“ကံ၊ ကံ၏အကျိုးကို ယုံကြည်မှ ဗုဒ္ဓဘာသာ ဖြစ်တယ်” ဆိုတဲ့ စကားတွေ ကြားနေရတဲ့အခါမှာ စိတ်ထဲ ခိုးလိုးခုလု ဖြစ်မိတယ်။ တချို့ ဘုန်းတော်ကြီးတွေကလည်း တရားဟောတဲ့အခါမှာ ကံကံ၏အကျိုးကို ယုံကြည်ရုံနဲ့ ဗုဒ္ဓဘာသာ ဖြစ်တာလိုလို ဟောနေတာ ကြားရတော့ စိတ်ထဲ ယားကျိကျိနဲ့။ တကယ်တမ်း ကံကံ၏အကျိုးကို ယုံကြည်ရုံနဲ့၊ ကမ္မဝါဒီ ဖြစ်ရုံနဲ့ ဗုဒ္ဓဘာသာ ဖြစ်ပါပြီလို့ ပြောလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကံကံ၏အကျိုးကို ယုံကြည်တဲ့ ဘာသာကြီး သုံးခု ရှိတယ်။ ဒါကို သိထားဖို့ လိုပါတယ်။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ဘာသာတွေ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ မြစ်ဖျားခံ မွေးဖွားခဲ့တဲ့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာ သုံးခုစလုံးဟာ ကမ္မဝါဒတွေ ဖြစ်ကြတယ်။ အဲဒီ ဘာသာ သုံးခုစလုံးမှာ ကံ (ကမ္မ) ကို သူ့နည်းသူ့ဟန်နဲ့ ယုံကြည်လက်ခံနေကြတယ်။ သူ့အယူအဆနဲ့သူ၊ သူ့တွေးခေါ်ပုံနဲ့သူ၊ သူ့ အဆိုပြုချက်နဲ့သူ လက်ခံထားကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကမ္မဝါဒီ၊ ကံကို ယုံကြည်တဲ့သူလို့ ပြောချင်ရင် သိဖို့က ဟိန္ဒူပုံစံနဲ့လား၊ ဂျိန်းပုံစံနဲ့လား၊ ဗုဒ္ဓပုံစံနဲ့လား ဆိုတာ ကွဲကွဲပြားပြား နားလည်ဖို့ လိုပါတယ်။
ဒီပို့စ်ဟာ ဘာသာကြီးသုံးခုရဲ့ ကမ္မဝါဒကို အကျဉ်းချုံးပြီး ဖော်ပြပေးမှာပါ။ ဒီစာတွေကို ဖတ်ရင်း ဖတ်ရင်းနဲ့ ဘာ ခွဲခွဲခြားခြား သိလာမလဲဆိုတော့ ကိုယ်လက်ခံထားတဲ့ ကမ္မဝါဒဟာ “ဗုဒ္ဓဘာသာရဲ့ အယူအဆမှ ဟုတ်ရဲ့လား” ဆိုတာ နားလည်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဦးဇင်း နားလည်သိမြင်ထားသလောက်ကတော့ မြန်မာပြည်မှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင် ဆိုတဲ့ သူတွေ နားလည်ထားတဲ့ ကမ္မဝါဒဟာ ဗုဒ္ဓအယူအဆ မဟုတ်တာ ၉၀% ကျော် ရှိပါလိမ့်မယ်။ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ဖို့ဆိုရင် ဗုဒ္ဓဟောကြားတဲ့ ကမ္မဝါဒကို အတိအကျ သိဖို့ လိုပါတယ်။ နှစ်ပရိစ္ဆေဒတွေ ကြာမြင့်လာတော့ ဗုဒ္ဓအယူအဆထဲကို ခပ်ဆင်ဆင်တူတဲ့ ဟိန္ဒူရဲ့ ဝါဒတွေ၊ ဂျိန်းရဲ့ ဝါဒတွေ ရောယှက်လာပြီး ‘ဤကနေ ကျွဲ’ ဖြစ်တာတွေ တော်တော် များလာတာ တွေ့ရတယ်။ ဒါကြောင့် ကံနဲ့ ပတ်သက်လာရင် ဟိန္ဒူဘာသာရဲ့ ကမ္မဝါဒနဲ့ ဂျိန်းရဲ့ ကမ္မဝါဒကိုပါ သိထားရင်ဖြင့် ပိုပြီး အကျိုးများလိမ့်မယ်လို့ ယူဆမိပါတယ်။ ကံကို ယုံကြည်ရုံနဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဖြစ်သေးဘူးဆိုတာ နားလည်လာပါလိမ့်မယ်။
ဟိန္ဒူဘာသာဝင်များ၏ ကမ္မဝါဒ
ဟိန္ဒူဘာသာမှာ အတ္တမန်ဆိုတာ ရှိတယ်။ မြန်မာတွေအခေါ် ဝိဉာဉ်ကောင်၊ လိပ်ပြာကောင်ဆိုတာနဲ့ အတူတူပဲ။ အဲဒီ အတ္တမန်လေးက ကံနဲ့အတူ တွဲကပ်ပြီး ဘဝတစ်ခုပြီး တစ်ခု ကူးနေတယ်။ သံသရာလည်နေသရွေ့ အဲဒီ အတ္တမန်က သတ္တဝါ ဘဝတစ်ခုခုကို ဖြစ်စေတယ်။ သတ္တဝါတစ်ကောင်ကောင် ဖြစ်လာတဲ့ အခါမှာလည်း အတ္တမန်နဲ့ အတူတွဲပါလာတဲ့ ကံ (Karma) က အဲဒီ သတ္တဝါရဲ့ ကောင်းခြင်း ဆိုးခြင်း၊ ဆင်းရဲခြင်း ချမ်းရဲခြင်းကို ပြဋ္ဌာန်းပေးတယ်။ ဒါကြောင့် ဟိန္ဒူအယူအဆအရ လက်ရှိဘဝမှာ ဖြစ်ပျက်နေတဲ့ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဟာ အတ္တမန်နဲ့ အတူတွဲပါလာတဲ့ ကံရဲ့ အစီအမံကြောင့်သာ ဖြစ်တယ်။ အတိတ်ကံရဲ့ အကျိုးပေးကြောင့်သာ ဖြစ်တယ်။ ဒါကြောင့် နောက်ဘဝမှာ ချမ်းချမ်းသာသာ နေချင်ရင် ဒီဘဝမှာ ကောင်းတာလုပ်၊ ကောင်းအောင်နေ။ ဒါဆို နောက်ဘဝမှာ ချမ်းသာမယ်။ ဒီဘဝ မကောင်းတာလုပ်ရင် နောက်ဘဝ ဆင်းရဲမယ်။
ဟိန္ဒူဘာသာအရ ကံကို ဖြစ်စေတဲ့ အပြုအမူ (၄) ခုရှိတယ်။ (၁) ကိုယ်တိုင်ပြုတဲ့ ကာယကံ၊ (၂) ဝစီကံ၊ (၃) မနောကံ နဲ့ (၄) ကိုယ်ကခိုင်းလို့၊ အကြံပေးလို့ သူတပါးပြုတဲ့ ကာယကံ ဆိုပြီး လေးမျိုးခွဲထားတယ်။ အဲဒီ အပြုအမူ၊ အတွေးအကြံတွေက ကိုယ်ရဲ့ ကံအဖြစ်နဲ့ အတ္တမန်ဆီမှာ သွားပြီး ခိုကပ်နေမယ်။ ဟိန္ဒူဝါဒအရ ကံဟာ အတ္တမန်နဲ့ အတူ တွဲကပ်ရှင်သန်ပြီး သံသရာတလျှောက် လည်ပတ်ပြီး ကံမကုန်သရွေ့ အကျိုးပေးနေတော့တာပဲ။ ဟိန္ဒူဘာသာရဲ့ အယူအဆအရ ကံဟာ သိစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အပြုအမူတိုင်းရဲ့ အသီးအပွင့် ရလဒ်ဖြစ်တယ်။ အမှားအမှန် ခွဲခြားဆုံးဖြတ်နိုင်တဲ့ သိစိတ်ဆိုတာ ရှိမှ ကံအရာမြောက်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် တိရစ္ဆာန်နဲ့ ကလေးငယ်တွေရဲ့ အပြုအမူ၊ အတွေးအကြံဟာ ကံ မမြောက်ဘူးလို့ အယူရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိရစ္ဆာန်နဲ့ ကလေးငယ်တွေဟာ အမှားအမှန်ကို ဝေဖန်ခွဲခြားဖို့ မစွမ်းတာကြောင့် သူတို့ လုပ်သမျှ ကြံသမျှဟာ ကံ မဖြစ်ဘူး။ သဘောက အဲဒီအပြုအမူတွေက ကောင်းကျိုး ဆိုးကျိုး မပေးဘူး ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဟိန္ဒူဘာသာအရ ကံကို (၃) မျိုး ခွဲခြားထားတယ်။ (၁) သဉ္စိတကမ္မ (Sanchita Karma)၊ (၂) ပရရဒ္ဓကမ္မ (Prarabdha Karmar)၊ (၃) ကြိယမာဏကမ္မ / အာဂါမိကမ္မ (Kriyamana/Agami Karma)။
(၁) သဉ္စိတကမ္မ (Sanchita Karma)
သဉ္စိတကမ္မ ဆိုတာ စုပေါင်းစုရုံး ထားတဲ့ ကံကို ခေါ်တယ်။ သံသရာတစ်လျှောက်လုံး လုပ်ခဲ့သမျှ ကံတွေကို စုစည်းထားတယ်။ အသစ်လုပ်တိုင်း ထပ်ထပ်ပေါင်းထားတယ်။ အကျိုးပေးပြီးသွားတဲ့ ကံတွေကလွဲလို့ ကျန်ခဲ့သမျှ ကိုယ်ပြုထားတဲ့ ကံမှန်သမျှကို သဉ္စိတကမ္မ လို့ ခေါ်တယ်။ ဒီ သဉ္စိတကံကတော့ အကျိုးမပေးရသေတဲ့ အကျိုးပေးဖို့ စောင့်နေတဲ့ ကံမှန်သမျှကို ခေါ်တာပါပဲ။ သဉ္စိတကံကပဲ အတ္တမာန်နဲ့အတူ သံသရာတစ်လျှောက် ပတ်လိုက်နေပြီး အကျိုးပေးဖို့ အခါအခွင့်ကို ချောင်းမြောင်းနေတော့တာပေါ့။ ဒါကြောင့် အကျိုးပေးဖို့ စောင့်နေတဲ့ ကံမှန်သမျှ သဉ္စိတကံလို့ ခေါ်ရမယ်။
(၂) ပရရဒ္ဓကမ္မ (Prarabdha Karma)
သေလွန်ပြီး နောက်ထပ် ဘဝတစ်ခုကို စပြီး အကျိုးပေးရတော့မယ် ဆိုရင် နောက်ဖြစ်မယ့် သတ္တဝါအလျှောက် ကံအစုအဖွဲ့ တစ်ခုဟာ အကျိုးပေးရတယ်။ အဲဒီ ဘဝအတွက် အကျိုးပေးရတဲ့ ကံတွေကို ပရရဒ္ဓကံ လို့ ခေါ်တယ်။ အဲဒီ ပရရဒ္ဓကံ ဆိုတာက အသစ်ထွက်လာတာ မဟုတ်ဘဲ သဉ္စိတံကံထဲကမှ လက်ရှိ ဘဝသစ်အတွက် အကျိုးပေးမယ့် ကံတွေကို သီးသန့် ခေါ်တဲ့ နာမည်သာ ဖြစ်ပါတယ်။ ဒါကြောင့် ပရရဒ္ဓကံ ဆိုတာ သဉ္စိတကံထဲက တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်။ ပရရဒ္ဓကံအဖြစ်နဲ့ လက်ရှိဘဝကို အကျိုးပေးပြီးတာနဲ့ သဉ္စိတကံ စာရင်းထဲက ပယ်ဖျက်လိုက်ပြီပေါ့။ ပရရဒ္ဓကံ အဖြစ်နဲ့ အကျိုးပေးဖို့ ဆိုတာလည်း လက်ရှိ ရထားတဲ့ ဘဝရဲ့ ဖြစ်တည်မှု၊ ခန္ဓာ၊ ပတ်ဝန်းကျင်အခြေအနေတွေ ပေါ်မှာလည်း မူတည်နေတယ်။ ဥပမာ ခွေးဖြစ်ရမယ့် ဘဝအတွက် ခွေးနဲ့ ထိုက်တန်တဲ့ ကံတွေကိုပဲ ပရရဒ္ဓကံအဖြစ်နဲ့ စုစည်းပေးတယ်။ လူဘဝ ရပေမယ့် ဇာတ်နိမ့် မိသားစုမှာ လူဖြစ်ရရင် မြင့်မြတ်ခြင်း ဂုဏ်ပုဒ်နဲ့ သက်ဆိုင်တဲ့ ကံအကျိုးပေးတွေဟာ ပရရဒ္ဓကံအဖြစ်နဲ့ အကျိုးပေးခွင့် ရမှာ မဟုတ်တော့ဘူးပေါ့။
(၃) ကြိယမာဏကမ္မ / အာဂမိကမ္မ (Kriyamana/Agami Karma)
လက်ရှိ လူဘဝမှာ ကိုယ်ပြုသမျှ၊ ပြောသမျှ၊ ကြံသမျှဟာ ကြိယမာဏကံ အဖြစ်နဲ့ တည်ရှိတယ်။ အဲဒီ ကြိယမာဏကံတွေဟာ သဉ္စိတကံ အဖြစ် စာရင်းသစ် သွားပေါင်းထည့်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သဉ္စိတကံစာရင်းထဲကို အသစ်အသစ် ဝင်နေတဲ့ ကံမှန်သမျှကို ကြိယမာဏကံ လို့ခေါ်တယ်။ အနာဂတ်ဘဝကို ပုံဖော်ဖို့အတွက် ဒီဘဝမှာ လုပ်သမျှကံကို ကြိယမာဏကံ လို့ ခေါ်တာပါပဲ။ လူအဖြစ် လူဘဝကသာလျှင် အနာဂတ် ပန်းတိုင်၊ ဘဝလမ်းကြောင်းကို ပုံဖော်နိုင်တယ်လို့ ယူဆကြတာကြောင့် လူဘဝအဖြစ်ကနေ သေလွန်တာနဲ့ ကြိယမာဏကံ အသစ်ပြုလုပ်ခြင်းက ရပ်တန့်သွားတယ်။ နောက်တစ်ခါ လူပြန် မဖြစ်မချင်းပေါ့။ နောက်တစ်ကြိမ် လူဘဝ ပြန်ရောက်မှသာလျှင် ကြိယမာဏကံတွေ ထပ်ဖြစ်ပြီး သဉ္စိတကံစာရင်းထဲ ထပ်ထပ် တိုးသွားမှာ ဖြစ်တယ်။
ဟိန္ဒူဘာသာရဲ့ ကံအယူအဆကို အနှစ်ချုပ် ပြောရရင်
- ဝိဉာဉ်ကောင် လိပ်ပြာကောင်လို့ ခေါ်တဲ့ အတ္တမန်ဟာ ကံနဲ့ အတူ သံသရာတစ်လျှောက် လည်ပတ်ရင်း ဘဝတစ်ခုပြီးတစ်ခု ကူးပြောင်းနေတယ်။
- ဘဝအသစ်တစ်ခု ပေးရတော့မယ် ဆိုရင် ထိုက်သင့်တဲ့ ကံတွေကို စုစည်းပြီး ပရရဒ္ဓကံ အဖြစ်နဲ့ ဘဝသစ်တစ်ခုကို တည်ဆောက်တယ်။
- ဒီဘဝမှာ ရသမျှ အကျိုးဟာ ပရရဒ္ဓကံ ကြောင့် တစ်နည်းပြောရရင် အတိတ်ဘဝရဲ့ အကျိုးပေးသက်သက်သာ ဖြစ်တယ်။
- ဒါကြောင့် နောက်ဘဝ ကောင်းစားချင်ရင် လက်ရှိဘဝ ကတည်းက ကောင်းအောင်နေ၊ ကောင်းအောင်လုပ်။ ဒါမှ နောက်ဘဝ ကောင်းစားမယ်။
- အနာဂတ်ကို လူတွေကသာ ဖန်တီးနိုင်တယ်လို့ ယူဆတာကြောင့် လူကသာလျှင် ကံကို ဖန်တီးနိုင်တယ်။ ကလေးငယ်၊ တိရစ္ဆာန်တွေရဲ့ အပြုအမူမှန်သမျှကို ကံအဖြစ် မမှတ်ယူဘူး။ ကံ မမြောက်ဘူးလို့ ယုံကြည်တယ်။
- သိစိတ်နဲ့ လုပ်က ကံအရာ မြောက်တယ်။ ဒါကြောင့် မသိစိတ်နဲ့ လုပ်မိပြောမိကြံမိတာတွေဟာ ကံမမြောက်ဘူး။
- ဘဝသစ်တစ်ခုဟာ ကံရဲ့ ပြဋ္ဌာန်းချက်ကြောင့်သာ အကောင်းအဆိုး ဖြစ်နေရတယ်။ ကံရဲ့ ပြုပြင်မှုကြောင့်သာ ဘဝတွေ ဖြစ်နေရတယ်။ ကံရဲ့ တုတ်နှောင်မှုကို အတ္တမန်က ခံနေရတယ်။
- ဒါကြောင့် သံသရာက လွတ်ချင်ရင် (သို့) အတ္တမန်ကို လွတ်လပ်တဲ့ ဘဝရောက်အောင် လုပ်ချင်ရင် ကံမှန်သမျှ အကုန်လုံးကို ရှင်းပစ်ရမယ်။
- ဒါကြောင့် ဟိန္ဒူတွေရဲ့ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်ဟာ ကံကုန်သွားအောင်၊ အကျိုးပေးစရာ ကံ မရှိတော့အောင် ပြုလုပ်တဲ့ လမ်းစဉ်သာ ဖြစ်တယ်။
ဂျိန်းဘာသာဝင်တို့၏ ကမ္မဝါဒ
ဂျိန်းဘာသာဟာ အတ္တဝါဒ ဖြစ်တာကြောင့် ဝိဉာဉ်ကောင်၊ လိပ်ပြာကောင် ရှိတယ်လို့ ယုံကြည်တဲ့ ဘာသာတရားတစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ အခေါ်အရ လိပ်ပြာကောင်ကို ဇီဝ (jīva) လို့ သုံးတယ်။ သံသရာ လည်တဲ့အခါမှာ ဒီဇီဝ ဆိုတဲ့ အသက်ကလေးက ခန္ဓာတစ်ခုကနေ နောက်တစ်ခုကို ကူးပြီး ဘဝအသစ်တွေကို ဖြစ်စေတယ်။ အဲဒီ ဇီဝကလေး ခန္ဓာတစ်ခုကနေ နောက်တစ်ခုကို ကူးနေတာကိုပဲ သံသရာလည်တယ်လို့ ခေါ်တာပါပဲ။ အဲဒီ ဇီဝက သူချည်းသက်သက် ကူးနေတာမဟုတ်ဘဲ သူနဲ့အတူ ကံ ကိုပါ ခေါ်သွားတယ်။ ဇီဝဟာ ကံနဲ့ ရောစပ်ပြီး ခန္ဓာအသစ်အသစ်မှာ ဝင်ရောက် အကျိုးပေးကြတယ်။ ဂျိန်းတွေဟာ ကံကို အလွန်သေးငယ်တဲ့ ရုပ်အမှုန်အနေနဲ့ ယူဆကြတယ်။ ကံကို ဆိုးဆေးမှုန့် အဖြစ်နဲ့ ယုံကြည်ကြတယ်။ ဒါကြောင့် ကံနဲ့ ဇီဝ ရောလိုက်တဲ့အခါမှာ ကံကြောင့် ဇီဝဟာ အရောင်ပြောင်းသွားတယ်။ ဂျိန်းဝါဒအရ ဇီဝ (ဝိဉာဉ်ကောင်) ဟာ ကံနဲ့ ပေါင်းစပ်မနေဘဲ သူ့ဖာသာသူ သီးသန့်ဆိုရင် ရေလိုကြည်လင်တဲ့ အဆင်းရှိတယ်။ သဘောက ဖြူစင်တယ်ပေါ့။ ကံနဲ့ ပေါင်းစပ်လိုက်တဲ့ အခါကျတော့မှ ဇီဝဟာ အရောင်ပြောင်းသွားပြီး ကောင်းကျိုး၊ ဆိုးကျိုးကို ခံစားရတယ်လို့ ယုံကြည်ကြတယ်။
ဂျိန်းရဲ့ အယူအဆအရ ကောင်းကျိုး ဆိုးကျိုး ခံစားရခြင်းဟာ ဖန်ဆင်းရှင်၊ တန်ခိုးရှင်တွေရဲ့ လုပ်ရပ်မဟုတ်ဘဲ သဘာဝတရားကြီးမှာ နဂိုရှိနေပြီးဖြစ်တဲ့ ကမ္မနိယာမကြောင့်သာ ဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် ကံတစ်ခု ပြုပြီးသွားရင် ကံရဲ့ အကျိုးသက်ရောက်မှုကို ခံစားရမယ်၊ ဒါကို ဘယ် နတ်ဘုရားကမှ မနှောက်ယှက်နိုင်ဘူး။ ဒီယုံကြည်မှုကတော့ ဗုဒ္ဓဘာသာနဲ့ တူပါတယ်။ မတူတာက “ကံ ဖြစ်ပေါ်မှု”။ ဗုဒ္ဓဘာသာမှာက အကျိုးမပေးတဲ့ ကံဆိုတာ ရှိတယ်။ ကံအရာ မမြောက်ဘူး ဆိုတာမျိုးလည်း ရှိတယ်။ ဂျိန်းမှာ ဒါမျိုး မရှိဘူး။ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဆိုပြီး ဗုဒ္ဓဘာသာမှာ စေတနာအလျောက် ကံ ဖြစ်တယ်လို့ ယူဆတယ်။ သဘောက စေတနာ (Intention) က ဆိုးရင် ကံဆိုးမယ်၊ ကောင်းရင် ကံကောင်းမယ်။ အဲဒီထက် ထူးတာက စေတနာ မပါတဲ့ အလုပ်ဆိုရင် ကံ မမြောက်ဘူး။ ဒါက ဗုဒ္ဓဘာသာရဲ့ အယူအဆ။ ဂျိန်းဘာသာမှာကျတော့ စေတနာအလျောက် ကံကောင်း၊ ကံဆိုး ဖြစ်တာ တူပေမယ့်၊ စေတနာ ပါသည်ဖြစ်ဖြစ်၊ မပါသည်ဖြစ်ဖြစ် ရလဒ်အပေါ် မူတည်ပြီး ကံမြောက်တယ်လို့ ယုံကြည်တယ်။ ဥပမာ သတ်လိုတဲ့ စိတ်စေတနာ မပါပါဘဲနဲ့ ကိုယ့်လုပ်ရပ်ကြောင့် လူသေသွားရင် အဲဒါ ပါဏာတိပါတကံ မြောက်တယ်လို့ ဂျိန်းဘာသာက ယူဆတယ်။ သူတို့ အကြောင်းပြချက်က ဘာလဲဆိုတော့ စေတနာ မပါဘူး ဆိုပေမယ့် နမော်နမဲ့ နိုင်လို့သာ၊ ဒါမှမဟုတ် အသုံးမကျလို့သာ တခြားသူ သေရတာကြောင့် သတ်သူရဲ့ ပယောဂ မကင်းဘူးလို့ ယူဆတယ်။ ဒါကြောင့် စေတနာ ပါပါ မပါပါ၊ သိသိ မသိသိ၊ ရလဒ်က ကောင်းကျိုး/ဆိုးကျိုးကိုပေးရင် ကံမြောက်တယ်လို့ ဂျိန်းဝါဒမှာ ယုံကြည်ကြတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်ရင် ကံက ပိုအားကောင်းပြီး ရည်ရွယ်ချက် မပါဘဲ လုပ်ရင် ကံက အားနည်းတယ်။
ဂျိန်းဘာသာမှာ ဂတိလေးမျိုး ရှိတယ်။ ဂတိဆိုတာ လားရာပေါ့။ လက်ရှိဘဝကနေ သေသွားရင် ရောက်နိုင်တဲ့ နေရာဘဝကို ဂတိလို့ ခေါ်တယ်။ အဲဒီ ဂတိလေးမျိုးက ဒေဝဂတိ (နတ်ဘုံ)၊ မနုဿဂတိ (လူဘုံ)၊ နာရကဂတိ (အပါယ်ဘုံ) နဲ့ တိရယဉ္စဂတိ Tiryañca (तिर्यञ्च) (တိရစ္ဆာန်၊ သစ်ပင်နဲ့ ဗိုင်းရပ်ပိုးမွှား) တို့ ဖြစ်ပါတယ်။ ဂျိန်းဘာသာမှာ အပါယ်က (၇) ဘုံ ရှိတယ်။ ဂျိန်းဘာသာမှာ သစ်ပင်ကိုလည်း သက်ရှိလို့ ယူဆပါတယ်။ ဒါကြောင့် သံသရာလည်တဲ့ အခါမှာ ကံပေါ်မူတည်ပြီး ဇီဝဝိဉာဉ်ကောင်ဟာ သစ်ပင်ဘဝကိုလည်း ပေးတတ်တယ်လို့ ယုံကြည်ကြတယ်။ သတ္တဝါတွေရဲ့ အဆင့်အတန်းကို အာရုံခံ အဖွဲ့အစည်း အရေအတွက်ပေါ် မူတည်ပြီး ခွဲတယ်။ ဥပမာ လူ၊ နတ် တွေဟာ အာရုံငါးပါး ခံစားနိုင်တာကြောင့် အဆင့်အမြင့်ဆုံး သတ္တဝါတွေ ဖြစ်ကြတယ်။ အာရုံခံအင်္ဂါ ငါးပါး ပါတဲ့ သတ္တဝါတွေက အမြင့်ဆုံးဖြစ်ပြီး အာရုံခံအင်္ဂါ တစ်ပါးပဲ ပါတဲ့ သစ်ပင်နဲ့ micro-organisms ခေါ်တဲ့ ဗိုင်းရပ်လို ပိုးမွှားအသေးစားတွေဟာ အဆင့်အနိမ့်ဆုံး သတ္တဝါတွေလို့ ယူဆကြတယ်။ ဂျိန်းဘာသာရဲ့ အယူအဆအရ ကံအမျိုးအစားနဲ့ ဘုံဘဝတွေဟာ အချိတ်အဆက် ရှိကြတယ်။ ထိခိုက်နာကျင်မှု၊ အာရုံငါးပါးရှိတဲ့ သတ္တဝါတွေကို သတ်ဖြတ်မှု တွေရဲ့ အကျိုးဟာ အပါယ်ဂတိကို ရောက်စေတယ်။ လိမ်ညာခြင်း၊ လှည့်ဖြားခြင်း၊ မာယာများခြင်းဟာ တိရစ္ဆာန်နဲ့ သစ်ပင်ဘုံကို ရောက်စေနိုင်တယ်။ ကြင်နာခြင်း၊ ကိုယ်ချင်းစာခြင်း စတဲ့ ကောင်းတဲ့ ကံတွေဟာ လူဘဝကို ရောက်စေပြီး ဒုက္ကရစရိယကျင့်ခြင်း၊ ခြိုးခြံတဲ့အကျင့်နဲ့ ဘုရားတရားကို ရိုသေကိုင်းရှိုင်းခြင်းဟာ နတ်ဂတိကို ရောက်စေတယ်လို့ ယုံကြည်ကြတယ်။
ဂျိန်းဘာသာမှာ ကံကို အမျိုးအစား (၈) မျိုး ခွဲထားတယ်။ နောင်ဖြစ်မယ့် ဘဝသစ်ကို ပြဋ္ဌာန်းတဲ့ ကံက (၄) မျိုးရှိတယ်။
- (၁) အာယုက (Āyuṣka) ကမ္မ – နောင်ဘဝရဲ့ အသက်အပိုင်းအခြား (အသက်အတိုအရှည်) ကို သတ်မှတ်ပေးတဲ့ ကံ၊
- (၂) နာမ (Nāma) ကမ္မ – နောင်ဘဝရဲ့ ခန္ဓာအပိုင်းအခြား (ဝပိန်၊ ကြီးသေး၊ ခွန်အား၊ ကိုယ်ကာယအရည်အချင်း) ကို သတ်မှတ်ပေးတဲ့ ကံ၊
- (၃) ဂေါတြ (Gotra) ကမ္မ – နောင်ဘဝရဲ့ မျိုးရိုး၊ အနွယ်၊ ဇာတ်၊ ဂုဏ်သိက္ခာကို သတ်မှတ်ပေးတဲ့ ကံ၊
- (၄) အန္တရာယ (Antarāya) ကမ္မ – ကောင်းတဲ့အပြုအမူတွေ လုပ်ခွင့်မရအောင် ကာကွယ်တတ်တဲ့ မွေးရာပါ စွမ်းအင်ကို သတ်မှတ်ပေးတဲ့ ကံ တို့ ဖြစ်တယ်။
နောက် (၄) မျိုးက သန့်စင်တဲ့ ဇီဝကို ပြဋ္ဌာန်းတဲ့ ကံတွေ ဖြစ်ပါတယ်။
- (၅) ဉာဏာဝရဏီယ (Jñānāvaraṇīya) ကမ္မ – ဇီဝနဲ့ ပတ်သက်တဲ့ ဗဟုသုတကို နားလည်နိုင်တဲ့ အစွမ်းကို သတ်မှတ်ပေးတဲ့ ကံ၊
- (၆) ဒဿနာဝရဏီယ (Darśanāvaraṇīya) ကမ္မ – ဇီဝနဲ့ ပတ်သက်တဲ့ ဗဟုသုတကို သိမြင်နိုင်တဲ့ အစွမ်းကို သတ်မှတ်ပေးတဲ့ ကံ၊
- (၇) ဝေဒနီယ (Vedanīya) ကမ္မ – ဇီဝရဲ့ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ခံစားနိုင်စွမ်းကို သတ်မှတ်ပေးတဲ့ ကံ၊
- (၈) မောဟနီယ (Mohanīya) ကမ္မ – အမှားအမှန်၊ အကောင်းအဆိုး မခွဲခြားနိုင်အောင် ဇီဝကို တွေဝေစေတဲ့ ကံ တို့ ဖြစ်တယ်။
ကံရဲ့ အကျိုးသက်ရောက်မှု ပမာဏကို တွက်ချက်ချင်ရင် အခြေအနေ (၄) ရပ်ကို ထည့်စဉ်းစားရမယ်။
- နံပါတ် (၁) – အထက်မှာ ဖော်ပြထားတဲ့ ကံအမျိုးအစား၊
- နံပါတ် (၂) – ဇီဝနဲ့ ကံရဲ့ ဖွဲ့နှောင်မှု အချိန်ကာလ၊ (ခံစားချက်၊ သံယောဇဉ်တွေဟာ ကံကို ဖွဲ့နှောင်အား ပိုကောင်းစေတယ်။)
- နံပါတ် (၃) – ကံရဲ့ ပြင်းအား၊
- နံပါတ် (၄) – ကံရဲ့ အရေအတွက် ပမာဏ တွေကို ထည့်တွက်ရမယ်။
ဂျိန်းဘာသာရဲ့ အယူအဆအရ ကံရဲ့ အကျိုးဟာ ရှောင်လွဲလို့ မရတဲ့ နိယာမ သဘောတရား ဆိုပေမယ့် အဲဒီ ကံရဲ့အကျိုးကို ပြုပြင်ပြောင်းလဲနိုင်တဲ့ စွမ်းအင်တွေ ဇီဝ ဝိဉာဉ်ကောင်မှာ ရှိတယ်လို့ ယုံကြည်ကြတယ်။ အကျိုးမပေးနိုင်သေးတဲ့ ကံတွေကို စောစောစီးစီး အကျိုးပေးအောင် လုပ်နိုင်တယ်လို့ ယုံကြည်ကြတယ်။ အကျိုးပေးမယ့် ကံရဲ့ အကျိုးပေးမှု ကြာချိန်နဲ့ အပြင်းအပျော့ကိုလည်း ပြောင်းလဲနိုင်တယ်လို့ ယုံကြည်ကြတယ်။ အကျိုးပေးမယ့် ကံအစား တခြားကံတစ်မျိုး အကျိုးပေးအောင် လုပ်လို့ ရတယ်လို့လည်း ယုံကြည်ကြတယ်။ ကျင့်စဉ်တစ်ခု လုပ်နေတဲ့ အတောအတွင်းမှာ ကံကို အကျိုးမပေးအောင် ဟန့်တားထားလို့ ရတယ်လို့ ယုံကြည်ကြတယ်။ အဲဒီ ကျင့်စဉ် ရပ်နားလိုက်ရင်တော့ ပြန်အကျိုးပေးလာနိုင်တာပေါ့။ တချို့ ကံတွေကို ကြိုတင်ပြီး အကျိုးမပေးအောင် ကာကွယ်ထားနိုင်တယ်လို့ ယုံကြည်ကြပြန်တယ်။ နောက်ပြီး တချို့ ကံတွေကိုလည်း တခြားကံတစ်မျိုး ပြောင်းမသွားအောင် ထိန်းထားနိုင်တယ်လို့လည်း ယုံကြည်ကြတယ်။ အချုပ်ပြောရရင် အကျိုးပေးမယ်ကံကို လုံးဝ အကျိုးမပေးအောင် တားဆီးလို့ မရပေမယ့် ပုံပြောင်းအောင်၊ ကာလတိုအောင် လုပ်လို့ရတယ်။ ကောင်းတဲ့အကျိုးပေးမယ်ဆိုရင် စောစော အကျိုးပေးအောင်၊ ကာလရှည်အောင်၊ ကံမပြောင်းအောင် လုပ်လို့ ရတယ်လို့ ယုံကြည်ကြတာ ဖြစ်တယ်။
ဂျိန်းရဲ့ ယုံကြည်မှုအရ ဇီဝနဲ့ ကံ၊ ဖွဲ့နှောင်တွဲယှက်နေသရွေ့ သံသရာရှည်နေမယ်လို့ လက်ခံထားကြတာ။ ဒါကြောင့် အဲဒီ အနှောင်အဖွဲ့ကို ပြတ်တောက်သွားအောင် ကျင့်တာဟာ သူတို့ရဲ့ သံသရာကလွတ်ကြောင်း ကျင့်စဉ်ပဲပေါ့။ အဲဒီ ကျင့်စဉ်တွေကို အတိုချုပ် ပြောရရင် သံဝရသီလ (ကိုယ်နှုတ်စိတ် စောင့်ထိန်းခြင်း) နဲ့ တပကျင့်စဉ်တွေ ကျင့်ခြင်းအားဖြင့် ဇီဝနဲ့ ကံရဲ့ အနှောင်အဖွဲ့ကို ဖြတ်တောက်နိုင်မယ်လို့ ယုံကြည်ကြတယ်။ အားလုံးကို အချုပ်ပြောရရင် ကံဆိုတာ ရုပ်အမှုန်တွေ ဖြစ်တယ်။ ဇီဝ ဆိုတဲ့ ဝိဉာဉ်ကောင်ဟာ ဘဝတစ်ခုကနေ နောက်တစ်ခုကို ကူးတယ်။ အဲဒီလို ကူးနိုင်ဖို့အတွက် ကံက ပြဋ္ဌာန်းပေးရတယ်။ ဒါကြောင့် ကံဆိုတဲ့ ရုပ်အမှုန်က ဇီဝမှာ တွယ်ကပ်ပြီးတော့ ဘဝတွေ တစ်ခုပြီးတစ်ခု ကူးနေတယ်။ အဲဒီလို ဇီဝနဲ့ ကံ တွဲကပ်နေဖို့အတွက် လောဘ၊ ဒေါသ၊ မောဟ၊ မာန ဆိုတဲ့ အနှောင်အဖွဲ့တွေ လိုတယ်။ အဲဒီ အနှောင်အဖွဲ့တွေကပဲ ဇီဝနဲ့ကံ အကြားက အစေးဓာတ်ကို ပြဋ္ဌာန်းတယ်။ အဲဒီ အစေးဓာတ် မရှိတော့ရင် ကံဟာ ဇီဝမှာ တွယ်ကပ်မနေနိုင်တော့ဘူး။ ကံဟာ အရောင်ဆိုးဆေးနဲ့ တူတာကြောင့် ကံနဲ့ဇီဝ တွဲကပ်နေရင် ဇီဝဟာ ကံရဲ့ အရောင်ဆိုးမှုကို ခံရမယ်။ ကံနဲ့ဇီဝ တွဲကပ်နိုင်တဲ့ အစေးဓာတ် လုံးဝမရှိတော့ဘူး ဆိုရင် ကံနဲ့ဇီဝ အိုးစားကွဲသွားပြီပေါ့။ အဲဒီလိုဆိုရင် ဇီဝရဲ့ မူလကြည်လင်တဲ့ သဘာဝကို ပြန်ရမယ့်အပြင် ကံအကျိုးပေး မရှိတော့တာကြောင့် သံသရာလည်တာလည်း ရပ်သွားမယ်။ အဲဒါဟာ ဂျိန်းဘာသာရဲ့ သံသရာလွတ်ကြောင်း ကျင့်စဉ်ပဲ ဖြစ်ပါတယ်။
