← Back to blog

အချစ်ကို နားလည်သော …

Love ဘာသာပြန်

ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။ တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က”ဗျို့ … ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။” လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက”ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ ငွေတွေနဲ့ ပြည့်နေတယ်။ မင်းအတွက် နေရာမရှိဘူး။” လို့ ငြင်းလိုက်တယ်။

ဘေးနား ရောက်လာတဲ့ မာနကို လှမ်းအကူအညီတောင်းတော့လည်း အဖြေက မထူးဘူး။”ကိုယ် မင်းကို မကူညီနိုင်ဘူး အချစ်။ မင်း တစ်ကိုယ်လုံးလည်း ရွှဲလို့ ငါလှေ ပျက်သွားလိမ့်မယ်။ မဖြစ်ပါဘူး။”ကြေကွဲမှုကို လှမ်းမြင်လိုက်တော့ အော်ပြောလိုက်တယ်။ “ကြေကွဲမှု၊ ကျနော့်ကိုလည်း ခေါ်သွားပါဦး။””အို … အချစ်၊ ငါ တအား ဝမ်းနည်းနေလို့ပါကွာ။ တစ်ယောက်တည်းပဲ အေးဆေး နေပါရစေ။” လို့ ပူဆွေးနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်။ပျော်ရွှင်မှု ဘေးနားက ဖြတ်သွားတာ မြင်တော့ လှမ်းခေါ်လိုက်ပေမယ့် သူ့ဖာသာ အပျော်လုံးနဲ့ စို့နေတော့ ခေါ်နေတာတောင် မကြားနိုင်တော့ဘူးလေ။အဲဒီလို အားကိုးရာမဲ့လို့ အားငယ်နေချိန်မှာ ရုတ်တရက် ဆိုသလို “လာ အချစ်။ ငါနဲ့ လိုက်ခဲ့။” ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ သူ့ကြည့်ရတာ အသက်တော်တော် ကြီးနေပါပြီ။ ဘာပဲ ဖြစ်ဖြစ်လေ။ အချစ်ခမျာ တအား ပျော်သွားပြီး လှေပေါ် ခုန်တက်လိုက်တယ်။ ကယ်တင်ရှင်တွေ့ပြီ ဆိုပြီး အပျော်လွန်လိုက်တာ အဘိုးအိုကို ဘယ်သွားမလို့လဲ ဆိုတာတောင် မမေးလိုက်မိဘူး။ နောက် ကမ်းခြေ တစ်နေရာလည်း ရောက်ရော အချစ်ကို ချပြီးပြီးချင်း ဘာမှ မပြောဘဲ လှေလှော်ပြီး ထွက်သွားလေရဲ့။ကျေးဇူးတင်ချင်တာတောင် ဘယ်သူ့ တင်ရမှန်း မသိတဲ့ ဘဝ။ ဒါနဲ့ တခြားအဘိုးအို တစ်ယောက်ဖြစ်တဲ့ ဦးပညာကို သွားမေးတော့တယ်။”ကျနော်ကို ဘယ်သူ ကူညီသလဲဆိုတာ သိလား အဘ””အဲဒါ အချိန် ကွဲ့” လို့ အဘိုးအို ပြန်ဖြေတော့ “အချိန်” လို့ ပါးစပ်ကနေ ရေရွတ်ရင်း စဉ်းစားနေမိတယ်။ အချစ်ရဲ့ မျက်နှာ အမူအရာကို အကဲခတ်မိတဲ့ ဘိုးပညာက တစ်ချက်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။”အေးကွဲ့။ လောကမှာ အချစ်ရဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းရှိတာ အချိန်ပဲ ရှိတယ်မဟုတ်လား အမောင်ရဲ့”

xxxxxx ဝဝဝဝဝဝ xxxxxx

ဒီ ပုံပြင်လေး ဖတ်ပြီးသွားတော့ အတော်လေး တွေးနေဖြစ်တယ်။ လူတစ်ယောက် အချစ်နဲ့ ဒုက္ခပင်လယ် ဝေနေချိန်မှာ ဘာကမှ အဖော်မပြုနိုင်ဘူး ဆိုတာကို ကောင်းကောင်းကြီး သရုပ်ဖော်သွားပါတယ်။ ဒါပေမယ့် အဲဒီ ကျွန်းပေါ်မှာသာ သူ့လိုပဲ နောက်ထပ် အချစ် တစ်ယောက် ထပ်ရှိနေရင်ကောလို့ တွေးမိပြန်တယ်။ ဒါဆိုလည်း ဒီကျွန်းပေါ်မှာပဲ ရေနစ်ပြီး သေချင်သေပါစေလို့ ပြောင်းတွေးသွားမလား ဆိုတာလည်း စိတ်ဝင်စားစရာပဲနော်။ အချစ်အကြောင်းကို ဖတ်ရတိုင်း စဉ်းစားမိတိုင်း သူငယ်ချင်းတစ်ယောက် ပြောခဲ့တာကို အမှတ်သွားသွား ရနေမိတယ်။ သူ့ရဲ့ စကားလေးကို အတွေးပွားနိုင်ဖို့ တင်ပြရင်း …..”အချစ်ဆိုတာ ကြက်သွန် လှီးတဲ့အခါ ကျတဲ့ မျက်ရည်လိုပဲ။ လှီးနေတုန်းတော့ ကျနေမှာပေါ့ကွာ။ လှီးပြီးသွားတော့လည်း ဘယ်ကျတော့မလဲ။ လှီးပြီးတဲ့အချိန် မျက်ရည်ကျတဲ့ အကြောင်းကို ပြန်စဉ်းစားကြည့်ရင် ရယ်ချင်စရာကြီးကွ။ ထပ်လှီးကြည့် ထပ်ကျဦးမှာပဲ။ လုံးဝ မကျချင်ရင်တော့ မလှီးနဲ့ပေါ့ကွာ။”

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading