← Back to blog

ကြည်ကြည်မာ ရဲ့ မျောက်မင်းစွင်းဝုခုန်း

Uncategorized

ဒီစာအုပ်ကို ဖတ်ပြီး ဘယ်လို ခံစားရသလဲ ဆိုတော့ ဝုခုန်းရုပ်ရှင်ကားကို 3x speed ၃ဆ အမြန်နှုန်းနဲ့ ရစ်ကြည့်နေရသလိုပဲ။ 😅

ဒါလည်း ဘယ်သူ့ကိုမှ အပြစ်ဆိုစရာ မရှိပါဘူး။ မူရင်းစာအုပ်ကိုယ်နှိုက်ကိုယ်က လူငယ်တွေ ဖတ်ဖို့ 西游记 ကို ပြန်ချုံ့ရေးထားတာကိုး။ ဒါကြောင့် လူငယ်တွေအတွက်ကတော့ အနေတော် နေမှာပေါ့လေ။ ဒါတောင် စာမျက်နှာ ၅၀၀ ကျော်ဆိုတော့ ဘယ်လူငယ်မှ ကိုင်မကြည့်ရဲလောက်ဘူး ထင်တယ်။ ကျနော်အတွက်ကတော့ မူရင်းအတိုင်း ဖတ်ထားပြီးပြီမို့ အကျဉ်းချုပ်ကို ဖတ်ရတာ အတော် အရသာ ပျက်တယ်။ အကျဉ်းချုပ်တွေရဲ့ သဘာဝအတိုင်း အကြောင်းအရာကိုပဲ ဖော်ပြနိုင်တယ်။ အရသာအပြည့်အဝကို မပေးစွမ်းနိုင်ဘူးလို့ ဆိုရတော့မှာပဲ။

မပြောမပြီး မတီးမမြည် ဆိုသလိုပဲ ပြောစရာရှိတာတော့ ပြောရဦးမယ်။ ဒီဘာသာပြန်မူထဲမှာ ဘာသာရေးဝေါဟာရတွေကို ဘာသာပြန်ထားတာ၊ မြန်မာမှုပြုထားတာ အမှားတွေ အတော်များတယ်။ စာဖတ်သူတွေ အမှတ်မမှားရအောင် ကျနော် အနည်းအကျဉ်း ထောက်ပြချင်ပါတယ်။ အဲဒီဘာသာရေးဝေါဟာရတွေကို မပြောခင် အရင်ဆုံး ပြောချင်တာကတော့ …

ဘာသာပြန်သူက တရုတ်စကားလုံးတချို့ကို ဘာသာပြန်ရာမှာ လုံးကောက်အနက်ယူထားတာ တွေ့တယ်။ ကျနော့်မျက်စိထဲ အတော်ကို ကန့်လန့်နိုင်တဲ့ စကားလုံးကို ပြရရင် ‘အိမ်စာ’ ဆိုတဲ့ စကားလုံးပဲ။ အဲ ဘာသာပြန်သူက သူ့စာအုပ်ထဲမှာ ကျနော့်လိုပဲ မျက်တောင်အဖွင့်အပိတ်လေး ထည့်ပေးထားတယ်။ အဲစကားလုံးက တရုတ်စာလုံး 家信 jiaxing ကို တိုက်ရိုက် ဘာသာပြန်ထားတာ ဖြစ်မယ်။

ဇာတ််လမ်းကို အကျဉ်းပြောရရင် ဘီလူးအဖမ်းခံထားရတဲ့ ဘုရင့်သမီးတော်က သူ့အဖေ ဘုရင်ခမည်းတော်ဆီကို ထန်စိန်းကနေတစ်ဆင့် စာပါးတယ်။ အဲဒီစာကို ဘာသာပြန်သူက ‘အိမ်စာ’ ထည့်ပေးလိုက်တယ်လို့ ရေးတယ်။ တရုတ်မှာ 家 ကျား ဆိုတာ အိမ်၊ 信 ရှင့် ဆိုတာ (ပေး)စာ၊ အမှန်ပဲ။ ကျားရှင့်ဆိုတော့ အိမ်စာပေါ့။ ဒါပေမယ့် မြန်မာမှာက အိမ်စာဆိုရင် ကလေးတွေ အိမ်မှာ လုပ်ရတဲ့ (သင်ခန်း)စာနဲ့ ရောတော့မှာလေ။ တကယ်တော့ ကျားရှင့်ဆိုတာ အိမ်ကို သတိရကြောင်း၊ လွမ်းဆွတ်ကြောင်း၊ သာကြောင်းမာကြောင်း ရေးတဲ့ စာကို ခေါ်တာပါ။ ဒါကြောင့် အိမ်ရော စာရော ပါချင်တယ် ဆိုရင် နောက်တစ်လုံး ထပ်ထည့်ပြီး ‘အိမ်လွမ်းစာ’ လို့ ဘာသာပြန်ရင် ကောင်းလေမလားလို့ ကျနော် တွေးမိတယ်။

တခြား လုံးကောက်ယူထားတဲ့ စကားစုတချို့ကတော့ အိမ်စာလောက် မဆိုးလှပါဘူး။ မြင်ရင် ဘာကို ဆိုမှန်း တန်းသိနိုင်တယ်။ ဥပမာ မင်းမြို့တော် ဆိုတာမျိုး။ 拿命来 ကို အသက်ယူလာခဲ့ လို့ ပြန်တာမျိုး။ 有眼无珠 ကို မျက်စိရှိပြီး မျက်ဆန်မရှိဘူး လို့ ပြန်တာမျိုး။ တရုတ်စကားပုံ အတော်များများကို အဲဒီလို လုံးကောက်ယူထားတွေ အများကြီးပဲ။ ဒါပေမယ့် ကျနော်က မူရင်းတရုတ်စကားလုံးတွေကို မြင်လာလို့လားတော့ မသိဘူး၊ ကျနော့်အတွက်တော့ နားလည်သွားတာချည်းပဲ။ တစ်ခါတလေတောင် စဉ်းစားလိုက်မိသေးတယ်။ အင်း … အဲဒီလို လုံးကောက်ပြန်လိုက်တော့လည်း ပြီးသွားတာပဲ လို့။ 😅

နောက်တစ်ခု ပြောချင်တာက ‘အနကိုဋ်’။ အဲဒါ ဘာသာပြန်သူ ရေးထားတဲ့အတိုင်း ပြန်ရေးပြတာ။ အံသကိုဋ်ကို ဆိုလိုဟန် တူပါတယ်။ အံသကိုဋ် ဆိုတာ လူလိုပြောရင် ချိုင်းပြတ်စွပ်ကျယ်ကို ခေါ်တာပါ။ ချွေးခံပေါ့။ ဒါပေမယ့် ဘာသာပြန်သူက ဧကသီကို ဆိုလိုဟန် ရှိတယ်။ သူ့စာထဲမှာ အနကိုဋ်၊ အနကိုဋ်နဲ့ တွေ့တွေ့နေရတာ အတော် အဆင်မပြေဘူး။ ပြီးတော့ ထန်ဘုန်းကြီးက အင်္ကျီကို ချွတ် ဆိုပြီး အင်္ကျီလို့ အတွင်တွင် သုံးထားတာ တွေ့တယ်။ သင်္ကန်းကို ဆိုလိုဟန် ရှိပါတယ်။

ကဲ .. အဓိက ပြောချင်တာက အခုမှ လာပြီ။

တရုတ်မှာ 精 ကျင်း ဆိုတဲ့ စကားလုံး ရှိတယ်။ အဲဒီ concept သဘောတရားက မြန်မာမှာ မရှိတော့ ဘယ်လို သုံးရမှန်း မသိကြတာ များတယ်။ ဒီဘာသာပြန်မူထဲမှာ သရဲ လို့ သုံးထားတယ်။ အဲဒီစကားလုံးကို ကျနော် ရွှယ်ဟွားကို ဘာသာပြန်တုန်းက တစ်ခါ တွေ့ခဲ့ဖူးလို့ အဲဒါကို ဘယ်လို ပြန်ရရင် ကောင်းမလဲလို့ အသည်းအသန် စဉ်းစားဖူးတယ်။ ‘ကျင်း’ ဆိုတာက သရဲ မဟုတ်ဘူး။ သရဲ ဆိုတာ သတ္တဝါက သေပြီး ဝိညာဉ် ဖြစ်နေတာကို ခေါ်တာ။ ‘ကျင်း’ က ဝိညာဉ် မဟုတ်ဘူး။ အသေကောင် မဟုတ်ဘူး။ တရုတ်ရဲ့ အယူအဆအရ သက်ရှိတွေဟာ (သစ်ပင်လည်း ပါတယ်) အသက် အထောင်အသောင်း ရှည်အောင် နေနိုင်သွားရင် သိဒ္ဓိတစ်မျိုးမျိုး ပေါက်ပြီး ‘ကျင်း’ ဖြစ်သွားတယ်လို့ ယူဆတယ်။ အဲဒီကနေ ဆက်ပြီး ပါရမီ ဖြည့်ကျင့်ရင် ရှန်း (နတ်) ဖြစ်တယ်ပေါ့။ ဥပမာ ယုန်တစ်ကောင်ပေါ့၊ အဲဒီယုန်က အသက် ၅၀၀၀ လောက် ရှည်အောင် နေနိုင်သွားရင် ‘ကျင်း’ ဖြစ်တယ်။ သစ်ပင်လည်း ဒီအတိုင်းပဲ။ ရှောင်ချဲ့ ဆိုတဲ့ တရုတ်သရဲကား ကြည့်ဖူးလား မသိဘူး။ အဲဒီထဲမှာ သရဲမနှစ်ကောင်က ယောက်ျားတွေကို မြှူဆွယ်၊ ဖမ်းပြီး သူတို့ရဲ့ ဘွားဘွားကြီးကို ဆက်သရတယ်။ အဲဒီ ဘွားဘွားကြီးဆိုတာ သစ်ပင်ကဖြစ်တဲ့ ကျင်းပဲ။

ဒီဝတ္ထုထဲမှာ တိရစ္ဆာန်ကဖြစ်တဲ့ ‘ကျင်း’ တွေ ခဏခဏပါတယ်။ သစ်ပင်က ဖြစ်တဲ့ ကျင်းကို အခန်းတစ်ခန်းမှာ တွေ့လိုက်ရတယ်။ ဒါကို၊ အဲဒီကျင်းကို ကျနော်က သရဲလို့ မပြန်ချင်ဘူး။ ရွှယ်ဟွား စာအုပ်မှာတုန်းက ကျနော်က စုန်းလို့ ပြန်တယ်။ 狐狸精 မြေခွေးစုန်းပေါ့။ ကျနော်မြန်မာမှာ ကြောင်စုန်း ဆိုတာ ရှိတယ်။ သဘောသဘာဝချင်း မတူပေမယ့် ကြောင်စုန်း ဆိုတဲ့ အသုံးရှိတာကြောင့် ကျနော်က မြေခွေးစုန်းလို့ ဘာသာပြန်လိုက်တယ်။ သစ်ပင်က ဖြစ်ရင် သစ်စုန်းပေါ့။

အားလုံး သိတဲ့အတိုင်း ကွမ်ယင်မယ်တော်က ဒီဝုခုန်းဇာတ်လမ်းထဲမှာ ဒုတိယဇာတ်လိုက်လို့တောင် ပြောလို့ ရမယ် ထင်တယ်။ သူ့နာမည်က ခဏခဏကို ပါနေတာလေ။ စိတ်အထင်ပြောရရင် ဆားဝုကျင့်ထက်တောင် ကွမ်ယင် နာမည်က ပိုပါလိမ့်ဦးမယ်။ အဲဒီ ကွမ်ယင်မယ်တော်ကို ဘာသာပြန်သူက ရဟန္တာကြီး ကွမ်ယင်လို့ ကင်ပွန်းတပ်တယ်။ ကွမ်ယင်က ရဟန္တာလား။ နားလည်မှုတွေ လွဲမှားကုန်မှာမို့ ဒီစာကို ရေးဖြစ်သွားတာပါ။

ကွမ်ယင်က တရုတ်လိုဆိုရင် ဖူဆာ့လို့ ခေါ်တယ်။ ဖူဆာ့က ရဟန္တာ မဟုတ်ပါဘူး။ ပါဠိလိုဆိုရင် ဗောဓိသတ္တ၊ မြန်မာလို ဘုရားလောင်းပါ။ ဝုခုန်းဝတ္ထုထဲမှာ ဖူဆာ့တွေ အများကြီး ပါတယ်။ တသ်ခါတလေမှာ ဘာသာပြန်သူက ဖူဆာ့လို့ အသံထွက်အတိုင်း ရေးတတ်ပေမယ့် အများအားဖြင့် ရဟန္တာလို့ပဲ ရေးလေ့ရှိတယ်။

ရဟန္တာကို တရုတ်လို အာလောဟန့် လို့ ရေးတယ်။ အရဟန္တ ကနေ လာတယ်။ ဒါပေမယ့် အတိုချုံ့ပြီး အာလော၊ ဒါမှမဟုတ် လောဟန့် လို့ ရေးလေ့ရှိတယ်။ ဒီဝုခုန်းဝတ္ထုထဲမှာ လောဟန့် ဆိုတဲ့ အသုံးကလည်း ခဏခဏ ပါတယ်။ ဒါကို ဘာသာပြန်သူက အဓိပ္ပာယ် နားမလည်လို့လားတော့ မသိဘူး။ လောဟန့် လို့ပဲ အသံထွက်ရေးတယ်။ သူ့အတွက် ဖူဆာ့က ရဟန္တာ ဖြစ်နေတော့ကာ လောဟန့် ကို ဘယ်လိုသုံးရမှန်း မသိတော့တာ ဖြစ်မယ် ထင်ပါတယ်။

ဒီဝတ္ထုရဲ့ အခန်းတစ်ခန်းမှာ ဘုရားရှင်က သူ့တရားနာပရိသတ်ကို တရားဟောနေခန်း တစ်ခန်းပါတယ်။ အဲဒီမှာ ဘာသာပြန်သူက ဘယ်လို ရေးသလဲ ဆိုတော့

“ရဟန္တာလေးပါး၊ ကျင်းကန်းရှစ်ပါး၊ သာဝကငါးရာ၊ နတ်ဒေဝတာသုံးထောင်၊ ဘိက္ခုနီ၊ ဘိက္ခုရဟန်း၊ ရိုးဖိုစို၊ ရိုးဖိုရီ၊ ကွမ်ယင်၊ မုချားတို့ဟာ တစ်ပြိုင်နက် ဝိုင်းထားလိုက်တယ်” တဲ့။ အဲဒီလို ရေးထားတယ်။

တရုတ်မှာက ဒီလို ရေးထားတယ်။

“早见那四大菩萨、八大金刚、五百阿罗、三千揭谛、比丘尼、比丘僧、优婆塞、优婆夷诸大圣众,都到七宝莲台之下”

ဘာသာပြန်ရရင်

• ဖူဆာ့ကြီး လေးပါး (ဘုရားအလောင်းတော်ကြီး ၄ ပါး)

• ကျင်းကန်းရှစ်ပါး (သာသနာ့စောင့်နတ်ကြီး ၈ ပါး)

• အားလော ၅၀၀ (ရဟန္တာအပါး ၅၀၀)

• ဂါတီ ၃၀၀၀ (တရားစောင့်နတ်အပါး ၃၀၀၀)

• ဘိက္ခုနီတွေ

• ဘိက္ခုတွေ

• ယိုဖော်စိုက် (ဥပါသကာတွေ)

• ယိုဖော်ယီ (ဥပါသိကာ(မ)တွေ)

ဒီမှာ ကြုံတုန်း တာ့ဖူဆာ့ ခေါ်တဲ့ ဘုရားအလောင်းတော်ကြီး လေးပါးကို ပြောပါရစေဦး။ ‘ကြီး’ ပါတာ သတိထားမိမယ် ထင်ပါတယ်။ ထေရဝါဒမှာ ဘုရားလောင်းတွေကို ပညာဓိက၊ သဒ္ဓါဓိက၊ ဝိရိယာဓိက ဆိုပြီး သုံးမျိုးခွဲတယ်။ ပညာဦးစားပေး၊ သဒ္ဓါဦးစားပေး၊ ဝီရိယဦးစားပေး ဆိုတဲ့ သဘောပဲ။ မဟာယနမှာက လေးမျိုးခွဲတယ်။ အဲဒီလို လေးမျိုးခွဲပြီး တစ်မျိုးစီရဲ့ စံပြုထိုက်တဲ့ ဘုရားလောင်း ၄ ပါးကို တရုတ်က တာ့ဖူဆာ့လေးပါးလို့ ခေါ်တယ်။ သူတို့တွေက

* 大悲 (မဟာကရုဏာ): 观音菩萨 (ကွမ်ယင် – အဝလောကိတေသွရ)

* 大智 (မဟာပညာ): 文殊菩萨 (ဝိန်းဆူး – မဉ္စူသုရီ)

* 大行 (မဟာစရိယ/ကျင့်စဉ်): 普贤菩萨 (ဖူရှန်း – သမန္တဘဒြ)

* 大愿 (မဟာပဏိဓာန်/သစ္စာဓိဋ္ဌာန်): 地藏菩萨 (တီးဇန့် – ကိတိဂဗ္ဗ)

အဲဒီအထဲမှာ နောင်ပွင့်မယ့် အရိမေတ္တေယျဘုရားလောင်း မပါတာ သတိမိမှာပါ။ အရိမေတ္တေယျကို တရုတ်လို မီလဲ့ဖူဆာ့လို့ ခေါ်တယ်။ ဒီဝတ္ထုထဲမှာ မီလဲ့ဖူဆာ့ကို ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ စကားစပ်လို့ ပြောရရင် 释迦摩尼 စစ်ကျားမော်နီက သကျမုနိ ဖြစ်ပြီးတော့ 如来佛 လူလိုင်ဘုရား (ဒီစာအုပ်ထဲမှာ လူလိုင်လို့ပဲ သုံးထားတယ်) ဆိုတာက တထာဂတ ကို ခေါ်တာပါ။

ဪ … နောက်ပြီး နောက်ဆုံးအခန်းမှာ ကျမ်းစာအုပ်တွေ ပေးတော့ ဂိုဒေါင်မှာ စာအုပ်တွေ သွားယူခိုင်းတယ်။ ဘုရားရှင်က ရဟန်းနှစ်ပါးကို မင်းတို့ သွားယူပေးလိုက်လို့ ခိုင်းတယ်။ အဲဒီနှစ်ပါးက (စာအုပ်ထဲကအတိုင်း ပြောရရင်) အာနန်နဲ့ ကြားစင့်။ သူတို့က ဘယ်သူတွေလဲ။ အာနန်ဆိုတာ အသံထွက်ကြားရုံနဲ့ သိလောက်ပါတယ်။ ရှင်အာနန္ဒာကို ဆိုလိုတာပါ။ ဒါဆို ကြားစင့်ကရော။ ကြားစင့်ဆိုတာ တရုတ်လို 摩诃迦叶 ရှင်မဟာကဿပကို ဆိုလိုတာပါ။

စကားစပ်လို့ ပြောရရင် တရုတ်ပြည်ရဲ့ ဘုရားကျောင်းတွေမှာ ဘုရားဆင်းတုတော် ထုရင် တချို့က လက်ဝဲရံနဲ့ လက်ယာရံ ရဟန္တာနှစ်ပါးကိုပါ ထည့်ထုလုပ်လေ့ ရှိတယ်။ အဲဒီရဟန္တာနှစ်ပါးက ဘယ်သူတွေလဲ။ မြန်မာမှာဆိုရင် ရှင်သာရိပုတ္တနဲ့ ရှင်မောဂ္ဂလာနတို့ပဲ ဖြစ်ရတော့မှာပေါ့။ ဒါပေမယ့် တရုတ်မှာ၊ မဟာယနမှာ အဲဒီလို မဟုတ်ဘူး။ အဲဒီနှစ်ပါးက ရှင်မဟာကဿပ (ဝဲ) နဲ့ ရှင်အာနန္ဒာ (ယာ) တို့ပါ။ သူတို့နှစ်ပါးက ဓမ္မနဲ့ဝိနယကို ကိုယ်စားပြုတယ်။ မဟာယာနမှာက ရှင်မဟာကဿပကို သူတို့ရဲ့ ပထမဆုံး ဂိုဏ်းချုပ်အဖြစ် သတ်မှတ်ပြီး ရှင်အာနန္ဒာက ဒုတိယမြောက် ဂိုဏ်းချုပ်ပါ။ ရှင်ဥပဂုတ်က တတိယမြောက် ဂိုဏ်းချုပ်ပါ။

နောက်ဆုံး ဇာတ်ပေါင်းတဲ့အခါမှာ လူလိုင်ဘုရားက ထန်ဘုန်းကြီးကို ဘုရားအရာပေးတယ်။ ပြီးတော့ ဝုခုန်းကိုလည်း ဘုရားအရာ ပေးတယ်။ ထန်စိန်း၊ ထန်ဘုန်းကြီးကို 旃檀功德佛 စန္ဒကူးကုသိုလ်တော်ဘုရား ဆိုပြီး ပေးတယ်။ ဝုခန်းကို 斗战胜佛 စစ်အောင်ဘုရား ဆိုပြီး ပေးတယ်။ ဘာသာပြန်သူက တိုက်တိုင်းအောင်ဘုရားတဲ့။ ပါးကျဲ့ကို 净坛使者 ပလ္လင်တော်သန့်ရှင်းရေး တမန်တော်၊ ဝုကျင်းကို 金身罗汉 ရွှေကိုယ်ရဟန္တာ၊ မြင်းဖြူကို 八部天龙广力菩萨 နဂါးစိုးဗောဓိသတ္တ စသဖြင့်ပေးတယ်။

အခု စဉ်းစားမိတာတချို့ ပြောပြချင်ပါတယ်။ တက္ကသိုလ်နေလင်းအောင် ဘာသာပြန်ထားတဲ့ ရှီးယိုကျိထဲမှာ ဝုခန်း၊ ပါးကျဲ့နဲ့ ဝုကျင့်ကို ‘ကပ္ပိယကြီး’ တွေလို့ သုံးထားတယ်။ အခု ကြည်ကြည်မာ ပြန်ထားတဲ့ မူမှာကြတော့ ဘုန်းကြီးတွေလို ပြန်တယ်။ အဲဒီသုံးယောက်က ဘာတွေလဲ။ အမှန်အတိုင်း ဝန်ခံရရင် ကျနော် မသိဘူး။ ဘာတွေမှန်းကို မသိတာ။ ဒါပေမယ့် စာသွားစာလာအရ မှန်းဆလို့ ရတာ တချို့ ရှိတယ်။

ကျနော်အမြင် ပြောရရင် ဝုခုန်းတို့သုံးယောက်က ရဟန်း မဟုတ်နိုင်ဘူး။ ဘာကြောင့်လဲ၊ အချက်တချို့ ထောက်ပြချက်တယ်။

၁။ ပါးကျဲ့ကို တွေ့တွေ့ချင်းမှာ ရှစ်ပါးသီလ ဆောက်တည်ခိုင်းတယ်။

၂။ ဝုကျင့်ကို ဘုန်းကြီးနဲ့ တူလို့ ဆိုပြီး ဆားဟော်ဆန့် ဘုန်းကြီးဆား ဆိုပြီး နာမည်ပြောင် ပေးတယ်။

ဒါပေမယ့် ခက်တာက သူတို့သုံးယောက်က ကတုံးတွေပါလို့ သတ်မှတ်လို့ရတဲ့ စကားလုံးအထောက်အထားတွေ ဝတ္ထုထဲမှာ တွေ့တွေ့နေရတယ်။ ဒီစာအုပ်ဘာသာပြန်သူကတော့ ဘုန်းကြီးက၊ ဘုန်းကြီးကနဲ့ အာလုပ်ပြု သုံးတယ်။ ခက်တာက မဟာယာနမှာ ထေရဝါဒလို့ သိမ်ဝင်စရာ မလိုတော့ ဘုန်းကြီး မဟုတ်ပါဘူးလို့ ပြောလို့ကလည်း မရပြန်ဘူး။ ကျနော်အနေနဲ့တော့ ကြားချပြီး ကိုရင်ကြီးတွေလို့ပဲ ယူရ ကောင်းမလားပဲ။ 😅

နောက်တစ်ခုက ညစာစားတဲ့ ကိစ္စ။ ဝတ္ထုထဲမှာ ညကြီးမိုးချုပ်လည်း ထန်ဘုန်းကြီးကို ညစာ ကပ်ကပ်နေတာ တွေ့တယ်။ ကျနော့်အထင် ပြောရရင် ထန်ဘုန်းကြီး သက်ရှိထင်ရှား ရှိတဲ့ခေတ် အေဒီ ၆ ရာစုမှာ တရုတ်ဘုန်းကြီးတွေ ညစာမစားလောက်သေးဘူး။ ဒါပေမယ့် စာရေးဆရာရဲ့ ခေတ် အေဒီ ၁၆ ရာစုမှာတော့ ဘုန်းကြီးတွေ ညစာစားနေကြပြီလို့ ယူရတော့မလို ဖြစ်နေတယ်။

ပြီးတော့ လူအတော်များများက အဲဒီအချက်ကို သတိထားမိကြမယ် မထင်ဘူး။ ကွမ်ယင်က ရုပ်ဖျက်ပြီး စန်းကျန့်တရားဟောတာကို လာနားထောင်တဲ့ အခန်း။ စန်းကျန့်တရားဟောပြီးတော့ ဝဲစားဘုန်းကြီး ဟန်ဆောင်ထားတဲ့ ကွမ်ယင်က စင်ပေါ်က စန်းကျန့်ကို လှမ်းပြောတယ်။ “မင်းဟာက ရှောင်ချိန်တရားတွေ ဟောနေတာပဲ။ တာ့ချိန်တရား မဟောတတ်ဘူးလား” တဲ့။ ဘာသာပြန်သူက ဒီစာအုပ်မှာ ရှောင်ချိန်၊ တာ့ချိန်လို့ အသံထွက်အတိုင်း ထည့်ရေးထားတယ်။ တကယ်တမ်း ဆိုလိုချင်တာက မင်းဟာက ဟိနယာနတရားတွေပဲ ဟောနေတယ်။ မဟာယာနတရား မဟောတတ်ဘူး လို့ ပြောတာ။ ဟိနယာန ဆိုတာ အခု ထေရဝါဒကို ခေါ်တာ။ မြင့်မြတ်တဲ့ မဟာယာနတရားတော်တွေ ရဖို့ ဘုရားဆီ ကျမ်းသွားပင့်ချေ ဆိုတဲ့ သဘောပါပဲ။

ဒီတော့ စဉ်းစားစရာတစ်ခု တိုးလာတယ်။ ထန်ဘုန်းကြီး ကျမ်းမပင့်ခင်က တရုတ်ပြည်မှာ ကြီးစိုးနေတာက ဟိနယာန (ထေရဝါဒ) လား။

======xxxxx======

တကယ့်သမိုင်းကို ပြန်လေ့လာကြည့်ရင် တရုတ်ပြည်ကို ဘယ်တုန်း ဘယ်ခါကမှ ထေရဝါဒ မရောက်ခဲ့ဖူးဘူး ဆိုတာပါပဲ။ တရုတ်ပြည်ကို ပြန့်တဲ့ ဗုဒ္ဓဘာသာက တိဗက်ကနေတစ်ဆင့် ပြန့်သွားတာပါ။ ဒါကြောင့် အစောကြီးကတည်းက မဟာယာနကပဲ တရုတ်ပြည်မှာ အမြစ်တွယ်နေခဲ့တာပါ။ တရုတ်ပြည်ကို သာသနာစဖြန့်တဲ့ ဘုန်းတော်ကြီးက တာမော်လို့ အဆိုရှိတယ်။ သူက တိဗက်ဘုန်းကြီးပါ။ အဲဒီခေတ်အခါ တိဗက်မှာ အခုလို ဝိဇ္ဇာယာနဂိုဏ်း မရှိသေးတော့ မဟာယာနစစ်ပဲ တရုတ်ပြည်ကို ရောက်သွားခဲ့တာ။ အဲဒီထဲမှာမှ သမထကို ဦးစားပေးတဲ့ တာမော်ဘုန်းကြီးကြောင့် အခုခေတ်အခေါ် ဇင် (ဈာန်) ဂိုဏ်းက တရုတ်ပြည်မှာ အခြေတည် ပေါက်ဖွားလာခဲ့ပါတယ်။

======xxxxx======

Update: အထက်ပါစာပိုဒ်မှာ အမှားပါနေလို့ ပြန်လည် ပြင်ဆင်ပါတယ်။

တရုတ်ပြည်ကို မဟာယာနဩဇာတွေ အရှိန်အဟုန်နဲ့ စပြီး လွှမ်းမိုးလာခဲ့တာက AD ၄ ရာစုက စတယ်လို့ ဆိုပါတယ်။ အဲဒီမတိုင်ခင်က ဟိနယာနရဲ့ မူလဂိုဏ်း‌ဖြစ်တဲ့ သဗ္ဗတ္ထိဂိုဏ်းနဲ့ တခြားဂိုဏ်းတွေက တရုတ်ပြည်မှာ ဩဇာကြီးခဲ့ပါတယ်။ ဒါပေမယ့် အေဒီ ၄ ရာစုအရောက်မှာ အရှင်ကုမာရဇီဝက တရုတ်ပြည်ကို ကြွရောက်လာတော့ မဟာယာနကျမ်းစာတွေကို တရုတ်ဘာသာပြန်ဆိုခဲ့တာကြောင့်လည်း မဟာယာနဩဇာက လုံးဝနီးပါး လွှမ်းမိုးသွားတယ်။ တရုတ်တွေက အရှင်ကုမာရဇီဝကို 鳩摩羅什 ကျူမောလောဆီလို့ ခေါ်တယ်။ ထုံးဆို့လို့လည်း ခေါ်ကြပါတယ်။ အထက်က စာပိုဒ်မှာ အမှားတစ်ခု ပါနေသေးတာက တာမော်ဆရာတော်က တိဗက်က မဟုတ်ပါဘူး။ အိန္ဒိယတောင်ပိုင်းသားလို့ တွေ့ရပါတယ်။ ဘုရင့်သားတော်တစ်ပါးလို့လည်း တွေ့ရပါတယ်။ ပြီးတော့ တရုတ်ပြည်ကို စစချင်းမှာ (အေဒီ ၁ ရာစုလောက်) ပိုးလမ်းမအတိုင်း ပါကစ္စတန်တို့ဘက်ကနေ ကျမ်းစာအခေါ် ဂန္ဓာရတိုင်းဘက်ကနေ ရောက်လာပြီး အဲဒီနောက်ပိုင်းမှာမှ တိဗက်နဲ့ ဘာသာရေးပညာရှင်တွေ အပြန်အလှန် ဖလှယ်ကြတယ်လို့ ဖတ်ရပါတယ်။

ကဲ … မထင်မှတ်ဘဲ စာလည်း အတော် ရှည်သွားပြီ။ ဒီစာအုပ်ကို ပထမအကြိမ် ထုတ်ခဲ့တာက ၁၉၉၅ ခု ဆိုတော့ စာရေးသူ ကြည်ကြည်မာက ကိုယ့်အဒေါ်အရွယ်၊ ပိုယ့်အမေအရွယ်လောက် ရှိမယ် ထင်တယ်။ ဒီတော့ လွန်တာရှိ ဝန္ဒာမိပေါ့ဗျာ။ ဘယ်သူ့ကိုမှ စော်ကားဖို့ စိတ်ကူး မရှိပါဘူး။ ဒါပေမယ့် ဒီလိုစာအုပ်မျိုးက တရုတ်ရဲ့ ဘာသာရေးသဘောတရား နောက်ခံကို အကျဉ်းလောက် သိထားရင် ဘာသာပြန်လို့ ပိုကောင်းမယ် ထင်တာပဲ။ အဲ … အခု Creation of Gods ရဲ့ မူရင်း 封神演义 ‘ဖုန်းစိန်ယန်ယိ’ ကို စာရေးဆရာတစ်ယောက်က ဘာသာပြန်ထားပြီးပြီ ကြားတယ်။ အဲဒီစာအုပ်က ဝုခုန်း ရှီးယိုကျိ ထက်တောင် ဆိုးသေးတယ်။ တရုတ်နတ်တွေ၊ ဝိဇ္ဇာတွေအကြောင်း ရေးထားတာ။ ဒီတော့ အဲဒီစာရေးဆရာကြီးက ဘယ်လိုများ ဘာသာပြန်ထားပါလိမ့်မလဲလို့ ကျနော်ကတော့ စောင့်စားနေမိတာပဲ။

#မျောက်မင်းစွင်းဝုခုန်း

#ကြည်ကြည်မာ

Leave a comment

Your email address will not be published. Required fields are marked *