မာတိကာကြည့်ရန်

အခန်း (၁၀)

ညနေ ၆ နာရီ ကျော်ကျော်တွင် အစိမ်းရောင် မာစီဒီးကားတစ်စီးသည် ကွန်ဒိုတိုက်တစ်လုံး၏ မြေအောက်ယာဉ်ရပ်ကွင်းထဲသို့ မောင်းဝင်သွားသည်။ ၎င်းမှာ ကူဒို ကုနိအာကိ၏ ကားဖြစ်ကြောင်း ကုစာနာဂိက စုံစမ်းထားပြီး ဖြစ်သည်။ ကွန်ဒို၏ မျက်နှာချင်းဆိုင်ရှိ ကော်ဖီဆိုင်တွင် တစ်ချိန်လုံး ထိုင်စောင့်ကြည့်နေခဲ့သော ကုစာနာဂိသည် ကော်ဖီနှစ်ခွက်အတွက် ကျသင့်ငွေကို စားပွဲပေါ်တင်ပြီး ထိုင်ရာမှ ချက်ချင်း ထထွက်လာသည်။ ဒုတိယမြောက် ကော်ဖီကို သူ တစ်ငုံသာ သောက်ရသေးသည်။

ကုစာနာဂိသည် ခြေလှမ်းကျဲကျဲဖြင့် လမ်းမကို ဖြတ်ကူးပြီး ယာဉ်ရပ်နားကွင်း ရှိရာသို့ လျှောက်လာခဲ့သည်။ ကွန်ဒို၏ မြေညီထပ်နှင့် မြေအောက်ထပ် နှစ်ထပ်စလုံးတွင် ဝင်ပေါက်များ ရှိကြပြီး နှစ်ပေါက်စလုံးမှာ အလိုအလျောက် အဖွင့်အပိတ်စနစ်ကို အသုံးပြုထားသည်။ ကိုယ်ပိုင်ကား ရှိသူများအတွက်မူ မြေအောက်ထပ် ဝင်ပေါက်က ပို၍ အဆင်သင့်သည်။ ကုစာနာဂိသည် ကူဒိုအား တိုက်ပေါ်သို့ ဝင်ရောက် ပျောက်ကွယ်မသွားခင် အမီ တားထားနိုင်မှ ဖြစ်မည်။ အကယ်၍ အိမ်ခန်းထဲသို့ ရောက်ပြီးကာမှ ကူဒိုကို အင်တာကွန်းဖြင့် ဆက်သွယ်ရမည် ဆိုလျှင် သူ မည်သူမည်ဝါ ဖြစ်ကြောင်း ကြိုတင် အသိပေးရပေတော့မည်။ ထိုသို့ဆိုလျှင် ကူဒိုအတွက် ကြိုတင်ပြင်ဆင်ချိန်များ စီစဉ်ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ကို သူ စိုးရိမ်သည်။

ကံကောင်းထောက်မစွာဖြင့် ကုစာနာဂိသည် တံခါးဝသို့ ဦးစွာ ရောက်သွားနိုင်ခဲ့သည်။ နံရံကို လက်ထောက်မှီလျက် အမောဖြေနေစဉ်မှာပင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော ကူဒိုသည် အလုပ်သေတ္တာကို ကိုင်လျက် သူ့အနားမှ ဖြတ်လျှောက်သွားသည်။

ကူဒိုသည် သော့တစ်ချောင်းကို အိတ်ထဲမှ ဆွဲထုတ်ပြီး တံခါးဝရှိ သော့ပေါက်ထဲသို့ ထိုးထည့်ရန် ဟန်ပြင်လိုက်စဉ် ကုစာနာဂိသည် နောက်ကျောဘက်မှ နေ၍ သူ့ကို လှမ်းခေါ်လိုက်သည်။

“မင်္ဂလာပါ မစ္စတာကူဒို”

ကူဒိုသည် ခါးကို ပြန်မတ်ပြီး သော့ကို ပြန်ဆွဲနုတ်လိုက်သည်။ သူသည် တစ်ဘက်သို့ လှည့်ပြီး ကုစာနာဂိကို လှမ်းကြည့်သည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်းအံ့ဩသည့် အမူအရာမျိုး တွေ့နေရသည်။ “ဟုတ်ကဲ့”

ကုစာနာဂိက သူ၏ ရဲသက်သေခံ ကတ်ပြားကို ထုတ်ပြလိုက်သည်။ “အခုလို အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်။ ကျွန်တော်က ရဲဌာနကပါ။ ကျွန်တော့်ကို အကူအညီ နည်းနည်း ပေးနိုင်မလားလို့”

“ရဲဌာနက …” ကူဒိုက ခပ်တိုးတိုး ရေရွတ်နေသည်။ သူ့မျက်လုံးများကို ကျုံ့လျက်။

ကုစာနာဂိက ခေါင်းညိတ်ပြသည်။ “ဟုတ်ကဲ့။ မစ္စဟာနာအိုကာ ယာစုကိုအကြောင်း နည်းနည်း မေးချင်လို့ပါ”

ယာစုကို ဟူသော အမည်ကို ကြားလိုက်ရသည့်အခါတွင် ကူဒို မည်သို့ ဖြစ်ပျက်သွားမည်နည်း။ ကုစာနာဂိက သူ့ကို အကဲခတ်နေမိသည်။ အကယ်၍ တအံ့တဩ ဖြစ်သွားသော အမူအရာကို သူ့မျက်နှာပေါ်တွင် တွေ့မြင်ရလျှင် သို့မဟုတ် ကြောင်အမ်းအမ်း ဖြစ်သွားလျှင် သူ့ကို မူမမှန်ဟု ယူဆရပေတော့မည်။

ကူဒိုက မျက်မှောင်ကြုတ်လျက် ခေါင်းကို လေးလေးပင်ပင်ကြီး ညိတ်လိုက်သည်။ “ရပါတယ်။ ကျွန်တော့်အိမ်ပေါ်မှာ ပြောမလား။ ဒါမှမဟုတ် ကော်ဖီဆိုင်လို နေရာမျိုးမှာ ပိုအဆင်ပြေမလား”

“အဆင်ပြေမယ်ဆိုရင် ခင်ဗျား အိမ်ပေါ်မှာပဲ ပြောကြတာပေါ့”

“ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အိမ်ကတော့ ရှုပ်ပွနေတယ်။ နည်းနည်းတော့ သည်းခံပေးပါ”

အိမ်ခန်းထဲသို့ ရောက်ရှိသွားသောအခါ ကုစာနာဂိ ကြိုတင်တွေးဆထားသကဲ့သို့ များစွာ ရှုပ်ပွနေခြင်း မရှိ။ ထို့အပြင် မထင်မှတ်ထားလောက်အောင် ရိုးရှင်းနေသည်။ အခန်းတွင်းရှိ ဗီဒိုများမှာ နံရံအတွင်းသို့ မြှုပ်ထားသော ဗီဒိုများ ဖြစ်ပြီး အခန်းတွင်းတွင် နှစ်ယောက်ထိုင် ဆိုဖာတစ်လုံးနှင့် တစ်ယောက်ထိုင် ဆိုဖာတစ်လုံးမှ အပ မည်သည့် အပိုပစ္စည်းမျှ မရှိဘဲ ရှင်းလင်းနေသည်။ ကူဒိုက နှစ်ယောက်ထိုင် ဆိုဖာကို လက်ညှိုးညွှန်ပြီး ကုစာနာဂိအား ထိုခုံပေါ်တွင် ထိုင်စေသည်။

“အပူ သောက်မလား၊ အအေး သောက်မလား” ကူဒိုက အပေါ်ဝတ်အင်္ကျီကို မချွတ်သေးဘဲ လှမ်းမေးနေသည်။

“နေပါစေတော့။ ကျွန်တော် မေးစရာရှိတာ မေးပြီးတာနဲ့ ပြန်မှာပါ”

“ဟုတ်ကဲ့” ထိုသို့ အလိုက်သင့် ပြန်ဖြေလိုက်သော်လည်း ကူဒိုသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ဖန်ခွက်နှစ်ခွက်နှင့် ဝူးလုံလက်ဖက်ရည်တစ်ဘူး သယ်ယူလာသည်။

“စိတ်မရှိပါနဲ့ဗျာ။ ခင်ဗျားရဲ့ အိမ်သားတွေကရော” ကုစာနာဂိက မေးသည်။

“ဇနီးသည်ကတော့ မနှစ်ကပဲ ဆုံးသွားတယ်။ သားကတော့ ကျွန်တော့်မိဘအိမ်မှာ နေနေပါတယ်” ကူဒိုက အေးဆေးသော လေသံဖြင့် ပြန်ဖြေသည်။

“အခု ခင်ဗျားတစ်ယောက်တည်း နေနေတာပေါ့”

“ဟုတ်တယ်” ကူဒိုက ပြောသည်။ သူ၏ အမူအရာမှာလည်း နူးညံ့တည်ငြိမ်နေသည်။ သူသည် ဝူးလုံလက်ဖက်ရည်ကို ဖန်ခွက်နှစ်ခွက်ထဲသို့ ငှဲ့ထည့်ပြီး တစ်ခွက်ကို ကုစာနာဂိ၏ အရှေ့သို့ ချပေးသည်။ “ခင်ဗျား ဒီနေ့ လာရတဲ့ အကြောင်းအရင်းက …… တိုဂါရှိရဲ့ အမှုနဲ့ ဆိုင်မယ် ထင်တယ်”

ကုစာနာဂိသည် လက်ဆန့်၍ ဖန်ခွက်ကို လှမ်းယူနေစဉ် မေးခွန်းကို ကြားလိုက်ရသောကြောင့် လက်ကို ပြန်ရုပ်လိုက်သည်။ တစ်ဘက်လူက ပေါ်ပေါ်ထင်ထင် မေးလာပြီ ဆိုမှဖြင့် သူ့အနေနှင့်လည်း စကားပလ္လင် ခံနေဖို့ မလိုတော့ပြီ။

“ဟုတ်ပါတယ်။ မစ္စဟာနာအိုကာ ယာစုကိုရဲ့ ခင်ပွန်းဟောင်း အသတ်ခံရမှုနဲ့ ပတ်သက်နေပါတယ်”

“သူ့မှာ ဘာအပြစ်မှ မရှိပါဘူး”

“ဟုတ်လား”

“ဟုတ်တယ်လေ။ သူတို့က ကွာရှင်းထားကြပြီးသား။ ပြီးတော့ ဘာ အဆက်အသွယ်မှလည်း မရှိကြဘူး။ သူက အဲဒီလူကို ဘာအကြောင်းပြချက်နဲ့ သတ်ပစ်ချင်ရမှာလဲ”

“ဒါပေါ့။ ကျွန်တော်တို့လည်း ယေဘုယျအားဖြင့် အဲဒီလိုပဲ တွေးမိပါတယ်”

“ယေဘုယျအားဖြင့် ဆိုတာ ဘာအဓိပ္ပာယ်လဲဗျ”

“လောကမှာ လင်မယား ပေါင်းစုံ ရှိတယ်ဗျ။ ကွာရှင်းသွားကြတဲ့ စုံတွဲတွေလည်း မနည်းဘူး။ ခက်တာက သူတို့အားလုံးဟာ ပုံစံတစ်မျိုးတည်းနဲ့ ကွာရှင်းသွားကြတာ မဟုတ်ဘူး။ တကယ်လို့သာ အဆင်မပြေကြတဲ့ စုံတွဲတိုင်းဟာ ရှင်းရှင်းပြတ်ပြတ် ကွာရှင်းနိုင်သွားကြပြီးတော့ လောကအလယ်မှာ သူစိမ်းတွေအဖြစ်နဲ့ ဘယ်လိုမှ ပြန်ဆုံနိုင်စရာ အကြောင်း မရှိကြတော့ဘူး ဆိုရင် ဒီကမ္ဘာကြီးမှာ လင်တရူးတွေ၊ မယားတရူးတွေ ရှိလာစရာအကြောင်း မရှိတော့ဘူး။ ဝမ်းနည်းစရာ ကောင်းတာက လောကမှာ အဲဒီလို လူမျိုးတွေ ရှိနေသေးတယ်ဗျ။ တစ်ခါတလေမှာ တစ်ဘက်လူက ဆက်ဆံရေးကို တစ်ဘက်သတ် ဖြတ်တောက်ပစ်လိုက်ပေမယ့် နောက်တစ်ဘက်က အဲဒီလို ဆန္ဒ ရှိမနေဘူး။ တရားဝင် ကွာရှင်းပြီးပြီ ဆိုတာတောင် တန်းတန်းစွဲ ဖြစ်နေကြတဲ့ သူတွေ ရှိနေသေးတယ်”

“တိုဂါရှိနဲ့ မတွေ့ဖြစ်တာကြာပြီလို့ သူက ပြောတယ်” ကူဒိုက သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။

“ခင်ဗျားနဲ့ မစ္စဟာနာအိုကာတို့က အခုဖြစ်သွားတဲ့ လူသတ်မှုအကြောင်းကို ပြောခဲ့ကြဖူးသလား”

“ပြောဖူးတယ်။ ကျွန်တော်က အဲဒီကိစ္စအတွက် စိတ်ပူလို့ သူ့ကို သွားတွေ့တာပဲ”

ဤအချက်မှာ ဟာနာအိုကာ ယာစုကို ပြောခဲ့သည့်စကားနှင့် ကိုက်ညီနေသည်။

“ခင်ဗျားက မစ္စဟာနာအိုကာကို အတော် ဂရုစိုက်တာပဲဗျ။ ကြည့်ရတာ လူသတ်မှု မဖြစ်ခင်ကတည်းက ဂရုစိုက်ခဲ့ပုံပဲ”

“ဂရုစိုက်တယ် … ခင်ဗျား ဘာကို ဆိုလိုချင်သလဲ ဆိုတာ ကျွန်တော် နားမလည်ဘူး။ ကျွန်တော့်ကို အိမ်အထိ လာရှာတယ် ဆိုကတည်းက သူနဲ့ ကျွန်တော်ရဲ့ ခင်မင်မှု အတိုင်းအတာကို ခင်ဗျား သိထားပြီးလို့ပဲ နေမှာပေါ့။ ကျွန်တော်က သူ အရင် အလုပ်လုပ်ခဲ့တဲ့ ဘားဆိုင်ရဲ့ ဖောက်သည်လေ။ ပြီးတော့ သူ့ ခင်ပွန်းဟောင်းနဲ့လည်း မတော်တဆ ဆုံခဲ့ကြဖူးတယ်။ အဲဒီအချိန်က စပြီး တိုဂါရှိဆိုတဲ့ နာမည်ကို သိနေခဲ့ရတာပဲ။ သတင်းတွေထဲ လူသတ်မှုအကြောင်းကို ကြေညာတဲ့အခါမှာ မစ္စတာတိုဂါရှိရဲ့ ဓာတ်ပုံကအစ ထုတ်ပြန် ကြေညာတာဆိုတော့ ကျွန်တော်လည်း အတော်လေး စိတ်ပူသွားတာနဲ့ သူရဲ့ အခြေအနေကို သွားစုံစမ်းကြည့်ဖြစ်တာပဲ”

“ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဖောက်သည်လို့ ပြောနေပေမယ့် တော်ရုံ ဖောက်သည်ကတော့ ဒီလောက်အထိ လုပ်နိုင်လိမ့်မယ် မထင်ဘူးဗျ။ မစ္စတာကူဒိုက ကုမ္ပဏီသူဌေးဆိုတော့ ခင်ဗျားမှာ အလုပ်တွေက လက်မလည်အောင် ရှုပ်နေမှာပဲလေ” ကုစာနာဂိက ခနဲ့တဲ့တဲ့ လေသံဖြင့် တမင်လုပ်၍ မေးလိုက်သည်။ ထိုသို့သော စကားမျိုးကို လုပ်ငန်းလိုအပ်ချက်အရ မကြာမကြာ မဖြစ်မနေ ပြောဆိုနေရသော်လည်း သူ၏ ပင်ကိုစိတ်ရင်းအားဖြင့် ထိုသို့ ပြောချင်သည့် ဆန္ဒမရှိပေ။

ကုစာနာဂိ၏ တိုက်ကွက်ကြောင့် အခြေအနေမှာ တစ်မူထူးခြားလာသည်။ ကူဒို၏ မျက်နှာမှာ နီရဲလာလေသည်။ “နေပါဦးဗျ။ ခင်ဗျားက ဟာနာအိုကာ ယာစုကိုရဲ့ အကြောင်းကို မေးနေတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကျွန်တော့်ဘက် မြားဦး လှည့်လာရတာလဲ။ ဘာလဲ။ ခင်ဗျားက ကျွန်တော့်ကိုပါ တရားခံပါလို့ သံသယ ဝင်နေတာလား”

ကုစာနာဂိက မျက်နှာကို အချိုသာဆုံး ပြုံးလိုက်ပြီး လက်ကို ခါယမ်းနေသည်။ “မဟုတ်ရပါဘူးဗျာ။ ပြောမှားဆိုမှားရှိရင် ကျွန်တော် တောင်းပန်ပါတယ်။ ခင်ဗျားနဲ့ မစ္စဟာနာအိုကာနဲ့က သိပ်ရင်းနှီးလွန်းနေတယ်လို့ သတိထားမိတာကြောင့် တစ်ခွန်းတလေ မေးလိုက်မိတာပါ”

ကုစာနာဂိက ထိုစကားကို တတ်နိုင်သမျှ ညင်သာစွာ ပြောလိုက်သော်လည်း ကူဒို၏ မျက်လုံးများမှာ ပို၍ ဝင်းတောက်လာသည်။ သူက သက်ပြင်းကို တစ်ချက် မှုတ်ထုတ်ပြီး ခေါင်းညိတ်လိုက်သည်။ “အခုလို ဝေ့လည်ကြောင်ပတ် လုပ်နေရတာကို ကျွန်တော် နည်းနည်းမှ သဘောမကျဘူး။ ကျွန်တော် ခင်ဗျားကို ရှင်းရှင်းပဲ ပြောမယ်ဗျာ။ ကျွန်တော် သူ့ကို သဘောကျနေတယ်။ မေတ္တာရှိနေတယ်။ လူသတ်မှု အကြောင်းကို ကြားလိုက်တာနဲ့ ‘ဒါ သူ့ကို ချဉ်းကပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ’ ဆိုပြီး ကျွန်တော် သူ့ကို ချက်ချင်း သွားတွေ့ခဲ့တယ်။ ကဲ … ဒီလောက်ဆို ခင်ဗျား ကျေနပ်ပြီမလား”

ကုစာနာဂိက သရော်တော်တော် ပြုံးလိုက်မိသည်။ ဟန်ဆောင်ပြုံး မဟုတ်။ အလုပ်သဘောအရ ပြုံးရသော အပြုံးမျိုးလည်း မဟုတ်။ ရင်ထဲမှ လာသော အပြုံး။ “ခင်ဗျား ဒီလောက်ကြီးလည်း ဖြစ်နေဖို့ မလိုပါဘူးဗျာ”

“ခင်ဗျားက အဲဒီလိုစကားမျိုး ကြားချင်နေတာပဲ မဟုတ်ဘူးလား”

“ကျွန်တော်က ဟာနာအိုကာ ယာစုကိုရဲ့ လူမှုအသိုင်းအဝိုင်းကို နားလည်ဖို့ ကြိုးစားကြည့်နေတာပါ”

ကူဒိုက သူ့ခေါင်းကို ခါယမ်းနေသည်။ “အဲဒါကိုတော့ ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်တော့ဘူး။ ရဲဌာနက ဘာဖြစ်လို့ သူ့ကို သံသယ ဝင်နေရတာလဲ”

“အလုပ်ကြံမခံရခင် တစ်ပတ်အလိုမှာ မစ္စတာတိုဂါရှိဟာ မစ္စဟာနာအိုကာရဲ့ သတင်းကို စုံစမ်းနေခဲ့တယ်။ ဒါကြောင့် အသတ်မခံရခင်မှာ သူတို့နှစ်ယောက် ဆုံဖြစ်ကြလိမ့်မယ်လို့ ယူဆရတယ်” ကူဒိုအား ထိုအကြောင်းကို ပြောပြခြင်းဖြင့် ဘာမျှ ပြဿနာ ရှိနိုင်မည် မဟုတ်ကြောင်း ကုစာနာဂိက သုံးသပ်မိသည်။

“ဒါနဲ့ပဲ သူက မစ္စတာတိုဂါရှိကို သတ်လိုက်တယ်လို့ ခင်ဗျားတို့က ယူဆကြရောလား။ ခင်ဗျားတို့ ရဲတွေရဲ့ အတွေးက တစ်ဘက်သတ် ဆန်လွန်းမနေဘူးလားဗျာ” ကူဒိုက နှာမှုတ်ပြီး ပခုံးကို တွန့်လိုက်သည်။

“ကျွန်တော်တို့က မစ္စဟာနာအိုကာ တစ်ယောက်တည်းကို ရွေးပြီး သံသယ ဝင်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်ထိ သူ့ကို သံသယစာရင်းထဲကနေ မဖယ်ထုတ်နိုင်သေးဘူး။ သူ ကိုယ်နှိုက်က အပြစ်ကင်းနေတယ် ဆိုရင်တောင်မှ သူ့အနားမှာ အမှုအတွက် အရေးပါတဲ့ လူတစ်ယောက်ယောက်တော့ ရှိနေနိုင်တယ်”

“သူ့အနားမှာ …” ကူဒို၏ မျက်ခုံးများ ပင့်တက်သွားကြသည်။ ထို့နောက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားဟန်ဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်နေလေသည်။ “ဒါကြောင့်ကိုး”

“ဗျာ”

“ခင်ဗျားရဲ့ သဘောက သူဟာ သူ့ခင်ပွန်းဟောင်းကို သတ်ပေးဖို့ လူတစ်ယောက်ယောက်ကို အကူအညီ တောင်းခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်လား။ ကျွန်တော်က သံသယတရားခံစာရင်းရဲ့ ထိပ်ဆုံးကလူပဲ ဆိုပါတော့”

“ကျွန်တော် အဲဒီလို မပြောဘူးနော် ….” ကုစာနာဂိသည် စကား၏ အဆုံးသတ်ကို တမင်သက်သက် တိမ်ဝင်သွားအောင် ပြောလိုက်ပြီး ကူဒိုဘက်မှ ထွက်ကျလာမည့် အဖြေကို ငံ့လင့်နေသည်။

“ဒီလိုသာဆိုရင် ကျွန်တော့်အပြင် တခြား လူအတော်များများကိုလည်း ကျွန်တော့်လို စစ်လားဆေးလား လုပ်ဖို့ လိုဦးမှာပဲ။ သူ့ကို သဘောကျနေတဲ့ လူတွေက နည်းတာမှ မဟုတ်တာ။ သူကလည်း ဒီလောက် လှနေတာကိုးဗျာ။ ယိုနာဇာဝါ လင်မယား ပြောတာ ကျွန်တော် ကြားဖူးတယ်။ အခုချိန်ထိတောင် တချို့လူတွေက သူ့မျက်နှာကို မြင်ချင်လို့ တကူးတက ဈေးလာဝယ်တတ်ကြသေးတာတဲ့။ အဲဒီလို လူမျိုးတွေကိုရော ခင်ဗျားတို့ သွားမရှာတော့ဘူးလား”

“တကယ်လို့သာ နာမည်နဲ့ ဆက်သွယ်ရမယ့် လိပ်စာကို သိမယ်ဆိုရင် ဘယ်ချန်ထားလိမ့်မလဲဗျာ။ ဘယ်သူတွေလဲ ဆိုတာ ခင်ဗျား သိလို့လား”

“ဟင့်အင်း၊ မသိပါဘူး။ ကျွန်တော် ဘယ်တုန်းကမှ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ အလုပ်မျိုး မလုပ်တတ်ဘူး” ကူဒိုက တစ်စုံတစ်ရာကို လက်ဖြင့် ခါထုတ်နေသည့်နှယ် လက်ကို ခါနေသည်။ “အဲဒီလို တစ်ယောက်စီ တစ်ယောက်စီတိုင်းကို ခင်ဗျား လိုက်မေးနေလည်း အလုပ်ပိုပဲ ဖြစ်နေမှာ။ သူက အဲဒီလို မိုက်မိုက်ကန်းကန်း လုပ်မယ့် သူမျိုး မဟုတ်ဘူး။ သူ အဲဒီလောက်လည်း မရက်စက်တတ်သလို အဲဒီလောက်လည်း အ,မနေဘူး။ ကြုံတုန်း ပြောရဦးမယ်။ ကိုယ်ကြိုက်တဲ့ မိန်းမတစ်ယောက်က တောင်းဆိုလာလို့ သူ့အလိုကျ လူသတ်ပေးရလောက်အောင် ကျွန်တော်လည်း အဲဒီလောက် အ,မနေဘူးဗျ။ မစ္စတာ ….. ကုစာနာဂိ၊ ဒါ ခင်ဗျားနာမည် ဟုတ်ပါတယ်နော်။ စိတ်မကောင်းပါဘူး။ ဒီနေ့တော့ ခင်ဗျားအတွက် ဘာမှ အလုပ်ဖြစ်လိမ့်မယ် မထင်ဘူး” ကူဒိုသည် စကားများကို အားရပါးရ ပြောပြီးနောက် မတ်တတ်ထရပ်လိုက်သည်။ ‘ခင်ဗျား ပြန်ပေတော့’ ဟူသည့် သဘော။

ကုစာနာဂိသည် ဆိုဖာမှ ထရပ်လိုက်သည်။ လက်ထဲတွင် မှတ်စုစာအုပ်နှင့် ဘောပင်ကို ကိုင်မြဲ ကိုင်ထားလျက်။ “မတ်လ ၁၀ ရက်နေ့က ခင်ဗျား အလုပ်မှာပဲလား”

မမျှော်လင့်ထားသော မေးခွန်းကြောင့် ကူဒို၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာမှာလည်း တင်းမာလာသည်။ “ဒါကတော့ အလီဘိုင်ကို လိုချင်လို့ ထင်ပါရဲ့”

“အဲဒီသဘောပါပဲ” ကုစာနာဂိအနေဖြင့် ဖုံးဖိနေဖို့ မလိုအပ်တော့ပြီ။ ကူဒိုက အမျက်ဒေါသ ခြောင်းခြောင်းထွက်နေပြီ မဟုတ်ပါလား။

“ဒါဆို ခဏစောင့်ပါဦး” ကူဒိုသည် သူ၏ အလုပ်သေတ္တာကို ဖွင့်ပြီး မှတ်စုစာအုပ် အထူတစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ စာရွက်များကို တဖျပ်ဖျပ် လှန်ပြီးနောက် သက်ပြင်း ရှိုက်လိုက်သည်။ “အဲဒီနေ့အတွက် ဘာမှ ထူးထူးခြားခြား ရေးထားတာ မရှိဘူး ဆိုတော့ ခါတိုင်းလိုပဲ အလုပ်သွားတာ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ ကုမ္ပဏီက ၆ နာရီလောက်မှာ အလုပ်နားတယ်။ မယုံဘူးဆိုရင် ကျွန်တော့်ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်ယောက်ကို သွားမေးနိုင်ပါတယ်”

“ကုမ္ပဏီကနေ ပြန်လာပြီးတော့ရော”

“ကျွန်တော် ခင်ဗျားကို ပြောပြီးသားပဲ။ ဒိုင်ယာရီထဲမှာ ဘာမှ ရေးမထားဘူး ဆိုတော့ ထုံးစံအတိုင်း အိမ်ပြန်လာပြီး တစ်ခုခု စား၊ ပြီးတော့ အိပ်ရုံ ရှိတာပေါ့။ ဒီမှာက ကျွန်တော်တစ်ယောက်တည်း ရှိတာဆိုတော့ မျက်မြင်သက်သေတော့ ရှိမှာ မဟုတ်ဘူး”

“အဲဒီနေ့မှာ ဘာလုပ်ခဲ့သလဲ ဆိုတာ ဒီထက်ပိုပြီး စဉ်းစားပေးလို့ ရမလား။ ကျွန်တော်တို့အတွက်ကလည်း သံသယတရားခံ နည်းလေ၊ အလုပ်ရှုပ် သက်သာလေပါဗျာ”

ကူဒို၏ အမူအရာက စိတ်ရှည်တော့ဟန် မရှိ။ သူ၏ ဒိုင်ယာရီစာအုပ်ကို နောက်တစ်ကြိမ် စိုက်ကြည့်နေပြန်သည်။ “၁၀ ရက်နေ့ …. ဟုတ်တာပေါ့။ အဲဒီနေ့ပဲ ….” သူက ရေရွတ်နေသည်။

“ဘာဖြစ်ခဲ့လို့လဲ”

“ကျွန်တော်ရဲ့ ဖောက်သည်တစ်ယောက်ဆီ အဲဒီနေ့က သွားတာ။ ညနေပိုင်းမှာပေါ့။ သူက ကျွန်တော့်ကိုတောင် အသားကင်ကျွေးလိုက်သေးတယ်”

“အချိန်ကို မမှတ်မိဘူးလား”

“အတိအကျတော့ မမှတ်မိတော့ဘူး။ ည ၉ နာရီလောက်အထိ အတူ ထိုင်စားဖြစ်ကြတယ်။ အဲဒီနောက်တော့ ကျွန်တော် အိမ်ပြန်လာတာပဲ။ ကျွန်တော်နဲ့ တွေ့တဲ့လူက သူပဲ” ကူဒိုသည် ဒိုင်ယာရီစာအုပ်ကြားတွင် ညှပ်ထားသော လိပ်စာကတ်ကို လှမ်းပေးလိုက်သည်။ ဒီဇိုင်းကုမ္ပဏီမှ လူတစ်ဦး ဖြစ်သည်။

“ကျေးဇူးပါပဲ” ကုစာနာဂိသည် ဦးညွတ်လိုက်ပြီး တံခါးပေါက်သို့ ထွက်လာခဲ့သည်။

သူ ဖိနပ်စီးနေစဉ် ကူဒိုထံမှ အသံထွက်ပေါ်လာသည်။ “ခင်ဗျားတို့က သူ့ကို ဘယ်လောက်ကြာကြာအထိ စောင့်ကြည့်နေကြဦးမှာလဲ”

ကုစာနာဂိက ကူဒိုကို လှမ်းကြည့်လိုက်သည်။ ကူဒိုက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ဆက်ပြောသည်။ “ခင်ဗျားတို့ သူ့ကို စောင့်ကြည့်နေလို့ပဲ ကျွန်တော်တို့နှစ်ယောက် အတူတူ ဆုံခဲ့တာကို တွေ့သွားတာ မဟုတ်လား။ ကျွန်တော်တို့ သွားတဲ့ နေရာကိုလည်း နောက်ယောင်ခံလိုက်ဦးမှာ သေချာသလောက်ပဲ”

ကုစာနာဂိက ခေါင်းကုတ်နေသည်။ “ခင်ဗျား ပြောသလိုပါပဲ”

“ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ခင်ဗျားတို့ သူ့ကို ဘယ်လောက်ကြာကြာ စောင့်ကြည့်နေကြဦးမှာလဲ”

ကုစာနာဂိက သက်ပြင်းချလိုက်သည်။ သူက ဟန်ဆောင်ပန်ဆောင်လည်း ပြုံးမနေချင်တော့။ ကူဒိုကို စိုက်ကြည့်လိုက်သည်။ “အဲဒီလို လုပ်ဖို့ မလိုအပ်တော့တဲ့ အချိန်ထိပေါ့”

ကူဒိုက တစ်စုံတစ်ခု ပြောချင်နေသေးပုံ ရသည်။ သို့သော် ကုစာနာဂိသည် အခန်းပြင်သို့ ချက်ချင်း လှည့်ထွက်လာခဲ့သည်။

ကွန်ဒိုမှ ထွက်လာပြီးနောက် ကုစာနာဂိသည် တက္ကစီတစ်စီးကို ငှားလိုက်သည်။ “အမ်ပီရီယယ်တက္ကသိုလ်ကို မောင်းဗျာ”

ကားဆရာက ခေါင်းညိတ်ပြပြီး ကားကို စတင်မောင်းနှင်လေသည်။ ကုစာနာဂိသည် မှတ်စုစာအုပ်ကို ဖွင့်ပြီး အထဲမှ သူကိုယ်တိုင် ရေးခြစ်ထားသော မှတ်စုများကို ကြည့်ရင်း ကူဒိုနှင့် ပြောခဲ့သမျှတို့ကို ပြန်လည် တွေးနေမိသည်။ ကူဒို၏ အလီဘိုင်ကို စစ်ဆေးကြည့်ရန် လိုအပ်လိမ့်မည်ဟု သူ ယူဆသည်။ သို့သော် ရလဒ်ကို သူ၏ စိတ်ထဲမှ ကြိုသိနေသည်။

ထိုသူသည် ဤအမှုနှင့် ဘာမျှ မသက်ဆိုင်။ သူ့စကားများသည် အမှန်များသာ ဖြစ်ရပေမည်။

ထို့အပြင် ကူဒိုသည် ဟာနာအိုကာ ယာစုကိုကို မေတ္တာစစ် သက်ဝင်နေသည်။ သူ ထောက်ပြခဲ့သကဲ့သို့ ဟာနာအိုကာ ယာစုကိုအား ကူညီချင်သည့်သူ အတော်များများပင် ရှိနိုင်လိမ့်မည်။

အမ်ပီရီယယ်တက္ကသိုလ်၏ တံခါးမကြီးမှာ ပိတ်ထားလေပြီ။ ဟိုနားဒီနားတွင် မီးရောင်တချို့ ရှိနေသောကြောင့် လုံးဝ မှောင်မိုက်နေသည်တော့ မဟုတ်။ သို့သော် အမှောင်ထုထဲရှိ တက္ကသိုလ်ကြီးကို ကြည့်ရသည်မှာ ဝေဝေဝါးဝါးနှင့် မှော်ဆန်နေသည်။ ကုစာနာဂိသည် မလွယ်ပေါက်မှ ဝင်သွားပြီး လုံခြုံရေးရုံးခန်းတွင် စာရင်းပေးလိုက်သည်။ “ကျွန်တော် ရူပဗေဒဌာန ဓာတ်ခွဲခန်း အမှတ် ၁၃ က လက်ထောက်ပါမောက္ခ ယုကာဝါနဲ့ ချိန်းထားလို့ပါ” သူသည် ဂိတ်စောင့်ကို ထိုသို့ ပြောလိုက်သော်လည်း ယုကာဝါနှင့် ချိန်းဆိုထားခြင်း မရှိ။

တက္ကသိုလ် အဆောက်အအုံအတွင်းရှိ လျှောက်လမ်းပေါ်တွင် လူခြေတိတ်လျက် ဘာသံမျှ မကြားရပေ။ သို့သော် အခန်းတချို့တွင် လူရှိနေသေးကြောင်းကိုကား ပွင့်ဟနေသော တံခါးများမှတစ်ဆင့် သိရှိနိုင်သည်။ ဆရာ သို့မဟုတ် ကျောင်းသားတချို့ အခန်းထဲတွင် စမ်းသပ်ချက်များကို တိတ်တဆိတ် ပြုလုပ်နေခြင်း ဖြစ်ကောင်း ဖြစ်ပေမည်။ ယုကာဝါသည်လည်း စမ်းသပ်ခန်းထဲတွင် မကြာခဏဆိုသကဲ့သို့ ညအိပ်ညနေ နေတတ်ကြောင်းကို ကုစာနာဂိ တွေးနေမိသည်။

ကူဒိုအိမ်သို့ မသွားခင်ကတည်းက အပြန်တွင် ယုကာဝါထံသို့ ဝင်ရန် သူ ဆုံးဖြတ်ထားခဲ့သည်။ အပြန်တွင် လမ်းသင့်သောကြောင့် ဖြစ်သည်။ သို့သော် ပို၍ အရေးကြီးသော အကြောင်းအရင်းမှာ သူ့ကို မေးစရာ ရှိနေသည်။

ယုကာဝါသည် အဘယ်ကြောင့် ဘန်တန်တိုင်သို့ သွားခဲ့သနည်း။ သင်္ချာဆရာနှင့် ထိုဆိုင်သို့ အတူ သွားရောက်ခဲ့ခြင်းမှာ ထိုသူသည် အမှုနှင့် ပတ်သက်နေ၍ပေလော။ အကယ်၍ ယုကာဝါသည် အမှုနှင့် သက်ဆိုင်သည့် သဲလွန်စ တစ်စုံတစ်ရာ တွေ့ရှိသည် ဆိုလျှင် အဘယ်ကြောင့် သူ့ကို ပြောမပြရသနည်း။ သို့တည်းမဟုတ် ယုကာဝါသည် သူ့ငယ်သူငယ်ချင်းနှင့် အလွမ်းပြေ သွားရောက် တွေ့ဆုံခြင်း သက်သက်သာ ဖြစ်ပြီး တခြား မည်သည့် ရည်ရွယ်ချက်မျှ မရှိပေဘူးလော။

ယုကာဝါသည် သံသယတရားခံ၏ ဆိုင်သို့ အကြောင်းမဲ့သက်သက် သွားရောက်လိမ့်မည် မဟုတ်ဟု ကုစာနာဂိက ယူဆသည်။ သူသည် ကုစာနာဂိ ကိုင်တွယ်နေရသည့် အမှုများတွင် မလိုအပ်ဘဲ မည်သည့်အခါကမျှ ဝင်ရောက် စွက်ဖက်လေ့ မရှိပေ။ ဘုန်းကြီးအမှု ရွာပတ်မည်ကို စိုးရွံ့သောကြောင့် မဟုတ်ဘဲ ကုစာနာဂိကို လေးစားသမှု ပြလိုသောကြောင့်သာ ဖြစ်သည်။

ဓာတ်ခွဲခန်းအမှတ် ၁၃ ၏ တံခါးရွက်ပေါ်တွင် အခန်းအသုံးပြုသူတို့၏ ဝင်ထွက်စာရင်းကို မှတ်သားထားသော သင်ပုန်းတစ်ခု ရှိသည်။ ထိုစာရင်းထဲတွင် ဓာတ်ခွဲခန်း အသုံးပြုသော ကျောင်းသားများ၊ သုတေသီများနှင့် ယုကာဝါကဲ့သို့သော ဆရာများ၏ နာမည်များ ပါရှိသည်။ ထိုစာရင်းထဲတွင် ယုကာဝါ အပြင်ထွက်သွားကြောင်း မှတ်သားထားသည်။ ကုစာနာဂိက တောက်တစ်ချက် ခေါက်လိုက်သည်။ ယုကာဝါသည် အလုပ်ရှိသဖြင့် အပြင်သို့ ထွက်သွားခဲ့လျှင် လုပ်စရာ ပြီးသည်နှင့် သူ့အိမ်သို့သာ တန်းပြန်သွားပေတော့မည်။

သို့သော် သူ ဓာတ်ခွဲခန်းထဲသို့ ဝင်၍ အကျိုးအကြောင်းကို မေးကြည့်ချင်သေးသောကြောင့် တံခါးခေါက်လိုက်သည်။ စာရင်းအရ အခန်းထဲတွင် ဘွဲ့ရကျောင်းသားနှစ်ယောက် ရှိရပေဦးမည်။

“ဝင်ခဲ့ပါ” ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာသည်။ ကုစာနာဂိသည် တံခါးကို တွန်းဖွင့်၍ ဝင်သွားသည်။ တီရှပ်အင်္ကျီနှင့် မျက်မှန်တပ်ထားသော လူငယ်တစ်ယောက် သူ့အနားသို့ ရောက်လာသည်။ ယခင်က သူ မကြာခဏ မြင်ဖူးနေခဲ့သော ဘွဲ့ရကျောင်းသားတစ်ယောက်။

“ယုကာဝါ ပြန်သွားပြီလား”

ကျောင်းသားက အားနာသော မျက်နှာပေးဖြင့် ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်ခင်ဗျာ။ စောစောကလေးတင် ပြန်သွားတာ။ ဆရာရဲ့ လက်ကိုင်ဖုန်းနံပါတ်ကို သိတယ် မဟုတ်လား”

“သိပါတယ်။ ဒါပေမယ့် ကိစ္စ မရှိပါဘူး။ ထွေထွေထူးထူး ဘာအကြောင်းမှ ရှိလို့ မဟုတ်ဘူး။ လမ်းကြုံလို့ ဝင်လာကြည့်တာပါ”

“ဪ” ကျောင်းသား၏ အမူအရာက စိတ်သက်သာရာ ရသွားသည့်ပုံ။ ဤနေရာသို့ ကုစာနာဂိ မကြာခဏ လာရောက်တတ်သည်ကိုလည်း သူ သိထားပြီး ဖြစ်ပေလိမ့်မည်။

“သူက အတော်ညဉ့်နက်တဲ့အထိ ဒီမှာ နေနေတတ်တာဆိုတော့ မှောင်လည်း တွေ့ရလောက်သေးတယ် ဆိုပြီး ဝင်လာကြည့်တာ”

“ဒီလိုလား။ ဒါပေမယ့် ဒီရက်ပိုင်း ဆရာ အိမ်ပြန်တာ အတော်လေး စောတယ်။ ဒီနေ့ ဆရာက တစ်နေရာရာ သွားဦးမယ် ဆိုလားပဲ”

“ဘယ်သွားမှာတဲ့လဲ” ကုစာနာဂိက မေးလိုက်သည်။ သင်္ချာဆရာဆီ ထပ်သွားဦးမည်လော မသိ။

ကျောင်းသား၏ နှုတ်မှ ပြောထွက်လာသော နေရာမှာ သူ လုံးဝ မျှော်လင့်မထားသည့် နေရာတစ်ခု။

“အတိအကျတော့ ကျွန်တော်လည်း မသိဘူး ခင်ဗျ။ ရှီနိုဇာကိဘက် သွားမယ် ပြောတာပဲ”

“ရှီနိုဇာကိ”

“ဟုတ်ကဲ့။ ရှီနိုဇာကိဘူတာကို အမြန်ဆုံး ဘယ်လိုသွားလို့ ရမလဲလို့ ကျွန်တော့်ကို မေးနေသေးတာ”

“ဘာလုပ်ဖို့ သွားမယ် ဆိုတာကိုကော သူ မပြောပြဘူးလား”

“ကျွန်တော် သူ့ကို မေးကြည့်တယ်။ လုပ်စရာလေး ရှိလို့ပါ လို့ပဲ ပြန်ဖြေတယ်”

“ဪ”

ကုစာနာဂိသည် ထိုကျောင်းသားကို ကျေးဇူးတင်စကား ပြောပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။ သူ့ရင်ထဲတွင် သံသယစိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။ သို့သော် မည်သည့်အရာကို သံသယ ဖြစ်နေမိမှန်းတော့ သူ မသိ။ ရှီနိုဇာကိဘူတာသည် အလောင်းတွေ့ထားသည့် နေရာနှင့် အနီးဆုံး ဘူတာဖြစ်သည်။ ယုကာဝါသည် ထိုဘူတာသို့ အဘယ်ကြောင့် သွားရသနည်း။

ကုစာနာဂိသည် တက္ကသိုလ်ဝင်းထဲမှ ထွက်လာပြီးနောက် လက်ကိုင်ဖုန်းကို ထုတ်၍ လိပ်စာဘုတ်အုပ်ထဲမှ ယုကာဝါ၏ ဖုန်းနံပါတ်ကို ရှာလိုက်သည်။ သို့သော် သူ ချက်ချင်း စိတ်ပြောင်းသွားပြီး ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။ ယခုအချိန်တွင် သူ့ကို ဇွတ်အတင်း မေးနေလျှင် ကောင်းကျိုးထက် ဆိုးပြစ်ရဖို့သာ ပိုများနိုင်ကြောင်း သူ့စိတ်က အလိုလို သိနေသည်။ သူနှင့် လုံးဝ မတိုင်ပင်ဘဲ အမှုခွင်ထဲသို့ ဇွတ်တိုးဝင်လာခြင်းကို ကြည့်ခြင်းအားဖြင့် သူ့တွင် အကြံအစည် တစ်ခုခုတော့ ရှိရပေမည်။

သို့သော် …. သူ ဆုံးဖြတ်ချက် ချလိုက်သည်။ ‘သူလည်း သူလုပ်ချင်တာ သူလုပ်ပေါ့။ ငါလည်း ငါလုပ်သင့်တာ ငါ လုပ်ရမှာပဲ’

****

 

အိရှိဂါမိသည် စပလီ အဖြေလွှာများကို အမှန်ခြစ်နေရင်း သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ အဖြေလွှာများမှာ သည်းမခံနိုင်လောက်အောင် ဆိုးရွားလွန်းနေသည်။ စပလီ ပြန်စစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားများကို အတန်းတင်ပေးချင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မူလ စာမေးပွဲ မေးခွန်းထက် ပို၍ လွယ်ကူသော မေးခွန်းများကိုသာ မေးမြန်းထားသည်။ သို့သော် အဖြေလွှာများထဲတွင် အမှတ်ပေးချင်လောက်သည့် အဖြေများကို ရှာမတွေ့ခဲ့။ ကျောင်းသားများဘက်ကလည်း အပိုင်တွက်ထားပြီး ဖြစ်ပေလိမ့်မည်။ သူတို့၏ အဖြေလွှာမှာ မည်မျှပင် နုံချာနေစေကာမူ ဆရာသည် သူတို့ကို မဖြစ်မနေ အအောင်သာ ပေးရမည်။ ထို့ကြောင့်လည်း သူတို့သည် စာမေးပွဲအတွက် ဘာမျှ ဟုတ်ဟုတ်ငြားငြား ပြင်ဆင်ထားခြင်း မရှိကြ။ ထိုသို့ အပိုင်တွက်လည်း တွက်ချင်စရာပင်။ ရမှတ်မှာ မည်မျှ နည်းနေစေကာမူ ကျောင်းအုပ်ချုပ်ရေး အဖွဲ့သည် အကြောင်းပြချက် မျိုးစုံပေး၍ ကျောင်းသားများ အားလုံးကို အတန်းတင်ပေးလိုက်ကြမည်သာ။

ထိုသို့ဆိုလျှင် အတန်းတင်ရန် အအောင်အရှုံး သတ်မှတ်သည့် စာမေးပွဲထဲတွင် သင်္ချာဘာသာကို အဘယ်ကြောင့် ထည့်ထားရသေးသနည်း။ အိရှိဂါမိက တွေးနေမိသည်။ သင်္ချာကို အမှန်တကယ် နားလည်နိုင်သူမှာ လူနည်းစုသာ ဖြစ်သည်။ အထက်တန်း ကျောင်းသားများအား လွယ်ကူသည့် အခြေခံ သင်္ချာပုစ္ဆာများကိုသာ သင်ကြားပေးရလျှင်လည်း မည်သို့မျှ အဓိပ္ပာယ် ရှိတော့မည် မဟုတ်။ ထိုသို့ဆိုလျှင် သူတို့အား ဘာမျှ သင်မနေတော့ဘဲ သင်္ချာဟူသော ဘာသာရပ်တစ်ခု ရှိသေးကြောင်းကိုသာ အသိပေးလိုက်ရုံဖြင့် လုံလောက်နေလေပြီ။

အဖြေလွှာများကို အမှတ်ခြစ်ပြီး၍ နာရီကို ကြည့်လိုက်သောအခါ ည ၈ နာရီ ကျော်နေပြီ။

ဂျူဒို အားကစားရုံ၏ တံခါးရွက်များကို ပိတ်ထားခြင်း ရှိမရှိ စစ်ဆေးပြီးနောက် သူ ကျောင်းပြင်သို့ ထွက်လာခဲ့သည်။ ကျောင်းပြင်ရောက်၍ မျဉ်းကျားပေါ်တွင် မီးစိမ်းကို စောင့်နေစဉ် အမျိုးသားတစ်ဦး အနားသို့ ရောက်လာသည်။

“ခင်ဗျား အခုမှ အိမ်ပြန်မှာလား” ထိုသူက ပြုံးနေသည်။ “ခင်ဗျားကို ခင်ဗျားအိမ်မှာ မတွေ့လို့ ဒီကို လာရှာကြည့်တာ”

အိရှိဂါမိသည် ထိုသူ၏ မျက်နှာကို မှတ်မိနေသည်။ မှုခင်းရဲဌာနမှ ရဲအရာရှိ။

“ခင်ဗျားက …..”

“အဲ … ခင်ဗျား ကျွန်တော့်ကို မေ့လောက်ပြီ ထင်တယ်”

ထိုသူသည် သူ့ကုတ်အင်္ကျီ၏ အိတ်ကပ်ဆီသို့ လက်ရောက်သွားသည်။ သို့သော် အိရှိဂါမိက သူ့လက်ကို ဖမ်းကိုင်လိုက်ပြီး ခေါင်းဆတ်လိုက်သည်။ “ကျွန်တော် မှတ်မိသွားပြီ။ ခင်ဗျား မစ္စတာကုစာနာဂိ မဟုတ်လား”

မီးစိမ်းသွားပြီ။ အိရှိဂါမိသည် ရှေ့သို့ လျှောက်သွားသောအခါ ကုစာနာဂိက အနောက်မှ လိုက်ပါလာသည်။

အဘယ်ကြောင့် ရဲအရာရှိသည် ဤနေရာသို့ ရောက်လာရသနည်း။ အိရှိဂါမိသည် ခြေလှမ်းများကို လျှောက်လှမ်းနေရင်း ဦးနှောက်မှလည်း အသည်းအသန် စဉ်းစားနေသည်။ လွန်ခဲ့သည့် နှစ်ရက်က ယုကာဝါ လာတွေ့သည့် ကိစ္စနှင့် ဆက်စပ်နေရော့သလား။ အမှုနှင့် ပတ်သက်ပြီး ရဲဘက်မှ သူ့ကို ကူညီပေးစေလိုကြောင်း ထိုစဉ်က ယုကာဝါ ပြောခဲ့သေးသည်။ သို့သော် ထိုကိစ္စကို သူ ချက်ချင်း ငြင်းပယ်ခဲ့ပြီးပြီ မဟုတ်ပါလော။

“ခင်ဗျား ယုကာဝါ မနာဘုကို သိတယ် မဟုတ်လား” ကုစာနာဂိက မေးသည်။

“သိတယ်။ ခင်ဗျား ကျွန်တော့်အကြောင်းကို ပြောပြလိုက်လို့ သူ ကျွန်တော့်ဆီ လာတွေ့တာဆို”

“ဟုတ်တယ်ဗျ။ ခင်ဗျားက အမ်ပီရီယယ်တက္ကသိုလ်ကနေ ဘွဲ့ရထားတာမှန်း သိလိုက်ရတော့ ကျွန်တော်လည်း မနေနိုင်ဘဲ သူ့ကို ပြောပြလိုက်တယ်။ နေရာတကာ ဝင်ပါတယ် ဆိုပြီး ကျွန်တော်ကို စိတ်မဆိုးဘူး မဟုတ်လား”

“မဆိုးပါဘူး။ သူ့ကို ပြန်တွေ့ရလို့ ကျွန်တော် အရမ်း ဝမ်းသာနေတာပါ”

“ခင်ဗျားတို့ ပြန်ဆုံကြတော့ ဘာအကြောင်းတွေများ ပြောဖြစ်ကြတာတုန်း”

“အများစုကတော့ အတိတ်က အကြောင်းတွေပေါ့။ ပထမဆုံးအကြိမ် တွေ့တုန်းက ငယ်ငယ်က အကြောင်းပဲ ပြန်ပြောဖြစ်တာ”

“ပထမဆုံး …” ကုစာနာဂိက တအံ့တဩဖြင့် ပြန်မေးသည်။ “ခင်ဗျားတို့ တွေ့ကြတာ ဘယ်နှကြိမ် ရှိပြီမို့လဲ”

“နှစ်ကြိမ်တည်းပါ။ ဒုတိယအကြိမ်မှာတော့ ခင်ဗျားက အကူအညီတောင်းလို့ ကျွန်တော်ဆီ လာရတယ် ဆိုပဲ”

“ကျွန်တော်က အကူအညီတောင်းလို့ …” ကုစာနာဂိ၏ သူငယ်အိမ်မှာ ဟိုဟိုဒီဒီ လှုပ်ရှားနေကြသည်။ “သူက ခင်ဗျားကို အဲဒီလို ပြောတယ်လား”

“ခင်ဗျားက သူ့ကိုလွှတ်ပြီး ကျွန်တော့်ကို မေးခိုင်းတယ်ဆို။ အမှုတစ်ခုမှာ ကူညီစုံစမ်းပေးဖို့ ဆန္ဒ ရှိမရှိ”

“ကူညီစုံစမ်းပေးဖို့ …” ကုစာနာဂိက လမ်းလျှောက်ရင်း ခေါင်းကုတ်နေသည်။

တစ်စုံတစ်ရာ လွဲမှားနေပြီ ဖြစ်ကြောင်းကို အိရှိဂါမိ ချက်ချင်း သတိထားလိုက်မိသည်။ ထိုရဲအရာရှိ၏ အမူအရာမှာ ဘာမျှ မသိသောကြောင့် အူလည်လည် ဖြစ်နေသည့် ပုံမျိုး။ သို့ဆိုလျှင် သူသည် ယုကာဝါကို မိမိထံသို့ စေလွှတ်ခဲ့ခြင်း မဟုတ်တန်ရာ။

ကုစာနာဂိက သွားဖြဲလျက် ပြုံးနေသည်။ “သူနဲ့ကျွန်တော်က ပြောခဲ့တာတွေ အများကြီး ဆိုတော့ ဘာတွေ ပြောခဲ့မှန်းတောင် ကောင်းကောင်း မမှတ်မိချင်တော့ဘူးဗျာ။ သူက ခင်ဗျားကို ဘယ်ပုံ အကူအညီပေးဖို့ ပြောခဲ့တာလဲ”

အိရှိဂါမိသည် ကုစာနာဂိ၏ အမေးကို ပြန်လှန် သုံးသပ်ကြည့်နေမိသည်။ ဟာနာအိုကာ ယာစုကို ဟူသည့် နာမည်ကို သုံးသင့်မသင့် သူ ဝေခွဲမရ ဖြစ်နေသည်။ သို့သော် ယခုမှ ရူးချင်ယောင် ဆောင်နေ၍လည်း မဖြစ်တော့ပြီ။ သူသည် ယုကာဝါထံသွား၍ ထိုအကြောင်းကို မမေးဘဲ နေမည် မဟုတ်။

“ဟာနာအိုကာ ယာစုကိုကို စောင့်ကြည့်ပေးဖို့ပါ” အိရှိဂါမိက ပြောသည်။

ကုစာနာဂိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “ကျွန်တော်က သူ့ကို ခင်ဗျားဆီမှာ အဲဒီလို မေးခိုင်းတယ်လား …” သူက ကြောင်အမ်းအမ်း ဖြစ်လျက် ပြန်မေးနေသည်။ ထို့နောက်မှ “အာ … ဟုတ်ပြီ၊ ဟုတ်ပြီ။ ကျွန်တော် သူ့ကို ပြောခဲ့ဖူးတယ်။ တကယ်လို့သာ ခင်ဗျားဆီက အကူအညီရရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော် သူ့ကို ပြောခဲ့တာ။ ဒါကြောင့် သူက ခင်ဗျားဆီ ပြေးပြီး အကူအညီ လာတောင်းတာ ဖြစ်မယ်”

အိရှိဂါမိ နားလည်လိုက်သည်။ ကုစာနာဂိ၏ စကားမှာ ဖာထေး၍ ရေလိုက်ငါးလိုက် ပြောသော စကားမျှသာ ဖြစ်သည်။ ထိုသို့ဆိုလျှင် ယုကာဝါသည် အဘယ်သို့သော ရည်ရွယ်ချက်ဖြင့် ထိုသို့ လိမ်လည်ပြောဆိုခဲ့ရသနည်း။

အိရှိဂါမိသည် ခြေလှမ်းကို တုံ့ရပ်ပြီး ကုစာနာဂိနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ “ဒီနေ့ ခင်ဗျား ကျွန်တော့်ကို တကူးတက လာတွေ့တာကရော၊ အဲဒါ လာမေးဖို့ပဲလား”

“မဟုတ်ဘူးဗျ။ အဓိက ကိစ္စက ဒီဟာ” ကုစာနာဂိသည် အပေါ်ဝတ်အင်္ကျီ၏ အိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံ ဆွဲထုတ်သည်။ “ခင်ဗျား သူ့ကို မြင်ဖူးလား။ ကျွန်တော် ခိုးရိုက်ထားတာ။ ပုံက သိပ်တော့ မကောင်းဘူး”

အိရှိဂါမိသည် ဓာတ်ပုံကို မြင်လိုက်သည်နှင့် တံတွေးကို မျိုချမိသည်။

ဓာတ်ပုံပေါ်မှလူသည် ယခုတလောတွင် သူ စိတ်အဝင်စားဆုံးလူ ဖြစ်နေသည်။ ထိုသူ၏ နာမည်ကို သူ မသိ။ သူ့အကြောင်းကိုလည်း သိထားသည် မဟုတ်။ ထိုသူနှင့် ပတ်သက်၍ သူ သိထားသည်မှာ တစ်ခုတည်း။ ထိုသူသည် ယာစုကိုနှင့် လွန်စွာမှ ရင်းနှီးသည်။

“ဘယ်လိုလဲ” ကုစာနာဂိက ထပ်မေးသည်။

မည်သို့ ပြန်ဖြေရအံ့နည်း။ အိရှိဂါမိက စဉ်းစားနေသည်။ မသိဟု ဖြေလိုက်လျှင် ကိစ္စ ပြီးနိုင်သည်။ သို့သော် ထိုသို့ ဖြေလိုက်လျှင် ထိုလူနှင့် ပတ်သက်သော သတင်းပလင်းကို အစ်အောက် ထုတ်နိုင်တော့မည် မဟုတ်။

“မြင်ဖူးသလိုပဲ” အိရှိဂါမိက ခပ်တည်တည်ဖြင့် ပြန်ဖြေသည်။ “သူက ဘယ်သူလဲ”

“ခင်ဗျား ဘယ်မှာ မြင်ဖူးတာလဲ။ သေသေချာချာ စဉ်းစားကြည့်ပါဦးလား”

“ဒုက္ခပဲ။ တစ်နေ့တစ်နေ့ ကျွန်တော် တွေ့နေရတဲ့ လူတွေက အများကြီးပဲ။ တကယ်လို့ နာမည်နဲ့ အလုပ်အကိုင်ကို သိရင်တော့ စဉ်းစားလို့ ပိုလွယ်နိုင်တာပေါ့”

“သူ့နာမည်က ကူဒိုတဲ့။ ပုံနှိပ်လုပ်ငန်း လုပ်တယ်”

“ကူဒို …”

“ဟုတ်တယ်။ ဘယ်လို ရေးသလဲဆိုတော့” ကုစာနာဂိသည် ကူဒို ဟူသော နာမည်၏ ခန်းဂျီးအက္ခရာများကို ပြောပြသည်။

သူ့နာမည် ကူဒို …။ အိရှိဂါမိသည် ဓာတ်ပုံကို စိုက်ကြည့်နေသည်။ ရဲအရာရှိသည် အဘယ်ကြောင့် ထိုသူ့ကို စုံစမ်းနေရသနည်း။ သူသည် ထိုသူနှင့် ယာစုကိုတို့ ခင်မင်ရင်းနှီးကြသည်ကို သိနေပုံ ရသည်။ ယာစုကိုနှင့် အထူးရင်းနှီးသည့်သူကို လိုက်လံ စုံစမ်းနေခြင်း ဖြစ်မည်။ တစ်နည်းဆိုရသော် ယာစုကို၏ ကြံရာပါ သို့မဟုတ် စစ်ကူ ရှိရဦးမည်ဟု ရဲဘက်မှ သံသယ ဝင်နေပြီဖြစ်ကြောင်း သေချာနေသည်။

“ဘယ်လိုလဲဗျ။ စဉ်းစားလို့ ရပြီလား”

“တစ်နေရာရာမှာတော့ တွေ့ဖူးသလိုပဲ” အိရှိဂါမိက ခေါင်းကို ငဲ့စောင်း၍ စဉ်းစားဟန် ပြုနေသည်။ “ဆောရီးဗျာ။ စဉ်းစားလို့ မရဘူး။ ကျွန်တော် လူမှားနေတာလည်း ဖြစ်ချင်ဖြစ်မှာ”

“ဪ” ကုစာနာဂိ၏ မျက်နှာက သံသယ ရှိသည့်ပုံ။ ဓာတ်ပုံကို အိတ်ကပ်ထဲ ပြန်ထည့်ပြီး လိပ်စာကတ်တစ်ကတ်ကို ဆွဲထုတ်လိုက်သည်။ “တကယ်လို့ စဉ်းစားလို့ရရင် ကျွန်တော်ဆီ ဆက်သွယ်ပေးပါဗျာ”

“ဟုတ်၊ ရပါတယ်။ ဒါနဲ့ အဲဒီလူက အမှုနဲ့ ပတ်သက်နေလို့လား”

“အခုထိတော့ မသေချာသေးပါဘူး။ ကျွန်တော်တို့ စုံစမ်းနေတုန်းပဲ ရှိသေးတယ်”

“အဲဒီလူနဲ့ မစ္စဟာနာအိုကာက …..”

“အဆက်အသွယ် ရှိကြတယ် ဆိုပါတော့ဗျာ” ကုစာနာဂိက ခပ်ဝါးဝါးသာ ပြန်ဖြေလိုက်သည်။ သူသိထားသည်တို့ကို များများစားစား ထုတ်ပြောပြချင်ပုံ မရ။ “ဒါနဲ့ … ခင်ဗျားနဲ့ ယုကာဝါတို့ ဘန်တန်တိုင်ကို အတူ သွားခဲ့ကြသေးတယ် မဟုတ်လား”

အိရှိဂါမိက ကုစာနာဂိကို လှမ်းကြည့်သည်။ စကားလမ်းကြောင်းမှာ သူ မျှော်လင့်မထားသော ဦးတည်ရာသို့ ချက်ချင်း ပြောင်းလဲသွားသောကြောင့် တဒင်္ဂ ဆွံ့အသွားသည်။

“ဟိုတစ်နေ့က ခင်ဗျားတို့နှစ်ယောက်ကို မတော်တဆ လှမ်းတွေ့လိုက်တာပဲ။ အဲဒီအချိန်မှာ ကျွန်တော်က ပတ္တရောင်လှည့်နေတာ ဆိုတော့ ခင်ဗျားတို့နဲ့ စကားလာပြောဖို့ အဆင်မပြေခဲ့ဘူး”

သူသည် ဘန်တန်တိုင်၏ အနီးတစ်နေရာတွင် ယာစုကိုကို စောင့်ကြည့်နေခြင်းသာ ဖြစ်ရပေမည်ဟု အိရှိဂါမိက တွေးသည်။

“ယုကာဝါက ဟင်းဝယ်ချင်တယ် ဆိုတာနဲ့ ကျွန်တော် သူ့ကို အဲဒီ ခေါ်သွားလိုက်တာပါ”

“ဘာဖြစ်လို့ ဘန်တန်တိုင်ကိုမှ တကူးတက သွားရတာလဲဗျ။ အနီးအနားမှာ ရှိတဲ့ တခြားဆိုင်တွေက မဖွင့်ကြလို့လား”

“ဘယ်သိမလဲဗျာ။ … အဲဒါ သူ့သာ မေးကြည့်တော့။ ကျွန်တော်က သူခိုင်းလို့ လမ်းပြပေးရတာ”

“မစ္စဟာနာအိုကာနဲ့ အမှုအကြောင်းကို ယုကာဝါက ဘာမှ မပြောဘူးလား”

“ကျွန်တော် ပြောပြီးပြီလေ။ ခင်ဗျားတို့ကို ကူညီပြီး အနီးကပ် စုံစမ်းပေးနိုင်မလားလို့ သူ မေးခဲ့တာပဲ”

ကုစာနာဂိက ခေါင်းကို ခပ်သွက်သွက် ခါယမ်းလိုက်သည်။ “အဲဒါက လွဲလို့ ပြောတာ။ ခင်ဗျားလည်း ကြားပြီးလောက်ရောပေါ့။ ကျွန်တော့်အလုပ်နဲ့ ပတ်သက်ပြီး သူ့ဆီကနေ တန်ဖိုးရှိတဲ့ အကြံဉာဏ်တွေ မကြာမကြာ ရနေခဲ့တယ်။ ဒီလူက ရူပဗေဒ ပညာရပ်မှာ ဉာဏ်ကြီးရှင် တစ်ယောက်ပဲ။ ပြီးတော့ စုံစမ်းထောက်လှမ်းတဲ့ အပိုင်းမှာလည်း ခေသူ မဟုတ်ဘူးဗျ။ သူ့ဆီက အကြံကောင်း ဉာဏ်ကောင်းတွေ မျှော်လင့်မိတာ အမှန်ပဲ။ ဒီအမှုမှာလည်း အရင်ကလို သူ့ဆီက သုံးသပ်ချက်တွေ မျှော်လင့်နေမိတယ်”

ကုစာနာဂိ၏ စကားကြောင့် အိရှိဂါမိ၏ အတွေးများ ရှုပ်ထွေးကုန်ကြသည်။ သူတို့နှစ်ဦးသည် မကြာခဏဆိုသကဲ့သို့ တွေ့ဆုံနေခဲ့ကြသည် မှန်လျှင် ထိုသို့ တွေ့ဆုံကြစဉ်အတွင်း သတင်းများ၊ ထင်မြင်ချက်များကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖလှယ်ခဲ့ကြပေလိမ့်မည်။ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် သူစိမ်းဖြစ်သူ မိမိကို လာမေးနေရသနည်းဟု အိရှိဂါမိက တွေးနေမိသည်။

“ဘာမှတော့ ထွေထွေထူးထူး ပြောတာ မရှိပါဘူး” အိရှိဂါမိအနေဖြင့် ထိုမျှသာ ပြန်ပြောနိုင်သည်။

“ဪ … ဟုတ်ကဲ့။ အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်”

ကုစာနာဂိသည် ဦးညွတ်၍ အရိုအသေ ပေးပြီးနောက် လာလမ်းအတိုင်း လှည့်ပြန်သွားလေသည်။ အိရှိဂါမိသည် သူ၏ ကျောပြင်ကို ငေးကြည့်နေရင်း ရင်ထဲတွင် တစ်ဆို့၍ လှိုက်ဖိုလာသည်။ ခိုင်မာသပ်ရပ်လှပါသည်ဟု အပြည့်အဝ ယုံကြည်ယူဆထားသော သင်္ချာဖော်မြူလာတစ်ခုသည် မမျှော်လင့်၊ မတွက်ဆထားနိုင်သည့် ကိန်းရှင်တစ်ခု၏ ခြောက်ခြားနှောင့်ယှက်မှုကို ရုတ်တရက် ခံလိုက်ရသည့်နှယ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *