← ဘလော့ဂ်သို့ ပြန်ရန်

တစ္ဆေတန်း – လင်းခန့်

စာအုပ်တွေအကြောင်း
  • စာအုပ်အမည် – တစ္ဆေတန်း
  • ဘာသာပြန်သူ – လင်းခန့်
  • ထုတ်ဝေသူ – ဇလပ်နီ
  • စာမျက်နှာ – ၂၄၁
  • ပထမအကြိမ် – ၂၀၂၀ ခု၊ နိုဝင်ဘာလ

စာအုပ်နာမည်က တစ္ဆေတန်း။ တစ္ဆေတန်း ဆိုလို့ သရဲတစ္ဆေတွေအကြောင်း ရေးထားတယ် လို့တော့ မထင်လိုက်နဲ့ဦး။ တကယ်တော့ ဒီစာအုပ်က စိတ်ကူးယဉ်သိပ္ပံ ဝတ္ထုတွေကို စုစည်းထားတာ။ ပြောရရင် တရုတ်ပြည်ရဲ့ ခေတ်ပြိုင် သိပ္ပံဝတ္ထုရေးဆရာ သုံးယောက်ရဲ့ ဝတ္ထုတွေကို ပေါင်းစုပြီး Ken Liu က ဘာသာပြန်ထားတာပါ။ ဒီစာအုပ်ထဲမှာ ဝတ္ထုတိုပေါင်း (၉) ပုဒ်ပါတယ်။ အဲဒီဝတ္ထုတွေကို ဖတ်ရင်းနဲ့ ကျနော်ရဲ့ ငယ်ဘဝ အမှတ်ရစရာ အပိုင်းအစလေးတွေကို ပြန်ပြီး တွေးမိလာတယ်။ စာတစ်ပုဒ် ဖတ်ရင်း ငယ်ဘဝကို စားမြုံပြန်ရင်းနဲ့ အတော်ကို အရသာ ရှိတာပါ။

အရင်ဆုံး စာအုပ်မှာ နာမည်တပ်ခံထားရတဲ့ ‘တစ္ဆေတန်း’ ဆိုတဲ့ ဝတ္ထုအကြောင်းလေး စားမြုံ့ကြည့်ချင်တယ်။ ဘာသာပြန်သူက အမှာစာထဲမှာ ဘာရေးထားသလဲ ဆိုတော့ တရုတ်တွေနေတဲ့ ရပ်ကွက်ကို တရုတ်တန်းလို့ အများက သမုတ်ကြသလိုပဲ တစ္ဆေတွေ နေတဲ့ ရပ်ကွက်မို့ အဲဒီရပ်ကွက်ကို တစ္ဆေတန်းလို့ နာမည်ပေးလိုက်ပါသတဲ့။ အတော်ကို သဘောကျစရာ ကောင်းတဲ့ မြန်မာမှုပြုခြင်းပါပဲ။ ဒီဝတ္ထု‌တိုလေးက တစ္ဆေရပ်ကွက်တစ်ခု အကြောင်း ရေးထားတာ။ စောစောကပြောခဲ့သလိုပေါ့။ ဒီစာအုပ်က သိပ္ပံဝတ္ထုတွေ စုထားတာကြောင့် ဒီတစ္ဆေတန်း ဝတ္ထုကလည်း သိပ္ပံဝတ္ထုပဲ ဆိုတာကို မမေ့သင့်ဘူးပေါ့။

စာအုပ်ရဲ့ နံဘေးမှာ တွဲကပ်ထားတဲ့ မင်းသမီးပုံကို တွေ့ဖူးကြမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က သိပ်ကို နာမည်ကြီးခဲ့တဲ့ သရဲမပေါ့။ အဲ … မင်းသမီးပေါ့။ အဲဒီသရဲကားကို အဲဒီခေတ်ကလူတွေ ကြည့်ဖူးကြမှာပါပဲ။ ပြောရရင် ကျနော်ရဲ့ ပထမဆုံး ကြွေခဲ့ဖူးတဲ့ မင်းသမီးဆိုလည်း မမှားဘူး။ ဒီခေတ် အသက် ၃၀ ပတ်ဝန်းကျင်ရှိတဲ့ သကောင့်သားတွေက ဂူဂူး (လျိုယိဖေး) ကို ကြွေခဲ့ကြသလို ကျနော်တို့ ၄၀+ တွေကလည်း အဲဒီသရဲမ၊ အဲ … မင်းသမီးကို ကြွေခဲ့ကြတာပဲ။ အဲဒီ ဇာတ်ကောင်ရဲ့ နာမည်က ရှောင်ချန့်တဲ့။

ဟုတ်ပါတယ်။ အခုပြောမယ့် ဝတ္ထုတို (တစ္ဆေတန်း) က အဲဒီ ရှောင်ချန့်ဇာတ်လမ်းကို ဆက်ပြီး ဖွဲ့ထားတာပေါ့။ ရှောင်ချန့်ကားထဲမှာ ပါတဲ့ တာအိုဘုန်းကြီးရော၊ သစ်ပင်မိစ္ဆာကြီး (ဘာသာပြန်သူရဲ့ အသုံး) ရော ဒီဝတ္ထုထဲမှာ ပြန်ပါတယ်။ ရှောင်ချန့်ကို ကြိုက်တဲ့ စာဂျပိုးတော့ ပြန်ပါမလာတော့ဘူး။ အခုဆို စာဖတ်သူလည်း စဉ်းစားနေလောက်ပြီ ထင်တယ်။ တစ္ဆေတွေနဲ့ သိပ္ပံပညာနဲ့ ဘာဆိုင်သလဲပေါ့။ အဲဒါ ဒီဝတ္ထုတိုရဲ့ အသက်ပါပဲ။ အရသာပေါ့သွားမို့ ကျနော် မပြောလိုတော့ပါဘူး။

ကျနော် ပြောချင်တာက အဲဒီဝတ္ထုတိုကို ဖတ်ရင်း ရှောင်ချန့်ဆိုရင် မင်းသမီးကို ပြန်လည်လွမ်းဆွတ်သွားမိတယ် ဆိုတဲ့ အကြောင်းပါ။ ကျနော်တို့ ငယ်ငယ်က ဇာတ်ကားခွေ၊ တိတ်ခွေဆိုတာက အတော် ရှားတာကလား။ ဒီတော့ လက်ထဲ ရှိနေတဲ့ မရှိမယ့် ရှိမယ့် တိတ်ခွေတွေကိုပဲ ပါးတဲ့အထိ ထပ်ခါထပ်ခါ ပြန်ကြည့်ကြရတာလေ။ ဒီရှောင်ချန့်ကား ဆိုလည်း ကျနော် ပြန်ကြည့်ဖူးတာ အကြိမ် ၂၀ ထက်မနည်းဘူး။ အဲဒီအထဲမှာပါတဲ့ တာအိုဘုန်းကြီး ဆိုတဲ့ တောက် တောက် တောက် တောက် တောက် ဆိုတဲ့ သီချင်းတောင် အခုထိ ကြားယောင်နေတုန်းပဲ။ အဲဒီခေတ် အဲဒီအခါအတွက်တော့ အတော့အတော်ကို ချောတဲ့ မင်းသမီးပေပဲ။ ကြည့်မဝခဲ့ဘူး။

နောက်တစ်ပုဒ်အကြောင်း ထပ်ပြောပြဦးမယ်။ နာမည်က ချစ်သူများနေ့ တဲ့။ ချစ်သူများနေ့မှာ ကောင်လေးတစ်ယောက်က သူ့ချစ်သူနဲ့ ညနေခင်း ချိန်းတွေ့ဖို့ ပြင်ဆင်နေတယ်။ ဒီတော့ ရည်းစားမရှိတဲ့ သူ့သူငယ်ချင်းတွေက အားကျလို့ပေါ့။ ကောင်လေး ပြင်ဆင်နေတာကို အားကျတဲ့စိတ်နဲ့ ဝိုင်းကြည့်နေကြတယ်။ ခဏနေတော့ တစ်ယောက်က ပြောတယ်။ ဟျောင့် မင်း ကောင်လေးနဲ့ ချိန်းတွေ့တာကို ငါတို့လည်း မြင်ရအောင် live လွှင့်ပေးပါလားတဲ့။ အဲ … ဘာသာပြန်သူရဲ့ စာလုံးအတိအကျတော့ မဟုတ်ဘူး။ ကောင်လေးက ပြန်ပြောတယ်။ ငါတို့က ရိုးရိုးသားသား ချိန်းတွေ့ရုံပါကွာ။ ဟိုလိုကိစ္စတွေ မပါပါဘူးတဲ့။ ဒီတော့ သူငယ်ချင်း …. ရိုးရိုးဖြစ်ဖြစ် ဆန်းဆန်းဖြစ်ဖြစ်ကွာ၊ ငါတို့က ရည်းစားမရှိတော့ သူချိန်းတွေ့တာကြည့်ပြီး အရသာခံရမှာပဲ တဲ့။ နောက်ဆုံး တားမရတဲ့ အဆုံးမှာ ကောင်လေးက သဘောတူလိုက်တယ်။ ဒါနဲ့ ဗီဒီယိုကင်မရာပါတဲ့ မျက်ကပ်မှန်တပ်ပြီး ကောင်မလေးနဲ့ သွားတွေ့တယ်။ အဲဒီမှာ ပြဿနာ စတော့တာပဲ။

ဘယ်လိုစသလဲတော့ သူက သူ့ငယ်ချင်းတွေ ကြည့်ဖို့ live လွှင့်ပေးထားတာ မှန်ပေမယ့် setting က friend only ကနေ ဘယ်ကဘယ်လို public ဖြစ်သွားမှန်း မသိဘူး။ ဒီလောက်ဆို စာဖတ်သူ သဘောပေါက်လောက်ရောပေါ့။ တစ်ကမ္ဘာလုံးက လူတွေက သူတို့နှစ်ယောက် ချိန်းတွေ့တာက မြင်နေကြရတယ်။ အဲ … အတိအကျ ပြောရရင်တော့ ကောင်လေးက မျက်ကပ်မှန်တပ်ထားတာမို့ ကောင်မလေးကို တစ်ကမ္ဘာလုံးက မြင်နေကြရတယ်။ သူတို့ရဲ့ အသံတေါရောပဲပေါ့။ ကောင်လေးပြောသလိုပဲ သူတို့က ရိုးရိုးသားသားပဲ စားသောက်ဆိုင်တို့၊ ရုပ်ရှင်တို့မှာပဲ ချိန်းတွေ့ကြတာပါ။ ဒါပေမယ့် ပြဿနာက တော်တော်ကို ကြီးသွားတယ်။ အလုပ်မရှိ အကိုင်မရှိတဲ့ FA တွေက live ကိုကြည့်ရင်း မချင်မရဲတွေ ဖြစ်နေကြတာကိုး။ ဒီဝတ္ထုက privacy နဲ့ပတ်သက်ပြီး စာရေးဆရာရဲ့ သတိပေးချက်လို့ ဆိုနိုင်ပါတယ်။

ဒီဝတ္ထုတိုလေးကို ဖတ်ရတော့ သူငယ်ချင်းတစ်ယောက်ကို သတိရသွားတယ်။ နှစ်နှစ်သာ တွဲလိုက်ရတဲ့ သူငယ်ချင်းပါ။ ဒါပေမယ့် ကျနော်တို့က အနှစ်နှစ်ဆယ်လောက် တွဲခဲ့ကြတဲ့ သူငယ်ချင်းတွေလို အတော်ကြီး ခင်ကြတယ်။ ဒါပေမယ့် ရေစက်ကုန်လို့ပဲလား မသိဘူး။ နှစ်နှစ်တာတွဲပြီး အခုထိ သတင်းအစအနတောင် မရတော့ဘူး။ အဲဒီသူငယ်ချင်းနဲ့က ဘယ်လောက်အထိ ခင်သလဲဆိုရင် သူပြောခဲ့တဲ့ စကားတစ်ခွန်းကိုပဲ နားထောင်ကြည့်။ ဟျောင့် မင်း မင်္ဂလာဆောင်ရင် မင်္ဂလာဦးညကျ ငါ့ကို ချောင်းကြည့်ခွင့် ပေးရမယ် တဲ့။ ဝတ္ထုတိုထဲက သူငယ်ချင်းတွေ live လွှင့်ခိုင်းတော့ ကျနော် သူကို ချက်ချင်း သတိရသွားတာပဲ။ အဲဒီတုန်းက ကျနော် ဘယ်လို ပြန်ဖြေလိုက်မှန်းတော့ မမှတ်မိတော့ဘူး။ အခုဆို သူနဲ့ မတွေ့တာ ၂၅ နှစ်လောက် ကြာသွားခဲ့ပြီ။ ဒါပေမယ့် တစ်ခါတစ်ခါတော့ သတိရနေတုန်းပဲ။

နောက်ထပ် စိတ်ဝင်စားကောင်းတဲ့ ဝတ္ထုတိုတစ်ပုဒ်က ‘ဇာတိဿရ’ တဲ့။ ဝတ္ထုရဲ့ အခြေခံ concept က ဘာလဲ ဆိုတော့ လူတွေရဲ့ အတွေ့အကြုံက တစ်ခါတလေမှာ မှတ်ဉာဏ်အဖြစ် ဆက်လက် တည်ရှိနေပေမယ့် အများစုကိုကျတော့ မေ့သွားကြတယ်။ ဦးနှောက်က သိမ်းသိုမထားဘူးပေါ့။ ဒါပေမယ့် အဲဒီ အတိတ်က အတွေ့အကြုံတွေက ဦးနှောက်က မသိမ်းမသိုပေမယ့် သတ္တဝါတွေရဲ့ ဂျင်းန်လို့ ခေါ်တဲ့ မျိုးဗီဇက ကုတ်အနေနဲ့ မှတ်သားထားတယ်တဲ့။ ဒီတော့ အဲဒီ မျိုးဗီဇထဲက ကုတ်တွေကိုသာ ပြန်ဖော်နိုင်ခဲ့ရင် လူတစ်ယောက် ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံ အားလုံးကို အတိအကျ ပြောပြနိုင်မယ်ပေါ့။

အဲဒီ ဂျင်းန်ဆိုတာကို နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းရစမြဲမို့ သားတစ်ယောက်အနေနဲ့ အဖေနဲ့ အမေရဲ့ အတွေ့အကြုံတွေ မှတ်သားထားတဲ့ ဂျင်းန်တွေ ပါသွားတယ်လို့ ယူဆထားတယ်။ ဒါကြောင့် ဒီဝတ္ထုထဲမှာက သန္ဓေသားရဲ့ ဂျင်းန်မှာ ဖုံးကွယ်နေတဲ့ သို့မဟုတ် မြုံနေတဲ့ အဲဒီမှတ်ဉာဏ်အပိုင်းအစတွေကို သိပ္ပံပညာရှင်က ပြန်ဖော်ပေးလိုက်တယ်။ ဒီတော့ ကလေးက အဖေနဲ့ အမေရဲ့ ဘဝအတွေ့အကြုံတွေကို သိနေတော့တာပေါ့။ ဒီဝတ္ထုထဲမှာက အမေနဲ့ သူ့ဗိုက်ထဲက သန္ဓေသားကို စကားတွေ ပြောခိုင်းတယ်။ ဒီတော့ အမေရဲ့ အတွေ့အကြုံတွေကို ဗိုက်ထဲက ကလေးက အကုန်လုံး ပြန်ပြောပြနိုင်နေတယ်။ ဒါပေမယ့် စဉ်းစားကြည့်လေ။ တစ်နှစ်တောင် မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်က အနှစ် ၃၀ စာလောက်ရှိတဲ့ အတွေ့အကြုံတွေကို ရင်ဆိုင်နေရတာဆိုတော့ ဘယ်စားသာပါ့မလဲ။ ဒါကြောင့် နောက်ဆုံးကျတော့ ကလေးက သူ့အချင်းကို သူ့ဘာသာသူ လက်နဲ့ညှစ်ပြီး သတ်သေသွားတယ်။

ဒီဝတ္ထုတို ဖတ်ရတော့ ကျနော် အကြောင်းအရာ နှစ်ခုကို အမှတ်ရသွားတယ်။ တစ်ခုက ရုပ်ရှင်ကားတစ်ကား။ Butterfly Effect တဲ့။ သူလည်း စိတ်နယ်လွန်ကားတစ်ကားပဲ။ ဇာတ်လမ်းထဲမှာ မင်းသားက သူရဲ့ အတိတ်ဆီကို ဘက်ဆုတ်သွားလို့ရတယ်။ ဥပမာ အသက် ၃၅ နှစ်မှာ သူ အဆင်မပြေတာ တွေ့တော့ ဘက်ဆုတ်လိုက်တာ ၂၅ နှစ်ကို ရောက်သွားတယ် ဆိုတာမျိုး။ သူ အဲဒီလို ဆုတ်ဆုတ်သွားပေမယ့် လိပ်ပြာသက်ရောက်မှုအရ အဆင်မပြေတာတွေနဲ့ချည်း ဆုံဆုံနေရတော့ ဆုပ်ရင်း ဆုပ်ရင်း အမေ့ဗိုက်ထဲ ပြန်ရောက်သွားတယ်။ ဒီတော့ အမေ့ဗိုက်ထဲမှာပဲ အလိုမကျဖြစ်ပြီး အချင်းကို လက်နဲ့ ညှစ်လို့ သတ်သေသွားတယ်။

ဝတ္ထုဖတ်ရင်း သတိရမိသွားတဲ့ အကြောင်းအရာတစ်ခုက ဆောင်းပါးတစ်ပုဒ်။ နာမည်အတိအကျ မမှတ်မိတော့ပေမယ့် မေ့တတ်ခြင်းဟာ ဘုရားသခင်ရဲ့ ဆုလာဘ်တစ်ပါး ဆိုတာမျိုးပဲ။ နာမည်က ဘာသာရေး ဆန်နေပေမယ့် ဆောင်းပါးက neuroscience အကြောင်းပါ။ တကယ်လို့ လူတွေသာ အတိတ်အကြောင်း အကုန်လုံးကို လုံးဝ မမေ့မပျောက်ဘဲ ရှိနေခဲ့ရင် ဘယ်လို ဖြစ်ကုန်မလဲ။ တကယ်တော့ မေ့ပျောက်ခြင်း ရှိနေလို့သာလျှင် ကျနော်တို့ မှတ်ဉာဏ်အသစ်တွေကို စုဆောင်းနိုင်ကြတာပါ။ ဖုန်းထဲမှာ ဘာမှ မဖျက်ဘဲ အသစ်ချည်း သိမ်းပြီးရင်း သိမ်းနေရင် တစ်နေ့မှာ ပြည့်ပြီး ဖုန်းပါ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တဲ့ အဖြစ်မျိုး တချို့ ကြုံဖူးကြမှာပဲ။ အဲဒီလိုပဲ။ ကျနော်တို့ရဲ့ ဦးနှောက်မှာလည်း limit ဆိုတာ ရှိတယ်။ အဲဒီ လစ်မစ်အထိ ရောက်မသွားအောင် သဘာဝက အော်တို ဖျက်ဖျက်ပေးသွားတယ်။ အဲဒါကိုပဲ ကျနော်တို့ မေ့လျော့ခြင်းလို့ နာမည်ပေးတယ်။

ကျနော်ရဲ့ အမျိုးထဲမှာ အင်မတန်မှ မှတ်ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ရှိတယ်။ သူက ဘယ်လောက်အထိ မှတ်မိ‌နေသလဲ ဆိုရင် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်တာနဲ့တစ်ပြိုင်နက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ငယ်ကျိုးငယ်နာတွေကို နေရာ၊ အချိန်၊ အကြောင်းအရာကအစ အကုန် ပြန်ပြောနိုင်တယ်။ ရုတ်တရက်ကြည့်ရင်တော့ အားကျစရာပဲနော်။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ အဲဒီလို ကုသိုလ်မျိုး (ကုသိုလ်လို့ ခေါ်လို့ရရင်) မလိုချင်ဘူး။ မပင်ပန်းဘူးလား၊ စဉ်းစားကြည့်နော်။ သူက လူတွေအများကြီးရဲ့ ငယ်ကျိုးငယ်နာကို အကုန် မှတ်မိနေတာ။ ကျနော်ဆို သူနဲ့ လုံးဝ ပြောင်းပြန်ပဲ။ ကျနော် မမှတ်မိဘူး။ မှတ်လည်း မှတ်မထားဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ တစ်ပတ်က ကိုယ့်ကို ဆဲသွားတဲ့ လူကိုလည်း မေ့ပြီး ပြုံးပြတတ်တယ်။ ရယ်ပြတတ်တယ်။

တကယ်တော့ လောကမှာ မေ့မရလို့ တက်နေကြတဲ့ ပြဿနာတွေမှ အများကြီးပဲ။ အထက်က ပြောခဲ့တဲ့ ဝတ္ထုတိုထဲကလိုပေါ့။ မှတ်ဉာဏ်တွေဟာ တစ်ခါတလေမှာ ကျနော်တို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေတယ်။ ဒါကြောင့်လည်း မေ့လျော့ခြင်းသည် ဘုရားသခင်၏ ဆုလာဘ်တစ်ပါး တဲ့။ ကျနော် အဲဒီဆောင်းပါးကို ပြန်ဖတ်ချင်လို့ လိုက်ရှာတာ မတွေ့တော့ဘူး။ ဆောင်းပါးထဲမှာတော့ အာရုံကြောသိပ္ပံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အများကြီး ပါတယ်။ မှတ်ဉာဏ်သိမ်းဆည်းပုံရဲ့ အလုပ်လုပ်ပုံနဲ့ မေ့လျော့ခြင်းက ဦးနှောက်မှာ ဘယ်ပုံဘယ်နည်း အလုပ်လုပ်သလဲ ဆိုတာကို သုတေသန အမြင်နဲ့ ရှင်းပြထားတယ်။ အသေးအစိတ် အချက်အလက်တွေ ပြန်ဖတ်ချင်လို့ ရှာတာ ရှာမတွေ့တော့ဘူး။

ကျနော် ပြောခဲ့သလိုပါပဲ။ ဒီစာအုပ်ထဲမှာ စာရေးဆရာ သုံးယောက်ရဲ့ လက်ရာတွေ ပါတယ်။ သုံးယောက်စလုံးက အခုချိန်မှာ သိပ်ကို နာမည်ကြီးနေကြတဲ့ လူတွေချည်းပဲ။ ဒါပေမယ့် နှစ်ဦးက သူ့ဝတ္ထုတွေကို တရုတ်လိုပဲ ရေးထားတော့ Ken Liu က ကျန်နှစ်ဦးရဲ့ စာတွေကို အုံဂလိပ်လို ဘာသာပြန်ပေးတယ်။ ကျန်နှစ်ဦးရဲ့ နာမည်က Xia Jia နဲ့ Liu Cixin တဲ့။ ကျနော် Ken Liu နဲ့ Liu Cixin တွေ စာအုပ်တွေကို ဖတ်ဖူးတယ်။ Liu Cixin က တရုတ်ပြည်မှာ နာမည် အတော်ကြီးခဲ့တဲ့ Wandering Earth ကို ရေးခဲ့တဲ့ သူပဲ။ အခု ဟော့ဖြစ်နေတဲ့ Three Body Problem ဆိုတဲ့ စီးရီးကို သူပဲ ရေးတာပါ။ ဒီမှာ ကြုံတုန်း တစ်ခု ပြောပါရစေ။ Ken Liu ကို မြန်မာတွေက ကန်လျူး လို့ ရေးနေကြတယ်။ u နဲ့ဆုံးတော့ အူးသံ ထွက်မှာပဲ ဆိုပြီး လျူး လုပ်နေကြတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် Liu ရဲ့ အသံထွက် အမှန်က လျိုးပါ။ ပြီးတော့ Ken ကလည်း တရုတ်မှာ ကန်လို့ အသံမထွက်ဘူး။ ခွင်န် (ခွမ် နဲ့နီးစပ်တယ်) လို့ အသံထွက်ပါတယ်။ ပြီးတော့ ရှောင်ချန့်ကိုလည်း ဘာသာပြန်သူက စာအုပ်ထဲမှာ ရှောင်ရှန်းလို့ ရေးထားတယ်။ ကျနော်အတွက်တော့ ဖတ်လို့ အဆင်ပြေမနေဘူး။

(ဘာသာပြန်သူက တရုတ်စာမတတ်လေတော့ တရုတ်အသံထွက်တွေ အားလုံးနီးပါး မှားနေတာကို တွေ့ရတယ်။ ဒါကြောင့် နောင်မမှားရအောင် ကျနော် ဝက်ဆိုက်တစ်ခု ညွှန်းပါရစေ။ အဲဒီဝက်ဆိုက်ထဲမှာ ရိုမန်အက္ခရာနဲ့ အသံထွက်ကို အသံတိုက်ရိုက် နားထောင်ကြည့်လို့ ရပါတယ်။ https://yoyochinese.com/…/Mandarin…/pinyin-chart-table)

Xia Jia ရှကျားရဲ့ စာအုပ်တွေကို တစ်ခါမှ မဖတ်ဖူးသေးလို့ ကျနော် အင်တာနက်မှာ ရှာပြီး တစ်အုပ်တော့ ဖတ်ကြည့်လိုက်တယ်။ သူက စာရေးဆရာအပြင် ရုပ်ရှင် ဒါရိုက်တာ၊ မင်းသမီးလည်း ဖြစ်လေတော့ ပိုပြီး စိတ်ဝင်စားသွားတာလည်း ပါတယ်။ အထူးသဖြင့် စာအုပ်ထဲမှာ ထည့်ထားတဲ့ သူ့ရုပ်ပုံက ခပ်ချောချောကိုး။ 😅😁 စတာပါ။ အဓိကကတော့ သူရဲ့ အရေးအသားနဲ့ တွေးတတ်ပုံကို သဘောကျသွားလို့။ ဒီစာအုပ်ထဲမှာပါတဲ့ သူရဲ့အိုင်ဒီယာတချို့ကို ကျနော် သဘောကျလို့ မှတ်ထားတာ ရှိပါတယ်။ အဲဒီစာနဲ့ပဲ ဒီစာအရှည်ကြီးကို ရပ်နားခွင့်ပြုပါ။

တခါတရံ၌ အစကတည်းက ပြဿနာဟု ယူဆခဲ့သောကြောင့် ဖြေရှင်းရခြင်း ဖြစ်၏။ ဥပမာ အိပ်မပျော် ပျော်ခြင်းဆိုပါစို့။ ။ အိပ်မပျော်သည့် ရောဂါသည်များအတွက် အိပ်မပျော်သည့် မူလအကြောင်းရင်းသည် အိပ်ပျော်ချင်သည့်စိတ် ပြင်းပြလွန်း၍ ဖြစ်နေတတ်သည်။ ‘အိပ်လို့ကို မပျော်ဘူး၊ တကယ်အိပ်ပျော်ချင်တာ´တို့ဖြင့် သံသရာလည်ကာ ဝိရောဓိဖြစ်ကြသည်။ စက်ကုထုံးပညာရှင်က လူနာအား ‘အိပ်လို့ မပျော်တဲ့ အကြောင်းရင်းကတော့ အိပ်မပျော်နိုင်လောက်အောင် အိပ်ပျော်ချင်လွန်းလို့ပဲ။ စိတ်ကို အေးအေးထားပါ’ ဟု ပြောပြနိုင်သည်။ သို့သော် ထို ‘စိတ်ကို အေးအေးထားပါ’ သည် ‘အိပ်လို့ကို မပျော်ဘူးနှင့် တကယ်အိပ်ပျော်ချင်တာ’ သံသရာကိုတော့ ရပ်မပစ်နိုင်ချေ။ အကြောင်းမှာ ဤဖြစ်ရပ်၌ ‘စိတ်ကို အေးအေးထား’ ဖို့ အသည်းအသန် ကြိုးစားခြင်းသည်ပင် ‘တကယ်အိပ်ပျော်ချင်တာ’ ဖြစ်နေလေ၏။

တချို့စိတ်ကျရောဂါများသည်လည်း ဤနည်းနှင်နှင် ဖြစ်နေတတ်သည်။ စိတ်ဓာတ်ကျနေသည့် လူနာများမှာ မကြာခဏ ‘ငါ ပျော်ချင်တယ်’ ဟူ၍ တွေးကာ မပျော်ဘူးဟု ခံစားနေရသည်။ ထို ‘ငါ ပျော်ချင်တယ်’ က ‘ငါ ဘာကို ပျော်ရမှာလဲ’ ဟူသော မေးခွန်းဆီ ဆက်၍ ရောက်သွား၏။ ထိုမေးခွန်းကပင် ‘ငါ ပျော်ချင်တယ်’ ကို ဖြစ်မြောက်အောင် မစွမ်းဆောင်နိုင်တော့ချေ။ သို့နှင့် ‘ငါ ပျော်ချင်တယ်’ နှင့် ‘ငါဘာကို ပျော်ရမှာလဲ’ သံသရာမှ အိပ်မပျော်ခြင်း သံသရာသို့ ရောက်လာ၏။ အကြောင်းနှင့် အကျိုးတို့ ရေရေရာရာ ကွဲပြားခြင်း မရှိတော့သည့်အခါ ကုသဖို့အရေး ဘဲဥအစ ရှာမရ ဖြစ်လာလေ၏။

သည်လိုသံသရာလည်သည့် ကိစ္စမျိုးကိုတော့ စက် (AI) က မစွမ်းဆောင်နိုင်တော့။ စက်၏ ဤသို့ တွေးခေါ်ယူဆပုံမျိုးနှင့် နေသားကျနေပြီဖြစ်သော လူသည်လည်း သည့်ထက်ပိုကောင်းအောင် စွမ်းနိုင်မည် မဟုတ်။ သို့သော် အကျိုးနှင့် အကြောင်း၊ အစနှင့် အဆုံး၊ ‘အိပ်လို့ကို မပျော်ဘူး’ နှင့် ‘ငါ ပျော်ချင်တယ်’၊ နောက်ဆုံး စိတ်ရှုပ်စရာ ‘ငါ’ ဟူသော ခံစားချက်တို့ကို မေ့ပစ်လိုက်လျှင် ထိုသံသရာစက်ဝိုင်းကြီး တခုလုံး ပျောက်ကွယ်သွားပေလိမ့်မည်။

နှာ ၈၈ – ၈၉

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *