မိန်းမတွေက ကော်ဖီကရားနဲ့ ပေါင်မုန့်ထောပတ်သုတ် နှစ်ပန်းကန် မ,ပြီး မီးဖိုဆောင်ထဲကနေ ထွက်လာကြတယ်။ ကော်ဖီရဲ့ မွှေးရနံ့က စားချင်စိတ်ကို နှိုးဆွလိုက်သလိုပဲ။ နှင်းသူအသတ်ခံရလို့ စိတ်ဓာတ်အကြီးအကျယ် ပျက်ပြားနေတဲ့ လွန်းဆက်မောင်က ဘာမှ စားဝင်မှာ မဟုတ်ဘူးလို့ နဂိုက သူ့ကိုယ်သူ ထင်ထားခဲ့ပေမယ့် အစားအသောက်တွေ မျက်စိရှေ့ ရောက်လာတဲ့အခါမှာ သူက ပေါင်မုန့်ထောပတ်သုတ်ကို အလိုလို လက်လှမ်းမိသွားတယ်။
“ဟေ့လူ၊ ဘာလို့ လျှောက်လှန်ကြည့်နေတာလဲ”
လွန်းဆက်မောင်ရဲ့ ဘေးနားမှာ ထိုင်နေတဲ့ စိုးဇေယျက နှုတ်ခမ်းကို ထော်ရင်း ပေါင်မုန့်ထောပတ်သုတ်ကို မကြည့်ဘဲ ငဆွေဘက်လှည့်ပြီး လှမ်းအော်ပြောနေတယ်။ လွန်းဆက်မောင် လှည့်ကြည့်လိုက်တော့ ငဆွေက အဖြူရောင်စာအုပ်တစ်အုပ်ကို လှန်လှောကြည့်နေတာ ထင်ပါရဲ့။ စောစောက ရှာတွေ့ထားတဲ့ နှင်းသူရဲ့ ဒိုင်ယာရီလေ။
“ကြည့်တော့ ဘာဖြစ်လဲ။ ဒိုင်ယာရီစာအုပ်ရဲ့ ပိုင်ရှင်က သေသွားပြီပဲ။ သတင်းတွေထဲမှာတောင် သေဆုံးသူရဲ့ ဒိုင်ယာရီကို အများသိအောင် တရားဝင် ထုတ်ပြန်သေးတာပဲ မဟုတ်လား”
“မဆိုင်တာတွေ လျှောက်ပြောမနေနဲ့။ မင်းက သူများအတွင်းရေးကို ခိုးကြည့်ချင်လို့ မဟုတ်လား”
“အတွင်းရေးကို ခိုးကြည့်မလို့ မဟုတ်ဘူးဟ။ အဲဒီမိန်းမက မသေခင်လေး ဘာရေးသွားခဲ့သလဲ ဆိုတာကို စစ်ဆေးကြည့်ချင်လို့”
ငဆွေက ဒိုင်ယာရီစာအုပ်ကို ညင်ညင်သာသာ ပုတ်လိုက်ပြီး သူ့အကြည့်က နောက်ဆုံးစာမျက်နှာပေါ်ကို နောက်တစ်ကြိမ် ကျရောက်သွားပြန်တယ်။
“ဝမ်းနည်းပါတယ်။ သူ ဘာမှ ရေးမထားဘူး။ မနေ့က သူ ဘာစာမှ မရေးဘူး”
“တစ်ချိန်လုံး စောင့်ကြည့်ခံနေရမှတော့ ဒိုင်ယာရီရေးဖို့ စိတ်ဆန္ဒလည်း မရှိတော့ဘူး နေမှာပေါ့” ဦးဟန်သာက ပြောတယ်။
“ငါ့အကြောင်းကို သူ ဘယ်လိုများ ရေးထားမှာပါလိမ့်လို့ ငါက မျှော်လင့်နေမိသေးတာ”
ငဆွေက ထိုင်ခုံအရှေ့ဆီကို ဖင်တွန်းရွှေ့ပြီး သူ့ရဲ့ ညစ်ပတ်နေတဲ့လက်နဲ့ စာအုပ်ကို တဖျပ်ဖျပ် လှန်နေတယ်။ တစ်ခါတစ်ခါ လက်ညှိုးကို တံတွေးတောင် ဆွတ်လိုက်သေးတယ်။ နှင်းသူရဲ့ ကိုယ်ရေးကိုယ်တာကို ညစ်ညမ်းအောင် လုပ်ခံလိုက်ရတဲ့အလား လွန်းဆက်မောင်ရဲ့ စိတ်ထဲမှာ ကသိကအောက် ဖြစ်နေမိတယ်။
“ဟ …”
ဒိုင်ယာရီစာအုပ်ကို လှန်လှောနေတဲ့ ငဆွေရဲ့ လက်က တုံ့ရပ်သွားတယ်။
“ဒါက ဘယ်လို ဖြစ်ရတာလဲ။ ကြားထဲမှာ စာရွက်တစ်ရွက် ပျောက်နေတယ်”
“စာရွက်တစ်ရွက် ပျောက်နေတယ် …” မင်းအာကာက မေးတယ်။ “ဘာအဓိပ္ပာယ်လဲ”
“အဖြဲခံထားရတယ်။ အဲဒီတစ်ရွက်ပဲ တစ်ရွက်လုံးလုံး ပျောက်နေတယ်”
ငဆွေက အဲဒီစာမျက်နှာကို လှန်ပြီး အားလုံးကို မြင်အောင် ထောင်ပြတယ်။ တကယ်ကို ဖြဲစုတ်ခံထားရတဲ့ လက်စလက်နကို တွေ့နေရတယ်။
“မှားရေးမိလို့ပဲ ဖြဲပစ်ထားတာများလား” ဒေါ်သင်းလှက ပြောတယ်။
“မဟုတ်ဘူး၊ ဒေါ်လေး။ အဲဒီလို မဖြစ်နိုင်ဘူး” ပန်းနုဝေက ပြောတယ်။ “မှားရေးမိရင် မင်ဖျက်ဆေးနဲ့ ပြန်ပြင်လို့ ရတယ်။ နှင်းသူက လှတပတ ဒိုင်ယာရီတစ်အုပ်ကို အခုလို လျှောက်ဖြဲမှာ မဟုတ်ဘူး။ ပြီးတော့ ဖြဲထားတာကလည်း အကြမ်းပတမ်း လုပ်ထားပုံမျိုး”
လွန်းဆက်မောင်လည်း အဲဒီလိုပဲ ခံစားရမိတယ်။
“ဒါဆို ဘာဖြစ်လို့ ဖြဲပစ်တယ် ထင်လဲ” ဦးဟန်သာက မေးတယ်။
“ဖြစ်နိုင်တာက” ပန်းနုဝေက ငဆွေ့လက်ထဲက ဒိုင်ယာရီစာအုပ်ကို စိုက်ကြည့်နေတယ်။ “အဲဒီစာမျက်နှာပေါ်မှာ လူသိမခံနိုင်တဲ့ အကြောင်းအရာ တစ်ခုခုကို ရေးထားလို့ ဖြစ်မယ်။ ဒါကြောင့် တခြားလူတွေ မတွေ့မမြင်ရအောင် သူ သေခါနီးမှာ အဲဒီစာရွက်ကို ဖြဲပစ်လိုက်တာ ဖြစ်မယ်”
“မင်း ဆိုလိုတဲ့ သဘောက သူက သေအံ့မူးမူး ဖြစ်နေတဲ့ အချိန်မှာတောင် အဲဒီလျှို့ဝှက်ချက်ကို အားကုန်သုံးပြီး ကာကွယ်သွားခဲ့တယ် ဆိုတဲ့သဘောလား”
“အဲဒီလို ဖြစ်နိုင်တာပဲ။ အထူးသဖြင့် မိန်းကလေး ဆိုရင်ပေါ့” ပန်းနုဝေက ယုံကြည်ချက်အပြည့်နဲ့ တိတိပပ ပြောတယ်။ အဲဒီစာရွက်ပေါ်မှာ ဘာရေးထားတယ် ဆိုတာကို အတိအကျ သိနေတဲ့အတိုင်းပဲ။
“ငါက မိန်းမတွေရဲ့ အတွင်းစိတ်ကို နားမလည်ပါဘူး။ ဒါပေမယ့် အဲဒီလို ဖြစ်လိမ့်မယ်လို့ မထင်ဘူး” မင်းအာကာက ပြောတယ်။ “တကယ်လို့ ခွန်အားနည်းနည်း ရှိနေသေးတယ် ဆိုရင် အရင်ဆုံး အကူအညီ အော်တောင်းမိမှာပဲ။ အဲဒီစာရွက်ကို ဖြဲပစ်တဲ့သူက သူ့ကို သတ်တဲ့ လူသတ်တရားခံပဲ ဖြစ်လိမ့်မယ်။ အဲဒီစာရွက်ပေါ်မှာ လူသတ်သမားအတွက် အကျိုးယုတ်စေနိုင်တဲ့ အကြောင်းအရာတွေ ရေးထားလို့ပဲ ဖြစ်ရမယ်”
ပန်းနုဝေက တစ်ခုခု ပြောမလို့ ဟန်ပြင်နေတုန်းမှာ ငဆွေက ဒိုင်ယာရီစာအုပ်ကို စားပွဲပေါ် မှောင်တင်ထားလိုက်ပြီး ဦးအောင် လုပြောတယ်။
“အင်း၊ သဘောပေါက်ပြီ။ ကျွဲကြီး၊ မင်း အခန်းထဲ သွားကြည့်ကြည့်စမ်း။ တကယ်လို့ အဲဒီမိန်းမကိုယ်တိုင်က ဖြဲပစ်လိုက်တာ ဆိုရင် အခန်းထဲက ထောင့်တစ်နေရာရာမှာ ရှိနေနိုင်သေးတယ်”
ကျွဲကြီးက မျက်လုံးကြီးပြူးပြီး ခေါင်းကို ပြုတ်ထွက်မတတ် ခါယမ်းနေတယ်။
“အဲဒီအခန်းထဲ ငါ သေတောင် မသွားဘူး”
ငဆွေက တစ်ချက် ဟွန့်လိုက်တယ်။
“ဘာလဲ၊ မင်းလို ကျားကိုးစီး စားမကုန်တဲ့ ဗလကြီးက အလောင်းကို ကြောက်သေးတာလား။ မင်းကို ထပြီး လည်ပင်းမညှစ်ပါဘူးကွာ”
“အဲဒါဆို မင်းသွားလေ။ ငါ ဒီမှာ သူတို့ကို စောင့်ကြည့်ပေးထားမယ်” ကျွဲကြီးက စိတ်တိုတိုနဲ့ ပြောတယ်။
ငဆွေက ဘာပြန်ဖြေရမှန်း မသိဘဲ ဘော်ဒါရဲ့ မျက်နှာကို ငေးကြည့်နေတယ်။ ကျွဲကြီးက တကယ့်ကို မသွားရဲတာ ဖြစ်မယ်။ မျက်လုံးတွေလည်း ရဲရဲနီလို့။ ဒီလောက် တောင့်တင်းသန်မာတဲ့ ယောက်ျားအရင့်အမာကြီးက အလောင်းကို ကြောက်သေးတာပဲ။ မြင်ရတဲ့ ဘေးလူအဖို့တော့ ရယ်ချင်စရာ ကောင်းနေတယ်။
“ဒါဆို ငါသွားမယ်” အဲဒီအချိန်မှာ မင်းအာကာက အခွင့်ကောင်းကို အပိုင် အသုံးချလိုက်တယ်။ “ဖြဲပစ်ထားတဲ့ အဲဒီ စာရွက်ပေါ်မှာ ဘာတွေ ရေးထားသလဲ ဆိုတာကို ငါလည်း သိချင်တယ်”
ငဆွေက သူ့ရဲ့ တောင်းဆိုချက်ကို တစ်အောင့်လောက် စဉ်းစားပြီး နောက်ဆုံးမှာ ခေါင်းကို ခါယမ်းတယ်။
“အခုလို လိုလိုချင်ချင်နဲ့ တာဝန်ယူတဲ့အတွက် ငါ ဝမ်းသာတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ မင်းကို သွားခိုင်းလို့ မဖြစ်ဘူး။ မင်းက လူသတ်သမား မဟုတ်ပါဘူးလို့ ဘယ်သူကမှ အာမမခံနိုင်ဘူး။ ဒါကြောင့် စာရွက်ကို ရှာတွေ့သွားရင်တောင် မင်းက မတွေ့ပါဘူးလို့ ဟန်ဆောင်နေနိုင်တယ်”
“မင်းတို့ကရော ဘာထူးလို့လဲ”
“ငါ လူသတ်သမား မဟုတ်ဘူး။ အဲဒီအချက်ကို ငါ အသိဆုံးပဲ” ပြောပြီး ငဆွေက ကျွဲကြီးကို စိုက်ကြည့်လိုက်တယ်။
“မင်းက အသေကောင်ကို ကြောက်တယ် ဆိုရင်တော့ အရှင်ကောင်တွေကို မင်းလက်ထဲ အပ်ထားခဲ့မယ်။ ငါ့အမြင်ကတော့ ဒီအရှင်ကောင်တွေက ပိုပြီးတော့တောင် ကြောက်ဖို့ ကောင်းသေးတယ်” ပြောပြီး သူ အပေါ်ထပ် တက်သွားတယ်။
ကျွဲကြီးက လူအားလုံးရဲ့ အရှေ့မှာ ရပ်လို့ လက်တစ်ဖက်မှာ ပေါင်မုန့်ထောပတ်သုတ်ကို ကိုင်ရင်း ကျန်လက်တစ်ဖက်က ရိုင်ဖယ်ကို ဆုပ်ကိုင်ထားတယ်။
“လူသတ်သမားက ဖြဲပစ်တာ မဟုတ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်” မြင်ကွင်းထဲကနေ ငဆွေ ပျောက်ကွယ်သွားတော့ ပန်းနုဝေက ပြောတယ်။ “အဲဒီဒိုင်ယာရီစာအုပ်ထဲမှာ လူသတ်သမားအတွက် အကျိုးယုတ်စေမယ့် စာတွေ ရေးထားတယ်ပဲ ထားပါဦး။ လူသတ်သမားက ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ နှင်းသူက သူ့ဒိုင်ယာရီစာအုပ်ကို တခြားလူကို ပြမှာ မဟုတ်ဘူးလေ”
မင်းအာကာက အရှုံးမပေးဘူး။
“သူ့မှာ ဒိုင်ယာရီရေးတတ်တဲ့ အလေ့အကျင့် ရှိတာကို လူသတ်သမားက သိထားတာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် လိုရမယ်ရ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ တကယ်ပဲ သူ ထင်ထားသလို ဖြစ်နေတယ်။ စာရွက်ပေါ်မှာ သူ့ကို ဒုက္ခရောက်စေမယ့် စာတွေ ရေးထားတာကို တွေ့သွားတာမျိုးလည်း ဖြစ်နိုင်တယ်”
“အဲဒီလိုဆိုရင်လည်း ဒိုင်ယာရီစာအုပ်ကို ကြမ်းပြင်ပေါ်မှာ ပစ်စလက်ခတ် ပစ်ထားမှာ မဟုတ်ဘူး။ အခုဟာက ဖတ်ကြည့်ပါဦးလို့ ဖိတ်ခေါ်နေသလိုပဲ”
“လူသတ်သမားက အဲဒီအချိန်မှာ စိတ်လှုပ်ရှားနေလောက်တယ်။ သူ့အထင်က အရေးပါတဲ့ စာရွက်ကို ဖြဲပစ်လိုက်ရင် ပြီးပြီ။ ကျန်တာက ဘယ်သူဖတ်ဖတ် အရေးမကြီးတော့ဘူးလို့ ယူဆချင် ယူဆထားမှာ”
နှစ်ယောက်စလုံးက ဘယ်သူ့ဘယ်သူမှ အလျှော့ပေးဖို့ အစီအစဉ် မရှိကြဘူး။
အဲဒီအချိန်မှာ ဦးဟန်သာက ကျွဲကြီးကို ပြောတယ်။
“ဘယ်စာမျက်နှာကို ဖြဲပစ်လိုက်တာလဲ။ သူ့ရဲ့ ရှေ့နောက်ရက်စွဲတွေကို ပြောပြပါလား”
ကျွဲကြီးက သူ့ရဲ့ ကြမ်းထော်တုတ်ခိုင်တဲ့ လက်ချောင်းတွေနဲ့ ဒိုင်ယာရီစာအုပ်ကို လှန်လိုက်တယ်။
“၄ လပိုင်း ၂ ရက်နေ့ဟာ ရေးပြီး နောက်တစ်မျက်နှာက အဖြဲခံထားရတယ်။ နောက်တစ်မျက်နှာရဲ့ ရက်စွဲက ၄ လပိုင်း ၅ ရက်နေ့”
“ဒါဆို လိုနေတာက ဧပြီလ ၃ ရက်နဲ့ ၄ ရက်ရဲ့ …”
မင်းအာကာတစ်ယောက် စကားမဆက်နိုင်တော့တာ သဘာဝကျတယ်။ သူ ပြောချင်တဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို လွန်းဆက်မောင် ချက်ချင်း သတိထားမိသွားတယ်။
“၃ ရက်နေ့က ယုမေ ကားမှောက်ပြီး သေဆုံးတဲ့ နေ့ပဲ” ဒေါ်သင်းလှက လှဲနေရာက ထထိုင်လိုက်တယ်။ သူ့မျက်နှာအမူအရာက အခြေအနေရဲ့ လေးနက်မှုကို ဖော်ပြနေတယ်။
အခန်းတွင်းရဲ့ အရပ်ရပ်သော အခြေအနေတွေကြောင့် ဘယ်သူကမှ စကားမစဝံ့အောင် ဖြစ်နေကြတယ်။ အဲဒီနေ့ရဲ့ နေ့စဉ်မှတ်တမ်းကို အဖြဲခံထားရတယ် ဆိုတော့ နှင်းသူ အသတ်ခံရတဲ့ ကိစ္စက ယုမေရဲ့ သေဆုံးမှုနဲ့ ပတ်သက်ဆက်နွှယ်နေတယ်လို့ မယူဆဘဲ မနေနိုင်အောင် ဖြစ်နေတော့တယ်။
အဲဒီအချိန်မှာ ငဆွေ အောက်ဆင်းလာတယ်။
“ငါ နေရာအနှံ့ ရှာခဲ့တာပဲ။ ဒါပေမယ့် ဖြဲထားတဲ့ အဲဒီစာရွက်ကို ဘယ်နားမှာမှ ရှာမတွေ့ဘူး။ ကြည့်ရတာ လူသတ်သမားက ယူသွားပြီ ထင်တယ်”
သူ အောက်ရောက်တာနဲ့ တစ်ပြိုင်နက် အောက်ထပ်ရဲ့ စိုးရိမ်ပူပန်မှု ဒီဂရီက အများကြီး မြင့်တက်သွားတာကို ချက်ချင်း သတိထားမိသွားတယ်။
“ဘာတွေ ဖြစ်နေတာလဲ” သူက ကျွဲကြီးကို တိုးတိုးလေး မေးတယ်။
ကျွဲကြီးက ရက်စွဲအကြောင်းကို သူ့ကို အထစ်ထစ် အငေါ့ငေါ့နဲ့ ပြောပြလိုက်တယ်။
“အဲဒီလိုလား။ အမှုက ပိုပိုပြီးတော့တောင် စိတ်ဝင်စားဖို့ ကောင်းလာပြီ” နှုတ်ကနေ အဲဒီလို ပြောလိုက်ပေမယ့် ငဆွေရဲ့ မျက်နှာက တဖြည်းဖြည်း တင်းမာလာတယ်။ “တကယ်လို့ ဖြဲခံလိုက်ရတဲ့ စာရွက်ကို လူသတ်သမားက ယူသွားခဲ့တာ ဆိုရင် အခု ဒီကိစ္စက ဟိုသူဌေးသမီး အသတ်ခံရတဲ့ ကိစ္စနဲ့ တစ်နည်းနည်း ပတ်သက်နေတာ သေချာသွားပြီ”
အဲဒီစာရွက်ပေါ်မှာ ဘာတွေများ ရေးထားမှာပါလိမ့်။ လွန်းဆက်မောင်က တွေးဆကြည့်တယ်။ ယုမေရဲ့ သေဆုံးမှုက ဒီလူသတ်သမားနဲ့ တစ်နည်းနည်းအားဖြင့် ပတ်သက်ဆက်စပ်နေတယ်လို့ ရေးထားတာများလား။ လူသတ်သမားက သူများ သိသွားမှာ ကြောက်လို့ နှင်းသူကို သတ်ပြီး ဒိုင်ယာရီစာရွက်ကို ဖြဲယူသွားတာများလား။
“အား … ဟုတ်တာပေါ့။ မင်းတို့ကို သတင်းကောင်းတစ်ခု ပြောပြရဦးမယ်။ စုတ်ဖြဲခံထားရတဲ့ စာရွက်ကို ရှာမတွေ့ခဲ့ပေမယ့် စိတ်ဝင်စားစရာ ပစ္စည်းတစ်ခုကို တွေ့လာခဲ့တယ်”
တစ်ချိန်လုံး ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဘယ်လက်ကို ငဆွေက စစ်တုရင်စားပွဲပေါ်မှာ ဖြန့်ပြလိုက်တယ်။ သူ့ လက်ဖဝါးထဲမှာ အဖြူရောင်စာရွက်ပိုင်းကလေးတချို့ ထွက်ပေါ်လာတယ်။
“ဒါတွေကို အခန်းထဲက အမှိုက်ပုံးထဲမှာ ရှာတွေ့ခဲ့တာ။ ဒိုင်ယာရီစာရွက်ရဲ့ စာရွက်ပိုင်းတွေလို့ နဂိုက ထင်လိုက်မိသေးတာ။ ဒါပေမယ့် စာရွက်သားကို သေချာကြည့်ကြည့်တော့ အမျိုးမတူဘူး။ ကြည့်ရတာ စာတိုရေးထားတဲ့ စာရွက်ပိုင်းမျိုးနဲ့ တူတယ်။ အပေါ်မှာ မီးရှို့ထားတဲ့ မီးကျွမ်းရာ ပါတယ်။ သဘောက လူတစ်ယောက်ယောက်က အဲဒီစာရွက်ပိုင်းကို နဂိုက မီးရှို့ပြီး ဖျောက်ဖျက်ပစ်ဖို့ ကြံစည်ထားခဲ့ပုံ ရတယ်။ ဒါပေမယ့် တစ်ဝက်ပဲ လောင်ပြီး မီးငြိမ်းသွားတယ်။ ဒါကြောင့် အစိတ်စိတ်အမြွှာမြွှာ ဖြဲပစ်ခဲ့တာ ဖြစ်မယ်။ ဟေ့ကောင် ကျွဲကြီး၊ ဒီတစ်ခါ မင်း ပညာပြရမယ့် အလှည့်ပဲ”
ငဆွေရဲ့ စကားကိုတောင် ဆုံးအောင် မစောင့်တော့ဘူး။ ကျွဲကြီးက စာရွက်ပိုင်းလေးတွေကို သူ့အရှေ့ ဆွဲယူပြီး မူလအတိုင်း ပြန်ဖြစ်အောင် တစ်ခုချင်းစီ ဆက်ကြည့်နေတယ်။
“အေးဟ၊ လူဆိုတဲ့ သတ္တဝါက ကြောက်စရာ အကောင်းဆုံးပဲ။ မင်းတို့တွေက ဘယ်လိုပဲကြည့်ကြည့်၊ သာမန်လူတွေလို့ ထင်ရပေမယ့် မင်းတို့အထဲမှာ လူသတ်သမားတစ်ယောက်က ကိုယ်ယောင်ဖျောက်နေတယ်။ ငါတို့ထက်စာရင် ပိုပြီးတော့တောင် ကြက်သီးထဖို့ ကောင်းတယ်”
ငဆွေက သားကောင်ကို ညှဉ်းဆဲနေတဲ့အလား ဓားစာခံတွေကို အပြန်ပြန် အလှန်လှန် စိုက်ကြည့်နေတယ်။ အားလုံးက မျက်လွှာချလို့။ ဒါပေမယ့် လစ်ရင် လစ်သလိုတော့ ဘေးဘီကို အကဲခတ်နေကြတယ်။ အမြင်ကပ်စရာ ကောင်းတဲ့ မွန်းကျပ်ဖွယ် ခံစားမှုက အခန်းထဲမှာ ပျံ့နှံ့နေတယ်။
ကျွဲကြီးက ပွစိပွစိ လုပ်နေတယ်။ ကြည့်ရတာ သူ့လုပ်ငန်းက အောင်မြင်ပုံ မရဘူး။
“လိုနေသေးတယ်” သူက ရှူးရှူးရှားရှား ပြောတယ်။ “လိုတာမှ အများကြီး လိုတာ။ ဘာအဓိပ္ပာယ်မှ ဖော်လို့ မရဘူး”
“ဒါတော့ မတတ်နိုင်ဘူးလေကွာ။ ကျန်တဲ့တစ်ပိုင်းက မီးလောင်သွားပြီ။ ပြာတွေ ယူလာပြီး ဆက်တောင် အဖြေရမှာ မဟုတ်ဘူး”
ငဆွေရဲ့ စကားဆုံးတော့ ကျွဲကြီးက နှုတ်ခမ်းကို အနည်းငယ် စူထုတ်လိုက်တယ်။ အဆင်မပြေဘူး ဆိုပေမယ့်လည်း သူက ရှိသမျှ စာရွက်ပိုင်းတွေကိုတော့ အောင်မြင်အောင် ဆက်စပ်နိုင်ခဲ့တယ်။ ငဆွေက သူ့အနောက်မှာ ရပ်ရင်း စာရွက်ပိုင်းကို ငုံ့ကြည့်တယ်။
“ဒါဘာလဲ။ ခဏနေ မင်းဆီ လာ …….. တံခါးလော့ကို ဖွင့်……. ဟား ဟား၊ ဒီပေါ်မှာ ရေးထားတာက ‘ငါ ခဏနေ မင်းဆီ လာခဲ့မယ်။ မင်း တံခါးလော့ကို ဖွင့်ထားလိုက်’ ပဲ ဖြစ်ရမယ်”
“နေစမ်းပါဦး” မင်းအာကာက တစ်ယောက်တည်း ရေရွတ်နေတဲ့အလား ပြောတယ်။ “ဘယ်လိုလုပ်ပြီး အဲဒီလို စာတိုက အထဲရောက်နေရတာလဲ”
“လူသတ်သမားက နှင်းသူကို ပေးထားတာများလား” နန်းမိုရ်ခက ပြောတယ်။ “နှင်းသူက စာတိုကို ရပြီးတဲ့နောက်မှာ စာရွက်ပေါ်မှာ ညွှန်ကြားထားတဲ့အတိုင်း တံခါးလော့ကို မချဘဲ ထားမယ်။ အဲဒီလို ဆိုရင်တော့ လူသတ်သမားက သူ့အခန်းထဲကို အချိန်မရွေး ဝင်သွားလို့ ရတယ်”
“လက်စသတ်တော့ ဒီလိုကိုး။ ကဲ … လယ်ပြင်မှာ ဆင်သွားသလို ကိစ္စက ရှင်းသွားပြီ။ လူသတ်သမားက အဲဒီမိန်းမရဲ့ အင်မတန်မှ ယုံကြည်စိတ်ချရတဲ့ သူပဲ။ မဟုတ်ရင် သူက တံခါးလော့မချဘဲ အဲဒီလူကို စောင့်နေမှာ မဟုတ်ဘူး။ အဲဒီအချက်က ဘာကို ရှင်းရှင်းလင်းလင်း သက်သေပြနေသလဲ ဆိုတော့ လူကို ငါတို့ သတ်တာ မဟုတ်ဘူး။ တကယ်လို့ ငါတို့က သူ့ကို အဲဒီလို စာတိုမျိုး ရေးပေးလိုက်ရင် သူက အဖက်တောင် လုပ်မှာ မဟုတ်ဘူး”
ငဆွေက စိတ်အားထက်သန်စွာနဲ့ ဓားစာခံတွေရဲ့ အရှေ့မှာ လူးလားခေါက်တုံ့ လမ်းလျှောက်နေတယ်။ ဘယ်သူကမှ သူ့ကို မချေပနိုင်ကြဘူး။ သူက တယ်လီဖုန်းဘေးနားမှာ ချထားတဲ့ မှတ်စုတိုစာအုပ်ကိုလည်း စစ်ဆေးကြည့်တယ်။
“စာရွက်သားက တထေရာတည်းပဲ။ ဒီကစက္ကူနဲ့ ယူရေးတာပဲ ဖြစ်မယ်။ ဒီမှာ ဘောပင်တစ်ချောင်းလည်း ရှိတယ်” သူက ကျေနပ်အားရစွာ ပြောတယ်။
ဘယ်သူ ဖြစ်မလဲ။ လွန်းဆက်မောင်က တခြားသူတွေကို စွေကြည့်လိုက်တယ်။ ဒီလူတွေထဲက တစ်ယောက်ယောက် လုပ်တာတော့ သေချာတယ်။
“တစ်ခုတော့ ရှိတယ် … လူသတ်သမားက ဒီလိုစာတိုတစ်စောင်ကို နှင်းသူကို ပေးလိုက်ပြီပဲ ဆိုပါတော့။ သူက ဘယ်လို ထင်သွားမလဲ”
အတန်ကြာ တွေးတောချိန်ဆပြီးတော့မှ နန်းမိုရ်ခက နောက်တစ်ကြိမ် စကားစလိုက်တယ်။
“လက်ရှိအခြေအနေအရ သူလည်း ကောင်းကောင်း သိတယ်။ တစ်ယောက်အခန်းကို တစ်ယောက် သွားဖို့ဆိုတာ အင်မတန်မှ ခက်တယ်။ အင်မတန်မှ အန္တရာယ်များတယ်။ သူက အဲဒီအချက်နဲ့ ပတ်သက်ပြီး နည်းနည်းလေးမှတောင် စိုးရိမ်ပူပန်မှု မရှိခဲ့ဘူးလား။ ငါ့အခန်းထဲကို သူက ဘာကြောင့် လာချင်ရတာလဲလို့ရော သူ တွေးဆမိရဲ့လား”
“သူက အဲဒါကို ထွက်ပြေးဖို့ အစီအစဉ်ထဲက တစ်စိတ်တစ်ဒေသ ဖြစ်မယ်လို့ မှတ်ယူထားတာလည်း ဖြစ်နိုင်တယ်” မင်းအာကာက ပြောတယ်။ “သေချာတာကတော့ အဲဒီလူက သူ အင်မတန်မှ ယုံကြည်စိတ်ချရတဲ့လူပဲ”
“ဒါပေမယ့် ဘယ်လိုအချိန်မျိုးမှာ အဲဒီစာတိုကို သူ့လက်ထဲ ရောက်အောင် ထည့်ပေးလိုက်တာလဲ” လွန်းဆက်မောင်က ပြောတယ်။ တစ်ယောက်တည်း ရေရွတ်နေသလားတောင် အောက်မေ့ရတယ်။
“ကျွန်မအထင်ကတော့ သူ့လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးစရာ မလိုဘူး” နန်းမိုရ်ခက ပြောတယ်။ “မနေ့ညက ကိုယ့်အခန်းကိုယ် ပြန်အနားယူဖို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ လူအားလုံးက တစ်ပြိုက်နက်တည်း လှုပ်ရှားကြတာပဲ။ အရင်ဦးဆုံး ဝင်တဲ့အခန်းက နှင်းသူရဲ့ အခန်း။ အဲဒီအချိန်မှာ အခွင့်ကောင်းရှာပြီး စာတိုကို ခေါင်းအုံးရဲ့ အောက်မှာ ဒါမှမဟုတ် အခြား တစ်နေရာရာမှာ ထားပေးလိုက်ရင် ရပြီ။ အဲဒီမတိုင်ခင်တုန်းက သော့ကိစ္စကို တိုင်ပင်နေကြတာ မဟုတ်လား။ အားလုံးရဲ့ စိတ်အာရုံတွေက ဟိုဟိုဒီဒီ ပြန့်နှံ့နေတယ်။ ဒီတော့ စာတိုတစ်စောင်ကို ခပ်သွက်သွက် ချရေးဖို့က အခက်အခဲ မရှိနိုင်ဘူး”
“ဟုတ်တာပေါ့”
လွန်းဆက်မောင်က ခေါင်းညိတ်လိုက်တယ်။ မနေ့ည နှင်းသူရဲ့ အခန်းဆီကို ဝင်သွားကြတုန်းက အခြေအနေကို သူက ပြန်လည်မြင်ယောင်ရင်း တခြားလူတွေကို ဝေ့ဝဲ အကဲခတ်နေမိတယ်။ မသင်္ကာစရာ ကောင်းတဲ့ လှုပ်ရှားမှုမျိုး ဘယ်သူ လုပ်ခဲ့တာ ရှိလဲ။ ကြည့်ရတာ အကုန်လုံးကလည်း အဲဒီကိစ္စကိုပဲ စဉ်းစားနေကြတာ ဖြစ်မယ်။ တခြားလူနဲ့ မျက်လုံးချင်း ဆုံမိသွားတဲ့အခါမှာတော့ သူက အနေရခက်စွာနဲ့ ခေါင်းကို ငုံ့ချလိုက်မိတယ်။
“တကယ်လို့ ကိုယ်တိုင်ပေးတာ မဟုတ်ဘူးဆိုရင် သူနဲ့ မရင်းနှီးတဲ့ သူကလည်း အဲဒီလို လုပ်လို့ ရတာပဲ” မင်းအာကာက ငဆွေကို ကြည့်ရင်း ပြောတယ်။
“ငါ မင်းကို နောက်ဆုံးအနေနဲ့ ပြောမယ်။ ငါတို့လုပ်တာ လုံးဝ မဟုတ်ဘူး”
“ငါက ပြောကြည့်တာပါ”
“အနည်းဆုံးတော့ အဲဒီစာရွက်ပိုင်းပေါ်မှာ နာမည်တော့ ပါမှာပဲ” နန်းမိုရ်ခက ပြောတယ်။ “နာမည် ရေးမထားရင် နှင်းသူက ကြောက်မှာပေါ့။ ပြီးတော့ အဲဒီနာမည်က သူ့ကို စိတ်ချလက်ချ ရှိစေနိုင်တဲ့ နာမည်ပဲ ဖြစ်ရလိမ့်မယ်”
စကားက ဆုံးခါရှိသေး၊ အကုန်လုံးက တိုင်ပင်မထားပါဘဲနဲ့ နန်းမိုရ်ခ ရှိရာဆီကို စူးရှတဲ့ မျက်လုံးတွေနဲ့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ကြပြန်တယ်။