အောက်ကမြစ် (သို့) အောက်မြစ် (့) ကို အများစုက သာမန်ကာလျှံကာပဲ အောက်ကမြင့် (သို့) အောက်မြင့်လို့ ဖတ်ကြတယ်။ မြန်မာစာမှာ အောက်မြစ်ရဲ့ မူလအသုံးက tone လို့ခေါ်တဲ့ အသံအနိမ့်အမြင့်ကို ဖော်ပြတဲ့ သင်္ကေတတစ်ခုပေါ့။ အသံပြောင်းသင်္ကေတ တစ်ခုပေါ့။ အနိမ့်သံကို ဖော်ပြချင်တဲ့ အခါ၊ အသံရှည်ကို တိုအောင်ဖြတ်ချလိုတဲ့အခါမှာ အောက်မြစ်ထည့်သုံးရတာပေါ့။ ဥပမာ အာ့၊ အာ၊ အား ဆိုတာလိုပဲ။ ပါဠိဘာသာမှာက အနိမ့်သံဖြစ်တဲ့ အောက်မြစ် (့) သင်္ကေတလည်း မရှိသလို အမြင့်သံဖြစ်တဲ့ ဝစ္စပေါက် (း) သင်္ကေတလည်း မရှိဘူး။ ပြောရရင် အောက်မြစ် ဆိုတဲ့ သင်္ကေတဟာ မြန်မာတွေ ထွင်ခဲ့တဲ့ သင်္ကေတတစ်ခုလို့ ပြောလို့ရတယ်။
အောက်မြစ်ရဲ့ သမိုင်း
မြန်မာအက္ခရာရယ်လို့ ပထမဆုံး စသုံးခဲ့တဲ့ ပုဂံခေတ်မှာ အောက်မှာထည့်တဲ့ အပြောက်ပုံစံ သင်္ကေတ (့) ကို လုံးဝ သုံးခဲ့တာ မရှိသေးပါဘူး။ ဒါပေမယ့် အောက်မြစ်သဘောကို တခြားပုံစံတစ်မျိုးနဲ့ တွေ့နိုင်ပါတယ်။ ဥပမာ – ပေါ်တော်မူဘုရား ကျောက်စာမှာ “ငာအ် ကျောန်ယောက်ယာ”။ မြစေတီကျောက်စာမှာ “ဣယ် သေိအ်”။ ပုဂံခေတ်က ရေးထွင်းထားတဲ့စာ “ငာအ် ကျောန်ယောက်ယာ” ဆိုတာကို ဒီခေတ်မြန်မာစာ အရေးအသားနဲ့ ပုံစံပြောင်းရမယ်ဆိုရင် “ငါ့ကျွန်ယောက်ျား” လို့ ရေးနိုင်ပါတယ်။ ဒါကြောင့် “ငာအ်” ဟာ “ငါ့” လို့ ဆိုရပါမယ်။ အဲဒီမှာ ကြည့်လိုက်ရင် ‘အ်’ ဟာ အောက်မြစ်ကို ကိုယ်စားပြုနေတာ တွေ့လိမ့်မယ်။ နောက်ပြီး ရာဇကုမာရကျောက်စာလို့ အများသိကြတဲ့ မြစေတီကျောက်စာမှာ “ဣယ်သေိအ်” ဆိုတာက ခေတ်အသုံးအနှုန်းနဲ့ ရေးရင် “ဤသို့” လို့ ရေးနိုင်ပါတယ်။ ပြီးတော့ “ငသ္ခင် အဖေိအ်” ဆိုတာ “ငသခင်အဖို့” လို့ ပြောင်းရေးနိုင်ပါတယ်။ အဲဒီမှာလည်း ‘အ်’ ဟာ အောက်မြစ်ကို ကိုယ်စားပြုတယ်။ ဒါကြောင့် အသတ်နဲ့ အနောက်ကနေ မြစ်တားလို့ ရှေးရှေးက အဲဒါကို “အ-မြစ်” လို့ ခေါ်ကြပါတယ်။ ‘အ’ နဲ့ အသံကို တားမြစ်လိုက်တဲ့ သဘောပေါ့။
မွန်ဘာသာမှာ ‘အ်’ အ-သတ် ဆိုတာ ရှိတယ်။ သူရဲ့ အသံထွက်ဟာ မြန်မာရဲ့ အောက်မြစ်အသံနဲ့ နီးစပ်တယ်။ ရှေးမြန်မာတွေက မွန်တွေရဲ့ ‘အ်’ ကို ယူသုံးပြီး သံရှည်တွေကို တားမြစ်ဖို့ ပိတ်ပင်ဖို့ အသုံးပြုလာခဲ့ကြတယ်။ ဒါကြောင့် ‘ကင်’၊ ‘ကဉ်’၊ ‘ကန်’၊ ‘ကမ်’ ဆိုတဲ့ သံရှည်တွေကို သံတိုပြောင်းချင်တဲ့အခါမှာ အ-သတ် ‘အ်’ ကို အငှားယူသုံးခဲ့ကြတယ်။ ဥပမာ မြစေတီကျောက်စာမှာပဲ အကြောင်းရေ (၁၀) မှာ “တန်ဆာနှင္အ်” ဆိုတာ ဒီခေတ်ရေးထုံးနဲ့ ဆိုရင် “တန်ဆာနှင့်” လို့ ရေးရမှာပေါ့။ နောက်ပြီး အကြောင်းရေ (၁၈) မှာ “ဣယ်သေိအ် မိန္အ်ဧအ်” ဆိုတာ ဒီခေတ်ရေးထုံးနဲ့ “ဤသို့ မိန့်၏” လို့ ပြောင်းရေးနိုင်ပါတယ်။ ဒီစာကြောင်းတွေမှာ ကြည့်ရင် ‘နှင္အ်’ ကနေ ‘နှင့်’၊ ‘မိန္အ်’ ကနေ ‘မိန့်’ ပြောင်းလာတာ သတိထားမိပါလိမ့်မယ်။ ဒါကြောင့် သံရှည်တစ်ခုကို သံတိုဖြစ်အောင် သူ့အောက်ဘက်ကနေပြီး (တား)မြစ်လိုက်တာကြောင့် အောက်မြစ်လို့လည်း ခေါ်ပြန်ပါတယ်။
ဒါဆို အပြောက်အစက်ကို အောက်မှာ ထားပြီး သုံးတဲ့ (့) အောက်မြစ်ပုံစံကို ဘယ်အချိန်က စသုံးခဲ့သလဲ ဆိုတာ ကြည့်ရအောင်။ မြန်မာသက္ကရာဇ် (၁၁၃၀) ခု၊ ခရစ်နှစ် (၁၇၆၈) ခုနှစ်မှာ ရေးခဲ့တဲ့ ဥယျာဉ်ကြီးဘုရားမင်စာမှာ ပထမဆုံး စတွေ့ရတာပါပဲ။ ‡ အဲဒီမင်စာထဲမှာ “သကဲ့သို့” ဆိုတဲ့အရေးက ဒီခေတ်နဲ့ ဘာမှ မထူးခြားတော့ပါဘူး။ ဒါပေမယ့် မင်စာမှာပါတဲ့ “တရာနှစ်ဆယ်ရှစ်ထပ်ရံသော” ဆိုတာကျတော့ ဒီခေတ်အရေးနဲ့ဆိုရင် အောက်မြစ်လိုနေတယ် ပြောရမယ်။ ဒီခေတ်အရေးနဲ့ဆိုရင် “နှစ်ဆယ့်ရှစ်ထပ်” ဖြစ်ပြီး ‘ဆယ်’ ကို မြစ်ထားမှာပါ။ အဲဒီလိုပဲ တချို့ အောက်မြစ် ပါသင့်တာ မပါတာတွေကို အဲဒီမင်စာမှာ တွေ့ရတော့ (့) အောက်မြစ်ရဲ့ အသုံးက မတည်ငြိမ်သေးဘူးလို့ ပြောရမှာပေါ့။ အခု ပြောခဲ့တဲ့ ဥယျာဉ်ကြီးဘုရားမင်စာကတော့ ဗိန္ဓုပြောက် တစ်ပြောက်နဲ့ (့) အောက်မြစ်ကို အစောဆုံးတွေ့ရတဲ့ သက်သေတစ်ခုပါပဲ။
ရေးတော့အမှန် ဖတ်တော့အသံ
မြန်မာတွေက စကားပြောတဲ့အခါမှာ အားရပါးရ ပြောတတ်တဲ့ အလေ့ရှိတာကြောင့် သိကြတဲ့အတိုင်း ရေးတဲ့အတိုင်း မဖတ်၊ ဖတ်တဲ့အတိုင်း မရေးတဲ့ စကားလုံးတွေ အများကြီး ရှိပါတယ်။ ဒါကိုပဲ “ရေးတော့အမှန်၊ ဖတ်တော့အသံ” ဆိုပြီး လှတပတ စာချိုးထားကြတယ်။ အဲဒီလို လေးလေးပင်ပင် ဖိပြောတတ်လို့လည်း
- ကုန်းဆင်း -> ဂုန်းဆင်း
- စလုတ် -> ဇလုတ်
- ပါးစောင် -> ဘဇောင်
- ဘယ်တုန်း -> ဘယ်ဒုန်း
ဆိုပြီး အာစောက်သံတွေနဲ့ ရွတ်ဖတ်ကြတယ်။ တချို့ကျတော့ ဖိဖတ်တဲ့အနေနဲ့ အောက်မြစ်သံတွေ ထည့်ဖတ်ကြတယ်။ ဥပမာ “အေးအေးသည် မောင်မောင်ကို” လို့ ရေးထားရင် “အေးအေးသည် မောင်မောင့်ကို” ဆိုပြီး ‘မောင့်’ သံ ဖိဖတ်ကြတယ်။ “မင်းကို” ဆိုရင် “မင့်ဂို” လို့ ဖတ်ကြတယ်။ “မင့်ဂို” လို့ အားလုံးက ဖတ်ကြပေမယ့် ဘယ်သူမှ “မင့်ကို” သို့မဟုတ် “မင့်းကို” လို့ မရေးကြဘူး။ အဲ .. ဒါပေမယ့် ပြဿနာက ‘ငါ’၊ ‘နင်’၊ ‘သူ’ ဆိုတာတွေကို ‘ကို’ နဲ့ တွဲလိုက်တဲ့အခါမှာ တကယ်တမ်း ဖြစ်သင့်တဲ့ “ငါကို”၊ “နင်ကို”၊ “သူကို” လို့ မရေးကြတော့ဘဲ “ငါ့ကို”၊ “နင့်ကို”၊ “သူ့ကို” ဆိုပြီး အသံထွက်အတိုင်း ဖြစ်ကုန်ကြရော။ အမှားကြာ အမှန်ဖြစ်လို့ ပြောရမလားပဲ။ အဲဒါတွေထက် အခုဆိုရင် လူမှုကွန်ရက်တွေမှာ ရက်ရက်စက်စက် မှားနေကြတာတွေ ရှိတယ်။ အောက်မြစ် ပိုထည့်နေကြတာတွေပေါ့။ ဥပမာ –
- အဲ့ဒီလို
အဲဒီလို 
- အဲ့ဒါ
အဲဒါ 
- ဒီ့ထက်
ဒီထက် 
- သူ့ရဲ့
သူရဲ့ 
- ကောင်းမှု့
ကောင်းမှု 
အောက်မြစ်ရဲ့ ပိုင်ဆိုင်မှုပြအနက်
အောက်မြစ်လို့ ခေါ်တဲ့ ဗိန္ဓုပြောက်လေး တစ်ပြောက်ဟာ တခြား အနက်အဓိပ္ပာယ်တစ်ခုကိုလည်း ဆောင်ပြန်သေးတယ်။ တစ်ခါတလေမှာ ‘၏’ ဆိုတဲ့ ပိုင်ဆိုင်မှုပြပုဒ်ရဲ့ ကိုယ်စား အောက်မြစ်ကို သုံးတာလည်း ရှိပါသေးတယ်။ ဥပမာ – “ငါ့စာအုပ်” ဆိုရင် “ငါ၏စာအုပ်” နဲ့ အနက်အတူတူပဲ။ “သူ့လွယ်အိတ်”၊ “မောင်မောင့်အဖေ”၊ “သူ့စကား”၊ “မြန်မာ့လွတ်လပ်ရေး” ဆိုတဲ့ စကားစုတွေမှာ အောက်မြစ် (့) ဟာ ‘၏’ ဆိုတဲ့ အဓိပ္ပာယ် ရပါတယ်။ ပိုင်ဆိုင်မှုကို ပြပါတယ်။ ရယ်ချင်စရာ အကြောင်းအရာတစ်ခုကို သတိရလို့ ပြောရဦးမယ်။ ကြေးမုံဦးသောင်းရဲ့ “ဗမာ့ခေတ်မှ ကြေးမုံသို့” ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ အောက်မြစ်နဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခု ဖောက်သည်ချချင်ပါတယ်။ မြန်မာစာမှာ ‘ဟာ’ ဆိုတဲ့ စကားလုံးဟာ ‘ပစ္စည်း’ ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိတတ်ပါတယ်။ ဥပမာ အင်္ဂလိပ်လို mine ဆိုရင် “ငါ့ဟာ”၊ “ငါ့ပစ္စည်း”၊ “ငါ၏ပစ္စည်း”၊ “ငါ၏ပိုင်ဆိုင်မှု” လို့ အဓိပ္ပာယ် ရတယ်ပေါ့။ စာအုပ်ထဲက ရယ်စရာ ဟာသက ဒီလိုပါ။
ကြေးမုံဦးသောင်းက ဗမာ့ခေတ်သတင်းစာမှာ သတင်းထောက်အဖြစ် လုပ်နေသေးတဲ့ အချိန်မှာပေါ့။ အဲဒီအချိန်မှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ခြင်္သေ့မလေးတစ်ကောင် ရောက်လာပါသတဲ့။ ခြင်္သေ့ပေါက်မကလေးပေါ့။ နဂိုက တိရစ္ဆာန်ရုံမှာ ခြင်္သေ့ထီးကြီးတစ်ကောင်တည်း ရှိရာကနေ ခြင်္သေ့ပေါက်မလေး တစ်ကောင်တိုးလာတယ်။ ခြင်္သေ့အထီးကြီးအတွက် အိမ်ထောင်ဖက် ရှာပေးတဲ့ အနေနဲ့ ခြင်္သေ့အမလေး ရောက်လာတာပါပဲ။ ဒီတော့ အဲဒီနှစ်ကောင်ကို လှောင်အိမ်တစ်ခုတည်း အတူထားတာပေါ့။ နဂိုက FA ဖြစ်ခဲ့တဲ့ ခြင်္သေ့ထီးကြီးက အခုတော့ သူ့အနား ကညာပျိုလေး ရောက်လာတော့ အရင်လို အငြိမ်မနေတော့ဘူး။ ခြင်္သေ့ပေါက်မလေးရဲ့ အနားမှာ တပူးကပ်ကပ်နဲ့ ဟိုပွတ်ဒီကိုင် Intro တွေ ဝင်နေတော့တာပေါ့။ ခက်တာက ခြင်္သေ့မလေးက ငယ်လွန်းသေးတော့ ဒါတွေ စိတ်မဝင်စားဘူး။ အကပ်မခံဘူး။ ပြန်ကိုက်ပါရော။ ဒါနဲ့ အဲဒီနှစ်ကောင်ကို လှောင်အိမ် ခွဲထားရပြန်တယ်။ ဒါကို ကြေးမုံဦးသောင်းက သတင်းရလာပြီး ဓာတ်ပုံနဲ့တကွ ဗမာ့ခေတ် သတင်းစာထဲမှာ သတင်းရေးရတယ်။ လူတွေ စိတ်ဝင်စားအောင် ရေးရတာကိုး။ သူရေးတဲ့ သတင်းက ဒီလို။
“လူပျိုစကားပြောတဲ့ ကိုကိုကာလသားချောရယ်။ ကလေးစိတ်မို့ ပျိုနားမလည်။ ခင်ဟာ ငယ်သေးတယ်။”
ဆိုပြီး ကဗျာကာရန်လေးနဲ့ ဟာသနှောပြီး သတင်းရေးပေးလိုက်တာပေါ့။ အဲဒါ သူရေးတဲ့ သတင်းကို သတင်းစာအယ်ဒီတာက နည်းနည်းလေး ပြင်ပြီး ဓာတ်ပုံနဲ့တကွ သတင်းစာ မျက်နှာဖုံးမှာ ထည့်လိုက်တာ ဝက်ဝက်ကွဲကို ပွဲကျသွားတော့တယ်။ အယ်ဒီတာက အများကြီး ပြင်လိုက်တာ မဟုတ်ဘူး။ အထက်က စာကြောင်းမှာ အောက်မြစ်လေး (့) တစ်ပြောက် တိုးလိုက်တာပဲ ရှိတာ။ ဘယ်လို ဖြစ်သွားသလဲ ဆိုတော့ …
“လူပျိုစကားပြောတဲ့ ကိုကိုကာလသားချောရယ်။ ကလေးစိတ်မို့ ပျိုနားမလည်။ ခင့်ဟာ ငယ်သေးတယ်” တဲ့။
ကဲ … တွေ့လား။ ခင်ဟာ နဲ့ ခင့်ဟာ၊ အောက်မြစ်လေး တစ်လုံးဟာ ဘယ်လောက် တာသွားသလဲ ဆိုတာ။
‡ မြန်မာအက္ခရာဗေဒကျမ်း – ဦးသောင်းလွင် စာအုပ်မှ
