← ဘလော့ဂ်သို့ ပြန်ရန်

မြန်မာအစ ???

ကိုးကား အရှေးအဟောင်းများ

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၁ ရက် (အင်္ဂါနေ့)

ပုဂံသမိုင်းကို ပြောရင် တုတ်ထမ်းပြီး ပြောရမယ်တဲ့။ ဒါပေမယ့် တကယ်တမ်းတော့ မြန်မာ့သမိုင်းကို တုတ်ထမ်းပြီး ပြောရမယ်ဆိုရင် ပိုမှန်လိမ့်မယ်။ ကျနော်တို့တွေ ငယ်ငယ်ကတည်းက သင်ရိုးညွှန်းတန်းနဲ့ သင်ထားခဲ့တဲ့ မြန်မာရဲ့ အစ သမိုင်းက ဘယ်လောက် မှန်ကန်မှု ရှိနေမလဲ။ ကျနော်တို့ အားလုံး ကြားဖူးကြမယ်။ `မြန်မာအစ တကောင်းက´ တဲ့။ ဒါကို မြန်မာသမိုင်းသုတေသန လောကမှာ ထိတ်ထိတ်ကြဲ ကျော်ကြားခဲ့တဲ့ ဆရာကြီးတွေက လက်မခံကြဘူး။ အခုခေတ် ကျနော်တို့နဲ့ လက်လှမ်းမီခဲ့တဲ့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ကိုယ်တိုင်ကလည်း ဒါကို လုံး၀ လက်မခံဘူး။ သူရဲ့ စကားလေးကို ကျနော် နားလည်သလို ပြန်ပြောပြပါ့မယ်။ ကျနော်တို့ဗျာ အိန္ဒိယနိုင်ငံသား တစ်ယောက်ကို ခေါ်မယ်။ တရုတ်နိုင်ငံသား တစ်ယောက်ကို ခေါ်မယ်။ ပြီးရင် ဗမာ တစ်ယောက်ကို ခေါ်မယ်။ သူတို့သုံးယောက်ကို ယှဉ်ရပ်ခိုင်းလိုက်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကြိုက်တဲ့လူကို ခေါ်မေးကြည့်။ ဗမာရဲ့ ရုပ်သွင်ပြင်ဟာ အိန္ဒိယနိုင်ငံသားနဲ့ ပိုဆင်လား၊ တရုတ်နိုင်ငံသားနဲ့ ပိုဆင်လား လို့။ ဒါ သိပ်သိသာတယ်။ တရုတ်လူမျိုးနဲ့ ပိုပြီး နီးစပ်တယ်လို့ ဘယ်သူမဆို ဖြေကြလိမ့်မယ်။ဒါဆို ဘာလို့ `မြန်မာအစ တကောင်းက´ ဆိုတာ ပေါ်လာတာလဲ။ ကျနော် ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ စာအုပ်နာမည်က `ဗုဒ္ဓသည် မြန်မာလူမျိုး´ တဲ့။ စာအုပ်က သုတေသန စာစောင် ဆန်ပေမယ့် လိုရာကို မရမက ဆွဲထားတယ်။ ဒီစာအုပ်နာမည်ကြောင့်ပဲ ထုတ်ဝေပြီး မကြာခင်မှာ ဖြန့်ဝေခွင့် ပိတ်ခံရတယ်။ အဲဒါ ကျနော်တို့ ငယ်ငယ်က ကိစ္စပါ။ နောက်တော့ အဲဒီ စာအုပ်ကိုပဲ နာမည်ပြောင်းထုတ်တယ်။ `ဗုဒ္ဓနှင့် မြန်မာလူမျိုး´ တဲ့။ အရင်စာအုပ်နဲ့ ဘာကွာသလဲ ဆိုတာတော့ ကျနော် ပြန် မဖတ်ကြည့်ရသေးဘူး။ ဒီစာအုပ်ကိုတော့ စာအုပ်ဆိုင်တွေမှာ အခု သွားလို့ ရနိုင်ပါတယ်။ စာအုပ်ရဲ့ အဓိက ရည်စူးချက်က မြန်မာတွေဟာ ဗုဒ္ဓ အနွယ်တော် သာကီဝင်တွေကနေ ဆင်းသက်တာပါလို့ သက်သေပြချင်တာပဲ။ နောက်တစ်ခုက ကျနော်တို့ ငယ်ငယ်ကတည်းက ကြားဖူးနေတဲ့ ကြွေးကျော်သံပါ။ `သာကီမျိုးဟဲ့ တို့ဗမာ´ ဆိုတာပါပဲ။ ဒီအတိုင်းသာဆို ကျနော်တို့ ဗမာ ဆိုတာဟာ အိန္ဒိယအနွယ်ဖွား တိုင်းရင်းသား တစ်စုပဲ ဖြစ်နေမှာပေါ့။

ဒါဆိုဘာလို့ မြန်မာ့ သမိုင်းရေးဆရာတွေဟာ မြန်မာအစ တကောင်းက ဆိုတာမျိုးကို တွင်ပြီး မှတ်တမ်းတင်ခဲ့ကြသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒေါက်တာသန်းထွန်းရဲ့ အမြင်က ဒီလိုပါ။ ပထမ မြန်မာနိုင်ငံတော်ကို စတင်တည်ထောင်တယ်လို့ သက်မှတ်ခံခဲ့ရတဲ့ အနော်ရထာ မင်းဟာ ငါတပါးမင်းပါ။ ဆိုလိုတာက သူဟာ ထီးမွေနန်းမွေ ဆက်ခံတာ မဟုတ်ဘဲ ကိုယ်ပိုင် ရယူခဲ့ရတာ ဆိုတော့ တိုင်းပြည်ငြိမ်ဝပ်အောင် လုပ်တဲ့ အခါမှာ အမျိုးဂုဏ်ဆိုတာ လိုလာတယ်။ ဒီတော့ သူတို့ဟာ အဲဒီ အမျိုးဂုဏ်ကို ဖော်ဆောင်ဖို့အတွက် သူတို့ဟာ ဘယ်က ပေါက်ဖွားလာတာပါ၊ သိကြားမင်း ဝင်စားတာပါ စသဖြင့် မြှင့်တင်ဖို့ ကြိုးစားကြတယ်။ မြန်မာ့သမိုင်း ရာဇဝင်ကျမ်းတွေကို ပြန်ဖတ်ကြည့်ရင် အဲဒီလို ငါတပါးမင်းတွေ ဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ စတဲ့ စတဲ့ မင်းတွေဟာ အမျိုးဂုဏ်မြှင့်တင်ဖို့ ဘယ်လို ကြီးမြတ်တဲ့ လူတွေ ဝင်စားတယ်၊ ဒါမှ မဟုတ် ဘယ်လို ထူးထူးဆန်းဆန်း ပေါက်ဖွားလာတယ်ဆိုတဲ့ လူတွေ အံ့ချီးဘနန်းဖြစ်မယ့် ဒဏ္ဍာရီတွေနဲ့ သမိုင်းကြောင်းကို ဖော်ပြထားတာ တွေ့ရလိမ့်မယ်။ အဲဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာနိုင်ငံရဲ့ တန်ဖိုးအထားဆုံး လူပုဂ္ဂိုလ်ဖြစ်တဲ့ ဗုဒ္ဓဂေါတမနဲ့ အမျိုး ပြေးတော်လိုက်တာ ကတော့ သိပ်မဆန်းတော့ဘူး။ ဒါဟာ ရှင်ဘုရင် ကိုယ်တိုင် ခိုင်းစေတာ ဖြစ်နိုင်သလို၊ ရှင်ဘုရင် စိတ်ကြိုက် ရေးကြတာလည်း ဖြစ်နိုင်တယ်။ ဘာပဲ ဖြစ်ဖြစ် ဘုရင်အလိုကျ ဆိုတာတော့ ပြေးမလွတ်ပါဘူး။သုတေသန တစ်ခုအနေနဲ့ အကြောင်းအရာတစ်ခုကို အတည်ပြုချင်ရင် အထောက်အထားတွေ လိုတယ်။ အခု မြန်မာရဲ့ အစနဲ့ ပတ်သက်ပြီး သုတေသန လုပ်ကြတဲ့အခါမှာ အထောက်အထားတွေအရ မြန်မာဟာ အိန္ဒိယနွယ်ဖွား မဟုတ်တာတော့ လုံး၀ သေချာတယ်။ ဒီသုတေသန စာတမ်းမှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်ကတော့ ဒေါက်တာလုစ် ပါ။ သူ့ရဲ့ သုတေသန စာတမ်းကိုပဲ ဒေါက်တာသန်းထွန်းက ကိုးကားပြီး လေ့လာရတယ်။ အခု ကျနော် တင်ပြချင်တာက ဒေါက်တာသန်းထွန်းကတဆင့် သိရတဲ့ ဒေါက်တာလုစ်ရဲ့ စာတမ်းရဲ့ အစိတ်အပိုင်း သေးသေးလေးကို ကောက်နှုတ် ဖော်ပြချင်တာပါ။ စာလေးမှာ စိုးလို့ အထောက်အထား အတိအကျ ဆိုတာကြီးကို အခု စာရေးတဲ့ အခါမှာ ကျနော် ချန်ထားခဲ့ပါမယ်။ တကယ့်ကို စိတ်ဝင်စားလို့ (သို့) မယုံကြည်လို့ ဆိုရင်တော့ အသစ်မြင် မြန်မာ့သမိုင်း – ဒေါက်တာသန်းထွန်း စာအုပ်နဲ့ မြန်မာနိုင်ငံတော်သမိုင်း – ဗိုလ်ဘရှင် စာအုပ်မှာ အတိအကျ လေ့လာနိုင်ပါတယ်။မြန်မာလူမျိုးတို့ရဲ့ မူလအစဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မွန်ဂိုကုန်းမြင့်အစွန်းမှာ ရှိတဲ့ ကန်စု ဒေသက ဖြစ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်ကတည်းက ကန်စုဒေသဟာ ယဉ်ကျေးမှုစံနှုန်းအရ တရုတ်ပြည်နဲ့ တန်းတူညီ တည်ရှိနေခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်က တရုတ်နိုင်ငံရဲ့ အင်ပါယာ ချဲ့ထွင်မှုကြောင့် ယဉ်ကျေးမှု ဆိုတာကို မေ့ထားပြီး တောင်ဘက်ပိုင်း စတင် ရွှေ့ပြောင်းလာခဲ့တာ အေဒီ ၂ ရာစု ကတည်းကပဲ။ အဲဒီလို တောင်ဘက်ပိုင်းကို ရွှေ့ပြောင်းလာရာမှာလည်း အခက်အခဲ ပေါင်းစုံနဲ့ ကြုံတွေ့ကြရတယ်။ အဲဒီအချိန်မှာ တိဗက်၊ တရုတ်နဲ့ နန်ကျောက်တွေဟာ အဆက်မပျက် စစ်တိုက်နေကြတယ်။ အဲဒီလို စစ်တိုက်တဲ့ အခါတိုင်းမှာလည်း မြင်းစီး လေးပစ်ကျွမ်းကျင်တဲ့ ခနဦးမြန်မာတွေကို ရှေ့တန်းကနေ တိုက်ခိုက်စေတာမို့ သူတို့ အားလုံးကို ရုန်းထွက်ဖို့ ကြိုးစားရင်းနဲ့ပဲ အဲဒီလူတစ်စုဟာ ၇ ရာစုမှာ ရှမ်းကုန်းပြင်မြင့်ကို ကျော်ပြီး ကျောက်ဆည်နယ်ကို ဆင်းသက်လာကြတယ်။ သူတို့ မရောက်ခင်ကတည်းက မွန်တွေဟာ အဲဒီနေရာမှာ ရှိနှင့်နေပြီးသားပါ။ သူတို့ရဲ့ ပင်ကိုယ် ကာယာဗလ ကောင်းမွန်ခြင်း၊ ရွှေ့ပြောင်းလာတဲ့ တလျှောက် တိုက်ရည်ခိုက်ရည် အတွေ့အကြုံများပြားခြင်း၊ မြင်းစီးအတတ် အထူး ကျွမ်းကျင်လိမ္မာခြင်း၊ တစိမ့်စိမ့်ဝင်လာတဲ့ လူတွေနဲ့ အင်အားတောင့်တင်းလာခြင်း စတာတွေကြောင့် မြန်မာနိုင်ငံအတွင်း ရောက်နှင့်ပြီး အခြေခိုင်နေပြီးဖြစ်တဲ့ မွန်-ပလောင်-၀ အနွယ်ဝင်တွေ၊ ပျူ နဲ့ သက် လူမျိုးတွေထက် အင်အားသာလွန်လာကြတယ်။သက္ကရာဇ် (၈၃၂) ခုမှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ကြီးစိုးနေတဲ့ ပျူနိုင်ငံကြီးဟာ နန်ကျောက်တွေရဲ့ သိမ်းပိုက် ဖျက်ဆီးခြင်းကို ခံရတယ်။ နောက် ၉ ရာစု အကုန်ပိုင်းမှာ အရင်သြဇာ ကြီးနေတဲ့ နန်ကျောက်တွေ သြဇာကျလာတယ်။ ဒါကို အခွင့်ကောင်းယူပြီး ကနဦးမြန်မာတွေဟာ အင်အားချဲ့ထွင်လာခဲ့တယ်။ ပထမခြေကုတ်အနေနဲ့ မွန်တွေဆီကနေ ကျောက်ဆည်နယ်ကို လုယူနိုင်ခဲ့တယ်။ အဲဒီကနေ ဧရာဝတီ နဲ့ ရခိုင်ရိုးမအထိ ခြေဆန့်နိုင်ခဲ့တယ်။ ဒုတိယ ခြေကုတ်အနေနဲ့ မင်းဘူးနယ်ကို ပေလောင်နဲ့ စကြစ်တွေဆီကနေ လုယူခဲ့ကြဟန် တူတယ်။ အဲဒီလို ဒေသတစ်ခုစီ ခရိုန်တစ်ခုစီကို အုပ်ချုပ်တဲ့လူကို မင် လို့ ခေါ်တယ်။ ဒီတော့ အဲဒီအချိန်မှာ အဲဒီဒေသတွေမှာ မင်ပေါင်းများစွာ ရှိတယ်။ အဲဒီအထဲကမှ နောက်တော့ ခရိုန်တစ်ခုက မင်ဟာ သြဇာအာဏာကြီးမြင့်လာပြီး သူကို အားလုံးက အရိုအသေပေးရတော့ မင်ဂြီ (မင်းကြီး) ဖြစ်လာတယ်။ အဲဒီ ခရိုန်က အခုအချိန်မှာ ကျနော်တို့ သိကြတဲ့ ပုဂံပါပဲ။ အဲဒီခရိုန်ရဲ့ အကြီးအကဲဖြစ်တဲ့ မင်ဂြီ (မင်းကြီး) ကတော့ ကျနော်တို့ သိကြတဲ့ အနော်ရထာမင်း ခေါ် အနိရုဒ္ဓ ပါပဲ။ သက္ကရာဇ် အရတော့ အေဒီ ၁၀၄၄ ခုပေါ့။ ဒါဆို ကျနော်တို့ သိနှင့်ပြီးသား ရာဇဝင်တွေနဲ့ ဆက်စပ်လို့ ရပြီထင်ပါတယ်။အနော်ရထာမင်းလက်ထက် မြန်မာနိုင်ငံဆိုတဲ့ ပရဝုဏ်ထဲမှာ အများဆုံး ရှိတဲ့ လူမျိုးက မွန်ပါ။ နောက်ပြီး ပုဂံခေတ်ဦးမှာ မြန်မာနဲ့ မွန်တွေရဲ့ အားပြိုင်မှုတွေ နန်းတွင်းရေးအနေနဲ့ ရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။ ကျန်စစ်မင်းဟာလည်း သူနန်းမတက်မီ ဒီ အဓိကရုဏ်းတွေကို နိမ့်နင်းနေရမယ်လို့ တွက်ဆထားကြတယ်။ အထောက်အထားအရတော့ မစုံလင်ပါဘူး။ နန်းတွင်းမှာတောင် မွန်ပညာရှိတစ်ဝက်နဲ့ မြန်မာပညာရှိ တစ်ဝက် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ပုဂံခေတ် ယဉ်ကျေးမှုဟာ မွန်လက်ရာတွေနဲ့ ထုံမွှန်းနေတာ မဆန်းပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်က တရုတ်နဲ့ စင်ပြိုင် ယဉ်ကျေးမှုတစ်ခု ပိုင်ဆိုင်ခဲ့ပေမယ့် စစ်ပြေးအနေနဲ့ ရွှေ့ပြောင်းအိမ်ရာ တည်ထောင်ခဲ့ရလို့ နှစ်ပေါင်း ရာချီကြာတဲ့အခါမှာ နဂိုရှိရင်းစွဲ မြင့်မားလှတဲ့ ယဉ်ကျေးမှုဟာ လုံးဝနီးပါး ကွယ်ပျောက်သွားပါတယ်။ ဒါပေမယ့် မူလမြေပိုင်ရှင်တွေဖြစ်တဲ့ မွန်တွေစီကနေ လယ်ယာစိုက်ပျိုးမှု ပညာ၊ လက်မှုပညာ အပါအဝင် တခြား ယဉ်ကျေးမှုတွေပါ လက်ဆင့်ကမ်း ဆက်ခံခဲ့တဲ့အတွက် ဆယ်စုနှစ် အတွင်းမှာပဲ ပတ်ဝန်းကျင်နိုင်ငံအခြားမှာ မြန်မာယဉ်ကျေးမှုရယ်လို့ ပြန်လည်ဦးမော့လာခဲ့ပါတယ်။အနော်ရထာမင်းလက်ထက် နောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေဟာ သင်ရိုးတန်းမှာရော၊ စာအုပ်စာတမ်းအရပါ စုံလင်လို့ ကျနော် ဆက်ပြီး မဆွေးနွေးလိုတော့ပါဘူး။ အထက်မှာ တင်ပြခဲ့တာကို လေ့လာပြီး မြန်မာဘယ်က စသလဲ ဆိုတာ အတိအကျ ခြေရာမကောက်နိုင်တောင် ဒီလိုလည်း ဖြစ်နိုင်တယ် ဆိုတာကိုတော့ အသိပေးချင်ပါတယ်။ ကျနော်တို့တွေ မျက်စိကြီးမှိတ်ပြီး `မြန်မာအစ တကောင်းက´ လို့ ယုံကြည်ခဲ့ဖူးပါတယ်။ အဲဒီ စာကြောင်းနဲ့ အဆိုကို လက်ခံသင့်မသင့် ပြန်လည် သုံးသပ်နိုင်အောင် ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်။ ဆက်လက် အတွေးပွားနိုင်ကြပါစေ။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading