သစ္စာဖောက် ရှိနေပြီ။
လွန်းဆက်မောင်က ဧည့်ခန်းရဲ့ ထောင့်တစ်ထောင့်မှာ ထိုင်ချလိုက်ပြီး အားလုံးရဲ့ မျက်နှာတွေကို အကဲခတ်ရင်း စိတ်ထဲမှာ တွေးတောကြည့်နေတယ်။ ဘယ်လိုအကြောင်းကြောင့် အဲဒီလို လုပ်ရတာလဲ။ ဒါကိုတော့ သူ မသိဘူး။ ဒါပေမယ့် ပြဿနာကို ရှောရှောရှူရှူနဲ့ ပြေလည်မသွားအောင် အနှောင့်အယှက် ပေးချင်တဲ့ လူတစ်ယောက်တော့ ဒီလူအုပ်ထဲမှာ ရှိနေပြီ။
နောက်တော့ လွန်းဆက်မောင်က အခွင့်ရှာပြီး တိုင်မာရဲ့ အခြေအနေကို စစ်ဆေးကြည့်တယ်။ ဦးဟန်သာ ပြောခဲ့သလိုပဲ။ တိုင်မာကို တစ်ယောက်ယောက်က ရှော့ရိုက်ထားတယ်။ အပြင်ဆိုင် မပို့ဘဲ ဘယ်လိုမှ ပြန်သုံးလို့ မရတော့ဘူး။ နာရီရပ်သွားတဲ့ အချိန်က ၆ နာရီ ၃၄ မိနစ်။
အဲဒီအချိန်တုန်းက အိမ်သာထဲ ဘယ်သူ ဝင်သွားတာလဲ။ ခက်တာက ဘယ်လိုမှ စဉ်းစားလို့ မရဘူး။
လွန်းဆက်မောင်က အဲဒီလို အသည်းအသန် တွေးနေတုန်းမှာ ကြိုးဖုန်းက ရုတ်တရက် ထမြည်လာတယ်။ စိတ်နဲ့လူမကပ်တဲ့ ဓားစာခံတွေက လျှပ်စစ်နဲ့ အတို့ခံလိုက်ရသလို တွန့်ကနဲ ဖြစ်ကုန်ကြတယ်။
တယ်လီဖုန်းက ဧည့်ခန်းနဲ့ ထမင်းစားခန်းကို ခြားထားတဲ့ စင်ပေါ်မှာ ရှိတာ။ ငဆွေက စူးရှတဲ့ မျက်လုံးနဲ့ တယ်လီဖုန်းကို စိုက်ကြည့်နေတယ်။ နောက်တော့ သေနတ်ပြောင်းနဲ့ ဒေါ်သင်းလှကို ချိန်ပြီး ပြောတယ်။
“ခင်ဗျား သွားကိုင်လိုက်။ မဆိုင်တာ လျှောက်မပြောနဲ့နော်”
ဒေါ်သင်းလှက တယ်လီဖုန်းဆီကို မလှမ်းချင့်လှမ်းချင် လှမ်းသွားပြီး အားရပါးရ သက်ပြင်းချပြီးတဲ့နောက်မှာ ဖုန်းခွက်ကို ကောက်ကိုင်လိုက်တယ်။
“ဟယ်လို၊ ကျွန်မ ဒေါ်သင်းလှပါ … အား၊ ဟုတ်ပါတယ်။ အားလုံး အဆင်ပြေကြတယ် မဟုတ်လား။ အေးအေး။ ခဏလေး ကိုင်ထားလိုက်ဦး”
သူက ဖုန်းခွက်ကို ကိုင်ထားရင်း လှည့်ပြီး သူ့ယောက်ျားကို လှမ်းကြည့်တယ်။ “ဖေကြီး၊ ဦးသောင်းထွန်းပါ။ အရေးကြီးကိစ္စ ရှိလို့တဲ့”
“ငါ့ကုမ္ပဏီက အရောင်းမန်နေဂျာပါ” ဦးဟန်သာက ငဆွေကို ရှင်းပြတယ်။
“ကောင်းပြီလေ။ ခင်ဗျား သွားကိုင်လိုက်။ ပြောစရာရှိတာ မြန်မြန်ပြော”
ဦးဟန်သာက မတ်တတ်ထရပ်ပြီး ဒေါ်သင်းလှလက်ထဲက ဖုန်းခွက်ကို လှမ်းယူတယ်။
“အေး ငါပါ။ ဘာကိစ္စလဲ …. အင်း … အဲဒီကိစ္စလား။ ခဏလေး ကိုင်ထားဦး”
သူက ငဆွေကို လှမ်းကြည့်တယ်။
“သူက အလုပ်ကိစ္စ လာမေးနေတယ်။ အိပ်ခန်းထဲမှာ ထားထားတဲ့ စာရွက်စာတမ်းကို မကြည့်ရင် သူ့ကို ဘယ်လိုမှ အဖြေပေးနိုင်မှာ မဟုတ်ဘူး”
“မနက်ဖြန်မှ ဖုန်းပြန်ဆက်လာခဲ့လို့ ခင်ဗျား သူ့ကို ပြောလိုက်”
“မဖြစ်ဘူး။ အလုပ်က အရေးကြီးနေတယ်။ အဖြေမပေးရင် သဘာဝမကျဘူးလေ”
“ခင်ဗျားက တကယ်ပဲ”
ငဆွေက နောက်လှည့်ပြီး ဘော်ဒါကို လှမ်းကြည့်တယ်။
ကျွဲကြီးက ဘီယာပုလင်းကို ဘေးမှာ ချပြီး မီးခြစ်ဘူးတွေကို တစ်ဘူးပြီးတစ်ဘူး ထိုးထည့်ကြည့်နေတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ ဒီတစ်ခါတော့ သူက စိတ်ပျက်လက်ပျက်နဲ့ ဘီယာကို မော့သောက်နေတော့တယ်။ ကြည့်ရတာ သူက ဘီယာကို အတော်ကြိုက်ပုံ ရတယ်။ မနက်မိုးလင်းကတည်းက သောက်နေလိုက်တာ ဘယ်နှပုလင်း ကုန်သွားပြီမှန်းတောင် မရေနိုင်တော့ဘူး။
“ဒါဆိုလည်း ခင်ဗျား အပေါ်ထပ်မှာ ဖုန်းဆက်ပြောပေါ့။ ကျွဲကြီး၊ မင်း သူ့ကို သေချာကြည့်ထား။ မဆိုင်တာ လျှောက်ပြောနေရင် ဖုန်းကို ဖြတ်ချပစ်လိုက်”
“အိုကေ”
ကျွဲကြီးက လက်တစ်ဖက်တည်းနဲ့ ဘီယာနှစ်ပုလင်းကို မ,ယူပြီး ဦးဟန်သာကို အပေါ်တက်ဖို့ ရိုင်ဖယ်နဲ့ လှုပ်ယမ်းပြတယ်။
အပေါ်ထပ်မှာလည်း လိုင်းပွားထားတဲ့ ဖုန်းတစ်လုံး ရှိတယ်။ ငဆွေက အောက်ထပ်ကနေ ဖုန်းကို တစ်ခဏလောက် ခိုးနားထောင်တယ်။ ဘာမှ စိတ်ဝင်စားစရာ မကောင်းတာနဲ့ ဖုန်းကို ပြန်ချထားလိုက်တယ်။ သေချာတာကတော့ ဦးဟန်သာက တစ်ဖက်လူကို လက်ရှိအခြေအနေအကြောင်း ဘာတစ်ခုမှ မပြောပြခဲ့ဘူး။
“လောကမှာ ငွေတွေ အများကြီးနဲ့ အလုပ်လုပ်နေတဲ့သူ တကယ် ရှိတာပဲ” ငဆွေက ဖုန်းချပြီးနောက်မှာ စိတ်မကောင်းစွာ ပြောတယ်။ “ငါတို့က ဟိုပိုက်ဆံလောက်ကို ရဖို့ အသက်နဲ့ရင်းပြီး လုယူခဲ့ရတယ်။ သူတို့ကတော့ မိုနိုပိုလီ ကစားနေတဲ့အတိုင်းပဲ၊ အဲဒီလောက် ငွေပမာဏကို လွယ်လွယ်နဲ့ ရော့အင့် ဆိုပြီး ပေးပစ်လိုက်ကြတယ်။ အဲဒီလို ကွာဟမှုမျိုးက ဘာကြောင့် ဖြစ်လာရတာလဲ”
သူက လွန်းဆက်မောင်ရဲ့ အရှေ့ကို လျှောက်သွားတယ်။ “မင်းက အဲဒီသူဌေးရဲ့ ဝန်ထမ်းလား”
“ဟင့်အင်း၊ မဟုတ်ဘူး။ ဒါပေမယ့် ငါ့လုပ်ငန်းမှာလည်း သူ့ရဲ့ ထောက်ပံ့မှုတွေကို ရခဲ့တယ်”
“ဪ” ပြောပြီး ငဆွေက လွန်းဆက်မောင်ကို ခြေဆုံးခေါင်းဆုံး လေ့လာကြည့်တယ်။ “နှမြောစရာကြီး။ မင်းသာ သေသွားတဲ့ သူ့သမီးနဲ့ မင်္ဂလာဆောင်ဖြစ်ရင် ရှယ်ထောသွားမှာ သေချာသလောက်ပဲ”
“အဲဒီလို မစဉ်းစားဖို့ ငါ ကြိုးစားနေတယ်”
လွန်းဆက်မောင်ရဲ့ အဖြေကို ကြားတော့ ငဆွေက အသံထွက်အောင် အော်ရယ်တယ်။
“အဲဒီလို မစဉ်းစားဘူး ပြောနေပေမယ့် စိတ်က သူ့အလိုလို သွားစဉ်းစားနေမိတာပဲ မဟုတ်လား။ ကုမ္ပဏီသူဌေးကြီးတစ်ယောက်ရဲ့ သမီးကို ယူရမှာကိုး”
ဒီလိုကောင်မျိုးက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ခံစားချက်ကို နားလည်နိုင်မှာလဲ။ လွန်းဆက်မောင်က မျက်နှာလွှဲထားလိုက်တယ်။
“ဒီမယ်၊ ငါ့ကို ပြောပြစမ်းပါဦး” ငဆွေက ပြောတယ်။ “အဲဒီသူဌေးသမီးလေး သေသွားတော့ မင်း နှမြောတသ ဖြစ်နေတာက သူ့ရဲ့အသက်ကိုလား။ ဒါမှမဟုတ် စည်းစိမ်ဥစ္စာကိုလား။”
ဒေါသအခိုးအလျှံတွေက လွန်းဆက်မောင်ရဲ့ ရင်ဝကို လှိုက်တက်လာတယ်။ ရင်ထဲမှာ အခုလို ခံပြင်းစိတ်တွေ အလုံးအခဲနဲ့ တည်ရှိနေမှန်း သိလိုက်ရတော့ သူ့ကိုယ်သူတောင် အံ့အားသင့်သွားမိတယ်။
“မင်း အဲဒီလို စကားမျိုး ထပ်ပြောရင်” သူက ခေါင်းမော့ပြီး ငဆွေကို စိုက်ကြည့်တယ်။ “မင်းကို လည်ပင်းညှစ်သတ်ပစ်မယ်။ မင်း ငါ့ကို သေနတ်နဲ့ ပစ်ချင်လည်း ပစ်တော့”
ငဆွေရဲ့ မျက်နှာမှာ တုန်လှုပ်မှုက လှစ်ကနဲ ဖြတ်ပြေးသွားတယ်။ ဒါပေမယ့် ချက်ချင်းပဲ သူက မျက်နှာကို စပ်ဖြဲဖြဲ လုပ်ထားလိုက်တယ်။ သူက နောက်ထပ်ပြီး မထိတထိ ပြောလိမ့်ဦးမယ်လို့ လွန်းဆက်မောင်က ယူဆလိုက်မိပေမယ့် သူက ဘာမှ မပြောဘဲ လှည့်ထွက်သွားတယ်။
အဲဒီအချိန်မှာ ဦးဟန်သာနဲ့ ကျွဲကြီးက အောက်ထပ်ကို ဆင်းလာတယ်။
အဲဒီနောက်တော့ အတော်ကြာတဲ့အထိ လှိုင်းလေက ငြိမ်သက်နေတယ်။ ဒါပေမယ့် နောက်နာရီဝက်အကြာမှာ အခြေအနေက ပြောင်းလဲသွားလို့ အခင်းအကျင်းကို ကြီးမားတဲ့ သက်ရောက်မှုတစ်ခု ဖြစ်ပေါ်သွားစေတယ်။
ကျွဲကြီးရဲ့ပုံက တဖြည်းဖြည်းနဲ့ မူမမှန်တော့ဘူး။ တစ်ချိန်လုံး ဘီယာသောက်နေခဲ့တဲ့ သူက တဝါးဝါးနဲ့ သန်းဝေစပြုလာတယ်။ သူက ကြိုးစားပြီး ပြူးပြဲထားပေမယ့် မျက်လုံးက စင်းသထက် စင်းလာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က အရှေ့ကို ရုတ်တရက် ငိုက်ကျသွားတဲ့ အခါမှာတော့ ငဆွေက သူ့ဘော်ဒါရဲ့ ဖြစ်အင်ကို ချက်ချင်း သတိထားမိသွားတယ်။
“ဟေ့ကောင်၊ ကျွဲကြီး၊ ဘာဖြစ်တာလဲ”
သူက အောက်ထပ်ကို အလျင်အမြန် ပြေးဆင်းလာတယ်။
ကျွဲကြီးက ခွင့်ပြုမိန့်ကို ရလိုက်တဲ့အလား ကြမ်းပြင်မှာ လှဲချလိုက်ပြီးတော့ တရှူးရှူးနဲ့ ဟောက်သံသဲ့သဲ့ ထွက်ပေါ်လာတယ်။
“ဟဲ့ကောင်၊ ထစမ်းပါဦး”
ငဆွေက ကျွဲခန္ဓာကြီးကို ကြိုးစားပမ်းစား လှုပ်နှိုးပေမယ့် သူ နိုးမလာဘူး။ ဝက်ဝံမဲကြီးတစ်ကောင်လို ကြီးမားတုတ်ခိုင်တဲ့ ခန္ဓာကိုယ်ကြီးက ကြမ်းပြင်ပေါ်မှာ တုံးလုံးလဲနေတော့တယ်။
“အရက်တွေ ဒီလောက်တောင် နင်းကန်သောက်ထားမှတော့ နည်းတောင် နည်းသေးတယ်”
မင်းအာကာက ဂရုမထားဘဲ ပြောချပစ်လိုက်တယ်။
ငဆွေက တစ်ဖက်ပြန်လှည့်လာပြီး မီးဝင်းဝင်းတောက်နေတဲ့ အကြည့်နဲ့ သူတို့အနားကို ရောက်ချလာတယ်။
“ကျွဲကြီးရဲ့ဗိုက်က ကြွက်တွင်းတစ်တွင်းလိုပဲ။ ဒီလောက်ဘီယာလေး သောက်ရုံလောက်နဲ့တော့ မှောက်သွားစရာ အကြောင်းမရှိဘူး။ သူ အခုလို အိပ်ပျော်သွားတာက မင်းတို့ သူ့ကို တစ်ခုခု တိုက်ထားလို့ပဲ ဖြစ်မယ်။ မင်းတို့ ဘီယာပုလင်းထဲ ဘာထည့်လိုက်တာလဲ”
“ငါ မသိဘူး”
ပန်းနုဝေက ခေါင်းခါတယ်။ လွန်းဆက်မောင် မှတ်မိသလောက် ဆိုရင် အဲဒီဘီယာတွေကို သူ ယူလာပေးတာ။
“ဟေ့ကောင်၊ ကျွဲကြီး။ ထစမ်းကွာ။ အခု ထစမ်းလို့ ပြောနေတယ်”
ငဆွေက ကျွဲကြီးရဲ့ ခါးကို ခြေထောက်နဲ့ တစ်ချက် တော့လိုက်တယ်။ ဒါပေမယ့် ကျွဲကြီးကတော့ ကျေနပ်ပျော်ရွှင်တဲ့ မျက်နှာပေးနဲ့ တခူးခူး ဟောက်လို့နေတယ်။
“အတော်ဟုတ်တဲ့လူတွေပဲ”
ငဆွေက လွန်းဆက်မောင်တို့ လူစုကို သေနတ်နဲ့ ချိန်ထားတယ်။
“ဒီလောက်ကလေးနဲ့ ငါ့ကို လက်မြှောက်သွားအောင် လုပ်နိုင်လိမ့်မယ် မထင်နဲ့။ မင်းတို့အားလုံးကို ညလုံးပေါက်စောင့်ရလည်း ငါ့အတွက် အေးဆေးပဲ”
စိတ်ယောက်ယက်ခတ်စွာနဲ့ လူးလာခေါက်တုံ့ လမ်းလျှောက်နေတဲ့ ငဆွေကို ကြည့်ရင်း လွန်းဆက်မောင်က တွေးနေမိတယ်။ ဘယ်သူက ကျွဲကြီးကို အိပ်ဆေးခတ်လိုက်တာလဲ။ သူ မှတ်မိနိုင်သလောက် ဆိုရင် ဘယ်သူ့မှာမှ အဲဒီလို အခွင့်အရေးမျိုး ရှိမနေဘူး။ ဒါပေမယ့် ကျွဲကြီးရဲ့ ဖြစ်အင်ကို ကြည့်ရင် အိပ်ဆေးခတ်ခံထားရမှန်း သိပ်ကို သိသာနေတယ်။
အချိန်က တတိတိနဲ့ ကုန်ဆုံးသွားတယ်။ ညဉ့်နက်လာပြီ။ ငဆွေရဲ့ စိုးရိမ်ပူပန်မှုကလည်း သိသိသာသာကြီးကို အရှိန်တက်လာတယ်။ သေချာပါတယ်။ တစ်ယောက်တည်းနဲ့ ရှိသမျှ လူအားလုံးကို စောင့်ကြည့်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
“ငါတို့ အပေးအယူလေးတစ်ခု လုပ်ကြရအောင်”
ဦးဟန်သာက အချက်ပိုင်ပိုင်ဟန်နဲ့ ပြောတယ်။
အဆီပြန်နေတဲ့ ငဆွေရဲ့ မျက်နှာက ခြောက်ခြားနေတဲ့ သူ့စိတ်ကို လှစ်ပြနေတယ်။
“ဘာအပေးအယူလဲ”
“အားလုံးကို ကိုယ့်အခန်းကိုယ် ပြန်ပြီး အနားယူခွင့် ပေးစေချင်တယ်”
ငဆွေက နှုတ်ခမ်းကို စူလိုက်တယ်။
“ခင်ဗျားကြီး အတည်ပြောနေတာလား”
“ဒါပေါ့။ မင်း ငါ့ကို ဓားစာခံအဖြစ် ချန်ထားရင် ရပြီပဲဥစ္စာ။ ငါ ဒီမှာ နေခဲ့မယ်”
“သူတို့က ကိုယ့်အခန်းထဲမှာ ပုန်းနေကြပြီး အထဲမှာ ဘာလုပ်နေကြသလဲ ဆိုတာကို ငါ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ”
“ဘာပဲလုပ်လုပ်ပေါ့။ ကယ်တော်မူကြပါဦးလို့ အော်မနေရင် ရပြီပဲ မဟုတ်လား”
“သူတို့ ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးသွားရင် ငါ ဒုက္ခရောက်သွားမှာပေါ့”
“ပြတင်းပေါက်တွေက အမြင့်ကြီးမှာ ရှိတာလေ။ ဘယ်လိုလုပ်ပြီး ခုန်ချထွက်ပြေးနိုင်မှာလဲ”
“အဲဒီလိုဆိုပေမယ့် ငါ စိတ်မချဘူး”
“ဒါပေမယ့် မင်းတစ်ယောက်တည်းနဲ့ လူအားလုံးကို စောင့်ကြည့်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အားလုံးကို ကိုယ့်အခန်းကိုယ် ပြန်နေခိုင်းလိုက်။ မင်းက ဒီကနေပြီး အခန်းတွေအကုန်လုံးရဲ့ တံခါးဝကို စောင့်ကြည့်နေလိုက်ရင် ရပြီ။ အခန်းတိုင်းမှာ အိမ်သာပါတယ်။ ဒီတော့ ဝင်လိုက်ထွက်လိုက် လုပ်နေဖို့ မလိုဘူး”
ငဆွေက ဦးဟန်သာရဲ့ အကြံပြုချက်ကို တစ်ခဏလောက် စဉ်းစားကြည့်တယ်။ သူလည်း သဘောပေါက်မှာ ပါပဲ။ ဒီအခြေအနေအတိုင်း ဆက်ပြီး နေသွားဖို့ဆိုတာ အတော်ကြီး ခက်ခဲလွန်းတယ်။
“အဲဒါမှ စိတ်မချသေးရင် ပြတင်းပေါက်တွေကို သော့ပိတ်ထားလိုက်ရင် ပြီးနေတာပဲ မဟုတ်လား” မင်းအာကာက ပြောတယ်။
ငဆွေက သူ့ကို အံ့အားသင့်စွာ ငေးကြည့်တယ်။ “သော့ပိတ်ထားရင်…”
“ပြတင်းပေါက်တိုင်းမှာ သံပန်းတွေ တပ်ထားတယ်။ သံပန်းတိုင်းမှာလည်း သော့ခတ်လို့ရအောင် အပေါက်ထည့်ထားတယ်။ ဒီတော့ အဲဒီမှာ သော့ခတ်ထားလိုက်ရင် ပြီးပြီပေါ့။ ခါတိုင်းအချိန်မှာတော့ သော့ခတ်ဖို့ မလိုလို့ ဒီအတိုင်း ပစ်ထားတာ”
မင်းအာကာပြောချင်တဲ့ အဓိပ္ပာယ်ကို ငဆွေက တွေးဆပြီးတော့ ပြောတယ်။ “အဓိက အရေးကြီးတဲ့ သော့ခလောက် မရှိရင် ဘာသွား အသုံးကျမှာလဲ”
“အဲဒါ ပြဿနာ မဟုတ်ပါဘူး။ စတိုခန်းထဲမှာ သော့ခလောက် ၅ လုံး၊ ၆ လုံးလောက် ရှိတယ်။ အသင့်ဝယ်ထားပြီး မသုံးဖြစ်သေးတဲ့ အသစ်တွေချည်းပဲ”
အဲဒီလို ဆိုပေမယ့် ဒီအကြံပြုချက်ထဲမှာ အကြံအဖန်တွေ ရှိနေနိုင်သေးတယ်လို့ ငဆွေကတော့ သံသယရှိနေတုန်းပဲ။ အသက်ရှူသံ ပြင်းပြင်းနဲ့ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဦးဟန်သာနဲ့ မင်းအာကာတို့ရဲ့ မျက်နှာတွေကို အကဲခတ်နေတယ်။
“ကောင်းပြီ” ငဆွေက ပြောတယ်။ “အဲဒီအကြံကို ငါ လက်ခံတယ်။ စတိုခန်းက ဘယ်နားမှာလဲ”
“ဂတ်စ်အိုးထားတဲ့ နေရာရဲ့ ဘေးနားမှာ” ဦးဟန်သာက ပြောတယ်။
“ကဲ၊ အားလုံး မတ်တတ်ရပ်ကြ”
သူ့ရဲ့ အမိန့်ကြောင့် အားလုံး မတ်တတ်ရပ်လိုက်ကြတယ်။
ငဆွေက လူအားလုံးကို ခေါ်ပြီး စတိုခန်းဆီကို သွားတယ်။ ပြီးတော့ မင်းအာကာကို သော့ခလောက်တွေ ရှာခိုင်းတယ်။ စုစုပေါင်း ၇ လုံး ရှိတယ်။ ပါကင်တောင် မဖောက်ရသေးတဲ့ အသစ်စက်စက်တွေချည်းပဲ။
“ပြီးရင် အပေါ်ထပ်တက်မယ်။ ခပ်ဖြည်းဖြည်းပဲ သွားကြ”
အပေါ်ထပ်ကို ရောက်တော့ နှင်းသူရဲ့ အခန်းကို အရင်ဦးဆုံး ဝင်တယ်။ အပြင်ဘက် မှန်ပြတင်းကို ပိတ်ပြီး သံပန်းတံခါးကို သော့ခတ်တယ်။ သော့ခလောက်တိုင်းမှာ ဖွင့်ဖို့ သော့သုံးချောင်းစီ ပါတယ်။ ငဆွေက သော့သုံးချောင်းစလုံးကို သူ့အိတ်ကပ်ထဲ ထည့်ထားလိုက်တယ်။
“ရေချိုးပြီး ကောင်းကောင်း အနားယူလိုက်တော့”
နှင်းသူကို အခန်းမှာ ထားခဲ့ပြီး တံခါးပိတ်တဲ့အချိန်မှာ ငဆွေဆီက မကြားရတာ ကြာပြီဖြစ်တဲ့ တည်ငြိမ်အေးဆေးတဲ့ လေသံနဲ့ စကားသံ ထွက်ပေါ်လာတယ်။ စောင့်ကြည့်ခံရနေတဲ့ ဒုက္ခကနေ ယာယီအားဖြင့် ကင်းလွတ်ခွင့် ရသွားလို့ ထင်ပါရဲ့။ နှင်းသူရဲ့ မျက်နှာပေါ်မှာ အေးချမ်းသွားတဲ့ အရိပ်အယောင်ကို တွေ့မြင်လိုက်ရတယ်။ လွန်းဆက်မောင်နဲ့ မျက်လုံးချင်း ဆုံမိတဲ့အခါမှာတော့ သူ့ရဲ့ မျက်တောင်ကော့ကြီးတွေကို ပိတ်ချပြီး ခေါင်းဆတ်ပြတယ်။
ပန်းနုဝေနဲ့ နန်းမိုရ်ခတို့လည်း အလှည့်ကျ အခန်းထဲ ဝင်သွားကြတယ်။ နောက်အလှည့်ကျတဲ့သူကတော့ ဒေါ်သင်းလှပဲ။ ငဆွေက ဦးဟန်သာကို ပြောတယ်။
“ခင်ဗျားကြီး အခန်းထဲ ဝင်တော့။ ခင်ဗျားရဲ့ မိန်းမကို ငါနဲ့အတူ ဧည့်ခန်းထဲမှာပဲ ခေါ်ထားမယ်”
“ငါ့မိန်းမက ကျန်းမာရေး ကောင်းတာ မဟုတ်ဘူး။ မင်း ဓားစာခံတစ်ယောက် လိုချင်သပဆိုရင် ငါ နေပေးမယ်”
“မြင်ရုံနဲ့ အားအင်အပြည့် ရှိနေမှန်း သိသာနေတဲ့ ခင်ဗျားလို လူတစ်ယောက်ကို ငါက ဓားစာခံအဖြစ်နဲ့ အနားမှာ ထားထားတတ်တဲ့ လူရိုးကြီးတစ်ယောက်လို့ ခင်ဗျားက ထင်နေတာလား။ အချည့်နဲ့ဆုံးလူကို ကုပ်ထားနိုင်ရင် ခင်ဗျားတို့တွေလည်း ဘယ်သူမှ ကလန်ကဆန် လုပ်ရဲကြမှာ မဟုတ်တော့ဘူး။ အဲဒီလို မဟုတ်ဘူးလား”
သူပြောတာလည်း ဟုတ်နေတာပဲ။ ဦးဟန်သာက စိတ်ပျက်လက်ပျက်နဲ့ နှုတ်ပိတ်နေရတယ်။
“ကိစ္စမရှိဘူး၊ ဖေကြီး။ ငါ နေကောင်းပါတယ်” ဒေါ်သင်းလှက ကြိုးစားပမ်းစား ပြုံးပြရှာတယ်။
“မေကြီး …”
“ကဲကဲ၊ ခင်ဗျားမိန်းမတောင် သဘောတူနေပြီပဲ ဥစ္စာ။ ခင်ဗျား အထဲဝင်တော့။ အား၊ ဟုတ်သားပဲ”
ငဆွေက အခန်းတွင်းကို လက်ညှိုးထိုးပြတယ်။
“ဒီအခန်းထဲမှာ တယ်လီဖုန်းရှိတယ်။ ငါ့ကို ဖြုတ်ပေး”
ဦးဟန်သာက သက်ပြင်းချပြီး သူ ခိုင်းတဲ့အတိုင်း လုပ်ပေးလိုက်တယ်။
“အောက်ထပ်ဖုန်းက အလုပ်လုပ်နေသေးတာပဲ။ အရေးပေါ်ကိစ္စရှိလို့ ဖုန်းခေါ်လာရင် ခင်ဗျားကို ခေါ်ပေးမှာပေါ့။ တကယ်လို့ ဖုန်းမကိုင်ဘဲ ပစ်ထားပြန်ရင်လည်း တစ်ဖက်လူက သံသယ ဝင်သွားနိုင်တယ်”
နောက်တော့ စိုးဇေယျနဲ့ မင်းအာကာတို့က အခန်းထဲ ဝင်သွားကြတယ်။ နောက်ဆုံးအလှည့်ကျသူကတော့ လွန်းဆက်မောင်။
“နားလိုက်တော့နော်၊ ဆက်မောင်”
ဓားစာခံအဖြစ် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့တဲ့ ဒေါ်သင်းလှက လွန်းဆက်မောင်ကို ကြင်ကြင်နာနာ ပြောတယ်။
“ဒေါ်ဒေါ် မချမ်းဘူးလား” သူက မေးတယ်။
“မချမ်းဘူး။ ရတယ်”
“မင်း ပူစရာ မလိုပါဘူး။ သူ့ကို အအေးပတ်အောင် ငါ လုပ်ပါ့မလား”
“မျှော်လင့်ရတာပဲ”
လွန်းဆက်မောင်က ငဆွေကို တစ်ချက် စိုက်ကြည့်ပြီး ဒေါ်သင်းလှကို နှုတ်ဆက်လိုက်တယ်။
ပြတင်းပေါက်မှာ ခတ်ထားတဲ့ သော့ခလောက်က ရိုးရိုး သော့ခလောက်ပဲ ဆိုပေမယ့် ထင်မထားလောက်အောင်ကို အကြမ်းခံတယ်။ လွန်းဆက်မောင်က လက်နှစ်ဖက်နဲ့ အားရပါးရ ဘယ်လိုပဲ ဆွဲဆွဲ၊ ဘယ်လိုပဲ နှဲ့နှဲ့၊ ဘယ်လိုပဲ လှုပ်လှုပ်၊ သော့ခလောက်ကတော့ ခပ်တည်တည်ပဲ။
မကြာခင်မှာပဲ လက်လျှော့ပြီးတော့ ပြတင်းပေါက်နားကနေ ခွာလိုက်တယ်။ အဲဒီသော့ခလောက်ကို ဖွင့်လို့ ရတယ် ဆိုရင်တောင်မှ ပြတင်းပေါက်ကနေ ခုန်ချသွားဖို့ရာ မဖြစ်နိုင်သလောက်ပဲ။
လွန်းဆက်မောင်က ခုတင်ပေါ်မှာ လှဲရင်း ဒီနေ့ ဖြစ်ခဲ့သမျှ အကြောင်းစုံကို တွေးတောကြည့်တယ်။ နန်းမိုရ်ခ ရေးခြစ်ထားခဲ့တဲ့ ‘HELP’ က ဘာဖြစ်လို့ ပျောက်သွားခဲ့ရတာလဲ။ ခက်ခက်ခဲခဲ စီမံထားရတဲ့ မီးဖျက်ဖို့ အကြံအစည်ကရော ဘယ်သူ့ကြောင့် ပျက်စီးသွားခဲ့ရတာလဲ။
အဲဒီကိစ္စနှစ်ခုစလုံးကို ဓားပြတွေ လုပ်တာ မဟုတ်ဘူး။ တကယ်လို့ လက်သည်က သူတို့ဆိုရင် လှိုင်းတံပိုးတွေက ဒီထက် ပြင်းထန်လာနိုင်တယ်။
ဒါဆို ဓားစာခံတွေထဲမှာ သစ္စာဖောက် ရှိနေလို့ပေါ့။ ဒါပေမယ့် အဲဒီလို ဘာဖြစ်လို့ လုပ်ချင်ရတာလဲ။
တကယ်လို့ ဓားပြတွေက ဒီတိုက်ကြီးထဲမှာ အချိန်ကြာကြာ ရှိနေခဲ့ရင် အကျိုးတစ်စုံတစ်ရာ ရှိလာနိုင်လို့လား။
အဲဒီအကျိုးဆိုတာကရော ဘာဖြစ်နိုင်လဲ။
ဓားပြတွေ ဒီမှာ ရှိနေရင် အဓိကအားဖြင့် ဘာတွေ ပြောင်းလဲသွားနိုင်လို့လဲ။
အတွေးစက အဲဒီကို ရောက်သွားတော့ လွန်းဆက်မောင်ရဲ့ ခေါင်းထဲမှာ စိတ်ကူးတစ်ခု လင်းလက်လာတယ်။ ဓားပြတွေသာ ရှိနေမယ်ဆိုရင် ဒီတိုက်ကြီးထဲကနေ ဘယ်သူမှ ထွက်သွားလို့ မရတော့ဘူး။ သစ္စာဖောက်ရဲ့ ရည်ရွယ်ချက်က အဲဒီလောက်တင်ပဲလား။
လွန်းဆက်မောင်ရဲ့ မျက်ခုံးတွေ တဆတ်ဆတ် လှုပ်လာတယ်။ အရာတစ်ခုက အမှောင်ထဲကနေ အလင်းထဲရောက်ဖို့ ရုန်းကန်တိုးထွက်လာနေတယ်လို့ ခံစားနေရတယ်။ ဒါပေမယ့် သူ့ရဲ့ အတွေးစက အဲဒီနေရာမှာတင် ရပ်တန့်သွားတယ်။ မကြာခင်မှာပဲ အိပ်ချင်စိတ်က သူ့ကို အနိုင်ယူ ဝါးမျိုလာတယ်။ နာရီပေါင်းများစွာ စိတ်ပန်းလူပန်း နေခဲ့ရလို့ နေမှာ။ တောင့်ခံနိုင်တဲ့ စိတ်စွမ်းအားတွေလည်း သူ့မှာ များများစားစား မကျန်တော့ဘူး။
သူက အိပ်ချင်မူးတူးနဲ့ လက်ဆေးကန်နားကို လျှောက်သွားပြီး အဆီပြန်နေတဲ့ သူ့မျက်နှာကို ဆေးကြောလိုက်တယ်။ နောက်တော့ အဝတ်အစားတွေကိုတောင် လဲမနေတော့ဘဲ ခုတင်ပေါ် ပစ်လှဲချလိုက်တော့တယ်။