Show contents

အခန်း (၁၁)

ရှီနိုဇာကိဘူတာသို့ ရောက်သောအခါ ကုစာနာဂိသည် သူ၏ လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ယုကာဝါ၏ ဖုန်းနံပါတ်ကို ရှာပြီး ဖုန်းခေါ်ခလုတ်ကို နှိပ်ချလိုက်သည်။ သူသည် ဖုန်းကို နားနားသို့ကပ်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သည်။ နေ့ခင်း ၃ နာရီကဲ့သို့ စကောစက အချိန်တွင်လည်း လမ်းပေါ်တွင် လူများ အတန်အသင့် ရှိနေကြသည်။ စူပါမားကတ်၏ အရှေ့တွင် စက်ဘီးများစွာ တန်းစီ၍ ရပ်ထားသည်။

ချက်ချင်း ဖုန်းဝင်သွားသော်လည်း ယုကာဝါ၏ ဖုန်းအကိုင်ကို စောင့်နေရပြန်သည်။

သို့သော် တစ်အောင့်မျှ ကြာသောအခါ သူသည် တစ်ဘက်လူ၏ ဖုန်းအကိုင်ကို မစောင့်တော့ဘဲ ဖုန်းကို ချပစ်လိုက်သည်။ သူ တွေ့လိုသောလူကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ယုကာဝါသည် စာအုပ်ဆိုင် အရှေ့ရှိ ပလက်ဖောင်းလက်ရန်းပေါ်တွင် ထိုင်လျက် ရေခဲမုန့်စားနေသည်။ သူသည် အနက်ရောင် ရှပ်လက်ရှည်၊ အဖြူရောင် ဘောင်းဘီနှင့် နေကာမျက်မှန် သေးသေးတစ်လက်ကို တပ်ထားသေးသည်။

ကုစာနာဂိသည် လမ်းကို ဖြတ်ကူးပြီး ယုကာဝါ၏ နောက်ကျောဘက်သို့ လျှောက်သွားသည်။ ယုကာဝါ၏ မျက်လုံးများက စူပါမားကတ်ဘက်သို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

“ဗျို့ စုံထောက်ကြီး ဂယ်လီလီယို”

သူ့ကို လန့်သွားစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် အထိတ်တလန့်ဖြစ်အောင် သူ့နားကပ်၍ အော်လိုက်သော်လည်း ယုကာဝါ၏ တုံ့ပြန်မှုက ဣန္ဒြေရရ နှေးကွေးလွန်းနေသည်။ သူသည် ရေခဲမုန့်ကို လျှာဖြင့် လျက်နေရင်း ခေါင်းကို စလိုးမိုးရှင်းဖြင့် တစ်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာသည်။

“မင်းရဲ့ နှာခေါင်းက အနံ့ခံ တော်တော် ကောင်းတာပဲ။ ဒါကြောင့်လည်း လူတွေက ရဲကို ခွေးလို့ တင်စားခေါ်တာလား မသိဘူး” ယုကာဝါ၏ မျက်နှာအမူအရာမှာ စိုးစဉ်းမျှ ပြောင်းလဲခြင်း မရှိ။

“မင်းက ဒီနေရာမှာ ဘာလာလုပ်နေတာလဲ။ ရေခဲမုန့် စားနေတာလေကွာ ဆိုတဲ့ အဖြေမျိုးတော့ ငါ မကြားချင်ဘူး”

ယုကာဝါက မျက်ခုံးပင့်၍ ကြည့်လိုက်သည်။ “အဲဒီမေးခွန်းကို ငါက မေးရမှာပါကွာ။ ဒါပေမယ့် မေးနေဖို့ လိုမယ် မထင်ဘူး။ မင်းက ငါ့ကို လာရှာတယ်။ အဲ … အတိအကျ ပြောရမယ် ဆိုရင်တော့ ငါ ဘာလုပ်နေသလဲဆိုတာကို လာချောင်းတယ်”

“အေး … မင်းသိနေရင် ပြီးတာပဲ။ ဒီတော့ အမှန်အတိုင်း ဖြေကွာ။ မင်း ဘာလုပ်နေတာလဲ”

“မင်းကို စောင့်နေတာလေ”

“စောင့်နေတာ … နောက်မနေစမ်းပါနဲ့”

“အတည်ပြောနေတာပေါ့ကွ။ ငါ စောစောက ဓာတ်ခွဲခန်းကို ဖုန်းဆက်လိုက်သေးတယ်။ မင်း အဲဒီကို ရောက်ခဲ့သေးတယ် မဟုတ်လား။ မနေ့ညကလည်း ငါ့ကို လာရှာသေးတယ်လေ။ ဒီတော့ ငါ စဉ်းစားကြည့်တယ်။ ဒီနေရာကနေသာ ထိုင်စောင့်နေရင် မင်းနဲ့ တွေ့ကို တွေ့ရမယ်လို့။ ငါ ရှီနိုဇာကိဘူတာကို သွားတယ် ဆိုတာ ကျောင်းသားလေးဆီကနေ မင်း ကြားထားပြီးပြီ မဟုတ်လား”

သူ ပြောခဲ့သည်မှာ အမှန်များပင်။ သို့သော် မေးခွန်းကို ဖြေကြားခြင်းတော့ မဟုတ်။

“ဒီလိုနေရာကို မင်းက ဘာဖြစ်လို့ လာရတာလဲ” ကုစာနာဂိက အသံကို တစ်ဆင့် မြှင့်လိုက်သည်။ စကားကို ဝေ့လည်ကြောင်ပတ် ပြောနေတတ်သော ဤလောကဓာတ်ဆရာကြီး၏ ဝသီနှင့် သူ အသားကျနေပြီးသော်လည်း တစ်ခါတစ်ရံ စိတ်ထဲ၌ ကသိကအောက် ဖြစ်နေဆဲပင် ရှိတတ်သေးသည်။

“မလောစမ်းပါနဲ့ကွာ။ ကော်ဖီလေး ဘာလေး သောက်ရရင် မကောင်းဘူးလား။ လမ်းဘေး ရောင်းသူမဲ့စက်က ဝယ်တဲ့ ကော်ဖီဆိုပေမယ့် ငါတို့ ဓာတ်ခွဲခန်းက ကော်ဖီထက်တော့ အပုံကြီး သောက်ကောင်းလောက်ပါတယ်” ယုကာဝါသည် မတ်တတ်ထရပ်ပြီး ရေခဲမုန့်အခွံကို အနီးရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။

စူပါမားကတ်အရှေ့ရှိ ရောင်းသူမဲ့စက်မှ ကော်ဖီဘူး နှစ်ဘူးဝယ်ပြီး တစ်ဘူးကို ကုစာနာဂိထံသို့ ကမ်းပေးသည်။ ထို့နောက် ယုကာဝါသည် အနီးတွင် ထိုးထားသော စက်ဘီးတစ်စီးပေါ်တွင် ခပ်တည်တည်နှင့် ခွထိုင်လိုက်ပြီး ကော်ဖီဘူးကို ဖောက်သောက်လေသည်။

ကုစာနာဂိက အနီးတွင် ရပ်လျက် ကော်ဖီဘူးကို ဖွင့်ပြီး ဘေးဘီသို့ ဝေ့ကြည့်လိုက်သည်။ “သူများ စက်ဘီးပေါ် လျှောက်မထိုင်ရင် ကောင်းမယ်။ ပိုင်ရှင် ပြန်ရောက်လာရင် ဘယ်နှယ့် လုပ်မလဲ”

“စိတ်မပူပါနဲ့။ ဒီစက်ဘီးရဲ့ ပိုင်ရှင်က တော်တော်နဲ့ ပြန်ရောက်ဦးမှာ မဟုတ်ဘူး”

“မင်း ဘယ်လိုလုပ် သိသလဲ”

“စက်ဘီးရှင်က သူ့ဘီးကို ဒီမှာ ထိုးထားပြီး မြေအောက်ဘူတာထဲ ဆင်းသွားတယ်။ တစ်ဘူတာတည်း စီးမယ် ဆိုရင်တောင်မှ အသွားအပြန်ဆို အနည်းဆုံး နာရီဝက်လောက်တော့ အချိန်ပေးရမှာပဲ”

ကုစာနာဂိသည် ကော်ဖီကို တစ်ကျိုက် မော့သောက်ပြီး မအီမလည် မျက်နှာပေးဖြင့် မေးလိုက်သည်။ “မင်းက ဒီလိုနေရာမှာ လာထိုင်ပြီး ရေခဲမုန့်စားရင်း လူတွေကို ထိုင်ရှိုးနေတယ်ပေါ့”

“လူတွေကို ထိုင်ကြည့်နေရတာကလည်း ငါရဲ့ ဝါသနာတစ်ခုပဲ။ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်”

“ဝါသနာတွေ ဝါသနက်တွေကို ခဏထားစမ်းပါဦး။ ဒီမှာ ဘာလာလုပ်နေတာလဲ။ စကားလမ်းကြောင်းကို လွှဲဖို့ ထပ်မကြံနဲ့တော့”

ယုကာဝါသည် နောက်သို့လှည့်ပြီး သူ့ခွထိုင်နေသည့် စက်ဘီး၏ နောက်ဘီး ရွှံ့ကာကို ကြည့်နေသည်။

“ဒီခေတ်မှာ ကိုယ့်စက်ဘီးပေါ် နာမည်ရေးတဲ့သူက အင်မတန် နည်းသွားပြီ။ သူတို့ ဘယ်သူလဲဆိုတာ သူစိမ်းတွေကို မသိစေချင်လို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဟိုးအရင်တုန်းကတော့ စက်ဘီးပေါ်မှာ လူတိုင်း ကိုယ့်နာမည်ကိုယ် ရေးထိုးထားတတ်ကြတာပဲ။ ခေတ်ကြီး ပြောင်းလာတာနဲ့အမျှ အလေ့အထတွေလည်း လိုက်ပြောင်းကုန်တော့တာပဲ”

ယုကာဝါ၏ ဆိုလိုရင်းသဘောကို ကုစာနာဂိ သဘောပေါက်စ ပြုလာသည်။ “မင်း စက်ဘီးကိစ္စကို အင်မတန် စိတ်ဝင်စားတဲ့အကြောင်း ဟိုးအရင်ကလည်း ပြောခဲ့ဖူးသေးတယ်”

ယုကာဝါက ခေါင်းညိတ်ပြသည်။ “ငါမှတ်မိသလောက်ဆိုရင် တရားခံဟာ စက်ဘီးကို အလောင်းတွေ့တဲ့နေရာမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ထားပစ်ခဲ့တာ မဟုတ်ဘူးလို့ မင်း ပြောခဲ့ဖူးတယ်”

“အတိအကျပြောရရင် အဲဒီလို လုပ်လို့ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ငါ ပြောခဲ့တာပါ။ တကယ်လို့ လူသတ်သမားက စက်ဘီးပေါ်မှာ လက်ဗွေရာတွေ ချန်ထားခဲ့မယ် ဆိုရင် ဘာလုပ်ဖို့ ဒုက္ခခံပြီး အလောင်းရဲ့ လက်ဗွေတွေကို ဖျက်ဆီးနေဦးမလဲ။ နောက်ဆုံးတော့ စက်ဘီးပေါ်က လက်ဗွေရာတွေကြောင့် သေသူရဲ့ နောက်ကြောင်းကို ဖော်နိုင်ခဲ့တာပဲ မဟုတ်ဘူးလား”

“ငါ မင်းကို မေးပါဦးမယ်။ တကယ်လို့သာ စက်ဘီးပေါ်မှာ လက်ဗွေရာတွေ ရှိမနေဘူးဆိုရင် ဘယ်လို လုပ်မလဲ။ အလောင်းပိုင်ရှင်ကို မင်းတို့ ဘယ်လိုမှ မဖော်ထုတ်နိုင်တော့ဘူးလား”

ထိုမေးခွန်းကို ဖြေကြားနိုင်ရန်အတွက် ကုစာနာဂိသည် ၁၀ စက္ကန့်မျှ စဉ်းစားလိုက်ရသည်။ ထိုသို့သော မေးခွန်းမျိုးကို သူ ဘယ်တုန်းကမျှ မစဉ်းစားခဲ့စဖူး။

“ဟင့်အင်း” သူက ပြန်ဖြေသည်။ “ဒီလက်ဗွေနဲ့ တည်းခိုခန်းက ပျောက်ဆုံးသူရဲ့ လက်ဗွေကို တိုက်ဆိုင် စစ်ဆေးနိုင်လို့ သူရဲ့ နောက်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာ ဆိုပေမယ့် လက်ဗွေမရှိလည်း အခက်အခဲ မရှိနိုင်ဘူး။ ငါ မင်းကို ပြောခဲ့ဖူးတာပဲ။ ငါတို့ ဒီအန်အေလည်း စစ်ခဲ့ကြသေးတယ်”

“ငါ မှတ်မိပါတယ်။ ဒီလိုဆိုရင် အလောင်းပေါ်က လက်ဗွေတွေကို ဖျက်ဆီးပစ်တာ အဓိပ္ပာယ် မရှိတော့ဘူးပေါ့။ ဒါပေမယ့် တရားခံက အဲဒီအချက်ကိုလည်း ကြိုတင်တွက်ဆပြီး အကွက်ဆင်ထားတာ ဆိုရင်ရော၊ ဘယ်လိုလုပ်မလဲ”

“မင်းဆိုလိုချင်တာက လူသတ်သမားဟာ အဲဒီလို ဖြစ်လာမယ်မှန်း သိပါလျက်နဲ့ လက်ဗွေတွေကို တမင်သက်သက် ဖျက်ဆီးပစ်ခဲ့တယ် ဆိုတဲ့ သဘောလား”

“တရားခံအနေနဲ့ အဲဒီလို လုပ်ရတာ သူ့ရည်ရွယ်ချက်နဲ့ သူတော့ ရှိမှာပေါ့။ ဒါပေမယ့် သေသူရဲ့ ရာဇဝင်ကို ဖုံးကွယ်ထားချင်လို့ မဟုတ်ဘူး။ မင်း အခုလို စဉ်းစားကြည့်ဖူးလား။ စက်ဘီးကို အလောင်းအနားမှာ တမင်သက်သက် အကွက်ဆင်ပြီး ထားခဲ့ပါလျက်နဲ့ အကွက်ဆင်ထားတာ မဟုတ်ဘူးလို့ မင်းတို့ကို ထင်သွားစေချင်တာကြောင့် လက်ချောင်းတွေကို မီးရှို့ပစ်ခဲ့တာ ဆိုရင်ရော”

ကုစာနာဂိသည် ပါးစပ်အဟောင်းသားနှင့် ရပ်နေမိသည်။ “အမှုသွား အမှုလာတွေ ရှုပ်ထွေးသွားအောင် တစ်နည်းတစ်ဖုံ ထောင်ချောက်ဆင်ထားတာလို့ မင်းက ဆိုလိုချင်တာလား”

“ဟုတ်တယ်။ ဒါပေမယ့် အဲဒီ ‘တစ်နည်းတစ်ဖုံ’ ဆိုတာကို ငါ စဉ်းစားလို့ မရသေးဘူး” ယုကာဝါသည် ခွထိုင်ထားသော စက်ဘီးပေါ်မှ ဆင်းလာသည်။ “အသတ်ခံရသူဟာ စက်ဘီးကို သူ့ဘာသာသူ စီးပြီး အခင်းဖြစ်တဲ့ နေရာကို အရောက်သွားခဲ့တယ်လို့ အထင်ရောက်အောင် တရားခံက မင်းတို့ကို နှတ်ကြောင်းပေးခဲ့တယ်။ ဒီအချက်က လွဲမှားစရာ အကြောင်း မရှိဘူး။ ဒါပေမယ့် သူက ဘာဖြစ်လို့ မင်းတို့ကို အဲဒီလို ယူဆစေချင်ရတာလဲ”

“ဒါဆို အသတ်ခံရသူဟာ အခင်းဖြစ်တဲ့ နေရာကို စက်ဘီးစီးပြီး သွားခဲ့တာ မဟုတ်ဘူး။ ပြီးတော့ တရားခံက အဲဒီအချက်ကို ဖုံးဖိထားချင်တယ်။ အဲဒီလိုလား” ကုစာနာဂိက မေးသည်။ “သေသူဟာ အခြားတစ်နေရာရာမှာ အသတ်ခံရပြီးမှ အဲဒီနေရာရောက်အောင် တရားခံက သူ့အလောင်းကို ရွှေ့ယူလာခဲ့တယ် ဆိုတဲ့ သဘောပေါ့။ ငါတို့ တပ်ဖွဲ့မှူးကလည်း အဲဒီလို တွေးနေခဲ့တာ”

“ဒါပေမယ့် မင်းက အဲဒီအဆိုကို လက်မခံနိုင်ဘူးလို့ ပြောခဲ့တာ ငါ မှတ်မိနေသေးတယ်။ မင်းတို့ရဲ့ သံသယစာရင်းမှာ ထိပ်ဆုံးကပါနေတဲ့ ဟာနာအိုကာ ယာစုကိုမှာ ယာဉ်မောင်းလိုင်စင် မရှိဘူး မဟုတ်လား”

“အမှုကို တွဲဖက်လုပ်တဲ့သူ နောက်တစ်ယောက် ရှိနေမယ် ဆိုရင်တော့ တစ်မျိုးတစ်မည် ဖြစ်သွားမှာပဲ” ကုစာနာဂိက ဖြေသည်။

“အဲဒါကို ခဏ ထားလိုက်ပါဦး။ ငါ လတ်တလော စိတ်အဝင်စားဆုံးက စက်ဘီးပျောက်တဲ့ အချိန်ပဲ။ မင်းတို့က နံနက် ၁၁ နာရီနဲ့ ည ၁၀ နာရီကြားလို့ သတ်မှတ်ထားတယ်။ ဘယ်လိုလုပ်ပြီး အခိုးခံရတဲ့ အချိန်ကို ဒီလောက် အတိအကျ တွက်ဆထားနိုင်ရတာလဲ”

“လွယ်လွယ်လေးလေ။ စက်ဘီးပိုင်ရှင်က ပြောတာပေါ့။ ဒုံးပျံပစ်လွှတ်ရသလို တွက်ချက်နေစရာမှ မလိုတာပဲ”

“ငါ ပြောချင်တာ အဲဒါပဲ” ယုကာဝါသည် ကော်ဖီဘူးကိုင်ထားသော လက်ဖြင့် ကုစာနာဂိကို လက်ညှိုးထိုးလိုက်သည်။ “ဘယ်လိုလုပ်ပြီး စက်ဘီးပိုင်ရှင်ကို လွယ်လွယ်နဲ့ ရှာတွေ့သွားရတာလဲ”

“ဒါက ဘာခက်လဲကွာ။ စက်ဘီးပိုင်ရှင်က စက်ဘီးပျောက်လို့ အမှုဖွင့်တယ်။ တိုင်ချက်ဖွင့်ထားတဲ့ စာရင်းနဲ့ တိုက်ကြည့်လိုက်ရင် ရနေပြီပဲ ဥစ္စာ”

ယုကာဝါက သက်ပြင်းကို ရှိုက်လိုက်သည်။ အကြားတွင် နေကာမျက်မှန် ခြားထားသည် မှန်သော်လည်း သူသည် မိမိကို စူးစူးရဲရဲ စိုက်ကြည့်နေမည် ဖြစ်ကြောင်း ကုစာနာဂိ ခန့်မှန်းကြည့်နိုင်သည်။

“မင်းက ဘာတွေးမိပြန်လို့လဲ”

“စက်ဘီး အခိုးမခံရခင်က ဘယ်မှာ ရပ်ထားခဲ့သလဲ ဆိုတာ မင်း သိလား”

“သိတာပေါ့။ ငါကိုယ်တိုင် တာဝန်ယူပြီး စက်ဘီးပိုင်ရှင်ကို မေးခဲ့တာပဲဟာ”

“ငါ့ကို လိုက်ပြနိုင်မလား။ ဒီပတ်ဝန်းကျင်မှာပဲ နေမှာ”

ကုစာနာဂိသည် ယုကာဝါကို စိုက်ကြည့်နေမိသည်။ အဘယ်ကြောင့် စက်ဘီးကိစ္စကို ဤမျှ ရေဆုံးမြေဆုံး လိုက်ချင်နေရသနည်း။ သူ ထိုသို့ မေးလိုက်ချင်သော်လည်း မျိုသိပ်ထားရန် ဆုံးဖြတ်လိုက်သည်။ စိတ်နှစ်ပြီး ပြဿနာတစ်ရပ်ရပ်ကို စူးစမ်းတွေးခေါ်နေသည့် အခါတိုင်းမှာကဲ့သို့ ယုကာဝါ၏ မျက်လုံးများမှာ အရောင်တဖိတ်ဖိတ် လက်နေကြသည်။

“ဒီဘက်မှာ” ကုစာနာဂိက ဦးဆောင်၍ ထွက်ခွာသွားသည်။

စက်ဘီးပျောက်ဆုံးခဲ့သော နေရာသည် သူတို့ ကော်ဖီသောက်နေခဲ့သည့် နေရာနှင့် မီတာ ၅၀ မျှသာ ကွာဝေးသည်။ ကုစာနာဂိသည် ရပ်ထားသော စက်ဘီးတန်းတစ်တန်း၏ အရှေ့တွင် ရပ်လိုက်သည်။ “စက်ဘီးပိုင်ရှင်ရဲ့ ပြောစကားအရ ဆိုရင် သူက စက်ဘီးကို ဒီလက်ရန်းတိုင်မှာ ကြိုးသော့နဲ့ တွဲခတ်ထားခဲ့တာ”

“တရားခံက ကြိုးသော့ကို ဖြတ်ပစ်ခဲ့တာလား”

“အဲဒီလိုပဲ ထင်တယ်”

“အဲဒီလိုသာဆိုရင် တရားခံက သံဖြတ်ကတ်ကြေးတစ်လက်တော့ ကြိုဆောင်ထားရမှာပေါ့” ယုကာဝါသည် စက်ဘီးတန်း တစ်တန်းလုံးကို အကဲခတ်ကြည့်နေသည်။ “သော့မခတ်ထားတဲ့ စက်ဘီးတွေကတောင် ပိုများနေသလိုပဲ။ ဘာဖြစ်လို့ ကိုယ့်ဒုက္ခကိုယ် ရှာချင်ရတာလဲ”

“သူ မျက်စိကျနေတဲ့ စက်ဘီးက သော့ခတ်ထားလို့ နေမှာပေါ့”

“မျက်စိကျနေတဲ့ …” ယုကာဝါက တတွတ်တွတ် ရေရွတ်နေသည်။ “ဘာကို မျက်စိကျရတာလဲ”

“မင်း ဘာကို ပြောချင်နေတာလဲ” ကုစာနာဂိက စိတ်မရှည်ချင်တော့။

ယုကာဝါသည် လှည့်လာပြီး ကုစာနာဂိနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ “ငါ မနေ့ကလည်း ဒီကို ရောက်ခဲ့သေးတယ်။ ဒီနေ့လိုပဲ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေခဲ့တာ။ ဒီပတ်ဝန်းကျင်မှာ ရပ်ထားတဲ့ စက်ဘီးတွေက ဒုနဲ့ဒေးရယ်။ တချို့က သော့တွေဘာတွေနဲ့ ကျကျနန ခတ်ထားကြတယ်။ ဒီအတိုင်း ပစ်ထားတဲ့ စက်ဘီးတွေကလည်း မနည်းဘူး။ တရားခံက ဘာဖြစ်လို့ အဲဒီစက်ဘီးကိုမှ ရွေးချယ်ခဲ့ရတာလဲ”

“တရားခံက ခိုးခဲ့ပါတယ်လို့ အတည်မပြုနိုင်သေးဘူးလေ”

“ကဲပါ။ အသတ်ခံရသူ ကိုယ်တိုင်က ခိုးသွားတယ်ပဲ ဆိုကြပါစို့။ ဘာဖြစ်လို့ အဲဒီစက်ဘီးကိုမှ တကူးတက ရွေးခိုးရတာလဲ”

ကုစာနာဂိက ခေါင်းခါပြသည်။ “မင်း ပြောချင်တာကို ငါ နားမလည်သေးဘူး။ အခု အခိုးခံရတာက ဘာထူးခြားချက်မှ မရှိတဲ့ သာမန်စက်ဘီးတစ်စီးလေ။ လက်သင့်သလို ရွေးသွားလိုက်တာပေါ့။ ဒါထက် ဘာပိုဦးမှာလဲ”

“နိုးနိုး၊ မဟုတ်သေးဘူး” ယုကာဝါက လက်ညှိုးကို ခါယမ်းပြနေသည်။ “ငါမှန်းတာ မလွဲဘူးဆိုရင် အဲဒီစက်ဘီးက အသစ်စက်စက်၊ ဒါမှမဟုတ် အသစ်နီးနီး သန့်တဲ့ စက်ဘီးပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား”

ကုစာနာဂိသည် ကိုယ်ကို အနောက်သို့ ယို့လိုက်သည်။ စက်ဘီးပိုင်ရှင်နှင့် ပြောခဲ့သည့် စကားများကို ပြန်လည် တူးဆွကြည့်နေသည်။ “ဟုတ်တယ်။ အသစ်ပဲ” သူက ပြန်ဖြေသည်။ “ငါ သတိရပြီ။ အဲဒီအမျိုးသမီးက လွန်ခဲ့တဲ့ တစ်လလောက်ကမှ အဲဒီစက်ဘီးကို ဝယ်ထားတာ”

ယုကာဝါက ကျေနပ်စွာ ပြုံးလျက် ခေါင်းညိတ်ပြသည်။ “အဲဒါကြောင့်မို့လည်းပဲ တကူးတက သော့ခတ်ထားတာပေါ့။ ဒါကြောင့်မို့ပဲ ပျောက်တာနဲ့ ရဲတိုင်တာပေါ့။ သူခိုးက အဲဒီလို ဖြစ်လာဖို့ မျှော်လင့်ထားတယ်။ ဒါကြောင့်လည်း သော့မခတ်တဲ့ စက်ဘီးတွေ အများကြီး ရှိနေတာ သိပါလျက်နဲ့ ဒုက္ခခံပြီး သံဖြတ်ကတ်ကြေး ဆောင်ထားရတာပေါ့”

“ဆိုလိုတဲ့သဘောက သူခိုးဟာ ရည်ရွယ်ချက် ရှိရှိနဲ့ စက်ဘီးအသစ်ကို ရွေးခိုးခဲ့တယ်။ အဲဒီလိုလား”

“သိပ်မှန်တာပေါ့”

“ဘာဖြစ်လို့လဲ”

“အကြောင်းအရင်းက တစ်ခုပဲ ရှိတယ်။ စက်ဘီးပိုင်ရှင်ကို ရဲတိုင်စေချင်တာပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် တရားခံ ဆင်ထားတဲ့ ထောင်ချောက်ထဲ လမ်းညွှန်ပြီးသား ဖြစ်သွားလိမ့်မယ်။ အကျိုးရလဒ်အနေနဲ့ စုံစမ်းစစ်ဆေးမှု လမ်းကြောင်းကို ဦးတည်ရာ လွဲသွားအောင် လုပ်လိုက်သလို ဖြစ်သွားနိုင်တယ်”

“စက်ဘီးကို နံနက် ၁၁ နာရီနဲ့ ည ၁၀ နာရီအကြားမှာ အခိုးခံခဲ့ရတယ်ဆိုတဲ့ ငါတို့ရဲ့ ယူဆချက်ကို မှားတယ်လို့ မင်းက ပြောချင်တာလား။ ဒါပေမယ့် စက်ဘီးပိုင်ရှင်က ဘယ်လို ဖြေမလဲဆိုတာကို တရားခံက ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ”

“အခိုးခံရတဲ့ အချိန်ကို စက်ဘီးရှင်က ဘယ်လို ပြောမလဲဆိုတာ တရားခံအနေနဲ့ မသိနိုင်တာ မှန်ပေမယ့် အပိုင်တွက်ထားလို့ ရတဲ့ အချက်တစ်ချက် ရှိနေတယ်။ ရှီနိုဇာကိဘူတာနားမှာ အခိုးခံရတယ်လို့ ပိုင်ရှင်က မပြောဘဲ နေမှာ မဟုတ်ဘူး”

ကုစာနာဂိသည် တံတွေးကို မျိုချလိုက်ပြီး လောကဓာတ်ဆရာကြီးကို စိုက်ကြည့်နေမိသည်။ “ရဲဘက်ရဲ့ အာရုံစိုက်မှုကို ရှီနိုဇာကိဘူတာဘက် ရောက်လာအောင် တမင် အကွက်ဆင်ထားတာလား”

“ဟုတ်တယ်”

“ငါတို့ တကယ်ပဲ ဒီရှီနိုဇာကိဘူတာနားမှာ အချိန်နဲ့ လူအင်အားတွေ မနည်းမနော သုံးခဲ့ကြတယ်။ မင်း တွက်ဆသလိုသာ အမှန်ဆိုရင်တော့ ငါတို့ လုပ်ခဲ့သမျှဟာ အကုန်လုံး သဲထဲရေသွန်သလို ဖြစ်နေပြီပေါ့”

“လုံးဝ အလဟဿတော့ မဖြစ်ပါဘူး။ ဒီနေရာမှာ စက်ဘီးပျောက်သွားတယ် ဆိုတာက တကယ့် အဖြစ်မှန်ပဲလေ။ သိမ်းဆည်းရမိခဲ့တဲ့ အထောက်အထားတွေကို ကြည့်ပြီး အဲဒီကနေတစ်ဆင့် သဲလွန်စတွေကို ဆွဲထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားနိုင်လောက်အောင် ဒီအမှုက ရိုးရှင်းမနေဘူး။ တရားခံ ဆင်ထားတဲ့ခွင်ဟာ မင်းတို့ ထင်ထားတာထက် အများကြီး ပိုပြီး ဆန်းပြားတယ်။ ပိုပြီး စေ့စပ်သေချာတယ်” ယုကာဝါသည် ပြောပြီးပြီးချင်း တစ်ဘက်သို့ လှည့်၍ ထွက်ခွာသွားသည်။

ကုစာနာဂိက အနောက်မှ အသည်းအသန် ပြေးလိုက်သွားသည်။ “မင်း ဘယ်သွားမလို့လဲ”

“အိမ်ပြန်မယ်လေ။ ဘယ်သွားရဦးမှာလဲ”

“နေပါဦးဟ” ကုစာနာဂိသည် ယုကာဝါ၏ လက်မောင်းကို ဖမ်းဆွဲထားသည်။ “မင်းကို မေးစရာတစ်ခု ကျန်နေသေးတယ်။ မင်း ဘာဖြစ်လို့ ဒီအမှုကို ဒီလောက် စိတ်ဝင်စားနေရတာလဲ”

“စိတ်ဝင်စားလို့ မရဘူးလား”

“ငါ မေးတာ ဖြေစမ်းပါ”

ယုကာဝါသည် ကုစာနာဂိ၏ လက်ကို ဖယ်ထုတ်လိုက်သည်။ “ငါရော သံသယစာရင်းထဲ ပါသေးတာလား”

“သံသယ … ဟုတ်ပါ့မလားကွာ”

“မဟုတ်ဘူးဆိုရင် ဘာလုပ်လုပ် ငါ့သဘောနဲ့ ငါပဲလေ။ မင်းတို့ အမှုလိုက်နေတာကို နှောင့်ယှက်ဖို့ ငါ့မှာ ဆန္ဒ မရှိပါဘူး”

“ဒါဆိုလည်း ငါမင်းကို အားမနာတမ်း ပြောရတော့မှာပဲ။ မင်း ငါ့နာမည်ကို သုံးပြီး ဟာနာအိုကာ ယာစုကိုရဲ့ အိမ်ဘေးမှာနေတဲ့ သင်္ချာဆရာကို ဘာဖြစ်လို့ ညာပြောခဲ့ရတာလဲ။ အမှု စုံစမ်းထောက်လှမ်းတဲ့ ကိစ္စမှာ ငါက သူ့အကူအညီကို လိုနေပါတယ်လို့ မင်း သူ့ကို ပြောခဲ့တယ် မဟုတ်လား။ မင်း ဘာရည်ရွယ်ချက်နဲ့ အဲဒီလို လိမ်ပြောခဲ့ရသလဲ ဆိုတာတော့ ငါ့မှာ မေးပိုင်ခွင့် ရှိတယ် မဟုတ်လား”

ယုကာဝါက ကုစာနာဂိကို လှည့်ကြည့်သည်။ သူ့ကိုယ်မှာလည်း ရုတ်တရက် တောင့်တင်းသွားသည်။ နေကာမျက်မှန် အနောက်မှ မျက်လုံးများက ကုစာနာဂိကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။

“မင်း သူ့ကို သွားတွေ့ခဲ့သေးတယ်ပေါ့”

“သွားတယ်လေ။ မင်းက ငါ့ကိုမှ တိုင်တိုင်ပင်ပင် မလုပ်ဘဲ”

“သူက ဘယ်လို ပြောသလဲ”

“နေစမ်းပါဦး။ ငါက မင်းကို မေးနေတာလေ။ အဲဒီ သင်္ချာဆရာက အမှုနဲ့ ပတ်သက်နေတယ်လို့ မင်း ယူဆထားလို့လား” ယုကာဝါက ဘာမျှ ပြန်မဖြေ။ ကုစာနာဂိ၏ အကြည့်ကို ရှောင်လွှဲပြီး ဘူတာရုံ ရှိရာဘက်သို့ ထွက်ခွာသွားလေသည်။

“နေစမ်းပါဦး” ကုစာနာဂိက အနောက်မှ လှမ်းအော်လိုက်သည်။

ယုကာဝါသည် တုံ့ရပ်ပြီး ဦးခေါင်းကို အနောက်ဘက်သို့ လှည့်လိုက်သည်။ “ငါ မင်းကို တစ်ခုတော့ ပြောထားရဦးမယ်။ ဒီတစ်ခေါက်တော့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် မင်းကို ဘယ်လိုမှ မကူညီနိုင်တော့ဘူး။ ငါ့ရဲ့ တစ်ကိုယ်ရည် ဆန္ဒအရ ငါ ဒီအမှုကို လေ့လာနေတာပဲ ရှိတာ။ ဒါကြောင့် ငါ့ဆီကနေ ဘာအကူအညီမှ မျှော်လင့်မထားစေချင်ဘူး”

“ဒါဆို ငါ့ဘက်ကလည်း မင်းကို အရင်လို အမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ပေးလို့ မဖြစ်တော့ဘူး”

ယုကာဝါသည် မျက်လွှာချပြီး ခေါင်းညိတ်လိုက်သည်။ “အဲဒါတော့ မင်းသဘောပဲလေ။ ဒီတစ်ခေါက် ငါတို့ ကိုယ့်လမ်းကိုယ် လျှောက်ကြတာပေါ့” သူ ပြန်လည် ထွက်ခွာသွားသည်။ ယုကာဝါ၏ ပြတ်သားသော ဆုံးဖြတ်ချက်အတွက် ကုစာနာဂိတွင် ဆိုစရာ စကားမရှိ။ နောက်တစ်ကြိမ် လှမ်းခေါ်ရန်လည်း သူ စိတ်မကူးတော့။

ကုစာနာဂိသည် ဆေးလိပ်တစ်လိပ်ကို ဖွာရှိုက်ပြီးသော အခါမှ ဘူတာရုံသို့ လှည့်ပြန်လာခဲ့သည်။ ထိုသို့ အချိန်ဆွဲနေရခြင်းမှာ ယုကာဝါနှင့် ရထားတစ်စီးတည်းတွင် အတူ မဆုံမိစေရန် ဖြစ်သည်။ အကြောင်းအရင်းကို သူ ကောင်းစွာ နားမလည်နိုင်သေးသော်လည်း ဤအမှုသည် ယုကာဝါ၏ ကိုယ်ရေးကိုယ်တာကိစ္စနှင့် ပတ်သက်ဆက်စပ်နေကြောင်း သိသာနေသည်။ ထို့အပြင် ယုကာဝါသည် ထိုကိစ္စကို သူ့ဘာသာ တစ်ကိုယ်တည်း ဖြေရှင်းရန် ဆုံးဖြတ်ထားပြီး ဖြစ်နေသည်။ သူ့ကို နှောင့်ယှက်ဟန့်တားနိုင်သည့် မည်သည့်ကိစ္စကိုမျှ ပြုလုပ်ရန် ကုစာနာဂိတွင် ဆန္ဒ မရှိပေ။

ယုကာဝါသည် အဘယ်အတွက်ကြောင့် စိတ်နောက်ကျုနေရသနည်း။ ကုစာနာဂိသည် မြေအောက်ရထားထဲတွင် ဘယ်ညာယိမ်းထိုးရင်း စဉ်းစားနေသည်။

သင်္ချာဆရာ အိရှိဂါမိကြောင့်ပေလော။ သို့သော် လက်ရှိ စုံစမ်းထောက်လှမ်းထားသည့် ရလဒ်များအရ အိရှိဂါမိတွင် သံသယဖြစ်စရာ မည့်သည့် အကြောင်းအချက်မျှ မရှိ။ သူသည် ဟာနာအိုကာ ယာစုကို၏ အိမ်နီးနားချင်းမျှသာ ဖြစ်သည်။ ယုကာဝါသည် အဘယ်ကြောင့် သူ့အတွက် စိတ်ရှုပ်နေရသနည်း။

ကုစာနာဂိ၏ အတွေးအာရုံထဲသို့ ထမင်းဆိုင်မှ မြင်ကွင်းများ ဝင်ရောက်လာပြန်သည်။ ထိုနေ့ညနေက ယုကာဝါနှင့် အိရှိဂါမိတို့နှစ်ဦးသည် ထိုဆိုင်သို့ အတူတကွ သွားရောက်ခဲ့ကြသည်။ အိရှိဂါမိ၏ စကားအရဆိုလျှင် ယုကာဝါက ဘန်တန်တိုင်သို့ သွားရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယုကာဝါသည် အကြောင်းမရှိဘဲ မည်သည့် ကိစ္စကိုမျှ အရမ်းကာရော လုပ်တတ်သူတစ်ယောက် မဟုတ်။ ထိုဆိုင်သို့ သူနှင့် အိရှိဂါမိတို့ နှစ်ယောက်အတူ သွားခြင်းမှာ ရည်ရွယ်ချက် တစ်ခုခုတော့ ရှိရပေမည်။ အဘယ်အတွက်ကြောင့် သွားခဲ့ရသနည်း။

ကူဒိုသည် ထိုလူနှစ်ယောက် ဆိုင်တွင် ရှိနေစဉ်အတွင်း ရှေ့ဆင့်နောက်ဆင့် ဆိုသလို ပေါ်ထွက်လာခဲ့သည်ကို ကုစာနာဂိက သတိရလာမိသည်။ ယုကာဝါသည် ထိုအချက်ကို ကြိုတွက်ဆမိခဲ့မည် မဟုတ်ပေ။ ထို့နောက် ကူဒိုနှင့်သူ ပြောခဲ့သမျှသော စကားများကို ပြန်၍ စဉ်းစားကြည့်နေသည်။ ကူဒိုသည် အိရှိဂါမိအကြောင်းကို ဘာမျှ မပြောခဲ့။ အတိအကျ ဆိုရလျှင် သူ မည်သူ့အကြောင်းကိုမျှ မပြောခဲ့ပေ။ ‘ကျွန်တော် ဘယ်တုန်းကမှ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ အလုပ်မျိုးတွေ မလုပ်တတ်ဘူး’ ဟု ကူဒိုက ပွင့်ပွင့်လင်းလင်း ပြောခဲ့သည် မဟုတ်ပါလော။

‘ကျွန်တော် ဘယ်တုန်းကမှ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ အလုပ်မျိုးတွေ မလုပ်တတ်ဘူး’ – မည်သည့်စကားကို အကြောင်းပြု၍ ကူဒိုက ထိုစကားကို ပြောခဲ့သနည်း။ ကုစာနာဂိက ပြန်တွေးကြည့်နေသည်။

‘အခုချိန်ထိတောင် တချို့လူတွေက သူ့မျက်နှာကို မြင်ချင်လို့ တကူးတက ဈေးလာဝယ်တတ်ကြသေးတာ’ ထိုစကားနှင့်အတူ မအီမသာ မျက်နှာထားဖြင့် ပြောဆိုနေသော ကူဒို၏ ရုပ်ပုံက သူ၏ အတွေးအာရုံထဲတွင် ထင်ဟပ်လာသည်။

ကုစာနာဂိသည် အသက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်ပြီး ခါးကို ဆတ်ခနဲ မတ်ပစ်လိုက်သည်။ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အမျိုးသမီးငယ်လေးက သူ့ကို ကြောက်လန့်တကြား စိုက်ကြည့်နေသည်။

သူသည် တံခါးပေါင်ပေါ်ရှိ ရထားလမ်းကြောင်း မြေပုံကို မော့ကြည့်လိုက်သည်။ ဟာမာချိုဘူတာတွင် ဆင်းရမည်ဟု သူ တွေးနေမိသည်။

****

 

ကားစတီယာရင်ကို မကိုင်ခဲ့ရသည်မှာ ကြာတောင့်ကြာခဲ ရှိလှပြီ။ သို့သော် မိနစ် ၃၀ ခန့် မောင်းနှင်ပြီးသောအခါတွင် ယခင်ကကဲ့သို့ ပြန်လည် အသားကျသွားသည်။ ကားရပ်နားနိုင်မည့် နေရာတစ်နေရာ ရရန်အတွက် နေရာလွတ်ရှာနေခြင်းကြောင့် အချိန် အတော်လေး ဖင့်သွားခဲ့သည်။ ကားကို မည်သည့်နေရာတွင် ရပ်ထားသည် ဖြစ်စေ၊ တခြားကားများကို ပိတ်ရပ်ထားသကဲ့သို့သာ ဖြစ်နေတော့မည်ဟု အိရှိဂါမိ ယူဆမိသည်။ ကံကောင်းထောက်မစွာဖြင့် ကိုးရိုးကားရား ထိုးရပ်ထားသော ကုန်ကားငယ်တစ်စီးကို တွေ့လိုက်ရသည်။ ထို့ကြောင့် ထိုကားအနောက်တွင် ရပ်ထားရန် ဆုံးဖြတ်လိုက်သည်။

သူ့အနေဖြင့် အငှားယာဉ်ကို ဒုတိယအကြိမ်မြောက် ငှားရမ်း မောင်းနှင်ဖူးခြင်း ဖြစ်သည်။ တက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က တစ်ကြိမ် မောင်းခဲ့ဖူးသည်။ ထိုစဉ်က ကျောင်းသားများနှင့်အတူ လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ လေ့လာရေးခရီးထွက်ရန် စီစဉ်သောအခါ ကားဖြင့် မဖြစ်မနေ သွားရမည် ဖြစ်သောကြောင့် ပထမဆုံးအကြိမ် ကားငှားခဲ့ရသည်။ ထိုစဉ်က ငှားခဲ့သော ကားမှာ လူခုနစ်ယောက် စီးနိုင်သည့် ဗန်ကားအမျိုးအစား ဖြစ်သည်။ ယခု ငှားထားသောကားမှာ ပြည်တွင်းဖြစ် ကားအသေးစား ဖြစ်သောကြောင့် မောင်းရသည်မှာ လွန်စွာ ပေါ့ပါးနေသည်။

အိရှိဂါမိ၏ အကြည့်က သူ၏ ညာဘက်တွင် ရှိသော တိုက်ငယ်လေးတစ်လုံးပေါ်သို့ ကျရောက်သွားသည်။ အဆောက်အအုံပေါ်တွင် ‘ဟိကာရီ ပုံနှိပ်လုပ်ငန်း’ ဟု ရေးထားသော ဆိုင်းဘုတ်တစ်ခုကို တွေ့နိုင်သည်။ ၎င်းမှာ ကူဒို ကုနိအာကိ၏ ကုမ္ပဏီဖြစ်သည်။

ဤကုမ္ပဏီ၏ လိပ်စာကို ရရှိရန်မှာ ဘာမျှ အခက်အခဲ မရှိလှ။ ကုစာနာဂိထံမှ ကူဒိုဟူသော နာမည်နှင့် ပုံနှိပ်လုပ်ငန်း လုပ်သည်ဟူသော အချက်အလက်ကို ရရှိပြီဆိုလျှင်ဖြင့် အင်တာနက်ကို အသုံးပြု၍ ပုံနှိပ်လုပ်ငန်းရှင်များ၏ လိပ်စာများကို စုစည်းထားသည့် ဝက်ဆိုက်မှတစ်ဆင့် တိုကျိုရှိ ပုံနှိပ်ကုမ္ပဏီများကို ရွေးထုတ်နိုင်သည်။ ကုမ္ပဏီပိုင်ရှင် နေရာတွင် ကူဒို ဟူသော အမည်ရှိမရှိ တိုက်ရှာကြည့်လိုက်သောအခါ ဟိကာရီကုမ္ပဏီ ဖြစ်ကြောင်း သိလာရသည်။

ယနေ့ ကျောင်းဆင်းသည်နှင့် တစ်ပြိုင်နက် အိရှိဂါမိသည် ကားငှားကုမ္ပဏီသို့ ထွက်လာခဲ့သည်။ ထို့နောက် ကြိုတင်အမှာစာ တင်ထားသည့် ကားကို ငှားရမ်းပြီး ပုံနှိပ်ကုမ္ပဏီ ရှိရာသို့ မောင်းထွက်လာခဲ့သည်။

ကားငှားရသည်မှာ အန္တရာယ်တချို့တော့ ရှိသည်။ ပြန်၍ နောက်ကြောင်းလိုက်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ကောင်းကျိုးဆိုးပြစ်ကို အသေအချာ ဝေဖန်စိစစ်ပြီးမှသာ သူ ငှားရမ်းခဲ့သည်။

ကားပေါ်ရှိ နာရီအရ အချိန်မှာ ညနေ ၅ နာရီ မိနစ် ၅၀ ဖြစ်သည်။ တိုက်ကြီး၏ ပင်မဝင်ပေါက်မှ လူပေါင်းများစွာ ဥဒဟို ဖြတ်သန်းသွားလာနေကြသည်။ ထိုလူများအတွင်းမှ ကူဒိုကို လှမ်းမြင်လိုက်ရသောအခါ အိရှိဂါမိ၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းသွားသည်။

သူသည် ဘေးထိုင်ခုံပေါ်ရှိ ကင်မရာကို လှမ်းယူပြီး ထိုလူအုပ်ရှိရာသို့ ကင်မရာဖြင့် လှမ်းချိန်လိုက်သည်။ ထို့နောက် မှန်ဘီလူးကို ချဲ့နိုင်သမျှ ချဲ့၍ ကူဒို၏ မျက်နှာကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ရန် ဖိုးကပ်ကို ချိန်ညှိလိုက်သည်။

ကူဒိုသည် ယခင်ကအတိုင်း ခေတ်ဆန်စွာ ဝတ်စားဆင်ပြင်ထားသည်။ အိရှိဂါမိ အနေဖြင့် ထိုသို့သော အဝတ်အစားမျိုးကို မည်သည့်နေရာတွင် ဝယ်ယူ၍ ရနိုင်မည် ဆိုသည်ကိုပင် သိသူ မဟုတ်။ သေချာပါသည်။ ထိုသူမှာ ယာစုကို သဘောကျတတ်သော အမျိုးအစားပင် ဖြစ်သည်။ ယာစုကို တစ်ယောက်တည်းတင် က,မည် မထင်။ တစ်လောကလုံးရှိ မိန်းမများအားလုံးက မျက်စိကျလောက်သည့် အသွင်အပြင်ပင် ဖြစ်တော့သည်။ အကယ်၍ သူနှင့် ကူဒို နှစ်ဦးအကြားမှ တစ်ယောက်ယောက်ကို ထိုမိန်းမများအား ရွေးချယ်ခိုင်းမည် ဆိုလျှင် အားလုံးက ကူဒိုကိုသာ ရွေးချယ်ကြမည်သာ။

မနာလိုစိတ်ဖြင့် ကြည့်နေရင်းမှပင် အိရှိဂါမိသည် ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်သည်။ ကင်မရာပေါ်ရှိ ဖလက်မီးကို ပိတ်ထားသည်။ နေမဝင်သေးသောကြောင့် ပတ်ဝန်းကျင်မှာ လင်းလင်းကျင်းကျင်း ရှိနေသေးသည်။ LCD မျက်နှာပြင်ပေါ်တွင် ကူဒို၏ ရုပ်ပုံလွှာက ပြတ်ပြတ်ထင်ထင် ပေါ်နေသည်။

ကူဒိုသည် တိုက်၏ အနောက်ဘက်သို့ လှည့်ဝင်သွားသည်။ ထိုနေရာတွင် ကားရပ်နားကွင်းရှိကြောင်း အိရှိဂါမိ လေ့လာထားပြီး ဖြစ်သည်။ သို့ဖြင့် ကားမောင်းထွက်လာမည့် ကူဒိုကို စောင့်နေရုံသာ။ တစ်ခဏအကြာတွင် အစိမ်းရောင် မာစီဒီးကားတစ်စီး မောင်းထွက်လာသည်။ ကားမောင်းသူမှာ ကူဒို ဖြစ်သည်ကို တွေ့မြင်လိုက်သည်နှင့် အိရှိဂါမိ၏ ကားသည်လည်း စက်နှိုးပြီးသား ဖြစ်နေတော့သည်။

သူသည် မာစီဒီးကား၏ ဘရိတ်မီးကို အထူးအာရုံစိုက်၍ အနောက်မှ တကောက်ကောက် လိုက်လာခဲ့သည်။ သူ့အတွက် ကားမောင်းရသည်မှာ များစွာ အသားကျလှသေးသည် မဟုတ်။ ယခုကဲ့သို့ တခြားကားတစ်စီးကို နောက်ယောင်ခံ လိုက်ရသည်မှာ သူ့အတွက် ပို၍ပင် ခဲယဉ်းနေတော့သည်။ အဆိုးဆုံးမှာ မီးပွိုင့်မှ မီးစိမ်းနှင့် မီးနီအကူးအပြောင်းတွင် ဖြစ်သည်။ သို့သော် ကံကောင်းသည်ဟု ဆိုရမည်။ ကူဒိုသည် ကားကို အဘိုးကြီးတစ်ယောက်ကဲ့သို့ မောင်းနှင်တတ်သူ ဖြစ်သည်။ ကားကို ဖြည်းဖြည်းမှန်မှန်သာ မောင်းတတ်ပြီး မီးဝါတွေ့သည်နှင့် ကားကို ရပ်ပစ်တတ်သည်။

မာစီဒီးကားနှင့် တအား ကပ်လွန်းလျှင်လည်း သတိထားမိသွားမည်ကို စိုးရိမ်ရပြန်သည်။ သို့သော် မတတ်နိုင်တော့။ အဆိုးဆုံး ဖြစ်နိုင်ခြေကို ကြိုတင်တွက်ဆထားပြီး ဖြစ်သောကြောင့် မျက်ခြည်မပြတ်အောင်သာ အနောက်မှ ကပ်လိုက်နေရသည်။

ယခု မောင်းနှင်နေသော လမ်းကြောင်းကို မရင်းနှီးသောကြောင့် အိရှိဂါမိသည် ကားပေါ်ရှိ GPS လမ်းညွှန်မြေပုံကို မပြတ်ကြည့်၍ မောင်းနှင်လာခဲ့သည်။ ကြည့်ရသည်မှာ ကူဒိုသည် ရှီနာဂါဝါဘက်သို့ သွားနေခြင်း ဖြစ်မည်။

လမ်းမကြီးပေါ်ရှိ ကားအရေအတွက်မှာ များသည်ထက် များလာသဖြင့် နောက်ယောင်ခံ လိုက်ရသည့် အလုပ်မှာလည်း ခက်ခဲသည်ထက် ခက်ခဲလာသည်။ တစ်နေရာအရောက်တွင် သူ့ကားသည် မာစီဒီးနှင့် အတော်လေး အလှမ်းကွာသွားသောကြောင့် သူတို့၏ အကြားသို့ ကုန်တင်ကားတစ်စီး ကြားဖြတ် ဝင်ရောက်လာသည်။ သို့ဖြင့် မာစီဒီးကားကို သူ လုံးဝ မမြင်ရတော့ချေ။ အိရှိဂါမိသည် ယာဉ်ကြောပြောင်းရန် စိတ်ကူးနေစဉ်မှာပင် မီးပွိုင့်တွင် မီးနီပေါ်လာသောကြောင့် ကားကို ထိုးရပ်လိုက်ရသည်။ လမ်းဆုံတွင် မီးပွိုင့်စောင့်နေသော ကားဆို၍ သူ့အရှေ့တွင် ကုန်တင်ကားတစ်စီးသာ ရှိသည်။ မာစီးဒီးကား၏ အမြီးကိုပင် မမြင်ရတော့ချေ။

လွတ်ထွက်သွားပြီလော။ အိရှိဂါမိက စိတ်ပျက်လက်ပျက်ဖြင့် တောက်ခေါက်လိုက်သည်။

မီးစိမ်းသွားပြီးနောက် သူသည် ရှေ့သို့ ဆက်မောင်းလာပြီး နောက်ထပ် မီးပွိုင့်တစ်ခု အရောက်တွင် မီးနီကိုစောင့်နေစဉ် ညာဘက်သို့ ချိုးကွေ့ရန် နေရာယူထားသော မာစီဒီးကားတစ်စီးကို တွေ့လိုက်ရသည်။ ကူဒိုပင် ဖြစ်သည်။

ညာဘက်တွင် စားသောက်ဆိုင်တစ်ဆိုင် ရှိပြီး ထိုဆိုင်ထဲသို့ ချိုးဝင်ရန် ဟန်ပြင်ထားသည်။

အိရှိဂါမိသည် တွန့်ဆုတ်မနေဘဲ အနောက်မှ ကပ်လိုက်သွားသည်။ ထိုသို့ ကပ်လိုက်နေခြင်းမှာ သံသယ ဝင်ချင်စရာ ကောင်းနေသော်လည်း သူ့အတွက် ရွေးစရာလမ်း မရှိတော့ပြီ။ နောက်တစ်ကြိမ် အပျောက်ခံ၍ မဖြစ်တော့။

မီးပွိုင့်စိမ်းသည်နှင့် တစ်ပြိုင်နက် မောင်းထွက်သွားသော ကူဒို၏ အနောက်သို့ အိရှိဂါမိက ထက်ကြပ်မကွာ လိုက်ပါသွားသည်။ မာစီဒီးကားသည် စားသောက်ဆိုင်၏ ဝင်ပေါက်ဝကို ဖြတ်၍ မြေအောက် ကားရပ်နားကွင်းသို့ ဦးတည်သွားနေသည်။ အိရှိဂါမိကလည်း အနောက်မှ ကပ်လျက်။

ကူဒိုသည် ပါကင်လက်မှတ်ကို စောင့်ယူနေစဉ် အနောက်ဘက်သို့ လှည့်ကြည့်သည်။ အိရှိဂါမိက ကိုယ်ကို အောက်သို့ လျှောချပြီး အလျင်အမြန် ကွယ်နေလိုက်ရသည်။ ကူဒိုက တစ်စုံတစ်ရာကို ရိပ်မိသွားသောကြောင့်လော မသိ။

ကားရပ်နားကွင်းထဲတွင် ကား များများစားစား မရှိ။ ကူဒိုသည် ကားကို ဝင်ပေါက်နှင့် အနီးဆုံးနေရာတွင် ရပ်လိုက်သည်။ အိရှိဂါမိက မာစီဒီးနှင့် ခပ်လှမ်းလှမ်းတွင် ကားကို ရပ်ထားလိုက်သည်။ သူသည် ကားကို စက်သတ်ပြီး ကင်မရာကို ကောက်ကိုင်လိုက်သည်။

ကားပေါ်မှ ဆင်းလာသော ကူဒို၏ ပုံကို အိရှိဂါမိက အမိအရ ဖမ်းရိုက်လိုက်သည်။ ကူဒိုသည် အိရှိဂါမိ ရှိရာဘက်သို့ လှမ်းကြည့်နေသည်။ သူ သံသယ ဝင်နေပုံရသည်။ အိရှိဂါမိက သူ မမြင်အောင် ကားထဲ ဝပ်နေရပြန်သည်။

ကူဒိုသည် စားသောက်ဆိုင် တံခါးဝသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ သူ့ကို လုံးဝ မမြင်ရသော အခါမှ အိရှိဂါမိက ကားကို စက်ပြန်နှိုးလိုက်သည်။

ဤနှစ်ပုံ ရှိရုံနှင့် လုံလောက်ပြီ။

ကားရပ်နားချိန် တိုတောင်းလှသောကြောင့် ယာဉ်ရပ်နားခလည်း တစ်ပြားမျှ တောင်းခံခြင်း မရှိပေ။ အိရှိဂါမိသည် စတီယာရင်ကို ဂရုတစိုက် ထိန်းကိုင်ရင်း လမ်းကျဉ်းလေးထဲမှ မောင်းထွက်လာခဲ့သည်။

အိရှိဂါမိသည် ထိုဓာတ်ပုံနှစ်ပုံနှင့် အတူတွဲရေးမည့် စာများကို စီကြည့်သည်။ ဦးနှောက်ထဲတွင် ပေါ်လာသော စာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ခင်ဗျားနဲ့ မကြာမကြာ တွဲတွဲနေတဲ့ လူက ဘယ်သူလဲဆိုတာ ကျွန်တော် စုံစမ်းလို့ ရသွားပြီ။ ကျွန်တော် သူ့ဓာတ်ပုံကို ဘာကြောင့် ရိုက်ယူထားသလဲဆိုတာ ခင်ဗျား သဘောပေါက်မှာပေါ့။ ကျွန်တော် ခင်ဗျားကို မေးပါရစေဦး။ အဲဒီလူနဲ့ ခင်ဗျားက ဘယ်လို ပတ်သက်နေတာလဲ။ ခင်ဗျားတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက သမီးရည်းစားအဆင့်ပါ ဆိုရင်တော့ ခင်ဗျား ကျွန်တော့်ကို ရက်ရက်စက်စက် သစ္စာဖောက်လိုက်တာပဲ။ ခင်ဗျားအတွက် ကျွန်တော် ဘာတွေ လုပ်ပေးခဲ့သလဲဆိုတာ ခင်ဗျား နည်းနည်းလေးမှ သတိမရတော့ဘူးလား။ ခင်ဗျားကို ကျွန်တော် ဒီကိစ္စမှာ အမိန့်ပေးပိုင်ခွင့် ရှိတယ်လို့ ကျွန်တော် ယူဆတယ်။ ခင်ဗျား အဲဒီလူနဲ့ ချက်ချင်း အဆက်အသွယ် ဖြတ်ပါ။ အဲဒီလို မလုပ်ခဲ့ရင်တော့ ကျွန်တော့်အဆိုး မဆိုပါနဲ့။ အဲဒီလူကို တိုဂါရှိလို ဇာတ်သိမ်းသွားအောင် လုပ်လိုက်ဖို့ရာ ကျွန်တော့်အတွက် နည်းနည်းလေးမှ အခက်အခဲ မရှိဘူး။ အဲဒီလို လုပ်နိုင်ဖို့ အားလုံး အဆင်သင့် ဖြစ်နေသလို အချိန်မရွေးလည်း လုပ်လိုက်လို့ ရတယ်။ နောက်တစ်ခေါက် ထပ်ပြောပါရစေ။ တကယ်လို့ ခင်ဗျားသာ အဲဒီလူနဲ့ သမီးရည်းစား ဆက်ဆံရေးမျိုး ရှိနေခဲ့ရင် အဲဒီလို သစ္စာဖောက်မှုမျိုးကို ကျွန်တော် နည်းနည်းမှ သည်းခံနေမှာ မဟုတ်ဘူး။ ကျွန်တော် မဖြစ်ဖြစ်တဲ့နည်းနဲ့ လက်စားချေရပါလိမ့်မယ်။

အိရှိဂါမိသည် ထိုစကားလုံးများကို နောက်တစ်ကြိမ် ပြန်ရွတ်ကြည့်နေမိသည်။ ထိုစကားလုံးများသည် အမှန်ပင် ခြိမ်းခြောက်နိုင်စွမ်း ရှိပါ၏လော။ သူ တွေးနေမိသည်။

မီးပွိုင့် စိမ်းသွားပြီ။ အိရှိဂါမိသည် စားသောက်ဆိုင် အပေါက်ဝမှ ထွက်ခွာရန် ဟန်ပြင်နေစဉ်မှာပင် လမ်းပေါ်မှ တစ်စုံတစ်ရာကို မြင်၍ မျက်လုံးများ ပြူးကျယ်သွားသည်။

မျဉ်းကျားပေါ်မှတစ်ဆင့် လမ်းဖြတ်ကူး၍ စားသောက်ဆိုင်သို့ တန်းတန်းမတ်မတ် လျှောက်လာနေသော အမျိုးသမီးတစ်ယောက်။

ဟာနာအိုကာ ယာစုကို။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *