Show contents

ခြေဆင်း

“အဲဒါ ယုရဲ့ ငယ်ငယ်ကတည်းက ရှိခဲ့တဲ့ စိတ်ကူးအိပ်မက်ပဲ”

ယုမေက ပြောတယ်။ အဲဒီစကားကို ပြောလိုက်တဲ့အချိန်မှာ သူ့ရဲ့ မျက်လုံးတွေက ပုံမှန်အချိန်ထက် ပိုပြီး ရွှန်းစိုတောက်ပနေတယ်။

“မောင် ဘာမှ ပြောစရာ မရှိပါဘူး။ ယု သဘောကျရင် ပြီးတာပါပဲ”

ဒီတစ်ကြိမ်မှာ လွန်းဆက်မောင်က ဘယ်လိုမှ ကန့်ကွက်ပြောဆိုတာမျိုး မလုပ်တော့ဘူး။ ယုမေက လက်နှစ်ဖက်ကို ရင်ခွင်ရှေ့မှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ဝမ်းမြောက်စွာ ပြောလိုက်တယ်။

“ကောင်းလိုက်တာ”

အကြောင်းအရာက မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ ကိစ္စ။

နှစ်ဖက်မိဘတွေက သူတို့နှစ်ယောက်ရဲ့ မင်္ဂလာကိစ္စကို သဘောတူထားပြီး ဖြစ်လို့ အသေးစိတ် အစီအစဉ်တွေကို တိုင်ပင်ညှိနှိုင်းပြီး ဆက်လုပ်ကြဖို့ လူငယ်တွေကိုပဲ လွှဲအပ်ထားခဲ့ကြတယ်။

နောက်နှစ် ဆောင်းတွင်းက မဆိုးဘူး။ အဲဒါက ယုမေမိဘတွေရဲ့ အကြံပြုချက်ပေါ့။ လွန်းဆက်မောင်ရဲ့ စိတ်ကူးကလည်း ထိုနည်းလည်းကောင်းပဲ။ တစ်နှစ်လောက် ပြင်ဆင်ချိန်ရရင် ကောင်းကောင်းမွန်မွန် စီစဉ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြတယ်။ ဒါပေမယ့် ယုမေက မတူတဲ့ သဘောထားကို တင်ပြလာတယ်။

“ဒီနေ့ဒီအချိန်ကို ရောက်ဖို့ ယု စောင့်နေခဲ့ရတာ ကြာလှပြီလေ”

ယုမေက ဒီဝါမဝင်ခင် မင်္ဂလာပွဲကို ကျင်းပလိုက်ချင်တယ်။ ဝါကျွတ်တဲ့အထိ စောင့်မနေချင်တော့ဘူး။

လွန်းဆက်မောင်အနေနဲ့ အဲဒီတောင်းဆိုချက်ကို ငြင်းဆန်ဖို့ အကြောင်းပြချက် မရှိဘူး။ သို့ပေမယ့် သူက လက်တွေ့ကျတဲ့ ပြဿနာတစ်ရပ်ကို တင်ပြလိုက်တယ်။

“တစ်ခုပဲရှိတယ်၊ ယု။ မောင်တို့ မင်္ဂလာပွဲအတွက် အခုချက်ချင်း ထပြီး ပြင်ဆင်မယ် ဆိုရင်တောင် မင်္ဂလာခန်းမကို စိတ်ကြိုက် ရွေးနိုင်မှာ မဟုတ်တော့ဘူး။ အခုဆို ပြင်ဆင်ချိန်က ၆ လလောက်ပဲ ရတော့မှာ မဟုတ်လား။ မောင့်သူငယ်ချင်းတွေ ပြောတာ ကြားဖူးတာတော့ မင်္ဂလာခန်းမတွေက အနည်းဆုံး တစ်နှစ်လောက် ကြိုပြီး ဘိုကင်ယူထားရတယ်တဲ့”

“အဲဒါက ရှယ်ခန်းမကြီးတွေ၊ ရှယ်ဟိုတယ်ကြီးတွေမှာ လုပ်လို့ပေါ့၊ မောင်ရယ်” ယုမေက ပြောတယ်။

“တော်ရုံခန်းမတွေလည်း ဒီအတိုင်းပါပဲကွာ။ နောက်ပြီး လူလူသူသူ ခန်းမမျိုးမှာ မင်္ဂလာပွဲကို မကျင်းပရင် ကြွရောက်မယ့် ဧည့်သည်တွေကို စော်ကားသလို ဖြစ်နေမှာပေါ့။ မောင့်မိဘတွေကို အသာထားပါဦး။ ယုအဖေလို မြို့မျက်နှာဖုံးတစ်ယောက်ရဲ့ ဂုဏ်ဒြပ်ကိုတော့ ထည့်စဉ်းစားဦးမှ ဖြစ်မှာပေါ့”

“အဲဒီဂုဏ်ဒြပ် ဆိုတာတွေကို ယု အမုန်းဆုံးပဲ”

ပြောပြီး ယုမေက ကလေးတစ်ယောက်လို မဲ့ရွဲ့ပြပြီး ပြုံးစိစိ လုပ်နေတယ်။ ဒီ့နောက် ခေါင်းကိုမော့၊ လွန်းဆက်မောင်ကို စိုက်ကြည့်ပြီး ပြောတယ်။

“မောင့်ကို တဲ့ပဲ ပြောလိုက်တော့မယ်။ ယု စိတ်ကူးနဲ့ ရွေးထားတဲ့ နေရာတစ်နေရာ ရှိတယ်”

“ယုကလဲကွာ၊ စောစောပြောရောပေါ့” လွန်းဆက်မောင်က ငါးခူပြုံး ပြုံးတယ်။

ယုမေက သူ့ဖခင်ရဲ့ နွေစံအိမ်ကြီးနံဘေးမှာ မင်္ဂလာပွဲကို ကျင်းပချင်တယ်။ အဲဒီနေရာမှာက ရောင်စုံပန်းမန်တွေ စုံစုံလင်လင်နဲ့ ဖူးပွင့်ဝေဆာနေတဲ့ ပန်းဥယျာဉ်လေးတစ်ခု ပါရှိတဲ့ ချာ့ချ်ကျောင်းကလေး ရှိတယ်။

“ငယ်ငယ်တုန်းက အဲဒီမှာ မင်္ဂလာစုံတွဲတစ်တွဲ မင်္ဂလာဆောင်တာကို တွေ့ခဲ့ဖူးတယ်။ အဲဒီနေရာလေးက ခမ်းနားထည်ဝါတယ်လို့ မဆိုနိုင်ပေမယ့် ပန်းရောင်စုံတွေနဲ့၊ လိပ်ပြာတွေ၊ ပျားပိတုန်းတွေနဲ့ နတ်ဘုံနတ်နန်းလေး ကျနေတာပဲ” သူက ပြောတယ်။

သူ့ရဲ့ မင်္ဂလာဆောင်ကို အဲဒီနေရာမှာ မဖြစ်မနေ ကျင်းပမယ်လို့ သူက အဲဒီတုန်းကတည်း စိတ်ပိုင်းဖြတ်ထားခဲ့တာ။

လွန်းဆက်မောင်က သဘောတူလိုက်တယ်။ ယုမေက သူ့ရဲ့ စိတ်ကူးကမ္ဘာထဲကနေ ထွက်မြောက်လာဟန် မတူသေးဘူး။ အဲဒီဘုရားကျောင်းလေးနဲ့ လိုက်ဖက်ညီစေဖို့ ဘယ်လို သတို့သမီးဝတ်စုံကို ရွေးချယ်သင့်ကြောင်း ဋီကာချဲ့နေတော့တယ်။

သူ ပြောချင်တဲ့ စကားတွေကို အားရပါးရ ပြောပြီးသွားတဲ့နောက်မှာ သူက မျက်လွှာချလျက်နဲ့ တိုးတိုးညင်သာ ပြောလာတာက “အခုလို ကိစ္စမျိုးကို ပြောခွင့်ရတာ တကယ့်ကို အိပ်မက်မက်နေသလိုပဲ။ အဲဒီဘုရားကျောင်းမှာ မင်္ဂလာဆောင်ခွင့် ရဖို့ မပြောနဲ့။ ဒီတစ်သက်မှာ တစ်ယောက်ယောက်နဲ့ မင်္ဂလာဆောင်နိုင်လိမ့်မယ်လို့ကို ယု မျှော်လင့်ထားခဲ့တာ မဟုတ်ဘူး”

“ဘာတွေ လျှောက်ပြောနေတာလဲကွာ”

လွန်းဆက်မောင်က ပြုံးရင်း ပြောလိုက်ပေမယ့် ယုမေရဲ့ မျက်နှာကတော့ တည်ကြည်လေးနက်နေတယ်။

“ယု အတည်ပြောတာ။ နဂိုက ဒီနေ့ဒီရက်အထိတောင် အသက်ရှင်နေဖို့ စိတ်ကူးမရှိခဲ့ဘူး” သူက ဆက်ပြောတယ်။ “မောင့်ရဲ့ ကျေးဇူးကြောင့်ပေါ့”

“ဘာတွေ လျှောက်ပြောနေတာလဲကွာ”

တုံ့ပြန်စကားက စောစောကနဲ့ တထေရာတည်း တူတယ်ဆိုပေမယ့် အခုတစ်ကြိမ်မှာတော့ လွန်းဆက်မောင်က မပြုံးမရယ်နိုင်တော့ဘူး။

အရာအားလုံးက အစီအစဉ်တကျ ဖြစ်ပျက်နေကြတယ်။ ယုမေရဲ့ ငယ်ဘဝအိပ်မက်က မကြာခင်မှာ အကောင်အထည် ပေါ်လာတော့မယ်။ ချာ့ချ်ကျောင်းမှာက ကျဉ်းလွန်းနေတာကြောင့် ဧည့်သည်အများကြီးကို ဖိတ်ကြားနိုင်မှာတော့ မဟုတ်ဘူး။ ဒါကြောင့် မင်္ဂလာအခမ်းအနားကို မိဘဆွေမျိုးတွေ၊ အရင်းနှီးဆုံးသော မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်ရတယ်။ သို့ပေမယ့် မင်္ဂလာဧည့်ခံပွဲကိုတော့ မြို့ကြီးပေါ် ပြန်ရောက်တဲ့အခါမှာ သိုက်သိုက်ဝန်းဝန်း၊ ခမ်းခမ်းနားနားနဲ့ ပြန်လည် ကျင်းပရမယ်လို့ ယုမေရဲ့ ဖခင်က အကြံပြု တောင်းဆိုလိုက်တယ်။ ယုမေက များစွာ အလိုမကျ ဖြစ်နေပေမယ့်လည်း လွန်းဆက်မောင်က နားသွင်းချော့မော့လိုက်တာကြောင့် နောက်ဆုံးမှာ သဘောတူလိုက်တယ်။

မင်္ဂလာပွဲအတွက် သူတို့နှစ်ဦးက ကိုယ်စီတာဝန်တွေကို ခွဲဝေယူထားကြတယ်။ အဲဒီလို ဆိုပေမယ့်လည်း ယုမေက လွန်းဆက်မောင်လို အလုပ်အကိုင် ရှိသူ မဟုတ်တာကတစ်ကြောင်း၊ အရာရာကို မိမိစိတ်တိုင်းကျ လုပ်လိုတဲ့ ဆန္ဒရှိတာကတစ်ကြောင်း၊ စိတ်အားထက်သန် နေတာကတစ်ကြောင်း၊ အဲဒီအကြောင်းကြောင်းတွေကြောင့် နေရာတိုင်းမှာ ယုမေက ဝင်ပါနေခဲ့တယ်။ ချာ့ချ်ကျောင်းနဲ့ ပတ်သက်ပြီး အခမ်းအနားအပြင်အဆင်နဲ့တကွ ကိစ္စအားလုံးက သူ ပါမှ ပြီးရသလို ဖြစ်နေတော့တယ်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မင်္ဂလာပွဲကျင်းပဖို့ တစ်ပတ်ပဲ လိုတော့တယ်။

ကိစ္စအားလုံးက အဆင်ချောနေတယ်လို့ ဆိုရတော့မှာပဲ။ ဒီအတိုင်းပဲ မျောလိုက်သွားရင် သူတို့နှစ်ဦးက ပျော်ရွှင်ချမ်းမြေ့မှုရဲ့ အထွတ်အထိပ်ကို မကြာခင်မှာ ရောက်ရှိသွားပေတော့မယ်။

သို့ပေမယ့်ပေါ့လေ ……

အဲဒီနေ့မှာ လွန်းဆက်မောင်က အရင်လို သူ့ရုံးမှာ ရောက်ရှိနေတယ်။ သူက အရွယ်အစား မကြီးမားတဲ့ ကြော်ငြာကုမ္ပဏီလေးတစ်ခုကို ဦးဆောင်လုပ်ကိုင်နေတယ်။ အဲဒီတုန်းက စားသောက်ကုန် ကုမ္ပဏီတစ်ခုရဲ့ ထုတ်ကုန်အသစ်အတွက် ကြော်ငြာတစ်ခုကို လုပ်ဖို့ သူက အာရုံစိုက်နေရတယ်။ အချုပ်ပြောရရင် သူက အဲဒီလုပ်ငန်းနယ်ပယ်မှာ နာမည်ရလာပြီ ဖြစ်တဲ့ လူငယ်လုပ်ငန်းရှင် တစ်ယောက်ပေါ့။

အဲဒီဖုန်းကော ဝင်လာတဲ့အချိန်မှာ လွန်းဆက်မောင်က သူ့ရဲ့ ဝန်ထမ်းတွေနဲ့ ကြော်ငြာကိစ္စကို စည်းဝေးတိုင်ပင်နေတယ်။ ဖုန်းကိုင်သူက သူ့ရုံးရဲ့ ဝန်ထမ်းမလေးတစ်ယောက်။

“ကိုဆက်၊ ဖုန်းလာနေတယ်။ ဒေါ်သင်းလှ … မယုမေရဲ့ အမေဆီက”

လွန်းဆက်မောင်က ဖုန်းခွက်ကို လှမ်းယူလိုက်တယ်။ “ဟုတ်ကဲ့၊ ကျွန်တော် ဆက်မောင်ပါ”

တစ်ဖက်က တုံ့ပြန်သံကို သူ မကြားရဘူး။ တစ်ဖက်လူက အံကြိတ်ပြီး တစ်ခုခုကို မျိုသိပ်ထိန်းချုပ်ထားရဟန် တူတယ်။ တစ်ခုခု လွဲမှားနေပြီ ဆိုတာကို သူ ရိပ်စားမိသွားတယ်။

“ဟယ်လို၊ ဘာဖြစ်လို့လဲ ဒေါ်ဒေါ်” လွန်းဆက်မောင်က ကြိုးစားပြီး မေးခွန်းထုတ်လိုက်တယ်။

ယုမေရဲ့ မိခင်က ရင်ထဲကနေ ရှိရှိသမျှ အရာအာလုံးကို ဖွင့်အန်ချလိုက်ရတဲ့အလား သည်းထန်စွာ ငိုကြွေးလေတော့တယ်။ ငိုကြွေးရှိုက်ငင်သံတွေ အကြားက အခုလို ပြောတယ်။

“သား ဆက်မောင်၊ ယုမေလေ … ယုမေ ဆုံးရှာပြီ။ စောစောကလေးတင် ရဲစခန်းက ဖုန်းဆက်လာတယ်။ … သူမောင်းနေတဲ့ကားက ချောက်ထဲကို ထိုးကျ ….”

အဲဒီနောက်တော့ ငိုရှိုက်သံတွေပဲ ထွက်ပေါ်လာတော့တယ်။

လွန်းဆက်မောင်က ဖုန်းခွက်ကို ကိုင်ထားရင်း နေရာမှာတင် မလှုပ်မယှက်ဘဲ​ ကြက်သေသေနေတယ်။

အဲဒီနေ့က ယုမေက ဘုရားကျောင်းကို သွားပြီး လိုအပ်တာ ရှိမရှိ နောက်ဆုံးအနေနဲ့ စစ်ဆေးခဲ့တယ်။ အပြန်လမ်းမှာမှ အခင်းဖြစ်ပွားခဲ့တာ။ ဘုရားကျောင်းကနေ ထွက်လာပြီးတဲ့နောက် တောင်အောက်ကိုအဆင်း ဂငယ်ကွေ့တစ်ကွေ့မှာ စတီယာရင်က တစ်စုံတစ်ခု ချွတ်ယွင်းမှု ဖြစ်သွားခဲ့တာကြောင့် ကားက ချောက်ထဲကို တန်းတန်းမတ်မတ်ကြီး ထိုးကျသွားခဲ့တယ်။

လွန်းဆက်မောင်က သူ့ရဲ့ ဝန်ထမ်းတွေကို အကျိုးအကြောင်း ပြောပြပြီးနောက်မှာ ရုံးထဲကနေ ဒရောသောပါး ပြေးထွက်လာခဲ့တယ်။ ဝန်ထမ်းတွေအားလုံးလည်း မှိုင်သူက မှိုင်၊ ပါးစပ်ဟောင်းလောင်း ပွင့်သူပွင့်နဲ့ ကျန်ရစ်ခဲ့ကြတယ်။

အခင်းဖြစ်ပွားချိန်မှာ မျက်မြင်တစ်ဦး ရှိနေခဲ့တယ်။ သူ့ရဲ့ ထွက်ဆိုချက်အရ ဆိုရင် စတီယာရင် ချွတ်ယွင်းတာကြောင့် ဟုတ်ဟန် မတူဘူး။ ကာယကံရှင်က စတီယာရင်ကို လုံးလုံး အသုံးမချခဲ့ဘူးလို့ ပြောမှ ပိုမှန်ပေလိမ့်မယ်။ အဲဒီထွက်ဆိုချက်ကြောင့်ပဲ ယုမေက ပင်ပန်းနွမ်းနယ်နေလို့ မတော်တဆ ဖြစ်ပွားခဲ့ရတယ်လို့ ရဲဌာနက ကောက်ချက်ချလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့ ဖြစ်နိုင်ခြေမျိုးကို ချေဖျက်ပစ်လို့ မရနိုင်ဘူး ဆိုပေမယ့် နောက်တစ်ပတ်ထဲမှာ မင်္ဂလာဆောင်တော့မယ့် သတို့သမီးလောင်းလေး ယုမေဆီမှာ သေကြောင်းကြံစည်ဖို့ ဘယ်လို အကြောင်းပြချက်မျိုး ရှိနေမလဲ ဆိုတာကို ဘယ်သူ တစ်ဦးတစ်ယောက်မှ တွေးဆနိုင်ကြတာ မဟုတ်ဘူး။ သဘာဝကျစွာပဲ လွန်းဆက်မောင်ခမျာလည်း မတွေးတတ်ခဲ့ဘူး။

သုံးရက်မြောက်လို့ သင်္ဂြိုဟ်မယ့်နေ့ မနက်မှာ လွန်းဆက်မောင်က ယုမေရဲ့ မိဘနှစ်ပါးကို အနူးအညွတ် တောင်းပန်လိုက်တယ်။ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ ကိစ္စဝိစ္စတွေအားလုံးကို သူက ယုမေနဲ့ ပစ်ထားခဲ့လို့သာလျှင် အခုလို အကြောင်းကံ ဖန်လာခဲ့ရတာပဲလို့ သူက ယူဆထားတယ်။ ယုမေခမျာ ဝန်ပိပြီး ကိုယ်စိတ်နှစ်ပါးလုံး ပင်ပန်းနွမ်းနယ်ခဲ့လို့သာ မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့ရတာ မဟုတ်လား။ ယုမေရဲ့ ဖခင်က လွန်းဆက်မောင်ရဲ့ ပခုံးကို အသာအယာ ဆုပ်ကိုင်ပြီး မချိတင်ကဲ ပြောတယ်။ “မင်း အဲဒီလို မတွေးပါနဲ့ကွာ”

ယုမေရဲ့ မိခင်က သူ့ရဲ့ မျက်လုံးတွေကို မနားတမ်း ပွတ်သပ်နေတယ်။

စားပွဲပေါ်မှာ တင်ထားတဲ့ ယုမေရဲ့ ပြုံးရွှင်နေတဲ့ ဓာတ်ပုံကို မြင်ရတဲ့အခါမှာ လွန်းဆက်မောင်က သူ့ရဲ့ ချစ်ရသူကို ဆုံးရှုံးလိုက်ရပြီလို့ ယုံကြည်ဖို့ ခက်ခဲတုန်းပဲ ရှိနေသေးတယ်။ ညရောက်ရင် သူ့ဆီ ဖုန်းဆက်လာလိမ့်မယ်လို့ သူ ယုံကြည်နေဆဲပဲ။ ဒီရက်ပိုင်းတွေမှာ ယုမေက ညတိုင်း ဖုန်းခေါ်လာတတ်တာ မဟုတ်လား။

ယုမေရဲ့ ဓာတ်ပုံနံဘေးမှာ သူ ဝတ်ဖို့ ပြင်ဆင်ထားခဲ့တဲ့ အဖြူရောင် သတို့သမီးဝတ်စုံကို ချထားတယ်။ သူ့မိခင်ရဲ့ အစီအမံပဲ ဖြစ်ရပေလိမ့်မယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *