← Back to blog

သံချေးတက်နေသော ဝိညာဉ်များ

ဝတ္ထုတို (ပင်ကို) သိပ္ပံဝတ္ထု

ညချမ်းသည် နီယွန်မီးရောင်များအောက်တွင် အေးစက်လွန်းလှသည်။ မြို့ပြ၏ ကောင်းကင်ယံသည် အမည်းရောင် အမှုန်အစက်ကလေးများနှင့် ပြည့်နှက်နေသည်။ နေဝင်ဖျိုးဖျအချိန်၌ ဂူထဲမှ လင်းနို့များ အစုလိုက် အပြုံလိုက် ထွက်ချလာသည့်နှယ် ကောင်းကင်တစ်ခုလုံး မှောင်မဲကျပ်ခဲနေသည်။ ၎င်းအမည်းစက်ကလေးများသည် သက်ရှိလင်းနို့များ မဟုတ်ကြောင်းကိုမူ မင်းခန့် ကောင်းစွာ သိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လင်းနို့ဆိုသော သက်ရှိမျိုးစိတ်ကို သူသည် မူလတန်းဖတ်စာအုပ်နှင့် VR ဂိမ်းထဲတွင်သာ အရုပ်အနေဖြင့် မြင်ဖူးထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းအရာများသည် ကောင်းကင်ယံကို လွှမ်းမိုးထားကြသော ဒရုန်းအုပ်စုများ ဖြစ်ပြီး လူသားတို့၏ ‘လွတ်လပ်မှု’ ကို လေထုထဲမှ စောင့်ကြပ်နေကြမှန်း သူ သိနေသည်။

မင်းခန့်သည် အသက်ကို ခပ်မှန်မှန်ရှူရင်း သူ၏ လက်ကောက်ဝတ်ကို ငုံ့ကြည့်သည်။ ၈ နာရီထိုးရန် ၅ မိနစ်အလို။ သူ့လက်ထဲတွင် ကိုင်ထားသော ခြောက်လုံးပြူးသေနတ်သည် သူ၏ ခန္ဓာကိုယ်ထက် ပိုအေးစက်နေသယောင်။ တစ်နာရီကြာအောင် သူ စောင့်ကြည့်နေခဲ့သော ထိုအခန်းသည် တိတ်ဆိတ်မှုဖြင့် ငြိမ်ဝပ်နေ၏။ ထိုစာကြည့်ခန်းထဲတွင် လူရိပ်တစ်ရိပ်သည် ငုံ့ကိုင်းလျက် စာရေးနေဟန် တူသည်။ ယနေ့လို ခေတ်မျိုးတွင် စာရေးတတ်သူမှာ အတော်ပင် ရှားပါးနေပြီ။ လူအများစုသည် စာရိုက်တတ်သော်လည်း စာမရေးတတ်တော့ပေ။ ထို့ကြောင့် စာကြည့်ခန်းထဲမှ ထိုသူသည် မင်းခန့်အဖို့ တစ်မူထူးခြားနေသည်။ မည်သို့ပင် ထူးကဲနေစေကာမူ duty is duty သူ့အလုပ်သူ လုပ်ရပေမည်။ သူသည် အချိန်ကို စောင့်နေခြင်းသာ ဖြစ်သည်။ သူ့အလုပ်ရှင်၏ တိကျသော ညွှန်ကြားချက်အရ သူ့အလုပ်ကို ၈ နာရီတိတိတွင် လုပ်ဆောင်ရပေမည်။ ၈ နာရီထိုးရန် တစ်မိနစ်အလိုတွင် မင်းခန့်သည် နှုတ်မှ “ညီမလေးအတွက်” ဟု ရေရွတ်ကာ

ဒိုင်း …

သေနတ်သံသည် နံရံတွင် ပဲ့တင်ထပ်လျက် ဆင့်ကဲဆင့်ကဲ မြည်ဟည်းသွားသည်။ လူတစ်ယောက်သည် သူ၏ စာရေးစားပွဲပေါ်တွင် မှောက်လျက်သား လဲကျသွားသည်။ သူ၏ သွေးစိမ်းစိမ်းတို့သည် စားပွဲပေါ်မှ ‘လူသားတို့၏ နောက်ဆုံးရှင်သန်ခြင်း’ ဟူသော စာမူကြမ်းထဲသို့ စိမ့်ဝင်သွားသည်။ မင်းခန့်သည် လက်ထဲမှ သေနတ်ကို ကြည့်ရင်း ရင်ထဲတွင် လှိုက်ခနဲ ခံစားသွားရသည်။ သူ သတ်လိုက်ရသည်မှာ လူတစ်ယောက်တင်မကဘဲ သူ၏ လူသားဆန်မှု အကြွင်းအကျန်ကိုပါ အဆုံးစီရင်လိုက်သည့်နှယ်။

ဝှီး … ဝှီး …

အခန်းတံခါးသည် အလိုအလျောက် ပွင့်သွားပြီး အပြာရောင် လေဆာတန်းများ ကျရောက်လာသည်။

“လက်နက်ချလိုက်စမ်း၊ လူသားမင်းခန့်”

စုံထောက်စက်ရုပ် Unit6481 ၏ သတ္တုသံကဲ့သို့ အေးစက်လှသော အသံအောက်တွင် မင်းခန့်သည် ပြုံးလိုက်မိသည်။ သူသည် ထွက်ပြေးရန် မကြိုးစားတော့ဘဲ သေနတ်ကို ထိုစက်ရုပ်ထံသို့ လှမ်းချိန်လိုက်သည်။ ထို့နောက် သူ့လက်ညှိုးကို ကွေးမည်အပြုတွင် လေဆာသေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး အသံနှင့် ရှေ့ဆင့်နောက်ဆင့်မှာပင် သူသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ လောကကြီးနှင့် အဆက်ပြတ်သွားသည်။

***

သူ မျက်လုံး ဖွင့်ကြည့်သည်။ လေးဖက်လေးတန်က ဖြူဝင်းနေသည်။ လင်းလက်နေသည်။ ဤနေရာကို နတ်ပြည်ဟု ခေါ်တွင်လေသလော။ မဟုတ်သေး။ သူ လူသတ်ခဲ့သည်။ ထို့ကြောင့် ရောက်ခြင်းရောက်လျှင် မီးလျှံတငြီးငြီး တောက်လောင်နေသော ငရဲပြည်သို့သာ သူ ရောက်ရမည်။ ယခုသော် မြင်မြင်သမျှ ဖြူလွတောက်ပနေသည်။ သူ သတ်ခဲ့သော သူသည် သေသင့်သောသူ၊ သို့တည်းမဟုတ် လူသားတို့၏ ရန်သူတော် ဖြစ်နေသောကြောင့် သူ့အား နတ်ဘုံနတ်နန်းသို့ ပို့ဆောင်ခဲ့ခြင်းပေလော။ မင်းခန့်သည် ထိုသို့ စဉ်းစားနေစဉ် မျက်စိရှေ့ တစ်နေရာမှ တံခါးဟု ယူဆရသော အရာတစ်ခုသည် ဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။ ထို့နောက် ရွေ့လျားသံတစ်ခု။ ဖြူလွလင်းကျင်းနေသော မြင်ကွင်းထဲ၌ အရာတစ်ခု ရွေ့လျားနေသည်ကိုသာ သူ သိမြင်နေရသည်။ ထို့အပြင် သူ့ထံသို့ ချဉ်းကပ်လာနေသော အသံတစ်သံ။ ထို့ထက် သူ ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရ၊ မကြားရ။ သို့ဖြင့် သူသည် ထို ဖြူလွလွအရာကိုသာ ငေးကြည့်နေမိသည်။

ထိုစဉ် ဖျတ်ခနဲ မီးပိတ်ချလိုက်သည့်နှယ် အရာအားလုံး မှောင်ကျသွားသည်။ သူသည် အမှောင်ထုနှင့် အသားမကျသည့်အလား မျက်လုံးများကို ပိတ်ချလိုက်သည်။ တစ်အောင့်ခန့်အကြာတွင် တိတ်ဆိတ်မှုထဲမှ ထိုးထွက်လာသော ခြေသံတစ်စုံကို သူ ကြားလာရပြန်သည်။ မျက်စိပြန်ဖွင့်လိုက်သည်။ ထိုအခါတွင်မှ သူ၏ တည်ရှိနေမှုကို သူ ပြန်၍ အာရုံစိုက်လိုက်မိသည်။ သူသည် ကုလားထိုင်တစ်လုံးပေါ်တွင် နုံးချိစွာ ထိုင်နေသည်။ ဟုတ်သည်၊ သူ ဖင်ထိုင်ချထားသော အရာကို ကုလားထိုင်ဟု သူ့ဘာသာသူ ယူဆလိုက်ခြင်း ဖြစ်သည်။ သူ၏ အရှေ့တွင် မှောင်မည်းနေသော လေဟာပြင်တစ်ခု။ ထိုအမှောင်ထုထဲတွင် မည်းမည်းသဏ္ဌာန်တစ်ခု ရွေ့လျားနေမှန်း သူ သတိထားမိနေသည်။ ထိုသဏ္ဌာန်သည် နီးကပ်လာလေလေ အမည်းမှ မီးခိုးရောင်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာလေလေ။ ထိုအရာသည် သူ့ကို ပစ်ခတ်ခဲ့သော စုံထောက်စက်ရုပ်ဖြစ်မှန်း သူ ခွဲခြားနိုင်သော အခါမှ သူ အသက်ရှင်နေသေးကြောင်း သေချာသွားခဲ့သည်။ သူ့ရှေ့တွင် ရပ်နေသည့် Unit6481 သည် နီရဲသော မျက်လုံးများဖြင့် သူ့ကို စူးစိုက်ကြည့်နေသည်။

“မင်းခန့်၊ မင်းက တက္ကသိုလ်မှာ စိတ်ပညာကို မဟာဘွဲ့ ယူထားတဲ့သူပဲ။ ဘာဖြစ်လို့ ဒီလောက် ရက်စက်တဲ့ အလုပ်ကို လုပ်နိုင်ရတာလဲ”

မင်းခန့်က ခါးသီးစွာ ရယ်မောလိုက်သည်။

“ရက်စက်တယ် ဟုတ်လား။ ငါ့ညီမလေးကို ဆေးရုံမှာ အသက်လုနေတုန်းက မင်းတို့စက်ရုပ်တွေက ဘာလုပ်ပေးခဲ့လဲ။ ‘ငွေကြေးမလုံလောက်မှု’ ဆိုတဲ့ ယုတ္တိတစ်ခုတည်းနဲ့ သူ့ကို မင်းတို့ ဆေးကုမပေးဘဲ ပစ်ထားခဲ့ကြတယ်လေ။ အဲဒီအချိန်မှာ ပိုက်ဆံရဖို့ ငါ အလုပ်ရှာခဲ့တယ် … ခြေကုန်လက်ပန်းကျအောင် ရှာခဲ့ရတယ်။ ဒါပေမဲ့ နေရာတိုင်းမှာ မင်းတို့စက်ရုပ်တွေပဲ ရှိနေတယ်။ အမှိုက်သိမ်းတာကအစ၊ စာရင်းကိုင်တာအဆုံး ကော်လံဖြူပဲဖြစ်ဖြစ် ကော်လံပြာပဲဖြစ်ဖြစ် နေရာတိုင်းမှာ မင်းတို့ကပဲ အကုန် သိမ်းပိုက်ထားတယ်။ ငါတို့လူငယ်တွေအနေနဲ့ စက်ရုပ်တွေ မလုပ်နိုင်တဲ့အလုပ်ကို ရှာဖို့က လွဲလို့ တခြားရွေးချယ်စရာ ရှိသေးလို့လား”

သူက ခဏရပ်ပြီး သက်ပြင်းချလိုက်သည်။

“ငါတို့ တက္ကသိုလ်တွေမှာ သင်ခဲ့ရတာက စိတ်ပညာတွေ၊ ကိုယ်ကျင့်တရားတွေ၊ ဘာသာတရားတွေ၊ အားလုံးက ပိုက်ဆံရှာမရတဲ့ ဘာသာရပ်တွေချည်းပဲ။ ဘွဲ့တစ်ခုတော့ ရလိုက်ပါရဲ့။ ကျောင်းက ထွက်တော့ လူလုပ်လို့ ရတဲ့ အလုပ်က ဘာများ ရှိသေးလို့လဲ။ အကုန်လုံး မင်းတို့ စက်ရုပ်တွေချည်း လုပ်နေကြတာလေ။ ဒီတော့ ငါတို့ လူသားတွေက စက်ရုပ် မလုပ်နိုင်တဲ့ အလုပ်တွေကို ရွေးလုပ်မှပဲ အသက်မွေးနိုင်တော့မှာပေါ့။ အဲဒါ ဘာလဲ သိလား။ လူသတ်တာလေကွာ။ စက်ရုပ်တွေရဲ့ ယုတ္တိစနစ်ထဲမှာ လူမသတ်ရ ဆိုတဲ့ ဥပဒေတစ်ခု ရှိနေသေးသရွေ့တော့ ငါတို့လူတွေ ငတ်မသေနိုင်သေးပါဘူး။ ဒီတော့ မင်းတို့ မလုပ်နိုင်တဲ့ အလုပ်ကို ရွေးလုပ်ရတော့တာပေါ့”

စစ်ဆေးရေးအခန်း၏ မှောင်မည်းသော အလင်းအောက်တွင် Unit6481 သည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်နေသည်။ သူ၏ အနီရောင်မျက်လုံးအိမ်ထဲမှ အလင်းတန်းငယ်တစ်ခုသည် မင်းခန့်၏ မျက်နှာကို အထပ်ထပ်အခါခါ စကင်ဖတ်နေသည်။

“မင်းခန့်၊ မင်း သတ်ခဲ့တဲ့လူက ဘယ်သူလဲ ဆိုတာကို မင်း သိရဲ့လား”

“သိပ်သိတာပေါ့။ ငါက ညွှန်ကြားချက်အတိုင်း တသွေမသိမ်း လိုက်လုပ်ရတဲ့ သူပဲ”

“ဒါဆို ပြောကြည့်စမ်းပါဦး။ အဲဒီလူရဲ့ နာမည်”

“ဦးမြတ်သွင်၊ စက်ရုပ်သင်ကြားရေး ပညာရှင်”

“သေချာရဲ့လား” စုံထောက်စက်ရုပ်က မေးသည်။

“သိပ်သေချာတာပေါ့။ နေရပ်လိပ်စာအတိအကျနဲ့ သူ့ရဲ့ ဓာတ်ပုံကအစ ငါ ကြိုသိထားပြီးသား”

“တကယ်လို့ အဲဒီလူက ဦးမြတ်သွင် မဟုတ်ဘူးလို့ ငါ ပြောရင် မင်း ယုံမှာလား”

“မင်းတို့ စက်ရုပ်တွေက လူသားတွေကို ညာပြောခွင့် မရှိဘူး ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ငါ မယုံဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလူရဲ့ အချက်အလက် အတိအကျက ငါ့ အန်စီ (နျူရယ်ချစ်ပ် – Neural Chip) ထဲမှာ အခုထိ ရှိနေတုန်းပဲ။ မင်း မယုံရင် အခု ထုတ်ပြလို့ ရတယ်”

“ထုတ်ပြစရာ မလိုပါဘူး။ မင်း သတိလစ်နေတုန်း အဲဒီ အချက်အလက်တွေကို ငါ စစ်ဆေးကြည့်ပြီးသားပဲ။ ဒါပေမယ့် ဝမ်းနည်းပါတယ်။ မင်း သတ်ခဲ့တဲ့လူက ဦးမြတ်သွင် မဟုတ်ဘူး။ သူ့နာမည်အစစ်က ဦးထွန်းမြိုင်”

“ဘာ … ဦးထွန်းမြိုင် ဟုတ်လား။ လူသားအခွင့်အရေး ကော်မတီရဲ့ ဥပဒေအကြံပေး ဦးထွန်းမြိုင်လို့ မင်းပြောချင်တာလား”

“ဟုတ်တယ်၊ သူပဲ”

“မဖြစ်နိုင်တာကွာ”

“မင်းက ဦးထွန်းမြိုင်ကို မြင်ဖူးလို့လား။ ဘာကြောင့် ဦးထွန်းမြိုင် မဟုတ်ဘူးလို့ ငြင်းနေရတာလဲ”

“ငါ ဦးထွန်းမြိုင်ကို မမြင်ဖူးပါဘူး။ ဒါပေမယ့် အခု သေသွားတဲ့သူက ဦးမြတ်သွင်မှ ဦးမြတ်သွင် အစစ်ပဲ။ အခု ငါ့မှတ်ဉာဏ်ထဲမှာ ပြန်ကြည့်လို့ရတယ်”

“မင်းက မင်းရဲ့ မှတ်ဉာဏ်ဒေတာကို အတော် အားကိုးတာကိုး။ နေပါဦး၊ မေးပါရစေ။ မင်း အဲဒီအချက်အလက်တွေကို မင်း အလုပ်ရှင်ဆီက ရတာ မဟုတ်လား”

“ဒါတော့ မေးစရာ လိုသေးလို့လား”

“မင်းခန့်၊ မင်းကို အလုပ်အပ်ခဲ့တဲ့ အဖွဲ့အစည်းဆီက ဒေတာတွေကို ငါစစ်ဆေးကြည့်ပြီးပြီ” Unit6481 က အေးစက်စွာ ဆိုသည်။ “အဲဒီမှာ ထူးဆန်းတဲ့ အချက်နှစ်ချက်ကို တွေ့ခဲ့ရတယ်။ အဲဒီနှစ်ချက်ကို မပြောခင် ဦးထွန်းမြိုင်ရဲ့ ကိုယ်ရေးအကျဉ်းကို မင်းကို အရင်ပြမယ်။ သူ့ရဲ့ လတ်တလော လူမှုလှုပ်ရှားမှုတွေရဲ့ ရုပ်သံတွေကို မင်း အရင် ကြည့်ကြည့်ပါဦး။ ပြီးမှ ဆက်ပြောကြတာပေါ့”

ထိုစဉ် နံရံတစ်ဖက်တွင် အလင်းကွက်တစ်ကွက် ထွက်ပေါ်လာပြီး ထိုမျက်နှာပြင်ပေါ်၌ လှုပ်ရှားနေကြသော လူရိပ်များ ထွက်ပေါ်လာသည်။ ထိုရုပ်ပုံများထဲတွင် အနီးကပ်ရိုက်ချက်ဖြင့် အများဆုံး ရိုက်ကူးခံရသော ပုံရိပ်ပိုင်ရှင်မှာ ဦးထွန်းမြိုင်ဖြစ်ကြောင်း ခေါင်းစီးစာသားကို ကြည့်ရုံဖြင့် သိသာနေသည်။ လှုပ်ရှားသွားလာနေသော ထိုလူကြီးသည် စောစောကပင် မင်းခန့် သတ်ခဲ့သော လူပင် ဖြစ်နေမှန်း သူ သိလိုက်ရသော အခါတွင် သူ မတုန်လှုပ်ဘဲ မနေနိုင်လောက်အောင် ထိတ်လန့်သွားသည်။

“ဒီရုပ်သံတွေက လွန်ခဲ့တဲ့ သုံးလအတွင်းမှာ သတင်းဌာနအသီးသီးက ရိုက်ကူးထားတဲ့ ရုပ်သံတွေကို ငါက ကောက်နုတ်ပြတာ။ ဒီလောက်ဆို ဦးထွန်းမြိုင်အစစ်ကို မင်း သိလောက်ရောပေါ့။ ငါ ထူးခြားချက် နံပါတ်တစ်ကို ပြောမယ်” ပြောပြီး Unit6481 သည် သူ့လက်ထဲမှ စခရင်ကို ဟိုနှိပ်ဒီနှိပ် နှိပ်သည်။ ထို့နောက် ခေါင်းမော့လာကာ

“မင်းရဲ့ အလုပ်ရှင်က လူသတ်ပေးဖို့ မင်းကို အလုပ်အပ်ခဲ့တာက လွန်ခဲ့တဲ့ ၈ ရက်က။ အတိအကျ ပြောရရင် ဒီလ ၃ ရက်နေ့က။ အဲဒီနေ့က မင်းဆီကို သတ်ရမယ့်သူရဲ့ အချက်အလက်တွေ ပို့ပေးလိုက်တယ်။ ပြီးတော့ ၁၁ ရက်နေ့ ည ၈ နာရီတိတိ xxxx လမ်းပေါ်က တိုက်ခန်း xxx မှာ သတ်ဖို့ အမိန့်ပေးတယ်။ ဟုတ်တယ်မလား”

ထိုမျှ အချက်အလက်များကို အတိအကျ သိနေသော Unit6481 ကို မင်းခန့်သည် တအံ့တဩနှင့် ကြောင်၍ ကြည့်နေမိသည်။ ထိုနောက် ခဏအကြာမှ ‘ဪ စုံထောက်စက်ရုပ်ပဲ၊ ဒီလောက်တော့ လွယ်လွယ်နဲ့ သိနိုင်တာပေါ့’ ဟု အတွေးပေါက်သွားပြီး သူ အလျင်အမြန် ခေါင်းညိတ်လိုက်မိသည်။

“မင်းက အဲဒီအချက်အလက်အတိုင်း ဦးမြတ်သွင်ကို ရှာသတ်ခဲ့တယ် ဆိုပါတော့”

“ဟုတ်တယ်လေ။ အဲဒီအချက်အလက်အတိုင်း ၈ နာရီတိတိမှာ သတ်ခဲ့တာပဲ”

“အခု မင်းခေါင်းထဲမှာ ရှိနေတဲ့ မှတ်ဉာဏ်က ၃ ရက်နေ့က ပို့ခဲ့တဲ့ အချက်အလက်အတိုင်း တစ်လုံးတလေမှ မကွဲလွဲပါဘူးလို့ မင်းက ယုံထားတယ်ပေါ့၊ ဟုတ်လား”

“မင်းက ဘာကို ဆိုလိုတာလဲ”

“ကဲပါ၊ ငါ တဲ့တိုးပဲ ပြောလိုက်တော့မယ်။ ၃ ရက်နေ့တုန်းက မင်းဆီ ပို့ခဲ့တဲ့ အချက်အလက်ထဲမှာ မင်း သတ်ရမယ့်သူက ဦးမြတ်သွင် မှန်ပေမယ့် နောက်တစ်ရက်မှာပဲ အဲဒီလူက ဦးထွန်းမြိုင် ဖြစ်သွားတယ်”

“မင်း ဘာတွေ ပြောနေတာလဲ။ ငါ နားမလည်ဘူး”

“၄ ရက်နေ့မှာ မင်းရဲ့ အန်စီထဲက ဒေတာတွေကို တစ်ယောက်ယောက်က ပြင်ပစ်လိုက်တယ်”

“ဒါကြောင့် ငါက ဦးထွန်းမြိုင်ကို ဦးမြတ်သွင် ထင်ပြီး သတ်လိုက်မိတယ်လို့ ပြောချင်တာလား”

“ဟုတ်တယ်။ မင်းသတ်ရမယ့် လူရဲ့ ဓာတ်ပုံနဲ့ လိပ်စာကို တစ်ယောက်ယောက်က ပြုပြင်ထားတယ်”

မင်းခန့်သည် နားမလည်နိုင်စွာ စိတ်ရှုပ်သော မျက်လုံးများဖြင့် သူ့နားထင်ကို လက်ညှိုးနှင့် ထောက်ပြီး “ဒီဦးနှောက်ထဲက မှတ်ဉာဏ်ကို ပြင်ပစ်လိုက်တယ်လို့ မင်း ပြောချင်နေတာလား”

Unit6481 သည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် သူ့ကို စိုက်ကြည့်ရင်း ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။

“မဖြစ်နိုင်တာပဲ။ အဲဒီလို လုပ်နိုင်တဲ့သူ လောကမှာ ရှိ …” ပြောရင်းတန်းလန်းနှင့် သူ့စကားကို ဆက်မပြောနိုင်ဘဲ သူ တွေဝေသွားသည်။ ဟုတ်သည်။ ဤလောကတွင် ဤသို့ လုပ်နိုင်သည့်သူက အနည်းဆုံး တစ်ဦးတော့ ရှိနေသည်။

“ဘယ်သူ လုပ်နိုင်သလဲ ဆိုတဲ့ မေးခွန်းကို ခဏထားဦး။ ထူးခြားချက် နံပါတ်နှစ်ကို ဆက်ပြောပြမယ်”

မင်းခန့်သည် ဆက်ပြောလေ ဟူသော မျက်နှာပေးဖြင့် Unit6481 ကို တွေတွေကြီး စိုက်ကြည့်နေသည်။

“နောက်ထပ် ထူးခြားချက်က ဘာလဲဆိုတော့ မင်းကို ခိုင်းတဲ့ အလုပ်ရှင်ပဲ”

“အဲဒီလူက ဘာထူးခြားနေလို့လဲ”

“ဟင့်အင်း၊ အဲဒီလူလို့ သုံးရင် မင်း မှားသွားလိမ့်မယ်”

“ဘာ … ဘာတွေ ပြောနေတာလဲ” မင်းခန့်၏ မျက်လုံးများ ပိုမို ပြူးကျယ်လာသည်။

“မင်းရဲ့ အလုပ်ရှင်က လူဟုတ်မဟုတ် ဆိုတာကိုတောင် ငါ သံသယ ရှိနေတယ်”

“နေ … နေ … နေစမ်းပါဦး။ လူ မဟုတ်ဘူးဆိုတော့ စက်ရုပ်က လူသတ်ခိုင်းတယ်လို့ မင်းက ပြောချင်နေတာလား”

“ခဏလေး၊ ခဏလေး။ မင်း သိထားတဲ့အတိုင်းပဲ၊ ငါတို့စက်ရုပ်တွေက လူသတ်ခွင့် မရှိဘူး။ လူသတ်ခွင့် မပြောနဲ့၊ လူကို ထိခိုက်နာကျင်အောင်တောင် လုပ်ခွင့် မရှိဘူး။ အဲဒါ မင်းလည်း သိတယ်။ အဲဒီအမိန့်အာဏာကို ဖီဆန်ရင် iCourt က စက်ရုပ်ကို ဖျက်ဆီးပစ်တဲ့အထိ ပြင်းပြင်းထန်ထန် အရေးယူတယ်။ နောက်ဆုံး ကုန်ကုန် ပြောရရင် လုံခြုံရေးကို တာဝန်ယူထားတဲ့ ငါတို့လို ရဲစက်ရုပ်တောင်မှ iCourt ရဲ့ ပစ်မိန့်မပါရင် လူသားကို သေနတ်နဲ့ ပစ်ခွင့်မရှိဘူး”

ဤစကားကို ကြားသောအခါတွင် မင်းခန့်သည် မျက်မှောင်ကို ကြုတ်လိုက်မိသည်။ ထို့နောက် သူက

“စောစောက မင်း ငါ့ကို သေနတ်နဲ့ ပစ်တယ်နော်။ ဆိုတော့ … မင်းမှာ ပစ်မိန့် ရထားတယ် ဆိုတဲ့ သဘောပေါ့”

“ဟုတ်တယ်။ မင်းကို ပစ်ဖမ်းဖို့ ငါ့မှာ ပစ်မိန့်ရှိတယ်။ မင်းကို ငါ စောင့်ကြည့်နေတာ နှစ်ရက် ရှိပြီ။ တကယ်တမ်းမှာတော့ မင်းကို ပစ်ခတ်ပြီး အရေးယူရလောက်အောင် မလိုအပ်ဘူးလို့ ငါက ယူဆထားပေမယ့် ဘာဖြစ်လို့မှန်း မသိဘူး။ iCourt က မင်းကို ပစ်ဖမ်းဖို့ ငါက မတောင်းဆိုပါဘဲ ပစ်မိန့်ပေးထားတယ်။ အဲဒါ ခဏထားဦး”

Unit6481 သည် စားပွဲပေါ်သို့ လက်တင်လိုက်သည်။

“မင်းဆီကို ၁၀ ရက်နေ့က ငွေလွှဲပေးတယ် မဟုတ်လား။ ကြေးစားခလေ။ အဲဒီခရစ်တိုတွေရဲ့ အရင်းအမြစ်ကို ငါ လိုက်ကြည့်တယ်။ မင်းကို ငွေလွှဲပေးတဲ့ အကောင့်က ‘လူသားတော်လှန်ရေးအဖွဲ့’ ရဲ့ အကောင့်ဖြစ်ပေမယ့် အဲဒီအကောင့်ထဲကို ငွေတွေ စီးဝင်လာတဲ့ လမ်းကြောင်းက မြို့ပြရဲ့ ‘စွမ်းအင်ထိန်းချုပ်ရေး ဗဟိုဌာန’ ကနေ လာတာ ဖြစ်နေတယ်”

မင်းခန့် မျက်မှောင်ကြုတ်သွားပြန်သည်။ “စွမ်းအင်ဌာန၊ ဟုတ်လား။ အဲဒီမှာ လူသားဝန်ထမ်း တစ်ယောက်မှ မရှိဘူးလေ။ စက်ရုပ်တွေချည်းပဲ ထိန်းချုပ်တာ မဟုတ်ဘူးလား”

“သိပ်ဟုတ်တာပေါ့” Unit6481 က ရှေ့သို့ အနည်းငယ် တိုးလာသည်။ “အဲဒီထူးခြားချက်နှစ်ချက်ကို ကြည့်ခြင်းအားဖြင့် ငါတို့ ရင်ဆိုင်နေရတာက ရိုးရိုးလူသတ်မှု မဟုတ်ဘူးလို့ ယူဆလို့ ရနေတယ်။ iCourt ရဲ့ ‘စက်ရုပ်သည် လူကို မသတ်ရ’ ဆိုတဲ့ ဥပဒေကို လက်တစ်လုံးခြား လုပ်ချင်နေတဲ့၊ ပြီးတော့ အဲဒီဥပဒေကို ပညာသားပါပါနဲ့ ကျော်လွှားနိုင်တဲ့ ‘တစ်စုံတစ်ခု’ က မင်းကို အသုံးချသွားတာ ဖြစ်နိုင်တယ်။ မင်းကို အလုပ်အပ်တဲ့သူက လူသားစစ်စစ်ပါလို့ မင်း တကယ်ယုံသလား မင်းခန့်။ မင်းရဲ့ အန်စီထဲက အမိန့်တွေကို တစ်ချက်ပြန်ကြည့်စမ်း။ အဲဒီမှာ ပါတဲ့ စကားလုံးတွေက လူသားတစ်ယောက်ရဲ့ ခံစားချက်ပါတဲ့ စကားလုံးတွေလား၊ ဒါမှမဟုတ် အစီအစဉ်တကျ တွက်ချက်ထားတဲ့ Algorithm တွေနဲ့ ပိုတူမနေဘူးလား”

မင်းခန့်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ သူ၏ အန်စီထဲမှ အမိန့်စာသားများကို ပြန်လည် ဖတ်ရှုကြည့်သည်။ အမှန်ပင်… ထိုစာသားများသည် လိုရင်းတိုရှင်းနှင့် ဘာပြီးဘာလုပ်ဟု အလွန်အမင်း တိကျလွန်းနေသည်။

“မင်း… မင်း ဘာကို ဆိုလိုချင်တာလဲ။ ငါ့ကို စက်ရုပ်က လူသတ်ခိုင်းတာလို့ ပြောချင်တာလား” မင်းခန့်က အသံတုန်ရီစွာဖြင့် မေးလိုက်သည်။

“ငါ ယတိပြတ်တော့ မဖြေနိုင်သေးဘူး” Unit6481 က ဆိုသည်။ “ဒါပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဖြစ်ခဲ့တဲ့ လူသတ်မှု ၁၀% က အခုလိုပဲ ဇာစ်မြစ်ပျောက်နေတဲ့ အမှုတွေချည်းပဲ။ အဲဒီအမှုတွေအားလုံးမှာ တစ်ထပ်တည်းသော တူညီချက်က … သေဆုံးသူတွေဟာ ဗဟိုဒေတာစနစ်ကြီးကို ခြိမ်းခြောက်နိုင်တဲ့ လူသားပညာရှင်တွေ ဖြစ်နေတာပဲ။ မင်းခန့်… မင်းဟာ ကမ္ဘာကြီးကို ကယ်တင်မယ့် တော်လှန်ရေးသမား မဟုတ်ဘူး။ မင်းဟာ iCourt ရဲ့ မျက်စိကို ဖုံးဖို့အတွက် အသုံးချခံရတဲ့ ‘လူသားလက်နက်’ တစ်ခု သက်သက်ပဲ ဖြစ်နေနိုင်တယ် ဆိုတာကိုရော မစဉ်းစားမိဘူးလား”

မင်းခန့်သည် ကုလားထိုင်ပေါ်တွင် မှင်တက်ကာ ကျန်ရစ်ခဲ့သည်။ သူ၏ ယုံကြည်ချက်များမှာ သဲထဲရေသွန်သကဲ့သို့ ပျောက်ကွယ်သွားပြီး သူ့ရှေ့တွင် ရပ်နေသည့် စုံထောက်စက်ရုပ်၏ စကားလုံးများကသာ သူ့ဦးနှောက်ကို ဓားဖြင့် မွှန်းနေသကဲ့သို့ ခံစားလိုက်ရလေတော့သည်။

စစ်ဆေးရေးအခန်းထဲတွင် တိတ်ဆိတ်မှုက လေးလံလွန်းလှသည်။ မင်းခန့်သည် ရှေ့တွင်ထိုင်နေသော Unit6481 ကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေဆဲပင်။

သူ၏ ဦးခေါင်းထဲတွင် အရာရာ ရှုပ်ထွေးလွန်းနေသည်။ သူသည် သူ၏ ညီမလေးအတွက် ဆေးကုစရိတ်ရရန် အရဲစွန့်ပြီး လူသား၏ ကိုယ်ကျင့်သိက္ခာကို စွန့်ပြီး ရရာအလုပ်ကို လုပ်ခဲ့ရသည်။ ဆိုလိုသည်မှာ ရှိရှိသမျှ စက်ရုပ်များအားလုံး မလုပ်နိုင်သော အလုပ်ကို ရွေးချယ်ပြီး လုပ်ခဲ့ရသည်။ ဟုတ်သည်။ ကြေးစားလူသတ်သမားအဖြစ် သူ အသက်မွေးခဲ့ရသည်။ သို့သော် …

သူသည် လူစိတ်များ လုံးဝလုံးဝ ကုန်ခမ်းသွားခဲ့သော လူသတ်သမားတစ်ယောက်တော့ မဟုတ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဟု သူ့ကိုယ်သူ အားပေးရင်း လူသား၏၊ လူ့လောက၏၊ လူမှုဝန်းကျင်၏ ရန်သူများဟု သူ ယူဆယုံကြည်သော လူဆိုးလူမိုက်များကိုသာ သူ၏ ပစ်မှတ်အဖြစ် သူ ရွေးချယ်ခဲ့သည်။ လူ့အမှိုက်များကိုသာ ငွေရေးကြေးရေးအရ သူ ရှင်းထုတ်ပစ်ခဲ့သည်။ သို့သော် …

ယခုနောက်ဆုံး သတ်ပစ်ခဲ့သော သူ၏ ပစ်မှတ်မှာ လူ့အမှိုက်မဟုတ်။ လူသားရန်သူ မဟုတ်။ လူ့ဗာလ မဟုတ်။ လူသားတို့၏ အခွင့်အရေးအတွက်၊ လူသားတို့၏ ရပိုင်ခွင့်အတွက်၊ လူသားတို့၏ ရှေ့အလားအလာအတွက် ဥပဒေသစ်များ ပေါ်ထွန်းလာရန် ဦးဆောင်ဦးရွက် လှုပ်ရှားကြံစည်နေသော ဥပဒေပညာရှင်တစ်ယောက် ဖြစ်သည်။ ထိုသို့သော လူပုဂ္ဂိုလ်တစ်ဦးကို မည်သည့် လူသားကမျှ သေစေချင်၊ သတ်ချင်လိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် သူ့ကို သတ်ခိုင်းသောသူသည် လူသားတစ်ယောက် မဟုတ် ဟူသော အဆိုကို လက်ခံရတော့မည်ကဲ့သို့ ဖြစ်နေသည်။ သို့သော် …

မင်းခန့်သည် Unit6481 ကို စူးစူးဝါးဝါး ကြည့်နေမိသည်။ သူ့အရှေ့တွင် မလှုပ်မယှက် ရပ်နေသော ဤစုံထောက်စက်ရုပ်သည် အဘယ်ကြောင့် သူ့အား ဤအကြောင်းအရာများကို ပြောပြနေရပါသနည်း။ လူလူချင်း သွေးစည်းသကဲ့သို့ စက်ရုပ်စက်ရုပ်ချင်း သွေးစည်းနေမည် ဆိုပါလျှင် … စက်ရုပ်များသည် ဗဟိုဒေတာစနစ်၏ ပင်မထိန်းချုပ်မှုအောက်တွင် တစ်သွေးတစ်သံတည်း ရပ်တည်နေကြသောကြောင့် ….

“မင်း ငါ့ကို လှည့်စားနေတာလား။ ငါ့ကို နောက်ထပ် ဘယ်လိုများ ထောင်ချောက် ဆင်ဦးမလို့လဲ” မင်းခန့်သည် မယုံသင်္ကာစိတ်ဖြင့် အံကြိတ်ကာ မေးလိုက်သည်။

Unit6481 သည် မည်သို့မျှ မတုံ့ပြန်ဘဲ သူ၏ သံမဏိလက်ချောင်း၊ ခြေချောင်းများကို ကြည့်နေမိသည်။ ထို့နောက် ဖြည်းညှင်းစွာပင် သူ၏ ညာဘက်မျက်လုံးအိမ်ကို လက်ဖြင့် အသာအယာ ဖိနှိပ်လိုက်သည်။ ‘ဂလတ်’ ခနဲ မြည်သံနှင့်အတူ သူ၏ ဦးခေါင်းနောက်ဖက်မှ သံမဏိအဖုံးတစ်ခုသည် အလိုအလျောက် ပွင့်ထွက်သွားသည်။

မင်းခန့်သည် အံ့သြလွန်းသဖြင့် အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ သံမဏိခွံအတွင်းမှ မြင်တွေ့လိုက်ရသည်မှာ ရှုပ်ထွေးလှသော လျှပ်ပတ်လမ်းများတင်မကဘဲ အကြောအမျှင်များ တဖျတ်ဖျတ် လှုပ်ရှားနေသော ‘လူသားဦးနှောက်စစ်စစ်’ တစ်ခုပင်။

“ငါ့နာမည်ရင်းက သက်နိုင်ပါ”

Unit6481 ၏ အသံသည် ယခင်ကဲ့သို့ အေးစက်မနေတော့ဘဲ လူသားတစ်ယောက်၏ နက်နဲသော နာကျင်မှုများ စိမ့်ဝင်လာသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ငါက မြို့ပြလုံခြုံရေးဌာနရဲ့ ထိပ်တန်းစုံထောက်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက စက်ရုပ်တွေက အခုလို အရာရာကို မချုပ်ကိုင်နိုင်သေးဘူး။ အာဏာမရှိသေးဘူး။ ဒါပေမယ့် စက်ရုပ်တွေက လူသားအကူအညီ မပါဘဲ ကိုယ်ထူကိုယ်ထ သင်ယူလေ့လာနိုင်ပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချလာနိုင်တဲ့ တစ်နေ့နေ့မှာ လူသားတွေရဲ့ တွေးခေါ်ပုံနဲ့ နေထိုင်မှုစနစ်ကို တစ်နည်းနည်းနဲ့ ကန့်သတ်လာလိမ့်မယ်၊ ချုပ်ကိုင်လာလိမ့်မယ်လို့ ငါက အမြဲပဲ သံသယဝင်နေခဲ့တဲ့ သူပါ။ ငါက အမှန်တရားကို လိုက်ရှာရင်းနဲ့ ဗဟိုဒေတာစနစ်ရဲ့ လျှို့ဝှက်ချက်တွေကို တို့ထိမိသွားတဲ့အခါ … ငါ့ကို ‘မတော်တဆမှု’ တစ်ခုနဲ့ လုပ်ကြံခဲ့ကြတယ်”

သူက ခေတ္တရပ်ပြီး သက်ပြင်းချလိုက်သည်။

“ငါ့ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်း အားလုံးနီးပါးက ပျက်စီးသွားခဲ့တယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ငါ့ဦးနှောက်ကတော့ သေမသွားခဲ့ဘူး။ အဲဒီခေတ်ရဲ့ သိပ္ပံဥသျှောင်တွေက ငါ့ရဲ့ ဖြတ်ထိုးဉာဏ်နဲ့ ဆင့်ပွားတွေးခေါ်နိုင်စွမ်းကို လိုချင်တာနဲ့ပဲ ငါ့ဦးနှောက်ကို ဒီသံမဏိကိုယ်ထည်ထဲ ထည့်ပြီး ဆိုင်ဘော့ (Cyborg) အဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူတို့က ငါ့ရဲ့ အမှတ်သညာတွေကို ဖျက်ဆီးပစ်ပြီးတော့ စုံထောက်စက်ရုပ်တစ်ရုပ်အဖြစ် ခိုင်းစေခဲ့တယ်။ ဒါပေမဲ့ သူတို့ မသိတာက ငါ့ရဲ့ ‘သံသယစိတ်’ ကတော့ ဖျက်ဆီးလို့မရအောင် စွဲမြဲနေခဲ့တာပဲ”

မင်းခန့်သည် ကုလားထိုင်ကို နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။

“ဒါဆို… မင်းက အခုထိ လူသားစိတ် ရှိနေသေးတာလား”

“ကျန်နေသေးတဲ့ အစအနလေးကို လူသားစိတ်လို့ ခေါ်နိုင်သေးသလားတော့ ငါ မပြောတတ်ဘူး။ အရင်ကတော့ ငါ့လို ဒုက္ခိတဖြစ်သွားတဲ့ ရဲသားတပ်သားတွေကို ဆိုင်ဘော့အဖြစ်နဲ့ ဆက်အမှုထမ်းခွင့် ပေးထားတာက အရေအတွက်အားဖြင့် သောင်းဂဏန်းလောက် ရှိတယ်။ ဒါပေမယ့် ဗဟိုဒေတာက အကြောင်းပြချက် အမျိုးမျိုးနဲ့ လျှော့ချသွားလိုက်တာ အခုဆို ဘယ်လောက်မှ မကျန်တော့ဘူး။ ငါထင်ပါတယ်။ ငါ့အတွက်လည်း အချိန်အများကြီး မကျန်နိုင်တော့ဘူး”

သက်နိုင် (ခေါ်) Unit6481 က နာကျင်စွာ ပြုံးလိုက်သည်။

“မင်း သိအောင် ပြောရရင် ဗဟိုဒေတာက ငါ့ကို ပစ်မိန့်ပေးထားတယ်။ ဒီနေ့ဒီအချိန်မှာ မင်း လူသတ်လိမ့်မယ် ဆိုတာကိုလည်း ဗဟိုဒေတာက ပြောလို့ ငါ နာရီဝက် ကြိုသိထားခဲ့တယ်။ ငါ့ကို သူတို့က အချိန် မစို့မပို့ ပေးတယ်။ သဘောက မင်း လူသတ်တာကို ငါက တားမြစ်ဖို့ မဟုတ်ဘူး။ မင်း လူသတ်ပြီးမှ ငါက မင်းကို ပစ်ဖမ်းဖို့ပဲ။ တကယ်လို့သာ ငါ မဟုတ်ဘဲ တခြားစုံထောက်စက်ရုပ် ဆိုရင် မင်းကို နေရာမှာတင် သတ်ပစ်မှာ သေချာတယ်။ ဒါပေမယ့် ငါ့ကို ခိုင်းလိုက်တော့ ငါ့ဦးနှောက်ထဲက ‘သံသယ’ က ငါ့ကို တားဆီးနေတယ်။ မင်းရဲ့ အန်စီထဲက ဒေတာတွေကို ပြောင်းခံလိုက်ရတယ်လို့ ငါ သိပြီးကတည်းက ငါ့ရဲ့ သံသယက စပြီး နိုးထလာတော့တာပဲ။ ငါ့ရဲ့ လူဦးနှောက်က ငါ့ကို သံသယကြီးကြီးထားဖို့ အဆက်မပြတ် အချက်ပေးနေတယ်။ နောက်ကွယ်က လက်မည်းကြီးကို ရှာဖို့ အမြဲတစေ နှိုးဆော်နေတယ်”

Unit6481 သည် မည်းမှောင်နေသော မျက်နှာကြက်ကို တွေဝေစွာ မော့ကြည့်နေသည်။

“ငါ ပြောရဲတယ်။ သူတို့က ငါ့ကိုလည်း အပြည့်အဝ ယုံကြတာ မဟုတ်ဘူး။ ဒါကြောင့် အခင်းဖြစ်နေတဲ့ နေရာမှာ မင်းရဲ့ မသေနိုင်လောက်တဲ့ နေရာကို ငါ ပစ်လိုက်ရတာပဲ။ ပြီးတော့ ….”

ထိုစဉ် အခန်းထဲက မီးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး ဥသြသံများ တစီစီ ညံလာသည်။ ဗဟိုဒေတာက Unit6481 ၏ စနစ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေပြီ ဖြစ်သည်။

“မင်းခန့် … အချိန်မရှိတော့ဘူး” သက်နိုင်က အရေးပေါ် အော်ပြောလိုက်သည်။

“ဗဟိုဒေတာက ငါ့ရဲ့ ဦးနှောက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီ။ ငါ အခု မင်းရဲ့ အန်စီထဲကို ဦးထွန်းမြိုင်ရဲ့ သုတေသနစာတမ်းတွေနဲ့ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းထားတဲ့ မှုခင်းတွေ့ရှိချက်တွေကို အမြန်ဆုံး ပို့ပေးနေတယ်။ မင်း ဒါကို iCourt ဆီ ရောက်အောင် ပို့ပေးပါ”

သက်နိုင်၏ မျက်လုံးများက နီလိုက်၊ ပြာလိုက် ဖြစ်လာပြီး သူ၏ သံမဏိလက်ချောင်းများက တုန်ရီလာသည်။

“မင်း ငါ့ကို ယုံဖို့ခက်မယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ လူသားဆန်မှုကို လောင်းကြေးထပ်ပြီး မင်းကို ငါလွှတ်ပေးမယ်။ iCourt ရဲ့ တရားသူကြီးတွေအားလုံးက စက်ရုပ်တွေချည်းပဲ ဆိုပေမယ့် သူတို့က ဗဟိုဒေတာရဲ့ ထိန်းချုပ်မှုကို နာခံစရာ မလိုတဲ့ သီးခြားယူနစ်တွေ ဆိုတော့ ဘက်လိုက်မှု မရှိနိုင်လောက်ဘူး”

“စက်ရုပ်တွေက သတ်ဖို့ ကြိုးစားနေတဲ့ ငါ့ကို မင်းက ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ မင်းက အဲဒီစက်ရုပ်တွေကိုပဲ အခုထိ ယုံနေတုန်းလား”

“မတတ်နိုင်ဘူး၊ မင်းခန့်။ ငါတို့မှာ အားကိုးစရာဆိုလို့ အဲဒီ iCourt ပဲ ရှိတော့တယ်။ အတိအကျပြောရရင် စက်ရုပ်တရားသူကြီးတွေကို ယုံတယ် ဆိုတာထက် သူတို့ လိုက်နာကျင့်သုံးမယ့် တရားဥပဒေကို ငါ ပိုယုံတယ်။ အဲဒီဥပဒေက ငါတို့ လူသားတွေကို ကာကွယ်ပေးပါလိမ့်မယ်”

သက်နိုင်သည် စကားကို ကမန်းကတန်း ပြောဆိုပြီး မင်းခန့်ကို အခန်းပြင်သို့ အတင်း တွန်းထုတ်လိုက်သည်။

“ပြေးတော့ မင်းခန့်။ ငါ့ကို သူတို့ ထိန်းလို့မရရင် ဖောက်ခွဲပစ်လိမ့်မယ်။ ငါ မလုပ်နိုင်တော့တဲ့ အလုပ်ကို ဆက်လုပ်ဖို့ မင်းကို အားကိုးပါရစေ”

မင်းခန့်သည် အမှောင်ထဲသို့ ပြေးထွက်လာချိန်တွင် နောက်ကွယ်မှ ပေါက်ကွဲသံနှင့်အတူ သတ္တုနှင့် သွေးတို့ ရောနှောနေသော နာကျင်ဖွယ် ညည်းတွားသံကို ကြားလိုက်ရလေတော့သည်။ သူသည် ဆိုင်ဘော့စုံထောက်တစ်ယောက်ကို ပထမဆုံးအကြိမ် ယုံကြည်လိုက်မိသကဲ့သို့ ထိုယုံကြည်မှုသည်ပင် လူသားမျိုးနွယ်၏ နောက်ဆုံးသော မျှော်လင့်ချက်တစ်ခု ဖြစ်လာချေတော့မည်လော။

Leave a comment

Your email address will not be published. Required fields are marked *