ရည်ရွယ်ချက် ။ ။ လူငယ်နဲ့ လူကြီး အကြား (အထူးသဖြင့် မိဘနဲ့ သားသမီး၊ ဆရာနဲ့ ကျောင်းသား အကြား) မှာ ရှိနေတတ်တဲ့ ပဋိပက္ခတွေကို မီးမောင်း ထိုးပြချင်ပါတယ်။ကိုးကား ။ ။ အပြုသဘောဆောင်သော စည်းကမ်း – ဒေါက်တာသိန်းလွင်အပြုအမူတိုင်းရဲ့ နောက်ကွယ်မှာ ယုံကြည်ချက် တစ်ခုစီတော့ ရှိကြပါတယ်။ အများအားဖြင့် လူကြီးတွေက လူငယ်တွေရဲ့ အပြုအမူကိုပဲ ကိုင်တွယ်တတ်ပြီး နောက်ကွယ်မှာ ရှိနေတဲ့ ကလေးရဲ့ ခံယူချက်ကို နားလည်ဖို့ မကြိုးစားမိကြဘူး။ ဘာကြောင့် လုပ်ရသလဲ ဆိုပြီး ဆက်စပ် မစဉ်းစားဘဲ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရင် ကျိုးကြောင်းစီလျော်တဲ့ ရလဒ်တစ်ခု ရလာမှာ မဟုတ်ပါဘူး။ စိတ်အထူးကု ဆရာဝန်ကြီး Rudof Dreikurs က “မဆီမလျော် ပြုမူတဲ့ ကလေးဟာ နှိမ်ချခြင်း ခံရတဲ့ ကလေးပဲ” လို့ မှတ်ချက်ပေးဖူးပါတယ်။ ဘယ်လိုပုံစံနဲ့ပဲ နှိမ်ချ ခံရပါစေ အဲဒီ နှိမ်ချ ခံရတယ် ဆိုတဲ့ အတွေးက ကလေးရဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံနေတယ်။ သူဟာ အရေးမပါဘူး။ သူ့ကို လူရာမသွင်းဘူး။ ဒါကြောင့် အနှိမ်ခံရတယ်လို့ ကလေးက ယူဆတတ်ပါတယ်။မစ္စတာ Dreikurs ရဲ့ ကလေးသဘာဝ လေ့လာတွေ့ရှိချက်က ကလေးတွေဟာ မသင့်လျော်တဲ့ သူတို့ရဲ့ အပြုအမူတွေအတွက် မသင့်မလျော် မှားယွင်းတဲ့ ရည်ရွယ်ချက် ၄ ခု ချမှတ်ထားတယ်လို့ လေ့လာတင်ပြထားပါတယ်။ မှားယွင်းတဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံနေတာကြောင့် မှားယွင်းတဲ့ ရည်ရွယ်ချက်လို့ နာမည် ပေးထားပါတယ်။ အဲဒီ အချက်တွေက
- လိုအပ်တာထက် ပိုပြီး အရေးပေးခံလိုမှု
- အစွမ်းအင်အား ပြသလိုမှု
- ကလဲ့စားချေလိုမှု နဲ့
- မိမိကိုယ်ကို မစွမ်းမပြည့်စုံလို့ ယူဆနေမှု တို့ပဲ ဖြစ်ပါတယ်။
လိုအပ်သည်ထက် ပို၍ အရေးပေးခံလိုမှု
အရေးပေးခံလိုစိတ် ပြင်းပြနေတဲ့ ကလေးဟာ “ခင်ဗျားတို့ ကျနော့်ကို အမြဲ ဂရုစိုက်နေမှ ကျနော်ဟာ အရေးပေးခံရတယ်” လို့ မှားယွင်းစွာ ခံယူထားပါတယ်။ လူတိုင်း အရေးပေးခံချင်ကြတယ်။ ဒါပေမယ့် အရေးပေးခံယူချင်တယ် ဆိုတာနဲ့ အရေးပေးခံဖို့ လိုအပ်နေတယ် ဆိုတာ အများကြီး ကွာခြားပါတယ်။ အရေးပေးခံရအောင် လုပ်တဲ့ နည်းတွေ အမျိုးမျိုး ရှိတဲ့ အထဲက တချို့က အပြုသဘော ဆောင်ပေမယ့် တချို့ကတော့ အသုံးမတည့်ဘဲ စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ တစ်ခါတလေ လူကြီးမိဘကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်လိုက်လို့ လူကြီးတွေက အရေးတယူ လုပ်တာကိုပဲ ဂရုပြုတယ်လို့ မှားယွင်းပြီး ယုံကြည်မိတတ်ပါတယ်။ ဒါဆို လူကြီးတွေ အရေးတယူ ရှိအောင် အမြဲပဲ နှောက်ယှက်နေတော့မယ်။အဲဒီလိုတွေ ဖြစ်လာပြီဆိုရင် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုက ကလေးကို ဂရုစိုက် အသိအမှတ် ပြုပေးခြင်းပါ။ ကလေးကို လုပ်ငန်း တာဝန်တွေ ပေးပါ။ သူ ကြုံရတဲ့ အတွေ့အကြုံတွေကို တခြားသူတွေကို မျှဝေခိုင်းပါ။ နောက်ပြီး တခြားလူတွေကို နည်းပေးလမ်းပြ လုပ်ဖို့ တာဝန်ပေးပါ။ အဲဒီလို မျှဝေ ပြောပြခိုင်းတဲ့ အချိန်မှာပဲ မသင့်တော်တဲ့ အပြုအမူတွေ လုပ်နိုင်ပါသေးတယ်။ အဲဒါကို ခေတ္တ ဥပေက္ခာပြုထားပါ။ ဒါပေမယ့် လူကြီးတွေအနေနဲ့ သတိထားမိတဲ့အကြောင်း အသိပေးတဲ့ အနေနဲ့ မျက်စိမှိတ်ပြတာတို့၊ ခေါင်းခါပြတာတို့၊ ပုခုံးကို အသာပုတ်ပြီး သိကြောင်း လုပ်ပြသင့်ပါတယ်။ ဒါမှ ကလေးကို ဂရုစိုက်ကြောင်း ပြသရာလည်း ရောက်ပါမယ်။ ကြင်ကြင်နာနာ ဆက်ဆံမှုနဲ့ ခိုင်ခိုင်မာမာ ပြောဆိုမှုကို ယှဉ်တွဲ သုံးခြင်းက ထိရောက်တဲ့ အတွဲဖြစ်ပါတယ်။ ခေတ်စကားနဲ့ ပြောရရင် “ချစ်တော့ချစ်တယ်၊ အလိုမလိုက်ဘူး” ဆိုတဲ့ သဘောပါပဲ။အစွမ်းအင်အား ပြသလိုမှုလူတိုင်း အစွမ်းအင်အား လိုကြပါတယ်။ ရှိတယ်လို့ ယူဆတဲ့ ကလေးအနေနဲ့လည်း ထုတ်ပြချင်တယ်။ အင်အားပြလိုမှု စိတ်ဆန္ဒ ပြင်းပြနေတဲ့ ကလေးရဲ့ အပြုအမူကို နားလည်ပေးရမယ့်အစား လူကြီးက မကျေမနပ် တုံ့ပြန်တဲ့အခါ သူတို့ဟာ ဒေါသထွက်ကြတယ်။ စိန်ခေါ်ခံရသလို ခံစားကြရတယ်။ ခြိမ်းခြောက်ခံရသလို ခံစားရပါတယ်။ ဒါမှမဟုတ် အလဲထိုးခံလိုက်ရသလို ဖြစ်သွားတယ်။ လူကြီးတွေ အနေနဲ့ ပြန်လည် တိုက်ခိုက်လာပြီး သူတို့ မှန်ကန်ကြောင်း သက်သေပြဖို့ ကြိုးစားရင်း ကလေးကိုလည်း ထိန်းချုပ်ဖို့ ပိုကြိုးစားလာပါတယ်။ အဲဒီအခါမှာ ကလေးအနေနဲ့ အနှိမ်ခံရတဲ့ အပြုအမူကို ပိုပြီး ပြင်းပြင်းထန်ထန် ပြဖို့ ကြိုးစားအားထုတ် လာတော့တယ်။ ဒါမှမဟုတ် ဆိတ်ဆိတ်နေပေမယ့်လည်း ပိုပြီး ရန်လိုလာတော့တယ်။အစွမ်းပြလိုတဲ့ ကလေးတစ်ယောက်ကို ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ သူ့ဆီက အကူအညီ တောင်းခံဖို့ပါပဲ။ အဲဒီလို အကူအညီ တောင်းတာဟာ အစွမ်းပြလိုတဲ့ ကလေးအတွက် ဘယ်လောက်တောင် ကျေနပ်မှု ရတယ်ဆိုတာကို လျှော့မတွက်ပါနဲ့။ လူကြီးအနေနဲ့ ကလေးကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာကို ဝန်ခံပါ။ နောင်မလုပ်မိဖို့ ကတိပေးပါ။ အစွမ်းပြချင်တဲ့ ကလေးတွေအတွက် ရွေးချယ်စရာ များများ ဖန်တီးပေးပါ။ စည်းကမ်း၊ လမ်းညွှန်ချက်၊ မူဘောင်တွေ ရေးဆွဲတဲ့အခါမှာ ပူပေါင်း ဆောင်ရွက်ခွင့် ပေးပါ။ ကြင်ကြင်နာနာ ဆက်ဆံလိုက်ရင် “လေးစားထိုက်တဲ့ မင်းရဲ့ အစွမ်းတွေကို အားပေးပါတယ်” ဆိုတဲ့ သဘော သက်ရောက်သွားပါတယ်။ နောက်ပြီး ခိုင်ခိုင်မာမာ ပြောဆိုမယ်ဆိုရင် “မင်းရဲ့ စွမ်းအားတွေကို တခြား လူတွေအပေါ် နှိမ်ဖို့ ချုပ်ကိုင်ဖို့အတွက် သုံးခွင့်ပေးမှာ မဟုတ်ဘူး” ဆိုတဲ့ သဘော သက်ရောက်သွားစေတယ်။ အခြား လူတွေအပေါ် နှိမ်ဖို့၊ ချုပ်ကိုင်ဖို့အတွက် အင်အားအစွမ်းသုံးမှုဟာ လက်ခံနိုင်စရာ မရှိကြောင်း ကလေးတွေကို မသင်ပြခင်မှာပဲ လူကြီးတွေ ကိုယ်တိုင်က ကိုယ်ရဲ့ စွမ်းအားကို ကလေးတွေအပေါ် နှိမ်ဖို့၊ ချုပ်ကိုင်ဖို့အတွက် မသုံးမိဖို့ သိပ်အရေးကြီးပါတယ်။ကလဲ့စားချေမှုကလဲ့စားချေချင်တဲ့ ကလေးရဲ့ စိတ်ထဲမှာ “ငါ့ကို ဝိုင်းပယ်ထားကြတယ်။ ငါ့ကို ကြဉ်ထားတော့ ငါ သိပ်ခံစားရတယ်။ ငါ ခံစားရသလို မင်းတို့ ခံစားရရင် ကျေတယ်” ဆိုပြီး ယုံကြည်နေကြတယ်။ လူတွေဟာ သူတို့ နာနာကျင်ကျင် ခံရရင် လက်တုံ့ပြန်ပြီး တခြားသူကို ကိုယ့်လို ခံရစေလိုတဲ့ စိတ် ရှိပါတယ်။ ထူးဆန်းတာက ကလေးတွေကို နာကျင်စေတဲ့ ရည်ရွယ်ချက် မပါဘဲ လုပ်တဲ့ လုပ်ရပ်တချို့မှာကို သူတို့ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားနေရတတ်တယ်။ ဥပမာ မွေးစားခံထားရတဲ့ ကလေးဟာ မိဘတွေ ပစ်ပယ်သွားတယ် ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်နေပါတယ်။ ကလေးတွေရဲ့ နာကျင်တဲ့ သဘော နောက်ခံကို နားမလည်တဲ့အခါ လူကြီးတွေ အနေနဲ့ သူတို့ရဲ့ အပြုအမူကိုကြည့်ပြီး နာကျင်ခံစားရတယ်။ စိတ်ပျက်မိတယ်။ မယုံကြည်တဲ့စိတ် ပိုဖြစ်လာတယ်။ မကြည်ဖြူတဲ့ စိတ်တွေ ဖြစ်လာပါတယ်။ အဲလို အခြေအနေမျိုးမှာ လူကြီးတွေ တုံ့ပြန်လေ့ ရှိတာက ကလေးကို အပြစ်ပေးခြင်းပါ။ “မင်းမို့ ဒါမျိုး လုပ်ရက်ပလေ” ဆိုတဲ့ အပြစ်ဖို့သံနဲ့ ကလေးစိတ်ထဲမှာ အပြစ်ရှိတယ်လို့ မြင်လာအောင် ပြောတာတွေ ရှိပါတယ်။ ကလေးရဲ့ တုံ့ပြန်မှုကတော့ လူကြီးကို နာကျင်အောင် ပြန်လုပ်တယ်။ တခြားသူကို လုပ်တယ်။ ပစ္စည်းတွေကို ပေါက်ခွဲဖျက်ဆီးတယ်။အဲဒီလို ကလေးတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကတော့ သူတို့လေးတွေရဲ့ နာကျင်ခံစားမှုကို နားလည်ပေးဖို့ပါပဲ။ လူကြီးတွေ အနေနဲ့ ကိုယ်ချင်းစာ နားလည်ပေးရမယ်။ “ငါ ငယ်ငယ်တုန်းက ဘာဖြစ်ခဲ့လို့ စိတ်ထဲမှာ တော်တော် နာကျင်ခဲ့သလဲ” ဆိုပြီး အခြေအနေ အတော်များများကို ကိုယ်နဲ့ နှိုင်းချိန်ပြီး နားလည်နိုင်အောင် ကြိုးစားပေးရမယ်။ ဘာကြောင့် နာကျင်စေသလဲ ဆိုတာ ကလေးကို အသာတကြည် မေးပါ။ သူ ပြောသမျှကိုလည်း ဆင်ခြင်ရင်း နားထောင်တဲ့ ပုံစံနဲ့ နားထောင်ပါ။ ဂရုတစိုက် နားထောင်ပါ။ ကလေးရဲ့ ခံစားမှု၊ နာကျင်မှုတွေကို ကိုယ်နားလည်လိုက်တဲ့ ပုံစံနဲ့ ကလေးကို ပြန်ပြောပြီး ကိုယ် နားလည် ထားတာ မှန်သလားလို့ ကလေးကို ပြန်မေးကြည့်ပါ။ သူတို့ရဲ့ နာကျင်မှုက ကိုယ့်ကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုယ်က တစ်နေရာရာက ပါတာပဲ ဖြစ်ဖြစ် ပြုပြင်ပြီး ဂရုစိုက်ကြောင်း ပြပေးပါ။ အခြားလူတွေကြောင့် ကိုယ် ခံစားခဲ့ရဖူးတဲ့ အတွေ့အကြုံတွေကိုလည်း ကလေးကို အချိန်ယူပြီး ရှင်းပြပေးပါ။မိမိကိုယ်ကို မပြည့်စုံဟု ယူဆနေမှုကလေးတစ်ယောက်ဟာ သူ့ဖာသာ အခြားကလေးနဲ့ မတူ၊ မပြည့်စုံသူလု့ိ ယူဆနေခဲ့ရင် အခြားကလေးတွေလို မလုပ်ဆောင်နိုင်တော့ပါဘူး။ မိဘဆရာရဲ့ မျှော်လင့်ချက် ပြည့်အောင် မလုပ်နိုင်ဘူးလို့ ယူဆနေတတ်ပါတယ်။ ဒီလိုကလေးက စိတ်အားတက်ကြွမှု မရှိတော့ပါဘူး။ ကြိုးစား အားထုတ်ချင်စိတ်လည်း ကုန်နေပါပြီ။ သူတို့ စိတ်ထဲမှာ “ငါ ဘယ်မှာမှ ပါလို့မရဘူး။ ဘာမှ မလုပ်ဘဲ တစ်ယောက်တည်း ငိုင်နေဖို့ပဲ ရှိတော့တယ်” လို့ တွေးနေတတ်ပါတယ်။ လိုအပ်တာထက် ပိုပြီး အာရုံစိုက်မှု လိုတဲ့ ကလေးတွေလို ပြုမူတတ်ပေမယ့် သူတို့ကို တစ်ယောက်တည်း ချန်ထားတာမျိုး မကြိုက်ပါဘူး။ အဲဒါက အဓိက ထူးခြားချက်ပါ။ စိတ်ပျက်နေတဲ့ ကလေးရဲ့ စိတ်အခြေခံကို လူကြီးတွေအနေနဲ့ နားမလည်ဘူး ဆိုရင် သူတို့ရဲ့ စိတ်ထဲမှာ မျှော်လင့်ချက် ကင်းမဲ့သလို၊ ကူညီမယ့်သူ မရှိသလို၊ ပိုပိုပြီး မပြည့်စုံသလို ခံစားလာရတတ်တယ်။ လူကြီးတွေအနေနဲ့ လက်လျှော့ အရှုံးပေးသလို တုံ့ပြန်လာပါတယ်။ ဒါမှမဟုတ် ကလေးတစ်ယောက်လို လိုအပ်တာထက် ပိုပြီး ကူညီတာတို့ လုပ်တတ်ပါတယ်။ အဲဒီလို လုပ်လေ ကလေးက ပိုပြီး နောက်တွန့်လေ ဖြစ်ပြီး နောက်ဆုံးတော့ လုံးဝ နှုတ်ဆိတ်ပြီး မတုံ့ပြန်တော့တာ တွေ့ရတယ်။ဘာမှ ကြိုးစားချင်စိတ် မရှိတော့တဲ့ ကလေးကို မျှော်မှန်းထားတဲ့ အဆင့်ရောက်အောင် နည်းနည်းချင်း ကြိုးစားလာအောင် တိုက်တွန်းပေးဖို့ လိုပါတယ်။ မရတော့ဘူးဆိုပြီး ပစ်မထားပါနဲ့။ လက်မမြှောက်လိုက်ပါနဲ့။ ဇွဲရှိရှိ ကြိုးစားပါ။ ဒီလိုကလေးတွေဟာ သူ့ကို တစ်ယောက်တည်း ချန်ထားအောင် တစ်ခုခုကို တမင်လုပ်ပြတတ်ပါတယ်။ ကြိုးစား လုပ်လာတော့ အောင်မြင်မှု ကြုံတွေ့လာရပြီဆိုရင် စိတ်ဓာတ် ပြန်ပြီး တက်ကြွ လာပါလိမ့်မယ်။ ပြစ်တင် ဝေဖန်တာတွေကို ရပ်ပါ။ သနားနေတဲ့ စိတ်မျိုးကိုလည်း ရှောင်ပါ။ လုပ်ပေးနိုင်တာကိုသာ ကောင်အောင်လုပ်ဖို့ အာရုံစိုက်ပါ။ ကလေးရဲ့ စိတ်ဝင်စားမှုကို မူတည်ပြီး အားပေးတိုက်တွန်းမှုကို အကောင်အတည် ဖော်ပါ။ နားလည်ပေးနိုင်မယ့် ကြင်ကြင်နာနာ ဆက်ဆံမှုလည်း လိုအပ်ပါတယ်။ နောက်ပြီး “မင်းဖာသာ လုပ်နိုင်တာ ငါသိတယ်။ နည်းနည်းချင်း ကြိုးစားကြည့်ပါ။ မင်း အောင်မြင်မှု ရတဲ့အထိ ငါ ဝိုင်းကူညီပေးမယ်” ဆိုတဲ့ သဘောနဲ့ သူဘေးနားမှာ အခိုင်အမာ ရပ်တည်ပေးပါ။