← Back to blog

စာပိုဒ်ထဲက ဦးဆောင်ဝါကျ

ကိုးကား မြန်မာစာ

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၂၅ ရက် (သောကြာနေ့)

စာပိုဒ်ဖွဲ့ရာတွင် စာပိုဒ်တစ်ပိုဒ်လုံး၏ ဆိုလိုချက်ကို ထင်ထင်ရှားရှား ဖော်ပြနေသော ဝါကျတစ်ခုပါလေ့ ရှိပါသည်။ ထိုဝါကျဖြင့် ဖော်ပြသောဆိုလိုချက်ကို ပေါ်လွင် ထင်ရှားလာအောင် ကျန်ဝါကျများက အသေးစိတ် အချက်အလက်များဖြင့် ဝိုင်းဝန်း ထောက်ကူလေ့ရှိကြပါသည်။ စာပိုဒ်တစ်ပိုဒ်လုံး၏ ဆိုလိုချက်ကို ဖော်ပြသည့် ဝါကျသည် စာပိုဒ်ကို ဦးဆောင်နေသည့်အတွက် ထိုဝါကျကို “ဦးဆောင်ဝါကျ” ဟု ခေါ်လေ့ရှိပါသည်။ဦးဆောင်ဝါကျတွင်ပါသော အဓိက အချက်ကို ကျန်ဝါကျများက အသေးစိတ် ရှင်းလင်း ချဲ့ထွင်ခြင်းဖြင့် စာပိုဒ်တစ်ပိုဒ် ပုံပေါ်လာခြင်း ဖြစ်ပါသည်။ သာဓက ဆောင်ပါမည်။ဦးလတ်သည် ၁၉၁၂ ခုနစ်မှ ၁၉၂၀ ပြည့်နှစ်အထိ ၇ နှစ်အတွင်းတွင် ကာလပေါ် ဝတ္ထုလေးပုဒ် ရေးခဲ့သည်။ ရှေးဦးစွာ စံပယ်ပင်ဝတ္ထုကို ရေးသည်။ ထို့နောက် ရွှေပြည်စိုး၊ ထို့နောက် သုံးဘုံ၊ ထို့နောက် တစ်နန်းပျော်ရင်သွေးတော်ကို ရေးသည်။ စံပယ်ပင်ကို ၁၉၁၂ ခုနစ်တွင် ထုတ်ဝေသည်။ ရွှေပြည်စိုးကို ၁၉၁၄ ခုနစ်တွင် ထုတ်ဝေသည်။ သုံးဘုံကို အစိုးရထုတ် တိုင်းကျိုးသတင်းစာ၌ ၁၉၁၄ ခုနစ်မှစ၍ အပတ်စဉ် ထည့်သွင်းခဲ့သည်။ စာတစ်အုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်း မပြုခဲ့ချေ။ တစ်နန်းပျော်ရင်သွေးတော်ကို ပြည်မြို့ထုတ် ပျော်တော်ဆက်မဂ္ဂဇင်းတွင် ၁၉၂၀ ပြည့် နှစ်ဦးလောက်ကစ၍ အပတ်စဉ် ထည့်သွင်းခဲ့သည်။ ထိုဝတ္ထုကို ရေးစဉ်တွင် ဦးလတ် အနိစ္စရောက်သည်။ထိုစာပိုဒ်၏ အဓိက ဆိုလိုချက်သည် ဦးလတ်ရေးခဲ့သော ဝတ္ထုများအကြောင်းပင် ဖြစ်သည်။

ထိုအကြောင်းကို ခြုံ၍ဖော်ပြသော ပထမဆုံး ဝါကျသည် စာပိုဒ်၏ ဦးဆောင်ဝါကျ ဖြစ်သည်။ ဦးဆောင်ဝါကျတွင် ဖော်ပြသော အဓိကအချက်ကို နောက်က ဝါကျ ခုနစ်ခုဖြင့် အသေးစိတ် ရှင်းလင်း ဖော်ပြကာ အဓိက အချက်ကို ထင်ရှားစေသည်။ (နောက်ဆုံး ဝါကျမှာမူ ရှေ့က ပြောခဲ့သော အချက်များကို နိဂုံးချုပ်လိုက်သော ဝါကျဖြစ်သည့်အတွက် ထိုဝါကျကို “နိဂုံးဝါကျ” ဟု ခေါ်လေ့ရှိပါသည်။ နိဂုံးဝါကျအကြောင်း သီးသန့် ဆွေးနွေးပါဦးမည်။) အောက်ပါ စာပိုဒ်ကို ကြည့်ပါဦး။ယနေ့ ပညာရပ်ကို အကြမ်းအားဖြင့် အနုပညာနှင့် သိပ္ပံပညာဟူ၍ ခွဲခြားကြသည်။ အနုပညာသည် စိတ်ကူးပညာဖြစ်၍ ဝတ္ထု၊ ကဗျာ၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ သဘင် စသော တီထွင် ဆန်းသစ်သည့် ပညာရပ်များ ပါဝင်လာသည်။ သိပ္ပံပညာသည်ကား လက်တွေ့ စူးစမ်း တွေ့ရှိချက်များ ဖွဲ့စည်း၍ ဖြစ်ပေါ်လာသော ပညာရပ်ဖြစ်သည်။ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဘူမိဗေဒ၊ ဇီဝဗေဒ၊ စက်မှုအတတ် စသည်ဖြင့် များမြောင်လှပေသည်။ အနုပညာနှင့် သိပ္ပံပညာတို့သည် သဘာဝအားဖြင့် ခြားနားခြင်း ရှိကြသည်။ အနုပညာသည် စိတ်ကူးမှုကို အခြေခံ၍ သိပ္ပံပညာသည် လေ့လာမှုကို အခြေခံပေသည်။ သို့သော် အနုပညာနှင့် သိပ္ပံပညာ ဆက်စပ်ခြင်းများလည်း ရှိပေသည်။အနုပညာနှင့် သိပ္ပံပညာဟူသော ပညာရပ် နှစ်မျိုး၏ အကြောင်းကို အဓိက ဖော်ပြသော ဤစာပိုဒ်တွင် ပထမဝါကျသည် ဦးဆောင်ဝါကျဖြစ်သည်။ ကျန်ဝါကျသည် ဦးဆောင်ဝါကျ၌ ဖော်ပြသော အချက်ကို အသေးစိတ် ရှင်းလင်းပြထားသည်။ (နောက်ဆုံး ဝါကျမှာမူ စာပိုဒ်ကို အဆုံးသတ် နိဂုံးချုပ်ရုံမက “အနုပညာနှင့် သိပ္ပံပညာ ဆက်စပ်မှု” ဟူသော အချက်ကို နောက်အပိုဒ်တွင် ဖော်ပြရန် အရှိန်ယူ လမ်းခင်းပေးရာလည်း ရောက်ပါသည်။ ဤစာပိုဒ်ကို နောက်လာမည့် စာပိုဒ်နှင့် ဆက်စပ်ပေးသည့်ဝါကျ ဖြစ်ပါသည်။)ကျောင်းသားများသည် စကားပြေ အရေးအသား လေ့ကျင့်ရာတွင် စနစ်တကျ စာပိုဒ်ဖွဲ့တတ်စေရန်အတွက် ဝါကျတစ်ခုပေးထားပြီး ထိုဝါကျကို ဦးဆောင်ဝါကျအဖြစ် အသုံးပြုပြီး စာပိုဒ်ဖွဲ့ခိုင်းခြင်းဖြင့် လေ့ကျင့်ပေးနိုင်ပါသည်။ “ဆရာလှသည် စာသင်ကောင်းသော မြန်မာစာ ဆရာတစ်ဦး ဖြစ်သည်” ဟူသော ဝါကျကို ဦးဆောင်ဝါကျအဖြစ် အသုံးပြုပြီး စာပိုဒ်ဖွဲ့မည် ဆိုပါစို့။ဆရာလှသည် စာသင်ကောင်းသော မြန်မာစာ ဆရာတစ်ဦး ဖြစ်သည်။ ဆရာသည် ကဗျာသင်ရာတွင် ကဗျာစာဆို၏ ဘဝဖြစ်ရပ်ကို ကဗျာနှင့် ဆက်စပ်ပြကာ နိဒါန်းချီသည်။ ထို့နောက် ကဗျာကို ဌာန်ကရိုဏ်း ကျစွာ ရွတ်ဖတ်ပြသည်။ ထို့နောက် ကဗျာ့ အဓိပ္ပါယ်ကို အသေးစိတ် ရှင်းပြသည်။ အဘယ်ကြောင့် ကဗျာကောင်း တစ်ပုဒ် ဖြစ်ရကြောင်းလည်း အကျိုးအကြောင်း ဆက်စပ် ရှင်းလင်းပြသည်။ ကျွန်တော်တို့၏ ရင်ထဲတွင် စွဲငြိသွားစေနိုင်လောက်သည့် အဖွဲ့အနွဲ့ ကောင်းများကိုလည်း ဖော်ထုတ်ပြသည်။ ဆရာ စကားပြေသင်ပြီ ဆိုလျှင်လည်း ထိုနည်းတူ စိတ်ဝင်စားဖွယ် ကောင်းသည်ပင်ဖြစ်သည်။ စကားပြေ အရေးအသား ကောင်းပုံများကို ကျွန်တော်တို့ မြင်သာအောင် ထောက်ပြသည်။ ဆရာသည် အသံသြဇာနှင့်လည်း ပြည့်စုံသည်။ အာဝဇ္ဇန်းလည်း ကောင်းသည်။ စာပေလည်း နှံ့စပ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ စိတ်သည် ဆရာ့ သင်ပြမှုနောက်သို့ လိုက်ပါ နစ်မျော သွားသည်အထိ စိတ်ဝင်စားကြမြဲ ဖြစ်ပါသည်။ကျောင်းသားက ဤပုံ ဤနည်းအတိုင်း ဆရာအသင်အပြ ကောင်းပုံကို အသေးစိတ် ရှင်းလင်းကာ စာပိုဒ် ဖွဲ့နိုင်ပါသည်။ ကိုယ်စိတ်ကူးရသလို ရေးမည် ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အသေးစိတ် အချက်အလက်ချင်း ကွာခြားမည်ပင် ဖြစ်သည်။ သို့သော် “ဆရာလှ၏ အသင်အပြကောင်းပုံ” ဟူသော အဓိက ဆိုလိုချက်သို့မူ ရောက်မည်ချည်းပင်။ယခု ပြခဲ့သော သာဓကများတွင် ဦးဆောင်ဝါကျသည် စာပိုဒ်၏ ပထမဆုံး ဝါကျချည်း ဖြစ်နေပါသည်။ ဦးဆောင်ဝါကျသည် စာပိုဒ်၏ နောက်ဆုံးဝါကျလည်း ဖြစ်နိုင်ပါသည်။ကျွန်တော်တို့အိမ်သည် ရွာထိပ်က တောင်ကုန်းကလေးပေါ်တွင် ရှိသည်။ မြွေလိမ်မြွေကောက် ဖောက်ထားသော လမ်းကလေးအတိုင်း တက်လာလျှင် ကျွန်တော်တို့ အိမ်သို့ ရောက်မည်ဖြစ်သည်။ အိမ်ပတ်ဝန်းကျင်တွင် အလှစိုက်ထားသော ပန်းမျိုးစုံတို့သည် ဝေေ၀ဆာဆာ ပွင့်လျက်ရှိသည်။ သာသာကလေး တိုက်ခတ်လျက်ရှိသော လေပြည်လေညင်း၏ အထိအတွေ့ နှင့်အတူ လေထဲတွင် ပါလာသော ပန်းရနံ့များကို ရှူရှိုက်ရသည်မှာ စိတ်ကြည်လင် လန်းဆန်းဖွယ် ဖြစ်သည်။ လမ်းကလေးအတိုင်း တဖြည်းဖြည်း တက်လာပြီး လှမ်းကြည့်လိုက်မည် ဆိုလျှင် အပြာနုရောင် ဆေးသုတ်ထားသော အိမ်ကလေးကို တွေ့မြင်ရမည် ဖြစ်သည်။ ကျွန်တော်တို့ အိမ်ကလေးကား သာယာအေးချမ်းလှသော အိမ်ဂေဟာကလေး ဖြစ်ပါသည်။ဤစာပိုဒ်တွင် နောက်ဆုံးဝါကျသည် ဦးဆောင်ဝါကျ ဖြစ်ပါသည်။ အိမ်ကလေး သာယာ အေးချမ်းပုံဟူသော အဓိက ဆိုလိုချက်ကို ဖော်ပြသောကြောင့် ဖြစ်သည်။ ရှေ့ဝါကျများမှာ ထို အဓိက ဆိုလိုချက်ကို အသေးစိတ် ပုံဖော်သော ဝါကျများ ဖြစ်ပါသည်။ဦးဆောင်ဝါကျသည် စာပိုဒ်၏ အထိန်းအကွပ် သဖွယ် ဖြစ်သည့်အတွက် ဦးဆောင်ဝါကျကို မူတည်ပြီး စာပိုဒ်ဖွဲ့လျှင် ပို၍ မြင်သာပါသည်။ စနစ်လည်း ကျပါသည်။သို့သော် စာပိုဒ်တိုင်း ဦးဆောင်ဝါကို ပါရမည်ဟု ပုံသေ မမှတ်ယူနိုင်ပါ။ များသောအားဖြင့် ဦးဆောင်ဝါကျ ပါသည်ကား မှန်ပါ၏။ သို့သော် စာပိုဒ်၏ ဆိုလိုချက်ကို ဝါကျအားလုံးက တစ်ပြေးညီ ဝိုင်းဝန်း ထောက်ကူသည့်အခါတွင်မူ ဦးဆောင်ဝါကျ မပါဘဲ နေတတ်ပါသည်။ ကြည့်ပါ။လူငယ်သည် တက်ကြွ၏။ ရွှင်လန်း၏။ အများအကျိုး ဆောင်ရွက်လိုစိတ် ထက်သန်၏။ စွန့်စားချင်တတ်၏။ စူးစမ်း ရှာဖွေရန် စိတ်ဝင်စား၏။ အစုအဝေး အသင်းအဖွဲ့နှင့် ဆောင်ရွက်ရခြင်းကို နှစ်သက်၏။ အမှန်တရားကို မြတ်နိုး၏။ စိတ်ကူးလည်း ယဉ်တတ်၏။ဤစာပိုဒ်တွင် လူငယ်၏ သဘောဘဘာဝကို အဓိက ဖော်ပြထားသည်။ ထိုအဓိက ဆိုလိုချက် ထင်ရှားအောင် ဝါကျအသီးသီးက ဝိုင်းဝန်း ထောက်ကူပေးသည်။ လူငယ်၏ သဘာဝကို ဖော်ပြသော အချက်တစ်ချက်စီကို ဝါကျတစ်ခုစီဖြင့် ဖော်ပြသည်။ ဝါကျအားလုံး တန်းတူရည်တူ သဘောဆောင်သည်။ ထို့ကြောင့် ဦးဆောင်ဝါကျဟူ၍ သီးသီးသန့်သန့် မပါဝင်ကြောင်း တွေ့နိုင်ပါသည်။ဦးဆောင်ဝါကျသည် စာပိုဒ်၏ အစတွင် ရှိနိုင်ကြောင်းလည်း ဖော်ပြခဲ့ပြီးပါပြီ။ အဆုံးတွင် ရှိနိုင်ကြောင်းလည်း ဖော်ပြခဲ့ပြီးပါပြီ။ သို့ဖြစ်လျှင် စာပိုဒ်၏ အလယ်တွင်ကော ဦးဆောင်ဝါကျ မရှိနိုင်ဘူးလားဟု မေးစရာရှိပါသည်။ အလယ်မှာ ထားလျှင်လည်း ရပါလိမ့်မည်။ သို့သော် ရှေ့ဆုံး၊ နောက်ဆုံးလောက် မထင်ရှားပါ။ အဓိက ဆိုလိုချက်ကို အရင်ဆုံး ပြောချင်လျှင် ဦးဆောင်ဝါကျက ရှေ့ဆုံးမှာ ရှိပါလိမ့်မည်။ အဓိက ဆိုလိုချက်ကို နောက်ဆုံးပြောချင်လျှင် ဦးဆောင်ဝါကျက နောက်ဆုံးမှာ ရှိပါလိမ့်မည်။ ဤ နှစ်နေရာသည် ဦးဆောင်ဝါကျ ထားလေ့ရှိသည့် နေရာများ ဖြစ်ပါသည်။အချုပ်အားဖြင့် ဦးဆောင်ဝါကျသည် စာပိုဒ်၏ ဆိုလိုချက်ကို ဖော်ပြသော ဝါကျဖြစ်ကြောင်း၊ ဤ ဝါကျများသည် ဦးဆောင်ဝါကျတွင် ပါဝင်သည့်အချက်ကို အကျယ်ချဲ့၍ ရှင်းလင်းသော ဝါကျများဖြစ်ကြောင်း မှတ်သားရန် ဖြစ်ပါသည်။ဤပို့စ်ကို ငယ်ပေါင်းကြီးဖော် မြန်မာစာ နှင့် အရေးအသားပြဿနာများ – မောင်ခင်မင် (ဓနုဖြူ) စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။

ထပ်မံ ဖတ်ရှုစေလိုသော ပို့စ်များ- စာပိုဒ်ဖွဲ့ခြင်း– စာပိုဒ်၏ ကိုယ်ထည်ပိုင်းနှင့် နိဂုံးဝါကျ- ဆိုလိုချက်တစ်ချက် စာပိုဒ်တစ်ပိုဒ်

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading