← Back to blog

ခေါင်းကွဲသရဲ

ဝတ္ထုတို (ပင်ကို) သရဲ၊ တစ္ဆေ၊ ဂမ္ဘီရ

နယ်မြို့လေးတစ်မြို့က ဘော်ဒါဆောင် တစ်ဆောင်မှာပေါ့။ နာမည် အတိအကျတော့ မပြောတော့ပါဘူး။ ထုံးစံအတိုင်း ယောက်ျားလေးအဆောင်တွေကို ဆရာတွေက အဆောင်မှူးအနေနဲ့ ထိန်းကြရတာပေါ့။ ယောက်ျားလေးဆောင်တွေမှာ အဓိက ထိန်းရတာကတော့ ညည ခိုးထွက်တဲ့ ပြဿနာပဲ။ ဒီ ဘော်ဒါဆောင်ကလည်း ညနေ ၆ နာရီနောက်ပိုင်း လုံးဝ အပြင်ထွက်ခွင့် မရှိဘူး။ ကျောင်းသားတချို့ကလည်း မရရတဲ့နည်းနဲ့ ခိုးထွက်ကြတာပဲ။

ဒီအဆောင်က အနောက်ဘက် ခြံစည်းရိုးနဲ့ နီးတော့ အများစုက အဲဒီ ခြံစည်းရိုးကနေပဲ ခိုးထွက်ခဲ့ကြတာ။ ပြီးတော့ အနောက်ဘက် ကပ်လျက်ခြံက ခြံကွက်လပ်ကြီး လူနေအိမ် မရှိဘူး။ သစ်ပင်ကြီးတွေတော့ အများကြီး ရှိတယ်။ ဒါကြောင့်လည်း အဲဒီနေရာက ခိုးထွက်လို့ အကောင်းဆုံးပေါ့။ အဆောင်မှူးဆရာကလည်း ဒါကို သိတယ်။ ဒါကြောင့် အဲဒီ ခြံစည်းရိုးမှာ မကြာမကြာ ကင်းစောင့်နေရတာပဲ။

တစ်နေ့ ည ၉ နာရီလောက် ဆရာက ကင်းလှည့်ရင်း ခြံစည်းရိုးနားမှာ မယောင်မလည် လုပ်နေတဲ့ ကျောင်းသားသုံးယောက်ကို တွေ့ပါလေရော။ သေချာတာပေါ့၊ ဒီကောင်တွေ ခိုးထွက်မလို့ ဆိုတာ။ ဆရာက စဉ်းစားတယ်။ ဆူတာ ငေါက်တာ ရိုက်တာဆိုရင် တစ်ခါပဲ ခံမယ်။ ဒီကောင်တွေ လစ်ရင် ထပ်လုပ်မှာပဲ။ ဒီတော့ အချိုသပ်ပြီး “ဟဲ့ကောင်တွေ လာဦး” ဆိုပြီး လှမ်းခေါ်လိုက်တယ်။ သူ့အနားမှာ အားလုံးကို ထိုင်ခိုင်းပြီး “မင်းတို့တွေ မကြားဖူးဘူးလား။ မင်းတို့မို့ မကြောက်မရွံ့ကွာ။ အဲဒီ ခြံထဲမှာ သရဲရှိတယ်ကွ။ မကြောက်ဘူးလား” လို့ မေးလိုက်ပြီး ကျောင်းသားတွေရဲ့ မျက်နှာကို အကဲခတ်လိုက်တယ်။ ဒီကောင်လေးတွေကလည်း အချဉ်မှ မဟုတ်ဘဲ။ သိပ် အံ့ဩတဲ့ အမူအရာတော့ မပြကြဘူး။

“အဲဒီ ခြံထဲမှာ အိမ်ကြီးတစ်လုံး ရှိခဲ့ဖူးတယ်ကွ။ သရဲခြောက်လွန်းလို့ကွာ ဘယ်သူမှ မနေရဲဘူး။ ဒါနဲ့ သရဲပါ ထွက်သွားအောင်ဆိုပြီး အိမ်ကြီးကို ဖျက်ပစ်လိုက်ပါလေရော” လို့ ဆရာကပြောတော့ ဆရာ့စကားကိုတောင် မစောင့်နိုင်တော့ဘဲ ကျောင်းသားတစ်ယောက်က ထမေးတယ်။

“ဒါဆို အဲ့သရဲလည်း နေစရာမရှိတော့ မရှိတော့ဘူးပေါ့ ဆရာ”

“နေစရာ အိမ်တော့ မရှိတော့ဘူးပေါ့ကွာ။ ဒါပေမယ့် သရဲကတော့ ခြံထဲက ထွက်မသွားဘူးကွ။ ဟောဟို မန်ကျည်းပင်ကြီးအောက်မှာ ညညဆို ထိုင်နေတာပဲ”

“ဆရာက မြင်ဖူးလို့လား”

“ဟာ .. အဲလိုတော့ ဘယ်မြင်ဖူးမလဲ။ ကြုံဖူးတဲ့သူက ပြောတာပေါ့။ ညညဆို ပက်လက်ကုလားထိုင်ကြီးနဲ့ မိန့်မိန့်ကြီး ထိုင်ပြီး ဆေးပေါ့လိပ်ကြီးကို ရဲကနဲ ရဲကနဲနေအောင် ဖွာနေတာ မြင်ရသတဲ့။ မင်းတို့ မယုံရင် သွားကြည့်ပေါ့။ ငါကတော့ မလိုက်ရဲပါဘူးကွာ” လို့ပြောပြီး ဆရာလည်း အခန်းပြန်သွားတယ်။

ဆရာ မရှိတော့ ကျောင်းသားတွေ ခေါင်းချင်း ရိုက်ကြပြီပေါ့။ တစ်ယောက်က “အလကားပါကွာ၊ ငါတို့ကို အပြင်မထွက်ရဲအောင် သက်သက် ခြောက်တာပါ” တဲ့။ နောက်တစ်ယောက်က “သွားကြည့်ရအောင်၊ ငါ သရဲ မမြင်ဖူးဘူး” လို့ဆိုတော့ “မင်းက မကြောက်ဘူးလား” လို့ ပြန်မေးတယ်။

“တကယ်မြင်ရင်တော့ ကြောက်ချင် ကြောက်မှာပေါ့ဟ။ မြင်မှ မမြင်ဖူးပဲဟာ”

“မမြင်ဖူးပေမယ့် မြင်လည်း မမြင်ချင်ဘူးကွာ။ ကြားတာနဲ့တင် ကြက်သီးထလာပြီ”

“လာ သွားကြည့်ရအောင်”

“အာ ကြောက်ပါတယ်ဆိုနေမှ။ နောက်ပြီး ငါတို့ ထွက်မှာ ဆရာမြင်သွားပြီကွ။ ပြဿနာရှာခံနေရဦးမယ်။ မင်း ကြည့်ချင်လည်း နောက်နေ့မှ သွားကြည့်” ဆိုပြီး အားလုံး အခန်းပြန်လာခဲ့ကြတယ်။

နောက်နေ့ညလည်း ရောက်ရော သွားကြည့်မယ် ဆိုတဲ့ကောင်က ပိုးထလာပါရော။ “ဟဲ့ရောင်တွေ သွားကြည့်ရအောင်” ဆိုပြီး အတင်း ခေါ်ပါလေရော။ တကယ်လည်း ခေါ်ရော အစက မကြောက်ပါဘူး ဆိုတဲ့ ကောင်ကလည်း ရွံ့တွန့်တွန့် ဖြစ်နေပြီ။ ကြောက်တယ် ဆိုတဲ့ အကောင်ကတော့ အကြောက်အကန်ကို ငြင်းနေတော့တာပဲ။ ဒါနဲ့ ခေါ်တဲ့ကောင်က “မင်း သတ္တိမရှိဘူးလား” “မင်း ယောက်ျား မဟုတ်ဘူးလား” နဲ့ စကားနာထိုးပြီး အတင်း ခေါ်ပါလေရော။ အတင်းကို မရမက စည်းရုံးလိုက်တာ နောက်အဖော် သုံးယောက် ရတာနဲ့ သရဲချောင်းခန်းကြီး စပါရောလား။

မကြောက်ပါဘူး ဆိုပေမယ့် သရဲရှိပါတယ်လို့ ပြောထားတော့ စိတ်လွတ်ကိုယ်လွတ်တော့ ဘယ် သွားရဲပါ့မလဲ။ ချွတ်ချွတ်ဆိုရင် လှည့်ကြည့်လိုက်။ ညဉ့်ငှက်က အော်လိုက်ရင်လည်း ထခုန်လို ခုန်မိနဲ့ တစ်စတစ်စ မန်ကျည်းပင်ကြီးနဲ့ နီးသတဲ့ နီးလာကြတယ်။ ခြံကြီးက လူမနေ၊ လူမရှင်းတော့ ခြုံတွေကလည်း အောတိုက်ကို။ အဲဒါ သူတို့အတွက် တစ်ခု ကောင်းတာပေါ့။ မန်ကျည်းပင်လည်း လှမ်းမြင်ရရော ဟိုခြုံပုတ်ကနေ ဒီခြုံပုတ်ကူးလိုက်၊ ဒီခြုံပုတ်ကနေ ဟိုခြုံပုတ် ကူးလိုက်နဲ့၊ သရဲကို သူကမမြင်ဘဲ ကိုယ်က အရင် ဦးအောင် မြင်ရအောင် ချောင်းကြတာပေါ့။

တကယ်လည်း နီးကပ်လာရော အားလုံးကလည်း ရင်တဒိတ်ဒိတ် ဖြစ်နေကြပြီ။ ညကလည်း မှောင်မဲနေတာ ဆိုတော့ တော်ရုံတန်ရုံလည်း မမြင်ရဘူး။ ဓာတ်မီးတွေ ပါလာပေမယ့်လည်း ဓာတ်မီးသုံးရင် ကိုယ့်ကို အရင် ကြိုမြင်သွားလိမ့်မယ်ဆိုပြီး အားလုံး သဘောတူ ဓာတ်မီးတွေ ပိတ်လိုက်ကြတယ်။ အမှောင်ထဲပဲ ကုပ်ကုပ် ကုပ်ကုပ်နဲ့ တစ်ယောက်ပုခုံး တစ်ယောက်လက်တင်ပြီး တစ်ခြုံက‌နေတစ်ခြုံ ကူးကြရတာပေါ့။ မန်ကျည်းပင်ကြီးရဲ့ အောက်ခြေကို အပြည့်မြင်ရတဲ့ ခြုံလည်းရောက်ရော အားလုံး ဆက်မသွားတော့ဘဲ ထိုင်ချလိုက်ကြတယ်။ အဲဒီနေရာကနေ စခန်းချပြီး ချောင်းတော့မယ့် သဘောပေါ့။ သူတို့ ၃၊ ၄ မိနစ်လောက် ထိုင်လိုက်ပြီး မျက်လုံးက အမှောင်ထဲ အသားကျလာတဲ့ အခါကျတော့ သူတို့ မမြင်ချင်တာ စပြီး မြင်လာရပါလေရောလား။ သူတို့အားလုံး ပြိုင်တူ မြင်ရတဲ့ မြင်ကွင်းက အဲဒီ အမှောင်ရိပ်ထဲမှာပဲ မဲမဲ အရိပ်ကြီးတစ်ခုက လှုပ်လှုပ်လှုပ်လှုပ်နဲ့ ရွေ့နေတာပဲ။ တစ်မိနစ်တောင် မကြာပါဘူး။ ကြောင်အန်းအန်းနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တချိုးတည်း ပြေးကြပါလေရော။

အဲ … နောက်နေ့တွေ စာသင်ခန်းထဲမှာတော့ ဒီသတင်းက ‘ဟော့’ ဖြစ်ပြီး အုတ်အော်သောင်းနင်းတွေ ဖြစ်သွားတယ်။ တချို့က အီးအားနဲ့ ကြောက်ကြရွံ့ကြ၊ တချို့က ‘အလကားပါကွာ’ ဆိုပြီး မယုံသင်္ကာ ဖြစ်ကြပေါ့။ အဲ မယုံသင်္ကာ ဖြစ်တဲ့ အထဲမှာလည်း မင်းမယုံရင် သွားကြည့်ပါလားလို့ စိန်ခေါ်ပြန်ရင် မကြည့်ရဲတဲ့ ကောင်တွေပဲ များပါတယ်။ ဒါပေမယ့် သူတို့အထဲက တစ်ယောက်ကတော့ လူမိုက်၊ ကြွပ်ဆတ်ဆတ်နဲ့ကောင်။ ထစ်ကနဲဆို လက်ပါတဲ့ကောင်။ ဒီအကောင်က တစ်စခန်း ထပါလေရော။ “ဟေ့ကောင်၊ မင်းတို့သရဲက ဘာသရဲပဲ ဖြစ်ဖြစ် အသားနာရင်တော့ ပြေးမှာပါပဲကွာ” ဆိုပြီး လူမိုက်စကား ပြောတော့တာပေါ့။ အဲဒါနဲ့ သူ့ကို ဝိုင်းမြှောက်ပေးကြတယ်။ “မင်း သတ္တိရင် သွားချကွာ။ ဒီသရဲ ပြေးသွားလည်း အေးတာပဲ။ ငါတို့ ညည အေးဆေး အပြင်ထွက်လို့ရပြီ”

ဟုတ်လည်းဟုတ်တယ်။ သရဲခြောက်ခံရတယ် ကြားပြီးကတည်းက ဘယ်သူမှ ညည ခိုးမထွက်ရဲကြတော့ဘူး။

ဟိုလူမိုက်ကောင်ကို မြှောက်ပေးပါများတော့ တစ်နေ့ကျ “အေး သွားမယ်ကွာ” ဖြစ်သွားပါရော။ ဒါပေမယ့် သူက “ငါတစ်ယောက်တည်း မသွားဘူး။ မင်းတို့ပါလိုက်ခဲ့” ဆိုပြီး ဟိုလေးယောက်ပါ ပြန်ပါလာပြန်ရော။ အဲဒီ လူမိုက်ကောင်က ဟိုဘက်ခြံထဲ ဝင်တော့မယ် ဆိုတာနဲ့ အနားမှာ ပုံထားတဲ့ အုတ်နီခဲတစ်ခဲကို ကောက်ကိုင်လိုက်ပြီး အသင့်အနေအထား ပြင်ထားလိုက်တယ်။ ပြီးတော့သူက “ဟေ့ရောင်တွေ မင်းတို့ပါ တစ်ခဲစီ မ ခဲ့ကွ။ သရဲမြင်လို့ ငါ အုတ်ခဲနဲ့ ထုတာနဲ့ မင်းတို့ပါ ဝိုင်းထုကွာ။ သရဲက ကြီးရင် ငါတစ်ယောက်တည်း နိုင်ချင်မှ နိုင်မှာပေါ့” ဆိုပြီး အဖော်ဆက်တယ်။ ကျန်တဲ့သူတွေကလည်း အုတ်နီခဲလေး ကိုင်ထားရင် သတ္တိရှိလာလို ရှိလာငြား တစ်ခဲစီ သယ်လာကြတယ်။

လူမိုက်ကောင်က ရှေ့ဆုံးကနေ သွားပြီး ကျန်တဲ့ကောင်တွေက သူ့ကို အကာအကွယ်ယူ၊ အနောက်ကနေ ကုပ်ချောင်းချောင်း လိုက်ကြတယ်။ မန်ကျည်းပင်နား ရောက်တော့ သူတို့ ပထမ ပုန်းခဲ့တဲ့ ခြုံပုတ်ထဲပဲ ဝင်ပုန်းပြီး ချောင်းနေကြတယ်။ ဒီနေ့ညက အရင်ညထက် ပိုမှောင်လို့ပဲလား မသိဘူး။ ၅ မိနစ်ကျော်လောက် မျက်တောင်မခတ်တမ်း ထိုင်ကြည့်နေကြပေမယ့် ဘာမှ ထူးထူးခြားခြား မမြင်ရဘူး။ ငမိုက်ကောင်ကလည်း မြင်တာနဲ့ ထုမယ်ဆိုပြီး အံကြိတ်ရင်း အုတ်နီခဲကိုလည်း အသင့် ရွယ်ထားပြီးသား။ ဒီတစ်ခါတော့ အားလုံး မထိုင်ကြတော့ဘဲ အသင့် ပြေးလို့ရအောင် မတ်တပ်ရပ်ပြီး အုတ်နီခဲ တပြင်ပြင်နဲ့ စောင့်နေကြတာ။ စိတ်ထဲမှာတော့ ကျိလိကျိလိနဲ့ ကြောက်နေကြမှာပေါ့။

၁၀ မိနစ်လောက် ကြာလာတော့ အုတ်နီခဲ မ ထားတဲ့ လက်တွေကလည်း ညောင်းလာပြီကိုး။ အကြောက်လည်း နည်းနည်း ပြေလာခါစပဲ ရှိသေးတယ်။ မန်ကျည်းပင်အလွန်က ရှပ်လပ်ရှပ်လပ်နဲ့ အသံတွေ ကြားလာရပါလေရောလား။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်လုံးတွေ ပြူးနေကြပြီ။ ဟိုငမိုက်ကောင်ကတော့ အုတ်နီခဲကို ကျစ်ကျစ်ပါအောင် ပြန်ကိုင်လိုက်ပြီး စူးစူးစိုက်စိုက် ကြည့်နေလိုက်တယ်။ ရှပ်လပ်ရှပ်လပ်နဲ့ လျှောတိုက်သံ ရပ်သွားတော့ ချလစ်ချလစ်နဲ့ နောက်အသံတစ်မျိုး ကြားလာရပြန်ရော။ ဒီအခါ သိပ်သေချာတာက မန်ကျည်းပင် အောက်ကပဲ။ အသံသာ ကြားနေရတယ်။ ဘာမှ မမြင်ရဘူး။ သူတို့အထဲက နှစ်ယောက်လောက်က ကြောက်ဒူးတုန်ပြီး ပြေးချင်နေပြီ။

တအောင့်လည်းနေရော ဆေးလိပ်ဖွာလိုက်သလို မီးနီအဝိုင်းကြီး ရဲကနဲ ရဲကနဲ ပေါ်လာပြီး မီးက တစ်ချက် ရဲကနဲ ဖြစ်သွားတိုင်း မျက်နှာမဲကြီး မသိမသာ မြင်လိုက်ရတော့ ဟိုကြောက်ဒူးတုန်တဲ့ နှစ်ကောင်က အုတ်နီခဲချပြီး တချိုးတည်း ပြေးပါလေရော။ အဲဒီအခါကျမှ ဟိုငမိုက်ကောင်လည်း သတိဝင်ပြီး “ဟေ့ကောင်တွေ ထုဟ၊ ထု ထု။ ပြီးရင်ပြေးစို့” ဆိုပြီး ပြောလည်းပြော အုတ်နီခဲကိုလည်း မီးရဲကြီးဆီ ချိန်ပြီး ထုချလိုက်ပါရောလား။ ချက်ချင်းပဲ သူလည်း တချိုးတည်း ပြေးတော့တာပေါ့။ ကျန်တဲ့နှစ်ကောင်လည်း ကြောက်အားလန့်အားနဲ့ အုတ်နီခဲကို တွေ့ကရာ ပစ်ထည့်ပြီး ပြေးကြရော။

အဲ .…. အဲဒီကနေ နောက်နေ့ ကျောင်းမှာ ဘာသတင်းတွေ ထူးလာသလဲ ဆိုတော့ သူတို့ ငါးယောက် မိဘတွေခေါ်ပြီး ခံဝန်ထိုးလိုက်ကြရသတဲ့။ အဆောင်မှူးဆရာလည်း အဲဒီနေ့ကနေ စပြီး နာမည်ပြောင်အသစ် ရသွားပါလေရော။ “ခေါင်းကွဲသရဲ” တဲ့။

Leave a comment

Your email address will not be published. Required fields are marked *