Show contents

အခန်း (၁၇)

ပြတင်းပေါက်နံဘေးတွင် ရပ်နေသော ယုကာဝါသည် အပြင်ဘက်သို့ မျက်တောင်မခတ်ဘဲ ငေးကြည့်နေသည်။ အထီးကျန်ခြင်းနှင့် ဆို့နင့်ကြေကွဲခြင်းဟူသော ခံစားမှုတို့သည် သူ၏ ကျောပြင်မှ တရှိန်းရှိန်း ဖြာထွက်နေသော အခိုးအငွေ့များသဖွယ် သူ့တစ်ကိုယ်လုံးကို လွှမ်းမိုးနေကြသည်။ မကြာခင်ကမှ ဆုံစည်းခဲ့ရသော ငယ်သူငယ်ချင်း၏ ဒုစရိုက်မှုအကြောင်းကို ကြားသိရ၍ တုန်လှုပ်ချောက်ချားနေခြင်း ဖြစ်ရမည်ဟု အဓိပ္ပာယ် ဖွင့်ချင် ဖွင့်နိုင်ပေသည်။ သို့သော် ကုစာနာဂိ၏ အမြင်အရ ထို့ထက် ပိုလိမ့်မည်ဟု သံသယ ဝင်နေမိသည်။

“ဒီတော့” ယုကာဝါက အသံတိုးတိုးဖြင့် ပြောသည်။ “မင်းက အဲဒါကို ယုံလိုက်တယ်ပေါ့။ အိရှိဂါမိရဲ့ ထွက်ဆိုချက်ကို ပြောတာ”

“ရဲတစ်ယောက်အနေနဲ့ သံသယ ဝင်စရာ ဘာအကြောင်းမှ မရှိဘူးလေ” ကုစာနာဂိက ပြောသည်။ “ငါတို့ နည်းပေါင်းစုံသုံးပြီး သူ့စကားတွေကို တိုက်ဆိုင်စစ်ဆေးကြည့်ပြီးသွားပြီ။ အိရှိဂါမိရဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ အများသုံး ဖုန်းရုံကို ငါ ဒီနေ့ ရောက်ခဲ့ပြီးပြီ။ အဲဒီကနေ သူ ညတိုင်း ယာစုကိုဆီ ဖုန်းဆက်တယ် ပြောတာပဲ။ ဖုန်းရုံရဲ့ ဘေးနားလေးမှာ ကုန်စုံဆိုင်တစ်ဆိုင် ရှိတယ်။ ဆိုင်ပိုင်ရှင်က အိရှိဂါမိကို မြင်ဖူးတယ်တဲ့။ အခုခေတ်မှာ အများသုံး ဖုန်းရုံကို သုံးတဲ့လူက မရှိသလောက် ရှားနေပြီဆိုတော့ ဆိုင်ရှင်က သူ့ကို ကောင်းကောင်း မှတ်မိနေတယ်”

ယုကာဝါသည် တစ်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာပြီး ကုစာနာဂိနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။

“ငါက ရဲတစ်ယောက်အနေနဲ့ ဘယ်လို မြင်သလဲလို့ မေးနေတာ မဟုတ်ဘူး။ ငါက မင်းကို မေးနေတာ။ မင်း ယုံသလား။ စစ်ဆေးတာ၊ မစစ်ဆေးတာတွေ ငါ စိတ်မဝင်စားဘူး”

ကုစာနာဂိက ခေါင်းဆတ်ပြီး သက်ပြင်းချလိုက်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ငါလည်း ထူးဆန်းနေတယ်။ သူပြောခဲ့တဲ့ စကားတွေက ကျိုးကြောင်းဆီလျော်နေသလို ငါတို့ အရင်က သိထားတာတွေနဲ့လည်း ဝိရောဓိ မဖြစ်ဘူး။ ဒါပေမယ့်လည်း ငါ ယုံလို့ မရဘူး ဖြစ်နေတယ်။ အိရှိဂါမိက အဲဒီလို အလုပ်မျိုး လုပ်လိမ့်မယ်လို့ ငါ မယုံဘူး။ အဲဒါက ငါ့ရဲ့ ခံစားချက်ပဲ။ ခက်တာ ငါ့အထက်လူကြီးက အဲဒီလို စကားမျိုး မကြားချင်ဘူး”

“မင်းတို့ အထက်လူကြီးတွေက လူသတ်မှုအတွက် လက်ညှိုးထိုးစရာ လူတစ်ယောက် ရလာတော့ အပျော်ကြီး ပျော်နေမှာပေါ့။ ဒုက္ခခံပြီး ဘာဖြစ်လို့ ထပ် စဉ်းစားချင်ပါဦးတော့မလဲ”

“သံသယဖြစ်စရာ အချက်ကလေးတစ်ချက်သာ ထင်ထင်ရှားရှား ရှိလာရင်ကိုပဲ အခြေအနေက အများကြီး ပြောင်းလဲသွားနိုင်တယ်။ ဒါပေမယ့် ခက်တာက ဘာတစ်ခုမှ ရှာမတွေ့ဘူး။ သိပ်ကို ပြီးပြည့်စုံလွန်းနေတယ်။ စက်ဘီးပေါ်က လက်ဗွေရာကို ဘာဖြစ်လို့ မဖျက်ပစ်တာလဲလို့ သူ့ကို မေးတော့ တိုဂါရှိ စက်ဘီးစီးလာမှန်းကို သူ မသိပါဘူးတဲ့။ ဘာမှ သံသယ ဖြစ်စရာ မရှိတော့ အိရှိဂါမိရဲ့ ထွက်ဆိုချက်ဟာ အမှန်တွေပါလို့ ထောက်ခံပေးသလို ဖြစ်နေတော့တာပေါ့။ ဒီအခြေအနေမျိုး ရောက်မှတော့ စုံစမ်းစစ်ဆေးမှုကို အစကနေ ပြန်စဖို့လည်း လုံးဝ မဖြစ်နိုင်တော့ဘူး”

“အတိုချုပ် ပြောရရင် မင်းက မယုံပေမယ့် အများလက်ခံထားတဲ့ ဆုံးဖြတ်ချက်အတိုင်း အိရှိဂါမိဟာ လူသတ်သမား ဖြစ်တယ် ဆိုတဲ့ အတည်ပြုချက်ကို မဖြစ်မနေ လိုက်နာလိုက်ရတယ် ဆိုပါတော့”

“ငါ့ကို မခနဲ့ပါနဲ့ကွာ။ ခံစားချက်ထက် အချက်အလက်ကို ဦးစားပေးရမယ် ဆိုတာ မင်းရဲ့ မူဝါဒပဲ မဟုတ်ဘူးလား။ လောဂျစ်အရ ကြောင်းကျိုးကိုက်ညီနေမှတော့ စိတ်ထဲက လက်မခံချင်လည်း လက်ခံရတော့မှာပဲ။ အဲဒါက သိပ္ပံပညာရှင်တွေရဲ့ အခြေခံမူဝါဒပဲလို့ မင်းပဲ ပြောခဲ့ဖူးတာလေ”

ယုကာဝါက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြီး ကုစာနာဂိနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

“အိရှိဂါမိနဲ့ နောက်ဆုံးတစ်ကြိမ် တွေ့ကြတုန်းက သူ ငါ့ကို မေးခွန်းတစ်ခု မေးခဲ့တယ်။ အင်မတန် နာမည်ကြီးတဲ့ P = NP ပုစ္ဆာပေါ့။ ကိုယ်တိုင် အဖြေထုတ်တာနဲ့ သူများထုတ်ထားတဲ့ အဖြေကို မှန်မမှန် စစ်ဆေးတာ၊ ဘယ်ဟာက ပိုလွယ်သလဲတဲ့”

ကုစာနာဂိက မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒါက သင်္ချာလား။ ကြားရတာ ဒဿနဆန်နေသလိုပဲ”

“မင်း သဘောပေါက်လား။ အိရှိဂါမိက မင်းတို့ကို အဖြေတစ်ခု ထုတ်ပေးခဲ့တယ်။ အဲဒါက သူ့ရဲ့ ဖြောင့်ချက်၊ ထွက်ဆိုချက်ပဲ။ ဘယ်လိုကြည့်ကြည့် အပြစ်အနာအဆာ မရှိဘူးလို့ ထင်ရတဲ့ အဲဒီအဖြေကို သူ့ရဲ့ မဟာဦးနှောက်ကြီးနဲ့ ဖန်တီးတည်ဆောက်ထားခဲ့တာ။ တကယ်လို့သာ မင်းတို့က အဲဒါကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မယ် ဆိုရင် မင်းတို့ ရှုံးသွားပြီလို့ မှတ်လိုက်ကြပေတော့။ သူက မင်းတို့အကုန်လုံးကို သတ္တိရှိရှိနဲ့ စိန်ခေါ်ခဲ့တယ်။ မင်းတို့ ဆက်လုပ်ရမှာက သူ့ရဲ့ စိန်ခေါ်မှုကို အားသွန်ခွန်စိုက် ရင်ဆိုင်ကြဖို့ပဲ။ သူ ထုတ်ပြလာတဲ့ အဖြေဟာ မှားသလား၊ မှန်သလား ဆိုတာ ခွဲခြမ်းစိစစ် ပြနိုင်ရမယ်”

“လိုအပ်တာအားလုံး ငါတို့ တိုက်ဆိုင်စစ်ဆေး ပြီးကြပြီပဲ”

“မင်းတို့ လုပ်ခဲ့သမျှက သူ့ရဲ့ သက်သေပြချက်အတိုင်း ခြေရာခံသွားတာပဲ ရှိတာ။ တကယ်တမ်း မင်းတို့ လုပ်သင့်တာက တခြားအဖြေ တစ်ခုခုများ ရှိနိုင်သေးသလားလို့ စုံစမ်းရှာဖွေခြင်းပဲ။ သူ တင်ပြထားတဲ့ အဖြေအပြင် တခြား ဘာမှ ဖြစ်နိုင်စရာ မရှိတော့ဘူးလို့ သက်သေပြနိုင်တဲ့ အဆင့်ရောက်မှ ဒီအဖြေဟာ တစ်ခုတည်းသော အဖြေပါလားလို့ အပိုင် ပြောနိုင်တော့မှာ”

ယုကာဝါ၏ မာကျော ခက်ထန်နေသော လေသံထဲတွင် သူ၏ စိတ်ကသိကအောက် ဖြစ်နေမှုကို ခံစားသိရှိနိုင်သည်။ အမြဲတမ်း တည်ငြိမ်အေးဆေးစွာ ဆက်ဆံပြောဆိုတတ်သော လောကဓာတ်ဆရာကြီးထံမှ ထိုသို့သော တင်းမာမှုမျိုးကို တွေ့မြင်ရခဲသည်။

“အိရှိဂါမိက ညာနေတယ်လို့ မင်း ထင်နေတာလား။ သူက လူသတ်တရားခံ မဟုတ်ဘူးပေါ့”

ယုကာဝါသည် မျက်မှောင်ကို ကုတ်ကာ ခေါင်းငုံ့သွားသည်။

“မင်းက ဘာကြောင့် အဲဒီလို ပြောနိုင်ရတာလဲ” ကုစာနာဂိက ဆက်မေးသည်။ “တကယ်လို့ မင်းမှာ ကိုယ်ပိုင် သီအိုရီရှိတယ် ဆိုရင်လည်း ငါ အဲဒါကို ကြားချင်တယ်။ ဒါမှမဟုတ် မင်းက မင်းရဲ့ ငယ်သူငယ်ချင်းကို လူသတ်သမားတစ်ယောက်အဖြစ် လက်မခံနိုင်ရုံ သက်သက်ပဲလား”

ယုကာဝါသည် မတ်တတ်ရပ်ပြီး ကုစာနာဂိကို ကျောပေးလိုက်သည်။

“ယုကာဝါ …”

“ငါ မယုံချင်တာတော့ အမှန်ပဲ” ယုကာဝါက ပြောသည်။ “ငါ အရင်က ပြောခဲ့ဖူးသလိုပေါ့။ သူ ပထမဆုံး ဦးစားပေးတာက လောဂျစ်၊ အဲဒီနောက်ကမှ စိတ်ခံစားမှုလိုက်တယ်။ ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုခုကို အကောင်းဆုံး နည်းလမ်းပဲလို့ သူက ယုံကြည်လိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီနည်းလမ်းကို အကောင်အထည် ဖော်နိုင်ဖို့အတွက် သူ ဘာမဆို လုပ်ရဲတယ်။ လုပ်ရဲတယ် ဆိုပေမယ့်လည်း လူသတ်ရဲလောက်တဲ့အထိ လုပ်လိမ့်မယ်လို့ ငါတော့ မထင်ဘူး။ … ပြီးတော့ အဲဒီလူက ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်တဲ့ လူတစ်ယောက်”

“အဲဒါနဲ့ပဲ မင်းက သူ့ရဲ့ ထွက်ဆိုချက်ကို လက်မခံနိုင်အောင် ဖြစ်နေရတာလား”

ယုကာဝါသည် ရုတ်ချည်း လှည့်လာပြီး ကုစာနာဂိကို စိုက်ကြည့်လိုက်သည်။

“လောကမှာ ရှိတဲ့ ကိစ္စတချို့ကို ငါတို့က ဘယ်လောက်ပဲ မယုံကြည်ချင်ပါဘူး ပြောပြော၊ အမှန်တရားအဖြစ် လက်ခံပေးရတဲ့ အရာတွေ ရှိနေသေးတာပဲ။ အဲဒါကို ငါ နားလည်ပါတယ်”

“ဒါဆို အိရှိဂါမိကို အပြစ်ကင်းပါတယ်လို့ ထင်နေတုန်းပဲလား”

ယုကာဝါ၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး ခေါင်းကို ခါယမ်းနေသည်။ “ငါ အဲဒီလို ပြောမှာ မဟုတ်ဘူး”

“မင်း ဘာပြောချင်တယ်ဆိုတာ ငါသိတယ်။ တိုဂါရှိကို တကယ်တမ်း သတ်တဲ့သူက ဟာနာအိုကာ ယာစုကို။ အိရှိဂါမိက သူ့ကို ကာကွယ်ဖို့ ကြိုးစားနေတယ်လို့ မင်း ယူဆနေတာ မဟုတ်လား။ ဒါပေမယ့် စုံစမ်းမှုတွေ အသေးစိတ်လာလေလေ အဲဒီ ဖြစ်နိုင်ခြေက နည်းလာလေလေပဲ။ အိရှိဂါမိရဲ့ ချောင်းမြောင်း နောက်ယောင်ခံတတ်တဲ့ အပြုအမူနဲ့ သက်ဆိုင်တဲ့ ဝတ္ထုသက်သေတွေ ငါတို့ အများကြီး ရထားပြီးပြီ။ ကိုယ့်ချစ်သူကို ကာကွယ်ပေးချင်တာနဲ့ပဲ ဒီလောက်အဆင့်ထိ ဟန်ဆောင်နေဖို့ရာ မဖြစ်နိုင်သလောက်ပဲ။ နောက်ပြီးတော့ လောကမှာ ဘယ်လိုလူမျိုးက လူသတ်မှုတစ်ခုကို စိတ်လိုလက်ရ ခေါင်းခံပေးချင်မှာတဲ့လဲ။ ယာစုကို ဆိုတာက အိရှိဂါမိအတွက် ဇနီးမယားလည်း မဟုတ်ဘူး။ မိသားစုဝင်လည်း မဟုတ်ဘူး။ ကုန်ကုန်ပြောရရင် သမီးရည်းစားလို့တောင် ပြောလို့ မရဘူး။ အိရှိဂါမိက လူသတ်မှုကို ဖုံးကွယ်ပေးဖို့၊ ယာစုကိုကို ကာကွယ်ပေးဖို့ ဆန္ဒရှိခဲ့တယ်ပဲ ဆိုကြပါစို့။ ဒါပေမယ့် ဘယ်လိုမှ ဖုံးလို့ ဖိလို့ မရတော့ဘူး ဆိုတဲ့ အခြေအနေမျိုး ရောက်သွားရင် အလိုလို လက်လျှော့သွားမှာပဲ။ အဲဒါက လူ့သဘာဝပဲ မဟုတ်လား”

ယုကာဝါသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက် နားလည်သွားသည့်အလား မျက်လုံးများ ပြူးကျယ်လာသည်။ “ဟုတ်တယ်” သူက ရေရွတ်နေသည်။ “ဘယ်လိုမှ ဖုံးလို့ ဖိလို့ မရတော့ဘူး ဆိုတဲ့ အခြေအနေမျိုး ရောက်သွားရင် အလိုလို လက်လျှော့သွားမှာ။ အဲဒါက သာမန်လူတွေရဲ့ တုံ့ပြန်မှုပဲ။ အဆုံးထိ တောင့်ခံပြီး ဆက်လက်ကာကွယ်သွားနိုင်ဖို့က အခက်ခဲဆုံး ပုစ္ဆာတစ်ပုဒ်ပဲ” ယုကာဝါသည် အဝေးသို့ ငေးမောနေရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “အိရှိဂါမိအတွက်လည်း အဲဒီအတိုင်းပဲ။ သူ အဲဒီအချက်ကို ကောင်းကောင်း သိနေတယ်။ အဲဒါကြောင့် …”

“အဲဒါကြောင့် ဘာဖြစ်လဲ”

“ဟင့်အင်း” ယုကာဝါက ခေါင်းခါသည်။ “ဘာမှမဟုတ်ဘူး”

“အိရှိဂါမိဟာ လူသတ်တရားခံပါလို့ မှုခင်းရဲတစ်ယောက်အနေနဲ့ ငါ ဝန်မခံလို့ မဖြစ်ဘူး။ နောက်ထပ် အထောက်အထားအသစ်သာ ပေါ်မလာတော့ဘူးဆိုရင် ဒီလမ်းကြောင်းအတိုင်း ဆက်သွားနေတော့မှာပဲ”

ယုကာဝါသည် ဘာမျှ ပြန်မပြောဘဲ မျက်နှာကို လက်ဖြင့် ပွတ်သပ်နေသည်။ ထို့နောက် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ “သူ … ထောင်ထဲမှာ တစ်သက်လုံး နေသွားဖို့ ရွေးချယ်ထားတာလား”

“လူသတ်ထားမှတော့ ဒီလိုပဲ ဖြစ်ရတော့မှာပေါ့”

“ဟုတ်တာပေါ့” ယုကာဝါသည် ခေါင်းငိုက်စိုက်ချလျက် မလှုပ်မယှက် ရပ်နေသည်။ ထို့နောက် ရပ်နေမြဲအတိုင်း တစ်ချက်ကလေးမျှ လှုပ်ရှားခြင်း မပြုဘဲ စကားဆိုလိုက်သည်။ “ဆောရီးပဲကွာ။ ငါ ပင်ပန်းနေပြီ။ မင်း ပြန်ချင် ပြန်လိုက်တော့”

ယုကာဝါ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ရသည်မှာ ဟန်ပုံမရ။ ကုစာနာဂိတွင် သံသယများ ရှိနေသေးသော်လည်း နှုတ်ဆိတ်လျက် ထိုင်ခုံမှ ထလာခဲ့သည်။ သူ့သူငယ်ချင်းမှာ ပင်ပန်းချိနဲ့၍ ချုံးချုံးကျနေပြီ။

ကုစာနာဂိသည် ဓာတ်ခွဲခန်း အမှတ် (၁၃) မှ ထွက်လာပြီး ညှို့မှောင်နေသော စင်္ကြံလမ်းကို ဖြတ်လျှောက်သွားစဉ် အပေါ်ထပ်သို့ တက်လာသော လူငယ်တစ်ယောက်နှင့် ထိပ်တိုက် တိုးမိသည်။ ခန္ဓာကိုယ် ပိန်ပါး၍ ရင့်ကျက်သော မျက်နှာထားရှိသည့် ထိုလူငယ်ကို ကုစာနာဂိက မှတ်မိနေသည်။ ယုကာဝါ၏ တပည့်တစ်ယောက်ဖြစ်သည့် ထိုဘွဲ့ရကျောင်းသား၏ အမည်မှာ တိုကီဝါ ဖြစ်သည်။ ဓာတ်ခွဲခန်းထဲသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က ယုကာဝါ ရှီနိုဇာကိဘူတာသို့ သွားကြောင်းကို ကုစာနာဂိအား ပြောပြခဲ့သူမှာ ထိုကျောင်းသားပင် ဖြစ်သည်။

တိုကီဝါသည် သူ့ကို အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းဆတ်ပြပြီးမှ ရှေ့သို့ ဆက်လျှောက်သွားသည်။

“ခဏလေး” ကုစာနာဂိက သူ့ကို လှမ်းခေါ်လိုက်သည်။ ဇဝေဇဝါ ဖြစ်နေသော မျက်နှာပေးနှင့် တိုကီဝါ လှည့်လာသောအခါ ကုစာနာဂိသည် သူ့ကို ပြုံးပြလိုက်သည်။ “ခင်ဗျားကို မေးစရာလေး ရှိလို့။ အချိန်ရတယ်မလား”

တိုကီဝါက နာရီကြည့်ပြီး မိနစ်အနည်းငယ်ရကြောင်း ပြောလိုက်သည်။

သူတို့သည် ရူပဗေဒ ဌာနအဆောက်အအုံထဲမှ ထွက်လာကြပြီး ကန်တင်းသို့ ဦးတည်လျှောက်သွားကြသည်။ ရောင်းသူမဲ့စက်မှ ကော်ဖီနှစ်ခွက် ဝယ်ပြီးနောက် အနီးရှိ စားပွဲတစ်လုံးတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

“ဒါက ခင်ဗျားတို့ ဓာတ်ခွဲခန်းထဲမှာ သောက်ရတဲ့ ကော်ဖီမစ်ထက်တော့ ပိုပြီး သောက်လို့ကောင်းတယ်” ကုစာနာဂိသည် သူ၏ စက္ကူခွက်ထဲမှ ကော်ဖီကို တစ်ငုံသောက်လိုက်သည်။ တိုကီဝါကို စိတ်လက်ပေါ့ပါးသွားစေရန် စကားကြောင်းလိုက်ခြင်း ဖြစ်သည်။

တိုကီဝါ၏ နှုတ်ခမ်းက ပြုံးယောင်သမ်းနေသော်လည်း သူ၏ အမူအရာမှာ တင်းတောင့်နေဆဲ။

ပဋိသန္တာရစကားဖြင့် နိဒါန်းပျိုးရန် နဂိုက စိတ်ကူးထားမိသော်လည်း ယခုလို အနေအထားမျိုးတွင် သူ၏ ကြိုးပမ်းမှုမှာ အလဟဿသာ ဖြစ်သွားနိုင်သည်ဟု ကုစာနာဂိက ရိပ်စားမိသည်။ သို့ဖြင့် ဆိုင်းမဆင့် ဗုံမဆင့်တော့ဘဲ မေးချင်သည့် မေးခွန်းကို တိုက်ရိုက် မေးချလိုက်သည်။ “ကျွန်တော် မေးချင်တာက ခင်ဗျားတို့ရဲ့ လက်ထောက်ပါမောက္ခ ဆရာယုကာဝါအကြောင်းပဲ။ အခုတလော သူ့ကို ကြည့်ရတာ ဘာများ မူမမှန်တာ တွေ့သလဲ”

တိုကီဝါ၏ မျက်နှာသည် ထိုမေးခွန်းကြောင့် ပို၍ ရှုံ့မဲ့သွားသည်။ ‘ငါ မေးခွန်းမေးပုံများ လွဲသွားတာလား’ ဟု ကုစာနာဂိက တွေးနေမိသည်။

“သူ့အလုပ်နဲ့ မဆိုင်တဲ့ကိစ္စအတွက် စုံစမ်းနေတာမျိုး၊ ဒါမှမဟုတ် တစ်နေရာရာ ထွက်သွားတာမျိုး ရှိလား”

တိုကီဝါက အံကို ကြိတ်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ မေးခွန်းကို အကြိတ်အနယ် စဉ်းစားနေသည့်ပုံတော့ ပေါ်လွင်နေသည်။ ကုစာနာဂိက သူ့ကို ပြုံးပြလိုက်သည်။

“သူက အမှုတစ်ခုခုနဲ့ ပတ်သက် စပ်ဆိုင်နေလို့ မဟုတ်ပါဘူး။ ရှင်းပြရမှာတော့ နည်းနည်း ခက်တယ်။ ကျွန်တော့်အထင်တော့ ယုကာဝါက ကျွန်တော့်ကို မသိစေချင်လို့ တစ်စုံတစ်ခု ဖုံးကွယ်ထားသလိုပဲ။ ကျွန်တော် သူ့ကို တိုက်ရိုက် မေးကြည့်ချင်တာပဲ။ ဒါပေမယ့် ခင်ဗျားသိတဲ့အတိုင်းပဲ။ ခင်ဗျားဆရာက ခေါင်းသိပ်မာတာ”

တစ်ဘက်သားကို ထိုမျှ ရှင်းပြရုံဖြင့် မည်မျှ အရာရောက်မည်ကို ကုစာနာဂိကိုယ်တိုင်က မရေမရာ ဖြစ်နေသော်လည်း တိုကီဝါ၏ မျက်နှာမှ ဖော်ရွေသော အမူအရာများကို စတင်၍ မြင်လာရသည်။ ‘ခေါင်းသိပ်မာတာ’ ဟူသော စကားကို သူလည်း သဘောတူကြောင်း ဖော်ပြနေသည့်နှယ်။

“ဆရာ ဘာကို စုံစမ်းနေသလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် ရှေ့ရက်တွေတုန်းက သူ စာကြည့်တိုက်ကို ဖုန်းဆက်နေတာတော့ ကျွန်တော် တွေ့တယ်” တိုကီဝါက ပြောသည်။

“စာကြည့်တိုက် … ဒီတက္ကသိုလ်ထဲက စာကြည့်တိုက်ကို ပြောတာလား”

တိုကီဝါက ခေါင်းညိတ်ပြသည်။ “စာကြည့်တိုက်ထဲမှာ သတင်းစာရှိသလားလို့ မေးနေသလိုပဲ”

“သတင်းစာ … စာကြည့်တိုက်ဆိုမှတော့ သတင်းစာ ရှိတာပေါ့”

“ဟုတ်ကဲ့။ ဒါပေမယ့် ဆရာသိချင်တာက သတင်းစာအဟောင်းတွေကို ဘယ်လောက်ကြာကြာ သိမ်းထားတတ်သလဲလို့ သိချင်တာ”

“သတင်းစာအဟောင်း …”

“သတင်းစာက တအားကြီး အဟောင်းတော့ မဟုတ်ဘူး။ ကျွန်တော် မှတ်မိသလောက် ပြောရရင် ဆရာက ဒီတစ်လအတွင်း ထွက်သမျှ သတင်းစာအကုန်လုံးကို ရနိုင်မလားလို့ မေးနေတာ”

“ဒီလ … အဲတော့ စာကြည့်တိုက်က ဘယ်လို ပြန်ဖြေသလဲ”

“ရှိတယ်လို့ ဖြေတာ နေမှာပေါ့။ ဆရာ စာကြည့်တိုက်ကို ချက်ချင်း ထွက်သွားတယ်”

ကုစာနာဂိက ခေါင်းညိတ်ပြီး တိုကီဝါကို ကျေးဇူးတင်ကြောင်း ပြောသည်။ ထို့နောက် ကော်ဖီခွက်ကို လက်ထဲတွင် ကိုင်လျက် မတ်တတ်ရပ်လိုက်သည်။ စက္ကူခွက်ထဲတွင် ကော်ဖီတစ်ဝက်မျှ ကျန်နေသေးသည်။

****

 

အမ်ပီရီယယ်တက္ကသိုလ်၏ စာကြည့်တိုက်သည် သုံးထပ်တိုက် အဆောက်အအုံတစ်လုံး ဖြစ်သည်။ ကုစာနာဂိသည် ကျောင်းတက်စဉ်အချိန်က ဤစာကြည့်တိုက်သို့ လွန်ရောကျွံရောမှ သုံးကြိမ်သာ ရောက်ခဲ့ဖူးသည်။ စာကြည့်တိုက်အား ပြန်လည်ပြင်ဆင်ထားခြင်း ရှိမရှိ ဆိုသည်ကိုလည်း သူ ကောင်းစွာ မသိပေ။ သူ့အမြင်အရ စာကြည့်တိုက်မှာ များစွာ သစ်လွင်နေဆဲ။

တံခါးမကြီးမှ ဝင်ဝင်ချင်း နေရာတွင် ဧည့်ကြိုကောင်တာကို တွေ့ရသည်။ ထိုနေရာတွင် အမျိုးသမီးဝန်ထမ်းတစ်ယောက် ထိုင်နေသည်။ ယုကာဝါအတွက် သတင်းစာ ရှာပေးခဲ့သည့် အကြောင်းကို သူမအား ကုစာနာဂိက မေးကြည့်သောအခါ သူမက သူ့ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ကုစာနာဂိက ရဲကတ်ပြားကို ထုတ်ပြရတော့သည်။

“ဆရာယုကာဝါနဲ့ တိုက်ရိုက် ပတ်သက်နေတာတော့ မဟုတ်ပါဘူး။ သူ အဲဒီအချိန်က ဘယ်သတင်းစာ ဖတ်ခဲ့သလဲ ဆိုတာကိုပဲ ကျွန်တော် သိချင်တာပါ” ထိုသို့သော စကားမှာ သဘာဝမကျမှန်း သူ သိနေသော်လည်း သူ့တွင် ပြောရန် တခြားစကားလည်း ရှာမတွေ့ဘဲ ဖြစ်နေသည်။

“ကျွန်မ မှတ်မိသလောက် သူက မတ်လထုတ် သတင်းစာကို ကြည့်ချင်တာ” အမျိုးသမီးက စကားလုံးများကို ဂရုတစိုက် ပြောနေသည်။

“ဘယ်လို သတင်းမျိုးကို ရှာသလဲ ဆိုတာ ညီမ သိလား”

“အဲဒါတော့ ကျွန်မ မသိဘူး” ထို့နောက် သူမသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် စကားစလာပြန်သည်။ “ကျွန်မ မှတ်မိတာတော့ အဲဒီတုန်းက သူ ဒေသတွင်းသတင်း ဖြစ်ရင် ပြီးတာပဲလို့ ပြောတာပဲ”

“ဒေသတွင်းသတင်း … သတင်းစာတွေက ဘယ်မှာလဲဗျ”

“ဒီဘက်ကြွပါ” သူမသည် သူ့ကို သတင်းစာသိမ်းသည့် စင်များရှိရာသို့ ခေါ်ဆောင်သွားသည်။ စင်တိုင်းစင်တိုင်းတွင် ဆယ်ရက်စာ သတင်းစာများကို တစ်စုစီ စုစည်းပေးထားသည်။

“ကျွန်မတို့ဆီမှာက သတင်းစာကို တစ်လစာပဲ သိမ်းထားလေ့ရှိတယ်။ သူ့ထက် ဟောင်းတဲ့ သတင်းစာတွေဆိုရင် ရှင်းထုတ်ပစ်လိုက်တာပဲ။ ဟိုးအရင်ကတော့ သိမ်းထားတာပေါ့။ အခုတော့ မလိုတော့ဘူးလေ။ အင်တာနက်ပေါ်မှာ သတင်းစာအဟောင်းတွေကို ရှာလို့ ရနေပြီပဲ ဥစ္စာ”

“ယုကာဝါက အဲ … ဆရာယုကာဝါက မတ်လတစ်လတည်းရဲ့ သတင်းစာတွေကို တောင်းတာလား”

“ဟုတ်တယ်။ မတ်လ ၁၀ ရက်နေ့ နောက်ပိုင်းက သတင်းစာဆိုရင် ရပြီတဲ့”

“မတ်လ ၁၀ ရက်နေ့ …”

“ဟုတ်တယ်။ သူက အဲဒီလို ပြောတာ”

“ကျွန်တော် အဲဒီသတင်းစာတွေကို ကြည့်ကြည့်လို့ ရမလား”

“ရပါတယ်။ ကြည့်ပြီးရင်သာ ကျွန်မကို လှမ်းခေါ်လိုက်ပါ”

အမျိုးသမီး ထွက်ခွာသွားသည်နှင့် ကုစာနာဂိသည် စင်ပေါ်မှ သတင်းစာဖိုင်တွဲကို ဆွဲထုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။ မတ်လ ၁၀ ရက်နေ့၏ ဒေသတွင်းသတင်းမှ စဖတ်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။

မတ်လ ၁၀ ရက်နေ့မှာ တိုဂါရှိ ရှင်ဂျိ အသတ်ခံခဲ့ရသော နေ့ဖြစ်သည်။ ယုကာဝါသည် ထိုအမှုကို စုံစမ်းလိုသောကြောင့်သာ စာကြည့်တိုက်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် သတင်းစာထဲတွင် မည်သည့်အချက်ကို တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သနည်း။

ကုစာနာဂိသည် ထိုအမှုနှင့် သက်ဆိုင်သည့် သတင်းများကို ရှာဖွေဖတ်ရှုကြည့်သည်။ အမှုအကြောင်း အစောဆုံး ပုံနှိပ်သော သတင်းစာမှာ မတ်လ ၁၁ ရက်နေ့၏ ညနေခင်းသတင်းစာ ဖြစ်သည်။ သေသူ၏ နောက်ကြောင်းကို ဖော်ထုတ်နိုင်ပြီးနောက် ၁၃ ရက်နေ့ နံနက်သတင်းစာတွင် နောက်သတင်းတစ်ပုဒ်ကို တွေ့ရပြန်သည်။ ထိုရက်နောက်ပိုင်းတွင် အမှုနှင့်ပတ်သက်သည့် မည်သည့် သတင်းကိုမျှ မတွေ့ရတော့ပေ။ သို့သော် အိရှိဂါမိ အဖမ်းခံပြီးသည့်နောက်တွင် နောက်တစ်ကြိမ် ရေးသားဖော်ပြကြပြန်သည်။

ယုကာဝါသည် ဤသတင်းများထဲမှ မည်သည့်အချက်ကို စိတ်ဝင်စားနေသနည်း။

ကုစာနာဂိသည် အရေအတွက် မများလှသော ထိုသတင်းဆောင်းပါးများကို စေ့ငုသေချာစွာ အကြိမ်ကြိမ် ဖတ်ကြည့်သည်။ အရေးပါသော အချက်အလက်များကို များစွာ မတွေ့ရ။ ယုကာဝါသည် ကုစာနာဂိထံမှ ထို့ထက်ပင် ပို၍ သိရှိခဲ့ရသည်။ သူသည် အဘယ်ကြောင့် ဤသတင်းများကို ဒုက္ခခံ၍ ထပ်ဖတ်နေရသနည်း။

ကုစာနာဂိသည် လက်ပိုက်လျက် အရှေ့တွင် ရှိသော သတင်းစာအပုံကြီးကို ငေးကြည့်နေမိသည်။

ယုကာဝါကဲ့သို့သော လူတော်တစ်ယောက်သည် မှုခင်းသတင်း ရယူနိုင်ရန်အတွက် သတင်းစာ၏ အကူအညီကို လိုအပ်လိမ့်မည်ဟု သူ မယူဆပေ။ နေ့စဉ်နှင့်အမျှ လူသတ်မှု ဖြစ်ပွားနေသော ယနေ့ခေတ်အခါတွင် ထူးခြားသော တွေ့ရှိချက်မှ မဟုတ်လျှင် မည်သည့်သတင်းစာကမျှ အမှုတစ်ခုကို အဖက်လုပ်၍ ဖော်ပြချင်ကြမည် မဟုတ်ချေ။ တိုဂါရှိအမှုသည် လူအများအတွက် မည်သို့မျှ အရေးပါသည့် အမှုတစ်ခု မဟုတ်ခဲ့။ ထိုအချက်ကို ယုကာဝါက နားမလည်ဘဲ နေမည် မဟုတ်။

သို့သော် သူသည် အရေးမပါသည့် အလုပ်ကို အချိန်ပေး၍ မည်သည့်အခါကမျှ လုပ်လေ့ရှိသူ မဟုတ်ပေ။

ယုကာဝါအား သူ့အမြင်ကို ဖွင့်ပြောခဲ့ရသော်လည်း အိရှိဂါမိသည် တရားခံအစစ် ဟုတ်နိုင်ပါ၏လောဟူသည့် သံသယသည် ကုစာနာဂိ၏ ရင်ထဲတွင် အမြစ်တွယ်နေဆဲ ရှိနေသေးသည်။ ရေလိုက်လွဲနေပြီလော ဟူသည့် စိုးရိမ်စိတ်ကိုလည်း သူ့စိတ်ထဲမှ ဖယ်ရှားပစ်ရန် မစွမ်းနိုင်သေးချေ။ ယုကာဝါသည် မိမိတို့ မည်သည့်နေရာတွင် လွဲမှားနေသည် ဆိုသည့်အချက်ကို ကောင်းစွာ သိနေသည်ဟု သူ ယုံကြည်နေမိသည်။ ယခင်ကလည်း ထိုလောကဓာတ်ဆရာကြီးသည် သူတို့ ရဲအဖွဲ့ကို အကြိမ်ကြိမ် ကူညီပေးခဲ့ဖူးသည် မဟုတ်ပါလော။ ယခုတစ်ကြိမ်တွင်လည်း အသုံးတည့်နိုင်မည့် အကြံဉာဏ်ကောင်းများ သူ့တွင် ရှိနေရပေလိမ့်မည်။ သို့သော် သူသည် အဘယ်ကြောင့် ပြောပြရန် ဝန်လေးနေရသနည်း။

ကုစာနာဂိသည် သတင်းစာများကို နေရာတကျ ပြန်ထားပြီးနောက် စာကြည့်တိုက်ဝန်ထမ်း အမျိုးသမီးကို နှုတ်ဆက်လိုက်သည်။

“ရှင့်အတွက် အကူအညီ ရခဲ့မယ်လို့ မျှော်လင့်ပါတယ်” သူမက မရေရာသော ဟန်ပန်ဖြင့် မေးသည်။

“မဆိုးပါဘူး” ကုစာနာဂိကလည်း ဝိုးတိုးဝါးတား ပြန်ဖြေသည်။

စာကြည့်တိုက်ထဲမှ ထွက်ခွာရန် သူ ဟန်ပြင်နေစဉ် သူမထံမှ စကားသံ ထွက်ပေါ်လာသည်။ “ဆရာယုကာဝါက မြို့နယ်သတင်းစာတွေကိုလည်း ရှာဖတ်ခဲ့သေးသလိုပဲ”

“ဗျာ” ကုစာနာဂိက လှည့်ကြည့်လိုက်သည်။ “မြို့နယ်သတင်းစာ”

“ဟုတ်တယ်။ စာကြည့်တိုက်ထဲမှာ ချိဘနဲ့ ဆိုင်တာမာစီရင်စုတွေက ထုတ်တဲ့ သတင်းစာတွေ ရှိသလားလို့ ကျွန်မကို သူ မေးသေးတယ်။ ကျွန်မတို့ဆီမှာ အဲဒီသတင်းစာတွေ မရှိဘူး”

“တခြားရော သူ ဘာမေးသေးလဲ”

“ဟင့်အင်း၊ အဲဒီလောက်ပဲ”

“ချိဘနဲ့ ဆိုင်တာမာ …”

ကုစာနာဂိသည် သံသယကို ရင်ဝယ်ပိုက်လျက် စာကြည့်တိုက်ထဲမှ ထွက်ခွာလာခဲ့သည်။ ယုကာဝါ ဘာလုပ်နေသည်ကို သူ နည်းနည်းမျှ နားမလည်နိုင်။ အဘယ်ကြောင့် တခြားမြို့နယ်၏ သတင်းစာများကို လိုက်ရှာနေရသနည်း။ သူ ဤသို့ ပြုလုပ်နေခြင်းမှာ လူသတ်မှုနှင့် လုံးဝဥဿုံ သက်ဆိုင်မှု မရှိပေဘူးလော။

ကုစာနာဂိသည် အတွေးနယ်ချဲ့ရင်း ကားရပ်နားကွင်းသို့ ပြန်လာခဲ့သည်။ ယာဉ်မောင်းထိုင်ခုံတွင် ဝင်ထိုင်ပြီး ကားစက်နှိုးရန် သော့လှည့်မည် အပြုတွင် မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံထဲမှ လျှောက်ထွက်လာသော ယုကာဝါကို လှမ်းမြင်လိုက်ရသည်။ သူသည် ဓာတ်ခွဲခန်းဝတ် ကုတ်အင်္ကျီအစား နက်ပြာရောင် ဂျက်ကက်အင်္ကျီကို အပေါ်မှ ထပ်ဝတ်ထားသည်။ သူ၏ အမူအရာမှာ တည်ကြည်လေးနက်လျက် တက္ကသိုလ်ဂိတ်ပေါက်ဆီသို့ ဦးတည်၍ လျှောက်လှမ်းနေသည်။

ယုကာဝါသည် ကျောင်းအပြင်ရောက်၍ ဘယ်ဘက်သို့ ချိုးကွေ့သွားသည်ကို မြင်ရသည့်အခါမှ ကုစာနာဂိသည် ကားစက်နှိုး၍ ကျောင်းထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ ဂိတ်ပေါက်ဝသို့ ရောက်သောအခါတွင် အခန့်သင့်စွာဖြင့် တက္ကစီတစ်စီးပေါ်သို့ တက်သွားသော ယုကာဝါကို လှမ်းမြင်လိုက်ရသည်။ တက္ကစီကား မောင်းထွက်သွားသည်နှင့် ကုစာနာဂိလည်း ကားလမ်းမပေါ်သို့ မောင်းတက်လိုက်လေသည်။

လူလွတ်ဖြစ်သော ယုကာဝါသည် သူ၏ အချိန်အများစုကို တက္ကသိုလ်၌သာ ကုန်လွန်စေခဲ့သည်။ သူ၏ အကြောင်းပြချက်မှာ ဤသို့။ “အိမ်ပြန်ရောက်လည်း လုပ်စရာမှ မရှိဘဲ။ စာအုပ်ပဲဖတ်ဖတ်၊ အားကစားပဲ လုပ်လုပ်၊ ကျောင်းမှာက ပိုပြီး အဆင်ပြေတယ်လေ။ နောက်ပြီး ထမင်းစားရတာကလည်း ဒီမှာဆို အလုပ်ရှုပ် သက်သာတယ်”

အချိန်မှာ ညနေ ၅ နာရီပင် မထိုးသေး။ သူ အိမ်ပြန်သွားနေခြင်းတော့ မဟုတ်တန်ရာ။

ကုစာနာဂိသည် အနောက်မှ တကောက်ကောက် လိုက်နေရင်း အရှေ့မှ မောင်းနှင်နေသော တက္ကစီ၏ ကုမ္ပဏီတံဆိပ်နှင့် ကားနံပါတ်ကို စိတ်ဖြင့် တေးမှတ်နေသည်။ လမ်းတွင် မတော်တဆ ခြေရာပျောက်သွားလျှင်လည်း မည်သည့်နေရာ၌ ယုကာဝါ ဆင်းသွားသည်ကို နောက်ပိုင်းတွင် ပြန်လည် စုံစမ်းနိုင်သည်။

တက္ကစီသည် အရှေ့အရပ်စူးစူးသို့သာ ဦးတည်၍ မောင်းနှင်နေသည်။ ကားကျပ်သော လမ်းများ ဖြစ်သည်။ တခြားသော ကားများသည် သူတို့၏ ကားနှစ်စီးကြားသို့ မကြာခဏ ဖြတ်ဝင်လာတတ်ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကုစာနာဂိ၏ မြင်ကွင်းထဲမှ လွတ်ထွက်မသွားခဲ့ပေ။

တက္ကစီသည် နီဟွန်းဘရှိမြို့နယ်ကို ဖြတ်ကျော်ပြီး ဆုမိဒမြစ်နားအရောက်တွင် ရပ်တန့်သွားသည်။ အရှေ့တွင် ရှင်-အိုဟရှိတံတားကို လှမ်းမြင်နေရသည်။ အိရှိဂါမိ၏ တိုက်ခန်းသည်လည်း ဤအနီးအနားတွင် တည်ရှိသည်။

ကုစာနာဂိသည် ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်ပြီး ကားထဲမှနေ၍ အခြေအနေကို အကဲခတ်ကြည့်သည်။ ယုကာဝါသည် တက္ကစီပေါ်မှ ဆင်းပြီး တံတားဘေးရှိ လှေကားအတိုင်း အောက်သို့ ဆင်းသွားသည်။ တိုက်ခန်းသို့ သွားရန် ရည်ရွယ်ထားပုံ မရ။

ကုစာနာဂိသည် ပတ်ဝန်းကျင် အနေအထားကို အလျင်အမြန် ဝေ့ဝိုက်ကြည့်ပြီး ကားရပ်ထားနိုင်မည့် နေရာကို ရှာဖွေသည်။ သူ့အတွက် ကံကောင်းသည်ဟု ဆိုရမည်။ ပါကင်မီတာအနားတွင် နေရာတစ်နေရာ လွတ်နေသည်။ သူသည် ကားကို ထိုနေရာတွင် ထိုးခဲ့ပြီး ယုကာဝါအနောက်သို့ အပြေးအလွှား လိုက်သွားခဲ့သည်။

ယုကာဝါသည် ဆုမိဒမြစ်ကို စုန်၍ မြစ်ရိုးတစ်လျှောက် ဖြည်းညင်းစွာ လမ်းလျှောက်နေသည်။ ဘာမျှ အရေးတကြီး လုပ်စရာ မရှိဘဲ အညောင်းအညာပြေ လမ်းလျှောက်ထွက်နေသည့်နှယ်။ ရံဖန်ရံခါတွင် သူသည် မြစ်ကမ်းနံဘေးရှိ တဲစုတ်အနားမှ အိမ်ရာမဲ့တို့ကို ငေးကြည့်နေတတ်သည်။ သို့သော် ခြေလှမ်းများကိုတော့ ရပ်တန့်ခြင်း မပြု။

တဲစုတ်များကို လွန်အောင် လျှောက်သွားပြီးသောအခါမှ သူ၏ ခြေလှမ်းများ ရပ်တန့်သွားကြသည်။ သူသည် မြစ်ကမ်းဘေးရှိ လက်ရန်းပေါ်တွင် လက်ကို ထောက်ထားပြီး ကုစာနာဂိ ရှိရာအရပ်သို့ အမှတ်မထင် လှည့်ကြည့်လိုက်သည်။

ကုစာနာဂိက ရှိုးတိုးရှန့်တန့် ဖြစ်သွားသော်လည်း ယုကာဝါကမူ ထူးခြားသော မည်သည့်အမူအရာကိုမျှ မပြ။ မခို့တရို့သာ ပြုံး၍ ကြည့်နေသည်။

ကုစာနာဂိသည် ခြေလှမ်းကျဲကျဲဖြင့် သူ့အနားသို့ လှမ်းသွားသည်။ “အစောကြီးကတည်းက သိနေတယ်ပေါ့”

“မင်းရဲ့ကားက သိပ်ကို ထင်ပေါ်လွန်းနေတယ်” ယုကာဝါက ပြောသည်။ “ဒီလောက်စုတ်တဲ့ စကိုင်းလိုင်းကို နောက်ထပ်တစ်စီး ရှာတွေ့ဖို့ မလွယ်တော့ဘူး”

“ငါ အနောက်က လိုက်နေမှန်းသိလို့ ဒီကို တမင် ခေါ်လာတာလား။ ဒါမှမဟုတ် အစကတည်းက ဒီကိုလာဖို့ ရည်ရွယ်ထားတာလား”

“နှစ်မျိုးစလုံး မှန်တယ်။ မမှန်ဘူးလို့လည်း ပြောလို့ရတယ်။ နဂိုရည်ရွယ်ချက်က ဒီထက် နည်းနည်း ပိုပြီး ရှေ့ဆက်သွားဦးမလို့ပဲ။ မင်းလိုက်လာမှန်း သိလို့ ဆင်းမယ့်နေရာကို နည်းနည်းလေး ပြင်ဆင်လိုက်တာ။ ငါ မင်းကို ဒီခေါ်လာချင်လို့”

“ဒီကို ဘာဖြစ်လို့ ခေါ်လာချင်ရတာလဲ” ကုစာနာဂိက ဘေးဘီကို ခပ်သွက်သွက် မျက်စိကစားကြည့်သည်။

“ငါ အိရှိဂါမိနဲ့ နောက်ဆုံးတစ်ကြိမ် တွေ့ခဲ့ကြတာ ဒီနေရာမှာပဲ။ အဲဒီတုန်းက ငါ သူ့ကို ဒီလို ပြောလိုက်တယ်။ လောကမှာ အသုံးမဝင်တဲ့ ခွေးသွားစိပ်ဆိုတာ မရှိပါဘူး။ တစ်ခုပဲ ရှိတယ်။ ခွေးသွားစိပ် ကိုယ်နှိုက်ကသာ သူ့ရဲ့ အသုံးဝင်ပုံကို ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်တယ်”

“ခွေးသွားစိပ် …”

“အဲဒီနောက်တော့ ငါ သူ့ကို လူသတ်မှုနဲ့ ဆိုင်တဲ့ သံသယတချို့ ပြောပြလိုက်တယ်။ အဲဒီတုန်းကတော့ သူဟာ ဘာမှတ်ချက်မှ ပေးစရာ မရှိဘူးဆိုတဲ့ ဟန်အမူအရာမျိုး ပြုမူခဲ့တယ်။ ဒါပေမယ့် ငါတို့ လမ်းခွဲပြီးနောက်မှာတော့ သူ အဖြေတစ်ခု ထုတ်ဖော်သွားနိုင်ခဲ့တယ်။ အဲဒါက အဖမ်းခံဖို့ပဲ”

“မင်းရဲ့စကားကို ကြားသွားပြီးတဲ့နောက် သူ စိတ်လျှော့ပြီး အဖမ်းခံလိုက်တယ်။ အဲဒီလိုလား”

“စိတ်လျှော့ပြီး … အင်း၊ အဲဒီလို သုံးချင်ရင် သုံးလို့ ရနိုင်တာပဲ။ ဒါပေမယ့် သူ့အတွက်ကတော့ နောက်ဆုံး ဝှက်ဖဲတစ်ချပ်ကို ထုတ်သုံးလိုက်တာလို့ ဆိုရမယ်။ အဲဒီဝှက်ဖဲကို ကြိုတင်ပြင်ဆင်ထားပုံကလည်း အင်မတန်မှ ပိရိတယ်လို့ ဆိုရတော့မှာပဲ”

“မင်း အိရှိဂါမိကို ဘာတွေ ပြောခဲ့တာလဲ”

“မင်းကို ပြောပြီးပြီလေ။ ခွေးသွားစိပ်နဲ့ ဆိုင်တဲ့ စကားတွေပေါ့”

“အဲဒီနောက်မှာ သံသယတချို့ကို ထုတ်ပြောခဲ့တယ်ဆို။ ငါ အဲဒါကို မေးနေတာ”

ယုကာဝါသည် တည်ငြိမ်သော အပြုံးဖြင့် ခေါင်းကို လှုပ်လီလှုပ်လဲ့ ခါယမ်းနေသည်။

“အဲဒါက အရေးမကြီးပါဘူး”

“အရေးမကြီးဘူး …”

“အရေးကြီးတာက ခွေးသွားစိပ်ပဲ။ သူ အဲဒါကို ကြားသွားလို့သာလျှင် အဖမ်းခံဖို့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်မယ်”

ကုစာနာဂိက ထွက်သက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။

“မင်း တက္ကသိုလ်စာကြည့်တိုက်ကို သွားပြီး သတင်းစာတွေ လှန်ရှာခဲ့သေးတယ် မဟုတ်လား။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“တိုကီဝါ မင်းကို ပြောပြလိုက်တာလား။ ကြည့်ရတာ မင်းက ငါ့ကိုတောင် အလွတ်မပေးတော့ဘူးပဲ”

“ငါလည်း အဲဒီလို မလုပ်ချင်ပါဘူး။ မင်းက ငါ့ကို ဘာမှမှ မပြောချင်တဲ့ ဥစ္စာ”

“ငါ စိတ်မဆိုးပါဘူး။ အဲဒါက မင်း အလုပ်ပဲ မဟုတ်လား။ ငါ့အကြောင်းကိုပဲ စုံစမ်းစုံစမ်း၊ တခြား ဘာပဲလုပ်လုပ် ငါ့အပူ တစ်ပြားသားမှ မပါပါဘူး”

ကုစာနာဂိသည် ယုကာဝါကို တစ်ခဏမျှ စူးစူးရဲရဲ စိုက်ကြည့်ပြီးနောက် ခေါင်းငုံ့ကာ မျက်လွှာကို ချပစ်လိုက်သည်။

“ကျေးဇူးပြုပြီး ငါ့ကို ပဟေဠိ ဖွဲ့မနေပါနဲ့တော့လားကွာ။ မင်း တစ်ခုခုတော့ သိနေရမယ်။ ငါ့ကို ပြောပြပါလား။ အိရှိဂါမိက တရားခံအစစ် မဟုတ်ဘူးမလား။ အပြစ်မရှိဘဲနဲ့ အဲဒီလို အသားလွတ်ကြီး ခေါင်းခံနေရရင် တရားမဲ့လွန်းရာ မကျဘူးလား။ မင်းရဲ့ ငယ်သူငယ်ချင်းကို လူသတ်သမားရယ်လို့ ကင်ပွန်းတပ်ခံရတာ မင်းလည်း ကြိုက်မှာ မဟုတ်ပါဘူး”

“ခေါင်းမော့စမ်းပါဦး”

ကုစာနာဂိက ခေါင်းထောင်ကြည့်လိုက်သည်။ သူ၏ အသက်ရှူသံများ ပြင်းထန်လာသည်။ သူ့အရှေ့တွင် မြင်တွေ့နေရသော လောကဓာတ်ဆရာကြီး၏ မျက်နှာသည် နာကျင်မှု ဝေဒနာဖြင့် ရှုံ့မဲ့နေသည်။ လက်နှစ်ဘက်ကို မြှောက်၍ နားထင်ကို လက်ဖြင့် ဖိထားလျက် မျက်စိကို စုံမှိတ်ထားသည်။

“သူ လူသတ်သမား ဖြစ်သွားမှာကို ငါ မျှော့်လင့်ပါ့မလား။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ဘူး။ ဘာဖြစ်လို့ အဲဒီလို ဖြစ်သွားရတယ်ဆိုတာ ငါတောင် နားမလည်နိုင်တော့ဘူး”

“မင်း ဘယ်လိုလုပ်ပြီး အဲဒါတွေကို သိနေရတာလဲ။ မင်း ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်တယ် မဟုတ်ဘူးလား။ ငါတို့က သူငယ်ချင်းတွေလေကွာ”

ယုကာဝါသည် သူ့မျက်လုံးများကို ရုတ်တရက် ပြန်ဖွင့်ပြီး လေးနက်သည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။ “မင်းက ငါ့သူငယ်ချင်း ဆိုတာတော့ မှန်တယ်။ တစ်ချိန်တည်းမှာပဲ မင်းက မှုခင်းစစ်ရဲ ဖြစ်နေသေးတယ်”

ကုစာနာဂိ ဆွံ့အသွားသည်။ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သော သူငယ်ချင်းကောင်းနှင့် သူ့အကြားတွင် အလွှာတစ်ခု ခြားနေသေးကြောင်း ပထမဆုံးအကြိမ်အဖြစ် သူ သတိထားမိလိုက်သည်။ ယခုအခါ သူ့သူငယ်ချင်း၏ မျက်နှာပေါ်တွင် ယခင်အချိန်က တစ်ရံတစ်ဆစ်မျှ မမြင်ဖူးခဲ့သော နာကျင်မှုဝေဒနာများ အတိုင်းသား ပေါ်လွင်နေသည်။ ကုစာနာဂိသည် ထိုသို့ ဖြစ်နေရသည့် အကြောင်းအရင်းကို သူ့သူငယ်ချင်းအား မေးမြန်းလိုသော်လည်း ရဲတစ်ယောက် ဖြစ်နေသောကြောင့် မေးရန် တွန့်ဆုတ်နေမိပြန်သည်။

“ငါ အခု ဟာနာအိုကာ ယာစုကိုကို သွားတွေ့မလို့” ယုကာဝါက ပြောသည်။ “မင်းရော လိုက်ဦးမလား”

“လိုက်လို့ ရလား”

“ကိစ္စ မရှိပါဘူး။ ဘာမှသာ ဝင်မပြောနဲ့”

“အိုကေလေ”

ယုကာဝါသည် တစ်ဘက်သို့ လှည့်သွားပြီး ရှေ့သို့ စတင် လှမ်းလျှောက်သွားသည်။ ကုစာနာဂိက အနောက်မှ ကပ်ပါလာသည်။ ယုကာဝါ၏ မူလဦးတည်ရာမှာ ဘန်တန်တိုင် ဖြစ်သည်။ သူသည် ဟာနာအိုကာ ယာစုကိုကို သွားတွေ့၍ မည်သည့်စကား ပြောရန် စိတ်ကူးထားသနည်း။ ကုစာနာဂိက အကျိုးအကြောင်းကို ချက်ချင်း မေးလိုက်ချင်သော်လည်း အောင့်အည်း၍သာ ငြိမ်ငြိမ်သက်သက် ဆက်လျှောက်လာခဲ့သည်။

ကိယိုစုတံတား အနီးသို့ ရောက်ခါနီးတွင် ယုကာဝါသည် လှေကားအတိုင်း ကားလမ်းမပေါ်သို့ တက်သွားသည်။ ယုကာဝါက လှေကားထိပ်မှ သူ့ကို ရပ်စောင့်နေသည်။

“ဟိုက ရုံးအဆောက်အအုံကြီးကို တွေ့တယ်မဟုတ်လား” ယုကာဝါသည် လမ်းဘေးရှိ တိုက်ကြီးတစ်လုံးကို လက်ညှိုးထိုးပြသည်။ “ဝင်ပေါက်မှာ မှန်တံခါးကြီးတစ်ချပ် ရှိတယ်။ တွေ့လား”

ကုစာနာဂိသည် လက်ညှိုးညွှန်ရာသို့ လှမ်းကြည့်လိုက်သည်။ မှန်တံခါးပေါ်တွင် လူနှစ်ယောက်၏ အရိပ်များ ထင်ဟပ်နေကြသည်။

“တွေ့တယ်။ အဲဒါ ဘာဖြစ်လို့လဲ”

“အမှုဖြစ်ပြီးနောက် မကြာခင်မှာ ငါ အိရှိဂါမိကို သွားတွေ့ခဲ့တယ်။ အဲဒီတုန်းကလည်း ငါတို့နှစ်ယောက် ဒီနေရာကနေပဲ အဲဒီမှန်တံခါးကြီးပေါ်က လူရိပ်ကို ငေးကြည့်နေခဲ့ကြတယ်။ ဒါပေမယ့် စစချင်း ငါက အဲဒါကို သတိမထားမိခဲ့ဘူး။ အိရှိဂါမိ ပြောလို့သာ ငါ ကြည့်လိုက်မိတာ။ အဲဒီမတိုင်ခင်ကတော့ သူနဲ့ လူသတ်မှုဟာ ပတ်သက်နေနိုင်မလားလို့ ယောင်လို့တောင် တွေးမကြည့်မိခဲ့ဘူး။ အဆက်အသွယ် ပြတ်နေတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်ဆုံလိုက်ရလို့ အပျော်လွန်နေတဲ့ အချိန်ပေါ့”

“မင်း ဆိုလိုချင်တဲ့ သဘောက … မှန်ပေါ်က လူရိပ်ကို မင်း မြင်လိုက်ပြီးတဲ့နောက်မှ သူ့ကို စပြီး သံသယ ဝင်လာခဲ့တယ်။ အဲဒီလိုလား”

“သူ အဲဒီတုန်းက ဒီလို ပြောတယ်ကွ။ ‘အခုလို နုပျိုနေအောင် မင်း ဘယ်လိုများ လုပ်ထားတာလဲ။ ကြည့်စမ်းပါဦး၊ မင်းနဲ့ငါက ကွာချင်တိုင်း ကွာနေတော့တာပဲ။ မင်းရဲ့ ခေါင်းပေါ်မှာတော့ ဆံပင်တွေ အပြည့် ရှိနေသေးတယ်’ တဲ့။ အဲဒီလိုပြောပြီး သူ့ခေါင်းပေါ်က ဆံပင်တွေကို အရေးတယူလုပ်ပြီး ပွတ်သပ်နေသေးတယ်။ အဲဒီအချက်က ငါ့ကို အံ့အားသင့်စေခဲ့တယ်။ အိရှိဂါမိဆိုတဲ့ လူက ဘယ်တုန်းကမှ အပြင်ပန်း အသွင်အပြင်တွေကို အလေးထားတဲ့လူ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲဒီလိုအရာတွေနဲ့ ချင့်ချိန်နှိုင်းဆဖို့ မသင့်ဘူးလို့ သူ နှစ်နှစ်ကာကာ ယုံကြည်နေခဲ့တာ။ ပြီးတော့ သူကိုယ်နှိုက်ကလည်း အပြင်ပန်း ဦးစားပေးတဲ့ လူမျိုးတွေကို အရေးတယူလုပ်ပြီး ဆက်ဆံတတ်တာ မဟုတ်ဘူး။ အခုတော့ သူက သူ့ရုပ်ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေခဲ့တယ်။ သူ့ဆံပင်တွေက အတော်လေးကို ပါးလျားနေပြီ။ ကိုယ် ဘာမှ မတတ်နိုင်တဲ့ အဲဒီလို အခြေအနေကို ကြည့်ပြီး သူက စိတ်ပျက်အားငယ်နေခဲ့တယ်။ အဲဒီအခါမှ ငါ နားလည်သဘောပေါက်လိုက်တယ်။ သူဟာ သူ့ရဲ့ အသွင်အပြင်နဲ့ ရုပ်ရည်ကို ဂရုမစိုက်လို့ မဖြစ်တော့တဲ့ အနေအထားမျိုး ရောက်နေပြီလို့။ သဘောက သူ တစ်ယောက်ယောက် ချစ်ကြိုက်နေမိပြီ ဆိုတာပဲ။ ဒါပေမယ့် သူ ဘာဖြစ်လို့ ရုတ်တရက်ကြီး အဲဒီလို ပြောလာရတာလဲ။ ဒီနေရာရောက်မှ ဘာဖြစ်လို့ ရုတ်တရက်ကြီး သူ့ကိုယ်သူ စိတ်ပျက်သွားမိတာလဲ”

ကုစာနာဂိက သူ့စကား၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ မကြာခင် သူ ချစ်တဲ့သူနဲ့ တွေ့ရတော့မှာမို့လို့ပေါ့။ ဟုတ်တယ်မလား”

ယုကာဝါက ခေါင်းညိတ်သည်။ “ငါလည်း အဲဒီလို ထင်တာပဲ။ အဲဒီတော့ ငါ သံသယဝင်လာတယ်။ ထမင်းဆိုင်မှာ အလုပ်ဝင်နေတဲ့ အမျိုးသမီး၊ သူ့ဘေးအခန်းမှာနေတဲ့ အိမ်နီးချင်း၊ ခင်ပွန်းဟောင်း အသတ်ခံရတဲ့ အမျိုးသမီးဟာ သူ့ရဲ့ စိတ်ကူးထဲက ချစ်သူပဲ ဖြစ်ရတော့မယ်လို့။ ဒါပေမယ့် အဲဒီလိုသာဆိုရင် မေးချင်စရာ မေးခွန်းကြီးတစ်ခု ထွက်ပေါ်လာတယ်။ သူနဲ့ အမှုက ဘယ်လိုပတ်သက်နေသလဲ။ တကယ်လို့သာ သူက အဲဒီ အမျိုးသမီးကို သိပ်ပြီး အရေးတယူ လုပ်နေရင် အမှုနဲ့ပတ်သက်ပြီး သူ စိတ်မပူဘဲ နေမှာ မဟုတ်ဘူး။ ဒါပေမယ့် လက်တွေ့မှာကျတော့ သူက ပွဲကြည့်ပရိသတ်တစ်ယောက် အနေနဲ့ပဲ သရုပ်ဆောင်နေခဲ့တယ်။ ဒါမှမဟုတ် ငါပဲ အတွေးချော်နေသလားပေါ့။ ဒါနဲ့ သူ့ဆီ နောက်တစ်ကြိမ် ထပ်သွားပြီး သူနဲ့အတူ ထမင်းဆိုင်ကို အရောက်သွားကြည့်ခဲ့တယ်။ သူတို့ နှစ်ယောက်ရဲ့ မျက်နှာအမူအရာကနေ တစ်စုံတစ်ခု သိလာနိုင်မလားလို့ မျှော်လင့်မိတာပေါ့။ ဖြစ်ချင်တော့ လုံးဝ မျှော်လင့်မထားတဲ့ လူတစ်ယောက် ထွက်လာပါရော။ ဟာနာအိုကာ ယာစုကိုရဲ့ အမျိုးသားမိတ်ဆွေတစ်ယောက်”

“ကူဒို ကုနိအာကိ” ကုစာနာဂိက ပြောသည်။ “သူနဲ့ ဟာနာအိုကာ ယာစုကိုတို့က အခု ဒိတ်နေကြတာ”

“ဟုတ်မှာပေါ့။ မစ္စတာကူဒိုနဲ့ ဟာနာအိုကာ ယာစုကိုတို့ စကားပြောနေတာကို ကြည့်နေတဲ့ အိရှိဂါမိရဲ့ အမူအရာက …” ယုကာဝါသည် သူ့မျက်လုံးများကို မှေးစင်းလိုက်ပြီး ခေါင်းခါနေသည်။ “သူ့ရဲ့ မျက်နှာပေးကို မြင်ပြီးတဲ့နောက်မှာ အိရှိဂါမိ ကြိုက်နေတဲ့သူဟာ ဟာနာအိုကာ ယာစုကိုပါလို့ ငါ မယုံချင်လည်း မရတော့ဘူး။ သူ ဂျေဝင်နေတယ် ဆိုတာ သူ့မျက်နှာတစ်ပြင်လုံးမှာ အထင်းသား ပေါ်နေတယ်”

“အဲဒီလို ကောက်ချက်ချလိုက်ရင် စောစောက မေးခွန်းက ပြန်ပေါ်လာရော မဟုတ်လား”

“ဟုတ်တယ်။ အဲဒီ ဝိရောဓိကို ဖြေရှင်းပြနိုင်တဲ့ အဖြေက တစ်ခုပဲ ရှိတယ်”

“အိရှိဂါမိဟာ လူသတ်မှုနဲ့ ပတ်သက်နေတယ်။ အဲဒီလိုနဲ့ပဲ မင်းက သူ့ကို စပြီး သံသယ ဝင်ခဲ့တယ် ဆိုပါတော့” ကုစာနာဂိက အဆောက်အအုံကြီးရှိ မှန်တံခါးကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ “မင်းဆိုတဲ့ကောင်က အတော် ကြောက်စရာ ကောင်းတာပဲ။ အိရှိဂါမိရဲ့ ဘာမဟုတ်တဲ့ အပြုအမူလေးတစ်ချက်က သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်သွားစေခဲ့တယ်”

“ငါတို့နှစ်ယောက် နှစ်ကာလတွေ ဘယ်လောက်ပဲ ကင်းကွာကင်းကွာ၊ သူ့ရဲ့ ပြင်းထန်လွန်းတဲ့ စိတ်ဓာတ်က ငါ့မှတ်ဉာဏ်ထဲမှာ သံမှိုစွဲသလို စွဲနေတော့တာပဲ။ နို့မဟုတ်ရင် ငါလည်း သတိထားမိမှာ မဟုတ်ဘူး”

“အိရှိဂါမိ ကံဆိုးတယ်လို့ပဲ ပြောရတော့မှာပေါ့” ကုစာနာဂိသည် ကားလမ်းမအတိုင်း ဆက်လျှောက်သွားသည်။ ယုကာဝါ လိုက်ပါမလာသည်ကို သတိထားမိသွားသောအခါ သူ တုံ့ရပ်လိုက်သည်။ “ဘန်တန်တိုင် သွားမလို့ဆို”

ယုကာဝါသည် ခေါင်းငိုက်စိုက်ချလျက် ကုစာနာဂိအနားသို့ တိုးကပ်လာသည်။

“မင်း မနှစ်မြို့နိုင်လောက်တဲ့ တောင်းဆိုချက်တစ်ခုကို ငါ တောင်းဆိုချင်တယ်။ ဖြစ်လား”

ကုစာနာဂိက သွားဖြဲပြသည်။ “ဒါတော့ ဘာကိစ္စလဲပေါ် မူတည်တာပေါ့”

“မင်းကိုယ်မင်း ရဲတစ်ယောက်ဆိုတာကို ခဏမေ့ဖျောက်ထားပြီး သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ ပြောတာကို နားထောင်ပေးနိုင်မလား”

“ဘာအဓိပ္ပာယ်လဲ”

“ငါ မင်းကို ပြောစရာ ရှိတယ်။ ဒါပေမယ့် ငါ သူငယ်ချင်းကိုပဲ ပြောပြချင်တယ်။ မှုခင်းရဲတစ်ယောက်ကို မဟုတ်ဘူး။ အခု ငါ့ဆီက ကြားထားသမျှ စကားတွေကို မင်း ဘယ်သူ့ကိုမှ ပြန်မပြောရဘူး။ မင်းရဲ့ အထက်အရာရှိကိုပဲဖြစ်ဖြစ်၊ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်၊ မင်းရဲ့ မိသားစု၊ ဘယ်သူ့ကိုမှ ပြန်မပြောပြရဘူး။ မင်း သဘောတူနိုင်မလား” ယုကာဝါ၏ စူးရှ၍ မျက်ရည်လဲ့နေသော အကြည့်မှာ သူ့ကို အရေးတကြီး တောင်းဆိုနေသည့် ဟန်။ ယုကာဝါအနေဖြင့် ထိုသို့ မလုပ်လျှင်လည်း မဖြစ်နိုင်သည့် အကြောင်းအရင်းတစ်ခုတော့ သူ့တွင် ရှိနေနိုင်သည်။

“ဒါတော့ ဘာကိစ္စလဲပေါ် မူတည်တာပေါ့” ဟု ကုစာနာဂိက နောက်တစ်ကြိမ် ထပ်ပြောလိုက်ချင်သည်။ သို့သော် သူ ထိုစကားလုံးများကို မျိုချလိုက်သည်။ သူသာ ထိုသို့ ပြောပစ်လိုက်လျှင် သူ၏ ရှေ့မှောက်တွင် ရပ်နေသောသူသည် နောက်နောင်တွင် သူ့ကို သူငယ်ချင်းအဖြစ် ဘယ်တော့မှ သတ်မှတ်တော့မည် မဟုတ်ဟု သူ စိုးရိမ်နေမိသည်။

“ကောင်းပြီလေ” ကုစာနာဂိက ပြောသည်။ “ငါ မင်းကို ကတိပေးတယ်”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *