← ဘလော့ဂ်သို့ ပြန်ရန်

တရုတ်ပြည်တွင်းစစ် (၁၉၄၅-၁၉၄၉) – Michael Lynch

ကမ္ဘာ့သမိုင်း စာအုပ်တွေအကြောင်း

အခုချိန်မှာ မြို့သိမ်းတိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ကြားလာရတော့ မြန်မာပြည် ပြည်တွင်းစစ်သဘောက ထင်ရှားသထက် ထင်ရှားလာတယ်။ ကျနော်က နိုင်ငံရေး သုခမိန်လည်း မဟုတ်လေတော့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဘာညာသာရကာ စာအရှည်ကြီး မရေးချင်ပါဘူး။ ဒါပေမယ့် စာဖတ်ဝါသနာပါသူ တစ်ယောက်ပီပီ ကမ္ဘာ့သမိုင်း လည်စောင်းပြီး ငဲ့ကြည့်လိုက်မိတယ်။ ဖြစ်ပြီးပျက်ပြီးတဲ့ ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက်မှာ လက်ရှိ ဖြစ်စဉ်နဲ့ အနီးစပ်ဆုံး ဒါမှမဟုတ် ဆင်ဆင်တူတဲ့ သမိုင်းဖြစ်စဉ် ဘာများ ရှိမလဲပေါ့။ ဒါနဲ့ တရုတ်ပြည်တွင်းစစ်ကို သတိရမိသွားတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မြို့သိမ်းတိုက်ပွဲတွေ၊ ဒါမှမဟုတ် ပြည်တွင်းစစ် ပုံစံနဲ့ တရုတ်ပြည်တွင်းစစ်နဲ့ တူများ တူလေမလားလို့ စာအုပ်တွေ ရှာဖတ်ကြည့်မိတယ်။ အောက်မှာ ပုံပြထားတဲ့ စာအုပ်ကတော့ တရုတ်ပြည်တွင်းစစ် (၁၉၄၅-၁၉၄၉) ကို အတိုချုံးပြီး အနှစ်ချုပ် ရေးပြထားတာပဲ။ သူ့ထက် ပိုစုံတဲ့ စာအုပ်ကတော့ Decisive Encounters ဆိုတဲ့ စာအုပ်ပဲ။ တရုတ်ပြည်တွင်းစစ်နဲ့ လက်ရှိ ပြည်တွင်းစစ်နဲ့ တူတဲ့အပိုင်းတွေ အတော်များများ ရှိတယ်။

၁။ တရုတ်ကွန်မြူနစ်တပ်မတော် (PLA) က စစ်သားဦးရေ ထောင်ဂဏန်းပဲ ကျန်တဲ့အထိ ပြုတ်ပြုတ်ပြုန်းပြီးမှ အင်အားပြန်ထူထောင်ခဲ့ရတာကြောင့် အရပ်သား၊ ပြည်သူ၊ တောင်သူလယ်သမားရဲ့ အင်အားကို အဓိက အားကိုးခဲ့ရတယ်။

၂။ တပ်ထဲမှာရှိတဲ့ တပ်သား အားလုံး နီးပါးက အခြေခံ နင်းပြားတွေပဲ များတာကြောင့် စစ်တိုက်တတ်ဖို့ အတော်လေး သင်ပေးခဲ့ရတယ်။

၃။ PLA ဟာ အချိန် တော်တော်ကြာတဲ့အထိ ပြောက်ကြား နည်းစနစ်ကိုပဲ သုံးနိုင်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ လက်နက်အင်အား မရှိဘူး။ လူ အင်အား များများစားစား မရှိဘူး။ ဒါကြောင့် အများကြီး အပြုန်းတီး မခံနိုင်ဘူး။ ပုံမှန်အားဖြင့် တစ်ဘက်ရန်သူက သူ့ထက် ဆယ်ဆမက အင်အားကြီးတဲ့ တပ်ဖွဲ့တွေပဲ များတာကြောင့် ပြောက်ကြားစနစ်နဲ့ပဲ တိုက်နိုင်ခဲ့တယ်။

၄။ ဒါပေမယ့် ခြေကုပ်စခန်း/ မြို့ကြီးတစ်မြို့မှာ အခိုင်အမာ အခြေချပြီးတဲ့ အခါမှာ ပုံမှန်ထိုးစစ်တစ်ခု ဖန်တီးနိုင်ဖို့ စစ်တပ်ကို ခေတ်မီအောင် ပြန်လုပ်ယူခဲ့ရတယ်။

၅။ PLA က သူပုန်ဘဝကနေ တက်တာကတစ်ကြောင်း၊ ဆင်းရဲသားပြည်သူနဲ့ပဲ ဖွဲ့စည်းထားရတာက တစ်ကြောင်းမို့ သူတို့မှာ မောင်းပြန်ရိုင်ဖယ်က လွဲလို့ ဘာခေတ်မီလက်နက်မှ မရှိဘူး။

၆။ ရန်သူ့တပ်စခန်းကို သိမ်းပြီးလို့ ခေတ်မီလက်နက်တွေ (အမေရိကန်ရဲ့ လက်နက်တွေ) ရလာခဲ့တာတောင် ဘယ်လို သုံးရမှန်း မသိဘူး။

၇။ သူတို့မှာ နှစ်တော်တော်ကြာတဲ့အထိ တင့်ကား မပြောနဲ့ အဝေးပစ်လောင်ချာတို့ အမြှောက်တို့တောင် မရှိဘူး။ သိမ်းမိတဲ့အခါမှာလည်း မသုံးတတ်လို့ စွန့်ပစ်ထားခဲ့တာနဲ့ ခဏခဏ ကြုံခဲ့ရတယ်။ လေယာဉ်ဆိုတာတော့ ပြောမနေနဲ့။

၇။ PLA ရဲ့ ရန်သူဖြစ်တဲ့ ကူမင်တန်တပ် (KMT) ကတော့ လေကြောင်းပစ်ကူတွေ၊ အမြောက်တပ်တွေနဲ့ အားရှိပါးရှိ ဗျင်းခဲ့တာပဲ။ ဒါကြောင့်လည်း PLA က အစောပိုင်း ကာလတွေမှာ မြို့သိမ်းနိုင်ဖို့ အတော်လေး အားစိုက်ထုတ်ခဲ့ရတယ်။ အစောပိုင်း မြို့တွေမှာ စစ်သား သန်းချီပြီး အကျအဆုံး ရှိခဲ့တယ်။

၈။ PLA က မြို့သိမ်းတိုက်ပွဲ စလုပ်တဲ့အခါမှာ တရုတ်ပြည်ရဲ့ အရှေ့မြောက်ပိုင်း ဒေသကို စသိမ်းတယ်။ အဲဒီဒေသကို စသိမ်းတာ အကြောင်း ရှိတယ်။ အဲဒီဒေသရဲ့ အရှေ့ဘက်မှာက မြောက်ကိုရီးယား ရှိတယ်။ မြောက်ဘက်မှာက ဆိုဗီယက်ယူနီယံ ရှိတယ်။ အနောက်ဘက်မှာက မွန်ဂိုလီးယား ရှိတယ်။ မွန်ဂိုလီယားက ဆိုဗီယက် ဩဇာခံ ဆိုတော့ ပြောရရင် ပတ်ပတ်လည်က အကုန် ကွန်မြူနစ်နယ်မြေတွေချည်းပဲ။ သဘောက အကြောင်းမလှလို့ back ဆုတ်ရရင်လည်း နောက်ကြောင်းရှင်းတယ်။ ဒါကြောင့် တရုတ်ပြည်ရဲ့ အရှေ့မြောက်ဘက် မန်ချူးရီးယားဒေသကို ခြေကုပ်ဒေသအဖြစ် စသိမ်းတယ်။ အဲဒီနေရာကနေမှ တရုတ်ပြည် တောင်ပိုင်းကို တဖြည်းဖြည်း ဆင်းသွားဖို့ ကြံစည်ခဲ့တာပဲ။ မြန်မာပြည်အခြေအနေနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတူနေတယ်။

တရုတ်ပြည်တွင်းစစ်နဲ့ လက်ရှိ မြန်မာပြည် အခြေအနေနဲ့ မတူတဲ့ အပိုင်းတွေလည်း အများကြီး ရှိတာပေါ့။

၁။ PLA က မြို့သိမ်းတိုက်ပွဲ စတဲ့အချိန်မှာ စစ်တပ်အင်အားက တစ်သန်းကျော် ရှိနေပြီ။ KMT က သုံးသန်းကျော် ရှိတယ်။

၂။ PLA က ပထမဆုံး စသိမ်းတဲ့ မြို့က ဟာအော်ပင်းမြို့။ လူဦးရေ ရှစ်သိန်းကျော် ရှိတယ်။ တရုတ်ပြည်မှာ စက်မှု အတော်ထွန်းကားတဲ့ မြို့လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမြို့က ဂျပန်လက်အောက်ကို နှစ်နှစ်ဆယ်လောက် ရောက်သွားခဲ့ပြီးတော့ စက်ရုံတွေ အများကြီး တည်သွားခဲ့တယ်။ ပြောရရင် ရေခံမြေခံကောင်းတယ်။ ဒါကြောင့် PLA က အဲဒီမှာ စစ်တပ်ကို ခေတ်မီအောင် ပြန်လည် ဖွဲ့စည်းနိုင်ခဲ့တယ်။ ပြန်လည် လေ့ကျင်နိုင်ခဲ့တယ်။ အဲဒီ မြို့ကို မသိမ်းခင်တုန်းက သူတို့ရဲ့ အဓိက စစ်ဗျူဟာက ပြောက်ကြားစနစ်၊ ချုံခိုတိုက်ပွဲတွေကိုပဲ ဖော်ဆောင်ရာကနေ အဲဒီ နောက်ပိုင်းမှာတော့ တကယ့် မြို့သိမ်းတိုက်ပွဲကြီးတွေ ဖော်ဆောင်အောင် တပ်ကို ပြန်လည် ဖွဲ့စည်းခဲ့တာ။

၃။ PLA မှာ တကယ့်ကို ချီးကျူးစရာကောင်းတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အများကြီး ရှိတယ်။ သူတို့ အားလုံးက မော်စီတုံးရဲ့ အမိန့်ကို တစ်သွေမတိမ်း နားထောင်ကြတယ်။ ကြီးကြီးမားမား အငြင်းပွားမနေကြဘူး။ အားလုံးက မော်စီတုံး ပြီးရင် ပြီးတာပဲ။ အားလုံးက မော်စီတုံးကို အဲဒီလောက်အထိ ကြည်ညိုကြတယ်။ ယုံကြည်ကြတယ်လို့လည်း ပြောလို့ ရတယ်။ ဒါကြောင့် သဘောမတူတောင်မှ ယုံကြည်စိတ်နဲ့ မျက်စိမှိတ်ပြီး ခိုင်းတဲ့အတိုင်း လုပ်ခဲ့ကြတယ်။ မော်စီတုံးကလည်း သေနင်္ဂဗျူဟာမှာ တူမအောင် ထူးချွန်လွန်းတာကိုး။ ဒါကြောင့် ဗိုလ်ချုပ်ကြီးတွေ အားလုံးက သူ ချပေးတဲ့ အကွက်အတိုင်း လိုက်လုပ်ကြတယ်။ တစ်ခါတလေမှာ ရန်သူကို နိုင်နိုင်မှန်း သိပါလျက်နဲ့လည်း မော်စီတုံးက ဆုတ်ဆို/ရပ်ဆို ဆုတ်လိုက်/ရပ်လိုက်တာပဲ။

၄။ မြို့သိမ်းတိုက်ပွဲ စတဲ့အချိန်က ၁၉၄၆ လို့ ပြောလို့ရတယ်။ ဒါပေမယ့် သူတို့ရဲ့ ပြည်တွင်းစစ်က ၁၉၁၁ ကတည်းက စခဲ့တာ။ ကြားထဲမှာ ဂျပန်ကျူးကျော်စစ်ကိုပါ ခုခံခဲ့ကြရသေးတာ ဆိုတော့ PLA ရဲ့ ဗိုလ်ချုပ်တွေဟာ စစ်ရေးမှာ အတော်ကို အတွေ့အကြုံ ရင့်နေပြီလို့ ပြောလို့ ရတယ်။ ဒါလည်း မြန်မာပြည် အခြေအနေနဲ့ လုံးဝ ကွာခြားနေတယ်။

၅။ ကွန်မြူနစ်တွေဖြစ်တဲ့ PLA တွေအနေနဲ့ စစ်အင်အား စတင် စုဆောင်းတုန်းကတော့ အတင်းအကျပ် ပေါ်တာဆွဲတာမျိုးတွေ ရှိခဲ့ဖူးတယ်။ ပြောရရင် ပြည်သူတွေက KMT ကိုလည်း မယုံဘူး။ PLA ကိုလည်း မယုံဘူး။ ပိုဆိုးတာက ဟိုဘက်လည်း အဖေခေါ်မရ၊ ဒီဘက်လည်း အဖေခေါ်မရတဲ့ အခြေအနေမျိုးပဲ။ KMT ဘက်ပါရင် PLA က ဗျင်းတယ်။ PLA ဘက်ပါရင် KMT က ဗျင်းတယ်။ ဒီတော့ ဘယ်ဘက်မှ မပါဘူး ဆိုပြန်တော့လည်း နှစ်ဘက်စလုံးက ဝိုင်းဗျင်းကြပြန်ရော။ ဒီတော့ ပြည်သူတွေက တကယ့်ကို မြေစာပင် ဖြစ်ခဲ့ရတယ်။ နောက်ပိုင်း ကြာလို့ ဇာတ်ရည်လည်လာမှ KMT ကို အမုန်းပိုလာပြီး PLA ဘက်ကို အားပေးမှုတွေ အားကောင်းလာတယ်။ PLA တပ်ထဲ ဝင်ရောက်မှုက ပိုများလာတယ်။ KMT က တပ်ပြေးတွေ ပိုများလာတယ်။

၆။ စစ်ဖြစ်တဲ့အခါမှာ စစ်တုံ့ပန်းတွေကို ဆက်ဆံတဲ့အပိုင်းကလည်း အတော်လေး ကွာတယ်။ KMT က ရိက္ခာမလုံလောက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ PLA တုံ့ပန်းတွေကို သတ်ချင် သတ်ပစ်တယ်။ မသတ်ရင်လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီအတိုင်း ဒဏ်ရာနဲ့ ပစ်ထားကြတယ်။ PLA က အဲဒီလို မလုပ်ဘူး။ ဒီခေတ်စကားနဲ့ ပြောရရင် လူသားချင်း စာနာထောက်ထားတယ်ပေါ့။ ဒီတော့ KMT တုံ့ပန်းတွေကနေ PLA ထဲ ကူးပြောင်းသွားတာတွေ မနည်းဘူး။ KMT တပ်သားတွေမှာ နိုင်ငံရေး ခံယူချက် မရှိတာကြောင့်လည်း ပါတယ်။ ဘက်ပြောင်းတဲ့ အရေအတွက်မှာ KMT က အပုံကြီး ပိုများတယ်။

၇။ KMT ရဲ့ တပ်သားအင်အားက PLA ထက် သုံးဆ သာတဲ့အပြင် လက်နက်အင်အားကလည်း အဆတစ်ထောင်မက သာတယ်။ လေကြောင်းပစ်ကူတွေကလည်း ရှိသေးတယ်။ PLA က ဘာလေယာဉ်တစ်စီးမှ မပိုင်လိုက်ရဘူး။ နောက်ပြီး KMT ရဲ့ လက်နက် စပွန်ဆာက US။ ဒီတော့ သူ့လက်နက်တွေက ခေတ်မီတယ်။ ခေတ်မီလွန်းလို့ PLA က သိမ်းမိတာတောင် မသုံးတတ်လို့ ချောင်ထိုးထားရတယ်။ ဒါတောင် PLA ကို စစ်ရှုံးသွားခဲ့သေးတယ်။ အဓိကကတော့ စိတ်ဓာတ်အင်အားတွေ ကွာလို့ပဲ။

တရုတ်ပြည်တွင်းစစ် (၁၉၄၅-၁၉၄၉) ကို ပညာရှင်တွေက အဆင့် ငါးဆင့် ခွဲထားကြတယ်။

၁။ မန်ချူးရီးယားကို ဝင်သိမ်းတဲ့အဆင့်

၁၉၄၅ ခုမှာ ဂျပန်တွေက အကြွင်းမဲ့ လက်နက်ချတာကြောင့် ဒုတိယကမ္ဘာစစ် ပြီးသွားတယ်။ ပြီးသွားတော့ မန်ချူးရီးယားဒေသ (အဲဒီတုန်းက မန်ချူးကောလို့ ခေါ်တယ်) ကို ဆိုဗီယက်ကို အပ်လိုက်တယ်။ ဆိုဗီယက်က ၁၉၄၆ ခုမှာ မန်ချူးရီးယားကနေ တပ်တွေ ပြန်ရုတ်တယ်။ အဲဒီအချိန်မှာ ချန်ကေရှိတ်ရဲ့ ကူမင်တန်တပ် KMT က လက်ဦးမှုယူပြီး မန်းချူးရီးယားဒေသကို တပ်ဖြန့်ပြီး သိမ်းလိုက်တယ်ပဲ ဆိုကြပါစို့။ အဲဒီအချိန် အဲဒီဒေသမှာ PLA က မဖြစ်စလောက်ပဲ ရှိလို့ အားလုံး ကိုယ်ယောင်ဖျောက်နေရတယ်။ ဒီအဆင့်က KMT တွေ ပန်းပန်နေတဲ့ အဆင့်ပေါ့။

၂။ မန်းချူးရီးယားကို ထိုးစစ်ဆင်တဲ့အဆင့် (၁၉၄၇)

မော်စီတုံးက ပထမဆုံး မြို့သိမ်းတိုက်ပွဲကို မန်ချူးရီးယားမှာ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပထမဆုံး သိမ်းမယ့် မြို့ကတော့ ဟာအော့ပင်မြို့ပဲ။ အဲဒီဒေသမှာက မော်စီတုံးရဲ့ အတော်ဆုံး စစ်ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်တဲ့ လင်းပြောင်းက ဦးစီးနေတယ်။ သူက PLA ကို ခေတ်မီအောင် ဖွဲ့စည်းချင်တယ်။ နောက်ပြီး လက်နက်ကိုလည်း ကိုယ်တိုင် ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနိုင်ခဲ့တယ်။ ပြောက်ကြားတိုက်ပွဲကနေ ပုံမှန်ထိုးစစ်ကို ဆင်နွဲနိုင်အောင် လင်းပြောင်းက သူ့ရဲ့ တပ်မတော်ကို ပုံစံပြောင်းယူခဲ့တယ်။

တကယ်တော့ အဲဒီအချိန်က မော်စီတုံးဟာ မန်ချူးရီးယားနဲ့ အတန်ငယ် ဝေးတဲ့ ယန်းအန်းမှာ ရှိနေခဲ့တာ။ ယန်းအန်းက တရုတ်ကွန်မြူနစ်ရဲ့ ဌာနချုပ်ပဲ။ မော်စီတုံးက အဲဒီမှာ ရုံးထိုင်နေတာ။ အဲဒါကို ချန်ကေရှိတ်က တပ်မကြီးလွှတ်ပြီး ယန်းအန်းကို တက်သိမ်းခိုင်းတယ်။ KMT ထဲမှာလည်း ဒီခေတ်အခေါ် ဖရဲသီး ရှိနေတာဆိုတော့ မော်စီတုံးက အဲဒီသတင်းကို ကြိုရနှင့်တယ်။ ဒီတော့ မော်စီတုံးက KMT ရဲ့ တပ်အင်အားကို ဖြဲချတဲ့အနေနဲ့ သူ့ဆီ welcome လုပ်လိုက်တယ်။ တပ်မကြီး အနားရောက်ခါနီးမှ ခံစစ် နည်းနည်း ချထားပြီး မော်စီတုံးရဲ့ တပ်ကြီးတစ်တပ်လုံးက လုံးဝ မခုခံတော့ဘဲ တပ်ပြောင်းလိုက်ကြတယ်။ အဲဒီလို ယန်းအန်းကို KMT တက်သိမ်းတဲ့ အချိန်မှာပဲ မော်စီတုံးက ဟာအော့ပင်ကို ထိုးစစ်ဆင်ခိုင်းတယ်။

၃။ The LiaoShen campaign လျောင်းစိန်စစ်ဆင်ရေး (Sept-Nov 1948)

တရုတ်ပြည်ရဲ့ အရှေ့မြောက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ ဆိုရင် KMT ရဲ့ ထောက်ပံ့လမ်းကြောင်းကို ဖြတ်တောက်ပစ်မှ ရမယ်။ အဲဒီခေတ်ရဲ့ အဓိက ထောက်ပို့လမ်းကြောင်းက မီးရထားလမ်းပေါ့။ ဒီတော့ အဲဒီဒေသကြီးတစ်ခုလုံး ပုလင်းလည်ပင်းလို ဖြစ်နေတဲ့ အဓိက မီးရထားဘူတာမြို့က Jinzhou ကျင်ကျိုးမြို့ပဲ။ အဲဒီမြို့ကနေ ဖြတ်ပိတ်နိုင်ရင် အရှေ့မြောက်ဒေသ တစ်ခုလုံးကို ထောက်ပို့ မရောက်နိုင်တော့ဘူး။ ဒါကြောင့် မော်စီတုံးရဲ့ ပန်းတိုင်က Jinzhou ကျင်ကျိုးမြို့ကို သိမ်းဖို့။ အဲဒီမြို့ကို ရရင် ‌အရှေ့မြောက်ပိုင်းကို ရထားနဲ့ လုံးဝ သွားမရတော့ဘူး။ သဘောက ထောက်ပို့လမ်းကြောင်း ပြတ်သွားပြီ။ ဒါကြောင့် ထိုးစစ်ရဲ့ ဒုတိယအဆင့်အနေနဲ့ Jinzhou ကို သိမ်းဖို့ ကြိုးစားတယ်။ တစ်ဆက်တည်းမှာပဲ မြို့ကြီးနှစ်မြို့ဖြစ်တဲ့ Shenyang စိန်ယန်းမြို့နဲ့ Changchun ချန်ချွမ်မြို့ ကိုပါ သိမ်းယူတယ်။ အဲဒီ သုံးမြို့ကို သိမ်းပြီးတာနဲ့ တရုတ်ပြည် အရှေ့မြောက်ပိုင်းတစ်ခုလုံး ကျသွားတော့တာပဲ။ မြေပုံ နံပါတ် ၁ မှာ ကြည့်ပါ။ ဒီစစ်ဆင်ရေးက စုစုပေါင်း ၃ လ ကြာတယ်။

၄။ The HuaiHai campaign ဟွေးဟိုင်စစ်ဆင်ရေး (Nov 1948 – Jan 1949)

ချန်ကေရှိတ်က ဘယ်လို တွက်သလဲဆိုတော့ အရှေ့မြောက်ဒေသမှာ ရှိတဲ့ လင်းပြောင်းရဲ့ တပ်က စစ်ပန်းနေပြီ။ ဒီတော့ တောင်ဘက်ကို တော်တော်နဲ့ ဆင်းလာနိုင်မှာ မဟုတ်ဘူးပေါ့။ သူက အဲဒီလို တွက်တယ်။ တကယ်လည်း စစ်ပန်းနေတာကိုး။ ပထမဆုံး မြို့သိမ်းတိုက်ပွဲ‌တွေဆိုတော့ အတော်ကြီး တိုက်ယူခဲ့ရတာ။ KMT တပ်ကလည်း အဲဒီအချိန်အထိ ရွပ်ရွပ်ချွံချွံ တိုက်နေကြတုန်းပဲ။ ဒါကြောင့် အကျအဆုံးလည်း များတယ်။ ဒီတော့ အချိန်တိုအတွင်း မလှုပ်နိုင်လောက်ဘူး ထင်တာ။ ဒါပေမယ့် မော်စီတုံးက တုံ့ပန်းတွေနဲ့ စစ်တပ်ဖွဲ့ခိုင်းတယ်။ မြို့နေ ပြည်သူတွေနဲ့ စစ်တပ်ဖွဲ့ခိုင်းတယ်။ ပြီးတော့ ချက်ချင်း တောင်ဘက်ကို ဆင်းခိုင်းတော့တာပဲ။ မော်စီတုံးရဲ့ အယူအဆအရ အချိန်ဟာ သိပ်ကို အရေးကြီးတယ်။ အခုလို အချိန်မှာ အချိန်ဆွဲနေလို့ မရဘူး။ HuaiHai campaign က စစ်အောင်နိုင်ရေးရဲ့ သော့ချက်ပဲ။ Xuzhou ရွှီကျိုးမြို့ကို သိမ်းနိုင်မှသာလျှင် ကူမင်တန်အစိုးရရဲ့ မြို့တော်ဖြစ်တဲ့ နန်ကျင်းမြို့ကို ဆက်သိမ်းနိုင်မယ်။ နန်းကျင်းမြို့ မကျအောင်ကိုလည်း ချန်ကေရှိတ်က ရွှီကျိုးမြို့မှာ ခံစစ်တွေ အသေအလဲ ပြင်ဆင်ထားမှာ။ ဒါကြောင့် မထင်မှတ်တဲ့ အချိန်၊ စောနိုင်သမျှ စောအောင် ဝင်တိုက်ဖို့ ကြံစည်ခဲ့တာပဲ။ ရွှီကျိုးကို စစ်မျက်နှာ လေး၊ ငါးခုနဲ့ ထိုးစစ်ဆင်ခဲ့တယ်။ နောက်ပြီး ထောက်ပို့တပ်တွေကို လမ်းကြောင်းကနေလည်း ဖြတ်တိုက်သေးတယ်။ ဒါနဲ့ သုံးလအကြာမှာ ရွှီကျိုးမြို့ကို သိမ်းမိတော့တာပဲ။

၅။ The PingJin campaign ဖင်းကျင်းစစ်ဆင်ရေး (Nov 1948 – Jan 1949)

ပထမတုန်းကတော့ Xuzhou ရွှီကျိုးမြို့က သိမ်းရတဲ့ အကြောင်းအရင်းက မြို့တော် နန်ကျင်းကို တက်သိမ်းဖို့ပဲ။ ဒါပေမယ့် မော်စီတုံးက ရုတ်တရက် စိတ်ပြောင်းသွားပြီး နန်းကျင်းကို မသိမ်းသေးဘဲ စိတ်ဓာတ် စစ်ဆင်ရေးအနေနဲ့ ပေကျင်း (ပီကင်း) ကို တက်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ ပေကျင်းမြို့က နန်းတော်ရာ ရှိတဲ့မြို့ဆိုတော့ သူတို့ရဲ့ ယဉ်ကျေးမှု မြို့တော်ပေါ့။ ဒီတော့ တရုတ်တွေအတွက်ကျတော့ စိတ်ပိုင်းဆိုင်ရာအရ အတော်လေး ထိရောက်မှု ရှိတယ်။ နောက်ပြီး PLA က နန်ကျင်းကို ဝင်တိုက်တော့မယ်လို့ ချန်ကေရှိတ်က တွက်ဆထားတာကြောင့် နန်းကျင်းကိုပဲ စစ်အင်အား ဖြည့်ထားတယ်။ ပေကျင်းဘက်က ဟာနေတဲ့ သဘောပေါ့။ ဒါကြောင့် PLA က ပေကျင်းမြို့နဲ့ အဲဒီအနားက ထျန်ကျင်းမြို့ကို ဝင်တိုက်ခိုင်းလိုက်တယ်။ ပြောရရင် ရွှီကျိုးကို ဝိုင်းထားတဲ့ အချိန်မှာပဲ ပေကျင်းနဲ့ ထျန်ကျင်းကို တစ်ပြိုက်နက်တည်း ဝင်တိုက်ပစ်တယ်။

ပေကျင်းနဲ့ ထျန်ကျင်းကျသွားပြီး နောက်ပိုင်းမှာ KMT တွေရဲ့ ခံစစ်က လုံးဝ လုံးဝကို ပျော့ကျသွားတယ်။ တချို့ မြို့တွေဆိုရင် တိုက်စရာကို မလိုတော့ဘူး။ အလိုလို လက်နက်ချကြတယ်။ ဘာဖြစ်လို့ အဲဒီလို စိတ်ဓာတ်တွေ ပျက်ပြားကုန်ကြတာလဲ။

စိတ်ဓာတ်ပျက်ပြားသူက အောက်ခြေ တပ်သားတွေတင် မကဘူး။ ချန်ကေရှိတ်ကိုယ်တိုင်လည်း ပေကျင်းကျပြီးသွားတာနဲ့ ထိုင်ဝမ်ကို ထွက်ပြေးဖို့ အစီအစဉ် ချထားလိုက်ပြီ။ ဒီတော့ သူရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ နိုင်ငံတော်ဘဏ္ဍာ အားလုံး (ရွှေချောင်းတွေ) ကို ထိုင်ဝမ်ကို ကဲ့ဖို့ စပြီး စီစဉ်တော့တာပဲ။ ဒီတော့ သူ့အောက်ခြေက ဗိုလ်ချုပ်တွေလည်း ပြေးဖို့ စီစဉ်ကြတော့တာပေါ့။ ဒီတော့ ဒီတော့ သူ့အောက် သူ့အောက်က တပ်သားတွေ စိတ်ဓာတ်ကျတာလည်း အပြစ်မဆိုသာတော့ဘူး။ ဒါကြောင့် အဲဒီ နောက်ပိုင်း မြို့တော် နန်ကျင်းကို ဝင်သိမ်းတာတောင် ကြီးမားတဲ့ ခုခံမှု မရှိခဲ့ဘူး။

ဒါကြောင့် နန်ကျင်းမြို့က ၁၉၄၉ ဧပြီမှာ ကျတယ်။ ရှန်ဟိုင်းမြို့က မေမှာ ကျတယ်။ ချန်စားမြို့က ဩဂုတ်မှာ ကျတယ်။ ကွမ်ကျိုးမြို့က အောက်တိုဘာမှာ ကျတယ်။ နန်းကျင်း ကျတော့ ချန်ကေရှိတ်က ချုံချင့်ကို ပြေးတယ်။ ချုံချင့်ကို မြို့တော် သတ်မှတ်တယ် (ဂျပန်ခေတ် စစ်ပြေးရတုန်းကလည်း ချုံချင့်ကို မြို့တော် သတ်မှတ်ခဲ့ဖူးတယ်)။ ချုံချင့်ကို PLA တွေ လာတိုက်တော့မယ်လို့ အသံကြားတော့ ချိန်တူးကို ထွက်ပြေးတယ်။ ချိန်တူမှာ နေရတာ ဖင်မပူခင်မှာပဲ PLA တွေ လာတော့မယ်လို့ သတင်းကြားပြန်တာနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထိုင်ဝမ်ကို လေယာဉ်ပျံနဲ့ ပျံပြေးသွားတယ်။ အဲဒီအချိန်ကစပြီး ပြည်တွင်းစစ် ပြီးသွားတယ်လို့ ဆိုရတော့မှာပဲ။ ဒါပေမယ့် မော်စီတုံးကတော့ အောက်တိုဘာ ၁ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့လို့ ကြေညာခဲ့တယ်။

ခြေလျင် စစ်တပ်အင်အား သုံးသန်းကျော် (PLA ရဲ့ သုံးဆ) ရှိတဲ့ ချန်ကေရှိတ်ရဲ့ တပ်မတော်က ဘာကြောင့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာလဲ။ နောက်ပြီး အမေရိကန်ရဲ့ နောက်ဆုံး နည်းပညာအထောက်အပံ့တွေ ရထားတဲ့၊ လက်နက်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ စစ်တပ်က ဘာကြောင့် ခွက်ထိုးခွက်လန် ရှုံးခဲ့ရတာလဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပညာရှင် အသီးသီးက အမျိုးမျိုး ဝေဖန်ရေးသားခဲ့ကြတာပဲ။ ချန်ကေရှိတ်ရဲ့ အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်၊ တဇွတ်ထိုး လုပ်တတ်တဲ့အကျင့်၊ ဗိုလ်ချုပ်ကြီးတွေရဲ့ ဆရာတပည့်မွေးတဲ့ အကျင့်၊ တပ်အတွင်းမှာ ဗိုလ်ချုပ်အချင်း ခြေပုန်းခုတ်ကြတဲ့၊ စားခွက်လုကြတဲ့ ကိစ္စ၊ တပ်မအချင်းချင်း အပြန်အလှန် ချိတ်ဆက်မှု အားနည်းတဲ့ ကိစ္စ၊ တပ်အချင်းချင်း မနာလို ငြူစူတဲ့ ကိစ္စ စတဲ့ စတဲ့ အားနည်းချက်တွေ အများကြီး ထုတ်ပြစရာတွေ ရှိပါတယ်။ KMT စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်ဓာတ်တွေကလည်း နောက်ပိုင်းမှာ သိသိသာသာကြီး ပျော့ညံ့လာကြတယ်။ စစ်ပွဲအစောပိုင်း ကာလတွေမှာ မြို့ဝိုင်းခံရလို့ စစ်ရှုံးခါနီးရင် တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေက သူတို့ကိုယ်သူတို့ သတ်သေပြီး အဆုံးစီရင်ကြတယ်။ နောက်ပိုင်းကျတော့ မြို့တောင်မကျသေးဘူး။ အရင်ဆုံး ထွက်ပြေးကြတော့တာပဲ။ ဒီတော့ တပ်က ခေါင်းဆောင်မရှိဘဲ ဖရိုဖရဲ ကျန်ရစ်ခဲ့တော့တာပေါ့။

ကျနော်အမြင်အရ အဓိက အကျဆုံး အချက်ကတော့ ပြည်သူလူထုနဲ့ အောက်ခြေစစ်သားတွေရဲ့ ထောက်ခံမှု မရတော့တဲ့ ကိစ္စပဲ။ နောက်နောက်ပိုင်းတွေမှာ ပြည်သူလူထုကို မော်စီတုံးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက အတော်လေး သိမ်းသွင်းနိုင်ခဲ့တယ်။ မော်စီတုံးရဲ့ ဦးဆောင်မှုကလည်း အတော်လေး ထိရောက်အောင်မြင်တော့ နောက်လိုက်တွေ အားလုံးကလည်း သူ့ကို ယုံကြည်ကြတယ်။ သူကလည်း လွတ်မြောက်နယ်မြေမှာ စံပြနယ်မြေတွေ လက်တွေ့ ဖန်တီးပြခဲ့တာ ဆိုတော့ အောက်ခြေ ပြည်သူတွေကလည်း သူ့ကို ပိုပြီး ယုံကြည်ကြတယ်။ ဒီတော့ နောက်နောက်ပိုင်း မြို့တွေမှာ ခုခံအားက မရှိသလောက် နည်းသွားတယ်။ တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေက လေယာဉ်နဲ့ ကိုယ်လွတ် ထွက်ပြေးကြတာကြောင့်လည်း ပါတာပေါ့လေ။ ပေကျင်းကို သိမ်းပြီး နောက်ပိုင်းမှာ ကြီးမားတဲ့ ခုခံစစ်ကို မတွေ့ရတော့ဘူး။

အခု ပြောခဲ့သမျှကတော့ တရုတ်ပြည်တွင်းစစ် အကြောင်းပေါ့လေ။ မြန်မာပြည်ရဲ့ လက်ရှိ ဖြစ်စဉ်မှာ အတိတ်ရဲ့ ဖြစ်ပြီး သမိုင်းကြောင်းကနေ ဘာများ သင်ခန်းစာ ယူနိုင်မလဲလို့ သိချင်တာနဲ့ တရုတ်ပြည်တွင်းစစ်အကြောင်း ရှာဖတ်ကြည့်ခဲ့တာပဲ။ ဒီထက်ပိုပြီး သိချင်ရင် စိတ်ဝင်စားရင်တော့ အောက်မှာ ပြထားတဲ့ စာအုပ်သာ ရှာဖတ်ကြည့်ပါ။ အဲဒီအထဲမှာ စစ်ဗျူဟာ အသေးစိတ်တွေတော့ ရေးမထားဘူး။ စစ်ဗျူဟာ အသေးစိတ်တွေက တရုတ်စာအုပ်တွေ ဖတ်မှ ရလိမ့်မယ် ထင်တယ်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *