မာတိကာကြည့်ရန်

အခန်း (၂) သန်းခေါင်ယံည၏ ဘာဂျာသံ

 

(က)

ဧည့်ကြိုကောင်တာတွင် ထိုင်နေသူမှာ အသက် ၆၀ ကျော်ပြီဟု ထင်သာမြင်သာရှိလှသော ပိန်လှီသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ မနှစ်က ဤနေရာတွင် တွေ့ခဲ့ရသူမှာ ထိုသူ မဟုတ်။ ပင်စင်ယူပြီး၍ ဤနေရာသို့ အလုပ်လာဆင်းခြင်း ဖြစ်ရပေမည်။

ကတ်ဆူရိုသည် သူ၏ နာမည်ကို ပြောပြနေစဉ် စိတ်ထဲ မသက်မသာ ဖြစ်နေသည်။

“ဘယ်က ကတ်ဆူရိုလဲ” ထိုလူကြီးက ပြန်မေးသည်။ သူ ထင်ထားသည့် အတိုင်းပင်။

“မတ်ဆူအိုကာ ကတ်ဆူရို ပါ။ ပွဲတော်အတွက် ဖျော်ဖြေပေးဖို့ ရောက်လာတာ ခင်ဗျ”

“ပွဲတော်?”

“ခရစ္စမတ်ပွဲအတွက်လေ”

“ဪ … အေး” ထိုလူကြီးက သဘောပေါက်သွားဟန်ဖြင့် “ဖျော်ဖြေပွဲအတွက် မြို့ပေါ်က လာမယ်လို့တော့ ကြားတယ်။ ကျွန်တော်က တီးဝိုင်းအဖွဲ့ ထင်နေတာ။ လက်စသတ်တော့ ခင်ဗျား တစ်ယောက်တည်းကိုး”

“ဟုတ်ကဲ့၊ တစ်ယောက်တည်းပါ”

“ခဏစောင့်ဦး”

ထိုလူကြီးက ဖုန်းဆက်နေသည်။ ဖုန်းထဲတွင် တစ်ဘက်လူနှင့် စကားအနည်းငယ် ပြောပြီးနောက် ကတ်ဆူရိုကို လှမ်းပြောလိုက်သည်။ “ဒီမှာ ခဏလောက် ထိုင်စောင့်ပေးပါဦး”

ခဏကြာသောအခါ မျက်မှန်တပ်ထားသော အမျိုးသမီးတစ်ယောက် ရောက်လာသည်။ ကတ်ဆူရိုက သူ့ကို သိထားပြီး ဖြစ်သည်။ မနှစ်ကလည်း ဖျော်ဖြေပွဲကို သူကပင် ဦးစီး ဆောင်ရွက်ခဲ့သည်။ သူကလည်း ကတ်ဆူရိုကို မှတ်မိပေလိမ့်မည်။ ပြုံးလျက် သူ့ကို နှုတ်ဆက်လိုက်သည်။ “မတွေ့ရတာ ကြာပြီနော်။ အခုလို ကြွလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်”

“ဖိတ်ကြားတဲ့အတွက် ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်ဗျာ” ကတ်ဆူရိုက ပြောသည်။

“ကျွန်မတို့က ကျေးဇူးတင်ရမှာပါ”

ကတ်ဆူရိုကို နားနေခန်းသို့ ပို့ဆောင်ပေးသည်။ အခန်းထဲတွင် ဆိုဖာနှင့် လက်ဘက်ရည်ပန်းကန်တချို့ ရိုးရှင်းစွာ ပြင်ဆင်ထားသည်။

“အချိန်ကတော့ မိနစ် ၄၀ လောက် ရမယ်။ မနှစ်က အတိုင်းပါပဲ။ ဖျော်ဖြေဖို့ အစီအစဉ်ကတော့ ရှင် သဘောကျသလို စီစဉ်နိုင်ပါတယ်။ ဖြစ်တယ်မလား” တာဝန်ခံ အမျိုးသမီးက မေးသည်။

“ဖြစ်ပါတယ်။ သီချင်းတွေကတော့ ခရစ္စမတ်သီချင်းတွေကိုပဲ ဦးစားပေးပြီး ဆိုသွားပါ့မယ်။ ကျွန်တော်ရဲ့ ကိုယ်ပိုင်သီချင်း တချို့ရောပေါ့”

“စိတ်ဝင်စားစရာပဲ” အမျိုးသမီးက မပွင့်တပွင့် ပြုံးပြနေသည်။ ကိုယ်ပိုင်သီချင်း ဆိုသည်ကို စိတ်ဝင်စားသွားသောကြောင့်လား မဆိုနိုင်။

ဖျော်ဖြေပွဲ ကျင်းပရန် အချိန် အနည်းငယ် လိုသေးသောကြောင့် ကတ်ဆူရိုသည် နားနေခန်းထဲတွင် စောင့်ဆိုင်းနေရသည်။ သူ့အတွက် လက်ဘက်ရည်ကြမ်းတစ်အိုး တည်ပေးထား၍ သူသည် စက္ကူခွက်ထဲသို့ ငှဲ့လိုက်ပြီး နည်းနည်းချင်း သောက်နေသည်။

ယခုအကြိမ်နှင့် ဆိုလျှင် ‘မာရူမစ်ဆူအန်’ မိဘမဲ့ဂေဟာသို့ ဒုတိယအကြိမ်မြောက် လာရောက် ဖျော်ဖြေပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တောင်စောင်းတွင် တည်ရှိပြီး သံကူကွန်ကရစ်ဖြင့် ဆောက်လုပ်ထားသော လေးထပ်အဆောက်အအုံတစ်လုံး ဖြစ်သည်။ ၎င်းတွင် လူနေအိပ်ခန်းများ၊ စားသောက်ခန်းမဆောင်နှင့် ဘုံရေချိုးကန်များ ပါရှိသည်။ ထို့နောက် ကလေးငယ်များမှ စ၍ ၁၈ နှစ်အရွယ် လူငယ်များအတွက် အားကစားနည်းမျိုးစုံ ပြုလုပ်နိုင်သော အားကစားခန်းမလည်း ရှိပေသည်။ ကတ်ဆူရိုသည် မိဘမဲ့ဂေဟာ အတော်များများသို့ ရောက်ခဲ့ဖူးသည်။ ဤနေရာ၏ အပြင်အဆင်များမှာ အလယ်အလတ်တန်း အဆင့်ရှိသည်ဟု ဆိုနိုင်ပေသည်။

ကတ်ဆူရိုသည် ဂီတာကို ကောက်ကိုင်ပြီး နောက်ဆုံးအနေဖြင့် အသံထွက် မှန်မမှန် စစ်ဆေးလိုက်သည်။ ထို့နောက် သီချင်းတစ်ပုဒ် တီးခတ်ကြည့်သည်။ မဆိုးသေး။ မိမိကိုယ်မိမိ ကျေနပ်စွာ ပြုံးလိုက်မိသည်။

ဖျော်ဖြေပွဲ စတင်ပြီ ဖြစ်ကြောင်း တာဝန်ခံ အမျိုးသမီးက လာရောက် သတိပေးသည်။ သူသည် ခွက်ထဲမှ လက်ကျန် လက်ဘက်ရည်ကြမ်းကို မော့သောက်ပြီး မတ်တတ်ရပ်လိုက်သည်။

ဖျော်ဖြေပွဲကို အားကစားခန်းမထဲတွင် ကျင်းပခြင်း ဖြစ်သည်။ ကလေးများသည် အတန်းလိုက် ချထားသော ခေါက်ကုလားထိုင်များပေါ်တွင် စည်းကမ်းသေဝပ်စွာ ထိုင်နေကြသည်။ အများစုမှာ ၁၀ နှစ်အောက် ကလေးများ ဖြစ်သည်။ ကတ်ဆူရို စင်ပေါ် တက်လိုက်သည်နှင့် သူတို့က လက်ခုပ် တဖြောင်းဖြောင်း တီးကာ ဩဘာပေးနေကြသည်။ ဤသို့ ပြုလုပ်ရန် လူကြီးများက သူတို့ကို ညွှန်ကြားထားပုံ ရသည်။

စင်ပေါ်တွင် မိုက်ခွက်၊ ထိုင်ခုံနှင့် ဂီတမှတ်စု ညှပ်ရန် စင်တစ်စင်ကို အသင့် ပြင်ဆင်ပေးထားသည်။ ကတ်ဆူရိုသည် ရှေးဦးစွာ ကလေးများဘက်သို့ ဦးညွတ် နှုတ်ဆက်လိုက်ပြီး ထိုင်ခုံတွင် ဝင်ထိုင်သည်။

“မင်္ဂလာပါ ကလေးတို့”

“မင်္ဂလာပါ” ကလေးများက ပြန်လည် နှုတ်ဆက်ကြသည်။

“ဒီနေရာကို လာဖျော်ဖြေတာ အခုပါနဲ့ဆိုရင် ဒုတိယအကြိမ်ပဲ။ မနှစ် ခရစ္စမတ်အကြိုနေ့တုန်းကလည်း တစ်ခါ ဖျော်ဖြေခွင့် ရခဲ့သေးတယ်။ နှစ်ကြိမ်စလုံး ခရစ္စမတ် ပွဲတော်ရက်ချည်းပဲနော်။ ခရစ္စမတ် ဘိုးဘိုးကြီးနဲ့တောင် တူနေပြီ။ ဒါပေမယ့် ဘာလက်ဆောင်မှတော့ ဦးမှာ ပါမလာဘူး” ခန်းမထဲမှ ရယ်သံများ ထွက်ပေါ်လာသည်။ “ဒါပေမယ့် မနှစ်ကလိုပဲ သီချင်းတွေကို လက်ဆောင်အဖြစ်နဲ့ သားတို့ သမီးတို့ကို ဦးက ပေးခဲ့မှာပါ”

သူ ပထမဆုံး တီးခတ်သီဆိုသော သီချင်းမှာ ‘အနီရောင် နှုတ်သီးနှင့် ရွှေသမင်’ ဖြစ်သည်။ ထိုသီချင်းကို ကလေးများကလည်း ရင်းနှီးပြီး ဖြစ်သောကြောင့် အတူ လိုက်ဆိုနေကြလေသည်။

ထို့နောက် ခရစ္စမတ်သီချင်း အတော်များများကို သီဆိုပေးသည်။ သီချင်း တစ်ပုဒ်နှင့် တစ်ပုဒ် စပ်ကြားတွင်လည်း သောလုံးလေးများ ထည့်လိုက်သောကြောင့် ကလေးများအတွက် မပျင်းနိုင်အောင် ဖြစ်နေတော့သည်။ လက်ခုပ်သံဖြင့် စည်းချက် လိုက်သူက လိုက်နေကြသည်။ လိုက်ဆိုသူက ဆိုနေကြသောကြောင့် ဖျော်ဖြေပွဲသည် စည်သည်ထက်စည် ဆူသည်ထက် ဆူလာသည်။

ထိုသို့ ဖျော်ဖြေနေစဉ်အတွင်း ကတ်ဆူရိုသည် ကလေးတစ်ယောက်ကို စတင် သတိထားမိလာသည်။

ထိုကလေးမလေးသည် ဒုတိယတန်း၏ အစွန်ဆုံး ထိုင်ခုံတွင် ထိုင်နေသည်။ ၉ နှစ်၊ ၁၀ နှစ်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ သူသည် တခြား တစ်နေရာသို့သာ ငေးမောနေပြီး ကတ်ဆူရိုဘက်သို့ ကြည့်ဖော်ပင် မရ။ တေးသီချင်းများကို လုံးဝ စိတ်မဝင်စားသောကြောင့် ဖြစ်ကောင်း ဖြစ်ပေမည်။ တခြား ကလေးများကဲ့သို့ လိုက်ဆိုနေခြင်း မရှိဘဲ သူ၏ နှုတ်ခမ်းကို တင်းတင်း စေ့ထားသည်။

ထိုကလေးမလေး၏ မျှော်လင့်ချက်မဲ့နေသော အမူအရာက သူ့ကို စွဲဆောင်နေခဲ့သည်။ ကလေးတစ်ယောက်တွင် မရှိသင့် မရှိထိုက်သော ရင့်ကျက်နေသည့် အမူအရာမျိုး။ သူ မိမိအပေါ် စိတ်ဝင်စားလာစေလိုသော ဆန္ဒများ ကတ်ဆူရို၏ စိတ်ထဲတွင် တဖွားဖွား ပေါ်ပေါက်လာနေသည်။

သားချော့တေးများသည် ကလေးဆန်လွန်းသောကြောင့် သူ့အတွက် စိတ်ဝင်စားစရာ မကောင်းခြင်း ဖြစ်ပေမည်။ သို့ဖြင့် ကတ်ဆူရိုသည် ‘မတ်ဆုတိုယို ယူမိ’ သီဆိုခဲ့သော ‘ခရစ္စမတ် ဘိုးဘိုးကြီးရဲ့ ချစ်သူ’ သီချင်းကို သီဆိုလိုက်သည်။ ၎င်းသီချင်းသည် ယမန်နှစ်က လူကြိုက်များခဲ့သော ‘ဆီးနှင်းမြေသို့ အလည်တစ်ခေါက်’ ဇာတ်ကားမှ ဇာတ်ဝင်တေးတစ်ပုဒ် ဖြစ်သည်။ ထိုသီချင်းကို ထိုသို့သော ပွဲလမ်းသဘင်မျိုးတွင် သီဆိုခြင်းသည် မူပိုင်ခွင့်ကို ချိုးဖောက်ရာ ကျနေသည်။ သို့သော် သူ့အား မည်သူကမျှ တရားစွဲဆိုရန် စိတ်ဝင်စားကြလိမ့်မည် မဟုတ်ပေ။

ကလေးအများစုသည် ဝမ်းမြောက်ရွှင်မြူးစွာ နားထောင်နေကြသော်လည်း ထိုကောင်မလေးကမူ အဝေးတစ်နေရာသို့သာ ငေးမောနေလေသည်။

ထို့နောက် ကတ်ဆူရိုသည် ထိုအရွယ် မိန်းကလေးများ နှစ်ခြိုက် သဘောကျတတ်သော သီချင်းကို တီးခတ်သီဆိုပြန်သည်။ သို့သော် ထူးခြားမှု မရှိ။ သူ့ကို ဥပေက္ခာ ပြုရတော့မည်လော။ သူသည် တေးဂီတကို လုံးဝ စိတ်ဝင်စားခြင်း ရှိပုံ မရ။

“ကဲ … အခု နောက်ဆုံးအနေနဲ့ သားတို့ သမီးတို့ကို သီချင်းတစ်ပုဒ် ဆိုပြပါ့မယ်။ ဖျော်ဖြေပွဲကို ပိတ်တဲ့အနေနဲ့ နောက်ဆုံးပိတ် သီဆိုဖို့ သီးသန့် ရည်ရွယ်ထားတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ နားဆင်ပေးပါဦးနော်”

ကတ်ဆူရိုသည် ဂီတာကို ဘေးနားတွင် အသာအယာ ချလိုက်ပြီး ဘာဂျာကို ဆွဲထုတ်လိုက်သည်။ အသက်ရှူမှန်အောင် တစ်ခဏမျှ ငြိမ်နေပြီး မျက်လုံးများကို မှိတ်ချလိုက်သည်။ ထို့နောက် တေးသံများ တဖြည်းဖြည်း ပျံ့လွင့်လာကြသည်။ ထိုတေးသွားကို သူ မှုတ်ခဲ့သည်မှာ အကြိမ် မရေတွက်နိုင်တော့ပေ။ ထို့ကြောင့် ဂီတသင်္ကေတ စာအုပ်ကိုလည်း ကြည့်နေဖို့ မလိုအပ်တော့။

သုံးမိနစ်ခွဲမျှ ကြာသော ထိုတင်ဆက်မှုအတွင်း အားကစားကွင်း တစ်ခုလုံးသည် ချောင်းဟန့်သံမျှ မကြားရအောင် ငြိမ်သက်နေလေသည်။ တီးမှုတ်ခြင်း ပြီးဆုံးသွားသောအခါ ကတ်ဆူရိုသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ထိုတစ်မုဟုတ်မျှသော အချိန်ကာလအတွင်း သူ့ရင်ထဲ တုန်ခါသွားသည်။

ထိုကောင်မလေးသည် သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများသည် စူးစူးစိုက်စိုက်ဖြင့် အသက်ဝင်လှသည်။ ရင့်ကျက်တည်ငြိမ်သည့် အရွယ်သို့ ရောက်နေပြီ ဖြစ်သော်လည်း ကတ်ဆူရို၏ ရင်သည် တားမနိုင် ဆီးမရအောင် ခုန်နေလေတော့သည်။

တီးမှုတ်မှု ပြီးဆုံးသောအခါ ကလေးများ၏ ဩဘာလက်ခုတ်သံများ အကြားတွင် ကတ်ဆူရိုသည် စင်ပေါ်မှ ဆင်းလာခဲ့သည်။ တာဝန်ခံ အမျိုးသမီးသည် သူ့အနားသို့ ရောက်လာပြီး “ပင်ပန်းသွားပြီနော်” ဟု ပြောလေသည်။

ကတ်ဆူရိုသည် ထိုကလေးမလေး အကြောင်းကို သူ့ထံမှ စုံစမ်းကြည့်ရန် စိတ်ကူးလိုက်သည်။ မေးရန် နှုတ်ခမ်း ပြင်လိုက်ပြီးကာမှ မျိုသိပ်ထားမိလေသည်။ သူ ဘယ်က ဘယ်လို စမေးရမည်ဟု မသိဘဲ ဖြစ်နေသည်။

သို့သော် မျှော်လင့်မထားဘဲ ထိုကလေးမလေးနှင့် အဆက်အသွယ် ရခဲ့သည်။

ဖျော်ဖြေပွဲပြီးနောက် စာသောက်ခန်းမတွင် ညစာစားပွဲ ရှိသောကြောင့် ကတ်ဆူရိုသည်လည်း ဖိတ်ကြားခြင်း ခံခဲ့ရသည်။ သူ ညစာစားနေစဉ် ထိုကလေးမလေး သူ့အနားသို့ ရောက်လာသည်။

“အဲဒီ သီချင်းနာမည်က ဘာလဲ” သူက ကတ်ဆူရို၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်ကာ မေးလိုက်သည်။

“ဘယ်သီချင်းကို ပြောတာလဲ”

“နောက်ဆုံး ဘာဂျာနဲ့ မှုတ်သွားတဲ့ သီချင်းလေ။ ကျွန်မ မကြားဖူးဘူး”

ကတ်ဆူရိုက ပြုံးလျက် ခေါင်းညိတ်ပြသည်။ “မင်း ဘယ်လိုလို့ ကြားဖူးမှာလဲ။ အဲဒါ ဦးရဲ့ ကိုယ်ပိုင်လေ”

“ကိုယ်ပိုင်?”

“ဦး ကိုယ်တိုင် စပ်ထားတဲ့ သီချင်းပဲ။ သဘောကျလား”

ကလေးမလေးက အားရှိပါးရှိ ခေါင်းညိတ်နေသည်။

“အဲဒီသီချင်းက တအား နားထောင်လို့ ကောင်းတာပဲ။ ကျွန်မ နောက်တစ်ခါလောက် နားထောင်ချင်သေးတယ်”

“ဟုတ်လား။ ဒါဆို ဦးကို ခဏစောင့်ဦး”

ကတ်ဆူရိုသည် ယနေ့ည ဤဂေဟာ၌ပင် အိပ်ရမည် ဖြစ်သည်။ သူသည် သူ့အတွက် ပြင်ဆင်ပေးထားသော ဧည့်ခန်းဆောင်သို့ ပြန်လာပြီး ဘာဂျာကို ယူ၍ စားသောက်ခန်းမသို့ ပြန်လာသည်။

သူသည် ကလေးမလေးကို ဝရံတာသို့ ခေါ်သွားပြီး သူ့အတွက် နောက်တစ်ကြိမ် ဘာဂျာဖြင့် တီးမှုတ်ပြသည်။ ကလေးမလေးက ဈာန်ဝင်စားပြီး မျက်တောင်မခတ်ဘဲ စိတ်ပါလက်ပါ နားထောင်နေသည်။

“အဲဒီသီချင်းမှာ နာမည် မရှိဘူးလား”

“ရှိတယ်ပဲ ဆိုပါတော့။ ‘ပြန်လည်မွေးဖွားခြင်း’ လို့ ပေးထားတယ်”

“ပြန်လည်မွေးဖွားခြင်း …..” ကလေးမလေးက နာမည်ကို နောက်တစ်ကြိမ် ရေရွတ်လိုက်ပြီး ထိုတေးသွားအလိုက်ကို စပြီး ဆိုညည်းလေတော့သည်။ ကတ်ဆူရို အံ့အား အသင့်ကြီး သင့်သွားလေသည်။ သူသည် တေးသွားကို အပေါက်အကျမရှိ အလွဲအချော် မရှိဘဲ ဆိုပြသွားခဲ့သည်။

“မင်း အကုန် မှတ်မိနေပြီပဲ”

သူ့စကားကို ကြားရသောအခါ ကလေးမလေးသည် ပထမဆုံးအကြိမ် အဖြစ် သူ့ကို ပြုံးပြလေသည်။ “ကျွန်မ အပိုင်နိုင်ဆုံး အလုပ်ကတော့ သီချင်းမှတ်တာပဲ”

“မင်းက အရမ်း တော်တာပဲ”

ကတ်ဆူရိုသည် ကလေးမလေးကို လေးစားသော အကြည့်ဖြင့် ကြည့်နေစဉ် သူ့အတွေးထဲတွင် ‘တကယ့် ပါရမီရှင်ပဲ’ ဟု တွေးနေမိသည်။

“ဒါနဲ့ ဦးက တကယ့်အဆိုတော် လုပ်ဖို့ စိတ်ကူး မရှိဘူးလား”

“တကယ့်အဆိုတော်? ………” ကတ်ဆူရိုသည် ခေါင်းခါလိုက်ပြီး သူ့ရင်ထဲမှ တုန်လှုပ်ခြောက်ခြားမှုကို ဖုံးဖိထားနိုင်ရန် ကြိုးစားနေရသည်။

“အဲဒီသီချင်းက ပေါက်လောက်တယ်”

“ဟုတ်လား”

သူက ခေါင်းညိတ်ပြသည်။ “ကျွန်မ သိပ်ကြိုက်တာပဲ”

ကတ်ဆူရိုက ရယ်လျက် “ကျေးဇူးပါပဲကွယ်”

ထိုစဉ် “ဆယ်ရီ” ဟူသော အော်ခေါ်သံတစ်ခုကို သူတို့ ကြားလိုက်ရသည်။ ဝန်ထမ်း အမျိုးသမီးတစ်ယောက်သည် စားသောက်ခန်းဘက်မှ ထွက်လာသည်။

“တတ်ဆုကို ထမင်းသွားခွံ့ပေးနိုင်မလား”

“ဟုတ်ကဲ့” ဆယ်ရီဟု အမည်ရသော ကလေးမလေးသည် ကတ်ဆူရိုကို ဦးညွတ်နှုတ်ဆက်ပြီး ထမင်းစားခန်းထဲသို့ ခပ်သုတ်သုတ် ဝင်သွားလေသည်။

ခဏကြာသောအခါ ကတ်ဆူရိုလည်း ထမင်းစား ခန်းမဆောင်ထဲသို့ ပြန်ဝင်လာသည်။ ဆယ်ရီသည် ကလေးငယ်တစ်ဦး၏ အနားတွင် ထိုင်နေသည်။ ကလေး၏ လက်ထဲမှ ဇွန်းကို ထိန်းကိုင်ပေးထားသည်။ ကောင်ကလေးသည် ကိုယ်ခန္ဓာ သွေးကွေးပြီး မျက်နှာတွင်လည်း ဘာခံစားချက်မျှ မရှိသလိုပင်။

ဖျော်ဖြေပွဲကို တာဝန်ခံ ဆောင်ရွက်ပေးသော အမျိုးသမီးသည် ကတ်ဆူရို၏ အနားတွင် အခန့်သင့် ရှိနေသည်။ သို့ဖြင့် သူသည် အရေးမပါသလို ဟန်ပန်ဖြင့် ဆယ်ရီတို့၏ အကြောင်းကို မေးကြည့်သည်။

“သူတို့နှစ်ယောက်က မောင်နှမတွေလေ။ ကျွန်မတို့ဆီ ဒီနှစ် နွေရာသီကပဲ ရောက်လာကြတာ။ မိဘတွေက သူတို့ကို နှိပ်စက်လို့လို့ ကြားတာပဲ။ မောင်ဖြစ်တဲ့ တတ်ဆုက သူ့အစ်မ ဆယ်ရီတစ်ယောက်တည်းနဲ့ပဲ စကားပြောတယ်”

“အဲဒီလိုကြီးလား ……”

မောင်လေးကို ဂရုတစိုက် ပြုစုနေသော ဆယ်ရီကို ကတ်ဆူရိုက ကြည့်နေမိသည်။ သူ အဘယ်ကြောင့် ခရစ္စမတ်သီချင်းများကို ရွံမုန်းနေရသနည်း ဆိုသည်ကို သဘောပေါက်လာသည်။

ညစာစားပွဲ ပြီးသောအခါ ကတ်ဆူရိုသည် အခန်းသို့ ပြန်လာသည်။ ခုတင်ပေါ်တွင် လဲလျောင်းနေစဉ် ပြတင်းပေါက်မှ ကလေးများ၏ ရယ်မောမြူးတူးသံများ ပျံ့လွင့်လာသည်။ ခုတင်ပေါ်မှ ထပြီး အောက်ထပ်သို့ လှမ်းကြည့်လိုက်သောအခါ ကလေးများ မီးပန်းလွှတ်နေသည်ကို တွေ့ရသည်။ ချမ်းရကောင်းမှန်းတောင် သိကြပုံ မရပေ။

ဆယ်ရီနှင့် တတ်ဆုလည်း ရှိနေသည်။ သူတို့သည် လူစုလူဝေး၏ အပြင်ဆုံး တစ်နေရာမှ ကြည့်ရှုနေကြသည်။

ဦးက တကယ့်အဆိုတော် လုပ်ဖို့ စိတ်ကူး မရှိဘူးလား။

သူ့ကို ထိုသို့ မေးမည့်သူ မရှိခဲ့သည်မှာ ကြာလှချေပြီ။ ရှေ့တစ်ကြိမ်တုန်းက ရူးချင်ယောင်ဆောင်ပြီး ပြုံးဖြီးဖြီးလုပ်၍ အဖြေပေးခဲ့သည်။ ၎င်းသည်လည်း လွန်ခဲ့သော ၁၀ နှစ်ကျော်က ကိစ္စ ဖြစ်သည်။ သို့သော် ထိုအချိန်တုန်းက ဖြစ်ပေါ်ခဲ့သော ခံစားချက်သည် ယခုတစ်ကြိမ်နှင့် လားလားမျှ မတူခဲ့ပေ။

“အဖေ ….” သူသည် သန်းခေါင်ယံ မိုးကောင်းကင်ကို မော်ကြည့်ရင်း တိုးညင်းစွာ ရေရွတ်နေသည်။ “ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ရှုံးနိမ့်မယ့် စစ်ပွဲတစ်ပွဲကို ရင်ဆိုင်တိုက်ဖို့တောင် ကျွန်တော်မှာ စွမ်းအား မရှိခဲ့ဘူး”

ကတ်ဆူရို၏ အတွေးများသည် လွန်ခဲ့သော ၈ နှစ်ဆီသို့ လွင့်မျောနေကြသည်။

 

(ခ)

ဇူလိုင်လ၏ ပထမအပတ်ထဲတွင် သူ့အဘွား ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နာရေးသတင်းကို ကတ်ဆူရို ရရှိခဲ့သည်။ ထိုနေ့က ကတ်ဆူရိုသည် နံနက် ဆိုင်ဖွင့်ရန်အတွက် လုံးပန်းနေစဉ် နှမဖြစ်သူ အေမီကို၏ ဖုန်းကို လက်ခံရခဲ့သည်။

အဘွား၏ ကျန်းမာရေး အခြေအနေ မကောင်းသည်ကို သူ အစောကြီးကတည်းက သိနှင့်နေသည်။ သူ၏ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးနေကြပြီး အချိန်မရွေး လွင့်ပါးသွားနိုင်ကြောင်း သူ သတင်းရထားသည်။ သို့သော် သူသည် အိမ်မပြန်နိုင်ခဲ့။ အဘွား၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေသော်လည်း အိမ်ပြန်ရန် မဝံ့မရဲ ဖြစ်နေလေသည်။

“မနက်ဖြန် စင်တာမှာ တစ်ရက်ထားပြီး သန်ဘက်ခါ သင်္ဂြိုဟ်မယ်။ အစ်ကိုက ဘယ်တော့ ပြန်လာမှာလဲ” အေမီကိုက မေးသည်။

ကတ်ဆူရိုသည် လက်တစ်ဘက်ဖြင့် ဖုန်းကို ကိုင်ထားပြီး တံတောင်ဖြင့် ကောင်တာပေါ် ထောက်လျက် ကျန်လက်တစ်ဘက်ဖြင့် ခေါင်းကုတ်နေသည်။

“ငါ ရုံးတက်ရဦးမှာ။ သူဌေးနဲ့ တိုင်ပင်ကြည့်ဦးမယ်”

သူသည် အေမီကို၏ ပင့်သက် ရှိုက်သံကို ကြားလိုက်ရသည်။

“ဘာရုံးတက်တာလဲ။ တိုလီမိုလီ လုပ်နေရတာပဲ မဟုတ်ဘူးလား။ အဲဒီဆိုင်ကို အရင်ကတည်းက ပိုင်ရှင်တစ်ယောက်တည်း လုပ်နေခဲ့တာပဲကို။ တစ်ရက် နှစ်ရက်လောက် ခွင့်ယူတာပဲ။ သဘောမတူဘဲ နေပါ့မလား။ အစ်ကို ကိုယ်တိုင် ပြောဖူးတာပဲလေ။ ကြိုက်သလို ခွင့်ယူလို့ ရလို့ အဲဒီအလုပ်မှာပဲ မြဲနေပြီး တခြားအလုပ် ထပ်မရှာတော့တာဆို”

သူ ပြောခဲ့သည့် စကားမှာ အမှန်ချည်းပင်။ သူသည် မှတ်ဉာဏ် ကောင်းသည့်အပြင် ခေါင်းမာသူ တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို ဟိုလိုလို ဒီလိုလို ပြောပြီး မလိမ့်တစ်ပတ် လုပ်၍ မရပေ။ ကတ်ဆူရိုတွင် ဖြေစရာ စကား မရှိတော့။

“အစ်ကိုသာ ပြန်မလာရင် ကျွန်မတို့ ဒုက္ခရောက်တော့မှာပဲ” အေမီကိုသည် အသံကို မြှင့်၍ ပြောလိုက်သည်။ “အဖေရဲ့ ကျန်းမာရေးကလည်း မကောင်းဘူး။ အမေလည်း အဘွားကို ပြုစုနေရတာနဲ့ ပင်ပန်းလွန်းလို့ ယိုင်နဲ့နေပြီ။ ပြီးတော့ အဘွားက ဟိုးအရင်ကတည်းက အစ်ကို့ကို အဲဒီလောက် ချစ်ခဲ့တာ။ အစ်ကို့အနေနဲ့ အဘွားရဲ့ နာရေးကို ပြန်လာသင့်တယ်လို့ ကျွန်မ ထင်တယ်”

ကတ်ဆူရိုက သက်ပြင်းချလိုက်သည်။ “ကောင်းပြီလေ။ ငါစီစဉ်ကြည့်ပါဦးမယ်”

“စောနိုင်သမျှ စောအောင် ပြန်လာခဲ့။ ဖြစ်နိုင်ရင် ဒီညပဲ လာခဲ့တော့”

“ဒါတော့ မဖြစ်နိုင်ဘူး”

“ဒါဆိုလည်း မနက်ဖြန် မနက်ပေါ့။ နောက်အကျဆုံး နေ့လည်ပဲ”

“ငါ စဉ်းစားပါဦးမယ်”

“သေချာ စဉ်းစား။ အစ်ကို အဲဒီလိုပဲ အမြဲတမ်း တဇွတ်ထိုး နိုင်လွန်းတယ်”

‘ဘာစကားပြောတာလဲဟ’ ဟု မေးတော့မည် အပြုတွင် အေမီကိုဘက်မှ ဖုန်းချသွားလေသည်။

ဖုန်းလက်ကိုင်ကို ချလိုက်ပြီးနောက် ကတ်ဆူရိုသည် ထိုင်ခုံတွင် ဝင်ထိုင်ပြီး နံရံပေါ်မှ ပန်းချီကားကို ငေးမိငေးရာ ငေးကြည့်နေမိသည်။ ၎င်းမှာ အိုကီနာဝါ၏ လက်ရာဖြစ်သော ပင်လယ်ကမ်းခြေပုံ။ ဆိုင်ရှင်သည် အိုကီနာဝါကို အရူးအမူး နှစ်ခြိုက်သူ တစ်ဦးဖြစ်သည်။ ဤဘားဆိုင် သေးသေးလေး၏ နေရာအနှံတွင် အိုကီနာဝါ၏ လက်ရာများနှင့် ပြည့်နှက်နေကြသည်။

ကတ်ဆူရို၏ အကြည့်သည် ဆိုင်တွင်းရှိ ထောင့်တစ်နေရာသို့ ရွေ့လျားသွားသည်။ ထိုနေရာတွင် ကြိမ်ထိုင်ခုံတစ်လုံးနှင့် ၎င်းကို မှီ၍ ထောင်ထားသော ရိုးရိုး ဂီတာတစ်လက် ရှိနေသည်။ တစ်ခါတစ်ရံတွင် ဧည့်သည်အတွက် တီးခတ်ပေးရပြီး များသောအားဖြင့် ကတ်ဆူရိုကိုယ်တိုင် သီဆို ဖျော်ဖြေပေးရသည်။ သူ၏ သီချင်းသံကို ပထမဆုံး ကြားရသော ဧည့်သည် အများစုသည် ထူးဆန်း အံ့ဩသည့် အမူအရာများဖြင့် သူ့ကို ဩဘာပေးခဲ့ကြသည်။ ဂီတာတီးခတ်နည်းကို ဆရာတစ်ဦးဦး အထံ၌ အနီးကပ် သင်ယူထားခြင်း မဟုတ်ဘဲ စာအုပ်ကြည့်ပြီး လေ့ကျင့်ထားခြင်း ဖြစ်ကြောင်း သိကြသောအခါတွင်လည်း သူ့ကို တအံ့တဩ ချီးမွမ်းကြပြန်သည်။ အဆိုတော်တစ်ယောက် ဖြစ်အောင် အဘယ်ကြောင့် ဆက်မကြိုးစားသနည်းဟု တချို့ဧည့်သည်များက သူ့အား မေးမြန်းခဲ့ကြသည်။

“အဲဒီလောက်လည်း မဟုတ်ပါဘူးဗျာ” ဟုသာ ကတ်ဆူရိုသည် သူ့ကိုယ်သူ နှိမ့်ချပြီး နှုတ်မှ ပြောဆိုနေရသော်လည်း သူ၏ အတွင်းစိတ်ထဲတွင်မူ “နဂိုကတည်းက ငါ့မှာ အဲဒီ ရည်ရွယ်ချက် ရှိနေပြီးသား” ဟု တွေးနေမိသည်။ ထိုရည်ရွယ်ချက်ကြောင့်ပင် တက္ကသိုလ်ကို ဆက်မတက်တော့ဘဲ ကျောင်းထွက်ခဲ့သည် မဟုတ်ပါလား။

ကတ်ဆူရိုသည် အလယ်တန်း ကျောင်းသား ဘဝကပင် တေးဂီတကို စိတ်ပါဝင်စားခဲ့သည်။ အလယ်တန်း ဒုတိယနှစ်က သူသည် ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်၏ အိမ်သို့ သွားလည်စဉ် ဂီတာတစ်လက်ကို တွေ့သွားခဲ့သည်။ သူငယ်ချင်းက သူ့အစ်ကို၏ ဂစ်တာဖြစ်ကြောင်း ရှင်းပြသည်။ ထို့နောက် ဂီတာကို မည်သို့ မည်ပုံ ကိုင်တွယ်ရမည် ဖြစ်ကြောင်း သူ့အား သင်ပြခဲ့သည်။ သူ့ဘဝတွင် ဂီတာကို ပထမဆုံး ကိုင်တွယ်ခဲ့ဖူးခြင်း ဖြစ်သည်။ စစချင်း ဂီတာကိုင်ရာတွင် အချိုးမကျသော်လည်း အကြိမ်ကြိမ် လေ့ကျင့်ပြီးနောက် လွယ်ကူရှင်းလင်းသော သီချင်းတိုတစ်ပိုဒ်ကို ကောင်းစွာ တီးခတ်နိုင်လာသည်။ ထိုစဉ်က ဖြစ်ပေါ်ခဲ့သော ကျေနပ်အားရသည့် ပျော်ရွှင်မှုကို မည်သည့် ဝေါဟာရနှင့်မျှ ဖော်ကျူး၍ မစွမ်းနိုင်ပေ။ ကျောင်း၌ ပုံမှန် တက်နေရသော ဂီတချိန်တွင် ပလွေမှုတ်ရစဉ်က မရရှိနိုင်ခဲ့သော ထိုထူးခြားသည့် စိတ်ခံစားမှုသည် သူ၏ အာရုံကြောများ အတွင်းသို့ စိမ့်ဝင် ပျံ့နှံ့သွားကြသည်။

ရက်အနည်းငယ် ကြာသောအခါ ကတ်ဆူရိုသည် ရဲဆေးတင်ပြီး သူ့ကိုယ်ပိုင် ဂီတာတစ်လက် လိုချင်ကြောင်း သူ့မိဘများကို ပူဆာလေတော့သည်။ ဖခင်သည် ငါးဆိုင် ဖွင့်ထားသူ ငါးစိမ်းသည်သာ ဖြစ်သောကြောင့် ဂီတနှင့် မည်သို့မျှ ဆက်စပ်၍ မရသောသူ တစ်ယောက် ဖြစ်နေသည်။ သူက မျက်လုံးပြူးလျက် စိတ်ဆိုးမာန်ဆိုးဖြင့် ဆူငေါက်လေသည်။ “အဲဒီလိုကောင်မျိုးနဲ့ ဘယ်တော့မှ မပေါင်းနဲ့” ဟူ၍။ ဖခင်၏ အမြင်တွင် ဂီတာတီးသော လူငယ်များသည် လမ်းသရဲ အဆင့်သာသာ ရှိသူများ ဖြစ်ကြပေလိမ့်မည်။

“ကျွန်တော် စာကောင်းကောင်း ကြိုးစားပြီး ဒီမြို့မှာ ရှိတဲ့ အကောင်းဆုံး အထက်တန်းကျောင်းကို ဝင်နိုင်စေရမယ်။ တကယ်လို့ မဝင်နိုင်ဘူး ဆိုရင် ကျွန်တော် ဂီတာကို လုံးဝ စွန့်လွှတ်ပြီး တစ်သက်လုံး ဘယ်တော့မှ မတီးတော့ဘူး” စသည်ဖြင့် ကတ်ဆူရိုသည် ကတိမျိုးစုံ ပေး၍ အနူးအညွတ် တောင်းပန်ခဲ့သည်။

ထိုကိစ္စ မတိုင်ခင်က ကတ်ဆူရိုသည် မိဘများကို တစ်ခါမျှ ထိုကဲ့သို့ မတောင်းဆိုခဲ့စဖူး။ ထို့ကြောင့်လည်း ဇွဲနပဲနှင့် တောင်းဆိုနေသော သူ၏ တောင်းဆိုမှုအတွက် မိဘများကလည်း ခေါင်းခဲနေခဲ့ကြသည်။ မိခင်ဖြစ်သူက ပထမဆုံး လက်မြှောက် အရှုံးပေးလိုက်ပြီး ထို့နောက်မှ ဖခင်၏ သဘောတူ ခွင့်ပြုချက်ကို ရရှိခဲ့သည်။ သို့သော် သူတို့ သူ့ကို ခေါ်သွားသော ဆိုင်မှာ တူရိယာဆိုင် မဟုတ်ဘဲ အပေါင်ဆိုင် ဖြစ်နေသည်။ အပေါင်ဆုံးထားသော ဂီတာတစ်လက်ဖြင့် သူ့ကို နှစ်သိမ့်ခဲ့ကြသည်။

“မဟုတ်လဲ နောက်ကျရင် လွှင့်ပစ်ရမယ့် အတူတူ ဈေးကြီးတာ ဝယ်မနေနဲ့” ဖခင်က မျက်နှာထားဖြင့် ပြောခဲ့သည်။

အပေါင်ဆိုင်မှ အပေါင်ဆုံးပစ္စည်းပင် ဖြစ်ပါစေ။ ကတ်ဆူရိုအဖို့ ဝမ်းသာမဆုံး ဖြစ်ခဲ့ရသည်။ ထိုနေ့ညက ညအိပ်စဉ်အခါတွင် သူသည် ဝယ်လာခဲ့သော ဂစ်တာဟောင်းလေးကို ဖက်၍ပင် အိပ်ခဲ့သေးသည်။

သူသည် အဟောင်းဆိုင်မှ ဝယ်လာခဲ့သော ဂီတာတီးခတ်နည်း စာအုပ်ကို ကြည့်၍ နေ့တိုင်းလိုလိုပင် ဂီတာတီး လေ့ကျင့်နေခဲ့သည်။ ထို့ပြင် မိဘများနှင့် ကတိခံဝန် ယူထားသည့်အတိုင်း စာကိုလည်း ကြိုးစားသင်ယူသည်။ သူ၏ အောင်မှတ်များကလည်း ထိုနေ့မှ စကာ ကောင်းသည်ထက် ကောင်းလာကြသည်။ ကျောင်းပိတ်ရက်များ ဆိုလျှင်လည်း ဒုတိယထပ်ရှိ သူ၏ အိပ်ခန်းထဲမှ မထွက်တော့ဘဲ ဂီတာ တီးနေလေသည်။ မိဘများကလည်း ဘာမျှ စွက်ဖက်၍ မရ။ ထို့နောက် သူသည် ရည်မှန်းထားသော အထက်တန်းကျောင်းသို့ အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့သည်။

အထက်တန်းကျောင်းသို့ ရောက်လျှင်ရောက်ချင်း သူ ပထမဆုံး ပြုလုပ်သည်မှာ ဂီတကလပ်ထဲသို့ ဝင်ခြင်း ဖြစ်သည်။ ထိုကလပ်တွင် ခင်မင်သော သူငယ်ချင်းသုံးယောက်နှင့် ဂီတဝိုင်းတစ်ခု တည်ထောင်ပြီး နေရာအတော်များများတွင် သွားရောက် ဖျော်ဖြေခဲ့သည်။ နဂိုက သူတို့သည် ရှိနှင့်ပြီးသော အဆိုတော်များ၏ တေးသီချင်းဟောင်းများကိုသာ သီဆိုဖျော်ဖြေကြရာမှ တဖြည်းဖြည်းနှင့် မိမိတို့၏ ကိုယ်ပိုင်သံစဉ်များကိုလည်း ထည့်သွင်း သီဆိုလာကြသည်။ ထိုသီချင်း အများစုကို ကတ်ဆူရိုက ရေးသားခဲ့သည်။ ပင်တိုင် အဆိုရှင်မှာလည်း သူပင် ဖြစ်သည်။ သူငယ်ချင်းများက သူ၏ ဖန်တီးမှုများကို အထင်ကြီးကြသည်။

အထက်တန်း တတိယနှစ်သို့ ရောက်သောအခါ သူတို့၏ ဂီတဝိုင်းလည်း အလိုအလျောက် ပျက်ပြယ်သွားတော့သည်။ အထွေအထူးတော့ မဟုတ်။ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြရတော့မည် ဖြစ်သောကြောင့်တည်း။

တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည်နှင့် ဂီတဝိုင်းကို ပြန်လည် ဖွဲ့စည်းမည်ဟု သူငယ်ချင်း လေးယောက်က အသီးသီး ကတိပြုခဲ့ကြသည်။ သို့သော် နောက်ဆုံး၌ အကောင်အထည် မဖော်နိုင်ခဲ့ကြပေ။ အဖွဲ့ဝင် သူငယ်ချင်းတစ်ယောက်က စာမေးပွဲ ကျခဲ့သည်။ ထိုသူသည် နောက်တစ်နှစ်ကြာသောအခါ စာမေးပွဲ အောင်မြင်ခဲ့သော်လည်း ဂီတဝိုင်း ပြန်လည် ဖွဲ့စည်းမည့် ကိစ္စကို မည်သူကမျှ စကား မဟတော့ချေ။

ကတ်ဆူရိုသည် တိုကျိုမြို့ရှိ တက္ကသိုလ်ကြီးတစ်ခုတွင် ဘောဂဗေဒ ပညာရပ်ကို အထူးပြု သင်ယူခဲ့သည်။ သူသည် ဂီတပညာရပ်ကို အထူးပြု လေ့လာလိုသော်လည်း မိဘများက ပြင်းထန်စွာ ကန့်ကွက်မည်ကို သဘောပေါက်ထားပြီး ဖြစ်သောကြောင့် သူ၏ ဝါသနာကို စွန့်လွှတ်ခဲ့ရသည်။ မိဘများ၏ လက်ငုတ်လက်ရင်း ဖြစ်သော ငါးဆိုင်ကို ဆက်ခံရန်မှာ သူ၏ ဘဝလမ်းကြောင်း ဖြစ်ကြောင်း ငယ်စဉ် ကလေးဘဝကတည်းက သူ့ကို ချမှတ်ပေးထားခဲ့သည်။ မိဘများကလည်း မိမိသားသည် မိမိတို့၏ ဆန္ဒကို သွေဖည်ပြီး တခြားလမ်းကြောင်းကို ပြောင်းလဲ ရွေးချယ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ သံသယ မဝင်ခဲ့သည့်နှယ်။ ကတ်ဆူရို ကိုယ်တိုင်ကလည်း ဤသည်ပင် သူ၏ ဘဝပေး ပန်းတိုင်ဖြစ်သည်ဟု မသိစိတ်က ယုံကြည်နေခဲ့သည်။

တက္ကသိုလ်တွင်လည်း ဂီတကလပ်များ များစွာရှိရာ ကတ်ဆူရိုသည် ကလပ်တစ်ခုတွင် အဖွဲ့ဝင်လိုက်သည်။ သို့သော် မကြာခင်မှာပင် သူ စိတ်ပျက်ငြီးငွေ့လာသည်။ ကလပ်အဖွဲ့ဝင်များသည် နေ့တိုင်း ပျော်ဖို့ပါးဖို့သာ စိတ်ဝင်စားနေကြသည်။ ထိုသူများသည် ဂီတကို ခုံမင်နှစ်သက်သည်ဟု ယူဆရန် ခက်ခဲလှပေသည်။ သူက ထိုအားနည်းချက်ကို ထောက်ပြလိုက်သောအခါ မျက်စောင်းများက သူ့ထံသို့ ချက်ချင်း ရောက်ရှိလာကြသည်။

“ဘာလဲဟ။ ဒီမှာလာပြီး လူတတ်ကြီး လုပ်နေတယ်။ ဂီတကို တီးခတ်တယ် ဆိုတာကလည်း ပျော်ရွှင်မှု လိုချင်လို့ပဲ မဟုတ်ဘူးလား”

“အေးလေ။ ဒီလောက် အသည်းအသန် လုပ်နေဖို့ လိုလို့လား။ ဂီတပညာရှင် လုပ်စားမှာလည်း မဟုတ်ဘဲနဲ့”

ထိုသို့သော စောင်းမြောင်း ပြောဆိုနေမှုများကို ကတ်ဆူရိုသည် တစ်ခွန်းတလေမျှ ချေပလိုစိတ် မရှိတော့။ ကလပ်မှ ထွက်ရန်သာ သူ ဆုံးဖြတ်ခဲ့သည်။ ငြင်းခုန်နေလျှင်လည်း ဘာမျှ အကျိုးရှိမည် မဟုတ်ပေ။ ထိုသူများသည် မိမိနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေကြလေသည်။

ထိုနောက်ပိုင်းတွင် သူသည် မည်သည့်ကလပ်တွင်မျှ ပါဝင်ခြင်း မရှိတော့ချေ။ ရည်မှန်းချက် ကင်းမဲ့သော လူများ၏ လောင်းရိပ်မှ ရုန်းထွက်ပြီး မိမိတစ်ဦးတည်း ဂီတအတွက် ရုန်းကန်ကြိုးစားသည်ကမှ ပိုမိုလွယ်ကူကြောင်း သူ ခံစားလာရသည်။

ထိုအချိန်မှစ၍ သူသည် တေးဆိုပြိုင်ပွဲများတွင် စတင် ယှဉ်ပြိုင်လာခဲ့သည်။ သူသည် အလယ်တန်း ကျောင်းသား ဘဝကတည်းက စတင်၍ လူပရိသတ် အများ၏ ရှေ့တွင် စတင် သီဆိုခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းတွင် သူသည် ပြိုင်ပွဲများ၌ ကနဦးရွေးချယ်မှု အဆင့်မှာပင် ပြုတ်ကျ ကျန်နေခဲ့သည်။ သို့သော် ကြိမ်ဖန်များစွာ ကြိုးစားပြီးနောက် စကာတင်စာရင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။ ထို့အပြင် ထိုသို့သော ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်သူများသည် တစ်ပွဲနှင့်တစ်ပွဲ လူထပ်နေသောကြောင့် မသိလိုက် မသိဘာသာပင် သူတို့အချင်းချင်း ရင်းနှီးခင်မင် လာကြသည်။

ထိုသူများ၏ ခံယူချက်များသည် ကူးစက်လွယ်သော သဘော ရှိသည်။ သူတို့အတွက် ဂီတသည်သာ တစ်ခုတည်းသော ကိုးကွယ်ရာ ဖြစ်နေသည်။ ဂီတအတွက်ဆိုလျှင် မည်သည့်အရာကို မဆို စွန့်လွှတ်ပေးဆပ်ရန် ဝန်လေးကြသူများ မဟုတ်ကြ။

‘ငါ သူတို့ထက် သာအောင် လုပ်ရမယ်’ ထိုသူများ၏ တင်ဆက်မှုကို နာကြားရသည့် အကြိမ်တိုင်းတွင် သူ့ကိုယ်တိုင်သူ ထိုသို့ ပြောနေခဲ့သည်။

သူ၏ နိုးကြားနေသော အချိန်နာရီတိုင်းကို ဂီတဘက်တွင်သာ အပြည့်အဝ မြှုပ်နှံ ထားလိုက်တော့သည်။ ထမင်းစားစဉ်နှင့် ရေချိုးနေစဉ်မှာပင် အတွေးများက သီချင်းသစ် ဖန်တီးနိုင်ရန် အလုပ်များနေကြသည်။ တဖြည်းဖြည်းနှင့် စာသင်ခန်းထဲသို့လည်း မရောက်တော့ပေ။ တက္ကသိုလ် ဆက်တက်နေလျှင်လည်း အဓိပ္ပာယ် မရှိတော့ဟု ယူဆလာသည်။ သဘာဝကျစွာပင် စာမေးပွဲ ရမှတ်များ နည်းလာပြီး ဘာသာရပ်အားလုံး ကျရှုံးသည့် အဆင့်သို့ ရောက်ရှိလာတော့သည်။

သူ၏ မိဘများကတော့ ဘာမျှ မသိရှာကြ။ သူတို့၏ တစ်ဦးတည်းသော သားကို တက္ကသိုလ်တက်ရန် တိုကျိုသို့ ပို့ပြီးသည့်နောက်တွင် လေးနှစ်ကြာသည်နှင့် ဘွဲ့ယူ၍ အိမ်သို့ ပြန်လာပေလိမ့်မည်ဟု ခံယူထားကြသည်။ ထို့ကြောင့် အသက် ၂၁ နှစ်ပြည့်သော ထိုနှစ် နွေရာသီတွင် ကတ်ဆူရိုက အိမ်သို့ ဖုန်းဆက်ပြီး ကျောင်းထွက်လိုက်ပြီ ဖြစ်ကြောင်း မိဘများအား အသိပေးလိုက်သောအခါ တစ်ဘက်တွင် နားထောင်နေသော မိခင်မှာ ရှိုက်ကြီးတငင် ငိုရှာလေတော့သည်။ ဖုန်းကိုင်ထားသော ဖခင်ကလည်း စိတ်ဆိုးမာန်ဆိုးဖြင့် သူ့အား အော်ကာငေါက်ကာဖြင့် အကြောင်းစုံကို မေးမြန်းနေလေသည်။

“ကျွန်တော် ဂီတလိုင်းဘက်ပဲ လိုက်တော့မယ်။ ဒါကြောင့် တက္ကသိုလ် ဆက်တက်နေလည်း ဘာအကျိုးမှ ရှိမှာ မဟုတ်တော့ဘူး” ကတ်ဆူရို၏ အဖြေကို ကြားရသောအခါ ဖခင်၏ အသံမှာ ပို၍ ခက်ထန်လာသည်။ သူသည် စိတ်ရှုပ်လာသောကြောင့် ဖုန်းကို ဦးအောင် ချပစ်လိုက်သည်။ ထိုနေ့ ညတွင်းချင်းပင် မိဘများ တိုကျိုသို့ လိုက်လာကြသည်။ ဖခင်၏ မျက်နှာသည် ဒေါသဖြင့် နီးမြန်းလျက် ရှိပြီး မိခင်၏ မျက်နှာမှာမူ ဖျော့တော့၍ သွေးမရှိတော့။ သူ၏ အခန်းကျဉ်းကလေးထဲတွင် နောက်နေ့ အရုဏ်တက်သည်အထိ စကားပြောခဲ့ကြသည်။ အကယ်၍ သူသည် ကျောင်း ဆက်မတက်လိုလျှင် အိမ်သို့ ပြန်လာပြီး ငါးဆိုင်ကို ဆက်ခံရမည်ဟု မိဘများက တောင်းဆိုကြသည်။ ကတ်ဆူရိုက ခေါင်းညိတ်ရန် ငြင်းဆန်ခဲ့သည်။ ထိုသို့ ပြုလုပ်လိုက်လျှင် သူ တစ်ဘဝလုံး နောင်တရမဆုံး ဖြစ်နေတော့မည်ဟု ပြန်လည် ချေပခဲ့သည်။ သူသည် မိမိ၏ ရည်မှန်းချက်များကို အကောင်အထည် ပေါ်သည်အထိ တိုကျိုတွင် ဆက်လက် နေသွားလိုကြောင်း ပြောပြခဲ့သည်။

တစ်ညလုံး အိပ်စက် အနားယူခွင့် မရခဲ့ကြသော သူ၏ မိဘများသည် နောက်တစ်နေ့ နံနက်တွင် အစောဆုံး ရထားဖြင့် အိမ်သို့ ပြန်သွားကြသည်။ ကတ်ဆူရိုသည် မိဘများ ထွက်ခွာသွားသည်ကို မိမိတိုက်ခန်း၏ ပြတင်းပေါက်မှ ငေးကြည့်နေမိသည်။ သူတို့၏ စိတ်ပျက် အားငယ်နေမှုကြောင့်လားဟု မဆိုနိုင်။ သူတို့၏ ကျောပြင်များသည် ကျုံ့ဝင်၍ သေးကွေးနေလေသည်။ ကတ်ဆူရိုသည် လက်အုပ်ချီလျက် အဝေးမှသာ သူတို့ကို ကန်တော့လိုက်သည်။

သုံးနှစ်တာ အချိန်များ ကုန်လွန်သွားသည်။ အမှန်ဆိုလျှင် ယခုလိုအချိန်၌ တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရနေလောက်ပေပြီ။ သို့သော် သူကတော့ ဘာဆို ဘာမျှ မပိုင်ဆိုင်သေး။ သူသည် ယခင်က ကဲ့သို့ပင် အဆိုပြိုင်ပွဲများ ဝင်ပြိုင်နိုင်ရန်အတွက် နေ့ညမပြတ် လေ့ကျင့်နေဆဲပင်။ စကာတင် စာရင်းထဲတော့ မကြာခဏ ပါဝင်ခွင့် ရခဲ့သည်။ ဆက်လက်ပြီး ကြိုးစားသွားမည် ဆိုလျှင် ဂီတလောကသားများက သူ့ကို တစ်နေ့နေ့တွင် သတိထားမိလာကြပေမည်။ သူ ထိုသို့ ယုံကြည်ထားသည်။ သို့သော် လက်ရှိ အချိန်ထိတော့ သူ့ကို ဆက်သွယ်မည့်သူ မည်သူမျှ မရှိသေးချေ။ သူသည် တေးထုတ်လုပ်သူများထံသို့ နမူနာအခွေများ ပေးပို့ခဲ့သည်။ သို့သော် ပင်လယ်ကြီးထဲသို့ ကျောက်ခဲလေးတစ်လုံး ပစ်ချလိုက်သည့်နှယ်။

တစ်ကြိမ်မှာတော့ ဆိုင်၏ ဖောက်သည်တစ်ဦးက သူ့ကို ဂီတဝေဖန်ရေးသမား တစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။ ကတ်ဆူရိုသည် ထိုသူ၏ ရှေ့တွင် သူကိုယ်တိုင် ရေးစပ်ထားသော သီချင်းနှစ်ပုဒ်ကို သီဆိုပြခဲ့သည်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုနိုင်သော အဆိုတော်တစ်ယောက် ဖြစ်ကြောင်း ပြသရန် ရည်ရွယ်သည်။ ထိုသီချင်းနှစ်ပုဒ်သည်လည်း သူ အားအရဆုံး သီချင်းများ ဖြစ်ကြသည်။

“မဆိုးပါဘူး” တစ်ခေါင်းလုံး တွန့်လိမ်သော ဆံပင်ဖြူများ ရှိသည့် ဂီတဝေဖန်ရေးဆရာက ပြောသည်။ “သံစဉ်လေးကလည်း ကောင်းတယ်။ မင်းရဲ့ အသံနဲ့လည်း အတော်လေး လိုက်ဖက်တယ်။ very good ပဲ”

ကတ်ဆူရို အလွန် ဝမ်းသာသွားသည်။ သူ၏ ပထမဆုံး ခြေလှမ်းကို စတင် လျှောက်လှမ်းနိုင်ရန် အလှမ်းမဝေးတော့ပြီဟု တွေးမိပြီး ရင်တွေ ခုန်လာသည်။

ဖောက်သည်က ကတ်ဆူရို၏ ကိုယ်စား မေးလိုက်သည်။ “ဒီလောက်ဆိုရင် စီးပွားဖြစ် အဆိုတော် လုပ်စားလို့ ရပြီ မဟုတ်လား”

ကတ်ဆူရို၏ အာရုံကြောများ တောင့်တင်းသွားသည်။ ဝေဖန်ရေးဆရာ၏ မျက်နှာကို လုံးဝ မကြည့်ရဲတော့ပေ။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် “အင်း …….” ဝေဖန်ရေးဆရာ၏ အသံထွက်ပေါ်လာသည်။ “အဲဒီလို မမျှော်လင့်ထားတာပဲ ကောင်းမယ်”

ကတ်ဆူရို ခေါင်းထောင်လာသည်။ “ဘာဖြစ်လို့လဲ” သူက မေးလိုက်သည်။

“မင်းလောက် ဆိုနိုင်တဲ့လူတွေ လောကမှာ အပုံကြီးပဲ။ တကယ်လို့ မင်းရဲ့ အသံက သိပ်ကို ထူးခြားနေရင်တော့ တစ်မျိုးတစ်မည် စဉ်းစားရမှာပေါ့။ ဒါပေမယ့် မင်းမှာ အဲဒီ အရည်အချင်း မရှိဘူး”

ဝေဖန်ရေးဆရာ၏ စကားက ချက်ကောင်းကို လာမှန်လေပြီ။ ကတ်ဆူရိုတွင် ပြောစရာ စကားမရှိ။ အဘယ်ကြောင့်ဆိုသော် ထိုစကားသည် သူ့အတွက် အသစ်အဆန်း မဟုတ်တော့ပေ။

“သီချင်း စာသားကရော ဘယ်လိုနေလဲ။ နားထောင်လို့ အဆင်ပြေတယ် မဟုတ်လား” ထိုစဉ် အနားတွင် ရှိနေသော သူ့သူဌေးက မေးလိုက်သည်။

“အပြင်လူတစ်ယောက်အနေနဲ့ ပြောရင်တော့ မဆိုးဘူးလို့ ပြောရမှာပဲ” ဝေဖန်ရေးဆရာက အေးစက်စက် လေသံဖြင့် ပြန်ဖြေသည်။ “ဒါပေမယ့် အဆင့်မြင့်တယ်လို့တော့ ပြောလို့ မရဘူး။ သီချင်းရဲ့ သံစဉ်က ကြားနေကျ ရိုးအီနေတဲ့ တီးလုံးတွေ အတိုင်းပဲ။ အများထဲက ဖောက်ထွက်ပြီး ထူးခြားတဲ့ တီထွင်ဖန်တီးမှု ရှိမနေဘူး”

ထိုစကားလုံးများက သူ၏ ရင်ကို ထိုးဆွနေသကဲ့သို့။ စိတ်ပျက်အားငယ်မှုများကြောင့် ကတ်ဆူရို၏ တစ်ကိုယ်လုံး ထူပူလာကြသည်။

မိမိမှာ ဂီတပါရမီ လုံးဝ မရှိဘူးလော။ ဂီတအဆိုကျော် ဖြစ်လိုခြင်းသည် အနူလက်နှင့် ရွှေခွက်နှိုက်သလိုများ ဖြစ်နေချေပြီလော။ ထိုနေ့မှ စ၍ သူသည် ထိုမေးခွန်းများကို မိမိကိုယ်မိမိ အစဉ်မပြတ် မေးနေလေတော့သည်။

 

(ဂ)

ဒုတိယနေ့ ညနေရောက်မှသာ ကတ်ဆူရိုသည် ကျောပိုးအိတ်တစ်လုံး ကျောပိုး၍ အနောက်တိုင်းဝတ်စုံ အိတ်ကို ကိုင်လျက် နေအိမ်တိုက်ခန်းမှ ထွက်လာနိုင်ခဲ့သည်။ အနောက်တိုင်း ဝတ်စုံအိတ်ထဲတွင် သူဌေးထံမှ ငှားရမ်းထားသော အနက်ရောင် အနောက်တိုင်း ဝတ်စုံတစ်စုံ ထည့်ထားသည်။ မည်သည့် အချိန်ရောက်မှ တိုကျိုသို့ ပြန်လာနိုင်မည်ကို မသိသောကြောင့် သူသည် ဂီတာကိုပါ တစ်ပါတည်း ယူဆောင်သွားလိုခဲ့သည်။ သို့သော် ဂီတာကို မြင်လျှင် မိဘများ၏ စောင်းမြောင်းပြောဆိုခြင်းကို ခံရနိုင်သောကြောင့် ၎င်းကို မယူရန် ဆုံးဖြတ်လိုက်ရသည်။ ဂီတာအစား ဘာဂျာကို အိတ်ထဲသို့ ထည့်ယူလာခဲ့သည်။

ကတ်ဆူရိုသည် တိုကျိုဘူတာတွင် ရထားစီးသည်။ ရထားတွဲထဲတွင် လူသူ နည်းပါးသောကြောင့် လူလေးယောက် ထိုင်နိုင်သော ထိုင်ခုံတွဲကို သူတစ်ယောက်တည်း မောင်ပိုင်စီးထားပြီး ဖိနပ်ချွတ်၍ မျက်နှာချင်းဆိုင် ထိုင်ခုံပေါ်သို့ ခြေထောက်တင်ထားလိုက်သည်။

ကတ်ဆူရို၏ ဇာတိမြို့သို့ ရောက်ရန် တိုကျိုဘူတာမှ ၂ နာရီခန့် ရထားစီးရပေမည်။ အကြားတွင်လည်း ရထားပြောင်းရဦးမည်။ ဇာတိမြို့လေးမှ တိုကျိုသို့ နေ့စဉ်နေ့တိုင်း ရထားစီး၍ ရုံးတက်နေကြသောသူများ ရှိသည်ဟု သိထားသော်လည်း ကတ်ဆူရိုက ထိုသို့ နေထိုင်သွားလာရန် စိတ်ပင် မကူးခဲ့ဖူးပေ။

အဘွား ကွယ်လွန်သွားသော သတင်းကို ပြောပြလိုက်သောအခါ သူဌေးက သူ့အား အိမ်ပြန်ရန် ချက်ချင်း ခွင့်ပေးခဲ့လေသည်။

“ဒါမျိုး အခွင့်အရေးက ရခဲတယ်။ မင်းအဖေအမေတွေနဲ့ သေသေချာချာ ညှိနှိုင်းခဲ့။ မင်းရဲ့ အနာဂတ် ရည်မှန်းချက်အတွက်ပေါ့ကွာ” သူဌေးက သူ့ကို ဖျောင်းဖျနေသည်။ ဂီတကို စွန့်လွှတ်ရန် အချိန်တန်ပြီဟု သူ့ကို အနုနည်းဖြင့် အရိပ်အခြေ ပြနေခြင်းပေလော။

‘အောင်မြင်နိုင်ဖို့ ငါ့မှာ တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား’ ပြတင်းပေါက်မှ တောတောင် ရှုခင်းများကို ငေးကြည့်ရင်း ကတ်ဆူရို တွေးနေမိသည်။ အိမ်ပြန်ရောက်လျှင်လည်း ဖခင်၏ ပြစ်တင်မောင်းမဲခြင်းကို ခံရပေဦးမည်။ ပြောလာမည့် အကြောင်းအရာကို ရှည်ရှည်ဝေးဝေး စဉ်းစားကြည့်ရန်ပင် မလို။ “မင်း အခုချိန်ထိ စိတ်ကူးယဉ်လို့ အားမရသေးဘူးလား။ လောကမှာ ဒီလောက် လွယ်ကူတဲ့ ကိစ္စမျိုး ရှိနိုင်ပါ့မလား။ မြန်မြန် အသိတရား ဝင်ပြီး အိမ်က မိမွေဖမွေ လုပ်ငန်းကို ဆက်ခံဖို့ အချိန်ရောက်ပြီ။ မဟုတ်လည်း အရေးအရာရှိတဲ့ အလုပ်မျိုးကို မင်း ရှာနိုင်တာမှ မဟုတ်ဘဲ”

ကတ်ဆူရိုက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်း၍ အတွေးများကို မောင်းထုတ်ပစ်သည်။ စိတ်ညစ်စရာ ကောင်းသော ထိုကိစ္စကို မစဉ်းစားတာပဲ ကောင်းပေမည်။ သူသည် ကျောပိုးအိတ်ကို ဖွင့်ပြီး အထဲမှ Walkman ကက်ဆက်နှင့် နားကြပ်ကို ထုတ်လိုက်သည်။ ထိုပစ္စည်းနှစ်ခုသည် ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ တစ်နှစ်လောက်သာ ရှိသေးသော်လည်း ကမ္ဘာလောကကြီးကို အကောင်းဘက်သို့ ပြောင်းလဲစေခဲ့သည်။ ကတ်ဆူရို အနေဖြင့် မည်သည့်နေရာသို့ သွားသွား၊ ကြိုက်သည့်နေရာတွင် သီချင်းနားထောင်နိုင်သည်။

သူသည် သီချင်းကို ဖွင့်ပြီး မျက်စိကို စုံမှိတ်ထားလိုက်သည်။ သူ၏ နားထဲသို့ Yellow Magic Orchestra အမည်ရှိ ဂီတအဖွဲ့၏ သီချင်းတစ်ပုဒ်က ငြိမ့်ညောင်းသာယာစွာ ဝင်ရောက်လာသည်။ ဂီတအဖွဲ့၏ အဖွဲ့ဝင်များ အားလုံးသည် ဂျပန်လူမျိုးများ ဖြစ်ကြသော်လည်း နိုင်ငံရပ်ခြားတွင် စတင် နာမည်ကျော်ကြားခဲ့ခြင်း ဖြစ်သည်။ လော့စ်အိမ်ဂျယ်လိစ်မြို့၏ စတိတ်စင် တစ်ခုပေါ်တွင် Tubes ဂီတအဖွဲ့အတွက် အဖွင့်သီချင်းတစ်ပုဒ် သီဆိုပေးစဉ် ပရိသတ်အားလုံးက မတ်တတ်ရပ်ကာ သောင်းသောင်းဖျဖျ ဩဘာပေးခဲ့ကြသည်ဟု အဆိုရှိသည်။

၎င်းကိုပင် ဂီတပါရမီဟု ခေါ်ဆိုလေသလော။ သူသည် သူ့ဦးနှောက်မှ ထွက်ပေါ်လာသော အတွေးကို ပိတ်ပင်ဖို့ ကြိုးစားလိုက်သည်။ သို့သော် နှလုံးသား ထောင့်တစ်နေရာမှ စိမ့်ထွက်လာသော ခံစားချက်ကိုကား တားဆီးနိုင်စွမ်း မရှိခဲ့ပေ။

မကြာမီ သူ့အိမ်နှင့် အနီးဆုံးဖြစ်သော ဘူတာရုံသို့ ရောက်ရှိလာသည်။ ဘူတာရုံမှ ထွက်လိုက်သောအခါ မိမိနှင့် ရင်းနှီးနေခဲ့ပြီးသော မြင်ကွင်းများက မျက်လုံးအိမ်ထဲ ထင်ဟပ်လာကြသည်။ အမြန်လမ်းမကြီးနှင့် ပေါင်းစုံသွားမည့် မိန်းလမ်းမကြီး၏ ဘယ်ညာ ဘေးတစ်ဘက်တစ်ချက်စီတွင် သေးငယ်သော ဆိုင်ခန်းများက အစီအရီ တည်ရှိနေကြသည်။ ထိုလုပ်ငန်းများသည် မိမိတို့၏ ပုံမှန် ဖောက်သည်များဖြင့်သာ လည်ပတ်နေကြရသည်။ ကတ်ဆူရိုသည် ကျောင်းထွက်ပြီးကတည်းက အိမ်သို့ အလည် ပြန်မရောက်တော့ချေ။ သို့သော် မြို့၏ အနေအထားသည် စိုးစဉ်းမျှ ပြောင်းလဲသွားခဲ့ခြင်း မရှိ။

ကတ်ဆူရိုသည် ခြေလှမ်းကို ရပ်တန့်လိုက်သည်။ ပန်းဆိုင်နှင့် ကုန်စုံဆိုင်၏ အကြားတွင် ရှိသည့် ဆိုင်ခန်းနှစ်ခန်းစာ အကျယ်ရှိသော ဆိုင်တစ်ဆိုင်၏ ယင်းလိပ်တံခါးသည် တစ်ဝက်မျှသာ ဖွင့်ထားသည်။ ယင်းလိပ်တံခါး၏ အထက်တွင် ‘ယူအိုမတ်ဆု’ ဟု ရေးထားသော ဆိုင်းဘုတ်တစ်ခုကို တွေ့နိုင်သည်။ ၎င်းစာလုံးကြီး၏ ဘေးတွင် စာလုံးသေးသေးဖြင့် ‘လတ်ဆတ်သော ငါးများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည်’ ဟု ရေးထားသေးသည်။

ငါးဆိုင်ကို စတင် ဖွင့်လှစ်ခဲ့သူမှာ ကတ်ဆူရို၏ အဘိုးဖြစ်သည်။ ထိုစဉ်က ဆိုင်မှာ ဤနေရာတွင် မဟုတ်။ ဆိုင်မျက်နှာစာကလည်း ပို၍ ကျယ်ဝန်းသည်။ သို့သော် ထိုဆိုင်သည် စစ်ကြီးအတွင်း၌ မီးလောင်ပျက်စီးသွားသောကြောင့် စစ်ပြီးသောအခါတွင် ယခုနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြသည်။

ကတ်ဆူရိုသည် ယင်းလိပ်တံခါးအောက်မှ ငုံ့ပြီး ဆိုင်ထဲသို့ ဝင်လိုက်သောအခါ ဆိုင်တွင်း၌ မှောင်မဲနေသည်။ အသေအချာ ကြည့်လိုက်သောအခါ အအေးခန်း ကောင်တာထဲတွင် ငါးများကို မတွေ့ရ။ ယခုလို ရာသီမျိုးတွင် လတ်ဆတ်သော ငါးများကို တစ်ရက်မျှပင် အပြင်မှာ ထားမရဘဲ ရောင်း၍ မကုန်သည်များကို ရေခဲရိုက်ထားရသည်။ နံရံပေါ်တွင် စက္ကူတစ်ရွက် ကပ်ထားသည်။ ‘ငါးရှဉ့်ကင်များကို ဝယ်ယူအားပေးနိုင်ပါသည်’

ယဉ်ပါးနေပြီ ဖြစ်သော ငါးညှီနံ့များက သူ၏ ငယ်ဘဝကို လွမ်းဆွတ်တမ်းတစေသည်။ ကတ်ဆူရိုသည် ဆိုင်အနောက်ဘက်သို့ လျှောက်သွားသည်။ ဆက်သွားလျှင် လူနေအိမ်ခန်းသို့ ဝင်ရာ ဖိနပ်ချွတ်ခုံသို့ ရောက်သည်။ အိမ်တံခါးကို အလုံပိတ်ထားသော်လည်း အခန်းတွင်းမှ အလင်းတချို့သည် အပြင်ဘက်သို့ ဖြာထွက်နေကြသည်။ အထဲတွင် လှုပ်ရှားနေသော လူရိပ်လူရောင်ကိုလည်း တွေ့နေရသည်။

သူသည် အသက်ရှူမှန်အောင် ပြုပြင်ပြီး အသံပြုလိုက်သည်။ “ကျွန်တော် ပြန်ရောက်ပြီ” အော်လိုက်ပြီးနောက် သူ စဉ်းစားနေမိသည်။ “နေကောင်းကြရဲ့လား” ဟု နှုတ်ဆက်သည်က ပိုပြီး သင့်လျော်နေမလား မပြောတတ်။

တံခါးပွင့်လာပြီး အနက်ရောင် အင်္ကျီ ဝတ်ဆင်ထားသော သူ့နှမ အေမီကို၏ မျက်နှာကို တွေ့ရလေသည်။ သူ့ကို မတွေ့ခဲ့ရသည်မှာ အတော်ပင် ကြာခဲ့လေပြီ။ ယခုအခါ တော်တော်လေးပင် ထွားလာခဲ့ပြီ။ အေမီကိုသည် ကတ်ဆူရိုကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး “ဟူး …” ဟူ၍ သက်ပြင်းချလိုက်သည်။

“အစ်ကို ပြန်လာပြီနော်။ လာမှာ မဟုတ်တော့ဘူးလို့ ကျွန်မက ထင်နေတာ”

“မလာဘဲ နေပါ့မလား။ ငါ ရအောင် ကြံပါ့မယ်လို့ ပြောထားတာပဲဟာ” ကတ်ဆူရိုသည် ဖိနပ်ချွတ်ပြီး အထဲသို့ ဝင်လာသည်။ အခန်းကျဉ်းလေးအတွင်းသို့ မျက်စိဝေ့ကြည့်လိုက်သည်။ “နင် တစ်ယောက်တည်းလား။ အဖေအမေတို့ရော”

အေမီကိုက မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့ စင်တာကို သွားတာ နေ့ခင်းကတည်းကပဲ။ ကျွန်မလည်း အဲဒီကို သွားပြီး သူတို့ကို ကူညီပေးမလို့ပါပဲ။ ဒါပေမယ့် အစ်ကို ပြန်လာရင် ဘယ်သူမှ မရှိဘဲ အိမ်ဟောင်းလောင်း ဖြစ်နေမှာ စိုးလို့ အစ်ကို့ကို စောင့်နေတာ”

ကတ်ဆူရိုက ပခုံးကို တွန့်လိုက်သည်။ “ဪ … ဒီလိုလား”

“စင်တာကို ဒီလိုပုံစံမျိုးနဲ့ သွားမယ်လို့ စိတ်ကူးထားတာတော့ မဟုတ်ပါဘူးနော်”

သူသည် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ “အလကား ဟုတ်ပါ့မလား။ ခဏစောင့်ဦး။ ငါ သွားလဲလိုက်ဦးမယ်”

“မြန်မြန်လုပ်”

“အေးပါ” ကတ်ဆူရိုသည် သူ့အထုပ်ကိုဆွဲပြီး အပေါ်ထပ်သို့ တက်သွားသည်။ ဒုတိယထပ်တွင် မြက်ဖျာ ခြောက်ချပ်ခန်းနှင့် လေးချပ်ခွဲခန်းဟူ၍ အခန်းနှစ်ခန်း ရှိသည်။ သူသည် အထက်တန်းကျောင်း ပြီးသည်အထိ မြက်ဖျာ ခြောက်ချပ်ခန်းထဲတွင် နေထိုင်ခဲ့သည်။

စက္ကူတံခါးကို ဆွဲဖွင့်လိုက်သောအခါ အထဲမှ မြင်ကွင်းက သူ့ကို မျက်မှောင်ကုတ်သွားစေသည်။ ပြတင်းလိုက်ကာများ ချထားသောကြောင့် အခန်းတွင်းမှ ပစ္စည်းများကို မှုန်ပျပျသာ မြင်နေရသည်။ ကတ်ဆူရိုသည် နံရံပေါ်ရှိ မီးခလုတ်ကို ဖွင့်လိုက်သည်။ မီးချောင်း၏ အလင်းရောင်အောက်တွင် မြင်နေရသော အလုံးစုံတို့သည် သူ ယခင် နေထိုင်ခဲ့စဉ်ကအတိုင်း ပုံစံမပျက်ဘဲ မူလအတိုင်း တည်ရှိနေကြသည်။ ခဲတံချွန်စက် အဟောင်းသည်လည်း စာရေးစားပွဲပေါ်တွင် ဟန်မပျက် ရှိနေလေသည်။ သူ ကြိုက်နှစ်သက်ခဲ့သော အဆိုတော်များ၏ ရုပ်ပုံ ပိုစတာများသည်လည်း နံရံတွင်ပေါ် အတိုင်းသား တွေ့နေရသည်။ စာအုပ်စင်ပေါ်တွင်လည်း အဘိဓာန်စာအုပ် အဟောင်းများ အကြား ရောနှောနေသော ဂီတာစာအုပ်များကို တွေ့နိုင်ပေသည်။

တိုကျိုသို့ ပြောင်းသွားစဉ် အချိန်က ဤအခန်းကို အေမီကို အသုံးပြုလိုကြောင်း သူ့မိခင်ထံမှ ကတ်ဆူရို ကြားခဲ့ဖူးသည်။ အမေတို့ ကြိုက်နှစ်သက်သလို ပြုလုပ်နိုင်ကြောင်းကိုလည်း ကတ်ဆူရိုက ပြန်ကြားခဲ့သည်။ ယနေ့အချိန်ထိ သူ၏ ရည်မှန်းချက် ဖြစ်သော ဂီတလောကအတွင်းသို့ ဝင်ရောက်နိုင်ရေး အတွက်သာ အသည်းအသန် ကြိုးစားနေပြီး အိမ်သို့ ပြန်လည် ပြောင်းရွှေ့ နေထိုင်ရန် လုံးဝ စိတ်ကူး မရှိခဲ့ပေ။

သို့သော် ဤအခန်းကို ဟန်မပျက်စေဘဲ မူလအတိုင်း ထိန်းသိမ်းထားခြင်းသည် သူ ပြန်လာရန် မိဘများက မျှော်လင့် တောင့်တနေကြဆဲ ဖြစ်ကြောင်းကို ဖော်ပြလျက် ရှိနေသည်။ ၎င်းအချက်ကို စဉ်းစားမိသောအခါ ကတ်ဆူရို၏ အတွေးများ လေးပင်လာကြသည်။

အနောက်တိုင်း ဝတ်စုံကို လဲပြီးနောက် ကတ်ဆူရိုသည် အေမီကိုနှင့်အတူ အိမ်မှ ထွက်လာခဲ့သည်။ ဇူလိုင်လဟု ဆိုရသော်လည်း ရာသီဥတုက ကံကောင်းထောက်မစွာ အေးမြနေဆဲ။

အသုဘရှု အခမ်းအနား ကျင်းပမည့် နေရာသည် မကြာခင်ကမှ ဆောက်လုပ်ပြီးစီးသွားသော မြို့နယ်ခန်းမတွင် ဖြစ်သည်။ သူ့အိမ်မှ ဆယ်မိနစ်ခန့် လမ်းလျှောက်သွားရသည်။

လူနေရပ်ကွက်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် မျက်စိရှေ့မှ မြင်ကွင်းများသည် ယခင်ကနှင့် မတူတော့ဘဲ များစွာ ပြောင်းလဲနေသည်ကို တွေ့ရ၍ ကတ်ဆူရိုမှာ အံ့အားသင့်နေမိသည်။ အေမီကို၏ ပြောပြချက်အရ ဤမြို့လေးသို့ ပြောင်းရွှေ့လာသော လူဦးရေမှာ တဖြည်းဖြည်း တိုးပွားလျက် ရှိနေသည်။ မြို့ငယ်သေးသေးလေးဟု ဆိုသော်လည်း အနည်းနှင့်အများတော့ အပြောင်းအလဲ ရှိရမည်သာဟု ကတ်ဆူရိုက တွေးမိသည်။

“အစ်ကို၊ ဘာလုပ်မယ် စိတ်ကူးထားသလဲ” လမ်းလျှောက်နေရင်း အေမီကိုက မေးလာသည်။

သူ့စကား၏ ဆိုလိုရင်း အဓိပ္ပာယ်ကို နားလည်သော်လည်း ကတ်ဆူရိုသည် မသိချင်ယောင် ဆောင်၍ ပြန်မေးလိုက်သည်။ “ဘာလုပ်ရမှာလဲ”

“ရှေ့အနာဂတ်အတွက် မေးနေတာလေ။ ဂီတ အကျော်အမော် တစ်ယောက် ဖြစ်အောင် လုပ်နိုင်ရင်လည်း မဆိုးပါဘူး။ ဒါပေမယ့် အစ်ကို့မှာ မျှော်လင့်ချက် ရှိသေးလို့လား”

“မေးစရာ လိုသေးလို့လား။ မျှော်လင့်ချက်သာ မရှိရင် ငါ ဒီလောက် လုပ်နေမှာ မဟုတ်ဘူး” ထိုစကားကို ပြောနေစဉ်အတွင်း သူ၏ ရင်မှာ တဒိန်းဒိန်း ခုန်လျက် ရှိသည်ကို သူ သတိထားမိသည်။ အလိမ်ပေါ်သွားမည်ကို ကြောက်နေသည့် ခံစားမှုမျိုး။

“ဒါပေမယ့် ကျွန်မတို့အိမ်မှာ ဂီတပါရမီရှင်တစ်ယောက် ရှိနေလိမ့်မယ်လို့ ကျွန်မဖြင့် ဘယ်လိုမှ ယုံကြည်လို့ မရသေးဘူး။ အစ်ကိုရဲ့ ဖျော်ဖြေပွဲတွေကို ကျွန်မ သွားကြည့်ဖူးပါတယ်။ တကယ်လည်း ကောင်းတယ်လို့ ယူဆတယ်။ ဒါပေမယ့် နာမည်ကျော်ကြားတဲ့ အဆိုတော် တစ်ယောက် ဖြစ်ဖို့ ဆိုတာကတော့ အဲဒီလောက်နဲ့ ရလိမ့်မယ် မထင်ဘူး”

ကတ်ဆူရိုက ရှုံ့မဲ့လျက် ပြန်ပြောသည်။ “နင်က ဆရာမကြီးလား။ နင် ဘာနားလည်လို့လဲ”

အေမီကို စိတ်ဆိုးသွားမည်ဟု ယူဆမိခဲ့သည်။ သို့သော် သူက တည်ငြိမ်စွာ ပြန်ပြောသည်။

“ဟုတ်ပါတယ်။ ကျွန်မက ဂီတလောကအကြောင်း ဘာမှ သိတာမှ မဟုတ်တာ။ ဒါကြောင့်လည်း အစ်ကို့ကို မေးနေတာပေါ့။ ဘာဆက်လုပ်ဖို့ စိတ်ကူးထားသလဲ။ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက် ယုံကြည် စိတ်ချနေမှတော့ ထင်သာမြင်သာ ရှိတဲ့ ပန်းတိုင်တစ်ခုလောက် ချပြသင့်တာပေါ့။ ဥပမာ အစ်ကိုရဲ့ အနာဂတ် အစီအစဉ်တွေ၊ နောက်နောင် ဘယ်လို အောင်မြင်အောင် လုပ်မယ် ဆိုတဲ့ စီမံကိန်းတွေ၊ ဘယ်အချိန်မှာ ဂီတနဲ့ အသက်မွေးနိုင်ရမယ် ဆိုတာမျိုးတွေပေါ့။ အဲဒါတွေကိုမှ ချမပြနိုင်ရင် ကျွန်မ မပြောနဲ့၊ အဖေအမေတို့ကလည်း အစ်ကို့ကို စိတ်ချမှာ မဟုတ်ဘူး”

နှမဖြစ်သူ၏ စကားမှာ မှန်လွန်းသည်ဟု ဆိုနိုင်သော်ငြားလည်း ကတ်ဆူရိုက မာန်မဲ၍သာ ပြန်ပြောလေသည်။

“ကိုယ်ချထားတဲ့ စီမံကိန်းအတိုင်းသာ မလွဲမသွေ ဖြစ်နေမယ် ဆိုရင် ဘယ်သူက အပင်ပန်းခံပြီး ရုန်းကန်နေဖို့ လိုနေဦးတော့မလဲ။ ဒီမြို့လေးပေါ်က တက္ကသိုလ်မှာ ဘွဲ့ရပြီး ဒီမြို့လေးပေါ်က ဘဏ်မှာပဲ အလုပ်ဝင်နေမယ့် လူတစ်ယောက်အနေနဲ့ ဒါကို ဘယ်လိုမှ နားလည်နိုင်လိမ့်မယ် မထင်ဘူး”

သူသည် အေမီကိုကို ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။ နောက်နှစ် နွေဦးတွင် ဘွဲ့ရတော့မည့် အေမီကိုသည် အလုပ်ကို စောစီးစွာ ရှာပြီးနှင့်လေပြီ။ ဤတစ်ကြိမ်တွင်လည်း သူ အလွန် စိတ်ဆိုးသွားလိမ့်မည်ဟု ယူဆထားသော်လည်း သူသည် ထွက်သက်လေကိုသာ ခပ်ပြင်းပြင်းကြီး မှုတ်ထုတ်လိုက်သည်။

“အစ်ကို၊ အဖေအမေတို့ရဲ့ နောင်ရေးအတွက် အသေအချာ စဉ်းစားကြည့်ဖူးလား။ သူတို့တွေ အသက်ကြီးကုန်ကြပြီနော်”

ကတ်ဆူရို နှုတ်ဆိတ်သွားသည်။ သူ မစဉ်းစားချင်ဆုံး ကိစ္စတစ်ရပ်မှာ မိဘများ၏ အိုဇာတာပင် ဖြစ်သည်။

“အဖေ လွန်ခဲ့တဲ့ တစ်လလောက်က မှောက်သွားသေးတယ်။ အရင်ကလိုပါပဲ။ နှလုံးရောဂါ ပြန်ဖောက်တာ”

ကတ်ဆူရို၏ ခြေလှမ်းများ တုံ့ရပ်သွားပြီး အေမီကိုကို စိုက်ကြည့်နေသည်။ “တကယ်ကြီးလား”

“တကယ်ပေါ့” အေမီကိုသည် သူ့ကို စူးစူးစိုက်စိုက် ပြန်ကြည့်နေသည်။ “ကံကောင်းလို့ ဆိုးဆိုးရွားရွား မဖြစ်တယ်။ ဒါပေမယ့် အဘွား အသည်းအသန် ဖြစ်နေတာနဲ့ တိုက်ဆိုင်လေတော့ ကျွန်မတို့မှာ ကြောက်လိုက်ကြတာ အရမ်းပဲ”

“ငါ ဘာမှ မသိရပါလား”

“အဖေက အမေ့ကို မပြောခိုင်းတာတဲ့လေ”

“ဪ …….”

ကျေးဇူးကန်းသည့် သားတစ်ယောက်ကို အသိပေးနေစရာ မလိုဟု ဆိုလိုရာ ရောက်ပါသလော။ ကတ်ဆူရိုတွင် ပြန်လည် တုံ့ပြန်စရာ စကားမရှိသောကြောင့် နှုတ်ဆိတ်၍သာ နေနေရလေသည်။

သူတို့နှစ်ယောက်သည် ရှေ့သို့ ဆက်လက် လှမ်းလျှောက်လာကြသည်။ မြို့နယ်ခန်းမသို့ ရောက်သွားသည်အထိ အေမီကိုထံမှ ဘာစကားကိုမျှ မကြားရတော့ပေ။

 

(ဃ)

မြို့နယ်ခန်းမသည် သာမန် ဂျပန်အိမ်ပုံစံမျိုး အတိုင်းသာ ဆောက်လုပ်ထားသော တစ်ထပ်တိုက်ကလေး ဖြစ်သည်။ နာရေးဝတ်စုံများ ဝတ်ဆင်ထားသော ယောက်ျားမိန်းမများ ဝင်ချည်ထွက်ချည်ဖြင့် အလုပ်ရှုပ်နေကြသည်။

မိခင်ဖြစ်သူ ကာနာကိုသည် ဧည့်ကြိုဆောင်တွင် ရပ်လျက် ပိန်လှီသော အမျိုးသားတစ်ဦးနှင့် စကားပြောနေသည်။ ကတ်ဆူရိုက ဖြည်းဖြည်းချင်း လှမ်းဝင်သွားသည်။

ကာနာကိုက သူ့ကို တွေ့မြင်သွားပြီး ပါးစပ်ဟလျက် အံ့အားသင့်နေသည်။ သူက “ကျွန်တော် ပြန်ရောက်ပြီ” ဟု ပြောဆိုရန် ဟန်ပြင်စဉ် မိခင်ဘေးနားတွင် ရပ်နေသော အမျိုးသားကို မြင်လိုက်ရ၍ ဘာမျှ မပြောနိုင်ဘဲ ဆွံ့အသွားလေသည်။

ဖခင် တာကေအို ဖြစ်သည်။ ကတ်ဆူရို မမှတ်မိနိုင်လောက်အောင် ပိန်လှီသွားလေပြီ။

တာကေအိုသည် ကတ်ဆူရိုကို အကြာကြီး စိုက်ကြည့်နေပြီးမှ အာစေးကပ်နေသော သူ့နှုတ်ခမ်းများ ပွင့်ဟလာသည်။

“မင်း ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ။ ဘယ်သူက မင်းကို အကြောင်းကြားလိုက်တာလဲ” သူက စိတ်ဆိုးမာန်ဆိုးဖြင့် မေးသည်။

“အေမီကိုက ကျွန်တော့်ကို ပြောတာ”

“ဟုတ်လား” တာကေအိုသည် အေမီကိုကို တစ်ချက် လှမ်းကြည့်သည်။ ထို့နောက် ကတ်ဆူရိုဘက် ပြန်လှည့်လာသည်။ “ဒီကို ပြန်လာနိုင်လောက်အောင် အားနေတယ်ပေါ့”

‘မင်းရဲ့ ရည်မှန်းချက်တွေ မအောင်မြင် မချင်း ငါတို့နဲ့ မတွေ့ဘူးဆို’ တကယ်တော့ သူ ပြောချင်သည့် စကားမှာ ထိုစကားသာ ဖြစ်ရမည်ဟု ကတ်ဆူရိုက ယူဆမိသည်။

“တကယ်လို့ အဖေက ကျွန်တော့်ကို တိုကျို ပြန်စေချင်တယ် ဆိုရင် ကျွန်တော် အခုပဲ ပြန်သွားပါ့မယ်”

“ကတ်ဆူရို” ကာနာကိုက အပြစ်တင်သည့် လေသံဖြင့် သူ့ကို ဟန့်လိုက်သည်။

တာကေအိုက ဂရုမစိုက်သည့် ဟန်ဖြင့် လက်ခါယမ်းနေသည်။

“ငါ အဲဒီလို ပြောမိလို့လား။ ငါ သိပ်အလုပ်များနေတယ်။ မင်းနဲ့ လေကြော ရှည်မနေနိုင်ဘူး” ပြောပြီး ခပ်သုတ်သုတ် ထွက်ခွာသွားသည်။

ကတ်ဆူရိုသည် သူ၏ ကျောပြင်ကို ငေးကြည့်နေမိသည်။ ကာနာကိုက စကားစလာသည်။ “သား အခုတော့ ပြန်လာပြီနော်။ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ အမေက ထင်နေတာ”

ကြည့်ရသည်မှာ ဖုန်းဆက်ရန်အတွက် ကာနာကိုက အေမီကိုကို မှာကြားထားပုံ ရသည်။

“အေမီကို ပွစိပွစိ လုပ်နေတာကို မခံနိုင်တော့လို့ပါဗျာ။ ဒါနဲ့ အဖေ အတော်လေး ပိန်သွားတယ်နော်။ တလောတုန်းကလည်း ဆေးရုံတင်လိုက်ရသေးတယ်ဆို။ စိုးရိမ်ရသလား”

ကတ်ဆူရို၏ အမေးကြောင့် ကာနာကို၏ ခါးမှာ အနည်းငယ် ကိုင်းကျသွားသည်။

“သူ့ဟာသူတော့ တောင့်ခံနေတာပဲ။ ဒါပေမယ့် အမေ့အထင်တော့ သူလည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူး။ အေးလေ … အသက်တောင် ၆၀ ကျော်နေပြီပဲဟာ”

“ဪ …..”

တာကေအိုနှင့် ကာနာကိုတို့ အိမ်ထောင်ပြုကြစဉ်က တာကေအို၏ အသက်မှာ ၃၆ နှစ်ပင် ရှိနေခဲ့ပြီ။ ကတ်ဆူရို ငယ်စဉ်က သူ အမြဲ ပြောပြလေ့ရှိသော စကားတစ်ခွန်း ရှိသည်။ သူသည် ငါးဆိုင်လုပ်ငန်းကို ပြန်လည် လည်ပတ်နိုင်ရန် စိတ်နှစ်ပြီး ကြိုးစားနေရသောကြောင့် အိမ်ထောင်ပြုရန် အချိန်မပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

သရဏဂုံ တင်ခြင်း အခမ်းအနား ကျင်းပရန် စီစဉ်ထားသော ညနေ ၆ နာရီသို့ နီးကပ်လာသည် နှင့်အမျှ ဆွေမျိုးနီးစပ်တော်သည့် မိသားစုဝင်များ တဖွဲဖွဲ ရောက်ရှိလာကြသည်။ တာကေအိုတွင် တစ်အူထုံ့ဆင်း ညီရင်းမောင်နှမ အတော်များသည်။ သူ့တစ်ဘက်တည်းနှင့်ပင် ဆွေမျိုးသားချင်းမှာ အယောက် ၂၀ မကပေ။ သူတို့နှင့် နောက်ဆုံးအကြိမ် ဆုံဖြစ်ကြသည်မှာ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ဖြစ်သည်။

အဖေအောက် သုံးနှစ်ငယ်သော ဦးလေးက သူ့ကို ဝမ်းသာအယ်လဲ လက်ဆွဲနှုတ်ဆက်နေသည်။

“ဟေ့ ကတ်ဆူရို၊ မင်း ကြည့်ရတာ အားမာန်အပြည့်နဲ့ပါလား။ မင်း တိုကျိုမှာ နေနေတာဆို။ အဲဒီမှာ ဘာလုပ်နေတာလဲ”

“ဗျာ … အဲ … ဘာဖြစ်ဖြစ် လုပ်တာပဲ”

အတိအကျ အဖြေမပေးနိုင်သောကြောင့် ကတ်ဆူရိုကိုယ်တိုင်ပင် အနေရအထိုင်ရ ခက်နေသည်။

“ဘာတုန်းဟ မင်းဟာက။ တက္ကသိုလ် ဘွဲ့မယူသေးဘဲ အချိန်ဆွဲနေတာက အလေလိုက်နေလို့တော့ မဟုတ်ပါဘူးနော်”

ကတ်ဆူရိုက အံ့အားသင့်နေမိသည်။ ကြည့်ရသည်မှာ သူ့မိဘများသည် သူ ကျောင်းထွက်လိုက်သည့် ကိစ္စကို ဆွေမျိုးများအား ပြောကြားထားခြင်း မရှိသေးပေ။ သူတို့ အနီးနားတွင် ရှိနေသော ကာနာကိုသည် ထိုစကားကို ကြားလိုက်မည်မှာ သေချာသည်။ သို့သော် ဘာမျှ ပြန်မပြောဘဲ မသိချင်ယောင်ဆောင်ကာ တစ်ဘက်သို့ လှည့်သွားသည်။

ရှက်ရွံ့စိတ်များ သူ့ရင်ထဲ တိုးဝင်လာသည်။ သူတို့၏ သားသည် ဖက်ခွက်စားတစ်ယောက် လုပ်ရန် လုံးပမ်းနေကြောင်းကို တာကေအိုနှင့် ကာနာကိုတို့သည် သူတစ်ပါးအား ပြောပြရန် ရှက်ရွံ့နေကြသည်မှာ သေချာသည်။ သူကိုယ်တိုင်ကလည်း ပြောပြရန် မဝံ့မရဲ ဖြစ်နေပြန်သည်။ သို့သော် ထိုသို့ ရှောင်ဖယ်နေ၍လည်း အလုပ်ဖြစ်မည် မဟုတ်။

ကတ်ဆူရိုသည် နှုတ်ခမ်းကို သပ်လိုက်ပြီး ဦးလေးကို စိုက်ကြည့်လိုက်သည်။ “ကျွန်တော် ကျောင်းထွက်လိုက်ပြီ”

“ဘယ်လို” ဦးလေးက သူ့နားသူပင် မယုံကြည်နိုင်သည့် မျက်နှာပေးဖြင့် ကြည့်နေသည်။

“ကျွန်တော် တက္ကသိုလ် ဆက်မတက်တော့ဘူး။ ကျောင်းထွက်လိုက်ပြီ” သူက ဆက်ပြောပြနေစဉ် အနီးတွင် တောင့်တောင့်ကြီး ရပ်နေသော မိခင်ကို မျက်စိထောင့်စွန်းမှ လှမ်းမြင်နေရသည်။ “ကျွန်တော် ဂီတနဲ့ အသက်မွေးဖို့ စိတ်ကူးထားတယ်”

“ဂီ … တ?” ဦးလေးက ထိုဝေါဟာရကို တစ်ခါမျှ မကြားဖူးသည့်အလား ရေရွတ်နေသည်။

ထိုစဉ် အခမ်းအနား စတင်၍ သူတို့လည်း စကားပြော ရပ်လိုက်ကြသည်။ ဦးလေး၏ မျက်နှာတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ တခြား ဆွေးမျိုးသားချင်းများကို လက်တို့၍ ပြောမဆုံးနိုင်အောင် ဖြစ်နေလေသည်။ ကတ်ဆူရို ပြောခဲ့သည့် စကားများကို မှန်၏ မမှန်၏ သိရှိနိုင်ရန် တခြားသူများ အထံတွင် စုံစမ်းနေသည့်အလား။

ပရိတ်တရားတော် ရွတ်ဖတ်သည်မှ စ၍ အခမ်းအနားကို ရိုးရာထုံးစံအတိုင်း အစီအစဉ်တကျ ကျင်းပခဲ့သည်။ ကတ်ဆူရိုသည် အမွေးတိုင်တစ်ချောင်း ပူဇော်လိုက်သည်။ ဓာတ်ပုံထဲမှ အဘွား၏ အပြုံးက ငြိမ်းချမ်းလှပေသည်။ အဘွားသည် ငယ်စဉ်က သူ့အား မည်မျှ ယုယချစ်ခင်ခဲ့သည်ကို ကတ်ဆူရို အမှတ်ရနေမိသည်။ အကယ်၍ အဘွားသာ သက်ရှိထင်ရှား ရှိနေဦးမည် ဆိုလျှင် သူ၏ ရည်မှန်းချက်ကို အပြည့်အဝ ထောက်ခံ အားပေးမည်သာ။

အခမ်းအနား ပြီးဆုံးသောအခါ သူတို့အားလုံး တခြား အခန်းတစ်ခန်းဆီသို့ ရွှေ့လိုက်ကြသည်။ ၎င်းနေရာတွင် ဆူရှီနှင့် ဘီယာများ အဆင်သင့် ပြင်ဆင်ထားသည်။ ကတ်ဆူရိုက အခန်းတွင်းသို့ အကဲခတ် ကြည့်လိုက်သည်။ ဆွေမျိုးသားချင်းများသာ ကျန်ရစ်တော့သည်။ ကွယ်လွန်သွားသော အဘွားသည် အသက် ၉၀ နီးပါးအထိ နေထိုင်သွားခဲ့သည်။ ထို့ကြောင့် ဆွေမျိုးများ၏ မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲသော အရိပ်အရောင်ကို များစွာ မတွေ့ရချေ။ ဆွေမျိုးသားချင်းများ ထိုသို့ တစ်စုတစ်စည်းတည်း ဆုံတွေ့ခွင့် မရခဲ့ကြသည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် နာရေး အခမ်းအနားနှင့် မတူဘဲ မိတ်ဆုံစားပွဲနှင့်သာ တူနေပေတော့သည်။

ထိုသို့ ကြည်နူးပျော်ရွှင်နေကြသော အခြေအနေမျိုးတွင် လူကြီးတစ်ယောက်၏ အော်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ “လျှာမရှည်နဲ့။ သူများအိမ်ကိစ္စမှာ မင်း ဝင်ပါစရာလား” ကတ်ဆူရိုအနေဖြင့် အသံလာရာသို့ လှမ်းကြည့်စရာပင် မလိုချေ။ ဖခင်၏ အသံဖြစ်မှန်း သူ သိနေသည်။

“အဲဒါ သူများအိမ်က ကိစ္စ မဟုတ်ဘူး။ ဒီကို ပြောင်းမလာခင်က အဲဒီဆိုင်ဟာ ငါတို့အဖေရဲ့ ဆိုင်လေ။ ငါလည်း အဲဒီနေရာမှာ နေခဲ့ဖူးတယ်” တာကေအိုနှင့် အချင်းများနေသူမှာ စောစောက သူနှင့် စကားပြောခဲ့သော ဦးလေးပင် ဖြစ်သည်။ အရက်၏ အစွမ်းကြောင့် ဖြစ်မည် ထင်တယ်။ နှစ်ယောက်စလုံး၏ မျက်နှာများ နီရဲနေကြသည်။

“အဖေ ဖွင့်ခဲ့တဲ့ဆိုင်က စစ်ကြီးနဲ့အတူ မီးလောင်လို့ ပြာကျသွားပြီကွ။ အခု ဒီဆိုင်က ငါဖွင့်ထားတာ။ မင်းမှာ ဘာပြောပိုင်ခွင့်မှ မရှိဘူး”

“မင်းက ဘာစကားပြောတာလဲ။ ‘ယူအိုမတ်ဆု’ နာမည်ကို အားကိုးပြီး ဆိုင်အသစ်ကို ပြန်ဖွင့်ခဲ့ရတာပဲ မဟုတ်လား။ အဲဒီနာမည်ကို အဖေ့ဆီကနေ အမွေရထားတာလေ။ ငါတို့နဲ့ နည်းနည်းလေးမှ မတိုင်ပင်ဘဲ အဲဒီလောက် အရေးပါတဲ့ဆိုင်ကို ပိတ်ပစ်မယ်ဆိုတော့ မင်းက ဘာသဘောလဲ”

“ဘယ်သူက ပိတ်ပစ်မယ် ပြောလို့လဲ။ ငါ ဆက်လုပ်နေတာကို မင်း မတွေ့ဘူးလား”

“မင်းရဲ့ ကျန်းမာရေး အခြေအနေနဲ့ မင်း ဘယ်လောက်အထိ ဆက်လုပ်နိုင်မှာမို့လို့လဲ။ ငါးထည့်တဲ့ သေတ္တာတောင် မ,နိုင်တော့တာ မဟုတ်ဘဲနဲ့။ နဂိုကတည်းကမှ မင့်းသားကို တိုကျိုပို့ပြီး တက္ကသိုလ်ထားတာ ရယ်ချင်စရာကြီး ဖြစ်နေခဲ့တာ။ ငါးဆိုင်ဖွင့်ဖို့ ဘာဘွဲ့ထူးဂုဏ်ထူးမှ မလိုပါဘူးကွ”

“မင်း ဘာစကားပြောတာလဲ။ ငါတို့ကို ငါးစိမ်းသည်တွေ ဆိုပြီး အထင်သေးတာလား” တာကေအိုက စိတ်ဆိုးမာန်ဆိုး ထရပ်လိုက်သည်။

“တော်ပါတော့” သူတို့နှစ်ဦးသား ခြေတွေ လက်တွေ ပါလာတော့မည်ကို ရိပ်စားမိနေကြသော အနီးနားရှိ လူများက ဝင်ရောက် ဖျန်ဖြေကြသည်။ တာကေအို ပြန်ထိုင်ချလိုက်သည်။

“…… တကယ်ပဲ။ နားကို မလည်နိုင်တော့ဘူး။ ဘာတွေများ တွေးနေသလဲ မသိဘူး” အခြေအနေများ ပြေလျော့သွားပြီးနောက် ဦးလေးက အရက်သောက်ရင်း တတွတ်တွတ် ရေရွတ်နေသည်။ “တက္ကသိုလ်ကို ပစ်ပြီး အဆိုတော် လုပ်မလို့တဲ့ကွာ။ ဒီလို အချိုးမပြေတဲ့ လုပ်ရပ်မျိုးကို မင်းမို့လို့ ခွင့်ပြုနိုင်တယ်”

“ပါးစပ်ပိတ်ထားစမ်းကွာ။ မင်း အပူ တစ်ပြားသားမှ မပါဘူး”

အခြေအနေက ပြန်လည် တင်းမာလာနိုင်သောကြောင့် ဒေါ်လေးက ဦးလေးကို အဝေးတစ်နေရာရှိ စားပွဲဆီသို့ ဆွဲခေါ်သွားလေသည်။

သူတို့နှစ်ဦး၏ ရန်ပွဲက ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ကျန်သူများ အားလုံးသည် မျက်နှာမထားတတ်အောင် ဖြစ်နေကြသည်။ “ကဲ … ပြန်ဖို့ အချိန်တန်ပြီ” လူတစ်ဦးက ဦးဆောင်ပြီး မတ်တတ်ထရပ်လိုက်သောအခါ ကျန်သူများအားလုံး အသီးသီး ထပြန်ကုန်ကြလေသည်။

“မင်းတို့လည်း ပြန်လိုက်ကြတော့” တာကေအိုက ကာနာကိုနှင့် ကတ်ဆူရိုတို့ကို ပြောသည်။ “အမွေးတိုင်မီးကို ငါပဲ ကြည့်ထားလိုက်မယ်”

“ရှင် တစ်ယောက်တည်း ဖြစ်ပါ့မလား။ သိပ်လည်း အပင်ပန်း ခံမနေပါနဲ့”

“အားအားရှိ ငါကို ဂိလာနလို့ပဲ ထင်မနေနဲ့ဦး” ကာနာကို စိုးရိမ်နေမှန်း သိပါလျက် တာကေအိုသည် မကြည်လင်သော မျက်နှာထားဖြင့် ပြန်ဟောက်နေသည်။

ကတ်ဆူရိုသည် ကာနာကို၊ အေမီကိုတို့နှင့်အတူ မြို့နယ်ခန်းမမှ အတူတကွ ထွက်ခွာလာကြသည်။ သို့သော် အနည်းငယ် လျှောက်ပြီးသောအခါ သူသည် ခြေလှမ်းများကို တုံ့ရပ်လိုက်သည်။

“အမေတို့ အရင် ပြန်နှင့်ကြပါလား” သူက သူတို့နှစ်ဦးကို ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ။ ပစ္စည်း မေ့ကျန်နေလို့လား” ကာနာကိုက မေးသည်။

“မ … မဟုတ်ပါဘူး”

“အစ်ကို အဖေနဲ့ စကားပြောမလို့ မဟုတ်လား” အေမီကိုက မေးလိုက်သည်။

“အင်း” သူက ခေါင်းညိတ်ပြသည်။ “သူနဲ့ အေးအေးဆေးဆေး ပြောကြည့်တာ ပိုကောင်းလိမ့်မယ် ထင်တယ်”

“ဒီလိုလား။ ကောင်းပြီလေ။ အမေ၊ သမီးတို့ သွားရအောင်”

သို့သော် ကာနာကိုက မလှုပ်သေး။ သူသည် ခေါင်းငုံ့လျက် တစ်ဒင်္ဂမျှ တွေးတောနေပြီး ကတ်ဆူရိုကို ခေါင်းမော့ကြည့်သည်။

“သားအဖေက သားကို စိတ်ဆိုးနေတာ မဟုတ်ဘူး။ သား ကိုယ်တိုင် သဘောကျတဲ့ အလုပ်ကို သား လုပ်နေရရင် ပြီးတာပဲလို့ သူက သဘောထားတာ”

“……. ဟုတ်လား”

“ဒါကြောင့်လည်း စောစောက မင်းဦးလေးနဲ့ ရန်ဖြစ်နေကြတာပေါ့”

“အင်း ………..”

ထိုအချက်ကို ကတ်ဆူရိုလည်း သတိထားမိသည်။ “ပါးစပ်ပိတ်ထားစမ်းကွာ။ မင်း အပူ တစ်ပြားသားမှ မပါဘူး” ဖခင်က ဦးလေးကို အော်ပြောလိုက်သော ထိုစကားသည် အနက်အဓိပ္ပာယ်အရ ဤသို့ နားလည် သဘောပေါက်နိုင်ပေသည်။ “ငါသား လုပ်ချင်တာ လုပ်ပါစေ။ ငါတို့ ဘာမှ ကန့်ကွက်စရာ အကြောင်းမရှိဘူး” ဟူ၍။ ထို့ကြောင့် ကတ်ဆူရိုက ဖခင်ကို တိုက်ရိုက် မေးကြည့်ချင်သည်။ ထိုစကား၏ ဆိုလိုရင်းမှာ အဘယ်ပါနည်း။

“သားရဲ့ ကိုယ်ပိုင်အိပ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ သားအဖေကလည်း မျှော်လင့်နေတာ” ကာနာကိုက ဆက်ပြောသည်။ “သူက သားကို ဆွဲမထားချင်ဘူး။ သူ နေမကောင်းဖြစ်တာကြောင့် သားရဲ့ အိပ်မက်တွေ ပျက်စီးသွားမှာကို သူ မလိုလားဘူး။ သူနဲ့ စကားပြောတော့မယ် ဆိုရင် အဲဒီအချက်ကို သား မမေ့ပါနဲ့”

“ဟုတ်၊ ကျွန်တော် သဘောပေါက်ပါပြီ”

သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို တစ်ခဏမျှ ရပ်ကြည့်နေပြီး ကတ်ဆူရို နောက်ပြန်လှည့်လာသည်။

ယခု ဖြစ်ပျက်ပြီးခဲ့သော အကြောင်းအရာများသည် သူ တိုကျိုဘူတာတွင် ရှိစဉ်က တွေးထင်ထားခဲ့သည်နှင့် တခြားစီ ဖြစ်နေလေသည်။ မိဘတို့၏ ပြစ်တင်မောင်းမဲမှုကို ခံယူရန် သူ ပြင်ဆင်ထားခဲ့သည်။ ဆွေမျိုးသားချင်းတို့၏ ကဲ့ရဲ့မှုအတွက် စိတ်ထားတတ်အောင် ပြင်ဆင်ထားခဲ့သည်။ မိဘများက သူ့အရှေ့မှ ဒိုင်းသဖွယ် နေ၍ ကဲ့ရဲ့သင်္ဂြိုဟ်မှုများကို ကာကွယ်ပေးနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့။ လွန်ခဲ့သော သုံးနှစ်က သူနေသည့် တိုက်ခန်းမှ ထွက်ခွာသွားကြသော မိဘနှစ်ပါး၏ ပုံရိပ်များကို ပြန်မြင်ယောင်လာမိသည်။ မိမိ၏ သားကို မဖျောင်းဖျနိုင်ခဲ့သော သူတို့သည် သူတို့၏ စိတ်သဘောထားကို မည်သို့မည်ပုံ ပြောင်းလဲပစ်ခဲ့ကြသနည်း။

မြို့နယ်ခန်းမ၏ မီးရောင်တို့ကို အားလုံးနီးပါး ငြှိမ်းသတ်လိုက်ကြပြီ။ အနောက်ဘက် ပြတင်းပေါက်မှသာလျှင် မီးရောင် မှုန်ပျပျ လင်းနေတော့သည်။

ကတ်ဆူရိုသည် တံခါးမကြီးမှ အထဲသို့ မဝင်သေးဘဲ ခြေဖျားထောက်ကာ ထိုပြတင်းပေါက်အနားသို့ ကပ်သွားသည်။ ပြတင်းပေါက်၏ အတွင်းဘက်တွင် နဂိုက လိုက်ကာ ချထားသော်လည်း ယခုအခါ လိုက်ကာကို အနည်းငယ် ဆွဲတင်ထားသောကြောင့် အတွင်းဘက်သို့ ကောင်းမွန်စွာ လှမ်းမြင်နေရသည်။

ထိုအခန်းသည် ညနေက အခမ်းအနား ကျင်းပခဲ့သော အခန်းမဟုတ်ဘဲ အခေါင်းထားရာ ခန်းမကျယ် ဖြစ်သည်။ ပန်းအိုးများ တင်ထားသည့် စင်ပေါ်တွင် အမွှေးတိုင်များ မွှန်နေအောင် ထွန်းထားသည်။ ထိုင်ခုံတန်းများ အစီအရီ ချခင်းထားပြီး အရှေ့ဆုံးတန်းတွင် တာကေအို ထိုင်နေသည်။

ကတ်ဆူရိုသည် သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေစဉ် တာကေအိုက မတ်တတ်ထရပ်လိုက်သည်။ သူသည် ဘေးတွင် ချထားသော အိတ်ထဲမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်နေသည်။ ၎င်းအရာကို ပိတ်ဖြူစဖြင့် ပတ်ထားသည်။

တာကေအိုသည် အခေါင်းနားသို့ ရောက်လာပြီး ပိတ်ဖြူစကို ဖြည်းဖြည်းချင်း ဖွင့်နေသည်။ အထဲရှိ ပစ္စည်းထံမှ အရောင်တလက်လက် ပေါ်ထွက်လာသည်။ ၎င်းမှာ မည်သည့်အရာ ဖြစ်သည်ကို ကတ်ဆူရို ချက်ချင်း သိရှိသွားသည်။

သားလှီးဓားတစ်လက်။ ရာဇဝင်ရှိသော ဓားတစ်လက်။ ၎င်း၏ ရာဇဝင်ကို ကတ်ဆူရိုသည် ငယ်စဉ်ကတည်းက ရိုးအီနေအောင် ကြားဖူးခဲ့သည်။

သူ့အဘိုးသည် ထိုဓားကို ‘ယူအိုမတ်ဆု’ စဖွင့်သည့် နေ့မှ စ၍ စတင် အသုံးပြုခဲ့သည်။ တာကေအိုက မိဘလုပ်ငန်းကို ဆက်ခံတော့မည်ဟု ဆုံးဖြတ်ပြီးသွားသော အခါတွင် အဘိုးသည် ၎င်းဓားကို ဖခင်၏ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းပေးခဲ့သည်။ တာကေအိုသည် ငယ်ရွယ်စဉ်ကတည်းက ထိုဓားကို အသုံးပြု၍ ငါးများ လှီးဖြတ်ခုတ်ထစ်ပုံကို လေ့ကျင့်ခဲ့ဖူးသည်။

တာကေအိုသည် ပိတ်ဖြူစကို အခေါင်းပေါ်တွင် ဖြန့်ခင်းပြီး ဓားကို ၎င်းအပေါ်တွင် တင်လိုက်သည်။ သူ့မိခင်၏ ဓာတ်ပုံကို မော့ကြည့်ပြီး လက်ဆယ်ဖြာမိုးကာ ရှိခိုးနေတော့သည်။

ထိုမြင်ကွင်းက ကတ်ဆူရို၏ ရင်ကို တဆစ်ဆစ် နာကျင်ကိုက်ခဲစေသည်။ တာကေအိုသည် လက်အုပ်ချီလျက် အဘွားကို စိတ်ထဲမှ မည်သို့ ပြောဆိုနေမည်ကို သူ ကောင်းကောင်း ရိပ်စားမိသည်။

တောင်းပန်နေခြင်း ဖြစ်ပေလိမ့်မည်။ ဖခင်ထံမှ ဆက်ခံခဲ့သော ဤလုပ်ငန်းသည် မိမိလက်ထက်၌မှာပင် မဖြစ်မနေ ပိတ်သိမ်းရပေတော့မည်။ ဘိုးဘွားအမွေဖြစ်သော ဤဓားကိုလည်း မိမိ၏ တစ်ဦးတည်းသော သားလက်ထဲသို့ မည်သည့်နည်းနှင့်မျှ လက်ဆင့်ကမ်းနိုင်တော့မည် မဟုတ်ချေ။

ကတ်ဆူရိုသည် ပြတင်းပေါက်အနားမှ ခွာလာခဲ့သည်။ သူသည် တံခါးမကြီးမှ ဝင်ရောက်ခြင်း မပြုတော့ဘဲ မြို့နယ်ခန်းမမှ ဝေးရာသို့ ထွက်ခွာသွားလေတော့သည်။

 

(င)

ကတ်ဆူရိုသည် ဖခင်အပေါ်တွင် အားနာစိတ် ဝင်လာသည်။ သူ၏ အတွင်းစိတ်ထဲမှ ပထမဆုံး ခံစားလိုက်ရခြင်း ဖြစ်သည်။ မည်သို့ဆိုစေ။ သူ၏ တဇွတ်ထိုးနိုင်မှုကို စာနာနားလည်ပေးခြင်းအတွက် ဖခင်အား ကျေးဇူးတင်ရပေမည်။

သို့သော် … ထိုသို့ ဆက်သွား၍ အမှန်တကယ် ဖြစ်နိုင်ပါမည်လော။

ဦးလေးကလည်း ပြောခဲ့သေးသည်။ ဖခင်၏ ကျန်းမာရေးသည် အတော်ပင် ယိုင်နဲ့နေလေပြီ။ ငါးဆိုင်ကို မည်မျှ အချိန်ကြာကြာ ဖွင့်နိုင်ပါဦးမည်နည်း။ မိခင်က ဆက်လက် အုပ်ချုပ်နိုင်သည်ဟု ဆိုရသော်လည်း တစ်ချိန်တည်းမှာပင် ဖခင်ကို ပြုစု စောင့်ရှောက်ရပေဦးမည်။ ငါးဆိုင်ကို ပိတ်သိမ်းလိုက်ရမည့် အခြေအနေသို့ အချိန်မရွေး ကျရောက်လာနိုင်သည်။

ထို့နောက် ဘာဆက်လုပ်ကြမည်နည်း။

နောက်နှစ် နွေဦးတွင် အေမီကိုလည်း အလုပ်သစ်သို့ ဝင်ရတော့မည်။ သူသည် မြို့တွင်းရှိ ဘဏ်တစ်ဘဏ်တွင် အလုပ်ဝင်ရမည်။ ထို့ကြောင့် မိဘများနှင့်အတူ အိမ်တွင် ဆက်လက် နေထိုင်သွားနိုင်သေးသည်။ သို့သော် သူတစ်ဦးတည်း၏ ဝင်ငွေဖြင့် မိအိုဘအို နှစ်ဦးကို ထောက်ပံ့နိုင်လိမ့်မည် မဟုတ်။

ဘာလုပ်ရမည်နည်း။ ဂီတကို စွန့်လွှတ်၍ ‘ယူအိုမတ်ဆု’ ကို ဆက်ခံရမည်လော။

၎င်းမှာ လက်တွေ့ကျသော ရွေးချယ်မှု ဖြစ်သည်။ သို့သော် ထိုသို့ဆိုလျှင် အနှစ်နှစ် အလလက ထားရှိခဲ့သော မိမိ၏ ရည်မှန်းချက်များကို မည်သို့ ပြုလုပ်ရမည်နည်း။ မိခင်ကလည်း ပြောခဲ့ဖူးသည်။ သူ့အတွက်ကြောင့် သား၏ အိပ်မက်ကို စွန့်လွှတ်ပစ်လိုက်ရသည့် အဖြစ်မျိုး ဖခင်က အဖြစ်မခံနိုင်။

ထွက်သက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။ ကတ်ဆူရိုသည် ပတ်ဝန်းကျင် လေးဘက်လေးတန်ကို ကြည့်လိုက်မိသောအခါ သူ၏ ခြေလှမ်းများ တုံ့ရပ်သွားသည်။

သူ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသော နေရာသို့ သူ ရောက်နေမိသည်။ အဆောက်အအုံသစ်များ အစဉ်မပြတ် တိုးပွားနေသောကြောင့် သူ အမှတ်တမဲ့ လျှောက်ရင်း လမ်းမှားလာခဲ့ပြီ။

သူသည် တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ခပ်မြန်မြန် လျှောက်သွားပြီး သူ ရင်းနှီးထားသော လမ်းမပေါ်သို့ ပြန်ရောက်လာသည်။ သူ ငယ်စဉ်က မကြာခဏ လာကစားလေ့ရှိသော မြေကွက်လပ်သည် ထိုအနီးအနားတွင် ရှိခဲ့ဖူးသည်။

၎င်းသည် ခပ်ပြေပြေလေး တက်သွားရသော ကုန်းတက်တစ်ခု ဖြစ်သည်။ ကတ်ဆူရိုသည် ဖြည်းဖြည်းချင်း ရှေ့သို့ လှမ်းလျှောက်လာခဲ့သည်။ မကြာခင် ညာဘက်ခြမ်း၌ သူရင်းနှီးပြီးသား အဆောက်အအုံတစ်လုံးကို မြင်လာရသည်။ သူ ကလေးဘဝက စာရေးကိရိယာ ဝယ်လေ့ရှိခဲ့သော ကုန်စုံဆိုင်ဖြစ်သည်။ လွဲစရာ အကြောင်းမရှိ။ မဲပြာနေသော ဆိုင်းဘုတ်ထက်တွင် ‘နာမီယာကုန်စုံဆိုင်’ ဟု ရေးထားသည်။

ထိုဆိုင်နှင့် ပတ်သက်၍ ဈေးဝယ်ခြင်းအပြင် အခြား အမှတ်တရ များစွာလည်း ရှိသေးသည်။ သူသည် ဆိုင်ရှင် အဘိုးအိုထံတွင် စိတ်ညစ်စရာ ပေါင်းစုံကို ရင်ဖွင့်ခဲ့ဖူးသည်။ သို့သော် ယခု အရွယ်ရောက်ပြီးသော လူကြီးတစ်ယောက် အနေဖြင့် ကြည့်လျှင် ၎င်းတို့သည် သူငယ်နှပ်စား စိတ်ညစ်စရာများသာ ဖြစ်နေသည်။ ဥပမာ အားကစားပြိုင်ပွဲတွင် ပထမရနိုင်မည့် နည်းလမ်းကို ပြောပြပေးပါ။ သို့မဟုတ် အန်ပေါင်း (နှစ်ကူးမုန့်ဖိုး) များများရအောင် မည်သို့ ပြုလုပ်ရမည်နည်း ဆိုသည့် မေးခွန်းမျိုး ဖြစ်သည်။ သို့သော် အဘိုးအိုသည် အမြဲတမ်း စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။ အန်ပေါင်း များများရအောင် ပြုလုပ်နည်းကို သူ မှတ်မိနေသေးသည်။ “စည်းကမ်းတစ်ခု သတ်မှတ်ရမယ်။ မုန့်ဖိုးကို ဖောက်ထွင်းမြင်နိုင်တဲ့ အိတ်နီထဲမှာပဲ ထည့်ခိုင်းပါ” အကြောင်းအရင်းမှာ “အဲဒီလိုသာဆိုရင် အရှက်ကွဲမှာ ကြောက်တဲ့ လူကြီးတွေက ပိုက်ဆံနည်းနည်းပဲ ထည့်မှာ မဟုတ်တော့ဘူး” ဟူ၍ ဖြစ်သည်။

ထိုအဘိုးအိုသည် ယခု ရှိပါသေး၏လော။ ကတ်ဆူရိုသည် သူ့ကို သတိရစွာဖြင့် ကုန်စုံဆိုင်သို့ လှမ်းကြည့်သည်။ သံချေးတက်နေပြီ ဖြစ်သော ယင်းလိပ်တံခါးသည် ပိတ်လျက် ရှိနေသည်။ အိမ်အပေါ်ထပ် ပြတင်းပေါက်မှလည်း မီးရောင်များကို မတွေ့ရ။ သူသည် ဆိုင်ဘေးနားရှိ ကားဂိုဒေါင်ဘက်သို့ သွားကြည့်သည်။ သူ ငယ်စဉ်က ကားဂိုဒေါင်၏ နံရံပေါ်တွင် ပုံများ လျှောက်ဆွဲခဲ့ဖူးသည်။ အဘိုးအိုက စိတ်ဆိုးခဲ့ခြင်း မရှိ။ “မင်း ဆွဲမယ့်ဆွဲတော့ လှအောင်တော့ ဆွဲကွာ” ဟုသာ သူ့ကို ပြောခဲ့သည်။

နံရံပေါ်မှ သူ၏ လက်ရာများကို မတွေ့နိုင်တော့။ ဆယ်နှစ်ဆိုသော အချိန်က အရာအားလုံးကို မှေးမှိန်ပျောက်ကွယ် သွားစေခဲ့သည်။

ထိုစဉ် ကုန်စုံဆိုင် ရှေ့မှ စက်ဘီး ဘရိတ်အုပ်သံကို ကြားလိုက်ရသည်။ ကတ်ဆူရိုသည် ကားဂိုဒေါင် အမှောင်ထဲမှ ခေါင်းပြူ၍ စူးစမ်းကြည့်သည်။ ငယ်ရွယ်သော မိန်းကလေးတစ်ယောက် စက်ဘီးပေါ်မှ ဆင်းလာသည်ကို တွေ့ရသည်။

သူက စက်ဘီးကို ရပ်လိုက်ပြီး ပခုံးပေါ်တွင် လွယ်ထားသော ကျောပိုးအိတ်ထဲမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်ကာ ကုန်စုံဆိုင်၏ ယင်းလိပ်တံခါးပေါ်ရှိ စာထည့်ပေါက်ထဲသို့ ထိုးထည့်နေသည်။ ကတ်ဆူရိုသည် ထိုအခြင်းအရာကို မြင်ရ၍ နှုတ်မှ “အန်” ဟူသော အာမေဍိတ်သံ ရုတ်တရက် ထွက်ပေါ်သွားသည်။

အသံမှာ မကျယ်ပင် မကျယ်ငြားသော်လည်း ပတ်ဝန်းကျင်က တိတ်ဆိတ်နေသောကြောင့် တခြားသူ၏ နားထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။ သူသည် ကတ်ဆူရိုဘက်သို့ ကြောက်လန့်တကြား စိုက်ကြည့်လိုက်ပြီးနောက် စက်ဘီးပေါ်သို့ အလျင်အမြန် တက်လိုက်သည်။ သူ့ကို သူခိုးကြမ်းပိုးတစ်ယောက်ဟု အထင်ရှိသွားပုံ။

“ခဏလေးနေပါဦးဗျ။ အထင်မလွဲပါနဲ့။ ကျွန်တော် လူဆိုးမဟုတ်ပါဘူး” ကတ်ဆူရိုက လက်ဖြင့် လှမ်းတားရင်း ပြေးထွက်လာသည်။ “ကျွန်တော် ဒီမှာ ပုန်းနေတာ မဟုတ်ပါဘူး။ ဒီအခန်းကို အလွမ်းပြေ လာကြည့်တာပါ”

စက်ဘီးပေါ် ခွထိုင်လျက် ချက်ချင်း နင်းထွက်သွားတော့မည့်ဟန် ပြင်ထားသော ထိုကောင်မလေးသည် ကတ်ဆူရိုကို သတိကြီးကြီးဖြင့် စိုက်ကြည့်နေသည်။ သူသည် ဆံပင်အရှည်ကို နောက်စေ့တွင် စုစည်းထားပြီး မျက်နှာတွင်လည်း မိတ်ကပ်ပါးပါးသာ လိမ်းခြယ်ထားသည်။ ခန္ဓာကိုယ် ပြေပြစ်ပြီး ကြည့်ရသည်မှာ ကတ်ဆူရိုနှင့် ရွယ်တူလောက်ပင် ရှိရပေမည်။ သို့မဟုတ် နည်းနည်း ငယ်နိုင်သည်။ တီရှပ်လက်တိုမှ ထွက်ပေါ်နေသော သူ့လက်မောင်းကို ကြည့်ခြင်းအားဖြင့် အားကစားသမား တစ်ဦးဖြစ်ကြောင်း သိသာနေသည်။

“ရှင် တွေ့လိုက်လား” သူက အက်ကွဲငုတ်လျှိုးနေသော အသံဖြင့် မေးလိုက်သည်။ ကတ်ဆူရိုက သူ့စကား၏ အဓိပ္ပာယ်ကို နားမလည်သောကြောင့် ခတ်မဆိတ် နေနေသည်။ “ရှင် ကျွန်မ ဘာလုပ်လိုက်တယ်ဆိုတာကို တွေ့တယ် မဟုတ်လား” သူက နောက်တစ်ကြိမ် ပြန်ပြောသည်။ အပြစ်တင်လိုသည့် လေသံမျိုး ရောစွက်နေသည်။

“ခင်ဗျား စာတစ်စောင် ထည့်လိုက်တာကို ကျွန်တော် မြင်တယ်”

ကတ်ဆူရို၏ စကားအဆုံးတွင် သူ၏ မျက်မှောင်များ ကုတ်ဝင်သွားသည်။ နှုတ်ခမ်းကို ကိုက်ပြီး မျက်နှာကို တစ်ဘက်သို့ လှည့်ပစ်လိုက်သည်။ တစ်ခဏကြာမှ ကတ်ဆူရိုဘက်သို့ ပြန်လှည့်လာသည်။

“ကျေးဇူးပြုပြီး ရှင် အဲဒီကိစ္စကို မေ့ပစ်လိုက်ပါလား။ ကျွန်မကိုလည်း မေ့ပစ်လိုက်ပါ”

“ဗျာ ……”

“ကျွန်မ သွားတော့မယ်” ပြောပြီးပြီးချင်း သူ စက်ဘီးကို နင်းထွက်သွားလေသည်။

“နေပါဦး။ ကျွန်တော် မေးခွန်းတစ်ခုလောက် မေးပါရစေ” ကတ်ဆူရိုက အမီ ပြေးသွားပြီး စက်ဘီးရှေ့မှ ပိတ်ရပ်ထားလိုက်သည်။ “ခင်ဗျား ခုန ထည့်လိုက်တဲ့စာက အကြံဉာဏ် တောင်းတဲ့စာလား”

သူသည် ခေါင်းကို ငုံ့ထားပြီး ကတ်ဆူရိုကို မျက်စိလှန်ကြည့်လိုက်သည်။ “ရှင်က ဘယ်သူလဲ”

“ဒီကုန်စုံဆိုင်နဲ့ ရင်းနှီးတဲ့လူပါ။ ငယ်ငယ်တုန်းက ဆိုင်ရှင်အဘိုးအိုဆီမှာ အကြံဉာဏ်တွေ တောင်းခဲ့ဖူးတယ်”

“ရှင့်နာမည်က …..”

ကတ်ဆူရိုက မျက်မှောင်ကြုတ်လိုက်သည်။ “သူများ နာမည်ကို မမေးခင်မှာ ကိုယ့်နာမည်ကို အရင် ပြောပြသင့်တာ မဟုတ်ဘူးလား”

သူသည် စက်ဘီးပေါ်မှာ ထိုင်ရင်း သက်ပြင်းချလိုက်သည်။

“ကျွန်မနာမည် ရှင့်ကို ပြောပြလို့ မဖြစ်ဘူး။ ကျွန်မ စောစောတုန်းက ထည့်တဲ့စာက အကြံဉာဏ်တောင်းတဲ့စာ မဟုတ်ဘူး။ ကျေးဇူးတင်ကြောင်း ပြောတဲ့စာပါ”

“ကျေးဇူးတင်စာ?”

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ကျွန်မ ဒီမှာ အကြံဉာဏ် တောင်းခဲ့ဖူးတယ်။ တန်ဖိုးရှိတဲ့ အကြံပေးချက်တွေ ရခဲ့လို့ ပြဿနာတွေလည်း ပြေလည်ခဲ့ရတယ်။ ဒါကြောင့် ကျွန်မ ကျေးဇူးတင်ကြောင်း စာရေးခဲ့တာ”

“အကြံဉာဏ်တောင်းတယ်? ဒီနာမီယာကုန်စုံဆိုင်ကိုလား။ အဲဒီဘကြီးက ဒီမှာ နေတုန်းပဲလား” ကတ်ဆူရိုသည် သူ့ကို ကြည့်လိုက် ဆိုင်ဟောင်းကြီးကို ကြည့်လိုက် လုပ်လျက် မေးနေသည်။

“သူ ဒီမှာ နေသေးသလား ဆိုတာတော့ ကျွန်မလည်း သေချာ မသိဘူး။ ဒါပေမယ့် မနှစ်က ကျွန်မ စာတစ်စောင် ထည့်လိုက်တော့ နောက်တစ်နေ့မှာပဲ နွားနို့သေတ္တာထဲကနေ ပြန်စာရခဲ့တယ်”

ဟုတ်ပေသည်။ ညအချိန်တွင် စိတ်ညစ်စရာများ ရေးထားသောစာကို ယင်းလိပ်တံခါးပေါ်မှ အပေါက်ကလေးထဲသို့ ထိုးထည့်လိုက်လျှင် ဒုတိယနေ့ နံနက်ခင်းတွင် ပြန်စာသည် နွားနို့သေတ္တာထဲတွင် ရောက်ရှိနေတတ်သည်။

“အခုရော စာလက်ခံသေးသလား”

“ဒါတော့ ကျွန်မလည်း အသေအချာ မသိဘူး။ ကျွန်မ နောက်ဆုံးတစ်ခေါက် ပြန်စာရပြီးတဲ့ နောက်ပိုင်း ဒီကို မလာဖြစ်တာ အတော် ကြာသွားပြီ။ စောစောက ထည့်လိုက်တဲ့ ကျေးဇူးတင်စာက ဖွင့်ဖတ်ခံရချင်မှတောင် ခံရမှာ။ အဲဒီလို ဖြစ်နိုင်ပေမယ့်လည်း ကျေးဇူးတင်ကြောင်း ပြောကိုပြောရမှ ကျွန်မ စိတ်ကျေနပ်နိုင်မှာမို့ စာထည့်လိုက်တာပါ”

ကြည့်ရသည်မှာ သူ ရရှိခဲ့သော အကြံဉာဏ်သည် အင်မတန် အကျိုးရှိခဲ့ပေမည်။

“ဒါနဲ့ ….” သူက ပြောသည်။ “ရှင် မေးလို့ အားရပြီလား။ အိမ်ပြန်နောက်ကျရင် အိမ်က လူတွေ စိတ်ပူနေတော့မယ်”

“ဪ … ဪ … ရပါပြီဗျာ”

ကတ်ဆူရိုသည် ဘေးတစ်ဘက်သို့ ကပ်ပေးလိုက်သည်။ သူသည် ခြေနင်းခုန်ကို အားဖြင့် ဖိနင်းလိုက်သောကြောင့် စက်ဘီးက ဆတ်ခနဲ တိုးထွက်သွားသည်။ ခပ်မြန်မြန် နင်းသွားသောကြောင့် ၁၀ စက္ကန့်အတွင်းမှာပင် ကတ်ဆူရို၏ မြင်ကွင်းထဲမှ လုံးဝ ပျောက်ကွယ်သွားလေသည်။

သူသည် နာမီယာကုန်စုံဆိုင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။ လူနေထိုင်နေကြောင်း ဘာအထောက်အထားကိုမျှ မတွေ့ရ။ အကယ်၍ ဤဆိုင်သည် စာများကို ပြန်လည် ဖြေကြားနိုင်သည်ဟု ဆိုလျှင် အထဲတွင် နာနာဘာဝများ နေထိုင်နေခြင်းသာ ဖြစ်ရပေမည်။

သူသည် နှာခေါင်းမှ လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဘာတွေများ လျှောက်တွေးနေမိပါလိမ့်။ ထိုသို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါမည်နည်း။ သူသည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြီး ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

အိမ်ပြန်ရောက်သောအခါ အေမီကိုသည် ဧည့်ခန်းတွင် တစ်ယောက်တည်း ထိုင်နေသည်။ အိပ်မရသောကြောင့် အိပ်ပျော်နိုင်ရန် အရက်အနည်းငယ် သောက်နေသည်ဟု ဆိုသည်။ စားပွဲခုံပုပေါ်တွင် ဝီစကီတစ်ပုလင်းနှင့် ဖန်ခွက်ကို တွေ့ရသည်။ သတိမထားမိစဉ်မှာပင် သူ အရွယ်ရောက်လာခဲ့ချေပြီ။ ကာနာကိုကတော့ အိပ်ပျော်နေလောက်ပြီ။

“အစ်ကို၊ အဖေနဲ့ စကားပြောခဲ့လား” အေမီကိုက မေးသည်။

“ဟင့်အင်း။ ငါ မြို့နယ်ခန်းမကို မရောက်ခဲ့ဘူး။ ဟိုဟိုဒီဒီ လမ်းလျှောက်နေတာ”

“လမ်းလျှောက်တယ်? ဘယ်အချိန်ရှိနေပြီမို့ လမ်းလျှောက်ထွက်နေရတာတုန်း”

“ဒါနဲ့ နင် နာမီယာကုန်စုံဆိုင်ကို မှတ်မိသေးလား”

“နာမီယာ? မှတ်မိတာပေါ့။ ဟိုတောင်ကုန်းပေါ်က ဆိုင်လေး မဟုတ်လား”

“အဲဒီမှာ လူမနေတော့ဘူး ထင်တယ်”

“အင်း ….” အေမီကို၏ အသံက သံသယများ ရောစွက်နေသည်။ “မနေလောက်တော့ဘူး။ ဟိုတလောကပဲ ဆိုင်ပိတ်သွားတာ။ ဘယ်သူမှ ရှိတော့မယ် မထင်ဘူး”

“ဟုတ်လား။ ထင်သားပဲ”

“ဘာထင်တာလဲ။ အဲဒီဆိုင်က ဘာဖြစ်လို့လဲ”

“ဘာမှ မဖြစ်ပါဘူး”

အေမီကိုက မကျေနပ်ဟန်ဖြင့် နှုတ်ခမ်းကို စူလိုက်သည်။

“ဒါနဲ့ အစ်ကို၊ ဘာလုပ်မယ် စိတ်ကူးထားသလဲ။ ယူအိုမတ်ဆုကို ဒီအတိုင်းပဲ ပစ်ထားခဲ့တော့မှာလား”

“ငါ့ကို အဲဒီလိုပုံစံမျိုး မမေးစမ်းပါနဲ့”

“ဒါပေမယ့် အဲဒီလို ဖြစ်နေတာပဲ မဟုတ်ဘူးလား။ အစ်ကိုသာ မဆက်ခံရင် ဆိုင်ကို ပိတ်ပစ်ရတော့မှာလေ။ ကျွန်မကတော့ ဘာမှ မဖြစ်ဘူး။ အဖေအမေတို့ ဘယ်လို လုပ်မလဲ။ သူတို့ကိုပါ ပစ်ထားတော့မယ့် သဘောလား”

“နားငြီးလိုက်တာကွာ။ ငါ့မှာ အစီအစဉ် ရှိပါတယ်ဟ”

“ဘာအစီအစဉ်လဲ။ ကျွန်မကို ပြောပြပါလား”

“နင် တော်တော် စကားကြော ရှည်တာပဲ”

ကတ်ဆူရိုသည် အပေါ်ထပ်သို့ ပြေးတက်သွားသည်။ အပေါ်ကုတ်အင်္ကျီကိုပင် မချွတ်တော့ဘဲ ခုတင်ပေါ် လှဲချလိုက်သည်။ သူ့ခေါင်းထဲသို့ အတွေးပေါင်းစုံ တိုးဝှေ့ဝင်ရောက်လာကြသည်။ သို့သော် အရက်ရှိန်ကြောင့် ဖြစ်မည် ထင်သည်။ အတွေးများက အမြီးအမောက် မတည့်ဘဲ ရှုပ်ထွေးနေလေသည်။

တစ်ခဏကြာသောအခါ သူသည် ခုတင်ပေါ်မှ ကုန်းရုန်းထပြီး စာရေးစားပွဲတွင် ဝင်ထိုင်လိုက်သည်။ အံဆွဲကို ဆွဲဖွင့်လိုက်သောအခါ မှတ်စုစာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်းကို တွေ့ရသည်။

သူသည် မှတ်စုစာအုပ်ကို ဖွင့်ပြီး စာ စရေးလေသည်။

သို့ – နာမီယာကုန်စုံဆိုင်

 

(စ)

ဒုတိယနေ့တွင် နာရေးအခမ်းအနားသည် အောင်အောင်မြင်မြင် ပြီးဆုံးသွားသည်။ နာရေးလိုက်ပို့ကြသော လူများမှာ အားလုံးလိုလို ယမန်နေ့က လူများသာ ဖြစ်သည်။ ဆွေမျိုးသားချင်းများက စောစောစီးစီး ရောက်လာကြသော်လည်း မနေ့ညက ဖြစ်ပျက်ခဲ့သည့် ဂယက်အရှိန်ကြောင့် ကတ်ဆူရိုကို အေးတိအေးစက် ဆက်ဆံကြသည်။ ဦးလေးကလည်း သူ့ကို စကားလာမပြောတော့ပေ။

ဆွေမျိုးသားချင်းများအပြင် ကုန်သည်လောကမှ လူများနှင့် မြို့နယ် အုပ်ချုပ်ရေးဌာနမှ ပုဂ္ဂိုလ်များကိုလည်း တွေ့ရသည်။ ကတ်ဆူရိုသည် သူတို့နှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်။

၎င်းတို့ထဲမှ တစ်ဦးမှာ သူ၏ ငယ်သူငယ်ချင်း ဖြစ်သည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသောကြောင့် ကတ်ဆူရိုသည် မိမိ၏ အလယ်တန်း ကျောင်းနေဖက် သူငယ်ချင်းကိုပင် မမှတ်မိနိုင်ဘဲ ဖြစ်နေလေသည်။ သူတို့ဖွင့်ထားသော တံဆိပ်တုံးဆိုင်နှင့် မိမိတို့၏ ငါးဆိုင်သည် တစ်လမ်းတည်းတွင် တည်ရှိသည်။

ကတ်ဆူရိုသည် ထိုသူ၏ အကြောင်းကို ဆက်တွေးနေမိသည်။ သူ၏ ဖခင်သည် သူငယ်စဉ်ကတည်းက ဆုံးပါးသွားသောကြောင့် သူ့အဘိုးက သူ့ကို တံဆိပ်ထွင်းနည်း သင်ကြားပေးခဲ့သည်။ အထက်တန်း အောင်သည်နှင့် ဆိုင်တွင် ချက်ချင်းဆိုသလို ဝင်ရောက်ကူညီခဲ့သည်။ ယနေ့လည်း သူသည် တံဆိပ်တုံးဆိုင်ကို ကိုယ်စားပြု၍ နာရေးအခမ်းအနားသို့ တက်ရောက်ခြင်း ဖြစ်ရပေမည်။

အမွှေးတိုင်ထွန်းပြီးနောက် ကတ်ဆူရိုတို့၏ အရှေ့မှ ဖြတ်လျှောက်စဉ် သူသည် အင်မတန် ယဉ်ကျေးစွာ ခါးညွတ်၍ အရိုအသေပြုနေပုံမှာ ကတ်ဆူရိုထက် များစွာ အသက်ကြီးဟန် ပေါက်နေသည်။

အသုဘရှူ အခမ်းအနား ပြီးနောက် အခေါင်းကို ပင့်ဆောင်ခြင်းနှင့် သင်္ဂြိုဟ်ခြင်း ကိစ္စများ ပြုလုပ်ကြသည်။ ထို့နောက် ဆွေမျိုးသားချင်းများသည် မြို့နယ်ခန်းမသို့ ပြန်လာကြပြီး ရက်လည် တရားပွဲကို ကျင်းပသည်။ နောက်ဆုံးတွင် တာကေအိုက ဆွေမျိုးသားချင်းများကို ကျေးဇူးတင်စကား ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆွေမျိုးသားချင်းများ အားလုံး ပြန်သွားကြပြီးမှ ကတ်ဆူရိုတို့ မိသားစုလည်း အိမ်ပြန်လာကြသည်။ သယ်စရာ ပစ္စည်းများစွာ ရှိနေသည်။ သူတို့သည် ဆိုင်သုံး ကုန်တင်ကား၏ နောက်ခန်းတံခါးကို ဖွင့်ပြီး နာရေးအခမ်းအနားသုံး ပစ္စည်းပစ္စယများနှင့် ပန်းများကို တင်လိုက်ကြသည်။ နောက်ခန်းသည် ၎င်းပစ္စည်းများနှင့် ပြည့်လျှံသွားလေသည်။ ကားမောင်းမည့်သူမှာ တာကေအို ဖြစ်သည်။

“ကတ်ဆူရို၊ သား ရှေ့ခန်းမှာ ထိုင်လိုက်” ကာနာကိုက ပြောသည်။

“ဟင့်အင်း၊ အမေပဲ ထိုင်ပါ။ ကျွန်တော် လမ်းလျှောက်ပြန်မယ်”

ကာနာကို၏ မျက်နှာက မကျေနပ်သည့်ဟန် ပေါ်လွင်နေသည်။ သူသည် ဖခင်ဘေးနားတွင် မထိုင်ချင်၍ ငြင်းဆိုနေသည်ဟု ယူဆနေပုံ ရသည်။

“ကျွန်တော် တစ်နေရာကို သွားစရာ ရှိလို့။ မကြာပါဘူး”

“အန် …..”

ကတ်ဆူရိုသည် ဇဝေဇဝါ ဖြစ်နေသော သူ့မိခင်ကို ကျောခိုင်း၍ လမ်းလျှောက်ထွက်ခဲ့သည်။ သူ ဘယ်ကို သွားမည် ဆိုသည့်အကြောင်းကို သူ ရှင်းပြ မနေချင်။

သူသည် လျှောက်နေရင်း နာရီကို ငုံ့ကြည့်လိုက်သည်။ ၆ နာရီ ထိုးခါနီးလေပြီ။

မနေ့ညက ကတ်ဆူရိုသည် အိမ်မှ ခိုးထွက်ခဲ့သေးသည်။ ဂျင်းဘောင်းဘီ အိတ်ကပ်ထဲတွင် အညိုရောင် စာအိတ်တစ်လုံးကို ထည့်၍ နာမီယာကုန်စုံဆိုင်သို့ သွားခဲ့ခြင်း ဖြစ်သည်။ စာထဲတွင် သူ၏ စိတ်ရှုပ်စရာ အဖြစ်အပျက်များကို အပြည့် ရေးသားထားသည်။ အားလုံး သူကိုယ်တိုင် ရေးသားထားသည်ဟု ပြောစရာပင် လိုမည် မထင်။

သူ၏ နာမည်အရင်းကို အသိမပေးထားသော်လည်း သူ လက်ရှိ ကြုံတွေ့နေရသော အခြေအနေများကိုမူ အခြွင်းအချန် မရှိ၊ ပြည့်စုံစွာ ရေးသားထားသည်။ သူ သိချင်နေသည်မှာ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သို့ ပြုလုပ်ရပါမည်နည်း။ မိမိရည်မှန်းချက်ကို ဆက်လက် အကောင်အထည် ဖော်ရမည်လော။ သို့မဟုတ် ရည်မှန်းချက်ကို စွန့်လွှတ်ပြီး မိသားစု လုပ်ငန်းကို ဆက်ခံရမည်လော။

ရိုးသားစွာ ဝန်ခံရလျှင် ယနေ့နံနက် အိပ်ရာနိုးလာသောအခါ သူ မနေ့ညက လုပ်ခဲ့မိသည့် ကိစ္စအတွက် နောင်တ ရနေမိသည်။ ထိုအိမ်ကြီးတွင် လူနေတော့မည် မဟုတ်ပေ။ မနေ့ညက တွေ့ခဲ့သော စက်ဘီးနှင့် မိန်းကလေးသည်လည်း ဂေါက်ကြောင်သာ ဖြစ်ရပေမည်။ ထိုသို့ အမှန်ဖြစ်နေလျှင် မည်သို့ လုပ်ရပါအံ့နည်း။ သူ့စာကို အခြားသူ လက်ထဲသို့ ရောက်သွားမည်ကိုလည်း သူ မလိုလား။

သို့သော် တခြားတစ်ဘက်မှလည်း သူ မျှော်လင့်နေမိသည်။ ထိုမိန်းကလေးကဲ့သို့ အသုံးတည့်မည့် အကြံဉာဏ်တစ်ခု ရကောင်း ရနိုင်ပေသည်။

မယုံတစ်ဝက် ယုံတစ်ဝက် စိတ်ထားဖြင့် ကတ်ဆူရိုသည် လမ်းကုန်းမြင့်အတိုင်း လျှောက်လာခဲ့သည်။ မကြာခင် နာမီယာကုန်စုံဆိုင်၏ အိုဟောင်းသော အသွင်အပြင်က သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ မနေ့ည သူလာစဉ်က မှောင်လွန်းသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ မူလက နို့နှစ်ရောင်ရှိခဲ့သော နံရံမျက်နှာပြင်သည် ယခုအခါ ညိုမဲနေလေပြီ။

ဆိုင်ခန်းနှင့် ကားဂိုဒေါင်အကြားတွင် ကျဉ်းမြောင်းသော လမ်းကြားလေး တစ်ခုရှိသည်။ ဆိုင်၏ အနောက်ဘက်သို့ သွားရန်မှာ ထိုလမ်းကြားလေးကို အသုံးပြုမှသာ ရောက်နိုင်သည်။ နံရံနှင့် ပွတ်တိုက်မိကာ အင်္ကျီပေကုန်မည် စိုး၍ သူသည် သတိထား၍ လျှောက်ဝင်သွားသည်။

အနောက်ဘက်တွင် တံခါးတစ်ပေါက် ရှိပြီး တံခါး၏ ဘေးတွင် နွားနို့သေတ္တာတစ်လုံးကို အမှန်ပင် ချထားသည်။ ကတ်ဆူရိုသည် တံတွေးကို မျိုချပြီး အဖုံးဖွင့်ရန် လက်ကို လှမ်းလိုက်သည်။ အနည်းငယ် ကျပ်နေပြီ ဖြစ်သော်လည်း ဖွင့်၍တော့ ရနေသေးသည်။

အထဲသို့ ကြည့်လိုက်သောအခါ အညိုရောင် စာတစ်စောင်ကို တွေ့ရလေသည်။ ကတ်ဆူရိုက ၎င်းကို လှမ်းယူလိုက်သည်။ သူ၏ နဂိုစာအတိုင်းပင် ဘာမျှ ထူးခြားမှု မရှိ။ သို့သော် စာလက်ခံသူ နေရာတွင် ဘောပင်အနက်ရောင်ဖြင့် ဤသို့ ရေးထားသည်။ ‘သို့ – ငါးဆိုင်မှ အနုပညာသည်’

သူ အံ့အားသင့်သွားသည်။ ဤနေရာတွင် တစ်ဦးတစ်ယောက် နေထိုင်နေရပေမည်။ ကတ်ဆူရိုသည် နောက်ဖေးတံခါး အရှေ့တွင် ရပ်လိုက်ပြီး နားကပ်ကာ နားထောင်ကြည့်သည်။ ဘာအသံမျှ မကြားရ။

စာပြန်သူသည် တခြား တစ်နေရာတွင် နေထိုင်ပြီး အကြံဉာဏ် တောင်းသည့်စာ ရောက်မရောက်ကို ညတိုင်းညတိုင်း လာရောက်ကြည့်ရှုပေမည်။ ထိုသို့သာ ဖြစ်တန်ရာသည်။ သို့သော် အဘယ်ကြောင့် ဤမျှ ဒုက္ခခံနေရသနည်း။

ကတ်ဆူရိုသည် စိတ်ရှုပ်ထွေးစွာဖြင့် ကုန်စုံဆိုင်မှ ထွက်ခွာလာခဲ့သည်။ ၎င်းမေးခွန်းသည် အမှန်တကယ်လည်း အရေးကြီးလှသည် မဟုတ်။ သူ့အကြောင်းနှင့် သူတော့ ရှိရပေလိမ့်မည်။ ထို့ထက် သူ ပို၍ စိတ်ဝင်စားနေသည်မှာ ပြန်စာထဲမှ အကြောင်းအရာကို ဖြစ်သည်။

ကတ်ဆူရိုသည် စာအိတ်ကို ကိုင်လျက် ဟိုဒီလျှောက်သွားရင်း တိတ်ဆိတ်အေးဆေးစွာ စာဖတ်နိုင်မည့် နေရာတစ်ခုကို ရှာသည်။

ပန်းခြံသေးသေးတစ်ခုကို သူ တွေ့သွားသည်။ အထဲတွင် စီးစော်၊ လျောစီးခုန်နှင့် သဲကွင်းသာ ရှိပြီး လူရိပ်လူခြေ မတွေ့ရ။ သူသည် ခုံတန်းရှည်တစ်လုံးတွင် ထိုင်လိုက်သည်။ ဝင်သက်ထွက်သက်ကို အကြိမ်များစွာ ခပ်ပြင်းပြင်း ရှူရှိုက်ပြီးမှ စာအိတ်ကို ဖောက်ကြည့်လိုက်သည်။ အထဲတွင် စာရွက်တစ်ရွက်ကို တွေ့ရသည်။ သူ၏ ရင်မှာ တဒိတ်ဒိတ် ခုန်လျက် စာကို စဖတ်လေသည်။

❝ သို့ – ငါးဆိုင်မှ အနုပညာသည်

ခင်ဗျားရဲ့ စိတ်သောကကို ကျွန်တော် နားလည်ပါပြီ။ အခုလို ကိုယ့်ရဲ့ အတွင်းရေးကို မကွယ်မဝှက် ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ခင်ဗျား သိပ်ကံကောင်းတာပဲဗျာ။ ခင်ဗျားက မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ ငါးဆိုင်ရဲ့ တစ်ဦးတည်းသော သားတစ်ယောက် မဟုတ်လား။ ဒါဆို ဘာမှ အပင်ပန်းခံပြီး လုပ်စရာမလိုဘဲနဲ့ ဆိုင်တစ်ဆိုင်ကို ဆက်ခံရတော့မှာပဲ။ အရင်ကတည်းက အစဉ်မပြတ် အားပေးလာကြတဲ့ ဖောက်သည်ဟောင်းတွေလည်း အများကြီး ရှိနေမှာပေါ့။ ရောင်းအားကောင်းဖို့ ပင်ပင်ပန်းပန်းတောင် ကြိုးစားနေစရာ မလိုတော့ဘူး။

ခင်ဗျားကို တစ်ခုလောက် မေးကြည့်ပါရစေ။ ခင်ဗျား ပတ်ဝန်းကျင်မှာ အလုပ်ရှာမရလို့ ဆိုပြီး စိတ်ညစ်နေတဲ့လူများ မရှိဘူးလား။

မရှိဘူး ဆိုရင်တော့ အင်မတန်မှ သာယာစိုပြည်နေတဲ့ ခေတ်ကောင်းကြီး တစ်ခုပေပဲဗျ။

နောက်ထပ် အနှစ်သုံးဆယ်လောက် ရှေ့တိုးကြည့်လိုက်ဗျာ။ အဲဒီလို အပူအပင် ကင်းတဲ့ နေ့ရက်မျိုး ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး။ အလုပ်တစ်ခု ရှိနေရင်ကိုပဲ မဆိုးတော့ဘူးဗျ။ တက္ကသိုလ် ဘွဲ့ရထားတာတောင် ထမင်းတစ်နပ် နပ်မှန်အောင် စားရဖို့ အာမခံချက် မရနိုင်တော့ဘူး။ အဲဒီလိုခေတ်မျိုး မကြာခင် ရောက်လာတော့မယ်။ တကယ်ကို ရောက်လာတော့မှာ။ ကျွန်တော် ခင်ဗျားနဲ့ လောင်းရဲတယ်။

ခင်ဗျားက တက္ကသိုလ်ကို တက်ခွင့်ရပြီး ဘွဲ့ရတဲ့အထိ ကျောင်းပြီးအောင် မတက်ခဲ့ဘူးနော်။ မိဘတွေက ငွေကြေး အကုန်အကျခံပြီး တက္ကသိုလ် တက်ခွင့်ရအောင် လုပ်ပေးခဲ့တာကိုပဲ ခင်ဗျားက အဲဒီအခွင့်အရေးကို စွန့်လွှတ်ပစ်ခဲ့တယ်။ ကျွတ် ကျွတ် ကျွတ်။

ပြီးတော့ ရှိသေးတယ်။ ဂီတတဲ့ … ဟုတ်လား။ ခင်ဗျားရဲ့ ရည်မှန်းချက်က သဘင်သည်တစ်ယောက် ဖြစ်ဖို့ မဟုတ်လား။ မိဘ အမွေအနှစ်ဖြစ်တဲ့ ငါးဆိုင်ကို ပစ်ပြီး ဂစ်တာတစ်လက်နဲ့ တိုက်ပွဲဝင်တော့မယ်ပေါ့။ အမလေး … အမလေး။

ကျွန်တော် ခင်ဗျားကို ဘာအကြံဉာဏ်မှ မပေးချင်တော့ဘူး။ တစ်ခွန်းပဲ ပြောလိုက်ပါရစေ။ ခင်ဗျား ကြိုက်သလိုသာ လုပ်ပေတော့ဗျာ။ ကလေးအတွေးပဲ အမြဲတွေးနေတတ်တဲ့ ခင်ဗျားလို လူတစ်ယောက်အဖို့ လူ့လောကအလယ်မှာ ဒုက္ခရောက်ရတာကလည်း ဖြစ်ထိုက်တဲ့ ကိစ္စပဲ။ အဲဒီလို ဆိုပေမယ့်လည်း နာမီယာကုန်စုံဆိုင်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာပြီး ဖြေစရာ ရှိတာတော့ ဖြေပေးလိုက်ပါဦးမယ်။

ကျွန်တော် ခင်ဗျားကို ဒုက္ခရောက်အောင် လုပ်မှာ မဟုတ်ပါဘူး။ ဂီတာကို တစ်နေရာ လွှင့်ပစ်လိုက်ပြီး ငါးဆိုင်ကို မြန်မြန် ဆက်ခံလိုက်စမ်းပါဗျာ။ ခင်ဗျားအဖေရဲ့ ကျန်းမာရေးကလည်း မကောင်းဘူး မဟုတ်လား။ အခုချိန်မှာ ခင်ဗျား တွေဝေမိန်းမော နေရမယ့် အချိန် မဟုတ်တော့ဘူး။ ဂီတကို အားကိုးပြီး ထမင်းစားဖို့ ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးဗျ။ သူမတူတဲ့ ပါရမီနဲ့ ထူးချွန်တဲ့ လူနည်းစုအတွက်လောက်သာ အလုပ်ဖြစ်ရင် ဖြစ်လိမ့်မယ်။ ခင်ဗျားကတော့ ဖြစ်မယ် မထင်ဘူး။ စိတ်ကူးယဉ်မနေနဲ့တော့။ လက်တွေ့ကျကျ ရင်ဆိုင်လိုက်စမ်းပါ။

နာမီယာကုန်စုံဆိုင် ❞

ဖတ်ရင်း ဖတ်ရင်းနှင့် စာကိုင်ထားသော ကတ်ဆူရို၏ လက်မှာ တုန်ယင်လာသည်။ ဒေါသထွက်နေခြင်း ဖြစ်ကြောင်း ပြောနေစရာပင် မလိုပေ။

‘ဘာတုန်းဟ’ သူက တွေးနေမိသည်။ ‘သူက ဘာမို့လို့ ငါ့ကို အခုလို ဆူနေ ဆဲနေရတာလဲ’

‘ဂီတကို စွန့်လွှတ်ပြီး မိသားစု လုပ်ငန်းကို ဆက်ခံလိုက်’ – ထိုသို့သော အဖြေမျိုး ပေးလာလိမ့်မည်ဟု သူ မျှော်လင့်ထားပြီး ဖြစ်သည်။ တစ်ဘက်လူရဲ့ အဖြေမှာ လက်တွေ့ကျပြီး ဘေးအကင်းဆုံး ဖြစ်သည်။ သို့သော် ထိုမျှ မာရေကျောရေဖြင့် ပြောရန် လိုအပ်ပါ၏လော။ လူမှုရေး ခေါင်းပါးလွန်းလှသည်။

ကတ်ဆူရိုက စာပို့ခဲ့မိသည်ကိုပင် နောင်တရနေမိသည်။ သူသည် စာရွက်နှင့် စာအိတ်ကို လုံးချေပြီး အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် သူသည် မတ်တတ်ရပ်လိုက်ပြီး အမှိုက်ပုံးကို ရှာနေလေသည်။

သို့သော် အမှိုက်ပုံး ရှာမတွေ့သောကြောင့် ၎င်းစာကို အိတ်ကပ်ထဲတွင် ထည့်ထားလျက် အိမ်သို့ ပြန်ရောက်လာသည်။ မိဘနှစ်ဦးနှင့် အေမီကိုတို့သည် နာရေး ကန်တော့စင်၌ အသုံးပြုခဲ့သော ပစ္စည်းကိရိယာများကို ဘုရားစင် ရှေ့တွင် ပြန်လည် နေရာချရင်း အလုပ်ရှုပ်နေကြသည်။

“သား ဘယ်သွားနေတာလဲ။ ဒီလောက် မှောင်မှ ပြန်လာတယ်” ကာနာကိုက မေးသည်။

“အဲ … ဟိုနားဒီနား လျှောက်သွားနေတာ” ကတ်ဆူရိုသည် ပြော၍ အပေါ်ထပ်သို့ တက်သွားသည်။

မိမိအခန်းသို့ ပြန်ရောက်သောအခါ အင်္ကျီလဲလိုက်သည်။ ကတ်ဆူရိုသည် လုံးချေထားသော စက္ကူနှင့် စာအိတ်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ သို့သော် ချက်ချင်း စိတ်ပြောင်းသွားပြီး ပြန်ကောက်ယူလိုက်သည်။ ကြေမွနေသော စက္ကူကို ဖြန့်ပြီး နောက်တစ်ခေါက် ပြန်ဖတ်ကြည့်သည်။ အကြိမ် မည်မျှပင် ဖတ်ကြည့်စေကာမူ ၎င်းစာသည် သူ့စိတ်ကို ကြည်လင်သွားအောင် မစွမ်းဆောင်နိုင်ပေ။

၎င်းကို ပစ်ထားလိုက်သင့်သည်ဟု သူ နားလည်သော်လည်း တစ်ခုခု ပြန်ပြောလိုက်ချင်စိတ်ကို ဖုံးမနိုင် ဖိမရ ဖြစ်နေသည်။ ၎င်းစာကို ရေးသားခဲ့သောသူသည် အမှားတစ်ခုကို ကျူးလွန်ထားသည်။ သူ့စာထဲတွင် သုံးနှုန်းထားသော ‘မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ ငါးဆိုင်’ ဟူသည် စကားစုကို ကြည့်ခြင်းအားဖြင့် အင်မတန် ကြီးကျယ်ခမ်းနားသော ဆိုင်ကြီးတစ်ဆိုင် ဖြစ်လိမ့်မည်ဟု သူ့ဘက်မှ ယူဆထားဟန် ရှိသည်။ အကြံဉာဏ် တောင်းခံနေသူကို ပိုက်ဆံ ကျိကျိတက် ချမ်းသာသော သူဌေးသားတစ်ဦးဟု ယူဆထားနေခြင်းလော။

ထိုသူက ကတ်ဆူရိုကို ‘လက်တွေ့ကျကျ ရင်ဆိုင်’ ရန် ပြောနေသည်။ သို့သော် ကတ်ဆူရိုကလည်း လက်တွေ့ဘဝထဲမှ ရှောင်ပြေးရန် မကြိုးစားခဲ့။ ထိုသို့ ရှောင်ပြေးမနေ၍သာ ယခုကဲ့သို့ ဦးနှောက်ခြောက်နေရခြင်း ဖြစ်ပေသည်။ စာပြန်သူက ထိုအချက်ကို ရိပ်စားမိပုံ မရ။

ကတ်ဆူရိုသည် စာရေးစားပွဲ ရှေ့သို့ လာပြီး အံဆွဲကို ဆွဲဖွင့်၍ စာရွက်နှင့် ဘောပင်ကို ထုတ်လိုက်သည်။ အချိန် အတော်ကြာမှ အောက်ပါအတိုင်း စာတစ်စောင် ရေးပြီးတော့သည်။

❝ သို့ – နာမီယာကုန်စုံဆိုင်

စာပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လူကြီးမင်းရဲ့ ပြန်စာကို ရတဲ့အတွက် ကျွန်တော် အင်မတန် အံ့ဩခဲ့မိတယ်။

ဒါပေမယ့် စာဖတ်ပြီးသွားတဲ့အခါမှာ ကျွန်တော် စိတ်ပျက်ခဲ့ရပြန်တယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် လူကြီးမင်းက ကျွန်တော်ရဲ့ စိတ်သောကကို နည်းနည်းလေးမှ နားမလည်ခဲ့ဘူး။ မိဘစီးပွားရေးကို ဆက်ခံတာဟာ အာမခံချက် အရှိဆုံးသော ရွေးချယ်မှုဆိုတာကို ကျွန်တော်လည်း သိပါတယ်။ လူကြီးမင်းအနေနဲ့ ပြောပြနေဖို့တောင် မလိုပါဘူး။

ဒါပေမယ့် လက်ရှိ အခြေအနေအရ အာမခံချက် ရှိတယ် ဆိုတာတောင် ပြောပလောက်အောင် အာမခံချက် ရှိတာမျိုး မဟုတ်ဘူး။

လူကြီးမင်းက အထင်လွဲနေပုံ ရတယ်။ ကျွန်တော်တို့ရဲ့ ဆိုင်ဟာ နှစ်ခန်းစာ သာသာလောက်သာ ကျယ်တဲ့ ဆိုင်သေးသေးလေး တစ်ဆိုင်ပါ။ ပြီးတော့ ကျွန်တော်တို့ကို ချမ်းသာအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ကံကောင်း ထောက်မစွာနဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ် ကုန်ကျစရိတ်တွေကို ကာမိနေရုံလောက်ပဲ။ အဲဒီလို စီးပွားရေး လုပ်ငန်းတစ်ခုကို လက်လွှဲယူလိုက်တာနဲ့ တစ်ဘဝစာ ခိုင်လုံသွားပြီလို့ ယူဆရင် မှားသွားပါလိမ့်မယ်။ ဒါကြောင့် သတ္တိရှိရှိနဲ့ နောက်လမ်းကြောင်းတစ်ခုကို ထိုးဖောက်ကြည့်တာဟာ နည်းလမ်းကောင်းတစ်ခုပဲ မဟုတ်ပါလား။ ရှေ့စာထဲမှာလည်း ပြောဖြစ်ခဲ့ပါတယ်။ အခု ကျွန်တော့်မိဘတွေက ကျွန်တော်ကို ထောက်ခံ အားပေးကြတယ်။ တကယ်လို့ ကျွန်တော်က ကျွန်တော့်အိပ်မက်တွေကို ရုတ်ချည်း စွန့်လွှတ်လိုက်ရင် သူတို့က ကျွန်တော့်ကို အယုံအကြည် ကင်းမဲ့ကုန်မှာပေါ့။

ပြီးတော့ လူကြီးမင်း အထင်လွဲနေတာ တစ်ခုရှိသေးတယ်။ ကျွန်တော်က ဂီတကို စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ သဘောထားတာ။ သီချင်းဆို၊ သီချင်းရေး၊ စတိတ်ရှိုးပွဲ ကျင်းပပြီး အသက်မွေးဖို့ စိတ်ကူးထားတာ။ ဒါကို ဝါသနာအရ ဂီတနဲ့ အပျင်းဖြေနေတဲ့ လူတစ်ယောက်လို့ လူကြီးမင်းက ကျွန်တော်ကို သဘောထားနေတယ်။ ဒါကြောင့်လည်း လူကြီးမင်းက ကျွန်တော်ကို ‘ငါးဆိုင်မှ အနုပညာသည်’ လို့ လိပ်မူထားတာ နေမယ်။ ကျွန်တော့်ကို ပြင်ဆင်ခွင့် ပြုပါ၊ လူကြီးမင်း။ ကျွန်တော်ဟာ ဂီတနဲ့ ရိုးသားစွာ အသက်မွေး ဝမ်းကြောင်းပြုဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ပါ။ အပျင်းပြေ ယောင်ယောင်ဝါးဝါး လျှောက်လုပ်နေတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။

အနုပညာ လောကမှာ အောင်မြင်ကျော်ကြားဖို့ အတွက် အလွန် ထူးခြားတဲ့ ပါရမီတစ်မျိုး လိုအပ်တယ် ဆိုတာကို ကျွန်တော် ကောင်းကောင်းကြီး နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အဲဒီလို ပါရမီ မရှိပါဘူးလို့ လူကြီးမင်းက ဘာနဲ့ အကဲဖြတ်လိုက်တာလဲ။ ကျွန်တော်ရဲ့ သီချင်းတွေကို နားထောင်ဖူးလို့လား။ ကျေးဇူးပြုပြီး ရမ်းသန်း ကောက်ချက်ချတာမျိုး မလုပ်ပါနဲ့။ ဘယ်ကိစ္စမှာမဆို ရင်ဆိုင်ယှဉ်ပြိုင်မှု မရှိရင် စစ်မှန်တဲ့ အရည်အချင်းဆိုတာကို သိရမှာ မဟုတ်ဘူး။

လူကြီးမင်းရဲ့ ပြန်စာကို မျှော်လင့်လျက်

ငါးဆိုင်မှ ဂီတသမား ❞

 

(ဆ)

“မင်း ဘယ်အချိန် တိုကျိုပြန်မှာလဲ” နာရေးကျင်းပပြီးနောက် ဒုတိယမြောက်နေ့တွင် ကတ်ဆူရိုသည် နေ့လယ်စာ ထမင်းစားနေစဉ် ခေါင်းပေါ်တွင် တဘက်ပတ်ထားလျက် ဆိုင်ဘက်မှ ရောက်လာသော တာကေအိုက သူ့ကို မေးလိုက်သည်။ ယူအိုမတ်ဆုကို ယနေ့မှ စတင်၍ ပြန်လည် ဖွင့်လှစ်ရောင်းချနေသည်။ မနက်ခင်းပိုင်းက ကတ်ဆူရိုသည် ကုန်တင်ကားဖြင့် ကုန်ပို့ထွက်သွားသော တာကေအိုကို သူ၏ အခန်းပြတင်းပေါက်မှ လှမ်းကြည့်ခဲ့သေးသည်။

“မစဉ်းစားရသေးဘူး” သူက မရေမရာ ပြန်ဖြေသည်။

“ဒီမှာ အချိန်ထိုင်ဖြုန်းနေတာ ဘာအသုံးကျမလဲ။ မင်းက ဂီတလောကထဲ ဝင်ဖို့ ဆုံးဖြတ်ထားတယ်ဆို။ ဒီလို ပေါ့ပေါ့နေ ပေါ့ပေါ့စားနေရုံနဲ့ ရပါ့မလား”

“ကျွန်တော် အချိန်ထိုင်ဖြုန်းနေတာ မဟုတ်ပါဘူး။ ကိစ္စတွေ အများကြီးကို စဉ်းစားနေတာ”

“ဘာစဉ်းစားနေတာလဲ”

“တော်ပါ အဖေရာ”

“လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက မင်း စခဲ့တဲ့ ဇာတ်လမ်းလေ။ အစွမ်းကုန် ကြိုးစားမှ ရမယ်ဆိုတာကို မင်း သဘောပေါက်ထား”

“တော်ပါတော့ဗျာ။ အဲဒါတွေကို ကျွန်တော် နားလည်ပါတယ်” ကတ်ဆူရိုက တူကို ချပြီး မတ်တတ်ရပ်လိုက်သည်။ ကာနာကိုသည် သူ့ကို မီးဖိုချောင်ထဲမှ စိုးရိမ်တကြီး လှမ်းကြည့်နေသည်။

ထိုနေ့ညနေက ကတ်ဆူရိုသည် အပြင်သို့ လမ်းလျှောက်ထွက်ခဲ့သည်။ ကုန်စုံဆိုင်သို့ သွားခြင်း ဖြစ်ကြောင်း ခန့်မှန်းနေစရာပင် မလိုချေ။ မနေ့ညကလည်း သူ ထိုနေရာသို့ ရောက်ခဲ့ပြီး ဒုတိယမြောက်စာကို စာထည့်ပေါက်ထဲသို့ ထည့်ခဲ့သေးသည်။

နွားနို့သေတ္တာကို ဖွင့်လိုက်သောအခါ မနေ့ကအတိုင်း ကတ်ဆူရို၏ စာအိတ်ဖြင့် ထည့်ထားသော စာတစ်စောင်ကို တွေ့ရသည်။ စာပြန်ပေးသူသည် နေ့တိုင်း စာအသစ် ရောက်မရောက်ကို ပုံမှန် လာရောက်စစ်ဆေးပုံ ရသည်။

မနေ့ကကဲ့သို့ပင် ကတ်ဆူရိုသည် အနီးနားရှိ ပန်းခြံတွင် စာကို ဖောက်ဖတ်လိုက်သည်။ စာမှာ အောက်ပါအတိုင်း ဖြစ်သည်။

❝ သို့ – ငါးဆိုင်မှ ဂီတသမား

ဆိုင်သေးဖြစ်ဖြစ် ဆိုင်ကြီးဖြစ်ဖြစ်၊ ဆိုင်က ဆိုင်ပဲလေဗျာ။ အဲဒီဆိုင်ရဲ့ ကျေးဇူးကြောင့်ပဲ ခင်ဗျား တက္ကသိုလ် တက်နိုင်ခဲ့တာ မဟုတ်လား။ ဆိုင်ဖွင့်ရတာ ပင်ပန်းတယ်ပဲ ထားပါဦး။ အဲဒီဆိုင်အတွက် လုပ်အား စိုက်ထုတ်ပေးရမှာက သားတစ်ယောက်ရဲ့ ဝတ္တရားပဲ မဟုတ်ဘူးလား။

မိဘတွေက ခင်ဗျားကို အားပေးထောက်ခံတယ်လို့ ခင်ဗျား ရေးခဲ့တယ်။ မိဘ အရင်းအချာတွေပဲဗျာ။ ခင်ဗျားကသာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေကို လုပ်နေတာ မဟုတ်ဘူးဆိုရင် ခင်ဗျား ဘာလုပ်လုပ် သူတို့က အားပေးနေကြမှာပဲ။ ဒါကြောင့် ပြောတာ။ အဲဒီစကားကို ခင်ဗျား ထည့်တွက်လို့ မရဘူး။

ခင်ဗျား ဂီတကို စွန့်လွှတ်ရမယ်လို့ ကျွန်တော် မပြောပါဘူးဗျာ။ အဲဒါကို ဝါသနာအနေနဲ့ သဘောထားလိုက်လို့ မရဘူးလား။

ခင်ဗျားကို ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားမှာ ဂီတနဲ့ ပတ်သက်တဲ့ ပါရမီဓာတ်ခံ မပါဘူး။ ခင်ဗျားရဲ့ သီချင်းကို ကျွန်တော် မကြားဖူးဘူး ဆိုပေမယ့် ကျွန်တော် အဲဒါကိုတော့ အခိုင်အမာ သိထားတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျား သုံးနှစ်ကြီးတောင် အသည်းအသန် ကြိုးစားခဲ့ပြီးပြီ။ ဘာမှ မည်မည်ရရ ဖြစ်မလာခဲ့သေးဘူး။ မဟုတ်ဘူးလား။ အဲဒါကို ကြည့်ခြင်းအားဖြင့် ခင်ဗျားမှာ ပါရမီဓာတ်ခံ မရှိဘူးဆိုတာ သိသာနေပြီပဲ။

ပေါက်သွားတဲ့ လူတွေကို ကြည့်ကြည့်ပါလား။ သူတို့အနေနဲ့ အောင်မြင်ကျော်ကြားဖို့ အဲဒီလောက် အချိန်ယူခဲ့ကြရလို့လား။ တကယ်သာ ထူးခြားတဲ့ ပါရမီတစ်မျိုး ရှိနေရင် ဘယ်တော့မှ ချောင်ထိုးခံရမှာ မဟုတ်ဘူးဗျ။ ဒါပေမယ့် ခင်ဗျားကို ဘယ်သူကမှ သတိမထားမိကြဘူး။ လက်တွေ့ကျစမ်းပါ ကိုယ့်လူ။

‘အနုပညာသည်’ လို့ အခေါ်ခံရမှာကို ခင်ဗျားက မကြိုက်ဘူးလား။ ခင်ဗျားရဲ့ အတွေးအခေါ်က အတော် ခေတ်နောက်ကျနေပြီပဲ။ ဘာပဲဖြစ်ဖြစ်ပါဗျာ။ ကျွန်တော် ပြောတာ ယုံလိုက်စမ်းပါ။ ငါးဆိုင်သာ ဆက်လုပ်ပေတော့။

နာမီယာကုန်စုံဆိုင် ❞

ကတ်ဆူရိုသည် နှုတ်ခမ်းကို တင်းတင်း ကိုက်ထားမိသည်။ ယခုတစ်ခေါက် စာသည်လည်း ရှေ့တစ်ခေါက်က စာကဲ့သို့ပင် သူ့အား နည်းနည်းမျှ မညှာတာ။

သို့သော် ထူးဆန်းသည်မှာ သူသည် လွန်စွာ စိတ်တိုခြင်း မရှိဘဲ ထိုသို့ မညှာမတာ ပြောခံရသည်ကိုပင် သဘောကျနေမိသည်။

ကတ်ဆူရိုသည် စာကို နောက်တစ်ကြိမ် ပြန်ဖတ်ပြီး မအောင့်အီးနိုင်ဘဲ ရင်ထဲမှ လေပူများကို မှုတ်ထုတ်လိုက်သည်။

သူ့အကြောင်းနှင့် ပတ်သက်ပြီး စာထဲတွင် ရေးထားသည်များမှာ အမှန်ပင် ဖြစ်ကြောင်း သူ ဝန်ခံရပေမည်။ သူ၏ စကားလုံးများက သွေးထွက်အောင် မှန်နေသည်။ ‘တကယ်သာ ထူးခြားတဲ့ ပါရမီတစ်မျိုး ရှိနေရင် ဘယ်တော့မှ ချောင်ထိုးခံရမှာ မဟုတ်ဘူးဗျ’ ထိုအကြောင်းကို ကတ်ဆူရို အစောကြီးကတည်းက သိထားပြီး ဖြစ်သည်။ မသိချင်ယောင် ဆောင်နေခဲ့ခြင်းမျှသာ။ ကံကြမ္မာက မျက်နှာသာ မပေးသေးသောကြောင့်ဟု မိမိကိုယ်မိမိ နှစ်သိမ့်နေခဲ့သည်။ အကယ်၍သာ အမှန်တကယ် ပါရမီဓာတ်ခံ ရှိခဲ့ပါမူ ကံကြမ္မာကို ယိုးမယ်ဖွဲ့နေစရာ မလိုအပ်တော့ပြီ။

ယခင်က သူ့ကို ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောမည့်သူ မရှိခဲ့။ “သိပ်ခက်တာပဲ။ လက်လျှော့လိုက်ပါ” ဟုသာ ပြောလေ့ရှိကြသည်။ မည်သူကမျှ လူမုန်းခံပြီး တဲ့တိုး မပြောလိုကြ။ သို့သော် ဤစာကို ပြန်သောသူသည် တခြားလူ အများစုနှင့် မတူဘဲ တစ်မူထူးခြားစွာ ဘယ်သူ့မျက်နှာကိုမှ ကြည့်မနေဘဲ မှန်ရာကို ထောက်ပြ ပြောဆိုခဲ့သည်။

‘နေပါဦး ……’ သူ၏ အကြည့်သည် စာရွက်ပေါ်သို့ ကျရောက်သွားပြန်သည်။

ဤသူသည် မည်သူ ဖြစ်မည်နည်း။ ယဉ်ယဉ်ကျေးကျေး သွယ်ဝိုက် ရေးမနေဘဲ စာတစ်စောင်လုံးကို အားမနာတမ်း တဲ့တိုးရေးခဲ့သည်။ သူစိမ်းတစ်ယောက်နှင့် စာအဆက်အသွယ် လုပ်ကြရပြီဆိုလျှင် လူအများစုသည် ထိန်းထိန်းသိမ်းသိမ်းဖြင့် ချိုသာသော စကားလုံးများကို တကူးတကန့် ရွေးချယ်ပြီး လူမြင်ကောင်းအောင် ရေးတတ်ကြသည်။ သို့သော် သူ၏ စာထဲတွင် ထိုသို့သော စိတ်သဘောထားမျိုးကို လုံးဝ မတွေ့ရ။ ဤစာရေးသူသည် ကတ်ဆူရို ရင်းနှီးထားသော ဘကြီးနာမီယာ လုံးဝ မဖြစ်နိုင်သည်မှာ သေချာသည်။ ထိုအဘိုးအို၏ စကားလုံး အသုံးအနှုန်းမှာ အင်မတန် နူးညံ့လှသည်။

ကတ်ဆူရိုက ထိုသူကို တွေ့ချင်လာသည်။ စာဖြင့် ရှင်းလင်းအောင် ရေးမပြနိုင်သော ကိစ္စများစွာ ရှိပေသည်။ ထိုသူနှင့် မျက်နှာချင်းဆိုင် ဆုံပြီး စကားပြောချင်လာသည်။

ညရောက်သောအခါ ကတ်ဆူရိုသည် အိမ်မှ ခိုးထွက်လာခဲ့ပြန်သည်။ ဂျင်းဘောင်းဘီ အိတ်ကပ်ထဲတွင် စာတစ်စောင် ထည့်ထားသည်။ ၎င်းသည် တတိယမြောက် ပေးစာဖြစ်သည်။ အသည်းအသန် စဉ်းစားပြီးနောက် သူသည် အောက်ပါအတိုင်း ချရေးလိုက်လေသည်။

❝ သို့ – နာမီယာကုန်စုံဆိုင်

စာပြန်တဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အတော်လေး ထိတ်လန့်သွားခဲ့တယ်။ လူကြီးမင်းက ကျွန်တော်ကို တဲ့တိုးကြီး မငဲ့မညှာ ဝေဖန်လာလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ကျွန်တော်ကိုယ် ကျွန်တော်တော့ အတိုင်းအတာ တစ်ခုထိ အရည်အချင်း ရှိတဲ့သူလို့ အမြဲ သတ်မှတ်ထားခဲ့တာပဲ။ ကိုယ့်အရည်အချင်း ထုတ်ပြခွင့် ရလာမယ့်တစ်နေ့ကို စောင့်မျှော်နေခဲ့တာ။

ဒါပေမယ့် လူကြီးရဲ့ မကွယ်မဝှက်တဲ့ စကားတွေက ကျွန်တော်ကို ဉာဏ်အလင်း ပွင့်စေခဲ့တယ်။

ကျွန်တော်ကိုယ်ကျွန်တော် ပြန်ပြီး သုံးသပ်ဖို့ လိုလာပြီလို့ ကျွန်တော် ယူဆမိတယ်။ စေ့စေ့ ပြန်တွေးကြည့်တော့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ ဆိုတာကို ကျွန်တော် အစွဲအလန်း သိပ်ကြီးလွန်းနေသလား မပြောတတ်ဘူး။ အဲဒါကြောင့်ပဲ ဘယ်အချိန်မှာ နောက်ဆုတ်သင့်တယ်၊ ဘယ်အချိန်မှာ ရပ်တန့်ပစ်သင့်တယ်ဆိုတာကို အမှန်အတိုင်း ဆင်ခြင်နိုင်စွမ်း ကျွန်တော်မှာ မရှိတော့ဘူး။

ဒါပေမယ့် ပြောရမှာ အားနာပါတယ်။ ကျွန်တော် အခုချိန်ထိ ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ ဂီတလောကမှာ ကျင်လည်နိုင်ဖို့ ကျွန်တော် ဆက်ပြီး ကြိုးစားကြည့်ချင်သေးတယ်။

ကျွန်တော်ရဲ့ အဓိကပြဿနာဟာ ဘာလဲဆိုတာကို ကျွန်တော် နားလည်လာပြီလို့ ယူဆတာပဲ။

တကယ်တော့ ကျွန်တော် ဘာကို ရွေးချယ်သင့်သလဲ ဆိုတာကို ကျွန်တော် ဟိုးအစောကြီးကတည်းက သိနေနှင့်ပြီးသားပါ။ ဒါပေမယ့် ကိုယ့်အိပ်မက်ကို စွန့်လွှတ်ပစ်ဖို့ ဘယ်လိုမှ ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘူး။ အခုထိလည်း မလုပ်နိုင်သေးဘူးပဲ ဆိုပါတော့။ ဘာနဲ့ တူသလဲဆိုတော့ လူတစ်ယောက်ကို တစ်ဘက်သတ် ချစ်နေရသလိုပဲ။ ကိုယ့်ကို ပြန်ချစ်လာမှာ မဟုတ်မှန်း သိနေပါလျက်နဲ့ သူ့ကို ဘယ်လိုမှ မေ့လို့ မရပြန်ဘူး။

စကားလုံးတွေက ကျွန်တော်ရဲ့ ခံစားချက်ကို အပြည့်အဝ သရုပ်ဖော်နိုင်မယ် မထင်ဘူး။ ဒါကြောင့် ကျွန်တော် တစ်ခုလောက် တောင်းဆိုပါရစေ။ လူကြီးမင်းနဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောခွင့် ရနိုင်မလား။ လူကြီးမင်းဟာ ဘယ်လို လူမျိုးလဲ ဆိုတာကို ကျွန်တော် အင်မတန် သိချင်လှပါတယ်။

ဘယ်နေရာမှာ လူကြီးမင်းနဲ့ တွေ့ဆုံနိုင်မလဲ။ ကျွန်တော်ကို ပြောပြနိုင်မယ် ဆိုရင် ကျွန်တော် ဘယ်နေရာကိုဖြစ်ဖြစ် အရောက် လာတွေ့ပါ့မယ်။

ငါးဆိုင်မှ ဂီတသမား ❞

နာမီယာကုန်စုံဆိုင်သည် ယခင်ကကဲ့သို့ လရောင်ထဲတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။ ကတ်ဆူရိုသည် ယင်းလိပ်တံခါးအရှေ့သို့ လာပြီး စာထည့်ပေါက် အကာကို မ,လိုက်သည်။ ဂျင်းဘောင်းဘီ အိတ်ကပ်ထဲမှ စာကို ဆွဲထုတ်ပြီး အပေါက်ထဲသို့ ထိုးထည့်လိုက်သည်။ စာကို အပေါက်ထဲသို့ တစ်ဝက်မျှ ထိုးပြီးကာမှ ရပ်တန့်သွားသည်။

ယင်းလိပ်တံခါး၏ ဟိုမှာဘက်ခြမ်းတွင် တစ်စုံတစ်ယောက် ရှိနေသည်ဟု သူ ခံစားလိုက်ရသည်။

ထိုသို့ဆိုလျှင် တစ်ဘက်မှလူသည် အထဲမှ စာကို ဆွဲယူသွားပေမည်။ ထိုသို့ တစ်ဝက်တစ်ပျက်ဖြင့် မလှုပ်မရှားဘဲ အခြေအနေကို စောင့်ကြည့်နေမိသည်။

သူသည် လက်ပတ်နာရီကို လှမ်းကြည့်လိုက်သည်။ ည ၁၁ နာရီ ထိုးပြီးကာစ။

ကတ်ဆူရိုသည် ကျန်လက်တစ်ဘက်ဖြင့် အိတ်ကပ်ထဲသို့ နှိုက်ပြီး ဘာဂျာတစ်လက်ကို ဆွဲထုတ်လိုက်သည်။ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ယင်းလိပ်တံခါးကို မျက်နှာချင်းဆိုင်လျက် သီချင်းတစ်ပုဒ်ကို စတင် တီးမှုတ်လေသည်။ ဆိုင်ထဲရှိလူအား ကြားစေချင်သောကြောင့် ဖြစ်သည်။

၎င်းမှာ သူ သဘောအကျဆုံးသော ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ် ဖြစ်သည်။ နာမည်မှာ ‘ပြန်လည်မွေးဖွားခြင်း’။ သီချင်းစာသားကိုတော့ မထည့်ရသေးပေ။ လတ်တလောအချိန်တွင် သင့်လျော်မည့် အကြောင်းအရာကို စဉ်းစား၍ မရသေးသောကြောင့် ဖြစ်သည်။ ဖျော်ဖြေပွဲများတွင် သီဆိုရလျှင်လည်း သူသည် ဘာဂျာတစ်လက်ဖြင့်သာ အမြဲ တီးမှုတ်ပြလေ့ရှိသည်။ ၎င်းမှာ ရိုးရှင်းလွယ်ကူသည့် ကျေးလက်သီချင်းကဲ့သို့သော သံစဉ်မျိုး ဖြစ်သည်။

တစ်ပိုဒ် တီးမှုတ်ပြီးသောအခါ သူသည် ဘာဂျာကို နှုတ်ခမ်းနားမှ ခွာ၍ စာထည့်ပေါက်တွင် တစ်ဝက်တစ်ပျက် ထိုးထွက်နေသော စာကို စိုက်ကြည့်နေမိသည်။ တစ်ဘက်လူမှ ဆွဲယူထားသော အရိပ်အရောင်ကိုမူ မတွေ့ရချေ။ ကြည့်ရသည်မှာ ဆိုင်ထဲတွင် လူရှိမည် မဟုတ်ပေ။ နံနက်ခင်းမှသာ စာ လာသိမ်းတတ်ခြင်း ဖြစ်ပေမည်။

သူသည် လက်ကို ဆန့်တန်းပြီး စာကို အထဲသို့ ထိုးထည့်လိုက်သည်။ ‘ဂလောက်’ ဟူသော ကြမ်းပေါ်သို့ စာကျသည့်အသံ ထွက်ပေါ်လာသည်။

 

(ဇ)

“ကတ်ဆူရို၊ မြန်မြန်ထစမ်းပါဦး”

ခန္ဓာကိုယ်ကို တရကြမ်း လှုပ်ယမ်းခံနေရသောကြောင့် ကတ်ဆူရိုက မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ကာနာကို၏ ဖြူရော်နေသော မျက်နှာက အမြင်အာရုံထဲ ထင်ရှားလာသည်။

ကတ်ဆူရိုသည် မျက်မှောင်ကြုတ်လျက် မျက်လုံး ပေကလတ် ပေကလတ်ဖြင့် ကြည့်နေသည်။

“ဘာဖြစ်လို့လဲ” သူက ဤသို့ မေးရင်း ခေါင်းအုံးဘေးမှ နာရီကို ကောက်ယူလိုက်သည်။ နံနက် ၇ နာရီကျော်။

“ဒုက္ခပါပဲ။ မင်းအဖေ ဈေးထဲမှာ မူးလဲသွားလို့”

“ဗျာ” ကတ်ဆူရို ထထိုင်လိုက်သည်။ တစ်ခဏချင်း စိတ်မှာ ကြည်လင်သွားကြသည်။ “ဘယ်အချိန်ကလဲ”

“စောစောကပဲ ဈေးထဲက လူတစ်ယောက် ဖုန်းဆက်လာတယ်။ သူ့ကို ဆေးရုံ ပို့လိုက်ပြီတဲ့”

ကတ်ဆူရိုသည် ကုန်းထပြီး ထိုင်ခုံ နောက်မှီတွင် လွှားထားသော ဂျင်းဘောင်းဘီကို လှမ်းယူလိုက်သည်။

အင်္ကျီဝတ်ပြီးနောက် ကာနာကို၊ အေမီကိုတို့နှင့်အတူ အိမ်ထဲမှ ထွက်လာခဲ့ကြသည်။ ဆိုင်၏ ယင်းလိပ်တံခါးပေါ်တွင် ‘ယနေ့ ဆိုင်ပိတ်သည်’ ဟု ရေးထားသော စက္ကူကို ကပ်ထားခဲ့သည်။

တက္ကစီတစ်စီး ငှားပြီး သူတို့ ဆေးရုံသို့ လိုက်သွားကြသည်။ ငါးဒိုင်မှ သက်လတ်အရွယ် အလုပ်သမားတစ်ယောက်က ဆေးရုံတွင် စောင့်နေလေသည်။ သူက ကာနာကိုနှင့်လည်း ရင်းနှီးပုံ ရသည်။ “သူက ပစ္စည်းတွေ သယ်နေတာ။ သူ့ကြည့်ရတာ အတော် ဝေဒနာ ခံစားနေရတဲ့ပုံ ပေါက်နေတာနဲ့ ကျွန်တော်လည်း ဆေးရုံကို ဖုန်းဆက်လိုက်တာပဲ”

“အဲဒီလိုလား။ ကျေးဇူးတင်ပါတယ်ရှင်။ ငါ့တူကို ဒုက္ခပေးသလို ဖြစ်သွားပြီ။ ကျန်တာ အန်တီတို့ပဲ ဆက်လုပ်လိုက်ပါ့မယ်။ ငါ့တူ ဈေးထဲ ပြန်ချင် ပြန်တော့လေ” ကာနာကိုက ကျေးဇူးတင်စကား ဆိုသည်။

အရေးပေါ် ကုသပြီးနောက် တာဝန်ခံ ဆရာဝန်သည် အနားသို့ ရောက်လာပြီး လူနာရှင်များကို အခြေအနေ ရှင်းပြသည်။ ကတ်ဆူရိုနှင့် အေမီကိုလည်း အနားမှာ ရှိနေကြသည်။

“အတိုချုပ် ပြောရရင်တော့ အပင်ပန်းလွန်သွားလို့ နှလုံးမှာ ဝန်ပိသလို ဖြစ်သွားတာပဲ။ အခုတလော သူ့မှာ ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာတွေများ ရှိသလား” တစ်ခေါင်းလုံး ဖြူဖွေးနေသော ဆံပင်များနှင့် ဣန္ဒြေရသည့် ဆရာဝန်က အေးဆေးတည်ငြိမ်သော အသံနေ အသံထားဖြင့် မေးလိုက်သည်။

နာရေးကိစ္စအတွက် အလုပ်ရှုပ်ခဲ့ကြောင်းကို ကာနာကိုက ရှင်းပြလိုက်သောအခါ ဆရာဝန်က နားလည်သွားသည့် အနေဖြင့် ခေါင်းညိတ်ပြသည်။

“ကိုယ်ခန္ဓာတင် မကဘဲ စိတ်ပိုင်းဆိုင်ရာလည်း အတော် ပင်ပန်းခဲ့ပုံ ရတယ်။ သူ့နှလုံးရဲ့ အခြေအနေက ချက်ချင်းကြီး ဆိုးရွားသွားနိုင်စရာ အခြေအနေတော့ မရှိပါဘူး။ ဒါပေမယ့် ဂရုတစိုက် နေတာ ပိုကောင်းလိမ့်မယ်။ နှလုံးကို အချိန်မှန် စစ်ဆေးနေဖို့တော့ လိုအပ်လိမ့်မယ်”

“ကျွန်မ သူ့ကို လုပ်ခိုင်းပါ့မယ်” ကာနာကိုက ပြန်ဖြေသည်။

လူနာကို တွေ့ဆုံခွင့် ရပြီ ဖြစ်သောကြောင့် သူတို့သည် လူနာဆောင်သို့ သွားလိုက်ကြသည်။ တာကေအိုသည် အရေးပေါ် ကုသဆောင်ရှိ ခုတင်ပေါ်တွင် လဲလျောင်းနေပြီး ကတ်ဆူရိုတို့ ရောက်လာသည်ကို မြင်သောအခါ သူ့အမူအရာက စနိုးစနောင့် ဖြစ်နေသည့်ပုံ။

“မင်းတို့က ရေးကြီးခွင်ကျယ် လုပ်လို့ကွာ။ ဘာမှ ကြီးကြီးမားမား ဖြစ်တာလည်း မဟုတ်ဘဲနဲ့” သူက ဘာမျှ မဖြစ်သလို ဟန်ဖြင့် ပြောနေသည်။ သို့သော် မာန်သာရှိလျက် အဆံက မပါ။

“ဆိုင်ပြန်ဖွင့်တာ စောလွန်းပါတယ်လို့ ရှင့်ကို ကျွန်မ ပြောသားပဲ။ တစ်ရက် နှစ်ရက်လောက် ပို နားလိုက်သင့်တာ”

တာကေအိုသည် ကာနာကိုကို မျက်စောင်းခဲလျက် ခေါင်းခါယမ်းနေသည်။

“ဖြစ်မလား။ ငါ ဘာမှ မဖြစ်ဘူး။ ငါတို့ ဆိုင်ပိတ်ထားရင် ဖောက်သည်တွေ ဒုက္ခရောက်ကုန်မှာပေါ့။ ငါတို့ငါးကို စောင့်မျှော်နေကြတဲ့သူတွေ ရှိတယ်ကွ”

“ရှင် အဲဒီလို ဇွတ်ပေပြီး လုပ်နေလို့ ကျန်းမာရေးကို ထိခိုက်သွားရင် ဘယ်လို လုပ်မလဲ။ ရှင့်ကိုယ်က ခံနိုင်တာ မဟုတ်ဘူး”

“ငါ ပြောပြီးပြီပဲ။ ဘာမှ မဖြစ်ပါဘူးဆိုနေ”

“အဲဒီလောက်လည်း အသည်းအသန် လုပ်နေစရာ မလိုပါဘူး အဖေရာ” ကတ်ဆူရိုက ဝင်ပြောသည်။ “တကယ်လို့ ဆိုင် ဖွင့်ကိုဖွင့်ရမှ ဆိုရင်လည်း ကျွန်တော် ဝင်ကူပေးပါ့မယ်”

သုံးယောက်စလုံး၏ အကြည့်များက သူ၏ မျက်နှာပေါ်သို့ လာဆုံကြသည်။ အားလုံး၏ မျက်လုံးထဲတွင် သံသယ အခိုးအငွေ့များ ယှက်သန်းကြလျက်။

တာကေအိုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ “မင်း ဘာ လျှောက်ပြောနေတာလဲ။ မင်းက ငါးကိုတောင် အကြေးခွံ သင်တတ်လို့လား”

“တတ်တာပေါ့။ အဖေ မေ့နေပြီလား။ အထက်တန်းကျောင်း မတက်ခင်က နွေရာသီ ကျောင်းပိတ်ရက်ဆိုရင် ဆိုင်မှာ ဝင်ကူပေးခဲ့တာလေ”

“လုပ်ငန်းတစ်ခုကို လည်ပတ်နိုင်ဖို့ ဆိုတာ အဲဒီလောက်နဲ့ မလုံလောက်သေးဘူး”

“ဒါပေမယ့် ……” ကတ်ဆူရို ဆက်မပြောနိုင်တော့။ တာကေအိုသည် ခြုံစောင်အောက်ထဲမှ သူ၏ ညာဘက်လက်ကို ဆွဲထုတ်ပြီး သားတော်မောင်၏ စကားကို လှမ်းတားလိုက်သည်။

“ဒါဆို မင်းရဲ့ ဂီတကရော”

“ကျွန်တော် စွန့်လွှတ်လိုက်တော့မယ်”

“ဘာ …” တာကေအိုက နှုတ်ခမ်းကို ရွဲ့လိုက်သည်။ “မင်းက စစ်ပြေးကြီး လုပ်တော့မလို့ပေါ့”

“မဟုတ်ပါဘူး။ ငါးဆိုင်ကို ဆက်လုပ်တာ ပိုကောင်းလိမ့်မယ်လို့ ကျွန်တော် ယူဆလို့ပါ”

တာကေအိုထံမှ တောက်ခေါက်သံ ထွက်ပေါ်လာသည်။ “လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဒီလေသံမျိုး မဟုတ်ပါဘူးကွ။ အခုတော့ ဘယ်လို ဖြစ်ရတာလဲ။ မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ဆိုင်ကို မင်းလက်ထဲ အပ်ဖို့ ငါ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး”

ကတ်ဆူရိုက မယုံကြည်နိုင်စွာဖြင့် သူ့ဖခင်ကို စိုက်ကြည့်နေသည်။ “တာကေအို” ကာနာကိုက လှမ်းဟန့်လိုက်သည်။

“မင်းသာ ဒီငါးဆိုင်ကို အမှန်တကယ် စိတ်နှစ်ပြီး လုပ်ချင်တာပါ ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမယ့် အခု မင်းက အဲဒီလို စိတ်ကူးနေတာ မဟုတ်ဘူး။ ငါးဆိုင်ကို ဆက်ပြီး လုပ်မယ်ဆိုရင်လည်း အခု မင်းမှာရှိတဲ့ စိတ်ထားမျိုးနဲ့ အောင်အောင်မြင်မြင် လုပ်နိုင်မှာ မဟုတ်ဘူး။ နှစ်အနည်းငယ် ကြာသွားတဲ့အခါမှာ မင်း နောင်တရလာလိမ့်မယ်။ ဂီတဘက်ကိုသာ ဆက်လုပ်ဖြစ်ရင် ကောင်းမှာပဲလို့ မင်း တွေးနေမိမှာ အမှန်ပဲ”

“အဲဒီလို မဟုတ်ပါဘူးဗျာ”

“ဘာလို့ မဟုတ်ရမှာလဲ။ ငါ သိပါတယ်ကွာ။ အဲဒီအချိန်ရောက်ရင် အပြစ်လွတ်အောင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ မင်းမှာ အကြောင်းပြချက်တွေ အများကြီး ရှိလာလိမ့်မယ်။ ‘ငါ့အဖေ မကျန်းမာတော့လို့ မဖြစ်မနေ ဆက်ခံလိုက်ရတာပါ’ ‘ဒီအိမ်ကြီးအတွက် အနစ်နာခံလိုက်ရတာ’ နောက်ဆုံးတော့ မင်းက ဘာမှ တာဝန်ခံစရာ မလိုတော့ဘူး။ အားလုံးက တခြားလူတွေရဲ့ အပြစ်ချည်းပဲ”

“တာကေအို၊ အဲဒီလို မပြောပါနဲ့ရှင်ရယ်”

“မင်း ပါးစပ်ပိတ်ထားစမ်း။ ……. ဘယ်လိုလဲ။ ဘာမှ ပြောစရာ မရှိတော့ဘူးလား။ ငါပြောတာ မှားတယ်လို့ မင်း ယူဆရင် တစ်ခုခု ပြန်ပြောစမ်းပါဦး”

ကတ်ဆူရိုသည် သူ့နှုတ်ခမ်းကို စူထားလျက် တာကေအိုကို စိုက်ကြည့်နေသည်။ “ကိုယ့်မိသားစုအတွက် ထည့်စဉ်းစားပေးတာ ဘာများ မှားနေလို့လဲ”

တာကေအိုက လှောင်ပြုံးပြုံးလိုက်သည်။ “အဲဒီလို လူကြားကောင်းတဲ့ စကားမျိုးကို မင်း ဖြစ်ဖြစ်မြောက်မြောက် လုပ်ပြနိုင်တဲ့ တစ်နေ့ကျမှ ပြောပါလားကွာ။ မင်း အရူးအမူး ဖြစ်နေတဲ့ ဂီတမှာ မင်း ဘာများ လုပ်ပြနိုင်ခဲ့ပြီလဲ။ မရှိသေးဘူး မဟုတ်လား။ မင်းက မိဘရဲ့ စကားကို နားမထောင်ဘဲ ကိုယ်လုပ်ချင်တာကိုပဲ ဇွတ်တရွတ် လုပ်နေခဲ့တယ်။ ဒါဆိုရင် မင်းမှာ လုပ်စရာဆိုလို့ အဲဒီ အလုပ်တစ်ခုပဲ ကျန်တော့တာပဲ။ မင်း သိပ်လုပ်ချင်ပါတယ်ဆိုတဲ့ အဲဒီ အလုပ်ကိုတောင်မှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘဲနဲ့ ငါးဆိုင်ကိုတော့ လုပ်နိုင်လိမ့်မယ်လို့ မင်း ထင်တယ်ပေါ့။ ငါးဆိုင်ကို သိပ်အထင်သေးရာ ကျမနေဘူးလား”

တစ်ဆက်တည်း မနားတမ်း ပြောလိုက်ရသောကြောင့် တာကေအိုသည် အနည်းငယ် နေရထိုင်ရ ခက်ကာ ရင်ကို ဖိထားလိုက်သည်။

“တာကေအို” ကာနာကိုက ပြောသည်။ “နေလို့ မကောင်းဘူးလား။ သမီး၊ ဆရာဝန် သွားခေါ်စမ်း”

“မပူပါနဲ့။ ငါ ဘာမှ မဖြစ်ဘူး။ ဟေ့ ကတ်ဆူရို၊ မင်း သေချာနားထောင်” တာကေအိုသည် ခုတင်ပေါ်တွင် လဲလျက် သူ့ကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ “ငါ့ကိုပဲ ဖြစ်ဖြစ်၊ ငါးဆိုင်ကိုပဲ ဖြစ်ဖြစ်၊ မင်းလာပြီး စောင့်ရှောက်ပေးဖို့ လိုလောက်အောင် ချိနဲ့ မနေသေးဘူး။ ဒါကြောင့် တောင်တောင်အီအီတွေ လျှောက်တွေးမနေနဲ့။ နောက်တစ်ကြိမ် ထပ်ပြီး အစွမ်းကုန် ကြိုးစားလိုက်စမ်း။ တိုကျိုမှာ တိုက်ပွဲတစ်ပွဲကို မီးကုန်ယမ်းကုန် ချပစ်လိုက်စမ်း။ တကယ်လို့ ရှုံးနိမ့်တဲ့ တိုက်ပွဲ ဖြစ်လာခဲ့ရင်လည်း ကိစ္စမရှိဘူး။ အနည်းဆုံးတော့ မင်းရဲ့ ခြေရာလက်ရာတွေ ကျန်နေခဲ့မှာပဲ။ အဲဒီလောက်မှ မလုပ်နိုင်ဘူး ဆိုရင် အိမ်ကို လုံးဝ ပြန်မလာနဲ့တော့။ သဘောပေါက်လား”

ကတ်ဆူရို ဘာပြန်ပြောရမည်မှန်း မသိသောကြောင့် နှုတ်ဆိတ်၍သာ နေနေလိုက်သည်။ တာကေအိုက မာကျောသော လေသံဖြင့် နောက်တစ်ကြိမ် ထပ်မေးပြန်သည်။ “သဘောပေါက်ရဲ့လား”

“ဟုတ်၊ ကျွန်တော် သဘောပေါက်ပါတယ်”

“တကယ် သဘောပေါက်တာလား။ ယောက်ျားကတိနော်”

ကတ်ဆူရိုက ခပ်ပြင်းပြင်း ခေါင်းဆတ်ပြလိုက်သည်။

ဆေးရုံမှ အိမ်သို့ ပြန်ရောက်သောအခါ ကတ်ဆူရိုသည် ချက်ချင်းပင် အဝတ်အစားများကို စတင် သိမ်းဆည်းလေသည်။ အဝတ်အစားများကို သိမ်းဆည်းသည့်အပြင် အခန်းတွင်းမှ အသုံးမလိုတော့သည့် ပစ္စည်းများကိုလည်း ရှင်းလင်းပေးခဲ့သည်။ ဤအခန်းကို သန့်ရှင်းရေး မလုပ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သောကြောင့် ကောင်းစွာ လှည်းကျင်းသုတ်သင်ခဲ့သည်။

“စားပွဲနဲ့ခုတင်ကို အမေတို့ပဲ ကြည့်ရှင်းလိုက်တော့။ စာအုပ်စင်ကိုလည်း မသုံးတော့ဘူး ဆိုရင် လွှင့်ပစ်ချင် လွှင့်ပစ်လိုက်ပါ” တစ်ခဏ အနားယူပြီး နေ့လယ်စာ စားရန် အောက်ထပ်သို့ ဆင်းလာစဉ်တွင် သူက ကာနာကိုကို ပြောလိုက်သည်။ “ကျွန်တော် အဲဒီအခန်းမှာ မနေတော့ဘူး”

“ကျွန်မ နေလို့ ရမလား” အေမီကို ချက်ချင်း ဝင်မေးသည်။

“အင်း၊ ရတာပေါ့”

“ကောင်းလိုက်တာ” အေမီကိုက လက်ခုတ်တီးနေသည်။

“ကတ်ဆူရို၊ သားအဖေက အဲဒီလို ပြောပေမယ့် သား အချိန်မရွေး ပြန်လာလို့ ရပါတယ်”

ကတ်ဆူရိုသည် မချိပြုံး ပြုံးလျက် မိခင်ကို ကြည့်နေသည်။

“အမေလည်း ဘေးနားကနေ ကြားတာပဲ မဟုတ်လား။ ယောက်ျားကတိတဲ့လေ”

“ဒါပေမယ့် …..” ကာနာကိုက ထိုမျှသာ ပြောပြီး ဆက်မပြောတော့ပေ။

ကတ်ဆူရိုသည် ည မှောင်သည်အထိ အခန်းသန့်ရှင်းရေး လုပ်နေခဲ့သည်။ နေမဝင်ခင်က ကာနာကိုသည် ဆေးရုံသို့ နောက်တစ်ကြိမ် ပြန်သွားပြီး တာကေအိုကို အိမ်ပြန်ခေါ်လာခဲ့သည်။ မနက်ကထက် စာလျှင် တာကေအို၏ အခြေအနေမှာ အများကြီး ပိုကောင်းလာလေပြီ။

ညစာမှာ ဆူကီယာကီ ဖြစ်သည်။ ကာနာကိုသည် အကောင်းစား အမဲသားတစ်များကို ဈေးကြီးပေး၍ ဝယ်လာခဲ့သည်။ အေမီကိုမှာ ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်မြူးတူး နေသော်လည်း တာကေအိုကမူ ဘီယာ မသောက်ရသဖြင့် ငြီးငြူနေသည်။ ဆရာဝန်၏ သတိပေးချက်အရ တာကေအိုသည် နှစ်ရက် သုံးရက်မျှ အရက်နှင့်ဆေးလိပ်ကို ဖြတ်ထားရမည် ဖြစ်သောကြောင့် ဘီယာ သောက်ခွင့်မရပေ။ ကတ်ဆူရိုအတွက် ဆိုရသော် ဤညစာစားပွဲသည် နာရေးကျင်းပပြီးနောက်ပိုင်းတွင် ပျော်ရွှင်ဖွယ် အကောင်းဆုံးသော မိသားစုစားပွဲတစ်ခု ဖြစ်လေသည်။

ညစာ စားသောက်ပြီးသောအခါ ကတ်ဆူရိုသည် တိုကျိုသို့ ပြန်ရန် ပြင်ဆင်တော့သည်။ ကာနာကိုက “မနက်ဖြန်မှ အေးဆေးပြန်ပါလား” ဟု ပြောသော်လည်း တာကေအိုကမူ အပြစ်တင်သော လေသံဖြင့် “သူ ပြန်ချင်တဲ့အချိန် ပြန်ပါစေပေါ့” ဟု ဆိုလေသည်။

“ဒါဆို ကျွန်တော် သွားတော့မယ်” ကတ်ဆူရိုသည် လက်အစုံဖြင့် ကျောပိုးအိတ်ကို လှမ်းယူပြီး မိဘများနှင့် အေမီကိုကို နှုတ်ဆက်လိုက်သည်။

“ကျန်းမာရေး ဂရုစိုက်ဦးနော်” ကာနာကိုက ပြောသည်။ တာကေအိုထံမှ ဘာအသံမျှ မထွက်။

အိမ်မှ ထွက်လာသောအခါ ကတ်ဆူရိုသည် ကားဂိတ်သို့ တန်းမသွားသေးဘဲ တခြားတစ်နေရာသို့ သွားနေသည်။ သူသည် နောက်ဆုံးအကြိမ်အဖြစ် နာမီယာကုန်စုံဆိုင်သို့ သွားကြည့်ချင်သေးသည်။ မနေ့က သူထည့်ခဲ့သော စာအတွက် ပြန်စာတစ်စောင် နွားနို့သေတ္တာထဲတွင် ရောက်နေပြီလော မသိ။

သွားကြည့်သောအခါ ပြန်စာကို ၎င်းနေရာတွင် တွေ့လိုက်ရသည်။ ကတ်ဆူရိုသည် စာအိတ်ကို အိတ်ကပ်ထဲသို့ ထိုးထည့်ပြီး လူသူကင်းမဲ့နေသော ထိုဆိုင်ဟောင်းကြီးကို နောက်တစ်ကြိမ် စေ့စေ့စပ်စပ် ကြည့်လိုက်ပြန်သည်။ ဖုန်အလိမ်းလိမ်း ကပ်နေသော ဆိုင်းဘုတ်ကြီးက သူ့ကို တစ်စုံတစ်ခု ပြောပြနေသယောင်။

ကားဂိတ်ရောက်၍ ကားပေါ် တက်ပြီးသည်နှင့် တပြိုင်နက် ကတ်ဆူရိုသည် စာကို ဖောက်ဖတ်လိုက်လေသည်။

❝ သို့ – ငါးဆိုင်မှ ဂီတသမား

တတိယမြောက်စာကို ကျွန်တော် ဖတ်ပြီးပါပြီ။

အသေးစိတ် ရှင်းပြဖို့ မဖြစ်နိုင်တဲ့ အခြေအနေကြောင့် ကျွန်တော် ခင်ဗျားနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်တာ ခွင့်လွှတ်ပါဗျာ။ နောက်ပြီး မတွေ့တာဘဲ ကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ လူချင်း တွေ့ကြရင် ခင်ဗျား စိတ်ပျက်သွားလောက်တယ်။ ‘လတ်စသတ်တော့ ဒီလို ကောင်မျိုးဆီမှာ အကြံဉာဏ် တောင်းနေမိတာပါလား’ လို့ တွေးမိလိုက်ရင် ခင်ဗျား ကိုယ်တိုင်လည်း တနုံ့နုံ့ ဖြစ်နေတော့မှာပဲ။ ဒါကြောင့် အဲဒီကိစ္စကို မေ့လိုက်ကြရအောင်ဗျာ။

ဟုတ်လား။ ခင်ဗျား ဂီတကို တကယ် စွန့်လွှတ်လိုက်တော့မှာလား။

ဒါပေမယ့် ယာယီ စိတ်ကစားတာမျိုးပဲ ဖြစ်မှာပါဗျာ။ ခင်ဗျား မကြာခင် ပြန်ပြီး စိတ်လည်သွားဦးမှာပါပဲ။ ဒီစာကို ဖတ်နေတဲ့ အချိန်မှာတောင် ခင်ဗျားစိတ်က ပြောင်းချင် ပြောင်းနေလောက်ပြီ။

အဲဒီလို ဖြစ်နေတာက အကောင်းလား၊ အဆိုးလားဆိုတာ ကျွန်တော်လည်း မသိဘူးဗျာ။ ဝမ်းနည်းပါတယ်။

ဒါပေမယ့် အချက်တစ်ချက်ကိုတော့ ခင်ဗျားကို ပြောပြချင်တယ်။

ခင်ဗျားရဲ့ ဂီတအပေါ်မှာ ထားတဲ့ အရူးအမူး စိတ်ဓာတ်ဟာ အလဟဿ ဖြစ်သွားမှာတော့ မဟုတ်ဘူး။

ကျွန်တော် ယုံကြည်တယ်ဗျာ။ ခင်ဗျားရဲ့ ဂီတဟာ လူတွေကို ကယ်တင်နိုင်လိမ့်မယ်။ ပြီးတော့ ခင်ဗျား ဖန်တီးထားတဲ့ သီချင်းတွေဟာ ခေတ်ပေါင်းများစွာ ဆက်လက် ရှင်သန်သွားလိမ့်မယ်။

ဘာဖြစ်လို့ အဲဒီလို ယတိပြတ် ပြောနိုင်ရတာလဲလို့ ခင်ဗျား မေးချင်နေမှာပဲ။ ကျွန်တော်အနေနဲ့ ဖြေရ အင်မတန် ခက်ပါတယ်။ ဒါပေမယ့် အဲဒါက အမှန်တရားပဲ။

အဲဒီအချက်ကို ခင်ဗျား မြဲမြဲ ယုံကြည်ထားပေးပါ။ ခင်ဗျားရဲ့ နောက်ဆုံး ထွက်သက်အထိ မြဲမြဲ ယုံကြည်ထားပါ။

ကျွန်တော် အဲဒီလောက်ပဲ ပြောပြနိုင်တယ်။

နာမီယာကုန်စုံဆိုင် ❞

စာဖတ်ပြီးသောအခါ ကတ်ဆူရိုသည် သူ့ခေါင်းကို ကုတ်နေမိသည်။

‘ဘာတွေ ဖြစ်ကုန်ပြီလဲ’ သူ့ကိုယ်သူ ပြန်မေးနေသည်။ ‘ဒီစာကျမှ ဘာဖြစ်လို့ အဲဒီလောက် ယဉ်ကျေးပြနေရတာလဲ။ ရှေ့စာတွေလို ထေ့လုံးငေါ့လုံးတွေ မပါတော့ပါလား’

အထူးခြားဆုံး အပိုင်းမှာ ထိုသူသည် ကတ်ဆူရို၏ လက်ရှိ ဆုံးဖြတ်ချက်ကို သိနှင့်နေခြင်း ဖြစ်သည်။ သူသည် ဂီတလောကတွင် ခြေချနိုင်ရန် နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဦးမည်ဟု ဆုံးဖြတ်ထားသည်ကို ထိုသူက ကြိုသိနှင့်နေသည်။ သူတစ်ပါး၏ စိတ်ကို ထိုကဲ့သို့ ထိုးထွင်းသိနိုင်သောကြောင့်လည်း ‘ဖြေသိမ့်ရာကုန်စုံဆိုင်’ အဖြစ် နာမည်ကြီးနေခြင်း ဖြစ်ရပေမည်။

‘ခင်ဗျားရဲ့ နောက်ဆုံး ထွက်သက်အထိ မြဲမြဲ ယုံကြည်ထားပါ’ ထိုစာကြောင်းကရော ဘာအဓိပ္ပာယ်ပါနည်း။ တစ်နေ့နေ့ကျလျှင် အိပ်မက်များ အကောင်အထည် ပေါ်လာလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပါသလား။ သူက အဘယ်ကြောင့် ထိုသို့ ယတိပြတ် ပြောနိုင်ရသနည်း။

ကတ်ဆူရိုသည် စက္ကူစာရွက်ကို စာအိတ်ထဲသို့ ပြန်ထည့်ပြီး စာအိတ်ကို ကျောပိုးအိတ်ထဲ ထိုးထည့်လိုက်သည်။ မည်သို့ပင် ဖြစ်စေ။ ဤစာသည် သူ့ကို ခွန်အားများ ပေးစွမ်းနိုင်ခဲ့သည်။

 

(ဈ)

သီချင်းခွေဆိုင်တစ်ဆိုင်ရှေ့ ဖြတ်လျှောက်မိသောအခါ အပြာရောင် မျက်နှာဖုံးနှင့် စီဒီအချပ်များ တောင်လို ပုံထားသည်ကို တွေ့လိုက်ရသည်။ ကတ်ဆူရိုသည် စီဒီတစ်ချပ်ကို လှမ်းယူ၍ ပီတိဖြာသော အပြုံးဖြင့် ၎င်းကို ကြည့်နေလေသည်။ စီဒီကာဗာပေါ်တွင် ‘ပြန်လည်မွေးဖွားခြင်း’ ဟု ရိုက်နှိပ်ထားသည်။ ၎င်း၏ ဘေးတွင် ‘မတ်ဆုအိုကာ ကတ်ဆူရို’ ဟု ရေးထားသည်။

မျှော်လင့်ခဲ့သော ဤနေ့ဤရက်သို့ ရောက်လာခဲ့ချေပြီ။ နေ့မအိပ် ညမနား ကြိုးစားခဲ့သောကြောင့် အောင်မြင်မှု ရခဲ့လေပြီ။ အင်မတန် ရှည်လျားခဲ့သော လမ်းခရီးပါတကား။

တိုကျိုသို့ ပြန်ရောက်သောအခါ ကတ်ဆူရိုသည် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ဂီတလမ်းပေါ်သို့ စိတ်နှစ်ကာ လျှောက်လှမ်းခဲ့သည်။ သူသည် ပြိုင်ပွဲမျိုးစုံကို ဝင်ပြိုင်ပြီး အသံစစ်ခဲ့သည်။ တေးထုတ်လုပ်ရေးများသို့လည်း နမူနာခွေများ ပေးပို့ခဲ့သည်။ လမ်းဘေးတွင် တင်ဆက်ဖျော်ဖြေခဲ့သော အကြိမ်ရေမှာလည်း ရေပင် မရေတွက်နိုင်တော့ချေ။

ဤမျှ ကြိုးစားခဲ့သော်လည်း ဘာမျှ မထူးခြားခဲ့။

အချိန်များကလည်း နေ့ကို လစားပြီး တရွေ့ရွေ့ ကုန်လွန်လာကြသောအခါ သူသည် ဘာဆက်လုပ်ရမည်ကို မသိနိုင်အောင် ဖြစ်ခဲ့ရသည်။

ထိုစဉ်မှာပင် သူ၏ တင်ဆက်မှုကို တစ်ခါတစ်ရံ လာရောက်အားပေးတတ်သော ဧည့်သည်တစ်ဦးက မိဘမဲ့ဂေဟာတွင် သွားရောက်ဖျော်ဖြေရန် ဆန္ဒ ရှိမရှိ သူ့အား မေးမြန်းခဲ့သည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် အဘယ်မျှ အကျိုးရှိနိုင်လိမ့်မည်ကို သူက သံသယ ရှိနေခဲ့သော်လည်း သူ သဘောတူလိုက်သည်။

သူသည် မိဘမဲ့ဂေဟာ အငယ်စားလေးတစ်ခုသို့ ရောက်ခဲ့သည်။ ၎င်းတွင် ကလေးငယ် အယောက်နှစ်ဆယ်ပင် မပြည့်။ အစီအစဉ်အတိုင်း ဖျော်ဖြေနေရသော်လည်း သူ မည်သို့ ပြုမူပြောဆိုရမည်ကို နားမလည်နိုင်ဘဲ ဖြစ်နေခဲ့သည်။ သူ၏ ပရိသတ်များ ဖြစ်ကြသော ကလေးငယ်များကလည်း သူကဲ့သို့ပင် မည်သို့ တုံ့ပြန်ရမည်ကို မတွေးတတ်အောင် ရှိနေကြသည်။

ထို့နောက် ကလေးတစ်ယောက်က စတင်ပြီး လက်ခုတ်တီးလိုက်ရာမှ ကျန်သူများအားလုံး၏ လက်ခုတ်သံများ တဖွဲဖွဲ ထွက်ပေါ်လာတော့သည်။ ထို့နောက်မှ ကတ်ဆူရိုလည်း သူ့ပရိသတ်နှင့် တစ်သားတည်း ဖြစ်သွားကာ ပျော်ရွှင် ချမ်းမြေ့လာတော့သည်။ သူသည် ထိုသို့ နှစ်နှစ်ကာကာ သီချင်း မဆိုခဲ့ရသည်မှာ ကြာတောင့်ကြာခဲ ရှိခဲ့ချေပြီ။

ထိုအချိန်မှစ၍ သူသည် ကလေးသီချင်းပေါင်း တစ်ထောင်ကျော်ကို လေ့ကျင့်ပြီး ဂျပန်ပြည်တစ်ဝှမ်းရှိ မိဘမဲ့ဂေဟာများသို့ သွားရောက် ဖျော်ဖြေပေးခဲ့သည်။ ထို့ထက် ပိုပြီး ဂီတလောကထဲသို့ ခြေချခွင့် မရခဲ့ချေ။

ကတ်ဆူရိုသည် ဇဝေဇဝါဖြင့် ဦးခေါင်းကို ငဲ့စောင်းလျက် စဉ်းစားနေမိသည်။ ခြေချခွင့် မရခဲ့ဘူးလား။ ထိုသို့ဆိုလျှင် ၎င်းစီဒီအချပ်များက ဘယ်လို ဖြစ်ရသနည်း။ ကိုယ်ပိုင်အခွေ ထုတ်နိုင်ခဲ့ပြီ မဟုတ်ဘူးလော။ ထို့အပြင် မိမိ အကြိုက်ဆုံးသော သီချင်းကို ခေါင်းစဉ် တင်ထားခဲ့သည် မဟုတ်ပါလော။

သူသည် ‘ပြန်လည်မွေးဖွားခြင်း’ သီချင်းကို လေချွန်လိုက်သည်။ သို့သော် မည်မျှ အသည်းအသန် ကြိုးစားစေကာမူ သီချင်းစာသားကို သတိမရတော့။ ကိုယ်တိုင်ကိုယ်ကျ ရေးသားခဲ့သော သီချင်းစာသား ဖြစ်နေပါလျက် ရွတ်ဆိုရန် အဘယ်ကြောင့် ဤမျှ ခက်ခဲနေရသနည်း။

ကတ်ဆူရိုသည် စီဒီဘူးခွံကို ဖွင့်ပြီး အထဲမှ ကာဗာစာရွက်ကို ဆွဲထုတ်လိုက်သည်။ သီချင်းစာသားကို ကြည့်ရန် ကာဗာစာရွက်ကို လှန်မည်ဟု စိတ်ကူးလိုက်သောအခါ ရုတ်တရက် ဆိုသကဲ့သို့ လက်ချောင်းများကို လှုပ်ရှား၍ မရတော့ချေ။ ဆိုင်အတွင်းမှ စူးရှသော အသံများ သူ့နားစည်ပေါ်သို့ ရိုက်ခတ်လာကြသည်။ ဘာသီချင်းကို ဖွင့်နေသနည်း။

ကတ်ဆူရိုသည် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူ ဘယ်နေရာ ရောက်နေသည်ကို စဉ်းစားမရအောင် ဖြစ်နေတော့သည်။ သူနှင့် မရင်းနှီးသော မျက်နှာကျက်၊ နံရံ၊ ပြတင်းပေါက်လိုက်ကာ။ ထိုအရာများ အားလုံးကို ပေါင်းစပ်ကြည့်ပြီး အချိန်အနည်းငယ်ကြာမှ သူ သဘောပေါက်လာသည်။ သူသည် ‘မာရူမစ်ဆူအန်’ မိဘမဲ့ဂေဟာ၏ အခန်းတစ်ခန်းထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။

အချက်ပေး ခေါင်းလောင်းသံက ပို၍ ကျယ်လောင်လာသည်။ လူတို့၏ အော်ဟစ်သံများကိုလည်း သူ ကြားလာရသည်။ “မီးလောင်နေတယ်။ လျှောက်မပြေးနဲ့” ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်။

ကတ်ဆူရိုသည် ခုန်ထလိုက်ပြီး ဖိနပ်စီး၍ ခရီးဆောင်အိတ်နှင့် ဂျာကင်အင်္ကျီကို ကောက်ကိုင်လိုက်သည်။ သူ မနေ့ညက အင်္ကျီမချွတ်ဘဲ အိပ်ခဲ့မိသည်မှာ ကံကောင်းလှပေသည်။ ဂီတာကို ဘယ်လို လုပ်ရမည်နည်း။ တစ်စက္ကန့်မျှ စဉ်းစားလိုက်ပြီး အဖြေရလာသည်။ ပစ်ထားခဲ့တော့မည်။

အခန်းမှ ထွက်လိုက်သောအခါ သူ မြင်လိုက်ရသော မြင်ကွင်းက သူ့ကို အံ့အားသင့်စေသည်။ ခန်းမထဲတွင် မီးခိုးများ အူထနေလေပြီ။

ဝန်ထမ်းတစ်ဦးသည် ပါးစပ်ကို လက်ကိုင်ပဝါဖြင့် အုပ်ထားလျက် သူ့ကို လမ်းညွှန်ပြနေသည်။ “ဒီဘက်ကို သွားပါ။ ထွက်ပေါက်က ဒီဘက်မှာ”

ကတ်ဆူရိုသည် သူ၏ လမ်းညွှန်မှုအတိုင်း ထွက်လာပြီး လှေခါးကို တစ်ထစ်ကျော် ဆင်းလာခဲ့သည်။

သို့သော် အောက်ထပ်သို့ ရောက်သောအခါ သူ့ခြေလှမ်းများ တုံ့ရပ်သွားသည်။ ဆယ်ရီသည် ခန်းမအလယ်တွင် ငူငူကြီး ရပ်နေသည်။

“လာ လာ။ ငါတို့ ဒီထဲကနေ အမြန်ထွက်မှ ဖြစ်မယ်” သူက အော်ပြောလိုက်သည်။

ဆယ်ရီ၏ မျက်လုံးများက နီရဲနေကြသည်။ သူ့ပါးပြင်ထက်မှာလည်း မျက်ရည်များ စိုရွှဲလျက်။ “ကျွန်မ မောင်လေး ….. တတ်ဆုကို ရှာမတွေ့ဘူး”

“ဟမ် … သူ ဘယ်သွားနေတာလဲ”

“သမီး မသိဘူး။ ခေါင်းမိုး လေသာဆောင်မှာ ထင်တာပဲ။ သူက ညည အိပ်မပျော်ဘူးဆိုရင် အဲဒီအပေါ်ကို သွားနေကျပဲ”

“ခေါင်မိုး လေသာဆောင် ….” ကတ်ဆူရိုသည် တစ်ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ထိုနောက်ပိုင်းတွင်မူ လေအဟုန်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလေတော့သည်။ သူသည် သူ၏ အထုပ်အပိုးများကို ဆယ်ရီထံသို့ ထိုးပေးလိုက်သည်။ “ဦး ပစ္စည်းတွေ ယူပြီး ဒီအထဲက အမြန် ထွက်သွားတော့”

“ရှင် …” မျက်လုံးများ ပြူးကျယ်နေသော ဆယ်ရီကိုပင် ပြန်မဖြေနိုင်တော့ဘဲ ကတ်ဆူရိုသည် အပေါ်ထပ်သို့ ပြေးတက်သွားလေသည်။

အချိန် တစ်ခဏလေး အတွင်းမှာပင် မီးခိုးငွေ့များ ပိုမိုထူထပ်လာပြီး သူ့မျက်လုံးထဲမှ မျက်ရည်များ အတားအဆီးမရှိ ကျလာကြသည်။ လည်ချောင်းလည်း နာကျင်စ ပြုလာပြီ။ အနီး ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသည့်အပြင် အသက်ရှူရန်ပင် ခက်ခဲလာသည်။ ပို၍ ကြောက်စရာ ကောင်းသည်မှာ မီးရောင်ကို မမြင်ရခြင်း ဖြစ်သည်။ မည်သည့် နေရာတွင် မီးစွဲလောင်နေသနည်း။ ဆက်လက်၍ အချိန်ဆွဲနေလျှင် အသက်အန္တရာယ် ရှိလာနိုင်သည်။ ပြန်ပြေးရလျှင် ကောင်းမည်လော။ ထိုသို့ စဉ်းစားနေစဉ်တွင် ကတ်ဆူရိုသည် ကလေးတစ်ယောက်၏ ငိုသံကို ကြားလိုက်ရသည်။

“ဟေ့ … သား အခု ဘယ်နေရာမှာလဲ” သူက အော်မေးလိုက်သည်။ သူ့ပါးစပ် ဖွင့်လိုက်သည်နှင့် မီးခိုးငွေ့များက လည်ချောင်းထဲသို့ တိုးဝင်လာကြသည်။ အလွန်အမင်း ချောင်းဆိုး၍ နေရထိုင်ရ ခက်နေသော်လည်း သူသည် ရှေ့သို့သာ ဆက်ပြီး တိုးလာခဲ့သည်။

ပစ္စည်းတစ်ခု ပြုတ်ကျသံကို ကြားလိုက်ရပြီးနောက် မီးခိုးငွေ့များ အနည်းငယ် လျော့ပါးသွားလေသည်။ ကလေးငယ်တစ်ယောက် လှေကားမှ တွားသွား၍ ဆင်းလာသည်ကို သူ တွေ့လိုက်ရသည်။ ဆယ်ရီ၏ မောင်လေးပင် ဖြစ်သည်။

ကတ်ဆူရိုသည် ကောင်လေးကို ပခုံးပေါ် ပစ်တင်လိုက်ပြီး အောက်ထပ်သို့ ပြေးဆင်းလေသည်။ ဗုန်းဟူသော မြည်သံနှင့်အတူ မျက်နှာကျက်တစ်ခုလုံး ပြိုကျလာသည်။ တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်များ ဝိုင်းရံနေတော့သည်။

ကောင်လေး၏ အော်ငိုသံနှင့်အတူ ကတ်ဆူရို၏ စိတ်မှာလည်း ရှုပ်ထွေးနေလေပြီ။

သို့သော် ဤအတိုင်း နေနေလျှင်လည်း သေရန်သာ ရှိတော့သည်။ အသက်ရှင်လိုလျှင် မီးပုံကို တိုး၍ အောက်ထပ်သို့ ပြေးဆင်းရပေမည်။

ကတ်ဆူရိုသည် ကောင်လေးကို ပခုံးတွင် တင်ပိုးထားရင်း မီးပုံထဲသို့ တိုးဝင်လိုက်သည်။ သူကိုယ်တိုင်လည်း ဘယ်သို့ ဘယ်လို ပြေးရမည်ကို သိသည်တော့ မဟုတ်။ ပြင်းထန်သော မီးရှိန်တို့က သူ့ကို မညှာမတာ ထိုးဆွနေကြသည့်အပြင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ၍ အသက်ရှူ၍ပင် မရတော့ချေ။

အနီရောင်နှင့် မှောင်မိုက်ခြင်းတို့က တပြိုင်နက်တည်း သူ့ကို ဝန်းရံနေကြသည်။

သူ့ကို တစ်ဦးတစ်ယောက်က ခေါ်နေဟန် တူသည်။ သို့သော် သူ့တွင် ပြန်လည် ဖြေကြားနိုင်စွမ်း မရှိတော့။ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်၍ပင် မရတော့ချေ။ မဟုတ်သေး။ မိမိ၏ ခန္ဓာကိုယ် ရှိသေး၏၊ မရှိသေး၏ ဆိုသည်ကိုပင် သူ လုံးဝ မသိတော့ချေ။ အသိစိတ်များက တဖြည်းဖြည်း ဝေဝါးလာပြီး အိပ်ပျော်သွားတော့မည့်အလား။

စာတစ်စောင်ထဲမှ စကားလုံးများသည် သူ၏ ဦးနှောက်ထဲတွင် ထင်ပေါ်လာကြသည်။

❝ ခင်ဗျားရဲ့ ဂီတအပေါ်မှာ ထားတဲ့ အရူးအမူး စိတ်ဓာတ်ဟာ အလဟဿ ဖြစ်သွားမှာတော့ မဟုတ်ဘူး။

ကျွန်တော် ယုံကြည်တယ်ဗျာ။ ခင်ဗျားရဲ့ ဂီတဟာ လူတွေကို ကယ်တင်နိုင်လိမ့်မယ်။ ပြီးတော့ ခင်ဗျား ဖန်တီးထားတဲ့ သီချင်းတွေဟာ ခေတ်ပေါင်းများစွာ ဆက်လက် ရှင်သန်သွားလိမ့်မယ်။

ဘာဖြစ်လို့ အဲဒီလို ယတိပြတ် ပြောနိုင်ရတာလဲလို့ ခင်ဗျား မေးချင်နေမှာပဲ။ ကျွန်တော်အနေနဲ့ ဖြေရ အင်မတန် ခက်ပါတယ်။ ဒါပေမယ့် အဲဒါက အမှန်တရားပဲ။

အဲဒီအချက်ကို ခင်ဗျား မြဲမြဲ ယုံကြည်ထားပေးပါ။ ခင်ဗျားရဲ့ နောက်ဆုံး ထွက်သက်အထိ မြဲမြဲ ယုံကြည်ထားပါ။ ❞

“ဪ … ဒီလိုပါလား။ အခုအချိန်ဟာ နောက်ဆုံးအချိန်၊ နောက်ဆုံး ထွက်သက်ပဲလား။ အခုချိန်မှာ ငါ အဲဒါကို ခိုင်ခိုင်မာမာ ယုံကြည်ထားရင် လုံလောက်ပြီပေါ့။

စာထဲအတိုင်းသာ တကယ် ဖြစ်မယ်ဆိုရင် … အဖေ၊ ကျွန်တော်ရဲ့ ခြေရာလက်ရာတွေတော့ ချန်ထားနိုင်ခဲ့ပါပြီ။ ရှုံးနိမ့်တဲ့ တိုက်ပွဲတစ်ပွဲတော့ ဖြစ်ခဲ့တာပေါ့လေ”

 

(ည)

ပရိသတ်များဖြင့် ကြက်ပျံမကျ ပြည့်နှက်နေသော အားကစားကွင်းထဲတွင် လက်ခေါက်မှုတ်ခံ၊ အားပေးသံများက လျှံတက်နေလေသည်။ သီဆိုခဲ့ပြီးသော အပိတ်သီချင်း သုံးပုဒ်ကို ပရိသတ်များက များစွာ နှစ်ထောင်းအားရ ရှိနေကြသည်။ သို့သော် ယခု နောက်ဆုံး သီဆိုမည့် သီချင်းမှာ အခြားသီချင်းများနှင့် မတူဘဲ တစ်မူ ထူးခြားသည်။ သူ၏ အမာခံ ပရိသတ်များက ထိုအချက်ကို သိရှိထားပြီး ဖြစ်သည်။ သူသည် မိုက်ခွက်ကို ကိုင်လိုက်သည်နှင့် သောင်းချီသော ပရိသတ်များ ငြိမ်သက်သွားကြသည်။

“နောက်ဆုံး တစ်ပုဒ်ကတော့ အရင် ဆိုနေကျ သီချင်းတစ်ပုဒ်ပါပဲ” တစ်ခေတ်တစ်ခါတွင် ရှာမှရှားသော ပါရမီရှင် အဆိုတော်မလေးက ပြောလိုက်သည်။ “ဒီသီချင်းဟာ ကျွန်မကို နာမည်ကျော်ကြားအောင် လုပ်ပေးခဲ့တဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ဒါပေမယ့် သူ့မှာ ဒီထက် ပိုပြီး လေးနက်တဲ့ ထူးခြားတဲ့ တန်ဖိုးတစ်ခု ရှိနေသေးတယ်။ ဒီသီချင်းကို ဖန်တီးခဲ့တဲ့သူဟာ ကျွန်မရဲ့ တစ်ဦးတည်းသော ဆွေမျိုးဖြစ်တဲ့ ကျွန်မမောင်လေးရဲ့ အသက်သခင် ကျေးဇူးရှင်ပါ။ သူဟာ ကျွန်မ မောင်လေးရဲ့ အသက်ကို သူ့အသက်နဲ့ လဲပေးသွားခဲ့တယ်။ တကယ်လို့သာ သူနဲ့ မတွေ့ခဲ့ရရင် ဒီနေ့ဒီရက်မှာ ကျွန်မလည်း ဒီစင်ပေါ်မှာ ရပ်နေနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတစ်သက်လုံး ဒီသီချင်းကို အမြဲမပြတ် ဆိုသွားမှာပါ။ အဲဒါဟာ သူ့ကို ကျေးဇူးဆပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။ ပရိသတ်ကြီး နားဆင်ကြည့်ကြပါဦး”

ထို့နောက်တွင် ‘ပြန်လည်မွေးဖွားခြင်း’ သီချင်း၏ အဖွင့်တီးလုံးများ စတင် ထွက်ပေါ်လာလေသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *