လှည့်စားတယ် ဆိုတဲ့ မြန်မာဝေါဟာရကို လေ့လာကြည့်ရင် လှည့် – လှည့်ပတ်၍ + စား – အစားထိုခြင်း လို့ နားလည်လို့ ရပါတယ်။ ဘာတွေကို လှည့်ပတ်ပြီး ဘာတွေနဲ့ အစားထိုးတာလည်း ဆိုတော့ များသောအားဖြင့် မကောင်းတာတွေကို မမြင်မတွေ့ရအောင် လှည့်ပတ်ပြီး ကောင်းတာတွေနဲ့ အစားထိုးပါတယ်။ အစားထိုးတယ် ဆိုတာမှာ လုံးဝကြီး လဲလှယ်လိုက်တာမျိုး မဟုတ်ဘဲ အပြင်ပန်း အမြင်အရ အဲဒီလို ထင်သွားအောင် အစားထိုးခြင်းမျိုးကိုသာ ဆိုလိုတာပါ။ ဥပမာ ကုန်သည်တွေ လှည့်စားတဲ့အခါမှာ အတုကို အစစ်လို့ ထင်အောင် လုပ်တယ်။ ဈေးပေါတာကို ဈေးကြီးတယ် ထင်အောင် လုပ်တယ်။ ဒါကို လှည့်စားတယ် ခေါ်တာပေါ့။ အတိအကျ ပြောရရင် သူတပါးကို လှည့်စားတယ်ပေါ့။
ဒါဆို ကိုယ့်ကိုယ်ကိုယ်ကျတော့ ဘယ်ပုံ ဘယ်နည်း လှည့်စားကြသလဲ။ လူအများစုက လူပုံအလယ်မှာ ကိုယ့်ကို လူကောင်း လို့ပဲ အထင်ခံချင်ကြတယ်။ သူ ဘာပဲလုပ်လုပ် ကောင်းတာပဲ လုပ်နေပါတယ် လို့ပဲ တွေးချင်တယ် မြင်ချင်တယ်။ ပတ်ဝန်းကျင်က မမြင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ငါ ကောင်းတာ လုပ်နေတာကွ ဆိုပြီး ယူဆချင်ကြတယ်။ ပုထုဇဉ်ရဲ့ ပင်ကို သဘာဝအရ အရိုင်းစိတ်ကလေးတွေက ရှိနေသေးတာ ဆိုတော့ အဲဒီ အရိုင်းစိတ်တွေ ပေါ်လာလို့ တစ်ခုခု မှားလုပ်မိပြီ ဆိုရင်တောင် အဲဒီ အလုပ်က မှန်ကန်တဲ့ လုပ်ရပ်ပါ၊ မှန်ကန်တဲ့ အတွေးပါလို့ ကြံဖန်ပြီး အကြောင်းပြဖို့ ကြိုးစားတတ်ကြတယ်။ အဲဒီလို ကြိုးစားလိုက်တာနဲ့ မိမိကိုယ်ကိုယ် လှည့်စားလိုက်မိတော့တာပဲ။
လူတွေက ကိုယ့်ကိုယ်ကိုယ် လှည့်စားတယ်လို့ ထင်နေကြပေမယ့် တကယ်တမ်းကျတော့ ကိလေသာတွေက လူတွေရဲ့ စိတ်ထဲမှာ ကြာကြာ နေရာရဖို့ အတွက် လူတွေ လက်ခံနိုင်မယ့် ပုံသဏ္ဌာန်နဲ့ ပုံဖျက်ပြီး နေရာယူကြတာပါ။ လူအများစုက ကိလေသာတွေ ဆိုတာနဲ့ စက်ဆုတ်ကြမယ်။ ရွံရှာကြမယ်။ ဒါကြောင့်လည်း ကိုယ် စွမ်းတဲ့နည်းနဲ့ အဲဒီ ကိလေသာကို တွန်းလှန်တိုက်ထုတ် ကြမှာပေါ့။ ဒါပေမယ့် ကိလေသာကလည်း ခေသူ မဟုတ်ဘူးလေ။ ကာယကံရှင် ပုဂ္ဂိုလ်ရဲ့ အကြိုက်ကို သိနေလေတော့ အဲဒီ ပုဂ္ဂိုလ်ရဲ့ အကြိုက်ကို ဆောင်ပြီး ကိလေသာက သူ့ကိုယ်သူ အသွင်ပြောင်းလိုက်တယ်။
မြတ်ဗုဒ္ဓရဲ့ အလိုအရ အင်မတန်မှ ညစ်ညမ်းလှတဲ့ အရိုင်းအစိုင်း ကိလေသာတွေဟာ ဖြူစင်တဲ့ စိတ်တွေကို အရောင်စိုးနိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတတ်ကြတယ်။ ကာယကံရှင် ပုဂ္ဂိုလ်တွေ မသိလိုက်ခင်မှာဘဲ ကိလေသာတွေက သူတို့ရဲ့ စိတ်ထဲမှာ အခြေချ နေရာယူပြီးသား ဖြစ်နေတတ်တယ်။ တကယ်လို့ ကာယကံရှင်က အဲဒီ ကိလေသာတွေကို တစ်နည်းနည်းနဲ့ မြင်သွားပြီ၊ သတိထားမိသွားပြီ ဆိုရင်လည်း ကိလေသာတွေက သူတို့ ဆက်လက် တည်တံ့နိုင်ဖို့အတွက် ကာယကံရှင် သဘောကျလောက်မယ့် အသွင်သဏ္ဌာန်ကို ပုံဖမ်းယူပြီး ကာယကံရှင်ကို လှည့်စားပါတော့တယ်။
စာဖတ်သူအားလုံး မိမိကိုယ်ကို (မိမိခန္ဓာမှာ စွဲကပ်နေတဲ့ ကိလေသာတွေကို) သတိထားနိုင်ဖို့ ကျမ်းဂန်ထဲမှာ ပါတဲ့ ကိလေသာရဲ့ လှည့်စားပုံ (၃၆) မျိုးကို တင်ပြပေးလိုက်ပါတယ်။ တချို့ဟာတွေက လူဝတ်ကြောင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ထင်ရပေမယ့် လူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ တစ်ခုချင်းစီ နောက်မှ အလျင်းသင့်သလို ရှင်းပြပေးပါ့မယ်။
- ရာဂသည် မေတ္တာယောင် ဆောင်ပြီး လှည့်စားသည်။
- သောကသည် ကရုဏာယောင် ဆောင်ပြီး လှည့်စားသည်။
- မြူးတူးရွှင်ပျခြင်း (ပဟာသ) သည် မုဒိတာယောင် ဆောင်ပြီး လှည့်စားသည်။
- ကုသိုလ်တရားတို့၌ အားမထုတ်လိုခြင်းသည် ဥပေက္ခာယောင်ယောင် လှည့်စားသည်။
- စိတ်၏ ပူပန်ခြင်းသည် သံဝေဂယောင်ယောင် လှည့်စားသည်။
- သူတပါးကို မယုံကြည်ခြင်းသည် စူးစမ်းဆင်ခြင်လိုသော ဉာဏ်ဖြစ်သယောင် လှည့်စားသည်။
- သူတပါးကို အပြစ်မြင်တတ်ခြင်းသည် မကောင်းမှုကို ရှုံ့ချတတ်သယောင် လှည့်စားသည်။
- ရုန့်ရင်းကြမ်းတမ်းသော ဖရုသဝါစာသည် အပြစ်ကိုထောက်၍ နှိမ့်နင်းရှုံ့ချသော ဆုံးမစကားယောင် ဆောင်ပြီး လှည့်စားသည်။
- ဒါယကတို့အောက် နှိမ့်ချ ပြောဆိုတတ်ခြင်းသည် နှုတ်ခွန်းချိုသာသော ပိယဝါစာယောင် ဆောင်ပြီး လှည့်စားသည်။
- ဝန်တိုသဖြင့် (အလဇ္ဇီ ပုဂ္ဂိုလ်တို့အား) မမျှမဝေ မပေးလိုခြင်းသည် ဖြူစင်သော အသက်မွေးခြင်း ရှိသယောင် လှည့်စားသည်။
- အလဇ္ဇီ ပုဂ္ဂိုလ်နှင့် မျှဝေသုံးဆောင်တတ်ခြင်းသည် မတွန့်မတို မျှဝေသုံးဆောင်တတ်သယောင် လှည့်စားသည်။
- တရားနှင့်လျော်စွာ ဒါယကာတို့အား မချီးမြှောက်ခြင်းသည် ဒါယကာတို့နှင့် မနှီးနှောဘဲ ဝိနည်းနှင့်အညီ နေသယောင် လှည့်စားသည်။
- တရားနှင့်မလျော် ဒါယကာတို့နှင့် ရောနှောခြင်းသည် ဒါယကာတို့အား ချီးမြှောက်နေသယောင် လှည့်စားသည်။
- ကွဲပြားစိမ့်သောငှာ ကုန်းချောပြောဆိုတတ်ခြင်း (ပိသုဏဝါစာ) သည် အမှန်ကိုသာ ပြောဆိုလေ့ရှိသယောင် လှည့်စားသည်။
- သူတပါး၏ အကျိုးမဲ့ကို လိုလားခြင်းသည် ကုန်းတိုက်မှုကို မလိုလားသယောင် လှည့်စားသည်။
- ဒါယကာတို့၌ ဝန်တိုခြင်း (ကုလမစ္ဆရိယ) သည် ဒါယကတို့အား သနားငဲ့ညှာသယောင် လှည့်စားသည်။
- ကျောင်းရံ နေရာထိုင်ခင်း၌ ဝန်တိုခြင်း (အာဝါသမစ္ဆရိယ) သည် ထိုကျောင်း၏ အေးချမ်းသာယာမှုကို စောင့်ရှောက်နေသယောင် လှည့်စားသည်။
- တရားဓမ္မတို့၌ ဝန်တိုခြင်း (ဓမ္မမစ္ဆရိယ) သည် ထိုတရားတို့အား သိမ်းဆည်း စောင့်ရှောက်နေသယောင် လှည့်စားသည်။
- အကျိုးမဲ့စကားတို့၌ မွေ့လျော်ခြင်းသည် တရားစကားတို့၌ မွေ့လျော်သယောင် လှည့်စားသည်။
- အပေါင်းအဖော်၌ မွေ့လျော်ခြင်းသည် တပည့်သား သံဃာတို့အား ချီးမြှောက်နေသယောင် လှည့်စားသည်။
- ရဟန်းတရား၌ မမွေ့လျော်ခြင်းသည် ကုသိုလ်အလုပ်တို့၌ မွေ့လျော်သယောင် လှည့်စားသည်။
- ဒေါသနှင့်ယှဉ်သော နှလုံးမသာယာခြင်း (ဗျာပါဒ) သည် ခန္ဓာ၌ စက်ဆုပ် (ပဋိကူလသညာ) သယောင် လှည့်စားသည်။
- ကာမဂုဏ်၌ တပ်မက်ခြင်း (ကာမစ္ဆန္ဒ) သည် ခန္ဓာ၌ မစက်ဆုပ်မရွံရှာသယောင် လှည့်စားသည်။
- ငိုက်မျဉ်းပျင်းရိခြင်း (ထိနမိဒ္ဓ) သည် သမာဓိယောင်ယောင် လှည့်စားသည်။
- တည်ငြိမ်မှုမရဘဲ ပျံ့လွင့်တုန်လှုပ်ခြင်း (ဥဒ္ဒစ္စ) သည် ဝီရိယယောင်ယောင် လှည့်စားသည်။
- စိုးရိမ်ပူပန်တတ်ခြင်း (ကုက္ကုစ္စ) သည် ဝိနည်းသိက္ခာတို့အား အလေးထားသယောင် လေးစားသယောင် လှည့်စားသည်။
- ယုံမှားသံသယ (ဝိစိကိစ္ဆာ) သည် မိမိသူတပါး နှစ်ဖက်သော ဝါဒတို့ကို စုံစမ်းချင်သယောင် လှည့်စားသည်။
- အမှုမဲ့အမှတ်မဲ့နေခြင်း (သမ္မောဟ) သည် ဆိုးကောင်းနှစ်ထွေသော အာရုံတို့၌ တုန်လှုပ်ခြင်းမရှိ၊ လျစ်လျူရှုသယောင် လှည့်စားသည်။
- အယူလွဲမှားမှု (မိစ္ဆာဒိဋ္ဌိ) သည် စူးစမ်းဆင်ခြင်ရာ၌ မိမိ ဉာဏ်မီသလောက်ကိုသာ ဆုပ်ကိုင်၍ အမှန်တရားဖြစ်သယောင် လှည့်စားသည်။
- မသနား၊ မညှာတာတတ်ခြင်းသည် တပ်မက်ခြင်း ကင်းသယောင် လှည့်စားသည်။
- ကာမဂုဏ်တို့၌သာ ပွားများ ကျင့်ကြံနေထိုင်ခြင်း (ကာမသုခလ္လိကာနုယောဂ) သည် ဘုရားရှင် ခွင့်ပြုသည့် ဝိနည်းတော်နှင့် အညီ နေထိုင်သယောင် လှည့်စားသည်။
- လူကြီးသူမ၏ အဆုံးအမကို မနာခံလိုခြင်းသည် ကိုယ်ထူကိုယ်ထ ကိုယ်စွမ်းကိုယ်စဖြင့် နေထိုင်သယောင် လှည့်စားသည်။ (အတ္တာဓိပတေယျ)
- သီတင်းသုံးဖော်တို့အား မရိုသေခြင်းသည် ဓမ္မတရားတော်ကိုသာ အလေးအမြတ်ပြုသယောင် လှည့်စားသည်။ (ဓမ္မာဓိပတေယျ)
- တရားကိုမငဲ့ အများကိုသာငဲ့၍ အများနည်းတူ နေထိုင်နေခြင်းသည် လောကကို အလေးအမြတ်ပြုသယောင် လှည့်စားသည်။ (လောကာဓိပတေယျ)
- သီတင်းသုံးဖော် အာဂန္တုကတို့နှင့် ဝမ်းမြောက်ဝမ်းသာ စကားမပြောမဆိုနိုင်ခြင်းသည် အတိုင်းအရှည်သိ၍ စကားနည်းသူသယောင် လှည့်စားသည်။
- လှည့်ပတ်ဝေ့ဝိုက် ပြောဆိုတတ်ခြင်း (မာယာသာဌေယျ) သည် ဝမ်းမြောက်ဝမ်းသာသောစကား ပိယဝါစာယောင်ယောင် လှည့်စားသည်။