← ဘလော့ဂ်သို့ ပြန်ရန်

Prisoners of Geography – Tim Marshall

ကမ္ဘာ့သမိုင်း စာအုပ်တွေအကြောင်း

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ စာအုပ်သုံးအုပ်ကတော့ နိုင်ငံရေးနဲ့ စပ်ဆိုင်တဲ့ စာအုပ်တွေပဲ။ အတိအကျ ပြောရရင်တော့ ပထဝီနိုင်ငံရေး ဒါမှမဟုတ် နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေပါ။ ရေးသူကတော့ တစ်ဦးတည်းပဲ။ Tim Marshall တဲ့။ ပထဝီနိုင်ငံရေးအကြောင်း လေ့လာမယ်ဆိုရင် မဖတ်မဖြစ်တဲ့ စာအုပ်တွေပေါ့။ ပထမစာအုပ်ဖြစ်တဲ့ Prisoners of Geography ကို ၂၀၁၅ ခုနှစ်က ထုတ်ခဲ့တယ်။ ဒုတိယစာအုပ် Power of Geography ကိုတော့ ၂၀၂၁ မှာ ထုတ်ခဲ့တယ်။ တတိယစာအုပ် Future of Geography ကတော့ ထွက်တော့ မကြာသေးဘူး။ ဒီနှစ် (၂၀၂၃) မှာ ထွက်ထားတာပဲ။

နိုင်ငံတကာဆက်ဆံရေးအကြောင်း ပြောရပြီဆိုရင် Geopolitics အကြောင်းကို နားမလည်လို့ မရဘူး။ တကယ်တော့ Geopolitics ပထဝီနိုင်ငံရေး ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ မွေးရာပါ အခွင့်အရေးလို့ ပြောလို့ရသလိုပဲ မွေးရာပါ အားနည်းချက်လို့လည်း ပြောလို့ရတယ်။ လူတစ်ယောက်နဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် လူတစ်ယောက်က လူ့လောကကို ရောက်လာရင် မွေးဖွားလာရပြီဆိုရင် ဘယ်သူမှ သူ့အဖေအမေကို ရွေးချယ်ပိုင်ခွင့် မရှိဘူး။ သူ မွေးဖွားရာ မြို့၊ ဒေသ၊ ရာသီဥတုကို ရွေးချယ်ပိုင်ခွင့် မရှိဘူး။ သဘောက မွေးလာပြီ ဆိုတာနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒီအဖေအမေကို လက်ခံရမယ်၊ ဒီအဖေအမေရဲ့ ဆွေမျိုးသားချင်းကို လက်ခံရမယ်။ ဒီအဖေအမေရဲ့ နေထိုင်ရာ အရပ်ဒေသနဲ့ ရာသီဥတုကို လက်ခံရမယ်။ ကိုယ် မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်ကို လက်ခံရမယ်။ ကိုယ့်နိုင်ငံမှာ ရှိတဲ့ မင်းဆိုးမင်းညစ်တွေရဲ့ ဒဏ်ကို ခါးစီးခံရမယ်။

နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း အဲဒီအတိုင်းပဲပေါ့။ နိုင်ငံတစ်နိုင်ငံအဖြစ် မွေးဖွားလာပြီ ဆိုရင် ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် မရှိတဲ့ အိမ်နီချင်းတွေ ရှိလာတယ်။ ကိုယ်တိုင် ပြဋ္ဌာန်းပိုင်ခွင့် မရှိတဲ့ သယံဇာတနဲ့ အရင်းအမြစ် အခြေခံတွေ ရှိလာတယ်။ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့ လူမျိုးပေါင်းစုံနဲ့ လူမျိုးရေး ပဋိပက္ခတွေ ရှိလာတယ်။ အဲဒါကိုပဲ Tim Marshall က ပထဝီဝင်ရဲ့ အကျဉ်းသားလို့ ကင်ပွန်းတပ်လိုက်တယ်။ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည်ဟာ ပေါက်ဖွားလာပြီ ဆိုတာနဲ့ ပထဝီဝင်ရဲ့ အကျဉ်းသားအဖြစ် အလိုအလျောက် ကျရောက်သွားတော့တာပဲ။ ဥပမာ ပြောရရင် မြန်မာနိုင်ငံဟာ နိုင်ငံ ဖြစ်တည်ကတည်းက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နိုင်ငံနှစ်နိုင်ငံ (တရုတ်နဲ့ အိန္ဒိယ) နဲ့ အိမ်နီးချင်း ဖြစ်နေရတယ်။ ဒါက အားသာချက် ဖြစ်သလို ကန့်သတ်ချက်တစ်ခုလည်း ဖြစ်နေပြန်တယ်။

တင်မ်မာရှယ်ရဲ့ ပထမစာအုပ် Prisoners of Geography မှာ ဒေသ ၁၀ ခုအကြောင်းကို ဖော်ပြထားတယ်။ ရုရှား၊ တရုတ်၊ ယူစက်၊ အနောက်ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အိန္ဒိယနဲ့ ပါကစ္စတန်၊ ကိုရီးယားနဲ့ ဂျပန်၊ လက်တင်အမေရိက၊ အာတိတ်။ အဲဒီ ဒေသ ဆယ်ခုရဲ့ ပထဝီနိုင်ငံရေးကို သမိုင်းကြောင်းနဲ့ ချီပြီး ရှင်းပြထားတယ်။ ဥပမာ – အခု ဖြစ်နေတဲ့ ရုရှား-ယူကရိန်း စစ်ပွဲအကြောင်းကို အခြေအမြစ်ကျကျ နားလည်ချင်ရင် ဒီစာအုပ်ရဲ့ ရုရှားအခန်းကို ဖတ်ကြည့်သင့်တယ်။ အနောက်နိုင်ငံက ဘာဖြစ်လို့ ဝီဂါအရေးကို ဒီလောက် ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ ဆိုတာကို သိချင်ရင် ဒီစာအုပ်ထဲက တရုတ်အခန်းကို ဖတ်ကြည့်သင့်တယ်။ အစ္စရေးအရေးနဲ့ အရှေ့အလယ်ပိုင်းမှာ အာဏာချိန်ခွင်လျှာ ညှိနေတဲ့အကြောင်းကို ဒီစာအုပ်မှာ ဖတ်ကြည့်လို့ရတယ်။

လူတစ်ယောက်က မွေးဖွားလာတာနဲ့ သူ့မှာ limitation ကန့်သတ်ချက်တွေက အလိုအလျောက် ပါလာပြီးသားပဲ။ ဥပမာ မြန်မာနိုင်ငံက မွတ်စလင် မိသားစုမှာ လူလာဖြစ်ရင် ဘာသာရေးနဲ့ နိုင်ငံရေးအရ ကန့်သတ်ချက်တွေကို မွေးရာပါအနေနဲ့ တစ်သက်လုံး ခံစားသွားရတယ်။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ မွေးရာပါ အရည်အချင်းအများစုကို ကာယကံရှင်အနေနဲ့ ဖယ်ရှားပစ်ပယ်လို့ မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ။ မြန်မာနိုင်ငံရယ်လို့ ဖြစ်လာကတည်းက မဟာအင်အားကြီး ယဉ်ကျေးမှုနိုင်ငံကြီး နှစ်ခုရဲ့ ဖိအားပေးမှု၊ သက်ရောက်မှုတွေကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငုံ့ခံ၊ ကြိတ်ခံခဲ့ရတာပဲ။ အီဂျစ်နိုင်ငံ ဆိုရင် အာဖရိကမှာ အင်အားအကြီးဆုံး နိုင်ငံလို့ ပြောလို့ရတယ်။ တစ်ခေတ်တစ်ခါက ကမ္ဘာမှာ အင်အားအကြီးဆုံး နိုင်ငံ ဖြစ်ခဲ့ဖူးတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် သူသည်လည်းပဲ ပထဝီဝင်ရဲ့ အကျဉ်းသား ဖြစ်ရသေးတာပဲ။ အီဂျစ်နိုင်ငံထဲကို ဖြတ်စီးသမျှ ရေချိုမြစ်တွေ အားလုံးက အီသီယိုပီးယားမှာ မြစ်ဖျားခံတယ်။ ဒီတော့ အီသီယိုးပီယားကသာ အဲဒီမြစ်တွေကို ပိတ်ဆို့လိုက်ရင် အီဂျစ်ပြည်သူတွေအားလုံး တစ်နှစ်အတွင်း အမျိုးပြုတ်သွားနိုင်တယ်။ တစ်ကူးတကတောင် စစ်တိုက်နေစရာ မလိုဘူး။

ဒုတိယစာအုပ်ဖြစ်တဲ့ Power of Geography မှာကျတော့ ပထဝီဝင်ကို အသုံးချပြီး အပေါ်စီးရနေတဲ့ နိုင်ငံတွေ၊ ဒေသတွေအကြောင်းနဲ့ ပထဝီဝင် အနေအထားကြောင့် ပါဝါထိပ်တိုက်တွေ့မှုတွေ ဖြစ်နေရတဲ့ ဒေသတွေ အကြောင်းကို သမိုင်းကြောင်းနဲ့ ချီပြီး ရှင်းပြထားတယ်။

ဒီစာအုပ်မှာလည်း နယ်မြေ ၁၀ ခုအကြောင်း ရေးထားတယ်။ ဩစတေးလျ၊ အီရန်၊ ဆော်ဒီ၊ ယူကေ၊ ဂရိ၊ တူရကီ၊ ဆာဟယ်ဒေသ (ဆာဟာရသဲကန္တာရမြောက်ပိုင်း)၊ အီသီယိုးပီယား၊ စပိန်၊ အာကာသ။ ဒီစာအုပ်မှာတော့ ဒေသတွင်းမှာ ရှိတဲ့ လူမျိုးစု ပဋိပက္ခတွေကို ဦးစားပေး ဖော်ပြထားတယ်။ လူမျိုးစုတွေ အကြားမှာ အရင်းအမြစ် ခွဲဝေမှု၊ အရင်းအမြစ် အသာစီးရမှု၊ လူဦး‌ရေပျံ့နှံ့မှုနဲ့ အာဏာခွဲဝေမှု ကိစ္စတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေအကြောင်းကို အဓိက ဖော်ပြထားတယ်။ အခန်း ၁၀ ဖြစ်တဲ့ အာကာသကတော့ အာကာသပေါ် တက်ပြီး နယ်မြေလုလို့ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခကို အကျဉ်း ဖော်ပြထားတယ်။

ဒုတိယစာအုပ်ရဲ့ အခန်း ၁၀ ကို အကျယ်ချဲ့လိုက်တဲ့အခါမှာ တတိယစာအုပ် Future of Geography ဖြစ်လာတာပဲ။ ဒီတတိယစာအုပ်က Geopolitics ပထဝီနိုင်ငံရေး မဟုတ်တော့ဘူး။ Astropolitics ဖြစ်သွားပြီ။ နက္ခတ္တနိုင်ငံရေး ဖြစ်သွားပြီ။ Space အာကာသထဲမှာ ရှိနေတဲ့ အကန့်အသတ်တွေကို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြိုင်ဆိုင်လုယက်ကြမယ့် အနာဂတ်ရေးကို ပုံဖော်ထားတယ်။ ဒီမှာတော့ ကြီး ၃ ကြီး အကြောင်းကို ဦးစားပေး ဖော်ပြထားတယ်။ ယူစက်ရယ်၊ တရုတ်ရယ်၊ ရုရှားရယ်။ နောက်ထပ် အစွယ်အပွားတွေက အီးယူ၊ ဂျပန်၊ ယူကေ၊ အိန္ဒိယ၊ ဘရာဇီး စတဲ့နိုင်ငံတွေပေါ့။ လက်ရှိအနေအထားအရ ဒီအုပ်စုကြီးကို နှစ်ဖွဲ့ခွဲရရင် အမေရိကန် ခေါင်းဆောင်တဲ့ အုပ်စုနဲ့ တရုတ်ခေါင်းဆောင်တဲ့ အုပ်စုဆိုပြီး ကွဲသွားတယ်။ တရုတ်ခေါင်းဆောင်တဲ့ အုပ်စုမှာ နောက်လိုက်က ရုရှားပဲ။ ကျန်တဲ့ နိုင်ငံတွေ အားလုံးက အမေရိကန် ခေါင်းဆောင်တဲ့ အုပ်စုထဲ ပါတယ်။ ဒီတော့ Astropolitics မှာ အဓိက အားပြိုင်နေတဲ့ နိုင်ငံနှစ်နိုင်ငံကတော့ ယူစက်နဲ့ တရုတ်ပေါ့။

ယူစက်ရဲ့ နည်းပညာစွမ်းရည်ကို များများစားစား ပြောစရာလိုမယ် မထင်ဘူး။ သူက အခုချိန်ထိ ဆရာကြီး ဖြစ်နေသေးတာကိုး။ ဒါပေမယ့် ဒီဆယ်စုနှစ်အတွင်းမှာ သူ့ကို ပခုံးချင်း ယှဉ်နိုင်လာလောက်အောင် အဖက်ဖက်က တိုးတက်ပြီး အောင်မြင်မှုတွေ ဆင့်ကဲဆင့်ကဲ ရလာတဲ့ သူကတော့ တရုတ်ပဲ။ ဒါကြောင့် လက်ရှိအနေအထားအရ Space technology အာကာသနည်းပညာမှာ ယူစက်ပြီးရင် ဒုတိယလိုက်တဲ့သူက တရုတ် ဖြစ်လာတယ်။ ဒါက အားလုံး ခြုံပြီး ကြည့်ရင် ဒုတိယဖြစ်တဲ့ သဘောပါ။ ပြင်သစ်ရဲ့ နည်းပညာ၊ ဂျာမနီရဲ့ နည်းပညာတချို့ကို တရုတ် မလိုက်သေးတာလည်း ရှိတာပေါ့။ ဒါပေမယ့် နောက်ဆယ်နှစ်အတွင်းမှာ ကြယ်တာရာစစ်ပွဲ ဖြစ်လာခဲ့မယ် ဆိုရင် ယူစက်ကို ယှဉ်တိုက်ရဲတဲ့ နိုင်ငံဟာ တရုတ် ဖြစ်တော့မှာပဲ။ ဒါကြောင့် ဒီစာအုပ်ထဲမှာ ယူစက်ရဲ့ အားသာချက်၊ အားနည်းချက်၊ တရုတ်နဲ့ ရုရှားရဲ့ အားသာချက်၊ အားနည်းချက်၊ ပြီးတော့ အာကာသရဲ့ သဘောသဘာဝ စတာတွေကို စာအုပ်ထဲမှာ အတော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။

ပထမစာအုပ် ဖြစ်တဲ့ Prisoners of Geography ကို လှိုင်သင်းက ‘ပထဝီဝင်၏ အကျဉ်းသား’ ဆိုပြီး ဘာသာပြန်ထားတယ်။ နောက်ပြီး IR ဌာနက ပါမောက္ခတစ်ယောက်ကလည်း ဘာသာပြန်ထားတာ မြင်ဖူးလိုက်တယ်။ အခု ပြန်ရှာတော့ မတွေ့တော့ဘူး။ ဒေါက်တာခင် … ဘာဆိုလားပဲ။ ဒုတိယစာအုပ် Power of Geography ကိုတော့ ‘ပထဝီဝင်၏ စွမ်းအား’ ဆိုပြီး လှိုင်သင်းကပဲ ဘာသာပြန်ထားတယ်။ တတိယစာအုပ် Future of Geography ကတော့ ဘာသာပြန် မထွက်သေးဘူး။ ဒီနှစ် ၂၀၂၃ မှ ထွက်တာဆိုတော့။ ဒီစာအုပ်လည်း မကြာခင် ဘာသာပြန် ထွက်လိမ့်မယ် ထင်တယ်။ နိုင်ငံတကာရေးရာကို စိတ်ဝင်စားရင် ဖတ်ကြည့်သင့်တဲ့ စာအုပ်တွေ ဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *