← ဘလော့ဂ်သို့ ပြန်ရန်

ပါဠိစာပေလာ သဗ္ဗညုတဉာဏ်

ပါဠိဝေါဟာရ ဘာသာရေးအမြင်

ကျနော်တို့ ဗုဒ္ဓစာပေတွေကို လေ့လာသင်ယူတဲ့ အခါမှာ၊ ဖတ်ရှုမှတ်သားတဲ့ အခါမှာ ဆရာသမားတွေက ပါဠိကျမ်းစာတွေအပေါ် သံသယ မဖြစ်ဖို့၊ ကိုယ့်ဉာဏ် တစ်ထွာတစ်မိုက်လောက်နဲ့ ခြေရာမတိုင်းဖို့ ဆုံးမတတ်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတာ့ အဲဒီ ပါဠိကျမ်းစာတွေ အားလုံးက ဘုရားဟောတွေ မို့လို့ပါတဲ့။ ဘုရားဟော ဖြစ်တာနဲ့ပဲ ဘာဖြစ်လို့ သံသယ မရှိထိုက်တာလဲ၊ ဘာဖြစ်လို့ အကုန်လုံး အမှန်ချည်း ဖြစ်နေတာလဲ ဆိုတော့ ဘုရားရှင်က အလုံးစုံ၊ အရာခပ်သိမ်းသိတဲ့ (သဗ္ဗညူ) ပုဂ္ဂိုလ်မို့လို့ပါတဲ့။ ဒီတော့ အားလုံးကို မျက်စိမှိတ်လို့သာ ယုံပစ်လိုက် ဆိုတဲ့ သဘောပေါ့။ အထက်ပါ အဆိုမှာ ပေးထားချက် နှစ်ခု ပါနေတယ်။

  • ပါဠိကျမ်းစာအားလုံးက ဘုရားဟောတွေ ဖြစ်တယ်။
  • ဘုရားရှင် (ဗုဒ္ဓ) က အလုံးစုံ၊ အရာခပ်သိမ်း၊ အကြွင်းမဲ့ သိတဲ့ (သဗ္ဗညူ) ပုဂ္ဂိုလ် ဖြစ်တယ်။

ပထမ ပေးထားချက်နဲ့ ပတ်သက်ပြီး ပြောရရင် ပါဠိကျမ်းစာတွေထဲမှာ ဘုရားကိုယ်တော်တိုင် ဟောကြားတဲ့ မုခပါဌ်တော်တွေ ပါတဲ့အပြင် ဘုရားရှင်ရဲ့ သာဝကကြီး၊ သာဝကငယ်တွေရဲ့ ဟောတရားတွေ ပါနေတာကလည်း လူသိရှင်ကြား အများသိ ကိစ္စပေပဲ။ ဒါပေမယ့် အဲဒီတရားတော် အများစုကို ဘုရားကိုယ်တိုင်က “ငါ့ကို မေးလာရင် ငါလည်း အဲဒီလို ဖြေလိုက်မှာပဲ” ရယ်လို့ ထောက်ခံစကား ဆိုထားတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီ သာဝကကြီးငယ်တွေရဲ့ တရားတော်တွေကိုလည်း ဗုဒ္ဓရဲ့ အာဘော်နဲ့ ကိုက်ညီတယ်၊ ဒါကြောင့် ဘုရားဟော ဖြစ်တယ်လို့ ယူဆကြတယ်။ နောက်ပြီး ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နောက်နှစ် ၅၀၀ ကျော်ကနေ ၁၀၀၀ ကျော် အတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အဋ္ဌကထာဆရာတွေရဲ့ ကျမ်းစာတွေကို ကျပြန်တော့လည်း နှောင်းခေတ် မျိုးဆက်သစ် ဆရာ့ဆရာတွေ (အထူးသဖြင့် ဋီကာဆရာတွေ) က ဘုရားဟောတွေလို့ လက်ခံထားကြပြန်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအဋ္ဌကထာဆရာကြီးတွေက ဗုဒ္ဓမတ္တညူ (ဗုဒ္ဓရဲ့ အလိုကို သိသူ) ဖြစ်လို့ပါတဲ့။ ထားတော့ … အခု ဒီမှာ ကျနော် အဲဒီအကြောင်းအရာကို အထူးပြုပြီး မဆွေးနွေးချင်ပါဘူး။ ဘုရားဟော ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ထွေထွေထူးထူး ပြောမနေချင်ဘူး။

ဗုဒ္ဓက အလုံးစုံ၊ အရာခပ်သိမ်း၊ အကြွင်းမဲ့ သိတဲ့ (သဗ္ဗညူ) ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတဲ့ ပေးထားချက်ကို ကျနော်က ပိုစိတ်ဝင်စားပါတယ်။ သဗ္ဗညုတဉာဏ် ဆိုတဲ့ စကားလုံးက မြန်မာတွေအတွက် လုံးဝ မစိမ်းတဲ့ ဝေါဟာရတစ်ခုပါ။ သဗ္ဗညုတဉာဏ်ကို အခုခေတ်မှာ သဗ္ဗညုတဉာဏ်လို့ပဲ တိုက်ရိုက် မြန်မာပြန်ပေမယ့် ပုဂံခေတ်မှာတော့ သဗ္ဗညုတဉာဏ်ကို “သိစပ်မြင်နှံ့” လို့ မြန်မာမှု ပြုထားတယ်။ ကျနော်တို့ မြန်မာတွေ နားလည်ထားတဲ့ သဗ္ဗညုတဉာဏ်ရဲ့ အဓိပ္ပာယ်က အကြမ်းဖျင်းပြောရရင် သိစရာရှိတာ အကုန် သိတယ်။ အပိတ်ပင် အတားဆီး မရှိ သိတယ်။ ဘာမဆို တစ်ခုတလေမှ မခြွင်းမချန်ဘဲ နှံ့နှံ့စပ်စပ် သိတယ်။ ပြီးတော့ ဘယ်သူကမှ သင်ပေးစရာ မလိုဘဲ၊ တစ်ဆင့်ကြား မဟုတ်ဘဲ အသိပညာ၊ အတတ်ပညာ မှန်သမျှကို အလိုလို သိနေတယ်။ ဒါက ကျနော်တို့ သိထားတဲ့ သဗ္ဗညုတဉာဏ်ရဲ့ အနက်အဓိပ္ပာယ်ပဲ။ ဘုရားရှင် ပိုင်ဆိုင်ထားတဲ့ ဂုဏ်တော်တစ်ခုပဲ။ ဒါပေမယ့်လေ … သုတ္တန်တချို့မှာ ဗုဒ္ဓကိုယ်တော်တိုင်က အဲဒီလို အကုန် မသိပါဘူးလို့ တည့်တိုးကြီး ဝန်ခံထားလေတော့ ကျနော်အတွက် စိတ်ဝင်စားစရာ ဖြစ်လာရတယ်။ ဗုဒ္ဓကိုယ်တိုင် ငြင်းဆိုထားခဲ့တဲ့ သုတ္တန်တွေ အကြောင်းကို မပြောခင် စာနွှေးတဲ့ အနေနဲ့ အဋ္ဌကထာဆရာတွေနဲ့ ခေတ်နှောင်း ကျမ်းပြုဆရာတွေရဲ့ သဗ္ဗညုတဉာဏ်နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု အကြောင်းကို အရင် ပြောကြရအောင်။

သဗ္ဗညုတဉာဏ်အကြောင်းကို အကျယ်တဝံ့ ဖွင့်ဆိုပြခဲ့တဲ့ ပထမဆုံး ကျမ်းစာက ‘ပဋိသမ္ဘိဒါမဂ်’ ပါ။ အဲဒီကျမ်းစာကို ပိဋကသုံးပုံ စာရင်းဝင်ကျမ်းအဖြစ် သတ်မှတ်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီကျမ်းစာပါ တရားတော်တွေကို အရှင်သာရိပုတ္တ မထေရ်က ဟောကြားထားတယ်လို့ ယုံကြည်ထားလို့ပါ။ ဒါပေမယ့် အဲဒီကျမ်းစာက အရှင်သာရိပုတ္တမထေရ်ကြီး ပရိနိဗ္ဗာန်စံပြီး (အနည်းဆုံး) နှစ်ပေါင်း ၃၀၀ ကျော်မှ ပေါ်ပေါက်လာတဲ့ ကျမ်းတစ်စောင်ပါလို့ ပညာရှင်အများက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြတယ်။ ပြောရရင် အဘိဓမ္မာထဲမှာ ပါတဲ့ ကထာဝတ္ထုကျမ်းနဲ့ ခေတ်ပြိုင် ဖြစ်ဖို့ များတယ်ပေါ့။ ဘာဖြစ်လို့ ခေတ်ပြိုင် ဖြစ်နေရသလဲ ဆိုတာကို နောက်ပိုင်းကျမှ ထပ်ရှင်းပြပါမယ်။ ဒီတော့ အဲဒီ ပဋိသမ္ဘိဒါမဂ်ကျမ်းက ဘီစီ ၃၀၀ နောက်ပိုင်းမှ ပေါ်တဲ့ ကျမ်း။ အဲဒီကျမ်းထဲမှာ ပထမဆုံးအနေနဲ့ သဗ္ဗညုတဉာဏ်ကို အကျယ်တဝံ့ ဖွင့်ဆိုပြထားတယ်။

ပထမဖွင့်ဆိုချက်အရ သဗ္ဗညုတဉာဏ် ဆိုတာ သိအပ်တဲ့တရား (ဉေယျဓမ္မ) အားလုံးကို ခြုံငုံပြီး သိတဲ့ ဉာဏ်တဲ့။ ဒီမှာ ဉေယျဓမ္မ ၅ ပါးရှိကြောင်းကို ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာက ထပ်ဆင့်ဖွင့်ပြတယ်။ ဘာတွေလဲ ဆိုတော့ (၁) သင်္ခါရ – အကြောင်းတရားကြောင့် ဖြစ်တဲ့ ရုပ်နာမ်အားလုံး၊ (၂) ဝိကာရ – ဖောက်ပြန်ပြောင်းလဲမှု အသွင်သဏ္ဌာန်များ (သဘောက သက်ရှိသက်မဲ့ ရုပ်စွမ်းအင်အားလုံး)၊ (၃) လက္ခဏ – မှတ်ကြောင်း နိမိတ်လက္ခဏအားလုံး၊ (၄) နိဗ္ဗာန်၊ (၅) ပညတ်။ ဆိုတော့ အကြွင်းအကျန် မရှိ သိတယ် ဆိုတဲ့သဘော သက်ရောက်သွားတယ်။

ဒုတိယဖွင့်ဆိုချက်အရ သဗ္ဗညုတဉာဏ် ဆိုတာ အာဝရဏ (အတားအဆီး) မရှိဘူး ဆိုပြီး အနာဝရဏဉာဏ်နဲ့ ပေါင်းပေးလိုက်တယ်။ ဒီတော့ ဘာကိုပဲ သိချင်သိချင် အတားအဆီး မရှိဘဲ ဉာဏ်မှာ လာထင်တယ် ဆိုတဲ့ သဘော။ သူ ပေးတဲ့ ဥပမာက “လက်ဖဝါးပေါ်မှာ ဆီးဖြူသီးကို တင်ကြည့်ရသလို” ပဲတဲ့။ သိချင်ရင် စိတ်ထဲ အလိုလို ပေါ်လာတယ် ဆိုတဲ့ သဘော။

တတိယဖွင့်ဆိုချက်အရ ‘သဗ္ဗ’ ဆိုတဲ့ ပုဒ်ကို ပုံကြီးချဲ့ပြထားတယ်။ သဗ္ဗညူ ဆိုတဲ့ ပါဠိပုဒ်က သဗ္ဗ + ညူ ပါ။ သဗ္ဗ ဆိုတာက အလုံးစုံ၊ ညူ ဆိုတာက သိတာ။ ဒီတော့ သဗ္ဗညူ ဆိုတာက အလုံးစုံကို သိသည်လို့ အဓိပ္ပာယ် ရတယ်။ ဒီတော့ သဗ္ဗ – အလုံးစုံ ဆိုတဲ့ စကားလုံးရဲ့ အကျယ်အဝန်း၊ နယ်ပယ်ကို သိဖို့ လိုတာပေါ့။ သံယုတ္တနိကာယ် သဗ္ဗသုတ်မှာ ဘုရားက အလုံးစုံ ဆိုတာ သစ္စာလေးပါးနဲ့ အာယတန (၁၂) ပါးသာ ဖြစ်ကြောင်း ကန့်သတ် ဖွင့်ဆိုပြထားတယ်။ ဒါပေမယ့် ပဋိသမ္ဘိဒါမဂ်ကျမ်းထဲမှာ ကျတော့ အဲဒီ ‘သဗ္ဗ’ ပုဒ်ကို အများကြီး အကျယ်ချဲ့ ပစ်လိုက်တယ်။ ဥပမာ စက္ခုသဗ္ဗ ဆိုရင် မျက်စိနဲ့ ဆက်စပ်သမျှ တရားအားလုံး။ သောတသဗ္ဗ၊ ဃာနသဗ္ဗ၊ ဇိဝှာသဗ္ဗ၊ ကာယသဗ္ဗ၊ မနသဗ္ဗ၊ … နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်နဲ့ ဆက်စပ်သမျှ တရားအားလုံး။ ပြီးတော့ ဓာတုသဗ္ဗ ဆိုရင်လည်း ပထဝီဓာတ်နဲ့ ဆက်စပ်သမျှ အရာအားလုံး၊ အာပေါသဗ္ဗ၊ တေဇောသဗ္ဗ၊ ဝါယောသဗ္ဗ၊ ဓာတ်လေးပါးနဲ့ ဆက်စပ်သမျှ အရာအားလုံး။ ပြီးတော့ ကာလသဗ္ဗ ကျတော့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလနဲ့ ဆက်စပ်သမျှ အရာအားလုံး။ ပြီးတော့ ရှိသေးတယ်။ လောကီသဗ္ဗက လောကီကိစ္စ မှန်သမျှအားလုံး၊ လောကုတ္တရာသဗ္ဗက မဂ်ဖိုလ်နိဗ္ဗာန် ဆိုတဲ့ လောကုတ္တရာကိစ္စနဲ့ စပ်ဆိုင်သမျှ အရာအားလုံး။ ဒီတော့ အနှစ်ချုပ်ရရင် “ယံ ကိဉ္စိ ဉေယျံ၊ သဗ္ဗံ ဇာနာတီတိ သဗ္ဗညု” တဲ့။ အဓိပ္ပာယ်က သိအပ်သော တရားဟူသမျှ အလုံးစုံကို သိတော်မူသောကြောင့် သဗ္ဗညု မည်၏ တဲ့။ Total Knowledge အကြွင်းမဲ့သိခြင်း ဆိုတဲ့ သဘောကို သက်ရောက်နေတယ်။

ခက်တာ ဘုရားရှင်ကိုယ်၌က အဲဒီအဆိုကို လက်မခံဘူး။ တစ်နည်းဆိုရရင် သူ့ကိုယ်သူ ‘သဗ္ဗညူ’ ပါလို့ ဝန်မခံဘူး။

မဇ္ဈိမနိကာယ်ထဲက တေဝိဇ္ဇဝစ္ဆသုတ်မှာ ဝစ္ဆအနွယ်ဖြစ်တဲ့ ပရိဗိုဇ်က ဗုဒ္ဓကို အခုလို မေးတယ်။ “သမဏော ဂေါတမော သဗ္ဗညူ သဗ္ဗဒဿာဝီ ….” တဲ့။ မြန်မာလိုက “‘ရဟန်ဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါ သွားနေသည်ဖြစ်စေ၊ ရပ်နေသည် ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏’ ဟူ၍ ကြားဖူးပါ၏” တဲ့။ အဲဒီစကားက ဟုတ်ပါသလားလို့ ပရိဗိုဇ်က ဗုဒ္ဓကို မေးတယ်။ ဒီတော့ ဗုဒ္ဓက မဟုတ်ကြောင်းနဲ့ အဲဒီလို ပြောရင် မဟုတ်မမှန် စွပ်စွဲရာကျကြောင်း ပြန်ဖြေတယ်။ နောက်တော့ ပရိဗိုဇ်က ဗုဒ္ဓကို မေးတယ်။ ဘယ်လို ပြောမှ အရှင်ဘုရားရဲ့ အလိုတော်နဲ့ ကိုက်ညီမလဲ၊ အရှင်ဘုရားကို မစွပ်စွဲရာ ကျမလဲ၊ အမှန်ကို အမှန်တိုင်း ပြောရာ ရောက်မလဲ၊ သူတစ်ပါးရဲ့ ကဲ့ရဲ့စရာအဖြစ် အနည်းငယ်မျှသော်မှ မကျရောက်နိုင်မလဲလို့ မေးတဲ့ အခါမှာ

ဗုဒ္ဓက သူ့ကို အလုံးစုံ သိတဲ့ သဗ္ဗညူ လို့ မသုံးဘဲ တေဝိဇ္ဇာဉာဏ်ပိုင်ရှင်အဖြစ် သတ်မှတ်နိုင်ကြောင်း မိန့်တယ်။ ဝိဇ္ဇာသုံးပါး (ပုဒိအာ) ကို သိသူ ဆိုတဲ့ သဘော။ အထက်ပါ မေးခွန်းကို သေချာ ဖတ်ကြည့်ရင် ဘုရားရှင်လက်ထက်က လက်ခံထားတဲ့ ‘သဗ္ဗညူ’ ရဲ့ အနက်အဓိပ္ပာယ်ကို သဘောပေါက်ပါလိမ့်မယ်။ အဲဒီ ‘သဗ္ဗညူ’ ကို ဘုရားရှင်က ပြတ်ပြတ်သားသားပဲ မဟုတ်ကြောင်း ငြင်းတယ်။ ငြင်းရတာကလည်း အကြောင်း ရှိတယ်။ သူ့ကို ‘သဗ္ဗညူ’ လို့ အခေါ်မခံနိုင်တာကလည်း အကြောင်း ရှိတယ်။

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်မှာ သူ့ကိုယ်သူ ‘သဗ္ဗညူ’ ပုဂ္ဂိုလ်ပါလို့ လူသိရှင်ကြား ကြေညာနေတဲ့ သူတစ်ဦး ရှိတယ်။ အဲဒီသူက ဂျိန်းဘုရားရယ်လို့ လူသိများတဲ့ မဟာဝီရ (နိဂဏ္ဌနာဋပုတ္တ) ပဲ။ အထက်မှာ ပြောခဲ့တဲ့ တေဝိဇ္ဇဝစ္ဆသုတ်ထဲမှာ ဝစ္ဆဂုတ္တပရိဗိုဇ်က ဘုရားရှင်ကို “နိဂဏ္ဌနာဋပုတ္တဟာ သူ့ကိုယ်သူ အမြဲတမ်း သိနေတဲ့ သဗ္ဗညူလို့ ပြောနေတာ၊ အဲဒါ ဟုတ်ပါရဲ့လား” လို့ မေးတယ်။ ဘုရားရှင်က အဲဒီလို တစ်ပြိုင်နက်တည်း အမြဲတမ်း သိနေဖို့ မဖြစ်နိုင်ဘူးလို့ ပြန်ဖြေခဲ့တယ်။ ပြီးတော့ မဇ္ဈိမနိကာယ်ရဲ့ စူဠသကုလုဒါယိသုတ်နဲ့ စူဠဒုက္ခက္ခန္ဓကသုတ်တွေမှာလည်း မဟာဝီရက သူ့ကိုယ်သူ အလုံးစုံ သိသူ (သဗ္ဗညူ)၊ အလုံးစုံ မြင်သူ (သဗ္ဗဒဿာဝီ)၊ အကြွင်းမဲ့ အသိဉာဏ်ရှိသူ (ကေဝလဉာဏ်) အဖြစ် ကြေညာကြောင်း မှတ်တမ်းပါရှိတယ်။ အခုပြောခဲ့တဲ့ သုတ်ထဲမှာ ပါတဲ့ ‘ကေဝလဉာဏ်’ ဆိုတာ နှောင်းခေတ် အဋ္ဌကထာဆရာတွေ ပြောတဲ့ သဗ္ဗညုတဉာဏ်နဲ့ သွားဆင်တူနေတာကို သတိထားမိပါလိမ့်မယ်။

နောက်ထပ် စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုကို ပြောပါဦးမယ်။ တတိယသင်္ဂါယနာကို ဦးဆောင်ဦးရွက် ပြုခဲ့တဲ့ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်က ဗုဒ္ဓဂိုဏ်းကွဲ ၁၀ ဂိုဏ်းရဲ့ အယူမှားတွေကို ပြန်လှန်ချေပတဲ့ အနေနဲ့ ကထာဝတ္ထုဆိုတဲ့ ကျမ်းကို ပြုစုခဲ့တယ်။ အခုဆို အဲဒီ ကထာဝတ္ထုကျမ်းက ပိဋကသုံးပုံ စာရင်းဝင် ကျမ်းတစ်စောင် ဖြစ်နေပါပြီ။ အဲဒီ ကထာဝတ္ထုကျမ်းထဲမှာ ပါတဲ့ ဂိုဏ်းကွဲတစ်ဂိုဏ်းရဲ့ အယူမှားတစ်ခုက ဘာလဲ ဆိုတော့ “သမ္မာသမ္ဗုဒ္ဓေါ သဗ္ဗဒါ သဗ္ဗညူ” တဲ့။ အဓိပ္ပာယ်က “မြတ်စွာဘုရားသည် အခါခပ်သိမ်း အလုံးစုံကို သိတော်မူ၏” လို့ အယူရှိကြတယ်။ အဲဒါကို ကျမ်းရှင်က ဘယ်လို ချေပသလဲ ဆိုတော့ စိတ်ဖြစ်စဉ် (စိတ္တဝီထိ) တွေနဲ့ နှိုင်းယှဉ်ပြပြီး အာရုံအားလုံးကို တစ်ပြိုင်နက်တည်း မသိနိုင်ကြောင်း ရှင်းပြတယ်။ အဲဒီဂိုဏ်းက ဘာကြောင့် အဲဒီအယူအဆကို စွဲစွဲမြဲမြဲ ယုံကြည်နေတာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပဲ။ အဲဒီအန္ဓကဂိုဏ်းက အိန္ဒိယတောင်ပိုင်း (အခုခေတ် အန္ဓြပဒေသ်ပြည်နယ်) မှာ အခြေစိုက်တယ်။ အဲဒီဒေသမှာက ဂျိန်းဘာသာဝင်တွေရဲ့ လွှမ်းမိုးမှုက အတော်ကြီးကို အားကောင်းခဲ့တယ်လို့ ဆိုရမယ်။ ဒါကြောင့်လည်း ဂျိန်းဘုရား မဟာဝီရလိုပဲ ကိုယ့်ဘုရားကိုလည်း အားကျမခံ အလုံးစုံ၊ အကြွင်းမဲ့သိသူ အဖြစ် မြှင့်တင်ချင်ခဲ့တာ ဖြစ်ဖို့ များတယ်။ နောက်တော့ အဲဒီအန္ဓကဂိုဏ်းရဲ့ အယူအဆ အတော်များများက မဟာယာန ဗုဒ္ဓဘာသာ ဖြစ်ပေါ်လာဖို့ အခြေခံအုတ်မြစ်တွေ ဖြစ်သွားတယ်။

ပြောခဲ့သမျှကို ပြန်ပြီး အနှစ်ချုပ်ရရင် ရှေးဦးဗုဒ္ဓကျမ်းစာတွေထဲမှာ ဗုဒ္ဓက သူ့ကိုယ်သူ သဗ္ဗညူ – အလုံးစုံ သိသူပါလို့ ဘယ်နေရာမှာမှ မပြောခဲ့ဘူး။ မသုံးခဲ့ဘူး။ မပြောခဲ့တဲ့အပြင် အထက်မှာ ပြောခဲ့သလို သဗ္ဗညူ မဟုတ်ကြောင်း တရားဝင် ငြင်းဆိုထားတာတွေ ရှိတယ်။ သူ့ကို အဲဒီလို မခေါ်ဖို့ တားမြစ်တယ်။ ဗုဒ္ဓက သူကို အလုံးစုံသိသူ (သဗ္ဗညူ) ဆိုတာထက် ဝိဇ္ဇာဉာဏ် (ပုဒိအာ) သုံးပါးရှိသူ အဖြစ် သတ်မှတ်သင့်ကြောင်း ပြောတယ်။ ပြီးတော့ အလုံးစုံ၊ အကြွင်းမဲ့ သိဖို့ရာ မဖြစ်နိုင်ကြောင်းလည်း ပြောခဲ့သေးတယ်။ ဗုဒ္ဓက နိဗ္ဗာန်ရောက်ကြောင်းနဲ့ ပတ်သက်ရင်၊ တရားသဘောနဲ့ ပတ်သက်ရင် အလုံးစုံ သိပါတယ်လို့ တရားဝင် ဝန်ခံထားပေမယ့် အဋ္ဌကထာဆရာတွေ ပြောသလို ပညတ်မှန်သမျှ အားလုံးကို သိပါတယ်၊ ပြောင်းလဲမှုဖြစ်စဉ်အားလုံးကို သိပါတယ်လို့ ဝန်ခံမထားဘူး။ တကယ်လို့ ပညတ်အားလုံးကို သိတာ မှန်ရင် နှိုင်းရသီအိုရီတို့၊ ကွမ်တမ်သီအိုရီတို့၊ လစ်ဘရယ်ဝါဒတို့ ဆိုတာတွေကို အားလုံး သိပါတယ်လို့ ဝန်ခံရာ ရောက်သွားမယ်။ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာ ပတ်မွှေတာကို သိနေသလို၊ အခုချိန် ထရန့်ကြီး ပြဿနာပတ်ရှာနေတာကိုလည်း သိတယ်လို့ ဆိုလိုရာ ရောက်တယ်။ နောက်ပြီး ဗုဒ္ဓက အတိတ်ဘဝက ခန္ဓာအစဉ်ကို သိတဲ့ ပုဗ္ဗေနိဝါသဉာဏ် ရှိပါတယ်လို့ အတိအလင်း ဝန်ခံထားပေမယ့် အနာဂတ်မှာ ဘာတွေ ဖြစ်မယ် ဆိုတာကို ကြိုသိတဲ့ အနာဂတံသဉာဏ် ရှိပါတယ်လို့ ဘယ်ပါဠိတော်မှာမှ ဝန်ခံမထားဘူး။

ဒါပေမယ့် … ဒါပေမယ့်ပေါ့၊ နောက်နောက်ပိုင်း ရောက်လာတဲ့ အခါမှာ ဘုန်းတော်ဘွဲ့၊ ဂုဏ်တော်ဘွဲ့တွေ အရမ်း အရမ်း အားကောင်းလာပြီးတော့ ဗုဒ္ဓကိုလည်းပဲ တခြားဘုရားတွေလို (ဥပမာ ဂျိန်းဘုရားလို) အားကျမခံ သဗ္ဗညုဆိုတဲ့ ဂုဏ်ပုဒ်မျိုး တပ်ချင်လာတဲ့ အခါမှာ ဗုဒ္ဓကိုယ်တိုင် ငြင်းဆိုခဲ့တဲ့ ‘သဗ္ဗညူ’ ဆိုတဲ့ ဂုဏ်ပုဒ်ကို ဗုဒ္ဓအယူအဆနဲ့ အန်ဝင်ခွင်ကျဖြစ်အောင် အနက်အဓိပ္ပာယ်ကို ပြန်ပြင်ကြတယ်။ ချဲ့ထွင်ကြတယ်။ အစောပိုင်းမှာက ဆင်ခြင်မှ (အလုံးစုံ) သိတယ် ဆိုတာကနေ နောက်ပိုင်းကျတော့ “စိတ်ဆိုတာ မြန်လွန်းအားကြီးလို့ တစ်ဆက်တစ်ဆက်တည်း အကုန်လုံးကို စုပြုံပြီး အကြွင်းမဲ့ သိနိုင်တယ်” ဆိုတဲ့ အထိ ချဲ့ကားဖွင့်ဆိုလာကြတယ်။ ဒီတော့ ဗုဒ္ဓဘုရားရှင်က ရှေးဦးကျမ်းတွေမှာ လူသားတစ်ဦးအဖြစ် ရှိနေရာကနေ အဋ္ဌကထာခေတ်ရောက်တော့ အနန္တတန်ခိုးရှင်တစ်ဦးလို ဖြစ်လာတယ်။ မဟာယာနတွေက အဲဒီမှာတင် ရပ်မနေဘူး။ အနန္တတန်ခိုးရှင် လူပုဂ္ဂိုလ်အရာကနေ ‘ဓမ္မကာယ’ ဆိုတာကို ထွင်ပြီး ဘုရားရှင်ရဲ့ ရူပကာယ (ရုပ်ကလာပ်) က မီးလောင်းကျွမ်းသွားပေမယ့် သဗ္ဗညုတဉာဏ် ဆိုတဲ့ ‘ဓမ္မကာယ’ ကြီးက နိဗ္ဗာန်ဘုံမှာ အခုထိ စံမြန်းနေပါသေးတယ် ဆိုတဲ့ အတိုင်းအတာအထိ ချဲ့ထွင် ပြန့်ကားသွားတယ်။

ဆိုတော့ … ကျနော်ရဲ့ တစ်ဦးတည်း အမြင်ကတော့ လူသားဘုရားကို လူသားတစ်ဦးအဖြစ်နဲ့ပဲ သန့်သန့်လေး မြင်တာ၊ ကြည်ညိုတာ၊ ဆည်းကပ်တာ၊ သူ့ရဲ့ တရားဓမ္မကို ရိုးရိုးသားသား လိုက်နာကျင့်သုံးနေတာက အကောင်းဆုံးပဲ၊ အပြစ်အကင်းဆုံးပဲ ဖြစ်လိမ့်မယ်လို့ ယူဆမိတယ်။ အခုလို ထောက်ပြလိုက်လို့ ပါဠိတော်တွေထဲက ဗုဒ္ဓရဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားလမ်းစဉ်တွေက မှားတယ်၊ ဒါမှမဟုတ် ချွတ်ယွင်းချက် ရှိတယ်လို့ လုံးဝလုံးဝ မဆိုလိုပါဘူး။ ကျနော်ကတော့ အဲဒီအပိုင်းမှာ ရာနှုန်းပြည့် ယုံကြည်ပြီးသားပါ။ တစ်ခုပဲ၊ လူအထင်ကြီးအောင် အလွန်အကျူး ဂုဏ်တင်နေတာမျိုးတွေ၊ အလွန်အကျူး မြှောက်ပင့်နေတာမျိုးတွေကိုသာ ကျနော်အနေနဲ့ လက်ခံဖို့ ခက်ခဲနေတာပါ။ ဗုဒ္ဓကို ထူးကဲစွမ်းဆောင်ရှင် လူသားအဖြစ်နဲ့တင် အားမရနိုင်ဘဲ အနန္တတန်ခိုးရှင် God-like ပုဂ္ဂိုလ်မျိုး ဖြစ်အောင် ဖန်တီးယူနေရင် ကြာလေကြာလေ၊ ခေတ်တွေ တိုးတက်လာလေလေ၊ လူတွေအမြင်ကျယ်လာလေလေ ဗုဒ္ဓဟာ နားလည်လက်ခံရခက်ခဲတဲ့ လက်လှမ်းမမီတဲ့ လူသားနဲ့အဝေးဆုံးမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားလိမ့်မယ်လို့ ယူဆမိပါကြောင်း။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *