၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၂၃ ရက် (ဗုဒ္ဓဟူးနေ့)
အရင်တစ်နေ့က ဂျီတော့မှာ ညီမ မွန်က မြန်မာစာရေးတဲ့အခါမှာ စာပိုဒ်ခွဲတာနဲ့ ပတ်သက်ပြီး သိချင်တယ်လို့ ပြောလာတာကြောင့် မြန်မာစာ ရေးသားနည်းအကြောင်း ရေးထားတဲ့ စာအုပ်တွေကို ပြန်မွှေရင်း ဒီစာအုပ်ကလေးကို ပြန်တွေ့တယ်။ စာအုပ်နာမည်က မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသား ပြဿနာများ ဖြစ်ပါတယ်။ အခု ဒီစာအုပ်ထဲမှာ စာပိုဒ်ခွဲနည်းနဲ့ ပတ်သက်ပြီး ဆောင်းပါးတို လေးပုဒ် ခွဲပြီး တင်ပြထားပါတယ်။ ကျနော်လည်း အဲဒီလေးပုဒ်ကို ပို့စ်လေးခု အနေနဲ့ ခွဲပြီး စာအုပ်ထဲက အတိုင်း ပြန်ရိုက်ပြီး အသိပညာ လက်ဆင့်ကမ်းပေးလိုက်ပါတယ်။စာတစ်မျက်နှာလုံး တစ်ပြင်ကြီးရေးလျှင် ကြည့်မကောင်းသည့်အတွက် အမြင်ရှင်းအောင် ဝါကျလေးခုတစ်ပိုဒ်၊ ငါးခုတစ်ပိုဒ် စသည်ဖြင့် စာပိုဒ်ခွဲသည့် အလေ့ကို အချို့က ကျင့်သုံးကြသည်။ အချို့လည်း ရေးသည့်အကြောင်းအရာအရ မဟုတ်ဘဲ ရေးရင်းရေးရင်း ရှည်သွားပြီဟု ထင်သည့်နေရာတွင် “ဒီနေရာတော့ စာပိုဒ်ခွဲမှပဲ” ဟူသော စိတ်ကူးဖြင့် စာပိုဒ်ခွဲလိုက်သည့် အလေ့မျိုးကို ကျင့်သုံးကြသည်။ ကျောင်းသားလောကတွင် သာမက ယနေ့ ပုံနှိပ်ထုတ်ဝေနေသော စာအုပ်စာတမ်းများတွင်လည်း ထိုအလေ့မျိုးကို တွေ့ရတတ်ပါသည်။စာပိုဒ်ခွဲခြင်းသည် ကြည့်မကောင်းမှာစိုး၍ ကြည့်ကောင်းအောင် ခွဲခြမ်းလည်း မဟုတ်။ ရှည်မှာစိုး၍ မရှည်အောင် ခွဲခြင်းလည်း မဟုတ်။ “ဆိုလိုချက် တစ်ချက်လျှင် စာတစ်ပိုဒ် ခွဲသည်” ဟူသော စနစ်ဖြင့် အဓိပ္ပာယ်ရှိရှိ ခွဲခြင်းသာဖြစ်သည်ဟူသော အသိတရားကို ကျောင်းသားဘဝကတည်းက စွဲမြဲစွာ မှတ်သားပြီး လိုက်နာ ဆောင်ရွက်မည် ဆိုပါက စနစ်တကျ စာပိုဒ်ခွဲ ရေးတတ်သည့် အလေ့အကျင့်မျိုး တစ်သက်လုံး စွဲမြဲသွားမည် ဖြစ်ပါသည်။
ဤနေရာတွင် အဓိက အရေးကြီးသော အချက်တစ်ချက်ကို ဖော်ပြလိုပါသည်။ စာပိုဒ်တစ်ပိုဒ်မှာ ပါရမည့် ဆိုလိုချက်တစ်ချက်ဆိုသည်မှာ အဘယ်နည်း။ သာဓကအဖြစ် အောက်ပါစာပိုဒ်ကို ပြလိုပါသည်။ထန်းပင်သည် လူတို့အတွက် အသုံးဝင်သော အပင်တစ်မျိုး ဖြစ်ပေသည်။ ထန်းရည်ကို သောက်နိုင်သည်။ ထန်းလျက် ချက်နိုင်သည်။ ထန်းသီးကို စားနိုင်သည်။ မုန့် လုပ်နိုင်သည်။ ထန်းရွက်ကို အမိုးအကာ လုပ်နိုင်သည်။ ပေ၊ ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ် လုပ်နိုင်သည်။ ထန်းလက်ကို ကြိုးလုပ်နိုင်သည်။ ထန်းသားကို တိုင်၊ ရေတံလျှောက်၊ လှေ စသည်တို့ လုပ်နိုင်သည်။ အိမ်တစ်ဆောင် ဆောက်ရာ၌ အခြင်တန်းနှင့် ကြမ်းခင်းမှတစ်ပါး ကျန်ပစ္စည်းများကို ထန်းပင်မှရသော ပစ္စည်းများဖြင့် ပြုလုပ်နိုင်သည် ဟူ၍ပင် အဆိုရှိလေသည်။ဤစာပိုဒ်ကို ဖတ်ကြည့်လျှင် အဓိက ဆိုလိုချက် တစ်ချက်သာ ပါဝင်ကြောင်း တွေ့နိုင်ပါသည်။ ထိုအချက်သည် ထင်ရှားသိသာမှုလည်း ရှိပါသည်။ “ထန်းပင်သည် လူတို့အတွက် အသုံးဝင်သောအပင် ဖြစ်သည်” ဟူသော အချက်ဖြစ်သည်။ ဤစာပိုဒ်က မည်သည့်ဆိုလိုချက်ကို ဖော်ပြသနည်းဟု မေးလျှင် ထန်းပင်၏ အသုံးဝင်မှုကို ဖော်ပြသည်ဟု ဖြေရပါလိမ့်မည်။ ဤစာပိုဒ်တွင် ပါဝင်သော ဝါကျအားလုံးက ဤဆိုလိုချက်ကို ဦးတည်ဖော်ပြနေကြောင်း တွေ့နိုင်ပါသည်။ ဤစာပိုဒ်ကို အောက်ပါအတိုင်း ဆက်ရေးသည် ဆိုပါစို့။အိမ်တစ်ဆောင် ဆောက်လုပ်ရာ၌ အခြင်တန်းနှင့် ကြမ်းခင်းမှတပါး ကျန်ပစ္စည်းများကို ထန်းပင်မှရသော ပစ္စည်းများဖြင့် ပြုလုပ်နိုင်သည် ဟူ၍ပင် အဆိုရှိလေသည်။ ထိုမျှ အသုံးဝင်သော ထန်းပင်မှ မြန်မာ့ရိုးရာ အစားအစာတစ်ခုကိုလည်း ထုတ်လုပ်နိုင်သည်။ ထို အစားအစာကား ထန်းလျက်ပင်ဖြစ်သည်။ ထန်းလျက်ကို ထန်းရည်မှ ရရှိသည်။ ထန်းရည်အချိုနှင့် ထန်းရည်အခါးဟူ၍ နှစ်မျိုးရှိသည်။ ထန်းရည်အချိုကို ကျိုချက်ပါက ထန်းလျက်ကို ရရှိသည်။ ထန်းလျက်သည် မြန်မာတို့ နှစ်သက်စွာ စားသုံးလေ့ရှိသော သရေစာတစ်မျိုးဖြစ်သည်။ဤစာပိုဒ်တွင် ဆိုလိုချက်သည် နောက်တစ်မျိုး ပြောင်းသွားကြောင်း သတိပြုမိနိုင်ပါသည်။ ထန်းပင်တစ်ပင်လုံး အသုံးဝင်ပုံကို ပြောနေရာမှ ထန်းလျက်အကြောင်းသို့ ပြောင်းသွားခြင်းဖြစ်သည်။ ထို့ကြောင့် “ဆိုလိုချက်တစ်ချက်လျှင် စာပိုဒ်တစ်ပိုဒ် ခွဲရေးရမည်” ဟူသော စနစ်အရ ထန်းလျက်အကြောင်း အစချီသော “ထိုမျှ အသုံးဝင်သော ထန်းပင်မှ မြန်မာ့ရိုးရာ အစားအစာ တစ်ခုကိုလည်း ထုတ်လုပ်နိုင်သည်” ဟူသော ဝါကျမှစ၍ စာပိုဒ်အသစ် ခွဲရေးရမည် ဖြစ်သည်။ ထန်းလျက်အကြောင်း ရေးပြီး ထန်းသီးမုန့်အကြောင်း၊ ထန်းရွက်ယပ်တောင် အကြောင်း၊ ထန်းသားရေတံလျှောက်အကြောင်း စသည် စသည်ဖြင့် ဆိုလိုချက်တစ်ခုစီကို သီးခြားစာတစ်ပိုဒ်စီခွဲကာ ပြီးဆုံးသည်အထိ စနစ်တကျ ရေးသွားနိုင်ပါသည်။ အောက်ပါ စာပိုဒ်ကိုလည်း ကြည့်ပါဦး။သိမ်မွေ့သောသူသည် ဣန္ဒြေသိက္ခာရှိ၏။ ဝင့်ဝါခြင်း ကင်း၏။ ကျေးဇူးပြုတတ်၏။ သူတစ်ပါးကို စော်ကားမော်ကား မပြောတတ်။ အကျအန မကောက်တတ်။ လွယ်ကူစွာလည်း စိတ်မဆိုးတတ်။ မိမိ အလိုဆန္ဒများ၌ ကျူးလွန်ခြင်း မရှိ။ စကားနှင့်စိတ်ကို ချုပ်တည်းသိမ်းဆည်းတတ်၏။ အခြား လူများကိုလည်း လူကောင်းဟူ၍ မှတ်ထင်တတ်လေသည်။ဤစာပိုဒ်၏ ဆိုလိုချက်သည် အဘယ်နည်း။ ရှင်းပါသည်။ “သိမ့်မွေ့သူ၏ အရည်အသွေးများ” ပင် ဖြစ်ပါသည်။ သိမ်မွေ့သူ၏ အရည်အသွေးများကို စာပိုဒ်တစ်ပိုဒ်ဖြင့် စုစည်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထို့အတူ …ယနေ့ဆိုလျှင် စာအုပ်စာတမ်း အမျိုးမျိုး အင်နှင့်အားနှင့် ပေါ်ထွက်နေသည်။ လစဉ်ထုတ် စာနယ်ဇင်းများ၊ လုံးချင်းဝတ္ထုများ၊ ပညာပေးစာအုပ်များ အများအပြား တွေ့ရသည်။ စာဖတ်သူ ဦးရေလည်း တိုးပွားနေသည်။ စာအုပ် အငှားဆိုင်များ၊ စာကြည့်တိုက်များတွင် လက်မလည်နိုင်အောင် ငှားရမ်းနေရသည်။ စာပေ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများတွင်လည်း ပရိသတ် စည်ကားလျက်ရှိသည်။ အလေးအနက် နားထောင် မှတ်သားကြသည်။ စိတ်ဝင်တစား ဆွေးနွေးကြသည်။ ထိုအချက်များသည် မြန်မာစာပေလောက၏ တိုးတက်မှုကို အထင်အရှားဖော်ပြနေသော သက်သေများဖြစ်သည် ဟူသော စာပိုဒ်တွင် မြန်မာစာပေလောက၏ တိုးတက်မှုကို ဖော်ပြနေသော သက်သေများသည် စာပိုဒ်၏ အဓိကဆိုလိုချက်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ဝါကျအားလုံးက ထိုအချက်ကို ဦးတည်ဖော်ပြလျက် ရှိကြောင်းလည်း တွေ့နိုင်ပါသည်။ ဤမျှဆိုလျှင် စာပိုဒ်၏သဘော ထင်ရှားလောက်ပါပြီ။စာပိုဒ်တစ်ပိုဒ်တွင် ဝါကျအရေအတွက် ဘယ်လောက်ပါရမည် ဟူ၍ ပုံသေသက်မှတ်ချက် မရှိကြောင်းကိုလည်း ဂရုပြုရန် ဖြစ်ပါသည်။ ဆိုလိုချက်တစ်ချက် ပြီးဆုံးပြီဆိုလျှင် ဝါကျနှစ်ခု၊ သုံးခုနှင့်လည်း စာတစ်ပိုဒ် ဖြစ်နိုင်ပါသည်။ ဆိုလိုချက် ပြီးဆုံးအောင် ဝါကျဆယ်ခုဖြင့် ဖော်ပြရန်လိုလျှင်လည်း ဝါကျဆယ်ခုဖြင့် ဖော်ပြရပါလိမ့်မည်။ စာပိုဒ်၏ အတွင်းသားဖြစ်သော ဆိုလိုချက်က အဓိကကျပါသည်။ကျောင်းသားများသည် မိမိတို့ ဖတ်ရှုနေသော ပြဋ္ဌာန်းစာများမှလည်းကောင်း၊ ပြင်ပစာပေများမှလည်းကောင်း စာပိုဒ်များကို ဂရုပြုလေ့လာခြင်းဖြင့် စာပိုဒ်၏ သဘောကို နားလည်နိုင်လိမ့်မည်ဟု ယူဆပါသည်။
ဆက်လက်တင်ပြမည့် ခေါင်းစဉ်များ- စာပိုဒ်ထဲက ဦးဆောင်ဝါကျ– စာပိုဒ်၏ ကိုယ်ထည်ပိုင်းနှင့် နိဂုံးဝါကျ- ဆိုလိုချက်တစ်ချက် စာပိုဒ်တစ်ပိုဒ်