာပဲကွ” ကုစာနာဂိက ပြောသည်။

“ငါ စိတ်မဆိုးပါဘူး။ အဲဒီကျောင်းသားက အလုပ်ကို ပြီးစလွယ် လုပ်ထားလို့ သူ့ကို လမ်းညွှန်ပေးနေတာ” ယုကာဝါသည် မတ်တတ်ရပ်ပြီး ခွက်ယူ၍ ကော်ဖီမစ် ဖျော်နေသည်။ “ဘာတွေ သတင်းထူးသေးလဲ”

“ငါ အိရှိဂါမိရဲ့ အလီဘိုင်ကို စစ်ဆေးပြီးသွားပြီ။ ပြောရရင်တော့ ငါကိုယ်တိုင် သူ့ကို သွားမေးခဲ့တာပဲ”

“စီးချင်းထိုးခဲ့တယ် ဆိုပါတော့” ယုကာဝါသည် လက်ဆေးကန်မှ ပြန်လှည့်လာပြီး လက်ထဲတွင် မက်ခွက်အကြီးစားတစ်ခွက်ကို ကိုင်ထားသည်။ “ဒီတော့ သူက ဘယ်လိုတုံ့ပြန်သလဲ”

“အဲဒီည တစ်ချိန်လုံး အိမ်မှာ ရှိနေတယ်လို့ ပြောတာပဲ”

ယုကာဝါသည် မျက်မှောင်ကြုတ်လျက် ခေါင်းယမ်းနေသည်။ “သူ ဘယ်လို တုံ့ပြန်သလဲလို့ မင်းကို မေးနေတာ။ သူ ဘယ်လို ဖြေသလဲလို့ မေးနေတာ မဟုတ်ဘူး”

“အင်း … ကြည့်ရတာ စိတ်လှုပ်ရှားပုံလည်း မရဘူး။ ရဲလာတယ်လို့ ကြိုကြားထားလို့လားတော့ မပြောတတ်ဘူး။ ဒါကြောင့်မို့ စိတ်တည်ငြိမ်အောင် ပြင်ဆင်ထားနိုင်တာလည်း ဖြစ်ချင် ဖြစ်မှာ”

“မင်း သူ့ကို အလီဘိုင်တောင်းတော့ သူရဲ့ အမူအရာက အံ့ဩထိတ်လန့် ဖြစ်သွားတာမျိုး မရှိဘူးလား”

“ဟင့်အင်း၊ ဘာကြောင့်တောင်းတာလဲ လို့တောင် ငါ့ကို မမေးဘူး။ တစ်ခုတော့ ရှိတာပေါ့လေ။ ငါကလည်း သူ့ကို ပေါ်ပေါ်ထင်ထင် တောင်းခဲ့တာမျိုးမှ မဟုတ်တာ”

“မင်းတို့တွေ သူ့ဆီကနေ တစ်နေ့မဟုတ် တစ်နေ့တော့ အလီဘိုင် တောင်းလာလိမ့်မယ်ဆိုတာ သူ မတွက်တတ်ဘဲ နေမှာ မဟုတ်ဘူး” ယုကာဝါက တစ်ကိုယ်တည်း ရေရွတ်နေသကဲ့သို့ ပြောပြီး ကော်ဖီတစ်ငုံ သောက်လိုက်သည်။ “အဲဒီနေ့ညက တစ်ချိန်လုံး သူ အိမ်မှာ ရှိနေတယ်လို့ သူ ပြောတယ်လား”

“ပြီးတော့ ဖျားနေသေးတယ်လို့တောင် ပြောလိုက်သေးတယ်။ ဒါကြောင့် နောက်တစ်နေ့မနက်ကို ခွင့်ယူခဲ့တာတဲ့” ကုစာနာဂိသည် ကျောင်းမှ ငှားလာသော အိရှိဂါမိ၏ ရုံးတက်မှတ်တမ်းကို စားပွဲပေါ်သို့ တင်လိုက်သည်။

ယုကာဝါသည် အနားသို့ ရောက်လာပြီး ထိုင်ကာ ရုံးတက်မှတ်တမ်းကို ကောက်ကိုင်လိုက်သည်။

“နောက်တစ်နေ့မနက် …”

“လူသတ်ပြီးတော့ နောက်ပိုင်း ဖြေရှင်းစရာ ရှိတာ ဖြေရှင်းရဦးမှာမို့ ကျောင်းမသွားနိုင်တာပဲ နေမှာ”

“ထမင်းဆိုင်ဘက်ကရော”

“စုံစမ်းပြီးပြီ။ ၁၁ ရက်နေ့မှာ ဟာနာအိုကာ ယာစုကိုက ပုံမှန်အတိုင်း အလုပ်ဝင်တယ်။ မင်း စဉ်းစားလို့ရအောင် တစ်ခါတည်း ပြောလိုက်ဦးမယ်။ သူ့သမီးလည်း ပုံမှန် ကျောင်းတက်တယ်။ နောက်မကျဘူး”

ယုကာဝါသည် ရုံးတက်မှတ်တမ်းကို စားပွဲပေါ်သို့ ပြန်တင်ပြီး လက်ပိုက်ထားလိုက်သည်။

“နောက်ပိုင်း ဖြေရှင်းစရာ … ဘာတွေ လုပ်စရာ လိုမှာမို့လဲ”

“လူသတ်လက်နက်ကို ဖျောက်ဖျက်တာတို့ ဘာတို့ပေါ့”

“အဲဒါတွေ လုပ်ဖို့ ၁၀ နာရီကျော်တောင် အချိန်လိုအပ်တာလား”

“၁၀ နာရီကျော် …”

“အခင်းဖြစ်တာက ၁၀ ရက်နေ့ညမှာ။ တကယ်လို့ နောက်တစ်ရက်မှာ မနက်ပိုင်း နေ့တစ်ဝက် ခွင့်ယူခဲ့ရင် သဘောအရ ‘နောက်ပိုင်း ဖြေရှင်းစရာ’ ဆိုတာတွေအတွက် ၁၀ နာရီတောင် အချိန်လိုအပ်နေသလို ဖြစ်နေတယ်”

“အိပ်ဖို့လည်း အချိန်လိုသေးလို့ နေမှာပေါ့”

“လူသတ်ပြီးတဲ့နောက်မှာ အလောင်းကို မဖြေရှင်းသေးဘဲ ဘယ်သူမှ အိပ်ဖို့ ကြိုးစားနေမှာ မဟုတ်ဘူး။ ပြီးတော့ မအိပ်လိုက်ရလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့လည်း ခွင့်ယူမှာ မဟုတ်ဘူး။ ဘယ်လောက်ပဲ အိပ်ချင်အိပ်ချင်၊ သံသယမဝင်ရအောင် ဖိညှစ်ပြီး ရုံးတော့ လာတက်မှာပဲ”

“ဒါဆိုလည်း မဖြစ်မနေ ခွင့်ယူရလောက်တဲ့ အကြောင်းအရင်း ရှိလို့ နေမှာပေါ့”

“ငါ အဲဒီအကြောင်းအရင်းကို စဉ်းစားနေတာပဲ” ယုကာဝါက မက်ခွက်ကို ကောက်ကိုင်သည်။

ကုစာနာဂိသည် စားပွဲပေါ်ရှိ ရုံးတက်မှတ်တမ်းကို အသေအချာ ပြန်ခေါက်လိုက်သည်။ “ဒီနေ့ ငါမင်းကို မေးခွန်းတစ်ခု မေးကိုမေးမှ ဖြစ်မယ်။ မင်း အိရှိဂါမိကို ဘယ်လိုကနေ ဘယ်လို စပြီး သံသယ ဝင်သွားခဲ့တာလဲ။ မင်း ငါ့ကို မဖြေဘူးဆိုရင် ငါလည်း ဘာဆက်လုပ်ရမှန်း မသိတော့ဘူး”

“မင်းစကားက အထူးဆန်းကြီးပါလား။ အိရှိဂါမိက ဟာနာအိုကာ ယာစုကိုအပေါ် ကျိတ်ကြိုက်နေတာကို မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ဖော်ထုတ်နိုင်ခဲ့တာ မဟုတ်ဘူးလား။ ဒီတော့ ငါ့အမြင်ကို မေးနေဖို့ လိုသေးလို့လား”

“ကိစ္စက မင်းထင်သလို မရိုးရှင်းဘူးကွ။ ငါ့မှာလည်း ငါ့အခက်အခဲနဲ့ ငါပဲ။ ငါ့အထက်လူကြီးကို အစီရင်ခံတဲ့အခါမှာ အိရှိဂါမိကို သံသယတရားခံအဖြစ်နဲ့ နံကြားထောက်ပြီး သတ်မှတ်ထားပါတယ်လို့ တင်ပြလို့မှ မရဘဲ”

“ဟာနာအိုကာ ယာစုကိုရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို လေ့လာကြည့်လိုက်တဲ့အခါမှာ အဲဒီသင်္ချာဆရာ အိရှိဂါမိကို မသင်္ကာစရာ ဖြစ်လာတယ်လို့ ပြောလိုက်လို့ ရနေတာပဲ”

“ခက်တာက လက်ရှိအချိန်အထိ ဘာ သက်သေအထောက်အထားမှ ရှာလို့ မတွေ့သေးတာပဲ။ သူတို့နှစ်ယောက်ရဲ့ နီးကပ်တဲ့ ခင်မင်ရင်းနှီးမှုကို ဘယ်လိုနည်းနဲ့မှ အတည်ပြုလို့ မရသေးဘူး”

ယုကာဝါသည် ကော်ဖီခွက်ကို လက်မှ မချသေးဘဲ တဟားဟား ရယ်မောနေသည်။ “ဟား ဟား ဟား၊ ဒါလည်း ဟုတ်တာပဲ”

“မင်းဟာက ဘာအဓိပ္ပာယ်လဲ”

“ဘာမှ မဟုတ်ပါဘူးကွာ။ သူတို့နှစ်ယောက်အကြားမှာ ဘယ်လို အပေးအယူမျိုးကိုမှ ငါ မျှော်လင့်မထားလို့ပါ။ ငါ ပြောရဲတယ်။ မင်းတို့ ဘယ်လောက်ပဲ စုံစမ်းစုံစမ်း၊ ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူး”

“ငါ့ကို စိတ်ဓာတ်ကျအောင် မပြောပါနဲ့လားကွာ။ အခုဆိုရင် ငါတို့ရဲ့ တပ်ဖွဲ့မှူးက အိရှိဂါမိအပေါ် စိတ်မဝင်စားသလောက် ဖြစ်နေပြီ။ ဒီအတိုင်းသာ ဆက်သွားရင် ငါ့ဘက်က သူ့ကို စုံစမ်းချင်တယ် ဆိုရင်တောင် အတော်လေး ခက်ခဲသွားလိမ့်မယ်။ ငါ့ကို ပြောပြစမ်းပါကွာ။ မင်း ဘာဖြစ်လို့ အိရှိဂါမိကို သင်္ကာမရှင်း ဖြစ်နေရတာလဲ”

ကုစာနာဂိ၏ ညွတ်နူးတောင်းဆိုနေသံကြောင့် ယုကာဝါ၏ အမူအရာမှာ ပြန်လည် တည်ကြည်သွားသည်။ လက်ထဲမှ ကော်ဖီခွက်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ “ပြောလည်း ဘာအကျိုးမှ ထူးမယ် မထင်ဘူး။ မင်းအတွက် ဘာမှ အထောက်အပံ့ ဖြစ်လာမှာ မဟုတ်ဘူး”

“ဘာဖြစ်လို့လဲ”

“အမှုထဲမှာ သူ ပါဝင်နေနိုင်တယ်လို့ ငါ သံသယဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းက မင်း စောစောက ထပ်ခါထပ်ခါ ပြောနေတဲ့ အကြောင်းအရင်းနဲ့ ဘာမှ မထူးဘူး။ ဟာနာအိုကာ ယာစုကိုအပေါ်မှာ သူ စိတ်ဝင်စားနေတာ ဖြစ်ရမယ်လို့ ငါ မတော်တဆ သတိထားလိုက်မိတယ်။ ဒါကြောင့် ဒီအမှုမှာ သူ ပါဝင်နိုင်ခြေရှိတယ် ဆိုတဲ့ ထင်မြင်ချက်နဲ့ ငါ ဆက်စုံစမ်းနေခဲ့မိတာပဲ။ လူတစ်ယောက်ကို ကျိတ်ပိုးပိုးနေတာနဲ့ပဲ ဘာကြောင့် အခုလို ထင်မြင်ရတာလဲလို့ မင်း မေးချင်နေလိမ့်မယ်။ လွယ်လွယ် ပြောရရင် ငါ့ရဲ့ စိတ်ထဲမှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဗီဇသိလို့ပဲ ဆိုပါတော့။ အိရှိဂါမိရဲ့ စရိုက်ကို အတိုင်းအတာတစ်ခုထိ သိမထားဘူးဆိုရင် ဒီကိစ္စကို နားလည်ရ အတော်လေး ခက်လိမ့်မယ်။ မင်းတို့ မှုခင်းရဲတွေကလည်း ဗီဇသိ၊ ဗီဇသိ ဆိုပြီး တဖွဖွ ပြောနေတတ်ကြတာပဲ မဟုတ်ဘူးလား။ အဲဒီလိုပဲပေါ့”

“မင်းပါးစပ်က ထွက်လာတဲ့စကားလို့ ငါဖြင့် ယုံတောင် မယုံချင်ဘူး။ မင်းလိုကောင်မျိုးက ‘ဗီဇသိ’ ဆိုတာကို အသိအမှတ် ပြုတတ်သေးတာလား”

“တစ်ခါတလေ ပြောတာပဲကွာ။ ငရဲမကြီးလောက်ပါဘူး”

“ဒါဆိုရင်လည်းကွာ၊ အိရှိဂါမိက မစ္စဟာနာအိုကာကို ကြိုက်နေပါတယ်လို့ မင်း ဘယ်လိုလုပ်ပြီး သတိထားမိလိုက်တာလဲ။ အနည်းဆုံး ဒီလောက်တော့ ငါ့ကို ပြောပြသင့်ပါတယ်”

“မဖြစ်ဘူး” ယုကာဝါက ချက်ချင်း ပြန်ဖြေသည်။

“အမ်”

“အဲဒါ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သလို ဖြစ်နေတယ်။ ငါ ဘယ်သူ့ကိုမှ မပြောပြနိုင်ဘူး”

ကုစာနာဂိက သက်မကို မှုတ်ထုတ်လိုက်စဉ် တံခါးခေါက်သံ မြည်လာပြီး ကျောင်းသားတစ်ယောက် အထဲသို့ ဝင်လာသည်။

“မင်း ရောက်ပြီကိုး” ယုကာဝါက ထိုကျောင်းသားကို လှမ်းပြောသည်။ “မင်းကို ရုတ်တရက် လှမ်းခေါ်လိုက်ရလို့ အားနာပါတယ်။ ဟိုးရှေ့ရက်က ပို့လာတဲ့ မင်းရဲ့ စာတမ်းအကြောင်း ငါ မင်းနဲ့ ဆွေးနွေးချင်လို့”

“ပြဿနာ ရှိလို့လား ဆရာ” မျက်မှန်နှင့် ကျောင်းသားက တောင့်တောင့်ကြီး ရပ်နေသည်။

“မင်းရဲ့ စာတမ်းက ရေးထားတာ မဆိုးဘူး။ ဒါပေမယ့် မင်းကို မေးချင်တာ တစ်ခု ရှိတယ်။ ဘာဖြစ်လို့ အစိုင်အခဲရူပဗေဒကို အခြေတည်ပြီး မင်းရဲ့ ပုစ္ဆာကို ဖြေရှင်းထားရတာလဲ”

“အဲဒါ အစိုင်အခဲနဲ့ ဆိုင်တဲ့ စမ်းသပ်ချက် မဟုတ်ဘူးလား ဆရာ” ကျောင်းသားက ငေးကြောင်၍ ကြည့်နေသည်။

ယုကာဝါ၏ နှုတ်ခမ်းစွန်းတစ်ဘက်မှာ အနည်းငယ် တွန့်သွားပြီး ခေါင်းခါလိုက်သည်။ “တကယ်တော့ ဒီပုစ္ဆာက အမှုန်ရူပဗေဒပေါ် အခြေခံတဲ့ ပုစ္ဆာမျိုးပဲ။ ဒါကြောင့် မင်း အဲဒီရှုထောင့်ကနေ ချဉ်းကပ်သင့်တယ်လို့ ငါ အကြံပေးချင်တယ်။ အပြင်ပန်းအရ အစိုင်အခဲရူပဗေဒနဲ့ ဆင်ဆင်တူနေတာကို ကြည့်ပြီး တခြားသီအိုရီတွေကို ထည့်စဉ်းစားဖို့ မလိုအပ်တော့ဘူးလို့ မယူဆသင့်ဘူး။ အဲဒီလိုသာဆိုရင် မင်း ဘယ်တော့မှ သုတေသီကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်တော့ဘူး။ မင်းရဲ့ ကြိုတင်မှန်းဆချက်တွေဟာ မင်းရဲ့ အကြီးမားဆုံး ရန်သူ ဖြစ်လာနိုင်တယ်။ အဲဒါတွေကို အယုံကြည် အကိုးစား လွန်သွားတာနဲ့ တစ်ပြိုင်နက် မင်းရဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ အရာတွေကိုတောင် မြင်နိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး”

“ဟုတ်ကဲ့ပါ ဆရာ” ကျောင်းသားက လေးစားသမှုဖြင့် ခေါင်းညိတ်လိုက်သည်။

“မင်းမှာ ထိုက်သင့်တဲ့ အရည်အချင်း ရှိတယ်လို့ ဆရာ ယူဆလို့ မင်းကို ခေါ်ပြီး သတိပေးရတာပါ။ ကဲ … မင်း သွားနိုင်ပြီ”

“ကျေးဇူးပါ ဆရာ” ကျောင်းသားက ဦးညွတ်၍ ထွက်ခွာသွားသည်။

ယုကာဝါသည် ကုစာနာဂိဘက်သို့ လှည့်လိုက်သောအခါ သူ့အား အကြောင်သားဖြင့် ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ။ ငါ့မျက်နှာပေါ်မှာ ဘာ ပေနေလို့လဲ”

“မဟုတ်ပါဘူး။ ပညာရှင်ဆိုတဲ့ လူတွေရဲ့ လေသံက တထေရာတည်းပါလားလို့ စဉ်းစားနေတာ”

“မင်း ဘာကို ဆိုလိုချင်တာလဲ”

“အိရှိဂါမိကလည်း ငါ့ကို အဲဒီလို စကားမျိုး ပြောခဲ့ဖူးတယ်” ကုစာနာဂိသည် အိရှိဂါမိ ပြောခဲ့သည့် စာမေးပွဲမေးခွန်းနှင့် ပတ်သက်သော သူ့အမြင်ကို ယုကာဝါအား ပြန်လည် ဖောက်သည်ချလိုက်သည်။

“အင်း … ကြိုတင်မှန်းဆချက်ကြောင့် ဖြစ်ပေါ်လာတဲ့ မျက်ကွယ်မှတ် … အဲဒါမှ တကယ့်ကို သူ့ရဲ့ စတိုင်ပဲ” ယုကာဝါက စပ်ဖြဲဖြဲနှင့် ပြောနေသည်။ သို့သော် လက်ဖျစ်တစ်တွက်ခန့် အကြာတွင် လောကဓာတ်ဆရာကြီး၏ မျက်နှာပေါ်၌ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ရုတ်ချည်း ထိုင်ခုံပေါ်မှ ထရပ်လိုက်သည်။ ဦးခေါင်းကို လက်ဖြင့် ပွတ်လျက် ပြတင်းပေါက်အနားသို့ လျှောက်သွားသည်။ ထို့နောက် ခေါင်းမော့ကာ ကောင်းကင်ပြင်သို့ ငေးမောကြည့်နေသယောင်။

“ဟေ့ကောင် ယုကာဝါ”

ယုကာဝါသည် လက်တစ်ဘက်ကို မြှောက်ပြီး ကုစာနာဂိဘက်သို့ လှမ်းပြလိုက်သည်။ တွေးတောဆင်ခြင်နေသည်ကို မနှောင့်ယှက်ပါနှင့်ဟု ဆိုလိုနေသည့်နှယ်။ မတတ်နိုင်သည့်အဆုံးတွင် ကုစာနာဂိလည်း တုဏှိဘာဝေ နေ၍ သူငယ်ချင်းကို အကြောင်သား ငေးကြည့်နေရသည်။

“မဖြစ်နိုင်ဘူး” ယုကာဝါက အသံတိုးတိုးဖြင့် ရေရွတ်နေသည်။ “သူ အဲဒီလို ကိစ္စမျိုး လုံးဝ လုပ်မှာ မဟုတ်ဘူး”

“မင်း ဘာဖြစ်နေတာလဲ” ကုစာနာဂိက အောင့်အည်းမနေနိုင်တော့ဘဲ မေးလိုက်သည်။

“ခုနက စာရွက် ငါ့ကို ပြစမ်းပါဦး။ အိရှိဂါမိရဲ့ ရုံးတက်မှတ်တမ်းလေ”

ကုစာနာဂိက ခေါက်ထားသော စက္ကူကို ရင်ဘတ်ထဲမှ ထုတ်ပေးလိုက်သည်။ ယုကာဝါက စာရွက်ကို လှမ်းယူပြီး စူးစူးစိုက်စိုက်ကြည့်ကာ တတွတ်တွတ် ရေရွတ်နေလေသည်။

“မဖြစ်နိုင်ဘူး … အဲဒီလို လုံးဝ မဖြစ်နိုင်ဘူး”

“ဟေ့ ယုကာဝါ၊ မင်း ဘာတွေ စဉ်းစားနေတာလဲ။ ငါ့ကိုလည်း ပြောပြစမ်းပါဦး” ယုကာဝါသည် ရုံးတက်မှတ်တမ်းကို ကုစာနာဂိထံသို့ ပြန်ကမ်းပေးလိုက်သည်။

“ဆောရီးကွာ။ အခု မင်း ပြန်သွားလိုက်ရင် ကောင်းမယ်”

“မင်းဟာက မလွန်လွန်းဘူးလား” ကုစာနာဂိက မကျေမနပ် ပြန်ပြောလိုက်သည်။ သို့သော် ယုကာဝါ၏ အမူအရာကို မြင်လိုက်ရသည့်အခါတွင်ကား သူ ဘာမျှ ဆက်ပြောလိုသော ဆန္ဒ မရှိတော့ပေ။

လောကဓာတ်ဆရာကြီး၏ မျက်နှာသည် စိုးရိမ်မှုနှင့် စိတ်သောကတို့ကြောင့် မဲ့ရွဲ့ကာ ရှုံ့တွနေသည်။ ကုစာနာဂိသည် သူနှင့် ရင်းနှီးခင်မင်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာညောင်းလှခဲ့ပြီ။ သူ့ကို ထိုအမူအရာမျိုးနှင့် တစ်ရံတစ်ဆစ်မျှ မမြင်ဖူးခဲ့။

“မင်း သွားပါတော့။ ငါ တောင်းပန်ပါတယ်” ယုကာဝါက နောက်တစ်ကြိမ် ထပ်ပြောပြန်သည်။ အံကြိတ်၍ ငြီးတွားနေသည့် အသံမျိုး။

ကုစာနာဂိသည် ထိုင်ရာမှ ထလိုက်သည်။ သူ့တွင် မေးချင်သည့် မေးခွန်းများ တောင်ပုံရာပုံ ရှိနေသေးသည်။ သို့သော် သူ့ကိုယ်သူ ပြန်လည် ဖျောင်းဖျရုံမှတစ်ပါး အခြား မရှိ။ ယခုအချိန် လုပ်နိုင်သည့် တစ်ခုတည်းသော အလုပ်မှာ သူ့သူငယ်ချင်း၏ မျက်စိရှေ့မှ ထွက်ခွာသွားရန်ပင် ဖြစ်တော့သည်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *