← Back to blog

၁၇၇၄ ခုနစ်မှ ရှေးမြန်မာ့ သင်္ချာကျမ်းကြီး

ကိုးကား ပညာရပ်ဆိုင်ရာ အရှေးအဟောင်းများ

ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်း ( ၁၇၇၄ )

မြန်မာ့သိပ္ပံပညာဆိုင်ရာ ကျမ်းတွေ စာပေတွေဟာ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် (၁၇၈၂ – ၁၈၁၉) မှာ အခြေတကျ စပြီး ထွန်းကားလာတယ်လို့ ပညာရှင်အများက လက်ခံ ယုံကြည်ထားကြတယ်။ အဲဒီလို လက်ခံရတဲ့ အကြောင်းကတော့ ဗဒုံမင်းဟာ အိန္ဒိယနိုင်ငံနဲ့ သီဟိုဠ်နိုင်ငံကနေ ကျမ်းပေါင်း (၂၀၀) ကျော်ကို မြန်မာနိုင်ငံသို့ ယူဆောင်စေခဲ့တယ်။ အဲဒီလို ယူလာတဲ့ ကျမ်းတွေရဲ့ မြန်မာပြန်မူတွေကို အခုအချိန်အထိ လက်ဆုတ်လက်ကိုင် ပြနိုင်သေးတယ်။မြန်မာ့သင်္ချာ ပညာသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ကျမ်းပြုသူ အစောဆုံး ခြေရာကောက်မိတဲ့ သင်္ချာကျမ်းကတော့ သင်္ချာပကာသက အမည်ရှိတဲ့ ကျမ်းဖြစ်တယ်။ အဲဒီကျမ်းက ၁၄ ရာစု နှစ်ဦးပိုင်းကတည်းက ယိုးဒယားနိုင်ငံက တဆင့် မြန်မာနိုင်ငံကို ရောက်လာတဲ့ ကျမ်းဖြစ်တယ်။ ကျမ်းရဲ့ မူလ စာကိုယ်ကို ပြုစုတဲ့သူက ယိုးဒယားနိုင်ငံ ဇင်းမယ်မြို့က ရှင်ညာဏဝိလာသ ဖြစ်တယ်။ အဲဒီကျမ်းကို အခြေခံပြီး ၁၅၂၀ မှာ မြစ်ငယ်တောင်ဘက် ပလိပ်ရွာ အရှေ့ရှိ မြို့သစ်မြို့နေ ရှင်သိရိမင်္ဂလက သင်္ချာပကာသကဋီကာကို ထပ်မံပြုစုပြီး တတိယ ညောင်ကန်ဆရာတော် ရှင်ကဝိန္ဒရဲ့ တပည့် ရှင် မုနိန္ဒသာရက တဖန် သင်္ချာပကာသက စာကိုယ်နဿယကို ပြုစုခဲ့တယ်။အခုအကျဉ်း တင်ပြချင်တဲ့ ကျမ်းက ၁၇၇၄ခုနစ်မှာ ရေးပြီး ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်းလို့ နာမည်ရတယ်။ ဒီကျမ်းက မြန်မာ့သိပ္ပံ ပညာသမိုင်းအတွက် အရေးပါတဲ့ အထောက်အထားတစ်ခု ဖြစ်တဲ့အပြင် ကျနော်တို့ မြန်မာတွေ ဂုဏ်ယူဝင့်ကြွားထိုက်တဲ့ ကျမ်းတစ်ဆူလည်း ဖြစ်တယ်။ ဒါကြောင့် ဒီကျမ်းမှာ ပါတဲ့ အချက်အလက်တချို့ကို အကျဉ်းမျှလောက် ပြန်ပြီး ဖောက်သည်ချပေးလိုက်ပါတယ်။
ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်းဟာ အပိုင်းလေးပိုင်း ခွဲခြားပြီး ဥပမာပေး နမူနာ ပုစ္ဆာပေါင်း ၁၇၅ ပုဒ်ကို တွက်နည်း အဖြေနဲ့တကွ စုံစုံလင်လင် ပြုစုထားတယ်။

ပထမပိုင်းမှာ သင်္ချာပညာရပ်အတွက် အဓိကဖြစ်တဲ့ `ရေတွက်ခြင်း ဂဏန်းသင်္ချာ´ ခေါင်းစဉ်နဲ့ အလေးချိန်၊ အကွာအဝေး၊ ထုထည်၊ အချိန်နာရီ တွေကို တိုင်းတာတဲ့ ယူနစ်ကိန်းသင်္ချာ အကြောင်းနဲ့ ခု ကနေ အသင်္ချေ (တစ်နောက်က သုည အလုံး ၁၄၀) တိုင်အောင် ရေတွက်ခေါ်ဝေါ်ပုံ နည်းစနစ်ကို ဖော်ပြထားတယ်။

ဒုတိယပိုင်းမှာ `ဂဏန်းဆယ်ပါး´ ခေါင်းစဉ်နဲ့ စပါးတွက်၊ ဆန်တွက်၊ ရွှေတွက်၊ ငွေတွက်၊ ဆီမီးတွက်၊ ရထားတွက်၊ သစ်ပင်တွက်၊ လှေတွက်၊ သားရေတွက်၊ မြေတွက် ဆိုပြီး လုပ်ငန်းအလိုက် တိုင်းထွာတွက်ချက်နည်းကို ဥပမာ ပုစ္ဆာပေါင်း ၉၈ ပုဒ်နဲ့ ဖော်ပြထားတယ်။

စပါးတွက်နည်းမှာ ကျီတွက်နည်း၊ သရိုင် (ပုတ်) တွက်နည်း၊ စပါးပုံတွက်နည်း၊ လှေဝင်စပါးတွက်နည်း၊ စပါးကို ငှက်စားတဲ့ ပုစ္ဆာ၊ စပါး နှစ်ထပ်တိုးပေး တွက်နည်း အစရှိတဲ့ နမူနာပုစ္ဆာ ၂၁ ပုဒ်နဲ့ ဖော်ပြထားတယ်။

ဆန်ဂဏန်းတွက်နည်းမှာ စပါးနှစ်တင်းကို ထောင်းရင် ဆန်တစ်တင်းရပြီး ဆန်တစ်တင်းမှာ အစေ့ပေါင်း ၇၆၈၀၀၀ ရှိကြောင်း ဖော်ပြထားတယ်။ ဆန်ဂဏန်းမှာ အဓိက အရေးကြီးတဲ့ အပိုင်းက သင်္ချာပေါင်းပွားကိန်း (Arithmetic Progression) သဘောကို အခြေခံတဲ့ နည်းတွေ ဖြစ်တယ်။

ရွှေဂဏန်းကို ပြောတဲ့အခါမှာ ရွှေမျိုးပေါင်း (၂၀) ရှိတယ်လို့ ဖော်ပြထားတယ်။ တစ်ဆင့်ပြီးတစ်ဆင့် သန့်စင်အောင် လှော်ခတ်ပြီး အဆင့်လိုက် ရွှေလှော် (၁၂) မျိုးကိုလည်း ဖော်ပြထားတယ်။ အဲဒါတွေက နီဗလ၊ နာရဏီ၊ နာရဝေါ၊ နာလိကာ၊ နာလိမုတ္တာ၊ အဉ္စနီ၊ အဉ္စမုတ္တ၊ အဇာဝနိ၊ ဇာတရူပ၊ ဥတရနိတာ၊ သိင်္ဃနိတ် နဲ့ ဇမ္ဗူရဇ်တို့ ဖြစ်တယ်။ ရွှေကို သန့်စင်ဖို့ လုပ်တာ အင်မတန် အနုစိတ်ပြီး စနစ်ကျတာ တွေ့ရတယ်။ ဥပမာအနေနဲ့ ပြရရင် အသန့်စင်ဆုံး ဇမ္ဗူရဇ်ရွှေ အဆင့်ရအောင် သိင်္ဃနိတ်ရွှေကို ထပ်မံသန့်စင်တဲ့နည်းလေး ဖော်ပြပေးလိုက်တယ်။
`သိင်္ဃနိတ်ရွှေ ၄ိ ၂ ံ ၂ ဆံ ၃ နှံ့ (နှမ်း) ၁ မုံညင်(း) ၆ သံခေါင် (သန်းခေါင်း) ၂ ကညစ်ချေကို ၃ိ ၃ူ ၁ဲ ၄ ံ ၂ ဆံ ၂ နံ ၁ မုံညင် ၃ သံခေါင် ၂ ကညစ်ချေ တင်အောင် လှေ (လှော်) မှ ဇမ္ဗူရဇ်ရွှေ ဖြစ်၏။´

ရေဂဏန်းကို ဖော်ပြတဲ့နေရာမှာ ထုထည်ရှာပုံတွေ၊ ရေကန်ကနေ ရေထုတ်တဲ့အခါ ကြာမယ့် အချိန်နာရီ တွက်ပုံတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ပြထားတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို တင်ပြပေးလိုက်ပါတယ်။
ပုစ္ဆာ။ ဖလားတလုံ(း)သဉ် အဝန်(း) ခြောက်တောင် စောက် င်္၁ (တောင်) ရေအပြဉ်ရှိ၏။ ထိုရေကို မုံဉင်စေ့ရှိ ဖောက်သော် ဘယ်မျှလောက်သောကာ(လ)မှ ရေကုံအံ့နဉ်။
အဖြေ။ ၃ လနှင့် ၂ ရက် ၉ နာရီ နှစ်ပါဒ် ၆၂ ဗီဇနာမှ ရေကုန်၏။

ဆီမီးဂဏန်း တွက်နည်းထဲမှာလည်း ထုထည်ရှာနည်းကို အခြေခံပြီး ဖယောင်းတုံးကြီးကနေ ဖယောင်းတိုင်တွေ ပြုလုပ်ရင် ရလာမယ့် ဖယောင်းတိုင် အရေအတွက်ကို ရှာတဲ့နည်းတွေ၊ ဖယောင်းတိုင်ကို မီးထွန်းရင် အချိန်ဘယ်လောက်ကြာမှ ကုန်မလဲလို့ တွက်တဲ့နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ဖော်ပြထားတယ်။

သစ်ပင်ဂဏန်းမှာတော့ သစ်ခွဲစိတ်ဖြတ်တောက်တာနဲ့ ဆိုင်တဲ့ သစ်တွက်နည်းတွေ၊ သစ်လုံးကို ပါးပါးလွှာထုတ်တဲ့ တွက်နည်းတွေ အပြင် သစ်ပင်ကို အဝေးကကြည့်ပြီး အမြင့်ရှာနည်းတွေ အပါအဝင် ပုစ္ဆာ ၇ ပုဒ်နဲ့ ဖော်ပြထားတယ်။ သစ်ပင်အမြင့်ရှာပုံက ဂျီသြမေတြီဘာသာရပ် (Geometry) ကို အခြေခံထားတယ်။

လှေဂဏန်းကို ပြရာမှာ သင်္ဘောနဲ့ ခရီးထွက်ရင် ကြာမြင့်ချိန်၊ ဆိုက်ရောက်ချိန် နေ့ရက်ကို တွက်တဲ့ ပုစ္ဆာတွေနဲ့ အက္ခရာသင်္ချာ (Algebra) သဘောပါတဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှေနဲ့ တစ်ဖက်ကမ်းကို ကူးတဲ့ ပုစ္ဆာမျိုးတွေကို နမူနာပုစ္ဆာ ၅ ပုဒ်နဲ့ တွက်ပြထားတယ်။

သားရေဂဏန်းမှာတော့ သားရေချပ်ကို လှီးဖြတ်ရာမှာ လေးထောင့်ပုံ၊ စက်ဝိုင်းပုံ စတဲ့ ပုံစံ အမျိုးမျိုးရဲ့ ဧရိယာနဲ့ အဝန်းတွက်နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ တွက်ချက်ပြထားတယ်။

မြေဂဏန်းမှာ မြေကြီးကနေ အုတ်ထုတ်ရာမှာ ထွက်ရှိမယ့် အုတ်ချပ်ရေ ခန့်မှန်းပုံ၊ မြို့ရိုး တိုက်တာ အိုးအိမ် တည်ဆောက်ရာမှာ အုတ်လိုအပ်မှု လယ်ယာမြေကွက် ပုံစံအမျိုးမျိုး ပယ်ဖွဲ့နည်းတွေကို ဥပမာ ပုစ္ဆာပေါင်း ၃၀ နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတယ်။

တတိယပိုင်းမှာ နည်းတဆယ့်ခြောက်ပါး ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်္ချာနည်းပေါင်း ၁၆ နည်းကို ပုစ္ဆာပေါင်း ၇၆ ပုဒ်နဲ့ ဖော်ပြထားတယ်။ အဲဒီနည်းတွေကို အကျဉ်းချုပ် အနေနဲ့ ဖော်ပြရရင် နှစ်ထပ်တိုးတွက်နည်း၊ အချိုးတွက်နည်း၊ မရေမရာညီမျှခြင်း (Indeterminate equation) တွက်နည်း၊ သင်္ချာပေါင်းပွားကိန်း (Arithmetic progression) တွက်နည်း၊ သင်္ချာဆပွားကိန်း (Geometric progression) တွက်နည်း၊ အက္ခရာသင်္ချာ ညီမျှခြင်း (Algebra equation) တွက်နည်း၊ ဆခွဲကိန်း တွက်နည်း၊ ဘုံသုဉ်းကိန်း တွက်နည်း တို့ ဖြစ်ပါတယ်။

ဒီကျမ်းရဲ့ နောက်ဆုံးအပိုင်း စတုတ္ထပိုင်းမှာတော့ ရှေ့ပိုင်းက နည်းတွေကို အခြေခံပြီး ပုစ္ဆာပေါင်း ၃၀ ကို ထပ်ပြီး တွက်ပြထားပါတယ်။

ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်းကို ခြုံငုံကြည့်ရင် ရှေးမြန်မာတွေရဲ့ လယ်ယာအိုးအိမ် စတဲ့ စားဝတ်နေရေး လူနေမှုစနစ်ကို လက်တွေ့ အထောက်အကူပြုတဲ့ သင်္ချာတွက်နည်းတွေကို ဖော်ပြထားကြောင်း တွေ့ရတယ်။ ဒါ့အပြင် စက်ဝိုင်းတွေရဲ့ ဧရိယာ၊ စက်လုံး၊ ထုလုံး၊ ထုချွန်တွေရဲ့ ထုထည်ရှာပုံ၊ ဂဲသြမေတြီရဲ့ အခြေခံတွေ၊ သင်္ချာပေါင်းပွားကိန်း၊ ဆပွားကိန်း၊ အချိုးဆက်တွေ၊ အက္ခရာသင်္ချာတွက်နည်းတွေကိုပါ ထည့်သွင်း ဖော်ပြထားတာကို ထောက်ရှုမယ်ဆိုရင် အဲဒီအချိန်က မြန်မာတွေရဲ့ သင်္ချာအဆင့် မြင်းမားကြောင်း တွေ့ရတယ်။ ဗဒုံမင်း လက်ထက် မတိုင်မီကတည်းက မြန်မာ့ သင်္ချာပညာဟာ ပီပီပြင်ပြင် အဆင့်မြင့်မြင့် ရှိနေပြီ ဆိုတာကို ဒီ ၁၇၇၄ ခုနစ်က သင်္ချာကျမ်းနဲ့ လက်ဆုတ်လက်ကိုင် ပြပြီး သက်သေထူလိုက်ပါတော့တယ်။

ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ – ဒေါက်တာ မျိုးသန့်တင် စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading