Show contents

(ဃ)

စက္ကန့်တော်တော်ကြာသွားအောင် ဘယ်သူမှ စကားမပြောကြဘူး။ လွန်းဆက်မောင်တင် မကဘူး။ ကျန်ဓားစာခံတွေ အားလုံးလည်း အံ့ဩထိတ်လန့်လွန်းလို့ အာစေးမိပြီး ဘာစကားမှ ပြောမထွက်နိုင်တော့တာ ဖြစ်မယ်။ ငဆွေကတော့ သနားစရာကောင်းတဲ့ ဒီဓားစာခံတွေရဲ့ ဖြစ်အင်ကို ကြည့်ပြီး သဘောခွေ့နေမှာ သေချာသလောက်ပဲ။

“ဘာ …. မင်း နောက်နေတာလား” စိုးဇေယျက တုန်တုန်ယင်ယင်နဲ့ ပြောတယ်။

“စိတ်မကောင်းပါဘူး။ ငါ နောက်နေတာ မဟုတ်ဘူး။ ငါတို့ အကြာကြီး တိုင်ပင်ကြည့်တဲ့အခါမှာ အဲဒီနည်းလမ်းက စိတ်အချရဆုံးပဲလို့ အဖြေထွက်လာတယ်။ ငါတို့လည်း မတတ်နိုင်ဘူး”

“ဟင့်အင်း၊ ငါတို့ကို မသတ်ပါနဲ့။ သတ်လားဖြတ်လား လုပ်ဖို့ လိုအပ်တာမှ မဟုတ်ဘဲ။ ငါ အာမခံတယ်။ မင်းတို့အကြောင်းကို ငါတို့ ဘယ်သူ့ကိုမှ မပြောပြဘူး။ တောင်းပန်ပါတယ်။ မသတ်ပါနဲ့”

စိုးဇေယျက ငိုသံကြီးနဲ့ ပြောတယ်။ သူက ငိုတောင် ငိုနေလောက်ပြီ။ သူ အဲဒီလို ကိုယ်ဟန်ပျက်ယွင်းနေတာကြောင့်ပဲ လွန်းဆက်မောင်တို့ ကျန်လူတွေက တည်ငြိမ်တဲ့အဆင့်ကို ပြန်ရောက်လာကြတယ်။

“မင်းတို့က ငါတို့ ၇ ယောက်စလုံးကို သတ်ပစ်မလို့လား” လွန်းဆက်မောင်က မေးတယ်။

“အင်း၊ ဟုတ်တယ်”

“အဲဒါ ဘာကို အဓိပ္ပာယ်ဆောင်နေသလဲ ဆိုတာကိုရော မင်း သဘောပေါက်ရဲ့လား။ တကယ်လို့ မင်းတို့သုံးယောက် အဖမ်းခံရရင် အကုန်လုံး ကြိုးစင်တက်ရမှာ”

သူ့စကားဆုံးတော့ တစ်ဖက်လူက တစ်အောင့်လောက် ငြိမ်ဆိတ်နေတယ်။ ငဆွေက ကိုထိုက်နဲ့ တိုင်ပင်နေတယ်လို့ လွန်းဆက်မောင်က ယူဆမိတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်က ကိုထိုက်ရဲ့ လက်ထဲမှာ ရှိနေတာပဲ ဖြစ်ရမယ်။

“ငါတို့ အဖမ်းခံရမှာ မဟုတ်ဘူး” နောက်ဆုံးတော့ ငဆွေ စကားဆိုလာတယ်။ “ဒါကြောင့်လည်း မင်းတို့အကုန်လုံးကို သတ်ပစ်ရတာပေါ့။ ပြီးတော့ … အဖမ်းခံရရင်တောင်မှ လွယ်လွယ်နဲ့ သေဒဏ်ပေးခံရမှာ မဟုတ်ဘူး။ ငါတို့က ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် နေပြီး ရှေ့နေကောင်းကောင်းနဲ့ အယူခံဝင်နိုင်ရင် ပြစ်ဒဏ်က လျော့သွားမှာပဲ”

“ရှင်တို့ ရူးနေပြီ” ပန်းနုဝေက ထအော်တယ်။ “ရှင်တို့တွေ လူမဟုတ်ဘူး”

“ငါတို့လည်း မတတ်နိုင်တော့လို့ပေါ့”

ငဆွေရဲ့ စကားသံက ဆုံးကာရှိသေး ရုတ်တရက်ပဲ လူတစ်ယောက်ရဲ့ အော်ဟစ်ငိုကြွေးသံ ထွက်ပေါ်လာတယ်။ ဒေါ်သင်းလှပေါ့။ နောက်တော့ ရှင်းလင်းပြတ်သားတဲ့ ရိုက်နှက်သံတစ်ချက် ထွက်ပေါ်လာပြီး ရှိုက်သံနဲ့အတူ ငိုယိုသံက ရပ်တန့်သွားတယ်။ ငဆွေရဲ့ အသံနဲ့ လားရာ မတူဘူး။ ကြည့်ရတာ ကိုထိုက်က ဒေါ်သင်းလှကို ပါးတစ်ချက် ရိုက်လိုက်တာ ဖြစ်မယ်။

“မဆူနဲ့။ ကိုထိုက်ကို စိတ်ဆိုးအောင် သွားမလုပ်ရင် ကောင်းမယ်” ငဆွေက ပြောတယ်။

လွန်းဆက်မောင်အနေနဲ့ နည်းလမ်းတစ်ခု အလျင်အမြန် ရှာဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်တယ်။ ကိုထိုက်က သူထင်ထားတာထက် ပိုပြီး ရက်စက်ကြမ်းကြုတ်နေတယ်။ အားလုံးကို သတ်ပစ်မယ် ဆိုတဲ့ နည်းလမ်းကို သူ စဉ်းစားမိတာပဲ ဖြစ်ရမယ်။

“မင်းတို့က ငါတို့ကို ဘယ်လို သတ်မယ် စိတ်ကူးထားလဲ” မင်းအာကာက မေးတယ်။

ငဆွေက ချက်ချင်း မဖြေဘူး။ တိုးတိုးတိုးတိုးနဲ့ တစ်ခုခု ပြောနေကြသလိုပဲ။ ကိုထိုက်ဆီက ညွှန်ကြားချက်ကို တောင်းခံနေတာပဲ ဖြစ်ရတော့မှာပေါ့။

“မင်းတို့ကို ပြောပြနေဖို့ မလိုပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ မင်းတို့ကို တစ်ယောက်ချင်း ရက်ရက်စက်စက် သတ်နေမှာတော့ မဟုတ်ဘူး။ မင်းတို့အားလုံးကို တစ်စုတစ်စည်းတည်း မြေမြှုပ်ပေးမယ်”

“မြေမြှုပ်မယ် …”

“ကျွဲကြီး၊ ကိုထိုက်ရဲ့ ကားထဲမှာ ဓာတ်ဆီပါတယ်။ မင်း သွားယူလိုက်”

“ဓာတ်ဆီ … မင်းတို့က မီးတိုက်ပစ်ဖို့ စိတ်ကူးထားတာလား”

မင်းအာကာရဲ့ စကားဆုံးတော့ ငဆွေက လည်ချောင်းရှင်းလိုက်တယ်။ ဆိုတော့ မင်းအာကာရဲ့ မှန်းဆချက်ကို အဖြေပေးလိုက်တဲ့ သဘောပေါ့။ ဒေါ်သင်းလှက နောက်တစ်ကြိမ် အာပြဲလျှာပြဲ အော်ငိုပြန်တယ်။

“ဦးဟန်သာ၊ ခင်ဗျားကြီးကြောင့်ပဲ။ ခင်ဗျား လျှာရှည်လို့ အခြေအနေက အခုလို ပြောင်းလဲသွားတာ။ ခင်ဗျားသာ စကားမဟဘဲ ဓားစာခံတစ်ယောက်ကို ထည့်ပေးလိုက်ရင် အခုလို ဖြစ်မှာ မဟုတ်တော့ဘူး”

စိုးဇေယျက အော်ဟစ်အပြစ်တင်တယ်။ သေဖို့ လက်တစ်လုံးပဲ လိုတော့တာဆိုတော့ သူ့မှာ ဆင်ခြင်တုံတရား ဆိုတာလည်း တစ်စက်ကလေးတောင် မကျန်တော့ဘူး။ သူကိုယ်တိုင်က ဓားစာခံဖြစ်စရာ အကြောင်းမရှိဘူး ဆိုတဲ့ အသိက သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ပိုပြီး ထွန်းတောက်သွားစေခဲ့တယ်။

“ခဏနေပါဦး။ ကိုထိုက်၊ ငါ ပြောစရာ ရှိတယ်။ ငါ့အဖေ တင်ပြတဲ့ အပေးအယူကို နောက်တစ်ခါလောက် ထပ်ပြီး စဉ်းစားကြည့်စမ်းပါဦး။ မင်းတို့အတွက် အကျိုးမယုတ်ပါဘူး” မင်းအာကာက ကြိုးစားပမ်းစားနဲ့ နားချတယ်။

“အဲဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့ တိုင်ပင်ကြည့်ပြီးသွားပြီ။ ကိုထိုက် ဘယ်သူလဲ ဆိုတာကို မင်းတို့က ရိပ်မိနေမှတော့ မင်းတို့ကို အရှင်ထားလို့ မဖြစ်တော့ဘူး”

“ငါတို့က ဖွင့်ပြောလိမ့်မယ်လို့ မင်းက ထင်နေတာလား။ ငါ့အဖေက ပြောခဲ့သားပဲ။ တကယ်လို့ မင်းတို့က အလောင်းကို သယ်သွားမယ်ဆိုရင် မင်းတို့ အဖမ်းမခံရပါစေနဲ့လို့ ငါတို့က ဆုတောင် တောင်းပေးနေကြဦးမှာ။ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ အလုပ်မျိုး ငါတို့ လုပ်မှာ မဟုတ်ဘူး”

“အဲဒါ စိတ်မချရဘူး။ ကိုထိုက်က ပြောတယ်။ ငါတို့ကို ယုံကြည်စိတ်ချနိုင်စေလောက်တဲ့ အထောက်အထား မရှိဘူးတဲ့”

ပြန်ဖြေတဲ့သူက ငဆွေ။ ဒါပေမယ့် သူ့စကားထဲမှာ ပထမဆုံးအနေနဲ့ ကိုထိုက်ရဲ့ သဘောထားကို တွေ့လိုက်ရတယ်။

“အထောက်အထား မလုံလောက်ဘူး ဆိုမှတော့ မင်းတို့နဲ့ အပေးအယူ လုပ်ရတာက လောင်းကစား လုပ်ရသလို ဖြစ်သွားပြီ။ ငါတို့က အလောင်းအစား လုပ်ရတာကို ကြောက်လို့တော့ မဟုတ်ဘူး။ အရဲစွန့်ရပြီးတော့ ရလာတဲ့ အကျိုးအမြတ်က ဘာမှ ကြီးကျယ်လှတာ မဟုတ်ဘူး။ ဒီတော့ အဲဒီလို သောက်လုပ်ရှုပ်တဲ့ အပေးအယူက ရဲတိုင်မယ့် အချိန်ကို ဆွဲပေးရုံသက်သက်ပဲ ဆိုတော့ကာ တကယ်ကို တွက်ခြေမကိုက်ဘူး။ အဲဒီလို လုပ်မယ့်အစား မင်းတို့အားလုံးကို တစ်ယောက်မကျန် သတ်ပစ်လိုက်တာမှ ဇယားရှုပ် သက်သာသေးတယ်”

အဲဒီအချိန်မှာ ကျွဲကြီး ပြန်လာတဲ့ အသံကို ကြားလိုက်ရတယ်။ ဓာတ်ဆီနံ့ကလည်း အခန်းထဲ တိုးဝင်လာတယ်။

“မောသွားပြီလား” ငဆွေက ပြောတယ်။

“ကိုထိုက်၊ ဘယ်လို ဖြန်းရမလဲ”

ကျွဲကြီးက မေးတယ်။ အဲဒီလိုကိစ္စမျိုးတောင် ကိုထိုက်ဆီကနေ အမိန့်နာခံနေရတယ်။

“အင်း၊ ဒီအခန်း ပတ်ပတ်လည်ကို တစ်ပတ်ပြည့်အောင် ဖြန်းလိုက်။ ပြီးရင် ရှိသမျှ လူအားလုံးရဲ့ ကိုယ်ပေါ်ကို ရွှဲနေအောင် လောင်း။ နောက်ဆုံးကျမှ မီးတို့ပေးလိုက်”

“အဲဒါ စိတ်အချရဆုံးပဲ”

ငဆွေရဲ့ စကားဆုံးတာနဲ့ ကြမ်းပြင်ပေါ် သွန်ချလိုက်တဲ့ ရေကျသံတွေကို ကြားလာရတယ်။ တစ်ချိန်တည်းမှာပဲ အခန်းတစ်ခန်းလုံးက ဓာတ်ဆီနံ့တွေနဲ့ မွှန်ထူသွားတယ်။

“ကယ်ကြပါဦး” စိုးဇေယျက မျှော်လင့်ချက်မဲ့စွာနဲ့ အော်ဟစ်နေတယ်။

“နေပါဦး၊ နေကြပါဦး။ ကိုထိုက်၊ မင်း အနားမှာ ရှိတယ် မဟုတ်လား။ ငါ ပြောတာ နားထောင်ပါဦး” မင်းအာကာက ကမန်းကတန်း ပြောတယ်။

“အချိန်လွန်သွားပြီ။ မင်း စိတ်လျှော့လိုက်တော့”

“ဘာပဲဖြစ်ဖြစ် ငါပြောတာ နားထောင်ပါဦး။ ဘာအကျိုးမှ မရှိဘူးလို့ မင်း စောစောက ပြောခဲ့တယ် မဟုတ်လား။ ဒါပေမယ့် ငါတို့အားလုံးကို မသတ်မှ မင်းတို့အတွက် ပိုပြီး အကျိုးရှိတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့က ကူညာပေးလို့ ရသေးလို့ပဲ”

တဒင်္ဂလောက် တိတ်ဆိတ်သွားတယ်။ နောက်တော့ ငဆွေရဲ့အသံ ထွက်လာတယ်။

“ကျွဲကြီး၊ ရပ်လိုက်”

ကျွဲကြီးက ဓာတ်ဆီလောင်းနေတဲ့ အလုပ်ကို ရပ်လိုက်တယ်။ ဘာအသံမှ မကြားရပြန်တော့ဘူး။

“မင်းက ဘယ်လို ညာပေးမှာလဲ” ငဆွေက မေးတယ်။

“ဘာလိုပဲ ညာပေးရ ညာပေးရပေါ့။ ဓားပြက လူတစ်ယောက်တည်း၊ အရပ်မြင့်မြင့်နဲ့ လူငယ်လေးတစ်ယောက်လို့ ပြောရင်လည်း ရတယ်။ အသားမဲမဲနဲ့ ကုလားကြီးလို့ ပြောရင်လည်း ဖြစ်တာပဲ။ ပြောရရင် မင်းတို့အတွက် ဘယ်လို အကျိုးရှိမလဲ။ အဲဒီအတိုင်း ပြောလိုက်ရုံပဲ”

“ခဏနေဦး”

ခြေသံက ထမင်းစားခန်းဆီကို ဦးတည်သွားတယ်။ ဓားပြတွေက မင်းအာကာရဲ့ အဆိုပြုချက်ကို ဆွေးနွေးတိုင်ပင်ဖို့ ထိုက်တန်တယ်လို့ ယူဆသွားပုံ ရတယ်။

“ဒီလို ဆက်ဆံခံနေရတာတောင် ရှင်က သူတို့ကို ဖုံးကွယ်ပေးချင်သေးတာလား” ပန်းနုဝေက ပြောတယ်။ လေသံထဲမှာ အပြစ်တင်လိုမှု ဆန္ဒက လွန်ကဲနေတယ်။

“ဒါက အသက်ရှင်ဖို့ လုပ်ရတာပဲ။ ငါ့အဖေက မင်းကို စောစောတုန်းက ပြောခဲ့သေးတယ် မဟုတ်လား။ ကလေးကလားဆန်တဲ့ ထင်မြင်ချက်ကို ငါ မကြားချင်ဘူး” မင်းအာကာက အထွန့်တက်ခွင့် မပြုတဲ့လေသံနဲ့ ပြောတယ်။

မကြာဘူး။ ငဆွေတို့ ပြန်ရောက်လာတယ်။

“ငါတို့အတွက် စဉ်းစားပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ မင်းရဲ့ ကမ်းလှမ်းမှုကို ငါတို့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့ မရဘူး။ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ငါတို့က စေ့စေ့စုံစုံ သိမထားတော့ အလောင်းကို သယ်သွားရင် ကောင်းကျိုးပေးနိုင်မှာ မဟုတ်ဘူး”

“ဒါပေမယ့် မင်း ကောင်းကောင်းကြီး သိပါတယ်။ ငါတို့က ဒီလူသတ်မှုကို ဖုံးဖိထားချင်ကြတယ်လေ”

“ဟုတ်တာတော့ ဟုတ်တယ်။ ဒါပေမယ့် လူသတ်တရားခံအစစ်က ဘယ်သူလဲ ဆိုတာကို အခုထိ ယောင်ဝါးဝါး ဖြစ်နေတုန်းပဲ။ ဒီတော့ မင်းတို့ရဲ့ ချက်ကောင်းကို ကိုင်ထားနိုင်ပြီလို့ မဆိုနိုင်သေးဘူး”

မင်းအာကာခမျာ ဘာလိုမှ မချေပနိုင်ဘူး။

ငဆွေက အလျင်အမြန် ဆက်ပြောလိုက်တယ်။

“ဒါပေမယ့် … လက်သည်က ဘယ်သူလဲ ဆိုတာကို မင်းတို့ ရှာထုတ်နိုင်မယ် ဆိုရင် မင်းရဲ့ အဆိုပြုချက်က သုံးသပ်ဆင်ခြင်ကြည့်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့ကို မသတ်ပါဘူးလို့တော့ အာမမခံနိုင်ဘူး။ ရလာတဲ့ ရလဒ်ပေါ် မူတည်ပြီး ငါတို့က မီးစင်ကြည့်ကသွားနိုင်တယ်”

“ဒါပေမယ့် အခုလိုအနေအထားမျိုးနဲ့ ငါတို့က ဘယ်လို ဖော်ထုတ်ရမှာလဲ” ဦးဟန်သာက နာကျင်ခံခက်စွာ ပြောတယ်။

“မင်းတို့ကို တစ်နာရီ အချိန်ပေးမယ်။ မင်းတို့ဟာမင်းတို့ ငြင်းခုန်တာပဲဖြစ်ဖြစ်၊ ညှိနှိုင်းတာပဲဖြစ်ဖြစ်၊ လူသတ်သမားကို ရအောင် ရှာထုတ်ပေတော့။ ရှာမထုတ်နိုင်ဘူး ဆိုရင်တော့ စိတ်မကောင်းပါဘူး။ အကုန်လုံး သေဖို့သာ ပြင်ထားကြတော့။ သဘောပေါက်ပါတယ်နော်”

“နေပါဦး။ တကယ်လို့ လူသတ်တရားခံကို ရှာတွေ့ရင် ငါတို့ကို လွှတ်ပေးမှာလား”

ဒါက ဒေါ်သင်းလှရဲ့ အသံ။

“ရလဒ်ကို ကြည့်ရမှာပေါ့”

“ငါ သဘောပေါက်ပြီ။ ငါ ဝန်ခံပါတယ်။ နှင်းသူကို သတ်လိုက်သူက …. ငါပဲ”

“ဘာ …”

“အမေ၊ ဘာတွေ လျှောက်ပြောနေတာလဲ”

ဦးဟန်သာတို့ သားအဖက တစ်ချိန်တည်းနီးပါး အော်ဟစ်လိုက်မိတယ်။

“ဟုတ်တယ်။ တကယ် …. တကယ်ပဲ။ ငါ နှင်းသူကို သတ်လိုက်တာ”

ညာနေတာပဲ။ လွန်းဆက်မောင်က ချက်ချင်းပဲ ရိပ်စားမိသွားတယ်။ ဒေါ်သင်းလှက ငဆွေတို့ကို ဆုံးဖြတ်ချက် ပြောင်းသွားစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် သူ့ကိုယ်သူ တရားခံပါလို့ ညာပြောလိုက်တာပဲ။

နှင်းသူ လုပ်ကြံခံရစဉ်မှာ သူက ငဆွေနဲ့ တစ်ချိန်လုံး အတူရှိနေတာ မဟုတ်လား။ သူ တရားခံမဟုတ်မှန်း အသိဆုံးဖြစ်တဲ့ ငဆွေက ဟွန့်ကနဲ နှာမှုတ်လိုက်တယ်။

“ညာပြောတာ ဘုရားမကြိုက်ဘူးနော်၊ အဘွားကြီး”

“ဟင့်အင်း၊ ငါ ပြောတာ ယုံလိုက်စမ်းပါ။ အဲဒါ ငါ လုပ်တာပဲ”

“ဒါဆို ငါ မေးမယ်။ ဟိုဒိုင်ယာရီစာအုပ်ပေါ်ကနေ အဖြဲခံလိုက်ရတဲ့ စာရွက်က ဘယ်ရောက်သွားလဲ။ အဲဒါ ပြောပြနိုင်ရင် ခင်ဗျားက လူသတ်သမားလို့ ငါ ယုံလိုက်မယ်”

“အဲဒါ …. ငါ လွှင့်ပစ်လိုက်ပြီ။ တစ်စစီ စုတ်ဖြဲပြီး အိမ်သာထဲ ပစ်ထည့်လိုက်ပြီ”

“စာရွက်ပေါ်မှာ ဘာတွေ ရေးထားတာလဲ”

“ဟိုဟာ …. ဟို …. နှင်းသူက ယုမေကို သတ်ထားတဲ့အကြောင်း ရေးထားတာ”

“ဟုတ်လား ….. အဲဒီလိုဆိုတော့ ခင်ဗျားက လက်စားချေချင်လို့ပေါ့။ ငါ မေးပါဦးမယ်။ နှင်းသူဆိုတဲ့ မိန်းမက ခင်ဗျားရဲ့သမီးကို သတ်ပါတယ်လို့ ခင်ဗျား ဘယ်လို သိလိုက်တာလဲ”

“အဲ ……” ဒေါ်သင်းလှက ထွက်သက်ကို ခင်မျှင်းမျှင်းလေး မှုတ်ထုတ်လိုက်တယ်။ နောက်ထပ် ဘာစကားသံမှ ထွက်မလာတော့ဘူး။

“တွေ့လား” ငဆွေက ပြောတယ်။ “မဖြေနိုင်တော့ဘူး မဟုတ်လား။ ခင်ဗျားရဲ့ စိတ်အခြေအနေကို ငါ နားလည်ပေးလို့ ရတယ်။ ဒါပေမယ့် တစ်ညလုံး ငါနဲ့အတူတူ ရှိနေတဲ့ဥစ္စာ၊ ဘယ်လိုလုပ်ပြီး လူသတ်နိုင်မှာလဲ။ အဲဒီလောက်လည်း ငါက တုံးအမနေပါဘူး”

“ငါ့ကို လူသတ်သမားအဖြစ် သတ်မှတ်လိုက်ရင် ပြီးနေပြီပဲ မဟုတ်လား”

“ဒါတော့ ဘယ်ဖြစ်မလဲ။ အမှန်တရားကို ဖော်ထုတ်ရမယ်။ သဘောပေါက်လား။ ကဲ အချိန်က ၅၅ မိနစ်ပဲ ကျန်တော့တယ်”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *