← Back to blog

ဇွန်ပန်းရုံဆီ မပြန်ချင်ပါ – မှူး

စာအုပ်တွေအကြောင်း
  • စာအုပ်အမည် – ဇွန်ပန်းရုံဆီ မပြန်ချင်ပါ
  • စာရေးသူ – မှူး
  • ထုတ်ဝေသူ – ကံ့ကော်ဝတ်ရည်
  • ပထမအကြိမ်၊ ဇန္နဝါရီလ ၂၀၂၄ ခု
  • စာမျက်နှာ – ၃၂၈

ကလေးမလေးတစ်ယောက်၊ ခုနစ်နှစ်သမီးကတည်းက စပြီး သန္ဓေတည်လာခဲ့တဲ့ စိတ်ဒဏ်ရာတစ်ခုက နောက်ထပ် အနှစ် ၂၀ ကြာလာခဲ့တဲ့ အထိ သူ့ဘဝကို တအိအိနဲ့ ဒုက္ခပေးလာခဲ့တယ်။ အဲဒီဒဏ်ရာကို တိုက်ရိုက်အနေနဲ့ ဘယ်သူက ပေးခဲ့တာလည်း ဆိုတော့ သူ့အစ်ကိုအရင်းက ပေးခဲ့တာ။ အတိအကျ ပြောရရင် ၇ နှစ်သမီး အရွယ်ကနေ စပြီး နောက်ထပ် ၁၀ နှစ်လောက်အထိ အစ်ကိုအရင်းရဲ့ လိင်အမြတ်ထုတ်ခြင်းကို ခံခဲ့ရတယ်။ အဲဒီလို မတော်တရော် လုပ်နေခဲ့တာကိုလည်း သူ့မိဘတွေက မသိကြဘူး။ သတိမထားမိကြဘူး။ ပိုပြီး တိတိကျကျ ပြောရရင် သတိထားဖို့ မကြိုးစားခဲ့ကြဘူး။ စိတ်မဝင်စားခဲ့ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လိင်အမြတ်ထုတ်နေတဲ့ အဲဒီ အစ်ကိုဆိုတာက အဲဒီမိဘတွေ ဖူးဖူးမှုတ် အလိုလိုက်ခြင်းကို ခံထားရတဲ့ သားကြီးဩရသ ဖြစ်နေလို့ပဲ။ အစ်ကိုက အပြစ်ရှိသူဆိုတော့ အပြစ်ရှိသူတို့ရဲ့ ထုံးစံအတိုင်း သူ့ဆီ အပြစ်မရောက်အောင် မိဘတွေနဲ့ ကုန်းတိုက်ပေးတယ်။ မိဘတွေကလည်း သမီးလတ်ထက် သားကြီးရဲ့ စကားကိုပဲ ယုံတော့ ဘာလုပ်လုပ်၊ ဘာဖြစ်ဖြစ် သမီးလတ်ရဲ့ အပြစ်ပဲ ဖြစ်နေတယ်။ မိဘတွေတင်လား ဆိုတော့ မဟုတ်သေးဘူး။ အဘိုးအဘွားတွေကအစ မြေးကြီးကိုပဲ အဟုတ်ထင်၊ အချစ်ပိုတော့ သမီးလတ်ဟာ အပယ်ခံ၊ အပြစ်တင်ခံ၊ လက်ညှိုးထိုးခံ ဘဝနဲ့ ကြီးပြင်းလာရတယ်။ အဲဒီလို အိမ်ထောင်စုထဲမှာ အချစ်ငတ်နေရရုံတင် မကဘဲ အစ်ကိုအရင်းရဲ့ လိင်အမြတ်ထုတ်ခြင်းကို ၁၀ နှစ်နီးပါး ခံလာခဲ့ရတယ် ဆိုတော့ အဲဒီမိန်းကလေးရဲ့ စိတ်ဒဏ်ရာက ဘယ်လောက်တောင် နက်ရှိုင်းနေမလဲ။ ဘယ်လောက်တောင် ကြီးကျယ်နေမလဲ ဆိုတာ စဉ်းစားတာ ကြည့်လိုက်တော့။ သူ့ခမျာ ဘယ်လောက်တောင် ထရော်မာတွေ ဝင်နေသလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရတာကိုတောင် ရွံလွန်းလို့ ရေချိုးခန်းထဲက ကြည့်မှန်ကို ဆေးဝါတွေ သုတ်ထားလိုက်တယ်တဲ့။ သူ့နာမည်က မိုးသံသာတဲ့။

ဒီဝတ္ထုထဲမှာ အဓိကဇာတ်ကောင်က သူပဲ။ ဘာဖြစ်လို့ဆိုတော့ သူက ဇာတ်ပြောသူအဖြစ်နဲ့ ဝတ္ထုတစ်အုပ်လုံးမှာ သူ့အကြောင်းသူ ပြန်ပြောသွားတာကိုး။ သူတို့မိသားစုမှာ အဖေရယ်၊ အမေရယ်၊ အစ်ကိုရယ်၊ ညီမလေးရယ်၊ နောက်ပြီး အတူတူ မနေကြတဲ့ အဘိုးအဘွားတွေရယ် ရှိတယ်။ အဲဒီအပြင် တခြား ဇာတ်ရံတွေကတော့ တစ်မြို့တည်းနေ၊ တစ်ကျောင်းတည်းတက်ပြီး နောင်အချိန်မှာ သမီးရည်းစား ဖြစ်လာတဲ့ ထူးမြတ်လင်း၊ ရုံးက လုပ်ဖော်ကိုင်ဖက် အစ်မကြီးတစ်ယောက်နဲ့ counciling group က ကောင်ဆယ်လာ မကြည်ဖြူရယ်။ ဇာတ်ကောင်တွေက အများကြီး မပါဘူး။ ဒီလောက်ပဲ။

စိတ်ဒဏ်ရာတွေနဲ့ သုန်မှုန်ထိုင်းမှိုင်းနေရှာတဲ့၊ တရော်မာတွေနဲ့ စိတ်ဆင်းရဲနေရှာတဲ့ မိုးသံကို ရုံးက လုပ်ဖော်ကိုင်ဖက် အစ်မကြီးက ကောင်ဆယ်လင်းလုပ်ကြည့်ဖို့ အကြံပြုလို့ ကောင်ဆယ်လာ မကြည်ဖြူနဲ့ တွေ့လာခဲ့တယ်။ ပြောရရင် ဇာတ်လမ်းရဲ့ သုံးပုံနှစ်ပုံလောက်က မကြည်ဖြူကို မိုးသံက သူ့ဘဝအကြောင်း ပြောပြရင်း၊ နောက်ကြောင်းပြန်ရင်း (အတိအကျ ပြောရရင် နောက်ကြောင်းပြန်တွေးရင်း) နဲ့ ၇ နှစ်သမီးဘဝကနေ စပြီး ကြုံခဲ့ရတဲ့ အနိဋ္ဌာရုံတွေနဲ့ စိတ်ခံစားမှုတွေကို နည်းနည်းချင်း စာဖတ်သူကို မိတ်ဆက်ပေးသွားတယ်။ စာရေးသူရဲ့ တင်ပြပုံ ပြောင်မြောက်လွန်းတာကြောင့် သုန်မှုန်နေတဲ့၊ စိတ်အားငယ်နေတဲ့ မိုးသံသာ ဆိုတဲ့ ကောင်မလေးတစ်ယောက်က ကိုယ့်အနားမှာ ထိုင်ပြီး ကိုယ့်ကို သူ့အကြောင်း ပြောပြနေသလို ခံစားနေရတဲ့ အထိပါပဲ။ ဒါကြောင့် ဝတ္ထုရဲ့ ဖွဲ့စည်းပုံနဲ့ တင်ပြပုံကို မချီးကျူးဘဲ မနေနိုင်အောင် တော်တော်လေး သဘောကျတယ်လို့ ဆိုရတော့မှာပဲ။

စာရေးသူကို ချီးကျူးရမှာ ဒီတစ်ချက်တည်းတင်တော့ မဟုတ်ဘူး။ ဒီဇာတ်လမ်းထဲမှာ အနိုင်ကျင့်ခံရတာ၊ လိင်အမြတ်ထုတ်ခံရတာ မိုးသံသာဆိုတဲ့ ကောင်မလေး တစ်ယောက်တည်း ဆိုပေမယ့် အဲဒီလုပ်ရပ်ကြောင့် စိတ်ဒဏ်ရာ ရသွားတဲ့သူက ကာယကံရှင်တစ်ယောက်တည်း ဖြစ်မနေဘူး။ ဟုတ်တယ်။ ဗုံးတစ်လုံး ချလိုက်လို့ ဗုံးမှန်ပြီး သေသွားတဲ့သူက တစ်ယောက်တည်း ဆိုရင်တောင် အဲဒီဗုံးအရှိန်ကြောင့် သူ့ပတ်ဝန်းကျင်မှာ ဒဏ်ရာရသွားနိုင်တဲ့သူက တစ်ယောက်မက ရှိနိုင်သေးတာပေါ့။ ဒီဇာတ်လမ်းထဲမှာလည်း အဲဒီလိုပါပဲ။ အစ်ကို လုပ်တဲ့သူက ညီမအရင်းဖြစ်တဲ့ မိုးသံသာကို ၁၀ နှစ်လုံးလုံး လိင်အမြတ်ထုတ်နေခဲ့တယ်။ ဒီရိုက်ချက်ကို တိုက်ရိုက်ထိမှန်တဲ့ သူကတော့ မိုးသံသာတစ်ယောက်တည်းပဲ။ ဒါပေမယ့် ဒီရိုက်ချက်ရဲ့ အရှိန်ကြောင့် ထိခိုက်သွားတဲ့သူက နောက်ထပ် နှစ်ယောက်မက ရှိနေခဲ့တယ်။ အဲဒီအထဲက တစ်ယောက်က မိုးသံသာရဲ့ ညီမလေးပဲ။ အစ်ကိုကြီး ဖြစ်သူက အစ်မ ဖြစ်သူကို လိင်အမြတ်ထုတ်နေတာ သိသိလျက်နဲ့ မသိကျိုးကျွံ ပြုနေခဲ့မိတော့ သူ့ဘဝတစ်လျှောက်လုံးမှာ အစ်မနဲ့ ပတ်သက်လာရင် အပြစ်ရှိသူရယ်လို့ တစ်သက်လုံး ခံစားနေရတော့တာပဲ။ ဒါလည်း ညီမဖြစ်သူအနေနဲ့ ရင်းစည်းခံသွားရမယ့် စိတ်ဒဏ်ရာတစ်ခုပဲ။ အဲဒီ အဖြစ်ကိုလည်း ဒီဝတ္ထုထဲမှာ သရုပ်ဖော်ထားတယ်။

ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အခါမှာ အချိန်ယူပြီး အေးအေးဆေးဆေး စဉ်းစားကြည့်တယ်။ ဒီဇာတ်လမ်းမှာ အပြစ်လုပ်တဲ့ အဓိက တရားခံဖြစ်တဲ့ အစ်ကိုကတော့ ထားပါတော့။ ထားပါတော့ ဆိုတာက စကားထဲကို ထည့်မပြောချင်တော့ဘူးလို့ ဆိုလိုတာပါ။ ဘန်းစကားနဲ့ ပြောရရင် သုတ်ကြောင်နေတဲ့ကောင်ကို စကားထဲ ထည့်မပြောချင်တော့ဘူး။ သူ့ကို ဘေးဖယ်ထားလိုက်ရင် နောက်ထပ် လူနှစ်ယောက်ကို စိတ်ထဲ တော်တော်လေး အခဲမကျေ ဖြစ်နေမိတယ်။ သူတို့ကို မကျေနပ်သလိုပဲ စာရေးသူကိုပါ ရောယောင် မကျေမနပ် ဖြစ်နေမိပြန်ရော။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာအုပ်ထဲမှာ သူတို့နှစ်ယောက်ကို စာရေးသူက ရဲရဲတင်းတင်း အပြစ်ဆိုမထားဘူး။ ပွင့်ပွင့်လင်းလင်း ထောက်ပြမထားဘူး။ ရဲရဲတင်းတင်း အပြစ်ပြောဖို့ သတ္တိမရှိတာလားလို့ ကျနော်က တွေးနေမိတယ်။ အဲဒီနှစ်ယောက် ဆိုတာက မိုးသံရဲ့ မိဘတွေပေါ့။ ဘာလို့ မကျေမနပ် ဖြစ်နေရသလဲဆိုတော့ မိဘဖြစ်ပြီး သားသမီးတွေကို မစောင့်ရှောက်တတ်လို့ပဲ။

နည်းနည်း ချဲ့ပြောရရင် အရွယ်ရောက်နေတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို အခန်းတစ်ခန်းထဲမှာ အတူတူ အိပ်ခိုင်းတဲ့ မိဘတွေကို တော်တော် အသုံးမကျတဲ့ မိဘတွေပဲလို့ ဆိုလိုက်ချင်တာပဲ။ ဒီဇာတ်လမ်းအရ ဆိုရင် မိုးသံက အသက် ၁၇ နှစ် ရောက်တဲ့အချိန်ထိ သူ့အစ်ကိုနဲ့ တစ်ခန်းတည်း အတူတူ အိပ်ခဲ့ရတယ်။ အနားမှာ ညီမလေးတစ်ယောက်တော့ ရှိသေးတာပေါ့။ ဒါပေမယ့် အရွယ်ရောက်နေတဲ့ အပျိုနဲ့ လူပျိုကို တစ်ခန်းထဲ အတူတူ မအိပ်ခိုင်းသင့်ဘူး ဆိုတဲ့ အခြေခံသဘောတရားကိုတော့ မိဘဖြစ်သူတွေက နားလည်ဖို့ ကောင်းတယ်။ နောက်ပြီး ရှိသေးတယ်။ အစ်ကို ဖြစ်သူက မိဘတွေ လိင်ဆက်ဆံတာကို ခိုးကြည့်ပြီး အဲဒီလို လိုက်လုပ်ချင်စိတ် ပေါက်လာလို့ ညီမအရင်းဖြစ်သူကို လက်တည့်စမ်းကြည့်ပါတယ်လို့ ဝတ္ထုထဲမှာ ရေးထားတယ်။ ဒါလည်း လူကြီးတွေဖြစ်တဲ့ မိဘတွေကို အပြစ်ဆိုရမှာပဲ။ သူတို့ အဝှာပြုချင်ရင်လည်း သိုသိုသိပ်သိပ်လေး ပြုကြပေါ့။ အနည်းဆုံး တံခါးကို ဂျက်ချသင့်တာပေါ့။ အခုဟာကို သူတို့ အဝှာပြုတာကို သားဖြစ်သူက ခိုးကြည့်နေလို့ ရနေတယ် ဆိုတော့ကာ ဒီလူကြီးတွေက အတော် မဆင်မခြင် နိုင်လွန်းတယ်လို့ ပြောရတော့မယ်။ နောက်ပြီး ရှိသေးတယ်။ မိုးသံကို အစ်ကိုဖြစ်သူက အိမ်သာထဲ ခေါ်သွင်းပြီး ၁၀ နှစ်လုံးလုံး လိင်စိတ်ဖြေခဲ့တယ်။ အိပ်ခန်းထဲမှာလည်း ကိုယ်ထိလက်ရောက် ပြုမူဆက်ဆံခဲ့တယ် ဆိုတာကို မိဘတွေက နည်းနည်းလေးမှ မရိပ်မိခဲ့ဘူး ဆိုတာမျိုးက ဖြစ်နိုင်ခြေက နှစ်ခုပဲ ရှိတယ်။ တစ်ခုက စာရေးသူရဲ့ အမှား ဖြစ်နိုင်တယ်။ ဇာတ်ရှိန်တင်တာ နည်းနည်း များသွားသလားပေါ့။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ အဲဒီ မိဘတွေ နည်းနည်းမှ သောက်သုံးမကျလို့ပဲ။

နောက်ထပ် ကျနော်အနေနဲ့ ဘာဆက်ပြောချင်သလဲ ဆိုတော့ ဒီဝတ္ထုထဲမှာ ယုတ္တိမရှိဘူးလို့ ထင်ရတဲ့ အပိုင်းကို အနည်းအကျဉ်း ပြောပြချင်တယ်။ ကျနော်ရဲ့ အထင်နဲ့ အမြင်ပေါ့လေ။ မှန်ချင်မှ မှန်မှာပေါ့။ ဒီဝတ္ထုထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ မိုးသံသာက သူ့တို့မိသားစု နေကြတဲ့ မြစ်သားအိမ်ကနေ အဝေးကို ထွက်ပြေးနိုင်ဖို့ အမြဲ ကြိုးစားနေခဲ့တယ်။ အဝေးဆိုတာ မန္တလေးလောက်ကိုတောင် မဟုတ်ဘူး။ ရန်ကုန်ကို ပြေးဖို့ ကြိုးစားခဲ့တယ်။ ရန်ကုန်မှာ ရှိတဲ့ ကုမ္ပဏီတွေကို မြစ်သားမှာ နေရင်း အလုပ်လှမ်းလျှောက်တယ်။ ဪ … ပြောဖို့ ကျန်သွားတာက အလုပ်လျှောက်နေတဲ့ အချိန်မှာ သူက မြစ်သားမှာ အလုပ်ဝင်နေပြီ။ အတိုချုပ် ပြောရရင် ရန်ကုန်က ကုမ္ပဏီတစ်ခုက သူ့ကို လက်ခံလိုက်တယ်ပေါ့။ ဒီအထိက ဘာမှ မထူးဆန်းဘူးလို့ ပြောနိုင်တယ်။ အဲ … ထူးဆန်းနေတာက မိုးသံသာ ဆိုတဲ့ စိတ်ဒဏ်ရာ ရနေတဲ့ မှုန်တေတေကောင်မလေးတစ်ယောက်က ရန်ကုန်ကို တစ်ယောက်တည်း ဆင်းသွားခဲ့တဲ့ ကိစ္စပဲ။ ဇာတ်လမ်း အသွားအလာအရ မိုးသံတို့က ရန်ကုန်မှာ ဆွေမျိုးမရှိဘူး၊ သူငယ်ချင်းမရှိဘူး။ သူ ရန်ကုန်ကို သွားမယ် ဆိုတဲ့အချိန်မှာ ရန်ကုန်မှာ သူ့အတွက် ကျောထောက်နောက်ခံ တစ်ယောက်မှ ရှိမနေဘူး။ ဒီတော့ အပျိုအရွယ် မိန်းကလေးတစ်ယောက်က ရန်ကုန်လို မြို့ကြီးပြကြီးကို တစ်ယောက်တည်း ဆင်းသွားပြီး နေဖို့ တိုက်ခန်းရှာတယ်။ အလုပ်ဝင်တယ်။ နောက်ပြီး ငှားထားတဲ့ တိုက်ခန်းမှာ တစ်ယောက်တည်း နေခဲ့တယ် ဆိုတာကြီးက အရမ်းအရမ်းကို ယုတ္တိမတန်ဘူးလို့ ယူဆတာပဲ။

နောက်ပြီး ရှိသေးတယ်။ မြစ်သားကနေ ရန်ကုန်လာနေပြီး အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ယောက်က တိုက်တစ်တိုက်ရဲ့ သုံးလွှာမှာ တစ်ယောက်တည်း အခန်းငှားပြီး နေနိုင်လောက်အောင် သူ့အလုပ်က ဘာအလုပ်မို့လဲ။ ဝင်ငွေ ဘယ်လောက် ရနေလို့လဲ။ ဒါလည်း အတော်တော့ စဉ်းစားစရာပဲ။ ရန်ကုန်မြို့ရဲ့ စရိတ်စကတွေနဲ့ ၆ လွှာ၊ ၇ လွှာမှာတောင် တစ်ခန်းလုံး တစ်ယောက်တည်း ငှားနေဖို့ ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ ဇာတ်လမ်းအရ ဆိုရင် မိုးသံက ရန်ကုန်စရောက်ကတည်းက အဲဒီ သုံးလွှာက တိုက်ခန်းကို တစ်ယောက်တည်း ငှားနေခဲ့တယ်လို့ ယူဆရမှာ။ ဒါ တော်တော်တော့ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ အခု ပြောခဲ့တဲ့ အချက်တွေက ဝတ္ထုတစ်ပုဒ်လုံးကို ဘယ်လိုမှ မထိခိုက်နိုင်ပါဘူး ဆိုပေမယ့် ကျနော်က မိုးသံဆိုတဲ့ ကောင်မလေးတစ်ယောက် ရန်ကုန်ရောက်ရောက်ချင်းမှာ ဘယ်လိုများ ရုန်းကန်ရမှာပါလိမ့်လို့ စဉ်းစားကြည့်မိလိုက်တော့ ကုမ္ပဏီဝန်ထမ်းငယ်လေးတစ်ယောက်က ရန်ကုန်မြို့ သုံးလွှာမှာ တိုက်တစ်ခန်းလုံး ဘယ်လိုများ ငှားနေနိုင်ပါလိမ့်လို့ မင်တက်အံ့ဩနေမိရော။

အရေးအသားပိုင်းကို နည်းနည်း ပြောကြည့်ရအောင်။ ဒီစာရေးသူက ‘နေ’ ဆိုတဲ့ ပစ္စည်းကို တော်တော်လေး ခံတွင်းတွေ့ပုံရတယ်။ ဥပမာ ပြရရင် – သတိမထားမိနေဘူး။ ဂရုမပြုမိနေတော့ဘူး။ ကျွန်မဆီမှာ လာပေါ်မနေတော့ပြန်ပါဘူး။ မြင်ရတယ်ရယ်တော့ မဟုတ်နေပါဘူး။ သယ်ပိုးမနေဖြစ်တော့တဲ့ …။ ဘာပန်းပွင့်မှ မတွေ့နေဘူး။ ကြိယာတွေမှာ ‘နေ’ ဆိုတဲ့ ပစ္စည်းကို အတော်များများ ထည့်သုံးထားတာ တွေ့ရတယ်။ အပြစ်ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါ သူ့စတိုင်ပေါ့လေ။ ဒါပေမယ့် တချို့ စာကြောင်းတွေမှာကျတော့ ကျနော်အနေနဲ့ ဖတ်ရတာ နည်းနည်း ထောက်နေတယ်။ တကယ်လို့ စာလုံးတစ်လုံးမှာ ပစ္စည်းက နှစ်ခု သုံးခု ပါလာရင် ဘယ်ဟာကို အရင်ထားရမလဲ ဆိုတာက လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း တူကြတာတော့ မဟုတ်ဘူး။ ဥပမာ ‘မိ’ နဲ့ ‘နေ’ ဆိုပါတော့။ ‘မိနေ’ လို့ သုံးမလား၊ ‘နေမိ’ လို့ သုံးမလား။ ဒါ စာရေးသူပေါ်မှာ မူတည်တာပဲ။ ဥပမာဆောင်ရရင် ‘စားချင်နေမိတယ်’ ၊ ‘စားချင်မိနေတယ်’ ၊ ‘စားနေချင်မိတယ်’။ ဒီသုံးခုက အဓိပ္ပာယ်တူတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ‘စားနေမိချင်တယ်’ ၊ ‘စားမိနေချင်တယ်’ ၊ ‘စားမိချင်နေတယ်’ ဆိုတာကျတော့ အဓိပ္ပာယ် နည်းနည်းလေး ကွဲသွားတယ်။ စကားကို အစပြန်ကောက်ရရင် စာရေးသူက ‘နေ’ ဆိုတဲ့ ပစ္စည်းကို ကျနော် မသုံးဖြစ်တဲ့ နေရာတွေမှာ သုံးထားတော့ ဖတ်ရတာ တစ်မျိုးကြီးပဲ။ ဒါ ကျနော်ရဲ့ ပုဂ္ဂလအမြင်ပါနော်။ ဥပမာ ပြရရင် – သိပ်မဆာနေဘူး။ ဘေးနားမှာ မရှိနေပေးနိုင်လို့ အားနာတာ။ အစက မလိမ်းနေတော့ဘူး ဆိုလို့ .. ။

နောက်ဆုံးအနေနဲ့ တစ်ခုလောက် ပြောလိုက်ပါရစေဦး။ ဒါက စာစီသူကိုပဲ အပြစ်တင်ရမလား၊ ဒါမှမဟုတ် မူရင်း စာရေးသူကိုပဲ အပြစ်ပြောရမလား မသိတော့ဘူး။ စကားပြော ဒိုင်ယာလော့တွေကို အများကြီး တစ်ခုပြီးတစ်ခု ချရေးလိုက်တဲ့အခါမှာ တက်လာနိုင်တဲ့ အကြီးမားဆုံး ပြဿနာက ဘယ်စကားကို ဘယ်သူက ပြောတာလဲလို့ ဝေခွဲမရ ဖြစ်သွားနိုင်တဲ့ ပြဿနာမျိုးပဲ။ ဘယ်သူ ပြောပါတယ်လို့ အတိအကျ ထည့်မရေးဘဲ “” double quote နဲ့ စကားပြောတွေကို အထက်အောက် အများကြီး စီရေးလိုက်ရင် ဒီစကားကို ဘယ်သူက ပြောတာပါလိမ့်လို့ စာဖတ်သူက ကြိုးစားပြီး ခွဲနေရတယ်။ ပိုပြီး ဆိုးတာကို ဒီစာအုပ်ထဲမှာ လူတစ်ယောက်တည်းက ပြောတဲ့ စကားကို “” နှစ်စုံနဲ့ အထက်အောက်ကပ်လျက် ရေးထားတာမျိုးပဲ။ ဥပမာ မိုးသံနဲ့ မကြည်ဖြူနဲ့ စကားပြောနေတဲ့ အခန်းဆိုရင် ပထမစာကြောင်းက မိုးသံ ပြောတာလို့ ကောက်ချက်ဆွဲလိုက်ရင် သေချာတယ်၊ ဒုတိယစာကြောင်းက မကြည်ဖြူ ပြောတဲ့ စကားပဲ ဖြစ်ရတော့မယ်။ ဒါပေမယ့် ဒီဝတ္ထုထဲက တချို့နေရာမှာ ပထမစာကြောင်းက မကြည်ဖြူ ပြောပြီး ဒုတိယစာကြောင်းကလည်း မကြည်ဖြူပဲ ပြောတယ်လို့ ယူဆနိုင်သလို ဖြစ်နေတယ်။ ဥပမာ စာမျက်နှာ ၁၀၀ မှာ အပေါ်တစ်ကြောင်းက “မမိုးသံ ဒီလိုခံစားနေရတယ် ဆိုရင် ပေးနိုင်ခဲ့လို့ပေါ့” လို့ ရေးထားပြီး သူနဲ့ အောက်ကပ်လျက်အကြောင်းမှာ “မမိုးသံ ကျွန်မ ပြောတာ နားထောင်နော်။ … ” လို့ ရေးထားတယ်။ ဒီမှာ နှစ်ကြောင်းလုံးက ‘မမိုးသံ’ ဆိုတဲ့ အာလုတ်စကား ပါနေလို့ နှစ်ကြောင်းစလုံးက မကြည်ဖြူ ပြောတဲ့စကားတွေပဲလို့ ယူဆလို့ရတယ်။ ပုံမှန်အားဖြင့် ဆိုရင်တော့ လူတစ်ယောက်တည်းက ပြောတဲ့ စကားတွေကို အခုလို နှစ်ကြောင်းခွဲပြီး အထက်အောက်ရေးထားလေ့ မရှိဘူး။ ရေးစရာလည်း မလိုဘူးလေ။ ဒီမှာက နှစ်ကြောင်းခွဲရေးထားတော့ ဖတ်ရင်း ကြောင်တောင် ကြောင်သွားတယ်။ တတိယလူတစ်ယောက်များ ထပ်ရှိနေသလားပေါ့။ ကျနော် မှတ်မထားမိတဲ့ စာမျက်နှာ တစ်ခုမှာကတော့ အခုလိုပဲ လူတစ်ယောက်တည်းက ပြောတဲ့ စကားကို နှစ်ကြောင်းခွဲရေးထားတယ်။ ဒါပေမယ့် အာလုတ်စကား မပါတော့ အတော်လေး စဉ်းစားလိုက်ရတယ်။ ဒီစကားကို ဘယ်သူ ပြောတာလဲပေါ့။

နောက်ပြီး စာရေးသူက ဝတ္ထုတစ်ပုဒ်ကို စကားပြောဟန်နဲ့ ရေးထားတာ ဆိုတော့ ဒိုင်ယာလော့တစ်ခုခုမှာသာ double quote တစ်ခု မေ့ကျန်ခဲ့ရင် အတော်လေး တိုင်ပတ်တာပါ။ အဲဒီလို နှစ်နေရာလောက် တွေ့မိသလားလို့။ တစ်ခုတော်သေးတာက အဖွင့်အပိတ် နှစ်ခုစလုံး ကျန်ခဲ့တာမျိုး မဟုတ်ဘဲ အဖွင့် “ ကျန်ခဲ့တာ ဒါမှမဟုတ် အပိတ် ” ကျန်ခဲ့တာမျိုး ဆိုတော့ ခန့်မှန်းကြည့်လို့ ရနိုင်သေးတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ … အဲ … နောက်ဆုံးတွေ များနေပြီ။ 😁 ကျနော်ရဲ့ အမြင်တစ်ခုကို တင်ပြကြည့်ချင်တာပါ။ ဆရာလုပ်တာတော့ မဟုတ်ပါဘူး။ ကိုယ့်အမြင် တင်ပြကြည့်တာ။ ဒီလိုဆိုရင် ပိုကောင်းမလား ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒီဝတ္ထုတစ်ပုဒ်လုံးမှာ မိုးသံ ဆိုတဲ့ ကောင်မလေးက သူရဲ့ အနှစ် ၂၀ စာ စိတ်ဒဏ်ရာတွေ၊ သူရဲ့ ခံစားချက်တွေကို တင်ပြသွားခဲ့တယ်။ တကယ်တော့ ဒီဝတ္ထုက မိုးသံသာ အကြောင်းပဲ။ သူ တစ်ယောက်တည်းရဲ့ အကြောင်းပဲ။ အတိအကျ ပြောရရင် သူတစ်ယောက်တည်းရဲ့ စိတ်ဒုက္ခအကြောင်းလို့လည်း ဆိုနိုင်တယ်။ အဲဒီအထဲမှာမှ မိုးသံရဲ့ ညီမနဲ့ တခြား အစ်မတစ်ယောက်ရဲ့ စိတ်ခံစားမှုတချို့ကိုလည်း ဖော်ပြထားတာ ပါတော့ပါတာပေါ့။ ဒါပေမယ့် အဓိကကတော့ မိုးသံရဲ့ ထရော်မာတွေ အကြောင်းကို စီကာပတ်ကုံး ဖွဲ့နွဲ့ဖော်ပြထားတယ်လို့ ဆိုရမယ်။ ဝတ္ထုရဲ့ အစကနေ အဆုံးထိ ဇာတ်ပြောသူက မိုးသံတစ်ယောက်တည်း။ ဆိုလိုတာက မိုးသံဆိုတဲ့ ကောင်မလေးက သူ့ဘဝဇာတ်ကြောင်း၊ ဒါမှမဟုတ် သူရဲ့ ထရော်မာတွေ စိတ်ဒဏ်ရာတွေကို စာဖတ်သူကို ပြောပြနေခဲ့တာပေါ့။ ဘယ်လို ခံစားနေရတယ်၊ ဘယ်လောက်တောင် စိတ်ဒုက္ခရောက်နေရသလဲ ဆိုတာ ပီပြင်လွန်းလို့ စာဖတ်နေသူတောင်မှ ဖတ်ရင်း စိတ်ထဲ အတော်လေး ပင်ပန်းလာတယ်။ အတော်လေး အသက်ဝင်တယ်။ ပြည့်စုံတယ်။ တကယ့်ကို ဝါရင့်စာရေးဆရာတစ်ယောက် ရေးနေသလားလို့တောင် အောက်မေ့မိပါတယ်။ စကားစပ်လို့ ပြောရရင် စာမျက်နှာ ငါးမျက်နှာလောက် ဖတ်ပြီးပြီ ဆိုကတည်းက ဒီဝတ္ထုဟာ စာရေးသူရဲ့ ပထမဆုံး လက်ရာပါ ဆိုတာကိုတောင် လုံးဝ လုံးဝ မေ့သွားတယ်။ တကယ့်ကို ဝါရင့်သဘာရင့်တဲ့ စာရေးဆရာရဲ့ လက်ရာကို ဖတ်နေမိသလို စိတ်က စာအုပ်ထဲမှာ လုံးဝ မြုပ်ဝင်သွားခဲ့တယ်။

ကျနော် တွေးကြည့်တာက ဒီလိုပါ။ ဒီဝတ္ထုကို ဖတ်နေတဲ့ အတောအတွင်းမှာ မိုးသံဆိုတဲ့ ကောင်မလေးရဲ့ စိတ်သောကတွေ၊ စိတ်ကစဉ့်ကလျား ဖြစ်ပုံတွေ၊ စိတ်စနိုးစနောင့် ဖြစ်ရပုံတွေကို ကွက်ကွက်ကွင်းကွင်း မြင််နေရပေမယ့် သူရဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ဘယ်လို မူမမှန် ဖြစ်နေတယ် ဆိုတာကျတော့ မပီပြင်ဘူးလားလို့။ အတိအကျ ပြောရရင် မမြင်ရဘူး ဖြစ်နေတယ်။ ဒါကလည်း တင်ပြပုံပေါ် မူတည်တာပေါ့လေ။ မိုးသံက ဇာတ်ပြောသူအနေနဲ့ တင်ပြနေရတော့ မိုးသံရဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဘယ်လို ဖြစ်ပျက်နေတယ်၊ ဘယ်လို ပုံပျက်ပန်းပျက် ဖြစ်နေတယ် ဆိုတာကို မိုးသံအနေနဲ့ ပြောပြဖို့ မဖြစ်နိုင်တော့ဘူး။ ဒီတော့ ကျနော် စဉ်းစားကြည့်တယ်။ ဇာတ်ပြောသူ နောက်တစ်ယောက် ထပ်ထည့်ရင်ကော။ ကျနော် အကြိုက်ကတော့ မကြည်ဖြူပေါ့။ ဒီဝတ္ထုကို ဇာတ်ပြောသူ တစ်ယောက်တည်း မထားဘဲနဲ့ မိုးသံအပြင် မကြည်ဖြူ ထပ်ထည့်လိုက်မယ်ဆိုရင် မိုးသံရဲ့ ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေကိုပါ မကြည်ဖြူရဲ့ မျက်လုံးကနေတစ်ဆင့် စာဖတ်သူကို တင်ပြသွားနိုင်မယ်ပေါ့။ ဒီလိုဆိုရင် အဓိကဇာတ်ကောင်ဖြစ်တဲ့ မိုးသံသာရဲ့ ကစဉ့်ကလျား ဖြစ်နေတဲ့ စိတ်ကိုတင် မကဘဲ ရုပ်ကိုပါ ပီပီပြင်ပြင် မြင်လာနိုင်မယ် မလာလို့ …

Leave a comment

Your email address will not be published. Required fields are marked *