တော်တော်ကြာတဲ့အထိ ဘယ်သူမှ အသံမထွက်ကြဘူး။ ခြေတွေလက်တွေက လွတ်လွတ်လပ်လပ် လှုပ်ရှားမရဘူး။ မျက်စိက ဘာကိုမှ မမြင်ရဘူးဆိုတဲ့ အခြေအနေမျိုးမှာ လူအားလုံးက ပါးစပ်ဟပြီး စကားပြောရမှာကို သတိကြီးကြီး ထားလာကြတယ်။
“အခြေအနေက ဒီသောင်ဒီကမ်းကို ဆိုက်နေမှတော့ အဖြစ်မှန် ပေါ်အောင် နည်းလမ်းလေး ရှာကြရအောင်။ အားလုံးအားလုံး ပါးစပ်ကြီးပိတ်ပြီး အသံမထွက်ဘဲ မနေကြပါနဲ့လား”
မင်းအာကာက ပထမဦးဆုံး အဆိုပြုလိုက်တယ်။
“ဘယ်သူ့လက်ချက်လဲ။ အမှန်အတိုင်း ဝန်ခံလိုက်ပါတော့” စိုးဇေယျက အော်ပြောတယ်။ “အခုလိုအချိန်မှာ ဖုံးကွယ်နေရင်ရော ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။ မဟုတ်လည်း အကုန်လုံး အသတ်ခံရတော့မှာပဲဥစ္စာ။ ကိုယ့်အပြစ်ကိုယ် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တာက ပိုမကောင်းဘူးလား။ တရားခံက ဘယ်သူလဲ ဆိုတာကို သိသွားတော့ရော ဘာထူးသေးလဲ။ အားလုံးက ရဲကို တိုင်ပြောမှာမှ မဟုတ်တာ”
သူက မမြင်ရတဲ့၊ ဘယ်သူမှန်း မသိတဲ့ လူသတ်တရားခံကို ပြောနေတယ်။ ဒါပေမယ့် ဘယ်သူ့ဆီကမှ ဝန်ခံစကား ထွက်ကျမလာဘူး။
“ဒါဆိုလည်း ဖယ်ရှားနည်းကို သုံးကြတာပေါ့။ ပထမဆုံးအနေနဲ့ ဒေါ်လေးကို သံသယစာရင်းကနေ ဖယ်ထုတ်ပစ်လို့ ရတယ်လို့ ကျွန်မ ယူဆတယ်”
ပန်းနုဝေက မတိုးသာ မဆုတ်သာ အခြေအနေကို ဦးဆုံး ဖြိုခွဲလိုက်တယ်။
“ကျွန်တော် ထောက်ခံတယ်။ ဒေါ်ဒေါ်က အမှုလုပ်ဖို့ ဖြစ်နိုင်ခြေ မရှိဘူး”
လွန်းဆက်မောင်ကလည်း သဘောတူကြောင်း ဆန္ဒပေးတယ်။
“ဒါပေမယ့် အမေကလွဲပြီး ကျန်တဲ့သူ ဘယ်သူ့ကိုမှ ဖယ်ထုတ်ပစ်လို့ မရနိုင်တော့ဘူး” မင်းအာကာက ပြောတယ်။ “ဒီနေ့မနက်ရဲ့ ဆွေးနွေးပွဲကို အခြေခံပြီး ပြောရရင် သိပ်သေချာနေတဲ့ အချက်က လူတိုင်းမှာ သေစေလိုတဲ့ စေတနာ ရှိနေနိုင်တယ်”
“နန်းမိုရ်ခကိုတော့ သံသယစာရင်းထဲကနေ ဖယ်ထုတ်လို့ ရနိုင်မယ် ထင်တယ်”
လွန်းဆက်မောင်က အကြံပြုတယ်။ ဘယ်လိုပဲတွေးတွေး၊ သူက အပြင်လူပဲ မဟုတ်လား။
“ဟင့်အင်း၊ အဲဒါ လောဂျစ်နဲ့ မကိုက်ညီဘူး”
ဆန့်ကျင်ကန့်ကွက်တဲ့ သူက တခြားသူ မဟုတ်ဘူး။ နန်းမိုရ်ခကိုယ်တိုင်ပဲ။
“ကျွန်မ ပြောဖူးပါတယ်။ လူအချင်းချင်းကြားမှာ လူသိမခံတဲ့ လျှို့ဝှက်တဲ့ ဆက်ဆံရေးမျိုး မရှိပါဘူးလို့ ဘယ်လိုနည်းနဲ့မှ အတည်မပြုနိုင်ဘူး။ ဒါကြောင့် ဓမ္မဓိဋ္ဌာန်ကျကျ ဖယ်ရှားစေချင်တယ်”
“အဲဒီလို ဆိုပေမယ့်လည်း ဖယ်ရှားတဲ့နေရာမှာ အသုံးပြုနိုင်ဖို့အတွက် အချက်အလက်မှ မရှိတာပဲ” မင်းအာကာက ဝင်သက်ကို အားရပါးရ ရှိုက်သွင်းလိုက်တယ်။
“ဟင့်အင်း။ ကျွန်မတို့ စိတ်အေးအေးထားပြီး စဉ်းစားဆင်ခြင်ကြည့်ရင် အချက်အလက်က ရှိကို ရှိလာနိုင်တယ်”
နန်းမိုရ်ခက ယတိပြတ် ပြောတယ်။ လေသံကိုက လုံးဝ အပိုင်ပြောနေတဲ့ အသံမျိုး။ လွန်းဆက်မောင်က အံ့အားတသင့် ဖြစ်သွားမိတယ်။
မျက်မှောက်အခြေအနေက ဆိတ်ငြိမ်မှုအောက်ကို ခဏတဖြုတ် ကျရောက်သွားပြန်တယ်။
“ဟ …. မင်းလို အပြင်လူတစ်ယောက်ဆီကနေ ယုံကြည်ချက် ပြည့်ဝတဲ့ စကားမျိုးကို ကြားရလိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး။ ပြောစမ်းပါဦး။ ဘာအချက်အလက်တွေ ရှိလဲ”
မင်းအာကာရဲ့ လေသံထဲမှာ ထေ့တေ့တေ့ အသံမျိုး ပါတယ် ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ တစ်ခုခု ကြားရတော့မယ် ဆိုတဲ့ တောင့်တချက်လည်း ရောပါနေမှန်း သိသာနေတယ်။
“ပထမဆုံးအနေနဲ့ ဒီတိုက်ထဲမှာ အကျဉ်းချခံရပြီးနောက် ဖြစ်ပေါ်လာခဲ့တဲ့ အကြောင်းရပ်တွေကို ပြန်တွေးဆကြည့်ဖို့ လိုလိမ့်မယ်” နန်းမိုရ်ခရဲ့ အသံက ရှင်းလင်းပြတ်သားနေတယ်။ “ကျွန်မအပါအဝင် ကိုလွန်းဆက်မောင်တို့တတွေက နည်းမျိုးစုံသုံးပြီး ဒီမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အပြင်လောကကို အသိပေးနိုင်ဖို့ ကြိုးစားခဲ့ကြတယ်”
သူ ပြောနေတာက မြေကြီးပေါ်မှာ HELP ရေးတာနဲ့ ပလတ်ပေါက်ကို ရှော့ရိုက်ပြီး မီးဖျက်ဖို့ ကိစ္စ။
“ဘာ …. မင်းတို့က အဲဒီလိုတွေ လုပ်ခဲ့သေးတာလား”
ငဆွေရဲ့အသံက ရုတ်တရက် ခေါင်းပေါ်ကနေ လွင့်ပျံလာတယ်။ ဆွေးနွေးတိုင်ပင်နေတာကို သူတို့က အပေါ်ထပ်ကနေ နားထောင်နေကြတာ ဖြစ်မယ်။
“ဒါပေမယ့် ဘာတစ်ခုမှ မအောင်မြင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖျက်လိုဖျက်ဆီး လုပ်တဲ့သူ ရှိနေလို့ပဲ”
နန်းမိုရ်ခက ဖျက်ဆီးနှောင့်ယှက်မှု အထွေထွေကို ရှင်းပြလိုက်တယ်။ ဒီတစ်ခါတော့ ငဆွေက အံ့အားတသင့် ပြောတယ်။
“ဘယ်သူလုပ်တာလဲ။ ကြိုပြောထားမယ်နော်။ ငါ လုပ်တာ လုံးဝ မဟုတ်ဘူး”
“မေးစရာ ရှိတာက … ဘာကြောင့် ဖျက်လိုဖျက်ဆီး လုပ်နေရတာလဲ။ အဲဒီတုန်းက ကျွန်မ ဘယ်လိုမှ စဉ်းစားလို့ မရခဲ့ဘူး။ ဒါပေမယ့် နှင်းသူ အသတ်ခံရတယ်လို့ သိလိုက်ရတော့ ကျွန်မ ချက်ချင်းပဲ သဘောပေါက်သွားတယ်”
“အဲဒီလို နှောင့်ယှက်ဖျက်ဆီးနေတာတွေ အားလုံးက နှင်းသူကို သတ်နိုင်ဖို့အတွက် လူသတ်သမားရဲ့ ကြိုတင်ပြင်ဆင်မှုတွေပဲ။ အဲဒီလို ဟုတ်တယ်မလား”
အစောကြီးကတည်းက တစ်ချိန်လုံး ပြောချင်နေခဲ့တဲ့ စကားကို လွန်းဆက်မောင်က ပြောချလိုက်တယ်။
“အဲဒီလိုပဲ ဖြစ်မယ် ထင်တယ်။ တရားခံက မနှင်းသူကို သတ်ချင်တယ်။ ပြီးတော့ ပြစ်မှုကို ဓားပြတွေဆီ လွှဲချလိုက်ချင်တယ်။ ဒါကြောင့်လည်း အကျဉ်းကျနေတဲ့ အခြေအနေကို ဆက်လက်တည်တံ့နေဖို့ လိုအပ်လာတယ်”
“တရားခံမှာ နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိလိမ့်ဦးမယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါကတော့ အလောင်း တွေ့သွားမယ့် အချိန်ကိုလည်း ဆွဲဆန့်ထားချင်လို့ပဲ” လွန်းဆက်မောင်က ပြောတယ်။ “ရဲတွေ စုံစမ်းထောက်လှမ်းတဲ့ အချိန်က နောက်ကျလေလေ၊ အဖြစ်မှန် ဖော်ထုတ်နိုင်မယ့် အခွင့်အလမ်းက နည်းသွားလေလေပေါ့”
“ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်”
“ဒါဆို တရားခံကို ပစ်မှတ်ထားနိုင်ဖို့အတွက် အချက် နှစ်ချက် ရပြီ။ နံပါတ် တစ်၊ HELP ကို ဘယ်သူ ဖျက်ပစ်လိုက်တာလဲ။ နံပါတ် နှစ်၊ မီးဖျက်မယ့် အစီအစဉ်ကို ဘယ်သူ နှောင့်ယှက်ခဲ့တာလဲ”
သဲလွန်စ ရလာတာကြောင့် မင်းအာကာရဲ့ အသံကလည်း တက်ကြွလာတယ်။
“HELP ကိစ္စကနေ စဆွေးနွေးကြရအောင်။ ကိုလွန်းဆက်မောင်၊ ကျွန်မ မြေကြီးပေါ်မှာ HELP ရေးခြစ်လိုက်တယ် ဆိုတဲ့အကြောင်းကို ရှင် တခြားလူတွေကို ပြောဖြစ်သေးလား”
“ဟင့်အင်း။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောဘူး”
“ဟုတ်လား။ ကျွန်မလည်း ဘယ်သူ့ကိုမှ မပြောဖြစ်ဘူး”
“အဲဒီလိုဆိုရင်တော့ တရားခံက မတော်တဆ တွေ့သွားတာပဲ ဖြစ်မယ်။ အိမ်သာပြတင်းပေါက်ကနေ လှမ်းမြင်လိုက်တာလား မပြောတတ်ဘူး”
ဦးဟန်သာက တစ်ကိုယ်တည်း ရေရွတ်နေတဲ့အလား တတွတ်တွတ် ပြောတယ်။
နန်းမိုရ်ခက သူ့ကို စကားမပြန်ဘဲ စကားကို ဆက်တယ်။
“ကိုလွန်းဆက်မောင်က လွဲလို့ မြေကြီးပေါ်မှာ HELP ရေးထားမှန်း သိတဲ့သူ ဘယ်သူ ရှိသေးလဲ။ ကျွန်မကို ပြောပြပါလား”
ဘယ်သူမှ အဖြေမပေးကြဘူး။
“လက်ရှိအခြေအနေအရတော့ တရားခံက ကိုယ့်သဘောနဲ့ကိုယ် ဝန်ခံလာမှာ မဟုတ်ဘူး” မင်းအာကာက ပြောတယ်။ “ဒါပေမယ့် တကယ်လို့သာ တရားခံက မိုရ်ခ ဒါမှမဟုတ် ဆက်မောင် ဆိုရင်တော့ တစ်မျိုးတစ်ဖုံ လှည့်ပြီး စဉ်းစားရတော့မှာပေါ့”
“ဟုတ်တယ်။ ဒါဆို ကျွန်မ အားလုံးကို မေးခွန်းပြောင်းမေးမယ်။ တိုင်မာကိစ္စပဲ။ အဲဒီအစီအစဉ်ကို လူစုံတပ်စုံ သိထားလောက်တယ်။ အစက ည ၇ နာရီမှာ မီးဖျက်ဖို့ စီစဉ်ထားပေမယ့် တိုင်မာကို အဖျက်အဆီး ခံလိုက်ရတယ်။ ဒါကြောင့် အဲဒီအချိန်မတိုင်ခင် အိမ်သာထဲ ဝင်တဲ့လူတွေက တစ်ယောက်မှ သံသယစာရင်းထဲကနေ ပြေးထွက်လို့ မရဘူး။ ဒါကြောင့် အားလုံးကို တစ်ခုလောက် မေးပါရစေ။ အဲဒီအစီအစဉ်ကို ကြားရပြီးတဲ့နောက်မှာ ဘယ်သူတွေ အိမ်သာထဲ ဝင်ကြသေးလဲ”
“ငါ ဝင်တယ်” ဒေါ်သင်းလှက ပထမဆုံး စကားဟတဲ့သူပဲ။ “ဒါပေမယ့် အဲဒီတိုင်မာကို ငါ ထိတောင် မထိဘူး။ စက်ပစ္စည်းတွေကို ငါက ဘာမှ နားလည်တာ မဟုတ်ဘူး။ အဲဒီလိုဟာမျိုးက အရင်က သုံးတောင် မသုံးဖူးဘူး”
“ငါလည်း ဝင်သေးတယ်။ ၆ နာရီတိတိလောက် ဖြစ်မယ်။ တိုင်မာတပ်ပြီးပြီးချင်းလောက်ပေါ့။ အဲဒီတုန်းကတော့ အကောင်းကြီးပဲ” ဦးဟန်သာက မာဆတ်ဆတ် ပြောတယ်။
“ကျွန်မလည်း အိမ်သာ ဝင်သေးတယ်” ပန်းနုဝေ ပြောတယ်။ “အဲဒီတိုင်မာက ဘယ်လို ပုံစံမျိုးလဲ ဆိုတာကို မြင်ဖူးချင်လို့ ဝင်ကြည့်တာ။ ကျွန်မလည်း စက်အကြောင်း နားမလည်ပါဘူး။ ဒါပေမယ့် ကြည့်ရတာ အလုပ်လုပ်နေသေးပုံပဲ”
“ကျွန်တော်လည်း ဝင်တယ်။ ဒါပေမယ့် တိုင်မာရဲ့ အနေအထားကို မကြည့်ဖြစ်ဘူး …” စိုးဇေယျရဲ့ စကားအဆုံးသတ်က မသိမသာ တုန်ခါနေသလားလို့။
“အိမ်သာဝင်တဲ့သူက ဒီလောက်ပဲလား။ စိတ်အထင် ဒီထက် ပိုများသလားလို့ ….”
မင်းအာကာက တိုးတိုးသာသာ ပြောတယ်။ ဒါပေမယ့် သူ့လေသံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေသလိုပဲ။ တကယ်တော့ လွန်းဆက်မောင်လည်း သူ့လို ယူဆမိတာပါပဲ။ ဒါပေမယ့် သေချာ မမှတ်မိတော့ဘူး။ သူ့မှတ်ဉာဏ်ထဲမှာတော့ စိုးဇေယျ အိမ်သာထဲ ဝင်သွားတာကိုပဲ ဝိုးတဝါး အမှတ်ရနေတယ်။
“ဘာကိုမှ ပစ်မှတ်ထားလို့ မရဘူး ဖြစ်နေတယ်။ အချိန်မရှိဘူး။ ဦးတည်ရာပြောင်းပြီး တိုက်စစ်ဆင်တာပဲ ကောင်းလိမ့်မယ်”
“အဖေ အဲဒီလိုပြောတာ ဘာအကြံကောင်းများ ရှိနေလို့လဲ”
“အကြံကောင်းလို့တော့ ပြောလို့ မရပါဘူး။ ရည်ရွယ်ချက်ဘက်ကနေ ဆက်တူးသွားကြည့်လိုက်ရင် အဖြေထွက်လာနိုင်မလားလို့ပါ။ အမြင်တွေက အမျိုးမျိုး ရှိနေပြီးပြီ ဆိုပေမယ့် ခိုင်လုံမှု မရှိသေးဘူးလို့ ငါ ထင်နေမိတုန်းပဲ”
“ဪ … ဒါဆို ဦးက ဘယ်အချက်ကို ခိုင်လုံမှု မရှိဘူးလို့ ယူဆထားတာလဲ”
သူ့ရဲ့ အမြင်ကို ဝေဖန်ခံလိုက်ရလို့ ဖြစ်မယ် ထင်တယ်။ ပန်းနုဝေက ခဏမဆိုင်းဘဲ မေးခွန်းထုတ်လိုက်တယ်။
“ငါက ဘယ်အချက်လို့ ထိုးပြနေတာ မဟုတ်ဘူး။ ရှိသမျှ အကုန်လုံးက အမှန်တရားနဲ့ ဝေးကွာနေတယ်။ ငါ့အထင်ပြောရရင် လူသတ်မှုက စိတ်လိုက်မာန်ပါ လုပ်လိုက်မိတဲ့ လုပ်ရပ်တစ်ခုပဲ”
“ဟင့်အင်း၊ တကယ်လို့ စိတ်လိုက်မာန်ပါ ဖြစ်ပြီး လူသတ်မိတာဆိုရင် လူသတ်သမား လုပ်ခဲ့တဲ့ နှောင့်ယှက်မှုလုပ်ရပ်တွေကို ရှင်းပြဖို့ မဖြစ်နိုင်တော့ဘူး။ နောက်ပြီး အခုချိန်မှာ ရည်ရွယ်ချက်ကိုလည်း စုံစမ်းနေဖို့ အချိန်မရတော့ဘူး။ ဘာပဲဖြစ်ဖြစ် မိုရ်ခရဲ့ စိတ်ကူးကို နားထောင်ကြည့်ကြရအောင်လား”
မင်းအာကာက စကားခေါင်းစဉ်ရဲ့ လက်ဆင့်ကမ်းတုတ်တိုကို နန်းမိုရ်ခလက်ထဲ လွှဲပြောင်းပေးလိုက်တယ်။
“မပန်းနု၊ ရှင်က တိုင်မာကို ဘယ်လို လေ့လာတာလဲ” နန်းမိုရ်ခက မေးတယ်။
“စေ့စေ့စပ်စပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြောနိုင်တာတစ်ခုက ဓာတ်ကြိုးတွေက ပြတ်မနေဘူး”
တကယ်လို့ သူ့ရဲ့စကားကို ယုံလို့ရမယ်ဆိုရင် အနည်းဆုံး အဲဒီအချိန်ထိ လူသတ်သမားက အိမ်သာထဲကို မဝင်ရသေးဘူး။ အဲဒီလိုသာဆိုရင် ….
“ကျွန်တော် မဟုတ်ဘူး” စိုးဇေယျက ပြောတယ်။ “ကျွန်တော် အဲဒီလို အလုပ်မျိုး လုပ်မှာ မဟုတ်ဘူး”
“ကိုစိုးဇေယျ၊ စိတ်ထိန်းပါဦး။ ကျွန်မ ဘာမှ မပြောရသေးဘူး”
“ဒါပေမယ့် မပန်းနုဝေရဲ့ အနောက်မှာ အိမ်သာထဲ ဝင်တဲ့သူက ကျွန်တော်ပဲ ရှိတော့တာ မဟုတ်လား”
“ရှင့်ရဲ့ အနေအထားက အနည်းအကျဉ်းတော့ ထူးခြားနေတာ အမှန်ပဲ။ ဒါပေမယ့် ကျွန်မက အဲဒီအချက်ကြောင့်နဲ့တင် ရှင့်ကို သံသယဝင်နေမှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ”
မျက်စိက ဘာမှ မမြင်ရလို့ ထင်တယ်။ စိုးဇေယျက ခွေးရူးတစ်ကောင်လို အသက်ရှူသံက လှိုက်ဖိုနေတယ်။
“ဒါဆို” နန်းမိုရ်ခရဲ့ စကားသံက ပိုပြီးတော့ တည်ငြိမ်လာတယ်။ “ကျွန်မ အားလုံးကို မေးခွန်းတစ်ခု ထပ်မေးပါရစေ။ ဘယ်သူများ ဒီကို အိပ်ဆေး ယူလာကြလဲ”
“အိပ်ဆေး ….” မင်းအာကာက တအံ့တဩ မေးတယ်။
“ငါ နည်းနည်း ယူလာတယ်။ အခန်းထဲက အိတ်ထဲမှာ ရှိတယ်။ တစ်ခါတလေ ခရီးထွက်ရင် အိပ်မရတာမျိုး ရှိတတ်လို့ ….” ပထမဆုံး ဝန်ခံတဲ့သူက ဒေါ်သင်းလှ။
နောက်တော့ စိုးဇေယျကလည်း ခပ်ပေါ့ပေါ့ ဝင်ပြောတယ်။ “ကျွန်တော်လည်း အိတ်ထဲမှာ နည်းနည်း ပါတယ်။ ဒါပေမယ့် ပါတော့ရော ဘာဖြစ်လဲ”
“ကျွန်မ နောက်မှ ရှင်းပြပါ့မယ်။ တခြားလူတွေမှာရော ပါသေးလား။ ဒါဆို ဒေါ်ဒေါ်နဲ့ ကိုစိုးဇေယျ၊ ရှင်တို့ အဲဒီဆေးကို တခြားလူတွေကို ပေးမိသေးလား”
နှစ်ယောက်စလုံးက ဘယ်သူ့ကိုမှ မပေးပါဘူးလို့ ဖြေကြတယ်။
“မင်းက အဲဒီမေးခွန်းကို ဘာကြောင့် မေးနေရတာလဲ”
“ဆရာ၊ ကျွန်မ နောက်မှ ဖြေရှင်းပြပါ့မယ်” သူက ဦးဟန်သာကို ပြောတယ်။ သူက ‘နောက်မှ’ ဆိုတဲ့ စကားလုံးနှစ်လုံးကို အားနဲ့ ဖိပြောလိုက်တာမို့ လွန်းဆက်မောင်က အဲဒီအချက်ကို ပိုပြီး စိတ်ဝင်စားသွားတယ်။
“စုံထောက်မမရဲ့ မေးခွန်းက ဒီမှာတင် ဆုံးသွားပြီလား”
နန်းမိုရ်ခဆီကနေ ဘာစကားသံမှ ထပ်ထွက်မလာတော့ အပေါ်ထပ်မှာ ရှိနေတဲ့ ငဆွေက လှမ်းမေးတယ်။ တစ်ချိန်တည်းမှာပဲ အောက်ထပ်ကို ဆင်းလာတဲ့ ခြေသံကို ကြားလိုက်ရတယ်။
“မေးခွန်း မေးလို့ ပြီးပြီဆိုတော့ ကြည့်ရတာ မင်းက တရားခံ ဘယ်သူလဲ ဆိုတာကို တွက်ဆလို့ ရသွားပြီ ထင်တယ်”
“နေ … နေပါဦး။ တစ်နာရီ မပြည့်လောက်သေးဘူး ထင်ပါတယ်။ အခုလို ဘာသဲလွန်စမှ မရှိတဲ့ အခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး ပြဿနာကို လွယ်လွယ်နဲ့ ဖြေရှင်းနိုင်မှာလဲ”
ဦးဟန်သာက ကတိုက်ကရိုက် ပြောတယ်။
လွန်းဆက်မောင်လည်း ထပ်တူ ခံစားမိတယ်။ နောက်ထပ် ဘာကို ဆက်ပြီး ဆွေးနွေးရမလဲ ဆိုတာကို လုံးဝ မသိနိုင်အောင် ဖြစ်နေတယ်။
“သူဌေးမင်းက အဲဒီလို ပြောနေပေမယ့် စုံထောက်မမကရော ဘယ်လို ထင်လဲ။ နောက်ထပ် အချိန်ထပ်ပေးရဦးမှာလား။ တကယ်လို့ နာရီဝက်လောက်နဲ့ ရတယ် ဆိုရင်တော့ ငါတို့က ခဏလောက် စောင့်ပေးလို့ ရပါတယ်”
ပန်းနုဝေက တည်တည်ငြိမ်ငြိမ်၊ ယုံကြည်ချက် ရှိရှိနဲ့ ပြန်ဖြေတယ်။ “မလိုတော့ဘူး။ ဒီလောက်ဆို ရပြီ။ ကျွန်မ အားလုံးကို သဘောပေါက်သွားပြီ”
“သဘောပေါက်ပြီ ….” မင်းအာကာက အော်တယ်။ “စောစောက ပြောခဲ့တဲ့ စကားတွေထဲကနေ တရားခံ ဘယ်သူလဲ ဆိုတာကို မင်း သိလိုက်ပြီပေါ့”
“ဟုတ်တယ်။ သိလိုက်ပြီ။ အားလုံးက ကျွန်မ ကောက်ချက်ဆွဲထားတာနဲ့ တစ်ထပ်တည်းပဲ”
“ဟုတ်လား၊ စိတ်ဝင်စားစရာပဲ။ ဒါဆိုလည်း ပြောလေ၊ တရားခံက ဘယ်သူလဲ” ငဆွေက အမိန့်ပေးတဲ့ လေသံမျိုးနဲ့ ပြောတယ်။
ဒါပေမယ့် မျှော်တလင့်လင့် ဖြစ်နေတဲ့ သူ့ကို နန်းမိုရ်ခက ဝင်နှောင့်လိုက်တယ်။ “ကျွန်မတို့ကို မျက်လုံးစည်းထားတာ အရင် ဖြေပေးလို့ ရမလား။ ဘာမှ မမြင်ရတော့ ရှင်းပြရတာ အားမပါဘူး”
“တကယ်ဟာပဲ။ အရေးထဲမှ … ကျွဲကြီး၊ မျက်လုံး စည်းထားတာတွေ အကုန် ဖြေပေးလိုက်ကွာ”