(က)
အဝေးပြေး ကားဝင်းမှ ထွက်၍ ဈေးဆိုင်တန်းများ ရှိရာလမ်းသို့ ဦးတည်လိုက်သည်နှင့် ဝါကု ကိုဆုကေ၏ ရင်ထဲသို့ အပူလှိုင်းများ လှိုက်တက်လာကြသည်။ သူ ထင်ထားသည့် အတိုင်းပင်။ မြို့လေးမှာ သူ စိုးရိမ်နေသကဲ့သို့ ခြောက်ကပ်နေသည်။ တစ်ချိန်က ဤနေရာသို့ လူအများ စုပြုံ အခြေချလာကြသောကြောင့် ဤကားဝင်း ပတ်ဝန်းကျင်သည် ပျားပန်းခတ်မျှ စည်ကားခဲ့သော စီးပွားရေးဇုံတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ၎င်းသည် ၁၉၇၀ တစ်ဝိုက်ဆီက ဖြစ်ရပ်များ။ ယခု နှစ် ၄၀ ကျော် ကုန်လွန်ခဲ့ပြီ။ အချိန်နှင့်အတူ ဤနေရာသည်လည်း ပြောင်းလဲသွားခဲ့ပြီ။ နိုင်ငံအနှံ့ရှိ မြို့ငယ်လေးများ၌ တံခါးပိတ်ထားရသော ဆိုင်ခန်းများကို နေရာအနှံ့အပြားတွင် တွေ့ရှိနိုင်သည်။ ဤမြို့ကလေးသည်လည်း ခြွင်းချက် မဟုတ်ခဲ့။
ကိုဆုကေသည် လမ်းလျှောက်နေရင်း သူ့မှတ်ဉာဏ်ထဲရှိ အတိတ်မှ ပုံရိပ်များနှင့် တိုက်ဆိုင်ကြည့်နေသည်။ သူ ဘာကိုမျှ မှတ်မိနိုင်တော့မည် မဟုတ်ဟု သူ ထင်မှတ်ထားသည်။ သို့သော် သူ တစ်ချိန်က ဖြတ်သန်းသွားလာခဲ့သော နေရာများ အားလုံးကို မှတ်မိနေသေးကြောင်း အံ့ဩစွာ တွေ့ရသည်။
မြို့ကလေးက လုံးဝ မပြောင်းမလဲဘဲ တည်ရှိနေခဲ့သည်တော့ မဟုတ်ပေ။ သူ့အမေ မကြာခဏ ဝယ်ယူအားပေးလေ့ရှိသော ငါးဆိုင်သည် လမ်းမပေါ်မှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ ဘာနာမည်ပါလိမ့်။ ဟုတ်ပြီ …. ယူအိုမတ်ဆု။ အသားအရေ မဲနက်နေသော ဆိုင်ရှင်သည် သူ့ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားသော ဖောက်သည်များကို အားတက်သရော လှမ်းအော်ခေါ်လေ့ရှိသည်။ “ဟေး … ဒီနေ့ မုတ်ကောင် လတ်လတ်ဆတ်ဆတ်တွေ ရတယ်နော်။ အကောင်ကြီးတယ်။ ဈေးချိုတယ်။ ဝယ်မသွားလိုက်ရလို့ နောက်မှ နောင်တမရနဲ့ဗျို့။ ခင်ဗျားအမျိုးသားကို လျှာလည်သွားအောင် ချက်ကျွေးကြည့်ပါလားဗျာ”
ထိုငါးဆိုင်သည် မည်သို့ ဖြစ်သွားခဲ့သနည်း။ သူတို့တွင် ဆိုင်ကို ဆက်ခံနိုင်မည့် သားတစ်ယောက် ရှိသည်ဟု ကြားဖူးခဲ့သည်။ သို့သော် ထို့ထက် ဘာမျှ မမှတ်မိတော့။ တခြား ဆိုင်များနှင့် ပူးပေါင်းသွားခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဈေးတန်းထဲသို့ အတန်ငယ် ဖြတ်လျှောက်ပြီးနောက် ဤနေရာ ဖြစ်ကောင်းရဲ့ ဟူသော အတွေးဖြင့် သူ ညာဘက်သို့ ချိုးကွေ့လိုက်သည်။ သူ၏ ဦးတည်ရာ အရပ်သို့ ရောက်နိုင် မရောက်နိုင်ကိုမူ သူ မခန့်မှန်းတတ်ချေ။
ကိုဆုကေသည် မှုန်ပျပျ လမ်းမထက်တွင် လမ်းလျှောက်နေသည်။ လမ်းမီးများ ထွန်းထားသော်လည်း အားလုံး ခပ်မှိန်မှိန်သာ။ ပြီးခဲ့သည့်နှစ် ငလျင်ဘေး ကြုံပြီး နောက်ပိုင်း၌ ဂျပန်အစိုးရသည် အများသုံး နေရာမှန်သမျှတွင် လျှပ်စစ်မီးကို တင်းကျပ်စွာ ချွေတာအသုံးပြုတော့သည်။ လမ်းမီးမှန်သမျှကိုလည်း ခလုတ်မတိုက်ရုံတမယ် ထွန်းထားကြသည်။
မိမိ ငယ်ဘဝကနှင့် နှိုင်းစာလျှင် လူနေအိမ်များ များစွာ ပြည့်ကျပ်လာသည်ဟု ကိုဆုကေ ယူဆသည်။ သူ မူလတန်း တက်စဉ်အခါက သူတို့မြို့ကလေး၏ ဧရာမ မြို့ပြစီမံကိန်းအကြောင်း ပြောဆိုခဲ့ကြသည်ကို သူ ခပ်ဝါးဝါး အမှတ်ရလာသည်။ သူ၏ အတန်းဖော်တစ်ယောက်က အားရဝမ်းသာ အော်ပြောခဲ့သော စကားတစ်ခွန်းကို သူ ပြန်လည် ကြားယောင်လာသည်။ “ဟေး …. ငါတို့မြို့မှာ ရုပ်ရှင်ရုံကြီး ဆောက်တော့မယ်ကွ”
ထိုစီမံကိန်းများသည် အတိုင်းအတာ တစ်ခုအထိ အောင်မြင်သည်ဟု ဆိုရပေမည်။ ထို့နောက် မကြာခင် အိမ်ရာမြေဈေးနှုန်း ဖောင်းပွမှုကြီး ဖြစ်ပေါ်လာသည်။ ဤမြို့ကလေးသည်လည်း တိုကျိုမြို့ကြီး၏ မြို့ရံကလေးတစ်ခု အဖြစ် ရေပန်းစား၊ လူကြိုက်များလာခဲ့သည်။
T ပုံသဏ္ဌာန် လမ်းဆုံလမ်းခွသို့ ရောက်လာသည်။ သူ့အတွက်တော့ ၎င်းမှာ အထူးအဆန်း မဟုတ်။ တကယ်တမ်းတွင်လည်း သူ၏ မှတ်ဉာဏ်ထဲမှ မြေပုံနှင့် တစ်ထပ်တည်း ကျနေသည်။ ကိုဆုကေသည် ညာဘက်သို့ နောက်တစ်ကြိမ် ချိုးလိုက်ပြန်သည်။
အနည်းငယ် လျှောက်ပြီးသည်နှင့် လမ်းမှာ အတော်အတန် ပြေပြစ်သော ကုန်းတက်တစ်ခု ဖြစ်လာသည်။ ၎င်းသည်လည်း သူ မှတ်မိသည်နှင့် တထေရာတည်း။ ထိုနေရာသို့ သူ ရောက်လုပြီ။ သူ ဖတ်ခဲ့ရသော သတင်းသည် လီဆယ်ထားခြင်း မဟုတ်လျှင် …. ။
ကိုဆုကေသည် သူ့ခြေထောက်များကိုသာ ကြည့်၍ ရှေ့ဆက် လျှောက်လာသည်။ အကယ်၍ ခေါင်းမော့ကာ လျှောက်နေခဲ့မည် ဆိုလျှင် ၎င်းဆိုင် ရှိခြင်း မရှိခြင်းကို စောလျင်စွာ သိရှိနိုင်မည် ဖြစ်သော်လည်း သူ ခေါင်းငုံ့လျက်သာ လျှောက်နေခဲ့သည်။ အဘယ်ကြောင့်ဟု မဆိုနိုင်။ အဖြေ စောစော သိရမည်ကို သူ ကြောက်ရွံ့နေသည်။ ထိုသတင်းသည် အတုပင် ဖြစ်စေဦးတော့။ သူသည် မျှော်လင့်ချက်ကို နောက်ဆုံးအချိန်ထိ တတ်နိုင်သမျှ ဆုပ်ကိုင်ထားလိုသည်။
ခဏအကြာတွင် သူ ခြေလှမ်းများကို တုံ့ရပ်လိုက်သည်။ ထိုဆိုင်ပတ်ဝန်းကျင်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သူ သိလိုက်သောကြောင့်တည်း။ ဤလမ်းပေါ်သို့ ယခင်က အကြိမ်ပေါင်းများစွာ သူ ဖြတ်လျှောက်ခဲ့ဖူးသည်။
ကိုဆုကေသည် ခေါင်းကို မော့ကြည့်သည်။ သူသည် ဝင်သက်ကို ခပ်ပြင်းပြင်း ရှူသွင်းပြီးနောက် ပြန်မှုတ်ထုတ်လိုက်သည်။
ထိုဆိုင် ရှိနေဆဲပင်။ နာမီယာကုန်စုံဆိုင်။ သူ့ဘဝနှင့် တစ်နည်းတစ်ဖုံ ပတ်သက် ဆက်နွှယ်နေသော ဆိုင်တစ်ဆိုင်။
သူသည် အနားသို့ ဖြည်းဖြည်းချင်း ကပ်သွားသည်။ ဆိုင်၏ ဆိုင်းဘုတ်ပေါ်ရှိ စာများသည် အရောင်များ လွင့်ပြယ်နေကြသောကြောင့် ကောင်းကောင်း ဖတ်၍ မရတော့ပေ။ ယင်းလိပ်တံခါးသည်လည်း သံချေးများ တက်နေကြပြီ။ သို့သော် ၎င်းဆိုင်သည် မလှုပ်မရှားဘဲ အခန့်သား တည်ရှိလျက် သူ၏အလာကို စောင့်ဆိုင်းနေသည့်နှယ်။
သူ လက်ပတ်နာရီကို ငုံ့ကြည့်သည်။ ည ၁၁ နာရီတောင် မထိုးသေး။ သူ အနည်းငယ် စောသွားလေပြီ။
ကိုဆုကေသည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သည်။ လူရိပ်လူရောင် မတွေ့ရ။ ဤအိမ်အိုကြီးတွင်လည်း လူနေသည့် အနေအထားမျိုး မရှိ။ ထိုသတင်းကို ယုံကြည်၍ ရနိုင်ပါမည်လော။ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် သတင်းဖြစ်သောကြောင့် ၎င်းကို သံသယ ဝင်နေမိသည်မှာလည်း သဘာဝကျသည်။
သို့သော် ယခုလို ခေတ်အခါမျိုးတွင် ‘နာမီယာကုန်စုံဆိုင်’ အမည်ကို အသုံးချပြီး လုပ်ကြံ လိမ်ညာသတင်း ဖြန့်ဝေနေလျှင်လည်း ဘာအကျိုးကျေးဇူး ရှိလာနိုင်မည်နည်း။ ဤဆိုင်အကြောင်းကို သိထားသူမှာ အနည်းအကျဉ်းသာ ကျန်ရှိတော့ပေမည်။
မည်သို့ပင် ဖြစ်စေ၊ အခြေအနေကို စောင့်ကြည့်မည်ဟု ကိုဆုကေ တွေးသည်။ ထို့အပြင် စာကိုလည်း သူ မရေးရသေး။ ဤထူးထွေဆန်းပြားသော အစီအစဉ်တွင် ပါဝင်ချင်လျှင် စာတစ်စောင်တော့ ရေးထားရပေမည်။
ကိုဆုကေသည် လာလမ်းအတိုင်း ပြန်လှည့်လာခဲ့သည်။ လူနေရပ်ကွက်ကို ဖြတ်၍ ကားဝင်းအရှေ့ရှိ ဈေးဆိုင်တန်းဆီသို့ ပြန်ရောက်လာသည်။ ဆိုင်အများစုမှာ ပိတ်ထားကြပြီ။ ညလုံးပေါက်ဖွင့်သော စားသောက်ဆိုင် တစ်ဆိုင်ဆိုင် ရှိလိမ့်မည်ဟု သူ မျှော်လင့်ထားသည်။ သို့သော် သူ့ မှန်းချက်နှင့် မကိုက်ခဲ့။
စတိုးဆိုင်တစ်ဆိုင် တွေ့၍ သူ အထဲသို့ ဝင်သွားသည်။ ဝယ်စရာ ပစ္စည်းတချို့ ရှိနေသည်။ စာရေးကိရိယာ ကောင်တာတွင် သူ လိုချင်သော ပစ္စည်းများကို ယူ၍ ငွေရှင်းကောင်တာသို့ ထွက်လာခဲ့သည်။ အရောင်းစာရေးမှာ လူငယ်တစ်ယောက် ဖြစ်သည်။
“ဒီတစ်ဝိုက်မှာ ညဉ့်နက်တဲ့အထိ ဖွင့်တဲ့ဆိုင်မျိုး မရှိဘူးလား။ ဥပမာ ဘားဆိုင်လို ဟာမျိုးပေါ့” ငွေရှင်းပြီးသောအခါ သူက စမ်းမေးကြည့်လိုက်သည်။
“ရှေ့နားမှာတော့ ဘားဆိုင်နည်းနည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော် မထိုင်ဖူးဘူး” အရောင်းစာရေးက မာဆတ်ဆတ် ပြန်ဖြေသည်။
“ဪ ကျေးဇူးပါပဲ”
စတိုးဆိုင်မှ ထွက်လာပြီး ခြေလှမ်း အနည်းငယ် အကွာတွင် ဘားဆိုင်တချို့ ရှိနေသည်။ ဆိုင်တိုင်းလိုလိုတွင် လူရှင်းနေကြသည်။ ကြည့်ရသည်မှာ ၎င်းဘားဆိုင်များသည် ဒေသခံ လုပ်ငန်းရှင်များအတွက် အပန်းဖြေရာ စုရပ်အဖြစ် တည်ရှိနေခြင်း ဖြစ်ရပေမည်။
ဘားဆိုင်တစ်ဆိုင်၏ ဆိုင်းဘုတ်ကို မြင်လိုက်ရသောအခါ ကိုဆုကေ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ‘Bar Fab4’ – စကားလုံးများကို မြင်လိုက်ရုံဖြင့် စူးစမ်းလေ့လာ လိုချင်စိတ်များ တဖွားဖွား ပေါ်လာစေသည့် နာမည်။
အနက်ရောင် တံခါးကို တွန်းဖွင့်ပြီး သူ အထဲသို့ အကဲခတ်ကြည့်လိုက်သည်။ ဝင်ဝင်ချင်း နေရာတွင် စားပွဲနှစ်လုံး ရှိပြီး အတွင်းဘက်တွင် ဘားကောင်တာ ရှိသည်။ ဘားကောင်တာရှိ ထိုင်ခုံတစ်ခုံပေါ်တွင် ဆံပင်တိုတို အနက်ရောင် အင်္ကျီလက်ပြတ် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ တခြားသူများကို မတွေ့ရ။ သူသည်ပင် ဆိုင်ပိုင်ရှင် ဖြစ်ရပေမည်။
အမျိုးသမီးက သူ့ကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်နေသည်။ “သုံးဆောင်မလို့လား”
သူ၏ အသက်မှာ ၄၆၊ ၄၇ နှစ်ခန့် ရှိပေမည်။ မျက်နှာကျကို ကြည့်ခြင်းအားဖြင့် ရေမရောသော ဂျပန်စစ်စစ်တစ်ယောက် ဖြစ်မှန်း သိသာသည်။
“ဟုတ်တယ်။ လာတာ နောက်ကျသွားပြီလား”
ကိုဆုကေ၏ အမေးကို အပြုံးဖြင့် တုံ့ပြန်ပြီး ထိုင်နေရာမှ ထရပ်လိုက်သည်။
“မဟုတ်ပါဘူး။ ကျွန်မတို့ဆီမှာ ပုံမှန်ဆိုရင် ည ၁၂ နာရီအထိ ဖွင့်ပါတယ်”
“ဒါဆို တစ်ခွက်လောက် လုပ်ပါဦး” ကိုဆုကေသည် ဆိုင်တွင်းသို့ ဝင်လာပြီး ဘားကောင်တာ၏ အစွန်ဆုံး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
“ရှင် အဲဒီလောက် အဝေးကြီး ထိုင်စရာ မလိုပါဘူး” အမျိုးသမီးက မချိပြုံးပြုံးလျက် လက်ကိုင်ပဝါ လာချပေးသည်။ “ဒီနေ့အတွက်တော့ ဧည့်သည်အသစ်လည်း လာစရာ မရှိလောက်တော့ပါဘူး”
“ကိစ္စ မရှိပါဘူး။ ဒီမှာပဲ ထိုင်ပါ့မယ်။ ဘီယာသောက်ဖို့အပြင် လုပ်စရာလည်း ရှိနေလို့ပါ” ကိုဆုကေသည် လက်ကိုင်ပဝါကို လှမ်းယူပြီး လက်နှင့်မျက်နှာကို သုတ်နေသည်။
“လုပ်စရာ ရှိတယ်?”
“အင်း … အလုပ်လေး ရှိလို့” ကိုဆုကေက ခပ်ဝါးဝါး ပြန်ဖြေသည်။ ရှင်းပြရန်လည်း မလွယ်သောကြောင့် သူ ရှင်းပြမနေတော့ပေ။
ဆိုင်ရှင် အမျိုးသမီးအနေနှင့်လည်း ဆက်မေးရန် မသင့်။
“ဟုတ်လား။ ဒါဆို ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ပါဘူး။ ရှင် လွတ်လွတ်လပ်လပ် နေပါ။ ဘာသောက်မလဲ”
“ဘီယာတစ်ပုလင်းလောက်ဗျာ။ စတောက်ရှိတယ် မဟုတ်လား”
“ဂင်းနစ်စ်ဆို ဖြစ်တယ်မလား”
“သိပ်ကောင်းတာပေါ့”
သူသည် ကောင်တာအောက်ထဲသို့ ကုန်းဝင်သွားသည်။ ရေခဲသေတ္တာသည် ကောင်တာအောက်ထဲတွင် ရှိရပေလိမ့်မည်။
သူ မတ်တတ်ရပ်လိုက်သောအခါ သူ့လက်ထဲတွင် ဂင်းနစ်စ်တစ်ပုလင်း ပါလာသည်။ သူသည် အဖုံးကို ဖွင့်ပြီး ကိုဆုကေအတွက် ကျည်ပုံဖန်ခွက်ထဲသို့ ဘီယာများ ဖြည့်ပေးလေသည်။ သူသည် သူ့အလုပ်ကို ကျွမ်းကျင်သေသပ်စွာ လုပ်ကိုင်နေသည်။ နို့နှစ်ရောင် အမြှုပ်များသည် ဖန်ခွက်ထဲတွင် နှစ်မီလီမီတာခန့် နေရာယူနေကြသည်။
ကိုဆုကေသည် အားရပါးရ တစ်ကျိုက်မော့ချပြီး နှုတ်ခမ်းပေါ်မှ အမြှုပ်များကို လက်ဖမိုးဖြင့် သုတ်ပစ်လိုက်သည်။ စူးရှသော အရသာသည် ခံတွင်းအနှံ့ ပြည့်နှက်သွားလေသည်။ “အဆင်ပြေမယ်ဆိုရင် ခင်ဗျားလည်း တစ်ခွက်လောက် လုပ်ပါလား”
“ကျေးဇူးပါရှင်” အမျိုးသမီးသည် မြေပဲတစ်ပန်းကန်ကို ကိုဆုကေ၏ အရှေ့တွင် ချလိုက်ပြီး ဖန်ခွက်ငယ်တစ်ခွက်ကို လှမ်းယူသည်။ ထို့နောက် ဘီယာအနည်းငယ် ဖြည့်လိုက်သည်။ “ချီးယားစ်”
“ချီးယားစ်” သူက ပြန်ပြောသည်။
သူသည် ပလတ်စတစ်အိတ်ထဲသို့ လက်နှိုက်ပြီး စတိုးဆိုင်မှ ဝယ်ခဲ့သော ဘောပင်တစ်ချောင်းနှင့် စာရေးစက္ကူစာအုပ်ကို ထုတ်၍ ကောင်တာပေါ် တင်လိုက်သည်။
အမျိုးသမီးက အထူးအဆန်းသဖွယ် ကြည့်နေသည်။ “ရှင်က စာရေးမလို့လား”
“အင်း ဆိုပါတော့”
အမျိုးသမီးက နားလည်သယောင် ခေါင်းဆတ်ပြပြီး တစ်နေရာသို့ ထွက်သွားသည်။ မနှောင့်ယှက်လိုသောအကြောင့် အလိုက်တသိ ရှောင်သွားခြင်း ဖြစ်ပေမည်။
ကိုဆုကေသည် ဘီယာလက်ကျန်ကို တစ်ကျိုက်တည်းဖြင့် မော့ချပြီး ဆိုင်အတွင်းရှိ လေးဘက်လေးတန်ကို အကဲခတ်နေမိသည်။
လမ်းတစ်ဘက်ပိတ် မြို့ငယ်ကလေး၏ ဘားဆိုင်တစ်ဆိုင် ဖြစ်သော်လည်း အပြင်အဆင်မှာ တောမဆန်လှ။ စားပွဲထိုင်ခုံများ အားလုံးသည် ရိုးရှင်းပြီး ဂန္ထဝင်ဆန်နေသည်။ နံရံပေါ်တွင်လည်း ပိုစတာများနှင့် ပန်းချီကားများ ချိတ်ဆွဲထားသည်။ ပန်းချီကားမှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့သော လူငယ်လေးယောက်၏ ပုံတူပန်းချီကား ဖြစ်သည်။ ပန်းချီကား တစ်ကားမှာမူ စူးရှတောက်ပသော အရောင်များဖြင့် ရေးဆွဲထားသော အဝါရောင် ရေငုတ်သင်္ဘောပုံ ဖြစ်သည်။
‘Fab4’ ဆိုသည်မှာ ‘Fabulous 4’ ၏ အတိုကောက်စာလုံး ဖြစ်ပြီး ၎င်းမှာ (Beatles) ဘီတယ်လ် အဖွဲ့၏ ပရိသတ်များက သူတို့ကို ချစ်စနိုး မှည့်ခေါ်ထားသော နာမည်ပြောင် ဖြစ်သည်။ အဓိပ္ပာယ်မှာ ‘တုနှိုင်းမမီသော လေးယောက်’ ဟူ၍။
“ဒါက ဘီတယ်လ်အရက်ဘားလားဗျ” ကိုဆုကေက ဆိုင်ရှင်ကို မေးလိုက်သည်။
သူက ပခုံးကို အနည်းငယ် ပင့်ပြသည်။ “ဟုတ်၊ အဲဒါကို ဗန်းပြထားတယ်ပဲ ဆိုပါတော့ရှင်”
ကိုဆုကေသည် ဆိုင်အတွင်းသို့ နောက်တစ်ကြိမ် ဝေ့ကြည့်ပြန်သည်။ နံရံပေါ်တွင် ကပ်ထားသော တီဗီဖန်သားပြင်ကို ကြည့်၍ သိချင်စိတ်များ ပေါ်လာနေသည်။ ထိုဖန်သားပြင်ပေါ်တွင် ဘီတယ်လ်၏ မည်သည့် စတိတ်ရှိုးအခွေကို ဖွင့်ပြလိမ့်မည်နည်း။ A Hard Day’s Night ဖြစ်မလား။ HELP! ဖြစ်လေမလား။ ဤကဲ့သို့ ဇနပုဒ် ဘားဆိုင်ကလေးတွင် သူကိုယ်တိုင်တောင် မမြင်ဖူးသေးသော ဤမျှ ရှားပါးလှသည့် စတိတ်ရှိုးအခွေများ ရှိလိမ့်မည်ဟု သူ မယူဆပေ။
“ခင်ဗျားကတော့ ဘီတယ်လ်ကို မီလိမ့်မယ် မထင်ဘူးနော်”
သူ့မေးခွန်းကြောင့် အမျိုးသမီးသည် နောက်တစ်ကြိမ် ပခုံးတွန့်ပြပြန်သည်။ “ရှင်က လာနောက်နေပြန်ပြီ။ ကျွန်မ အလယ်တန်းကျောင်းတက်နေတဲ့ အချိန်တုန်းက သူတို့ဘီတယ်လ်အဖွဲ့ ပျက်သွားတာဖြင့် နှစ်နှစ်တောင် မပြည့်သေးဘူး။ ကျွန်မတို့ဆီမှာတော့ အဲဒါတွေက ခေတ်စားတုန်းပေါ့။ နေရာတကာမှာ သူတို့နဲ့ နွှယ်တဲ့ ပွဲလမ်းသဘင်တွေ ရှိတယ်”
ကိုဆုကေသည် သူ့မျက်နှာကို စိုက်ကြည့်နေမိသည်။ “ကျွန်တော့်မေးခွန်းက မယဉ်ကျေးရာများ ကျနေမလား မသိဘူး …..”
သူ ဘာမေးချင်နေသည်ကို အမျိုးသမီးက သဘောပေါက်နေ၍ မချိပြုံး ပြုံးသည်။ “ကျွန်မတို့ အရွယ်က အဲဒါမျိုးမေးခွန်းတွေကို အမှုထားတတ်တဲ့ အရွယ် မဟုတ်တော့ပါဘူးရှင်။ ကျွန်မက ဝက်နှစ်ဖွားပါ”
“ဝက်နှစ်၊ ဒါဆို ……” ကိုဆုကေသည် မျက်တောင်နှစ်ချက် ခတ်လိုက်သည်။ “ခင်ဗျားက ကျွန်တော့်အောက် နှစ်နှစ်ပဲ ငယ်တာကိုး”
အသက် ၅၀ ကျော်ပြီဟု မည်သို့မျှ ထင်ရက်စရာ မရှိပေ။
“ဟုတ်လား။ ရှင်က ကျွန်မထက် အသက်ကြီးတယ်လို့ မထင်ရဘူးနော်” အမျိုးသမီးက ပြောသည်။ လောကွတ်စကားပင် ဖြစ်သည်။
အမျိုးသမီးသည် သူ့ကို လိပ်စာကတ်တစ်ကတ် လှမ်းပေးသည်။ ၎င်းအပေါ်တွင် ‘ဟာရာဂုချိ အေရီကို’ ဟု ရိုက်နှိပ်ထားသည်။
“ဒီကအစ်ကိုက ဒီဒေသခံ မဟုတ်ဘူး ထင်တယ်။ အလုပ်ကိစ္စနဲ့ ရောက်လာတာလား”
ကိုဆုကေသည် မည်သို့ ပြန်ဖြေရမည်မှန်း မသိနိုင်အောင် ဖြစ်နေသည်။ သင့်လျော်သည့် အကြောင်းပြချက်လည်း ရုတ်တရက် ရှာမတွေ့။
“အလုပ်ကိစ္စ မဟုတ်ပါဘူး။ ကိုယ့်မွေးရပ်မြေကို ပြန်လာကြည့်တာပါ။ ကျွန်တော် ငယ်ငယ်က ဒီမြို့ကလေးမှာ နေခဲ့ဖူးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက်ကပေါ့ဗျာ”
“ဟုတ်လား” အမျိုးသမီးက မျက်လုံးပြူးကြည့်သည်။ “ဒါဆို ကျွန်မတို့ ဆုံဖူးချင် ဆုံဖူးကြမှာပဲ”
“ဖြစ်နိုင်ပါတယ်” ကိုဆုကေက ဘီယာတစ်ငုံ သောက်လိုက်သည်။ “ဒါနဲ့ သီချင်းလေး ဘာလေး မဖွင့်တော့ဘူးလား”
“အဲ .. ဆောရီးပါရှင်။ ဖွင့်နေကျ သီချင်းပဲ ဖွင့်လိုက်မယ်နော်”
“ဘာဖြစ်ဖြစ် ရပါတယ်”
အမျိုးသမီးသည် ကောင်တာသို့ ပြန်လာပြီး စက်ခလုတ်များ နှိပ်နေလေသည်။ မကြာခင် နံရံထောင့်တစ်နေရာရှိ ဆောင်းဘောက်ထဲမှ ဆွတ်ပျံ့လွမ်းမောဖွယ် ဂီတသံတစ်သံ ထွက်ပေါ်လာသည်။ ‘Love Me Do’ သီချင်း ဖြစ်သည်။
ကိုဆုကေသည် ပထမပုလင်းကို လက်စသတ်ပြီး နောက်တစ်ပုလင်း ထပ်မှာလိုက်သည်။ “ဘီတယ်လ်အဖွဲ့ ဂျပန်ပြည်ကို လာလည်တာ ခင်ဗျား မှတ်မိသေးလား”
‘အဲ’ ဟု အာမေဍိတ်အသံပြုပြီး သူ မျက်မှောင်ကြုတ်နေသည်။ “တီဗီပေါ်မှာ မြင်လိုက်တယ် ထင်တာပဲ။ ဒါပေမယ့် အထင်မှားတာလည်း ဖြစ်ချင်ဖြစ်မှာ။ ကျွန်မအစ်ကို ပြောတာကို ကြားဖူးပြီး ကိုယ်ကိုယ်တိုင်ပဲ ကြည့်ဖူးတာလို့ ထင်နေတာလည်း ဖြစ်နိုင်တယ်”
ကိုဆုကေက ခေါင်းညိတ်သည်။ “ဖြစ်တတ်ပါတယ်”
“ရှင်ရော မှတ်မိလား”
“နည်းနည်း မှတ်မိသေးတယ်။ အဲဒီတုန်းက ကျွန်တော် အရမ်း ငယ်သေးတာကိုး။ ဒါပေမယ့် မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာတော့ သေချာတယ်။ တိုက်ရိုက် ထုတ်လွှင့်တာ မဟုတ်ပေမယ့် ဘီတယ်လ်အဖွဲ့ လေယာဉ်ပေါ်က ဆင်းလာပြီး ကာဒီးလ်လက်ကားနဲ့ တော်ဝင်လမ်းမကြီးတစ်လျှောက် မောင်းသွားတဲ့ မြင်ကွင်းကိုတော့ ကြည့်လိုက်ရတယ်။ ဒါပေမယ့် သူ့တို့စီးတဲ့ ကားအမျိုးအစားဟာ ကာဒီးလ်လက်ပါ ဆိုတာကိုတော့ နောက်ပိုင်း တော်တော်ကြာမှ သိခဲ့ရတာပါ။ အဲဒီတုန်းက ဖွင့်ထားတဲ့ နောက်ခံသီချင်းက ‘Mr. Moonlight’”
“Mr. Moonlight?” အမျိုးသမီးက ရေရွတ်လိုက်သည်။ “အဲဒါ ဘီတယ်လ်အဖွဲ့ ရေးထားတဲ့ သီချင်းမှ မဟုတ်ဘဲ”
“အင်း။ ဒါပေမယ့် ဘီတယ်လ်အဖွဲ့ ဂျပန်မှာ ဖျော်ဖြေပြီးမှ အဲဒီသီချင်းက လူသိများလာတာလေ။ ဒါကြောင့် လူအများစုက အဲဒီသီချင်းကို သူတို့ဟာလို့ ထင်နေကြတာ” ပြောရင်းပြောရင်းဖြင့် ပို၍ အားတက်သရော ဖြစ်လာသည်ကို သတိထားမိသောကြောင့် ကိုဆုကေသည် နှုတ်ခမ်းကို စေ့လိုက်သည်။ သူသည် တခြားလူများနှင့် ထိုမျှလောက် စကားလက်ဆုံ မကျခဲ့ရသည်မှာ ကြာညောင်းခဲ့ချေပြီ။
“အဲဒီခေတ်ကတော့ သိပ်ကို လွမ်းချင်စရာ ကောင်းတာပဲ” အမျိုးသမီးက ပြောသည်။
“သိပ်ဟုတ်တာပေါ့ဗျာ” ကိုဆုကေသည် ဖန်ခွက်ထဲမှ ဘီယာကို တစ်ကျိုက်တည်းဖြင့် အပြတ် ရှင်းပစ်လိုက်ပြန်သည်။ ထို့နောက် နောက်တစ်ခွက် ထည့်ငှဲ့နေသည်။
သူ၏ အတွေးများက လွန်ခဲ့သော နှစ်ပေါင်း ၄၀ ဆီသို့ ပျံသန်းနေကြလေပြီ။
(ခ)
ဘီတယ်လ် ဂျပန်ပြည်သို့ ရောက်လာစဉ်က ကိုဆုကေသည် သူတို့အကြောင်းကို သိပ်မသိသေးချေ။ နိုင်ငံခြားရပ်မှ နာမည်ကြီး အဆိုတော် လေးယောက်အဖွဲ့ ဟုသာ သူ သိသည်။ ထို့ကြောင့် တီဗီမှ နောက်ကျထုတ်လွှင့်သော ဘီတယ်လ်၏ ဂျပန်ပြည် ခရီးစဉ်အကြောင်းကို ကြည့်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော ဝမ်းကွဲအစ်ကိုကို မြင်ရသောအခါ သူ တအံ့တဩ ဖြစ်နေခဲ့သည်။ ထိုစဉ်က အစ်ကိုသည် အထက်တန်း ကျောင်းသားရွယ်သာ ရှိသေးသော်လည်း ၉ နှစ်အရွယ် ကိုဆုကေ၏ အမြင်၌မူ လူကြီးတစ်ယောက်ဟုသာ ထင်မှတ်နေလေသည်။ လောကတွင် ဤမျှ ကြီးကျယ်သောလူများ ရှိသေးကြောင်း သူ နားလည်သဘောပေါက်လာခဲ့သည်။ မည်မျှ ကြီးကျယ်သနည်းဟူမူ သူတို့ ဂျပန်ပြည်သို့ လာလည်ပတ်ရုံမျှဖြင့် အရွယ်ရောက်သော လူကြီးတစ်ယောက်သည် ဝမ်းသာလုံးဆို့၍ ထိုအတွက် မျက်ရည်ကျနေသည်။
သုံးနှစ်ကြာသောအခါ သူ၏ အစ်ကို ရုတ်တရက် ကွယ်လွန်သွားသည်။ မော်တော်ဆိုင်ကယ် မှောက်၍ ဖြစ်သည်။ သားအား ယာဉ်မောင်းလိုင်စင် လုပ်ပေးခဲ့သည့်အတွက် နောင်တရကာ သူ့မိဘများ မျက်ရည်လည်ရွှဲ ငိုခဲ့ကြသည်။ ထို့နောက် နာရေးအခမ်းအနားတွင် သူတို့က ထိုသို့ ပြောကြပြန်သည်။ “ဒီလို အရေမရ အဖတ်မရတွေ နားထောင်လို့ ကလေကချေတွေနဲ့ တစ်နေကုန် လျှောက်လှိမ့်နေတော့တာပဲ” သူတို့က ဘီတယ်လ်ကို အပြစ်တင်နေခြင်း ဖြစ်သည်။ ဝမ်းကွဲအစ်ကို၏ မိခင်က ထိုအခွေများ အားလုံးကို လွှင့်ပစ်မည်ဟု ကြိမ်းဝါးနေသည်။
“လွှင့်ပစ်မယ်ဆိုရင် ကျွန်တော်ကို ပေးပါလား” ကိုဆုကေက ပြောလိုက်သည်။ လွန်ခဲ့သော သုံးနှစ်က အကြောင်းကို သူ ပြန်မြင်ယောင်လာသည်။ အစ်ကို့ကို ဤမျှ ရူးသွပ်စေခဲ့သည့် ဘီတယ်လ် ဆိုသော ဂီတအဖွဲ့သည် မည်သို့သော အရာမျိုး ဖြစ်လေမည်နည်း။ သူ ကိုယ်တိုင် နားထောင်ကြည့်ချင်သည်။ ထိုစဉ်က သူသည် အလယ်တန်းကျောင်း ရောက်ခါစ အရွယ်ဖြစ်၍ ဂီတအပေါ် စိတ်ဝင်စားခါစ အရွယ်လည်း ဖြစ်သည်။
တခြား ဆွေမျိုးများက ကိုဆုကေ၏ မိဘများကို ဤမျှ အလိုမလိုက်ရန် ပြောကြသည်။ အစ်ကိုနည်းတူ လမ်းသရဲတစ်ယောက် ဖြစ်သွားနိုင်ကြောင်း ဆိုကြသည်။ သို့သော် ကိုဆုကေ၏ မိဘများက ထိုသူများ၏ စကားကို အဖက်မလုပ်ခဲ့။
“ခေတ်ပေါ်သီချင်းကို နားထောင်ရုံနဲ့ လမ်းသရဲဖြစ်သွားရမယ်လို့ဗျာ။ ပြီးတော့ တတ်ဆုအိုကလည်း လမ်းသရဲ မဟုတ်ပါဘူး။ ဒီခေတ်မှာ သွက်လက်ချက်ချာတဲ့ အထက်တန်း ကျောင်းသားတိုင်း ဆိုင်ကယ် စီးနေကြတာပဲဟာ” ဖခင် ဆာဒါယုကိက နောင်တော် ဆွေမျိုးသားချင်းများ၏ စိုးရိမ်ပူပန်မှုကို အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်မတို့သားအတွက် မပူပါနဲ့” မိခင် ကီမီကိုကလည်း ထောက်ခံလေသည်။
ခေတ်ရှေ့ပြေးသော ပစ္စည်းများကို လူငယ်များက သဘောကျ နှစ်ခြိုက်လာပြီ ဆိုလျှင် တချို့ မိဘများသည် အမြင်မကြည်တော့ဘဲ လူငယ်များကို လမ်းသရဲများဟု ကင်ပွန်းတပ်ကြတော့သည်။ သို့သော် ကိုဆုကေ၏ မိဘများကမူ ထိုသို့သော အစားမျိုး မဟုတ်။
မကွယ်လွန်ခင် အချိန်ထိ ဂျပန်တွင် ဖြန့်ချိခဲ့သမျှသော ဘီတယ်လ်၏ အခွေတိုင်းကို သူ့အစ်ကိုက စုဆောင်းထားခဲ့သည်။ ၎င်းတို့ကို နားထောင်ပြီး ကိုဆုကေ ယစ်မူးနေလေပြီ။ ထိုသို့သော ဂီတသံမျိုးကို တစ်သက်နှင့်တစ်ကိုယ် သူ တစ်ခါမျှ မကြားခဲ့စဖူး။ ပထမဆုံး အကြိမ် သူ နားဆင်ရသော ထိုသံစဉ်၊ ထိုတီးလုံးများသည် သူ၏ ကိုယ်တွင် ယခင်က မရှိခဲ့ဖူးသော ပိုးတစ်မျိုးကို မွေးဖွားပေးခဲ့လေသည်။
ဘီတယ်လ်အဖွဲ့ ဂျပန်သို့ လည်ပတ်ပြီးနောက်တွင် ဂီတလောကအတွင်း၌ လျှပ်စစ်ဂီတာများ အသုံးပြု၍ သီဆိုကြသော လူငယ်အဖွဲ့သစ်များ မိုးဦးကျ မှိုများလို အလျှိုလျှို ထွက်ပေါ်လာကြသည်။ ၎င်းအဖွဲ့များသည် ဘီတယ်လ်ကို အားကျသောကြောင့် အတုယူနေသော အဖွဲ့များ မဟုတ်။ ဘီတယ်လ်လို နာမည်ကြီးလို ကြီးငြား ညာစားနေကြခြင်းသာ ဖြစ်သည်ဟု ကိုဆုကေက ယူဆသည်။ သိပ်မကြာလိုက်ပါ။ ၎င်းအဖွဲ့များအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။
သူ အလယ်တန်းကျောင်းသို့ စတက်ရသောအခါ သူ၏ အတန်းဖော် အများစုသည် ဘီတယ်လ်၏ ပရိသတ်များ ဖြစ်နေကြောင်း ကိုဆုကေ သတိထားလိုက်မိသည်။ တစ်ခါတစ်ရံတွင် သူငယ်ချင်းတချို့ကို အိမ်သို့ အလည်လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
ကိုဆုကေ၏ အခန်းတွင်းသို့ ဝင်၍ အခန်းထဲမှ ဂီတနှင့်ဆိုင်သော စက်ပစ္စည်းများကို မြင်လိုက်ကြရာတွင် အံ့အားမသင့်သောသူ ဟူ၍ တစ်ယောက်မျှ မရှိချေ။ ဖြစ်လည်း ဖြစ်ထိုက်ပေသည်။ သူတို့၏ မျက်လုံးထဲတွင် ဤမျှ ခေတ်မီသော အသံချဲ့စက်နှင့် စပီကာစနစ်သည် တခြား ဂြိုဟ်ကမ္ဘာမှ ရောက်ရှိလာသကဲ့သို့ ထင်နေကြပေမည်။ ထိုမျှ ခမ်းနားသော ပစ္စည်းများသည် ကလေးတစ်ယောက်၏ အိပ်ခန်းထဲတွင် မြင်နေရတတ်သော အရာများ မဟုတ်ကြ။ ပိုမိုပြည့်စုံသော မိသားစုများသည်ပင် ထိုကဲ့သို့သော စက်ကိရိယာမျိုးကို ဧည့်ခန်းတွင် မှန်ကောင်တာဖြင့် အကျအန ထားတတ်ပြီး မိသားစုပိုင် ဘုံပစ္စည်းအဖြစ် ထားကာ အတူတကွ နားထောင်တတ်ကြသည်။
“ငါ့အဖေရဲ့ ခံယူချက်က အနုပညာနဲ့ ပတ်သက်လာရင် ငွေ မနှမြောရဘူး။ ဂီတကို နားထောင်မယ် ဆိုရင် အသံအရည်အသွေး အကောင်းဆုံးကိုပဲ နားထောင်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် ဘာအဓိပ္ပာယ် ရှိဦးမှာလဲ တဲ့”
“မိုက်လိုက်တာကွာ” ကိုဆုကေ၏ အဖြေစကားကြောင့် သူငယ်ချင်းအားလုံးက သူ့ကို အားကျနေခဲ့ကြသည်။
ကိုဆုကေသည် နောက်ဆုံးပေါ် ကက်ဆက်တွင် ဘီတယ်လ်အခွေ ထည့်၍ သူတို့ကို သီချင်းဖွင့်ပြခဲ့သည်။ ဂျပန်တွင် ဖြန့်ချိသော သီချင်းအခွေမှန်လျှင် သူ့တွင် ရှိသည်ချည်းသာ။ ၎င်းအချက်ကိုလည်း သူငယ်ချင်းများက အံ့ဩချီးကျူးနေကြသည်။
“မင်းအဖေက ဘာအလုပ်လုပ်တာလဲ” ကိုဆုကေ၏ အိမ်သို့ လာလည်ကြသော သူငယ်ချင်းတိုင်းက ထိုမေးခွန်းကို မေးတတ်ကြသည်။
“အတိအကျတော့ ငါလည်း မသိဘူး။ ကုန်ပစ္စည်းအစုံ အရောင်းအဝယ် လုပ်တာပဲကွာ။ ဈေးနည်းနည်းနဲ့ ဝယ်ပြီး ဈေးမြင့်မြင့်နဲ့ ပြန်ရောင်းနိုင်ရင် အမြတ်ရမှာပေါ့။ သူက အဲဒီလို ကုမ္ပဏီမျိုး လုပ်နေတာပဲ”
“ဒါဆို သူက ကုမ္ပဏီပိုင်ရှင်လား”
“အဲ့လို ထင်တာပဲ” ကိုဆုကေက ပြောသည်။ ဂုဏ်ယူဝံ့ကြွားသော လေသံများ နှောလျက်။
အမှန်တကယ်လည်း သူသည် အင်မတန် ကံကောင်းသူတစ်ယောက် အဖြစ် သူကိုယ်သူ ခံယူထားသည်။
ကိုဆုကေ၏ အိမ်သည် ကုန်းမြင့်တစ်ခုပေါ်တွင် ရှိပြီး အနောက်တိုင်းပုံစံ နှစ်ထပ်တိုက်တစ်လုံး ဖြစ်သည်။ ထို့အပြင် ခြံနှင့် ဝင်းနှင့် မြက်ခင်းပြင်နှင့်။ ရာသီဥတု သာယာသော နေ့များ၌ ပန်းခြံထဲတွင် တစ်အိမ်သားလုံး အကင်လုပ်စားတတ်ကြသည်။ ထိုအချိန်မျိုးတွင် ဖခင်၏ ကုမ္ပဏီမှ ဝန်ထမ်းများလည်း အတူတကွ လာရောက် စားသောက်ကြသည်။
“အခုချိန်ထိတော့ ဂျပန်ဟာ ကမ္ဘာပေါ်မှာ ဈေးသည် သာသာပဲ ရှိသေးတယ်” လက်အောက်ဝန်ထမ်းများ၏ ရှေ့တွင် ဖခင်သည် ဤကဲ့သို့ မကြာခဏ ပြောတတ်သည်။ “ဒါပေမယ့် ရှေ့လျှောက်တော့ အဲဒီလို မဟုတ်တော့ဘူး။ ဦးဆောင်သူ နေရာကို မကြာခင် ရောက်လာတော့မယ်။ အဲဒီအတွက် ငါတို့က ကမ္ဘာ့အခြေအနေကို နားလည်နေဖို့ လိုတယ်။ နိုင်ငံခြားသားတွေဟာ ငါတို့ရဲ့ စီးပွားရေး ပြိုင်ဖက် ဖြစ်သလိုပဲ ငါတို့ရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တယ်။ ဒီအချက်ကိုတော့ မေ့ထားလို့ လုံးဝ မဖြစ်ဘူး”
ဆာဒါယုကိ၏ ရဲရင့်ပြတ်သားသော ယောက်ျားကြီးအသံကို ကြားရသောအခါ ကိုဆုကေသည် များစွာ ဂုဏ်ယူနေမိသည်။ ဖခင်၏ စကားကို တစ်ချက်ကလေးမျှ သံသယ မဝင်။ ဖခင်ထက် ယုံကြည်ရမည့်သူ ဤလောကတွင် မရှိနိုင်တော့ပြီဟု သူ ခံယူထားသည်။
မိမိအိမ်တွင် သုံးမကုန်သော ရွှေငွေဥစ္စာများ ရှိနေသည် ဆိုသည့်အချက်ကို ကိုဆုကေ မည်သို့မျှ သံသယ မရှိ။ ကစားစရာများ၊ သီချင်းခွေများ – သူလိုချင်သည့် မည်သည့် အရာကိုမဆို သူ့မိဘများက အပုံလိုက် ဝယ်ပေးတတ်သည်။ သူ မလိုချင်သည့် ပစ္စည်းများကိုပင် သူ့အား ဝယ်ပေးတတ်သေးသည်။ ဥပမာ လက်ပတ်နာရီ၊ တန်ဖိုးကြီး အဝတ်အစားများ။
မိဘများကလည်း ဂုဏ်ရှိရှိ နေထိုင်ပြီး လောကစည်းစိမ်ကို အပြည့်အဝ ခံစားကြသည်။ ဆာဒါယုကိ၏ လက်တွင် ရွှေရောင် လက်ပတ်နာရီကို ပတ်လျက်၊ ပါးစပ်တွင် အကောင်းဆုံး ဆေးပြင်းလိပ်ကို ခဲလျက်။ ထို့အပြင် ကားအသစ်များကိုလည်း ဟောတစ်စီး ဟောတစ်စီးဖြင့် ထည်လဲ ပြောင်းစီးနေတတ်သည်။ ကီမီကိုကလည်း သူ့နည်းသူ့ဟန်ဖြင့် သူ့ယောက်ျားကို အမှီလိုက်သည်။ ကုန်တိုက်ကြီးများမှ ပြင်ပအရောင်းဝန်ထမ်းများကို အိမ်သို့ ခေါ်ယူပြီး ကုန်ပစ္စည်းများကို တစ်သီကြီး မှာယူတတ်သည်။
“ဈေးပေါတဲ့ ပစ္စည်းတွေကို ဝတ်ဆင်ထားရင် လူကပါ လိုက်ပြီး တန်ဖိုးကျလာရော” ကီမီကိုက ဤသို့ ပြောခဲ့သည်။ “အမြင်အရတင် တန်ဖိုးမဲ့အောင် လုပ်တာ မဟုတ်ဘူး။ တကယ်လည်း လူကိုယ်နှိုက်က ဖြည်းဖြည်းချင်း တန်ဖိုးမရှိတော့ဘူး။ ဂုဏ်သိက္ခာတွေပါ လုံးပါး ပါးကုန်တာပဲ။ ဒါကြောင့် ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ ပစ္စည်းတွေကိုပဲ ကိုယ်ပေါ် အတင်ခံတာ ကောင်းမယ်”
ကီမီကိုသည် မိမိ၏ အလှအပကို ဂရုစိုက်တတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို ကြည့်လိုက်လျှင် သက်တူရွယ်တူ သူငယ်ချင်းများထက် နုနေသည်။ သူတို့အောက် ဆယ်နှစ်မျှ ပိုငယ်နေသည်ဟု ထင်ရလေသည်။ ကိုဆုကေ၏ ကျောင်းမှ ကျင်းပသော မိဘစုံညီပွဲတွင် ကီမီကိုကို တွေ့ရသည့် အခါတိုင်း သူ့အတန်းဖော် သူငယ်ချင်းများက အံ့အားသင့်ကြသည်။ “မင်းအမေလို ငယ်ရွယ်နုပျိုတဲ့ အမေတစ်ယောက်လောက် လိုချင်လိုက်တာ ငါ့ကောင်ရာ” ဟု သူကြားဖူးနေသည်မှာ ရေတွက်၍ပင် ရတော့အံ့ မထင်။
အဆုံးအစ မရှိသော ကောင်းကင်ပြင်ကြီးတွင် နွေးထွေးသော နေရောင်ခြည်တို့ အတိုင်းအဆမဲ့ ဖြာကျနေကြသည်။ ကိုဆုကေ၏ ဘဝသည်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။ သို့သော် ….
တစ်ခုသော အချိန်မှ စ၍ အပြောင်းအလဲတချို့ကို သူ စတင် ခံစားလာရသည်။ အစပိုင်းတွင် မသိမသာ ပြောင်းလဲလာခဲ့သော်လည်း ၁၉၇၀ ခုနှစ် လွန်သောအခါ မိုးကုပ်စက်ဝန်းအထက်တွင် မိုးတိမ်တောင်များ ပြိုကျတော့မည့်နှယ် အုံ့မှိုင်းလာလေသည်။
၁၉၇၀ ပြည့်နှစ်၏ ရေပန်းအစားဆုံး အကြောင်းအရာမှာ အိုဆာကာတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲပင် ဖြစ်သည်။ ၎င်းအပေါ် ထားရှိသော တစ်တိုင်းပြည်လုံး၏ စိတ်ဝင်စားမှုသည် အထွတ်အထိပ်သို့ ရောက်နေလေသည်။
ဤနှစ် ဧပြီလတွင် အလယ်တန်း ဒုတိယနှစ် တက်ရတော့မည် ဖြစ်သော ကိုဆုကေသည် နွေဦးကျောင်းပိတ်ရက်အတွင်း ကုန်စည်ပြပွဲသို့ သွားလည်ရန် စိတ်ကူးထားသည်။ အိုဆာကာသို့ အစောဆုံး ရောက်ခဲ့သူသည်သာ သူတစ်ပါးကို မော်ကြွားနိုင်ခွင့် ရှိမည် မဟုတ်ပါလား။ ဖခင်ကလည်း နွေဦးကျောင်းပိတ်သည်နှင့် သူ့ကို လိုက်ပို့ပေးမည်ဟု ကတိပြုသည်။
မတ်လ ၁၄ ရက်နေ့တွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။ ကိုဆုကေသည် ၎င်းဖွင့်ပွဲအခမ်းအနားကို တီဗီပေါ်မှ ကြည့်ရှုအားပေးသည်။ မှုန်မွဲသောအရောင်၊ ကျဉ်းမြောင်းသော ဖန်သားပြင်ပေါ်မှ ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကို ကြည့်နေရသည်မှာ ကိုဆုကေအတွက် အားမလို အားမရ ဖြစ်နေမိသည်။ သို့သော် လျင်မြန်သော အဟုန်ဖြင့် တိုးတက်အောင်မြင်နေသော ဂျပန်ပြည်၏ စီးပွားရေး အခြေအနေကို တစ်ကမ္ဘာလုံးသို့ ထုတ်ဖော် ပြသခွင့် ရသည့်အတွက် ကိုဆုကေက ဂုဏ်ယူနေမိပြန်သည်။ ဖခင် ပြောခဲ့သော စကားမှာ အလွန်မှန်သည်ဟု သူ တွေးနေသည်။ ဂျပန်သည် ယခုအခါတွင် တစ်ကမ္ဘာလုံး၏ ဦးဆောင်သူအဆင့်သို့ ရောက်ခဲ့ပြီ မဟုတ်ပါလော။
သို့သော် ဆာဒါယုကိသည် ကုန်စည်ပြပွဲသို့ သွားမည့် ကိစ္စကို မဟတော့ချေ။ တစ်ညတွင် ကိုဆုကေက ခရီးသွားဟန်လွဲ သဘောမျိုးဖြင့် မေးလိုက်သည်။ ဖခင်၏ အဖြေက သူ့ကို အံ့အားသင့်စေခဲ့သည်။
“ကုန်စည်ပြပွဲလား။ အခုတော့ မသွားသေးဘူး။ ငါ့မှာ အလုပ်ရှိနေသေးတယ်” သူ၏ လေသံက မာဆတ်ဆတ်။
“မေလ ကျောင်းပိတ်ရက် ကျရင်ရော”
ဖခင်ထံမှ ဘာအသံမျှ မကြားရ။ မကြည်သာသော မျက်နှာထားဖြင့် စီးပွားရေး နေ့စဉ်သတင်းစာကို ဖတ်နေလေသည်။
“ကုန်စည်ပြပွဲက ဘာထူးမှာမို့လဲ သားရယ်” အနားရှိ ကီမီကိုက ဝင်ပြောသည်။ “နိုင်ငံတွေ အများကြီးက သူတို့ရှိတာကို ထုတ်ကြွားနေကြတာ။ အဲဒါ ဘာကြည့်စရာ ရှိလို့လဲ။ တစ်ခါတလေတော့လည်း ကစားကွင်း အသေးလေးတွေ ပါတတ်တာပေါ့။ သားက ကလေးမှ မဟုတ်တော့တာဘဲ။ အဲဒီလိုမျိုး ကစားချင်နေသေးတာလား”
မိခင်က ထိုသို့ ပြောလိုက်သောအခါ ကိုဆုကေမှာလည်း ပြန်ပြောစရာ စကားမရှိ။ သူ သွားချင်သည့် အကြောင်းအရင်းကလည်း ဘာမျှ မည်မည်ရရ မဟုတ်။ သူငယ်ချင်းများကို အကြွားလွန်ထားသောကြောင့် မသွားလျှင် အကဲ့ရဲ့ခံရတော့မည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။
“ဒီနှစ် စာ ကောင်းကောင်း ကြိုးစားနော် သား။ နောက်နှစ်ဆိုရင် တတိယတန်း ရောက်ပြီ။ နောက်ဆို တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဖို့ကိစ္စတွေ စဉ်းစားရတော့မယ်။ တစ်နှစ်ဆိုတဲ့ အချိန်က ဖင်လှည့် ခေါင်းလှည့်နဲ့ ကုန်သွားတာ။ ဘာမဟုတ်တဲ့ ကုန်စည်ပြပွဲကို ထည့်စဉ်းစားနေဖို့ အချိန်မရှိပါဘူး သားရယ်” ကီမီကိုက စကားပြန်ကို စောင့်မနေတော့ဘဲ တစ်ဆက်တည်း ပြောနေလေသည်။ ကိုဆုကေလည်း နှုတ်ပိတ်၍သာ နေနေလိုက်ရသည်။
မိသားစု အခြေအနေမှာ မူမမှန်တော့ကြောင်း သူ့အား ခံစားသိရှိစေခဲ့သည်မှာ ထိုကိစ္စတစ်ခုတည်းသာ မဟုတ်။ သူ ကြုံတွေ့နေရသော ကိစ္စအတော်များများက သူ့ကို သတိပေးနေကြသည်။ သူ့ပတ်ဝန်းကျင်တွင် အပြောင်းအလဲကြီး တစ်စုံတစ်ရာ ဖြစ်ပေါ်နေကြောင်း တပ်လှန့်နေကြသည်။
အားကစားဝတ်စုံ ကိစ္စပဲ ဆိုကြပါစို့။ ခန္ဓာကိုယ် အဆက်မပြတ် ဖွံ့ထွားနေသော အရွယ်ဖြစ်သောကြောင့် ကိုဆုကေ၏ အင်္ကျီများသည် တစ်ခဏအတွင်းမှာပင် သေးကုန်ကြတော့သည်။ ယခင်ကဆိုလျှင် ကီမီကိုသည် ချက်ချင်း အင်္ကျီအသစ် ဝယ်ပေးတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ တုံ့ပြန်မှုက တစ်မူ ထူးခြားနေသည်။
“သေးသွားပြန်ပြီလား။ မနှစ် ဆောင်းတွင်းတုန်းကမှ ဝယ်ထားတာ မဟုတ်လား။ သည်းခံပြီး ခဏ ဆက်ဝတ်လိုက်ပါဦး သားရယ်။ အသစ်ထပ်ဝယ်ပြန်ရင်လည်း ခဏလေးနဲ့ သေးသွားဦးမှာ” သူ၏ လေသံက ထွားကျိုင်းလာသော ကိုယ်ခန္ဓာကိုပင် အပြစ်တင်နေသယောင်။
ပန်းခြံအတွင်းမှ အကင်ပါတီပွဲလည်း မရှိတော့ပေ။ ရုံးပိတ်ရက်များတွင်လည်း ဝန်ထမ်းများ အိမ်သို့ လာရောက်လည်ပတ်ခြင်း မရှိကြတော့။ ဆာဒါယုကိလည်း ဂေါက် ထွက်ကစားခြင်း မရှိတော့ချေ။ ၎င်းနေရာများတွင် အစားထိုး ဝင်ရောက်လာသည်မှာ အိမ်တွင်းမှ ပဋိပက္ခများ။ ဆာဒါယုကိနှင့် ကီမီကိုတို့သည် မျက်နှာချင်း ဆိုင်လိုက်သည်နှင့် ရန်ဖြစ်တတ်လာကြသည်။ အကြောင်းအရင်း အတိအကျကို ကိုဆုကေ မသိသော်လည်း သေချာသည်မှာ ငွေနှင့် ပတ်သက်နေသည်။
“မင်းသာ သောက်ချိုးပြေမယ်ဆိုရင် …..” ဤသို့ ဆာဒါယုကိက အပြစ်တင်လိုက်သည်နှင့် ကီမီကိုကလည်း နှုတ်သီးချွန်ကာ နှုတ်လှန်ထိုးလေတော့သည်။ “အဲဒါ ရှင်အသုံးမကျလို့ ဒီလို ဘဝမျိုး ရောက်လာရတာ”
ဆာဒါယုကိ၏ အကြိုက်ဆုံးကားဖြစ်သော ဖို့ဒ်ကားလေးလည်း ဘယ်အချိန်ကတည်းက ကားဂိုဒေါင်ထဲမှ ပျောက်ဆုံးသွားသည် မသိ။ သူအလုပ်သွားလျှင် ဓာတ်ရထား စီးလာရသည်။ ကီမီကိုလည်း ရှော့ပင် မထွက်တော့။ နှစ်ယောက်စလုံး စက္ကန့်မလပ် မျက်နှာကြော တင်းနေကြသည်။ ရန်စောင်နေကြသည်။
ထိုသို့သော အဆိုးဆုံး အခြေအနများနှင့် ကြုံတွေ့နေရစဉ်မှာပင် ကိုဆုကေအတွက် မည်သို့မျှ ယုံနိုင်စရာ မရှိသော ကောလာဟလ သတင်းတစ်ခု ပျံ့နှံ့လာသည်။ ဘီတယ်လ်အဖွဲ့ ပြိုကွဲသွားခြင်း။ အင်္ဂလန်သတင်းစာ တစ်စောင်တွင် ကြေညာထားသည်ဟု ဆိုသည်။
သူသည် သူငယ်ချင်းထံသို့ သွားပြီး ထိုသတင်းကို စုံစမ်းကြည့်သည်။ ထိုခေတ်အခါက အင်တာနက်မရှိ၊ မီဇီ (Facebook ကဲ့သို့သော လူမှုကွန်ယက်၊ ဂျပန်ပြည်တွင်းဖြစ်။ Mixi – ဘာသာပြန်သူ) လည်း ရှိသေးသည် မဟုတ်။ စာနယ်ဇင်းမှာ တစ်ခုတည်းသော သတင်းဖြန့်ဖြူးရာ မီဒီယာ ဖြစ်သည်။ “ငါလည်း အဲဒီလို ကြားတာပဲ” “ရေဒီယိုမှာ သူတို့ ကြေညာသွားတယ်” “နိုင်ငံခြား သတင်းစာတချို့မှာ သတင်းပါလာတယ်” – ထို့သို့သော သတင်း အစအနများကို စုစည်းလိုက်ခြင်းဖြင့် ကောက်ချက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသတင်းသည် အမှန်ပင် ဖြစ်တန်ရာသည် ဟူ၍။
ကိုဆုကေကတော့ မယုံချင်သေး။ အဘယ်ကြောင့် ယခုလို အချိန်မျိုးမှ ဖြစ်လာရသနည်း။
အဖွဲ့ ပြိုကွဲရသည့် အကြောင်းအရင်းနှင့် ပတ်သက်သော ကောလာဟလ သတင်းမှာ ပို၍ပင် ဗရုတ်သုတ်ခ နိုင်လှသည်။ တချို့က ပေါလ် မက်ကာ့တ်နေ၏ ဇနီးနှင့် ယိုကိုအိုနိုတို့ ဆက်ဆံရေး မပြေလည်သောကြောင့်ဟု ဆိုကြသည်။ တချို့က ဂျော့ဟာရီဆန်ကို အပြစ်တင်ကြသည်။ အမျိုးစုံလွန်း၍ မည်သူ့စကားက မှန်သည်၊ မည်သူ့စကားက မှားသည်ဟု ခွဲခြားရန်ပင် မဖြစ်နိုင်တော့ပေ။
“မင်းသိပြီးပြီလား” သူငယ်ချင်းတစ်ယောက်က ကိုဆုကေကို ပြောသည်။ “ဘီတယ်လ်အဖွဲ့က နဂိုကတည်းက ဂျပန်ကို လာချင်တာ မဟုတ်ဘူးကွ။ ငွေများများ ဝင်နိုင်လို့ ကုမ္ပဏီက လူတွေက အတင်းအကျပ် စီစဉ်ကြတာတဲ့။ အဲဒီတုန်းကတည်းက စတိတ်ရှိုး ဆိုရမှာတွေကို ဘီတယ်လ်အဖွဲ့က စိတ်ပျက်နေကြလို့ ရပ်တန်းက ရပ်ချင်နေခဲ့ကြတာ။ တကယ်လည်း ဂျပန်က ပြန်ပြီးနောက်ပိုင်း သူတို့ စတိတ်ရှိုးပွဲတွေ လက်မခံတော့ဘူး”
ထိုသို့သော စကားမျိုးကိုလည်း ကိုဆုကေ ကြားဖူးပြီး ဖြစ်သည်။ သို့သော် သူ မယုံကြည်ခဲ့။ အတိအကျ ဆိုရပါမူ သူ မယုံချင်။
“ဒါပေမယ့် ငါကြားတာတော့ စတိတ်ရှိုးပွဲကလည်း စည်လိုက်တာမှ ကြက်ပျံမကျပဲ။ ပြီးတော့ ဘီတယ်လ်အဖွဲ့လည်း တီးနေ ဆိုနေလိုက်တာမှ အားတက်သရောပဲတဲ့”
“အဲဒီလို မဟုတ်ပါဘူးကွာ။ အစပိုင်းမှာ ဘီတယ်လ်က စိတ်မပါ့တပါနဲ့ ဆိုနေကြတာ။ သူတို့က ဂျပန်ပရိသတ်ကို အဖက်လုပ်ချင်တာ မဟုတ်ဘူး။ ပရိသတ်တွေက ဆူဆူညံညံ အားပေးနေလိမ့်မယ်လို့ သူတို့ ထင်ထားပုံ ရတယ်။ အဲဒီလို ဆူညံနေရင် သီချင်းဆိုသံတွေ၊ တီးလုံးသံတွေက သဲသဲကွဲကွဲ ကြားရတော့မှာမှ မဟုတ်ဘဲ။ ဒီတော့ ဖြစ်သလို တီး၊ ဖြစ်သလို ဆိုလိုက်လည်း ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူးလို့ ကြံစည်ထားမှာပေါ့။ ဒါပေမယ့် ငါတို့ ဂျပန်ပရိသတ်က စည်းကမ်းရှိရှိ ငြိမ်ငြိမ်ဆိမ်ဆိမ် နားထောင်နေကြတော့ သူတို့ ထင်ထားသလို ဖြစ်မလာခဲ့ဘူး။ ဒီတော့ သူတို့ရဲ့ နဂိုအစီအစဉ်ကို ပြောင်းပြီး စိတ်ပါလက်ပါ ဆိုကြ တီးကြရတော့တာပေါ့”
ကိုဆုကေက ခေါင်းကို တွင်တွင် ခါနေသည်။ “ယုတ္တိမရှိတာပဲကွာ”
“အဖြစ်မှန်က အဲဒီအတိုင်းပဲလေ။ ငါလည်း မယုံချင်ဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်မှာလဲ။ ဘီတယ်လ်လည်း လူပဲဟာ။ အဲဒီကောင်တွေရဲ့ မျက်လုံးထဲမှာ ငါတို့ ဂျပန်ဟာ ချောင်ကြိုချောင်ကြားထဲက နိုင်ငံသေးသေးလေး တစ်ခုပဲ။ သူတို့က ငါတို့ကို ရွှီးရွှန်းဖြီးဖြန်းပြီး သူတို့ အင်္ဂလန်ကို မြန်မြန် ပြန်ရဖို့ပဲ စိတ်ကူးနေမှာ”
ကိုဆုကေကတော့ ခေါင်းကို ခါးယမ်းနေဆဲ။ ဘီတယ်လ် ဂျပန်ပြည်သို့ ရောက်စဉ်က ရိုက်ကူးထားသည့် လှုပ်ရှား သွားလာမှု မှတ်တမ်းကို တီဗီထဲတွင် မြင်ခဲ့ရသည့်အတိုင်း သူ ပြန်လည် မြင်ယောင်လာသည်။ ထို့အပြင် ၎င်းကို ကြည့်ရင်း မျက်ရည်လည်ရွှဲ ဖြစ်နေသော အစ်ကို၏ မျက်နှာ။ အကယ်၍သာ သူငယ်ချင်း၏ ပြောစကားက မှန်နေလျှင် အစ်ကို၏ မျက်ရည်များသည် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
ကျောင်းမှ ပြန်ရောက်သည်နှင့် ကိုဆုကေသည် မိမိ၏ အခန်းတွင်းတွင် အောင်းနေလိုက်ပြီး ဘီတယ်လ်၏ သီချင်းများကို တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်နေလေသည်။ နောက်နောင်တွင် သီချင်းအသစ် ထွက်တော့မည် မဟုတ်ကြောင်းကို မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။
စိတ်မချမ်းမြေ့နေသည့် အကြားမှာပင် အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားကြသည်။ နွေရာသီ ကျောင်းပိတ်ရက်သည်လည်း ကိုဆုကေကို တက်ကြွလာအောင် မဆောင်ကြဉ်းနိုင်ပေ။ ဘီတယ်လ်အကြောင်းကို လွမ်းတငွေ့ငွေ့ ရှိနေဆဲပင်။ ‘Let It Be’ ရုပ်ရှင်ကားအကြောင်း သူ သိထားသော်လည်း သူတို့၏ မြို့ကလေးတွင် ၎င်းကို ရုံတင် ပြသလိမ့်မည် မဟုတ်ပေ။ ၎င်းရုပ်ရှင်ကားကို ကြည့်လိုက်သည်နှင့် ဘီတယ်လ်အဖွဲ့ အဘယ်ကြောင့် ကွဲပြဲခဲ့ရကြောင်းကို နားလည်သွားလိမ့်မည်ဟု ကောလာဟလ ဖြစ်ပေါ်နေသည်။ ရုပ်ရှင်ထဲတွင် မည်သည့်အကြောင်းများ ပါလာလိမ့်မည်နည်းဟု စိတ်ကူးကြည့်ရုံနှင့်ပင် ညည တော်တော်နှင့် အိပ်မပျော်တော့ချေ။
ထိုသို့သော လောကဓံ လှိုင်းတံပိုးများ အကြားတွင် သူ့ဘဝ၏ အရေးအကြီးဆုံးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန် အတင်းအကျပ် စေခိုင်းခြင်း ခံလာရတော့သည်။
တစ်ညတွင် ယခင်နေ့များကအတိုင်း ဘီတယ်လ်သီချင်း နားထောင်နေစဉ် သော့ပိတ်မထားသော သူ၏ အခန်းတံခါးကို တွန်းဖွင့်၍ ကီမီကို ဝင်ရောက်လာသည်။ တံခါးမခေါက်ဘဲ ဝင်လာသည်ကို အပြစ်ပြောရန် ပါးစပ်ပြင်ပြီးကာမှ သူ့အမေ၏ မျက်နှာကို မြင်လိုက်ရသောအခါ မပြောဖြစ်တော့ပေ။ မိခင်၏ ထိုမျှ ညိုပုတ်နေသော မျက်နှာကို သူ ယခင်က မမြင်ခဲ့ဖူးချေ။
“အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာ ရှိလို့ အပြင်ခဏ ထွက်ခဲ့ဦး”
ကိုဆုကေက ဘာမျှ မပြောဘဲ ခေါင်းညိတ်ပြပြီး သီချင်းကို ပိတ်လိုက်သည်။ မိဘများက သူ့အား မည်သည့်စကားများ ပြောလာလိမ့်မည်ကို သူ မသိသော်လည်း အခြေအနေ မကောင်းသည်ကိုတော့ သူ ရိပ်စားမိနေသည်။
ဆာဒါယုကိသည် ဧည့်ခန်းထဲတွင် ဘရန်ဒီ သောက်နေသည်။ ၎င်းမှာ အလွန် တန်ဖိုးကြီးသော ဘရန်ဒီ ဖြစ်သည်။ နိုင်ငံခြား သွားစဉ်က လေယာဉ်ကွင်းတွင် အခွန်ကင်းလွတ်ခွင့် ရသောကြောင့် ၎င်းကို ဝယ်လာခဲ့သည်။
ကိုဆုကေ ထိုင်ပြီးသည်နှင့် သူ့အဖေ စကားစသည်။ သူပြောသည့် စကားများကြောင့် ကိုဆုကေ၏ ကမ္ဘာလေးမှာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားရတော့သည်။
“အဖေတို့ ဒီလကုန်ကျရင် အိမ်ပြောင်းကြမယ်။ မင်းပစ္စည်းတွေကို အခုကတည်းက အသေအချာ စုထားချေ။ ဒီကိစ္စ ဘယ်သူ့ကိုမှ မပြောမိစေနဲ့”
ကိုဆုကေက နားမလည်နိုင်ဘဲ ဖြစ်နေသည်။ “ဘာတွေ ဖြစ်ကုန်လို့လဲ” သူက မေးလိုက်သည်။ “ဘာဖြစ်လို့ အလောတကြီး ပြောင်းရတာလဲ”
“ငါက စီးပွားရေးသမား။ စီးပွားရေး လုပ်ရတာ စစ်တိုက်နေသလိုပဲ။ အရေးအကြီးဆုံး အချက်က ပြိုင်ဖက်ဆီကနေ ဘယ်လောက် ရအောင် ပြန်ယူနိုင်သလဲ ဆိုတာပဲ။ မင်း သဘောပေါက်ရဲ့လား”
၎င်းမှာ ဆာဒါယုကိ အမြဲ ပြောလေ့ရှိသော စကား ဖြစ်သောကြောင့် ကိုဆုကေက ခေါင်းညိတ်ပြလိုက်သည်။
“စစ်တိုက်တယ် ဆိုမှတော့ကွာ တစ်ခါတလေလည်း ထွက်ပြေးရတဲ့ အချိန်မျိုး ရှိတတ်သေးတာပေါ့။ ဒါလည်း သဘာဝ ကျတာပဲ။ အသက်ကိုတော့ အသေခံလို့ ဘယ်ဖြစ်မလဲ။ ဒါကိုလည်း မင်း နားလည်တယ် မဟုတ်လား”
ကိုဆုကေ ခေါင်းမညိတ်မိ။ အကယ်၍ စစ်တိုက်နေသည် ဆိုလျှင် ထိုသို့ ဖြစ်နိုင်စရာ ရှိသေးသည်။ သို့သော် ယခု စီးပွားရေး လုပ်နေခြင်းမျှသာ ဖြစ်သောကြောင့် အသက် သေသည်အထိ ဖြစ်လာနိုင်စရာ အကြောင်း ရှိပါမည်လော။
ဆာဒါယုကိက ဘာမျှ အမှုမထားဘဲ ဆက်ပြောနေသည်။
“ဒီလကုန်မှာ အိမ်ကနေ ထွက်ခွာဖို့ အဖေတို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် မင်း ဘာမှ စိုးရိမ်မနေနဲ့။ ငါတို့နောက် တိတ်တိတ်ဆိတ်ဆိတ် လိုက်ခဲ့ရုံပဲ။ အေးပေါ့လေ။ မင်း ကျောင်းပြောင်းဖို့ ကိစ္စတွေပါ လုပ်ရဦးမှာပေါ့။ ဒါပေမယ့် လတ်တလောတော့ ပူစရာ မလိုသေးပါဘူး။ အခုက နွေရာသီ ကျောင်းပိတ်ရက် မဟုတ်လား။ ကျောင်းပြန်ဖွင့်တဲ့ အချိန်ရောက်ရင် အားလုံး နေသားတကျ ဖြစ်နေလောက်ပါပြီ”
အရာအားလုံး သူ့အတွက် သူစိမ်းပြင်ပြင် ဖြစ်နေသော ကျောင်းသစ်တစ်ကျောင်းသို့ ပြောင်းရွှေ့ရတော့မည်လော။ ကိုဆုကေ အံ့အား အသင့်ကြီး သင့်နေမိသည်။
“ရေးကြီးခွင်ကျယ် လုပ်လို့ကွာ” ဆာဒါယုကိက ပြောသည်။ “အဖေတွေ အလုပ်ပြောင်းတဲ့ အခါတိုင်း ကလေးတွေပါ တစ်ကြိမ်မက ကျောင်းလိုက်ပြောင်းကြရတာပဲ။ ဒါက ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တော့တာ”
ဖခင်၏ စကားကို ကြားရသောအခါ ကိုဆုကေ၏ ဘဝတွင် ပထမဆုံး အကြိမ် မသက်မသာ ခံစားလိုက်ရသည်။ သူ့ဘဝအတွက် စိတ်မသက်မသာ ဖြစ်ခြင်း။
နောက်တစ်နေ့တွင် ကိုဆုကေသည် ဟင်းချက်နေသော သူ့အမေအနီးသို့ ကပ်သွားသည်။ “ကျွန်တော်တို့ လူမသိ သူမသိ ထွက်ပြေးကြမလို့လား”
ဒယ်ပြားဖြင့် ဟင်းရွက်ကြော်ရန် ဟန်ပြင်နေသော ကီမီကို၏ လက်များ ရပ်တန့်သွားသည်။ “သားကို ဘယ်သူ ပြောလဲ”
“ဘယ်သူမှ မပြောပါဘူး။ ဒါပေမယ့် အဖေ့စကား ကြားပြီး ဒီလိုပဲ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တာပဲ”
ကီမီကိုက သက်ပြင်းချပြီး ဟင်းရွက်ကြော်နေသည်။ “ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်”
မိခင်က သူ၏ စကားကို ပယ်ချလိမ့်မည်ဟု မျှော်လင့်ချက် ထားခဲ့မိသည်။ အသွေးထဲ အသားထဲက မျှော်လင့်ထားခဲ့သည်။ သူ့ကမ္ဘာလေး အမှောင်အတိ ဖုံးလွှမ်းသွားသည်။
“ဘယ်လိုဖြစ်လို့ အဲဒီအခြေကို ရောက်ကုန်ကြရတာလဲ။ ကျွန်တော်တို့ အဲဒီလောက်တောင် မွဲကုန်ကြပြီလား”
ကီမီကိုသည် ဘာမျှ ပြန်မဖြေဘဲ တိတ်တဆိတ် သူ့ဟင်းသူ ချက်နေလေသည်။
“ဘာတွေ ဖြစ်နေတာလဲ အမေရာ။ ကျွန်တော့်ကျောင်းကို ဘယ်လို လုပ်ရမှာလဲ။ ကျွန်တော် ဘယ်မှာသွားပြီး အလယ်တန်း ဆက်တက်ရမှာလဲ”
ကီမီကို၏ ခေါင်းက အနည်းငယ် လှုပ်ရှားသွားသည်။
“အဲဒီကိစ္စကို အမေတို့ ဟိုဘက်ရောက်မှ အေးအေဆေးဆေး တိုင်ပင်ကြတာပေါ့”
“ဟိုဘက်ဆိုတာက ဘယ်ဘက်လဲ။ ကျွန်တော်တို့ ဘယ်ကို သွားကြမှာလဲ”
“နားငြီးလိုက်တာဟာ” ကီမီကိုသည် သူ့ကို ကျောပေးထားလျက် ပြောနေသည်။ “ပြောချင် နင့်အဖေနဲ့ သွားပြော။ အဲဒါ သူ ဆုံးဖြတ်တာ”
ကိုဆုကေ ဘာဆက်လုပ်ရမည်မှန်း မသိတော့။ သူ ဝမ်းနည်းရမည်လော၊ သို့မဟုတ် စိတ်ဆိုးရမည်လော ဆိုသည်ကိုပင် သူ မသိတော့ပေ။
ထိုနေ့များအတွင်း အခန်းထဲမှ သူ အပြင် မထွက်တော့။ သူ၏ ဘီတယ်လ်သီချင်းများကိုသာ နားထောင်နေသည်။ နားကြပ်တပ်ထားပြီး အသံကို အစွမ်းကုန် တင်ထားခြင်းဖြင့် သူ၏ စိတ်သောကများကို မောင်းထုတ်ထားသည်။
သို့သော် သူ၏ နောက်ဆုံး လက်ကျန် သုခဘုံသည်လည်း မကြာခင် ပြိုပျက်သွားလေသည်။ ဆာဒါယုကိသည် ၎င်းသီချင်းဖွင့်စက်များကို ရောင်းထုတ်ပစ်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။
ထုံးစံအတိုင်း ကိုဆုကေကတော့ လွယ်လွယ်နှင့် အလျှော့မပေးခဲ့။ သို့သော် ဆာဒါယုကိ၏ ဆုံးဖြတ်ချက်ကလည်း ခိုင်မာ ပြတ်သားလှသည်။
“ငါတို့က အိမ်ပြောင်းရမှာ။ ဒီလို စက်ပစ္စည်း အကြီးကြီးတွေ သယ်သွားဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားတဲ့ အချိန်ကျရင် ငါ မင်းကို အသစ်တစ်စုံ ပြန်ဝယ်ပေးမယ် ဟုတ်ပြီလား။ အခုတော့ ခဏလောက် သည်းခံစမ်းပါဦး” ဆာဒါယုကိက အေးတိအေးစက် လေသံဖြင့် ပြောနေလေသည်။
ကိုဆုကေသည် အောင့်မနေနိုင်တော့ဘဲ ပေါက်ကွဲလေတော့သည်။ “ကြားကောင်းအောင် အိမ်ပြောင်းတယ်လို့ ပြောမနေပါနဲ့ဗျာ။ ပွင့်ပွင့်လင်းလင်းပဲ လူမသိအောင် ထွက်ပြေးတယ်လို့ ပြောလိုက်ပါတော့”
ဆာဒါယုကိသည် ဝါးစားတော့မတတ် သူ့ကို စိုက်ကြည့်နေသည်။
“မင်းဆီက ပေါက်ကြားသွားလို့ကတော့ မင်း သေပြီသာမှတ်” လမ်းသရဲတစ်ယောက်က ဓားကြိမ်းကြိမ်းနေသည်နှင့် ဘာမျှ မထူးတော့ပေ။
“အဲဒီလို မလုပ်ပါနဲ့လား အဖေရာ။ ခိုးကြောင်ခိုးဝှက် ထွက်ပြေးရတာမျိုး ကျွန်တော် မလုပ်ချင်ဘူး”
“လျှာမရှည်နဲ့။ မင်း ဘာနားလည်လို့လဲ။ ပါးစပ်ပိတ်ထားစမ်း”
“ဒါပေမယ့် …”
“ငါတို့ အသတ်ခံရလိမ့်မယ် သိလား” ဆာဒါယုကိက မျက်လုံးပြူးလျက် ပြောနေသည်။ “တကယ်လို့ ထွက်ပြေးတာ လူမိသွားရင် ငါတို့ အကုန်လုံး အသက်ပျောက်သွားနိုင်တယ်။ ဒါကိုလည်း မင်းက ဂရုမစိုက်ဘူးလား။ အခွင့်အရေးက တစ်ခါပဲ ရမယ်။ တစ်ချက်ကလေးမှ ခြေချော်လက်ချော် ဖြစ်လို့ မရဘူး။ ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်တာနဲ့ ငါတို့သုံးယောက်စလုံး ကြိုးဆွဲချပြီး သေဖို့ပဲ ကျန်တော့တယ်။ ငါ့မှာ ဘာထွက်ပေါက်မှ မရှိတော့ပါဘူး သားရယ်။ အဖေတို့ကို ကလန်ကဆန် မလုပ်ပါနဲ့တော့လား”
ဖခင်၏ မျက်လုံးထဲတွင် သွေးရောင်များ လွှမ်းနေကြသည်။ ကိုဆုကေ နှုတ်ဆိတ်နေလိုက်သည်။ သူ၏ အတွင်းစိတ်ထဲတွင်တော့ အမည်မဖော်တတ်သော တစ်စုံတစ်ရာက လှုပ်ရှားထကြွ နေလေသည်။
ရက်အနည်းငယ် ကြာသောအခါ အိမ်သို့ သူစိမ်းတချို့ ရောက်လာပြီး ကိုဆုကေ၏ အခန်းတွင်းမှ သီချင်းဖွင့် စက်ကိရိယာ အစုံလိုက်ကို သယ်ဆောင်သွားကြလေသည်။ ထိုအုပ်စုထဲမှ တစ်ယောက်က ကီမီကို၏ လက်ထဲသို့ ငွေတချို့ ထည့်ပေးသွားသည်။ ထိုစဉ်က ဆာဒါယုကိ အိမ်တွင် မရှိ။
ကက်ဆက်၊ စပီကာများ မရှိတော့၍ ဗလာကျင်းနေသော အခန်းတွင်းကို ကြည့်ကာ ကိုဆုကေ၏ သွေးများ ဗလောင်ဆူလာကြသည်။ သူ သေသွားလိုက်ချင်သည်။ ဆက်လက် ရှင်သန်နေဖို့ သူ့အတွက် အဓိပ္ပာယ် မရှိတော့ချေ။
ဘီတယ်လ်ကို နားထောင်ခွင့် မရတော့သည့် အချိန်မှ စ၍ အိမ်တွင် နေနေစရာ အကြောင်းလည်း မရှိတော့။ ထိုနေ့မှ အစပြုကာ ကိုဆုကေသည် ရောက်တတ်ရာရာ လျှောက်သွားနေလေတော့သည်။ သို့သော် သူငယ်ချင်းများ အထံသို့ သွားလည်ခြင်းလည်း မဟုတ်။ သူငယ်ချင်းများကို မြင်လိုက်သည်နှင့် အမှောင်ခို၍ ထွက်ပြေးတော့မည့် အကြောင်းကို သူ ပြောပြချင်နေပေလိမ့်မည်။ ထို့အပြင် မိမိ၏ ကက်ဆက်များ ရောင်းထုတ်ပစ်လိုက်ရသည့် အကြောင်းကို ဖုံးဖိဖို့ ကြိုးစားနေရခြင်းမှာလည်း သူ့အတွက် ပင်ပန်းခက်ခဲလှသည်။
သူ့အိတ်ကပ်ထဲတွင် ပိုက်ဆံ များများစားစား မရှိ။ ဂိမ်းဆိုင်ဝင်၍ ကစားလျှင်လည်း ကြာကြာ ကစားနိုင်မည် မဟုတ်။ ထို့ကြောင့် သူ မကြာခဏ ရောက်ဖြစ်သော နေရာမှာ စာကြည့်တိုက်ပင် ဖြစ်သည်။ မြို့ထဲမှ အကြီးဆုံး စာကြည့်တိုက်ထဲတွင် တိတ်ဆိတ် ငြိမ်သက်လှသည်။ သို့သော် သီးသန့်အခန်းများတွင် ထိုသို့ မဟုတ်။ ၎င်းအခန်းများတွင် လေအေးပေးစက်များ ရှိသောကြောင့် ခိုကပ်နေကြသော ကျောင်းသားများက ထုနှင့်ဒေး။ ကျောင်းသား အများစုမှာ အထက်တန်း ကျောင်းသားများနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ ဖြစ်သည်။ အသည်းအသန် စာလုပ်နေကြသော ကျောင်းသားများကို မြင်ရသောအခါ သူလည်း ထိုသို့သော အခွင့်အရေးမျိုး ရပါဦးမည်လောဟု သံသယ ဝင်လာသည်။
မိဘအပေါ်တွင် အထူးသဖြင့် ဖခင်အပေါ်တွင် ကိုဆုကေ စိတ်အပျက်ကြီး ပျက်နေမိသည်။ ယခင်ကမူ ထိုသို့သော ဖခင်မျိုး ပိုင်ဆိုင်နေရခြင်းအတွက် သူ ဂုဏ်ယူမဆုံးခဲ့။ ဖခင်၏ စကား အခွန်းတိုင်းသည် သွေးထွက်အောင် မှန်သည်ဟု သူ ခံယူခဲ့သည်။ ဖခင်၏ လမ်းညွှန်မှု အတိုင်းသာ တစ်သဝေမသိမ်း လိုက်နာ ဆောင်ရွက်နိုင်လျှင် သူကိုယ်တိုင် ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို တစ်နေ့နေ့ မလွဲမသွေ လက်ဝယ်ပိုင်ဆိုင် လာရပေလိမ့်မည်။
သို့သော် အထင်နှင့်အမြင်မှာ တက်တက်စင်အောင် လွဲနေလေသည်။ အဆုံးအစ မရှိသော မိဘများ၏ ရန်ပွဲများကို ကြားရဖန် များသောအခါ သူတို့၏ ပြောစကားများထဲမှ စကားလုံးများကို တစ်စစီ ဆက်စပ်၍ ကြည့်ခြင်းဖြင့် အခြေအနေမှန်ကို သူ သဘောပေါက်လာသည်။ ဖခင်သည် မအောင်မြင်သော အရှုံးသမားတစ်ယောက် ဖြစ်သည့်အပြင် စိတ်ဓာတ်ပျော့ညံ့သော သူရဲဘော ကြောင်သူတစ်ဦးလည်း ဖြစ်နေသည်။ သူ၏ ကြွေးမြီများအတွက် ရင်ဆိုင် ဖြေရှင်းခြင်း မပြုဘဲ ညအချိန်မတော်တွင် လူမသိ လူမသိ ရှောင်ပုန်းရန်ကိုသာ သူ စိတ်ကူးနေလေသည်။
ကုမ္ပဏီသည် မည်သို့မျှ အဖတ်ဆည်၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မိဘများ၏ ထေ့သံငေါ့သံများမှ သူ သိရှိထားသည်။ ၎င်း အကြွေးများကို နောက်လမကုန်ခင် အပြီး ပေးဆပ်ရမည် ဖြစ်သည်။ ကုမ္ပဏီဝန်ထမ်းများကလည်း ထိုအကြောင်းကို ဘာမျှ မသိရှာကြ။ မရအရ ဖုံးဖိထားပြီး သူ့တစ်ကိုယ်စာ လွတ်မြောက်ရေးအတွက်သာ အာရုံစိုက်နေခဲ့သည်။
မည်သို့ ပြုရအံ့နည်း။ မိဘတို့၏ အစီအစဉ်အတိုင်း လိုက်နာသွားရမည်လော။ မည်မျှပင် မနှစ်မြို့စေကာမူ သူ့မှာ တခြား ရွေးချယ်စရာ လမ်းမရှိ။
စာကြည့်တိုက်ထဲတွင် ဘီတယ်လ်နှင့် ပတ်သက်သော စာအုပ်များကို လှန်လှော ဖတ်ရှုနေရသော်လည်း ကိုဆုကေ၏ သောကများက သက်သာလာခြင်း မရှိ။ မည်သည့် စာအုပ်ထဲတွင်မှ သူလိုချင်သော အဖြေ မရှိချေ။
(ဂ)
သူတို့ ထွက်ပြေးကြမည့် နေ့ရက်က နီးသည်ထက် နီးလာပြီ။ ကိုဆုကေ ဘာလုပ်ရမည်မှန်း မဆုံးဖြတ်နိုင်သေး။ သူ၏ ပစ္စည်းပစ္စယများကို သိမ်းဆည်းထားရန် မိဘများက မှာကြားထားသော်လည်း သူက ထုပ်ပိုးချင်စိတ် မရှိ။
တစ်နေ့တွင် စာကြည့်တိုက်သို့ သွားနေကျလမ်းသည် ပြင်ရန် ပိတ်ထားသောကြောင့် တခြားလမ်းမှ သူ သွားရလေသည်။ သွားနေရင်း များမကြာမီ လမ်းဘေးရှိ ဆိုင်တစ်ဆိုင်တွင် ကလေးတစ်စု တိုးဝှေ့နေကြသည်ကို သူ တွေ့လိုက်ရသည်။ သူတို့သည် ဆိုင်အတွင်းရှိ နံရံပေါ်သို့ ပြုံကြည့်နေကြပြီး ရယ်မောနေကြသည်။
ကိုဆုကေသည် အရှေ့သို့ တိုးလာပြီး ကလေးများကို ဖြတ်ကျော်၍ ဆိုင်ထဲသို့ လှမ်းကြည့်လိုက်သည်။ နံရံပေါ်တွင် စာရွက်ပိုင်းများ ကပ်ထားသည်ကိုသာ တွေ့ရသည်။
မေး။ ဂါမယ်ရာဟာ သူ့ခန္ဓာကိုယ်ကို လှည့်နေတာတောင် သူ မမူးဘူး။ ဘာဖြစ်လို့လဲ။
(ဂါမယ်ရာရဲ့ သူငယ်ချင်း)
ဖြေ။ ဂါမယ်ရာဟာ ဘဲလေးအက သင်ဖူးတာ ဖြစ်ရမယ်။ ဘဲလေးအက သမားတွေဟာ ဘယ်လောက်ပဲ မွတ်နေအောင် လှည့်လှည့် မမူးတတ်ကြဘူး။
(နာမီယာ ကုန်စုံဆိုင်)
မေး။ ဘေ့စ်ဘော ရိုက်တဲ့အခါမှာ ဆာဒါဟာရူအိုးလို ခြေထောက်တစ်ချောင်းတည်း ထောက်ပြီး ရိုက်ဖို့ ကျွန်တော် ကြိုးစားကြည့်တယ်။ ဒါပေမယ့် သူ့လို ကွင်းပြင်ရောက်အောင် မရိုက်နိုင်ဘူး။
(နံပါတ် ၈ ကစားသမား)
ဖြေ။ ခြေတစ်ချောင်းနဲ့ အရိုက် မကျင့်ခင် နှစ်ချောင်း စုံထောက်ပြီး ကွင်းပြင်ရောက်အောင် အရင် အရိုက်ကျင့်ပါ။ တကယ်လို့ နှစ်ချောင်းထောက်နဲ့လည်း အလုပ်မဖြစ်ဘူး ဆိုရင် နောက်တစ်ချောင်း ထပ်ပေါင်းပြီး သုံးချောင်းနဲ့ စမ်းကြည့်။ စ လေ့ကျင့်ခါစမှာတော့ လွယ်တာနဲ့ပဲ စရတယ်။
(နာမီယာ ကုန်စုံဆိုင်)
‘အိုး … ဒီဆိုင်ပဲ’ ကိုဆုကေ သတိရသွားသည်။ သူငယ်ချင်းများ ပြောပြ၍ သူ ကြားဖူးနေခဲ့သည်။ မည်သို့သော ပြဿနာမျိုး ဖြစ်နေပါစေ၊ ဤဆိုင်မှ ဆိုင်ရှင် အဘိုးအိုသည် မေးလာသမျှကို ဖြေကြား အကြံပေးတတ်သည်။ သို့သော် အများစု မေးသော မေးခွန်းများမှာ ဘာမျှ မည်မည်ရရ မဟုတ်။ ဆိုင်ရှင် အဘိုးအိုကို တမင် အကျပ်ရိုက်အောင် မေးမြန်းကြခြင်းသာ ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ အဘိုးအိုက မေးသမျှကို မခြွင်းမချန် ဖြေကြားပေးခြင်းပင် ဖြစ်သည်။
‘အတော် စိတ်ပျက်စရာ ကောင်းတာပဲ။ ကလေးကလားတွေ’ ကိုဆုကေသည် ထိုသို့ တွေးမိပြီး ၎င်းနေရာမှ ထွက်ခွာလာခဲ့သည်။
သို့သော် စက္ကန့်အနည်းငယ် အကြာတွင် ဦးနှောက်ထဲသို့ အတွေးတစ်ခု လင်းလက်လာသည်။
သူ အိမ်ပြန်လာခဲ့သည်။ ယခုလိုအချိန်မျိုးတွင် ဆာဒါယုကိသည် ကုမ္ပဏီတွင် ရှိနေပေလိမ့်မည်။ ကီမီကိုလည်း အိမ်တွင် မရှိပေ။
သူ့အခန်းထဲသို့ ဝင်သွားပြီး စာရေးစက္ကူကို ထုတ်လိုက်သည်။ သူသည် စာစီစာကုံးကို ဖြောင့်အောင် ရေးတတ်သူ မဟုတ်။ သို့သော် သူသည် နာရီဝက်မျှ အချိန်ပေးပြီး အောက်ပါအတိုင်း ချရေးလိုက်လေသည်။
❝ ကျွန်တော်အဖေနဲ့အမေက ကျွန်တော့်ကို ခေါ်ပြီး လူမသိ သူမသိ ထွက်ပြေးကြမလို့။
အကြွေးတွေ တစ်ပုံကြီး တင်နေလို့ ပြန်လည်း မဆပ်နိုင်တော့ဘူး။ အဖေ့ကုမ္ပဏီလည်း လူမွဲစာရင်း ဝင်တော့မယ်။
ကျွန်တော်တို့ မြို့ကနေ ဒီလကုန် ထွက်သွားဖို့ စီစဉ်ထားတယ်။
ကျွန်တော်ကို ကျောင်းပြောင်းရမယ် လို့လည်း သူတို့က ပြောတယ်။ သူတို့ကို စိတ်ပြောင်းသွားစေချင်တယ်။
ကျွန်တော်တို့ အဝေးကို ဘယ်လောက်ပဲ ပြေးပြေး၊ အကြွေးရှင်တွေက ကျွန်တော်တို့ကို ရအောင်ရှာပြီး ဒုက္ခပေးမယ်လို့ သူတို့က ပြောနေတယ်။ အမြဲတမ်း ပြေးနေ ပုန်းနေရမယ့် ဘဝကို ကျွန်တော် ကြောက်တယ်။
ကျွန်တော် ဘာလုပ်ရမလဲ။
ပေါလ် လန်နွန် ❞
စာကို အကြိမ်ကြိမ် ပြန်ဖတ်ပြီးနောက် ကိုဆုကေသည် စာကို နှစ်ခေါက် ခေါက်လိုက်သည်။ ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်၍ အိမ်ပြင်သို့ နောက်တစ်ကြိမ် ပြန်ထွက်ခဲ့သည်။
သူသည် စောစောက လျှောက်ခဲ့သော လမ်းအတိုင်း ခပ်သုတ်သုတ် လျှောက်လာပြီး နာမီယာကုန်စုံဆိုင် အနီးသို့ ပြန်ရောက်လာသည်။ ဆိုင်ကို မြင်နိုင်သော အဝေးတစ်နေရာမှ ဆိုင်တွင်း အခြေအနေကို အကဲခတ်ကြည့်သည်။ ဈေးဝယ် တစ်ဦးတစ်ယောက်မျှ မတွေ့ရ။ ဆိုင်ရှင် ဘိုးဘိုးက အထဲတွင် သတင်းစာ ဖတ်နေသည်။ အကောင်းဆုံး အခွင့်အရေးပင်။
ကိုဆုကေသည် လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆိုင်နားသို့ ကပ်လာခဲ့သည်။ စာထည့်သေတ္တာ၏ တည်နေရာကို စောစောကတည်းက သူ လေ့လာထားပြီး ဖြစ်သည်။ အဘိုးအို ထိုင်နေသော နေရာမှ လှမ်းကြည့်လျှင် မမြင်နိုင်ပေ။ ဤသို့ တမင် စီစဉ်ထားခြင်း ဖြစ်ရပေမည်။
အဘိုးအို၏ လှုပ်ရှားမှုကို မျက်တောင်မခတ် ကြည့်နေရင်း သူ ဆိုင်ထဲသို့ ဝင်ခဲ့သည်။ အဘိုးအိုက သတင်းစာ ဖတ်လျက်။
ကိုဆုကေသည် စာရွက်ခေါက်ကို အိတ်ကပ်ထဲမှ ဆွဲထုတ်ပြီး နံရံနားကပ်ကာ အထက်မှ စာများကို ဖတ်ဟန် ဆောင်နေသည်။ စာထည့်သေတ္တာသည် သူ့ လက်တစ်ကမ်းတွင် ရှိနေသည်။ ရင်ထဲ တဒိတ်ဒိတ် ခုန်လာပြီး သူ တွန့်ဆုတ်သွားမိသည်။ ‘ဒီလိုလုပ်လို့ သင့်တော်ပါ့မလား’
ထိုစဉ် အပြင်ဘက်မှ ကလေးအသံများ ကြားလာတော့သည်။ လူအများကြီး၏ အသံ။ အခြေအနေ မဟန်တော့မှန်း ကိုဆုကေ ရိပ်မိသည်။ ထိုသူများ ဆိုင်ထဲသို့ ဝင်လာလျှင် အခွင့်အရေး ရှိတော့မည် မဟုတ်။ တွေဝေနေရန် အချိန် မရှိတော့။ သူသည် စာကို သေတ္တာထဲ ထည့်လိုက်သည်။ သေတ္တာ အောက်ခြေသို့ စာခေါက် ကျသွားသည့် အသံက သူ မျှော်လင့်ထားသည်ထက် ပိုကျယ်နေသောကြောင့် ကိုဆုကေ တုန်သွားသည်။
ကလေးများ ပြေးဝင်လာကြသည်။ “ဘိုးဘိုး ဘိုးဘိုး၊ သားသားမှာထားတဲ့ ကီတာရို ခဲတံဘူးလေး ရပြီလား” အော်၍ စကားပြောနေသော ကလေးမှာ ငါးတန်းကျောင်းသားသာသာ ရှိပေဦးမည်။
“ရပြီလေ။ ဘိုးဘိုးမှာ ဆိုင်တော်များများကို မေးလိုက်ရတယ်ကွယ်။ ဘိုးဘိုးဆီ တစ်ဘူး ပို့လာပေးတယ်။ ဒီဟာ မဟုတ်လား”
“ဝိုး” လူငယ်က ခုန်ဆွခုန်ဆွ လုပ်နေသည်။ “ဒီဟာပဲ။ မဂ္ဂဇင်းထဲမှာ တွေ့ထားတာနဲ့ တစ်ပုံစံတည်းပဲ။ ဘိုးဘိုး၊ ခဏစောင့်ဦးနော်။ သား အိမ်ပြန်ပြီး ပိုက်ဆံယူလိုက်ဦးမယ်”
“အေး အေး၊ ဂရုစိုက်သွားဦး”
သူတို့ အပြန်အလှန် စကားပြောနေကြစဉ် ကိုဆုကေ ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ‘ဂီဂီဂီ နို ကီတာရို’ ကာတွန်းဇာတ်လမ်းတွဲမှ ဇာတ်ကောင်တစ်ယောက်၏ပုံ ရိုက်နှိပ်ထားသော ခဲတံဘူးတစ်ဘူးကို အဘိုးအိုထံတွင် မှာထားဟန် တူသည်။
အိမ်သို့ မပြန်ခင် ကိုဆုကေသည် ဆိုင်ဘက်သို့ နောက်ပြန်လှည့်ကာ တစ်ချက် လှမ်းကြည့်လိုက်မိသည်။ ထိုစဉ် အဘိုးအိုကလည်း သူ ရှိရာဘက်သို့ တိုက်တိုက်ဆိုင်ဆိုင် လှမ်းကြည့်နေသောကြောင့် သူတို့နှစ်ဦး၏ အကြည့်များ တစ်ခဏတာမျှ ဆုံမိသွားလေသည်။ သူက အလျင်အမြန် မျက်နှာကို လွှဲလိုက်ပြီး ခပ်သွက်သွက် ထွက်ခွာလာခဲ့သည်။
လမ်းပေါ်တွင် လမ်းလျှောက်နေရင်း စာကို မထည့်လိုက်မိလျှင် ကောင်းလိမ့်မည်ဟု သူ နောင်တရလာသည်။ ထိုအဘိုးအိုက သူ့ကို မြင်သွားခဲ့ပြီ။ စောစောက စာထည့်လိုက်စဉ်မှာလည်း အသံမြည်သွားသည်။ အဘိုးအိုသည် စာထည့်သေတ္တာကို ဖွင့်ကြည့်၍ ၎င်းစာခေါက်ကို မြင်သွားသည်နှင့် ဤစာကို ထည့်သွားသူမှာ သူဖြစ်ကြောင်း တွေးယူနိုင်သည်။
တစ်ဘက်မှ သူ စိုးရိမ်နေသော်လည်း တခြားတစ်ဘက်မှလည်း သူ ဝမ်းမြောက်နေမိပြန်သည်။ စာထည့်သူမှာ သူ ဖြစ်ကြောင်း သိရှိသွားလျှင်လည်း သူ့အတွက် မှုစရာ မလိုပေ။ ထိုသို့ သိရှိသွားလျှင် ပို၍ပင် ကောင်းပေလိမ့်မည်။ ‘ပေါလ်လန်နွန်’ ထံမှ စာကို နံရံပေါ်တွင် သူက ကပ်ထားစေချင်သည်။ အဘိုးအိုထံမှ မည်သို့သော အကြံဉာဏ်မျိုး ရမည်ကို သူ မခန့်မှန်းတတ်။ ဂရုလည်း လုံးဝ မစိုက်ပေ။ အခြားသူများ ဤစာကို မြင်သွားဖို့သာ အဓိကကျသည်။
ဒီမြို့ပေါ်က မိသားတစ်စုက ညကြီးသန်းခေါင် ထွက်ပြေးကြမလို့တဲ့။ – စာပေါ်တွင် ရေးထားသော ထိုသတင်းသည် မြို့အနှံ့ မကြာခင် ပျံ့နှံ့သွားပေတော့မည်။ ဆာဒါယုကိ၏ အကြွေးရှင့်နားသို့ ထိုသတင်း ရောက်သွားသည်နှင့် တပြိုင်နက် မည်သို့သော သက်ရောက်မှုမျိုး ဖြစ်လာနိုင်မည်နည်း။ အလစ် ထွက်ပြေးရန် ကြံစည်နေသူများသည် ဝါကု ဆာဒါယုကိ မိသားစုပင် ဖြစ်ရမည်ဟု သူတို့ သံသယ ဝင်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့ကလည်း သတိကြီးကြီးဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြတော့မည်။
အကယ်၍ မိဘများက ထိုသို့ သတင်းထွက်နေကြောင်းကို ကြားသိသွားသောကြောင့် သူတို့၏ အစီအစဉ်ကို ဖျက်သိမ်းလိုက်လျှင် အတိုင်းထက် အလွန် ကောင်းလှပေသည်။
၎င်းမှာ ကိုဆုကေ၏ အလောင်းအစား ဖြစ်သည်။ အလယ်တန်း ဒုတိယနှစ် ကျောင်းသားတစ်ယောက် အနေဖြင့် အဆုံးစွန် လုပ်နိုင်စွမ်းသော အလောင်းအစားတစ်ခု။
နောက်တစ်ရက် ညနေတွင် ကိုဆုကေသည် အိမ်မှ ထွက်ပြီး နာမီယာကုန်စုံဆိုင်သို့ ဦးတည်လျှောက်လာခဲ့သည်။ ကံကောင်း ထောက်မစွာဖြင့် ဆိုင်ပေါက်ဝတွင် အဘိုးအိုကို မတွေ့ရချေ။ အိမ်သာ ဝင်နေခြင်း ဖြစ်မည်။ ကိုဆုကေသည် နံရံပေါ်သို့ အလောတကော လှမ်းကြည့်လိုက်သည်။ နံရံပေါ်တွင် မနေ့ကထက် စာရွက်တစ်ရွက် ပိုတွေ့ရသည်။ သို့သော် သူရေးထားသော စာမဟုတ်ပေ။ ၎င်းစာရွက်ပေါ်တွင် ရေးထားသောစာမှာ အောက်ပါအတိုင်း ဖြစ်သည်။
❝ ပေါလ်လန်နွန်
ပေးစာကို လက်ခံရရှိပါတယ်။
ပြန်စာကို နွားနို့သေတ္တာထဲမှာ ထည့်ထားတယ်။ ကျေးဇူးပြုပြီး ဆိုင်နောက်ဖေးမှာ သွားယူပေးပါ။
အခြားသူများသို့ –
နွားနို့သေတ္တာထဲက စာဟာ ပေါလ်လန်နွန်အတွက် ရည်ရွယ်ပြီး ရေးထားတာပါ။ မဆိုင်သူများ ယူမကြည့်ကြဖို့ မေတ္တာရပ်ခံပါတယ်။ တခြားသူရဲ့ စာကို ဖွင့်ခြင်း ဒါမှမဟုတ် ခိုးခြင်းဟာ ပြစ်မှုမြောက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
နာမီယာကုန်စုံဆိုင် ❞
ကိုဆုကေ စိတ်ရှုပ်သွားသည်။ ထိုသို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့။ သူ၏ စာကို နံရံပေါ်တွင် ကပ်ထားခြင်း မရှိ။ သူ လောင်းကြေးထပ်ဖို့ စိတ်ကူးထားသော်လည်း အားလုံး ရေစုန်မျောခဲ့ပြီ။
သို့သော် သူသည် ပြန်စာကို စိတ်ဝင်စားနေမိသည်။ အဘိုးအိုက သူ့အား မည်သို့သော အကြံဉာဏ်မျိုးကို ပေးလိမ့်မည်နည်း။
ကိုဆုကေသည် ဆိုင်ပြင်သို့ ထွက်လာ၍ ဘေးဘီတွင် လူရှိမရှိ အကဲခတ်ပြီးမှ တစ်မီတာသာသာ ကျယ်သော လမ်းကြားလေးထဲသို့ ဝင်သွားသည်။ လမ်းအဆုံးတွင် နောက်ဖေးတံခါးပေါက် ရှိသည်။ ထိုတံခါးဘေးတွင် သစ်သားဖြင့် ပြုလုပ်ထားသော နွားနို့သေတ္တာတစ်လုံး ချထားသည်ကို တွေ့ရသည်။
သတိကြီးစွာဖြင့် အဖုံးကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် နွားနို့ပုလင်းများကို မတွေ့ရဘဲ စာအိတ်တစ်လုံး ချထားသည်ကိုသာ တွေ့လိုက်ရသည်။ ၎င်းစာအိတ်ကို ကောက်ယူကြည့်ရာ စာလက်ခံသူ နေရာတွင် ‘သို့ – မစ္စတာပေါလ်လန်နွန်’ ဟု ရေးသားထားသည်။
ကိုဆုကေသည် စာအိတ်ကို လက်တွင်ကိုင်လျက် လမ်းကြားအတိုင်း ပြန်ထွက်လာခဲ့သည်။ အပြင်ဘက်သို့ ထွက်ရန် ဟန်ပြင်လိုက်စဉ် အရှေ့မှ လူတစ်ယောက် ဖြတ်လျှောက်သွားသောကြောင့် လန့်ဖျပ်ကာ လမ်းကြားထဲ ကွယ်နေလိုက်သည်။ အနီးအနားတွင် လူရိပ်လူရောင် မရှိတော့သည့် အခါမှ လမ်းပေါ်သို့ တက်ပြီး တစ်ချိုးတည်း ပြေးလေတော့သည်။
စာကြည့်တိုက်သို့ ရောက်သောအခါ အထဲသို့ မဝင်ဘဲ မျက်နှာချင်းဆိုင်ရှိ ပန်းခြံငယ်လေးထဲမှ ခုံတန်းရှည်ပေါ်တွင် ထိုင်လိုက်သည်။ စာအိတ်ကို ထုတ်ကြည့်သောအခါ ၎င်းကို ကော်ဖြင့် အသေအချာ ကပ်ထားသည်ကို တွေ့ရသည်။ တစ်ပါးသူ ခိုးဖတ်၍ မရအောင် စီမံထားခြင်း ဖြစ်ရပေမည်။ သူသည် သတိထားပြီး စာအိတ်ကို ဖောက်လိုက်သည်။
စာအိတ်ထဲတွင် ခေါက်ထားသော စာရေးစက္ကူနှစ်ရွက် သုံးရွက်ခန့် ထည့်ထားသည်။ ကိုဆုကေ၏ ပေးစာကိုလည်း ပြန်ထည့်ပေးလိုက်သည်။ စက္ကူကို ဖြန့်ကြည့်သောအခါ အနက်ရောင် မင်ဖြင့် ရေးသားထားသော ညီညာသပ်ရပ်သည့် စကားလုံးများကို တွေ့လိုက်ရသည်။
❝ သို့ – ပေါလ်လန်နွန်
ပေးစာကို ဖတ်ပြီးပါပြီ။ ရိုးရိုးသားသား ဝန်ခံရရင် ဘိုးဘိုး အရမ်း အံ့ဩသွားတယ်။ ကလေးတွေက ဘိုးဘိုးရဲ့ ဆိုင်နာမည်ကို အပြောင်အပြက် ခေါ်ကြရင်းကနေ ကလေးတွေနဲ့ အမေးအဖြေ လုပ်တဲ့ အစီအစဉ်လေးကို စလုပ်ဖြစ်ခဲ့တာပဲဗျ။ တကယ်တော့ ဒါက အပျော်သက်သက်ပါပဲ။ ကလေးတွေနဲ့ ပျော်စေပြက်စေ ဆော့ကြတာပေါ့။ ဒါပေမယ့် မင်းရဲ့ စာပေါ်က အကြောင်းအရာကတော့ တကယ့် လက်တွေ့ဘဝရဲ့ စိတ်သောကတွေ ဖြစ်နေတယ်။ ပြီးတော့ အချိန်နဲ့အမျှ အရေးကြီးနေတဲ့ ကိစ္စမျိုး။ မင်း အထင်လွဲနေပုံရတယ်။ ဘိုးဘိုးရဲ့ ကုန်စုံဆိုင်မှာ အကြံဉာဏ်တွေ တောင်းခံလို့ ရတယ်လို့ မင်း ကြားဖူးထားမှာပဲ။ ဒါပေမယ့် အဲဒါတွေက အပျော်အပြက် လုပ်နေတာပါလို့ မင်း သိထားတဲ့ပုံ မပေါ်ဘူး။ အဲဒီလို ဆိုပေမယ့်လည်း ဘိုးဘိုးအနေနဲ့ မင်းကို စာပြန်ဖို့ တာဝန်ရှိတယ်လို့ ခံစားရတယ်။ အနည်းဆုံးတော့ အကြံကောင်း ဉာဏ်ကောင်း ပေးနိုင်မယ့် တခြား လူတစ်ယောက်ယောက်ကို ဆက်သွယ်ပါလို့တော့ ဘိုးဘိုး စာပြန်သင့်တယ်လေ။ ဒါကြောင့်လည်း ဒီစာအိတ်နဲ့အတူ ဒီစာကို မင်း လက်ခံရရှိတာပဲ။
မင်းအတွက် ဘာအဖြေမှ ရှာမပေးဘဲ မင်းရဲ့ စာချည်းသက်သက်ကို ပြန်ပေးလိုက်တာဟာ ဘိုးဘိုးအနေနဲ့ တာဝန်မဲ့ရာ ကျနေလိမ့်မယ်။ အထင်လွဲတာပဲ ဖြစ်ဖြစ် နာမီယာဘိုးဘိုးဆီမှာ အကြံတောင်းကြည့်ကြည့်တာပေါ့ ဆိုတဲ့ မျှော်လင့်ချက်မျိုး မင်းမှာ ရှိနေခဲ့မယ် ဆိုရင်တော့ ဘိုးဘိုးအနေနဲ့ အဖြေရှာပေးဖို့ ပိုပြီး တာဝန်ရှိသွားပြီ။
ဒါနဲ့ မင်းအနေနဲ့ ဘာလုပ်သင့်သလဲဆိုတာကို ဘိုးဘိုးက အသည်းအသန် စဉ်းစားကြည့်တယ်။ ဘိုးဘိုးရဲ့ နုံ့နှေးတဲ့ ဦးနှောက်နဲ့ အဖန်တလဲလဲ စဉ်းစားဆင်ခြင်ခဲ့တယ်။
အကောင်းဆုံး ဖြေရှင်းနည်းကတော့ မင်းမိဘတွေရဲ့ ထွက်ပြေးမယ့် အစီအစဉ်ကို ဖျက်ခိုင်းဖို့ပဲ။ အဲဒီလို ထွက်ပြေးကြတဲ့ လူတချို့ကိုလည်း ဘိုးဘိုး သိကျွမ်းခဲ့ဖူးတယ်။ သူတို့ နောက်ပိုင်းမှာ ဘာတွေ ဖြစ်ပျက်ကုန်ကြသလဲ ဆိုတာကို ဘိုးဘိုး ကောင်းကောင်း မသိပေမယ့် သာယာတဲ့ ဘဝသစ်တစ်ခု ရနေကြပြီ လို့တော့ မထင်ဘူး။ တစ်ခဏတာ စိတ်လက် ပေါ့ပါး သွားနိုင်ပေမယ့် မင်း ပြောခဲ့သလိုပဲ၊ အကြွေးရှင်တွေကတော့ သူ့နည်းသူ့ဟန်နဲ့ မရအရ လိုက်ရှာနေကြဦးမှာပဲ။
ဒါပေမယ့် မင်းရဲ့ မိဘတွေကို မင်း သိမ်းသွင်းလို့ လွယ်မှာ မဟုတ်ဘူး။ ရလာနိုင်တဲ့ ဆိုးကျိုးတွေကို သူတို့ကိုယ်တိုင်လည်း သိထားပြီးလောက်ရောပေါ့။ ဒါတောင် သူတို့က အဲဒီလို လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြတယ်လေ။ သူတို့က စိတ်ပြောင်းသွားနိုင်မှာ မဟုတ်တော့ မင်းလည်း စိတ်ဆင်းရဲနေရမှာပဲ။
ဒီမှာ မေးစရာ မေးခွန်းတစ်ခု ရှိလာတယ်။ မင်းရဲ့ မိဘတွေကို မင်း ဘယ်လို မြင်သလဲ။ သဘောကျသလား။ အမြင်ကပ်သလား။ ယုံကြည်သလား။ မယုံကြည်ဘူးလား။
ဘာဖြစ်လို့လဲ ဆိုတော့ မင်းမေးနေတဲ့ မေးခွန်းက မင်းတို့ မိသားစုအနေနဲ့ ဘယ်လို လုပ်ရမလဲလို့ မေးတာ မဟုတ်ဘူး။ မင်းအနေနဲ့ ဘယ်လို လုပ်ရမလဲလို့ မေးထားတာလေ။ ဒါကြောင့် မင်းနဲ့ မင်းမိဘတွေရဲ့ ဆက်ဆံရေးကို ဘိုးဘိုး နားလည်ထားချင်တယ်။
ဘိုးဘိုး စာ စစချင်းမှာ ဝန်ခံထားသလိုပါပဲ။ အမှန်တကယ် ကြုံတွေ့နေရတဲ့ စိတ်သောကတွေကို ဖွင့်ဟတိုင်ပင်ခံရတာ နာမီယာကုန်စုံဆိုင်အနေနဲ့ ဒါ ပထမဆုံး အကြိမ်ပဲ။ ဒါကြောင့် မင်းကို အကောင်းဆုံး အကြံဉာဏ် မပေးနိုင်သေးဘူး။ တကယ်လို့ မင်းအနေနဲ့ ဆက်မပြောချင်တော့ဘူး ဆိုရင်လည်း ဘာတတ်နိုင်မလဲ။ ဒါပေမယ့် ဆက်ပြီး ဆွေးနွေး တိုင်ပင်ချင်သေးတယ်လို့ ဆန္ဒရှိရင်တော့ ဘိုးဘိုးရဲ့ မေးခွန်းကို အမှန်အတိုင်း ဖြေကြားပေးပါ။ ဒါမှ နောက်တစ်ခါကျရင် မင်းကို ကောင်းကောင်း ဖြေဆိုပေးနိုင်ပါလိမ့်မယ်။
ဒါပေမယ့် နောက်တစ်ခေါက်ကျရင် စာကို စာထည့်ပုံးထဲ မထည့်ပါနဲ့တော့။ ဆိုင်က နေ့တိုင်း ည ၈ နာရီဆို တံခါးပိတ်ပါတယ်။ ဆိုင်ပိတ်ပြီး နောက်ပိုင်းကျမှ ယင်းလိပ်တံခါးပေါ်က စာထည့်ပေါက်ကနေ စာထည့်ပေးပါ။ ဘိုးဘိုးက နောက်တစ်နေ့မှာ ပြန်စာကို နွားနို့သေတ္တာထဲ ထည့်ထားနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ မင်းက ဆိုင်မဖွင့်ခင် ဒါမှမဟုတ် ဆိုင်မပိတ်ခင် ပြန်စာကို လာယူပေါ့။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၈ နာရီခွဲပါ။
မင်းကို အပြည့်အဝ အဖြေ မပေးနိုင်တဲ့အတွက် ဝမ်းနည်းပါတယ်။ ဒါပေမယ့် ဘိုးဘိုးကတော့ ဒီလောက် ဖြေနိုင်ဖို့ကိုပဲ အသည်းအသန် ကြိုးစားထားရတာ။ တောင်းပန်ပါတယ်။
နာမီယာကုန်စုံဆိုင် ❞
စာဖတ်ပြီးနောက် ကိုဆုကေ ခေါင်းကုတ်နေသည်။ စာထဲမှ အကြောင်းအရာကို ပိုမို နားလည်နိုင်ရန် သူ စာကို နောက်တစ်ကြိမ် ပြန်ဖတ်ကြည့်သည်။
ပထမဆုံးအနေဖြင့် ဆိုင်ရှင်ဘိုးဘိုးသည် အဘယ်ကြောင့် စာကို လူသိရှင်ကြား မကပ်ခဲ့သနည်း ဆိုသည့် အချက်ကို သူ နားလည်လာသည်။ သေချာ စဉ်းစားကြည့်လျှင် ကောင်းစွာ သဘောပေါက်နိုင်သည်။ ယခင်က အမေးစာလွှာ အားလုံးသည် အပျော်အပြက် ရေးထားသော စာများသာ ဖြစ်ကြသည်။ စိတ်ဝင်စားစရာ ကောင်းသောကြောင့်သာ လူအများ ဖတ်နိုင်ရန် နံရံပေါ်တွင် ကပ်ပြခဲ့သည်။ သို့သော် ယခုစာမှာ အဖြစ်မှန်ကို မေးမြန်းထားခြင်း ဖြစ်သောကြောင့် အဘိုးအိုက ထိုသို့ မလုပ်သင့်ကြောင်း ယူဆခဲ့သည်။
ထို့အပြင် ဆိုင်ရှင်ဘိုးဘိုးသည် ဤကဲ့သို့ လေးနက်သော စာမျိုးကို လျစ်လျူရှုထားလိုက် နိုင်သော်လည်း ထိုသို့ မလုပ်ဘဲ သူ့အတွက် အဖြေပေးနိုင်ရန် ကြိုးစားခဲ့သည်။ ၎င်းအတွက် ကိုဆုကေကို နှစ်သိမ့်မှု ရစေခဲ့သည်။ မိမိ ကျရောက်နေသော ဒုက္ခ အတိမ်အနက်ကို နားလည် စာနာမည့်သူ ရှိနေကြောင်း တွေးမိလိုက်သည့်အခါတွင် သူ၏ စိတ်ထဲ အနည်းငယ် ပေါ့ပါးသွားသည်။ ထိုစာကို ရေးခဲ့မိသည့်အတွက် သူ ကျေနပ်နေမိသည်။
သို့သော် ဆိုင်ရှင်ဘိုးဘိုးက သူ့အား တိကျပြတ်သားသော အဖြေတစ်စုံတစ်ရာ ပေးခဲ့သည်တော့ မဟုတ်သေး။ သူ့ကို မေးခွန်းတစ်ခု ဖြေဆိုရန် တောင်းဆိုထားသည်။ သို့မှသာ အဖြေပေးနိုင်မည်။
ထိုနေ့ညတွင် ကိုဆုကေသည် သူ၏ အခန်းထဲတွင် စာရေးစက္ကူကို ဖြန့်ချပြီး ဆိုင်ရှင်ဘိုးဘိုး၏ မေးခွန်းကို ဖြေကြားရန် ပြင်ဆင်လိုက်သည်။
‘မင်းရဲ့ မိဘတွေကို ဘယ်လို မြင်သလဲ’
ကိုဆုကေသည် ခေါင်းကို စောင်းငဲ့လျက် ရေရွတ်နေမိသည်။ ဘယ်လို မြင်သနည်း။ သူ ကိုယ်တိုင်လည်း ရှင်းမပြတတ်ပေ။
အလယ်တန်းကျောင်းသားတစ်ယောက် ဖြစ်လာသည့်နောက်တွင် သူသည် မိဘများ၏ အပြုအမူများကို အမြင်ကပ်သည်ထက် ကပ်လာခဲ့သည်။ သို့သော် ၎င်းမှာ သူတို့ကို မုန်းတီးခြင်း မဟုတ်ကြောင်း သူ နားလည်သည်။ နေရာတကာ ဝင်ပါနေခြင်းနှင့် သူ့ကို ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံနေခြင်းကို သည်းမခံနိုင်ရုံမျှသာ ဖြစ်သည်။
အိမ်မှ ထွက်ပြေးရန် မိဘများက ဖွင့်ပြောလာသော အချိန်တွင်မူ သူတို့အပေါ် သူ လုံးဝ စိတ်ပျက်သွားသည်။ အကယ်၍ ချစ်သလား၊ မုန်းသလားဟု မေးလာလျှင် ယခုမြင်တွေ့ရသော မိဘများကို မုန်းသည်ဟုသာ ဖြေကြားရပေမည်။ ယုံလည်း မယုံကြည်တော့။ ထို့ကြောင့် သူတို့ ပြောသည့်အတိုင်း လိုက်လုပ်ခြင်းဖြင့် အမှန်တကယ် ဘေးရန် ကင်းရှင်းနိုင်မည်လော။ သူ သံသယ ဝင်နေမိသည်။
အချိန်ကြာမြင့်စွာ အပြန်ပြန် အလှန်လှန် စဉ်းစားပြီးနောက် ထွက်ပေါ်လာသော အဖြေမှာ ဤတစ်မျိုးတည်းသာ ဖြစ်သည်။ မတတ်နိုင်တော့။ ကိုဆုကေသည် ဤအတိုင်း ချရေးလိုက်သည်။ ရေးပြီးနောက် စက္ကူကို သေချာကောက်ပြီး အိတ်ကပ်ထဲ ထည့်ကာ အိမ်ပြင် ထွက်လာခဲ့သည်။ ကီမီကိုက သူ့ကို မေးသောအခါ သူငယ်ချင်းအိမ်သို့ သွားမည်ဖြစ်ကြောင်း ပြန်ဖြေခဲ့သည်။ မိခင်၏ ခေါင်းထဲတွင် ထွက်ပြေးကြမည့် ကိစ္စများကိုသာ အသည်းအသန် တွေးနေသောကြောင့် ဖြစ်မည်။ ဘာမျှ ဆက်မေးတော့ချေ။ ဆာဒါယုကိကလည်း အိမ်ပြန် မရောက်သေး။
ည ၈ နာရီကျော်ပြီ ဖြစ်သောကြောင့် နာမီယာကုန်စုံဆိုင်၏ ယင်းလိပ်တံခါးကို ပိတ်ထားပြီးလေပြီ။ ကိုဆုကေသည် နှစ်ခေါက် ခေါက်ထားသော စာရေးစက္ကူကို စာထည့်ပေါက်မှ ထိုးထည့်လိုက်ပြီး အမြန် ပြေးထွက်လာတော့သည်။
နောက်တစ်နေ့နံနက် ၇ နာရီကျော်တွင် သူ အိပ်ရာမှ ထခဲ့သည်။ အမှန်တကယ်တော့ သူ တစ်ရေးမျှ အိပ်မပျော်ခဲ့ချေ။ မိဘများ အိပ်ပျော်နေကြစဉ် ကိုဆုကေသည် အိမ်ပြင်သို့ တိတ်တဆိတ် ထွက်လာခဲ့သည်။
နာမီယာကုန်စုံဆိုင်၏ ယင်းလိပ်တံခါးမှာ ပိတ်ထားဆဲ။ သူသည် လေးဘက်လေးတန်ကို အလျင်အမြန် လှည့်ကြည့်ပြီး အနီးတွင် လူမရှိမှန်း သေချာမှ ဆိုင်ဘေးရှိ လမ်းကျဉ်းထဲသို့ ဝင်သွားသည်။
နွားနို့သေတ္တာကို အသာအယာ ဆွဲဖွင့်လိုက်သည်။ ယမန်နေ့က ကဲ့သို့ပင် အထဲတွင် စာတစ်စောင် ရှိနေသည်။ သူ့အတွက် ပြန်ထားသောစာ ဖြစ်ကြောင်း သေချာသည်နှင့် ထိုနေရာမှ သူ ချက်ချင်း ထွက်ခွာလာခဲ့သည်။
စာကြည့်တိုက် ရောက်သည်အထိ သူ မစောင့်နိုင်တော့။ လမ်းဘေးတွင် ကုန်ကားကြီးတစ်စီး ရပ်ထားသည်ကို တွေ့သဖြင့် ၎င်းကားကြီး၏ အနောက်ဘက်တွင် ကွယ်ကာ စာကို ထုတ်ဖတ်လိုက်လေသည်။
❝ သို့ – ပေါလ်လန်နွန်
မင်းရဲ့ စိတ်အခြေအနေကို ဘိုးဘိုး နားလည်ပေးနိုင်ပါတယ်။
လက်ရှိ အခြေအနေအရ မင်းရဲ့ မိဘတွေအပေါ်မှာ အယုံအကြည် ကင်းမဲ့နေတယ် ဆိုတာလည်း သဘာဝ ကျတာပါပဲ။ သူတို့ကို အမြင်ကပ်လာတယ် ဆိုရင်လည်း မင်းကို အပြစ် မဆိုသာပါဘူး။
ဒါပေမယ့် “မိဘတွေကို အဆက်အသွယ် ဖြတ်ပြီး ကိုယ်မှန်တယ်လို့ ယူဆထားတဲ့ လမ်းပေါ် ဆက်လျှောက်ပါ” လို့တော့ ဘိုးဘိုးက မင်းကို ဘယ်တော့မှ အကြံပြုမှာ မဟုတ်ဘူး။
မိသားစုနဲ့ ပတ်သက်ပြီး ဘိုးဘိုးရဲ့ ခံယူချက်က ဒီလိုပါ။ ကိစ္စ တစ်ခုခုအတွက် ခရီးထွက်တဲ့ အချိန်ကလွဲလို့ မိသားစုဆိုတာ အသက်ထက်ဆုံး အမြဲတမ်း အတူတူပဲ ရှိနေသင့်တာ။ အမြင်မကြည်လို့၊ စိတ်ပျက်ငြီးငွေ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းခွဲကြတယ်ဆိုတာ မိသားစုအတွင်းမှာ ရှိသင့် ရှိထိုက်တဲ့ လုပ်ရပ် မဟုတ်ဘူး။
မင်းရဲ့ စာထဲမှာ “အခု မြင်တွေ့နေရတဲ့ မိဘကို မုန်းတယ်” လို့ ရေးထားတယ်။ ‘အခု’ ဆိုတဲ့ စကားလုံးကို မင်းသုံးထားတာ ဘိုးဘိုး သတိထားမိတယ်။ အဲဒီ စကားလုံးကို သုံးထားခြင်းအားဖြင့် အရင်ကတော့ မင်း သူတို့ကို ချစ်မြတ်နိုးခဲ့တယ်လို့ ဝန်ခံရာ ရောက်နေတာပေါ့။ အခုနောက်ပိုင်း ရောက်မှသာ ဖြစ်ပေါ်လာတဲ့ အခြေအနေ အချိန်အခါတွေအရ မိဘတွေအပေါ် အမြင်တွေ ပြောင်းလဲလာတယ်။
အဲဒီလိုသာ အမှန်ဆိုရင် မင်းမှာ ရွေးချယ်စရာ တစ်လမ်းပဲ ရှိတယ်။
လူမသိ သူမသိ ထွက်ပြေးတယ် ဆိုတာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါကြောင့် ပုံမှန်အားဖြင့် ဘိုးဘိုးကတော့ အဲဒီလို လုပ်ပါလို့ တိုက်တွန်းမှာ မဟုတ်ဘူး။ ဒါပေမယ့် တခြား ရွေးချယ်စရာ နည်းလမ်း မရှိဘူး ဆိုတဲ့ အခြေအနေမျိုးမှာ ဆိုရင်တော့ မိဘတွေနဲ့ အတူလိုက်သွားတာ မင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ဘိုးဘိုး ယူဆတယ်။
မင်း မိဘတွေမှာလည်း သူတို့ အကြံအစည်နဲ့ သူတို့ ရှိကြပါလိမ့်မယ်။ သူတို့လည်း နားလည်ထားမှာပဲ။ ရှောင်ပြေးရုံနဲ့ ဘာပြဿနာကိုမှ ဖြေရှင်းလို့ မရနိုင်ဘူးလေ။ တစ်နေရာရာမှာ ခဏတာ ပုန်းအောင်းနေမယ်လို့ သူတို့ စီစဉ်ထားပုံ ရပါတယ်။ သင့်လျော်တဲ့ အချိန်အခါ ရောက်မှ ပြဿနာတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းဖို့ စိတ်ကူးထားပုံပဲ။
ပြဿနာ အားလုံးကို ပြေလည်သွားအောင် ဖြေရှင်းနိုင်ဖို့ ဆိုတာ အချိန် အများကြီး လိုကောင်း လိုလိမ့်မယ်။ အဲဒီ အတောအတွင်းမှာလည်း ဒုက္ခတွေ ကြုံရနိုင်တာပဲ။ အဲဒီလို ကြုံလာနိုင်လို့ပဲ တစ်မိသားစုလုံးဟာ တစ်စုတစ်စည်းတည်း ရှိနေဖို့ ပိုပြီး လိုအပ်တာပေါ့။ မင်းကို သူတို့က ဘာမှ ပြောပြမထားဘူး ဆိုပေမယ့် မင်းရဲ့ အဖေမှာ လုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတော့ ရှိနေမှာ သေချာပါတယ်။ သူ ဒီလမ်းကို ရွေးချယ်ရတာဟာ တခြား ရည်ရွယ်ချက် မရှိဘူး။ ကိုယ့်မိသားစုကို ကာကွယ်စောင့်ရှောက် ပေးနိုင်ဖို့ သက်သက်ပဲ။ ဒါကြောင့် သူ့ရဲ့ အနောက်ကနေ အားပေး ထောက်ပံ့နေဖို့ရာက မင်းနဲ့ မင်းအမေတို့ရဲ့ ဝတ္တရားပဲ။
ထွက်ပြေးပုန်းရှောင်ဖို့ ကိစ္စအတွက်နဲ့ မိသားစုတစ်စု ပြိုကွဲသွားမယ် ဆိုရင် ပိုပြီး နစ်နာ မသွားပေဘူးလား။ အဲဒီလို ဖြစ်သွားရင်တော့ ဘာမှကို အဖတ်ဆယ်လို့ မရအောင် ဆုံးရှုံးသွားမှာပဲ။ ထွက်ပြေးပုန်းရှောင်တာဟာ မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ဘူး ဆိုပေမယ့် မိသားစု တစ်စုလုံးသာ တက်ညီလက်ညီ လှော်ခတ်နေမယ်ဆိုရင် မူမှန်တဲ့ ဘဝလမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ မျှော်လင့်နိုင်သေးတာပဲ။
မင်း ဘယ်အရွယ် ရှိပြီလဲဆိုတာ ဘိုးဘိုး မသိပါဘူး။ မင်းရဲ့ စာအရေးအသားကို ကြည့်ခြင်းအားဖြင့် မင်းဟာ အလယ်တန်း ဒါမှမဟုတ် အထက်တန်း ကျောင်းသားတစ်ယောက် ဖြစ်ရမယ်လို့ ခန့်မှန်းမိတယ်။ တစ်နေ့ကျရင် မင်းမိဘတွေက မင်းရဲ့ အကူအညီတွေကို အများကြီး လိုလာဦးမှာပါ။ မင်း စာကို ကောင်းကောင်း ကြိုးစားစေချင်တယ်။ အဲဒီနေ့အတွက် ကြိုတင် ပြင်ဆင်ထားပါ။
အခုချိန်မှာ ဘယ်လောက်ပဲ စိတ်ဆင်းရဲစရာတွေနဲ့ ကြုံနေရပါစေ။ မင်း တစ်ခုတော့ ယုံကြည်ထားပါ။ မနက်ဖြန်ဟာ ဒီနေ့ထက် ပိုကောင်းလာပါလိမ့်မယ်။
နာမီယာကုန်စုံဆိုင် ❞
(ဃ)
နွေကျောင်းပိတ်ရက် ကုန်ဆုံးရန် တစ်ပတ်အလိုတွင် ဘီတယ်လ်ကြိုက်နှစ်သက်သော သူငယ်ချင်းထံမှ ဖုန်းဝင်လာသည်။ ဘီတယ်လ်အဖွဲ့ ဂျပန်သို့ လာရောက်စဉ်က အကြောင်းကို အတင်းအဖျင်းအဖြစ် ပြောကြားခဲ့သောသူမှာ ထို သူငယ်ချင်းပင် ဖြစ်သည်။ ယခုအကြိမ်တွင်မူ ကိုဆုကေအိမ်၌ ယခင်က လုပ်နေကျအတိုင်း ဘီတယ်လ်သီချင်းများကို အတူနားထောင်ကြရန် အဆင်ပြေမပြေ ဖုန်းဆက်မေးခြင်း ဖြစ်သည်။ ထိုသူငယ်ချင်းသည် ဘီတယ်လ်ကို အရူးအမူ: သဘောကျသူ တစ်ယောက် ဖြစ်သော်လည်း သူ့အိမ်တွင် သီချင်းဖွင့်စက် မရှိသောကြောင့် သူ့ထံတွင် အခွေတစ်ခွေမျှ မရှိပေ။ ဘီတယ်လ်သီချင်းကို နားထောင်ချင်လျှင် ကိုဆုကေထံသို့ လာရစမြဲ။
“ဆောရီးပဲကွာ။ အခု အဆင်မပြေသေးဘူး။ အိမ်က ပြင်နေလို့ သီချင်းဖွင့်လို့ မရဘူး” သီချင်းဖွင့်စက်များ ရောင်းထုတ်လိုက်စဉ် ကတည်းက သူငယ်ချင်းများအား မည်သို့ အကြောင်းပြရမည်ကို ကြိုတင် ကြံစည်စိတ်ကူးထားခဲ့သည်။ ထို့ကြောင့် သူ့စကားသံမှာ အထေ့အငေါ့ မရှိ အဆင်ချောနေသည်။
“အား … အဲဒီလိုလား” သူငယ်ချင်းက စိတ်ပျက်သွားသော လေသံဖြင့် ပြန်ပြောသည်။ “ငါ့ကောင်ရာ၊ ငါ အခုချိန် ဘီတယ်လ်ကို အရမ်း တမ်းတနေမိတယ်”
“ဘာအကြောင်းထူးလို့လဲ”
ထိုမေးခွန်းကို ကြားရသောအခါ သူငယ်ချင်းက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ ထို့နောက် ဈေးကိုင်နေသကဲ့သို့ တစ်ခဏမျှ ငြိမ်သက်နေပြီးမှ ပြောလာသည်။ “ငါ ရုပ်ရှင် ကြည့်ပြီးသွားပြီ။ ဒီနေ့ ရုံတင်တယ်လေ”
သူ ချက်ချင်း သဘောပေါက်သွားသည်။ ‘Let It Be’ ရုပ်ရှင်ကား။ “ဘယ်လိုနေလဲ” ကိုဆုကေက မေးလိုက်သည်။
“အင်း …. ဘယ်လို ပြောရမလဲ။ ကိစ္စ အတော်များများကို နားလည်လာတယ်”
“ဘာနားလည်တာလဲ”
“အတော် များများပဲကွာ။ ဥပမာ သူတို့ဘာဖြစ်လို့ ကွဲသွားရသလဲ ဆိုတာမျိုးပေါ့”
“သူတို့အဖွဲ့ ပြိုကွဲသွားရတဲ့ အကြောင်းအရင်းကို ထည့်ပြောထားလို့လား”
“ဟင့်အင်း၊ အဲဒီလို မဟုတ်ဘူး။ ဒီရုပ်ရှင်ကို ရိုက်နေတုန်းက ကွဲကြပြဲကြဖို့ ထုတ်မပြောကြသေးဘူး။ ဒါပေမယ့် ကြည့်ပြီးတဲ့ နောက်မှာတော့ ‘ဪ … သူတို့က ဒီအခြေအနေတောင် ရောက်နေကြမှကိုး’ ဆိုတဲ့ ခံစားမှုမျိုး ရလိုက်တာပဲ။ ငါ ပြောမပြတတ်ဘူးကွာ။ မင်း ကိုယ်တိုင် ကြည့်ကြည့်ရင် သိမှာပဲ”
သူတို့ ထွေရာလေးပါး ပြောဆိုကြပြီးနောက် ဖုန်းချလိုက်ကြသည်။ ကိုဆုကေသည် အခန်းသို့ ပြန်ရောက်သောအခါ ဘီတယ်လ်၏ သီချင်းအခွေများကို စိုက်ကြည့်နေမိသည်။ အစ်ကိုထံမှ ရထားသော အခွေများနှင့် သူကိုယ်တိုင် ဝယ်ထားသော အခွေများကို ပေါင်းလိုက်လျှင် စုစုပေါင်း အခွေ ၅၀ ကျော်သည်။
ထိုအခွေများကို သူ စွန့်ပစ်ရန် စိတ်ကူးမရှိ။ မကြာခင် ကာလအတွင်း ရောက်ရှိတော့မည့် နေရာသစ်သို့လည်း မရအရ ယူသွားဦးမည်။ မိဘများက အသုံးအဆောင် ပစ္စည်းများကို နည်းနိုင်သမျှ နည်းအောင် ပြင်ဆင်ခိုင်းထားသော်လည်း သူသည် ၎င်းအခွေများကို လုံးဝ ပစ်ထားခဲ့မည် မဟုတ်ချေ။
ထွက်ပြေးမည့်ကိစ္စကို ထပ် မစဉ်းစားတော့ရန် သူ ဆုံးဖြတ်လိုက်သည်။ သူ မည်မျှပင် ဆန့်ကျင်နေစေကာမူ မိဘများက သူတို့၏ အစီအစဉ်ကို ပြောင်းလဲတော့မည် မဟုတ်ပေ။ ထို့အပြင် သူတစ်ယောက်တည်း နေခဲ့၍လည်း မဖြစ်နိုင်။ မိဘများတွင် သူတို့ အကြံအစည်နှင့် သူတို့ ရှိကြပေလိမ့်မည်။ သူတို့က ပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းရန် စိတ်ကူးထားပေမည်။ နာမီယာဘိုးဘိုးက ထိုသို့ ပြောခဲ့သည်။ ထိုစကားများကိုသာ ယုံကြည်ရန် ကျန်ရှိတော့သည်။
သို့သော် ….. ‘Let It Be ကို ကြည့်လိုက်ရင် မင်း နားလည်သွားမှာပါ’ ဟု သူငယ်ချင်းက အဘယ်ကြောင့် ပြောခဲ့သနည်း။
ထိုနေ့ည ညစာစားပြီးနောက် ဆာဒါယုကိသည် ပထမဆုံး အကြိမ်အဖြစ် ထွက်ပြေးကြမည့် အစီအစဉ် အသေးစိတ်ကို ထုတ်ပြောလေသည်။ အချိန်မှာ ဩဂုတ်လ ၃၁ ရက်နေ့ ညသန်းခေါင် ၁၂ နာရီအချိန်တွင် ထွက်ခွာကြမည်။
“၃၁ ရက်နေ့က တနင်္လာနေ့ဆိုတော့ အဲဒီနေ့မှာ ငါ ရုံးသွားတက်မယ်။ ပြီးတော့ ၉ လပိုင်း ၁ ရက်နေ့ကနေ စပြီး တစ်ပတ်ခွင့်ယူမယ်လို့ ရုံးမှာ ငါ အသိပေးခဲ့မယ်။ ဒါဆို နောက်တစ်ရက်မှာ ငါ ရုံးမတက်ရင်လည်း ဘယ်သူမှ သံသယ ဝင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ပတ်ပြည့်သွားရင်တော့ အကြွေးဆပ်ဖို့ ကိစ္စကို လူတွေ အများကြီးက လာစုံစမ်းကြတော့မှာပဲ။ ငါတို့ ထွက်ပြေးတဲ့ ကိစ္စကိုလည်း ချက်ချင်း ရိပ်မိသွားကြလိမ့်မယ်။ ဒါကြောင့် အဲဒီအချိန်က စပြီး ငါတို့ နေရာအသစ်မှာ အချိန်အတိုင်းအတာ တစ်ခုထိ ပုန်းရှောင်နေမှ ဖြစ်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ငါတို့ မိသားစုသုံးယောက် တစ်နှစ်၊ နှစ်နှစ်စာအတွက် သုံးဖို့ လုံလောက်တဲ့ ပိုက်ဆံကို ငါ ပြင်ဆင်ထားပြီးပြီ။ အဲဒီအချိန်အတွင်းမှာမှ ငါတို့ နောက်တစ်ဆင့် ဘာဆက်လုပ်ကြမလဲ ဆိုတာ တိုင်ပင်ကြတာပေါ့” ဆာဒါယုကိ၏ လေသံက ယုံကြည်မှု ပြည့်ဝနေသည်။
“ဒါဆို ကျောင်းကရော။ ကျွန်တော်က ဘယ်ကျောင်းကို ပြောင်းရမှာလဲ”
ကိုဆုကေ၏ အမေးကြောင့် ဆာဒါယုကိ၏ မျက်နှာမှာ ညိုမဲသွားသည်။
“အဲဒီကိစ္စကို အဖေ ကောင်းကောင်း စဉ်းစားပါဦးမယ်။ ဒါပေမယ့် လတ်တလောတော့ ဖြစ်လာဦးမယ် မထင်ဘူး။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ လေ့လာရလိမ့်မယ်”
“ကျောင်းမတက်ရတော့ဘူးလို့ အဖေက ဆိုလိုချင်တာလား”
“အဲဒီလို မဟုတ်ပါဘူးကွာ။ ချက်ချင်း စီစဉ် မပေးနိုင်သေးဘူးလို့ ပြောတာပါ။ အလယ်တန်းက အစိုးရစစ်မှ မဟုတ်ဘဲ။ ကျောင်းက လွယ်လွယ်နဲ့ တက်လို့ ရပါတယ်။ မင်း ဘာမှ စိတ်ပူမနေနဲ့။ ငါ မင်းတို့ရဲ့ အတန်းပိုင်ဆရာနဲ့ သွားဆွေးနွေးထားမယ်။ အလုပ်ကိစ္စကြောင့် တစ်မိသားစုလုံး နိုင်ငံခြားမှာ တစ်ပတ်လောက် ကြာမယ်လို့ သူ့ကို ပြောထားလိုက်မယ်။ နောက်တော့မှ ကျောင်းပြန်သွားအပ်တာပေါ့ကွာ” ဆာဒါယုကိသည် မအီမသာ မျက်နှာထားဖြင့် သူ့ကို ရှင်းပြနေသည်။
“ဒါဆို အထက်တန်းကရော ဘယ်လို လုပ်မှာတုန်း” ကိုဆုကေက ထိုသို့ မေးလိုက်ချင်သည်။ သို့သော် မမေးဖြစ်ခဲ့။ ဖခင် မည်သို့ ပြန်ဖြေမည်ကို သူ ကြိုတင် ခန့်မှန်းနိုင်နေပြီ။ “ငါ သေချာ စဉ်းစားပါဦးမယ်ကွာ။ စိတ်ပူမနေစမ်းပါနဲ့” ဟူသော စကားမျိုးသာ ဖြစ်ပေတော့မည်။
မိဘများနှင့် အတူလိုက်သွားလျှင် အမှန်တကယ်ပင် ပြဿနာ မရှိတော့ပြီလော။ စိုးရိမ်စိတ်သည် အတွင်းမှ နောက်တစ်ကြိမ် ခေါင်းပြူလာပြန်သည်။ တခြား ရွေးချယ်စရာ မရှိမှန်း သိနေသော်လည်း သူ့စိတ်ထဲ မတင်မကျ ဖြစ်နေလေသည်။
အချိန်များသည် ထိုသို့ တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားရာ မသိလိုက် မသိဘာသာနှင့် ၈ လ ၃၀ ရက်နေ့သို့ ရောက်လာခဲ့ချေပြီ။ ထိုနေ့ညတွင် ကိုဆုကေသည် သူ့အထုပ်အပိုးများကို စစ်ဆေးနေစဉ် ရုတ်တရက် တံခါးပွင့်လာသည်။ သူ အံ့အားသင့်ပြီး ခေါင်းမော့ကြည့်လိုက်ရာ တံခါးဝတွင် ရပ်နေသော ဆာဒါယုကိကို တွေ့ရသည်။
“သား အားတယ်မလား”
“ဟုတ်”
ဆာဒါယုကိသည် အခန်းတွင်းသို့ ဝင်လာပြီး ကိုဆုကေ၏ ဘေးနားတွင် ထိုင်ချလိုက်သည်။ “ပစ္စည်းတွေ သိမ်းပြီးပြီလား”
“ပြီးသလောက်ပါပဲ။ ကျောင်းက ဖတ်စာအုပ်တွေ အကုန်လုံး ယူသွားမယ်လို့ စိတ်ကူးထားတယ်”
“အင်း၊ ဖတ်စာအုပ်တွေကို ယူရမှာပေါ့”
“ပြီးတော့ …. ဒါလည်း ယူသွားမှ ဖြစ်မယ်” ကိုဆုကေသည် အနားရှိ စက္ကူကတ်ပုံးကို ဆွဲယူလိုက်သည်။ အထဲတွင် ဘီတယ်လ်၏ သီချင်းခွေများ အပြည့်ထည့်ထားသည်။
ဆာဒါယုကိသည် ပုံးထဲသို့ လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “အများကြီးပါလား”
“အခြား ပစ္စည်းတွေကိုတော့ တတ်နိုင်သလောက် လျှော့ပစ်လိုက်ပြီ။ ဒါကြောင့် ဒါကတော့ သယ်ကို သယ်မှ ဖြစ်မယ်” ကိုဆုကေက အလျှော့မပေးလိုသော လေသံဖြင့် ပြောလိုက်သည်။
ဆာဒါယုကိသည် ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြီး အခန်းတွင်းသို့ ဝေ့ဝိုက်ကြည့်နေသည်။ ထို့နောက် သူ့အကြည့်မှာ ကိုဆုကေ၏ မျက်နှာပေါ်သို့ ပြန်ရောက်လာသည်။
“မင်း အဖေ့ကို ဘယ်လို မြင်သလဲ” သူက ရုတ်တရက် မေးလိုက်သည်။
“ဘာကို ဘယ်လို မြင်ရမှာလဲ”
“စိတ်မဆိုးဘူးလား။ အခုလို ဘဝမျိုး ဆိုက်ရောက်သွားတာ အဖေ အသုံးမကျလို့လို့ မင်း မထင်ဘူးလား”
“အမှန်အတိုင်း ပြောရရင် …….” ပြောရင်း ရပ်တန့်သွားပြီး တစ်ခဏကြာမှ ကိုဆုကေက ဆက်ပြောလေသည်။ “အဖေ့ရင်ထဲမှာ ဘာတွေ ဖြစ်နေမလဲတော့ ကျွန်တော် မသိဘူး။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အရမ်း ကြောက်နေတယ်”
“အင်း” ဆာဒါယုကိက ခေါင်းညိတ်နေသည်။ “ဖြစ်ထိုက်ပါတယ်”
ဆာဒါယုကိသည် မျက်တောင်ကို နှစ်ကြိမ်သုံးကြိမ် ခတ်လိုက်သည်။ “စိတ်မပူပါနဲ့” သူ ဆက်ပြောသည်။ “အချိန် ဘယ်လောက် ယူရမလဲ။ ဘယ်လို လုပ်သင့်သလဲ ဆိုတာ အခုချိန်တော့ အဖေ မပြောတတ်သေးဘူး။ ဒါပေမယ့် ငါတို့ အရင်တုန်းက အခြေအနေကိုတော့ ပြန်ရောက်အောင် လုပ်နိုင်တယ်။ အဖေ မင်းကို ကတိပေးပါတယ်”
“တကယ်လား အဖေ”
“တကယ်ပေါ့။ အဖေ့အတွက် အရေးကြီးဆုံး အရာက မိသားစုပဲ။ မိသားစုကို ကာကွယ်ဖို့အတွက်ဆိုရင် အဖေ ဘာပဲ လုပ်ရလုပ်ရ လုပ်နိုင်တယ်။ အသက်ကို စတေးရမယ် ဆိုရင်တောင် နောက်တွန့်မှာ မဟုတ်ဘူး။ ဒါကြောင့် ….” ဆာဒါယုကိသည် ကိုဆုကေ၏ မျက်လုံးအစုံကို တည့်တည့် စိုက်ကြည့်နေသည်။ “ဒါကြောင့် ထွက်ပြေးဖို့ အစီအစဉ်ကို အဖေ ရွေးချယ်ခဲ့ရတာပေါ့”
ဖခင်၏ စကားများမှာ ရင်ထဲမှ လာသော စကားများ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော စကားများကို သူ့ထံမှ ပထမဆုံး အကြိမ် ကြားရခြင်း ဖြစ်သောကြောင့် ကိုဆုကေ၏ ရင်မှာ တုန်ခါနေလေသည်။
“ကျွန်တော် နားလည်ပါပြီ” ကိုဆုကေက ပြောသည်။
“ကောင်းပြီလေ” ဆာဒါယုကိသည် ပေါင်ကို ပုတ်ပြီး မတ်တတ်ထရပ်လိုက်သည်။ “မနက်ဖြန် တစ်နေကုန် သား ဘာလုပ်ဖို့ စီစဉ်ထားသလဲ။ နွေကျောင်းပိတ်ရက်လည်း ကုန်တော့မှာဆိုတော့ သူငယ်ချင်းတွေကိုရော သွားမတွေ့တော့ဘူးလား”
“အဲဒါတွေက အရေးမကြီးတော့ပါဘူး” ကိုဆုကေက ခေါင်းခါပြသည်။ ‘မဟုတ်လည်း နောက်နောင် တွေ့ခွင့်ရတော့မှာမှ မဟုတ်တာ’ ထိုစကားများကိုတော့ မပြောဘဲ မျိုသိပ်ထားလိုက်သည်။ “ဒါပေမယ့်” သူ ဆက်ပြောသည်။ “ကျွန်တော် တိုကျိုကို တစ်ခေါက်လောက် သွားလို့ ရမလား”
“တိုကျို? ဘာလုပ်ဖို့လဲ”
“ရုပ်ရှင်ကြည့်ချင်လို့။ ဇာတ်ကားတစ်ကားကို သား ကြည့်ချင်နေတာ။ ယူရာကူချိုက ဆူဘာရုရုံမှာ ပြနေတာလေ”
“မနက်ဖြန် သွားမှ ဖြစ်မှာလား”
“ကျွန်တော်တို့ သွားမယ့်နေရာမှာ အဲဒီဇာတ်ကားကို ရုံတင်ထားတဲ့ ရုပ်ရှင်ရုံ ရှိမရှိမှ ကျွန်တော် မသိဘဲ”
ဆာဒါယုကိသည် အောက်နှုတ်ခမ်းကို ရှေ့သို့ စူလိုက်ပြီး ခေါင်းညိတ်နေသည်။
“ကျွန်တော် သွားကြည့်လို့ ရမလား”
“သွားလေ။ ဒါပေမယ့် မမှောင်ခင် ပြန်ရောက်မှ ဖြစ်မယ်”
“ဟုတ်ကဲ့ အဖေ”
“ကဲ ကဲ၊ ဒါဆို စောစောစီးစီး အနားယူတော့” ဆာဒါယုကိသည် ပြောပြီး အခန်းထဲမှ ထွက်ခွာသွားသည်။
ကိုဆုကေသည် စက္ကူကတ်ပုံးရှေ့ ရပ်ပြီး အမဲရောင် ဓာတ်ပြားတစ်ချပ်ကို ဆွဲထုတ်လိုက်သည်။ ၎င်းမှာ ယခုနှစ်မှ ဝယ်ထားခဲ့သော Let It Be အခွေ ဖြစ်သည်။ အခွေ၏ ထောင့်လေးထောင့်တွင် ဘီတယ်လ်အဖွဲ့သား လေးယောက်၏ မျက်နှာပုံများ ရိုက်ထည့်ထားသည်။
ထိုညက အိပ်မပျော်ခင်အထိ သူ မနက်ဖြန် ကြည့်ရတော့မည့် ရုပ်ရှင်အကြောင်းကိုသာ တွေးတောနေမိလေသည်။
(င)
နောက်တစ်နေ့ နံနက်စာ စားပြီးသောအခါတွင် ကိုဆုကေ အိမ်မှ ထွက်လာခဲ့သည်။ “ဘာဖြစ်လို့ ဒီနေ့ကိုမှ ရွေးပြီး ရုပ်ရှင်သွားကြည့်ရတာလဲ” ဟု ကီမီကိုက မျက်နှာထားဖြင့် တားမြစ်နေသေးသော်လည်း ဆာဒါယုကိက သူ့အစား စကားကူပြောပေးခဲ့သည်။
ကိုဆုကေသည် သူငယ်ချင်းနှင့်အတူ တိုကျိုသို့ ယခင်က သွားခဲ့ဖူးသော်လည်း တစ်ယောက်တည်းတော့ မသွားခဲ့ဖူးချေ။
တိုကျိုဘူတာသို့ ရောက်သောအခါ ယာမာနိုတေလိုင်းသို့ ပြောင်းစီးပြီး ယူရာကူချိုဘူတာတွင် ဆင်းသည်။ ဘူတာအတွင်းရှိ မြေပုံကို လေ့လာကြည့်သောအခါ ရုပ်ရှင်ရုံသည် အနီးအနားတွင် ရှိကြောင်း သိလာရသည်။
နွေကျောင်းပိတ်ရက်၏ နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်လားဟု မဆိုနိုင်။ ရုပ်ရှင်ရုံရှေ့တွင် လူများ ပြည့်ကျပ်နေသည်။ ကိုဆုကေသည် တန်းစီပြီး လက်မှတ်ဝယ်လိုက်သည်။ ရုပ်ရှင်ပြသချိန်များကို သတင်းစာတွင် ကြိုတင် ကြည့်ရှုထားပြီး သွားချိန်လာချိန်များကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ရုပ်ရှင်ပြသရန် နာရီဝက်ခန့် လိုနေသေးသည်။ ထို့ကြောင့် အနီးပတ်ဝန်းကျင်တွင် လှည့်ပတ်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ ယခင်က တိုကျိုသို့ ရောက်ခဲ့ဖူးသော်လည်း ယူရာကူချို သို့မဟုတ် ဂင်ဇာသို့ တစ်ခါမျှ မရောက်ဖူးချေ။
မိနစ်အနည်းငယ် လျှောက်လိုက်မိသည်နှင့် မြင်မြင်သမျှမှာ ထူးဆန်းအံ့ဩဖွယ်ချည်း ဖြစ်နေလေသည်။
မြို့ကြီးသည် ဤမျှ ကြီးကျယ်ခမ်းနား လိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့။ မြင်တွေ့ရသော လူအုပ်ကြီးနှင့် ယူရာကူချိုရှိ မိုးထိ အဆောက်အအုံများက သူ့ကို အံ့အားသင့်စေခဲ့သည်။ သို့သော် ဂင်ဇာနှင့် နှိုင်းယှဉ်လိုက်သောအခါ ယူရာကူချိုသည် ဆင်နှင့်ဆိတ်လို ဖြစ်သွားရပြန်သည်။ အရောင်အသွေး စုံလင်၍ တလက်လက် တောက်ပြောင်နေကြသော အရောင်းပြခန်းများကို သူ မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။ ဤနေရာ၏ စည်ကားလိုက်ပုံမှာ ပွဲဈေးတစ်ခုထဲသို့ ရောက်သွားသည့်နှယ်။ မိမိ၏ နံဘေးမှ ကပ်လျှောက်သွားကြသော လူများ အားလုံးသည် အဝတ်အစားကို သေသပ်လှပစွာ ဝတ်ဆင်ထားပြီး အားလုံး ပိုက်ဆံ ချမ်းသာကြပုံ ရသည်။ တော်တန်ရုံ မြို့မျိုးတွင် ဤမျှလောက် စည်ကားသော နေရာလေးတစ်ခု ရှိနေလျှင်ပင် ဂုဏ်ယူမဆုံး ရှိနေကြရသည်။ သို့သော် တိုကျိုမြို့တွင်မူ ဘယ်နားကြည့်ကြည့် ဘယ်နားရောက်ရောက် ပွဲတော်တမျှ စည်ကားသိုက်မြိုက်လျက် ရှိနေလေသည်။
တစ်ခဏကြာသောအခါ ကိုဆုကေသည် ကုန်စည်ပြပွဲအကြောင်း ကြေညာထားသော ကြော်ငြာဆိုင်းဘုတ်ကို သတိထားမိသွားသည်။ နေရာတကာတွင် ၎င်းကြော်ငြာများ ကပ်ထားသည်။ အိုဆာကာမြို့တွင် ကုန်စည်ပြပွဲကို ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။ တိုကျိုမြို့၏ လမ်းဘေးကြော်ငြာများကို ကြည့်ခြင်းအားဖြင့် တစ်နိုင်ငံလုံးက ဤကုန်စည်ပြပွဲအတွက် ဂုဏ်ယူဝင့်ကြွားနေသည်မှာ ထင်ရှားလှသည်။
ကိုဆုကေသည် မိမိကိုယ်ကိုယ် ပင်လယ်ထဲ ကူးခတ်နေရသော ငါးငယ်လေး တစ်ကောင်သဖွယ် ခံစားနေရသည်။ လောကတွင် ဤမျှ ကြီးကျယ်ခမ်းနားသော နေရာများ ရှိသေးပါတကား။ လူတို့အတွက် လောကစည်းစိမ်ကို အပြည့်အဝ ခံစားနိုင်သော နေရာများ ရှိသေးပါတကား။ သို့သော် ဤနေရာသည် သူနှင့် မည်သို့မျှ စပ်ဟပ်၍ မရသော နေရာ ဖြစ်နေသည်။ ကျဉ်းမြောင်းမဲမှောင်သော ချောင်းငယ်လေး အတွင်း၌သာ သူ့အတွက် နေရာရှိခဲ့သည်။ မနက်ဖြန်ဆိုလျှင် ထိုချောင်းငယ်လေး၏ အောက်ခြေတစ်နေရာတွင် ခေါင်းမဖော်တမ်း ပုန်းရှိုးနေရတော့မည်။
သူသည် ခေါင်းငိုက်စိုက်ချကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ သူနှင့် မထိုက်တန်သော နေရာတစ်ခု မဟုတ်ပါလော။
သူသည် ရုပ်ရှင်ရုံသို့ အချိန်မီ ပြန်ရောက်ခဲ့သည်။ သူ့လက်မှတ်ကို ပြ၍ ရုံထဲသို့ဝင်ကာ သူ့နေရာတွင် ဝင်ထိုင်လိုက်သည်။ ရုံထဲတွင် နေရာလွတ်များ အတန်ငယ် ကျန်နေသေးသည်။ အများစုမှာ တစ်ကိုယ်တည်း လာကြည့်သူများ ဖြစ်ဟန်တူသည်။
အထဲရောက်ပြီး မကြာခင်မှာပင် ရုပ်ရှင်ကားကို စတင်ပြသလေသည်။ ငွေရောင်ပိတ်ကားပေါ်တွင် ပထမဦးဆုံး ပေါ်လာသော မြင်ကွင်းမှာ ‘THE BEATLES’ ဟူသော စာသား။
ကိုဆုကေ၏ နှလုံးမှာ တဒိတ်ဒိတ် ခုန်လာလေသည်။ မကြာခင် ဘီတယ်လ်၏ တင်ဆက်မှုကို တွေ့မြင်ရတော့မည်။ ထိုအချက်ကို စဉ်းစားမိသည်နှင့် သူ့တစ်ကိုယ်လုံး ထူပူလာတော့သည်။
ဤမျှ ယောက်ယက်ခတ်နေသော ခံစားမှုသည် ရုပ်ရှင်ကို ကြည့်နေရင်းမှာပင် တဖြည်းဖြည်း မှေးမှိန်သွားလေသည်။
ရုပ်ရှင်ကို ကြည့်ရင်း ကြည့်ရင်းနှင့် ဘီတယ်လ်အဖွဲ့ ပြိုကွဲသွားရသည့် အကြောင်းအရင်းကို သူ ရိပ်စားမိလာသည်။
‘Let It Be’ ရုပ်ရှင်ကားသည် မှတ်တမ်းရုပ်ရှင်ဟု ဆိုနိုင်သည်။ ဘီတယ်လ်အဖွဲ့၏ အစမ်းလေ့ကျင့်သော ရိုက်ကွင်းများနှင့်အတူ စတိတ်ရှိုး စင်မြင့်ပေါ်မှ ဖျော်ဖြေမှုများကို ရောသမမွှေထားသည်။ ကြည့်ရသည်မှာ ဤရုပ်ရှင် ရိုက်ကူးရေးအတွက် တကူးတက သရုပ်ဆောင် ပြနေခြင်းမျိုး မဟုတ်ပေ။ ထိုမျှသာ မကသေး။ ဘီတယ်လ်၏ အဖွဲ့သားများသည် ထိုသို့ လျှပ်တပြက် ရိုက်ကူးနေသည်ကိုပင် ဘဝင်မကျသည့် သဘောမျိုး တွေ့နေရသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် တရားဝင် ငြင်းပယ်ရန် မဖြစ်နိုင်၍သာ ရိုက်ခွင့် ပြုထားရသည့်နှယ်။
ရဟာဇယ် လေ့ကျင့်မှုများသည်လည်း အထစ်အငေါ့ မရှိ ပြီးမြောက်သွားသည်က နည်းလှသည်။ တီးခတ်နေရင်း စပ်ကြား ဘီတယ်လ် အဖွဲ့ဝင် တစ်ဦးဦး၏ စကားပြောသံများ ထွက်ပေါ်လာတတ်သည်။ အသံက ဝူးဝူးဝါးဝါးနှင့် နားလည်ရ ခက်သည်။ ကိုဆုကေသည် ဂျပန်ဘာသာပြန် စာတန်းထိုးကို အသည်းအသန် လိုက်ဖတ်ကြည့်သည်။ သို့သော် သူတို့ ပြောနေသော စကားတိုင်း၏ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကို ကိုဆုကေ မနားလည်ချေ။
သို့သော် အသေအချာ ပြောပြနိုင်သည့် အချက်တစ်ချက်တော့ ရှိသည်။
သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် သူစိမ်း ဆန်နေကြသည်။
သူတို့ ခိုက်ရန် ဖြစ်ပွားခြင်း မရှိ။ တီးခတ်ရန်လည်း ငြင်းဆိုနေကြခြင်း မဟုတ်။ လေးယောက်စလုံးသည် သူတို့ မျက်မှောက်ရှိ တာဝန်တစ်ခုကို အတူတကွ ထမ်းဆောင်နေကြသည်။ သို့သော် တန်ဖိုးရှိသော တစ်စုံတစ်ရာကို အတူတကွ ဖန်တီးနေကြခြင်း မဟုတ်ကြောင်း သူတို့အားလုံး နားလည်နေကြသည်။
နောက်ဆုံးအခန်းတွင် သူတို့အားလုံး အက်ပဲလ် အဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ တက်သွားကြသည်။ သူတို့၏ တူရိယာများနှင့် အသံချဲ့စက်တို့ကို ၎င်းနေရာတွင် အဆင်သင့် တပ်ဆင်ထားသည်။ သူတို့၏ ဝန်ထမ်းအဖွဲ့ တစ်ဖွဲ့လုံးလည်း ၎င်းနေရာတွင် ရှိနေကြသည်။ ဆောင်းရာသီ၏ လေထုထဲတွင် ချမ်းအေးသည့်ဒဏ်ကို လူတိုင်း ခံစားနေရသည်။ ဂျွန်လန်နွန်က သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။
သူတို့ ‘Get Back’ သီချင်းကို စတင် တီးခတ်လေသည်။
ဤသို့ လူမြင်ကွင်းတွင် တီးခတ်ဖျော်ဖြေမည်ဟု တရားဝင် ထုတ်ပြန်ထားခြင်း မရှိကြောင်း မကြာခင် သိလာရသည်။ ခေါင်မိုးထပ်မှ လွင့်ပျံလာသော ကျယ်လောင်သည့် ဂီတသံများကြောင့် အနီးပတ်ဝန်းကျင်တွင် အုတ်အုတ်ကျက်ကျက် ဖြစ်ကာ ရဲများ လာရောက် ထိန်းသိမ်းရသည်အထိ ဖြစ်လာခဲ့သည်။
‘Don't Let Me Down’ နှင့် ‘I've Got a Feeling’ စသည့် သီချင်းများကို ဆက်လက် တီးခတ်ကြသေးသည်။ သို့သော် စိတ်ပါလက်ပါ သီဆိုနေခြင်းမျိုး မဟုတ်။ ၎င်းမှာ ဘီတယ်လ်အဖွဲ့၏ နောက်ဆုံး စင်တင်ဖျော်ဖြေပွဲ ဖြစ်သည်။ အဖွဲ့ဝင် လေးယောက်စလုံးတွင် ဝမ်းနည်းခြင်း အရိပ်အရောင်များကို တစ်စက်ကလေးမျှ မတွေ့ရချေ။
ဤသို့ဖြင့် ရုပ်ရှင်ကား ပြီးဆုံးသွားသည်။
ရုံထဲမှ ထိန်ထိန်လင်းနေသော မီးရောင်အောက်တွင် ကိုဆုကေသည် တစ်ခဏကြာမျှ မလှုပ်မယှက်ဘဲ ထိုင်နေမိသည်။ မတ်တတ်ရပ်ရန် သူ့တွင် ခွန်အား မရှိတေော့ပေ။ သံတွေခဲများ မျိုချထားရသကဲ့သို့ သူ့ရင်မှာ လေးလံနေလေသည်။
အဘယ်ကြောင့် ထိုသို့ ဖြစ်သွားရသနည်း။ သူ စဉ်းစားနေမိသည်။ သူ မျှော်လင့်ထားသည်နှင့် နည်းနည်းလေးမျှ စပ်ဟပ်၍ မရ။ ဘီတယ်လ် အဖွဲ့သားများအကြား တစ်ယောက်နှင့်တစ်ယောက် ရင်းရင်းနှီးနှီး ဆက်ဆံပြောဆိုကြသည်ကို တစ်ကြိမ်ကလေးမျှ မတွေ့ခဲ့ရပေ။ ပြောဆိုကြလျှင်လည်း ပြေပြေလည်လည် ပြောဆိုကြခြင်းမျိုး မဟုတ်။ သူတို့၏ နှုတ်ခမ်းများမှ လွင့်စင်လာသော စကားလုံးများတွင် မကျေနပ်ချက်များ၊ ငြီးတွားမှုများနှင့် လှောင်ပြုံးများသာ ရောစွက်နေကြသည်။
ဤရုပ်ရှင်ကို ကြည့်ပြီးသည်နှင့် ဘီတယ်လ် ပြိုကွဲရသည့် အကြောင်းအရင်းကို နားလည်လာလိမ့်မည်ဟု မှတ်ချက်ပြုခဲ့ကြသည်။ သို့သော် ကိုဆုကေကတော့ နားမလည်ခဲ့။ အဘယ်ကြောင့် ဆိုသော် ငွေရောင်ပိတ်ကားပေါ်မှ မြင်နေရသော ဘီတယ်လ်အဖွဲ့သည် တစ်စစီ ကြေမွနေပြီး ဖြစ်သော ဘီတယ်လ် ဖြစ်နေသည်။ ကိုဆုကေ သိလိုသည်မှာ ‘သူတို့ အဘယ်ကြောင့် ဤသို့သော အခြေအနေမျိုးသို့ ကျရောက်ခဲ့ရသနည်း’ ဆိုသည့် အချက်ပင်။
တကယ့် လက်တွေ့ဘဝတွင် တွေ့ကြုံရတတ်သော လမ်းခွဲခြင်းဟူသည် ဤသို့ပင် ဖြစ်ရချေမည်။ ဓာတ်ရထား စီးနေစဉ် ကိုဆုကေ စိတ်ပြောင်းသွားသည်။
လူတစ်ဦးနှင့် တစ်ဦး လမ်းခွဲရခြင်းအတွက် ရှင်းလင်းပြတ်သားသော အကြောင်းပြချက် ရှိနေရန် မလိုအပ်ပေ။ အကြောင်းပြချက်တစ်ခုကို ရှာလိုက ရှာတွေ့နိုင်ပါသည်။ သို့သော် ၎င်းအကြောင်းပြချက်သည် လမ်းခွဲရန် ဆုံးဖြတ်ပြီး နောက်ပိုင်းမှသာ ထွက်ပေါ်လာသော အကြောင်းပြချက် ဖြစ်သည်။ လမ်းခွဲပြီးနောက်မှ ကြံဖန် စိတ်ကူးထားသော အကြောင်းပြချက်မျှသာ ဖြစ်သည်။ အကယ်၍ သူတို့၏ နှလုံးသားများ နီးနီးကပ်ကပ် ရှိနေကြသေးလျှင်၊ အကယ်၍ သူတို့၏ သံယောဇဉ် နှောင်ကြိုးများ ထုံးဖွဲ့ထားဆဲ ရှိနေကြသေးလျှင် သူတို့ထဲမှ တစ်ဦးတစ်ယောက်သည် အခြေအနေဆိုးများကို ပြုပြင် ပြောင်းလဲနိုင်ရန် ကြိုးစားအားထုတ် ပေလိမ့်မည်။ အကယ်၍ မည်သူကမျှ အားထုတ်ခြင်း မရှိခဲ့ပါမူ သူတို့၏ သံယောဇဉ် နှောင်ကြိုးများသည် ခပ်စောစောကပင် ပြတ်တောက်နေပြီး ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ထို့ကြောင့်လည်း ဘီတယ်လ်အဖွဲ့ကို ကယ်တင်ရန် ထိုလေးဦးစလုံးတွင် မည်သူကမျှ အားမထုတ်ခဲ့ချေ။ သင်္ဘောကြီးတစ်စီး နစ်မြုပ်နေသည်ကို ကိုယ်နှင့် မဆိုင်သလို သဘောထားပြီး ကမ်းခြေပေါ်မှနေ၍ ရပ်ကြည့်နေခဲ့ကြသည်။
သစ္စာဖောက် ခံလိုက်ရသကဲ့သို့ ကိုဆုကေ ခံစားနေရသည်။ တစ်ချိန်က မိမိ အတိုင်းအဆ မရှိ တန်ဖိုးထားခဲ့သော အရာတစ်ခုသည် ယခုအခါ တစ်ပြားမျှ တန်ကြေးမရှိကြောင်း သိရှိသွားသည့်နှယ်။ ထို့နောက် သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေတော့သည်။
ကားဂိတ်သို့ ရောက်သောအခါ သူသည် ဖုန်းရုံထဲသို့ ဝင်သွားပြီး သူငယ်ချင်းထံသို့ ဖုန်းခေါ်လိုက်သည်။ ပြီးခဲ့သည့်အပတ်က သူ့အား ရုပ်ရှင်ကြည့်ခဲ့ကြောင်း ပြောပြခဲ့သော သူငယ်ချင်းထံသို့ ဖြစ်သည်။
သူ့သူငယ်ချင်းက အခန့်သင့် အိမ်မှာ ရှိနေသည်။ သူ့အသံကို ဖုန်းထဲတွင် ကြားလိုက်ရသည်နှင့် သူ့အခွေများကို ဝယ်ယူရန် ကိုဆုကေသည် သူ့အား ပြောလေတော့သည်။
“ဘာအခွေလဲ”
“ဘီတယ်လ်အခွေတွေလေ။ တစ်နေ့ကျရင် အဲဒီ အခွေတွေကို စုဆောင်းထားချင်တယ်လို့ မင်းပြောခဲ့တာပဲ”
“ဟုတ်တယ်လေ။ မင်းက ဘယ်အခွေကို ပြောနေတာလဲ”
“အကုန်လုံးကို။ ငါပိုင်သမျှ ဘီတယ်လ်အခွေ အကုန်လုံးကို မဝယ်ချင်ဘူးလား”
“အကုန်လုံး?”
“ယန်း ၁၀၀၀၀ ဆိုရင် ဘယ်လိုနေလဲ။ မင်း တစ်ခွေချင်း ဝယ်နေရင် ဒီထက်မက ပိုပေးရမှာ”
“ငါသိပါတယ်။ ဒါပေမယ့် မင်းဟာက အလောတကောနဲ့။ မင်းသိပါတယ်။ ငါ့ဆီမှာ ဖွင့်စရာ စက်မှ မရှိသေးတာပဲ”
“ကောင်းပြီလေ။ ငါ တခြားသူကို မေးကြည့်လိုက်မယ်” ကိုဆုကေက ဖုန်းချရန် ဟန်ပြင်လိုက်သည်။
“နေပါဦး” တစ်ဘက်မှ အလောတကြီး အော်ပြောသံ ကြားလိုက်ရသည်။ “ငါ စဉ်းစားပါရစေဦး။ မနက်ဖြန် ငါအကြောင်းပြန်ပေးမယ်။ ဖြစ်တယ်မလား”
ကိုဆုကေသည် ဖုန်းလက်ကိုင်ကို နားနား ဖိထားလျက် ခေါင်းခါလိုက်သည်။ “ဟင့်အင်း။ မနက်ဖြန်တော့ မရဘူးကွ”
“ဘာဖြစ်လို့လဲ”
“ဘာပဲဖြစ်ဖြစ်ကွာ။ ငါ့မှာ အချိန်မရှိဘူး။ မင်း အခု မဝယ်ဘူးဆိုရင် ငါ ဖုန်းချလိုက်တော့မယ်”
“နေပါဦး …. ခဏနေပါဦး။ ငါးမိနစ် …. ငါ့ကို ငါးမိနစ်အချိန်ပေး”
ကိုဆုကေက သက်ပြင်းချလိုက်သည်။ “ကောင်းပြီလေ။ နောက်ငါးမိနစ်နေရင် ငါ ဖုန်းပြန်ခေါ်လာခဲ့မယ်”
သူ ဖုန်းချပြီး ဖုန်းရုံထဲမှ ထွက်လာခဲ့သည်။ သူ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ နေမင်းသည် အနောက် မိုးကုပ်စက်ဝိုင်းတွင် မေးတင်နေလေပြီ။
သူ့အခွေများ အားလုံးကို ရောင်းထုတ်ပစ်ရန် အဘယ်ကြောင့် သူ ဆုံးဖြတ်ခဲ့ရသနည်း ဆိုသည်ကိုမူ ကိုဆုကေ ကောင်းကောင်း မသိ။ ဘီတယ်လ်ကို နောက်ထပ်တစ်ကြိမ် နားထောင်ရန် မဖြစ်နိုင်တော့ဟု သူ ခံစားနေရသောကြောင့် ဖြစ်ပေမည်။ သူ ပြည်ဖုံးကား ချလိုက်ချင်ပြီ။
ငါးမိနစ်ကြာပြီးနောက် ဖုန်းရုံထဲသို့ ပြန်ဝင်သွားပြီး သူငယ်ချင်းထံ ဖုန်းဆက်ပြန်သည်။
“ငါယူမယ်” ဝမ်းမြောက်ပျော်ရွှင်နေသော လေသံဖြင့် သူငယ်ချင်းက ပြောသည်။ “ငါ အဖေအမေတို့ကို ပြောပြီးပြီ။ သူတို့ ပိုက်ဆံထုတ်ပေးမယ်တဲ့။ ဒါပေမယ့် ကက်ဆက်ကိုတော့ ကိုယ့်ဘာသာ ဝယ်ရမှာတဲ့လေ။ ဒါဆို ငါအခု လာယူလို့ ရမလား”
“အေး၊ ငါစောင့်နေမယ်”
အရောင်းအဝယ် တည့်သွားလေပြီ။ သူ့အခွေများအားလုံး တခြားလူ လက်ထဲသို့ လွှဲပေးရပေတော့မည်။ ထိုသို့ စဉ်းစားလိုက်မိသည်နှင့် ကိုဆုကေ၏ ရင်ထဲ အနည်းငယ် အောင့်သွားသည်။ သို့သော် သူ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြီး ၎င်းအတွေးကို မောင်းထုတ်ပစ်လိုက်သည်။ ဘာများ တွယ်တာနေစရာ ရှိသေးသနည်း။
အိမ်ပြန်ရောက်သောအခါ ကိုဆုကေသည် စက္ကူကတ်ပုံးထဲမှ အခွေများကို သယ်ရလွယ်ကူစေရန် စက္ကူအိတ် နှစ်လုံးထဲသို့ ခွဲထည့်လိုက်သည်။ ထိုသို့ ထည့်နေစဉ် တစ်ချပ်ချင်း တစ်ချပ်ချင်းစီတိုင်းကို အသေအချာ စိုက်ကြည့်နေမိသည်။ အချပ်စီတိုင်းတွင် အမှတ်ရစရာများ ကိုယ်စီ ရှိနေကြသည်။
‘Sgt. Pepper's Lonely Hearts Club Band’ အခွေသို့ ရောက်သောအခါ ကိုဆုကေ၏ လက်များ တုံ့ရပ်သွားသည်။ ဘီတယ်လ်အဖွဲ့အတွက် ဂီတစမ်းသပ်ချက် ပြုလုပ်စဉ်ကာလက ထွက်ပေါ်လာခဲ့သော အခွေဖြစ်သည်။ မျက်နှာဖုံးကာဗာ ဒီဇိုင်းကလည်း ထူးခြားသည်။ အဖွဲ့ဝင် လေးဦးစလုံးသည် စစ်ဝတ်စုံ ဝတ်ဆင်ထားပြီး သူတို့၏ ဘေးပတ်လည်တွင်မူ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့သူများ၏ ရုပ်ပုံများကို ထည့်ထားသည်။
ညာဘက် အစွန်ဆုံးတွင် မာရီလင် မွန်ရိုးနှင့် ဆင်သော အမျိုးသမီးတစ်ယောက်ကို တွေ့ရပြီး သူ၏ နံဘေးတွင် အနက်ရောင် မင်ကွက်တစ်ကွက် ရှိနေသည်။ ထိုအခွေကို သူ့အစ်ကို ပိုင်ဆိုင်စဉ်အခါက ထိုနေရာတွင် သူ၏ မျက်နှာပုံကို ကပ်ထားခဲ့ဖူးသည်။ ဘီတယ်လ်၏ ပရိသတ်တစ်ယောက် အနေဖြင့် သူလည်း နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပူးတွဲ မြင်ယောင်လိုသောကြောင့် ဖြစ်ပေလိမ့်မည်။ ကိုဆုကေက ၎င်းဓာတ်ပုံကို ခွာပစ်လိုက်စဉ် အောက်ခံ စက္ကူ ကပ်ပါသွားသောကြောင့် ၎င်းနေရာတွင် မင်အမဲဖြင့် ဖြည့်ထည့်ထားခြင်း ဖြစ်သည်။
“အစ်ကို သိပ်သဘောကျတဲ့ အခွေတွေကို ရောင်းပစ်လိုက်မိတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် မတတ်နိုင်ဘူးလေ” တမလွန်မှ အစ်ကို့ကို စိတ်ထဲမှ နေ၍ တောင်းပန်နေမိသည်။
စက္ကူအိတ်များကို အိမ်ပေါက်ဝသို့ ဆွဲသွားစဉ် ကီမီကိုက သူ့ကို မေးလာသည်။ “အဲဒါ ဘာလုပ်နေတာလဲ” ဖုံးကွယ်နေစရာ မလိုအပ်ဟု သူ ယူဆသဖြင့် ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ သူက ခေါင်းညိတ်နေသည်။ သို့သော် များစွာ အရေးစိုက်ပုံ မရ။
သိပ်မကြာခင်မှာပင် သူငယ်ချင်း ရောက်လာသည်။ ၁၀၀၀၀ တန် ငွေစက္ကူထည့်ထားသော စာအိတ်ကို လှမ်းယူပြီး စက္ကူအိတ်နှစ်အိတ်ကို သူငယ်ချင်းထံသို့ ထိုးပေးလိုက်သည်။
“မိုက်လိုက်တာကွာ” သူငယ်ချင်းက စက္ကူအိတ်အတွင်းသို့ ကြည့်ရင်း ပြောလိုက်သည်။ “ဒါပေမယ့် မင်းအတွက် စိတ်မကောင်းဘူးကွာ။ ဒါတွေ အားလုံးကို မင်း အပင်ပန်းခံပြီး စုဆောင်းထားရတာ မဟုတ်လား”
ကိုဆုကေသည် မျက်မှောင်ကြုတ်ကာ နောက်စေ့ကို ပွတ်နေသည်။
“ငါ့စိတ်ထဲ ငြီးငွေ့လာသလို ခံစားလိုက်ရတယ်။ ဘီတယ်လ်ကို မမြင်ချင်တော့ဘူး။ ငါ ဟိုရုပ်ရှင်ကား ကြည့်ပြီးသွားပြီ”
“Let It Be လား”
“အင်း”
သူငယ်ချင်းက နားလည်တစ်ဝက် မလည်တစ်ဝက်နှင့် ခေါင်းညိတ်နေသည်။
သူငယ်ချင်း၏ လက်နှစ်ဘက်စလုံးတွင် စက္ကူအိတ်များကို ဆွဲထားရသောကြောင့် ကိုဆုကေသည် တံခါးမကြီးကို ဖွင့်ပေးလိုက်သည်။ သူငယ်ချင်းက “Thank you” ဟု ပြောပြီး တံခါးအပြင်သို့ ထွက်ကာ ကိုဆုကေဘက်သို့ ပြန်လှည့်လာသည်။ “ဒါဆို မနက်ဖြန်မှ တွေ့ကြတာပေါ့”
မနက်ဖြန်? အချိန် အနည်းငယ် ကြာမှ သူ သဘောပေါက်သွားသည်။ မနက်ဖြန် ကျောင်းပြန်ဖွင့်တော့မည်ကို သူ လုံးဝ အမှတ်မရတော့ပြီ။
သူငယ်ချင်း၏ မျက်နှာပေါ်တွင် ထူးဆန်းအံ့ဩနေသော အမူအရာကို မြင်တွေ့ရသောအခါမှ သူ အလောတကြီး ပြန်ဖြေလိုက်သည်။ “အင်း မနက်ဖြန် ကျောင်းမှာ တွေ့မယ်”
တံခါးမကြီးကို ပိတ်ပြီးသောအခါ ကိုဆုကေသည် ဗိုက်ထဲမှ လေပူများကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။ သူငယ်ချင်း အရှေ့တွင် ပြိုလဲမသွားရအောင် အတော်လေး ကြိုးစားနေခဲ့ရသည် မဟုတ်ပါလား။
(စ)
ည ၈ နာရီကျော် အချိန်တွင် ဆာဒါယုကိ အိမ်ပြန်ရောက်လာသည်။ ယခုတလော သူ ဤမျှ နောက်မကျစဖူး။
“ကုမ္ပဏီမှာ လုပ်စရာလေးတွေ လက်စသတ်နေတာနဲ့ နောက်ကျသွားတယ်။ နောက်ယောင်ခံ လိုက်လာမယ့် လူတွေကို အချိန် ဆွဲနိုင်သမျှ ကြာကြာ ဆွဲထားချင်တယ်” သူသည် လည်စည်းကို ဖြေလျှော့လိုက်သည်။ သူ၏ ရှပ်အင်္ကျီမှာလည်း ချွေးများဖြင့် စိုရွှဲပြီး အသားနှင့် ကပ်နေလေသည်။
သူတို့ ညစာစား နောက်ကျကြသည်။ ဤအိမ်တွင် စားရသော သူတို့၏ နောက်ဆုံး ညစာမှာ မနေ့ညက ကြွင်းကျန်နေသော ကာလီထမင်း ဖြစ်သည်။ ရေခဲသေတ္တာထဲတွင်လည်း ဘာမျှ မရှိတော့။
ဆာဒါယုကိနှင့် ကီမီကိုတို့သည် ညစာစားနေရင်း အထုပ်အပိုး ကိစ္စကို တတွတ်တွတ် ပြောဆိုနေကြသည်။ အဖိုးတန် လက်ဝတ်ရတနာများ၊ အဝတ်အစားများ၊ နေ့စဉ်သုံးပစ္စည်းများ၊ ကိုဆုကေ၏ ကျောင်းသုံးပစ္စည်းများ။ သယ်ဆောင်သွားမည့် ပစ္စည်းစာရင်းမှာ ဤမျှသာ ဖြစ်သည်။ ကျန်ရှိသော ပစ္စည်းများ အားလုံးကို ဒီအတိုင်း ထားပစ်ခဲ့မည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သူတို့ အကြိမ်ပေါင်းများစွာ တိုင်ပင်ခဲ့ကြပြီး ဖြစ်သည်။ ယခု နောက်ဆုံး အကြိမ်အဖြစ် တိုက်ဆိုင် စစ်ဆေးနေခြင်း။
ကီမီကိုသည် သီချင်းခွေအကြောင်းကို ဆာဒါယုကိအား ပြောပြလိုက်သည်။
“အကုန်လုံးကို ရောင်းပစ်လိုက်တယ်? ဘာဖြစ်လို့လဲ” ဆာဒါယုကိ၏ အသံက တအံ့တဩ ဖြစ်နေကြောင်း ထင်ရှားသည်။
“ကျွန်တော် မသိဘူး” ကိုဆုကေက သူ့ထမင်းပန်းကန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “ကျွန်တော်တို့မှာ သီချင်းခွေ ဖွင့်စရာလည်း ရှိမှ မရှိတာ”
“ရောင်းပစ်လိုက်တော့လည်း ကောင်းတာပါပဲ။ ဝန်လည်း ပေါ့သွားတာပေါ့။ ပိုက်ဆံ ဘယ်လောက် ရလိုက်သလဲ”
ကိုဆုကေသည် အတော်ကြာ ငြိမ်သက်နေ၍ ကီမီကိုက ဝင်ပြောလိုက်သည်။ “ယန်း ၁၀၀၀၀”
“တစ်သောင်းပဲလား” ဆာဒါယုကိ၏ လေသံက ရုတ်ချည်း ပြောင်းလဲသွားသည်။ “မင်း စောက်ရူးလား။ ဒီလောက် အခွေတွေ အများကြီးကို။ ပြီးတော့ အများစုက ဓာတ်ပြားတွေလေကွာ။ အဲဒါတွေကို အခုချိန် အပြင်မှာ ရှာဝယ်ကြည့်စမ်းပါဦး။ နှစ်သောင်း၊ သုံးသောင်းနဲ့တောင် ရမယ် မထင်ဘူး။ မင်းက တစ်သောင်းနဲ့ ရောင်းပစ်တယ်ဆိုတော့ …. မင်း ရူးနေတာလား”
“ကျွန်တော် အမြတ်လိုချင်လို့ ရောင်းတာမှ မဟုတ်ဘဲ” ကိုဆုကေက ခေါင်းကို ငုံ့မြဲ ငုံ့ထားလျက် ပြောသည်။ “အခွေ အများစုကို အစ်ကိုတတ်ဆုအိုဆီကနေ အလကား ရထားတာလေ”
ဆာဒါယုကိထံမှ တောက်ခေါက်သံ ဟိန်းထွက်လာသည်။
“အဲဒီလို စောက်ရေးမပါတဲ့ စကားတွေ မပြောစမ်းနဲ့။ သူများဆီကနေ ပိုက်ဆံယူတဲ့အခါမှာ တစ်ဆယ်၊ နှစ်ဆယ် ပိုရလည်း အမြတ်ပဲ။ ငါတို့ အရင်တုန်းကလို နေလို့ မရတော့ဘူးဆိုတာ မင်း နားမလည်ဘူးလား”
ကိုဆုကေက ခေါင်းမော့လိုက်သည်။ “ကျွန်တော်တို့ ဘယ်သူ့ကြောင့် အခုလို ဘဝမျိုး ရောက်သွားရတာလဲ” သူ ဤသို့ မေးပစ်လိုက်ချင်သည်။
ဆာဒါယုကိကတော့ သား၏ ခံစားချက်ကို ရိပ်စားမိပုံ မရ။ နောက်တစ်ကြိမ် ထပ်မေးနေပြန်သည်။ “မင်း နားလည်လား”
ကိုဆုကေက ခေါင်းမညိတ်ခဲ့။ ကာလီထမင်း ခပ်ထားသော ဇွန်းကို ပစ်ချလိုက်ပြီး “ဗိုက်ဝသွားပြီ” ဟု ဆိုကာ မတ်တတ် ထရပ်သည်။
“ဟေ့ကောင်၊ ဖြေဦးလေ”
“နားငြီးတာဗျာ။ ကျွန်တော် နားလည်ပြီ။ ရပြီလား”
“ဘာတုန်းကွ မင်းက။ မိဘကို အဲဒီလိုပဲ စကားပြောရသလား”
“ထားလိုက်ပါတော့ ရှင်ရယ်” ကီမီကိုက ဝင်ပြောသည်။
“ဘယ်ရမလဲ။ ဟေ့ကောင်၊ အဲဒီပိုက်ဆံရော ဘယ်မလဲ” ဆာဒါယုကိက ပြောသည်။ “တစ်သောင်းရော”
ကိုဆုကေသည် ခေါင်းငုံ့လျက် ဖခင်ကို မျက်စိလှန်ကြည့်သည်။ ဆာဒါယုကိ၏ နားထင်ကြောများ ထောင်ထနေကြသည်။
“ဘယ်သူ့ပိုက်ဆံနဲ့ မင်း အဲဒါတွေ ဝယ်ထားတာလဲ။ မင်းမုန့်ဖိုးနဲ့ မဟုတ်လား။ အဲဒီမုန့်ဖိုးတွေ ပေးနိုင်ဖို့ ဘယ်သူက ကြိုးကြိုးစားစား ရှာခဲ့ရတာလဲ မင်းသိလား”
“တော်ပါတော့ရှင်။ အဲဒီပိုက်ဆံတွေကို ရှင်က ပြန်တောင်းချင်သေးလို့လား”
“အဲဒီပိုက်ဆံတွေရဲ့ မူလပိုင်ရှင်က ဘယ်သူလဲ ဆိုတာ သူ့ကို ပြောပြနေတာ”
“ကဲ ကဲ ကိုဆုကေ၊ ကိုယ့်အခန်းကို ပြန်ပြီး ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားတော့”
ကီမီကို၏ ပြောစကားကြောင့် ကိုဆုကေသည် ဧည့်ခန်းထဲမှ ထွက်လာခဲ့သည်။ အပေါ်ထပ်သို့ တက်၍ အခန်းထဲသို့ ရောက်သည်နှင့် ခုတင်ပေါ် လှဲချပစ်လိုက်သည်။ နံရံပေါ်တွင် ကပ်ထားသော ဘီတယ်လ် ပို့စတာကို မြင်သွားသောအခါ မတ်တတ်ထရပ်ပြီး ပို့စတာကို ဆွဲခွာ၍ တစ်စစီ စုတ်ဖြဲပစ်လိုက်သည်။
နှစ်နာရီခန့် ကြာသောအခါ တံခါးခေါက်သံ မြည်လာသည်။ ကီမီကိုသည် ခေါင်းလျှို၍ အထဲသို့ လှမ်းကြည့်လိုက်သည်။
“ပြင်ပြီးပြီလား”
“ပြီးသလောက်ပါပဲ” ကိုဆုကေသည် စားပွဲခုံနံဘေးသို့ မေးဆတ်ပြလိုက်သည်။ စက္ကူပုံးတစ်ပုံးနှင့် ခရီးဆောင်အိတ်တစ်လုံး အနားတွင် ချထားသည်။ သူ ပိုင်ဆိုင်သော အရာအားလုံး ဖြစ်သည်။ “သွားတော့မှာလား”
“အင်း၊ ခဏနေသွားမယ်” ကီမီကိုသည် အခန်းတွင်းသို့ ဝင်လာသည်။ “အမေတို့နဲ့အတူ သားပါ ဒုက္ခရောက်နေရတာ မြင်ရတော့ အမေ စိတ်မကောင်းဘူး”
ကိုဆုကေက ဘာမျှ ပြန်မပြောချေ။ ပြန်ပြောစရာ တစ်စုံတစ်ရာလည်း သူ စဉ်းစား၍ မရ။
“ဒါပေမယ့် အမေတို့ အားလုံး အဆင်ချောမှာပါ။ တစ်ခဏလောက် အောင့်အီးသည်းခံလိုက်ပါ သားရယ်”
“ဟုတ်” ကိုဆုကေက တိုးညင်းသော အသံဖြင့် ပြန်ဖြေသည်။
“သားအဖေနဲ့ အမေတို့က … အထူးသဖြင့် သားအဖေပေါ့လေ။ သူက အစစ အရာရာ သားအတွက် ဦးစားပေးပြီး စဉ်းစားနေခဲ့တာ။ သားအတွက် သာယာတဲ့ ဘဝတစ်ခုကို ဖန်တီးပေးနိုင်ဖို့ ဆိုရင် သူ ဘာမဆို လုပ်ဖို့ ဝန်မလေးဘူး။ သူ့အသက်ကိုတောင် စတေးပစ်ဖို့ လက်တွန့်နေမှာ မဟုတ်ဘူး”
ကိုဆုကေသည် ခေါင်းကို ငုံ့ထားလျက်က စိတ်ထဲမှ ‘လာရွှီးနေပြန်ပြီ’ ဟု ရေရွတ်နေမိသည်။ လူမသိ သူမသိ ထွက်ပြေး ပုန်းရှောင်နေရသော မိသားတစ်စုတွင် သားဖြစ်သူသည် သာယာသော ဘဝတစ်ခုကို မည်ကဲ့သို့ ပိုင်ဆိုင်နိုင်ဦးတော့မည်နည်း။
“နောက်နာရီဝက်လောက်ကျရင် သားရဲ့ ပစ္စည်းတွေကို အောက်ချလာခဲ့တော့” ပြောပြီး ကီမီကို အခန်းထဲမှ ထွက်ခွာသွားသည်။
မိခင်သည် ရင်ဂိုနှင့် တူသည်ဟု ကိုဆုကေ တွေးမိသည်။ ‘Let It Be’ ရုပ်ရှင်ကားထဲတွင် ဘီတယ်လ်အဖွဲ့ကို ဆယ်တင်ရန် ကြိုးစားနေခဲ့သူမှာ ရင်ဂို တစ်ယောက်တည်းသာ ရှိသည်ဟု သူ ထင်သည်။ သို့သော် သူ၏ ကြိုးစားအားထုတ်မှုမှာလည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
ညသန်းခေါင် ၁၂ နာရီတွင် ကိုဆုကေတို့ မိသားတစ်စုသည် မှောင်ရိပ်ခို၍ အိမ်မှ ထွက်ခွာလာခဲ့ကြသည်။ ဘယ်ဆီ ဘယ်ဝယ်မှ မ,လာမှန်း မသိသော ကုန်တင်ကားအဟောင်းဖြင့် ခရီးနှင်ခဲ့ကြသည်။ သုံးယောက်စလုံး ခေါင်းခန်းတွင် ထိုင်ကြပြီး ဆာဒါယုကိက ကားမောင်းသည်။ အနောက်ခန်း ကုန်သေတ္တာထဲတွင် စက္ကူပုံးများ၊ ခရီးဆောင်အိတ်များနှင့် ပြည့်နှက်လျက်။
ကားပေါ် မတက်ခင် ကိုဆုကေသည် ဆာဒါယုကိကို မေးခဲ့သည်။ “အခု ဘယ်ကို သွားမှာလဲ” ရရှိလိုက်သော အဖြေမှာ “ရောက်သွားရင် သိလိမ့်မယ်” ဟူ၍။ သူတို့၏ ပြောစကားက ထိုနှစ်ခွန်းမျှသာ။ ကားမောင်းနေစဉ်အတွင်းတွင် သုံးယောက်သား စကား မပြောကြတော့ချေ။
ကုန်ကားသည် အဝေးပြေးလမ်းမပေါ်သို့ ရောက်လာသည်။ ဘယ်နေရာသို့ ရောက်ရှိနေမှန်း ကိုဆုကေ လုံးဝ မသိ။ အဘယ် အရပ်မျက်နှာသို့ ခရီးနှင်နေမှန်းလည်း သူ မသိ။ လမ်းညွှန်ဆိုင်းဘုတ်များကို မကြာခဏ တွေ့နေရသော်လည်း အကုန်လုံးမှာ သူမကြားဖူးသော မြို့နာမည်များ ဖြစ်နေသည်။
နှစ်နာရီခန့် မောင်းနှင်ပြီးသောအခါ ကီမီကိုက အပေါ့အပါး သွားလိုကြောင်း ပြောလာသည်။ သို့ဖြင့် ဆာဒါယုကိသည် ယာဉ်ရပ်နားစခန်းသို့ ဝင်လိုက်သည်။ ထိုအခါကျမှ ‘ဖူဂျီကာဝါ’ သို့ ရောက်ရှိနေကြောင်း ဖော်ပြသည့် လမ်းပြဆိုင်းဘုတ်ကို ကိုဆုကေ တွေ့လိုက်ရသည်။
ညသန်းခေါင်အချိန် ဖြစ်သောကြောင့် ထင်၏။ ယာဉ်ရပ်နားကွင်းတွင် ကား များများစားစား မရှိ။ သို့သော် ဆာဒါယုကိသည် လူမြင်ကွင်းမှ ရှောင်ရှားနိုင်ရန် ကားကို အစွန်ဆုံးနေရာတွင် ရပ်ထားခဲ့သည်။
ကိုဆုကေနှင့် ဆာဒါယုကိသည် အများသုံး အိမ်သာသို့ အတူ သွားကြသည်။ အပေါ့အပါးသွားပြီး လက်ဆေးနေစဉ် ဆာဒါယုကိသည် ကိုဆုကေ အနားသို့ လျှောက်လာသည်။ “လောလောဆယ်တော့ မင်းကို မုန့်ဖိုး မပေးသေးဘူး”
ကိုဆုကေသည် မှန်ထဲမှ ဆာဒါယုကိကို စိုက်ကြည့်နေသည်။
“ဘာများ ထူးဆန်းနေလို့လဲ” ဆာဒါယုကိက ဆက်ပြောသည်။ “မင်းမှာ ငွေတစ်သောင်း ရှိနေပြီ မဟုတ်လား။ တော်ရောပေါ့”
ငွေတစ်သောင်းကို ရန်ရှာနေပြန်ပြီ။ ကိုဆုကေ စိတ်ပျက်နေမိသည်။ ငွေတစ်သောင်းဟူသည် ဘာမျှ တန်ကြေး ရှိသည် မဟုတ်။ ထို့အပြင် ၎င်းမှာ သူငယ်ချင်းထံမှ ရထားသော ပိုက်ဆံ ဖြစ်သည်။
ဆာဒါယုကိသည် လက်မဆေးဘဲ အိမ်သာထဲမှ ထွက်သွားသည်။
ဖခင်၏ ကျောပြင်ကို စိုက်ကြည့်နေရင်း ကိုဆုကေ၏ ရင်တွင်းမှ တစ်စုံတစ်ရာသည် ပြတ်တောက်သွားလေတော့သည်။ ၎င်းမှာ သူ့မိဘများအပေါ် ထားရှိခဲ့သော သံယောဇဉ် အထုံးအဖွဲ့လေး။ သူတို့နှင့် အတူနေရန် မျှော်လင့်ထားခဲ့သော နောက်ဆုံး ကြိုးမျှင်ကလေး ဖြစ်သည်။ ၎င်းကြိုးမျှင်ကလေး ပြတ်တောက်ခဲ့လေပြီ။ သူ ထိုအချက်ကို ရှင်းလင်းစွာ သိရှိသွားသည်။
အိမ်သာမှ ထွက်သည်နှင့် ကိုဆုကေသည် ကားရပ်နားကွင်း၏ ဆန့်ကျင်ဘက် အရပ်သို့ ပြေးထွက်သွားသည်။ သူသည် ယာဉ်ရပ်နားစခန်း၏ ဖွဲ့စည်းပုံကို သိထားသူ မဟုတ်။ မိဘများနှင့် ဝေးနိုင်သမျှ ခပ်ဝေးဝေးသာ သွားလိုခဲ့သည်။
သူသည် ဘာကိုမျှ အမှုမထားဘဲ တရစပ် ပြေးလာခဲ့ရာ သတိဝင်လာသောအချိန်တွင် တခြား ယာဉ်ရပ်နားစခန်း တစ်ခုသို့ ရောက်ရှိနေလေပြီ။ အထဲတွင် ကုန်တင်ကားတချို့ ရပ်ထားသည်။
တစ်ခဏ ကြာသောအခါ အမျိုးသားတစ်ယောက် လျှောက်လာပြီး ကုန်တင်ကားတစ်စီးပေါ်သို့ တက်သွားသည်။ ကြည့်ရသည်မှာ မကြာခင် ထွက်ခွာတော့မည့်ပုံ။
ကိုဆုကေသည် ၎င်းကုန်တင်ကား ရှိရာသို့ ပြေးသွားပြီး ကားအနောက်ဘက်ကို သွားကြည့်သည်။ ကားနောက်ခန်းထဲသို့ လှမ်းကြည့်လိုက်သောအခါ သစ်သားသေတ္တာများသာ ရှိ၍ အနံ့ဆိုး မရှိ။ ထို့အပြင် ပုန်းခိုနိုင်မည့် နေရာလွတ်လည်း ရှိနေသေးသည်။
ရုတ်တရက်ဆိုသကဲ့သို့ ကုန်တင်ကား ရွေ့လျားသွားလေသည်။ ထိုအသံက သူ့ကို အနောက်မှ ဆောင့်တွန်းလိုက်သကဲ့သို့ သူ ကားနောက်ခန်းထဲသို့ ရောက်ရှိသွားသည်။
ကုန်တင်ကားသည် စခန်းမှ ထွက်ခွာလာသည်။ ကိုဆုကေ၏ ရင်မှာ တလှပ်လှပ် တုန်လျက် အသက်ရှူမှားကာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည်။
ဒူးနှစ်ဘက်ကို ပိုက်လျက် ကားပေါ်တွင် ထိုင်၍ ခေါင်းကို ဝှက်ထားပြီး မျက်စိကို စုံမှိတ်ထားလိုက်သည်။ တစ်ရေး အိပ်ပစ်လိုက်ချင်သည်။ နောင် လုပ်ရမည့် ကိစ္စကို နောက်မှ စဉ်းစားမည်ဟု တွေးပြီး တစ်ရေးရရန် သူ အိပ်ကြည့်သည်။ သို့သော် သူလုပ်ခဲ့သော အလုပ်၏ လေးနက်မှု အတိုင်းအတာနှင့် သူ့အနာဂတ်ဘဝ၏ မရေရာမှုတို့က သူ့ကို အိပ်မပျော်အောင် နှောင့်ယှက်နေကြသည်။
ကုန်တင်ကားသည် ဘယ်အရပ်သို့ ဦးတည်နေသည်၊ သို့မဟုတ် မည်သည့် လမ်းပေါ်တွင် မောင်းနှင်နေသည်ကို ကိုဆုကေ နည်းနည်းလေးမျှ မသိချေ။ အမှောင် ကြီးစိုးနေသောကြောင့် လမ်းကို မမြင်ရခြင်းထက် နေ့ခင်းပင် ဖြစ်စေကာမူ ပတ်ဝန်းကျင် ရှုခင်းကို ကြည့်ခြင်းအားဖြင့် မည်သည့်နေရာသို့ ရောက်နေသည်ကို သူ ခွဲခြားတတ်မည် မဟုတ်ပေ။
ယနေ့ညတွင် သူ အိပ်ပျော်နိုင်တော့မည် မဟုတ်ဟု ယူဆထားသော်လည်း နောက်ဆုံးတော့ သူ မှေးခနဲ ပျော်သွားလိုက်သေးသည်။ သူနိုးလာသောအခါ ကုန်တင်ကား ရပ်နေသည်ကို သူ သတိထားမိသည်။ မီးပွိုင့်တွင် မီးစိမ်းကို စောင့်နေခြင်းမျိုး မဟုတ်။ ဦးတည်ရာ အရပ်သို့ ရောက်ရှိသွားခြင်းသာ ဖြစ်မည်။
ဘေးပတ်ဝန်းကျင်တွင် လူရိပ်လူရောင် မရှိမှန်း သေချာမှ သူ ကားပေါ်မှ ဆင်းလိုက်သည်။ ခေါင်းကို ငုံ့ထားလျက် ကားရပ်နားကွင်း၏ အပေါက်ဝဘက်သို့ လျှောက်လာခဲ့သည်။ ကံကောင်းသည်မှာ ဂိတ်စောင့် ရှိမနေခြင်းပင်။ သူသည် အပေါက်ဝရှိ မုခ်ဦးဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။ တိုကျိုမြို့ အေဒိုဂါဝါရှိ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခု၏ ခြံဝင်း ဖြစ်သည်။
ပတ်ဝန်းကျင်မှာ မှောင်မဲနေဆဲ။ ဆိုင်များ မဖွင့်ကြသေးပေ။ ကိုဆုကေသည် ရှေ့သို့သာ ဆက်လက် လျှောက်လှမ်းနေသည်။ မည်သည့်နေရာသို့ ဦးတည်နေမှန်းလည်း သူ မသိ။ လျှောက်မြဲသာ လျှောက်နေခဲ့သည်။ လမ်းဆုံးလျှင် ရွာတွေ့မည် မဟုတ်ပါလား။
လျှောက်ရင်း လျှောက်ရင်းနှင့် ကောင်းကင်တွင် လင်းရောင်ခြည် သန်းလာသည်။ လမ်းဘေးတွင် ဘတ်စ်ကားမှတ်တိုင်ကို တွေ့လာရပြီ။ ဘတ်စ်ကား၏ ဂိတ်ဆုံးမှတ်တိုင်ကို တွေ့လိုက်သောအခါ သူ့မျက်လုံးထဲ လင်းလက်သွားသည်။ ဂိတ်ဆုံးမှာ တိုကျိုဘူတာ ဖြစ်သည်။ ရှေ့ဆက်လျှောက်သွားလျှင် တိုကျိုဘူတာသို့ ရောက်သွားပေမည်။
သို့သော် တိုကျိုဘူတာသို့ ရောက်လျှင် ဘာ ဆက်လုပ်ရမည်နည်း။ ဘယ်ဆက် သွားရမည်နည်း။ တိုကျိုဘူတာတွင် ဓာတ်ရထားများ များစွာ ရှိပေလိမ့်မည်။ မည်သည့် ရထားကို စီးရမည်နည်း။ သူ လမ်းလျှောက်ရင်း စဉ်းစားနေမိသည်။
ပန်းခြံကလေးထဲတွင် တစ်ခဏမျှ အနားယူသည်က လွဲ၍ ကိုဆုကေ ရှေ့သို့သာ လျှောက်မြဲ လျှောက်နေခဲ့သည်။ သူတို့အကြောင်းကို မတွေးချင်တော့သော်လည်း မိဘများ၏ မျက်နှာများက ဦးနှောက်ထဲတွင် ပေါ်ပေါ်လာသည်။ သားတစ်ယောက် ပျောက်ဆုံးသွားသည်ကို သိရှိပြီးနောက် သူတို့နှစ်ဦး ဘာလုပ်ကြမည်နည်း။ သူတို့ကိုယ်တိုင် ရှာဖွေ၍ မဖြစ်နိုင်။ ရဲတိုင်၍လည်း မဖြစ်။ အိမ်ပြန်ရန်မှာ ပိုပြီး မဖြစ်နိုင်ပေ။
သူတို့နှစ်ဦးသည် မူလအစီအစဉ်အတိုင်း ဦးတည်ရာသို့ ဆက်လက် ချီတက်ကြပေလိမ့်မည်။ ၎င်းနေရာတွင် အထိုင်ကျပြီးမှ သားကို ရှာဖွေနိုင်ရန် ပြန်လည် ကြိုးစားကြမည်။ သို့သော် သူတို့သည် လူသိရှင်ကြား မေးမြန်းရှာဖွေနိုင်မည် မဟုတ်။ ဆွေမျိုးသားချင်း၊ သူငယ်ချင်း အပေါင်းအသင်းထံသို့လည်း စုံစမ်း၍ မဖြစ်နိုင်။ ၎င်းနေရာများတွင် အကြွေးရှင်များ ခြေချင်းလိမ်နေလောက်ပြီ။
ကိုဆုကေလည်း သူ့မိဘများကို ရှာတွေ့နိုင်တော့မည် မဟုတ်။ သူတို့နှစ်ဦးက ကိုယ်ယောင်ဖျောက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် နာမည်ရင်းများကိုလည်း အသုံးပြုတော့မည် မဟုတ်။
ထိုသို့ဆိုလျှင် တစ်သက်လုံး မိဘနှစ်ပါးကို တွေ့ခွင့်ရတော့မည် မဟုတ်ပေ။ ထိုသို့ စဉ်းမိလိုက်သည်နှင့် သူ့ရင်ထဲ တစ်နေရာမှ အောင့်သွားသည်။ သို့သော် သူ နောင်တ မရမိ။ သူနှင့် မိဘတို့၏ နှလုံးသားများသည် ဆုံမှတ် တစ်ခုတည်းတွင် ရှိမနေကြတော့။ ဤအခြေအနေသို့ ရောက်လာပြီ ဆိုလျှင် မည်မျှပင် ကြိုးစားစေကာမူ အကြောင်းမထူးနိုင်တော့ပြီ။ အတူတကွ နေထိုင်နေလျှင်လည်း အဓိပ္ပာယ် မရှိတော့။ ၎င်းကို ဘီတယ်လ်ထံမှ သူ သင်ယူထားခဲ့သည်။
နေမြင့်လာသည်နှင့်အမျှ ယာဉ်ကြောမှာလည်း ပိုမိုကျပ်တည်းလာသည်။ သူနှင့် ပခုံးချင်းယှဉ်၍ လမ်းလျှောက်နေသော လူအရေအတွက်မှာလည်း ပိုမို များပြားလာသည်။ ကလေးများ ကျောင်းသို့ သွားနေကြသည်။ ကိုဆုကေ သတိရလာသည်။ ယနေ့ ကျောင်းပြန်ဖွင့်သော ပထမဆုံးနေ့။
သူသည် သူ့ကို ဖြတ်ကျော်သွားသော ဘတ်စ်ကားများ၏ ဦးတည်ရာအတိုင်း လမ်းဆက်လျှောက်နေသည်။ ယနေ့သည် စက်တင်ဘာလ တစ်ရက်နေ့ ဖြစ်သော်လည်း နွေရာသီ၏ အပူရှိန်က လျော့ပါးသွားခြင်း မရှိသေးပေ။ သူ့ကိုယ်ပေါ်ရှိ တီရှပ်သည် ချွေးများ၊ မီးခိုးမှုန်များဖြင့် စေးထန်းနေပြီ။
နံနက် ၁၀ နာရီ ကျော်ကျော်တွင် သူ တိုကျိုဘူတာသို့ ရောက်ရှိလာသည်။ ၎င်းအဆောက်အအုံကြီး အနီးသို့ ချဉ်းကပ်သွားသောအခါ စစချင်းတွင် ၎င်းမှာ တိုကျိုဘူတာကြီးဖြစ်ကြောင်း သူ မရိပ်စားမိခဲ့သေးချေ။ ကြီးမားသော အနီရောင် အုတ်တိုက်ကြီးက သူ့အား ဥရောပ အလယ်ခေတ်၏ ရဲတိုက်ကြီးကို အမှတ်ရစေသည်။
ဘူတာအထဲသို့ ရောက်သွားသော အခါမှာလည်း ၎င်း၏ ကြီးမားကျယ်ပြန့်သော အရှိန်အဝါကြောင့် ကိုဆုကေ အံ့အားသင့်မိပြန်သည်။ သူသည် လမ်းလျှောက်ရင်း ဘေးဘီသို့ လျှောက်ကြည့်နေသည်။ တစ်ခဏကြာမှ ကျည်ဆန်ရထားလိုင်းကို ညွှန်ပြသော ဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။
သူသည် ကျည်ဆန်ရထားကို စီးဖူးချင်နေခဲ့သည်မှာ ကြာပြီ။ ၎င်းအခွင့်အရေးကို ယခုနှစ်မှသာ စပြီး ရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကုန်စည်ပြပွဲ ကျင်းပရာ အိုဆာကာသို့ တိုက်ရိုက်ပြေးဆွဲသော တိုကျိုရထားသည် ယခုနှစ်မှ စတင် မောင်းနှင်ခြင်း ဖြစ်သည်။
ဘူတာရုံထဲ၌ ကုန်စည်ပြပွဲနှင့် ဆိုင်သော ပို့စတာများကို နေရာအနှံ့အပြားတွင် ကပ်ထားသည်။ ပို့စတာပေါ်မှ ကြေညာချက်အရ ဆိုလျှင် ကျည်ဆန်ရထားဖြင့် အိုဆာကာ ဘူတာသစ်သို့ စီးပြီး ၎င်းမှ မြေအောက်ရထား ပြောင်းစီးလျှင် ကုန်စည်ပြပွဲ ကျင်းပရာ ခန်းမသို့ သက်တောင့်သက်သာဖြင့် ရောက်ရှိနိုင်သည်။
ကုန်စည်ပြပွဲသို့ သွားကြည့်လိုစိတ်များ ဖြစ်ပေါ်လာသည်။ ပိုက်ဆံအိတ်ထဲတွင် စုစုပေါင်း ယန်း ၁၄၀၀၀ ခန့် ရှိသည်။ သီချင်းခွေ ရောင်းရငွေမှာ ယန်း ၁၀၀၀၀ ဖြစ်ပြီး ကျန်ငွေမှာ နှစ်ကူးအန်ပေါင်းထဲမှ သုံး၍ မကုန်သေးသော လက်ကျန်ငွေ ဖြစ်သည်။
ကုန်စည်ပြပွဲကို သွားကြည့်ပြီးလျှင် ဘာဆက်လုပ်မည်နည်း။ ဘာ အစီအစဉ်မျှ မည်မည်ရရ မရှိသေးပေ။ ထိုနေရာသို့ ရောက်သွားလျှင် အကြံရလာလိမ့်မည် ဟုသာ ယူဆထားသည်။ ဂျပန်တစ်ပြည်လုံး၊ မဟုတ်သေး၊ တစ်ကမ္ဘာလုံးရှိ လူများသည် ထိုနေရာတွင် စုစည်းကာ နောက်ဆုံးပေါ် တီထွင်တွေ့ရှိချက်များကို ထုတ်ဖော်ပြသ နေကြပေမည်။ ထိုသို့ အရောင်အသွေး စုံလင်သော အခြေအနေမျိုးတွင် သူ့အတွက် ခြေချစရာ သို့မဟုတ် တစ်ကိုယ်တည်း အသက်မွေးနိုင်စရာ အခွင့်အလမ်းကို တစ်ခုမဟုတ် တစ်ခု တွေ့လာနိုင်သည်ဟု သူ ယုံကြည်မိသည်။
သူသည် လက်မှတ်အရောင်း ကောင်တာနားသွားပြီး ဈေးနှုန်းကို စုံစမ်းကြည့်သည်။ ကျည်ဆန်ရထား၏ လက်မှတ်နှုန်းထားကို တွေ့လိုက်ရသောအခါမှ သူ စိတ်သက်သာရာ ရသွားသည်။ သူ ထင်ထားသလောက် ဈေးမကြီးပေ။ ကျည်ဆန်ရထားတွင် ဟီကာရီနှင့် ကိုဒါမား ဟူ၍ လိုင်းနှစ်လိုင်း ရှိသည်။ သူ တစ်စက္ကန့်မျှ စဉ်းစားနေပြီး ကိုဒါမားကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ တတ်နိုင်သရွေ့ ချွေတာရမည် မဟုတ်ပါလား။
လက်မှတ်အရောင်း ကောင်တာနားသို့ ကပ်ပြီး ကိုဆုကေ ပြောလိုက်သည်။ “ရှင်-အိုဆာကာကို လက်မှတ်တစ်စောင် ပေးပါခင်ဗျာ”
အရောင်းဝန်ထမ်းက ကိုဆုကေကို စိုက်ကြည့်လိုက်သည်။ “ကျောင်းသားလက်မှတ်လား” သူက မေးသည်။ “ကျောင်းသားလက်မှတ် ဝယ်မယ်ဆိုရင် ကျောင်းသားကတ် ပြရမယ်”
“ဗျာ … ကျွန်တော့်မှာ မပါဘူး”
“ဒါဆို ရိုးရိုးလက်မှတ်ပဲပေါ့။ ဖြစ်တယ်မလား”
“ဟုတ်၊ ရပါတယ်”
အရောင်းဝန်ထမ်းက မေးခွန်းများ ဆက်မေးနေသည်။ ဘယ်နှနာရီ ရထား စီးမည်နည်း။ ကြိုတင်အမှာစာ တင်ထားခြင်း ရှိမရှိ။ ကိုဆုကေသည် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်ဖြေနေသည်။
“ခဏစောင့်ပါဦး” အရောင်းဝန်ထမ်းသည် ပြောပြီး အထဲသို့ ဝင်သွားသည်။ ကိုဆုကေသည် ပိုက်ဆံကို ပြန်ရေနေမိသည်။ ရထားလက်မှတ်ဖိုးအတွက် ကျသင့်မည့် ပိုက်ဆံကို သီးသန့် ဖယ်ထားပြီး လက်မှတ်ရသည်နှင့် နံနက်စာအတွက် စားစရာ သွားဝယ်ရန် စိတ်ကူးနေသည်။
ထိုစဉ် နောက်ကျောဘက်မှ လက်တစ်ဘက်သည် သူ့ပခုံးပေါ်သို့ ကျရောက်လာသည်။ “ငါ့ညီလေး …..”
ကိုဆုကေ လှည့်ကြည့်လိုက်သောအခါ အနောက်တိုင်း ဝတ်စုံနှင့် အမျိုးသားတစ်ယောက် သူ့အနောက်ဘက်တွင် ရပ်နေလေသည်။
“ဘာကိစ္စလဲဗျ”
“မင်းကို မေးစရာလေး နည်းနည်း ရှိလို့ပါ။ အစ်ကိုနဲ့ ခဏလိုက်ခဲ့လို့ ရမလား” အမျိုးသားက တည်ငြိမ်သော လေသံဖြင့် ပြောနေသည်။
“ဒါပေမယ့် ကျွန်တော့်လက်မှတ် …….”
“မကြာပါဘူး ညီလေးရာ။ မေးခွန်း နည်းနည်းလောက် ဖြေပြီးရင် ပြီးပါပြီ”
ထိုအမျိုးသားက “လာ သွားရအောင်” ဟုဆိုကာ ကိုဆုကေ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်သည်။ မြဲမြံစွာ ဆုပ်ကိုင်ထားသောကြောင့် ကိုဆုကေ အနေဖြင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ထိုသူ့နောက်သို့ လိုက်သွားရန်သာ ရှိတော့သည်။
ကိုဆုကေကို ရုံးခန်းနှင့် တူသော အခန်းလေးတစ်ခန်းသို့ ခေါ်ဆောင်သွားသည်။ အမျိုးသားက အချိန်မကြာပါ ဟု ဆိုခဲ့သော်လည်း တကယ့်လက်တွေ့တွင် ကိုဆုကေကို နာရီပေါင်းများစွာ ကြာသည်အထိ ပြန်မလွှတ်သေးချေ။ ထိုသူ၏ မေးခွန်းများကို ကိုဆုကေက မဖြေကြားခဲ့သောကြောင့် ဖြစ်သည်။
ပထမဆုံး မေးခွန်းကိုပင် မဖြေကြားခဲ့။
“မင်း နာမည် ဘယ်လို ခေါ်သလဲ။ ဘယ်မှာ နေတာလဲ”
(ဆ)
လက်မှတ် အရောင်းကောင်တာတွင် ကိုဆုကေထံသို့ လာရောက် စကားပြောသူမှာ တိုကျိုရဲဌာန၏ ကလေးသူငယ်ရေးရာမှ မှုခင်းရဲတစ်ဦး ဖြစ်သည်။ နွေရာသီ ကျောင်းပိတ်ရက် ကုန်ဆုံးသည်နှင့် လူငယ် အများအပြား (ယောက်ျားလေးရော မိန်းကလေးပါ) အိမ်မှ ဆင်းပြေးတတ်ကြသောကြောင့် မှုခင်းရဲများသည် တိုကျိုဘူတာတွင် အရပ်ဝတ် အရပ်စားဖြင့် လှည့်လည် အကဲခတ်နေကြရသည်။ တစ်ခေါင်းလုံး ချွေးသံတရွှဲရွှဲ ဖြစ်နေပြီး မျက်နှာ မကြည်မသာနှင့် ကိုဆုကေတစ်ယောက် ဘူတာထဲသို့ ဝင်လာသည်ကို မြင်လိုက်သောအခါ မှုခင်းရဲက အခြေအနေကို ချက်ချင်း ရိပ်စားမိသွားသည်။ သူသည် ကိုဆုကေကို လက်မှတ်ကောင်တာနား ရောက်သည်အထိ နောက်ယောင်ခံ လိုက်လာခဲ့သည်။ အခြေအနေကို ကြည့်၍ အရောင်းဝန်ထမ်းကို မျက်နှာရိပ် ပြလိုက်သောအခါ အရောင်းဝန်ထမ်းက ချက်ချင်း ရှောင်ထွက်သွားသည်။ တိုက်ဆိုင်မှု သက်သက် မဟုတ်ပေ။
မှုခင်းရဲသည် ထိုအကြောင်းများကို ကိုဆုကေအား မထိမ်မဝှက် ပြောပြလိုက်သည်။ စဉ်းစားဆင်ခြင်ပြီးနောက် ကိုဆုကေကလည်း သူ့အကြောင်းကို မခြွင်းမချန် ပြန်လည် ပြောပြစေလိုသောကြောင့် ဖြစ်ပေလိမ့်မည်။ မှုခင်းရဲသည် ယခုကိစ္စကို စစချင်း များစွာ အလေးထားပုံ မရ။ နာမည်နှင့် နေရပ်လိပ်စာကို မေးပြီးသည်နှင့် မိဘ သို့မဟုတ် စာသင်ကျောင်းသို့ အကြောင်းကြား၍ ကလေးကို ပြန်လာခေါ်ခိုင်းလိုက်လျှင် သူ့အလုပ် ပြီးပြတ်ပြီဟု လွယ်လွယ် ယူဆထားခဲ့သည်။ သို့သော် ယခုတော့ လက်ဝင်နေချေပြီ။
ကိုဆုကေ အနေဖြင့်လည်း သူ့အကြောင်းကို အမှန်အတိုင်း ဝန်ခံရန် မဖြစ်နိုင်သည့် အကြောင်းတရားက ရှိနေပြန်သည်။ အကယ်၍ ဝန်ခံမည် ဆိုလျှင် မိဘများ ထွက်ပြေးပုန်းရှောင်သည့် ကိစ္စကိုလည်း အတိအလင်း ပြောပြရတော့မည်။
တိုကျိုဘူတာရှိ အလုပ်ခန်းမှ တိုကျိုရဲဌာနချုပ်ရှိ စစ်ကြောရေး ခန်းမသို့ ပြောင်းရွှေ့လာခဲ့သည့်တိုင် ကိုဆုကေသည် ရေငုံနှုတ်ပိတ်၍သာ နေနေခဲ့သည်။ မှုခင်းရဲက သူ့အတွက် ထမင်းလိပ်နှင့် မုယောတီး ယူလာပေးသော အခါတွင်လည်း မထိမတို့ဘဲ ငုတ်တုတ် ထိုင်နေခဲ့သည်။ ဗိုက်ထဲမှ တဂွီဂွီ မြည်၍ ဆန္ဒပြနေသော်လည်း ၎င်းကို စားလိုက်သည်နှင့် သူ မဖြစ်မနေ ဖြေရတော့မည်ဟု တွေးကြောက်နေသည်။
မှုခင်းရဲက သူ၏ အတွေးကို ရိပ်မိသွားပုံ ရ၍ သူ့ကို ပြုံးပြလိုက်သည်။ “ကဲပါ၊ စားစရာရှိတာ အရင် စားပါဦး။ ငါတို့ ခဏတာ စစ်ပြေငြိမ်းကြတာပေါ့” ပြောပြီးသည်နှင့် အခန်းထဲမှ ထွက်သွားလေသည်။
ကိုဆုကေသည် ထမင်းလိပ်ကို အငမ်းမရ စားနေမိသည်။ ယမန်နေ့ညက သူတို့ မိသားစု အတူစားခဲ့သော ကာလီထမင်း စားပြီးသည့်နောက်တွင် သူ့ဗိုက်ထဲသို့ ဘာအစာမျှ မဝင်ရသေးပေ။ ထမင်းလိပ်ထဲတွင် ဆီးသီးခြောက် တစ်မျိုးသာ ပါရှိသော်လည်း ကိုဆုကေအတွက်မူ နတ်သုဒ္ဓါတမျှ အရသာ ရှိလှပေသည်။
သိပ်မကြာခင်မှာပင် မှုခင်းရဲ ပြန်ရောက်လာသည်။ သူ၏ ပထမဆုံး မေးခွန်းမှာ “ပြောလို့ ရပြီလား” ဟူ၍။ ကိုဆုကေက ခေါင်းငုံ့နေသည်။ “အခုလည်း မပြောချင်သေးဘူးလား” မှုခင်းရဲက သက်ပြင်းချနေသည်။
ထိုစဉ် နောက်ထပ် လူတစ်ယောက် ရောက်လာပြီး မှုခင်းရဲနှင့် စကားပြောနေသည်။ ပြတ်တောင်းပြတ်တောင်း ကြားနေရသော စကားများထဲမှ ကိုဆုကေ သိလိုက်ရသည်မှာ သူတို့သည် တစ်နိုင်ငံလုံးရှိ လူပျောက်စာရင်းနှင့် တိုက်ဆိုင် စစ်ဆေးကြည့်နေကြလေသည်။
ကိုဆုကေက ကျောင်းကိစ္စကို စိတ်ပူနေမိသည်။ အကယ်၍ ရှိသမျှ အလယ်တန်းကျောင်းများသို့ စုံစမ်းကြည့်မည် ဆိုလျှင် သူ ကျောင်းမတက်သည်ကို တွေ့ရှိသွားနိုင်သည်။ တစ်မိသားစုလုံး နိုင်ငံခြား ထွက်မည်ဖြစ်ကြောင်း တင်ကြို၍ ကျောင်းသို့ ဆာဒါယုကိက အကြောင်းကြားထားပြီး ဖြစ်သော်လည်း ကျောင်းက ထိုကိစ္စကို သံသယ မဝင်နိုင်ဘူးလော။
မကြာခင် ညဉ့်နက်လာသည်။ ကိုဆုကေသည် ဒုတိယမြောက် အနပ်ကို စစ်ကြောရေး ခန်းမထဲမှာပင် စားရလေသည်။ ညစာမှာ ပုစွန်ကင်ထမင်း ဖြစ်သည်။ စား၍ မြိန်နေပြန်သည်။
မှုခင်းရဲလည်း စိတ်ပျက်စ ပြုလာသည်။ ကိုဆုကေကို တောင်းပန်သည့် လေသံဖြင့် ပြောလေသည်။ “တောင်းပန်ပါတယ်ကွာ။ အနည်းဆုံး မင်းနာမည်တော့ ပြောပြသင့်တာပေါ့” ကိုဆုကေက အနည်းငယ် သနားလာမိသည်။
“ဟီရိုရှိ” သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
မှုခင်းရဲ၏ မျက်နှာက လင်းလက်လာသည်။ “ဘာပြောတယ်”
“ဖူဂျီကာဝါ ….. ဟီရိုရှိ”
မှုခင်းရဲက ဘောလ်ပင်ကို ကောက်ကိုင်လိုက်သည်။ “အဲဒါ မင်းရဲ့ နာမည် ထင်တယ်။ ဘယ်လိုရေးရလဲ။ ရော့ကွာ၊ မင်းဘာသာပဲ ရေးပေးတော့”
ကိုဆုကေသည် ဘောလ်ပင်ကို လှမ်းယူပြီး “ဖူဂျီကာဝါ ဟီရိုရှိ” ဟု ချရေးလိုက်သည်။
နာမည်အတု သုံးရန် သူ မထင်မှတ်ဘဲ စဉ်းစားမိခဲ့သည်။ ဖူဂျီကာဝါမှာ သူတို့ ပထမဆုံး ယာဉ်ရပ်နားခဲ့သော ယာဉ်ရပ်နားစခန်း၏ တည်နေရာ ဖြစ်သည်။ ဟီရိုရှိ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲပင် ဖြစ်သည်။
“မင်းရဲ့ အိမ်လိပ်စာကရော” မှုခင်းရဲက မေးသည်။ သို့သော် ကိုဆုကေက ခေါင်းကို ခါယမ်းနေသည်။
သူသည် စစ်ကြောရေး ခန်းမထဲမှာပင် ညအိပ်ခဲ့ရသည်။ မှုခင်းရဲက သူ့အတွက် ခေါက်ခုတင်တစ်လုံး စီစဉ်ပေးသည်။ ငှားထားသော သားမွေးစောင်ကို ခြုံလျက် တစ်ရေးတည်းဖြင့် မိုးလင်းသွားလေသည်။
ဒုတိယမြောက်နေ့တွင် မှုခင်းရဲသည် ကိုဆုကေ၏ မျက်နှာချင်းဆိုင်တွင် ထိုင်၍ “မင်း ဆုံးဖြတ်ချက် ချရမယ့်အချိန် ရောက်လာပြီ” ဟု ပြောလေသည်။ “မင်း ဘယ်သူလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောမလား။ ဒါမှမဟုတ် လူငယ်စောင့်ရှောက်ရေးစခန်းကို သွားမလား။ အခုအတိုင်းသာ တေမိဇာတ် ခင်းနေရင် ဘာပြဿနာမှ ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး”
ကိုဆုကေက ဘာမျှ ပြန်မပြော။ မှုခင်းရဲသည် စိတ်မရှည်စွာဖြင့် ခေါင်းကုတ်နေလေသည်။
“ဘာတွေ ဖြစ်ခဲ့တာလဲကွာ။ မင်းမိဘတွေက ဘာတွေများ အလုပ်ရှုပ်နေရတာလဲ။ သားတစ်ယောက် ပျောက်နေတာကို နည်းနည်းလေးမှ စိတ်မပူကြတော့ဘူးလား”
ကိုဆုကေသည် ဘာမျှ မဖြေဘဲ စားပွဲကိုသာ စိုက်ကြည့်နေလေသည်။
“မတတ်နိုင်ဘူးကွာ” မှုခင်းရဲက အရှုံးပေးလိုက်ဟန်ဖြင့် ပြောသည်။ “မင်းမှာလည်း မင်းအကြောင်းနဲ့မင်း ရှိနေနိုင်တာပဲ။ ဖူဂျီကာဝါ ဟီရိုရှိ ဆိုတာလည်း မင်းရဲ့ နာမည်အရင်း မဟုတ်လောက်ဘူး။ ဟုတ်တယ်မလား”
ကိုဆုကေက မှုခင်းရဲကို ဖျတ်ခနဲ လှမ်းကြည့်ပြီး ချက်ချင်း ခေါင်းငုံ့ချလိုက်သည်။ သူပြောသည်များ မှန်ကန်နေကြောင်း သတိထားမိသောအခါ မှုခင်းရဲက ထွက်သက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်လေသည်။
ကိုဆုကေသည် များမကြာခင် လူငယ်စောင့်ရှောက်ရေး စခန်းသို့ ပြောင်းရွှေ့ခံရသည်။ ထိုနေရာသည် စာသင်ကျောင်းနှင့် ဘာမျှ ထူးခြားလိမ့်မည် မဟုတ်ဟု သူ ယူဆထားခဲ့သည်။ သို့သော် ထိုနေရာသို့ ရောက်သောအခါ ခေတ်ဟောင်း ဥရောပစတိုင် အဆောက်အအုံကြီးကို မြင်ရသည်နှင့် သူ အံ့အားသင့်သွားသည်။ ၎င်းအဆောက်အအုံကြီးသည် ယခင်က လူတစ်စုံတစ်ဦး၏ အိမ်ဂေဟာ ဖြစ်ခဲ့ဖူးကြောင်း သူ နောက်မှ သိလာရသည်။ ယခုတော့ ၎င်းတိုက်ကြီးသည် အိုမင်းဟောင်းနွမ်းနေပြီး နံရံများတွင် ဆေးရောင်များ မှေးမှိန်လျက် မျက်နှာကျက်မှာလည်း ကျိုးတိုးကျဲတဲသာ ကျန်ရှိတော့သည်။
ကိုဆုကေသည် ထိုနေရာတွင် နှစ်လမျှ နေခဲ့ရသည်။ ထိုသို့ နေနေစဉ် ကာလအတွင်း လူကြီး အတော်များများက သူနှင့် စကားလာပြောကြသည်။ ၎င်းတို့ အထဲတွင် ရိုးရိုး ဆရာဝန်များနှင့် စိတ်ကုဆရာဝန်များလည်း ပါဝင်သည်။ သူတို့ တတ်စွမ်းသမျှကို အသုံးချပြီး ‘ဖူဂျီကာဝါ ဟီရိုရှိ’ ဟု ခေါ်တွင်သော ဤသူငယ်၏ အတွင်းရေးကို နှိုက်ထုတ်နိုင်ရန် ကြိုးစားကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ လူတိုင်းအတွက် အံ့အားသင့်စေသော အချက်မှာ တစ်နိုင်ငံလုံးရှိ လူပျောက်စာရင်းထဲတွင် သူနှင့် အချက်အလက် ကိုက်ညီသောလူ တစ်ဦးတလေကိုမျှ ရှာမတွေ့ကြခြင်းပင်။ “သူ့မိဘတွေက ဘယ်သွားသေနေကြတာလဲ” နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ဤသို့ ပြောကြရသည် အထိ။
လူငယ်စောင့်ရှောက်ရေး စခန်းမှ ထွက်လာပြီးနောက် သူ ပြောင်းရွှေ့ခဲ့ရသော နောက်နေရာတစ်ခုမှာ ‘မာရူမစ်ဆူအန်’ မိဘမဲ့ဂေဟာ ဖြစ်သည်။ ၎င်းသည် တိုကျိုမြို့မှ အနည်းငယ် လှမ်းပြီး သူ နေခဲ့ဖူးသော အိမ်မှ ကားစီးသွားလျှင်မူ နာရီဝက်ခရီးသာ ရှိလေသည်။ သူ မည်သူ ဖြစ်သည်ကို ပေါက်ကြားသွားပြီလောဟု သူ စိုးရိမ်မိခဲ့သေးသည်။ သို့သော် လူကြီးများ၏ အမူအရာအရ ကြည့်ရလျှင် ဤဂေဟာ၌ နေရာလွတ် ရှိသည့် အတွက်ကြောင့်သာ ဖြစ်ကြောင်း သူ သဘောပေါက်လာသည်။
မိဘမဲ့ဂေဟာသည် တောင်ကမ်းပါးယံတွင် ရှိပြီး သစ်ပင်များ ဝန်ရံနေသော လေးထပ်တိုက်တစ်လုံး ဖြစ်သည်။ ထိုနေရာတွင် နေထိုင်ကြသော ကလေးများမှာ မူကြိုအရွယ်မှ စ၍ ဆံပင်စုတ်ဖွားနှင့် အထက်တန်း ကျောင်းသားအရွယ်အထိ အမျိုးစုံအောင် ရှိလေသည်။
“မင်းရဲ့ ကိုယ်ရေးရာဇဝင်ကို ပြောမပြချင်ဘူး ဆိုရင်လည်း မင်းသဘောပါပဲ။ ဒါပေမယ့် အနည်းဆုံးတော့ မင်းရဲ့ မွေးသက္ကရာဇ်ကို ပြောပြမှ ဖြစ်မယ်။ တကယ်လို့ မင်း ဘယ်နှခုနှစ်မှာ မွေးတာမှန်း မသိရင် ကျောင်းတက်ဖို့ စီစဉ်ပေးနိုင်မှာ မဟုတ်ဘူး” မျက်မှန်တပ်ထားသော သက်လတ်ပိုင်း အမျိုးသမီး ဝန်ထမ်းက သူ့ကို ပြောသည်။
ကိုဆုကေက စေ့စေ့စပ်စပ် စဉ်းစားနေမိသည်။ သူသည် ၁၉၅၇ ခု၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သို့သော် သူ၏ မွေးရက်သက္ကရာဇ် အစစ်အမှန်ကို ပြောပြလိုက်လျှင် သူ၏ နောက်ကြောင်းကို ရှာဖွေရန် လွယ်ကူသွားနိုင်ပေမည်။ ထိုသို့ ဖြစ်စေကာမူ သူ၏ အသက်ကို လိမ်ညာ၍လည်း မဖြစ်ပြန်။ အလယ်တန်း တတိယနှစ်၏ ဖတ်စာအုပ်များကို သူ မြင်ပင် မမြင်ဖူးသေးပေ။
ဆင်ခြင်စဉ်းစားပြီးနောက် “၁၉၅၇ ခု၊ ဇွန်လ ၂၉ ရက်” ဟု အဖြေပေးလိုက်သည်။
ဇွန်လ ၂၉ ရက် – ဘီတယ်လ်အဖွဲ့ ဂျပန်ပြည်သို့ ရောက်ရှိခဲ့သောနေ့။
(ဇ)
ဒုတိယမြောက် ဂင်းနစ်စ်ပုလင်းလည်း ကုန်သွားလေပြီ။ “နောက်တစ်ပုလင်း ယူဦးမလား” အေရီကိုက မေးသည်။ “တခြား တံဆိပ် ပြောင်းသောက်မလား”
“အင်း ကောင်းတာပဲ” ကိုဆုကေသည် စင်ပေါ်တွင် တင်ထားသော အရက်ပုလင်းများကို လှမ်းကြည့်သည်။ “ဒါဆိုလည်း …. ဘူနာဟာဗိန်း (Bunnahabhain) တစ်ခွက်ပေးဗျာ”
အေရီကိုသည် ခေါင်းညိတ်ပြီး ဘီယာခွက်တစ်ခွက် လှမ်းယူသည်။
ဆိုင်ထဲတွင် ‘I Feel Fine’ သီချင်းသံက ပျံ့လွင့်နေသည်။ ကိုဆုကေသည် လက်ချောင်းကလေးများဖြင့် စည်းချက်လိုက်နေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။
ဆိုင်းအတွင်း လေးဘက်လေးတန်ကို ကြည့်လျက် သူ တွေးမိပြန်သည်။ ဤကဲ့သို့သော ဇနပုဒ်တစ်နေရာတွင် ဤကဲ့သို့သော ဘားဆိုင်မျိုး တွေ့နေရမည်ဟု လုံးဝ ထင်မှတ်ထားနိုင်စရာ အကြောင်းမရှိ။ သူ ထိတွေ့ခဲ့ဖူးသော အပေါင်းအသင်းများတွင် ဘီတယ်လ်၏ ပရိသတ်များ ရှိသည်ဟု ဆိုနိုင်သော်လည်း သူကဲ့သို့သော ရူးရူးမူးမူး ကြိုက်နှစ်သက်သည့် အမာခံ ပရိသတ်မျိုး နောက်တစ်ယောက်ကို ဤဇနပုဒ်တွင် ရှာတွေ့နိုင်မည် မဟုတ်ဟု သူက အခိုင်အမာ ယုံကြည်ထားသည်။
အေရီကိုသည် ရေခဲညှပ်ဖြင့် ရေခဲကို ထုခွဲနေသည်။ သူ ရေခဲခွဲနေသည်ကို စိုက်ကြည့်နေရင်း ကိုဆုကေသည် ပန်းပုသုံး ဓားငယ်ဖြင့် သစ်တုံးကို ထွင်းလှီးနေသော မိမိ၏ အတိတ်ဘဝ ပုံရိပ်ကို ပြန်လည် မြင်ယောင်လာသည်။
ဂေဟာထဲတွေ နေထိုင်ခဲ့ရသော ဘဝမှာ ဆိုးရွားသည်ဟု မဆိုနိုင်ချေ။ အစားအသောက်အတွက် ပူပန်စရာ မလိုအပ်သည့်အပြင် ကျောင်းတက်ခွင့်လည်း ရရှိခဲ့သည်။ အထူးသဖြင့် သူ အသက်လိမ်ထားသောကြောင့် ကျောင်း စစတက်ချင်း ဦးဆုံးနှစ်တွင် ကျောင်းစာများက သူ့အတွက် လွယ်ကူလွန်းနေသည်။
သူ့ကိုယ်သူ ‘ဖူဂျီကာဝါ ဟီရိုရှိ’ ဟု နာမည်သွင်းထားသောကြောင့် အားလုံးက သူ့ကို ‘ဟီရိုရှိ’ ဟုသာ ခေါ်ကြသည်။ အစပိုင်းတွင် ထိုနာမည်နှင့် အသားမကျခဲ့သော်လည်း နောက်ပိုင်း သူ့နာမည် အရင်းကိုပင် မေ့သလောက် ရှိလာသည်။
သူ့တွင် သူငယ်ချင်း တစ်ယောက်မျှ မရှိပေ။ အတိအကျ ပြောရလျှင် သူသည် မည်သူနှင့်မျှ သူငယ်ချင်း မဖွဲ့ခဲ့ချေ။ အကယ်၍ ထိုသူနှင့် ရင်းနှီးသွားလျှင် အောင့်မထားနိုင်ဘဲ သူ၏ နာမည်အရင်းကို ဖွင့်ပြောလိုက်ခြင်းဖြင့် သူ၏ နောက်ကြောင်းကို လှစ်ဟပြလိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သည်။ ထိုသို့သော အခြေအနေမျိုးမှ ရှောင်ကွင်းနိုင်ရန် တစ်ကိုယ်တည်း သွားလာလှုပ်ရှားဖို့ လိုအပ်သည်ဟု သူ ယူဆသည်။ သူ၏ ထိုသို့သော အပြုအမူအကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သူနှင့် အပေါင်းအသင်း ဖွဲ့ချင်သည့် သက်တူရွယ်တူကလည်း မရှိသလောက် ရှားသည်။ အမြဲ မှုန်ကုတ်ကုတ် နေတတ်သော သူ့ကိုလည်း တခြားကလေးများက ပေါင်းရသင်းရ ခက်သူဟု ယူဆကြသည်။ သူ့ကို အနိုင်ကျင့်ရန် မဆိုထားနှင့်၊ သူ့အနား ကပ်ချင်သူပင် မရှိပေ။ ထို့ကြောင့် ဂေဟာမှာ ဖြစ်စေ၊ စာသင်ကျောင်းမှာ ဖြစ်စေ၊ သူက အမြဲတမ်း တစ်ယောက်ထီးတည်းသာ။
အတူကစားမည့် အပေါင်းအဖော် မရှိသော်လည်း သူသည် အထူးတလည် ပျင်းရိသည်ဟု မခံစားခဲ့ရပေ။ အဘယ်ကြောင့် ဆိုသော် သူ ဂေဟာသို့ ရောက်သည်နှင့် စိတ်ဝင်စားစရာ အလုပ်တစ်ခုကို ရှာတွေ့သွားခဲ့သည်။ ၎င်းမှာ ပန်းပုထုခြင်းပင် ဖြစ်သည်။ သူသည် ကျိုးကျနေသော သစ်တုံးများကို အနီး ပတ်ဝန်းကျင်မှ ကောက်ယူပြီး ဓားငယ်ဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး ထွင်းထုနေလေ့ ရှိသည်။ အစပိုင်းတွင် အပျင်းပြေ လုပ်နေရာမှ ရုပ်တု အနည်းငယ် ထွင်းထုပြီးသော အခါတွင်မူ ပန်းပုထုခြင်းကို ရူးသွပ်စွာ စွဲလန်းသွားလေတော့သည်။ တိရစ္ဆာန်ရုပ်မှ စ၍ စက်ရုပ်၊ လူရုပ်နှင့် ကားရုပ်အထိ အမျိုးအမည် မရွေး ထွင်းထုခဲ့သည်။ အသွင်အပြင် ရှုပ်ထွေး၍ ထွင်းထုရ ခက်လေလေ သူ့အတွက် အားရလေလေ ဖြစ်နေတော့သည်။ ပုံကြမ်း မဆွဲတော့ဘဲ သစ်သားကိုင်ပြီး တိုက်ရိုက် ထွင်းရသည်ကိုပင် အားရ ကျေနပ်နေမိသည်။
ထွင်းထုပြီးသော အရုပ်များကို သူက သူ့အောက်ငယ်သည့် ကလေးများအား လက်ဆောင်အဖြစ် ပေးလေ့ရှိသည်။ ပုံမှန်အားဖြင့် မျက်နှာသေဖြင့် နေနေတတ်သည့် ‘ဟီရိုရှိ’ ၏ လက်ဆောင်ပေးခြင်းကို ခံရသော ကလေးများသည် အစပထမတွင် ကြောင်အမ်းအမ်း ဖြစ်နေတတ်ကြသော်လည်း လက်ဆောင်ကို လက်ခံပြီးသည်နှင့် တပြိုင်နက် သူတို့၏ မျက်နှာတွင် အပြုံးပန်းများ ဝေလာကြသည်။ သူတို့အတွက် ကစားစရာ အသစ်ရရှိနိုင်သည့် အခွင့်အလမ်းမှာ နည်းပါးလှသည် မဟုတ်ပါလား။ မကြာခင်မှာပင် ကလေးများက သူတို့ လိုချင်သော ပုံသဏ္ဌာန်များကို တောင်းဆိုလာကြလေတော့သည်။ “သားအတွက် မူးမင်းရုပ် (Moomin) လုပ်ပေး” “သားက ကာမန်းရိုက်ဒါ (Kamen Rider)” စသဖြင့်။ ကလေးများ၏ အပြုံးများက သူ့ထံသို့လည်း ကူးစက်လာခဲ့သည်။
ကိုဆုကေ၏ ပန်းပုရုပ်ကလေးများက ဝန်ထမ်းများ၏ အကြားတွင်လည်း ရေပန်းစားခဲ့လေသည်။ တစ်နေ့တွင် အုပ်ချုပ်ရေးမှူး ရုံးခန်းသို့ အခေါ်ခံရပြီး အုပ်ချုပ်ရေးမှူးက သူ့အား ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ဖူးသော အကြံဉာဏ်တစ်ခုကို ပေးခဲ့သည်။ “မင်း ပန်းပုပညာ မသင်ချင်ဘူးလား” အုပ်ချုပ်ရေးမှူးတွင် ပန်းပုပညာရှင် သူငယ်ချင်းတစ်ယောက် ရှိသည်။ ထိုသူသည် သူ့ပညာကို ဆက်ခံနိုင်မည့် တပည့်ကောင်းတစ်ယောက် ရှာဖွေနေသည်။ အုပ်ချုပ်ရေးမှူးက ပြောခဲ့သေးသည်။ အကယ်၍ သူနှင့်အတူ ပညာသင်အဖြစ် နေထိုင်လျှင် နေ့ခင်းတွင် သူ့ထံမှ ပန်းပုပညာ သင်ခွင့် ရမည့်အပြင် ညနေပိုင်းတွင်လည်း ညကျောင်းတက်၍ အထက်တန်း အောင်လက်မှတ် ရယူနိုင်သေးသည်။
သူ့အနေဖြင့် အလယ်တန်း ပြီးဆုံးကြောင်း အောင်လက်မှတ်ကို မကြာခင် ရတော့မည် ဖြစ်၍ ဂေဟာ၏ အုပ်ချုပ်ရေး ဝန်ထမ်းများကလည်း သူ၏ ရှေ့ရေးအတွက် စတင်၍ ပူပန်နေကြလေပြီ။
ထိုကိစ္စ မတိုင်ခင်ကလည်း ကိုဆုကေအတွက် တရားဝင် အမည်ပေါက်စာရင်း ရရှိနိုင်ရန်အတွက် မိသားစုတရားရုံးတွင် မှတ်ပုံတင်ပေးခဲ့ကြသည်။ ပုံမှန်အားဖြင့် ၎င်းလုပ်ထုံးလုပ်နည်းမှာ စွန့်ပစ်ခံ နို့စို့ကလေးငယ်များအတွက် ပြုလုပ်ပေးရသော ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း ဖြစ်သည်။ ကိုဆုကေ ကဲ့သို့သော အရွယ်မျိုးအတွက် ထိုသို့ ပြုလုပ်ပေးရသည်မှာ မရှိသလောက် ရှားသည်။ ထို့အပြင် မိမိ နောက်ကြောင်းကို ရဲများ မသိစေရန် တမင် ထိမ်ဝှက်ထားပြီး ရဲဌာနဘက်မှလည်း ပြန်လည် ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိသော အမှုမျိုးမှာ မရှိခဲ့ဖူးသောကြောင့် ကိုဆုကေ၏ အမှုမှာ တစ်မူ ထူးခြားနေသည်။
မိသားစုတရားရုံးမှ အရာရှိများသည် သူ့ထံသို့ မကြာခဏ လာတွေ့ကြသည်။ ယခင်လူများ ကဲ့သို့ပင် သူ၏ နောက်ကြောင်းကို နှိုက်ထုတ်နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း ကိုဆုကေက ယခင်နည်းအတိုင်း နှုတ်ကို အလုံ ပိတ်ထားခဲ့သည်။
နောက်ဆုံးတွင် လူကြီးများက ဤသို့သာ ကောက်ချက်ချရတော့သည်။ “အတိတ်မေ့သွားနိုင်လောက်တဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုခု ပြင်းပြင်းထန်ထန် ကြုံခဲ့ဖူးပုံ ရတယ်။ သူ ပြောပြချင်တောင်မှ ပြောမပြနိုင်တော့တာမျိုး ဖြစ်နိုင်တယ်” ဤမျှ လက်ဝင်သော အမှုမျိုးကို ဤသို့ ဖြေရှင်းချက် ပေးလိုက်ခြင်းက အားလုံးအတွက် ပိုကောင်းလိမ့်မည်ဟု သူတို့ ယူဆထားသည်လော မသိ။
အလယ်တန်း ကျောင်းဆင်းပွဲ မတိုင်ခင်မှာပင် ကိုဆုကေသည် ‘ဖူဂျီကာဝါ ဟီရိုရှိ’ အမည်ဖြင့် တရားဝင် အိမ်ထောင်စု စာရင်းဝင် ဖြစ်လာခဲ့သည်။ ကျောင်းဆင်းပွဲ ပြီးသည်နှင့် သူသည် ဂေဟာမှ ထွက်ခွာခဲ့ပြီး ပန်းပုဆရာ ရှိရာ အရပ်သို့ ပြောင်းရွှေ့ကာ ပညာသင်အဖြစ် ဆရာနှင့်အတူ နေထိုင်ခဲ့လေသည်။
(ဈ)
ပန်းပုပညာ သင်ကြားဆဲ ကာလတွင်လည်း သူ့အတွက် လွယ်ကူလှသည်တော့ မဟုတ်။ ကိုဆုကေ၏ ဆရာသည် ရှေးရိုးစွဲ ပန်းပုဆရာကြီးများ၏ ထုံးစံအတိုင်း စည်းကမ်းကြီးသည်၊၊ ခေါင်းမာသည်။ ဘယ်အရာကိုမဆို လွယ်လွယ်နှင့် အလျှော့မပေးတတ်။ ပထမနှစ်တွင် ကိုဆုကေသည် ကိရိယာများကို ပြင်ဆင်ခြင်း၊ ကုန်ကြမ်းများကို ထိန်းသိမ်းခြင်းနှင့် အလုပ်ရုံကို ရှင်းလင်းပေးရခြင်းမှ အပ ပန်းပုနှင့်ဆိုင်သည့် တခြား မည်မည်ရရ အလုပ်များကို လုပ်ကိုင်ခွင့် မရခဲ့ပေ။ ညကျောင်း အထက်တန်း ဒုတိယနှစ် ရောက်မှသာ သစ်သားထွင်းခွင့် စ,ရလေသည်။ သို့သော် ဆရာ ညွှန်ကြားသည့် ပုံသဏ္ဌာန် တစ်မျိုးတည်းကိုသာ ထွင်းခွင့်ရသည့်အပြင် တစ်နေ့တည်းအတွင်း ပုံစံတူ အခုရေ ၂၀ မှ ၃၀ အထိ ထွင်းခိုင်းလေ့ရှိသည်။ တစ်နေ့အတွင်း ထွင်းထုရသော ပန်းပုရုပ်များ အားလုံးသည် ပုံစံ တစ်ထပ်တည်း ကျမနေလျှင် နောက်ပုံစံသစ် တစ်ခုသို့ ပြောင်းထုခွင့် မရပေ။ အင်မတန် ငြီးငွေ့စရာ ကောင်းသော အလုပ်ဟုပင် ဆိုနိုင်သည်။
သို့သော် ဆရာသည် ပင်ကိုအားဖြင့် သဘောမနော ကောင်းသူတစ်ဦး ဖြစ်သည်။ ကိုဆုကေ၏ ရှေ့ရေးအတွက် စေတနာထားပြီး လမ်းညွှန်မှုများ ပေးခဲ့သည်။ ကိုဆုကေကို ပြိုင်စံရှားသည့် ပန်းပုပညာရှင် တစ်ယောက်ဖြစ်အောင် လေ့ကျင့် သင်ကြားပေးရန်မှာ သူ၏ ဘဝရည်မှန်းချက် တစ်ခုနှယ် သဘောထားခဲ့သည်။ မိမိ၏ လုပ်ငန်းကို ဆက်ခံမည့်သူ တစ်ယောက်ကို မွေးထုတ်နေခြင်း သက်သက်မျှသာ မဟုတ်ကြောင်း ခံစား သိရှိနိုင်သည်။ ဆရာကတော်ကလည်း သူ့ကို ဆွေမျိုးရင်းချာသဖွယ် ဆက်ဆံခဲ့သည်။
အထက်တန်းကျောင်း အောင်မြင်ပြီးသောအခါ ကိုဆုကေသည် ဆရာ့ကို တရားဝင် ကူညီခွင့် ရလာသည်။ အစောပိုင်းတွင် လွယ်ကူသော အကြမ်းထည်မှ စတင်ပြီး တဖြည်းဖြည်း ရင်းနှီးမှု၊ ယုံကြည်မှု ရလာသည်နှင့် ပို၍ပို၍ ခက်ခဲ နက်နဲသော အနုအရွ ပန်းပုပညာများကို သင်ကြားခွင့် ရလာသည်။ အနှစ်သာရပိုင်း အရပါ ပို၍ပို၍ လေးနက်လာလေသည်။
သူ၏ ဘဝကို တဖြည်းဖြည်း ကျေနပ်လာသည်။ သူ့မိဘများနှင့်အတူ မြို့မှ ထွက်ပြေးခဲ့ရသော အတိတ်ကို လုံးဝဥဿုံ မေ့ပျောက်နိုင်ခြင်း မရှိသေးသော်လည်း ထိုမှတ်ဉာဏ်များမှာ ဦးနှောက်ထဲတွင် မှေးမှိန်စ ပြုလာခဲ့လေပြီ။ မှန်ကန်သော ဆုံးဖြတ်ချက် တစ်ခုကို သူ ချခဲ့ကြောင်း ယခုအခါ သူ ရဲရဲဝင့်ဝင့် ပြောနိုင်လာသည်။ သူ့ မိဘများနှင့် လက်တွဲ ဖြုတ်ခဲ့သည့်အတွက် သူ ဝမ်းသာမိသည်။ ပြတ်ပြတ်သားသား စွန့်ခွာခဲ့ခြင်းသည် မှန်ကန်သော ရွေးချယ်မှု တစ်ခုပင် ဖြစ်သည်။ အကယ်၍ အဘိုးအို၏ အကြံဉာဏ်အတိုင်း လုပ်ဆောင်ခဲ့မိလျှင် သူ ယခု ဘယ်ဘဝသို့ ရောက်ရှိနေမည်နည်း။
၁၉၈၀ ခု ဒီဇင်ဘာလ အရောက်တွင် သူ၏ ငြိမ်းချမ်းနေသော စိတ်အစဉ်သည် တီဗီမှ ထုတ်လွှင့်သော သတင်းတစ်ခုကြောင့် လှုပ်ခါလာကြပြန်သည်။ ဘီတယ်လ်၏ အဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်သော ဂျွန်လန်နွန် အသတ်ခံရခြင်း။
ဘီတယ်လ်ကို စတင် သိခွင့်ရသည့် နေ့မှ အစပြု၍ ဘီတယ်လ်ကို အရူးအမူး ခုံမင်ယစ်မူးခဲ့သည့် နေ့ရက်များ၊ နောက်ဆုံး စိတ်ပျက် စွန့်ခွာခဲ့သည့် နေ့ရက်အထိ ဖြစ်ပျက်ခဲ့သမျှသော ပုံရိပ် အလုံးစုံတို့သည် ကိုဆုကေ၏ မျက်လုံးထဲတွင် ရုပ်ရှင်ပြသကဲ့သို့ တစ်ကွက်ပြီးတစ်ကွက် ပေါ်လာကြသည်။ ရင်ထဲတွင်လည်း ဝမ်းနည်းမှုများ၊ နာကျင် ခံခက်မှုများအပြင် လွမ်းဆွတ် တမ်းတမှုများလည်း ရောပြွမ်းနေသည်။
ဂျွန်လန်နွန်သည် ဘီတယ်လ်အဖွဲ့ကို ဖျက်သိမ်းမိခဲ့ခြင်းအတွက် နောင်တ ရခဲ့ဖူးပါသလော။ ထိုမေးခွန်းသည် ကိုဆုကေ၏ အတွေးထဲတွင် ရုတ်တရက် ပေါ်လာသည်။ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသည်ဟု သူ ယူဆခဲ့မည်လော။
ကိုဆုကေသည် ခေါင်းကို ခပ်ဆတ်ဆတ် ခါယမ်းလိုက်သည်။ အသို့ ဖြစ်နိုင်အံ့နည်း။ ဘီတယ်လ်အဖွဲ့ ပြိုကွဲသွားပြီးနောက် အဖွဲ့ဝင် လေးဦးစလုံးသည် တစ်ကိုယ်တော် အနုပညာရှင်များ အဖြစ် ဆက်လက် အသက်မွေးနိုင်ခဲ့ကြသည်။ ‘ဘီတယ်လ်’ တည်းဟူသော ကျိန်စာကျော့ကွင်းအတွင်းမှ လွတ်မြောက်သွားခဲ့၍သာ ထိုသို့သော လွတ်လပ်သည့် ဘဝသစ်ကို ရရှိခဲ့ကြသည် မဟုတ်ပါလော။ သူလည်း ထိုနည်းလည်းကောင်းပင်။ မိသားစု တည်းဟူသော ကျော့ကွင်းမှ ရုန်းထွက်နိုင်ခဲ့၍သာ သာယာချမ်းမြေ့မှုကို သူ အမိအရ ဖမ်းဆုပ်နိုင်ခဲ့သည် မဟုတ်ပါလော။
သံယောဇဉ် အထုံးလေး ပြေလျော့သွားပြီ ဆိုလျှင် ပြန်ဆက်နိုင်ရန် လမ်းစ မရှိတော့ပြီ။ သူ တွေးနေမိပြန်သည်။
ရှစ်နှစ်ကြာပြီးနောက် ဒီဇင်ဘာလ၏ နေ့တစ်နေ့တွင် သတင်းစာပေါ်မှ သတင်းတစ်ပုဒ်ကြောင့် ကိုဆုကေ ရင်ထိတ်သွားခဲ့သည်။ မာရူမစ်ဆူအန် မိဘမဲ့ဂေဟာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူအသေအပျောက် ရှိခဲ့သည်ဟု ဆိုသည်။
ဆရာက အခြေအနေ သွားကြည့်ရန် သူ့အား ခိုင်းစေသောကြောင့် နောက်တစ်နေ့တွင် ဆိုင်ရှိ ကုန်သေတ္တာယာဉ် အငယ်စားလေးဖြင့် သူ ထွက်ခွာလာခဲ့သည်။ အထက်တန်း ကျောင်းပြီးခါစက ကျေးဇူးတင်စကား ပြောကြားရန် ဂေဟာသို့ တစ်ကြိမ် ရောက်ရှိခဲ့သည်။ ထို့နောက်ပိုင်းတွင်မူ ဂေဟာသို့ သူ ထပ်မရောက်ဖြစ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပင် ကြာခဲ့လေပြီ။
ဂေဟာ၏ လေးထပ်တိုက်ကြီးသည် အများအားဖြင့် မီးလောင်၍ ပျက်စီးနေလေပြီ။ ကလေးများနှင့် ဝန်ထမ်းများသည် အနီးအနားရှိ မူလတန်းကျောင်း တစ်ကျောင်း၏ အားကစားခန်းမထဲတွင် ယာယီ စတည်းချနေရသည်။ မီးလှုံရန်အတွက် မီးဖိုများ အနည်းအကျဉ်း ဖိုထားသော်လည်း လူတိုင်းမှာ အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေကြဆဲ။
အုပ်ချုပ်ရေးမှူးမှာ အိုမင်းနေလေပြီ။ ကိုဆုကေ လာရောက်သည်ကို သူ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် အံ့ဩသည့် အမူအရာက သူ့မျက်နှာတွင် အထင်းသား ပေါ်လွင်နေသည်။ တစ်ချိန်က မိမိနာမည်ရင်းကိုပင် ပြောပြရန် ဝန်လေးခဲ့သော တေမိကလေးသည် ယခုအခါတွင် ဂေဟာ မီးသင့်ခဲ့သည့်အတွက် စိတ်ဝင်တစား လာရောက် မေးမြန်းဖော်ရသော အရွယ်ရောက်သည့် လူကြီးတစ်ယောက် ဖြစ်နေခဲ့ချေပြီ။
“ကျွန်တော် လုပ်ပေးနိုင်တာ ရှိရင် ကျွန်တော်ကို အားမနာတမ်း ပြောပါခင်ဗျာ” ကိုဆုကေက အုပ်ချုပ်ရေးမှူးကို ပြောလိုက်သည်။
“မင်းမှာ အဲဒီလို ကူညီချင်တဲ့ စိတ်မျိုး ရှိနေတာကို သိရရင်ပဲ ငါတို့ အားရှိပါပြီ” အုပ်ချုပ်ရေးမှူးက ပြန်ဖြေသည်။
ကိုဆုကေသည် ဂေဟာမှ ထွက်ခွာမည် အပြုတွင် သူ့ထံသို့ အသံတစ်သံ ပျံ့လွင့်လာသည်။ “ရှင် ဟီရိုရှိ မဟုတ်လား”
သူ လှည့်ကြည့်လိုက်သောအခါ အမျိုးသမီးငယ်တစ်ယောက် သူ့ထံသို့ လျှောက်လာနေသည်။ အသက် အစိတ် ပတ်ဝန်းကျင်ခန့် ရှိမည်။ တန်ဖိုးကြီးသော သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။
“ဟုတ်ပါတယ် ရှင်မှရှင် အစစ်ပါ ဟီရိုရှိ” သူ၏ မျက်လုံးထဲတွင် အရောင်များ လင်းလက်နေသည်။ “ကျွန်မ ဟာရုမိလေ။ မူတို ဟာရုမိပါ။ ကျွန်မကို မမှတ်မိဘူးလား”
ကိုဆုကေက မမှတ်မိကြောင်း ပြောရန် ဝန်လေးနေသည်။ အမျိုးသမီးသည် သူ့လက်ဆွဲအိတ်ကို ဖွင့်ပြီး တစ်စုံတစ်ခု ဆွဲထုတ်လိုက်သည်။
“ဒါဆိုရင်ရော …. ရှင် မှတ်မိပြီလား”
“ဝိုး …..” ကိုဆုကေ၏ ပါးစပ်မှ အာမေဍိတ်သံ ထွက်ပေါ်လာသည်။
၎င်းမှာ သစ်သားဖြင့် ထွင်းထုထားသော ခွေးရုပ်ကလေး ဖြစ်သည်။ ကိုဆုကေက ၎င်းကို မှတ်မိနေဆဲ။ သူ မာရူမစ်ဆူအန်တွင် နေထိုင်စဉ်က ထွင်းထုခဲ့သော သူ့လက်ရာ ဖြစ်သည်။
သူက အမျိုးသမီး၏ နာမည်ကို ပြန်လည် ရေရွတ်ကြည့်နေသည်။ တစ်နေရာရာတွင် မြင်ခဲ့ဖူးသည်ဟု ခံစားမိလာသည်။
“ခင်ဗျားရော ဂေဟာမှာ နေဖူးတာလား”
“အင်း” သူက ခေါင်းညိတ်ပြသည်။ “ဒါကို ရှင် ပေးထားတာလေ။ ကျွန်မ ၅ တန်းနှစ်ကပေါ့”
“ကျွန်တော် သတိရပြီ။ ဒါပေမယ့် ဝေဝေဝါးဝါးပဲ ရှိသေးတယ်”
“ဟုတ်လား။ ကျွန်မကတော့ ရှင့်ကို အမြဲ သတိရနေတာ။ ဒီအရုပ်လေးက ကျွန်မရဲ့ ဖေးဘရိတ်ပဲလေ”
“အားနာစရာကြီးဗျာ”
အမျိုးသမီးက ပြုံးနေပြီး ခွေးရုပ်ကလေးကို အိတ်ထဲ ပြန်သိမ်းလိုက်သည်။ ထို့နောက် လိပ်စာကတ်တစ်ကတ် ထိုးပေးသည်။ ကတ်ပေါ်တွင် ‘ပါပီကုမ္ပဏီ၊ စီအီးအို၊ မူတို ဟာရုမိ’ ဟု ရိုက်နှိပ်ထားသည်။
ကိုဆုကေကလည်း လိပ်စာကတ်တစ်ကတ် ပြန်ပေးလိုက်သည်။ ဟာရုမိက ကတ်ကို ကြည့်ရင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။
“ပန်းပုအလုပ်ရုံ …… ရှင် ပန်းပုပညာရှင်တစ်ယောက် ဖြစ်လာမယ်ဆိုတာ ကျွန်မ ယုံကြည်ပြီးသား”
“ဆရာ့ရဲ့ စကားနဲ့ ပြောရရင် ကျွန်တော်က ဟိုမရောက် ဒီမရောက် ဇော်ကန့်လန့်ပါဗျာ” ကိုဆုကေ ခေါင်းကုတ်နေသည်။
သူတို့နှစ်ယောက်သည် အားကစား ခန်းမရှေ့ရှိ ခုံတန်းရှည်ပေါ်တွင် ထိုင်လိုက်ကြသည်။ ဟာရုမိသည်လည်း မီးဘေးသတင်းကို ကြားကြားချင်း ရောက်လာခဲ့သည်ဟု ဆိုသည်။ သူက ငွေကြေးအကူအညီ ပေးရန် အုပ်ချုပ်ရေးမှူးအား ကမ်းလှမ်းခဲ့သည်။
“သူတို့က ကျွန်မအပေါ် အများကြီး စောင့်ရှောက်ခဲ့ဖူးတယ်လေ။ အခုချိန်မှာ အခွင့်အရေး ရတုန်း ပြန်ပြီး ကျေးဇူးဆပ်ရတာပေါ့ရှင်”
“သာဓုပါဗျာ”
“ရှင်လည်း အဲဒီကိစ္စအတွက်ပဲ ရောက်လာတာ မဟုတ်လား”
“ကျွန်တော့်ဆရာက လာကြည့်ခိုင်းလို့ပါ” ကိုဆုကေသည် လက်ထဲမှ လိပ်စာကတ်ကို စိုက်ကြည့်နေသည်။ “ခင်ဗျားက ကုမ္ပဏီ ထောင်ထားတာလား။ ဘယ်လို ကုမ္ပဏီမျိုးလဲ”
“ကုမ္ပဏီ သေးသေးလေးပါရှင်။ လူငယ်တွေကို ဦးစားပေးတဲ့ အစီအစဉ်မျိုးတွေ လုပ်ပေးတယ်။ ပြီးတော့ ကြော်ငြာလုပ်ငန်းရောပေါ့”
“အင်း” ဟုသာ ကိုဆုကေက ရောချလိုက်ရသည်။ သူ့စကားကို ဘာမျှ နားမလည်လိုက်။ “ဒီအရွယ်နဲ့ ကုမ္ပဏီထောင်နိုင်တာ အတော် ချီးကျူးဖို့ ကောင်းတယ်”
“ကံကောင်းတာလည်း ပါပါတယ်ရှင်”
“ကံကောင်းရုံနဲ့တော့ ဘယ်ရမလဲဗျာ။ ကုမ္ပဏီထောင်ဖို့ စိတ်ကူးမိတာကိုပဲ အတော် အထင်ကြီးစရာ ကောင်းနေပြီ။ သာမန်လူတစ်ယောက်ရဲ့ အမြင်အရဆိုရင် သူများအလုပ် ဝင်လုပ်ပြီး ပုံမှန်လစာလေးနဲ့ ရပ်တည်နေရတာက ပိုသက်သာတယ် မဟုတ်လား”
ဟာရုမိက တစ်ခဏတာမျှ တွေးနေသည်။
“ကျွန်မရဲ့ စရိုက်ကြောင့်လည်း ပါမယ် ထင်ပါတယ်။ ကျွန်မက သူများရဲ့ အမိန့်တွေကို သိပ် နာခံတတ်တဲ့သူ မဟုတ်ဘူး။ အချိန်ပိုင်း အလုပ်တစ်ခု ဝင်လုပ်တာလည်း မမြဲခဲ့ဘူးလေ။ ကျွန်မ ဂေဟာကနေ ထွက်လာတော့ ကျွန်မ ဘာ ဆက်လုပ်ရမလဲ ဆိုတာကို ဇဝေဇဝါ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ လူတစ်ယောက်က အင်မတန် အဖိုးတန်တဲ့ အကြံဉာဏ်တွေ ကျွန်မကို ပေးခဲ့တယ်။ အဲဒီကနေ စပြီး ကျွန်မဘဝအတွက် ဦးတည်ရာ လမ်းကြောင်းတစ်ခုကို ရခဲ့တာပဲ”
“အင်၊ အဲဒီလူက ……”
“ဒါလား …..” သူ တစ်ဒင်္ဂ ဆိတ်ငြိမ်သွားပြီးမှ ဆက်ပြောသည်။ “ကုန်စုံဆိုင်တစ်ဆိုင်က ဆိုင်ရှင်ပါ”
“ကုန်စုံဆိုင်?” ကိုဆုကေ၏ မျက်မှောင်များ ကျုံ့ဝင်သွားသည်။
“သူငယ်ချင်းရဲ့ အိမ်နားမှာ ကုန်စုံဆိုင် တစ်ဆိုင်ရှိတယ်။ လူတကာကို အကြံဉာဏ်ပေးတတ်လို့ နာမည်ကြီးနေတာ။ မဂ္ဂဇင်းထဲမှာတောင် အင်တာဗျူး ပါဖူးတယ် ဆိုပဲ။ ဒါနဲ့ ‘မရလည်း အရှုံးမရှိဘူး၊ ရတော့ အမြတ်ပေါ့’ ဆိုတဲ့ စိတ်ထားနဲ့ ကျွန်မလည်း အကြံဉာဏ် တောင်းကြည့်ခဲ့တယ်။ သူပေးတဲ့ အကြံဉာဏ်က ကျွန်မအတွက် အဖိုးမဖြတ်နိုင်အောင်ပါပဲ။ ဒီနေ့ ဒီအချိန်မှာ ကျွန်မ အခုလို နေနိုင်တာ သူရဲ့ ကျေးဇူးတွေချည်းပဲ”
ကိုဆုကေ ဆွံ့အသွားသည်။ သူ ပြောနေသော ကုန်စုံဆိုင်မှာ နာမီယာကုန်စုံဆိုင်သာ ဖြစ်ရပေလိမ့်မည်။ ထိုသို့သော ကုန်စုံဆိုင်မျိုး ဒုတိယတစ်ဆိုင် ရှိနိုင်မည် မဟုတ်ပေ။
“ရှင်က မယုံဘူးထင်တယ်” ဟာရုမိက မေးသည်။
“မ … မဟုတ်ပါဘူး။ လောကမှာ အဲဒီလို ကုန်စုံဆိုင်မျိုး ရှိသေးတာလား” ကိုဆုကေက အသံကို တည်ငြိမ်အောင် ကြိုးစားပြီး ပြောလိုက်သည်။
“စိတ်ဝင်စားဖို့ ကောင်းတယ်နော်။ ဒါပေမယ့် အခုချိန်ထိ ဖွင့်မဖွင့် ဆိုတာတော့ ကျွန်မလည်း မသိဘူး”
“ဘာပဲဖြစ်ဖြစ်ပါလေ။ လုပ်ငန်းကိုင်ငန်း အဆင်ပြေတယ် ဆိုတာ ကောင်းတဲ့ကိစ္စပဲ”
“ကျေးဇူးပါရှင်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မရဲ့ ဘေးပေါက်အလုပ်က ဝင်ငွေ ပိုရတာပါ”
“ဘေးပေါက်အလုပ်?”
“အစုရှယ်ယာ ထည့်တာရယ်၊ စတော့ရှယ်ယာ ကစားတာရယ်၊ အိမ်ခြံမြေ ဝယ်ရောင်း လုပ်တာရယ်၊ ပြီးတော့ ဂေါ့ဖ်ကလပ် အဖွဲ့ဝင်ကတ် လုပ်တာမျိုးပေါ့”
ကိုဆုကေက ခေါင်းညိတ်နေသည်။ သူလည်း ယခုတလော မကြာမကြာ ကြားဖူးနေသည်။ အိမ်ခြံမြေဈေးကလည်း တောက်လျှောက် အတက်ချည်း တက်နေသည်ဟု သူ ကြားမိသည်။ ထို့ကြောင့် နိုင်ငံ့စီးပွားရေးလည်း အလိုက်သင့် ကောင်းမွန်နေပြီး သူ၏ ပန်းပုလုပ်ငန်းသည်ပင် ရေမြင့်၍ ကြာတင့်နေလေသည်။
“ရှင်ရော ရှယ်ယာတွေ စိတ်မဝင်စားဘူးလား”
ကိုဆုကေက ရယ်လျက် ခေါင်းခါနေသည်။ “နည်းနည်းလေးမှ စိတ်မဝင်စားပါဘူးဗျာ”
“ဟုတ်လား။ အဲဒါလည်း ကောင်းပါတယ်”
“ဘာဖြစ်လို့လဲ”
ဟာရုမိသည် တစ်ဒင်္ဂမျှ တည်သွားပြီး ပင့်သက်ရှိုက်ကာ ဆက်ပြောလေသည်။
“တကယ်လို့ ရှင်သာ ရှယ်ရာတွေ အိမ်ခြံမြေတွေ ကိုင်ထားတာ ရှိရင် ၁၉၉၀ ခု မတိုင်ခင်မှာ အကုန်လုံး ဖြောပစ်လိုက်တာ အကောင်းဆုံးပဲ။ အဲဒီနောက်ကျရင် ဂျပန်နိုင်ငံရဲ့ စီးပွားရေးက အကျဘက်ချည်းပဲရှင့်”
ကိုဆုကေသည် စိတ်မသက်မသာ ဖြစ်လျက် သူ့ကို စိုက်ကြည့်နေမိသည်။ သူ၏ စကားများက သိပ်ကို အတင့်ရဲလွန်းနေလေသည်။
ဟာရုမိက “ဆောရီးပဲ” ဟု ဆိုကာ အားတောင့်အားနာ ရယ်နေသည်။ “ကျွန်မ စကားတွေက နည်းနည်း ကြောင်နေမလား မသိဘူးနော်။ ကျွန်မ မပြောမိဘူးလို့ပဲ သဘောထားလိုက်ပါတော့” သူက နာရီကို ကြည့်ပြီး မတ်တတ်ထရပ်လိုက်သည်။ “အခုလို မထင်မှတ်ဘဲ တွေ့ရတော့ ကျွန်မ အရမ်း ဝမ်းသာတာပဲ။ နောက်မှ ထပ်တွေ့ကြတာပေါ့”
“အင်း” ကိုဆုကေကလည်း မတ်တတ်ရပ်လိုက်သည်။
ဟာရုမိနှင့် နှုတ်ဆက်စကား ဆိုပြီးနောက် ကိုဆုကေသည် ကားရှိရာသို့ ပြန်လာခဲ့သည်။ ကားစက်နှိုးပြီး ထွက်ခွာတော့မည်ဟု ဟန်ပြင်လိုက်စဉ် သူ ဘရိတ်ကို နင်းလိုက်ပြန်သည်။
နာမီယာကုန်စုံဆိုင် …..
သူ အတွေးထဲသို့ ရုတ်တရက် ဝင်လာသည့် နာမည်တစ်ခု။ ယခု လက်ရှိ အခြေအနေအရ ဆိုလျှင် ထိုအဘိုးအို၏ အကြံပြုချက်ကို သူ မလိုက်နာခဲ့သည့်အတွက် သူ့ဆုံးဖြတ်ချက်ကို မှန်သည်ဟု ယုံကြည်မိသည်။ သို့သော် ဟာရုမိကဲ့သို့ ယနေ့အချိန်အထိ သူ့ကို တတမ်းတတဖြင့် ကျေးဇူးတင်မဆုံး ဖြစ်နေကြသော လူများလည်း ရှိရပေဦးမည်။
၎င်းဆိုင်သည် ယခုအချိန်တွင် မည်သို့ ဖြစ်နေမည်နည်း။
ကိုဆုကေသည် ကားကို စက်ပြန်နှိုးလိုက်သည်။ စိတ်ထဲတွင် အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်နေမိသော်လည်း လာရာလမ်းနှင့် ဆန့်ကျင်ဘက်အရပ်သို့သာ ဦးတည်၍ ထွက်ခွာလာခဲ့သည်။ နာမီယာကုန်စုံဆိုင်ကို သူ သွားကြည့်ချင်သည်။ ယခုဆိုလျှင် ၎င်းဆိုင်မှာ ရှိချင်မှ ရှိပေတော့မည်။ သူ့မျက်စိနှင့် တပ်အပ်မြင်ရမှ စိတ်ချနိုင်တော့မည့်နှယ် သူ ခံစားနေမိလေသည်။
သူ၏ မွေးရပ်မြေသို့ ပြန်မရောက်ခဲ့သည်မှာ ၁၈ နှစ် ရှိခဲ့ပြီ။ ကိုဆုကေသည် သူ့မှတ်ဉာဏ်ကို အားကိုး၍သာ ဘယ်ကွေ့ညာချိုး လုပ်နေရသည်။ သူ့ကို တွေ့လိုက်သည်နှင့် ချက်ချင်း မှတ်မိနိုင်မည် မဟုတ်ကြောင်း သိရှိနေသော်လည်း သူသည် တတ်နိုင်သမျှ လူမြင်ကွင်းမှ ရှောင်ကွင်းကာ သတိထားပြီး မောင်းနှင်နေခဲ့သည်။ မိမိ၏ အိမ်အဟောင်း ရှိနေသော ရပ်ကွက်သို့ သာ၍ပင် ချဉ်းကပ်ရန် မသင့်ချေ။
မြို့ကလေး၏ အသွင်အပြင်မှာ လုံးဝ ပြောင်းလဲနေသည်။ လူနေအိမ်ခြေများ တိုးပွားလာပြီး လမ်းများကို အဆင့်မြှင့်ထားသည်။ စည်ပင်ဝပြောခြင်း၏ အကျိုးရလဒ်ပေတည်း။
သို့သော် နာမီယာကုန်စုံဆိုင်သည် နဂိုနေရာ၌ပင် ရှေးမူမပျက်ဘဲ တည်ရှိနေသည်။ အိမ်ကြီးမှာ ယခင်ကထက် များစွာ အိုဟောင်းနေပြီး ဆိုင်းဘုတ်ပေါ်မှ စာများကိုလည်း ရှင်းရှင်းပြတ်ပြတ် မမြင်နိုင်တော့စေကာမူ အပြင်ပန်းအရ ဘာမျှ မပြောင်းလဲသေးချေ။ သံချေးတက်နေသော ယင်းလိပ်တံခါးကို ဆွဲမ,လိုက်လျှင် မြင်တွေ့ရတတ်သော အစီအရီ နေရာချထားသည့် သစ်သားစင်များကိုပင် အတွေးထဲ မြင်ယောင်လာမိသည်။
ကိုဆုကေသည် ကားပေါ်မှ ဆင်းပြီး ဆိုင်ရှေ့သို့ လျှောက်လာခဲ့သည်။ လွမ်းဆွတ်ခြင်းနှင့် ကြေကွဲခြင်းတို့သည် ရင်ထဲသို့ လှိုက်တက်လာကြသည်။ အိမ်မှ ထွက်ပြေးရန် သင့်မသင့် ဟူသော သူ၏ စိတ်ပူပန်မှုက တွန်းပို့လိုက်သောကြောင့် စာတစ်စောင်နှင့် ရောက်လာခဲ့ရသည့် ထိုနေ့ညကို မျက်စိထိ ပြန်မြင်ယောင်လာသည်။
သူ သတိမထားမိလိုက်စဉ်မှာပင် သူသည် လမ်းကြားကလေးထဲသို့ လျှောက်ဝင်သွားသည်။ နွားနို့သေတ္တာသည် ယခင်ကအတိုင်း တံခါးဘေးတွင် ချထားသည်။ အဖုံးကို ဖွင့်ကြည့်သောအခါ အထဲတွင် ဘာမျှ မရှိ။
ကိုဆုကေသည် သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။ ‘ငါ ဒီမှာ ဘာလာလုပ်နေတာလဲ’ သူ့ကိုယ်သူ မေးနေမိသည်။ အားလုံး ပြီးဆုံးသွားခဲ့ပြီ။
ထိုစဉ်မှာပင် သူ့ဘေးမှ တံခါးပွင့်လာသည်။ အသက် ၅၀ ခန့် အရွယ်ရှိသော အမျိုးသားတစ်ယောက် အပေါက်ဝတွင် ရပ်နေသည်။
“အား … ဆောရီးဗျာ” ကိုဆုကေသည် နွားနို့သေတ္တာ အဖုံးကို အမြန် ပိတ်ချလိုက်သည်။ “ကျွန်တော် ဘာမှ မလုပ်ပါဘူး။ ကျွန်တော် …. ဟိုဟာ ….” သင့်လျော်သော အကြောင်းပြချက်က ခေါင်းထဲမှ ထွက်မလာပေ။
အမျိုးသားကြီးက ကိုဆုကေကို ကြည့်ပြီး နွားနို့သေတ္တာကို ဝေ့ကြည့်လိုက်ပြန်သည်။ “ခင်ဗျားလည်း သူတို့လိုပဲ ထင်တယ်”
“ဗျာ” ကိုဆုကေက သူ့ကို ကြည့်နေသည်။
“မဟုတ်ဘူးလား။ ခင်ဗျား အရင်က ကျွန်တော့်အဖေဆီမှာ အကြံဉာဏ် တောင်းခဲ့ဖူးတယ် မဟုတ်လား”
ကိုဆုကေသည် ပါးစပ်အဟောင်းသားနှင့် ခေါင်းညိတ်နေသည်။ “ဟုတ်တယ်ဗျ။ ဒါပေမယ့် အတော်လေး ကြာခဲ့ပါပြီ”
အမျိုးသားကြီးက ပြုံးနေသည်။
“ဒါပေါ့ဗျာ။ ခင်ဗျားသာ အဖေနဲ့ စာပေးစာယူ မလုပ်ဖူးခဲ့ရင် ဒီနွားနို့သေတ္တာကို ထိစရာ ဘာအကြောင်း ရှိပါ့မလဲ”
“ဆောရီးဗျာ။ ဒီဘက်ကို မရောက်တာ ကြာပြီမို့ ကျွန်တော် သတိရမိလို့ပါ ……” ကိုဆုကေက ဦးညွတ်ပြီး တောင်းပန်လိုက်သည်။
အမျိုးသားကြီးက လက်ခါပြသည်။
“တောင်းပန်စရာ မလိုပါဘူးဗျာ။ ကျွန်တော်က မစ္စတာနာမီယာရဲ့ သားပါ။ အဖေ လွန်ခဲ့တဲ့ ၈ နှစ်က ကွယ်လွန်သွားခဲ့ပါပြီ”
“ဟုတ်လား။ ဒီဆိုင်က ….”
“အခု လူမနေတော့ပါဘူး။ ကျွန်တော်ပဲ အဆင်ပြေတဲ့အချိန် လာကြည့်တာပေါ့”
“ဖြိုပစ်ဖို့ရော စိတ်ကူးရှိလား ခင်ဗျ”
အမျိုးသားကြီးက အသံတိုးတိုးဖြင့် ပြန်ပြောလေသည်။ “အကြောင်းတစ်ခု ရှိနေလို့ အဲဒီလို လုပ်လို့ မဖြစ်သေးဘူး။ ဒီအတိုင်းပဲ ပစ်ထားမှာပါ”
“ဪ”
ကိုဆုကေက အကြောင်းအရင်းကို သိလိုသော်လည်း ဇွတ်အတင်း မေးနေလျှင် မယဉ်ကျေးရာ ကျပေတော့မည်။
“ခင်ဗျားက လေးနက်တဲ့ မေးခွန်းတွေ မေးခဲ့ပုံပဲ” အမျိုးသားက ပြောသည်။ “ခင်ဗျား ကြည့်နေတာက နွားနို့သေတ္တာဆိုတော့ ခင်ဗျားရဲ့ မေးခွန်းတွေကလည်း လေးနက် ရှုပ်ထွေးတဲ့ မေးခွန်းတွေပဲ ဖြစ်ရလိမ့်မယ်။ အဖေ့ကို ကျီစယ်ပြီး မေးတာမျိုး မဖြစ်နိုင်ဘူး”
ကိုဆုကေသည် သူ၏ ဆိုလိုရင်း အဓိပ္ပာယ်ကို သဘောပေါက်သည်။
“ဟုတ်တယ်ဗျ။ ကျွန်တော်အတွက်တော့ သိပ်ကို လေးနက်တဲ့ ပြဿနာပဲ”
အမျိုးသားကြီးက ခေါင်းညိတ်ပြီး နွားနို့သေတ္တာကို ကြည့်နေသည်။
“အဖေက လူထူးလူဆန်း တစ်ယောက်ပဲဗျ။ ကျွန်တော် အမြဲတမ်း စဉ်းစားနေခဲ့မိတယ်။ အဖေသာ သူများတွေရဲ့ ပြဿနာတွေအပေါ် အာရုံမစိုက်ဘဲ အဲဒီအချိန်တွေမှာ ကိုယ့်အလုပ်ကိစ္စကိုပဲ စဉ်းစားနေရင် ဘယ်လောက် ကောင်းလိုက်မလဲလို့။ ဒါပေမယ့် အဲဒီအလုပ်က သူ တန်ဖိုးထားတဲ့အရာ ဖြစ်နေတယ်ဗျာ။ လူအတော် များများရဲ့ ကျေးဇူးတင်လွှာတွေ ဖတ်ရတော့ အဲဒီပီတိနဲ့ပဲ သူ အားရှိနေခဲ့တယ်”
“သူ့ကို ကျေးဇူးတင်ကြောင်း လာပြောတဲ့လူတွေ ရှိတာလား”
“အင်း …. အဲဒီလိုပဲ ဆိုပါတော့။ စာအတော်များများ လက်ခံရတယ်။ သူ့အကြံပေးချက်တွေက တကယ့်လက်တွေ့မှာ အသုံးရော ဝင်ပါ့မလားလို့ အဖေက စိတ်ပူနေခဲ့တာ။ အဲဒီ ကျေးဇူးတင်စာတွေကို ဖတ်လိုက်ရပြီးတဲ့ နောက်မှ သူလည်း စိတ်လက် ပေါ့ပါးသွားတော့တယ်”
“သူ့ကို ကျေးဇူးတင်တဲ့အကြောင်း သူ့ဆီ စာရေးလာကြတယ်ပေါ့?”
“ဟုတ်တယ်” အမျိုးသားကြီးက တည်ကြည်သော အကြည့်ဖြင့် ခေါင်းညိတ်ပြသည်။ “လူတစ်ယောက်က စာရေးလာတယ်ဗျာ။ သူ ကျောင်းဆရာ ဝင်လုပ်ပြီးတဲ့နောက် အဖေပေးတဲ့ အကြံဉာဏ်ကို သူ့နည်းသူဟန်နဲ့ အသုံးချနိုင်ခဲ့လို့ အလုပ်မှာ အတော်လေး အဆင်ချောလာခဲ့တယ်တဲ့။ တချို့ ကျေးဇူးတင်စာကတော့ ကာယကံရှင် ကိုယ်တိုင် မဟုတ်ဘဲ သူ့သမီးက ကိုယ်စား ရေးလာတာလည်း ပါတယ်။ သူ့အမေက အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ ကိုယ်ဝန်ရပြီး အဲဒီကလေးကို မွေးသင့် မသင့် ဆုံးဖြတ်ချက် မချနိုင်လို့ ကျွန်တော့်အဖေဆီ စာရေးပြီး အကြံဉာဏ်တောင်းခဲ့တာပဲ”
“ဪ … လူတစ်ကိုယ် အပူတစ်မျိုးစီ ရှိနေကြတာပဲနော်”
“ဟုတ်ပါ့ဗျာ။ အဲဒီ ကျေးဇူးတင်စာတွေကို ဖတ်ရတော့ အဖေ ဒီလောက်အထိ စိတ်ရှည်လက်ရှည် လုပ်နေနိုင်တာကို မချီးကျူးဘဲ မနေနိုင်ဘူး။ အဲဒါတွေအထဲမှာ ‘မိဘနဲ့အတူ မြို့ကနေ ထွက်ပြေးသင့် မသင့်’ ဆိုတာလို ဧရာမ ပြဿနာတွေလည်း ပါသေးတယ်ဗျ။ ပြီးတော့ ‘ကျောင်းက ဆရာမကို ချစ်မိနေလို့ ဘယ်လို လုပ်ရမလဲ’ ဆိုတာမျိုးလည်း ပါသေးဗျာ”
“ခဏနေပါဦး” ကိုဆုကေသည် သူ၏ ညဘက်လက်ကို လေထဲသို့ မြှောက်တင်လိုက်သည်။ “မိဘနဲ့အတူ မြို့ကနေ ထွက်ပြေးသင့် မသင့် ဆိုတဲ့ မေးခွန်းမျိုး မေးဖူးတဲ့သူ ရှိသေးတာလား”
“ရှိတယ်” အမျိုးသားက မျက်တောင် တစ်ဖျတ်ဖျတ်ခတ်ရင်း ကြည့်နေသည်။ သူ၏ အမူအရာက ‘ဘာဖြစ်လို့လဲ’ ဟု ပြန်လည် မေးမြန်းနေသယောင်။
“အဲဒီလူကရော ကျေးဇူးတင်စာ ရေးပို့လာသေးသလား”
အမျိုးသားက ခေါင်းညိတ်ပြသည်။ “အဖေက သူ့ကို သူ့မိဘတွေနဲ့အတူ လိုက်သွားဖို့ အကြံပေးခဲ့တာ။ သူ့စာထဲက အတိုင်းဆိုရင် သူလည်း အဲဒီလိုပဲ လုပ်ခဲ့ပုံရတယ်။ အခုတော့ မိဘနဲ့အတူ သာယာချမ်းမြေ့တဲ့ ဘဝကို ခံစားနေရပြီတဲ့လေ”
ကိုဆုကေက မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒါ ဘယ်အချိန်လောက်ကလဲဗျ။ ဘယ်အချိန်လောက်က ကျေးဇူးတင်စာ ရတာလဲလို့ မေးတာပါ”
အမျိုးသား၏ မျက်နှာပေါ်တွင် တုံ့ဆိုင်း တွေဝေသွားသော အမူအရာတချို့ကို တွေ့လိုက်ရသည်။ “ကျွန်တော့်အဖေ မဆုံးခင်မှာပေါ့” သူက ပြန်ဖြေသည်။ “ဒါပေမယ့် အကြောင်းကြောင်းကြောင့် ပြန်စာကို အဲဒီတုန်းက ရေးထားတာတော့ မဟုတ်ဘူး”
“ဘာကို ဆိုလိုတာလဲဗျ”
“အဲ …..” အမျိုးသားကြီးက ဆက်မပြောဘဲ နှုတ်ဆိတ်နေသည်။ “ဘယ်လို ပြောရမလဲ” ထို့နောက် မကြားတကြား ရေရွတ်လိုက်သည်။ “စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော်လည်း ရှင်းမပြတတ်ဘူး။ ဘာမှလည်း ထွေထွေထူးထူး မဟုတ်ပါဘူးဗျာ”
အမျိုးသားကြီး၏ ပုံစံက တစ်မူ ထူးဆန်းနေသည်။ သူက တံခါးကို ခပ်မြန်မြန် သော့ခတ်လိုက်သည်။ “ကျွန်တော့်ကို သွားခွင့်ပြုဦးဗျာ။ ခင်ဗျား ဒီမှာ နေချင်သလောက် နေနိုင်ပါတယ်။ စိတ်တိုင်းကျ အားရအောင်သာ ကြည့်ပါ။ တကယ်တမ်းတော့လည်း ဘာမှ ကြည့်စရာ ရှိမယ် မထင်ပါဘူးဗျာ”
အမျိုးသားကြီးသည် အလွန် ချမ်းအေးနေသည့်အလား ခါးကို ညွတ်ကိုင်းလျက် ကျဉ်းမြောင်းသော လမ်းကြားလေးထဲမှ လျှောက်ထွက်သွားသည်။ သူ ထွက်သွားနေသည်ကို လှမ်းကြည့်နေပြီးမှ ကိုဆုကေသည် နွားနို့သေတ္တာ ရှိရာသို့ ပြန်လှည့်ကြည့်မိပြန်သည်။
ထိုတစ်ဒင်္ဂတွင် နွားနို့သေတ္တာသည် အထဲသို့ အတန်ငယ် ကျုံ့ဝင်သွားသည်။ သို့မဟုတ် သူ အမြင်မှားခြင်းပေလော။
(ည)
‘Yesterday’ သီချင်းသံက သူ့ကို ပစ္စုပ္ပန် တည့်တည့်ရောက်အောင် ပြန်ဆွဲတည့်လိုက်သည်။ သူသည် ခွက်ထဲမှ ဝီစကီကို အကုန် မော့ချပြီး နောက်တစ်ခွက် ထပ်ထည့်ပေးရန် အေရီကိုထံသို့ ခွက်ကို ကမ်းပေးလိုက်သည်။
သူသည် ဘားကောင်တာပေါ် တင်ထားသော စာရေးစက္ကူ စာအုပ်ကို ငုံ့ကြည့်နေသည်။ သူ့ဦးနှောက်ကို ရသမျှ ညှစ်ထုတ်ပြီး ရေးထားသော စာမှာ အောက်ပါအတိုင်း ဖြစ်သည်။
❝ သို့ – နာမီယာကုန်စုံဆိုင်
ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ဘိုးဘိုးဆီကို အကြံတောင်းစာ ရေးသားခဲ့ဖူးတဲ့ လူတစ်ယောက်ပါ။ ကျွန်တော် သုံးခဲ့တဲ့ နာမည်က ပေါလ်လန်နွန်။ ဘိုးဘိုး မှတ်မိပါဦးမလား။
ကျွန်တော် အဲဒီတုန်းက မေးခဲ့တဲ့ ပြဿနာက ဒီလိုပါ။ မိဘတွေက မြို့ကနေ လူမသိ သူမသိ ထွက်ပြေးကြဖို့ စီစဉ်နေကြတယ်။ ပြီးတော့ ကျွန်တော့်ကိုလည်း သူတို့နဲ့အတူ လိုက်ခဲ့ခိုင်းနေတာမို့ ကျွန်တော် ဘယ်လို လုပ်ရမလဲ ဆိုတဲ့ မေးခွန်းပါ။
ဘိုးဘိုးက ကျွန်တော့်ကို ဒီလို ပြန်ကြားပေးခဲ့တယ်။ မိသားစုနဲ့ တစ်ကွဲတစ်ပြား ခွဲနေရတာဟာ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး။ မိဘတွေကို အပြည့်အဝ ယုံကြည်ပြီး သူတို့နဲ့အတူ လိုက်သွားဖို့ ဘိုးဘိုးက အကြံပေးခဲ့တယ်။
ကျွန်တော်လည်း အဲဒီလို လုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အိမ်ကနေ စထွက်ခါစကတော့ ကျွန်တော်ဟာ မိဘတွေနဲ့ အတူတူ ရှိနေခဲ့တာ အမှန်ပါပဲ။
ဒါပေမယ့် လမ်းတစ်ဝက် အရောက်မှာတော့ ကျွန်တော် ဘယ်လိုမှ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ကျွန်တော့် မိဘတွေအပေါ်၊ အထူးသဖြင့် ကျွန်တော့်အဖေ အပေါ်မှာ ကျွန်တော် ယုံကြည်မှု မရှိတော့ဘူး။ ကျွန်တော်ရဲ့ ဘဝလမ်းကြောင်းကို သူ အခုလို ချုပ်ကိုင်နေတာ ကျွန်တော် လက်မခံနိုင်တော့ဘူး။ ကျွန်တော်တို့ အကြားမှာရှိတဲ့ မိသားစု သံယောဇဉ်ကြိုး ဆိုတာလည်း ပြတ်တောက်သွားခဲ့ပြီ။
ကျွန်တော် နေရာတစ်နေရာ အရောက်မှာ မိဘတွေဆီကနေ ထွက်ခွာလာခဲ့တယ်။ အခုလို စွန့်ခွာခဲ့လို့ နောက်နောင် ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာကို ကျွန်တော် နည်းနည်းမှ မခန့်မှန်း တတ်ခဲ့ပေမယ့် သူတို့နဲ့ အတူ နေဖို့ကတော့ လုံးဝ မဖြစ်နိုင်တော့ဘူး။
နောက်ပိုင်း အဖေအမေတို့ ဘာတွေ ဖြစ်ကုန်ကြသလဲဆိုတာ ကျွန်တော် ဘာမှ မသိရတော့ဘူး။ ကျွန်တော့်အတွက်ကတော့ အဲဒီအချိန်က ဆုံးဖြတ်ချက်ဟာ လုံးဝ မှန်ကန်ခဲ့တယ်လို့ ကျွန်တော် အခိုင်အမာ ပြောရဲတယ်။
ဘဝလှိုင်းတံပိုးတွေကို ဖြတ်ကျော်လာပြီးတဲ့ နောက်မှာ ကျွန်တော်ဟာ သာယာချမ်းမြေ့တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နေပါပြီ။ အခုဆိုရင် တည်ငြိမ်ပြီး အာမခံချက် ရှိတဲ့ အလုပ်အကိုင် တစ်ခုလည်း ကျွန်တော်မှာ ရှိနေခဲ့ပြီ။
ဒါကို ကြည့်ခြင်းအားဖြင့် ဘိုးဘိုးရဲ့ အကြံဉာဏ်ကို နားမထောင်ခဲ့မိတာ မှန်တယ်လို့ ပြောရမှာပဲ။
အထင်တော့ မလွဲလိုက်ပါနဲ့ဦး။ ကျွန်တော် ဒီစာကို ရေးရတဲ့ အကြောင်းအရင်းက ဘိုးဘိုးကို အပြစ်တင်ချင်လို့ မဟုတ်ပါဘူး။ ဘိုးဘိုးရဲ့ အကြံဉာဏ်ဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို ဘယ်ပုံဘယ်နည်း ပြောင်းလဲစေခဲ့သလဲဆိုတာ အမှန်အတိုင်း ပြောပြဖို့ အင်တာနက်ပေါ်မှာ ဘိုးဘိုးက ကျွန်တော်တို့ကို တောင်းဆိုခဲ့တယ်လေ။ ဒါကြောင့် ကျွန်တော် စဉ်းစားကြည့်တယ်။ ဘိုးဘိုးရဲ့ အကြံဉာဏ်ကို နားမထောင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ အကြောင်းကိုလည်း ဘိုးဘိုး သိချင်လိမ့်မယ်လို့ ကျွန်တော် ယူဆမိတယ်။
ကျွန်တော့်အမြင်အရ ပြောရရင်တော့ လူ့ဘဝဆိုတာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ် ထွင်ရမယ်လို့ပဲ ကျွန်တော် ယုံကြည်တယ်။
ဒီစာကို ဖတ်မယ့်သူဟာ နာမီယာဘိုးဘိုးရဲ့ အိမ်သားတွေပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ တကယ်လို့ ကျွန်တော့်စာကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရင် ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။ ဒီစာကို လူကြီးမင်းတို့ အလိုကျ ဖြေရှင်းလိုက်ပါတော့။
ပေါလ်လန်နွန် ❞
ဝီစကီခွက်သစ်တစ်ခွက် ကောင်တာပေါ်သို့ ရောက်လာသည်။ ကိုဆုကေက တစ်ငုံ ယူသောက်လိုက်သည်။
၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာ တစ်ခုကို သူ သတိရလာသည်။ သူ့ပြဿနာနှင့် တထေရာတည်း တူနေသော မေးခွန်းရှင် တစ်ယောက် ရှိကြောင်းကို ဆိုင်ရှင်အဘိုးအို၏ သားထံမှ သူ သိခဲ့ရသည်။ ထို့အပြင် ထိုသူသည် အဘိုးအို၏ အကြံပြုချက်အတိုင်း မိဘများနှင့် အတူ လိုက်သွားခဲ့သဖြင့် နောက်ဆုံး၌ အေးချမ်းသာယာသော ဘဝတစ်ခုကို ရရှိခဲ့သည်။
ထူးခြားဆန်းကျယ်သည့် တိုက်ဆိုင်မှုတစ်ခုဟု သူ တွေးနေမိသည်။ ထိုသို့ဆိုလျှင် ဤမြို့ငယ်ကလေးတွင် မိမိနှင့် ဘဝတူ ပြဿနာတူ နောက်လူငယ်တစ်ယောက် ရှိရပေလိမ့်ဦးမည်။ ထိုကောင်လေးသည် သူ၏ မိဘများနှင့်အတူ အခက်အခဲများကို မည်သို့မည်ပုံ ကျော်လွှား ဖြတ်သန်းခဲ့ပြီး သာယာချမ်းမြေ့သော ဘဝကို ဘယ်ပုံဘယ်နည်းဖြင့် ပိုင်ဆိုင်ခဲ့ကြသနည်း။ ကိုဆုကေသည် သူ ကြုံတွေ့ခဲ့ရသော ကြမ္မာဆိုးကို ပြန်မြင်ယောင်လာသည်။ ဤသို့သော ဒုက္ခတွင်းမှ ဤမျှ လွယ်လွယ်ကူကူ ရုန်းထွက်နိုင်ပါမည်လော။ မထင်။ လွတ်လမ်း မမြင်သောကြောင့်သာလျှင် ကိုဆုကေ၏ မိဘများသည် ထွက်ပြေးပုန်းရှောင်သော နည်းကို ရွေးချယ်ခဲ့ကြသည် မဟုတ်ပါလော။
“ရှင့်ရဲ့စာက ရေးလို့ ပြီးပြီလား” အေရီကိုက မေးသည်။
“အင်း … ပြီးသလောက်ပါပဲ”
“ဒီခေတ်မှာ ဘောပင်ကိုင်ပြီး စာရေးတဲ့သူက မရှိသလောက် ရှားသွားပြီ”
“ဟုတ်တာပေါ့။ ကျွန်တော်တောင် ရုတ်တရက် ရေးချင်စိတ် ပေါက်လာလို့”
ယနေ့ နေ့ခင်းက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ကိုဆုကေသည် ကွန်ပျူတာဖြင့် အချက်အလက် ရှာဖွေနေစဉ် ဘလော့ဂ်တစ်ခုပေါ်မှ စာတစ်ပုဒ်ကို အမှတ်တမဲ့ တွေ့ရှိခဲ့သည်။ ‘နာမီယာကုန်စုံဆိုင်’ ဟူသော စကားလုံးသည် သံလိုက်တုံး တစ်တုံးကဲ့သို့ သူ၏ အမြင်အာရုံကို ညှို့ယူ ဖမ်းစားသွားခဲ့သည်။ သူတွေ့ရသော စာပိုဒ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
❝ စက်တင်ဘာလ ၁၃ ရက်နေ့၊ ညသန်းခေါင်ယံ ၀ နာရီ ၀ မိနစ် အချိန်မှ နံနက် အရုဏ်တက်ချိန်အထိ နာမီယာကုန်စုံဆိုင်၏ အကြံတောင်း စာတိုက်ပုံးကို ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က ၎င်းကုန်စုံဆိုင်တွင် အကြံဉာဏ် တောင်းခံခဲ့ဖူး၍ ပြန်စာ ရရှိခဲ့ဖူးသော လူကြီးမင်းများကို တစ်ခုလောက် တောင်းဆိုပါရစေ။ ထိုအချိန်က ရရှိခဲ့သော ထိုပြန်စာသည် လူကြီးမင်း၏ ဘဝလမ်းကြောင်းတွင် မည်သို့သော သက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပါသနည်း။ လူကြီးမင်းအား အကူအညီ တစ်စုံတစ်ရာ ပေးနိုင်ခဲ့ပါသလော။ ထိုမေးခွန်းများကို အမှန်အတိုင်း ဖွင့်ဟပြောဆိုပေးပါရန် တောင်းခံပါရစေ။ ယခင်က နည်းအတိုင်းပင် ပေးစာများကို ဆိုင်မှ ယင်းလိပ်တံခါးပေါ်ရှိ စာထည့်ပေါက်တွင် ထည့်ပေးကြပါခင်ဗျာ။ ကျေးဇူး အထူးတင်ရှိပါသည်။ ❞
ကိုဆုကေ အံ့အားသင့်သွားသည်။ တကယ် ဖြစ်နိုင်ပါမည်လော။ တစ်ဦးတစ်ယောက်က နောက်ပြောင် ဖန်တီးထားခြင်းလော။ သို့သော် ထိုသို့ နောက်ပြောင်ခြင်းဖြင့် ဘာအကျိုး ရှိနိုင်မည်နည်း။
သူ ချက်ချင်းဆိုသလို သတင်း၏ မူလအရင်းအမြစ်ကို ရှာတွေ့ခဲ့သည်။ ‘နာမီယာကုန်စုံဆိုင် တစ်ညတာ ပြန်လည် အသက်ဝင်ခြင်း’ ဟု အမည်ပေးထားသော ဝက်ဆိုဒ်တစ်ခု။ ၎င်းဝက်ဆိုဒ်၏ စီမံသူက သူ့ကိုယ်သူ နာမီယာကုန်စုံဆိုင်၏ နောက်မျိုးဆက်ဟု သုံးနှုန်းထားသည်။ စက်တာဘာလ ၁၃ ရက်နေ့တွင် ဆိုင်ရှင်၏ ၃၃ နှစ်မြောက် ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့ ဖြစ်သည်။ ထို့ကြောင့် ဆိုင်ရှင်ကို ဂုဏ်ပြုသည့်အနေဖြင့် ဤသို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းပြထားသည်။
ယနေ့ တစ်နေကုန်လုံး သူ ထိုကိစ္စကိုသာ တွေးနေခဲ့မိသည်။ အလုပ်မှာပင် စိတ်မဝင်စားခဲ့။ ယခင်ကအတိုင်း ဂျပန်ရိုးရာ စားသောက်ဆိုင်တစ်ဆိုင်၌ ညစာ စားသောက်ပြီးနောက် သူ အိမ်ပြန်လာခဲ့သည်။ သူ အိမ်ပြန်ရောက်သည်အထိ ၎င်းကိစ္စမှာ သူနှင့်အတူ ကပ်ပါလာသည်။ သို့ဖြင့် သူသည် အဝတ်အစားကိုပင် မလဲနိုင်တော့ဘဲ အပြင် ထွက်လာခဲ့ပြန်သည်။ သူသည် တစ်ယောက်တည်း နေထိုင်သောကြောင့် မည်သူ့ကိုမျှ ခွင့်ပန် အကြောင်းကြားနေစရာ မလိုအပ်ပေ။
ကိုဆုကေသည် အတန်ငယ် တွန့်ဆုတ်နေခဲ့ပြီးမှ ဓာတ်ရထားပေါ်သို့ တက်လာခဲ့သည်။ မမြင်ရသော ညှို့ဓာတ်တစ်ခုက သူ့ကို ဆွဲဆောင်နေသယောင်။
ရေးပြီးခါစ စာကို နောက်တစ်ကြိမ် ပြန်ဖတ်ကြည့်သည်။ ဤသို့ဆိုလျှင် မိမိ၏ ဘဝလမ်းကြောင်းသည်လည်း ပြီးပြည့်စုံသော ခရီးပန်းတိုင်သို့ ချဉ်းကပ်နေလေပြီဟု ကိုဆုကေ တွေးနေမိသည်။
‘Paperback Writer’ သီချင်းသံ လွင့်ပျံလာသည်။ သူ အကြိုက်ဆုံး သီချင်းတစ်ပုဒ်။ သူသည် စီဒီဖွင့်စက်ကို လှမ်းကြည့်နေရင်း ၎င်းဘေးတွင် ချထားသော ဓာတ်စက်ကို တွေ့မြင်သွားသည်။
“ဓာတ်ပြားရော ဖွင့်သေးတာလား”
“သိပ်မဖွင့်ဖြစ်ပါဘူး။ တကယ်လို့ ဧည့်သည်က တကူးတက ဖွင့်ခိုင်းရင်တော့ ဖွင့်ပေးဖြစ်ပါတယ်”
“ဪ …. ဓာတ်ပြားတွေကို ကျွန်တော် ကြည့်ကြည့်လို့ ရမလား။ ဖွင့်ပြစရာ မလိုပါဘူး”
“ရပါတယ်” ဟု ဆိုကာ အေရီကိုသည် ကောင်တာအနောက်ဘက်တွင် ပျောက်ကွယ်သွားသည်။ တစ်ခဏအကြာ သူ ပြန်ပေါ်လာသောအခါ သူ့လက်ထဲတွင် ဓာတ်ပြားအခွေ အနည်းငယ် ပါလာသည်။
“ဒီ့ပြင် တခြား အခွေတွေလည်း ရှိသေးတယ်။ ဒါပေမယ့် ကျွန်မအိမ်မှာ” အေရီကိုသည် ဓာတ်ပြားများကို ဘားကောင်တာပေါ်တွင် တင်ထားလိုက်သည်။
ကိုဆုကေက ဓာတ်ပြားတစ်ချပ်ကို လှမ်းယူကြည့်သည်။ ‘Abbey Road’ အခွေ။ ၎င်းစီးရီးကို ‘Let It Be’ ထက် စော၍ ဈေးကွက်ထဲ ဖြန့်ချိခဲ့သော်လည်း အမှန်ဆိုရလျှင် ၎င်းမှာ ဘီတယ်လ်အဖွဲ့သားများ အသံသွင်းခဲ့သော နောက်ဆုံး အခွေဖြစ်သည်။ သူတို့ လေးယောက်သား မျဉ်းကျားပေါ်တွင် လမ်းလျှောက်နေသော ကာဗာဓာတ်ပုံမှာ အလွန် နာမည်ကျော်ကြားခဲ့သည်။ ရာဇဝင်တွင်ခဲ့သောပုံဟု ခေါ်ဝေါ်သုံးနှုန်းလျှင် လွန်အံ့မထင်။ ထိုပုံထဲတွင် ပေါလ် မက်ခ်ကာ့တ်နေသည် အဘယ်ကြောင့် ခြေဗလာနှင့် ဖြစ်နေရသည်ကို မည်သူမျှ မသိချေ။ ထို့ကြောင့်လည်း ပေါလ်သည် ထိုစဉ်ကတည်းက သေဆုံးခဲ့ပြီဟု ကောလာဟလ ဖြစ်ခဲ့ဖူးသည်။
“သိပ်ကို လွမ်းစရာကောင်းတာပဲဗျာ” ကိုဆုကေသည် လွမ်းတသသဖြင့် ရေရွတ်နေသည်။ ဒုတိယအချပ်ကို ကောက်ယူကြည့်ပြန်သည်။ ‘Magical Mystery Tour’ အခွေ။ ၎င်းနာမည်နှင့် ထွက်ရှိသည့် ရုပ်ရှင်ဇာတ်ကားအတွက် တီးခတ်ပေးထားသော နောက်ခံတီးလုံးများကို စုစည်းထားသည့် အခွေ ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားကိုမူ သူ တစ်ခုမျှ မကြည့်ခဲ့ဖူးပေ။
သူ့ယူကြည့်လိုက်သော တတိယအခွေမှာ ‘Sgt. Pepper's Lonely Hearts Club’ ဖြစ်သည်။ ၎င်းအခွေမှာ Rock n Roll ဂီတ၏ သရဖူဖြစ်ကြောင်း ပြောပြရန်ပင် မလိုပေ။
ကိုဆုကေ၏ အကြည့်ကို နေရာတစ်နေရာက ညှို့ယူဖမ်းစားထားလေသည်။ သီချင်းခွေကာဗာ၏ ညာဘက်အခြမ်းတွင် ငွေရောင်ဆံပင်နှင့် မိန်းမတစ်ယောက်ပုံ ပါသည်။ ယခင်က ထိုအမျိုးသမီးကို မာရီလင် မွန်ရိုးဟု သူ ထင်မှတ်ထားခဲ့သည်။ ထိုသူသည် ဗြိတိန် တော်ဝင်မင်းသမီး ဒိုင်ယာနာဒေါ ဖြစ်ကြောင်း နောင်မှ သိခဲ့ရသည်။ သူ၏ ဘေးနားတွင် အနက်ရောင် မင်ကွက်တစ်ကွက် ရှိနေသည်။ ကာဗာစက္ကူ ကွာသွားသောကြောင့် မင်ဖြင့် ဖြည့်ထားသော အကွက်တစ်ကွက်။
သူ့ခန္ဓာအတွင်းရှိ သွေးများ ဆူပွက်လာသည်။ သူ၏ နှလုံးမှာလည်း တရစပ် တုန်ခါနေလေပြီ။
“ဒီ …. ဒီဟာ ….” သူ၏ အသံများ အက်ကွဲလာသည်။ တံတွေးကို မျိုချလိုက်ပြီး အေရီကိုကို စိုက်ကြည့်နေမိသည်။ “ဒီဟာတွေကို ခင်ဗျား စုဆောင်းထားခဲ့တာလား”
အေရီကို၏ အမူအရာက ဇဝေဇဝါ ဖြစ်လျက်။ “အခုတော့ ကျွန်မ ထိန်းသိမ်းနေရတာပေါ့။ ဒါပေမယ့် ဒါတွေက ကျွန်မအစ်ကိုရဲ့ အခွေတွေပါ”
“ခင်ဗျားအစ်ကို? ဒါဆို ဘယ်လိုလုပ်ပြီး ခင်ဗျားလက်ထဲ ရောက်လာတာလဲ”
အေရီကိုက လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်မအစ်ကို ဆုံးသွားခဲ့တယ်။ ကျွန်မ ဘီတယ်လ်ရဲ့ အမာခံ ပရိသတ် ဖြစ်လာရတာကလည်း သူ့ကြောင့်ပါပဲ။ သူ ဟိုးငယ်ငယ်ကတည်းက ဘီတယ်လ်ကို အရူးအမူး ကြိုက်ခဲ့တာ။ ကြီးလာရင် ဘီတယ်လ်ဘား ဖွင့်နိုင်ရမယ်လို့ အမြဲ ကြုံးဝါးနေခဲ့တာလေ။ သူ့အသက် ၃၀ ဝန်းကျင်လောက်မှာ အလုပ်က ထွက်ပြီး ဒီဆိုင်ကို တည်ထောင်ခဲ့တာပဲ”
“ဪ …. ခင်ဗျား အစ်ကိုက နာမကျန်း ဖြစ်ပြီး ဆုံးသွားတာလား။ ဒါမှမဟုတ် ……..”
“ဟုတ်တယ်။ အဆုတ်ကင်ဆာပါ” သူက ရင်ဘက်ကို လက်ဖြင့် အသာထောက်ပြသည်။
ကိုဆုကေသည် လိပ်စာကတ်ကို ပြန်ဝေ့ကြည့်လိုက်သည်။ သူ၏ အမည်မှာ ဟာရာဂုချိ အေရီကို ဖြစ်သည်။
“ခင်ဗျားအစ်ကိုရဲ့ မိသားစု နာမည်ကရော ဟာရာဂုချိပဲလား”
“မဟုတ်ဘူးရှင့်။ ဟာရာဂုချိက ကျွန်မ အိမ်ထောင်ဟောင်းရဲ့ နာမည်ပါ။ အခုတော့ ကွာရှင်းပြီးလို့ တစ်ကိုယ်တည်းသမားပေါ့လေ။ ဒါပေမယ့် အလုပ်ရှုပ်လို့ မူလနာမည်ကို ပြန်မပြောင်းဖြစ်တော့ဘူး။ ကျွန်မတို့ မျိုးရိုးနာမည်က ‘မဲဒါ’ ပါ”
“မဲဒါလား ……”
တစ်ချိန်က အခွေများ အားလုံးကို ရောင်းပေးခဲ့သော သူ့သူငယ်ချင်း၏ မျိုးရိုးအမည်မှာလည်း မဲဒါပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကောင်တာပေါ်တွင် ဖြန့်တင်ထားသော အခွေများသည် သူ တစ်ချိန်က ပိုင်ဆိုင်ခဲ့သော သူ့ကိုယ်ပိုင် အခွေများပင် ဖြစ်သည်။ သူ ဆုံးရှုံးခဲ့ရသော ရတနာများ။ သူ မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။ တစ်ဘက်မှ ပြန်စဉ်းစားကြည့်ပြန်လျှင်လည်း ၎င်းမှာ အထူးအဆန်း ကိစ္စတစ်ခု မဟုတ်ကြောင်း သူ ခံစားနေမိသည်။ ဤကဲ့သို့သော ဇနပုဒ် မြို့ငယ်လေး တစ်မြို့တွင် ဘီတယ်လ်ကို ဂုဏ်ပြုသော အရက်ဘားမျိုး ဖွင့်ချင်သည့် လူမှာ လက်ချိုးကြည့်လျှင် လက်တစ်ဘက်ပင် ပြည့်စရာ အကြောင်းမရှိ။ Fab4 ဟူသော ဆိုင်နာမည်ကို မြင်လိုက်သည်နှင့် ဤဘားဆိုင် ပိုင်ရှင်သည် သူနှင့် သိကျွမ်းဖူးသူ တစ်ယောက်သာ ဖြစ်ရမည်ဟု သူ မဆွကပင် ရိပ်မိခဲ့ဖို့ ကောင်းသည်။
“ရှင် ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ”
“ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး” ကိုဆုကေက ခေါင်းခါပြသည်။ “ခင်ဗျားက အဲဒီအခွေတွေကို အမွေဆက်ခံထားတယ် ဆိုပါတော့”
“ဟုတ်တယ်။ သူ ကျွန်မကို ပေးခဲ့တာ။ ဒါပေမယ့် အဲဒီ အခွေတွေကလည်း သူ တခြားတစ်ယောက်ဆီက ရခဲ့တာ။ အခွေတွေရဲ့ မူလပိုင်ရှင်ပေါ့”
“ဟုတ်လား” ကိုဆုကေက ဆက်မေးလိုက်သည်။ “မူလပိုင်ရှင်က …..”
“အစ်ကို အလယ်တန်း ကျောင်းသားဘဝတုန်းက ဒီအခွေတွေ အကုန်လုံးကို သူ့သူငယ်ချင်း တစ်ယောက်ဆီကနေ ဝယ်ထားခဲ့တာ။ အချပ်ရေက နည်းတာ မဟုတ်ဘူး။ အဲဒီသူငယ်ချင်းက အစ်ကို့ထက်တောင် ဘီတယ်လ်ကို အရူးအမူး ကြိုက်သတဲ့လေ။ ဒါပေမယ့် တစ်နေ့ကျတော့ သူ့အခွေတွေ အကုန်လုံးကို ရောင်းပစ်ချင်တယ်လို့ ရုတ်တရက် ပြောလာပါရော။ အစ်ကိုကတော့ အရမ်း ဝမ်းသာသွားတာပေါ့။ ဒါပေမယ့် သူ့ဟာက အံ့ဩစရာ ကောင်းမနေဘူးလား …..” ဤမျှ ပြောပြီး အေရီကို ပါးစပ်ပိတ်လိုက်သည်။ “ဆောရီးပါရှင်။ ပျင်းစရာ ကောင်းနေပြီ ထင်တယ်”
“ဟင့်အင်း၊ ကျွန်တော် စိတ်ဝင်စားပါတယ်” ကိုဆုကေက ဝီစကီကို အနည်းငယ် စုပ်လိုက်သည်။ “ဆက်ပြောပါ။ သူ့သူငယ်ချင်း ဘာဖြစ်သွားတာလဲ”
အေရီကိုက ခေါင်းညိတ်ပြသည်။ “နွေရာသီ ကျောင်းပိတ်ရက် ပြီးတော့ အဲဒီသူငယ်ချင်းက ကျောင်းပြန် မတက်တော့ဘူး။ သူနဲ့ သူ့မိဘတွေနဲ့ မြို့ကနေ ထွက်ပြေးသွားကြတာတဲ့လေ။ ကျွန်မအစ်ကို ပြောပြတာကတော့ သူတို့အိမ်က အကြွေးနွံ နစ်နေတာတဲ့။ ဒါပေမယ့်လည်း သူတို့ လွတ်မြောက်မသွားခဲ့ကြဘူး။ နောက်ဆုံးတော့ ဆိုးရွားတဲ့ အဖြစ်ဆိုးနဲ့ပဲ အဆုံးသတ်သွားရတယ်”
“ဘာဖြစ်သွားကြလို့လဲ”
အေရီကိုသည် ခေါင်းကို ငုံ့ထားလိုက်ပြီး သူ့မျက်နှာထားမှာ တည်ငြိမ်အေးစက်နေသည်။ သူ တဖြည်းဖြည်း ခေါင်းပြန်မော့လာသည်။ “မြို့က ထွက်ပြေးပြီး ၂ ရက်လောက်အကြာမှာ သူတို့ကိုယ်သူတို့ သတ်သေသွားကြတယ်”
“သတ်သေတယ်? အကုန်လုံးလား။ ဘယ်သူ သတ်သေတာလဲ”
“တစ်အိမ်သားလုံးလေ။ သုံးယောက်စလုံးပေါ့။ အဖေက သူ့ဇနီးနဲ့ သားကို သတ်ပြီး နောက်ဆုံးမှ သူ့ဘာသာသူ ………”
ကိုဆုကေသည် ပေါက်ကွဲထွက်လုဆဲ စိတ်ကို အနိုင်နိုင် ချုပ်ထိန်းထားရလေသည်။ “သူက ဘယ်လို သတ်လိုက်တာတဲ့လဲ။ …… ကျန်တဲ့သူ့ဇနီး … တို့ကို”
“အတိအကျတော့ ကျွန်မလည်း မသိဘူး။ သူတို့ကို အိပ်ဆေးတိုက်ပြီး လှေပေါ်ကနေ ပင်လယ်ထဲ တွန်းချလိုက်တယ်လို့ ကြားတာပဲ”
“သူတို့က ဘယ်လိုလုပ်ပြီး လှေပေါ် ရောက်နေတာလဲ”
“သန်းခေါင်အချိန်မှာ သူတို့ လှေတစ်စီးခိုးပြီး ပင်လယ်ထဲ ထွက်ကြတာ။ ဒါပေမယ့် သူ့အဖေ သောက်ထားတဲ့ အိပ်ဆေးက ခပ်စောစော အရှိန်ပြယ်ပြီး အသတ်မသေဘဲ ကမ်းပေါ်လာတင်တယ်။ သူက ကမ်းပေါ်ရောက်မှ ကြိုးဆွဲချ သေသွားတာ”
“ကျန်တဲ့ နှစ်ယောက်ရဲ့ အလောင်းတွေရော။ ဇနီးသည်နဲ့ သားရဲ့ အလောင်းတွေကို ရှာတွေ့သွားလား”
“အဲဒါလား ….” အေရီကိုက ခေါင်းစောင်းကာ စဉ်းစားနေသည်။ “အဲဒါတော့ ကျွန်မလည်း မကြားမိဘူး။ ဒါပေမယ့် အဖေလုပ်သူက သေတမ်းစာတစ်စောင် ထားပစ်ခဲ့တယ်။ ဒါကြောင့် သူတို့နှစ်ယောက် သေသွားပြီဆိုတာကို သိကြရတာ”
“ဟုတ်လား …….”
ကိုဆုကေသည် ဝီစကီကို တစ်ကျိုက်တည်း မော့ချပစ်လိုက်ပြီး နောက်တစ်ခွက် ထပ်မှာသည်။ သူ၏ အတွေးများ ရှုပ်ထွေးနေကြသည်။ အရက်က သူ၏ အတွေးများကို ထိုင်းမှိုင်းသွားအောင် မစွမ်းဆောင်နိုင်ချေ။ သူ့ကို တည်ငြိမ်သွားအောင်လည်း မပံ့ပိုးနိုင်ခဲ့။
အကယ်၍ အလောင်းကို ရှာတွေ့ခဲ့လျှင်လည်း ကီမီကို၏ အလောင်းကိုသာ တွေ့ရှိနိုင်ပေမည်။ သို့သော် သေတမ်းစာတွင် ဇနီးသည်နှင့် သားတို့ကို သတ်ဖြတ်ခဲ့သည်ဟု ကိုယ်တိုင် ဝန်ခံထားသောကြောင့် အလောင်းကို ရှာမတွေ့လျှင်ပင် ရဲဘက်မှ အထူးတလည် သံသယ ဝင်လိမ့်မည် မဟုတ်ပေ။
မေးစရာရှိသည်မှာ ဆာဒါယုကိသည် အဘယ်ကြောင့် ထိုသို့ ပြုလုပ်ရသနည်း ဆိုသည့် အချက်ပင်။
ကိုဆုကေသည် လွန်ခဲ့သည့် ၄၂ နှစ်က အတိတ်ကို ပြန်မြင်ယောင်လာသည်။ ထိုနေ့ညက သူသည် ဖူဂျီကာဝါ ယာဉ်ရပ်နားစခန်းရှိ ကုန်တင်ကားပေါ်သို့ တွားတက်ခဲ့ပြီး လွတ်မြောက်ခြင်း ခရီးစဉ်ကို စတင်ခဲ့သည်။
ဆာဒါယုကိနှင့် ကီမီကိုတို့သည် သားပျောက်ဆုံးကြောင်း သတိထားမိသည်နှင့် မည်သို့ ဆက်လုပ်ရမည်နည်းဟု ဦးနှောက်ခြောက်ခဲ့ကြပေလိမ့်မည်။ သားကို မေ့ပစ်လိုက်ပြီး နဂိုစီစဉ်ထားသော သူတို့၏ ဦးတည်ရာသို့ ဆက်လက် ထွက်ခွာကြမည်လော။ သို့မဟုတ် သားပျောက်ကို ရှာရန် ကြံဆောင်ကြမည်လော။ သူတို့သည် ပထမလမ်းကိုသာ ရွေးချယ်လိမ့်မည်ဟု ကိုဆုကေ တွေးထင်ထားခဲ့သည်။ သူ့ကို မည်သို့မျှ ရှာတွေ့နိုင်စရာ အကြောင်း မရှိသောကြောင့် ဖြစ်သည်။
သို့သော် သူတို့နှစ်ဦးသည် ထိုလမ်းနှစ်လမ်းအနက် မည်သည့် လမ်းကိုမျှ မရွေးချယ်ခဲ့ကြ။ သူတို့ ရွေးချယ်ခဲ့သော လမ်းမှာ မိမိကိုယ်မိမိ အဆုံးစီရင်ခြင်း။
ဝီစကီ နောက်တစ်ခွက်သည် ကိုဆုကေ၏ ရှေ့မှောက်သို့ ရောက်လာသည်။ သူက ဖန်ခွက်ကို ကောက်ကိုင်ပြီး ညင်သာစွာ လှုပ်ယမ်းလိုက်သောအခါ ရေခဲနှင့် ဖန်ခွက်၏ ရိုက်ခတ်သံများ တိုးညင်းစွာ ထွက်ပေါ်လာသည်။
တစ်အိမ်သားလုံး သေကြောင်းကြံကြမည် ဟူသော အတွေးကို ဆာဒါယုကိ ယခင်က တွေးကောင်း တွေးခဲ့ဖူးပေလိမ့်မည်။ နောက်ဆုံး ဖြေရှင်းနည်း တစ်ခုပဲ မဟုတ်ပါလား။ ထိုသို့ သတ်သေရန် သူ ဆုံးဖြတ်ချက် ချခဲ့ရခြင်းမှာ ကိုဆုကေ၏ လုပ်ရပ်ကြောင့် ဖြစ်ကြောင်း သံသယ ဝင်စရာ မလိုပေ။ မဟုတ်သေး။ သူတစ်ယောက်တည်း၏ ဆုံးဖြတ်ချက် မဟုတ်နိုင်။ သူနှင့် ကီမီကိုတို့ နှစ်ဦးသား အတူတကွ တိုင်ပင်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ရပေမည်။
သို့သော် အဘယ်ကြောင့် ဒုက္ခခံကာ လှေကို ခိုးယူပြီး ကီမီကိုကို ပင်လယ်ထဲ တွန်းချခဲ့ရသနည်း။
စဉ်းစား၍ရသော အကြောင်းပြချက်မှာ တစ်ခုသာ ရှိသည်။ မိမိ၏သားကိုပါ တစ်ပါတည်း ‘သတ်ပစ်’ နိုင်ရန် ဖြစ်သည်။ အပြန့်ကျယ်သော ပင်လယ်ပြင်ကြီးတွင် ရုပ်အလောင်းကို ရှာမတွေ့နိုင်သည်မှာ အထူးအဆန်း မဟုတ်။
သတ်သေကြရန် ဆုံးဖြတ်ခဲ့စဉ်က မိဘများသည် ကိုဆုကေ၏ အခြေအနေကိုပါ ထည့်သွင်း စဉ်းစားခဲ့ကြပေမည်။ အကယ်၍ သေဆုံးသွားသူမှာ သူတို့ နှစ်ယောက်တည်းသာ ဆိုလျှင် သားမောင်၏ အနာဂတ်သည် မည်သို့ ရှိခြိမ့်မည်နည်း။
ကိုဆုကေ ဆက်လက် ရှင်သန်နိုင်ရန် မည်သို့ ကြိုးပမ်း ကြံဆောင်သွားမည်ကို သူတို့ မည်သည့်နည်းနှင့်မျှ ကြံဆတတ်မည် မဟုတ်ပေ။ သို့သော် သားမောင်သည် ‘ကိုဆုကေ’ ဟူသော အမည်နှင့် သူ၏ အတိတ်ကို ဖုံးဖိနိုင်ရန် ကြိုးစားသွားလိမ့်မည် ဆိုသည့် အချက်ကိုကား သူတို့ ကောင်းစွာ တွေးဆနိုင်ကြပေမည်။ ထိုသို့ဆိုလျှင် သားမောင်အပေါ် သက်ရောက်မှု နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြပေလိမ့်မည်။
ထို့ကြောင့်လည်း သူတို့သည် ‘ကိုဆုကေ’ ဟူသော လူတစ်ယောက်ကို ဤလောကကြီးမှ ဖျောက်ဖျက်ပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
တိုကျိုရဲဌာန လူငယ်ရေးရာမှ မှုခင်းရဲများ၊ လူငယ်စောင့်ရှောက်ရေး စခန်းမှ ဝန်ထမ်းများ၊ ထို့အပြင် တခြား လူအတော်များများသည် ကိုဆုကေ၏ နောက်ကြောင်းရာဇဝင်ကို သိရှိနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း မည်သူမျှ မအောင်မြင်ခဲ့ချေ။ မည်သို့ ရှာတွေ့နိုင်ပါတော့အံ့နည်း။ ‘ကိုဆုကေ’ သည် တစ္ဆေတစ်ကောင် ဖြစ်နေချေပြီ။ အလယ်တန်း ကျောင်းသားကလေး ဝါကု ကိုဆုကေနှင့် သက်ဆိုင်သော မှတ်တမ်းအားလုံးကို အသေစာရင်းသွင်း၍ ဖျောက်ဖျက်လိုက်ကြပြီ မဟုတ်ပါလော။
အိမ်မှ ထွက်မပြေးခင်ညက ကိုဆုကေ၏ အခန်းသို့ ရောက်လာပြီး မိခင်ကီမီကို ပြောခဲ့သော စကားများသည် သူ၏ နားထဲတွင် ပြန်လည် ကြားယောင်လာသည်။ “သားအဖေနဲ့ အမေတို့က … အထူးသဖြင့် သားအဖေပေါ့လေ။ သူက အစစ အရာရာ သားအတွက် ဦးစားပေးပြီး စဉ်းစားနေခဲ့တာ။ သားအတွက် သာယာတဲ့ဘဝတစ်ခု ဖန်တီးပေးနိုင်ဖို့ သူ ဘာမဆို လုပ်ဖို့ ဝန်မလေးဘူး။ သူ့အသက်ကိုတောင် စတေးဖို့ လက်တွန့်နေမှာ မဟုတ်ဘူး”
ထိုစကားများသည် မုသားများ မဟုတ်ခဲ့ပေ။ သူ ယနေ့ ယခုလို နေနိုင်သည်မှာ မိဘများ၏ ကြောင့်ကြစိုက်မှုကြောင့်သာ ဖြစ်နိုင်ခဲ့သည်။
ကိုဆုကေသည် ခေါင်းကို ခါယမ်းပြီးနောက် ဝီစကီကို တစ်ကျိုက် မော့လိုက်သည်။ မဖြစ်နိုင်၊ လုံးဝ မဖြစ်နိုင်။ အကယ်၍ သူ့တွင် ထိုကဲ့သို့သော မိဘမျိုး မရှိခဲ့လျှင် ထိုမျှ ပင်ပန်းဆင်းရဲခံခဲ့မည် မဟုတ်။ မိမိ၏ နာမည်ရင်းကိုပင် စွန့်ပစ်ခဲ့ရပြီးပြီ။ ယနေ့ ယခုချိန်တွင် ဤသို့ မကြောင့်မကြ နေနိုင်ခြင်းမှာ မိမိကိုယ်ကို အားကိုးခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ တခြား အကြောင်းအရင်း မရှိနိုင်။
သူ မည်သို့ပင် ကြိုးစားနေစေကာမူ နောင်တနှင့် ပူဆွေးမှု လှိုင်းလုံးတို့က သူ့ရင်ထဲ လှိမ့်ဝင်လာကြသည်။
ကိုယ်လွတ်ရုန်းခဲ့သော မိမိ၏ လုပ်ရပ်ကြောင့် မိဘများတွင် ရွေးချယ်ပိုင်ခွင့်များ ဆိတ်သုဉ်းသွားခဲ့ရသည်။ မိမိသည် သူတို့အား ချောင်ပိတ်သွားအောင် အစွန်းတစ်ဘက်သို့ တွန်းပို့ခဲ့မိသည်။ ထွက်မပြေးခင်က အဘယ်ကြောင့် နောက်တစ်ကြိမ် ထပ်ပြီး သူတို့ကို မတောင်းဆိုမိခဲ့သနည်း။ မြို့မှ ထွက်ပြေးမည့် အစီအစဉ်ကို စွန့်လွှတ်ပြီး အိမ်ပြန်ကြပါစို့ဟု သူ မဖျောင်းဖျမိခဲ့။ တစ်မိသားစုလုံး အတူတကွ ရုန်းကန်၍ အသစ်မှ ပြန်စကြရအောင်ဟု သူ မတိုက်တွန်းမိခဲ့။
“ရှင် ဘာဖြစ်နေတာလဲ” အသံကြား၍ ကိုဆုကေ ခေါင်းထောင်ကြည့်လိုက်သည်။ အေရီကိုက သူ့ကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်။ “ရှင့်ကြည့်ရတာ မျက်နှာ မကောင်းပါလား”
“ဟင့်အင်း” ကိုဆုကေက ခေါင်းခါပြလိုက်သည်။ “ဘာမှ မဖြစ်ပါဘူး။ ကျေးဇူးပါပဲ”
သူ၏အကြည့်က လက်ထဲမှ စက္ကူပေါ်သို့ ကျရောက်သွားသည်။ မိမိ ရေးထားသော စာကို ပြန်ဖတ်ကြည့်နေမိသည်။ ကြေကွဲစိတ်များ ရင်ထဲ ဆို့တက်လာသည်။ မိမိကိုယ်ကိုယ် အသားလွတ် အထင်ကြီးခဲ့မိကြောင်း စာရွက်ပေါ်မှ အက္ခရာများက သက်သေခံနေကြသည်။ ဘာမျှ အဓိပ္ပာယ် မရှိဟု ခံစားလာရသည်။ နာမီယာဘိုးဘိုး၏ စေတနာကို အနည်းငယ်မျှ အလေးထားရာလည်း မရောက်ပေ။ ‘ကျွန်တော့်အမြင်အရ ပြောရရင်တော့ လူ့ဘဝဆိုတာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ် ထွင်ရမယ်လို့ပဲ ကျွန်တော် ယုံကြည်တယ်’ အတော်ပင် အူကြောင်ကြောင်နိုင်သော စကားလုံးများ။ မိမိ အထင်မကြီးခဲ့သော မိဘများ၏ စွန့်လွှတ် အနစ်နာခံမှုသာ မရှိခဲ့လျှင် ယနေ့ သူ ဘာကောင် ဖြစ်နေမည်ကို မည်သူ အတပ် ပြောနိုင်ပါအံ့နည်း။
ကိုဆုကေသည် လက်ထဲမှ စာရွက်ကို အစိပ်စိပ် အမွှာမွှာ ဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်သည်။ အေရီကိုထံမှ “အယ်” ဟူသော အာမေဍိတ်သံ ထွက်ပေါ်လာသည်။
“ဆောရီးပဲဗျာ။ ကျွန်တော် ခဏလောက် ဆက်နေလို့ ရဦးမလား”
“ရပါတယ်။ ကိစ္စ မရှိပါဘူး” အေရီကိုက ပြုံးလျက် ပြန်ဖြေသည်။
သူသည် ဘောပင်ကို ကောက်ကိုင်ပြီး စာရေးစက္ကူကို စိုက်ကြည့်နေသည်။
နာမီယာဘိုးဘိုး ပြောခဲ့သည့်စကားမှာ ခြွင်းချက်မရှိ မှန်နေပေသည်။ ‘မိသားစု တစ်စုလုံးသာ တက်ညီလက်ညီ လှော်ခတ်နေမယ်ဆိုရင် မူမှန်တဲ့ ဘဝလမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ မျှော်လင့်နိုင်သေးတာပဲ’ – သူ ထိုစာကြောင်းကို အမှတ်ရလာသည်။ သူ ကိုယ်လွတ် ရုန်းခဲ့သောကြောင့်သာ ဤလှေကြီး လမ်းပျောက်ခဲ့ရသည် မဟုတ်ပါလော။
သို့ဆိုလျှင် ဤစာကို မည်သို့ ရေးရပါမည်နည်း။ ပေးသော အကြံဉာဏ်ကို နားမထောင်ဘဲ မိဘနှင့် ခွဲခွာခဲ့သောကြောင့် သူတို့နှစ်ဦးစလုံး သေပွဲ ဝင်ခဲ့ရပြီ။ ထိုသို့ အရှိကို အရှိအတိုင်း ဖွင့်ရေးရတော့မည်လော။
ထိုသို့ ပြုလုပ်၍ မဖြစ်။ ထိုကိစ္စကို ထည့်မရေးခြင်းက ပိုကောင်းလိမ့်မည်။ သူ ချက်ချင်း စိတ်ပြောင်းသွားသည်။
မိမိတို့ တစ်မိသားစုလုံး သေပွဲဝင်ခဲ့ကြသည့် သတင်းက ဤမြို့ကလေးကို မည်မျှ လှုပ်ခတ်သွားစေခဲ့သနည်း။ ထိုအချက်ကို ကိုဆုကေ ကောင်းကောင်း မသိ။ သို့သော် နာမီယာဘိုးဘိုးကသာ ထိုသတင်းကို ကြားသိခဲ့ပြီးသား ဖြစ်နေလျှင် အသို့ ရှိမည်နည်း။ သူ့ထံ စာရေးခဲ့သော ‘ပေါလ်လန်နွန်’ မိသားစုများ ဖြစ်နေမည်လားဟု သူ သံသယဝင်ကောင်း ဝင်ပေလိမ့်မည်။ မိဘများနှင့် အတူလိုက်သွားရန် ကောင်ကလေးကို အကြံပေးခဲ့မိသည့်အတွက် သူ နောင်တရနေမည်လား။
ယနေ့ည အစီအစဉ်သည် နာမီယာဘိုးဘိုး၏ ၃၃ နှစ်မြောက် နှစ်ပတ်လည်အတွက် ရည်စူး၍ ပြုလုပ်သော အစီအစဉ် ဖြစ်သည်။ ထို့ကြောင့်လည်း ကွယ်လွန်ပြီး ဖြစ်သော နာမီယာဘိုးဘိုးအား နှစ်သိမ့်မှု ပေးနိုင်မည့် စကားမျိုးသာ ရေးသင့်သည် မဟုတ်ပါလော။ ကြေညာချက်တွင် ‘အမှန်အတိုင်း ဖွင့်ဟပြောဆိုပေးပါရန် တောင်းခံပါရစေ’ ဟု ရေးထားသော်လည်း အမှန်ဟူသမျှ ထုတ်ရေးပြရမည်ဟု မဆိုလိုချေ။ အဓိက အရေးကြီးသည်မှာ နာမီယာဘိုးဘိုး ပေးခဲ့သော အကြံဉာဏ်သည် မှန်ကန်သည်ဟု သူ့အား အသိပေးရန်သာ ဖြစ်ပေသည်။ ထိုမျှနှင့် လုံလောက်ပြီ။
တစ်ခဏမျှ တွေးတောပြီးနောက် ကိုဆုကေသည် အောက်ပါအတိုင်း စာတစ်စောင် ချရေးလိုက်သည်။ နိဒါန်းမှာ စောစောက စာနှင့် တထေရာတည်းပင်။
❝ သို့ – နာမီယာကုန်စုံဆိုင်
ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ဘိုးဘိုးဆီကို အကြံဉာဏ်တောင်းစာ ရေးသားခဲ့ဖူးတဲ့ လူတစ်ယောက်ပါ။ ကျွန်တော် သုံးခဲ့တဲ့ နာမည်က ပေါလ်လန်နွန်။ ဘိုးဘိုး မှတ်မိပါဦးမလား။
ကျွန်တော် အဲဒီတုန်းက မေးခဲ့တဲ့ ပြဿနာက ဒီလိုပါ။ မိဘတွေက မြို့ကနေ လူမသိ သူမသိ ထွက်ပြေးကြဖို့ စီစဉ်နေကြတယ်။ ပြီးတော့ ကျွန်တော့်ကိုလည်း သူတို့နဲ့အတူ လိုက်ခဲ့ခိုင်းနေတာမို့ ကျွန်တော် ဘယ်လို လုပ်ရမလဲ ဆိုတဲ့ မေးခွန်းပါ။
ဘိုးဘိုးက ကျွန်တော့်ကို ဒီလို ပြန်ကြားပေးခဲ့တယ်။ မိသားစုနဲ့ တစ်ကွဲတစ်ပြား ခွဲနေရတာဟာ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး။ မိဘတွေကို အပြည့်အဝ ယုံကြည်ပြီး သူတို့နဲ့အတူ လိုက်သွားပါ။ နောက်ဆုံးမှာ ဘိုးဘိုးက ဒီစာတစ်ကြောင်း ထည့်ရေးထားသေးတယ်။ မိသားစု တစ်စုလုံးသာ တက်ညီလက်ညီ လှော်ခတ်နေမယ်ဆိုရင် မူမှန်တဲ့ ဘဝလမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ မျှော်လင့်နိုင်သေးတာပဲ တဲ့။ အဲဒီစကားဟာ ကျွန်တော်အတွက် ခွန်အားတွေ အများကြီး ဖြစ်စေခဲ့ပါတယ်။
ကျွန်တော် ဘိုးဘိုးရဲ့ စကားကို နားထောင်ဖို့ ဆုံးဖြတ်ပြီး မိဘတွေနဲ့အတူ ထွက်ခွာခဲ့တယ်။ ဘိုးဘိုးရဲ့ သုံးသပ်ချက်ဟာ သိပ်ကို မှန်ပါတယ်။
အဖြစ်အပျက် အသေးစိတ်ကိုတော့ ကျွန်တော် မရေးတော့ပါဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့ တစ်မိသားစုလုံး ဒုက္ခအခက်အခဲတွေကနေ လွန်မြောက်သွားနိုင်ခဲ့တယ်။ မိဘတွေ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့ပြီ ဆိုပေမယ့် သူတို့ရဲ့ တစ်ဘဝတာကို ချမ်းမြေ့သာယာစွာ ဖြတ်သန်းနိုင်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်ဆိုရင်လည်း အခု မကြောင့်ကြရတဲ့ ဘဝမျိုး ပိုင်ဆိုင်နေပါပြီ။
ဒါတွေအားလုံးဟာ နာမီယာဘိုးဘိုးရဲ့ ကျေးဇူးတွေ မကင်းပါဘူး။ ဘိုးဘိုးရဲ့ ကျေးဇူးတွေကို ထုတ်ဖော် ပြောပြချင်တဲ့အတွက် ကျွန်တော် ဒီစာကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
ဒီစာကို ဖတ်မယ့်သူဟာ နာမီယာဘိုးဘိုးရဲ့ အိမ်သားတွေပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ ဒီစာဟာ ဘိုးဘိုးရဲ့ ၃၃ နှစ်မြောက် နှစ်ပတ်လည်အတွက် တန်ဖိုးတစ်စုံတစ်ရာ ရှိခဲ့မယ် ဆိုရင် ကျွန်တော်လည်း ဂုဏ်ယူနေမိမှာပါ။
ပေါလ်လန်နွန် ❞
အသစ်ရေးထားသော စာကို အကြိမ်ကြိမ် ပြန်ဖတ်ပြီးနောက် သူ့စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ မြို့မှ ထွက်ပြေးခဲ့သူ လူငယ်တစ်ယောက်၏ ကျေးဇူးတင်လွှာအကြောင်းကို နာမီယာဘိုးဘိုး၏ သားထံမှ သူ ကြားခဲ့ဖူးသည်။ ယခု သူ ရေးထားသည့် စာနှင့် တစ်ထပ်တည်း နီးပါး တူနေသည်ကို တွေ့ရသောအခါ သူ ကြက်သီးထမိသည်။ တိုက်ဆိုင်မှုပဲ ဖြစ်ပါလိမ့်မည်။
စာရွက်ကို အသေအချာ ခေါက်ပြီး စာအိတ်ထဲ ထည့်ပြီးသောအခါ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ ည ၁၂ နာရီ ထိုးခါနီးပြီ။
“ကျွန်တော်ကို တစ်ခုလောက် ကူညီပေးနိုင်မလား” ကိုဆုကေသည် မတ်တတ်ထရပ်လိုက်သည်။ “ကျွန်တော် တစ်နေရာသွားပြီး စာသွားထည့်လိုက်ဦးမယ်။ သိပ်မကြာပါဘူး။ ပြန်ရောက်ရင် နောက်တစ်ခွက်လောက် ထပ်သောက်လို့ ရဦးမလား”
အေရီကိုသည် ကိုဆုကေနှင့် သူ့လက်ထဲမှ စာအိတ်ကို တစ်လှည့်စီ ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေသည်။ တစ်ခဏကြာမှ သူ့မျက်နှာပေါ်တွင် အပြုံးရောင် ယှက်သန်းလာပြီး သူ ခေါင်းညိတ်ပြလေသည်။ “ရပါတယ်။ ကျွန်မ စောင့်နေပါ့မယ်”
ကိုဆုကေသည် “ကျေးဇူးပါပဲ” ဟုဆိုကာ ပိုက်ဆံအိတ်ထဲမှ တစ်သောင်းတန် ငွေစက္ကူတစ်ရွက်ကို ဘားကောင်တာပေါ် တင်ထားလိုက်သည်။ ပိုက်ဆံ မပေးလို၍ ကြံဖန် အကြောင်းပြပြီး လစ်ထွက်သွားရန် ကြံစည်နေသည်ဟု သူ အထင်မခံလို။
ဆိုင်မှ ထွက်လာပြီး မမှောင်တမှောင် လရောင်အောက်တွင် သူ လမ်းလျှောက်နေသည်။ အနီးအနားရှိ ဘားဆိုင်ကလေးများ ပိတ်သိမ်းကုန်ကြပြီ။
နာမီယာကုန်စုံဆိုင်ကို သူ မြင်နေရချေပြီ။ ဆိုင်ရှေ့တွင် လူရိပ်တွေ့လိုက်ရသောကြောင့် ကိုဆုကေ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
ဆိုင်နားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသောအခါ အသက် ၃၀ ခန့် အရွယ်ရှိသော သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကို တွေ့ရသည်။ လမ်းဘေးတွင်လည်း မာစီဒီးကားတစ်စီး ရပ်ထားသည်။ ကားပေါ်သို့ လှမ်းကြည့်လိုက်သောအခါ ခရီးသည် ထိုင်ခုံပေါ်တွင် ကတ်စက္ကူပုံးတစ်ပုံး တင်ထားသည်ကို တွေ့ရသည်။ ပုံးထဲတွင် အမျိုးသမီး အဆိုတော်တစ်ဦး၏ စီဒီအခွေများ အပြည့် ထည့်ထားသည်။ ကြည့်ရသည်မှာ ထိုအမျိုးသမီး အဆိုတော်နှင့် ပတ်သက်နေသူသာ ဖြစ်ရပေလိမ့်မည်။
အမျိုးသမီးသည် ယင်းလိပ်တံခါးထဲသို့ တစ်စုံတစ်ခု ထိုးထည့်ပြီး ထွက်ခွာရန် နောက်သို့ လှည့်လာသည်။ ကိုဆုကေကို မြင်သောအခါ အံ့အားသင့်ပြီး ကြက်သေသေနေသည်။ ကိုဆုကေသည် လက်ထဲမှ စာအိတ်ကို ထောင်ပြပြီး နောက်လက်တစ်ဘက်ဖြင့် ယင်းလိပ်တံခါးဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ အမျိုးသမီးလည်း အခြေအနေကို သဘောပေါက်သွားပြီး စိတ်လက်ပေါ့ပါးသွားပုံ ရသည်။ အသိအမှတ် ပြုသည့် သဘောဖြင့် ခေါင်းတစ်ချက် ဆတ်ပြပြီး အနီးရှိ မာစီဒီးကားပေါ်သို့ တက်သွားသည်။
ယနေ့ညတွင် ဤနေရာသို့ လူ မည်မျှ လာကြမည်နည်း။ ကိုဆုကေက တွေးနေမိသည်။ နာမီယာကုန်စုံဆိုင်ကို မိမိဘဝ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု အဖြစ် လက်ခံမှတ်ယူထားမည့် လူအရေအတွက်သည် သူ ထင်ထားသည်ထက်ပင် ပိုနေနိုင်သည်။
မာစီဒီးကား ထွက်ခွာသွားသည်နှင့် ကိုဆုကေသည် စာထည့်ပေါက်ထဲသို့ သူ့စာကို ထည့်လိုက်သည်။ ‘ဂလောက်’ ဟူသော အသံကို သူကြားရသည်။ မကြားရသည်မှာ ၄၂ နှစ် ရှိပြီ ဖြစ်သော အသံတစ်ခု။
ကိုဆုကေ၏ တစ်ကိုယ်လုံး ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဘဝစာပိုဒ် တစ်ပိုဒ်ကို ပုဒ်မ ချနိုင်လိုက်သောကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပေမည်။
Fab4 သို့ ပြန်ရောက်သောအခါ နံရံကပ် တီဗီကို ပလပ်ထိုးထားကြောင်း တွေ့လိုက်ရသည်။ အေရီကိုသည် ဘားကောင်တာအနောက်တွင် အလုပ်ရှုပ်နေသည်။
“ဘာလုပ်နေတာလဲဗျ” ကိုဆုကေက မေးသည်။
“ကျွန်မအစ်ကို သိပ်သဘောကျခဲ့တဲ့ ဗီဒီယိုခွေ တစ်ခွေရှိတယ်။ အဲဒါ ရှင့်ကို ပြမလို့။ ဒါပေမယ့် အဲဒီအခွေကို တရားဝင်တော့ မဖြန့်ချိဖြစ်ဘူး ထင်တယ်။ ခိုးကူးခွေပဲ ထွက်တာ”
“ဟုတ်လား”
“ရှင် ဘာသောက်ဦးမလဲ”
“အင်း … စောစောက ဝီစကီပဲ ပေးပါဗျာ” ဝီစကီတစ်ခွက် ကိုဆုကေ၏ အရှေ့သို့ ရောက်လာသည်။ သူ ခွက်ကို လှမ်းယူနေစဉ် ဗီဒီယိုလည်း စတင်ပြသလေသည်။ ဖန်ခွက်ကို နှုတ်ခမ်းနား တေ့ထားစဉ်မှာပင် ကိုဆုကေ၏ လက်က တုံ့ရပ်သွားသည်။ ဗီဒီယိုအကြောင်းကို သူ ရိပ်စားမိသွားပြီ။ “ဒီဟာ …….”
တီဗီအထက်တွင် မြင်နေရသော မြင်ကွင်းမှာ Apple ကုမ္ပဏီ၏ ခေါင်မိုးထပ် ဖြစ်သည်။ တဖြူးဖြူး တိုက်ခတ်နေသော ဆောင်းလေကို အံတုလျက် ဘီတယ်လ်အဖွဲ့သားများ တီးခတ်နေကြသည်။ ‘Let It Be’ ရုပ်ရှင်၏ အထွတ်အထိပ် ဇာတ်ဝင်ခန်းတစ်ခန်း။
လက်ထဲမှ ဖန်ခွက်ကို ပြန်ချပြီး ကိုဆုကေသည် ဖန်သားပြင်ကို စိုက်ကြည့်နေမိသည်။ ဤရုပ်ရှင်ကားသည် သူ့ဘဝကို ပြောင်းလဲစေခဲ့သည်။ ဤရုပ်ရှင်ကို ကြည့်ပြီးသည့်နောက်တွင် လူတစ်ဦးနှင့် တစ်ဦးအကြားရှိ သံယောဇဉ် နှောင်ကြိုးသည် မည်မျှ ပါးလွှာကြွပ်ဆတ်ကြောင်းကို သူ နားလည်သဘောပေါက် လာခဲ့သည်။
သို့သော် ……
ဖန်သားပြင်ပေါ်မှ ဘီတယ်လ်နှင့် ကိုဆုကေ၏ မှတ်ဉာဏ်ထဲမှ ဘီတယ်လ်တို့သည် အနည်းငယ် ကွဲလွဲနေသည်။ ရုပ်ရှင်ရုံတွင် သူ ကြည့်ခဲ့စဉ်က ဘီတယ်လ် အဖွဲ့သားများ၏ နှလုံးသားသည် တစ်ယောက်နှင့်တစ်ယောက် ဝေးကွာနေကြပြီး ပြီးစလွယ် တီးခတ်နေကြသည်ဟု သူ ယူဆခဲ့သည်။ သို့သော် ယခု ပြန်ကြည့်မိသောအခါ ထိုသို့ မယူဆမိတော့။ အဖွဲ့ဝင် လေးဦးစလုံးသည် သူတို့၏ တူရိယာများကို အစွမ်းကုန် တီးခတ်နေကြပြီး သူတို့၏ ဂီတသံထဲတွင် အပြည့်အဝ ဈာန်ဝင်နေကြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် စွန့်ခွာရန် ဆုံးဖြတ်ပြီးခဲ့ကြပြီ မှန်သော်လည်း ရဲဘော်ရဲဘက် ဟူသော စိတ်ထားဖြင့် နောက်ဆုံးအကြိမ် ဖျော်ဖြေနေခဲ့ကြခြင်း ဖြစ်သည်။
ရုပ်ရှင်ရုံတွင် ထိုဇာတ်ကားကို ကြည့်ခဲ့စဉ် အချိန်က သူတို့ အဖွဲ့ကို ဖရိုဖရဲ ဖြစ်နေသည်ဟု ကိုဆုကေ ယူဆခဲ့သည်။ ထိုသို့ ယူဆခဲ့ခြင်းမှာ သူကိုယ်နှိုက်က စိတ်ဂယောက်ဂယက် ဖြစ်နေခဲ့သောကြောင့် ဖြစ်ရပေမည်။ ထိုစဉ်က သူသည် မေတ္တာတရား ဟူသမျှကို သံသယ ဝင်နေခဲ့သည် မဟုတ်ပါလော။
ကိုဆုကေသည် ဖန်ခွက်ကို ကောက်ကိုင်ပြီး ဝီစကီတစ်ကျိုက် မော့သောက်လိုက်သည်။ ထို့နောက် မျက်စိကို စုံမှိတ်လိုက်ပြီး မိဘများကို မြင်ယောင်ကာ မေတ္တာပို့သ နေလေတော့သည်။