← Back to blog

မိတ္ဆက္ပြဲေလးတစ္ပြဲ

ရောက်တက်ရာရာ

ကြွရောက် အားပေးကြသူ အားလုံးကို မင်္ဂလာ အပေါင်းနဲ့ ခညောင်းကြပါစေလို့ ပထမဦးစွာ မေတ္တာ ပို့သလိုက်ရပါတယ်။အခမ်းအနားမှူးအနေနဲ့ ကျနော် ပီကေကနေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားက မိတ်ဆက်ပွဲလေး ဆိုတော့ ပရိသတ်အနေနဲ့ ဘာကို မိတ်ဆက်မှာလဲ ဆိုတာကို အတော်လေး စိတ်ဝင်နေကြမှာပါ။ ဘာကို မိတ်ဆက်မလဲလို့ မပြောခင်မှာ အခမ်းအနား အစီအစဉ်လေး တစ်ချက်လောက်တော့ ပြောပါရစေ။ ဒီအခမ်းအနာမှာ ဘလော့ဂ်တစ်ခုနဲ့ မိတ်ဆက်ပေးမှာပါ။ မိတ်ဆက်ရင်းနဲ့ပဲ ပေါ်လာပုံလေးရယ်၊ ရည်ရွယ်ချက်ကလေးရယ်၊ ရှေ့ဆက်လျှောက်မယ့် ခရီးစဉ်ရယ်၊ ချမှတ်ထားတဲ့ အစီအစဉ်အတွက် အကြံဉာဏ်ကိုပါ တစ်ပါတည်း တောင်းခံသွားမှာ ဖြစ်ပါတယ်။ အခု အခမ်းအနား အစီအစဉ် တစ် အရ မိတ်ဆက်ပွဲလေး စတင်ပါပြီ ခင်ဗျာ။

ကျနော် အခု အားလုံးနဲ့ မိတ်ဆက်ပေးချင်တာကတော့ မြန်မာသံစဉ်စားသားများလို့ နာမည်ရတဲ့ ဘလော့ဂ်လေး ဖြစ်ပါတယ်။ ဒီဘလော့ဂ်ရဲ့ လိပ်စာကတော့ http://lyric.pikay.org ပါ။ ဒီဘလော့ဂ်မှာ အဓိကထားပြီး တင်ပြထားတာကတော့ မြန်မာ့သီချင်းတွေရဲ့ စာသားကို အသားပေးထားပါတယ်။ ခေတ်ပေါ်သီချင်းလို့ မပြောဘဲ မြန်မာ့သီချင်းများလို့ နာမည်ကို သိမ်းကျုံးပြီး ပြောထားပါတယ်။ အကြောင်းက မြန်မာသီချင်းမှန်လျှင် ဒီမှာ ရှာပါ ဆိုတဲ့ ရည်ရွယ်ချက်ပါ။ဟိုးအရင်ကတည်းက ကျနော့်အနေနဲ့ ကိုယ်ပိုင် ဒိုမိန်းလေး ဝယ်ထားရတဲ့ ရည်ရွယ်ချက်ထဲမှာ ဒီစာသားတွေ တင်ဖို့က တစ်ခု အပါအဝင်ပါ။ ဘာလို့လဲ ဆိုတော့ ကျနော် နိုင်ငံအတော်များများရဲ့ သီချင်းစာသားတင်ထားတဲ့ ဆိုဒ်တွေကို ရောက်ဖူးပါတယ်။ ဒါပေမယ့် မြန်မာသီချင်းအတွက် သီးသန့် ရှိတယ်လို့ မကြားမိပါဘူး။ ဒါလေး လိုအပ်နေတယ်လို့ ယုံကြည်မိတဲ့ နောက်ပိုင်းမှာ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဝါသနာပါရုံ သက်သက်နဲ့ဆိုရင် ငွေရေးကြေးရေးအရ အခက်အခဲ အများကြီး ရှိနေပါတယ်။ ဒါကြောင့် မအောင်မြင်ပါဘူး။ နောက်ပိုင်း ဘလော့ဂ်နဲ့ ရင်းနှီးလာပြန်တော့လည်း html နဲ့ script တွေကို သိပ်နားမလည်တော့ အခက်တွေ့ပြန်ပါတယ်။ ဒါပေမယ့် အနည်းအကျဉ်း လေ့လာဖူးတာကြောင့် ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်တစ်ခုလောက်တော့ မခက်ခဲပါဘူး။ ဒါကြောင့်လည်း အခု http://lyric.pikay.org ဆိုတဲ့ ဘလော့ဂ်လေး အကောင်အထည် ပေါ်လာပါတယ်။နောက် ပြဿနာ တစ်ခု ရှိနိုင်တာက သီချင်းစာသား စုဆောင်းဖို့ပါ။ ဒါလည်း ကျနော့်အတွက် သိပ်တော့ မခက်ခဲပါဘူး။ ဘာလို့လည်း ဆိုတော့ ကျနော်ဟာ စာအုပ်စုတာ ဘယ်လောက် ဝါသနာ ပါလဲ ဆိုရင် သီချင်းစာအုပ်တောင် ဝယ်စုပါတယ်။ ဒါကြောင့် ကျနော့်ဆီမှာ ရှိတာနဲ့ ဆိုရင် သီချင်းကြီး၊ သီချင်းဟောင်း နဲ့ ခေတ်သီချင်း အပါအဝင် အနည်းဆုံး အပုဒ် (၂၀၀၀) လောက်တော့ တင်နိုင်မှာပါ။ အသစ်အသစ် ထွက်နေတဲ့ သီချင်းစာအုပ် အသစ်တွေကိုလည်း ရည်ရွယ်ချက် ရှိရှိနဲ့ ဝယ်ပြီး စုနေပါတယ်။ သီချင်းအဟောင်းအနေနဲ့ ၁၉၂၀ ခုနစ် ပတ်ဝန်းကျင်က သီချင်းစာသားတွေက အစ စုဆောင်းထားပါတယ်။ စုံတယ်လို့တော့ ပြောလို့မရသေးဘူး။ ခေတ်သီချင်းတွေ အနေနဲ့လည်း အများကြီး ကျန်သေးတာတော့ သေချာပါတယ်။တတိယ အခက်အခဲကတော့ ကျနော် တစ်ယောက်တည်းနဲ့ ဒါစာသားတွေကို ခပ်မြန်မြန်နဲ့ မတင်နိုင်တဲ့ ပြဿနာပါ။ ဒီအတွက် အကူအညီပေးနေတဲ့ ညီငယ် ညီမငယ် တချို့ ရှိပါတယ်။ ကျနော် ကိုယ်တိုင်လည်း အားရင် အားသလို ရိုက်ပြီး တင်နေပါတယ်။ အခု မိတ်ဆက်ပွဲ လုပ်နေချိန်မှာပဲ သီချင်း အပုဒ်ရေ (၂၅၀) မက တင်ထားပြီးပါပြီ။ သေချာတာကတော့ ကျနော်တစ်ယောက်အားနဲ့ သွားနေရင်တော့ အတော်လေး ကြာနိုင်ပါတယ်။ ဒါကြောင့်လည်း ကူညီပေးတဲ့ ညီငယ် ညီမငယ်တွေကို အထူးကျေးဇူးတင်မိပါတယ်။ သီချင်းစာသားတွေကို အကုန်လုံး တပြိုင်တည်း မတင်နိုင်တဲ့ အတွက် ကိုယ်လာလည်တဲ့ အချိန်မှာ ကိုယ်ရှာချင်တဲ့ စာသား မရှိတာလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ လာလည်လို့ လိုချင်တဲ့ သီချင်း တင်မထားရင် အားမနာပါနဲ့။ အော်သွားပေးပါ။ CBOX ထဲမှာ အော်ထားတဲ့ သီချင်းကို ဦးစားပေးပြီး အရင် တင်ပေးပါ့မယ်။ ကျနော် CBOX ထားရတဲ့ ရည်ရွယ်ချက်က ဒါပါ။ အကုန်လုံး မတင်နိုင်သေးတောင် လိုအပ်တဲ့ သီချင်းလေးတွေ တင်နိုင်ရင်ဖြင့် ကျေနပ်လှပါပြီ။ တောင်းဆိုထားတာ တင်ပြီးပြီ ဆိုရင်လည်း ချန်ခဲ့တဲ့ လိပ်စာ (အီးမေးလ်၊ ဘလော့ဂ်) အတိုင်း ပြန်အကြောင်းကြားပေးပါ့မယ်။အကယ်၍သာ ကိုယ့်မှာ ရိုက်ထားပြီးသား သီချင်းစာသားတွေ ဒီဘလော့ဂ်မှာ တင်မထားရသေးလို့ ဝေမျှပေးချင်တယ် ဆိုရင်လည်း ကျနော်တို့က အတိုင်းထက် အလွန် ဝမ်းသာမိမှာပါ။ အဲဒီလို စိတ်စေတနာရှိလို့ ပို့ပေးချင်ရင်ဖြင့် [email protected] ကို အီးမေးလ် ပို့ပေးပါလို့ တောင်းဆိုချင်ပါတယ်။ လောကကြီးမှာ ဘယ်နေရာမဆို တစ်ယောက်ကောင်းနဲ့တော့ အဆင်မပြေနိုင်တာ အမှန်ပါ။ အားလုံးရဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးမှု ရှိမှသာ လုပ်ငန်းတစ်ခုဟာ ချောချောမွေ့မွေ့ လည်ပတ်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီဘလော့ဂ်လေး အဓွန့်ရှည်ဖို့ အားဖြည့်ပေးတဲ့လူတွေကော၊ အားပေးတဲ့ လူတွေကော၊ အကြံပေးတဲ့လူတွေကိုပါ ကြိုတင်ပြီး ကျေးဇူးတင်ထားပါတယ်။ဘလော့ဂ်တစ်ခု အသက်ဝင်နေဖို့ ဆိုတာ အတော်လေး ခဲယဉ်းတဲ့ ကိစ္စတစ်ခုပါ။ ဒါကို ဘလော့ဂါ မောင်နှမတွေ အားလုံး သိနှင့်ပြီး ဖြစ်ပါလိမ့်မယ်။ အခုတလော ဒီ သီချင်းစာသားဘလော့ဂ်ဘက်ကို အားရောက်နေတော့ ပီကေ ဘလော့ဂ်မှာ အားနည်းသွားရင် ခွင့်လွှတ်ပါလို့ ပြောချင်တာပါ။ ဒါပေမယ့် ပီကေ ဘလော့ဂ်ကိုလည်း အမြဲ အသက်ဝင်နေအောင် ကြိုးပမ်းသွားမှာပါ။ ဒီ မြန်မာသံစဉ်စာသားများ ဘလော့ဂ်ကို အသက်ဝင်နေဖို့ဆိုရင် up to date ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီတစ်ပတ် ဘာသီချင်းခွေ အသစ်ထွက်သလဲ။ အဲဒီသီချင်းစာသားတွေ ဒီဘလော့ဂ်မှာ တင်ထားတယ် ဆိုမှ up to date ဖြစ်တယ်လို့ ပြောနိုင်မှာပါ။ အဲဒီလို ဖြစ်အောင်တော့ ကျနော်တို့ ဘက်က ကြိုးစားသွားရမယ့် တာဝန်ရှိနေပါတယ်။ ဒါ အိမ်ရှင့် တာဝန်ပေါ့။ လာလည်တဲ့ ဧည့်သည်အတွက် ဝတ္တရား ကျေပွန်ရမယ်လို့ ယူဆမိပါတယ်။နောက်တစ်ခုအနေနဲ့ ကျနော် ပြောချင်တာက စီမံကိန်းပါ။ ဒီဘလော့ဂ်ရဲ့ စီမံကိန်း ပထမ အဆင့်အနေနဲ့ ကျနော့်ဆီမှာ ရှိသမျှ သီချင်းစာသားတွေ တင်ဖို့ပါ။ အဲဒီအတွက်ကို အချိန်အတော်လေး ယူရပါမယ်။ဒီအဆင့် ပြီးသွားရင်တော့ ဒုတိယအဆင့် အနေနဲ့ ဂီတာ တီးသူတွေအတွက် အဆင်ပြေနိုင်ဖို့ ကော့ဒ် (Chords) ထည့်ပေးဖို့ပါ။ အရင်က ကော့ဒ် ထည့်ကြည့်တော့ အခက်အခဲ အနည်းငယ် ကြုံနေရပါတယ်။ အဲဒါက စပေ့စ် ပြဿနာပါ။ ကော့ဒ် တစ်ခုနဲ့ တစ်ခု ကြားမှာ ခြားထားတဲ့ (စပေ့စ်) ကွက်လပ်ဟာ မတင်ခင်က တစ်မျိုး တင်ပြီးတော့ တစ်မျိုး ဖြစ်နေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတုန်းပါ။ အကယ်၍ ဖြေရှင်းနည်းလေး သိရင် အကြံပေးခဲ့ပါဦးလို့ တောင်းဆိုချင်ပါတယ်။ စားသားတွေ အားလုံးနီးပါး တင်ပြီးပြီ ဆိုရင်တော့ ကော့ဒ်တွေ ထည့်ဖို့ စတင်လှုပ်ရှားမှာ ဖြစ်ပါတယ်။တတိယမြောက် စီမံကိန်းကတော့ ရောက်ဖို့ အတော်ကြာပါလိမ့်ဦးမယ်။ နောက်ဆုံးမှာ ထားရခြင်း အကြောင်းက သိပ်အရေးမပါလို့ပါ။ အရေးမပါဘူး ဆိုတာကတော့ ဒီဘလော့ဂ်မှာ မပါလည်း ဘာမှ အကြောင်းမထူးဘူးလို့ ဆိုလိုတာပါ။ ပါမယ် ဆိုရင်တော့ ပိုကောင်းသွားမယ် ထင်တယ်။ တတိယမြောက် စီမံကိန်းက အဲဒီ သီချင်း တစ်ပုဒ်ချင်းစီရဲ့ ဒေါင်းလုတ် ဆွဲချနိုင်တဲ့ လင့်ခ်လေးတွေ ထည့်ပေးခြင်းပါပဲ။ ကျနော် သိသလောက် ပြောရရင် သီချင်း အတော်များများဟာ အခုအချိန် ဆာဗာအများကြီးမှာ အသီးသီး တင်ထားတယ်လို့ ယုံကြည်ပါတယ်။ ဆာဗာမှာ တင်ထားတာ မရှိတဲ့ သီချင်း အတော်လေး ရှားပါလိမ့်မယ်။ မသိလို့သာ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုက စုစုစည်းစည်း မရှိလို့ပါ။ ကျနော့်အနေနဲ့ ကိုယ့်ဖာသာ ထပ်တင်နေမယ့် အစား တင်ပြီးသားလေးတွေ ရှာပြီး လင့်ခ်လုပ်ပေးနိုင်ရင်ဖြင့် အတော်လေး အသုံးတည့်မယ်လို့ ယူဆမိပါတယ်။ ဒါလည်း ကျနော် တစ်ယောက်တည်းနဲ့ လုံး၀ မစွမ်းသာတဲ့ ကိစ္စတစ်ခုပါ။ အများရဲ့ အကူအညီ အပြည့်အ၀ လိုပါတယ်။ သိတဲ့လူက ဒီသီချင်းခွေကို ဒီမှာ ဒေါင်းလုတ် ယူလို့ ရပါတယ် ဆိုတာလေး လာအော်ပေးရင်ဖြင့် ဒီဘလော့ဂ်မှာ လင့်ခ်လေး ထည့်ပေးလိုက်ရုံပါပဲ။ အဲဒီလိုလေး အားလုံးကို မျှဝေပေးချင်ပါတယ်။အားလုံးကို အဆင်ပြေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ခရီးဆက်လျှောက်နေတာ ဖြစ်တဲ့အတွက် အကူအညီတောင်းရမှာ ဝန်မလေးသလိုပဲ အကူအညီပေးရမှာလည်း ဖင်မလေးပါဘူး။ အားလုံးရဲ့ အကူအညီကိုလည်း အမြဲ ကြိုဆိုနေသလိုပဲ အကူအညီလိုသူတွေကိုလည်း လက်ကမ်းလျက်ပါလို့ ပြောကြားရင်းနဲ့ နိဂုံးချုပ် အပ်ပါတယ် ခင်ဗျားးးးအစားအသောက် အစီအစဉ်အနေဖြင့် ကော်ဖီ နဲ့ ကိတ် တည်ခင်း ဧည့်ခံထားပါသည်။အော် တစ်ခုတော့ သတိပေးပါရစေ။ မြန်မာစာကားပုံ တစ်ခုရှိပါတယ်။ သိသူကျော်သွား မသိသူဖော်စား တဲ့ ခင်ဗျ။

Leave a comment

Your email address will not be published. Required fields are marked *