ဒီစာအုပ်ကို မြင်တော့ ပထမဆုံး စိတ်ဝင်စားမိတာက စာအုပ်ခေါင်းစဉ်ပဲ။ နတ်ကွန်းထဲက ဆီမီးလျှံတဲ့။ ဆီမီးလျှံ ဆိုတဲ့ စကားလုံးက သိပ်စိတ်ဝင်စားစရာ မကောင်းဘူး။ စိတ်ဝင်စားဖို့ ကောင်းနေတာက နတ်ကွန်း။ ဘယ့်နှယ်ကြောင့်များ ‘နတ်ကွန်း’ ကို ထည့်သုံးထားပါလိမ့်ပေါ့။ အဲဒီအတွေးနဲ့ ဖတ်လိုက်တာ စာအုပ်တစ်ဝက်လောက် ရောက်တဲ့အထိ အထောက်အထားက ရှာမတွေ့ဘူး။ အဲဒီ တစ်ဝက်လောက်မှာမှ နတ်နန်း ဆိုတဲ့ စကားလုံးကို စတွေ့ရတယ်။ ဒါပေမယ့် ဘာကြောင့် ‘နတ်ကွန်းထဲက ဆီမီးလျှံ’ ဖြစ်နေမှန်း မသိပါဘူး။ နောက်ဆုံး စာအုပ်ဆုံးခါနီးကို ရောက်သွားတဲ့ အထိပဲ။
ကျနော် ဒီစာအုပ်ကို ဖတ်မယ်လို့ လျာထားကတည်းက ပြောရရင် ဒီစာအုပ်နဲ့ ဆိုင်တဲ့ ဘာအညွှန်း၊ ဘာအမှာစာကိုမှ မဖတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က စာအုပ်တစ်အုပ်ကို၊ အထူးသဖြင့် ရသစာအုပ်ကို၊ အထူးအထူးအားဖြင့် ပင်ကိုရေး ရသစာအုပ်ကို ဘာမှ သိမထားဘဲ အစိမ်းသက်သက် ဖတ်ရတာကို ပိုသဘောကျတယ်။ ဒီစာအုပ်ကို မဖတ်ခင် ကိုယ့်ရဲ့ အမြင်ကို ဘာနဲ့မှ ဘောင်ခတ်ထားတာမျိုး မခံချင်ဘူး။ ကျနော့်အမြင်အရတော့ အဲဒီလို အစိမ်းသက်သက် ဖတ်ရတာကို ပိုသဘောကျတယ်။ ပိုပြီး အရသာရှိတယ်လို့ ယူဆတယ်။ ဒါကြောင့် အမှာစာတွေ၊ ဝါသနာရှင်တွေ ရေးတဲ့ အညွှန်းတွေနဲ့ ကျနော့်ရဲ့ အသိစိတ်ကို ကြိုပြီး ဘောင်ခတ် အထားမခံနိုင်ဘူး။ ကိုယ် လုံးဝ သိမထားတဲ့ နယ်မြေတစ်ခုကို လှမ်းဝင်ရသလို၊ ကိုယ် လုံးဝ မျှော်လင့်မထားတဲ့ နယ်ပယ်တစ်ခုထဲ ခြေချရသလို စာအုပ်တစ်အုပ်ကို ဘောင်မခတ်ဘဲ ဖတ်ရမှ ကျနော်က ပိုကျေနပ်တယ်။ တကယ်လို့ အခု ဒီစာကို ဖတ်နေသူကလည်း အဲဒီဖီလင်မျိုးကို သဘောကျတဲ့ သူမျိုး ဆိုရင်တော့ အခု ဆက်ရေးမယ့် ကျနော်ရဲ့ စာအုပ်ခံစားချက်တွေကို ဆက်မဖတ်ပါနဲ့ လို့ပဲ တားမြစ်ပါရစေတော့။ ကျနော်က တတ်နိုင်သလောက် spoiler မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ရေးမှာ ဆိုပေမယ့်လည်း ကျနော်ရဲ့ အမြင်တွေ၊ အထင်တွေ၊ ခံစားချက်တွေက ပါနေဦးမှာ ဆိုတော့ စာဖတ်သူကို အနည်းနဲ့အများတော့ ဘောင်ခတ်လိုက်မိမှာ သေချာတယ်။ ထားတော့။
ဒီဝတ္ထုရဲ့ အမျိုးအစားက ကျနော် နားလည်သလောက် သတ်မှတ်ကြည့်ရရင် မြန်မာစာပေလောကမှာ အတော်ကို ရှားပါးတဲ့ Surrealism အမျိုးအစားလို့ သတ်မှတ်ရမယ် ထင်တယ်။ ဒါမှမဟုတ် Magical Realism အမျိုးအစားလို့ပဲ ခေါ်မလား။ ဒါမှမဟုတ် နှစ်မျိုးစလုံး ပေါင်းပြီး Magical Surrealism အမျိုးအစားလို့ပဲ ပြောရမလား။ မြန်မာပြည်မှာ ရှေးပဝေသဏီကတည်းက သရဲတွေ၊ စုန်းတွေ၊ ဂမ္ဘီရတွေ၊ မှော်ပညာတွေနဲ့ ဆိုင်တဲ့ စာအုပ်တွေ အများကြီး ထွက်ခဲ့ဖူးပါတယ်။ အဲဒါတွေကို ခေတ်အခေါ်နဲ့ Magical Realism လို့ သတ်မှတ်ချင်ရင်လည်း အင်း … သတ်မှတ်လို့ ရနိုင်သလိုပဲ။ ဒါဆို ဘာဖြစ်လို့ ဒီစာအုပ်ကို ရှားရှားပါးပါး လို့ ပြောရတာလဲ။ ကျနော့်အမြင်အရတော့ ရှေးရိုး MR ဝတ္ထုတွေနဲ့ ဒီဝတ္ထုက မတူပါဘူး။ ရိုးရာ မှော်ဂမ္ဘီရ ဝတ္ထုတွေက ဘယာနကရသ (ထိတ်လန့်ကြောက်ရွံ့မှုရသ) ကိုပဲ အများဆုံး ပေးတယ်။ သူတို့က စာဖတ်သူကို ကြောက်အောင် လုပ်ဖို့က အဓိကပဲ။ ဒီဝတ္ထုမှာက မှော်ဆန်သလိုလို ဂမ္ဘီရဆန်သလိုလို ထင်ရပေမယ့် သူက သိင်္ဂါရရသ၊ ကရုဏာရသ၊ သန္တရသတို့ကိုပဲ ဦးစားပေးတယ်။ နားလည်လွယ်အောင် ပြောရရင် လွမ်းဆွတ်ကြည်နူးဖွယ် ကောင်းအောင် ရေးထားတယ်ပေါ့။
ဝတ္ထုရဲ့ ဇာတ်လမ်းအကြောင်းကို မပြောခင် ကျနော် အရင်ဆုံး ပြောပြချင်တာတော့ ဆရာဝေယံဘုန်းရဲ့ အရေးအသား ပိုင်နိုင်မှုကိုပါပဲ။ ဒီစာအုပ်ကို ဖတ်ရင်း ငယ်ဘဝကို ပြန်သတိရသွားတယ်။ ငယ်ငယ်က အတန်းထဲမှာ ဦးပုညတို့ရဲ့ ဝတ္ထုတွေ ဖတ်ရင်၊ ဦးကြင်ဥတို့ရဲ့ ပြဇာတ်တွေ သင်ရရင် ဘယ်စကားလုံးကတော့ ဘာအလင်္ကာမြောက်ကြောင်း၊ ဘာ ရသ၊ ဘယ်လို ဖွဲ့နွဲ့ထားကြောင်း ထုတ်နုတ် တင်ပြကြရတာ မဟုတ်လား။ ဒါကတော့ ဥပမာအလင်္ကာ၊ ဒါကတော့ ရူပကအလင်္ကာ၊ ဒါကတော့ ဝင်္ကဝုတ္တိအလင်္ကာ၊ ဟောဒါကတော့ အတိသယဝုတ္တိအလင်္ကာ။ အဲဒါမျိုးလေ။ အခု ဒီစာအုပ်ကို ဖတ်နေရင်းမှာ အဲဒီ အလင်္ကာခွဲပုံတွေ ပြန်သတိရနေမိတယ်။ ဘာလို့ဆို ဒီဆရာက အတော်ကို ဖွဲ့နွဲ့ ကွန့်ညွန့်ပြီး ရေးတတ်တာကိုးဗျ။ သူ ရေးထားတဲ့ အထဲက ကျနော် မှတ်မိသလောက် ရူပကအလင်္ကာတွေကို ထုတ်ပြမယ်။ “ဘဝကြိုးဝိုင်းထဲက မရဏပြိုင်ဘက်ရဲ့ ကင်ဆာလက်သီးကိုတော့” ဆိုတာမျိုး။
ဥပမာအလင်္ကာတွေကလည်း ဖောချင်းသောချင်းပဲ။ ကျနော် သတိထားမိလို့ တို့မှတ်ထားမိတဲ့ စာကြောင်းတချို့ကို ဥပမာ ထုတ်ပြဦးမယ်။
❝ ပြန်ကြီးစိုးသွားတဲ့ တိတ်ဆိတ်မှုတောအုပ်လေးထဲ မနှင်းယုရဲ့ အသက်ရှူသံ ယဲ့ယဲ့လေးက သစ်ပင်ပျိုတွေ ကြားထဲကနေ ကွေ့ဝိုက်တိုးထွက်လာတဲ့ လေပြေလေးတစ်သုတ်လို။
❝ ခေါင်းထဲမှာလည်း အတွေးတွေဟာ ဆပ်ပြာပူဖောင်းသည် မှုတ်လိုက်တဲ့ ပူစီဖောင်းလေးတွေလို လွင့်ဝဲလို့။
❝ ဝေဟင်အမြင့်မှာ လေကြောင်းမိနေတဲ့ ကျွန်မရဲ့ အတွေးစ လေတံခွန်လေးကို ရစ်ဘီးနဲ့ ပြန်ဆွဲယူလိုက်ရတယ်။
❝ ထမင်းပန်းကန်နဲ့ ပါးစပ်ကြားမှာ ကျွန်မညာဘက်လက်က ထောက်ပြန်ခုန်နေတဲ့ ပင်ပေါင်ဘောလုံးလို ဖြစ်လာတော့တယ်။
❝ ပြုံးပြုံးကြီး ပြောနေတဲ့ နောင်နောင့်ရဲ့ ခုလို ဂရုတစိုက် စကားလေးတွေရော၊ အကြည့်တွေရော ကျွန်မရဲ့ ဟဒယအိမ်ခေါင်တိုင်ကြီးကို ခြကောင်လေးတွေ စားသလို တတိတိ ကိုက်ဖဲ့နေတယ်။ ကျွန်မရဲ့ ဣန္ဒြေဗိမာန်ကြီး မကြာခင် ဗုန်းဗုန်းမြေကျ ဖြစ်တော့မယ် ထင်ပါရဲ့။
ဒါပေမယ့် မိကျောင်းမင်းကို ရေခင်းပြတယ် လို့ပဲ ဆိုရမလား။ နွားအရှေ့ကို လူကျူးတယ်လို့ပဲ ပြောရတော့မလား။ ဆရာဝေယံဘုန်းအနေနဲ့ ပမာဒ လေခသွားတဲ့ အမှားတစ်ခုကိုတော့ ထောက်ပြပါရစေဦး။ စာမျက်နှာ ၃၅ မှာ သူက အခုလို ရေးထားတယ်။ “နွားပွဲစားအလား သွားတဖြဲဖြဲ လုပ်ပြနေကြပါတယ်” တဲ့။ ကျနော်တို့ အပြင်မှာ ခင်မင်သူအချင်းချင်း စနောက်ကျရင် “မင်းက ငါ့ကို နွားပွဲစားများ မှတ်နေသလား။ လာပြီး သွားဖြဲ ပြနေတယ်” လို့ သုံးတတ်ကြတယ်။ နောက်စကားပုံတစ်ခု ရှိသေးတယ်။ “အလကားရတဲ့နွား သွားဖြဲကြည့်” ဆိုတာ။ ဆိုလိုတာက နွားပွဲစားက သွားဖြဲတာ မဟုတ်ပါဘူး။ နွားပွဲစားက သူ ဝယ်မယ့်နွားကို သွားဖြဲကြည့်တာပါ။ ကျန်းမာရေး ကောင်းမကောင်း၊ သွားစုံမစုံ စစ်ဆေးတဲ့ သဘောပါ။ ဒါကို စာရေးသူက “နွားပွဲစားအလား သွားတဖြဲဖြဲ လုပ်” ဆိုတော့ အဲဒီဥပမာအလင်္ကာက နားလည်သူရဲ့ အမြင်မှာ တစ်မျိုးကြီး ဖြစ်နေတယ်။ ဒါကတော့ အပြစ်မရှိ အပြစ်ရှာတယ်ပဲ ဆိုကြပါစို့။
သူ့ရဲ့ အဖွဲ့အနွဲ့ အကွန့်အညွန့်တွေထဲမှာ ဖတ်ရင်း ကျနော် ၄-၅ မိနစ်လောက် ဂျန့်ဖြစ်သွားတဲ့ စာကြောင်းတချို့လည်း ရှိသေးသဗျ။ ဘာတဲ့ …
❝ ကျွန်မတို့လေးယောက်သား ဘာစကားမှ မပြောကြဘဲ တိတ်ဆိတ်နေတာမှ အသံအကျယ်ကြီးပဲ။ (စာ – ၂၇၀)
❝ တောင်းခံသူလာရင် ပေးလှူရအောင်
နှလုံးသည်းပွတ်ကို ဆီဆွတ်ထားကြသတဲ့။ (စာ – ၂၇၆)
❝ ဘဝဆိုတာ ကြင်နာမှုနဲ့ နာကျင်မှုတွေ ရောပြွမ်းနေတဲ့ အသူရကာယ်ဘုံပါပဲ။ (စာ – ၃၂၄)
အမှန်အတိုင်း ဝန်ခံရရင် ပထမနှစ်ပိုဒ်က နားမလည်လို့ ဂျန့်ဖြစ်သွားတာ။ ဘယ့်နှယ် နှလုံးသည်းပွတ်ကို ဆီဆွတ်မလဲပေါ့။ တတိယတစ်ခုကတော့ သဘောကျလွန်းလို့ ငါးခေါက်လောက် ပြန်ဖတ်ရင်း ရှေ့ဆက် မသွားနိုင်တာပါ။ ဒီလောက်ဆို ဆရာဝေယံဘုန်းရဲ့ အဖွဲ့အနွဲ့၊ အကွန့်အညွန့်ကို ဆဝါးမိလောက်ရောပေါ့။ ဝတ္ထုအကြောင်းအရာကို ဆက်ကြရအောင်။
ဒီဝတ္ထုကို ကျနော်က စောစောက ပြောခဲ့သလို အစိမ်းသက်သက် ဖတ်နေရတော့ ဘာတွေ ပါလာမလဲလို့ ကြိုသိမထားလေတော့ ‘ဒီဘက်ကမ္ဘာ’ ကနေ ‘ဟိုဘက်ကမ္ဘာ’ ကို ရောက်လည်း သွားရော စာဖတ်သူ ကျနော်ပါ မှင်သက်သွားတယ်။ ဂွတော့ ကျပြီ။ ဘယ့်နှယ် ဟိုဘက်ကမ္ဘာ ဆိုတာက ပါလာရတာလဲပေါ့။ အဲဒီ ‘ဟိုဘက်ကမ္ဘာ’ ဆိုတာကြီးက ဘယ်လို ကမ္ဘာမျိုးလဲ။ စာရေးသူရဲ့ စကားနဲ့ ပြောရရင် အဲဒီ ဟိုဘက်ကမ္ဘာမှာ လမင်းကြီးက မူလရဲ့ ၈၀% ပဲ ရှိသတဲ့။ မူလအောက် ၁/၅ ပိုသေးတဲ့သဘော၊ ၄/၅ ပဲ ရှိတဲ့ သဘောပေါ့။ အဲဒီနေရာ ရောက်တော့ စာရေးသူက စာဖတ်သူကို ရူပဗေဒလက်ချာတစ်ပုဒ် ပေးတော့တာပဲ။ လမင်းကြီးက ကမ္ဘာမြေကနေ ဝေးရာဆီကို တစ်နှစ်ကို တစ်လက်မခွဲ ရွေ့သွားနေတယ် ဆိုတာကနေ စပြီး အဲဒီလို ဝေးဝေးသွားလို့ ကမ္ဘာမြေရဲ့ ဝန်ရိုးပေါ် လည်ပတ်ချိန်က တစ်ရက်ကို ၂၄ နာရီ မဟုတ်တော့ဘဲ ပိုများလာကြောင်း၊ ကမ္ဘာကြီးက ၂၃ ၁/၂ စောင်းနေရာကနေ ပိုပိုပြီး စောင်းသွားလို့ ဝင်ရိုးစွန်းတွေ ရွေ့၊ ရာသီဥတုတွေ ကမောက်ကမဖြစ်၊ ပိုဆိုးတာက နောက် နှစ်သန်းတစ်ထောင် ရှိရင် နေက ၁၀% ပိုပူလာလို့ ပင်လယ်သမုဒ္ဒရာတွေ ခန်းခြောက်ကုန်ပြီး လူနေလို့ မရတော့ကြောင်း၊ ရူပဗေဒနည်းအရ တွက်မယ်ဆိုရင် လကို အရင်ထက် ၈၀% ပဲ မြင်ရတော့တာက လရွေ့နှုန်းနဲ့ တွက်ရင် နှစ်ပေါင်း ၂ ဘီလီယံ သို့မဟုတ် ၃ ဘီလီယံ ရောက်သွားပြီ ဖြစ်ကြောင်း။ ဆိုလိုတာက အခု ဒီနေ့ ဒီအချိန်ကနေ နောက်နှစ်ပေါင်း ၂ ဘီလီယံ ကြာရင် လက်ရှိ လအရွယ်အစားရဲ့ ၈၀% ပဲ ရှိတဲ့ လကို မြင်ရမယ်ပေါ့။
တခြား စာဖတ်သူတွေ နားလည် မလည်တော့ မသိဘူး။ ကျနော့်အတွက် ကံကောင်းတာက ကျနော် မကြာသေးခင်ကမှ အဲဒီကိစ္စနဲ့ သက်ဆိုင်တဲ့ သိပ္ပံဆောင်းပါးတစ်ပုဒ်ကို ဖတ်ထားတာဆိုတော့ စာရေးသူရဲ့ လက်ချာကို ချက်ချင်းပဲ သဘောပေါက်သွားတယ်။ ဒါပေမယ့် ကျနော် ဖတ်ထားတဲ့ စာထဲမှာ လက ကမ္ဘာကနေ အဝေးကို တစ်နှစ် 4 cm ရွေ့သွားနေတယ်လို့ ဖတ်ရတယ်။ အင်း၊ သူ ပြောတဲ့ တစ်လက်မခွဲနဲ့ သိပ် မကွာလှပါဘူး။ ဒါပေမယ့် နှစ်ပေါင်း ၂ ဘီလီယံ သို့မဟုတ် ၃ ဘီလီယံ ဆိုတာကြီးကတော့ အတော်ကို များလွန်းနေတယ်လို့ ထင်မိတယ်။ ဒါကြောင့် ကျနော် နားလည်ထားသလို ပြန်တွက်ကြည့်တယ်။ လက ကမ္ဘာကနေ 429772 km အရောက်မှာ လက်ရှိအနေအထားရဲ့ ၈၀% ကိုပဲ ကျနော်တို့ မြင်ရတော့မယ်။ တကယ်လို့ တစ်နှစ်ကို 4 cm နှုန်းနဲ့ ပုံသေ ရွေ့သွားမယ် ဆိုရင် နောက်ထပ် အနှစ် ၁၁၃၄ သန်းမှာ အဲဒီအကွာအဝေးကို ရောက်မယ်။ ဒီစာအုပ်ထဲမှာတော့ ၂ ဘီလီယံ (သန်း ၂၀၀၀) လို့ ရေးထားတယ်။ ဒါကို မှားတယ်လို့တော့ ယတိပြတ် ဆိုလို့ မရဘူး။ ဘာဖြစ်လို့ဆို အဲဒီ နှစ်ပေါင်း သန်း ၁၀၀၀ လုံးလုံးမှာ 4 cm နှုန်း (နှုန်းသေ) နဲ့ ရွေ့နေမယ်လို့ တွက်ထားလို့ပါ။ တကယ့်လက်တွေ့က အဲဒီလို မဟုတ်ဘူး။ ကမ္ဘာနဲ့ ဝေးသွားလေလေ မြေဆွဲအားသက်ရောက်မှုက နည်းလေလေမို့ ရွေ့နှုန်းက 4 cm အောက် ကျသွားလေလေ ပိုနှေးသွားလေလေ ဖြစ်သွားမှာပါ။ ဒါပေမယ့် ၃ ဘီလီယံ ဆိုတာကတော့ များလွန်းပါတယ်။ ကျနော်က စာရေးသူကို အပြစ်ရှာနေတာ မဟုတ်ပါဘူးနော်။ ကျနော်ရဲ့ သံသယကို ဖြေဖျောက်ကြည့်ရင်း တွေ့ရှိလာတာကို တင်ပြရုံသက်သက်ပါ။ ဒီစာအုပ်က သိပ္ပံစာတမ်း မဟုတ်လို့ ဒီလောက်ကြီး တိကျနေဖို့လည်း မလိုအပ်ပါဘူး။ ကျနော် သဘောပေါက်ပါတယ်။
ဒီစာအုပ်ကို ဖတ်နေရင်းနဲ့ ‘အချိန်နာရီတွေက အေးခဲနေတဲ့ ဒီအန်အေလို’ ဆိုတာကို ဖတ်လိုက်ရတော့ ကျနော် မျက်မှောင်ကြုတ်မိသွားတယ်။ ဘယ့်နှယ် ဒီအန်အေက ပါလာရပြန်တာလဲပေါ့။ နောက် ဆက်ဖတ်ရင်း တစ်နေရာအရောက်မှာ ထပ်ပြီး မျက်မှောင်ကြုတ်မိသွားပြန်တယ်။ ဆေးရုံကြီးထဲ ရင်ခွဲရုံထဲမှာ အလောင်းသွားကြည့်တဲ့အခန်း။ ရဲစခန်းကနေ အကြောင်းကြားလို့ ဇာတ်လိုက် ငြိမ်းချမ်းက ရင်ခွဲရုံထဲ ရောက်နေတဲ့ ရေနစ်သေထားတဲ့ အလောင်းကို သူ့မိန်းမ ‘နွေး’ ဟုတ်မဟုတ် သွားကြည့်တော့ အလောင်းက ပုပ်ပွပြီး ငါးတွတ်ထားလို့ ခွဲမရတော့ဘူး။ ဒါကြောင့် ငြိမ်းချမ်းက သူ့မိန်းမ ဟုတ်မဟုတ် ခွဲမရတော့ဘူးလို့ ပြောတော့ ဆရာဝန်က ဘာပြန်ပြောသလဲ ဆိုတော့ ဒီအန်အေ စစ်ကြည့်မလားတဲ့။ အဲ့မှာ ကျနော် မျက်ခုံးမြောက်တက်သွားပြန်တယ်။ ဘာလဲ။ မြန်မာပြည်မှာ ဒီအန်အေ စစ်လို့ရတဲ့ sequencing machine ကြီး ရှိနေပြီလားပေါ့။ ကျနော်ပဲ ပြင်ပလောကနဲ့ အဆက်ပြတ်နေသလားတော့ မသိဘူး။ ကျနော်ဖြင့် မြန်မာပြည်မှာ အဲဒီစက်ကြီးမျိုး ရှိနေတယ်လို့ မသိရိုး အမှန်ပါပဲ။ စာရေးသူရဲ့ ဒီဝတ္ထုထဲမှာတော့ အဲဒီစက်ကြီး ရှိနေပုံ ရတယ်။ ဘာလို့ဆို နွေးရော ငြိမ်းချမ်းရောက သီးခြားစီ ဒီအန်အေ သွားစစ်ကြသတဲ့။
အဲဒီမှာ ကျနော် ဘဝင်မကျတဲ့ အချက်တစ်ချက် ထပ်တွေ့လာတယ်။ ဝတ္ထုထဲကအတိုင်း ပြောရရင် နွေးက ငြိမ်းချမ်းရဲ့ ကျွတ်နေတဲ့ ဆံပင်တွေကို ကောက်၊ သူ့ရဲ့ သွားတိုက်တံကို ‘တို’ ပြီး သူ့ရဲ့ ဒီအန်အေကို သွားစစ်ကြည့်သတဲ့။ တွေ့ကရာ အမွေးနဲ့ ဒီအန်အေ စစ်လို့ ရလို့လား။ အဲဒါကို ကျနော် ဘဝင်မကျဘူး။ ဒါနဲ့ ဟိုရှာဒီရှာ ထပ်ရှာဖတ်ရတော့တယ်။ တကယ်တော့ အများထင်ထားသလို ဆံပင်မွေးကနေ ဒီအန်အေ စစ်လို့ ရတာ မှန်ပေမယ့် အဲဒီ ‘ဆံပင်မွေး’ ဆိုတာ မြင်လွယ်အောင်၊ နားလည်လွယ်အောင် ပြောကြတဲ့ သဘောပါ။ စစ်စစ်ပေါက်ပေါက် ပြောကြေးဆိုရင် ဆံပင်ဆံသားပေါ်မှာ Nuclear DNA မပါဘူး။ သူ့အပေါ်မှာက mDNA (Mitrochondrial DNA) ပဲ ပါတယ်။ ဒါကြောင့် ဒီဝတ္ထုထဲက အလိုအတိုင်း မောင်နှမဟုတ်မဟုတ်၊ သွေးသားတော်စပ်မှု ရှိမရှိကို စစ်ဆေးလို့ မရဘူးတဲ့။ အခု ပြောတဲ့ ဆံပင်မွေး ဆိုတာက ခေါင်းပေါ်ကနေ အလိုလို ကျွတ်ကျသွားတဲ့ အမွေး၊ ကပ်ကြေးနဲ့ ဖြတ်ခံထားရတဲ့ အမွေး၊ ခေါင်းဖြီးလို့ ပါသွားတဲ့ အမွေးကို ပြောတာ။ Nuclear DNA ကို လိုချင်တယ် ဆိုရင် ဆံပင်အမြစ် ပါမှ ရမယ်။ ဆိုလိုတာက အမြစ်ပါအောင် ခေါင်းပေါ်ကနေ ဆတ်ကနဲ ဆွဲနုတ်ယူထားတဲ့ ဆံပင်နဲ့မှ မောင်နှမဟုတ်မဟုတ် စစ်ဆေးလို့ရမယ်။ အကောင်းဆုံးကတော့ ကိုယ်တွင်းအရည်တစ်မျိုးမျိုးကနေ စစ်တာပါပဲ။ ဆံပင်တို့၊ လက်သည်းတို့က တကယ်တော့ အားကိုးလို့ မရဘူး။ အရှုံးနဲ့ ရင်ဆိုင်ရဖို့ပဲ များတယ်။ ဒါကြောင့် ဒီဝတ္ထုထဲမှာ ဆံပင်မွေးရယ်၊ သွားတိုက်တံရယ် (ဒါလည်း သွားရည်တို့၊ သွားချေးတို့ ကပ်ကျန်နေဖို့ ရာခိုင်နှုန်းက မရှိသလောက်ပဲ) ကနေ ဒီအန်အေ စစ်တယ် ဆိုတော့ ကျနော့်အတွက်က တစ်မျိုးကြီး ဖြစ်နေတယ်။ နောက်ပြီး အရေးအကြီးဆုံးက အဲဒီလို ဒီအန်အေ စစ်နိုင်ဖို့ ဆိုရင် အဲဒီဆေးရုံကို ‘ပိုင်’ မှ ရမယ်။ ဘာဖြစ်လို့ဆိုတော့ ကျင့်ဝတ်ပိုင်းအရ ကာယကံရှင် ခွင့်ပြုချက်မပါဘဲ ဘယ်ပုဂ္ဂလိကဆေးရုံ (ကုမ္ပဏီ) ကမှ တခြားလူတစ်ယောက်ရဲ့ ဒီအိုင်အေကို ခိုးကြောင်ခိုးဝှက် စစ်ပေးပိုင်ခွင့် မရှိဘူး။ တရားဝင် အဖွဲ့အစည်းတွေက စစ်ပေးလေ့ မရှိဘူး။
ဒီဝတ္ထုထဲမှာ ဇာတ်ကောင် ‘နွေး’ က ဒီဘက်ကမ္ဘာကနေ ဟိုဘက်ကမ္ဘာကို ရောက်သွားတယ်။ စာရေးသူက အဲဒီကမ္ဘာနှစ်ခုကို အထက်က ပြောခဲ့သလို ရူပဗေဒ သဘောတရားတွေနဲ့ နှိုင်းယှဉ်ပြထားသလို မ ‘လည်’ မှာကို စိတ်ပူလို့ ထင်ပါရဲ့။ အချိန်ခရီးသွားတစ်ယောက်ကိုတောင် ဇာတ်လမ်းထဲ ထည့်ထားသေးတယ်။ Time dimension မတူတဲ့ လူတစ်ယောက်ပေါ့။ ဟိုဘက်ကမ္ဘာမှာ ရှိတဲ့ လူတွေ အားလုံးက အချိန်ဒိုင်မင်းရှင်း တူပေမယ့် အဲဒီလူကြီးကတော့ လွန်ခဲ့တဲ့အတိတ် နှစ်နှစ်ထောင်လောက်ကနေ ခုန်ကူးလာသတဲ့။ ဒီတော့ စာရေးသူရဲ့ ကွန့်မြူးမှုကြောင့် အဲဒီ ဟိုဘက်ကမ္ဘာ ဆိုတာကြီးက အချိန်ဒိုင်မင်းရှင်းရော၊ ဒေသဒိုင်မင်းရှင်းရော ကိုးရိုးကားရားကို ဖြစ်လို့။ အပြိုင်ကမ္ဘာပေါ့လေ။ ထားတော့။ ဒီမှာ အဓိက ပြောချင်တာက ဒီလူတွေက ကမ္ဘာနှစ်ခုကို ဟိုဘက်ကနေ ဒီဘက် ဘာကြောင့်၊ ဘယ်လို ကူးနိုင်ရတာလဲ။ ဒီမှာ စာရေးသူက သီအိုရီနှစ်ခု ချပြထားတယ်။
သီအိုရီတစ်ခုက သေချင်စိတ်နဲ့ ရှင်ချင်စိတ်၊ 50-50 ဖြစ်သွားတဲ့အချိန်မှာ ဟိုဘက်ကမ္ဘာကနေ ဒီဘက်ကမ္ဘာကို ရောက်လာတယ်တဲ့။ သဘောက သေချင်သလိုလို ရှင်ချင်သလိုလို မမဆောင်း ဖြစ်နေတဲ့အချိန်မှာ ကမ္ဘာကူးသွားတယ်ပေါ့ဗျာ။ အဲဒီသီအိုရီမှာ ဟာကွက်တစ်ခုကို ကျနော် သွားသတိထားမိတယ်။ စာရေးဆရာရဲ့ စိတ်ကူးအရ ….. ဒီမှာ စာဖတ်သူအနေနဲ့ အမြင်မရှုပ်ရအောင် အခု ကျနော်တို့ တကယ် ရှိနေတဲ့ ကမ္ဘာကို ဟိုဘက်ကမ္ဘာလို့ သတ်မှတ်ပြီး၊ ဖတ်ကနဲ ကူးပြောင်းရောက်ရှိသွားတဲ့ ကမ္ဘာကို ဒီဘက်ကမ္ဘာလို့ နာမည်ပေးကြရအောင်။ ဒီကနေ ရှေ့လျှောက်မှာ ကျနော် စာရေးသူရဲ့ ဖန်ဆင်းကမ္ဘာ၊ ဒီဘက်ကမ္ဘာကနေပဲ အထိုင်ချပြီး ရေးသွားတော့မယ်။ စာရေးသူရဲ့ ဖန်ဆင်းချက်အရ ဒီဘက်ကမ္ဘာမှာက သတိထားမိသလောက် လူယုတ်မာ မရှိဘူး။ လူမိုက် မရှိဘူး။ တစ်နည်းပြောရရင် မိုက်ကန်းတဲ့လူတွေ မရှိဘူး။ အနည်းဆုံးတော့ စာရေးသူက အဲဒီလို ဖန်တီးထားတယ်လို့ ကျနော် ယူဆမိတယ်။ ဒီတော့ ပထမသီအိုရီမှာ ပြဿနာတစ်ခု တက်လာတယ်။ သေချင်စိတ်နဲ့ ရှင်ချင်စိတ်၊ 50-50 ဖြစ်တတ်တဲ့သူက လူကောင်းမှာမှ ဖြစ်တာမှ မဟုတ်ဘဲ။ လူမိုက်လည်း ဖြစ်တတ်တာပဲ။ သူလည်း သေခါနီးမှာ သေချင်စိတ်ရော၊ ရှင်ချင်စိတ်ရော တွဲဖြစ်တာမျိုး ဖြစ်နိုင်သေးတာပဲ။ ကမ္ဘာပေါ်မှာ တစ်နှစ်ကို လူပေါင်း သန်း ၆၀ လောက် ပျမ်းမျှ သေနေတာကိုပဲ ဘယ့်နှယ်ကြောင့် ဒီဘက်ကမ္ဘာကို လူမိုက်တစ်ယောက်၊ လူဆိုးတစ်ယောက် ရောက်မလာရတာလဲ။ အဲဒါ သဘာဝ မကျဘူး။
ဒုတိယသီအိုရီကတော့ ပထမသီအိုရီထက် ပိုပြီး ရိုးရှင်းတယ်။ ဘိုးဘိုးကြီးက ကယ်လို့၊ ဆောင်မလို့ ရောက်လာတာတဲ့။ အင်း … ကျနော့်အမြင်တော့ ဒါလည်း ဟာကွက်က ရှိနေတာပဲ။ တကယ်လို့သာ ဘိုးဘိုးကြီးက ကယ်,မတာ ဆိုရင်တော့ အကယ်ခံရတဲ့ လူတွေ အားလုံးမှာ အနည်းဆုံး ဘုံတူညီချက်တစ်ခုတော့ ရှိနေရမှာပေါ့။ ဥပမာ ခရစ်တော်ရဲ့ ကယ်မတာကို ခံချင်ရင် ခရစ်ယာန်တော့ ဖြစ်ဖို့ လိုတယ် မဟုတ်လား။ အလ္လာဟ်ရှင်မြတ်ရဲ့ ကယ်မတာ ခံချင်ရင် အစ္စလာမ်ဘာသာဝင်တော့ ဖြစ်ရမယ် မဟုတ်လား။ အဲဒီလိုပဲ၊ အနည်းဆုံးတော့ အဲဒီ ဘိုးဘိုးကြီးနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်မှုတစ်ခုခုတော့ ရှိသင့်တာပေါ့။ ပြီးတော့ WHO ရဲ့ ထုတ်ပြန်ချက်အရ တစ်နှစ်ကို လူ သန်း ၆၀ လောက် သေတယ်။ အဲဒီအထဲမှာ ပုံမှန်မဟုတ်ဘဲ သေဆုံးသူ၊ တစ်နည်းပြောရရင် ဥပစ္ဆေဒကကံနဲ့ သေတဲ့သူက ၇-၈% (၄ သန်းကျော်)၊ အဲဒီထဲကမှ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလို့ သေတဲ့ မသာက ၇ သိန်းကျော် ရှိတယ်။ သတ်သေတာ မသေဘဲ ရှင်ကျန်ရစ်တဲ့ သူက ၁:၂၀ ရှိတယ် ဆိုတော့ တစ်နှစ်တစ်နှစ်ကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့သူက ၁၄ သန်း ရှိသတဲ့။ အဲဒီ လူပေါင်း ၁၄ သန်းထဲကနေ ဘိုးဘိုးကြီးက ဘယ်လို condition နဲ့ ရွေးချယ်ပါလိမ့်လို့ ကျနော်ကတော့ မိုးမဆုံး လေမဆုံး ဆက်ပြီး တွေးနေမိတဲ့ အထိပဲ။ ဝတ္ထုထဲမှာတော့ ‘နွေး’ က ဘိုးဘိုးကြီးဆီမှာ အသနားခံပြီး ဟိုဘက်ကမ္ဘာကို ပြန်ပို့ပေးဖို့ တောင်းခံခဲ့တာ၊ နောက်တော့ ဟိုဘက်ကမ္ဘာကို ပြန်ရောက်သွားတာ ဆိုတော့ ဒုတိယသီအိုရီကပဲ ပိုမှန်သလိုလို ဖြစ်နေတယ်။ ဒါပေမယ့် သိလား၊ စာရေးသူက နည်းနည်း အကြံပက်စက်တယ် ပြောရမယ်။ သူက စာဖတ်သူကို ဟိုလိုလို ဒီလိုလို ဖြစ်အောင် မလုပ်ရရင် မနေနိုင်ဘူး နေမှာ။ သူက ဒီဘက်ကမ္ဘာကနေ ထွက်ခွာဖို့ အသင့်ပြင်ပြီး စောင့်နေတဲ့ နွေးကို သွားခါနီးမှာမှ သွားချင်သလိုလို နေချင်သလိုလို မမဆောင်းဖြစ်အောင် သူက ကလိလိုက်သေးတာ။ နောက်ဆုံး နွေးက ဒီဘက်ကမ္ဘာကနေ သူ့ရဲ့ ယောက်ျား ကိုငြိမ်းချမ်းဆီကိုတောင် မပြန်တော့ပါဘူး၊ ဘိုးဘိုးကြီးရေ ပြန်မပို့ပါနဲ့တော့လို့ တောင်းပန်မိတော့မလို၊ ပါးစပ်ဟတော့မလို ဖြစ်အောင်၊ တစ်နည်းပြောရရင် 50-50 ဖြစ်အောင် စာရေးသူက ကလိလိုက်သေးတာ။
ဒါပေမယ့် ဟိုဘက်ကမ္ဘာကို ပြန်ရောက်သွားတော့ နွေးကို အတိတ်မေ့အောင် (အေးချမ်းသာယာတဲ့ ကမ္ဘာက အကြောင်းတွေကို သတိမရတော့အောင်) လုပ်ပစ်တာတော့ သိပ် ဘဝင်မကျလှဘူး။ ဘာဖြစ်လို့ဆို အသွားတုန်းကတော့ အတိတ်မမေ့ဘဲ အပြန်ကျမှ အတိတ်မေ့တယ် ဆိုတော့ တစ်ဖက်သတ် ဆန်နေသလိုပဲ။ ပြီးတော့ မေ့ချင်းမေ့ရင် ဆင်းရဲတဲ့ဘဝကို မေ့မှ ကရုဏာသက်ရာ၊ သနားရာ ရောက်မှာ မဟုတ်လား။ စိတ်ချမ်းသာတဲ့ ဘဝကို ရောက်သွားတော့ စိတ်ဆင်းရဲတဲ့ ဘဝကို မေ့သွားတာက ပိုပြီး ကယ်တင်ရာ မရောက်ဘူးလား။ အဲ … ပြဿနာက အဲဒီလို မေ့ခိုင်းလိုက်ရင် ဝတ္ထုရေးဆရာအတွက်လည်း ဘာဆက်လုပ်ရမှန်း သိမှာ မဟုတ်တော့ဘူး။
စာရေးဆရာပြောသလို ‘အသူရကာယ်ဘုံ’ ကို ပြန်ပို့ခံလိုက်ရလို့ ချမ်းသာစရာတွေကို ပြန်နုတ်ယူလိုက်တာများလား။
ဝတ္ထုကို အပြီးထိ ဖတ်ပြီးသွားတော့ စာအုပ်ကို ဘေးချပြီး ကျနော် ဘာသွား စဉ်းစားမိလဲ သိလား။ ကျနော်တို့ မြန်မာမှာ၊ လူကြားထဲမှာ ပြောနေကျ စကားတစ်ခွန်း ရှိတယ်။ အဲ တစ်ခွန်းတော့ မကပါဘူး။ မောင်နှမချင်း ယူရင် နူတတ်သတဲ့။ မောင်နှမချင်း ယူရင် ကျားကိုက်တတ်သတဲ့။ ဒါကတော့ ကျိုက်ထီးရိုးသမိုင်းကနေ ဆင်းသက်လာသလားတော့ မပြောတတ်ဘူး။ နူတတ်တာကတော့ ဒီခေတ် မျိုးဗီဇပညာနဲ့ ရှင်းပြလို့ ရတယ်။ ကျနော် တွေးလိုက်မိတာက … ဗုဒ္ဓဘာသာရဲ့ မူလကျမ်းဂန်ကြီးတွေမှာ မောင်နှမချင်း မယူသင့်ဘူး၊ ယူရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုတဲ့ ဆုံးမစကားတွေ ရှိမနေခြင်းပဲ။ ဒါကလည်း အဆန်းတော့ မဟုတ်ဘူး။ ဘာလို့ဆို ဂေါတမဗုဒ္ဓရဲ့ ဟိုးရှေးရှေ့ ဘိုးဘေတွေက မောင်နှမအရင်းတွေ အချင်းချင်း ပြန်ယူခဲ့ကြတာ တိုင်းသိ ပြည်သိ ကမ္ဘာသိ သမိုင်းသိပဲကိုး။ အဲဒီအထဲက လူတချို့က နူကုန်လို့ သာကီမျိုးကို အနူမျိုးလို့ ပြောင်ခဲ့ကြတာ၊ ပြီးတော့ ဒီခေတ်မှာ မောင်နှမချင်း ယူရင် နူတတ်တယ် ဆိုတာကလည်း အဲဒီကနေ ဆင်းသက်လာတာပဲ ဖြစ်မယ်။ အဲဒီလို ပြောလို့ လွန်ခဲ့တဲ့ အနှစ် ၃၀၀၀ လောက်က အိန္ဒိယတင်လား ဆိုတော့ မဟုတ်ဘူး။ အီဂျစ်က ကလီယိုပက်ထရာလည်း သူ့အမောင်အရင်းတွေကို ပြန်ယူခဲ့သတဲ့။ ရှေးရှေး မာယာအင်ပါယာမှာလည်း ဘုရင်တချို့က အဲဒီလို ယူသတဲ့။ နောက်ပြီး ဥရောပမှာလည်း ကက်သလစ်အသင်းတော်ကြီး အင်အားမကောင်းခင်အထိ အဲဒီလိုပဲ သွေးရင်းသားရင်းတွေ ယူကြတာပဲ။ နောက်ပိုင်း အသင်းတော်က တရားဝင် တားမြစ်လိုက်လို့ မယူတော့ဘူး။ ဒါပေမယ့် ဝမ်းကွဲတွေ အချင်းချင်း ယူတာ၊ ဒါမှမဟုတ် ဖအေတူ မအေကွဲ မောင်နှမချင်း ယူတာကတော့ တို့မြန်မာပြည်က သီပေါမင်းလက်ထက်အထိတောင် ရှိခဲ့သေးတာ မဟုတ်လား။ ဒီဝတ္ထုထဲမှာ ပါတဲ့ ငြိမ်းချမ်းတို့၊ နွေးတို့က သာကီမျိုးဟေ့ ဒို့ဗမာ မဟုတ်တဲ့ အတိုင်းပဲ။ ![]()
ဒီဝတ္ထုထဲမှာ ရယ်စရာ ပြုံးစရာ တစ်ကွက်မှ မပါပေမယ့် နောက်ဆုံးနားအရောက်မှာ စာတစ်ကြောင်း ဖတ်ရတော့ ကျနော် ပြုံးမိသွားတယ်။ ဘာတဲ့ … ဒီဘက်ကမ္ဘာမှာ ဘုန်းကြီး မရှိဘူးတဲ့။ ဒါတော့ ဘိုးဘိုးကြီးက ဘုန်းကြီးတွေကို မဆောင်မ၊ မကယ်ဆယ်ချင်လို့ပဲလား။ အဲဒီဘုန်းကြီးတွေကိုပဲ မမနိုင်လို့ပဲလား။ ဒါမှမဟုတ် အနားကိုပဲ ကပ်လို့ မရလို့လား။ အဲဒါအားလုံးထက် ပိုဖြစ်နိုင်တာကတော့ “ခါတိုင်း ငါ့ကို မကောင်းပြောတဲ့ သောက်ကတုံးတွေ၊ သေပလေ့စေကွာ” ဆိုပြီး ပစ်ထားလေရော့သလားလို့ တွေးရင်း ပြုံးလိုက်မိပါကြောင်း ….
မေတ္တာဖြင့်
ဖြိုးကျော်
