ဆုလေးက သူငယ်ချင်းအကြောင်း ရေးဖို့ တက်ထားတာ အတော်ကလေးကို ကြာနေပါပြီ။ ရေးမယ်လို့ ချိန်ဆတော့လည်း ဘယ်သူ့အကြောင်းကို ရေးရမလဲ ဆိုတာကလည်း ပြဿနာလေ။ သူငယ်ချင်းတွေက များတော့ ရွေးရတော့ ခက်သား။ နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ကို သွားသတိရတယ်။ သူက ကျနော့်ဘဝမှာ သူမတူအောင် မှတ်တမ်းတင်ထိုက်တဲ့ လူတစ်ယောက်ပါ။ အမှန်အတိုင်း ပြောရရင် သူ့အကြောင်း သိပ်မရေးချင်ပါဘူး။ စဉ်းစားမိတိုင်း စိတ်မကောင်း ဖြစ်လို့ပါ။
သူနဲ့ ကျနော်တို့ (၈) တန်း ကျောင်းသား ဘဝကတည်းက တစ်တန်းတည်း အတူနေ အရမ်းခင်လာခဲ့ကြတာပါ။ ကမျင်းဖော် ကမျင်းဖက်၊ သောင်းကျန်းဖော် သောင်းကျန်ဖက်တွေပါ။ အတန်းထဲမှာ အဆိုးဆုံး၊ အဂျစ်ဆုံး၊ အပေဆုံး၊ အကပ်ဆုံးလို့ ပြောလို့ ရသလိုပဲ အတော်ဆုံးလည်း ဖြစ်ပါတယ်။ (၉) တန်းတုန်းက တစ်ကျောင်းလုံးမှာ ပထမဆု ဆွတ်ခူးခဲ့တဲ့ လူလေ။ စကားလုပွဲတွေ ကျပန်းစကားပြော ပြိုင်ပွဲတွေမှာ အမြဲ ပထမ ရနေကျပါ။ ကျနော် ပီကေ ကပ်တယ်ဆိုတာ သူ့ကို မမီဘူးလေ။ စကားပြောတာ သိပ်ကပ်လွန်းလို့ သူ့ကို ဆရာမတွေ မိဘတွေတောင် လက်ဖျားခါရတယ်လေ။ သူ့ကို သတိရတိုင်း ကျနော် သူရေးဖူးတဲ့ စာတွေကို ဖတ်ဖတ်နေမိတယ်။
အခု သူရေးဖူးတဲ့ စာထဲက စာသုံးစောင်ရဲ့ စာတချို့ကို အမြည်းအနေနဲ့ ပြန်ရိုက်ပေးလိုက်တယ်။ ဒီစာကို ဖတ်ပြီး သူ ဘယ်လိုကောင်လဲ ဆိုတာ ရိပ်မိသွားမှာပါ။၊
ငါ စာရေးလိုက်တယ်။ စာရေးလို့လည်း မင်းဆီ ရောက်လာတာပေါ့။ မရေးရင် ရောက်ပါ့မလား။ ငါစာရေးခြင်းဆိုတဲ့ အကြောင်းတရားကြောင့် မင်းဆီ ရောက်ခြင်းဆိုတဲ့ အကျိုးတရား ဖြစ်ပေါ်လာရတယ်။
နားလည်ပါတယ်နော်။ အေး … အဲဒီလိုပဲ မင်းဆီရောက်ခြင်း (စာ) ဆိုတဲ့ အကျိုးတရား ဖြစ်ပေါ်မလာဘူးဆိုရင် ငါစာရေးခြင်းဆိုတဲ့ အကြောင်းတရား ရှိချင်မှ ရှိနိုင်မယ်။ ဘာဖြစ်လို့ အဲသလို ဆိုရသလဲဆိုတော့ ငါစာရေးခြင်း ဆိုတဲ့ အကြောင်းတရားစာ ကျိန်းသေပေါက် ရှိနေပေမယ့် ကြားထဲမှာ စာပို့သမားကြောင့် ပျောက်တာတို့၊ မိုးရေစိုလို့ ပြဲတာတို့ စတဲ့ စတဲ့ အကြောင်းတရားတွေက ထပ်မံ ဝင်ရောက် ဖန်တီးလာခဲ့လို့ ရှိရင် အကျိုးတရား ဟာလည်း ရရှိချိန်မှာ Direction ပြောင်းသွားတတ်တယ်။
ဆိုလိုတာကကွာ မင်းလို လူပြိန်းတွေ နားလည်အောင် ပြောရရင် ကိုယ်က ကောင်းကျိုးကို မျှော်လင့်စောင့်စားနေပေမယ့် မမျှော်လင့်သော အကြောင်းတရားတွေ၏ ဝင်ရောက်နှောက်ယှက် ဖျက်ဆီးမှုကြောင့် မမျှော်လင့်အပ်သော ဆိုးကျိုးတရားတွေလည်း ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို ပြောတာပါကွာ။
ရှင်းပလား။ အေး …. အေး ….. အေး ….။ ငါပြောသမျှကို ကြိုးစား နာယူမှတ်သားနော်။ မင်းက လိုချင်စိတ်လေးရှိတော့ ကြီးပွားဦးမှာပါ။ (ငါ့အိမ်တော့ မလာနဲ့။ မင်းက လိုချင်စိတ်ရှိတော့ အိမ်က ပစ္စည်းတွေ ပျောက်မှာစိုးလို့)။ တက်လမ်းလည်း အများကြီးရှိတာပဲ။ ( ဆေးရုံသို့ ( မီးယပ်နှင့်သားဖွား)) …..
ကဲ နားရှုပ်သွားပြီလား။ အဲဒီသူငယ်ချင်းက အဲဒီလို စာကို ဝေ့လည်ကြောင်ပတ် ရေးရတာ သိပ် ဝါသနာပါတယ်လေ။ တစ်နေ့တစ်နေ့ သူနဲ့ စကားနိုင် လုနေရတာနဲ့ကို အချိန် အတော်ကုန်တယ်။ တော်တန်ရုံနဲ့ လက်မခံတတ်တော့ အတော်လေး လက်ပေါက်ကပ်တယ်။ သူနဲ့ စကားပြောခဲ့၊ စကားလုခဲ့လို့လား မသိဘူး။ ကျနော်တောင် အတော် ကပ်နေတယ်။ (သူများကို အပြစ် ပုံချလိုက်ခြင်း ဖြစ်သည်။) တကယ်တော့ အသွင်မတူ အိမ်တူ မဖြစ်တဲ့။ တံငါနားနီး တံငါလေ။ တံငါသည်ချင်းမို့ အတူတူနေကြတာပေါ့၊ မဟုတ်ဘူးလား။ နောက်တစ်စောင်ကို ဆက်ဖတ်ကြည့်ပါဦး ။ သူက ဒီလို နှုတ်ဆက်ထားတယ်လေ။
ခင်မင်မှု ဗရပွ၊ အောက်မေ့မှု (အထက်မေ့မှုမပါ) ပွစိတက်၊ သတိရမှု ဒရဟောနှင့် ဒို့ ဒီစာကို မျှောလိုက်ပါတယ်။ စိတ်ရော ကိုယ်ပါ ပူးတွဲလျက် ဘတ်စ်ကား တိုးစီးရသည့် အချိန်မှ အပ ကျန်သည့် အချိန်များတွင် အကောင်ကြီးလိုက် ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်း၊ ဖွင့်ဖွင့်ထွားထွား၊ စွင့်စွင့်ကားကား (ကိုခေါင်း၏ ကာယဗလကို အထင်ကြီး လေးစား အားကျ ဂုဏ်ယူလျက်)၊ မီးဖိုချောင်ထဲက ငရုတ်ကျည်ပွေ့ကြီးလို ဒေါင်ဒေါင်မြည်နေလိမ့်မည်ဟု ယုံကြည် ကိုးစား မျှော်လင့်မိနေပေသည်။
နောက် အဲဒီစာရဲ့ အဆုံး လက်မှတ် မထိုးခင် အပေါ်မှာ သူ့ကိုယ်သူ ဒီလိုလေး ဝိသေသ ပြုထားတယ်။
အိမ်း …. ကိုခေါင်း နှင့် မ…. တို့ အပါအဝင် (၇) ရက်သားသမီးများ ကျန်းမာ ချမ်းသာစေကြောင်း ဆရာကြီး ဝေဒ ကဝိန်က မေတ္တာရည် သွန်းလိုက်သည်။
နတ်၊လူ သာဓု ခေါ်စေသော်ဝ် …..
အဖြေရှာမရသည့် ရင်ထဲက ဝေဒနာများကို ကြေငြာမထုတ် မရေမရာမဟုတ် အသေအချာလုပ်၍ ငွေအသပြာမတုတ်သည့် မန်းရွှေမြို့တော်မှ လျှမ်းဝေလို့ကျော်သော
ဆရာကြီး ဝေဒ ကဝိန် သမိန် ခေါင်းကြီး
[နှလုံးသားရေးရာ အကြံပေး အရာရှိ – (၁၄) ကျောင်းထွက်]
သတိပြုရန် – ရုံးခန်းဖွင့်ချိန် – ည (၁၁) နာရီမှ (၃) နာရီအထိ
ဥပုသ်နေ့ အထူးဖွင့်သည်။ * အမျိုးသမီးများသာ*
မယုံလျှင် – ခေါ်ပါ၊ ဆွေးနွေးပါ၊ ပြီးမှ ယုံပါ။
ကဲ အဲဒီလိုလည်း သူက ပိုင်ပိုင်နိုင်နိုင် ရေးတတ်သဗျာ။ နောက်ဆုံး အနေနဲ့တော့ ကျနော့်ကို ကျန်းမာကြောင်း ဆုတောင်းပေးတဲ့ စာပိုဒ်လေးနဲ့ပဲ အဆုံးသတ်ပါရစေ။ ကျနော်လည်း သူပြောသလိုပဲ အားလုံးကို ဆုတောင်းပေးလိုက်ပါတယ်။
ကျန်းခမ်းသာလို့ မာပါစ။ AIDS အပါအဝင် (၉၇) ပါးသော ရောဂါ ကင်းဝေး၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြီးပြည့်စုံနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်ုပ်နှင့်တကွ အတူနေထိုင်ကြကုန်သော ကျွန်ုပ်၏ မိသားစုဝင် အားလုံးတို့သည်လည်း ကျွန်ုပ်ကဲ့သို့ပင် ကျန်းမာစွာရှိကြပါသည်။ ထို့နောက်တဖန် ကျွန်ုပ်၏ ဆိုးအတူ၊ ကောင်းအတူ၊ အေးအတူ၊ ပူအမျှ၊ တိုင်ပင်ဖော်၊ တိုင်ပင်ဖက် မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်း သူငယ်ချင်းများသည်လည်း ကျန်းမာ ချမ်းသာစွာနှင့်ပင် မန်းရွှေမြို့တော်ကြီး၌ အတူတကွ တည်နေကြပါကုန် ….
ကျွန်ုပ် ကိုယ်တိုင်၌ကလည်း ကျွန်ုပ်၏ အဆွေတော် `မစ္စတာ ဒေးဗစ် ဝီလျှံ ရောဘတ် ကိုရင်ခေါင်း´သည် သာယာလှပသည့် ရန်ကုန်ဒန်မြို့တော်ကြီး၌ Bus ကား တိုးစီးလျှင် ညပ်၍ မသေဘဲ အခြား ခရီးသည်များကို အရိုးနှင့်ထိုး၍ လုတက်နိုင်ကာ မိမိကောင်းကျိုး၊ မိမိ၏ မိသားစုကောင်းကျိုး၊ မိမိ၏ ရပ်ရွာကောင်းကျိုး၊ မိမိ၏ တိုင်းပြည်ကောင်းကျိုး၊ မိမိ၏ ကမ္ဘာကြီးကောင်းကျိုးကို ဆထက်တပိုး တိုး၍ သယ်ပိုး ထမ်းရွက်နိုင်ပါစေလို့ ထာဝရ အနေနဲ့ ဂါရဝ ချွေအပ်ပါတယ် ….
မှတ်ချက် ။ ။ ဒီသူငယ်ချင်း နာမည်က သက်နိုင်ဦးပါ။ ၁၉၉၉ ခုနစ် မေလ (၃၁) ရက်နေ့မှာ ခွေးရူးပြန်ရောဂါနဲ့ ဆုံးသွားပါတယ်။ အဆင်မပြေတဲ့ မိသားစု အသိုင်းအဝိုင်းမှာ အမေကို ရှာကျွေးနေတဲ့ သားကောင်းရတနာလေး တစ်ယောက်ပါ။ မကျန်းမာတဲ့ အမေအတွက် ဆေးဝါးခကို ငှဲ့ပြီး ကာကွယ်ဆေး မထိုးခဲ့မိလို့ မကြွေသင့်ခင်မှာဘဲ ကြွေခဲ့ရပါတယ်။ ကိုယ်ထူးကိုယ်ချွန် အမြဲ ကြိုးစားတတ်ပြီး သူများ အကူအညီကို သိပ်လက်မခံတတ်တဲ့ ငယ်သူငယ်ချင်းကြီးကို သတိတရ ရှိလှလို့ သူ ကျနော့်ဆီ ရေးခဲ့တဲ့ စာတွေကို အမှတ်တရ မှတ်တမ်းတင်ပေးလိုက်တာပါ။ စိတ်မကောင်းစရာတွေ မရေးချင်လို့ သူ့ရဲ့ ကပ်သီးကပ်သပ် စာတွေပဲ ပြုံးပျော်မိအောင် တင်ပြပေးလိုက်ပါတယ်။
အားလုံး ပျော်ရွှင်နိုင်ပါစေ …………………….