မာတိကာကြည့်ရန်

အခန်း (၁၂)

ယာစုကိုသည် ကော်ဖီဘားထဲသို့ ဝင်လိုက်သောအခါ လူတစ်ယောက်၏ လက်ပြနှုတ်ဆက်သံကို ကြားလိုက်ရသည်။ ရေညှိစိမ်းရောင် ဂျက်ကက်အင်္ကျီကို ဝတ်ဆင်ထားသော ကူဒို။ ဆိုင်ထဲတွင် သုံးပုံတစ်ပုံမျှ လူပြည့်နေသည်။ စုံတွဲအချို့ ရှိပြီး အများစုမှာ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည်။ သူမသည် ခေါင်းကို ငုံ့ကာ ကူဒိုရှိရာသို့ လျှောက်သွားသည်။

“အခုလို ရုတ်တရက် ခေါ်လိုက်ရတာ အားနာစရာ ဖြစ်နေပြီဗျာ” ကူဒိုက ပြုံးလျက် ပြောနေသည်။ “သောက်စရာ တစ်ခုခု မှာလိုက်ပါလား”

စားပွဲထိုးရောက်လာသောအခါ ယာစုကိုက လက်ဖက်ရည်အချိုတစ်ခွက် မှာလိုက်သည်။

“ဘာများ ဖြစ်လို့လဲ” သူမက မေးလိုက်သည်။

“ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး” ကူဒိုသည် ကော်ဖီခွက်ကို ကောက်ကိုင်ပြီး နှုတ်ခမ်းအနား တေ့ပြီးကာမှ မသောက်သေးဘဲ ဆက်ပြောနေသည်။ “မနေ့က ကို့ကို ရဲလာရှာတယ်”

ယာစုကို၏ မျက်ခုံးများ ပင့်တက်သွားသည်။ “သူတို့ …..”

“ကို့အကြောင်း သူတို့ကို မင်း ပြောလိုက်တာလား”

“ဆောရီးပဲရှင်။ ရှေ့တစ်ခေါက်က ရှင်နဲ့ ညစာစားပြီး အိမ်ပြန်ရောက်တော့ သူတို့ အိမ်ကို ပေါက်ချလာတယ်။ ကျွန်မကို ဇွတ်အတင်း မေးနေတာကြောင့် ရှင်နဲ့ ညစာအတူ စားဖြစ်တဲ့အကြောင်း ပြောပြလိုက်ရတယ်။ ကျွန်မက အဲဒီကိစ္စကို မပြောဘဲ ဖုံးကွယ်ထားရင်လည်း သူတို့က ကျွန်မကို သံသယ ဖြစ်နေကြမှာဆိုတော့ …”

ကူဒိုက လက်မြှောက်ကာ တားလိုက်သည်။

“ကို့ကို တောင်းပန်နေစရာ မလိုပါဘူး။ ကို မင်းကို အပြစ်တင်နေတာမှ မဟုတ်တာ။ နောက်နောင် ပေါ်ပေါ်ထင်ထင် တွေ့ဆုံနိုင်ဖို့အတွက် ကိုတို့ရဲ့ ဆက်ဆံရေးကို သူတို့ သိနေတာက ပိုတောင် အဆင်ပြေသေးတယ်”

“ဟုတ်လား” ယာစုကိုက စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။

“ဟုတ်တယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ရဲတွေက ကိုတို့ကို သံသယမျက်လုံးတွေနဲ့ ဝိုင်းကြည့်နေကြဦးမှာပဲ။ စောစောကတောင် ဒီကိုလာတဲ့ လမ်းတစ်လျှောက်လုံး ကားတစ်စီးက အနောက်ကနေ တကောက်ကောက် လိုက်နေခဲ့သေးတယ်”

“ကားတစ်စီး …”

“အစကတော့ ကို သတိမထားမိဘူး။ အတော်လေး မောင်းလာပြီးမှ ကို့နောက်မှာ ကားတစ်စီး လိုက်နေမှန်း သတိထားမိတာပဲ။ ကို အထင်မှားတာ မဟုတ်ဘူး။ အဲဒီကားက ဒီဆိုင်ရဲ့ ကားပါကင်ထဲတောင် လိုက်ဝင်လာသေးတယ်”

ကူဒိုက ဘာမျှ မဖြစ်သလို ပြောပြနေသော်လည်း ယာစုကိုက သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။

“နောက်တော့ရော။ ဘာဖြစ်သေးလဲ”

“မပြောတတ်ဘူးလေ” သူက ပခုံးတွန့်ပြသည်။ “သူ့ကားက အဝေးကြီးမှာ ရပ်ထားတာဆိုတော့ မျက်နှာလည်း ကောင်းကောင်း မမြင်ရဘူး။ နောက်တော့ မတွေ့တော့ဘူး။ မင်း ရောက်မလာခင် ကို ဘေးဘီကို သတိထား ကြည့်နေတာပဲ။ ဘယ်သူမှတော့ မတွေ့ဘူး။ ဒါမှမဟုတ် ကို မမြင်နိုင်တဲ့ တစ်နေရာကနေ စောင့်ကြည့်နေတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့”

ယာစုကိုက ကော်ဖီဘားထဲသို့ ဟိုဟိုဒီဒီ ဝေ့ကြည့်လိုက်သည်။ သံသယဖြစ်ဖွယ် တစ်စုံတစ်ဦးကိုမျှ မတွေ့ရ။

“ကြည့်ရတာ ရဲတွေက ရှင့်ကို သံသယ ဝင်နေပုံပဲ”

“သူတို့ရဲ့ ဇာတ်ညွှန်းအရ ဆိုရင် မင်းက လူသတ်မှုရဲ့ အဓိက တရားခံ။ ကိုက ကြံရာပါ။ မနေ့က လာရှာတဲ့ ရဲက ခပ်ဘွင်းဘွင်းပဲ၊ ကို့ကို အလီဘိုင် တောင်းနေသေးတာ”

လက်ဖက်ရည်တစ်ခွက် ရောက်လာသည်။ စားပွဲထိုး ပြန်ထွက်မသွားခင် ယာစုကိုက ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်ပြန်သည်။

“တကယ်လို့ ရဲဘက်က စောင့်ကြည့်နေမယ်ဆိုရင် ကျွန်မတို့ကို အခုလို တွဲမြင်သွားတော့ ပိုလို့တောင် သံသယ ဝင်သွားဦးမယ်”

“ဘာအရေးလဲ။ ကို စောစောက ပြောခဲ့သလိုပေါ့။ ကို မင်းနဲ့ ပေါ်ပေါ်ထင်ထင်ပဲ ချိန်းတွေ့ချင်တယ်။ ခိုးကြောင်ခိုးဝှက် တွေ့နေကြရင် ပိုလို့တောင် သံသယဝင်ကြဦးမှာ။ အရေးကြီးဆုံးက ကိုတို့မှာ လူမြင်မခံဝံ့တာ ဘာတစ်ခုမှမှ မရှိဘဲ” ကူဒိုသည် ဆိုဖာထိုင်ခုံပေါ်တွင် နောက်သို့ မှီထိုင်ပြီး လက်နှစ်ဘက်ကို ဖြန့်ကားထားလိုက်သည်။ သူ၏ ကိုယ်နေဟန်ထားက မည်သူ့ကိုမျှ မှုနေစရာ မလိုဟု ဖော်ပြနေသယောင်။ ထို့နောက် ကော်ဖီခွက်ကို နှုတ်ခမ်းတွင်တေ့ပြီး စိမ်ပြေနပြေ သောက်နေလေသည်။

ယာစုကိုလည်း လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ “ရှင် အဲဒီလိုပြောတာ ကြားရတော့ ကျွန်မ ဝမ်းသာမိပါတယ်။ ဒါပေမယ့် ရှင့်ကို ဒုက္ခပေးသလို ဖြစ်သွားရင်တော့ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့ လတ်တလော မတွေ့သေးဘဲ နေတာကမှ ပိုကောင်းမလား မသိဘူးနော်”

“မင်း အဲဒီလို ပြောလာလိမ့်မယ်လို့ ကို ထင်သားပဲ” ကူဒိုသည် ခွက်ကို ချထားပြီး ကိုယ်ကို ရှေ့သို့ တိုးလိုက်သည်။ “အဲဒါကြောင့်မို့လို့လည်း မင်းကို တကူးတက ခေါ်တွေ့ရတာပေါ့။ ကို့ကို ရဲတွေ လာတွေ့သွားတယ် ဆိုတာ မင်း တစ်ချိန်မဟုတ်တစ်ချိန် သိသွားမယ့်အတူတူ ကိုက အရင်ဦးအောင် ကြိုပြောထားလိုက်တာပဲ။ မင်းကို သိပ်ပြီး စိတ်ပူမနေစေချင်ဘူး။ ရှင်းရှင်းပြောရရင် ကိုကတော့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းမှ စိတ်မပူပါဘူး။ သူတို့က ကိုယ့်အလီဘိုင်အကြောင်းကို မေးတယ်။ ကိုယ့်ကို သက်သေခံပေးမယ့်လူလည်း အဆင်သင့် ရှိတာ ဆိုတော့ အဲဒီရဲတွေက ကို့ကို မကြာခင်မှာပဲ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး”

“အဲဒါဆို အကောင်းဆုံးပေါ့”

“ကိုက မင်းကို ပိုပြီး စိတ်ပူနေတာ” ကူဒိုက ပြောသည်။ “သူတို့က ကို့ကို ကြံရာပါ မဟုတ်ကြောင်း စစ်ဆေးဖို့ သိပ်ကြာလိုက်မယ် မထင်ဘူး။ ဒါပေမယ့် သူတို့က မင်းကို အခုချိန်ထိ ကျားပိန်တွယ် တွယ်နေကြတော့ မင်းကို တရားခံပါလို့ အသေသတ်မှတ်ထားပုံ ရတယ်။ သူတို့က မင်းကို ရှေ့လျှောက် အခုလိုဆက်ပြီး ဒုက္ခပေးနေဦးမယ်ဆိုတာ တွေးလိုက်မိတိုင်း ကို့စိတ်ထဲ နေလို့ထိုင်လို့ လုံးဝ မကောင်းဘူး”

“မတတ်နိုင်ဘူးလေ။ တိုဂါရှိ မသေခင်က ကျွန်မကို ရှာနေခဲ့တာကိုး”

“အဲဒီအကောင်က တကယ် ဂြိုဟ်ဆိုးပဲ။ လူ သေသွားတာတောင် ဒုက္ခက ဆက်ပေးနေသေးတုန်း” ကူဒိုသည် စိတ်မကောင်းသည့် ဟန်ဖြင့် ယာစုကိုကို စိုက်ကြည့်နေသည်။ “မင်းနဲ့ အဲဒီလူသတ်မှုက ဘယ်လိုမှ မပတ်သက်ဘူး မဟုတ်လား။ အခုလို မေးရတာက မင်းကို မယုံကြည်လို့ မဟုတ်ပါဘူး။ မင်းနဲ့ တိုဂါရှိအကြားမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ကို့ကို ပွင့်ပွင့်လင်းလင်း ပြောပြစေချင်ရုံ သက်သက်ပါ”

ယာစုကိုသည် ကူဒို၏ ယောက်ျားပီသသော မျက်နှာသွင်ပြင်ကို စိုက်ကြည့်နေမိသည်။ ဤသည်မှာ သူမကို ရုတ်တရက် ခေါ်တွေ့ရခြင်း၏ အဓိက ရည်ရွယ်ချက်လော။ သူမကို သူ သံသယ ဝင်လာနေပြီလော။ အပြည့်အဝ ယုံကြည်မထားသည်တော့ သေချာနေသည်။

ယာစုကိုက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။ “စိတ်ချပါ။ ကျွန်မနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး”

“ကို ယုံပါတယ်။ ဒါပေမယ့် မင်း ပါးစပ်က ကိုယ်တိုင် ထုတ်မပြောမချင်း ကို စိတ်မချနိုင်လို့ပါ” ကူဒိုက ခေါင်းဆတ်ပြပြီး နာရီကို ငုံ့ကြည့်လိုက်သည်။ “အခု ဒီရောက်နေမယ့်အတူတူ ညစာအတူ သွားစားရအောင်လား။ စားကောင်းတဲ့ အကင်ဆိုင်တစ်ဆိုင် တွေ့ထားတာ ရှိတယ်”

“ဆောရီးပဲရှင်။ ဒီည မီစာတိုကို ဘာမှ မပြောခဲ့ရဘူး”

“ဪ … ဒါဆိုလည်း အတင်း မခေါ်တော့ပါဘူး” ကူဒိုသည် ပြေစာကို ကောက်ကိုင်ပြီး မတ်တတ်ရပ်လိုက်သည်။ “သွားကြစို့”

ပိုက်ဆံရှင်းနေသော အချိန်တွင်လည်း ယာစုကိုသည် ဆိုင်လေးဘက်လေးတန်ကို ဝေ့ကြည့်လိုက်မိပြန်သည်။ သံသယရှိဖွယ် လူတစ်ဦးတစ်ယောက်မျှ မတွေ့။

ကူဒိုအပေါ်တွင် မတရားသကဲ့သို့ ဖြစ်နေသော်လည်း သူ့အပေါ်တွင် ရှိနေသော သံသယများကို ရဲဘက်မှ မဖယ်ရှားနိုင်သေးသရွေ့ ယာစုကိုအတွက် အန္တရာယ် ကင်းနေဦးမည်သာ။ ရဲဘက်မှ သူ့ကို သံသယ ဝင်လေလေ၊ အမှန်တရားနှင့် အလှမ်းဝေးလေလေ ဖြစ်နေတော့မည်။

ကူဒိုနှင့် သူမ၏ ဆက်ဆံရေးကို မိတ်ဆွေအဆင့်မှ ချစ်သူအဆင့်သို့ ဤမျှမြန်မြန် တိုးမြှင့်သွားရန် သင့်လျော်ပါ၏လော။ ယာစုကိုက ဤကိစ္စနှင့် ပတ်သက်၍ ချီတုံချတုံ ဖြစ်နေဆဲ။ အမှန်အတိုင်း ဝန်ခံရလျှင် သူမအနေဖြင့် ထိုသူနှင့် ပိုမို၍ နီးစပ်လိုသည်။ သို့သော် သူမ မျှော်လင့်ထားသည့်အတိုင်း အကောင်အထည် ပေါ်လာပြီဆိုလျှင် ပို၍ ကြီးမားသော အန္တရာယ်တစ်ခုကို လက်ယပ်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားဦးမည်ကို သူမ စိုးရိမ်မိသည်။ ခံစားချက် ကင်းမဲ့လှသော အိရှိဂါမိ၏ မျက်နှာပြင်ကို သူမ မြင်ယောင်လာသည်။

“ကို မင်းကို လိုက်ပို့မယ်လေ” ကူဒိုက ပိုက်ဆံရှင်းပြီးနောက် ပြောသည်။

“ရပါတယ်။ ကျွန်မ ဓာတ်ရထားစီးပြီးတော့ ပြန်လိုက်မယ်”

“ကိစ္စ မရှိပါဘူး။ ကို လိုက်ပို့ပေးမယ်”

“ဟင့်အင်း၊ တကယ် မလိုအပ်ပါဘူး။ လမ်းကြုံတုန်း ကျွန်မ ပစ္စည်းနည်းနည်း ဝင်ဝယ်လိုက်ချင်သေးလို့”

“အင်း …..” စိတ်ထဲမှ အလိုမကျ ဖြစ်နေသော်လည်း ကူဒိုသည် သူမကို ပြုံးပြလိုက်သည်။ “ဒါဆို နောက်မှ ထပ်တွေ့ကြတာပေါ့။ ကို မင်းဆီ ဖုန်းခေါ်လာခဲ့မယ်”

“လက်ဖက်ရည်အတွက် ကျေးဇူးပါရှင်” ပြောပြီး ဆိုင်ထဲမှ ယာစုကို လှည့်ထွက်လာခဲ့သည်။

ရှိနာဂါဝါဘူတာဘက်သို့ သွားသော မျဉ်းကျားကို ကူးပြီးသောအခါ သူမ၏ လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။ သူမသည် လမ်းလျှောက်ရင်း ဖုန်းကို ဆွဲထုတ်၍ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်။ စာယိုကို၏ ဖုန်းနံပါတ်။

“ဟယ်လို”

“ယာစုကိုလား၊ ငါ စာယိုကိုပါ။ အခု ဖုန်းပြောလို့ အဆင်ပြေတယ်မလား” သူမ၏ အသံထဲတွင် စိုးရိမ်စိတ်တို့ ရောစွက်နေသည်။

“ပြေပါတယ်။ ပြောလေ”

“စောစောက နင် ဆိုင်ကနေ ထွက်သွားပြီးတော့ ရဲတွေ ရောက်လာပြန်တယ်။ ငါ့ကို အတော် ထူးဆန်းတဲ့ မေးခွန်းမေးသွားတယ်။ အဲဒါ နင် သိသင့်တယ် ထင်လို့ ဖုန်းဆက်လိုက်တာ”

ယာစုကိုသည် ဖုန်းကို ကိုင်ထားရင်း မျက်စိကို စုံမှိတ်လိုက်သည်။ လာပြန်ပြီ ဒီရဲ။ ထိုသူတို့သည် သူမကို မလှုပ်နိုင် မရှားနိုင်အောင် ပင့်ကူအိမ်ကဲ့သို့ လေးဘက်လေးတန်မှ ရစ်ပတ်တုပ်နှောင်နေကြသည်။

“ထူးဆန်းတဲ့မေးခွန်း … သူတို့က ဘာမေးလို့လဲ” သူမက စိတ်မသက်မသာဖြင့် မေးလိုက်သည်။

“ရဲတွေက ဟိုကျောင်းဆရာအကြောင်း မေးနေတာ။ သူ့နာမည်က အိရှိဂါမိ မဟုတ်လား”

ထိုစကားကြောင့် ယာစုကို၏ လက်ထဲမှ ဖုန်းကို လွတ်ကျသွားတော့မယောင် ဖြစ်သွားလေသည်။

“သူက ဘာဖြစ်လို့လဲ” သူမ၏ အသံမှာ တုန်ယင်နေသည်။

“နင့်ကို တွေ့ချင်လို့ တမင်သက်သက် ဈေးလာဝယ်တဲ့ ဈေးဝယ်ရှိတယ်လို့ ရဲတွေက သတင်းကြားထားတယ်တဲ့။ အဲဒါ ဘယ်သူလဲလို့ သူတို့က လာစုံစမ်းနေတာ။ သူတို့က မစ္စတာကူဒိုဆီကနေ ကြားလာခဲ့တာ ထင်တယ်”

“မစ္စတာကူဒို …”

အဘယ်ကြောင့် သူက ပါလာရပြန်သနည်း။ ယာစုကို နားမလည်နိုင်အောင် ဖြစ်နေသည်။

“ငါ သေချာပြန်စဉ်းစားကြည့်တော့ အရင်က မစ္စတာကူဒိုကို ငါ ပြောခဲ့ဖူးတာ ရှိတယ်။ နင့်ကို တွေ့ချင်လို့ မနက်တိုင်း ဟင်းလာဝယ်နေတဲ့ ဈေးဝယ်ရှိတယ်လို့။ အဲဒီစကားကို ရဲတွေဆီ သူ ပြောပြလိုက်တာ ဖြစ်မယ်”

ယခုမှ လိပ်ပတ်လည်လာသည်။ ရဲများသည် ကူဒိုကို မေးမြန်းပြီးနောက် သူ့စကား မှန်မမှန်ကို အတည်ပြုနိုင်ရန် ဘန်တန်တိုင်သို့ သွားခဲ့ခြင်း ဖြစ်မည်။

“အဲ့တော့ နင် ဘယ်လို ဖြေလိုက်လဲ”

“ငါက ငြင်းနေလည်း အပိုပါပဲဆိုပြီး အမှန်အတိုင်း ပြောပြလိုက်တယ်လေ။ အဲဒါ နင့်ဘေးအိမ်က ကျောင်းဆရာပဲလို့။ ဒါပေမယ့် ငါ ဖြည့်ပြောလိုက်ပါသေးတယ်။ အဲဒီဆရာက နင့်ကို တွေ့ဖို့အတွက် တကူးတက လာတယ် ဆိုတာက ငါတို့ လင်မယားရဲ့ စိတ်အထင် သက်သက်ပါလို့”

ယာစုကို၏ နှုတ်ခမ်းများ သွေ့ခြောက်လာသည်။ ရဲများ၏ မြားဦးသည် အိရှိဂါမိထံသို့ ဦးတည်လာချေပြီ။ ကူဒို၏ စကားတစ်ခွန်းတည်းကြောင့်ပေလော။ သို့တည်းမဟုတ် တခြား အကြောင်းအရင်း ရှိသေး၏လော။

“ဟယ်လို … ယာစုကို …” စာယိုကိုက အော်ခေါ်နေသည်။

“အင်း၊ ရှိတယ်”

“ငါ အဲဒီလို ဖြေလိုက်လို့ ဘာပြဿနာမှ မရှိဘူး မဟုတ်လား”

‘ပြဿနာက အကြီးကြီးပဲ’ ထိုစကားကို သူမ သေတောင် ပြော၍ မဖြစ်။

“ကိစ္စ မရှိပါဘူး။ ငါနဲ့ သူကလည်း ဘာမှမှ မပတ်သက်တာ”

“ဟုတ်တာပဲ။ ငါ နင့်ကို ပြောပြချင်တာ အဲဒါပါပဲ”

“အင်း၊ ကျေးဇူးပဲ”

ယာစုကို ဖုန်းချလိုက်သည်။ ဗိုက်ထဲတွင် အော်ဂလီဆန်လာပြီး အန်ချင်သလိုလို ဖြစ်လာသည်။

တိုက်ခန်းသို့ ပြန်ရောက်သည်အထိ ယာစုကိုမှာ တစ်လျှောက်လုံး အီလည်လည် ဖြစ်နေသည်။ လမ်းတစ်ဝက်တွင် စူပါမားကတ်သို့ ဝင်၍ သူမ ဈေးဝယ်ခဲ့သေးသည်။ သို့သော် မည်သည့် ပစ္စည်းများကို ဝယ်ယူခဲ့သနည်း ဆိုသည်ကိုမူ သူမ မမှတ်မိတော့ပေ။

****

 

အိရှိဂါမိသည် ကွန်ပျူတာအရှေ့တွင် ထိုင်နေစဉ် တစ်ဘက်ခန်းမှ တံခါးဖွင့်ပိတ်သံကို ကြားလိုက်ရသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ဓာတ်ပုံသုံးပုံကို တွေ့မြင်နိုင်သည်။ နှစ်ပုံမှာ ကူဒို၏ပုံ ဖြစ်ပြီး ကျန်တစ်ပုံမှာ စားသောက်ဆိုင်ထဲသို့ ဝင်သွားသော ယာစုကို၏ ပုံဖြစ်သည်။ သူတို့နှစ်ယောက် အတူထိုင်နေသော ပုံကို ရိုက်ယူထားချင်သော်လည်း ကူဒို တွေ့သွားမည်ကို စိုးရိမ်သောကြောင့် မရိုက်ဖြစ်ခဲ့။ ယာစုကို တွေ့သွားလျှင်လည်း ပြဿနာ ရှုပ်ထွေးလာနိုင်သည်။

အိရှိဂါမိက အဆိုးဆုံး အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားသည်။ ထိုအချိန်ရောက်လျှင် ဤဓာတ်ပုံများက အသုံးတည့်လာနိုင်သည်။ သို့သော် ဤဓာတ်ပုံများကို အသုံးချရမည့် အခြေအနေသို့ ဆိုက်ရောက်မသွားစေရန် တတ်အားသမျှ သူ ကာကွယ်သွားရမည်သာ။

သူသည် စားပွဲပေါ်ရှိ နာရီကို ဝေ့ကြည့်ပြီး မတ်တတ်ရပ်လိုက်သည်။ ၈ နာရီ ထိုးတော့မည်။ ယာစုကိုနှင့် ကူဒိုတို့၏ ဆုံတွေ့ချိန်မှာ ကြာလှသည် မဟုတ်။ ထိုအချက်က သူ့ကို နှစ်သိမ့်မှု ရစေသည်။

သူသည် ဖုန်းကတ်ကို အိတ်ထဲသို့ ထည့်၍ အခန်းအပြင်သို့ ထွက်လာခဲ့သည်။ မိမိကို နောက်ယောင်ခံ လိုက်နေမည့်သူ ရှိမရှိ ဆိုသည်ကို အကဲခတ်၍ ယခင်ကအတိုင်း ညမှောင်မှောင်ထဲတွင် ခြေလှမ်းများကို လှမ်းနေခဲ့သည်။

အိရှိဂါမိသည် ကုစာနာဂိအကြောင်းကို စဉ်းစားနေမိသည်။ သူ၏ နှုတ်မှ ယာစုကို၏ အကြောင်းများကိုသာ မေးမြန်းနေသော်လည်း သူအမှန်တကယ် စုံစမ်းချင်နေသည်မှာ ယုကာဝါ၏ အကြောင်းသာ ဖြစ်ကြောင်း အိရှိဂါမိက ရိပ်စားမိနေသည်။ ထိုသူနှစ်ဦးသည် မည်သို့ ပြောခဲ့ဆိုခဲ့ကြသနည်း။ မိမိအား သံသယ ဝင်နေခြင်း ရှိမရှိ ဆိုသည့်အချက်ကို အိရှိဂါမိအနေဖြင့် မည်သို့မျှ ခန့်မှန်းတွက်ဆ၍ မရနိုင်အောင် ဖြစ်နေသည်။ သို့ဆိုလျှင် သူ မည်သို့ ဆက်လှမ်းရမည်ကို ဆုံးဖြတ်ရန် ခဲယဉ်းနေပေတော့မည်။

သူ သုံးနေကျ ဖုန်းရုံမှ ယာစုကိုထံသို့ ဖုန်းခေါ်လိုက်သည်။ ဖုန်းမြည်သံ သုံးကြိမ် ကြားရပြီးနောက် ဖုန်းဝင်သွားသည်။

“ကျွန်တော်ပါ” အိရှိဂါမိက ပြောသည်။ “အခုချိန် ဖုန်းပြောလို့ အဆင်ပြေတယ်မလား”

“ပြေပါတယ်”

“ဒီနေ့ ဘာအကြောင်း ထူးသေးလဲ”

သူမနှင့် ကူဒိုတို့ မည်သည့်စကားများ ပြောခဲ့ကြသနည်းဟု သူ မေးလိုက်ချင်သည်။ သို့သော် မေးခွန်းက ပါးစပ်ထဲမှ ထွက်ကျမလာခဲ့။ သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြောင်းကို သိနေခြင်းမှာလည်း သူ့အတွက် သဘာဝ မကျလှပေ။

“ဟိုလေ …..” ယာစုကို၏ အသံက တိမ်ဝင်ပျောက်ကွယ်သွားသည်။

“ဘာကိစ္စလဲ။ ဘာပြဿနာ ရှိလို့လဲ” ကူဒိုထံမှ သူမ ဘာတွေ ကြားခဲ့ရသနည်း။ အိရှိဂါမိက တွေးနေသည်။

“ဆိုင်မှာ …. ရဲတွေ ဒီနေ့ ဘန်တန်တိုင်ကို ရောက်လာသေးတယ်။ ပြီးတော့ … ရှင့်အကြောင်းကို စုံစမ်းနေတာ”

“ကျွန်တော့်အကြောင်း … ဘယ်လို စုံစမ်းတာလဲ” အိရှိဂါမိက တံတွေးကို မျိုချလိုက်သည်။

“ကျွန်မ ဘယ်လို ရှင်းပြရမယ်မှန်းတောင် မသိတော့ဘူး။ … ပွင့်ပွင့်လင်းလင်း ပြောရရင် ဆိုင်က လူတွေက ဟိုးအရင်ကတည်းက ရှင့်အကြောင်းကို ပြောနေကြတာ … ရှင် ကြားရင် သဘောကျမယ် မထင်ဘူး”

ပြောသင့်သော စကားကို ထုတ်မပြောဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေသောကြောင့် အိရှိဂါမိမှာ စိတ်မရှည်နိုင်အောင် ဖြစ်လာတော့သည်။ ယာစုကိုသည် သင်္ချာညံ့သူတစ်ယောက် ဖြစ်ရမည်ဟု သူ အတပ် ပြောနိုင်သည်။

“ကျွန်တော် စိတ်မဆိုးပါဘူး။ ခင်ဗျား ပြောစရာရှိတာကို ဘွင်းဘွင်းသာ ပြောပါ။ ဆိုင်ကလူတွေက ကျွန်တော့်အကြောင်း ဘာ ပြောကြတာလဲ” သူ၏ အကျည်းတန်မှုကို လှောင်ပြောင်နေခြင်းသာ ဖြစ်ရမည်ဟု အိရှိဂါမိက တွေးနေသည်။

“အဲဒီလို မဖြစ်နိုင်ဘူးလို့ ကျွန်မက ငြင်းခဲ့တာပဲ။ ဒါပေမယ့် ဆိုင်ကလူတွေက … သူတို့က ပြောတယ်။ ရှင်က ကျွန်မကြောင့် ဆိုင်မှာ ဟင်းလာဝယ်တာတဲ့ …”

“ဘာ” အိရှိဂါမိသည် လောကကြီးနှင့် တဒင်္ဂမျှ အဆက်အသွယ် ပြတ်သွားသည်။

“ဆောရီးပါရှင်။ သူတို့က နောက်နေကြတာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ အဲဒီကိစ္စကိုလည်း သူတို့ အတည်ယူလိမ့်မယ်လို့ ကျွန်မ မထင်ဘူး” ယာစုကိုက ကြိုးစား၍ ဖြေရှင်းနေသည်။ သို့သော် အိရှိဂါမိ၏ နားထဲသို့ ထိုစကားများက မဝင်တစ်ချက် ဝင်တစ်ချက်။

ယာစုကိုမှတစ်ပါး တခြားလူများက သူ့ကို ဤသို့ မြင်နေကြသည်ကော။

သူတို့ နားလည်မှု လွဲမှားနေကြခြင်း မဟုတ်။ သူသည် ယာစုကိုကို တွေ့လိုသောကြောင့်သာလျှင် နေ့တိုင်း နံနက်တိုင်း ဆိုင်သို့သွားပြီး ဟင်းဝယ်နေခြင်း ဖြစ်သည်။ ထိုသို့ ‘လျှောက်ပြန်သံပေး’ ပြုလုပ်နေရသည့် ရည်ရွယ်ချက်ကို ကာယကံရှင်ဖြစ်သူ သူမက သတိထားမိပါစေဟု သူ မသိစိတ်ထဲမှ မျှော်လင့်နေမိသည်။ သို့သော် သူမ၏ ပတ်ဝန်းကျင်မှ လူများကပါ သူ့ကို ထိုသို့ မြင်နေကြသည်ဟု သိရသောအချိန်၌ သူ့တစ်ကိုယ်လုံး ထူပူသွားလေသည်။ သူကဲ့သို့ ရုပ်ရည်ချူချာသော လူတစ်ယောက်က ထိုသို့သော မိန်းမချောတစ်ယောက်ကို ချစ်ကြိုက်နေသည်ဟု သိသွားသောအခါတွင် အဘယ်သူက မပြောင်မလှောင်ဘဲ နေနိုင်ပါအံ့နည်း။

“ရှင် စိတ်ဆိုးသွားတာလား” ယာစုကိုက မေးသည်။

အိရှိဂါမိက ချောင်းဟန့်၍ ခံတွင်းကို ရှင်းလိုက်သည်။ “မဆိုးပါဘူး။ … ဒီတော့ ရဲတွေက ဘာမေးတာလဲ”

“ရဲတွေကလည်း အဲဒီသတင်းကို ကြားပြီး ဆိုင်ကို ရောက်လာတယ်။ အဲဒီဈေးဝယ်က ဘယ်သူလဲလို့ လာမေးတယ်။ သူတို့က ရှင်ပါလို့ ပြောလိုက်ကြတယ်”

“ဪ” အိရှိဂါမိ၏ ကိုယ်တွင် ရှိန်းတိန်းဖိန်းတိန်းနှင့် ပူစပ်ပူလောင် ဖြစ်နေဆဲ။ “ရဲတွေက အဲဒီသတင်းကို ဘယ်က ရတာတဲ့လဲ”

“အဲဒါ … ကျွန်မလည်း ကောင်းကောင်း မသိဘူး”

“သူတို့က ဒီတစ်ခုပဲ မေးတာလား”

“ဟုတ်မယ်”

အိရှိဂါမိက ဖုန်းလက်ကိုင်ကို လက်ဖြင့် ဆုပ်ကိုင်ထားရင်း ခေါင်းညိတ်လိုက်သည်။ သူ့တွင် တွေဝေနေဖို့ အချိန် မရှိ။ မည်သို့သော အကြောင်းကြောင့် ထိုသို့ ဖြစ်ပျက်လာရသနည်း ဆိုသည်ကို ကောင်းစွာ သိရှိထားခြင်း မရှိသော်လည်း ရဲအဖွဲ့၏ မြားဦးသည် သူ့ထံသို့ တဖြည်းဖြည်းချင်း ဦးလှည့်လာနေသည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သော အမှန်တရား ဖြစ်သည်။

“သမီးရော ဘေးနားမှာ ရှိလား” သူက မေးသည်။

“မီစာတိုလား။ ရှိတယ်”

“သူနဲ့ ပြောလို့ရမလား”

“အင်း”

အိရှိဂါမိသည် သူ့မျက်လုံးများကို စုံမှိတ်လိုက်သည်။ ကုစာနာဂိတို့သည် မည်သို့ ကြံစည်နေကြမည်နည်း။ မည်သည့်ပုံစံဖြင့် လှုပ်ရှားကြမည်နည်း။ နောက်တစ်လှမ်းအနေဖြင့် သူတို့ ဘာလုပ်လာနိုင်သနည်း။ သူ၏ အာရုံများကို စုစည်းလိုက်ပြီး ထိုမေးခွန်းကို စဉ်းစားဆင်ခြင်ကြည့်နေသည်။ သူ၏ အတွေးပင်လယ်ထဲတွင် ယုကာဝါ၏ မျက်နှာက ရုတ်တရက် ဘွားခနဲ ထွက်ပေါ်လာသည်။ ထိုရူပဗေဒ ပညာရှင်ကြီးသည် မည်သည့် အခန်းကဏ္ဍတွင် မည်သို့ ပါဝင်ပတ်သက်နေသနည်း။

“ဟယ်လို” မိန်းမငယ်တစ်ဦး၏ အသံက နားထဲသို့ တိုးဝင်လာသည်။

“ဦးပါ” သူက ဆက်ပြောသည်။ “၁၂ ရက်နေ့က သမီးနဲ့ ရုပ်ရှင်အကြောင်း ပြောဖြစ်တဲ့ သူငယ်ချင်းနာမည်က မီကာ မဟုတ်လား”

“ဟုတ်။ အဲဒီအကြောင်း သမီး ရဲတွေကို ပြောပြပြီးပြီ”

“အင်း။ ဦး မှတ်မိတယ်။ နောက် သူငယ်ချင်းတစ်ယောက် ရှိသေးတယ်လေ။ သူ့နာမည်ကရော ….. ဟာရုကာ ထင်တယ်”

“ဟုတ်တယ်။ တာမာအိုကာ ဟာရုကာ”

“သမီး သူ့ကိုလည်း ရုပ်ရှင်ကြည့်တဲ့အကြောင်း ပြောပြဖူးတယ် မဟုတ်လား။ အဲဒီအကြိမ်အပြင် နောက်ပိုင်းရော သူနဲ့ ပြောဖြစ်သေးလား”

“ဟင့်အင်း။ သူနဲ့ တစ်ခါပဲ ပြောဖူးတယ်။ ပြောလည်း နည်းနည်းပဲ”

“သူ့အကြောင်း ရဲတွေကို မပြောရသေးဘူးမလား”

“ဟင့်အင်း။ မီကာအကြောင်းကိုပဲ ပြောဖူးတယ်။ သူ့အကြောင်း မပြောနဲ့ဦးလို့ ဦးက သမီးကို မှာထားဖူးတယ်လေ”

“ဟုတ်တယ်၊ ဟုတ်တယ်။ ဒါပေမယ့် သမီး အခု ပြောလို့ရပြီ”

အိရှိဂါမိသည် ပတ်ဝန်းကျင်ကို အကဲခတ်နေရင်း ဆက်လုပ်ရမည့် အလုပ်များကို မီစာတိုအား အသေးစိတ် ညွှန်ကြားနေလေသည်။

****

 

တင်းနစ်ကွင်းအနီးရှိ မြေကွက်လပ်ထဲမှ မီးခိုးများ အူထနေသည်။ ထိုအနားသို့ ကုစာနာဂိ ရောက်သွားသောအခါ ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ဆင်ထားသော ယုကာဝါသည် အင်္ကျီလက်ရှည်ကို လက်မောင်းအထက်သို့ ရောက်အောင် ခေါက်တင်ထားလျက် သံပုံးအလွတ် တစ်လုံးထဲသို့ တုတ်တစ်ချောင်းဖြင့် ထိုးနေသည်ကို တွေ့ရသည်။ မီးခိုးများမှာ ထိုနေရာမှ အူထွက်နေခြင်း ဖြစ်သည်။

ခြေသံကြားရသောကြောင့် ယုကာဝါက အနောက်ဘက်သို့ လှည့်ကြည့်သည်။

“မင်းက ငါ့အနောက်ကို တကောက်ကောက် လိုက်နေတော့တာပဲနော်”

“ရဲတွေရဲ့ အလုပ်က သံသယဖြစ်စရာလူကို တွေ့ရင် မျက်ခြည်မပြတ် လိုက်ကြည့်နေရတာပဲ”

“ငါ့ကို သံသယ ဖြစ်နေတယ် ဆိုပါတော့” ယုကာဝါက မျက်လုံးကို မှေးစင်းလျက် မေးသည်။ “ကိုယ့်ရဲ့အမြင်ကို သတ္တိရှိရှိ ထုတ်ပြောရဲတာ ဒီတစ်ခါပဲ ကြားဖူးသေးတယ်။ မင်း အဲဒီအရည်အချင်းကို ဆက်ထိန်းထားနိုင်ရင် ရှေ့လျှောက် မင်းအတွက် တက်လမ်းချည်းပဲကွ”

“မင်းကို ဘာကြောင့် သံသယ ဝင်နေတာလဲလို့ ငါ့ကို မမေးတော့ဘူးလား”

“မလိုပါဘူးကွာ။ ဘယ်ခေတ်ကာလပဲ ရောက်ရောက်၊ သိပ္ပံပညာရှင်တွေကို လူတွေက သံသယမျက်လုံးတွေနဲ့ပဲ ကြည့်နေတတ်ကြတာ မဟုတ်လား” ပြောပြီး ယုကာဝါသည် သံပုံးထဲသို့ တစ်စုံတစ်ခု ထိုးထည့်လိုက်သည်။

“မင်း ဘာတွေ ရှို့နေတာလဲ”

“ဘာမှ မဟုတ်ပါဘူး။ အသုံးမလိုတော့တဲ့ စာရွက်စာတမ်းတွေပါ။ စက္ကူဖျက်စက်ကို ငါ မယုံဘူး” ယုကာဝါသည် အနီးရှိ ရေပုံးကို ယူ၍ သံပုံးထဲသို့ လောင်းချလိုက်သည်။ ဗွမ်းဟူသော အသံနှင့်အတူ အဖြူရောင် မီးခိုးများ လွင့်ပျံတက်လာသည်။

“ငါ မင်းကို မေးစရာ ရှိတယ်။ ရဲတစ်ယောက်အနေနဲ့ မေးမှာ”

“မင်းက ဒီနေ့ တကယ့်ကို မုအပြည့်နဲ့ပါလား” သံပုံးထဲတွင် မီးငြိမ်းသွားခြင်း ရှိမရှိ ဆိုသည်ကို စစ်ဆေးပြီးနောက် ယုကာဝါသည် ရေပုံးကိုင်ကာ ထွက်ခွာသွားသည်။

ကုစာနာဂိက သူ့အနောက်မှ လိုက်သွားသည်။ “ငါ မနေ့က ဘန်တန်တိုင်ကို ရောက်ခဲ့သေးတယ်။ အဲဒီကနေ စိတ်ဝင်စားစရာ သတင်းတစ်ခု ကြားခဲ့တယ်။ မင်း မကြားချင်ဘူးလား”

“မကြားချင်ဘူး”

“မင်း မကြားချင်လည်း ငါ ပြောရမှာပဲ။ မင်းရဲ့ သူငယ်ချင်း အိရှိဂါမိက ဟာနာအိုကာ ယာစုကိုကို ခရက်ရှ်နေတယ်”

ယုကာဝါက လျှောက်လှမ်းနေသော ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ၏ လည်ပြန်အကြည့်မှာ ဝင်းလက်တောက်ပနေသည်။

“ဆိုင်ကလူတွေက ပြောတာလား”

“ဟုတ်တယ်။ မနေ့က မင်းနဲ့ စကားပြောရင်း ငါ့ခေါင်းထဲ အတွေးတစ်ချက် ဝင်လာတာနဲ့ ဘန်တန်တိုင်ကို သွားလိုက်တယ်။ သီအိုရီတွေ၊ လောဂျစ်တွေက အရေးပါကောင်း ပါလိမ့်မယ်။ ဒါပေမယ့် ငါတို့အတွက်ကတော့ ဗီဇသိက အကောင်းဆုံး လက်နက်တစ်ခုပဲ”

“အဲဒီတော့ …” ယုကာဝါက ကုစာနာဂိဘက်သို့ လှည့်လာသည်။ “သူက ဟာနာအိုကာ ယာစုကိုကို ကျိတ်ကြိုက်နေတယ်ပဲ ထားပါဦး။ အဲဒီအချက်က မင်းတို့ရဲ့ ထောက်လှမ်းမှုကို ဘယ်လိုများ အထောက်အပံ့ ဖြစ်နေလို့လဲ”

“ဒီအခြေအနေ ရောက်မှတော့ မင်းလည်း ရူးချင်ယောင် ဆောင်မနေစမ်းပါနဲ့တော့။ မင်း ဘယ်လိုပုံစံမျိုးနဲ့ အဲဒီကိစ္စကို သတိထားမိသွားသလဲ ဆိုတာ ငါ မသိပေမယ့် မင်းကိုယ်တိုင်က အိရှိဂါမိကို ဟာနာအိုကာ ယာစုကိုရဲ့ ကြံရာပါလို့ သံသယဝင်နေတယ် မဟုတ်လား။ ဒါကြောင့်မို့လည်း ငါ မသိအောင် ခိုးကြောင်ခိုးဝှက်နဲ့ တစ်ယောက်တည်း ကျိတ်လုပ်နေတာလေ”

“ငါ ဘယ်တုန်းကများ ခိုးကြောင်ခိုးဝှက် လုပ်နေမိလို့လဲ”

“ဘာပဲဖြစ်ဖြစ် ငါ အိရှိဂါမိကို သံသယရှိတယ်။ ဒီနေ့ကစပြီး သူ့ကို မျက်စိဒေါက်ထောက်ပြီး စောင့်ကြည့်နေတော့မယ်။ အဲဒီအတွက် ငါ မင်းဆီကို လာရတာပဲ။ မနေ့က မင်းနဲ့ငါ ကိုယ့်လမ်းကိုယ် လျှောက်ကြမယ်လို့ ပြတ်ပြတ်သားသား လမ်းခွဲဖို့ စစ်ကြေညာခဲ့ကြပေမယ့် ဖြစ်နိုင်ရင် ငါတို့ အပေးအယူလုပ်ပြီး စစ်ပြေငြိမ်းကြရအောင်လား။ မင်းကို ငါ့ဆီက သတင်းတွေ အရင်လို ပြန်ပေးမယ်။ မင်းကလည်း မင်း သိထားတဲ့ သဲလွန်စ အထောက်အထားတွေ ငါ့ကို ပေးပါလား။ ဘယ်လိုလဲ”

“မင်းက ငါ့ကို အထင်ကြီးလွန်းနေတာကိုးကွ။ ငါ့မှာ ဘာအထောက်အထားမှ မရှိဘူး။ အကုန်လုံး စိတ်ကူးယဉ်သက်သက်ချည်းပဲ”

“ဒါဆိုလည်း မင်း စိတ်ကူးထဲမှာ မြင်နေတဲ့အတိုင်း ပြောပြပေါ့” ကုစာနာဂိက သူ့သူငယ်ချင်း၏ မျက်လုံးများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

ယုကာဝါက ခေါင်းကို ပြန်လှည့်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။ “ငါ့ဓာတ်ခွဲခန်းကို အရင် သွားရအောင်”

ဓာတ်ခွဲခန်း အမှတ် ၁၃ သို့ ရောက်သောအခါ ကုစာနာဂိသည် ထူးထွေဆန်းပြားသော အမှတ်ကြီး ရှိသည့် စားပွဲအရှေ့တွင် ထိုင်လိုက်သည်။ ယုကာဝါက မတ်ခွက်နှစ်ခွက်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ ထုံးစံအတိုင်း မတ်ခွက်များပေါ်တွင် ချေးညှော်များ ကပ်လျက်။

“တကယ်လို့ အိရှိဂါမိက ကြံရာပါဆိုရင် သူက ဘယ်လိုနေရာကနေ ဝင်ပါခဲ့သလဲ” ယုကာဝါက မေးခွန်းဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“မင်း အရင်ပြော”

“အပေးအယူလုပ်ဖို့ မင်းက တောင်းဆိုတာလေ” ယုကာဝါသည် ထိုင်ခုံတွင် ဝင်ထိုင်ပြီး ကော်ဖီအပူကို မှုတ်နေသည်။

“ကောင်းပြီလေ။ အခုဟာက တွေးဆရုံ အဆင့်ပဲ ရှိသေးတာဆိုတော့ အိရှိဂါမိကို သံသယ ဖြစ်နေတဲ့အကြောင်း ငါ့ဆရာကိုတောင် မပြောပြရသေးဘူး။ တကယ်လို့သာ လူသတ်မှု ဖြစ်တဲ့နေရာဟာ တခြားတစ်နေရာ ဖြစ်ခဲ့မယ်ဆိုရင် အလောင်းကို နေရာရွှေ့တဲ့သူဟာ အိရှိဂါမိပဲ”

“အလောင်းသယ်ရွှေ့တဲ့အဆိုကို မင်းက သဘောမတူဘူးဆို”

“ငါ ပြောခဲ့ဖူးသားပဲ။ တကယ်လို့သာ ကြံရာပါ ရှိမယ်ဆိုရင် တစ်နည်း စဉ်းစားရမယ်လို့။ ဒါပေမယ့် အဓိကတရားခံ – လက်တွေ့သတ်ဖြတ်တဲ့သူဟာ ဟာနာအိုကာ ယာစုကိုပဲ။ အိရှိဂါမိလည်း လူသတ်တဲ့ကိစ္စမှာ ဝင်မကူခဲ့ဘူးလို့ မပြောနိုင်ဘူး။ ယာစုကိုကတော့ အခင်းဖြစ်တဲ့အချိန် အနားမှာ ရှိကို ရှိရမယ်။ လူသတ်မှုမှာ မပါဘဲ မနေဘူး”

“မင်းဟာက အတိအကျကြီးပါလား”

“တကယ်လို့သာ လူသတ်တာနဲ့ အလောင်းပစ်တာကို အိရှိဂါမိ တစ်ယောက်တည်းက လုပ်မယ်ဆိုရင် သူက ကြံရာပါ မဟုတ်တော့ဘူး။ အဓိကတရားခံ၊ ဒီအမှုအတွက် တစ်ဦးတည်းသော တရားခံ ဖြစ်သွားမှာပေါ့။ လူတစ်ယောက်ကို ဘယ်လောက်ပဲ အရူးအမူး ချစ်ချစ်၊ အဲဒီလောက် အဆင့်ထိတော့ မိုက်မိုက်ကန်းကန်း လုပ်လိမ့်မယ် မထင်ဘူး။ အဲဒီလို အခြေအနေမျိုးမှာ ယာစုကိုက သစ္စာဖောက်လိုက်ရင် သူ့ဘဝလည်း သွားပြီပဲ။ ဒါကြောင့် ဒီအလောင်းအစားမှာ လောင်းကြေးထပ်တဲ့သူဟာ အိရှိဂါမိ တစ်ယောက်တည်း ဖြစ်နေလို့ မရဘူး။ ယာစုကိုလည်း ပါနေမှ သူ့အတွက် အန္တရာယ် ပိုကင်းမယ်”

“အိရှိဂါမိ တစ်ယောက်တည်းက လူသတ်ပြီး အလောင်းပစ်တဲ့ အပိုင်းကိုကျတော့ နှစ်ယောက်တွဲပြီး လုပ်တာရော မဖြစ်နိုင်ဘူးလား”

“လုံးဝ မဖြစ်နိုင်ဘူးလို့တော့ ငါ မပြောရဲဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေ အတော် နည်းတယ်။ ဟာနာအိုကာ ယာစုကိုတို့ တင်ပြထားတဲ့ ရုပ်ရှင်ရုံအလီဘိုင်က အတော်လေး ခိုင်မာတယ်။ အဲဒီနောက်ပိုင်း အလီဘိုင်ကတော့ သံသယဝင်စရာကို မရှိတာ။ ကြည့်ရတာ အချိန်သတ်မှတ်ပြီးမှ လှုပ်ရှားကြပုံပဲ။ ဒီအတိုင်းသာဆိုရင် အချိန် ဘယ်လောက် ကြာမယ်မှန်း တွက်ဆလို့ မရတဲ့ အလောင်းပစ်တဲ့ကိစ္စမှာ သူ ဝင်ပါနေစရာ မလိုတော့ဘူး”

“ဟာနာအိုကာ ယာစုကိုရဲ့ အလီဘိုင်မှာ လတ်တလော အတည်ပြုလို့ မရသေးတာက ….”

“ရုပ်ရှင်သွားကြည့်တဲ့ ၇ နာရီနဲ့ ၉ နာရီ ၁၀ မိနစ်၊ ကြားကာလပဲ။ အဲဒီနောက်ပိုင်း သွားတဲ့ ခေါက်ဆွဲဆိုင်နဲ့ ကာရာအိုကေဆိုင်တွေကို အတည်ပြုပြီးသွားပြီ။ သူ ရုပ်ရှင်ရုံထဲကို ဝင်သွားခဲ့တယ်လို့ ပြောလို့ရတယ်။ ရုပ်ရှင်ရုံမှာ သိမ်းထားတဲ့ လက်မှတ်ဖြတ်ပိုင်း အဟောင်းတွေထဲက ဟာနာအိုကာသားအမိရဲ့ လက်ဗွေပါတဲ့ ဖြတ်ပိုင်းတွေကို ငါတို့ ရှာတွေ့ထားပြီ”

“အဲဒီလိုဆိုရင် ယာစုကိုနဲ့ အိရှိဂါမိက အဲဒီ ၂ နာရီ ၁၀ မိနစ်အချိန်ကို သုံးပြီး လူသတ်ခဲ့တယ်ပေါ့။ အဲဒီလိုလား”

“အဲဒီအချိန်ထဲမှာ အလောင်းပစ်တဲ့အချိန်လည်း ပါချင် ပါမှာပေါ့။ ဒါပေမယ့် ကြာချိန်အရ တွက်ကြည့်မယ်ဆိုရင် ယာစုကိုဟာ အိရှိဂါမိထက် စောပြီး အခင်းဖြစ်တဲ့ နေရာကနေ ထွက်ခွာသွားဖို့ များတယ်”

“ဘယ်နေရာမှာ လူသတ်ခဲ့တာလဲ”

“ငါ မသိဘူး။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ယာစုကိုက တိုရှိဂါကို ချိန်းထားခဲ့တာပဲ ဖြစ်မယ်”

ယုကာဝါသည် ဘာမျှ မပြောတော့ဘဲ ကော်ဖီကို သောက်နေသည်။ မျက်ခုံးနှစ်ခုအကြားရှိ အရေပြားမှာ တွန့်ခေါက်နေပြီး ကြားထားခဲ့သော စကားများကို အပြည့်အဝ လက်ခံနိုင်သေးဟန် မတူ။

“မင်း ဘာပြောချင်လို့လဲ”

“ဟင့်အင်း၊ မရှိဘူး”

“ပြောစရာရှိရင် ပြောလိုက်စမ်းပါ။ ငါ ထင်တဲ့မြင်တဲ့အတိုင်း ငါ ပြောပြီးသွားပြီ။ ဒီတစ်ခါ မင်းအလှည့်ပဲ”

ယုကာဝါက သက်ပြင်းချလိုက်သည်။ “သူ ကားကို သုံးခဲ့မှာ မဟုတ်ဘူး”

“ဟမ်”

“အိရှိဂါမိက ကားကို မသုံးခဲ့ဘူးလို့ ပြောတာ။ အလောင်းကို ပစ်ဖို့ ဆိုရင် ကားတစ်စီး လိုလိမ့်မယ်။ ဒါပေမယ့် သူ့မှာ ကားမရှိဘူး။ တစ်နေရာရာကနေ ငှားထားမှ ဖြစ်မှာ။ ဘယ်လိုမှ ခြေရာခံလို့ မရအောင် ကားတစ်စီးကို ငှားနိုင်ဖို့အတွက် သူ့မှာ အဲဒီလောက် အစွမ်းအစ မရှိဘူးလို့ ငါ ယူဆတယ်။ သဘာဝကျကျ ပြောရရင် ဘယ်သူ့မှာမှ အဲဒီလို အစွမ်းအစ မရှိဘူး”

“ကားငှားတဲ့ ကုမ္ပဏီတွေကို တစ်ခုမကျန် ပိုက်စိပ်တိုက် ရှာမလားလို့ ငါ စိတ်ကူးထားတယ်”

“ဒုက္ခ မခံချင်စမ်းပါနဲ့။ မင်း ဘယ်လိုမှ ရှာတွေ့နိုင်မယ် မထင်ဘူး။ ငါ လောင်းရဲတယ်”

ကုစာနာဂိက ယုကာဝါကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သို့သော် ယုကာဝါကတော့ အနည်းငယ်မျှ မမှုသည့်ဟန်။

“ငါ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က … တကယ်လို့သာ လူသတ်တဲ့နေရာဟာ သီးခြားဖြစ်နေခဲ့မယ် ဆိုရင် အလောင်းပစ်ဖို့ တာဝန်ယူရတဲ့သူဟာ အိရှိဂါမိပဲ ဖြစ်ရတော့မယ်။ အလောင်းတွေ့တဲ့ နေရာကလည်း လူသတ်မှု ဖြစ်တဲ့နေရာ ဖြစ်ချင် ဖြစ်နိုင်တာပဲ။ နှစ်ယောက်ပေါင်းပြီး လုပ်မှတော့ အတော်လေး ခရီးတွင်နိုင်တယ်”

“နှစ်ယောက်ပေါင်းပြီး တိုဂါရှိကို သတ်မယ်။ ပြီးတော့ အလောင်းရဲ့ မျက်နှာကို ဖျက်ဆီး၊ လက်ဗွေတွေကို မီးရှို့၊ အဝတ်အစားတွေကို မီးတိုက်၊ နောက်ဆုံး အဲဒီနေရာကနေ ထွက်သွားကြ။ အဲဒီလိုလား”

“သူတို့နှစ်ယောက်ရဲ့ ထွက်ခွာချိန်က ကွာကောင်း ကွာနေနိုင်တယ်။ ယာစုကိုက ရုပ်ရှင်မပြီးခင် အမီပြန်ရဦးမှာကိုး”

“မင်းရဲ့ အယူအဆအတိုင်းဆိုရင် အခင်းဖြစ်တဲ့နေရာမှာ တွေ့ရတဲ့ စက်ဘီးကို တိုဂါရှိကိုယ်တိုင် စီးလာခဲ့တယ် ဆိုတဲ့ သဘောပေါ့”

“ဟုတ်တယ်”

“အိရှိဂါမိဟာ စက်ဘီးပေါ်မှာ ထင်ကျန်နေတဲ့ လက်ဗွေရာတွေကို ဖျက်ဖို့ မေ့နေခဲ့တယ်လို့ ဆိုလိုရာ ရောက်နေတယ်။ သူက အဲဒီလို ရိုးရှင်းတဲ့ အမှားမျိုးကို ကျူးလွန်လိမ့်မယ်လို့ မင်း ထင်နေတာလား။ သူက နာမည်ကျော် ‘ဘိုးတော် အိရှိဂါမိ’ နော်”

“ဘယ်လောက် မိုးပျံအောင် တော်နေတဲ့ ဉာဏ်ကြီးရှင် ဖြစ်နေပါစေ။ လူတိုင်း အမှားလုပ်နိုင်တာပဲ”

ယုကာဝါက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းနေသည်။ “အဲဒီအထဲမှာ သူမပါဘူး”

“ဒါဆို ဘာဖြစ်လို့ လက်ဗွေကို ဖျက်မပစ်ရတာလဲ”

“ငါလည်း အဲဒီကိစ္စကို စဉ်းစားနေတာပဲ” ယုကာဝါက လက်နှစ်ဘက်ကို ပိုက်ထားသည်။ “ဒါပေမယ့် အဖြေမရသေးဘူး”

“မင်း အတွေးခေါင်နေတာ ဖြစ်မှာပါ။ အဲဒီဘဲက သင်္ချာမှာ သူမတူအောင် တော်ချင် တော်နေလိမ့်မယ်။ ဒါပေမယ့် စေ့စပ်ကျွမ်းကျင်တဲ့ လူသတ်သမားတော့ မဖြစ်နိုင်ဘူး”

“ဘာမှ မထူးပါဘူးကွာ” ယုကာဝါက ပြောသည်။ “လူသတ်တာကတောင် သူ့အတွက် ပိုလွယ်ချင် လွယ်နေဦးမှာ”

ကုစာနာဂိက ခေါင်းခါလိုက်ပြီး ညစ်ပတ်နေသော မတ်ခွက်ကို ကောက်ကိုင်သည်။ “ဘာပဲဖြစ်ဖြစ် ငါတို့ သူ့ကို အလွတ်မပေးတော့ဘူး။ တကယ်လို့ အမျိုးသားကြံရာပါ ရှိတယ်ဆိုတဲ့ အယူအဆသာ အတည်ဖြစ်သွားရင် စုံစမ်းထောက်လှမ်းရမယ့် နယ်ပယ်ကလည်း ပိုပြီး ကျယ်လာနိုင်တယ်”

“မင်းရဲ့ ထင်မြင်ချက်အတိုင်းသာ အမှန်ဆိုရင် ဒီလူသတ်မှုကြီးက သိပ်ကို ဖရိုဖရဲ ဆန်လွန်းနေတယ်။ စက်ဘီးပေါ်မှာ ရှိတဲ့ လက်ဗွေရာတွေကို ဖျက်ဖို့ မေ့သွားခဲ့တယ်။ သေသူရဲ့ အဝတ်အစားတွေကို ပြာကျသွားအောင် မရှို့နိုင်ခဲ့ဘူး။ ပေါ့ပေါ့ဆဆ လုပ်ခဲ့တာတွေက နည်းတာ မဟုတ်ဘူး။ ငါမင်းကို တစ်ခုလောက် မေးပါရစေဦး။ ဒီလူသတ်မှုက ကြိုတင်ကြံစည်ပြီး လုပ်တဲ့ အမှုလား။ ဒါမှမဟုတ် အခြေအနေအရ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အမှုလား”

ကုစာနာဂိသည် ယုကာဝါ၏ တည်ကြည်သော မျက်နှာကို တစ်ခဏမျှ စိုက်ကြည့်နေသည်။ “ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အမှုလို့ ဆိုရမယ် ထင်တယ်။ ယာစုကိုက တိုဂါရှိနဲ့ ကိစ္စတစ်ခုခု ညှိနှိုင်းဖို့ သူ့ကို အပြင်မှာ ချိန်းလိုက်တယ်။ အိရှိဂါမိက ကိုယ်ရံတော်အနေနဲ့ လိုက်သွားမယ်။ နောက်ဆုံး စကားအခြေအတင် ဖြစ်လာတာနဲ့ သူတို့နှစ်ယောက်က တိုဂါရှိကို ခြေလွန်လက်လွန် သတ်ပစ်လိုက်ကြတယ်။ အဲဒီလိုပဲ ဖြစ်ရမှာပေါ့”

“ဒီလိုသာဆိုရင် ရုပ်ရှင်ကြည့်တဲ့ကိစ္စနဲ့ ဝိရောဓိ ဖြစ်မနေဘူးလား” ယုကာဝါက ပြောသည်။ “တကယ်လို့သာ စေ့စပ်ညှိနှိုင်းဖို့ သက်သက်ဆိုရင် ဘာလုပ်ဖို့ အလီဘိုင်သက်သေတွေကို ကြိုတင်ပြီး ပြင်ဆင်ထားရတာလဲ။ အခုလို စင်းလုံးချော မဟုတ်တဲ့ သက်သေတွေပဲ ဖြစ်စေဦးတော့၊ အဲဒါကိုလည်း ကြိုလုပ်ထားစရာ အကြောင်းမရှိတော့ဘူး”

“မင်းက အဲဒါကို ကြိုတင်ကြံစည်မှုလို့ ထင်တာလား။ ယာစုကိုနဲ့ အိရှိဂါမိက ဟိုးအစကတည်းက တိုဂါရှိကို သတ်ဖို့ ကြံစည်ထားတာကြောင့် သူ့ကို ထောင်ချောက်ဆင် လုပ်ကြံကြတယ်ပေါ့”

“အဲဒီလိုလည်း မဖြစ်နိုင်ဘူး”

“မင်းဟာက ဘာအဓိပ္ပာယ်လဲ” ကုစာနာဂိက စိတ်မရှည်နိုင်တော့။

“တကယ်လို့သာ အစီအစဉ်အားလုံးကို အိရှိဂါမိက အကွက်ချ စီမံခဲ့တယ်ဆိုရင် အခုလို လစ်ကွက် ဟာကွက်တွေ တွေ့နေရမှာ မဟုတ်ဘူး”

“အဲဒီတော့ …” ကုစာနာဂိ၏ ဖုန်းမြည်သံကြောင့် စကားစ ပြတ်သွားသည်။ “ခဏ” ဟုဆိုကာ ဖုန်းကိုင်လိုက်သည်။

ကိရှိတာနိထံမှ ဖုန်းဝင်လာခြင်း ဖြစ်သည်။ အရေးကြီးသော သတင်းတစ်ခုကို ရရှိလာသောကြောင့် ကုစာနာဂိသည် တစ်ဘက်မှ ပြောကြားလာသည်တို့ကို နားထောင်ရင်း စာရွက်ပေါ်တွင် ရေးခြစ်မှတ်သားနေသည်။

ဖုန်းချသွားပြီးနောက် ကုစာနာဂိက ယုကာဝါကို လှမ်းပြောလိုက်သည်။ “ယာစုကိုရဲ့ သမီးနဲ့ ပတ်သက်တဲ့ အရမ်း အရေးကြီးတဲ့သတင်းတစ်ခု ရလာတယ်။ သူ့သမီးနာမည်က မီစာတိုတဲ့။ အဲဒီကလေးမရဲ့ သူငယ်ချင်းမတစ်ယောက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတဲ့ ထွက်ဆိုချက်တစ်ခု ပေးခဲ့တယ်တဲ့”

“ဘာလဲ”

“ညကျရင် သူတို့သားအမိ ရုပ်ရှင်သွားကြည့်ကြမယ် ဆိုတဲ့အကြောင်း မီစာတိုက သူ့သူငယ်ချင်းကို အခင်းဖြစ်တဲ့နေ့ နေ့ခင်းပိုင်းမှာ ပြောပြခဲ့တယ် ဆိုပဲ”

“တကယ် …”

“ကိရှိတာနိက အဲဒါကို တိုက်ဆိုင်စစ်ဆေးပြီးသွားပြီ။ မှားစရာ မရှိဘူး။ ဒီလိုသာဆိုရင် ဟာနာအိုကာ သားအမိက အစောကြီးကတည်းက ရုပ်ရှင်ကြည့်ဖို့ ဆုံးဖြတ်ထားကြပြီးသား” ကုစာနာဂိက သူ့သူငယ်ချင်းကို ခေါင်းဆတ်ပြသည်။ “ဒါဆို ကြိုတင်ကြံစည်ထားတဲ့ ပြစ်မှုပဲ။ လွဲစရာ မရှိဘူး”

သို့သော် ယုကာဝါက လေးနက်တည်ကြည်သော အကြည့်ဖြင့် စိုက်ကြည့်ရင်း ခေါင်းကို ခါယမ်းနေသည်။ “လုံးဝ မဖြစ်နိုင်ဘူး”

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *