Show contents

(ခ)

၅ နာရီထိုးကျော်သွားတော့ ရှိသမျှ ခန်းဆီးတွေ အကုန်လုံးကို လုံးဝ ပိတ်ပိတ်ပိန်းအောင် ဆွဲချလိုက်ပြန်တယ်။ အိမ်ပြင်က အတော်လေး လင်းကျင်းနေတုန်းပဲ။ ဒါပေမယ့် အခုလို အချိန်မျိုးမှာ ခန်းဆီးလိုက်ကာတွေကို ချထားလိုက်ရင် သဘာဝမကျတာမျိုး မရှိဘူးလို့ ဓားပြတွေက ယူဆဟန်တူတယ်။

ငဆွေက မိန်းမလေးယောက်ကို ညစာသွားပြင်ဖို့ အမိန့်ပေးတယ်။

“ငါတို့ မနက်ဖြန် သွားမယ်။ ဒီတော့ နောက်ဆုံးညစာလို့ သဘောထားပြီး စေတနာပါပါလေး လုပ်ပေးကြစေချင်တယ်”

ငဆွေက ပြောင်သလို နောက်သလို ပြောနေတုန်းမှာ အိမ်ရှေ့ လူခေါ်ခေါင်းလောင်းက နောက်တစ်ကြိမ် မြည်လာပြန်တယ်။ ဒီတော့ သူ့မျက်နှာပေါ်က အပြုံးက ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတယ်။

“ဟိုငနဲတွေပဲ”

ကျွဲကြီးက လိုက်ကာအကြားကနေ အပြင်ကို ချောင်းကြည့်ပြီး မျက်မှောင်ကို ဆက်သွားအောင် ကြုတ်ပစ်လိုက်တယ်။

ငဆွေက တောက်ခေါက်တယ်။

“ပြီးမပြီးနိုင်တော့ဘူး။ ဒီတစ်ခေါက်လည်း ဘာကိစ္စ လာပြန်တာလဲ မသိဘူး”

“ဒါတော့ ဘယ်တတ်နိုင်မလဲ။ သူတို့က မင်းတို့ကို ရှာနေတာလေ။ မင်းတို့ကို မတွေ့မချင်း ကင်းလှည့်နေတာတွေ ရပ်သွားမှာ မဟုတ်ဘူး”

ကြမ်းပြင်ပေါ် လှဲနေတဲ့ မင်းအာကာက ပြောရင်း လှုပ်လီလှုပ်လဲ့နဲ့ ထထိုင်တယ်။

“ခပ်မြန်မြန် တံခါးသွားဖွင့်မှ။ နို့မဟုတ်ရင် သူတို့ မသင်္ကာဖြစ်လာလိမ့်မယ်”

ငဆွေက သူ့ကို နာမည်တပ် မခေါ်ခင်မှာပဲ​ လွန်းဆက်မောင်က မတ်တတ်ထရပ်လိုက်တယ်။ အခွင့်ရပြီလို့ သူက ကျိတ်ပြီး ပျော်နေတာ။ မြေကြီးပေါ်မှာ ရေးထားတဲ့ ‘HELP’ ကို ရဲသားတွေ မမြင်မြင်အောင် သူ တစ်ခုခု လုပ်မှ ဖြစ်မယ်။ တကယ်လို့ ဒီထက် ပိုမှောင်သွားရင် မြင်ရမှာ မဟုတ်တော့ဘူး။

“ကောင်းတယ်။ မင်းက အတော်တည်ငြိမ်တယ်။ ဒီတော့ မင်းပဲ​ ကြည့်ရှင်းလိုက်တော့။ မနက်က စည်းကမ်းအတိုင်းပဲနော်။ တံခါးကို တတ်နိုင်သလောက် ခပ်ကျဉ်းကျဉ်းပဲ ဖွင့်”

ငဆွေရဲ့ ဩဝါဒတွေကို နားထောင်ပြီးတဲ့နောက် လွန်းဆက်မောင်က တံခါးမကြီးဆီ လျှောက်သွားပြီး တံခါးကို ဖွင့်တယ်။ တံခါးကို ၂၀ မီလီမီတာလောက် ဖွင့်လိုက်တဲ့အခါမှာ လူလတ်ပိုင်း ရဲသားကြီးရဲ့ ရင်းနှီးနေပြီးသား မျက်နှာက သူ့အရှေ့မှာ ထွက်ပေါ်လာတယ်။

“ခဏခဏ အနှောင့်အယှက်ပေးသလို ဖြစ်နေလို့ တောင်းပန်ပါတယ်” ရဲသားက ဆိုတယ်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ဟိုဓားပြနှစ်ကောင်ကို အခုထိ မဖမ်းမိကြသေးဘူး။ ဒါကြောင့် ဒီပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ကင်းလှည့်ကြည့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ စိတ်မရှိပါနဲ့။ ကျွန်တော် တိုက်ထဲကို ဝင်ကြည့်လို့ ရမလား”

“အထဲဝင်ကြည့်မယ် …”

“ဟုတ်ကဲ့။ ကျွန်တော်တို့လည်း တာဝန်အရပါ”

“ခဏစောင့်ဦးနော်” ပြောပြီး လွန်းဆက်မောင်က တံခါးကို ပြန်ပိတ်လိုက်တယ်။

အနောက်ဘက်မှာ ရှိနေတဲ့ ငဆွေက မျက်စိမျက်နှာ ပျက်နေပြီ။ “သူ ဘာပြောတာလဲ”

“ဘာဆက်လုပ်ရမလဲ” လွန်းဆက်မောင်က အီးမှန်ထားတဲ့ သူ့ရဲ့မျက်နှာကို ကိုယ်နဲ့ မဆိုင်သလို စိုက်ကြည့်နေတယ်။

ငဆွေက လွန်းဆက်မောင်ကို ဧည့်ခန်းဆီ ခေါ်သွားပြီး ဖြစ်ကြောင်းကုန်စင်ကို နောက်တစ်ကြိမ် ခပ်သုတ်သုတ်လေး ရှင်းပြလိုက်တယ်။ ကျွဲကြီးရဲ့ မျက်နှာက တစ်မုဟုတ်ချင်း သွေးဆုတ်ပြီး မသာမျက်နှာလို ဖြူဆွတ်သွားတယ်။ အဲ … အကျဉ်းကျနေကြတဲ့ ဓားစာခံတွေ၊ အထူးသဖြင့် မိန်းမတွေရဲ့ မျက်နှာတွေက မျှော်လင့်ချက်ကြောင့် လန်းရွှင်လာကြတယ်။

“ကျွဲကြီး၊ ရှိသမျှ မိန်းမတွေ အကုန်လုံးနဲ့ ဒီကောင်ကို အပေါ်ထပ်က တစ်ခန်းခန်းထဲကို ခေါ်သွား။ ပြီးရင် အထဲကနေ တံခါးကို လော့ချထားလိုက်”

‘ဒီကောင်’ ဆိုတာက စိုးဇေယျကို ပြောတာ။ အဲဒါကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲလို့ လွန်းဆက်မောင်ကလည်း ယူဆမိတယ်။ တကယ်လို့ ရဲသားကြီးက စိုးဇေယျရဲ့ မျက်ခွက်ကြီးကို တွေ့သွားခဲ့ရင် ဒီတိုက်ကြီးက မူမမှန်ဘူး ဆိုတာကို ချက်ချင်းပဲ​ ရိပ်မိသွားနိုင်တယ်။

ငဆွေက ဦးဟန်သာနဲ့ မင်းအာကာတို့ကို သေနတ်နဲ့ ချိန်ထားလိုက်တယ်။

“ကဲ၊ မင်းတို့နှစ်ယောက်လည်း ဒီဘက်ကို လာခဲ့။ ခင်ဗျားကြီးမိန်းမရဲ့ အသက်ကို တန်ဖိုးထားတယ် ဆိုရင် လိမ်လိမ်မာမာနဲ့ စကားနားထောင်ပါ”

လွန်းဆက်မောင်က တံခါးမကြီးဆီကို ပြန်သွားပြီး တံခါးကို ဖွင့်ပေးလိုက်တယ်။ အနောက်မှာ ဦးဟန်သာ၊ မင်းအာကာနဲ့ ငဆွေတို့ ကပ်ပါလာတယ်။ “အထဲကြွပါ” လွန်းဆက်မောင်က ပြောတယ်။

ရဲသားကြီးက ဦးထုပ်ကို ပွတ်ရင်း ခေါင်းဆတ်ပြတယ်။ ယောက်ျားကြီးလေးယောက်က အတူတကွ တံခါးလာဖွင့်ပေးတာကို သူက နည်းနည်းလေးမှ သံသယဝင်ပုံ မရဘူး။

ရဲသားကြီးက ဧည့်ခန်းကို ရောက်တော့ အထဲမှာ ဘယ်သူမှ ရှိမနေတာကို အံ့ဩသွားတယ်။

“ဒီမှာ ခင်ဗျားတို့ချည်းပဲ နေနေကြတာလား”

သူက အရှေ့မှာ ရှိနေကြတဲ့ ယောက်ျားလေးယောက်ကို ဝေ့ကြည့်ရင်း မေးတယ်။

“မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဇနီးတွေလည်း ရှိတယ်။ အခု သူတို့အခန်းထဲမှာ နားနေကြတယ်”

လွန်းဆက်မောင်ရဲ့ အနောက်မှာ ရပ်နေတဲ့ ငဆွေက ပြောတယ်။ သူ့ရဲ့ လေသံက စောစောကနဲ့ ဘာမှမဆိုင်တော့ဘူး။ လူသစ်တစ်ယောက် ပြောင်းသွားသလိုပဲ။

“ဪ၊ ဟုတ်လား”

ရဲသားက ဧည့်ခန်းနဲ့ ထမင်းစားခန်းကို ပတ်ကြည့်ပြီးနောက် ဦးဟန်သာကို မေးတယ်။

“ဦးက ဒီတိုက်ရဲ့ ပိုင်ရှင်ထင်တယ်”

“ဟုတ်ပါတယ်”

“ဒါဆို ကျန်တဲ့လူတွေက ….”

“ဒါက ဦးရဲ့သား မင်းအာကာပါ။ ဒါက ဦးသမီးရဲ့ ချစ်သူ၊ လွန်းဆက်မောင်။ ဒီတစ်ယောက်ကတော့ ….”

“ကျွန်တော်က ဦးဟန်သာရဲ့ ဝန်ထမ်း ဆွေငြိမ်းပါခင်ဗျာ” ငဆွေက တလေးတစားနဲ့ သွားတောင် ဖြဲပြလိုက်သေးတယ်။

“ဪ၊ မိသားစုတွေ့ဆုံပွဲပေါ့။ အားကျစရာကြီးပါဗျာ”

ဘာတွေ ဖြစ်နေမှန်း မသိရှာတဲ့ ရဲသားက ဓားပြကို ရင်းရင်းနှီးနှီး ပြုံးပြနေတယ်။ ပြီးတော့ လှေကားနား လျှောက်သွားပြီး ပြောတယ်။

“အပေါ်ထပ်က အခန်းတွေကိုရော ကျွန်တော်ကို ကြည့်ခွင့်ပြုပါ”

“ကိစ္စ မရှိပါဘူး။ ဒါပေမယ့် …” ဦးဟန်သာက လျှာနဲ့ နှုတ်ခမ်းကို သပ်လိုက်တယ်။ “ဘာမှတော့ မထူးခြားပါဘူး။ မိန်းကလေးတွေ အိပ်နေကြမလားလို့ ….”

“ခဏ ကြည့်ကြည့်ရုံတင်”

ရဲသားကြီးက အပေါ်ထပ်ကို တက်သွားပြီး လှေကားထိပ်က အခန်းတံခါးကို ခေါက်ကြည့်တယ်။

“အဲဒါက ကျွန်တော့်ရဲ့ အခန်းပါ။ အထဲမှာ လူမရှိဘူး” မင်းအာကာက ပြောတယ်။

ရဲသားကြီးက အခန်းတံခါးကို ဖွင့်ကြည့်ပြီး အခန်းထဲကို ဝေ့ကြည့်တယ်။

“အင်း၊ ဟုတ်တာပဲ”

နောက်တော့ ရဲသားကြီးက ဝရန်တာအတိုင်း ဘယ်ဘက်ကို လျှောက်သွားတယ်။ လမ်းဆုံးမှာ ရှိတဲ့ တံခါးအရှေ့မှာ ခြေလှမ်းကို တုံ့ရပ်လိုက်တယ်။ လွန်းဆက်မောင်ရဲ့ နံဘေးမှာ ရှိတဲ့ ငဆွေက သေနတ်ရဲ့ မောင်းကို တိတ်တဆိတ် ဖိတင်လိုက်တယ်။ ကြည့်ရတာ အခြေအနေမကောင်းရင် ရှင်းပစ်ဖို့ သူ တကယ်ပဲ ဆုံးဖြတ်ထားပြီ နေမှာ။

ရဲသားကြီးက တံခါးကို ခေါက်ကြည့်တယ်။ လွန်းဆက်မောင်က တံတွေး မျိုချလိုက်ပေမယ့် ပါးစပ်ထဲမှာက ခြောက်ကပ်နေပြီ။

အခန်းထဲကနေ ဘာတုံ့ပြန်သံမှ ထွက်ပေါ်မလာဘူး။ ရဲသားကြီးက နောက်တစ်ကြိမ် ထပ်ခေါက်ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ တံခါးပွင့်လာတယ်။ နန်းမိုရ်ခက ကျက်သရေရှိတဲ့ မျက်နှာကို အပြင်ဘက် ပြူထုတ်လိုက်တယ်။ သူက ရဲသားကို မြင်တော့ သိသိသာသာ ထိတ်လန့်သွားဟန် ပြုတယ်။

“ဘာတွေ ဖြစ်နေတာလဲ”

“ဘာမှ မဖြစ်ပါဘူး။ …. ကျွန်တော်က ဒီနားပတ်ဝန်းကျင်ကို ကင်းလှည့်နေတာပါ” ရဲသားကလည်း ပျာပျာသလဲနဲ့ အထစ်ထစ် အငေါ့ငေါ့ ရှင်းပြရှာတယ်။ “အခန်းထဲမှာ ခင်ဗျားတစ်ယောက်တည်း ရှိတာလား”

“မဟုတ်ဘူး။ တခြားလူတွေလည်း ရှိတယ်”

“အခန်းထဲကို ခဏလောက် ကြည့်ကြည့်လို့ ရမလား” ရဲသားကြီးက ပြောတယ်။

ငဆွေက လှေကားဘက်ကို တစ်လှမ်း တိုးရွှေ့လိုက်တယ်။ ရင်ဘတ်အရှေ့မှာ လက်နှစ်ဖက်ကို ခပ်တင်းတင်း ပိုက်လို့။ သေနတ်ကို သူ့ချိုင်းကြားထဲမှာ ထိုးဖွက်ထားတယ်။

“အခန်းထဲကိုလား” နန်းမိုရ်ခက တခစ်ခစ် ရယ်တယ်။ “ရတာတော့ ရပါတယ်။ ဒါပေမယ့် ကျွန်မတို့က မနက်ဖြန်ကျရင် ဘယ်ရေကူးဝတ်စုံ ဝတ်ရမလဲလို့ တိုင်ပင်နေကြတာ။ ဘယ်သူမှ အပေါ်အင်္ကျီ ဝတ်ထားကြတာ မဟုတ်ဘူး”

“ဗျာ …” ရဲသားကြီးက ခြေတစ်လှမ်း နောက်ဆုတ်သွားတယ်။

“မဖြစ်မနေ စစ်ဆေးကြည့်ချင်သပ ဆိုရင်လည်း အထဲကို ကြွပါ”

“တော် … တော် … တော်ပါပြီ။ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး”

အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားတဲ့ ရဲသားကြီးကို ကြည့်ပြီး တတ်လည်း တတ်နိုင်တဲ့ နန်းမိုရ်ခပါလားလို့ လွန်းဆက်မောင်က ကျိတ်ပြီး ချီးကျူးနေမိတယ်။

ရဲသားကြီးက မျက်နှာနီရဲပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ လွန်းဆက်မောင်တို့ကို ရှက်ပြုံးပြုံးရင်း ပြောတယ်။

“မလွယ်ကြောပါလား။ ဒီခေတ်မိန်းကလေးတွေက အတော်ကို အတင့်ရဲလာကြတာပဲဗျ”

“ဝင်ခွင့်ပေးမှတော့ ဝင်ကြည့်လိုက်ရောပေါ့ဗျာ။ အရှုံးမရှိပါဘူး။ ဟဲ … ဟဲ”

ငဆွေက သေနတ်ကို ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်ပြီး ပြောတယ်။

“မဖြစ်ပါဘူးဗျာ။ ကျွန်တော် မူးမေ့သွားလိမ့်မယ်”

ထုံထိုင်းတဲ့ ရဲသားနဲ့ ဓားပြက ရယ်ရယ်မောမောနဲ့ တံခါးမကြီးဆီကို လျှောက်သွားကြတယ်။ လွန်းဆက်မောင်က သူ့နောက်ကို ပြေးလိုက်သွားတယ်။ အရေးကြီးဆုံး ကိစ္စကို သူ မလုပ်ရသေးဘူးလေ။

“ခဏခဏ လာနှောင့်ယှက်နေမိတဲ့အတွက် တောင်းပန်ပါတယ်။ ခင်ဗျားကို ထပ်ပြီးလည်း ဒုက္ခပေးမှာ မဟုတ်တော့ပါဘူး။ ညဉ့်နက်လာရင် အန္တရာယ်ရှိနိုင်လို့ ပြတင်းတံခါးတွေကို လုံလုံခြုံခြုံ ပိတ်ထားပေးကြပါ”

ရဲသားကြီးက တံခါးဖွင့်ပြီး အပြင်ကို ထွက်သွားတယ်။

အခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး။ လွန်းဆက်မောင်က တံခါးလက်ကိုင်ကို ကူဆွဲပေးချင်ယောင် ဆောင်ပြီး ကိုယ်တစ်ပိုင်းကို တံခါးအပြင်ဘက် ပြူထုတ်လိုက်တယ်။ ငဆွေ သတိမထားမိအောင် HELP လို့ ရေးထားတဲ့ မြေပြင်ကို သူက တိတ်တိတ်ကလေး ညွှန်ပြလိုက်ချင်တယ်လေ။

သို့ပေမယ့် မြေပြင်ပေါ်မှာ ဘာစာမှ မရှိတော့ဘူး။

အရင်က အမှန်တကယ် တည်ရှိနေခဲ့တဲ့ စာလုံးတွေက လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ။ အဲဒီမြေနေရာက ရေတွေနဲ့ စိုရွှဲလို့။

“ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး”

မျက်စိမျက်နှာ မကောင်းတဲ့ လွန်းဆက်မောင်ကို ရဲသားကြီးက သတိမထားမိဘူး။ လက်ပြပြီး ချာကနဲ လှည့်ထွက်သွားတော့တယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *