စတုရန်းပုံ သေတ္တာပေါ်တွင် ၃၀ စင်တီမီတာ ရှည်သော တိုင်တစ်တိုင်ကို တည့်တည့်မတ်မတ် စိုက်ထောင်ထားသည်။ ၎င်းတိုင်၏ အခြေတွင် အချင်း သုံး၊ လေးစင်တီမီတာခန့် ရှိသော သံကွင်းတစ်ကွင်း စွပ်ထားသေးသည်။ ပုံသဏ္ဌာန်အားဖြင့် သံကွင်းစွပ် ကစားနည်းနှင့် ဆင်ဆင်တူသည်။ အဓိက ကွဲပြားသောအချက်မှာ ၎င်းသေတ္တာကို မီးကြိုးနှင့် သွယ်တန်းထားပြီး အဖွင့်အပိတ် ခလုတ်တစ်ခု ပါရှိသည်။
“ဒါ ဘာကြီးလဲ” ကုစာနာဂိသည် ခါးကို ကိုင်းညွတ်၍ စေ့စေ့စပ်စပ် ကြည့်ရင်း ရေရွတ်နေသည်။
“သွားမထိတာ ကောင်းလိမ့်မယ် ထင်တယ် အာစရိ” ကိရှိတာနိက ဘေးမှ သတိပေးသည်။
“ကိစ္စ မရှိလောက်ပါဘူးကွာ။ တကယ်လို့သာ အန္တရာယ် ရှိမယ် ဆိုရင် အဲဒီကောင်က အခုလို လက်လွတ်စပယ် ပစ်ထားမှာ မဟုတ်ဘူး” ကုစာနာဂိက ခလုတ်ကို နှိပ်လိုက်သည်။ ခလုတ်ကို နှိပ်လိုက်သည့် အချိန်မှာပင် သံကွင်းသည် တိုင်တစ်လျှောက် အထက်သို့ ဆန်တက်သွားလေသည်။
“အဲ ….” ကုစာနာဂိသည် ပါးစပ်အဟောင်းသားနှင့် ကြည့်နေစဉ် သံကွင်းသည် လေထဲတွင် ဝဲပျံလျက် အတန်ငယ် လှုပ်ခါနေသည်။
“သံကွင်းကို အောက်ရောက်အောင် ဖိကြည့်ကြည့်ပါလား” နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
ကုစာနာဂိက နောက်လှည့်ကြည့်လိုက်သောအခါ ယုကာဝါသည် စာအုပ်စာတမ်းများကို ပိုက်လျက် ဝင်လာနေသည်ကို တွေ့ရသည်။
“အတန်း ရှိတာလား” ကုစာနာဂိသည် ယုကာဝါကို မေးရင်း လက်ညှိုးဖြင့် သံကွင်းကို ဖိကြည့်သည်။ သို့သော် တစ်စက္ကန့်မျှ မကြာလိုက်ခင်မှာပင် သူ့လက်ကို ရုတ်တရက် ဆွဲရုပ်ပစ်လိုက်သည်။ “လခွား၊ ပူလိုက်တာ။ ဘာဖြစ်လို့ အဲဒီလောက် ပူရတာလဲ”
“မတော်တဆ ထိမိရင် အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းတွေကို ငါက လက်လွတ်စပယ် မထားတတ်တာတော့ အမှန်ပဲ။ အဲ … အဲဒီထိတို့မယ့်သူက ရူပဗေဒရဲ့ အခြေခံ သဘောတရားကိုတော့ သိဖို့ လိုတာပေါ့” ယုကာဝါသည် ကုစာနာဂိ၏ အနားသို့ လာပြီး မီးခလုတ်ကို ပိတ်ပစ်လိုက်သည်။ “ဒါက အထက်တန်းကျောင်းသားတွေအတွက် စမ်းသပ်ကိရိယာလေ”
“ငါ အထက်တန်းတက်တုန်းက ရူပဗေဒမှ မယူခဲ့တာ” ကုစာနာဂိက ပြောပြီး လက်ညှိုးထိပ်ကို လေဖြင့် မှုတ်နေသည်။ ကိရှိတာနိက အနားတွင် ကျိတ်၍ ရယ်လျက်။
“သူ့ကို ….. တစ်ခါမှ မတွေ့ဖူးဘူး ထင်တယ်” ယုကာဝါက ကိရှိတာနိကို ကြည့်ရင်း မေးလိုက်သည်။
ကိရှိတာနိက ရယ်နေရာမှ မျက်နှာပိုးသတ်ပြီး မတ်တတ်ရပ်ကာ ဦးညွတ်လိုက်သည်။ “ကျွန်တော့်နာမည် ကိရှိတာနိပါ။ မစ္စတာ ကုစာနာဂိနဲ့ အလုပ်တွဲလုပ်နေပါတယ်။ ဆရာ့အကြောင်းတွေကို ကျွန်တော် အများကြီး ကြားဖူးနေပြီးသားပါ။ ဆရာက အမှုတွေ အများကြီးမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကူညီပေးခဲ့ဖူးတယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့ ဌာနမှာ ဆရာ့ကို စုံထောက်ကြီး ဂယ်လီလီယိုလို့ ခေါ်ကြတယ်ဗျ”
ယုကာဝါသည် မျက်မှောင်ကြုတ်လျက် လက်ကို တွင်တွင် ခါယမ်းနေသည်။ “အဲဒီလို မခေါ်ပါနဲ့ဗျာ။ ကျွန်တော်က ကူညီချင်လွန်းလို့ ကူညီခဲ့တာလည်း မဟုတ်ပါဘူး။ အဲဒီအကောင်ရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို နည်းနည်းလေးမှ အားမရလို့ မနေနိုင် မထိုင်နိုင် ဝင်ပြီး လျှာရှည်ခဲ့မိတာပါ။ ခင်ဗျား အဲဒီလို လူမျိုးနဲ့ အလုပ် အတူတူ တွဲလုပ်ရင် သတိထားဗျ။ သူနဲ့ ပေါင်းတာ ကြာသွားရင် သူ့ဆီက ရောဂါတွေ ကူးစက်ပြီး ခင်ဗျား ဦးနှောက်ပါ သူ့လို သွက်ချာပါဒလိုက်သွားလိမ့်မယ်”
ကိရှိတာနိသည် အားပါးတရ ရယ်လိုက်မိသောကြောင့် ကုစာနာဂိ၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရသည်။
“သွားဖြဲနားဖြဲ ရယ်မနေနဲ့” ကုစာနာဂိက ဟန့်လိုက်သည်။ ထို့နောက် ယုကာဝါဘက်သို့ လှည့်ပြီး ပြောလိုက်ပြန်သည်။ “မင်းက ငါ့ကို နှိပ်ကွပ်ချင်လို့သာ ပြောနေတာပါကွာ။ အမှုတွေအတွက် အဲဒီလို ဉာဏ်ကစားရတာကို မင်းကိုယ်တိုင်လည်း သဘောကျနေတာပဲ မဟုတ်လား”
“ဘာများ သဘောကျစရာ ရှိလဲကွာ။ မင်း ဝင်ပြီး ရှုပ်ရှုပ်နေတာနဲ့ ငါ့ရဲ့ သုတေသနအလုပ်တွေ ဘယ်လောက်တောင် နှောင့်နှေးသွားရပြီလဲ ဆိုတာ မင်းသိလား။ ဒီနေ့လည်း ငါ့ဆီ ပြဿနာတွေ တစ်လှေကြီး သယ်လာတာတော့ မဟုတ်ပါဘူးနော်”
“မပူပါနဲ့။ ဒီနေ့တော့ အဲဒီ စိတ်ကူး မရှိပါဘူး။ လမ်းကြုံလို့ မင်းကို ဝင်တွေ့တာ”
“တော်ပါသေးရဲ့”
ယုကာဝါသည် အနီးရှိ လက်ဆေးကန်သို့ သွား၍ ရေခရားကို ရေအပြည့် ဖြည့်ပြီး ဂက်စ်မီးဖိုပေါ်သို့ တင်လိုက်သည်။ “ဒါနဲ့ ကျူး-အီဒိုဂါဝါမြစ်ကမ်းပေါ်က လူသတ်မှုက ပြေလည်သွားပြီလား” ယုကာဝါသည် ကြွေပန်းကန်ထဲသို့ ကော်ဖီမစ်ထုပ်ကို ဖောက်ထည့်ရင်း မေးလိုက်သည်။
“အဲဒီအမှုကို ငါတို့ ကိုင်နေပါတယ်လို့ မင်း ဘယ်လိုလုပ်ပြီး သိတာလဲ”
“မင်းကို ရဲစခန်းပြန်ခေါ်တဲ့ အဲဒီညမှာပဲ ရုပ်မြင်သံကြား သတင်းမှာ ကြေညာသွားတာကိုး။ မင်း ကြည့်ရတာ တမှိုင်မှိုင် တတွေတွေနဲ့ လမ်းပျောက်နေတဲ့ ပုံစံပဲ”
ကုစာနာဂိသည် မျက်မှောင်ကြုတ်လျက် နှာခေါင်းကို ပွတ်နေသည်။ “အဲဒီလောက်လည်း အခြေအနေ မဆိုးပါဘူးကွာ။ သံသယ တရားခံ တချို့တော့ တွေ့ထားပါပြီ။ အဲဒီကနေ ဆက်ပြီး ခြေရာခံရုံပါပဲ”
“သံသယတရားခံ တွေ့ထားပြီပေါ့” ယုကာဝါက စိတ်မပါသလို လေသံဖြင့် မေးလိုက်သည်။
ကိရှိတာနိက ဝင်ပါလာသည်။ “ကျွန်တော်တို့တွေ လမ်းကြောင်းလွဲနေတယ်လို့ ထင်တာပဲ”
ယုကာဝါက မျက်ခုံးကို ပင့်လိုက်သည်။ “ခင်ဗျားက သဘောမတူနိုင်ဘူး ဆိုပါတော့”
“သဘောမတူဘူး လို့လည်း ပြောလို့ မရပါဘူး ….”
“မင်း ဝင်မပါရင် ကောင်းမယ်” ကုစာနာဂိက သူ့ကို ဟန့်လိုက်ပြန်သည်။
“ဆောရီး”
“ခင်ဗျား တောင်းပန်နေစရာ မလိုပါဘူး။ အမိန့်ကို နာခံနေရတဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ ကိုယ်ပိုင်အယူအဆကို ဆုပ်ကိုင်ထားတာဟာ ကျွန်တော့်အမြင်မှာတော့ အင်မတန်မှ ဖြစ်သင့်တဲ့ ကိစ္စပဲ။ တကယ်လို့ အဲဒီလို ရဲရဲတွေးတတ်တဲ့ လူမျိုးတွေသာ မရှိတော့ဘူး ဆိုရင် ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လိမ့်မယ်လို့ ဘယ်တော့မှ မမျှော်လင့်နဲ့တော့”
“ဒီငနဲက လမ်းကြောင်းလွဲနေပြီလို့ ပြောတာ မင်းဆိုလိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူးကွ” ကုစာနာဂိက သက်ပြင်းချလိုက်သည်။ “ငါတို့ စောင့်ကြည့်နေတဲ့လူကို သူက အကာအကွယ် ပေးချင်နေတာ”
“မ … မဟုတ်ရပါဘူးဗျာ” ကိရှိတာနိက အထစ်ထစ် အငေါ့ငေါ့နှင့် ပြောသည်။
“တော်ပါကွာ။ ဖုံးကွယ်မနေချင်စမ်းပါနဲ့။ မင်း အဲဒီ သားအမိကို သနားနေတာမလား။ ဟုတ်တယ်ဟုတ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါလည်း သူတို့ကို သံသယ ဝင်ချင်တာ မဟုတ်ဘူး”
“မင်းတို့ဟာ ကြားရတာ အတော် ရှုပ်ထွေးသလိုပဲ” ယုကာဝါက ပြုံးဖြီးဖြီးလုပ်လျက် သူတို့နှစ်ဦးကို တစ်လှည့်စီ ကြည့်နေသည်။
“ဘာမှ မရှုပ်ပါဘူးကွာ။ အသတ်ခံရတဲ့ အမျိုးသားမှာ မယားဟောင်းတစ်ယောက် ရှိတယ်။ အခင်း မဖြစ်ခင်က သူ သူ့မယားဟောင်းအကြောင်း လိုက်ပြီး စုံစမ်းနေခဲ့တယ်။ ဒါကြောင့် ငါတို့က အဲဒီအမျိုးသမီးရဲ့ အလီဘိုင်သက်သေကို စစ်ဆေးဖို့ လုပ်နေကြရတယ်။ ဒါပါပဲ”
“ဒီတော့ သူ့မှာ အလီဘိုင် ရှိနေတယ်ပေါ့”
“ပြဿနာက အဲဒါပဲ” ကုစာနာဂိက ခေါင်းကုတ်နေသည်။
“မင်းတို့ဟာက ပဟေဠိ ဆန်နေသလိုပဲ” ယုကာဝါသည် ရယ်မောလျက် မတ်တတ်ရပ်လိုက်သည်။ ရေခရားမှ ရေနွေးငွေ့များ မှုတ်ထုတ်နေသည်။ “မင်းတို့ ကော်ဖီသောက်ကြဦးမလား”
“ကျေးဇူးပဲ”
“ငါတော့ တော်ပြီ” ကုစာနာဂိက ပြောသည်။ “သူရဲ့ အလီဘိုင်သက်သေက ငါ့စိတ်ထဲ တစ်မျိုးကြီးပဲ”
“ကျွန်တော်ဖြင့် သူတို့ ညာနေတယ်လို့ မထင်မိပေါင်”
“သက်သေ အထောက်အထား ဘာမှ မရှိသေးဘဲနဲ့ အလွယ် ယုံမနေနဲ့ဦး။ ငါတို့ အခုချိန်ထိ အဲဒီအချက်အလက်တွေကို မှန်မမှန် မစစ်ဆေးနိုင်သေးဘူး”
“ဒါပေမယ့် ရုပ်ရှင်ရုံနဲ့ ခေါက်ဆွဲဆိုင် သွားတာကို ဘယ်လိုမှ တိုက်ဆိုင် စစ်ဆေးလို့ မရဘူးလို့ အာစရိပဲ ပြောခဲ့တာ မဟုတ်လား”
“စစ်ဆေးလို့ မရဘူးလို့ ငါ မပြောပါဘူး။ စစ်ဆေးဖို့ ခက်တယ်လို့ ပြောတာပါ”
“ငါ နားလည်ပြီ။ မင်းတို့ သံသယဝင်နေတယ် ဆိုတဲ့ အမျိုးသမီးက အခင်းဖြစ်တဲ့အချိန်မှာ ရုပ်ရှင်ရုံ ရောက်နေတယ်လို့ ပြောတယ်။ အဲဒီလိုလား” ယုကာဝါသည် ကော်ဖီခွက်နှစ်ခွက် ယူလာပြီး ကိရှိတာနိကို တစ်ခွက် လှမ်းပေးလိုက်သည်။
“ကျေးဇူးပဲ” ပြောရင်း ကိရှိတာနိက ကော်ဖီခွက်ကို လှမ်းယူသည်။ ထို့နောက် ချေးညော်အလိမ်းလိမ်း ကပ်နေသော ကော်ဖီခွက်ကို မြင်သွားသောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ကုစာနာဂိက ကျိတ်ပြုံး ပြုံးနေလေသည်။
“ရုပ်ရှင်သွားကြည့်တယ် ဆိုရင်တော့ အထောက်အထားရဖို့ အတော် ခက်တဲ့ကိစ္စပဲ” ယုကာဝါသည် ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။
“ဒါပေမယ့် ရုပ်ရှင်ကြည့်ပြီးတဲ့နောက် သူတို့ ကာရာအိုကေဆိုင်ကို သွားကြတာပဲ။ ဆိုင်ဝန်ထမ်းတွေဆီက အတည်ပြုချက် ရထားပြီးသားလေ”
“အဲဒီလို ဆိုပေမယ့်လည်း ရုပ်ရှင်သွားကြည့်တဲ့ ကိစ္စကို ပစ်ထားလို့ မရဘူး။ အမှုအခင်း ဖြစ်ပြီးမှ သီချင်းသွားဆိုတာလည်း ဖြစ်နိုင်တာပဲ” ကုစာနာဂိက ပြန်ဖြေသည်။
“ဟာနာအိုကာ သားအမိ ရုပ်ရှင် သွားကြည့်တာက ည ၇ နာရီ၊ ၈ နာရီလောက်လေ။ နေရာက ဘယ်လောက်ပဲ ခေါင်ပါတယ် ပြောပြော၊ အဲဒီလိုအချိန်မျိုးမှာ လူတစ်ယောက်ကို သတ်ဖို့ဆိုတာ အတော်လေး သဘာဝ မကျတာပဲ။ ပြီးတော့ အခုဟာက သတ်ရုံ သတ်တာ မဟုတ်ဘူး။ သေသူရဲ့ အဝတ်အစားတွေကိုပါ ချွတ်ထားသေးတာ”
“မင်းပြောတာ ငါ သဘောပေါက်တယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအကုန်လုံးကို တစ်ချက်ချင်း ရှင်းမထုတ်ပစ်နိုင်မချင်း သူတို့ကို အပြစ်မဲ့ပါတယ်လို့ သတ်မှတ်ဖို့ မဖြစ်နိုင်သေးဘူး”
“မင်းတို့နှစ်ယောက်ရဲ့ ပြောစကားအရဆိုရင် အခင်းဖြစ်တဲ့အချိန်ကို သတ်မှတ်လို့ ရထားပြီ ထင်တယ်” ယုကာဝါက ဝင်မေးလိုက်သည်။
“ရင်ခွဲစစ်ဆေးချက်အရ သေဆုံးချိန်ကို ၁၀ ရက်နေ့ညနေ ၆ နာရီ နောက်ပိုင်းလို့ ဆုံးဖြတ်ထားတယ်”
“အရပ်သားတစ်ယောက်ကို အမှုနဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေ လျှောက်ပြောနေဖို့ မသင့်ဘူး” ကုစာနာဂိက ကိရှိတာနိကို သတိပေးလိုက်သည်။
“ဒါပေမယ့် … ဆရာယုကာဝါက ကျွန်တော်တို့အတွက် ဟိုးအရင်ကတည်းက အမှုတွေကို လိုက်ပေးခဲ့ဖူးတာပဲလေ”
“အဲဒါတွေက ထူးခြားဆန်းပြားတဲ့ အမှုတွေမို့လို့ကွ။ ဒီအမှုအတွက်တော့ အပြင်လူတွေ ပါဖို့ မလိုဘူး”
“မင်း ပြောသလိုပဲ ငါက အပြင်လူပါကွာ။ ဒါပေမယ့် အခု မင်းတို့ အမှုကိစ္စ ပြောနေကြတာ ငါ့နေရာမှာဆိုတာကိုတော့ မမေ့လိုက်နဲ့ဦး” ယုကာဝါသည် ကော်ဖီမစ်တစ်ငုံ စုပ်သောက်လိုက်သည်။
“ကောင်းပြီလေ။ ဒါဆိုလည်း မင်းနေရာက လစ်ရုံပေါ့” ကုစာနာဂိသည် ထိုင်နေရာမှ ထရပ်လိုက်သည်။
“နေပါဦးဟ” ယုကာဝါက ပြောသည်။ “ကာယကံရှင်တွေကရော ဘယ်လို ပြောလဲ။ သူတို့က ရုပ်ရှင်ရုံ သွားခဲ့ပါတယ်လို့ သက်သေ မပြနိုင်ကြဘူးလား”
“သူတို့က ရုပ်ရှင်ကားအကြောင်းတော့ ပြန်ပြောပြ နိုင်တာပဲ။ ဒါပေမယ့် ဘယ်တုန်းကတည်းက ကြည့်ထားမှန်း ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ”
“ရုပ်ရှင်လက်မှတ်ကော?”
ကုစာနာဂိက ယုကာဝါကို လှမ်းကြည့်သည်။ မျက်လုံးများ အကြည့်ချင်း ဆုံမိကြသည်။ “ရှိသေးတယ်”
“ဪ … လက်မှတ်ကို ဘယ်နေရာကနေ ထုတ်ပေးတာလဲ” ယုကာဝါ၏ မျက်မှန်သည် ပြတင်းပေါက်မှ ဖြာကျလာသော အလင်းတန်းကြောင့် ဝင်းခနဲ တောက်ပသွားသည်။
ကုစာနာဂိ၏ နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ် တွန့်သွားသည်။ “မင်း ဘာပြောချင်တယ် ဆိုတာ ငါသိတယ်။ ပုံမှန်ဆိုရင် အဲဒီလို လက်မှတ်ဟောင်းတွေကို သိမ်းဆည်းထားလေ့ မရှိကြဘူး။ အဲဒီလို မဟုတ်လား။ တကယ်လို့သာ ဟာနာအိုကာ ယာစုကိုက လက်မှတ်ကို အံဆွဲထဲကနေ ထုတ်ပြခဲ့ရင် ငါ သံသယ မဝင်ဘဲ ဘယ်နေပါ့မလဲ”
“ဒီလိုဆိုတော့ သူက အံဆွဲထဲကနေ ထုတ်ပြတာ မဟုတ်ဘူးပေါ့”
“စစချင်းတော့ ရုပ်ရှင်လက်မှတ်ကို လွှင့်ပစ်လိုက်ပြီ ထင်တယ်လို့ ပြောတယ်။ နောက်တော့ သူက ရုပ်ရှင်ရုံက ရလာတဲ့ ရုပ်ရှင်လက်ကမ်းကြော်ငြာကို ယူကြည့်လိုက်မှ အဲဒီကြားထဲကနေ လက်မှတ်တွေ ထွက်ကျလာတယ်”
“လက်ကမ်းကြော်ငြာတွေ ကြားက တွေ့တာလား။ သဘာဝ မကျစရာတော့ မရှိပါဘူး” ယုကာဝါသည် လက်ကို တင်းတင်း ပိုက်ထားသည်။ “လက်မှတ်ပေါ်မှာ ပါတဲ့ နေ့စွဲက အခင်းဖြစ်တဲ့ နေ့ပဲလား”
“ဒါပေါ့။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးဘူးလေ။ သူတို့ ရုပ်ရှင်ဝင်ကြည့်ခဲ့ပါတယ်လို့ သက်သေပြနိုင်တာမှ မဟုတ်ဘဲ။ အမှိုက်ပုံးထဲက ကောက်လာတာလည်း ဖြစ်ချင် ဖြစ်နေမှာ။ လက်မှတ်ဝယ်ပြီး ရုပ်ရှင်ရုံထဲ မဝင်တာလည်း ဖြစ်နိုင်တာပဲ”
“ဘာပဲဖြစ်ဖြစ်လေ။ အဲဒါကို ကြည့်ခြင်းအားဖြင့် သံသယတရားခံဟာ ရုပ်ရှင်ရုံ ဒါမှမဟုတ် အဲဒီအနီးအနားကို ရောက်ခဲ့တယ်လို့တော့ အခိုင်အမာ ယူဆလို့ ရတာပေါ့”
“ငါတို့ ဒီနေ့မနက်အစောကြီး အဲဒီအနားသွားပြီး စုံစမ်းခဲ့ကြသေးတယ်။ မျက်မြင်သက်သေများ ရှိနိုင်မလားလို့ သွားရှာတာ။ ကံမကောင်းချင်တော့ အဲဒီနေ့က တာဝန်ကျတဲ့ လက်မှတ် အရောင်းစာရေးမလေးက ခွင့်ယူထားတယ်တဲ့။ ငါတို့ သူ့အိမ်အထိတောင် လိုက်သွားသေးတယ်။ အဲဒီကနေ အပြန်မှာ လမ်းကြုံလို့ မင်းဆီ ဝင်လာတာ”
“မင်းရဲ့ အခွက်ကို ကြည့်ရတာ ဘာအထောက်အထားမှ ရလာပုံ မရဘူး။ ဟုတ်စ” ယုကာဝါက ပြုံးစစဖြင့် ပြောသည်။
“ရက်တွေလည်း ကြာခဲ့ပြီဆိုတော့ သူက လက်မှတ်ဝယ်တဲ့ လူတစ်ယောက်စီတိုင်းရဲ့ မျက်နှာကို ဘယ်လိုလုပ်ပြီး မှတ်မိနိုင်ပါ့မလဲ။ စသွားကတည်းက မျှော်လင့်ချက်တော့ သိပ်မထားပါဘူး။ ငါတို့ လက်ထောက်ပါမောက္ခကြီးရဲ့ အချိန်ကို ဖြုန်းတီးပစ်သလို ဖြစ်နေပြီ။ သွားတော့မှပဲ” ကုစာနာဂိသည် ထိုသို့ ပြောရင်း ကော်ဖီသောက်နေသော ကိရှိတာနိ၏ ပခုံးကို ပုတ်လိုက်သည်။
“ကြိုးစားထားဗျ … ရဲဘော်တို့။ တကယ်လို့သာ မင်းတို့ သံသယဖြစ်တဲ့လူက လူသတ်တရားခံသာ ဆိုရင်တော့ မင်းတို့ အုံးစားဖို့သာ ပြင်ထားပေတော့”
ယုကာဝါ၏ စကားကြောင့် ကုစာနာဂိ နောက်သို့ ပြန်လှည့်လာသည်။ “မင်းစကားက ဘာအဓိပ္ပာယ်လဲ”
“သာမန်လူတစ်ယောက် ဆိုရင် အလီဘိုင်သက်သေအဖြစ် သုံးနိုင်မှန်း သိတဲ့ ရုပ်ရှင်လက်မှတ်ကိုတောင် ဒီလောက် အလေးထားပြီး သိမ်းနေမှာ မဟုတ်ဘူး။ ရဲတွေ လာမေးနိုင်တယ်လို့ အပိုင်တွက်ထားပြီး ရုပ်ရှင်လက်မှတ်ကို ကြော်ငြာစာရွက်ကြားမှာ တကူးတက ညှပ်ထားတာပါ ဆိုရင်တော့ အဲဒီလူက ပေါ့သေးသေး လူတစ်ယောက် မဖြစ်နိုင်ဘူး” ထိုစကားများကို ပြောကြားနေစဉ် ယုကာဝါ၏ မျက်လုံးများထဲတွင် လှောင်ပြောင်လိုသော အရိပ်အရောင်များကို မတွေ့ရတော့ချေ။
ကုစာနာဂိက သူ့သူငယ်ချင်း၏ စကားကို အတန်ငယ် သုံးသပ်ဆင်ခြင်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ “အင်း … ငါ သတိထားပါ့မယ်” နှုတ်ဆက်စကား ဆိုပြီးနောက် ထွက်ခွာရန် နောက်တစ်ကြိမ် ဟန်ပြင်လိုက်ပြန်သည်။ သို့သော် တံခါးလက်ကိုင် ဖုသီးပေါ်သို့ လက်ရောက်သွားစဉ် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နောက်ပြန် လှည့်ကြည့်လိုက်ပြန်သည်။ “မင်း သိလား။ အဲဒီအမျိုးသမီးရဲ့ အိမ်ဘေးမှာ မင်းရဲ့ နောင်တော်ကြီးတစ်ယောက် နေနေတယ်”
“နောင်တော်ကြီး …” ယုကာဝါက မျက်ခုံးကို ပင့်လျက် ရေရွတ်လိုက်သည်။
“အထက်တန်းကျောင်းက သင်္ချာဆရာတဲ့။ သူ့နာမည်က အိရှိဂါမိ။ အမ်ပီရီယယ်တက္ကသိုလ်က ဘွဲ့ရထားတာပဲ။ မင်းနဲ့ ဌာနချင်း တူမယ် ထင်တယ်”
“အိရှိဂါမိ ……” ယုကာဝါသည် တစ်ယောက်တည်း ရေရွတ်နေရာမှ မျက်မှန်နောက်ရှိ မျက်လုံးများ ပြူးကျယ်လာသည်။ “ဘိုးတော် အိရှိဂါမိလား”
“ဘိုးတော် …”
“မင်း ခဏနေဦး” ပြောပြီး ယုကာဝါသည် အခန်းထဲသို့ ဝင်သွားသည်။ ကုစာနာဂိနှင့် ကိရှိတာနိတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ကျန်ရစ်ကြလေသည်။
ခဏအကြာတွင် ယုကာဝါ ပြန်ရောက်လာပြီး လက်ထဲ၌ အနက်ရောင် သားရေဖုံးနှင့် ဖိုင်တွဲတစ်တွဲ ပါလာသည်။ ကုစာနာဂိ၏ အရှေ့တွင် ဖွင့်လိုက်သည်။ “ဒီတစ်ယောက်လား”
ထိုစာမျက်နှာပေါ်တွင် ဓာတ်ပုံများစွာကို တန်းစီ၍ ကပ်ထားသည်။ အားလုံးမှာ ကျောင်းသားအရွယ်မှ ဓာတ်ပုံများ ဖြစ်သည်။ စာမျက်နှာ အထက်တွင် ‘၃၈ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှ မဟာသိပ္ပံဘွဲ့ရများ’ ဟု ပုံနှိပ်ထားသည်။
ယုကာဝါသည် မျက်နှာဝိုင်းဝိုင်းနှင့် လူတစ်ယောက်၏ ဓာတ်ပုံကို လက်ညှိုးဖြင့် ထောက်ပြနေသည်။ ဓာတ်ပုံပေါ်ရှိ လူငယ်၏ မျက်နှာတွင် ဘာ ခံစားချက်မျှ မရှိ။ ချည်မျှင်တစ်မျှင်ကဲ့သို့ ကျဉ်းမြောင်းသော မျက်လုံးနှစ်လုံးက ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေသည်။ နာမည်မှာ ‘အိရှိဂါမိ တေကျုယာ’ ဖြစ်သည်။
“ဟုတ်တယ်။ သူပဲ” ကိရှိတာနိက ပြောသည်။ “ဓာတ်ပုံထဲမှာ အတော် ငယ်သေးပေမယ့် သူမှ သူပဲ။ လုံးဝ မလွဲဘူး”
ကုစာနာဂိသည် ဓာတ်ပုံထဲမှ လူတစ်ဦး၏ ဦးခေါင်းထိပ်ပိုင်းကို လက်ချောင်းတစ်ချောင်းဖြင့် ဖုံးဖိထားရင်း ခေါင်းညိတ်နေသည်။ “ဟုတ်တယ်။ အခု သူ့ခေါင်းက အတော် ပြောင်နေတော့ ရုပ်ကို မနည်း ဖမ်းယူရတယ်။ မင်း သူ့ကို သိတယ်မလား”
“သိတယ်။ အိရှိဂါမိက စီနီယာ မဟုတ်ပါဘူးကွ။ ငါတို့နဲ့ တစ်နှစ်တည်းပဲ။ သိပ္ပံဌာနမှာက တတိယနှစ်ကနေ စပြီး အထူးပြုဘာသာတွေ ကွဲသွားကြတာကိုး။ ငါက ရူပဗေဒ ယူပြီး သူက သင်္ချာကို ရွေးခဲ့တာ” ယုကာဝါသည် ပြော၍ ဖိုင်တွဲကို ပြန်ပိတ်လိုက်သည်။
“ဒါဆို အဲဒီဘဲက ငါတို့နဲ့ တစ်ရွယ်တည်းပေါ့”
“သူက ရုပ်ရင့်နေလို့ပါ” ယုကာဝါက ပြုံးနေသည်။ ထို့နောက် သူ့မျက်နှာတွင် အံ့ဩသည့် အရိပ်အရောင်များ ယှက်သန်းလာသည်။ “ကျောင်းဆရာ … မင်း စောစောက သူ့ကို ကျောင်းဆရာ လုပ်နေတယ်လို့ ပြောလိုက်သလားလို့”
“ဟုတ်တယ်။ အထက်တန်းကျောင်းမှာ သင်္ချာဆရာ လုပ်နေတယ်လို့ သူပြောတာပဲ။ ပြီးတော့ အဲဒီကျောင်းမှာ ဂျူဒိုနည်းပြလည်း လုပ်တယ်”
“သူ ငယ်ငယ်ကတည်းက ဂျူဒိုသင်ခဲ့ဖူးတယ်လို့ သူ ပြောဖူးတယ်။ သူ့အဘိုးက ဂျူဒိုသင်တန်း ဖွင့်တယ် ဆိုလားပဲ။ အဲဒါတွေ ခဏ ထားလိုက်ပါဦး။ အိရှိဂါမိက ကျောင်းဆရာ လုပ်နေရတယ်လို့ ….. မင်း နားကြားလွဲတာ မဟုတ်ပါဘူးနော်”
“လွဲစရာလား”
“မထင်ရက်စရာပဲ။ သူ့ဆီက ဘာသတင်းမှ မကြားတာ ကြာလှပြီ။ ပုဂ္ဂလိက တက္ကသိုလ်တစ်ခုခုမှာ သုတေသန လုပ်နေတာများလားလို့ ငါ ထင်နေမိတာ။ လက်စသတ်တော့ သူက ကျောင်းဆရာ လုပ်နေတာကိုး။ သူက ဘာဖြစ်လို့ ……” ယုကာဝါ၏ မျက်လုံးများက အတိတ်တွင် ကျက်စားနေကြသယောင်။
“သူ အရင်က အရမ်းကို တော်ခဲ့တာလား” ကိရှိတာနိက မေးသည်။
ယုကာဝါက သက်ပြင်းချလိုက်သည်။ “ငါ့အနေနဲ့ ‘ဉာဏ်ကြီးရှင်’ ဆိုတဲ့ ဝေါဟာရကို သုံးလေ့သုံးထ မရှိဘူး။ ဒါပေမယ့် အဲဒီစကားလုံးက သူနဲ့ အလိုက်ဖက်ဆုံးပဲ။ ငါတို့ ပါမောက္ခတစ်ယောက်ကတောင် သူ့ကို ချီးကျူးခဲ့ဖူးတယ်။ သူ့ကို နှစ် ၅၀ ဒါမှမဟုတ် နှစ် ၁၀၀ အတွင်းမှာ မြင်ရခဲတဲ့ ပါရမီရှင်တစ်ယောက်တဲ့။ အထူးပြုတဲ့ ဘာသာရပ်တွေ မတူကြပေမယ့် သူ့ရဲ့ ကောင်းသတင်းကတော့ ငါတို့ရဲ့ ရူပဗေဒဌာနအထိကို မွှေးနေတော့တာပဲ။ သူက ကွန်ပျူတာတွေကို အားကိုးတဲ့ လူစားမျိုး မဟုတ်ဘူး။ စမ်းသပ်ခန်းထဲမှာ စာရွက်နဲ့ ဘောပင်ကိုင်ပြီး တကုပ်ကုပ်နဲ့ သင်္ချာပုစ္ဆာတွေကို ညလုံးပေါက် တွက်နေတတ်တာ။ သူ့ကို တွေ့လိုက်ရပြီ ဆိုရင် စားပွဲတစ်လုံးမှာ တကုပ်ကုပ်နဲ့ သင်္ချာတွက်နေတဲ့ သူ့ရဲ့ ကျောပြင်ကိုပဲ အမြဲတမ်း မြင်ကြရတာ။ ဒါနဲ့ပဲ အားလုံးက သူ့ကို ‘ဘိုးတော်’ လို့ နာမည်ပြောင် ပေးထားကြတယ်။ သူ့ကို လေးစားသမှုနဲ့ ပေးထားတဲ့ နာမည်ပေါ့”
ကုစာနာဂိက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေသည်။ ယုကာဝါသည် တခြားသူတစ်ယောက်အား သူ့ထက် တော်သည်ဟု ချီးမွမ်းခန်း ဖွင့်နေသည်ကို နားထောင်နေရသည်မှာ စိတ်ထဲ တစ်မျိုး ဖြစ်နေမိသည်။ သူသည် သူ၏ မျက်စိအရှေ့တွင် မြင်နေရသော သူ့သူငယ်ချင်းကို သူမတူသော ဉာဏ်ကြီးရှင်တစ်ယောက် အဖြစ် အမြဲတမ်း ထင်မှတ်နေခဲ့သည်။
“သူက အဲဒီလောက် တော်နေမှဖြင့် ဘာဖြစ်လို့ တက္ကသိုလ်မှာ ပါမောက္ခ မလုပ်ရတာလဲ” ကိရှိတာနိက မေးလာသည်။
“တက္ကသိုလ်လို နေရာမျိုးမှာက …… လူပေါင်းစုံရှိတယ်” ယုကာဝါသည် စကားကို ထိုသို့ မတင်မကျ ပြောခဲလှသည်။ သူသည်လည်း တက္ကသိုလ်တွင် လူမှုဆက်ဆံရေး ကိစ္စနှင့် ပတ်သက်ပြီး ဖိအားများစွာ ကြုံတွေ့နေရပေလိမ့်မည်ဟု ကုစာနာဂိက တွေးနေမိသည်။
“သူ အဆင်ပြေရဲ့လား” ယုကာဝါက ကုစာနာဂိကို စိုက်ကြည့်နေသည်။
“ငါ မပြောတတ်ဘူး။ ကြည့်ရတာ အဆင်မပြေတဲ့ ပုံလည်း မပေါက်ပါဘူး။ သူနဲ့ စကားပြောရတာ စက်ရုပ်နဲ့ စကားပြောနေရသလိုပဲ။ လူမှုရေး နားမလည်ဘူးလို့ပဲ ပြောရမလား မသိဘူး”
“မျက်နှာသေကြီးနဲ့ မဟုတ်လား” ယုကာဝါက ပြုံးနေသည်။
“ဟုတ်ပ။ သာမန်လူဆိုရင် ရဲတွေနဲ့ တွေ့တဲ့အခါမှာ အံ့ဩချင်လည်း အံ့ဩနေမယ်။ ဒါမှမဟုတ် ကြောက်ချင်လည်း ကြောက်နေမယ်။ သူတို့မျက်နှာက တစ်ခုခုတော့ ဖြစ်နေတတ်တာပဲ။ သူ့ကျတော့ မျက်နှာသေကြီးနဲ့။ ခပ်တည်တည်ကြီး။ လောကီကိစ္စ မှန်သမျှကို ဘာမှ စိတ်မဝင်စားတော့တဲ့ ပုံစံမျိုး”
“သင်္ချာကလွဲလို့ သူက ဘာမှ စိတ်ဝင်စားတာ မဟုတ်ဘူး။ အဲဒီလို ဆိုပေမယ့်လည်း သူ့မှာ ဆွဲဆောင်မှုတစ်မျိုးတော့ ရှိနေတာပဲ။ သူ့ရဲ့ အိမ်လိပ်စာကို ပြောပြလို့ ရမလား။ နောက်နေ့ အားတဲ့အချိန် သူနဲ့ သွားတွေ့ရအောင်”
“မင်းက သူများအိမ် သွားလည်တတ်တယ်ပေါ့။ ထူးဆန်းပါပေ့ကွာ”
ကုစာနာဂိသည် မှတ်စုစာအုပ်ကို ဆွဲထုတ်ပြီး ဟာနာအိုကာ ယာစုကို၏ အိမ်လိပ်စာကို ယုကာဝါအား ပေးလိုက်သည်။ ယုကာဝါက လိပ်စာကို ကူးယူနေသည်။ အဆက်အသွယ် ပြတ်သွားသော မိတ်ဟောင်းဆွေဟောင်းနှင့် ပြန်တွေ့ရတော့မည် ဖြစ်သောကြောင့် သူ့စိတ်ထဲတွင် ရွှင်မြူးနေပြီး အမှုနှင့် ပတ်သက်၍ ဘာမျှ ထပ်မမေးတော့ပေ။
****
ည ၆ နာရီ ၂၈ မိနစ်တွင် ဟာနာအိုကာ ယာစုကိုသည် စက်ဘီးနင်း၍ အိမ်သို့ ပြန်ရောက်လာသည်။ အိရှိဂါမိသည် သူ့အခန်း၏ ပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ ငေးကြည့်နေသည်။ သူ၏ မျက်နှာချင်းဆိုင်ရှိ စားပွဲပေါ်တွင် သင်္ချာပုံသေနည်းများစွာ ရေးခြစ်ထားသော စက္ကူများက တောင်လို ပုံနေကြသည်။ ကျောင်းမှ ပြန်ရောက်သော အခါတိုင်းတွင် သူသည် ဤပုံသေနည်းများနှင့် နပန်းလုံးနေတတ်သည်။ ယနေ့ ဂျူဒိုသင်တန်း မရှိသောကြောင့် ကျောင်းမှ စောစော ပြန်ရောက်လာခဲ့၍ အချိန်ပိုရသော်ငြားလည်း သူ၏ သင်္ချာပုစ္ဆာမှာ များစွာ တိုးတက်မှု မရှိသေးပေ။ ယနေ့ တစ်ရက်တည်းသာ ထိုသို့ ဖြစ်နေသည် မဟုတ်။ ယခုရက်ပိုင်းအတွင်း ထိုအဖြစ်မျိုးနှင့်သာ ကြုံနေရသည်။ သူသည် အိမ်တွင်း၌ ထိုင်နေရင်း ဘေးအိမ်၏ လှုပ်ရှားမှုများကို တိတ်တဆိတ် နားစွင့်နေတတ်သော အကျင့်တစ်ခု ရနေခဲ့ပြီ။ ရဲများ ထိုအိမ်သို့ လာရောက်ခြင်း ရှိမရှိကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
ယမန်နေ့ညကလည်း ယခင်လာနေကျ မှုခင်းရဲနှစ်ယောက်ပင် ဟာနာအိုကာတို့ အိမ်သို့ ရောက်လာခဲ့ကြသေးသည်။ ရဲသက်သေခံကတ်ပြားပေါ်တွင် ရိုက်နှိပ်ထားသော ‘ကုစာနာဂိ’ ဟူသော နာမည်ကို သူ မှတ်မိနေသည်။
သူ မျှော်လင့်ထားသည့် အတိုင်းပင်။ သူတို့သည် ရုပ်ရှင်ရုံသို့ အမှန်တကယ် သွားရောက်ခြင်း ရှိမရှိ သေချာနိုင်ရန် လာရောက်စုံစမ်းခြင်း ဖြစ်ကြောင်း ယာစုကိုက ပြောပြခဲ့သည်။ ရုပ်ရှင်ရုံထဲတွင် ထူးခြားသော အဖြစ်အပျက်များ ကြုံတွေ့ခဲ့သလော။ ရုပ်ရှင်ရုံထဲတွင်လည်းကောင်း၊ ရုပ်ရှင်ရုံ မရောက်ခင်၌လည်းကောင်း၊ ရုပ်ရှင်ရုံမှ ထွက်လာသော အခါတွင်လည်းကောင်း မည်သူနှင့် ဆုံတွေ့ခဲ့သနည်း။ ရုပ်ရှင်လက်မှတ် သိမ်းထားခြင်း ရှိမရှိ။ အကယ်၍ ရုပ်ရှင်ရုံထဲတွင် ပစ္စည်းတစ်ခုခု ဝယ်ယူခဲ့လျှင် ငွေလက်ခံဖြတ်ပိုင်းကို သိမ်းထားခြင်း ရှိမရှိ။ ရုပ်ရှင်သရုပ်ဆောင်များက မည်သူနည်း။ သူတို့ ဘာတွေ ပြောကြသနည်း …. စသည်ဖြင့် ယာစုကိုကို မေးခွန်းပေါင်းများစွာ မေးခဲ့ကြသည်။
ကာရာအိုကေနှင့် ပတ်သက်၍မူ သူတို့ ဘာမျှ မမေးကြချေ။ ထိုအပိုင်းကို သူတို့ စစ်ဆေးပြီးပြီမှာ သေချာသည်။ ထိုနေရာသို့ သူတို့ အလွယ်တကူ သွားရောက် စုံစမ်းနိုင်သောကြောင့်သာလျှင် အိရှိဂါမိက တမင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အိရှိဂါမိ၏ ညွှန်ကြားချက်အတိုင်း ယာစုကိုသည် ရုပ်ရှင်လက်မှတ်နှင့် ရုပ်ရှင်လက်ကမ်းကြော်ငြာကို တွဲ၍ ရဲများကို ပြသခဲ့သည်။ ရုပ်ရှင်ဇာတ်လမ်းကို အကြမ်းဖျင်း ပြောပြသည်မှ လွဲ၍ ကျန်မေးခွန်းများကို ‘မမှတ်မိတော့ပါ’ ဟူသော အကြောင်းပြချက်ဖြင့် ဘူးခံငြင်းရန် မှာကြားထားခဲ့သည်။ ယာစုကိုကလည်း အိရှိဂါမိ ညွှန်ကြားထားသည့်အတိုင်း တစ်သဝေမတိမ်း လုပ်ဆောင်ခဲ့သည်။
ထို့နောက် ရဲများသည် ကျေနပ်စွာ ပြန်သွားကြသည်ဟု ယာစုကိုက ပြောသည်။ သို့သော် သူတို့သည် ဤမျှ လွယ်လွယ်ကူကူဖြင့် လက်လျှော့သွားကြလိမ့်မည် မဟုတ်ကြောင်း အိရှိဂါမိက ယုံကြည်ထားသည်။ ရုပ်ရှင်ရုံသွားကြောင်း အထောက်အထားကို လာရောက် စစ်ဆေးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရဲဘက်တွင် ဟာနာအိုကာ ယာစုကိုအား သံသယ ဝင်နိုင်လောက်သော သဲလွန်စ တစ်စုံတစ်ခု တွေ့ရှိထားပြီ ဖြစ်ကြောင်း တွက်ဆနိုင်သည်။
အိရှိဂါမိသည် မတ်တတ်ရပ်ပြီး အပေါ်ဝတ် ကုတ်အင်္ကျီကို လှမ်းယူလိုက်သည်။ ထို့နောက် ဖုန်းကတ်၊ ပိုက်ဆံအိတ်နှင့် အိမ်သော့တို့ကို ထည့်၍ အိမ်ပြင်သို့ ထွက်လာခဲ့သည်။
လှေကားမှ အောက်သို့ ဆင်းရန် ဟန်ပြင်နေစဉ် အောက်ဘက်မှ ခြေသံများ ပျံ့လွင့်လာသည်။ သူသည် ခြေလှမ်းများကို တုံ့နှေးလိုက်ပြီး ခေါင်းကို ငုံ့ထားသည်။
အပေါ်သို့ တက်လာသူမှာ ယာစုကို ဖြစ်သည်။ သူမအထက်တွင် ရပ်နေသူမှာ အိရှိဂါမိဖြစ်ကြောင်း သူမ တော်တော်နှင့် မသိသေးပေ။ အနီးအနားရောက်၍ ကပ်ရှောင်ခါနီးမှ သူမ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမ တစ်စုံတစ်ခု ပြောချင်နေကြောင်းကို အစဉ်အမြဲ ခေါင်းငုံ့ထားသော အိရှိဂါမိက ရိပ်စားမိသည်။
သူမထံမှ ဘာအသံမျှ ထွက်မလာခင် အိရှိဂါမိက ဦးအောင် နှုတ်ဆက်လိုက်သည်။ “မင်္ဂလာညချမ်းပါ”
တခြားသူများနှင့် စကားပြောစဉ်ကကဲ့သို့ သူ့အသံကို တတ်နိုင်သမျှ ခပ်တိုးတိုး ခပ်မှန်မှန် ထားပြီး နှုတ်ဆက်လိုက်သည်။ ယာစုကိုကို မော့၍လည်း မကြည့်။ လှမ်းနေသော ခြေလှမ်းများကိုလည်း ရပ်တန့်ခြင်း မပြုဘဲ သူမကို ကျော်ကာ အောက်ထပ်သို့ ဆင်းသွားလေသည်။
ရဲများသည် တစ်နေရာရာမှ နေ၍ သူမကို စောင့်ကြည့်နေနိုင်သည်။ အကယ်၍ လမ်းတွင် မတော်တဆ ဆုံမိကြလျှင်လည်း အိမ်နီးချင်း ဆက်ဆံရေးထက် မပိုမိစေရန် ကြိုးစားပြုမူပါ။ ဤသည်မှာလည်း အိရှိဂါမိ၏ ညွှန်ကြားချက်တစ်ရပ် ဖြစ်သည်။ ယာစုကိုသည် သူ၏ မှာကြားချက်ကို သတိရသွားသည့်အလား အသံ ခပ်တိုးတိုးဖြင့် ပြန်လှန် နှုတ်ဆက်ကာ အပေါ်ထပ်သို့ တက်သွားသည်။
ပြောနေကျ ဖုန်းရုံသို့ ရောက်သည်နှင့် အိရှိဂါမိသည် ဖုန်းလက်ကိုင်ကို ကောက်ကိုင်ပြီး ဖုန်းကတ်ကို ထိုးထည့်လိုက်သည်။ မီတာ ၃၀ အကွာလောက်တွင် ကုန်စုံဆိုင် တစ်ဆိုင် ရှိသည်။ ဆိုင်ရှင်ဟု ယူဆရသော အမျိုးသားတစ်ဦးသည် ဆိုင်သိမ်းရန် လုံးပန်းနေသည်။ ထိုသူမှ လွဲ၍ အနီးပတ်ဝန်းကျင်တွင် ဘာ လူရိပ်လူခြည်မျှ မတွေ့ရပေ။
“ဟယ်လို၊ ကျွန်မပါ” ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် ယာစုကို၏အသံ ထွက်ပေါ်လာသည်။ ဖုန်းခေါ်သူမှာ အိရှိဂါမိ ဖြစ်မှန်း သူမ ကြိုတင် သိရှိထားပြီး ဖြစ်ကြောင်း သူမ၏ လေသံက ဖော်ပြနေသည်။ ထိုအချက်ကြောင့် အိရှိဂါမိက ကျိတ်၍ ပျော်နေမိသည်။
“ကျွန်တော် အိရှိဂါမိပါ။ ဘာများ ထူးခြားသေးလဲ”
“ရဲတွေ လာသွားသေးတယ်။ ဆိုင်ကို”
“ဘန်တန်တိုင်ကို”
“ဟုတ်။ ဟိုနှစ်ယောက်ပဲ”
“ဒီတစ်ခါရော ဘာတွေ လာမေးတာလဲ”
“ဆိုင်ကို တိုဂါရှိ လာခဲ့ဖူးသလားလို့ မေးတာ”
“ခင်ဗျား ဘယ်လို ဖြေလိုက်လဲ”
“မလာဖူးဘူးလို့ ဖြေလိုက်တယ်။ သူ လာတဲ့ အချိန်တုန်းက ကျွန်မ ဆိုင်မှာ မရှိတာ နေမှာပေါ့လို့ ရဲတွေက ပြောနေသေးတယ်။ ပြီးတော့ မီးဖိုချောင်ဘက် ဝင်သွားတယ်။ သူတို့ ပြန်သွားတော့မှ ကျွန်မ သူဌေးက ကျွန်မကို ပြောတယ်။ ရဲတွေက သူတို့ကို တိုဂါရှိရဲ့ ဓာတ်ပုံပြပြီး ဒီလူ ဆိုင်ကို လာဖူးသလားလို့ မေးသတဲ့။ သူတို့ ကျွန်မကို သံသယ ဝင်နေကြပြီ”
“ခင်ဗျားကို သံသယဝင်တာက ကျွန်တော်ရဲ့ တွက်ကိန်းအတိုင်းပဲ။ ကြောက်စရာ မလိုပါဘူး။ တခြားရော သူတို့ ဘာမေးသေးသလဲ”
“သူတို့က ကျွန်မ အရင်အလုပ်လုပ်ခဲ့ဖူးတဲ့ ဆိုင်အကြောင်းကိုလည်း မေးနေသေးတယ်။ ကင်ရှိချိုက အရက်ဘားလေ။ အဲဒီဆိုင်ကို အခုချိန်ထိ ကျွန်မ သွားမသွားနဲ့ အဲဒီကလူတွေနဲ့ အဆက်အသွယ် ရှိမရှိ မေးသေးတယ်။ ကျွန်မ မစ္စတာ အိရှိဂါမိ မှာထားသလိုပဲ ဘူးခံငြင်းခဲ့တယ်။ ကျွန်မလည်း သူတို့ကို ပြန်မေးလိုက်တယ်။ ဘာဖြစ်လို့ ကျွန်မရဲ့ အလုပ်ဟောင်းအကြောင်းကို စုံစမ်းနေရတာလဲပေါ့။ သူတို့က ပြောတယ်။ တိုဂါရှိ အသတ်မခံရခင်က အဲဒီကို ရောက်ခဲ့သေးတယ်တဲ့”
“ဪ” အိရှိဂါမိသည် ဖုန်းလက်ကိုင်ကို နားတွင် ဖိထားပြီး ခေါင်းညိတ်နေသည်။ “တိုဂါရှိက အဲဒီကနေ ခင်ဗျားရဲ့ အကြောင်းကို စုံစမ်းလို့ ရခဲ့တာ ဖြစ်မယ်”
“ဟုတ်မယ်။ ဘန်တန်တိုင်မှာ အလုပ်လုပ်နေတာကို အဲဒီကနေ စုံစမ်းခဲ့တာ ဖြစ်မယ်။ တိုဂါရှိက ကျွန်မကို ရှာနေတာကြောင့် ဘန်တန်တိုင်ကို သူ မလာဘဲ မနေဘူးတဲ့။ ရဲတွေက အဲဒီလို ပြောတယ်။ ကျွန်မကလည်း ပြန်ပြောလိုက်တယ်။ ကျွန်မဆီ မလာတာက မလာတာပဲ။ ကျွန်မလည်း ဘာမှ မတတ်နိုင်ဘူးလို့”
အိရှိဂါမိသည် ကုစာနာဂိ၏ ပုံပန်းသဏ္ဌာန်ကို ပြန်ပြီး မြင်ယောင်ကြည့်မိသည်။ ထိုသူ၏ ရုပ်သွင်ဟန်ပန်မှာ သဘောကောင်းမည့်ပုံ ရသည်။ စကားပြောပုံမှာလည်း နူးညံ့သိမ်မွေ့သည်။ ခြိမ်းခြောက်၍ ဟိန်းဟောက်တတ်မည့် လူစားမျိုး မဟုတ်။ သို့သော် သူသည် ရာဇဝတ် မှုခင်းဌာနတွင် အလုပ်မြဲနေသည်ကို ကြည့်ခြင်းအားဖြင့် ပျော့ညံ့သူ မဟုတ်ကြောင်း ထင်ရှားနေသည်။ ကိုယ်ပိုင်အစွမ်းအစ ရှိသူ ဖြစ်ရမည်။ လိုချင်သည့် အဖြေရအောင် အကြမ်းနည်းသုံးပြီး စစ်ဆေးလိမ့်မည် မဟုတ်ဘဲ အနုနည်းဖြင့် အမှန်တရားကို မရအရ ဆွဲထုတ်ယူမည့် လူစားမျိုး ဖြစ်သည်။ အိရှိဂါမိ၏ စာများထဲမှ အမ်ပီရီယယ်တက္ကသိုလ်၏ စာကို ချက်ချင်း သတိထားမိခဲ့သော ကုစာနာဂိ၏ အမြင်သည် စူးရှသည်ဟု ဆိုရပေမည်။ ထိုသို့သောသူကို အိရှိဂါမိအနေဖြင့် နည်းနည်းမျှ ပေါ့ဆ၍ မဖြစ်။
“တခြားကော ဘာမေးသေးလဲ”
“ကျွန်မကို အဲဒီလောက်ပဲ မေးတယ်။ ဒါပေမယ့် မီစာတို ….”
အိရှိဂါမိသည် ဖုန်းလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ “ရဲတွေက သူ့ကို သွားတွေ့ကြတယ်လား”
“ဟုတ်။ ကျွန်မကို စောစောက မီစာတို ပြောတယ်။ သူ ကျောင်းထဲက ထွက်လာတာနဲ့ သူတို့က သူ့ဆီကို ချဉ်းကပ်လာတယ်တဲ့။ ဟိုရဲနှစ်ယောက်ပဲ ဖြစ်မယ် ထင်တယ်”
“မီစာတို ခင်ဗျားရဲ့ အနားမှာ ရှိလား”
“ရှိတယ်။ သူ့ကို နားထောင်ခိုင်းလိုက်မယ်”
မီစာတိုသည် အနားတွင် ရှိနေပုံရသည်။ ချက်ချင်း ဆိုသကဲ့သို့ “ဟယ်လို” ဟူသော သူမအသံ ထွက်ပေါ်လာသည်။
“ရဲတွေက သမီးကို ဘာတွေ မေးတာလဲ”
“ဟိုလူယုတ်မာရဲ့ ဓာတ်ပုံကို ပြပြီး သမီးတို့အိမ် လာသွားသလားလို့ မေးတာ”
“မလာဘူးလို့ ဖြေလိုက်တယ်မလား”
“ဟုတ်ကဲ့”
“တခြားရော ဘာမေးသေးလဲ”
“ရုပ်ရှင်။ သမီးတို့ ရုပ်ရှင်ကြည့်တာ ၁၀ ရက်နေ့က ဆိုတာ သေချာရဲ့လားလို့ မေးတယ်။ အမှတ်မှားနေသလားတဲ့။ ၁၀ ရက်နေ့ သေချာတယ်၊ လုံးဝ မမှားဘူးလို့ သမီး ပြန်ဖြေလိုက်တယ်”
“အဲတော့ သူတို့က ဘာပြန်ပြောလဲ”
“ရုပ်ရှင်ကြည့်ခဲ့တဲ့ ကိစ္စကို တခြား ဘယ်သူ့ကို ပြောပြဖူးသလဲလို့ သမီးကို မေးသေးတယ်။ သူငယ်ချင်းတွေဆီ စာတိုပို့ပြီး ပြောဖူးလားတဲ့”
“သမီးက ဘယ်လို ပြန်ဖြေလဲ”
“သမီး ဘယ်သူ့ကိုမှ စာတို မပို့ဖူးဘူး။ ဒါပေမယ့် သူငယ်ချင်းကိုတော့ အဲဒီအကြောင်း ပြောပြဖူးတယ်လို့။ နောက်တော့ သူတို့က သမီးရဲ့ သူငယ်ချင်းနာမည်ကို မေးတယ်”
“သမီး သူတို့ကို ပြောပြလိုက်လား”
“မီကာရဲ့ နာမည်ကိုပဲ ပြောလိုက်တယ်”
“၁၂ ရက်နေ့က သမီးနဲ့ ရုပ်ရှင်အကြောင်း စကားပြောဖြစ်တဲ့ သူငယ်ချင်းနာမည်က မီကာလား”
“ဟုတ်တယ်”
“ကောင်းတယ်။ သမီးလုပ်တာ သိပ်မှန်တယ်။ ရဲတွေက တခြားကော မေးသေးလား”
“ဟင့်အင်း၊ ထွေထွေထူးထူး ဘာမှ မမေးတော့ဘူး။ သမီးကို ကျောင်းတက်ရတာ ပျော်ရဲ့လား။ ကြက်တောင်ရိုက်ရတာ ပင်ပန်းလားလို့ပဲ မေးတယ်။ သမီး ကြက်တောင်ရိုက်အသင်း ဝင်ထားတာကို သူတို့ ဘယ်လိုလုပ်ပြီး သိသလဲ မပြောတတ်ဘူး။ အဲဒီတုန်းက သမီးလက်ထဲမှာလည်း ဘက်တံ မရှိပါဘူး”
အိမ်ထဲတွင် ထောင်ထားသော ကြက်တောင်ရိုက် ဘက်တံကို သူတို့ မြင်သွားသောကြောင့် ဖြစ်ရမည်ဟု အိရှိဂါမိက ယူဆသည်။ ထိုရဲသား၏ အမြင်စူးရှမှုကို အထင်သေး၍ မရ။
“အဆင်ပြေရဲ့လား မသိဘူး” ဖုန်းထဲမှ ထွက်ပေါ်လာသော အသံရှင်မှာ ယာစုကို ဖြစ်နေသည်။
“ဘာပြဿနာမှ မရှိပါဘူး” အိရှိဂါမိသည် ယာစုကိုကို စိတ်လက်သက်သာစေရန် သူမကို နှစ်သိမ့်လိုက်သည်။ “အခုချိန်ထိ ကျွန်တော် တွက်ဆထားတဲ့အတိုင်း အစီအစဉ်တကျ သွားနေတာပဲ။ ရဲတွေ ထပ်ပြီး လာရှာကြလိမ့်ဦးမယ်။ ကျွန်တော် မှာထားတဲ့အတိုင်းသာ ဆက်လုပ်သွားပေးပါ”
“ကျေးဇူးပါရှင်။ ကျွန်မတို့မှာ အားကိုးစရာ ဆိုလို့ မစ္စတာ အိရှိဂါမိ တစ်ယောက်ပဲ ရှိပါတယ်”
“စိတ်မပူပါနဲ့။ တစ်ခဏတော့ သည်းခံလိုက်ပါဦး။ မနက်ဖြန်မှ ထပ်တွေ့ကြတာပေါ့”
အိရှိဂါမိသည် ဖုန်းကို ချလိုက်သည်။ လက်တစ်ဘက်မှ ဖုန်းကတ်ကို ဆွဲနှုတ်နေရင်း နောက်ဆုံးပြောခဲ့သော စကားအတွက် နောင်တ ရနေမိသည်။ “တစ်ခဏတော့ သည်းခံလိုက်ပါဦး” ထိုစကားသည် တာဝန်မဲ့ရာ ကျလွန်းနေသည်။ တစ်ခဏ … ထိုတစ်ခဏသည် မည်မျှ ကြာညောင်းနိုင်သနည်း။ ထိုကဲ့သို့ မရေရာသော စကားမျိုးကို သူ မပြောသင့်။
မည်သို့ပင် ဖြစ်စေ၊ ယခု လက်ရှိအနေအထားအရ ဆိုလျှင် အခြေအနေအားလုံးသည် သူ ချမှတ်ထားသည့် အစီအစဉ်အတိုင်း ဖြစ်ပျက်နေသည်။ ယာစုကိုအကြောင်းကို တိုဂါရှိက ထောက်လှမ်းနေခဲ့သည် ဟူသော သတင်းကို ရဲဘက်မှ စုံစမ်းသိရှိသွားနိုင်ကြောင်း သူ အစောကြီးကတည်းက တွက်ဆထားပြီး ဖြစ်သည်။ ထို့ကြောင့် အလီဘိုင်သက်သေကို သံသယဝင်ပြီး အသည်းအသန် လိုက်စစ်မည်ကိုလည်း သူ မျှော်လင့်ထားခဲ့သည်။
မီစာတိုထံသို့ ရဲများ သွားတွေ့မည်ကိုလည်း သူ ကြိုတင် ခန့်မှန်းထားသည်။ သက်သေအထောက်အထားများ အင်ထုထားခြင်း ရှိမရှိ သိရှိနိုင်ရန်အတွက် သမီးထံမှ အစ်အောက်ထုတ်ရလျှင် ပိုမို လွယ်ကူနိုင်သည်ဟု သူတို့ ယူဆထားပေလိမ့်မည်။ ပြင်ဆင်စရာ ရှိသည်များကို အားလုံးကြိုတင်ပြီး အသင့် ပြင်ဆင်ထားပြီးပြီဟု ဆိုနိုင်သော်ငြားလည်း အစစအရာရာ သတိဝီရိယတော့ ရှိထားမှ တော်လိမ့်မည်။
ထိုသို့သော အတွေးများ ခေါင်းမှာ ရစ်ဝဲလျက် တိုက်ခန်းရှိရာသို့ ပြန်ရောက်လာသောအခါ အခန်းပေါက်ဝတွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ အနက်ရောင် ဂျက်ကက်အင်္ကျီ ခပ်ပါးပါးတစ်ထည်ကို ဝတ်ဆင်ထားသော အရပ်မြင့်မြင့်နှင့် အမျိုးသားတစ်ဦး။ ခြေသံကို ကြားလိုက်ရသောအခါ ထိုသူသည် ခြေသံကြားရာဘက်သို့ လှည့်လာပြီး သူ့မျက်မှန်မှ အလင်းတန်းတစ်ခု ဖြာထွက်လာသည်။
ရဲလား။ ၎င်းမှာ သူ၏ ပထမဆုံး အတွေးဖြစ်သည်။ သို့သော် ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်သည်။ ထိုသူ၏ ရှူးဖိနပ်မှာ အသစ်စက်စက် ဖြစ်ပြီး သန့်ရှင်း ပြောင်လက်နေသည်။
သတိထားပြီး အနားသို့ တိုးကပ်သွားစဉ် ထိုသူ့ထံမှ အသံထွက်ပေါ်လာသည်။ “အိရှိဂါမိ”
အိရှိဂါမိက ထိုသူ့ကို ခေါင်းမော့ကြည့်လိုက်သည်။ မျက်နှာပြင်တွင် အပြုံးပန်းများ ဝေဆာနေသည့်အပြင် သူ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော အပြုံး ဖြစ်နေသည်။
အိရှိဂါမိသည် အသက်ကို ဝအောင် ရှူလိုက်စဉ် သူ့မျက်လုံးများလည်း ပြူးကျယ်လာလေသည်။ “မင်း ယုကာဝါ မဟုတ်လား”
လွန်ခဲ့သော အနှစ်နှစ်ဆယ်က ပုံရိပ်များ သူ့ခေါင်းထဲသို့ ပြေးဝင်လာကြသည်။