(က)
“အိမ်ဟောင်းတစ်လုံးမှာ ခဏ သွားခိုနေကြရအောင်လား” အကြံပြုသူမှာ ရှိုတာ။ “အဆင်ပြေတဲ့ အိမ်တစ်လုံး ငါ တွေ့ထားတာ ရှိတယ်”
“အဆင်ပြေတဲ့အိမ်? ဘာအဓိပ္ပာယ်လဲ” အဆုယာက ရှိုတာကို ကြည့်လျက် မေးသည်။ ရှိုတာသည် ကိုယ်လုံးကိုယ်ဖန် သေးပြီး မျက်နှာကလည်း ငယ်ရုပ်မပျောက်သေးပေ။
“အဆင်ပြေတယ်ဆိုတာက အဆင်ပြေလို့ပေါ့ကွာ။ ငါတို့ ပုန်းနေလို့ ရတဲ့ နေရာမျိုးပေါ့။ ရှေ့တစ်ခေါက် ဒီဘက်ကို စနည်းနာထွက်တုန်းက မတော်တဆ တွေ့ထားတာ။ အခုတော့ မထင်မှတ်ဘဲ အသုံးတည့်သွားပြီပေါ့”
“နေပါဦး ငါ့ကောင်တွေရ” ကိုဟိုင်သည် သူ၏ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ကို မတ်မတ်ဆန့်ထားပြီး အနီးနားရှိ တိုယိုတာကားကို နှမြောတသစွာ ကြည့်နေသည်။ “ဒီလို နေရာမှာမှ ဒီကားက ဘတ်ထရီ ဒေါင်းရသလားကွာ။ မဟုတ်သေးပါဘူး”
အဆုယာက သက်ပြင်းချလိုက်သည်။ “အခုမှ ဒါတွေ ပြောနေတော့ရော ဘာထူးဦးမှာလဲ”
“ဒါပေမယ့် … ဘယ်လို ဖြစ်ရတာလဲကွာ။ နဂိုက အကောင်းကြီးပဲဟာ။ ကားရှေ့မီးတောင် ဖွင့်ခဲ့တာ မဟုတ်ဘူး”
“သက်တမ်းကုန်သွားလို့ပေါ့” ရှိုတာက ခပ်ပြတ်ပြတ် ပြန်ဖြေသည်။ “မိုင်းလေ့ခ်ျကို ကြည့်ကြည့်ပါလား။ သွားထားတာ ကီလိုမီတာ တစ်သိန်းကျော်နေပြီ။ ကားဟောင်းကြီးပဲဟာ။ အရည်ကြိုစက် ပို့ရတော့မယ့်ဟာက ဒီလောက်ထိ ရောက်အောင် မောင်းလာပေးတာကိုပဲ ကျေးဇူးတင်ရဦးမယ်။ ဒါကြောင့် ငါ အစောကြီးကတည်းက ပြောတာပေါ့။ ခိုးမယ့်ခိုးတော့ ကားအသစ်ကို ရွေးခိုးပါလို့”
“ဘာ ….” ကိုဟိုင်သည် ပခုံးကို ပင့်လိုက်ပြီး အသံ ခပ်တိုးတိုးဖြင့် ပြန်ပြောသည်။ “ကားအသစ်တွေက သူခိုးဖမ်းစနစ်တွေ ထည့်ထားကြတာကွ”
“ကဲ … အဲဒါ ထားလိုက်ပါတော့ကွာ” အဆုယာက လက်ခါယမ်းနေသည်။ “ရှိုတာ၊ မင်းပြောတဲ့ အခန်းလွတ်ဆိုတာ ဒီအနီးနားမှာပဲလား”
ရှိုတာက အတန်ငယ် စဉ်းစားနေသည်။ “ခပ်မြန်မြန် လျှောက်ရင်တော့ မိနစ် ၂၀ လောက်ဆို ရောက်နိုင်တယ်”
“ကောင်းပြီလေ။ သွားကြည့်ကြရအောင်။ မင်း အရှေ့က သွား”
“ရတယ်လေ။ ဒါပေမယ့် ဒီကားကို ဘယ်လို လုပ်ကြမလဲ။ ဒီမှာ ပစ်ထားလို့ အန္တရာယ် ကင်းနိုင်ပါ့မလား”
အဆုယာသည် ပတ်ဝန်းကျင် လေးဘက်လေးတန်ကို အကဲခတ်ကြည့်သည်။ သူတို့ ရောက်ရှိနေသော နေရာမှာ ကွန်ဒိုမီနီယံတစ်လုံး၏ ကားရပ်နားကွင်းထဲတွင် ဖြစ်သည်။ သူတို့ စီးလာသော တိုယာတာ ကားစုတ်ကို ဤနေရာတွင် ရပ်ထားခဲ့ရန် နေရာလွတ် ရှိသည်ဟု ဆိုသော်လည်း အကယ်၍ ဤနေရာတွင် ရပ်မည့် မူလကားပိုင်ရှင် ရောက်လာပါက ပြဿနာ တက်လာနိုင်ပေမည်။
“အန္တရာယ် ကင်းတယ်လို့ ပြောလို့ မရပေမယ့် အခုချိန် ဒီကားက လှုပ်မှ မလှုပ်နိုင်တော့တာပဲ။ ဘာတတ်နိုင်ဦးမှာလဲ။ မင်းတို့ နှစ်ယောက်က လက်အိတ်စွပ်မထားတော့ ဘယ်မှ လျှောက်မကိုင်မိစေနဲ့။ ဒါဆိုရင် ကားကနေတစ်ဆင့် ငါတို့ဆီ အမှုပတ်လာနိုင်လိမ့်မယ် မထင်ဘူး”
“ကံကိုပဲ ပုံအပ်ရမယ့် သဘောလား”
“တခြားနည်းလမ်းရော ရှိသေးလို့လား”
“ပြောကြည့်တာပါကွာ။ အိုကေလေ။ ငါ့နောက် လိုက်ခဲ့”
ရှိုတာက ခြေလှမ်းကို ခပ်သွက်သွက် လှမ်းနေသည်။ အဆုယာတို့ကလည်း အနောက်မှ ထက်ကြပ်မကွာ လိုက်လျက်။ သူ၏ ညာဘက်လက်တွင် အလွန်လေးလံသော အိတ်တစ်လုံးကို ကိုင်ထားသည်။
ကိုဟိုင်သည် အဆုယာ၏ အနားသို့ ကပ်လိုက်သည်။ “ဟေ့ အဆုယာ၊ တက္ကစီ ငှားစီးရရင် မကောင်းဘူးလား။ နည်းနည်း ဆက်လျှောက်ရင် လမ်းမကြီးပေါ် ရောက်တော့မယ်။ လမ်းမပေါ်မှာ တက္ကစီတော့ ငှားလို့ ရမှာပဲ”
အဆုယာက အေးစက်စက် လေသံဖြင့် ပြန်ပြောသည်။ “ဒီလိုအချိန်၊ ဒီလိုနေရာမျိုးမှာ ယောက်ျားသုံးယောက်က တက္ကစီကား ငှားစီးရင် သံသယ ဖြစ်ချင်စရာ ကောင်းမနေဘူးလား။ ကားဆရာက ငါတို့ရဲ့ မျက်နှာတွေကို မှတ်မိနေမှာပေါ့။ ငါတို့ ဓာတ်ပုံတွေကို သတင်းမှာ ကြေညာလိုက်တာနဲ့ ငါတို့တော့ သွားပြီပဲ”
“ကားဆရာက ငါတို့ကို ဂရုတစိုက် ကြည့်နေပါ့မလား”
“ကြည့်နေရင် ဘယ်လို လုပ်မလဲကွ။ စိုက်မကြည့်ဘူးပဲထား။ တစ်ချက် ကြည့်လိုက်ရုံနဲ့ ငါတို့ မျက်နှာတွေကို မှတ်မိချင် မှတ်မိနေမှာ”
ကိုဟိုင်သည် ဆိတ်ငြိမ်စွာ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် “ဆောရီးပါကွာ” ဟု အသံ ခပ်တိုးတိုး ပြောလေသည်။
“ထားပါတော့ကွာ။ မင်း ပါးစပ်ကိုသာ ပိတ်ထားပြီး ခပ်သွက်သွက် လျှောက်ပေတော့”
သူတို့ သုံးဦးသည် လုံးချင်းအိမ်ရာများ ရှိရာ ကုန်းမြင့်ပေါ်မှ ဖြတ်လျှောက်နေကြသည်။ ည ၂ နာရီကျော် အချိန် ဖြစ်သောကြောင့် လမ်းဘေးဝဲယာရှိ ပုံစံတူ လုံးချင်းတိုက်ကလေးများ၏ ပြတင်း အများစုတွင် လျှပ်စစ်မီးရောင်များ မရှိကြတော့ပေ။ ထိုသို့ ဖြစ်နေသော်လည်း သူတို့အနေဖြင့် စိတ်လွတ်ကိုယ်လွတ် သွားလာ၍ မဖြစ်သေး။ အကယ်၍ သတိကင်းလွတ်ပြီး စကားကျယ်ကျယ် ပြောမိလျှင် တစ်ဦးတစ်ယောက်က ကြားသွားနိုင်သည်။ ညကြီး အချိန်မတော်တွင် သံသယဖြစ်ဖွယ် ယောက်ျားတချို့ အိမ်ရှေ့မှ ဖြတ်သွားခဲ့သည်ဟု ရဲများအား ပြောပြနိုင်သည်။ တရားခံများသည် ကားဖြင့် ထွက်ပြေးလွတ်မြောက် သွားသည်ဟု အဆုယာက ရဲများကို ထင်မှတ်စေချင်သည်။ သို့သော် သူတို့ ခိုးလာခဲ့သော တိုယိုတာ ကားစုတ်ကို ရဲများက တင်ကြို၍ မတွေ့ရှိထားမှ ဖြစ်ပေမည်။
လက်တလောတွင် သူတို့၏ ခြေဖဝါးအောက်ရှိ လမ်းသည် ပြေသော်လည်း လျှောက်ရင်း လျှောက်ရင်းနှင့် တဖြည်းဖြည်း မတ်သည်ထက် မတ်လာသည်။ လူနေအိမ်လည်း ကျဲသည်ထက် ကျဲလာသည်။
“ဟူး …. ဘယ်လောက်တောင် လျှောက်ရဦးမှာလဲဟ” ကိုဟိုင်က အသက်ကို အနိုင်နိုင် ရှူရင်း ပြောသည်။
“နည်းနည်းတော့ သွားရဦးမယ်” ရှိုတာက ပြန်ဖြေသည်။
တကယ်တမ်းတော့ ထိုစကားကို ပြောပြီး သိပ်မကြာခင်မှာပင် ရှိုတာ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ လမ်းဘေးတွင် အိမ်ပုလေးတစ်လုံးကို တွေ့ရသည်။
၎င်းသည် လူနေရင်း ဈေးဆိုင်လည်း ဖွင့်နိုင်သော နှစ်မျိုးသုံး အိမ်ပုလေး ဖြစ်သည်။ မကျယ်လွန်း၊ မကျဉ်းလွန်း။ လူနေအိမ်ဘက်သည် သစ်သားဖြင့် ဆောက်လုပ်ထားသော ဂျပန်ရိုးရာ အိမ်မျိုး ဖြစ်သည်။ ၁၀ ပေ ၂ ခန်းစာ အကျယ်ရှိသော ဆိုင်မျက်နှာစာတွင် ယင်းလိပ်တံခါးဖြင့် ပိတ်ထားသည်။ ယင်းလိပ်တံခါးပေါ်တွင် စာထည့်နိုင်ရန် အပေါက်သေးသေး ဖောက်ထားသည်။ ဘာစာမျှ ရေးမထား။ ဘေးတစ်ဘက်တွင် ကားဂိုဒေါင်ဟု ယူဆရသော အခန်းတစ်ခန်း ရှိသည်။
“ဒီဟာလား” အဆုယာက မေးသည်။
“အင်း …..” ရှိုတာက အိမ်ပုလေးကို ကြည့်ရင်း ခေါင်းကုတ်နေသည်။ “ဟုတ်လောက်တယ်”
“ဘာ ဟုတ်လောက်တာလဲ။ ဒီနေရာ မဟုတ်ဘူးလား”
“ဟုတ်တယ်။ ဒီနေရာပဲ။ ဒါပေမယ့် ရှေ့တစ်ခေါက် မြင်တုန်းကနဲ့ နည်းနည်း ထူးခြားနေသလားလို့။ ဒီလောက် အိုဟောင်းမနေဘူးလားလို့ပါ”
“မင်း ရှေ့တစ်ခေါက်လာတုန်းက နေ့ခင်းကြီး မဟုတ်လား။ အဲဒါကြောင့် ဖြစ်ပါလိမ့်မယ်”
“ဖြစ်နိုင်တာပဲ”
အဆုယာသည် လက်ဆွဲအိတ်ထဲမှ ဓာတ်မီးကို ဆွဲထုတ်လိုက်ပြီး ယင်းလိပ်တံခါးပေါ်သို့ ထိုးကြည့်သည်။ တံခါး၏ အပေါ်တည့်တည့်တွင် ဆိုင်းဘုတ်တစ်ခု ရှိပြီး ‘ကုန်စုံဆိုင်’ ဟူသော စကားလုံးကို ခန့်မှန်းကြည့်နိုင်သည်။ သူ၏ အရှေ့တွင် ရေးထားသော စာလုံးများမှာ ဆိုင်နာမည်ပင် ဖြစ်ရပေမည်။ သို့သော် ဖတ်၍ မရတော့။
“ကုန်စုံဆိုင်? ဒီလို နေရာမျိုးမှာ လာဖွင့်ရသလား။ ဈေးဝယ်ရော ရှိပါ့မလား” အဆုယာက မနေနိုင် မထိုင်နိုင် မေးလိုက်သည်။
“ဈေးဝယ် မရှိလို့ဘဲ ပိတ်လိုက်ရတာ နေမှာပေါ့” ရှိုတာ၏ အကြောင်းပြချက်မှာ ယုတ္တိယုတ္တာ ရှိသည်။
“ဒါလည်း ဟုတ်တာပဲ။ ဒီတော့ ငါတို့က ဘယ်ကနေ ဝင်ရပါ့မလဲ”
“အနောက်ပေါက် ရှိတယ်။ သော့ ပျက်နေပြီ”
ရှိုတာက “ဒီမှာ” ဟု ပြောပြီး ကုန်စုံဆိုင်နှင့် ဂိုဒေါင်ကြားရှိ လမ်းကြားထဲသို့ ဝင်သွားသည်။ ကျန်နှစ်ဦးကလည်း သူ့နောက်မှ လိုက်လာကြသည်။ လမ်းကြားလေးသည် တစ်မီတာမျှသာ ကျယ်သည်။ လမ်းလျှောက်ရင်း ခေါင်းမော့ကြည့်လိုက်သောအခါ လပြည့်ဝန်းသည် အထက်ကောင်းကင်တွင် ကျက်သရေရှိစွာ စံပယ်နေသည်။
အမှန်တကယ်ပင် လမ်းဆုံး၌ နောက်ဖေး တံခါးပေါက် ရှိသည်။ တံခါးဘေးတွင် သစ်သားသေတ္တာတစ်လုံးကို ချထားသည်။ ကိုဟိုင်သည် ထူးဆန်းသည့်အနေဖြင့် ထိုသေတ္တာကို စိုက်ကြည့်နေသည်။
“မင်း မသိဘူးလား။ အဲဒါ နွားနို့သေတ္တာလေ။ အိမ်အရောက်ပို့မယ့် နွားနို့ပုလင်းတွေ ထည့်ဖို့ပေါ့” ရှိုတာက ပြောသည်။
“ဒီလိုလား” ကိုဟိုင်က နားလည်သွားဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေသည်။
တံခါးကို တွန်းဖွင့်ပြီးနောက် သူတို့ သုံးယောက် အထဲသို့ ဝင်သွားသည်။ ဖုန်နံ့၊ ကျပ်ခိုးနံ့များ ရသော်လည်း ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သူတို့သည် ကွန်ကရစ်ကြမ်းပြင်တွင် ရပ်မိလျက်သား ရှိနေကြပြီး ဘေးနံရံဘက်တွင် အိုဟောင်း၍ သံချေးတက်နေသော အဝတ်လျှော်စက်တစ်လုံးကို တွေ့ရသည်။ သုံးစား၍ ရတော့မည် မဟုတ်ကြောင်း ကြည့်ရုံနှင့် သိနိုင်သည်။
ဖိနပ်ချွတ်ရာ နေရာတွင် ခြေညှပ်ဖိနပ်တစ်ရံကို တွေ့ရသည်။ သူတို့သည် ဖိနပ်မချွတ်တော့ဘဲ အထဲသို့ ဆက်ဝင်သွားသည်။
သူတို့ မီးဖိုချောင်ထဲသို့ ရောက်ရှိလာသည်။ ကြမ်းပြင်မှာ လျှာထိုးကြမ်းခင်း ဖြစ်ပြီး ပြတင်းပေါက်နားတွင် လက်ဆေးကန်နှင့် မီးဖိုများကို တွေ့ရသည်။ ထို့နောက် မလှမ်းမကမ်းတွင် တံခါးနှစ်ပေါက်ပါ ရေခဲသေတ္တာတစ်လုံး ရှိသည်။ မီးဖိုချောင်၏ အလယ်တည့်တည့်တွင် ထမင်းစား စားပွဲနှင့် ထိုင်ခုံများ ချထားသည်။
ကိုဟိုင်က ရေခဲသေတ္တာကို ဖွင့်ကြည့်သည်။ “ဘာမှလည်း မရှိဘူး” သူက စိတ်ပျက်သွားသော မျက်နှာပေးနှင့်။
“ဘာများ ထူးဆန်းလို့လဲ” ရှိုတာက မကျေနပ်သော လေသံဖြင့် ပြောသည်။ “နေပါဦး။ အထဲမှာ တစ်ခုခုများ ရှိနေရင် မင်းက စားချင်သေးတာလား”
“ငါက စကားအဖြစ် ပြောကြည့်တာပါ”
မီးဖိုချောင်၏ ဘေးတွင် အိပ်ခန်းရှိသည်။ အထဲတွင် အဝတ်ဗီဒိုတစ်လုံးနှင့် ဘုရားစင်တစ်စင် ရှိသည်။ အခန်းထောင့်တွင် လေးထောင့် ကူရှင်တစ်လုံး ရှိပြီး နံရံကပ် ဗီဒိုတစ်လုံးကိုလည်း တွေ့ရသည်။ ၎င်းအထဲတွင် ဘာရှိသနည်း ဆိုသည်ကိုတော့ ဖွင့်ကြည့်ရန် မည်သူကမျှ စိတ်မဝင်စားကြ။
အိပ်ခန်းမှ အရှေ့သို့ ဆက်သွားလျှင် ဈေးဆိုင်ခန်းသို့ ရောက်သည်။ အဆုယာသည် လက်နှိပ်ဓာတ်မီးဖြင့် လေးဘက်လေးတန်သို့ ထိုးကြည့်သည်။ စင်ပေါ်တွင် ဖုန်အလိမ်းလိမ်း တက်နေသော ကုန်ပစ္စည်းများကို တွေ့ရသည်။ စာရေးကိရိယာများ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် သန့်ရှင်းရေးသုံး ကိရိယာ တန်ဆာပလာများ ဖြစ်သည်။
“ကံကောင်းတယ်ဟေ့” ဘုရားစင် အံဆွဲထဲသို့ မွှေနှောက်ရှာဖွေနေသော ရှိုတာက အော်ပြောသည်။ “ဖယောင်းတိုင်တွေ့ပြီ။ မှောင်နေမှာ ပူစရာ မလိုတော့ဘူး”
ရှိုတာသည် မီးခြစ်ဘူးဖြင့် ဖယောင်းတိုင်တချို့ကို မီးညှိလိုက်ပြီး အခန်းထဲရှိ နေရာတချို့တွင် စိုက်လိုက်သည်။ ဖယောင်းတိုင်၏ အလင်းကြောင့် အခန်းတွင်း၌ လင်းလင်းကျင်းကျင်း ရှိလာသည်။ အဆုယာက လက်နှိပ်ဓာတ်မီးကို ပိတ်ပစ်လိုက်သည်။
“ဟူး … အခုမှပဲ စိတ်အေးတော့တယ်” ကိုဟိုင်သည် ‘ထာထားမီ’ မြက်ဖျာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ “မိုးလင်းအောင် စောင့်ရုံ ရှိတော့တာပဲ”
အဆုယာသည် လက်ကိုင်ဖုန်းကို ဆွဲထုတ်ပြီး အချိန်ကို ကြည့်လိုက်သည်။ ည ၂ နာရီခွဲ ကျော်ခါစ ရှိသေးသည်။
“ဟ … ဒီမှာ ဒီလိုဟာလည်း ရှိသေးတာလား” ဘုရားစင်၏ အောက်ဆုံး အံဆွဲကို ဆွဲဖွင့်ပြီးနောက် ရှိုတာသည် မဂ္ဂဇင်းတစ်အုပ်ကို အထဲမှ ဆွဲထုတ်လိုက်သည်။ ကြည့်ရသည်မှာ မဂ္ဂဇင်းအဟောင်းတစ်အုပ် ဖြစ်မည်။
“ကြည့်ရအောင်” အဆုယာက လက်ဆန့်၍ တောင်းလိုက်သည်။
ဖုန်ခါပြီးနောက် အဆုယာသည် မဂ္ဂဇင်း မျက်နှာဖုံးကို အသေအချာ စူးစိုက်ကြည့်နေသည်။ မျက်နှာဖုံးတွင် နုနယ်သော မိန်းမပျိုတစ်ယောက်က ပြုံးလျက် သူ့ကို ကြည့်နေသည်။ ရုပ်ရှင်မင်းသမီးတစ်လက် ဖြစ်ရပေမည်။ ထိုမင်းသမီးကို တစ်နေရာရာတွင် မြင်ဖူးသယောင် သူ ထင်နေမိသည်။ အချိန်အတန်ကြာ စိုက်ကြည့်ပြီးမှ သူ သတိရလာသည်။ ရုပ်ရှင်ဇာတ်လမ်းတွဲများတွင် အမေနေရာမှ သရုပ်ဆောင်နေသော မင်းသမီးကြီးတစ်လက် ဖြစ်သည်။ ယခုဆိုလျှင် သူ၏ အသက်မှာ ၆၀ ကျော်ပင် ရှိနေလောက်ပြီ။
အဆုယာသည် မဂ္ဂဇင်းကို လှန်လိုက်ပြီး ပုံနှိပ်မှတ်တမ်းကို ဖတ်ကြည့်သည်။ ထိုအခါမှ လွန်ခဲ့သော နှစ်ပေါင်း ၄၀ လောက်က ထုတ်ဝေခဲ့သော မဂ္ဂဇင်းဖြစ်မှန်း တွေ့လိုက်ရသည်။ သူသည် ထိုအကြောင်းကို ရှိုတာနှင့် ကိုဟိုင်တို့အား ပြောပြလိုက်သောအခါ သူတို့နှစ်ဦးလည်း မျက်လုံးအဝိုင်းသားနှင့် အံ့အားသင့်နေကြသည်။
“မိုက်တယ်ဟ။ အဲဒီခေတ်က ဘာတွေများ ဖြစ်ခဲ့မလဲ မသိဘူး” ရှိုတာက မေးသည်။
အဆုယာသည် မဂ္ဂဇင်းကို ခပ်သွက်သွက် လှန်လိုက်သည်။ မဂ္ဂဇင်း၏ အပြင်အဆင်သည် ယခုခေတ်နှင့် များစွာ မခြားနားလှ။
“တစ်သျှူးစက္ကူနှင့် ဆပ်ပြာမှုန့်ထုပ်များကို အလုအယက် ဝယ်ယူကြခြင်း။ စူပါမားကတ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်။ …. အဲဒါတော့ ကြားဖူးသလိုပဲ”
“အင်း အဲဒါ ငါသိတယ်” ကိုဟိုင်က ပြောသည်။ “ရေနံအကျပ်အတည်းတုန်းက”
အဆုယာသည် မာတိကာကို ကြည့်ပြီး အထူးကဏ္ဍသို့ ချက်ချင်း လှန်လိုက်သည်။ သို့သော် သူမြင်ချင်သော ကိုယ်လုံးတီးပုံများ မတွေ့ရသောကြောင့် ချက်ချင်း ပြန်ပိတ်ချလိုက်သည်။
“ဒီအိမ်ကလူတွေ ဘယ်တုန်းကများ ပြောင်းသွားကြလဲ မသိဘူး” မဂ္ဂဇင်းစာအုပ်ကို ဘုရားစင် အံဆွဲထဲသို့ ပြန်ထည့်ပြီးနောက် အဆုယာသည် အခန်းတွင်းသို့ လှည့်ကြည့်နေသည်။ “ဆိုင်ထဲမှာ ရောင်းဖို့ ပစ္စည်းတွေက အနည်းအကျဉ်း ရှိနေသေးတယ်။ ရေခဲသေတ္တာရော၊ အဝတ်လျှော်စက်ရော ကျန်နေသေးတာ ဆိုတော့ အလောတကော ထွက်သွားကြပုံပဲ”
“ညကြီးသန်းခေါင် ထွက်ပြေးကြတာ နေမှာပေါ့” ရှိုတာက ကောက်ချက်ချသည်။ “ဈေးဝယ် မရှိမှတော့ တင်နေတဲ့ အကြွေးကလည်း များသထက် များလာမှာပဲ။ ဒါနဲ့ပဲ ညတစ်ညမှာ အကြွေးရှင်တွေ မရိပ်မိခင် လစ်ပြေးတာပဲ ဖြစ်မယ်။ အင်း … ဟုတ်တယ်။ အဲဒီလိုပဲ ဖြစ်ကို ဖြစ်ရမယ်”
“ဟုတ်ချင် ဟုတ်မှာပေါ့”
“ငါ ဗိုက်ဆာပြီ” ကိုဟိုင်က သနားကမား အသံဖြင့် ပြောနေသည်။ “ဒီအနီးအနားမှာ စတိုးဆိုင်များ ရှိမလား မသိဘူး”
“ရှိလည်း သွားလို့ မဖြစ်ဘူး” အဆုယာက ကိုဟိုင်ကို စိုက်ကြည့်လိုက်သည်။ “မိုးမလင်းမချင်း ဒီအထဲမှာပဲ ငြိမ်ငြိမ် နေနေပေတော့။ အိပ်ပစ်လိုက်ကွာ။ အချိန်က ခဏလေးနဲ့ ကုန်သွားလိမ့်မယ်”
ကိုဟိုင်သည် ဇက်ပုနေပြီး ဒူးနှစ်လုံးကို လက်ဖြင့် ပိုက်ထားသည်။ “ငါက ဗိုက်ဆာရင် အိပ်လို့ မရတော့ဘူး”
“ကြမ်းပြင်ပေါ်မှာလည်း ဖုန်တွေချည်းပဲ။ ဘယ်လိုလုပ်ပြီး လှဲအိပ်ရမလဲ” ရှိုတာက ပြောသည်။ “ခင်းဖို့ တစ်ခုခုတော့ ရှာမှ ဖြစ်မယ်”
“မင်းတို့ ဒီမှာ စောင့်နေ” အဆုယာသည် မတ်တတ်ရပ်လိုက်ပြီး လက်နှိပ်ဓာတ်မီးကို ယူ၍ အပြင်ဘက် ဆိုင်ခန်းရှိရာသို့ ထွက်သွားသည်။
သူသည် စင်များပေါ်သို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ရင်း ဆိုင်အတွင်း ပတ်ကြည့်နေသည်။ ပလတ်စတစ်အခင်း ကဲ့သို့သော အခင်းတစ်ခုခု တွေ့လိုတွေ့ငြား ရှာနေခြင်း ဖြစ်သည်။
သစ်သားစင်ပေါ်တွင် ပြတင်းကာ စက္ကူတစ်လိပ် ရှိနေသည်။ ထိုစက္ကူလိပ်ကို အခင်းအဖြစ် သုံးလျှင်လည်း ဖြစ်နိုင်သည်ဟု အဆုယာက တွေးပြီး ၎င်းကို လှမ်းယူရန် လက်ဆန့်တန်းလိုက်သည်။ ထိုစဉ်မှာပင် နောက်ကျောဘက်မှ တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
အဆုယာသည် လန့်ဖျပ်သွားပြီး နောက်လှည့်ကြည့်လိုက်သောအခါ ယင်းလိပ်တံခါး၏ အနီးတွင် ချထားသော စက္ကူသေတ္တာထဲ၌ အဖြူရောင် ပစ္စည်းတစ်ခုကို တွေ့လိုက်ရသည်။ သူသည် လက်နှိပ်ဓာတ်မီးဖြင့် စက္ကူသေတ္တာကို ထိုးကြည့်လိုက်သည်။ စာတစ်စောင် ဖြစ်ကောင်း ဖြစ်ပေမည်။
ထိုတစ်ခဏတွင် အဆုယာ၏ တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့်ဖြစ်ကာ ကြက်သီးမွေးညင်းများ ထလာသည်။ စာသည် တံခါးရှိ စာထည့်ပေါက်မှ ကျလာခြင်း ဖြစ်သည်။ ယခုလို ညကြီးအချိန်မတော်တွင် ဤနေရာလို လူသူကင်းမဲ့သော နေရာသို့ စာပို့သမားက စာလာပို့ခြင်း မဖြစ်နိုင်ရာ။ အဆုယာတို့ လူတစ်သိုက် ဤနေရာတွင် ပုန်းအောင်းနေသည်ကို လူတစ်ဦးတစ်ယောက်က သိရှိသွားပြီလော။ ထို့ပြင် သူတို့ကို ကိစ္စတစ်စုံတစ်ရာ ပြောကြားလို၍ပဲလော။
အဆုယာသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စာထည့်ပေါက် အကာကို လှန်၍ အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်။ ရဲကားများဖြင့် ဝိုင်းရံခြင်း ခံထားရပြီလောဟု တွေးထင်ထားသည်။ သို့သော် သူ ထင်သလို မဟုတ်ဘဲ အပြင်ဘက်မှာ မဲမှောင်နေ၍ လူရိပ်လူရောင်ပင် မတွေ့ရ။
ထိုအခါမှ စိတ်အေးသွားပြီး လေပူများကို မှုတ်ထုတ်ပြီး အဆုယာသည် စာကို ကောက်ယူကြည့်သည်။ စာအိတ်ပေါ်တွင် ဘာမျှ ရေးထားခြင်း မရှိ။ ကျောဘက်တွင်တော့ လှပသော လက်ရေးဖြင့် ‘ယုန်စန္ဒာ’ ဟု ရေးထားသည်။
စာကို အိပ်ခန်းတွင်းသို့ ယူလာပြီး ရှိုတာနှင့် ကိုဟိုင်ကို ပြလိုက်သောအခါ သူတို့နှစ်ဦး၏ မျက်နှာပေါ်တွင် စိုးရိမ်စိတ်များ ထင်ဟပ်လာကြသည်။
“ဒါက ဘယ်လို ဖြစ်တာလဲ။ နဂိုကတည်းက အဲဒီနေရာမှာ ရှိနေတာ မဟုတ်ဘူးလား” ရှိုတာက ပြောသည်။
“စောစောကမှ ထွက်ကျလာတာ။ ငါ့မျက်စိနဲ့ တပ်အပ်မြင်တာပဲ။ မှားစရာ အကြောင်းမရှိဘူး။ ပြီးတော့ မင်း ဒီစာအိတ်ကို ကြည့်ကြည့်လေ။ အသစ်ကြီးပဲကို။ တကယ်လို့ နဂိုကတည်းက ရှိနေတာပါဆိုရင် ဖုန်တက်နေရမှာ မဟုတ်ဘူးလား”
ကိုဟိုင်သည် သူ၏ ကြီးမားသော ကိုယ်ခန္ဓာကို ဆွဲချုံ့လိုက်သည်။ “ရဲတွေများလား”
“ငါလည်း အဲဒီလို ထင်ခဲ့တာပဲ။ ဒါပေမယ့် ဖြစ်နိုင်ခြေ အရမ်း နည်းတယ်။ ရဲသာဆိုရင် အခုလို ခိုးကြောင်ခိုးဝှက် လုပ်နေပါ့မလား”
“ဟုတ်တာပဲ” ရှိုတာက ခပ်သွက်သွက် ဝင်ပြောသည်။ “ရဲသာ ဆိုရင်လည်း ‘ယုန်စန္ဒာ’ ဆိုတဲ့ နာမည်မျိုး ဘယ်သုံးပါ့မလဲ”
“ဒါဆို ဘယ်သူလဲ” ကိုဟိုင်က စိတ်ရှုပ်သော အမူအရာဖြင့် မျက်စိကလယ်ကလယ် လုပ်နေသည်။
အဆုယာသည် စာအိတ်ကို စိုက်ကြည့်နေသည်။ လက်ဖြင့် ကိုင်ကြည့်ရသလောက် ပြောရလျှင် အထဲရှိ စာမှာ အတော်လေး ထူသည်။ အကယ်၍ အထဲတွင် စာတစ်စောင် ရှိနေလျှင် ထိုစာသည် အလွန်ရှည်သော စာပင် ဖြစ်ရမည်။ စာပို့သူသည် သူတို့ကို ဘာများ သတင်းပေးချင်နေသနည်း။
“ဟင့်အင်း၊ မဟုတ်သေးဘူး” သူက အသံခပ်တိုးတိုး ပြောသည်။ “ဒီစာက ငါတို့ကို ပေးတာ မဖြစ်နိုင်ဘူး”
အဘယ်ကြောင့်နည်း။ ရှိုတာနှင့် ကိုဟိုင်တို့ နှစ်ယောက်စလုံးသည် အဆုယာကို မော့ကြည့်နေကြသည်။
“မင်းတို့ပဲ စဉ်းစားကြည့်လေ။ ငါတို့ ဒီအိမ်ထဲကို ရောက်တာမှ ဘယ်လောက် ကြာသေးလို့လဲ။ တကယ်လို့ စာတိုလေးတစ်စောင် ရေးပို့လာတယ် ဆိုလည်း ထားပါတော့။ ဒီလောက် ထူတဲ့ စာတစ်စောင် ရေးဖို့ဆိုတာ အနည်းဆုံး နာရီဝက်လောက်တော့ အချိန်ပေးရမှာပဲ”
“အင်း … မင်းပြောတဲ့အတိုင်း စဉ်းစားကြည့်ပြန်တော့လည်း ယုတ္တိရှိနေတာပဲ” ရှိုတာက ခေါင်းညိတ်နေသည်။ “ဒါပေမယ့် အထဲမှာ စာတစ်စောင် ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့”
“ဒါလည်း ဖြစ်နိုင်တာပဲ” အဆုယာ၏ အကြည့်က စာအိတ်ပေါ်သို့ ရောက်သွားပြန်သည်။ စာအိတ်ကို ကော်ဖြင့် သေသေချာချာ ပိတ်ထားသည်။ သူသည် ဆုံးဖြတ်ချက် ချပြီး စာအိတ်ကို ဖွင့်ရန် ပြင်လိုက်သည်။
“မင်း ဘာလုပ်မလို့လဲ” ရှိုတာက မေးသည်။
“ဖောက်မလို့လေ။ ဘာကိစ္စလဲ သိရတာပေါ့”
“ဒါပေမယ့် ဒီစာက ငါတို့ကို ပေးတာမှ မဟုတ်ဘဲ” ကိုဟိုင်က ပြောသည်။ “သူများစာကို ဖောက်ဖတ်တာ မကောင်းဘူး ထင်တယ်”
“ဘယ်တတ်နိုင်မလဲ။ စာရေးတဲ့သူက လက်ခံမယ့်သူရဲ့ နာမည်ကို ရေးမှ မထားတာပဲ”
အဆုယာသည် စာအိတ်ကို ဖောက်ပြီး လက်အိတ်ဝတ်ထားသော လက်ဖြင့် စာအိတ်ထဲမှ စာကို ဆွဲထုတ်လိုက်သည်။ စာပေါ်တွင် အပြာရောင်မင်ဖြင့် ရေးထားသော စာလုံးများကို တွေ့ရသည်။ ပထမဆုံး တစ်ကြောင်းတွင် ရေးထားသည်မှာ “ပထမဆုံးအကြိမ် အကူအညီ တောင်းခံခြင်း” ဟူ၍။
“ဒါက ဘာအဓိပ္ပာယ်လဲ” အဆုယာသည် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
ရှိုတာနှင့် ကိုဟိုင်တို့လည်း အနားသို့ ရောက်လာကြသည်။ အင်မတန်မှ ထူးဆန်းဖွယ် ကောင်းသော စာတစ်စောင်ပေတကား။
❝ ပထမဆုံးအကြိမ် အကူအညီ တောင်းခံခြင်း
ကျွန်မနာမည် ယုန်စန္ဒာပါ။ ကျွန်မရဲ့ နာမည် အရင်းကို ပြောပြလို့ မဖြစ်တဲ့အတွက် တောင်းပန်ပါတယ်ရှင်။ ကျွန်မကိုယ်ကျွန်မ ‘ယုန်စန္ဒာ’ လို့ပဲ သုံးနှုန်းခွင့် ပြုပါ။
ကျွန်မဟာ အားကစားသမား တစ်ဦးပါ။ တောင်းပန်ပါတယ်ရှင်။ ဘာအားကစား လုပ်တယ် ဆိုတာကိုလည်း အတိအကျ ပြောပြလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲလို့ ဦးက သိချင်နေမလား မသိဘူး။ ကျွန်မကိုယ်ကျွန်မ ဘဝင်မြင့်နေတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့လေ။ အားကစားသင်တန်းမှာ ကျွန်မရဲ့ အဆင့်အတန်းက မဆိုးတာကြောင့် နောက်နှစ် အိုလံပစ်ပွဲတော်မှာ နိုင်ငံ့လက်ရွေးစင်အနေနဲ့ ပဏာမအရွေးခံ ထားရပါတယ်။ တကယ်လို့ ကျွန်မက ကျွန်မ လုပ်နေတဲ့ အားကစား အမျိုးအစားကို ပြောပြလိုက်ရင် ကျွန်မ ဘယ်သူလဲ ဆိုတာ အလွယ်တကူနဲ့ စုံစမ်းသွားနိုင်လို့ပါ။ ကျွန်မဟာ အိုလံပစ်ပွဲတော်ရဲ့ အားကစားလက်ရွေးစင် ပဏာမ စာရင်းဝင်တစ်ယောက် ဖြစ်တယ်ဆိုတာကို အမှန်အတိုင်း ပြောမပြရင်လည်း အကူအညီ တောင်းချင်တဲ့ အကြောင်းအရာကို ကျွန်မ ရှင်းပြဖို့ အင်မတန် ခက်သွားပါလိမ့်မယ်။ ဒါကြောင့် ကျွန်မကို နားလည် ခွင့်လွှတ်ပေးပါလို့ ဦးကို ပထမဆုံး တောင်းပန်ပါရစေ။
ကျွန်မမှာ အရမ်း ချစ်ရတဲ့ ချစ်သူတစ်ယောက် ရှိပါတယ်။ ကျွန်မကို နားအလည်နိုင်ဆုံး၊ အစောင့်ရှောက်ဆုံး၊ အကူညီဆုံးနဲ့ ကျွန်မအတွက် အရေးအကြီးဆုံး လူတစ်ယောက်ပါပဲ။ ကျွန်မကို အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်ပါစေလို့ ရင်ထဲ အသည်းထဲက တောင့်တနေတဲ့ သူပါ။ အဲဒီ ရည်မှန်းချက်အတွက် သူ့ဘက်က ဘာမဆို စွန့်လွှတ်နိုင်တယ်လို့ သူက ပြောခဲ့တယ်။
လက်တွေ့မှာလည်း ရုပ်ဝတ္ထုပိုင်းက ကြည့်ကြည့်၊ စိတ်ဓာတ်ပိုင်းကပဲ ကြည့်ကြည့် သူက ကျွန်မကို အနှိုင်းအဆ မရှိတဲ့ အားပေးထောက်ပံ့မှုတွေ ပြုလုပ်နေခဲ့တယ်။ သူရဲ့ ကိုယ်ကျိုးမငဲ့တဲ့ ပေးဆပ်မှုတွေကြောင့်ပဲ ကျွန်မလည်း ဒီနေ့ ဒီအဆင့်ထိ ရောက်အောင် ကြိုးစားနိုင်ခဲ့တာပါ။ သိပ် ပြင်းထန်တဲ့ စခန်းသွင်း လေ့ကျင့်မှုတွေကိုတောင် အံကြိတ်ပြီး ကျော်ဖြတ်နိုင်ခဲ့တယ်။ ကျွန်မ နားလည်ပါတယ်။ အိုလံပစ်အားကစားပွဲရဲ့ ပြိုင်ပွဲစင်မြင့်ပေါ်မှာ ရပ်ပြနိုင်ခြင်းဟာ သူ့ကို အကောင်းဆုံး ကျေးဇူးဆပ်ခြင်းပဲ ဖြစ်လိမ့်မယ်။
ဒါပေမယ့် …. ကြမ္မာဆိုးက ကျွန်မတို့ နှစ်ယောက်အပေါ် ကျရောက်လာခဲ့တယ်။ ရုတ်တရက် သူ့ကို ဆေးရုံ တင်ခဲ့ရတယ်။ ရောဂါနာမည်ကို ကြားလိုက်ရတဲ့ အချိန်က ကျွန်မ မိုက်ခနဲ ဖြစ်သွားခဲ့တယ်။ ကင်ဆာတဲ့လေ။
အထူးကု ဆရာဝန်က ကျွန်မကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့တယ်။ သူရဲ့ ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ မျှော်လင့်ချက် လုံးဝ မရှိဘူးတဲ့။ ၆ လ ပတ်ဝန်းကျင်လောက်ပဲ ခံတော့မယ်။ ဆရာဝန်က ကျွန်မတစ်ယောက်တည်းကိုပဲ ပြောခဲ့တာ ဆိုပေမယ့် သူလည်း သူ့အခြေအနေသူ ရိပ်စားထားမိလောက်ပြီ။
သူက ဆေးရုံခုတင်မှာ လဲနေရင်း ကျွန်မကို အတန်တန် မှာရှာတယ်။ အခုချိန်က သိပ်ကို အရေးကြီးတဲ့အချိန် ရောက်နေပြီမို့ သူရဲ့ ရောဂါအခြေအနေကို စိတ်ထဲမှာ လုံးဝ မထားဘဲ ကျွန်မရဲ့ လေ့ကျင့်ရေးမှာပဲ အပြည့်အဝ အာရုံစိုက်ဖို့ပေါ့။ တကယ်လည်း အဲဒီလိုပါပဲ။ နိုင်ငံရပ်ခြား သွားပြီး အိုလံပစ်ပြိုင်ပွဲ သွားပြိုင်ရမှာ ဆိုတော့ ဒီရက်ပိုင်းမှာ နေ့စဉ်ရက်ဆက် စခန်းသွင်း လေ့ကျင့်နေကြရတာချည်းပဲ။ နိုင်ငံ့လက်ရွေးစင် တစ်ယောက်အနေနဲ့ သွားပြိုင်နိုင်ဖို့အတွက် ကျွန်မ အသည်းအသန် ကြိုးစားရလိမ့်မယ်။ ဒီအချက်ကိုလည်း ကျွန်မ ကောင်းကောင်း နားလည်ပါတယ်။
ဒါပေမယ့် ကျွန်မစိတ်ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အားကစားသမား တစ်ယောက် မဟုတ်ဘဲ နောက်ထပ် ‘ကျွန်မ’ တစ်ယောက် ရှိနေသေးတယ်။ အဲဒီ ‘ကျွန်မ’ က သူနဲ့ အတူတူ နေချင်တယ်။ စခန်းသွင်း လေ့ကျင့်နေတာတွေကို စွန့်လွှတ်လိုက်ပြီး သူရဲ့ အနီးအနားမှာ နေရင်း သူ့ကို ပြုစုစောင့်ရှောက် ပေးနေချင်တယ်။ အိုလံပစ် လက်ရွေးစင်ဘဝကို စွန့်လွှတ်လိုက်ဖို့ ကျွန်မ သူ့ကို ပြောပြခဲ့ဖူးတယ်။ ကျွန်မရဲ့ စကားကို ကြားပြီးတဲ့နောက် ဖြစ်ပျက်သွားတဲ့ သူရဲ့ မျက်နှာအမူအရာကို မြင်ယောင်မိတိုင်း အခုချိန်ထိ ကျွန်မ မျက်ရည်ကျနေရတုန်းပဲ။ သူက ကျွန်မကို ပြောတယ်။ “အဲဒီလို လျှောက်မတွေးစမ်းပါနဲ့။ အိုလံပစ်မှာ နင် ဝင်ပြိုင်နိုင်ခြင်းဟာ ငါရဲ့ အကြီးမားဆုံး မျှော်မှန်းချက်တစ်ခုပဲ။ နောက်တစ်ခါ ဘယ်တော့မှ ဒီကိစ္စကို မပြောပါနဲ့တော့” တဲ့။ ပြီးတော့ သူက ကျွန်မကို ကတိပေးခဲ့သေးတယ်။ ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ ကျွန်မ အိုလံပစ် စင်မြင့်ပေါ် မရောက်မချင်း သူ မသေသေးဘူးတဲ့။ ကောင်းကောင်း ကြိုးစားဖို့ ကျွန်မကို မှာနေခဲ့တယ်။
ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေအားလုံးကို သူ့ရောဂါ အခြေအနေအကြောင်း လုံးဝ မပြောပြခဲ့ဘူး။ အိုလံပစ်ပွဲပြီးရင် ကျွန်မတို့ လက်ထပ်ဖို့ ဆုံးဖြတ်ထားကြပေမယ့် ကျွန်မတို့ရဲ့ မိဘတွေကိုတော့ အသိမပေးရသေးဘူး။
ကျွန်မ ဘာဆက်လုပ်ရမလဲဆိုတာ မဝေခွဲတတ်တော့ နေ့ရက်တိုင်းကို စမ်းတဝါးဝါးနဲ့ ဖြတ်သန်းနေရတယ်။ လေ့ကျင့်ရေးကွင်းမှာ ဆက်ပြီး လေ့ကျင့်နေတယ် ဆိုပေမယ့် ဘယ်လိုမှ အာရုံစူးစိုက်လို့ ရမနေဘူး။ ဒါကြောင့် ရလဒ်ကလည်း ဘယ်ကောင်းပါ့မလဲ။ အခုလို အချိန်ဖြုန်းနေမယ့်အစား ပြိုင်ပွဲကို လက်လွှတ်လိုက်ရင် ကောင်းမလား။ ကျွန်မ အဲဒီလိုလည်း မကြာမကြာ တွေးမိတယ်။ ဒါပေမယ့် တွေးလိုက်မိတိုင်း သူရဲ့ ကြေကွဲဆို့နင့်နေတဲ့ မျက်နှာကို မြင်ယောင်လာလို့ ကျွန်မ ဆုံးဖြတ်ချက် မချနိုင်ပြန်ဘူး။
အခုလို စိတ်လေလွင့်နေတဲ့ အချိန်မှာပဲ နာမီယာကုန်စုံဆိုင်ရဲ့ သတင်းကို ကြားခဲ့ရတယ်။ မျှော်လင့်ချက် အမျှင် တစ်မျှင်ပဲ ရှိရှိဆိုတဲ့ စိတ်သဘောထားနဲ့ ကျွန်မ ဒီစာကို ရေးလိုက်ပါတယ်။ ကျွန်မကို လမ်းညွှန်ပြပေးပါဦး။
ဒီစာနဲ့အတူ စာပြန်ဖို့ စာအိတ်အလွတ်တစ်လုံး ထည့်ပေးလိုက်ပါတယ်ရှင်။ ကျွန်မကို ပစ်မထားပါနဲ့နော်။
ယုန်စန္ဒာ ❞
(ခ)
စာဖတ်ပြီးနောက် သုံးယောက်သား မျက်လုံးချင်း ဆုံမိကြသည်။
“ဘာတွေ ဖြစ်နေတာလဲ” ရှိုတာက ဆိတ်ငြိမ်မှုကို ဦးစွာ ဖြိုခွဲလိုက်သည်။ “ဘာဖြစ်လို့ ဒီလိုစာမျိုး ရောက်လာရတာလဲ”
“စိတ်ညစ်စရာ ရှိနေလို့ပေါ့ကွာ” ကိုဟိုင်က ပြောသည်။ “စာထဲမှာ ရေးထားတာပဲ”
“ဒါတော့ ငါလည်း သိတာပေါ့ဟ။ ငါပြောချင်တာက စိတ်ညစ်စရာ အကြောင်း ရေးထားတဲ့စာကို ဘာဖြစ်လို့ ကုန်စုံဆိုင်ဆီ ပို့ရတာလဲ။ ပြီးတော့ လူနေတဲ့ အိမ်လည်း မဟုတ်ဘူး။ ဟိုးအစောကြီးကတည်းက စွန့်ပစ်ခံထားရတဲ့ ဆိုင်အဟောင်းကြီးလေ”
“ဒါလား၊ ငါ့ကိုမေးလည်း ငါ ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ”
“မင်းကို မေးနေတာ မဟုတ်ဘူး။ သံသယကို ပြောပြနေတာ။ ဒါက ဘယ်လို ဖြစ်ရတာလဲ”
ထိုသူနှစ်ဦး၏ ပြောစကားများကို နားထောင်နေရင်း အဆုယာသည် စာအိတ်အတွင်းသို့ စိုက်ကြည့်နေသည်။ အတွင်းတွင် စာအိတ်အလွတ်တစ်လုံး ရှိနေသည်။ စာလက်ခံသူ နေရာတွင် ဘောပင်ဖြင့် ‘ယုန်စန္ဒာ’ ဟု ရေးထားသည်။
“ဒါက ဘယ်လို ဖြစ်ရတာလဲ” သူ့အသံ ထွက်ပေါ်လာပြန်သည်။ “ကြည့်ရတာ ဒုက္ခခံပြီး အပြောင်အပြက် လုပ်နေတာမျိုးလည်း မဟုတ်ဘူး။ တကယ်ကို စိတ်လိုလက်ရ အကူအညီ တောင်းခံနေတာပဲ။ ပြီးတော့ အတော်လည်း စိတ်ဆင်းရဲနေပုံ ရတယ်”
“စာကို နေရာများ မှားပို့သလား” ရှိုတာက ပြောသည်။ “တခြား တစ်နေရာရာမှာ အဲဒီလို ပြဿနာ ဖြေရှင်းပေးတဲ့ အကြံဉာဏ်ပေးတဲ့ ကုန်စုံဆိုင်တစ်ဆိုင် ရှိလောက်တယ်။ ဒီနေရာလို့ ထင်ပြီး မှားပို့တာများလား”
အဆုယာသည် လက်နှိပ်ဓာတ်မီးကို ကောက်ကိုင်ပြီး မတ်တတ်ရပ်လိုက်သည်။ “သေချာအောင် ငါ သွားကြည့်ဦးမယ်”
နောက်ဖေးပေါက်မှ ထွက်လာပြီး ဆိုင်ရှေ့သို့ ရောက်လာခဲ့သည်။ အဆုယာသည် ပေရေမွဲခြောက်နေသော ဆိုင်ဆိုင်းဘုတ်ကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သည်။
ဆိုင်းဘုတ်ပေါ်ရှိ သင်္ဘောဆေးများမှာ ကွာသည်က ကွာ၍ မွဲသည်က မွဲနေကြသောကြောင့် စာလုံးများကို ကောင်းကောင်း ဖတ်၍ မရတော့။ သို့သော် ‘ကုန်စုံဆိုင်’ ဟူသော စာလုံး၏ ရှေ့တွင် ရေးထားသော စာလုံးများမှာ ‘နာမီယာ’ ဖြစ်လိမ့်မည်ဟု ခန့်မှန်းသိရှိနိုင်သည်။
အခန်းတွင်းသို့ ပြန်ရောက်သောအခါ အဆုယာသည် သူတွေ့ရှိသည်ကို ကျန်လူနှစ်ဦးအား ပြောပြသည်။
“ဒီလိုဆိုရင် ဒီဆိုင်ဆိုတာ သေချာသလောက်ပဲပေါ့။ ဒီလို ဆိုင်စုတ်ဆိုင်ဟောင်းထဲကို စာပစ်ထည့်လိုက်ရင် အဖြေပြန်ရလိမ့်မယ်လို့ လူတွေက ယုံကြည်နေကြတာလား” ရှိုတာသည် ခေါင်းကို တစ်ဘက်သို့ စောင်းငဲ့ရင်း ပြောနေသည်။
“နာမည်တူတာရော မဖြစ်နိုင်ဘူးလား” ထိုစကားကို ပြောသူမှာ ကိုဟိုင် ဖြစ်သည်။ “အမှန်အကန် ‘နာမီယာကုန်စုံဆိုင်’ က တခြားတစ်နေရာမှာ ရှိနေပြီး ဒီနေရာနဲ့ နာမည်တူနေလို့ ဒီကို စာလာထည့်တာရော မဖြစ်နိုင်ဘူးလား”
“ဟင့်အင်း၊ မဖြစ်နိုင်ဘူး။ ဆိုင်းဘုတ်ပေါ်က စာတွေက အတော်ကို ဝေဝါးနေပြီ။ ဒီနေရာကို နာမီယာကုန်စုံဆိုင်ပါလို့ သိလို့သာလျှင် ဒီကို ရောက်လာတာပဲ။ ဒီထက် အရေးကြီးတာက …..” အဆုယာသည် စောစောက မဂ္ဂဇင်းကို ပြန်ရှာနေသည်။ “ငါ တစ်နေရာရာမှာ တွေ့ဖူးနေသလိုပဲ”
“ဘာတုန်းဟ … တစ်နေရာရာမှာ တွေ့ဖူးတယ် ဆိုတာ” ရှိုတာက မေးသည်။
“‘နာမီယာ’ ဆိုတဲ့ နာမည်လေ။ ဒီမဂ္ဂဇင်းထဲမှာ ထင်တာပဲ”
အဆုယာသည် မာတိကာရှိရာ စာမျက်နှာသို့ အမြန် လှန်လိုက်ပြီး ခေါင်းစဉ်ကို ခပ်သုတ်သုတ် ဖတ်နေသည်။ ခဏအကြာတွင် သူ၏ အကြည့်များက တစ်နေရာတွင် ရပ်တန့်သွားသည်။
သတင်းဆောင်းပါး၏ ခေါင်းစဉ်မှာ “အင်မတန် နာမည်ကြီးနေသော ဖြေသိမ့်ရာ ကုန်စုံဆိုင်” ဖြစ်သည်။
“ဒီဆောင်းပါးပဲ။ ဒါပေမယ့် ‘နာမီယာ’ မဟုတ်ဘူး။ ‘ဖြေသိမ့်ရာ’ တဲ့”
ထိုဆောင်းပါးရှိရာ စာမျက်နှာသို့ အမြန် လှန်လိုက်သည်။ သတင်းဆောင်းပါးမှာ ဤသို့။
❝ မည်သို့သော စိတ်ညစ်စရာ ဟူသမျှကိုမဆို ဖြေရှင်းပေးနေသော ကုန်စုံဆိုင်တစ်ဆိုင်သည် ယခုအခါ အင်မတန်မှ နာမည် ကျော်ကြားနေသည်။ ၎င်းဆိုင်သည် ….. မြို့မှ နာမီယာကုန်စုံဆိုင် ဖြစ်သည်။ မိမိ မေးမြန်းလိုသော အကြောင်းအရာကို စာထဲတွင် ချရေးပြီး ညအခါ၌ ယင်းလိပ်တံခါးပေါ်ရှိ စာထည့်ပေါက်မှ ထည့်လိုက်လျှင် နောက်တစ်နေ့တွင် ဆိုင်အနောက်ဘက်ရှိ နွားနို့သေတ္တာထဲ၌ အဖြေစာလွှာကို ရယူနိုင်သည်။ ဆိုင်ရှင်ဖြစ်သူ နာမီယာ ယူဂျီ (အသက် ၇၂ နှစ်) က ပြုံးချိုသော မျက်နှာထားဖြင့် အောက်ပါအတိုင်း ရှင်းပြသည်။
“ဒီကိစ္စရဲ့ အဓိက လက်သည်ကတော့ ဒီနားပတ်ဝန်းကျင်က ကလေးတွေပဲဗျာ။ သူတို့က ဆိုင်နာမည် ‘namiya’ ကို ‘nayami’ (စိတ်ရှုပ်စရာအတွေး) ဆိုပြီး အပြောင်အပြက် ဖတ်ကြတယ်ဗျ။ ပြီးတော့ ကြော်ငြာစာမှာ ရေးထားတဲ့ ‘ကုန်ပစ္စည်း အမှာစာများကိုလည်း လက်ခံပါသည်။ ကျေးဇူးတင်ပါသည်။’ ဆိုတဲ့ စာကြောင်းကို ဖတ်ပြီးတော့ ကျွန်တော်ကို လာမေးကြတယ်။ ‘ဘိုးဘိုး၊ စိတ်ညစ်စရာ စာတွေကိုရော လက်ခံသလား’ တဲ့။ ဒီတော့ ကျွန်တော်ကလည်း ‘ရတယ်၊ ရတယ်။ ဘာစာဖြစ်ဖြစ် လက်ခံတယ်’ လို့ ပြောလိုက်တာနဲ့ သူတို့က သူတို့ စိတ်ညစ်နေတဲ့ အကြောင်းတွေကို စာရေးပြီး ပို့လာတော့တာပဲ။ အစကတော့ ပျော်စေပြက်စေပါပဲဗျာ။ ဒါကြောင့်လည်း အစောပိုင်း စာတွေက ဘာမှ မည်မည်ရရ မဟုတ်လှဘူး။ ဥပမာ ပြောရရင် ‘စာကျက်ရမှာ ပျင်းလို့ စာမကျက်ဘဲ စာမေးပွဲမှာ အမှတ်ပြည့်ရအောင် ဘယ်လို လုပ်ရမလဲ’ ဆိုတာမျိုးတွေပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့လေးတွေ မေးသမျှ မေးခွန်းတိုင်းကို ပေါ့ပြက်ပြက် သဘောမထားဘဲ အမှန်အကန် စိတ်နှစ်ပြီး ဖြေပေးနေတာဆိုတော့ မေးခွန်းတွေက တဖြည်းဖြည်းနဲ့ လေးနက်လာကြတယ်။ ဥပမာ ‘ဖေဖေ၊ မေမေတို့က နေ့တိုင်း ရန်ဖြစ်နေကြတယ်။ သိပ်စိတ်ညစ်ဖို့ ကောင်းတာပဲ’ ဆိုတာမျိုးတွေ ပါလာတယ်။ နောက်မကြာခင်မှာပဲ စာထည့်တဲ့ ပုံစံကလည်း တစ်မျိုး ပြောင်းသွားတယ်။ ကိုယ့်စာကို ယင်းလိပ်တံခါးပေါ်က စာထည့်ပေါက်ကနေ ထည့်ရပြီး ပြန်စာကို နွားနို့သေတ္တာထဲမှာ ယူရတဲ့ ပုံစံကို ပြောင်းထားလိုက်ရတယ်။ အဲဒီလိုဆိုတော့ နာမည်ဝှက်နဲ့ ပို့လာတဲ့ စာတွေလည်းပဲ ပြန်စာ ရနိုင်တာပေါ့။ နောက် တဖြည်းဖြည်းနဲ့ ကြာလာတော့ အရွယ်ရောက်ပြီးသား လူကြီးတွေကအစ သူတို့ရဲ့ အခက်အခဲ ပြဿနာတွေကို မေးမြန်းလာကြပါရော။ တကယ်တော့ ကျွန်တော့်လို သာမန် အဘိုးကြီးဆီက ဘာပညာမှ ဟုတ်တိပတ်တိ မရနိုင်ဘူး ဆိုပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ပြဿနာကို ကြိုးစားသုံးသပ်ပြီး အဖြေပေးခဲ့တာပါပဲ”
“ဘယ်လို မေးခွန်းမျိုး ပိုပြီး များသလဲ” ဟု အမေးခံရသောအခါ ချစ်ရေးကြိုက်ရေး မေးခွန်းများက ပိုများကြောင်း ဆိုင်ရှင်က ဖြေကြားခဲ့သည်။
“အမှန်အတိုင်း ဝန်ခံရရင်ဗျာ … အဲဒီလို မေးခွန်းမျိုးက ကျွန်တော် မကျွမ်းကျင်ဆုံးဘဲ” မစ္စတာနာမီယာက ပြန်ဖြေသည်။ သူကိုယ်တိုင် ခေါင်းခဲခဲ့ရသော ပြဿနာ ဖြစ်သောကြောင့်လည်း ဖြစ်နိုင်ပေသည်။ ❞
ဆောင်းပါးထဲတွင် စာများနှင့်အတူ ဓာတ်ပုံ အကြီးကြီးတစ်ပုံ တွဲပါသည်။ ဓာတ်ပုံထဲတွင် ပါသော ဆိုင်သည် ဤဆိုင်ဖြစ်ကြောင်း ဘာမျှ သံသယ ဖြစ်စရာ မလိုပေ။ ပိန်လှီသော အဘိုးအိုတစ်ယောက်က ဆိုင်ရှေ့တွင် မတ်တတ်ရပ်နေသည်။
“ကြည့်ရတာ ဒီမဂ္ဂဇင်းက မတော်တဆ ကျန်နေတာမျိုး မဖြစ်နိုင်ဘူး။ ကိုယ့်ဆိုင်အကြောင်း ပါနေလို့ တကူးတက သိမ်းထားတာ ဖြစ်မယ်။ ဒါပေမယ့် အခုထိ နားလည်လို့ မရသေးဘူး ….” အဆုယာက ရေရွတ်နေသည်။ “ဒီဆိုင်က ပြဿနာတွေကို ဖြေရှင်းပေးတဲ့ နာမီယာကုန်စုံဆိုင်ပဲ။ အခုချိန်ထိ မေးနေမြန်းနေတဲ့သူက ရှိသေးတာလား။ အနှစ် ၄၀ လောက်တောင် ရှိနေပြီလေကွာ” ပြောနေရင်း သူသည် ‘ယုန်စန္ဒာ’ ၏ ပေးစာကို ကြည့်နေမိသည်။
ရှိုတာသည် စာကို လှမ်းယူလိုက်သည်။ “စာပေါ်မှာ ရေးထားတာက ‘နာမီယာကုန်စုံဆိုင် သတင်းကို ကြားပြီးတဲ့နောက်’ လို့ ပါတယ်။ သူ့အရေးအသားကို ကြည့်ခြင်းအားဖြင့် အခုတလောမှ သတင်းကြားတဲ့ ပုံစံမျိုး။ အခုချိန်ထိ အဲဒီသတင်းတွေက ပျံ့နှံ့နေတုန်းပဲလား”
အဆုယာသည် လက်ကို ခပ်တင်းတင်း ပိုက်ထားလိုက်သည်။ “မပြောတတ်ဘူး။ စဉ်းစားရတော့ အတော် ကျပ်တာပဲ”
“အူကြောင်ကြောင် အဘိုးကြီး တစ်ယောက်ယောက်ဆီကများ သတင်းကြားခဲ့တာ ဖြစ်မလား” ကိုဟိုင်က ပြောသည်။ “နာမီယာကုန်စုံဆိုင်က ဒီဘဝ ရောက်နေပြီ ဆိုတာကို အဲဒီ အဘိုးကြီးက သိပုံ မရဘူး။ ဒါကြောင့် သူက ‘ယုန်စန္ဒာ’ ကို ဒီသတင်း ပြောလိုက်တာ ဖြစ်မယ်”
“မဖြစ်နိုင်ဘူး။ အဲဒီလို ဆိုရင်လည်း သူက ဒီအိမ်စုတ်ကြီးကို မြင်တာနဲ့ မူမမှန်မှန်း သိသာနေပြီပဲဟာ။ အထင်းသားကြီးပဲ။ ဒီနေရာမှာ လူမနေတော့တာ ကြာလှပြီကို”
“ဒါဆို ‘ယုန်စန္ဒာ’ ရဲ့ ဦးနှောက်က ပြဿနာ ရှိနေတာပဲ ဖြစ်ရမယ်။ စိတ်အညစ်လွန်ပြီး အာရုံကြောတွေ ထိခိုက်သွားပုံပဲ”
အဆုယာက ခေါင်းခါနေသည်။ “ဦးနှောက် မကောင်းတဲ့လူက ဒီလိုစာမျိုး ရေးနိုင်ပါ့မလားကွ”
“ဒါဆို ဘာတွေ ဖြစ်နေတာလဲ”
“ငါလည်း အဲဒါကိုပဲ စဉ်းစားနေတာ”
“မဟုတ်မှ လွဲရော …..” ရှိုတာသည် အသံကို မြှင့်လိုက်သည်။ “အခုထိ ဆက်ရှိနေတုန်းလား”
“ဘာဆက်ရှိတာလဲ”
“ပြဿနာ အဖြေရှာတာလေ။ ဒီနေရာမှာပေါ့”
“ဒီနေရာ? ဘာအဓိပ္ပာယ်တုန်း”
“ဒီနေရာမှာ လူမနေတော့ဘူး ဆိုပေမယ့် မေးတဲ့မြန်းတဲ့ စာတွေကို လက်ခံတုန်း နေမှာပေါ့။ အဲဒီ အဘိုးကြီးက တခြား တစ်နေရာမှာ နေပြီး တစ်ချိန်ချိန်မှာ စာတွေကို လာသိမ်းမယ်။ ပြီးတော့ ပြန်စာကို နွားနို့သေတ္တာထဲ ထည့်သွားခဲ့မယ်။ အဲဒီလိုဆိုရင် ဖြစ်နိုင်တာပဲ”
“အဲဒီလို ဖြစ်နိုင်တယ် ဆိုပေမယ့် အဲဒီလိုသာ ဆိုရင် အဘိုးကြီးက အသက်ရှင်လျက် ရှိနေရဦးမှာပေါ့။ ဒါဆို သူ့အသက်က ၁၁၀ ကျော်နေလောက်ပြီ”
“ဆိုင်ပိုင်ရှင် ပြောင်းသွားတာလည်း ဖြစ်နိုင်တာပဲ”
“ဒါပေမယ့် ဒီအိမ်ထဲကို ဝင်ထွက်သွားလာထားတဲ့ ခြေရာလက်ရာမှ မတွေ့ရတာ”
“သူက အိမ်ထဲကို ဝင်စရာ မလိုဘူးလေ။ ယင်းလိပ်တံခါးကို ဖွင့်လိုက်ရင် စာသိမ်းလို့ ရနေပြီပဲ”
ရှိုတာ၏ စကားက လုံးဝ အဓိပ္ပာယ် မရှိသည်တော့ မဟုတ်။ အခြေအနေကို နားလည်နိုင်ရန် သူတို့ သုံးယောက်စလုံးသည် ဆိုင်ခန်းထဲသို့ ဝင်လာကြသည်။ ယင်းလိပ်တံခါးကို ဆိုင်အတွင်းမှ သော့ခတ်ထားသည်ကို တွေ့ကြရသည်။ အပြင်ဘက်မှ ဖွင့်၍ မဖြစ်နိုင်။
“လခွား” ရှိုတာက ဆဲရေးလိုက်သည်။ “ဘာတွေတုန်းဟ”
သူတို့ သုံးယောက်သည် အိပ်ခန်းအတွင်းသို့ ပြန်ဝင်လာပြီးနောက် အဆုယာသည် ‘ယုန်စန္ဒာ’၏ စာကို ပြန်ဖတ်နေသည်။
“ဆိုတော့ … အခု ဘာလုပ်ကြမလဲ” ရှိုတာက အဆုယာကို မေးသည်။
“ထားလိုက်ကွာ။ စိတ်ထဲ ထားမနေနဲ့တော့။ မဟုတ်လည်း ငါတို့ မိုးလင်းတာနဲ့ ဒီနေရာကနေ လစ်ကြမယ့်ဟာပဲ” အဆုယာသည် စာကို စာအိတ်ထဲသို့ ပြန်ထည့်ပြီး ကြမ်းပြင်ပေါ် ချထားလိုက်သည်။
သူတို့ သုံးဦးစလုံး အတန်ငယ် နှုတ်ဆိတ်နေစဉ် လေတိုးသံ သဲ့သဲ့ကို ကြားရပြီး ဖယောင်းတိုင်မီးများ လှုပ်ခတ်သွားသည်။
“သူတို့တွေ ဘယ်လို ဆက်လုပ်ကြပါ့မလဲ” ကိုဟိုင်ထံမှ ရေရွတ်သံ ထွက်ပေါ်လာသည်။
“မင်း ဘာပြောနေတာလဲ” အဆုယာက မေးသည်။
“အိုလံပစ်လေ” ကိုဟိုင်က ဆက်ပြောသည်။ “သူ လက်လွှတ်လိုက်မှာလား”
“ဘယ်သိမတုန်းဟ” အဆုယာက ခေါင်းခါပြသည်။
“အဲဒီလိုကြီးက မကောင်းဘူး ထင်တယ်။ သူ့ချစ်သူက သူ့ကို အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ မျှော်လင့်နေရှာတာ” ရှိုတာ၏ အသံ ဖြစ်သည်။
“ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူက မကျန်းမာလို့ သေကောင်ပေါင်းလဲ ဖြစ်နေပြီလေ။ အဲဒီလို အချိန်ကြီးမှာ ဘယ်လိုလုပ်ပြီး လေ့ကျင့်နေနိုင်ဦးမှာလဲ။ ကိုယ့်ချစ်သူရဲ့ အနားနားမှာ နေနေတာပဲ ကောင်းလိမ့်မယ်။ တကယ်တမ်း သူ့ချစ်သူက အဲဒီလို မျှော်လင့်နေမှာပဲ မဟုတ်ဘူးလား” ကိုဟိုင်သည် ထူးထူးခြားခြားပင် ခိုင်မာပြတ်သားသော လေသံဖြင့် ပြောနေသည်။
“ငါတော့ အဲဒီလို မထင်ဘူး။ အိုလံပစ်ပွဲမှာ ဝင်ပြိုင်မယ့် ချစ်သူ ကောင်မလေးကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်နေသေးတယ် ဆိုပြီး သူက စိတ်အားတင်းထားလို့သာ သေမင်းကို ရင်ဆိုင်ဝံ့နေတာလေကွာ။ အံကိုကြိတ်ထားပြီး အဲဒီနေ့အထိ အသက်ရှင်နိုင်အောင် ကြိုးစားနေတာ။ တကယ်လို့သာ သူက ပြိုင်ပွဲကို စွန့်လွှတ်လိုက်ရင် သူ့ကောင်လေးမှာလည်း ဆက်လက် ရှင်သန်နေဖို့ တွန်းအားတွေ ရှိတော့မှာ မဟုတ်ဘူး”
“ဒါပေမယ့် သူ့စာထဲမှာ ရေးထားတယ်လေ။ အခုချိန်မှာ ဘာလုပ်လုပ် စိတ်မပါတော့ဘူးတဲ့။ ဒီလိုသာ ဆက်သွားရင် အိုလံပစ်ပြိုင်ပွဲတောင် ဝင်ရတော့မယ် မထင်ဘူး။ ကိုယ့်ချစ်သူနဲ့လည်း အတူနေခွင့် မရလိုက်လို့ သူရဲ့ နောက်ဆုံးအချိန်ကို မမီလိုက်ဘူး ဆိုရင် မိအေးနှစ်ခါနာ ဖြစ်မနေဘူးလား”
“ဒါကြောင့် သူက အစွမ်းကုန် ကြိုးစားသင့်တာပေါ့။ စိတ်ရှုပ်ခံရမယ့် အချိန် မဟုတ်တော့ဘူး။ ကိုယ့်ချစ်သူအတွက် သူ့အနေနဲ့ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားပြီး အိုလံပစ်ဝင်နိုင်အောင် လုပ်သင့်တယ်။ သူ့မှာ ရွေးစရာ ဒီတစ်လမ်းပဲ ရှိတယ်”
“အီး …..” ကိုဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒါတော့ ငါ မလုပ်နိုင်ဘူး”
“မင်းကို လုပ်ခိုင်းတာမှ မဟုတ်ဘဲ။ ယုန်စန္ဒာကို လုပ်ဖို့ ပြောနေတာ”
“ဒါပေမယ့် ကိုယ်ကိုယ်တိုင်တောင် မလုပ်နိုင်တဲ့ ကိစ္စကို သူများ လုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ။ ရှိုတာ၊ မင်းသာ ဆိုရင်ရော။ မင်း လုပ်နိုင်ပါ့မလား”
ကိုဟိုင်၏ မေးခွန်းကြောင့် ရှိုတာသည် ခဏကြာ တိတ်ဆိတ်သွားသည်။ “အဆုယာ၊ မင်းရော” သူက မျှားဦးကို အဆုယာဘက်သို့ လှည့်ပစ်လိုက်သည်။
“မင်းတို့ နှစ်ကောင်က ဘာတွေလဲကွာ။ အဲဒါ မင်းတို့ အပူတစ်ပြားသားမှ မပါဘူး”
“ဒါဆို စာကို ဘယ်လို လုပ်ကြမလဲ” ကိုဟိုင်က မေးသည်။
“ဘာလုပ်ရမှာလဲ …. ဘာမှမှ လုပ်လို့ မရဘဲ”
“ပြန်စာလေးတော့ ရေးမှ ဖြစ်မှာပေါ့။ မသိချင်ယောင် ဆောင်နေလို့ ဘယ်ကောင်းမလဲ”
“ဘာကွ” အဆုယာက ကိုဟိုင်၏ မျက်နှာဝိုင်းဝိုင်းကို စိုက်ကြည့်နေသည်။ “မင်းက ပြန်စာ ရေးချင်သေးတာလား”
ကိုဟိုင်က ခေါင်းညိတ်ပြသည်။ “ပြန်စာလေးတော့ ရေးမှ ကောင်းမှာပေါ့။ ငါတို့က သူများစာကို ဖောက်ဖတ်ထားပြီးပြီပဲဟာ”
“မင်း ဘာတွေ ပြောနေတာလဲ။ နဂိုကတည်းက ဒီမှာ လူနေတာမှ မဟုတ်ဘဲ။ အပြစ်ပြောမယ် ဆိုလည်း ဒီလိုနေရာမျိုးမှာ စာလာထည့်တဲ့သူကို အပြစ်ပြောရမှာပဲ။ စာမပြန်တာ ဘာထူးဆန်းတာလိုက်လို့။ ရှိုတာ၊ မင်းရော အဲဒီလို မထင်ဘူးလား”
ရှိုတာသည် မေးစေ့ကို ပွတ်နေသည်။ “အင်း … အဲဒီလို ပြောရင်လည်း မမှားပါဘူး”
“တွေ့လား။ ခေါက်ထားလိုက်စမ်းပါကွာ။ နေရာတကာ မပါချင်စမ်းပါနဲ့”
အဆုယာသည် ဆိုင်ထဲသို့ ဝင်သွားပြီး ပြတင်းစက္ကူ အလိပ်တချို့ကို ယူလာကာ သူတို့နှစ်ဦးကို လှမ်းပေးသည်။ “ဒါတွေ ခင်းပြီး အိပ်ကြရအောင်ကွာ”
ရှိုတာက “Thank you” ဟု ပြောပြီး ကိုဟိုင်က “ကျေးဇူးပဲ” ဟု ဆိုကာ အလိပ်များကို လှမ်းယူသည်။
အဆုယာသည် စက္ကူလိပ်ကို ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းလိုက်ပြီး ကြမ်းပေါ် ဖြည်းဖြည်းချင်း လှဲချသည်။ သူသည် မျက်စိစုံမှိတ်ပြီး အိပ်တော့မည်ဟု ဟန်ပြင်နေစဉ်မှာပင် ကျန်လူနှစ်ယောက်ထံမှ လှုပ်ရှားသံများ မကြားရသောကြောင့် မျက်စိဖွင့်ကာ ခေါင်းမော့ကြည့်လိုက်သည်။
သူတို့နှစ်ယောက်သည် စက္ကူလိပ်များကို ပိုက်လျက်သား ထိုင်နေကြသည်။
“ခေါ်သွားလို့ မရဘူးလား” ကိုဟိုင်က တစ်ယောက်တည်း ရေရွတ်နေသည်။
“ဘယ်သူ့ကို ခေါ်သွားရမှာလဲ” ရှိုတာက မေးသည်။
“နာမကျန်း ဖြစ်နေတဲ့ သူရဲ့ ကောင်လေးကိုပေါ့။ စခန်းသွင်း လေ့ကျင့်တဲ့ နေရာပဲ ဖြစ်ဖြစ်၊ ပြည်ပ ပြိုင်ပွဲကိုပဲ ဖြစ်ဖြစ်၊ သူ့ကိုပါ တစ်ပါတည်း ခေါ်သွားရင် အမြဲတမ်း အတူတူ နေနေရမှာပဲလေ။ ဒါဆို လေ့ကျင့်တာရော ပြိုင်ပွဲအတွက်ရော အနှောင့်အယှက် မရှိတော့ဘူးပေါ့”
“မရလို့ နေမှာပေါ့။ သူ့ကောင်လေးက လူနာ ဖြစ်နေပြီလေကွာ။ ပြီးတော့ နှစ်ဝက်ပဲ ခံတော့မှာတဲ့”
“ဒါပေမယ့် သူ လှုပ်ရှားလို့ ရနိုင်သေးသလား ဆိုတာကို ငါတို့ မသိဘူးလေ။ တကယ်လို့ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်လို့ ရတယ် ဆိုရင်ပဲ သူ့ကို တစ်ပါတည်း ခေါ်သွားလို့ ရပြီ မဟုတ်လား”
“တကယ်လို့ ကုလားထိုင်ပေါ် ထိုင်နေနိုင်သေးရင် သူက အခုလို အကြံတောင်းနေပါဦးမလား။ ခုတင်ပေါ်က လုံးဝ မထနိုင်တော့တာပဲ ဖြစ်ဖို့ များတယ်။ မလှုပ်နိုင်လောက်တော့ဘူး”
“အဲလိုလား”
“ဖြစ်နိုင်လောက်တယ်”
“ဟေ့ …” အဆုယာက လှမ်းပြောသည်။ “ဒီ သောက်ရေးမပါတဲ့ ကိစ္စကို ပြောလို့ မပြီးသေးဘူးလား။ ခေါက်ထားလိုက်ပါလို့ ပြောနေတာကိုကွာ”
နှစ်ဦးသားသည် နှုတ်ခမ်းကို စေ့နေအောင် ပိတ်လိုက်ကြပြီး ခေါင်းငုံ့သွားကြသည်။ ထို့နောက် မကြာခင်မှာပင် ရှိုတာက ခေါင်းထောင်လာပြန်သည်။
“မင်း ပြောတာ ငါသဘောပေါက်တယ်။ ဒါပေမယ့် ငါ့အနေနဲ့ ခေါက်ထားလို့ မရဘူး ဖြစ်နေတယ်။ အဲဒီ ယုန်စန္ဒာကို ကြည့်ရတာ အတော်လေး စိတ်ဆင်းရဲနေမယ့် ပုံပဲ။ ငါ သူ့ကို ကူညီချင်တယ်ကွာ”
အဆုယာသည် သက်ပြင်းချပြီး ထထိုင်လိုက်သည်။ “သူ့ကို ကူညီချင်တယ်? ဟုတ်မှလည်း လုပ်ပါ ငါ့ကောင်ရာ။ ငါတို့လို လူမျိုးတွေက ဘာကူညီနိုင်မှာမို့လဲ။ ငွေရှိသလားဆိုတော့ မရှိဘူး။ ပညာရှိသလား ဆိုတော့လည်း မရှိဘူး။ အဆက်အသွယ်ကောင်း ရှိသလား ဆိုပြန်တော့လည်း မရှိပြန်ဘူး။ ငါတို့ လုပ်နိုင်တာ ဆိုလို့ လူမနေတဲ့ အိမ်ထဲ ဝင်ပြီး အလစ်သုတ်တာပဲ ရှိတယ်။ ပြီးတော့ ဒီလောက် ရိုးရှင်းတဲ့ အလုပ်ကိုတောင် သပ်သပ်ရပ်ရပ် အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ တန်ကြေးရှိတဲ့ ပစ္စည်းတချို့ကို ရခဲ့တယ် ဆိုပေမယ့် ထွက်ပြေးတုန်း လမ်းမှာ ကားက ပျက်ပြန်ရော။ ဒါကြောင့် အခုလို အိမ်ပျက်ထဲမှာ ဖုန်ရှူရတဲ့အဆင့် ရောက်နေတာပေါ့။ ငါတို့မှာ ငါတို့ ကိုယ်ပိုင် ကိစ္စကိုတောင် မဖြေရှင်းနိုင်တဲ့ဟာ။ သူများကို အကြံပေးဦးမလို့တဲ့လား။ ဟုတ်မှလည်း လုပ်စမ်းပါကွာ”
အဆုယာ၏ ပြစ်တင်မောင်းမဲသံကြောင့် ရှိုတာသည် ဇက်ပုကာ ခေါင်းငိုက်စိုက်ချထားသည်။
“ကဲ မြန်မြန် အိပ်ကြတော့။ မိုးလင်းတာနဲ့ အလုပ်ဆင်းမယ့်သူတွေ အိမ်ကနေ ထွက်ကြပြီဆိုရင် ငါတို့လည်း အဲဒီလူအုပ်ထဲ ရောပြီး ထွက်ပြေးကြမယ်” အဆုယာသည် ပြောပြီး လှဲချလိုက်ပြန်သည်။
ရှိုတာက ပြတင်းစက္ကူကို စခင်းနေလေသည်။ သို့သော် လှုပ်လီလှုပ်လဲ့သာ။
“အင်း ….” ကိုဟိုင်က မရဲတရဲဖြင့် စကားစပြန်သည်။ “တစ်ခုခုတော့ ရေးမှပါ”
“ဘာရေးမှာလဲ” ရှိုတာက မေးသည်။
“ပြန်စာလေ။ အဲဒီလိုကြီး ပစ်ထားရတာ စိတ်ထဲ စနိုးစနောင့်နဲ့”
“မင်း ရူးနေသလား” အဆုယာက ပြောသည်။ “ဘာ စနိုးစနောင့် ဖြစ်စရာ ရှိသလဲကွာ”
“ဒါပေမယ့် … ဘာမှ မရေးတာထက် စာရင် တစ်ခုခုတော့ ပြန်ရေးလိုက်တာ ကောင်းမယ်လို့ ထင်တာပဲ။ ကိုယ့်ရဲ့ ဒုက္ခသုက္ခကို နားထောင်ပေးတဲ့လူ ရှိနေတယ်လို့ သိရတာနဲ့တင် စိတ်ချမ်းသာစရာ ကောင်းနေပြီ။ လူအများစုမှာ အဲဒီလို ခံစားချက်မျိုး ရှိကြတယ် မဟုတ်လား။ သူရဲ့ စိတ်ဆင်းရဲမှု အကြောင်းကို သူ့ပတ်ဝန်းကျင်မှာ ပြောပြလို့ မရနိုင်တာကြောင့် သူ့ခမျာ အတော်လေး ဒုက္ခရောက်နေရရှာတယ်။ ငါတို့အနေနဲ့ ဘာ အကြံကောင်း ဉာဏ်ကောင်းမှ မပေးနိုင်ဘူး ဆိုရင်လည်း ‘မင်းရဲ့ ဆင်းရဲဒုက္ခကို ငါ နားလည်ပါတယ်။ ဆက်ပြီး ကြိုးစားပါ’ ဆိုတာလောက် ရေးလိုက်ရင်ကိုပဲ သူ့အနေနဲ့ အနည်းငယ် နှစ်သိမ့်မှု ရသွားနိုင်တယ်”
“ပြီးရောကွာ” အဆုယာက မာဆတ်ဆတ် ပြန်ပြောသည်။ “မင်းတို့ သဘောပဲ။ အတော် ခေါင်းမာတဲ့ ကောင်တွေ”
ကိုဟိုင်သည် မတ်တတ်ရပ်လိုက်သည်။ “စာရေးကိရိယာတွေ မရှိဘူးလား”
“ဆိုင်ထဲမှာတော့ တွေ့မိသလိုပဲ”
ရှိုတာနှင့် ကိုဟိုင်တို့သည် အပြင်ဘက်ရှိ ဆိုင်ခန်းထဲသို့ ဝင်သွားကြသည်။ တစ်ခဏကြာသောအခါ သူတို့၏ ခြေသံများကို ပြန်ကြားရသည်။
“စာရေးကိရိယာတွေ တွေ့လား” အဆုယာက မေးသည်။
“အင်း၊ ဖောင်တိန်တွေက ရေးလို့ မရတော့ဘူး။ ဒါပေမယ့် ဘောပင်တွေက သုံးလို့ ရသေးတယ်။ ပြီးတော့ စာရေးစက္ကူတွေလည်း ရှိတယ်” ကိုဟိုင်က ဝမ်းသာအယ်လဲ ပြောရင်း မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ထမင်းစား စားပွဲပေါ်တွင် စာရေးစက္ကူကို တင်ပြီးနောက် ထိုင်ခုံတွင် ထိုင်လိုက်သည်။ “ဒီတော့ … ဘာရေးရင် ကောင်းမလဲ”
“မင်း စောနက ပြောသလိုပေါ့။ ‘မင်းရဲ့ ဆင်းရဲဒုက္ခကို ငါ နားလည်ပါတယ်။ ဆက်ပြီး ကြိုးစားပါ’ အဲဒီလို ရေးလိုက်ရင် ပြီးနေတာပဲဟာ” အဆုယာက ပြောသည်။
“အဲဒီလောက်ပဲ ရေးရင် သိပ် အေးတိအေးစက်နိုင်ရာ ကျမနေဘူးလား”
အဆုယာက အောက်နှုတ်ခမ်းကို ရွဲ့လိုက်သည်။ “မင်း ရေးချင်သလို ရေးကွာ”
“စောစောက ပြောတဲ့ဟာကို ဘယ်လို သဘောရသလဲ။ သူ့ကောင်လေးကို အနားမှာ ခေါ်ထားဖို့လေ” ရှိုတာက ပြောသည်။
“ခေါ်ထားလို့ ရမှတော့ စာရေးနေပါဦးမလားကွာ။ အဲဒါ မင်းပဲ ပြောခဲ့တာပဲ”
“ငါ ပြောခဲ့တာတော့ အမှန်ပဲ။ ဒါပေမယ့် သေချာအောင် သူ့ကို ထပ်မေးကြည့်ရအောင်လား”
ဆုံးဖြတ်ချက် မချတတ်သော ကိုဟိုင်သည် အဆုယာဘက်သို့ လှည့်လိုက်သည်။ “မင်းရော ဘယ်လို သဘောရသလဲ”
“မသိဘူး” အဆုယာသည် ခေါင်းကို တစ်ဘက်သို့ လှည့်ပစ်လိုက်သည်။
ကိုဟိုင်သည် ဘောပင်ကို ကောက်ကိုင်သည်။ စာ စမရေးမီ အဆုယာနှင့် ရှိုတာတို့ကို ကြည့်နေပြန်သည်။ “စာကို ဘယ်လို နိဒါန်းပျိုးရတာလဲ”
“အင်း၊ ပဋိသန္ဓာရ စကားနဲ့ စရမှာပေါ့။ ချစ်ခင်ရပါသောတို့၊ လေးစားရပါသော ဆိုတာတို့နဲ့ စရေးရတာ” ရှိုတာက ပြောသည်။ “ဒါပေမယ့် ဒီလိုစာမျိုးက အဲဒီလို ရေးနေစရာ မလိုပါဘူးကွာ။ သူ့စာထဲမှာလည်း အဲဒီလိုမှ စ မထားဘဲ။ အီးမေးလ် ရေးသလိုသာ ရေးကွာ”
“အဲဒီလိုလား။ အီးမေးလ် ရေးသလိုပဲ ရေးလိုက်မယ်။ ‘မင်းရဲ့ အီးမေးလ်ကို ဖတ်ပြီးသွားပြီ’ အဲ … မဟုတ်သေးဘူး။ မင်းရဲ့ စာကို ဖြစ်ရမှာ။ မင်း … ရဲ့ … စာ … ကို … ဖတ် … ပြီး … သွား … ပါ … ပြီ”
“ရွတ်ပြနေဖို့ မလိုပါဘူးဟ” ရှိုတာက သတိပေးလိုက်သည်။
ကိုဟိုင် စာရေးနေစဉ် ထွက်ပေါ်လာသော တစ်ရှပ်ရှပ်အသံကို အဆုယာပင် ကြားနေရသည်။ စကားလုံးတိုင်းကို စိတ်ပါလက်ပါဖြင့် ဖိရေးနေလေသည်။
ခဏမျှ ကြာသောအခါ “ရေးပြီးပြီ” ဟုဆိုကာ ကိုဟိုင်သည် စာရွက်ကို ကိုင်၍ ရောက်လာသည်။
ရှိုတာက လှမ်းယူလိုက်သည်။ “လက်ရေးက အတော် ညံ့တာပဲ”
အဆုယာကလည်း မျက်စိဝေ့ကာ ကြည့်လိုက်သည်။ ပဲပင်ပေါက် လက်ရေးနှင့် စာလုံးများမှာ ကြီးလိုက်သေးလိုက်။
❝ စာကို ဖတ်ပြီးပါပြီ။ အတော်တော့ ကျပ်တဲ့ ကိစ္စပဲ။ မင်းရဲ့ စိတ်ဆင်းရဲမှုကို ငါ လုံးဝ နားလည် သဘောပေါက်ပါတယ်။ ငါ တစ်ခု စဉ်းစားမိတယ်။ မင်းရဲ့ ကောင်လေးကို မင်းသွားမယ့် နေရာဆီ ခေါ်သွားလို့ မရဘူးလား။ ဆောရီးပဲဗျာ။ အကြံကောင်းကောင်း မပေးနိုင်တာ တောင်းပန်ပါတယ်။ ❞
“ဘယ်လိုလဲ” ကိုဟိုင်က မေးသည်။
“မဆိုးပါဘူး” ရှိုတာက ဖြေသည်။ “ဟုတ်တယ်မလား” သူသည် အဆုယာ၏ ဆန္ဒကို တောင်းခံနေသည်။
“ဘာဖြစ်ဖြစ်ကွာ” အဆုယာက ဖြေသည်။
ကိုဟိုင်သည် စာကို အသေအချာ ခေါက်ပြီး လက်ခံသူ ‘ယုန်စန္ဒာ’ ဟု ရေးထားသော စာအိတ်ထဲသို့ ထည့်လိုက်သည်။ “ငါ နွားနို့သေတ္တာထဲ သွားထည့်လိုက်မယ်” ပြောရင်း သူသည် နောက်ဖေးတံခါးပေါက်မှ ထွက်သွားသည်။
အဆုယာက သက်ပြင်းချလိုက်သည်။ “တကယ်ပဲကွာ။ ဒီကောင့် ခေါင်းထဲမှာ ဘာတွေ တွေးနေသလဲ မသိဘူး။ ကိုယ်နဲ့ နည်းနည်းမှ မသိတဲ့ လူတစ်ယောက်ကို အကြံပေးရတယ်လို့ကွာ။ အခု ဘယ်အချိန် ရှိနေပြီလဲဆိုတာလည်း ကြည့်ကြဦးဟ။ ရှိုတာ၊ မင်းကလည်း သူနဲ့ အတူလိုက်ပြီး ကြောင်နေတော့တာပဲနော်။ မင်းတို့ ဘာတွေ ဖြစ်နေကြတာလဲ”
“အဲဒီလို မပြောပါနဲ့ကွာ။ တစ်ခါတည်းပါ။ ကိစ္စ မရှိပါဘူး”
“တစ်ခါတည်းပါ ဆိုတာ ဘာကို ပြောတာလဲ”
“ပုံမှန်ဆိုရင် သူများရဲ့ ဆင်းရဲဒုက္ခကို နားထောင်ပေးဖို့ ဘယ်လိုလုပ်ပြီး အချိန်ရမှာလဲကွာ။ ဘယ်သူကမှလည်း ငါတို့ကို အကြံဉာဏ် တောင်းချင်မှာ မဟုတ်ဘူး။ တစ်သက်လုံးလည်း ရှိလာလိမ့်မယ် မထင်ဘူး။ ဒါက ပထမဆုံးပဲလေ။ နောက်ဆုံးတစ်ကြိမ် ဆိုလည်း ဟုတ်တာပဲ။ ဒါကြောင့် တစ်ခါတည်းပါလို့ ပြောတာပေါ့”
အဆုယာသည် လေများကို နှာခေါင်းမှ ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။ “ကိုယ့်ဘာသာကိုယ် ဘာကောင်လဲဆိုတာကို မေ့မနေနဲ့ဦး”
ကိုဟိုင် ပြန်ရောက်လာသည်။ “သေတ္တာ အဖုံးက အတော်ကို ကျပ်နေတာပဲ။ ဟူး … မဖွင့်တာ အတော်ကို ကြာနေလောက်ပြီ”
“ဟုတ်တာပေါ့။ အခုခေတ်မှာ အိမ်တိုင်ရာရောက် …..” အဆုယာသည် ‘နွားနို့’ ဟူသော စကားလုံးကို ပြောရန် ကြံရွယ်စဉ် စကားစကို ဖြတ်ချလိုက်သည်။ “ကိုဟိုင်၊ မင်းရဲ့ လက်အိတ်ရော”
“လက်အိတ်လား၊ ဟောဟိုမှာ” ကိုဟိုင်သည် စားပွဲပေါ်သို့ လက်ညှိုး ထိုးပြသည်။
“မင်း ဘယ်အချိန်က ချွတ်ပစ်လိုက်တာလဲ”
“စာရေးတုန်းကလေ။ လက်အိတ်ဝတ်ထားရင် စာ ဘယ်လိုလုပ်ပြီး ရေးမလဲ”
“ချီးတဲ့မှပဲ” အဆုယာသည် ဆတ်ခနဲ ထရပ်လိုက်သည်။ “စာပေါ်မှာ လက်ဗွေရာတွေ ထင်ကုန်မှာပေါ့”
“လက်ဗွေရာ? အန္တရာယ် ရှိလို့လား” ကိုဟိုင်က အူတိအူကြောင် မျက်နှာထားဖြင့် မေးနေသည်။
အဆုယာသည် သူ၏ ဝိုင်းစက်နေသော မျက်နှာပြင်ကို ရိုက်ပစ်လိုက်ချင်စိတ်များ ပေါ်လာသည်။ “ငါတို့ ဒီနေရာမှာ ပုန်းနေတယ်ဆိုတာ ရဲတွေက သိပ်မကြာခင် သိသွားနိုင်တယ်ကွ။ တကယ်လို့ အဲဒီ ယုန်စန္ဒာဆိုတဲ့ မိန်းမက နွားနို့သေတ္တာထဲက စာကို ယူမသွားသေးဘူး ဆိုရင် ဘယ်လို လုပ်မလဲ။ တကယ်လို့သာ လက်ဗွေကို စစ်လိုက်ရင် ငါတို့ အားလုံး သွားပြီပေါ့ဟ”
“အင်း … ဟုတ်တယ်”
“အေး … ဒါကြောင့် သောက်ပိုတွေ မလုပ်နဲ့လို့ ပြောနေတာပေါ့” အဆုယာက လက်နှိပ်ဓာတ်မီးကို ကောက်ကိုင်ပြီး မီးဖိုချောင်ထဲမှ ခြေလှမ်းကျဲကျဲဖြင့် နောက်ဖေးပေါက်သို့ လှမ်းသွားသည်။
နွားနို့သေတ္တာ အဖုံးသည် ကိုဟိုင် ပြောသကဲ့သို့ ကျပ်နေသည်။ ထို့ကြောင့် အဆာယုသည် အားနှင့် အတင်းဆွဲကာ သေတ္တာကို ဆွဲဖွင့်လိုက်သည်။ ဓာတ်မီးဖြင့် အထဲသို့ ထိုးကြည့်သောအခါ သေတ္တာထဲတွင် ဟာလာဟင်းလင်း။
အဆုယာသည် နောက်ဖေးပေါက်မှ ပြန်ဝင်လာသည်။ “ဟေ့ကောင် ကိုဟိုင်၊ စာကို ဘယ်မှာ သွားထားထားတာလဲ”
ကိုဟိုင်သည် လက်အိတ်ကို ပြန်ဝတ်နေရင်း အပြင်သို့ ထွက်လာသည်။
“ဘယ်မှာ ထားရမှာလဲ။ နွားနို့သေတ္တာထဲကိုပေါ့”
“အထဲမှာ ဘာမှ မရှိဘူး”
“အမ် … မဖြစ်နိုင်တာ”
“မင်းက အထဲထည့်လိုက်တယ် ထင်ပြီး အပြင်ထွက်ကျနေတာရော မဖြစ်နိုင်ဘူးလား” အဆုယာသည် မြေပြင်ပေါ်သို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုး၍ ကြည့်နေသည်။
“အဲဒီလို မဖြစ်နိုင်ပါဘူးကွာ။ ငါ အသေအချာကို အထဲ ထည့်လိုက်တာ”
“ဒါဆို စာက ဘယ်ရောက်သွားတာလဲ”
“ဘယ်သိမလဲ” ကိုဟိုင်သည် အူတိအူကြောင်ဖြင့် တောင်ငေးမြောက်ငေး ကြည့်နေစဉ် ခပ်သွက်သွက် ဖြတ်လျှောက်လာသော ခြေသံများကို ကြားလာရသည်။ ရှိုတာ ပြေးထွက်လာခြင်း ဖြစ်သည်။
“ဘာဖြစ်တာလဲ” အဆုယာက မေးလိုက်သည်။
“ငါ ဆိုင်ထဲကနေ အသံတစ်ခု ကြားတာနဲ့ သွားကြည့်တာ။ စာထည့်ပေါက်ကနေ ဒါလေး ကျလာတယ်” ရှိုတာသည် မျက်နှာ ဖြူဖပ်ဖြူရော်ဖြင့် စာတစ်စောင်ကို လှမ်းပေးနေသည်။
အဆုယာသည် အသက်ကို အောင့်လိုက်ပြီး ဓာတ်မီးကို ပိတ်ကာ ခြေသံလုံလုံဖြင့် အပြင်ဘက်သို့ ထွက်သွားသည်။ အမှောင်ထဲမှ နေ၍ ဆိုင်အပြင်ဘက်သို့ အကဲခတ်နေသည်။
သို့သော် …..
ဘာ လူရိပ်လူရောင်ကိုမျှ မတွေ့ရ။ ထွက်ခွာသွားသော အရိပ်အခြေလည်း မရှိ။
(ဂ)
❝ သို့ – နာမီယာကုန်စုံဆိုင်
အခုလို စာပြန်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ မနေ့ညက ဆိုင်ရဲ့ စာတိုက်ပုံးထဲကို စာထည့်ပြီးကတည်းက ဒီနေ့အထိ တစ်နေ့လုံး ကျွန်မ စိတ်ပူနေခဲ့မိတယ်။ အခုလို ကျပ်တည်းတဲ့ မေးခွန်းမျိုးကို မေးမိတာ ဦးကို ဒုက္ခပေးသလိုများ ဖြစ်နေပြီလားပေါ့။ အခုလို ပြန်စာရမှပဲ စိတ်အေးသွားတော့တယ်။
ဦးရဲ့ အကြံပေးချက်က ယုတ္တိရှိလှပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မအနေနဲ့ နိုင်ငံခြားပဲ သွားသွား၊ လေ့ကျင့်ရေး စခန်းပဲ ဝင်ဝင်၊ သူ့ကို တစ်ပါတည်း ခေါ်သွားချင်တာပါပဲ။ ဒါပေမယ့် သူရဲ့ ကျန်းမာရေး အခြေအနေကို ထည့်စဉ်းစားလိုက်ရင် အဲဒီလို လုပ်ဖို့ရာ မဖြစ်နိုင်ဘူး။ ဆေးရုံက အရေးပေါ်ကုသဆောင်မှာ သူ့ကို စက္ကန့်မလပ် ကြည့်ရှုကုသ ပေးနေရတာကြောင့်မို့လည်း သူ့ရဲ့ ရောဂါအခြေအနေကို ဒီထက် ဆိုးမလာအောင် ဟန့်တားထားနိုင်တာပါ။
ဒါဆို ဆေးရုံအနီးအနားမှာပဲ လေ့ကျင့်ရေး ဆင်းပါလားလို့ ဦးကတော့ တွေးကောင်း တွေးနေမလား မသိဘူး။ ဒါပေမယ့် သူရဲ့ ဆေးရုံ ပတ်ဝန်းကျင်မှာ ကျွန်မရဲ့ လေ့ကျင့်မှုအတွက် လိုအပ်မယ့် မြေပြင်အနေအထားနဲ့ စက်ကိရိယာတွေ မရှိကြဘူး။ လက်ရှိ အချိန်မှာတော့ ထရိန်နင် မရှိတဲ့ နေ့တွေမှာပဲ အချိန်ကြာကြာပေးပြီး သူ့ကို သွားတွေ့နိုင်တယ်။
အခုဆိုရင် ပိုပြီး ပြင်းထန်တဲ့ အနီးကပ် ထရိန်နင်ကလည်း နီးကပ်လာနေပြီ။ ဒီနေ့ ကျွန်မ သူ့ကို သွားတွေ့ခဲ့တယ်။ သူက ကျွန်မကို ကောင်းကောင်း ကြိုးစားဖို့ တိုက်တွန်းနေသေးတယ်လေ။ ရလဒ်ကောင်း ရအောင် ကြိုးစားဖို့ အားပေးနေတယ်။ ကျွန်မကလည်း သူ့ကို ကတိပေးလိုက်ပါတယ်။ တကယ်တမ်း ကျွန်မ ပြောလိုက်ချင်တာက ကျွန်မ ဆက်ပြီး မလေ့ကျင့်ချင်တော့ဘူး ဆိုတာကိုပေါ့။ သူ့အနားမှာပဲ အဖော်ပြုနေချင်တာ။ ဒါပေမယ့် ကျွန်မ အဲဒီ ဆန္ဒကို ကြိုးစားပြီး မျိုသိပ်ခဲ့တယ်။ ကျွန်မသာ အဲဒီလို ပြောလိုက်ရင် သူ အတော်လေး စိတ်ထိခိုက်သွားမယ်ဆိုတာ ကျွန်မ သိနေတယ်လေ။
ကျွန်မတို့ နှစ်ယောက်ဟာ တစ်နေရာစီ ဝေးနေကြပေမယ့် သူ့မျက်နှာလေးကို အမြဲ မြင်ချင်နေမိတာ အမှန်ပဲ။ တစ်ခါတလေ ကျွန်မ စိတ်ကူးယဉ်မိတယ်။ တကယ်လို့သာ ကာတွန်းစာအုပ်ထဲကလို မျက်နှာမြင်နိုင်တဲ့ တယ်လီဖုန်းမျိုး ရှိရင် သိပ်ကောင်းမှာပဲလို့။ အဲဒါ လက်တွေ့ဘဝကနေ ရှောင်ပုန်းချင်တာမျိုးလား မသိဘူးနော်။
မစ္စတာနာမီယာ၊ ကျွန်မရဲ့ ဆင်းရဲဒုက္ခတွေကို ဝေမျှနားထောင်ပေးတဲ့အတွက် အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဦးကို စာနဲ့ ဆက်သွယ်ပြီး အပူကပ်ရတာ ဆိုပေမယ့် ကျွန်မရဲ့ စိတ်ပူပန်မှုတွေဟာ အတော်အတန် သက်သာသွားသလိုပါပဲ။
ဆုံးဖြတ်ချက်ကို ကျွန်မကိုယ်တိုင် ချရမယ် ဆိုတာ ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် ဦးမှာ တခြား အကြံကောင်း ဉာဏ်ကောင်းတွေ ရှိနေဦးမယ် ဆိုရင် ကျွန်မဆီ စာပြန်ပေးပါ။ တကယ်လို့ ဘာမှ စဉ်းစားလို့ မရတော့ဘူး ဆိုရင်လည်း ကျွန်မကို ပွင့်ပွင့်လင်းလင်းပဲ ပြောနိုင်ပါတယ်။ ဦးကို ဆက်ပြီး ဒုက္ခ မပေးချင်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ်၊ မနက်ဖြန် ကျွန်မ နွားနို့သေတ္တာထဲကို လာကြည့်ပါဦးမယ်။
လေးစားလျက်
ယုန်စန္ဒာ ❞
စာကို နောက်ဆုံး ဖတ်သူမှာ ရှိုတာ ဖြစ်သည်။ သူက ခေါင်းကို မော့လိုက်ပြီး မျက်တောင်ကို တဖျတ်ဖျတ် ခတ်နေသည်။ “ဘာတွေလဲဟ”
“ဘယ်သိမလဲကွ” အဆုယာက ပြောသည်။ “ဘာတွေ ဖြစ်နေတာလဲ။ ဒါက ဘာလဲ”
“ပြန်စာ မဟုတ်ဘူးလား။ ယုန်စန္ဒာ လာထည့်သွားတာလေ”
ကိုဟိုင်က ထိုသို့ ပြောနေစဉ် အဆုယာနှင့် ရှိုတာတို့သည် တပြိုင်နက်တည်း သူ့ကို စိုက်ကြည့်နေလေသည်။
“ဘာဖြစ်လို့ ရောက်လာရတာလဲ” နှစ်ဦးစလုံးထံမှ ပြိုင်တူ ထွက်ပေါ်လာကြသည်။
“ဘာဖြစ်လို့ …..?” ကိုဟိုင်က ခေါင်းကုတ်နေသည်။
အဆုယာက နောက်ဖေးတံခါးကို လက်ညှိုးထိုးလိုက်သည်။ “မင်း စာကို နွားနို့သေတ္တာထဲ ထည့်လိုက်တာ လွန်ခဲ့တဲ့ ၅ မိနစ်လောက်က ကိစ္စ။ ငါတို့ အပြေးထွက်သွားပြီး သွားကြည့်တော့ စာက အထဲမှာ မရှိတော့ဘူး။ အဲဒီစာကို ယုန်စန္ဒာဆိုတဲ့ မိန်းမက ယူသွားတယ်ပဲ ထားဦး။ အခုလို ပြန်စာတစ်စောင် ရေးဖို့ ဆိုတာ အချိန်ပေးရတာပဲ မဟုတ်လား။ ဒါပေမယ့် အခု ချက်ချင်းပဲ ဒုတိယစာက ရောက်လာပြီ။ ဘယ်လိုပဲ တွေးတွေး ထူးဆန်းမနေဘူးလား”
“ငါလည်း ထူးဆန်းနေတာပဲ။ ဒါပေမယ့် ဒီစာက ယုန်စန္ဒာရဲ့ ပြန်စာ ဆိုတာတော့ ငြင်းလို့ မရဘူး။ ငါမေးထားတဲ့ မေးခွန်းတွေကို ချက်ကျလက်ကျ ပြန်ဖြေထားတယ်လေ”
အဆုယာသည် ကိုဟိုင်၏ စကားကို ပယ်လှန်နိုင်ခြင်း မရှိ။ သူ ပြောနေသည့် စကားများမှာ အားလုံး အမှန်ချည်းပင် ဖြစ်နေသည်။
“ငါ့ပေးစမ်း” အဆုယာသည် ရှိုတာ၏ လက်မှ စာကို ဆွဲယူလိုက်ပြီး အစအဆုံး နောက်တစ်ကြိမ် ဖတ်ကြည့်ပြန်သည်။ အကယ်၍ ကိုဟိုင်၏ ပြန်စာကို ဖတ်မထားလျှင် ဤစာမျိုး လုံးဝ ရေးနိုင်လိမ့်မည် မဟုတ်ပေ။
“လခွားပဲ။ ငါတို့ကို နောက်နေတာလား” ရှိုတာက စိတ်ဆိုးမာန်ဆိုး ပြောနေသည်။
“သိပ်ဟုတ်တာပေါ့” အဆုယာက ရှိုတာ၏ ရင်ဘတ်ကို လက်ညှိုးဖြင့် ထောက်လိုက်သည်။ “ဒါ တစ်ယောက်ယောက် ထောင်ချောက်ဆင်ထားတာပဲ ဖြစ်ရမယ်” အဆုယာသည် စာကို ကြမ်းပေါ်သို့ ပစ်ချပြီး အနားရှိ နံရံကပ် ဗီဒိုကို ဆွဲဖွင့်လိုက်သည်။ အထဲတွင် ခြုံစောင်နှင့် စက္ကူဘူးတချို့သာ ရှိသည်။
“အဆုယာ၊ မင်း ဘာလုပ်နေတာလဲ” ရှိုတာက မေးသည်။
“အထဲမှာ လူများ ပုန်းနေသလားလို့။ ကိုဟိုင် စာမရေးခင်က ပြောခဲ့တဲ့ စကားတွေကို တစ်ယောက်ယောက်က ခိုးနားထောင်ခဲ့တာပဲ ဖြစ်ရမယ်။ ဒါကြောင့် ဦးအောင် ပြန်စာရေးထားနိုင်တာ။ မဟုတ်သေးဘူး။ ခိုးနားထောင်တဲ့ စက်တွေများ မြှုပ်ထားမလား မသိဘူး။ မင်းတို့ နှစ်ယောက်လည်း ဟိုဘက် သွားရှာကြည့်စမ်းပါဦး”
“နေဦး။ ဘယ်သူက အဲဒီလိုမျိုး လုပ်မှာလဲ”
“ဘယ်သိမလဲကွ။ အခုလို အိမ်ပျက်ကြီးထဲ ပုန်းနေပြီး လူတွေကို ဒုက္ခပေးဖို့ စောင့်နေတဲ့ ဂေါက်ကြောင်မျိုးတွေ မရှိဘူးလို့ ဘယ်ပြောနိုင်ပါ့မလဲ” အဆုယာသည် ဘုရားစင်ဘက်သို့ ဓာတ်မီးဖြင့် ထိုးကြည့်နေသည်။
ရှိုတာနှင့် ကိုဟိုင်တို့ကတော့ မလှုပ်မယှက် ရပ်လျက်။
“ဘာကြောင်နေတာလဲ။ သွားရှာကြလေ”
အဆုယာ၏ စကားကို ကြားသောအခါ ကိုဟိုင်က ခေါင်းကို စောင်းလိုက်သည်။ “အင်း …. ငါတော့ အဲဒီလို မထင်ဘူး။ အဲဒီလို လုပ်မယ့်သူ ရှိနိုင်ပါ့မလား”
“ဒါပေမယ့် အခုဖြစ်ပျက်နေတာက မင်း မျက်မြင်ပဲလေ။ အဲဒါက လွဲရင် ဘာဖြစ်နိုင်သေးလို့လဲ”
“ဟုတ်ချင် ဟုတ်မှာပေါ့လေ …..” ရှိုတာက လက်ခံချင်သေးပုံ မရ။ “ဒါဆို နွားနို့သေတ္တာထဲကနေ စာ ပျောက်သွားတာကရော”
“အဲဒါလား …. မျက်လှည့်ပြသလိုမျိုး ဖျောက်ပစ်လိုက်တာ နေမှာပေါ့”
“မျက်လှည့် …….”
ကိုဟိုင်သည် ဒုတိယစာကို နောက်တစ်ကြိမ် ထပ်ဖတ်ပြီးနောက် ခေါင်းမော့လာသည်။ “ဒီလူက အတော် ထူးဆန်းတာပဲ”
“ဘာကိုလဲ” အဆုယာက မေးသည်။
“မင်းကြည့်လေ။ စာထဲမှာ ဒီလို ရေးထားတယ်။ ‘မျက်နှာမြင်နိုင်တဲ့ တယ်လီဖုန်းမျိုး ရှိရင် သိပ်ကောင်းမှာပဲ’ တဲ့။ သူ့မှာ ဟန်းဖုန်း မရှိဘူးလား။ ဒါမှမဟုတ် သူ့ဖုန်းက ဗီဒီယိုကော ခေါ်လို့ရတဲ့ ဖုန်းမျိုး မဟုတ်လို့လား”
“ဆေးရုံထဲမှာ ဖုန်းသုံးခွင့် မရှိလို့ နေမှာပေါ့” ရှိုတာက ဖြေသည်။
“နောက်ပြီး သူက ‘ကာတွန်းစာအုပ်ထဲကလို’ လို့ ပြောနေသေးတာ။ ဗီဒီယိုကော ခေါ်လို့ရတဲ့ ဖုန်းရှိမှန်း သူ သိပုံ မရဘူး”
“ဘယ်လိုလို့ ဖြစ်နိုင်မလဲကွာ။ ဒီခေတ်ကြီးထဲမှာ ကလေးတောင် သိတယ်။ မဖြစ်နိုင်ပါဘူး”
“ဟင့်အင်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။ ဒါဆို … ငါ သူ့ကို ပြောပြလိုက်မယ်” ကိုဟိုင်သည် ထမင်းစား စားပွဲရှိရာသို့ လျှောက်သွားသည်။
“ဟေ့ကောင်၊ ဘာလုပ်ဦးမလို့လဲ။ ပြန်စာ ရေးဦးမလို့လား။ တစ်ခါ အနှပ်ခံရတာ မမှတ်သေးဘူးပေါ့”
“ဒါပေမယ့် … အဲဒီလို ဟုတ်မဟုတ်ဆိုတာ သေမှ မသေချာသေးဘဲ”
“တစ်ကောင်ကောင်က ငါတို့ကို အကြောင်ရိုက်နေတာ နေမှာပါကွာ။ အဲဒီကောင်က မင်း စောနက ပြောတဲ့ စကားကို ကြားပြီး စာတွေ ကြိုရေးနေလောက်ပြီ။ ….. မဟုတ်သေးဘူး။ ခဏလေးနေဦး” အဆုယာ၏ ဦးနှောက်ထဲတွင် အတွေးတစ်ချက် လင်းလက်လာသည်။ “အဲဒီလိုပဲ ဖြစ်ရမှာပဲ။ ကဲ ကိုဟိုင်၊ မင်း ပြန်စာ သွားရေးလိုက်။ ငါ အကြံတစ်ခု ရပြီ”
“ဘယ်လို ဖြစ်လို့ ရုတ်တရက် စိတ်ပြောင်းသွားရတာလဲ” ရှိုတာက မေးသည်။
“မင်းတို့ မကြာခင် သိလာလိမ့်မယ်”
များမကြာခင် ကိုဟိုင်သည် ဘောပင်ကို စားပွဲပေါ်သို့ ပြန်ချလိုက်သည်။ “ရေးပြီးပြီ” အဆုယာသည် ဘေးနားတွင် ရပ်လျက် စာကို စိုက်ကြည့်နေသည်။ အင်မတန် စုတ်ပဲ့သော လက်ရေး။
❝ ဒုတိယမြောက်စာကို ဖတ်ပြီးပါပြီ။ မင်းကို သတင်းကောင်းတစ်ခု ပေးရဦးမယ်။ တစ်ဘက်လူရဲ့ မျက်နှာကို မြင်နိုင်တဲ့ ဟန်းဖုန်းတွေ ပေါ်နေပြီ။ ဖုန်းအရောင်းဆိုင်တိုင်းမှာလိုလို ဝယ်လို့ ရနိုင်ပါတယ်။ ဆေးရုံထဲမှာ လူမမြင်အောင် ခိုးသုံးရင် ရနေတာပဲ။ ❞
“အဲဒီလောက်ဆို ဖြစ်တယ်မလား” ကိုဟိုင်က မေးသည်။
“ဖြစ်ပါတယ်” အဆုယာက ဖြေသည်။ “ဘာပဲ ရေးရေးကွာ။ စာအိတ်ထဲ အမြန်ထည့်လိုက်”
လက်ခံသူနေရာ၌ ‘ယုန်စန္ဒာ’ ဟုရေးထားသော စာအိတ်အလွတ်တစ်လုံးကို ဒုတိယစာထဲတွင်လည်း ထည့်ပေးခဲ့သည်။ ကိုဟိုင်သည် စာကို အသေအချာ ခေါက်ပြီး စာအိတ်ထဲ ထည့်သည်။
“ငါလည်း လိုက်သွားမယ်။ ရှိုတာ၊ မင်း ဒီမှာနေခဲ့” အဆုယာသည် လက်နှိပ်ဓာတ်မီးကို ကိုင်လျက် နောက်ဖေးပေါက်သို့ သွားသည်။
တံခါးအပြင်သို့ ရောက်သောအခါ ကိုဟိုင်သည် နွားနို့သေတ္တာထဲသို့ စာကျသွားသည်အထိ စေ့စေ့စပ်စပ် စိုက်ကြည့်နေသည်။
“ကောင်းတယ်။ မင်း တစ်နေရာမှာ သွားပုန်းနေ။ အဲဒီ နွားနို့သေတ္တာကို အလစ်မပေးနဲ့”
“အိုကေ။ အဆုယာ၊ မင်းကရော”
“ငါ ဆိုင်အပြင်ဘက်မှာ သွားစောင့်နေမယ်။ ဘယ်သူ စာလာထည့်သလဲ ဆိုတာ စောင့်ကြည့်ရအောင်”
အဆုယာသည် ဆိုင်အရှေ့သို့ ထွက်သွားသည်။ အမှောင်ထဲ တစ်နေရာမှ ဆိုင်တံခါးဘက်သို့ တိတ်တဆိတ် စောင့်ကြည့်နေသည်။ ထိုအချိန်တွင် ဘာလူရိပ်လူရောင်မျှ မရှိဘဲ တိတ်ဆိတ်နေသည်။
တစ်ခဏ ကြာသောအခါ သူ၏ အနားသို့ လူတစ်ယောက် ရောက်လာသည်ဟု ခံစားလိုက်ရသောကြောင့် သူ ခေါင်းမော့ကြည့်သည်။ ရှိုတာ ရောက်လာခြင်း ဖြစ်သည်။
“ဘာတုန်းဟ။ မင်းကို အိမ်ထဲမှာ စောင့်နေခိုင်းတဲ့ဟာကို” အဆုယာက ပြောသည်။
“လူတွေ့လား”
“မလာသေးဘူး။ ဒါကြောင့် ငါ ဒီမှာ စောင့်နေဦးမယ်”
ထိုစကားကို ကြားရသောအခါ ရှိုတာသည် အံ့အားသင့်သော အမူအရာဖြင့် ပါးစပ်ဟလျက် ရပ်နေလေသည်။
“ဘာဖြစ်တာလဲ” အဆုယာက မေးသည်။
ရှိုတာသည် စာတစ်စောင်ကို သူ့ရှေ့ ထိုးပြလိုက်သည်။ “လာပြီ”
“ဘာလာတာလဲ”
ရှိုတာသည် နှုတ်ခမ်းကို သပ်လိုက်သည်။ “တတိယစာလေ”
(ဃ)
❝ သို့ – နာမီယာကုန်စုံဆိုင်
ဦးရဲ့ ပြန်စာအတွက် နောက်တစ်ကြိမ် ထပ်ပြီး ကျေးဇူးတင်မိပါတယ်။ ကျွန်မရဲ့ စိတ်ဒုက္ခကို နားလည်ပေးနိုင်တဲ့သူ ရှိနေမှန်း သိရတာနဲ့တင် ကျွန်မ စိတ်ထဲ အတော်လေး ပေါ့ပါးသွားပါပြီ။
ဒါပေမယ့် ကျွန်မ ဝမ်းနည်းမိတာက ဒီတစ်ခေါက် ဦးရဲ့ ပြန်စာကို ကျွန်မ နားမရှင်းဘူး ဖြစ်နေတယ်။ ဟင့်အင်း၊ ပွင့်ပွင့်လင်းလင်း ပြောရရင် လုံးဝကို နားမလည်တာပါ။
ကျွန်မ ကျောင်းတက်တုန်းကပဲ အပျင်းကြီးခဲ့လို့လား မသိဘူး။ ပညာရေးနဲ့ ပတ်သက်ရင် ပါရမီ မရှိခဲ့ဘူး။ ဦးက ကျွန်မကို အားပေးချင်တာနဲ့ ဟာသပြက်လုံးတွေ ထည့်ရေးတာကိုတောင် ကျွန်မမှာ နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ရှက်လည်း ရှက်မိပါတယ်။
အမေက အမြဲ ပြောလေ့ရှိတယ်။ ကိုယ်မသိတဲ့ ကိစ္စတစ်ခုနဲ့ ကြုံလာရင် လူတကာကို ချက်ချင်း လျှောက်မမေးနဲ့။ ကိုယ့်ဘာသာ ကြိုးစားပြီး အဖြေကို သိအောင် အရင်လုပ်တဲ့။ ကျွန်မလည်း အဲဒီလို အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ဘယ်လောက် ကြိုးစားကြိုးစား အဖြေမရခဲ့ဘူး။
ဟန်းဖုန်းဆိုတာက ဘာကြီးလဲ။
အဲဒါ ဘန်းစကားလား။ စာလုံးပေါင်းကို ကြည့်ရတာတော့ နိုင်ငံခြားဘာသာ စကား ဖြစ်မယ် ထင်တယ်။ အင်္ဂလိပ် စကားလုံး ဖြစ်ဖို့တော့ ပိုနီးစပ်မယ်။ တကယ်လို့ အင်္ဂလိပ်စကားလုံး ဆိုရင် hand phone ပေါ့။ အဘိဓာန်ထဲမှာလည်း အဲဒီ စကားလုံး အတွဲလိုက်ကို ရှာလို့ မတွေ့ဘူး။ hand သက်သက် phone သက်သက်တော့ ရှိတာပေါ့လေ။
‘ဟန်းဖုန်း’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကျွန်မ မသိဘူး ဖြစ်နေတယ်။ မစ္စတာနာမီယာရဲ့ အဖိုးတန်တဲ့ အကြံပေးချက်က ကျွဲပါးစောင်းတီး သလို ဖြစ်နေပြီ ထင်တယ်။ ကျွန်မကို အသေးစိတ် ရှင်းပြပေးပါဦး။
ဦးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးသလို ဖြစ်နေရင်တော့ ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ်။
ယုန်စန္ဒာ ❞
‘ယုန်စန္ဒာ’၏ စာသုံးစောင်ကို စားပွဲပေါ်တွင် အစီအရီ တင်ထားပြီး သုံးယောက်သား စားပွဲကို ဝိုင်းပတ်၍ ထိုင်နေကြသည်။
“ငါတို့ ပြန်သုံးသပ်ကြည့်ရအောင်” ရှိုတာက စကားစလိုက်သည်။ “နောက်ဆုံးတစ်ခေါက် ကိုဟိုင် နွားနို့သေတ္တာထဲ ထည့်လိုက်တဲ့ စာလည်း ပျောက်သွားတယ်။ ကိုဟိုင်က အဲဒီသေတ္တာကို စိုက်ကြည့်နေခဲ့တာပဲ။ ဘယ်သူမှ အနားလာတာ မတွေ့ရဘူး။ နောက်တစ်ဘက်မှာလည်း အဆုယာက တံခါးဝကို စောင့်ကြည့်နေတယ်။ ဘယ်သူမှ ယင်းလိပ်တံခါးနားကို ကပ်လာတာ မရှိဘူး။ ဒါပေမယ့် တတိယစာက အိမ်ထဲကို ဝင်လာတယ်။ အခု ငါ ပြောပြီးသလောက်ထိ လက်တွေ့နဲ့ မကိုက်ညီတာ ဘာရှိသလဲ”
“မရှိဘူး” အဆုယာက ခပ်ပြတ်ပြတ် ပြန်ဖြေသည်။ ကိုဟိုင်ကလည်း ခေါင်းညိတ်ပြသည်။
“ဒီလိုသာဆိုရင်” ရှိုတာသည် လက်ညှိုးကို ထောင်လိုက်သည်။ “ဘယ်သူမှ ဒီနား ချဉ်းကပ်တာ မရှိဘူး။ ဒါပေမယ့် ကိုဟိုင်ရဲ့ စာလည်း ပျောက်သွားတယ်။ ယုန်စန္ဒာရဲ့ စာကလည်း ဝင်လာတယ်။ နွားနို့သေတ္တာကိုရော ယင်းလိပ်တံခါးကိုပါ ငါ အသေအချာ စစ်ကြည့်ပြီးပြီ။ ဘာ အံဝှက်မှ မတွေ့ရဘူး။ မင်းတို့အနေနဲ့ အခုကိစ္စကို ဘယ်လို မြင်သလဲ”
အဆုယာသည် ထိုင်ခုံကို နောက်မှီထိုင်ပြီး လက်ဆယ်ချောင်းဖြင့် နောက်စေ့ကို သိုင်းဖက်လိုက်သည်။ “မစဉ်းစားတတ်လို့ပဲ ဦးနှောက်ခြောက်နေတာပေါ့ကွာ”
“ကိုဟိုင်၊ မင်းကရော”
ကိုဟိုင်က သူ၏ ဝိုင်းစက်နေသော ဦးခေါင်းကို ခါးယမ်းနေသည်။ “ငါ မသိဘူး”
“ရှိုတာ၊ မင်းက ဘာတွေးမိလို့လဲ”
အဆုယာ၏ မေးခွန်းကြောင့် ရှိုတာသည် ခေါင်းငုံ့၍ စာသုံးစောင်ကို စိုက်ကြည့်လိုက်သည်။
“မင်းတို့ သေချာ စဉ်းစားကြည့်စမ်း။ အဲဒီလူက ဟန်းဖုန်းကို မသိဘူးဆိုတာ ထူးဆန်းမနေဘူးလား။ ဘန်းစကားလား လို့တောင် မေးနေသေးတယ်”
“နောက်နေတာ နေမှာပါကွာ”
“ဟုတ်ပါ့မလား”
“အဲဒီလိုပဲ နေမှာပေါ့။ ဒီခေတ်မှာ ဟန်းဖုန်းကို မသိတဲ့လူ လောကမှာ ရှိသေးတာလား”
ရှိုတာက ပထမဆုံးစာကို လက်ညှိုးထိုးပြသည်။
“ဒါဆို ဒါကိုရော ဘယ်လို နားလည်ရမလဲ။ ဒီစာထဲမှာ ‘နောက်နှစ်ရဲ့ အိုလံပစ်ပွဲတော်’ လို့ ပြောထားတယ်။ သေချာ စဉ်းစားကြည့်ရင် သိနိုင်တာပဲ။ နောက်နှစ်ထဲမှာ ဆောင်းရာသီ အိုလံပစ်ပွဲရော၊ နွေရာသီ အိုလံပစ်ပွဲရော ဘာပွဲမှ မရှိဘူး။ လွန်ခဲ့တဲ့ နှစ်ရက်ကမှ လန်ဒန်အိုလံပစ် ဖွင့်ပွဲ ကျင်းပခဲ့သေးတာလေ”
အဆုယာထံမှ ‘အား’ ဟူသော အာမေဍိတ်သံ ထွက်ပေါ်လာသည်။ သူ၏ အံ့အားသင့်မှုကို ဖုံးဖိထားလိုက်သောကြောင့် သူသည် မျက်မှောင်ကြုတ်လျက် သူ၏ နှာခေါင်းကို လက်ဖြင့် ပွတ်နေသည်။ “သူ အမှတ်မှားလို့ နေမှာပေါ့”
“ဟုတ်ပါ့မလား။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘယ်လိုလုပ်ပြီး အမှတ်မှားနိုင်ပါ့မလဲ။ သူက အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံ့လက်ရွေးစင်တစ်ယောက် ဖြစ်ဖို့အတွက် မျှော်မှန်းထားတဲ့ အားကစားသမား တစ်ယောက်လေ။ ပြီးတော့ သူက ဗီကော (Vcall) ခေါ်နိုင်တဲ့ ဖုန်းကိုတောင် မသိဘူးဆိုတော့ အတော် အ,လွန်းရာ ကျမနေဘူးလား”
“ဒါလည်း ဟုတ်တာပဲ”
“အဲဒါအပြင် အင်မတန် ထူးဆန်းတဲ့ ကိစ္စတစ်ခု ရှိသေးတယ်” ရှိုတာက အသံကို နှိမ့်ချပြီး ပြောလိုက်သည်။ “ငါ စောနက အပြင်ရောက်တုန်း သတိထားမိတာ”
“ဘာကိစ္စလဲ”
ရှိုတာသည် တွေဝေသော မျက်နှာထားဖြင့် ကြည့်နေပြီး တစ်ခဏအကြာမှ စကားစလိုက်သည်။ “အဆုယာ၊ မင်းဖုန်းမှာ အခု ဘယ်နှ နာရီ ရှိပြီလဲ”
“ဖုန်းမှာလား” အဆုယာသည် အိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်ပြီး အချိန်ကို ကြည့်နေသည်။ “နံနက် ၃ နာရီ ၄၀”
“အင်း၊ ဒါဆိုရင် ငါတို့ ဒီအိမ်ထဲမှာ နေနေတာ တစ်နာရီကျော် ရှိပြီ ဆိုတဲ့ သဘောပေါ့”
“အေးလေ၊ ဘာဖြစ်လို့လဲ”
“အင်း …. အဲ … ငါနဲ့ လိုက်ခဲ့” ရှိုတာက မတ်တတ်ရပ်လိုက်သည်။
သူတို့သည် နောက်ဖေးပေါက်မှ အိမ်အပြင်သို့ ထွက်လာကြပြန်သည်။ ရှိုတာသည် အိမ်နှင့် ဘေးဘက် ဂိုဒေါင်၏ အကြားရှိ လမ်းကျဉ်းလေးထဲတွင် ရပ်လျက် ကောင်းကင်ပေါ်သို့ မော့ကြည့်သည်။ “ငါ မှတ်မိသလောက် ငါ ဒီနေရာကို ပထမအကြိမ် ရောက်တုန်းက လမင်းဟာ ငါတို့ ခေါင်းပေါ် တည့်တည့်မှာပဲ”
“ငါလည်း မှတ်မိတယ်လေ။ ဘာဖြစ်လို့လဲ”
ရှိုတာက မျက်တောင်မခတ်ဘဲ အဆုယာကို စိုက်ကြည့်နေသည်။
“တစ်ခုခု လွဲနေတာ သတိမထားမိဘူးလား။ အခု တစ်နာရီကျော်တောင် ကြာသွားပြီ။ ခေါင်းပေါ်က လက နေရာ မရွေ့သေးဘူး”
အဆုယာသည် ရှိုတာ၏ စကားကို နားမလည်နိုင်သေးဘဲ ငိုင်နေမိသည်။ တစ်ခဏအကြာ သဘောပေါက်သွားသောအခါမှ သူ၏ နှလုံးခုန်သံများလည်း ဆူညံလာလေသည်။ မျက်နှာမှာ ပူရှိန်းရှိန်း ဖြစ်လာပြီး ကျောထဲမှ ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ သူသည် ဖုန်းကို ထုတ်ကြည့်ပြန်သည်။ နံနက် ၃ နာရီ ၄၂ မိနစ် ဟု ဖော်ပြနေသည်။
“ဘာဖြစ်တာလဲ။ ဘာဖြစ်လို့ လက မရွေ့တော့တာလဲ”
“ဒီလို ရာသီမျိုးမှာ လက သိပ်မရွေ့တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့”
“အဲဒီလို ရာသီမျိုး ဘယ်မှာလာပြီး ရှိနိုင်မှာလဲ” ရှိုတာက ကိုဟိုင်၏ အမြင်ကို ချက်ချင်း ပယ်ချလိုက်သည်။
အဆုယာသည် သူ့ဖုန်းကို ငုံ့ကြည့်လိုက်၊ လမင်းကို မော့ကြည့်လိုက် လုပ်နေသည်။ ဘာတွေ ဖြစ်ပျက်နေသည်ကို သူ နားမလည်နိုင်ဘဲ ဖြစ်နေလေသည်။
“ဟုတ်ပြီ” ရှိုတာသည် ဖုန်းကို ဟိုနှိပ်ဒီနှိပ် လုပ်နေသည်။ တစ်နေရာရာသို့ ဖုန်းခေါ်နေခြင်း ဖြစ်မည်။
လုပ်နေရင်းနှင့် ရှိုတာ၏ မျက်နှာ အမူအရာ ပျက်နေသည်ကို တွေ့ရသည်။ မျက်တောင်များကို အဆက်မပြတ် ပုတ်ခတ်နေသည်။
“ဘာဖြစ်တာလဲ။ မင်း ဘယ်သူ့ဆီ ဖုန်းဆက်နေတာလဲ” အဆုယာက မေးသည်။
ရှိုတာက ဘာမျှ ပြန်မပြောဘဲ ဖုန်းကို ထိုးပေးလေသည်။ ကိုယ့်ဘာသာ နားထောင်ကြည့် ဆိုသည့် သဘောမျိုး။
အဆုယာသည် ဖုန်းကို လှန်းယူပြီး နားနားကပ်၍ နားထောင်လိုက်သည်။ အထဲမှ အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်နေသည်။
“ယခု စံတော်ချိန် နံနက် ၂ နာရီ ၃၆ မိနစ် ရှိပါပြီရှင်”
သုံးယောက်သား အခန်းထဲသို့ ပြန်ရောက်လာသည်။
“ဖုန်း ပျက်နေတာ မဟုတ်ဘူး ဆိုရင်တော့ ဒီအိမ်ကြောင့်ပဲ” ရှိုတာက ပြောသည်။
“ဒီအိမ်ထဲက ပစ္စည်းတစ်ခုခုကြောင့် ဖုန်းထဲမှာ ပါတဲ့ နာရီက အချိန်လွဲသွားတယ်လို့ မင်း ဆိုလိုချင်တာလား”
အဆုယာ၏ အမြင်နှင့် ပတ်သက်ပြီး ရှိုတာက ခေါင်းညိတ် သဘောတူခြင်း မရှိ။
“ငါ့အမြင် ပြောရရင်တော့ ဖုန်းထဲ ပါတဲ့ နာရီက မမှားဘူး။ သူ့ဟာသူ ပုံမှန် လည်ပတ်နေတာပဲ။ ပြနေတဲ့ အချိန်နဲ့ အပြင်က လက်တွေ့ အချိန်နဲ့ မတူတာပဲ ရှိတယ်”
အဆုယာက မျက်မှောင်ကြုတ်လိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ငါ့အထင် ဒီအိမ်နဲ့ အပြင်လောကဟာ အချိန်ကာလ တစ်ခု ခြားနေတယ်။ ဒီနှစ်နေရာမှာ ရှိတဲ့ အချိန်တွေရဲ့ ရွေ့လျားတဲ့ အမြန်နှုန်းတွေ မတူကြဘူး။ ဒီအထဲမှာ အချိန်အကြာကြီး ဖြတ်သန်းနေရပေမယ့် အပြင်လောကမှာတော့ လက်ဖျစ်တစ်တွတ်လောက်ပဲ ရှိလိမ့်မယ်”
“အမ် … မင်း ဘာတွေ ပြောနေတာလဲ”
ရှိုတာက စာကို တစ်ချက် လှမ်းကြည့်ပြီးနောက် အဆုယာဘက်သို့ လှည့်ကြည့်သည်။
“ဘယ်သူမှ ဒီအိမ်နား ကပ်လာတာ မရှိဘဲနဲ့ ကိုဟိုင်ရဲ့စာက ပျောက်သွားခဲ့တယ်။ ယုန်စန္ဒာရဲ့ စာလည်း ရောက်လာတယ်။ သဘာဝ ယုတ္တိအရ ပြောရင် ဒါ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူး။ ဒီတော့ ငါတို့ အခုလို စဉ်းစားကြည့်ရအောင်လား။ ကိုဟိုင်ရဲ့ ပြန်စာကို တစ်ယောက်ယောက်က ယူသွားတယ်။ ဖတ်ပြီးတဲ့နောက်မှာ နောက်ထပ် စာတစ်စောင် ထပ်ပို့လာတယ်။ တစ်ခုပဲ ရှိတယ်။ အဲဒီလူကို ငါတို့ မမြင်ရဘူး”
“မမြင်ရဘူး? ကိုယ်ပျောက်လူလား” အဆုယာက ပြောသည်။
“အင်း၊ ငါသဘောပေါက်ပြီ။ ဝိဉာဉ်ကောင်တွေ ကမြင်းကြော ထနေတာပဲ ဖြစ်ရမယ်။ ဒီမှာ နာနာဘာဝတွေ ရှိနေတာလား” ကိုဟိုင်သည် ခပ်ကျုံ့ကျုံ့လေး ပြင်ထိုင်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်နေလေသည်။
ရှိုတာက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းနေသည်။ “ကိုယ်ပျောက်လူ မဟုတ်ဘူး။ ဝိဉာဉ်ကောင်လည်း မဟုတ်ဘူး။ လူပဲ။ ဒီလောကထဲက လူတွေ မဟုတ်ဘူး” သူသည် စာသုံးစောင်ကို လက်ညှိုးထိုးပြီး ဆက်ပြောလိုက်သည်။ “အတိတ်ကလူ”
“အတိတ်က? ဘာအဓိပ္ပာယ်လဲ” အဆုယာ၏ အသံမှာ ကျယ်လောင်လာသည်။
“ငါရဲ့ အမြင်က ဒီလိုကွာ။ ယင်းလိပ်တံခါးပေါ်က စာထည့်ပေါက်နဲ့ နွားနို့သေတ္တာက အတိတ်လောကနဲ့ ချိတ်ဆက်နေတယ်။ အတိတ်က လူတစ်ယောက်ဟာ စာတစ်စောင်ကို အဲဒီခေတ်ကာလမှာ ရှိတဲ့ နာမီယာကုန်စုံဆိုင်ဆီ ထည့်လိုက်ရင် အခုခေတ် ဒီဆိုင်ကနေ လက်ခံရရှိနိုင်တယ်။ ပြောင်းပြန်လှန်လိုက်ရင် ငါတို့ နွားနို့သေတ္တာထဲ ထည့်လိုက်တဲ့ စာဟာ အတိတ်က နွားနို့သေတ္တာထဲ ရောက်သွားမှာပဲ။ ဘာဖြစ်လို့ အဲဒီလိုတွေ ဖြစ်နေရသလဲဆိုတာ ငါ မသိပေမယ့် အဲဒီ ရှုထောင့်ကနေ စဉ်းစားလိုက်ရင် ပြဿနာအားလုံး ပြေလည်သွားရောပေါ့”
‘ယုန်စန္ဒာ’သည် အတိတ်ကာလမှ လူတစ်ယောက် ဖြစ်သည်။ – ၎င်းမှာ ရှိုတာ၏ နောက်ဆုံး ကောက်ချက် ဖြစ်သည်။
အဆုယာသည် အချိန်အတန်ကြာ ဆွံ့အနေသည်။ သူ ဘာပြောရမည်ကို မသိဘဲ ဖြစ်နေသည်။ သူ၏ ဦးနှောက်ကလည်း ထိုအကြောင်းကို တွေးကြည့်ရန် အလိုအလျောက်ပင် ငြင်းဆန်နေလေသည်။
“ဘယ်လိုလို့ ဖြစ်နိုင်မှာလဲကွာ” သူ အတော် ကြိုးစားပြီး ပြောလိုက်ရသည်။ “ဒီလိုကိစ္စမျိုး တကယ် ဖြစ်နိုင်ပါ့မလားဟ”
“ငါလည်း မဖြစ်နိုင်ဘူး ထင်တာပဲ။ ဒါပေမယ့် ဒါက တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်ပဲ။ တကယ်လို့ သဘောမတူဘူး ဆိုရင် မင်းပဲ ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်အသစ် ရှာပေတော့”
ရှိုတာ၏ စကားကို ပြန်လည်ချေပရန် အဆုယာ ဘာမျှ မတတ်နိုင်။ သူ ကိုယ်တိုင်လည်း ဘာ ဖြေရှင်းချက်မျှ မပေးနိုင်ပေ။
“အဲဒါ မင်း စာပြန်မယ်ဆိုလို့ သောက်ပြဿနာတွေ ဒီလို ရှုပ်ထွေးကုန်ရတာပဲ” အဆုယာက ကုလားမနိုင် ရခိုင်မဲပြီး ကိုဟိုင်ကို ဟောက်နေတော့သည်။
“ကိုဟိုင်ကို အပြစ်တင်မနေပါနဲ့။ တကယ်သာ ငါပြောတဲ့အတိုင်း မှန်နေရင် ဒီကိစ္စဟာ အင်မတန်မှ ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခု ဖြစ်နေပြီ။ ငါတို့ဟာ အတိတ်က လူတွေနဲ့ စာပေးစာယူ လုပ်နေကြတာလေ” ရှိုတာ၏ မျက်လုံးများမှ အရောင်များ လင်းလက်နေသည်။
အဆုယာသည် ငူငူကြီး ထိုင်နေမိသည်။ ဘယ်လို လုပ်ရမည်မှန်း မသိတော့။ ဘာကို လုပ်ရမည်ကိုလည်း မသိဘဲ ဖြစ်နေလေသည်။
“သွားမယ်” ပြောရင်း သူ မတ်တတ်ထရပ်သည်။ “ဒီနေရာကနေ လစ်ကြစို့”
ကျန်လူနှစ်ယောက်က သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ “ဘာဖြစ်လို့လဲ” ရှိုတာက မေးသည်။
“ဒီမှာ နေရတာ စိတ်မသက်မသာ ဖြစ်လို့ပေါ့ကွာ။ ပြဿနာက ဒီထက်ဒီ ပိုပြီး ကြီးကျယ်လာရင် ဒုက္ခပဲ။ သွားမယ်ကွာ။ ပုန်းလို့ ရမယ့် နေရာတွေက ဒီလောက် မရှားပါဘူး။ ဒီအိမ်ခန်းထဲမှာ ဘယ်လောက်ကြာကြာပဲ နေနေ၊ တကယ့်အချိန်က ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။ တကယ်လို့ မိုးလင်း မလာတော့ဘူးဆိုရင် ငါတို့ ဒီမှာ ပုန်းနေတော့ရော ဘာအကျိုးထူးဦးမှာလဲ”
သို့သော် ကျန်လူနှစ်ဦး၏ သဘောတူညီမှုကို မရဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ လွှမ်းမိုးနေသည်။
“ဘာဖြစ်နေကြတာလဲ။ စကားလေးတော့ ပြောဦးမှပေါ့” အဆုယာက အော်ပြောသည်။
ရှိုတာက ခေါင်းမော့ကြည့်သည်။ သူ၏ မျက်လုံးထဲတွင် ပြတ်သားသော အရောင်အလင်းများ လင်းလက်လျက်။ “ငါတော့ ဒီမှာ ခဏနေချင်သေးတယ်”
“ဘာဖြစ်လို့လဲ”
ရှိုတာက ပခုံးပင့်လိုက်သည်။ “ငါလည်း ရှင်းမပြတတ်ဘူး။ ဒါပေမယ့် အင်မတန် မှော်ဆန်တဲ့ ဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်နေရတယ် ဆိုတာကိုတော့ ငါ သဘောပေါက်တယ်။ ဒီလို အခွင့်အရေးမျိုးက အင်မတန်မှ ရခဲတာလေ။ …. မဟုတ်သေးဘူး။ ဘဝမှာ နောက်တစ်ကြိမ် ထပ်မရနိုင်တော့ဘူးလို့ ပြောရလိမ့်မယ်။ ဒါကြောင့် ငါ လက်မလွှတ်ချင်ဘူး။ မင်း သွားချင်တယ်ဆိုလည်း သွားပေါ့။ ငါတော့ ဒီမှာ ခဏနေခဲ့ဦးမယ်”
“ဒီမှာ နေပြီး ဘာလုပ်မှာလဲ”
ရှိုတာသည် စားပွဲပေါ်မှ စာများကို လှမ်းကြည့်နေသည်။ “စာရေးမယ်လေ။ အတိတ်က လူနဲ့ စာအဆက်အသွယ် လုပ်နိုင်သေးတယ်။ သောက်ရမ်းမိုက်တာပဲ”
“အင်း၊ ဟုတ်တယ်” ကိုဟိုင်ကလည်း ခေါင်းညိတ် ထောက်ခံသည်။ “ယုန်စန္ဒာရဲ့ စိတ်ဒုက္ခကိုလည်း ကူပြီး ဖြေရှင်းပေးရဦးမှာလေ”
အဆုယာသည် သူတို့ နှစ်ဦးကို စိုက်ကြည့်နေသည်။ နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သူ၏ ခေါင်းကို ခပ်ပြင်းပြင်း ခါယမ်းလိုက်သည်။
“မင်းတို့ နှစ်ကောင်ကို ငါ ဘယ်လို နားလည်ရမှန်း မသိတော့ဘူး။ မင်းတို့ ဘာတွေ စဉ်းစားနေကြတာလဲ။ အတိတ်ကလူနဲ့ စာဆက်သွယ်ရတာ ဘာတွေများ ဝမ်းသာစရာ ပါနေလို့လဲ။ တော်ပြီ။ ငါကတော့ အဲဒီ သောက်ရှုပ်ထဲ ကြားညပ်မခံနိုင်ဘူး”
“ဒါကြောင့် ငါပြောတာပေါ့။ မင်း သွားချင်သွားတော့” ရှိုတာက ဆုံးဖြတ်ချက် ချပြီး ဟန်ဖြင့် စိတ်လက် ပေါ့ပါးစွာ ပြောလိုက်သည်။
အဆုယာသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကာ ပြန်ပြောမည်ဟု ဟန်ပြင်လိုက်သည်။ သို့သော် သူ့မှာ ဘာမျှ ပြောစရာ မရှိ။
“မင်းတို့သဘောပဲ။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူမှ သိတာ မဟုတ်ဘူး”
သူသည် အိပ်ခန်းအတွင်းသို့ ဝင်သွားပြီး လက်ဆွဲအိတ်ကို ယူလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်ကို တစ်ချက်ကလေးမျှ လှည့်မကြည့်တော့ဘဲ နောက်ဖေးတံခါးမှ ထွက်သွားလေသည်။ ကောင်းကင်ပေါ်သို့ ခေါင်းမော့ကြည့်သောအခါ ဝိုင်းစက်နေသည့် လပြည့်ဝန်းသည် နဂိုနေရာမှ နည်းနည်းကလေးမျှ ရွေ့လျားသွားပုံ မရသည်ကို တွေ့ရသည်။
အဆုယာသည် ဖုန်းကို ဆွဲထုတ်လိုက်သည်။ သူ၏ ဖုန်းထဲတွင် အလိုအလျောက် အချိန်တိုက်ပေးသော စနစ်တစ်ခု ပါသည်ကို သတိရမိသွားသည်။ အချိန်တိုက်ရန် ခလုတ်နှိပ်လိုက်သောအခါ ဖုန်းမျက်နှာပြင်ပေါ်မှ အချိန်မှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ စောစောက သူတို့ အချိန်မေးခဲ့စဉ်က ကြားခဲ့ရသော အချိန်နှင့် ဘာမျှ ခြားနားခြင်း မရှိသေး။ နံနက် ၂ နာရီ ၃၆ မိနစ်။
လမ်းမီးရောင် ခပ်မှိန်မှိန်နှင့် မမှောင့်တမှောင် ဖြစ်နေသော လမ်းမထက်တွင် အဆုယာတစ်ယောက်တည်း လမ်းလျှောက်နေသည်။ သန်းခေါင်ည၏ လေထုက အေးမြလှ၏။ သို့သော် သူ၏ မျက်နှာမှာ ထူပူနေပြီး ကိုယ်ခန္ဓာမှလည်း ချွေးစို့နေသယောင်။
‘ဒီလို ကိစ္စမျိုး မရှိနိုင်ပါဘူး’ သူ တွေးနေမိသည်။
စာထည့်ပေါက်နှင့် နွားနို့သေတ္တာသည် အတိတ်ကာလနှင့် ချိတ်ဆက်နေပြီး ‘ယုန်စန္ဒာ’ဟု အမည်ရသော ကောင်မလေးတစ်ယောက်သည် အတိတ်ကာလမှ စာတစ်စောင် ပို့လာခဲ့သည်။
အတော်ပင် အူကြောင်ကြောင် နိုင်လှသည့် အတွေးဖြစ်သည်။ ကျိုးကြောင်းဆီလျော်အောင် ရှင်းပြနိုင်သည်ဟု ဆိုစေကာမူ တကယ့်လက်တွေ့တွင် ထိုသို့သော ဖြစ်ရပ်မျိုး ဖြစ်လာနိုင်မည် မဟုတ်ပေ။ တစ်နေရာရာတွင် လွဲမှားနေ၍သာ ဖြစ်ရပေမည်။ တစ်ယောက်ယောက်က သူတို့ကို အကြောင်ရိုက်နေခြင်းလည်း ဖြစ်ပေမည်။
ရှိုတာ ပြောသည့်အတိုင်း ဖြစ်နေသည်ပဲ ထားဦး။ ထိုကဲ့သို့ မူမမှန်သော လောကနှင့် ခပ်ဝေးဝေး နေသည်က ပိုကောင်းပေလိမ့်မည်။ အကယ်၍ ပြဿနာ တစ်ခုခု ဖြစ်လာခဲ့လျှင် မည်သူ့ကိုမျှ အကူအညီ တောင်းနိုင်လိမ့်မည် မဟုတ်။ ကိုယ့်ဘာသာကိုယ်သာ အားကိုးစရာ ရှိပေမည်။ သူတို့သည်လည်း တစ်ဘဝလုံး ထိုသို့သာ ဖြတ်သန်း ရှင်သန်လာခဲ့ရခြင်း ဖြစ်သည်။ မလိုအပ်ဘဲ တခြားလူများနှင့် ရှုပ်ရှုပ်ယှက်ယှက် ပတ်သက်လာခဲ့မိလျှင် အကောင်းထက် အဆိုးနှင့်သာ ကြုံဖို့ များလေသည်။ အထူးသဖြင့် ယခု ပတ်သက်နေရသူမှာ အတိတ်ကလူ ဖြစ်နေသည်။ ယခုမျက်မှောက်ဘဝတွင် ရှင်သန်နေသော သူတို့အား မည်သို့မျှ ကူညီနိုင်လိမ့်မည် မဟုတ်ပေ။
အနည်းငယ် လမ်းလျှောက်ပြီးသောအခါ အဆုယာသည် လမ်းမကြီးပေါ်သို့ ရောက်လာသည်။ ကား တစ်စီးစ နှစ်စီးစ သူ့ဘေးမှ ဖြတ်သွားကြသည်။ ထိုလမ်းမကြီးအတိုင်း လျှောက်သွားသောအခါ မကြာခင် စတိုးဆိုင်တစ်ဆိုင်ကို တွေ့လာရသည်။
‘ဗိုက်ဆာလိုက်တာ’ သနားကမား အသံဖြင့် ပြောခဲ့သော ကိုဟိုင်ကို သူ သတိရသွားသည်။ ထိုနေရာတွင် တစ်ရေးမျှ မအိပ်ရဘဲ ဆက်နေနေလျှင် ပို၍သာ ဆာလောင်လာပေလိမ့်မည်။ သူတို့ မည်သို့ ဆက်လုပ်ရန် ကြံရွယ်ထားကြသနည်း။ အကယ်၍ အချိန်ကာလက ရွေ့လျားခြင်း မရှိလျှင် ဆာလောင်မွတ်သိပ်ခြင်းသည်လည်း ရပ်တန့်၍ နေမည်လော။
ယခုလို အချိန်မျိုးတွင် စတိုးဆိုင်ထဲသို့ ဝင်လျှင် အရောင်းဝန်ထမ်းက ဈေးဝယ်သူ၏ ပုံပန်းသဏ္ဌာန်ကို မှတ်မိနေပေလိမ့်မည်။ ပို၍ အရေးကြီးသည်မှာ CCTV မှလည်း ရိုက်ကူးထားပေဦးမည်။ ထိုသူ နှစ်ဦးကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ပေတော့မည်။ သူတို့ဘာသာ ဆုံးဖြတ်ကြပါစေ။
ထိုသို့ စဉ်းစားနေမိသော်လည်း အဆုယာ၏ ခြေလှမ်းများက ရပ်တန့်သွားကြသည်။ ယခုအချိန်တွင် စတိုးဆိုင်ထဲ၌ အရောင်းဝန်ထမ်းမှလွဲ၍ မည်သူမျှ မရှိ။
အဆုယာက သက်ပြင်းချလိုက်သည်။ မတတ်နိုင်တော့။ မိမိက စိတ်ကောင်းရှိသူ မဟုတ်ပါလော။ သူသည် လက်ဆွဲအိတ်ကို အမှိုက်ပုံးအနောက်တွင် ဖွက်ထားခဲ့ပြီး မှန်တံခါးကို ဖွင့်ဝင်ခဲ့သည်။
ထမင်းလိပ်၊ ပေါင်မုန့်နှင့် အချိုရည်ဗူးများ ဝယ်၍ အဆုယာသည် စတိုးဆိုင်ထဲမှ ထွက်လာသည်။ အရောင်းဝန်ထမ်းသည် လူငယ်တစ်ဦး ဖြစ်ပြီး အဆုယာကို တစ်ချက်ကလေးမျှ မော့မကြည့်ခဲ့။ CCTV က ရွေ့လျားနေနိုင်သော်လည်း ယခုလို အချိန်မျိုး ဈေးဝယ်နေသည်ကို ရဲဘက်မှ သံသယ ရှိမည် မဟုတ်ပေ။ လူတွေက ပြောင်းပြန်လည်း စဉ်းစားချင် စဉ်းစားနေပေမည်။ အကယ်၍ ပြစ်မှုကျူးလွန်ထားသူ ဖြစ်လျှင် ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေလိမ့်မည် မဟုတ်။ အဆုယာက တတ်နိုင်သလောက် အကောင်းဘက်ကသာ စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဖွက်ထားသော လက်ဆွဲအိတ်ကို ပြန်ယူပြီး နောက်ကြောင်းပြန်လာခဲ့သည်။ ဟိုနှစ်ယောက်ကို စားသောက်စရာများ ပေးပြီး လစ်မည်။ ထိုဆန်းပြားသော အိမ်ခန်းထဲတွင် စိုးစဉ်းမျှ သူ မနေလိုတော့ပြီ။
မကြာခင်မှာပင် ကုန်စုံဆိုင်ဟောင်းသို့ ရောက်လာသည်။ ကံကောင်းသည်မှာ လမ်းပေါ်တွင် လမ်းသွားလမ်းလာ တစ်ယောက်တလေကိုမျှ မတွေ့ခဲ့ရခြင်းပင်။
အဆုယာသည် ထိုအိမ်ဟောင်းကြီးကို နောက်တစ်ကြိမ် အကဲခတ်နေမိပြန်သည်။ လုံခြုံစွာ ပိတ်ထားသော ယင်းလိပ်တံခါးပေါ်မှ စာထည့်ပေါက်ကို စိုက်ကြည့်နေသည်။ သူက စဉ်းစားနေမိသည်။ အကယ်၍ ယခုအချိန်တွင် ဤနေရာမှ စာထည့်လိုက်လျှင် မည်သည့် ခေတ်ကာလ၏ နာမီယာကုန်စုံဆိုင်သို့ ရောက်သွားလိမ့်မည်နည်း။
အိမ်ခန်းနှင့် ဂိုဒေါင်ကြားရှိ လမ်းကျဉ်းကို ဖြတ်၍ သူ နောက်ဖေးပေါက်သို့ ရောက်လာသည်။ တံခါးက ဖွင့်လျက် ရှိနေသည်။ သူသည် အထဲဘက်သို့ တစ်ချက် လှမ်းကြည့်ပြီးမှ အထဲသို့ ဝင်သွားသည်။
“ဟာ အဆုယာ” ကိုဟိုင်က ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။ “မင်း ပြန်လာတယ်လား။ တစ်နာရီကျော်တောင် ကြာပြီဆိုတော့ မင်း ပြန်မလာတော့ဘူးလို့ အောက်မေ့နေတာ”
“တစ်နာရီ?” အဆုယာက ဖုန်းနာရီကို ကြည့်လိုက်သည်။ “၁၅ မိနစ်ပဲ ရှိပါသေးတယ်ကွာ။ ပြီးတော့ ငါ ပြန်လာတာ မဟုတ်ဘူး။ မင်းတို့ကို စားစရာ လာပို့တာ”
“ဝိုး” ကိုဟိုင်၏ မျက်လုံးများ လင်းလက်သွားပြီး ထမင်းလိပ်ကို ချက်ချင်း လှမ်းယူတော့သည်။
“ဒီမှာ နေနေတာ၊ ဘယ်အချိန်မှ မိုးလင်းမှာလဲ” အဆုယာက ရှိုတာကို ပြောသည်။
“ဒါလား၊ ငါ အကြံကောင်းတစ်ခု ရပြီ”
“အကြံကောင်း?”
“အခု နောက်ဖေးတံခါး ဖွင့်ထားတယ် မဟုတ်လား”
“အင်း”
“ဒါဆို အခန်းတွင်းနဲ့ အခန်းပြင်ရဲ့ အချိန်က တူသွားပြီ။ ငါနဲ့ ကိုဟိုင်တို့ နည်းမျိုးစုံ စမ်းကြည့်ပြီးသွားပြီ။ နောက်ဆုံးမှ အဲဒီနည်းကို တွေ့တာ။ အဲဒီလိုသာဆိုရင် မင်းရဲ့ အချိန်နဲ့ ကွာတယ် ဆိုရင်တောင် တစ်နာရီပဲ”
“ဒီလိုလား ….” အဆုယာက နောက်ဖေးတံခါးကို လှမ်းကြည့်သည်။ “ဒါက ဘယ်လို အစီအမံတွေလဲဟ။ ဒီအိမ်က ဘယ်လို ဖြစ်နေရတာလဲ”
“ဘယ်လို ဖြစ်သလဲတော့ ငါလည်း မသိဘူး။ ဒါပေမယ့် ဒီလိုသာဆိုရင် မင်းလည်း အပြင်ထွက်စရာ မလိုတော့ဘူး။ ဒီမှာ နေပြီးတော့လည်း မိုးလင်းအောင် စောင့်လို့ ရတာပဲ”
“ဟုတ်တယ်။ အတူတူ ရှိနေတာ ပိုကောင်းတာပေါ့” ကိုဟိုင်ကလည်း ထောက်ခံသည်။
“ဒါပေမယ့် မင်းတို့က ဟိုထူးဆန်းတဲ့ စာကို ရေးဦးမှာ မဟုတ်လား”
“ဘာဖြစ်လဲ။ မင်းသာ စိတ်မဝင်စားရင် ဂရုစိုက် မနေနဲ့ပေါ့။ ဒါပေမယ့် မင်းရဲ့ အမြင်ကို ငါတို့က ကြားချင်သေးတာ”
ရှိုတာ၏ ပြောစကားကို ကြားရသောအခါ အဆုယာက မျက်မှောင်ကြုတ်လိုက်သည်။ “ငါ့အမြင်?”
“မင်း ထွက်သွားပြီးတော့ ငါတို့ တတိယမြောက် ပြန်စာကို ရေးခဲ့တယ်။ နောက်ပြီး စာတစ်စောင် ထပ်ရတယ်။ မင်း ဖတ်ကြည့်ဦးမလား”
အဆုယာက သူတို့နှစ်ဦးကို ကြည့်နေမိသည်။ နှစ်ဦးလုံး၏ မျက်လုံးများက သူ့ကို တစ်ခုခု သိစေလိုသော အရိပ်အရောင်များ ထင်ဟပ်နေကြသည်။
“ဒါဆိုလည်း ဖတ်ကြည့်တာပေါ့” ပြောပြီး ထိုင်ခုံတွင် ထိုင်ချလိုက်သည်။ “မင်းတို့ ပြန်စာက ဘယ်လို ရေးထားတာလဲ”
“ဒီမှာ စာကြမ်းရှိတယ်” ရှိုတာသည် စာရွက်တစ်ရွက်ကို သူ့အရှေ့သို့ ထိုးပေးသည်။
ရှိုတာတို့၏ တတိယမြောက်စာမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဤစာကို ရေးသူမှာ ရှိုတာ ဖြစ်ရမည်။ ယခင်စာလောက် ဖတ်ရ မခက်တော့။
❝ ဟန်းဖုန်းနဲ့ ပတ်သက်ပြီး အဲဒီကိစ္စကို မင်း မေ့ထားလိုက်တော့။ အဲဒါက မင်းနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။
မင်းနဲ့ မင်းကောင်လေးရဲ့ အကြောင်းကို ပိုပြီး ပြည့်စုံအောင် ထပ်ပြောပြလို့ ရမလား။ ဘာတွေ ကျွမ်းကျင်သလဲ။ နှစ်ယောက်စလုံးရဲ့ တူညီတဲ့ ဝါသနာက ဘာတွေလဲ။ အခုတလော နှစ်ယောက်အတူတူ ခရီးထွက်ဖူးတာ ရှိသလား။ ရုပ်ရှင် အတူတူ ကြည့်ဖူးလား။ တကယ်လို့ သီချင်း ကြိုက်တတ်တယ်ဆိုရင် အခု လတ်တလော ခေတ်စားနေတဲ့ သီချင်းတွေထဲက ဘယ်သီချင်းကို သဘောကျသလဲ။
အထက်က အကြောင်းအရာတွေကို ပြောပြနိုင်မယ် ဆိုရင် ငါလည်း ဒီထက် ပိုကောင်းတဲ့ အကြံဉာဏ်တွေ ပေးနိုင်တာပေါ့။
(စာရေးတဲ့သူ ပြောင်းသွားလို့ စိတ်မရှိပါနဲ့)
ကျေးဇူးတင်လျက်
နာမီယာကုန်စုံဆိုင် ❞
“ဒါတွေက ဘာတွေလဲ။ ဘာဖြစ်လို့ အဲဒီလို မေးခွန်းတွေကို လျှောက်မေးထားရတာလဲ”
“ကြည့်။ ပထမဆုံးအနေနဲ့ ယုန်စန္ဒာဟာ ဘယ်ခေတ်က လူလည်းဆိုတာ သိအောင် လုပ်ရမယ် မဟုတ်လား။ အဲဒီလိုမှ မသိရင် ပြောသမျှ အံချော်နေမှာပေါ့”
“ဒါဆိုလည်း ‘မင်းက ဘယ်ခေတ်ကလူလဲ’ လို့ တဲ့တိုးပဲ မေးလိုက်ပေါ့”
အဆုယာ၏ စကားသံကို ကြားသောအခါ ရှိုတာက မျက်မှောင်ကြုတ်လိုက်သည်။ “တစ်ဘက်လူအတွက်လည်း ထည့်စဉ်းစားပါဦး။ သူက ငါတို့ရဲ့ အခြေအနေကို သိတာ မဟုတ်ဘူး။ သူ့ကို အဲဒီလိုကြီး ရုတ်တရက် မေးလိုက်ရင် ငါတို့ကို ဂေါက်နေတယ်လို့ပဲ သူက ထင်သွားမှာပေါ့”
အဆုယာသည် အောက်နှုတ်ခမ်းကို အရှေ့သို့ စူလိုက်ပြီး ပါးကို လက်ဖြင့် ကုတ်နေသည်။ သူ့အနေဖြင့် ဘာမျှ ချေပနိုင်စွမ်း မရှိ။ “ဒီတော့ တစ်ဘက်က ဘယ်လို စာပြန်လာသလဲ”
ရှိုတာသည် စားပွဲပေါ်မှ စာတစ်စောင်ကို လှမ်းယူလိုက်သည်။ “မင်း ဖတ်ကြည့်”
‘ပြောလိုက်ရင် ပြီးနေတာကို’ ဟု စိတ်ထဲမှ ရေရွတ်နေရင်း စာအိတ်ထဲမှ စာကို ဆွဲထုတ်နေသည်။
❝ သို့ – နာမီယာကုန်စုံဆိုင်
အခုလို နောက်တစ်ကြိမ် စာပြန်တဲ့အတွက် ကျေးဇူးပါ ဦး။ ရှေ့က စာတစ်စောင် ဖတ်ပြီးကတည်းက ကျွန်မ ဟန်းဖုန်းနဲ့ ပတ်သက်တဲ့ အကြောင်းကို လိုက်စုံစမ်းကြည့်နေတာ။ အနီးနားမှာ ရှိတဲ့ လူတွေကိုလည်း မေးကြည့်တယ်။ ဒါပေမယ့် နားမလည်နိုင်သေးဘူး။ အဖြေကို သိပ်သိချင်တယ် ဆိုပေမယ့် ကျွန်မနဲ့ မပတ်သက်ဘူးလို့ ဦးက ပြောလာတော့လည်း ကျွန်မ ဆက် မစဉ်းစားတော့ပါဘူး။ ဦးအနေနဲ့ တစ်နေ့ကျရင် အဲဒီအကြောင်း ပြောလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီလို ဆိုရင် အရမ်း ဝမ်းသာမိမှာပဲ။
ဦး ပြောတာ မှန်ပါတယ်။ ကျွန်မတို့ ဘယ်လို လူတွေလဲ ဆိုတာ ဦးကို ပြောပြသင့်တာပေါ့။
ပထမဆုံး စာထဲမှာ ပြောခဲ့တဲ့ အတိုင်း ကျွန်မဟာ အားကစားသမား တစ်ယောက်ပါ။ သူကလည်း ကျွန်မနဲ့ အမျိုးတူတဲ့ အားကစားကို လုပ်ခဲ့ဖူးပါတယ်။ အဲဒါကြောင့်လည်း ကျွန်မတို့ သိကျွမ်းခဲ့ကြတာပေါ့။ သူလည်းပဲ တစ်ချိန်က အိုလံပစ် လက်ရွေးစင်တစ်ယောက်ပါ။ အဲဒါတွေက လွဲလို့ ကျွန်မတို့ နှစ်ယောက်စလုံးဟာ သာမန်လူတွေချည်းပါပဲ။ ကျွန်မတို့ရဲ့ တူညီတဲ့ ဝါသနာကို ပြောရရင်တော့ ရုပ်ရှင်ကြည့်တာပဲ ဖြစ်လိမ့်မယ်။ ဒီနှစ် ကျွန်မတို့ အတူကြည့်ခဲ့ကြတဲ့ ရုပ်ရှင်တွေက Superman နဲ့ Rocky II ပါ။ Alien လည်း ကြည့်ခဲ့သေးတယ်။ အတော်လေး ကြည့်လို့ကောင်းတယ်။ ဒါပေမယ့် ကျွန်မက အဲဒီလို ဇာတ်ကားမျိုးတွေကို သိပ် မကြိုက်တတ်ဘူး။
ကျွန်မတို့ သီချင်းတွေ အများကြီးကိုလည်း အတူတူ နားထောင်ကြတယ်။ အခုတလော ခံတွင်းတွေ့နေတာကတော့ Godiego နဲ့ Southern All Stars ရဲ့ သီချင်းတွေပဲ။ ‘အိတိုရှိ နော အယ်လီ’ ဆိုတဲ့ သီချင်းကလည်း သိပ်ကောင်းတာပဲနော်။
ရေးရင်း ရေးရင်းနဲ့ သူ နေမကောင်း မဖြစ်ခင်က အချိန်တွေကို ပြန်သတိရလာမိတယ်။ ကြည်နူးစိတ်နဲ့ ပိုပြီး နေသာထိုင်သာ ရှိလာတယ်။ အဲဒါကပဲ ဦးရဲ့ ရည်ရွယ်ချက်လား မသိဘူး။ ဘာပဲဖြစ်ဖြစ် အခုလို ရင်ဖွင့်ပြီး စကားစမြည် ပြောခွင့်ရတာ (အသုံးအနှုန်း ရိုင်းပျသွားရင် ခွင့်လွှတ်ပါ) ကျွန်မကို အများကြီး ခွန်အားဖြစ်စေပါတယ်။ ဖြစ်နိုင်မယ် ဆိုရင် ဦးရဲ့ ပြန်စာကို မနက်ဖြန် ဖတ်ရဖို့ မျှော်လင့်နေပါတယ်။
ယုန်စန္ဒာ ❞
“ဒီလိုလား” စာဖတ်ပြီးသောအခါ အဆုယာက ရေရွတ်နေသည်။ “Alien နဲ့ အိတိုရှိ နော အယ်လီ တဲ့။ ….. ဒါနဲ့တင် သူ ဘယ်ခေတ်ကာလကလည်း ဆိုတာ ခန့်မှန်းလို့ ရနေပြီ။ ငါတို့ အဖေအမေတွေ လူငယ်ဘဝက ဟာတွေပဲ”
ရှိုတာက ခေါင်းညိတ်နေသည်။
“စောစောက ငါ အင်တာနက်မှာ ရှာကြည့်တယ်။ ဪ … ဒါနဲ့ ဒီအခန်းထဲမှာ ဖုန်းက လိုင်းမမိဘူး။ နောက်ဖေးတံခါး ဖွင့်လိုက်ရင်တော့ မိပြီ။ အဲဒါ ထားပါတော့။ စာထဲမှာ ပါတဲ့ ရုပ်ရှင်ကား သုံးကားရဲ့ ရုံတင်တဲ့ ခုနှစ်ကို ငါ ရှာကြည့်တယ်။ အကုန်လုံး ၁၉၇၉ ခုတဲ့။ ‘အိတိုရှိ နော အယ်လီ’ ကလည်း ၁၉၇၉ မှာ ထွက်တာ”
အဆုယာက ပခုံးကို ပင့်ပြသည်။ “ကောင်းတာပေါ့။ ဒါဆို အချိန်ကို ၁၉၇၉ ခုလို့ သတ်မှတ်လို့ ရတာပေါ့”
“ဟုတ်တယ်။ အဲဒီလိုဆိုရင် ယုန်စန္ဒာ ဝင်ပြိုင်မယ် ဆိုတဲ့ အိုလံပစ်ပွဲကလည်း ၁၉၈၀ ခုနှစ်က ပွဲပဲ ဖြစ်ရတော့မှာပေါ့”
“ဟုတ်မှာပေါ့။ အဲတော့ ဘာဖြစ်လဲ”
ရှိုတာသည် မျက်တောင် မခတ်ဘဲ အဆုယာကို စိုက်ကြည့်နေသည်။ သူ၏ အကြည့်က အဆုယာ၏ ကိုယ်ကို ဖောက်ထွက်သွားတော့မည့်နှယ်။
“ဘာဖြစ်လို့လဲ” အဆုယာက မေးသည်။ “ငါ့မျက်နှာမှာ ဘာတွေ ပေနေလို့လဲ”
“ကြည့်ရတာ မင်းလည်း သိပုံ မရဘူး။ ကိုဟိုင် မသိဘူး ဆိုတာကတော့ ထားပါတော့။ မင်းကလည်း ….”
“ဘာဖြစ်လို့လဲ။ အမြန် ပြောစမ်းပါ”
ရှိုတာက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းပြီးမှ ပြောလိုက်သည်။ “၁၉၈၀ ခုနှစ် အိုလံပစ်ပွဲက မော်စကိုမြို့မှာ ကျင်းပမှာလေ။ အဲဒီ အိုလံပစ်ပွဲကို ဂျပန်က သပိတ်မှောက်ခဲ့တယ်”
(င)
အဆုယာလည်း ထိုအကြောင်းကို ကြားဖူးထားပြီး ဖြစ်သည်။ သို့သော် ၁၉၈၀ ခုနှစ်က ဖြစ်ပျက်ခဲ့သည် ဟူ၍တော့ အတိအကျ မသိ။
ထိုစဉ်က ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့၏ စစ်အေးကာလ ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ဆိုဗီယက် ယူနီယံက အာဖဂန်နစ္စတန်ကို စတင် ကျူးကျော် ဝင်ရောက်ရာမှ စတင်ခဲ့သည်။ ထိုကျူးကျော်စစ်ကို ဆန့်ကျင်သည့် အနေဖြင့် အမေရိကန်နိုင်ငံက ဦးဆောင်၍ မော်စကိုအိုလံပစ်ပွဲတွင် မပါဝင်ရန် သပိတ်မှောက်ခဲ့သည်။ အနောက်နိုင်ငံ အားလုံးလိုလိုက ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ဂျပန်နိုင်ငံက ထိုကိစ္စနှင့် ပတ်သက်ပြီး အစပိုင်းတွင် တွေဝေနေခဲ့သော်လည်း နောက်ပိုင်းတွင် အမေရိကန်တို့ဘက်မှ လိုက်၍ သပိတ်မှောက်သည့် အထဲတွင် ပါဝင်ခဲ့သည်။ ၎င်းတို့မှာ အင်တာနက်ပေါ်မှ ရှိုတာ ရှာဖွေသိရှိထားသော အချက်များ ဖြစ်သည်။ အဆုယာအနေဖြင့် ထိုမျှ တိကျသော အချက်အလက်များကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
“ဒါဆို ပြဿနာက ပြီးမသွားဘူးလား။ သူ့ကို စာရေးပြီး ပြောလိုက်။ နောက်နှစ် အိုလံပစ်ပွဲတော်ကို ဂျပန်က ဝင်ပြိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ပြိုင်ပွဲကိစ္စကို မေ့ထားလိုက်ပြီး မင်းရဲ့ ချစ်သူကိုသာ ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပေတော့လို့”
အဆုယာက ထိုသို့ ပြောလိုက်သည်တွင် ရှိုတာ၏ မျက်နှာမှာ ရှုံ့မဲ့သွားလေသည်။
“ဒီလို ကိစ္စမျိုး ရေးရင် သူများတွေက ယုံမှာ မဟုတ်ဘူး။ တကယ့် လက်တွေ့မှာလည်း သပိတ်မှောက်ဖို့ တရားဝင် မကြေညာသေးခင် အချိန်ထိ ဂျပန်ရဲ့ လက်ရွေးစင် အားကစားသမားတွေက ပြိုင်ပွဲဝင်ပြိုင်ရမယ်လို့ပဲ ယုံကြည်နေကြတာ”
“ငါတို့ဟာ အနာဂတ်က လူတွေပါလို့ သူ့ကို တဲ့တိုး ပြောလိုက်ပေါ့” အဆုယာက မျက်မှောင်ကြုတ်လိုက်သည်။ “မဖြစ်ဘူးလား”
“ငါတို့က သူ့ကို နောက်နေတယ်လို့ပဲ သူက ထင်နေမှာ”
အဆုယာက တောက်တစ်ချက် ခေါက်ပြီး စားပွဲကို လက်သီးဖြင့် ထုလိုက်သည်။
“အကြောင်းပြချက် ပေးနေစရာ လိုလို့လား” တစ်ချိန်လုံး တိတ်ဆိတ်နေသော ကိုဟိုင်အထံမှ အသံထွက်ပေါ်လာသည်။
အဆုယာနှင့် ရှိုတာတို့က သူ့ကို ပြိုင်တူ ကြည့်လိုက်သည်။
“ငါ ပြောချင်တာက …..” ကိုဟိုင်သည် နောက်စေ့ကို ကုတ်နေသည်။ “အကြောင်းအရင်း အစစ်ကို မပြောပြလည်း အရေးမကြီးဘူးလေ။ ‘လေ့ကျင့်ရေးတွေ ဝင်မနေနဲ့တော့။ နင့်ကောင်လေးကိုသာ သွားစောင့်ရှောက်ပေတော့’ လို့ တည့်တည့်သာ ပြောပစ်လိုက်။ မရဘူးလား”
အဆုယာနှင့် ရှိုတာတို့က အပြန်အလှန် ကြည့်ရင်း ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
“ဒီကောင်ပြောတာ ဟုတ်တယ်” ရှိုတာက ပြောသည်။ “ဒါဆို ပြဿနာက ပြေလည်သွားပြီ။ သူက ဘာဆက်လုပ်ရမလဲ ဆိုတာ သိချင်လို့သာ ငါတို့ရဲ့ အကြံဉာဏ်ကို တောင်းခံနေတာပဲဟာ။ ငါတို့ကို အသက်ကယ်မယ့် နောက်ဆုံး ကောက်ရိုးတစ်မျှင် အဖြစ် သူက သဘောထားမှာ။ ဒါကြောင့် အကြောင်းအရင်း အစစ်အမှန်ကို ပြောပြနေစရာ မလိုဘူး။ မင်း ကောင်လေးကို တကယ် ချစ်တယ် ဆိုရင် သူရဲ့ နောက်ဆုံးစက္ကန့်အထိ သူနဲ့ အတူ ရှိနေသင့်တယ်လို့ သူ့ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ရုံပဲ။ သူရဲ့ အတွင်းစိတ်ကလည်း အဲဒီလိုပဲ မျှော်လင့်နေမှာ”
ရှိုတာသည် ဘောပင်ကို ကောက်ကိုင်ပြီး စာရွက်ပေါ်သို့ စရေးနေလေတော့သည်။
“ဒီလိုဆို ရပြီမလား”
ပြောပြီး ရေးထားသောစာကို အဆုယာထံသို့ ထိုးပေးလိုက်သည်။ စာ၏ သဘောသွားမှာ စောစောက သူ ပြောခဲ့သော စကားများနှင့် တစ်ထပ်တည်း ဖြစ်သည်။
“ရပြီပေါ့”
“ဒါဆို ပြီးရော”
ရှိုတာသည် စာကိုကိုင်၍ နောက်ဖေးပေါက်မှ ထွက်သွားပြီး နောက်ဖေးပေါက်ကို ပိတ်လိုက်သည်။ အဆုယာက နားထောင်နေမိသည်။ ပထမဆုံး နွားနို့သေတ္တာ အဖုံးကို ဖွင့်သော အသံကို ကြားရပြီး များမကြာခင် ‘ဂွက်’ ဟူသော အဖုံးပိတ်သည့် အသံ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းလိုလိုမှာပင် ‘ဂလောက်’ ဟူသော မြေပေါ်သို့ ပစ္စည်းပြုတ်ကျသည့် အသံက ဆိုင်တံခါးဝဘက်မှ ထွက်ပေါ်လာသည်။
အဆုယာသည် ဆိုင်ခန်းထဲသို့ ဝင်သွားပြီး ယင်းလိပ်တံခါးအနီး ချထားသော စက္ကူသေတ္တာထဲသို့ ငုံ့ကြည့်လိုက်သည်။ အထဲတွင် စာတစ်စောင်။
❝ သို့ – နာမီယာကုန်စုံဆိုင်
ပြန်စာအတွက် အထူး ကျေးဇူးတင်ပါတယ်ရှင်။
ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးဆီက အခုလို ပြတ်သားတဲ့ အဖြေကို ဖတ်ရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားမိဘူး။ ဦးဆီက မရေရာတဲ့ ဝါးတားတား အဖြေမျိုးပဲ ရပြီး ကျွန်မဘာသာ ဆုံးဖြတ်ချက် ချရလိမ့်မယ်လို့ပဲ နဂိုက ကျွန်မ ယူဆနေခဲ့တာ။ ဒါပေမယ့် ဦးက အဲဒီလို ဝေ့လည်ကြောင်ပတ် လုပ်မနေခဲ့ဘူး။ ဒါကြောင့်လည်းပဲ ‘ဖြေသိမ့်ရာ နာမီယာကုန်စုံဆိုင်’ က လူအများရဲ့ ချစ်ခင်နှစ်သက်မှုနဲ့ ယုံကြည်အားထားမှုကို ခံနေရတာ ဖြစ်မယ် ထင်တယ်။
‘မင်းကောင်လေးကို တကယ် ချစ်တယ် ဆိုရင် သူရဲ့ နောက်ဆုံးစက္ကန့်အထိ သူနဲ့ အတူ ရှိနေသင့်တယ်’
အဲဒီစာကြောင်းဟာ ကျွန်မရဲ့ နှလုံးသားထဲကို ထိုးဝင်နစ်မြုပ်သွားသလိုပဲ။ သိပ်ဟုတ်တာပေါ့ရှင်။ ကျွန်မ တွေဝေနေဖို့ မသင့်တော့ဘူး။
ဒါပေမယ့် ဦးက ‘သူရဲ့ အတွင်းစိတ်ကလည်း အဲဒီလိုပဲ မျှော်လင့်နေမှာ’ လို့ ရေးခဲ့တယ်။ ကျွန်မတော့ အဲဒီလို ယူဆလို့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။
ဒီနေ့ ကျွန်မ သူနဲ့ ဖုန်းပြောဖြစ်တယ်။ ဦးရဲ့ အကြံပေးချက်အတိုင်း အိုလံပစ်ပြိုင်ပွဲကို စွန့်လွှတ်လိုက်တော့မယ်လို့ သူ့ကို ပြောပြမယ် စိတ်ကူးမိတယ်။ သူက ကျွန်မရဲ့ အတွေးတွေကို ရိပ်မိနေသလား မသိဘူး။ ကျွန်မထက် ဦးအောင် သူက ပြောလာတယ်။ “တကယ်လို့ ကို့ဆီ ဖုန်းဆက်ဖို့ အချိန်ပို ရှိနေရင် အဲဒါတွေကို လေ့ကျင့်ရေးမှာ အသုံးချဖို့ ကို ပိုပြီး မျှော်လင့်မိတယ်။ မင်းရဲ့ အသံကို ကြားရတာနဲ့ ကို စိတ်ချမ်းသာရတယ် ဆိုပေမယ့် ကိုတို့ စကားပြောနေတဲ့ အချိန်မှာပဲ ပြိုင်ဘက်တွေရဲ့ အရည်အချင်းတွေဟာ ကောင်းသထက် ကောင်းလာနိုင်တယ် ဆိုတာကို တွေးမိတိုင်း ကို့စိတ်ထဲ တနုံ့နုံ့ ခံစားနေရပြန်တယ်”
ကျွန်မစိတ်ထဲ အတော်ကြီး လေးပင်နေတယ်။ ကျွန်မသာ အိုလံပစ်ပြိုင်ပွဲကို စွန့်လွှတ်လိုက်ရင် အဲဒီစိတ်နဲ့ပဲ သူ့ရောဂါ အခြေအနေက ပိုဆိုးသွားလေမလား။ အဲဒီလို အခြေအနေမျိုး လုံးဝ မဖြစ်နိုင်ပါဘူးလို့ အာမခံချက် မရဘူး ဆိုရင်တော့ ကျွန်မ သူ့ကို ဖွင့်ပြောဖို့ ဘယ်လိုမှ သတ္တိရှိမှာ မဟုတ်ဘူး။
အဲဒီလို တွေးမိတာ ပျော့ညံ့ရာ ကျနေမလား။
ယုန်စန္ဒာ ❞
စာဖတ်ပြီးနောက် အဆုယာသည် ကျပ်ခိုးများ ပြည့်နှက်နေသော မျက်နှာကျက်ကို မော့ကြည့်နေသည်။
“စောက်ရေးမပါတာပဲ။ ဘာတုန်းဟ။ ငါတို့ ပြောတဲ့အတိုင်း မလုပ်နိုင်ဘူး ဆိုရင် အစကတည်းက အကြံဉာဏ် တောင်းမနေပါနဲ့တော့လား”
ရှိုတာက သက်ပြင်းချလိုက်သည်။
“သူ့ကိုလည်း အပြစ်ပြောလို့ မရဘူးလေ။ အနာဂတ်က လူတွေနဲ့ စာအဆက်အသွယ် လုပ်နေပါတယ်လို့ သူက သိမှ မသိဘဲဟာ”
“သူ့ကောင်လေးနဲ့ ဖုန်းပြောဖြစ်တယ် ဆိုတော့ အခုချိန်မှာ သူတို့ နှစ်ယောက်က တစ်နေရာတည်းမှာ အတူတူ မရှိကြဘူးပေါ့” ကိုဟိုင်က စာကို ကြည့်ရင်း ပြောနေသည်။ “အတော် သနားစရာ ကောင်းတာပဲ”
“သူ့ဘဲကလည်း စောက်ချိုး မပြေဘူး” အဆုယာက ပြောသည်။ “ကိုယ့်ကောင်မလေးရဲ့ ခံစားချက်ကို နည်းနည်းလေးတော့ စာနာဦးမှပေါ့။ အိုလံပစ်ပြိုင်ပွဲပဲဟာ။ အထာကြီးတဲ့ အားကစား ပြိုင်ပွဲပဲ မဟုတ်ဘူးလား။ ပြိုင်ပွဲပဲကွာ၊ ကိုယ့်ချစ်သူလောက် အရေးပါနိုင်ဦးမလား။ ကိုယ့်ချစ်သူမှာ ကုလို့ မရတဲ့ ဝေဒနာ စွဲကပ်နေတာကို ဘယ်သူက အဲဒီကိစ္စလေးအပေါ် အာရုံစိုက်နိုင်ဦးမှာတဲ့လဲ။ သူက ရောဂါသည် ဆိုပေမယ့် အဲဒီလောက် ခေါင်းမာနေဖို့ မကောင်းဘူး။ ကောင်မလေးကို စိတ်ဆင်းရဲအောင် မလုပ်သင့်ဘူး”
“အဲဒီ ကောင်လေးမှာလည်း သူ့အကြောင်းနဲ့သူ ရှိနိုင်တာပဲလေ။ အိုလံပစ်ပွဲမှာ ဝင်ပြိုင်နိုင်ရေးက ကောင်မလေးရဲ့ ရည်မှန်းချက်မှန်း သူက သိနေလို့ ကောင်မလေးရဲ့ ရည်မှန်းချက်ကို သူ့အတွက်နဲ့ မစွန့်လွှတ်စေချင်လို့လည်း ဖြစ်မှာပေါ့။ ဇွတ်တရွတ် နိုင်တယ်ပဲ ပြောပြော၊ ခေါင်းမာတယ်ပဲ ဆိုဆို၊ သူလည်း သူ့ကောင်မလေးအတွက် သူ့ကိုယ်သူ အားတင်းထားရတာပဲ”
“ငါက အဲဒါကို ကြည့်မရတာပဲ။ အဲဒီကောင်က သူ့ကြောင့်လို့ အပြောမခံချင်တာနဲ့ပဲ ခေါင်းမာနေတာလေ”
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့”
“ဟုတ်ကို ဟုတ်ရမယ်။ သူက သူ့ကိုယ်သူ စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူရဲကောင်းမကြီးစတိုင် …. အဲ မှားလို့၊ သူရဲကောင်းကြီးစတိုင် ဖမ်းနေတာ”
“ဒါဆို ပြန်စာ ဘယ်လို ရေးရမလဲ” ရှိုတာသည် စာရွက်လွတ်တစ်ရွက်ကို အရှေ့နားသို့ ရွှေ့ပြီး မေးလိုက်သည်။
“ပထမဆုံး အနေနဲ့ အဲဒီကောင်ကို အမြင်မှန်ရအောင် အရင် ပြောပြရမယ်။ တဲ့တိုးသာ ပြောလိုက်။ ပြိုင်ပွဲပဲဟာ။ ကိုယ့်ချစ်သူနဲ့ နှိုင်းယှဉ်စရာလား။ အိုလံပစ်ပွဲဆိုတာ အတော်အတန် ခမ်းနားအောင် ပြင်ဆင်ထားတဲ့ ပြိုင်ပွဲပဲ။ ဘာမဟုတ်တဲ့ ပွဲအတွက် ချစ်သူကို စွန့်လွှတ်ရမှာ တန်လို့လား”
ရှိုတာ၏ လက်ထဲမှ ဘောပင်သည် လှုပ်ရှားခြင်း မရှိ။ မျက်မှောင်ကြုတ်လျက်သာ ထိုင်နေသည်။
“အဲဒီလို စကားမျိုးကို ယုန်စန္ဒာက ပြောထွက်ပါ့မလား”
“ပြောမထွက်လည်း ပြောရမှာပဲ။ မဟုတ်ရင် ဘယ်ဘုရားမှ ကယ်နိုင်မှာ မဟုတ်ဘူး”
“အဲဒီလို စကားမျိုးကြီး မပြောပါနဲ့ကွာ။ သူသာ ပြောထွက်ခဲ့မယ်ဆိုရင် အခုလို စာရေးလာမှာတောင် မဟုတ်ဘူး”
အဆုယာက လက်နှစ်ဘက်ဖြင့် ဆံပင်ကို ဖွနေသည်။ “စောက်လုပ်ကို ရှုပ်တယ်”
“သူ့အစား သူများကို ပြောခိုင်းရင်ရော” ကိုဟိုင်က ဝင်ပြောသည်။
“သူ့အစား? ဘယ်သူ့ကို ပြောခိုင်းမှာလဲ” ရှိုတာက မေးသည်။ “သူ့ကောင်လေးရဲ့ ရောဂါအခြေအနေကို ဘယ်သူ့မှ အသိပေးထားတာ မဟုတ်ဘူး”
“အဲဒီလို ဆိုပေမယ့်လည်း မိဘတွေကို မပြောပြရင် ဘယ် ကောင်းပါ့မလား။ တကယ်လို့ ပြောပြလိုက်ရင် အားလုံးက သူရဲ့ ခံစားချက်ကို စာနာနိုင်တာပေါ့”
“ဟုတ်တယ်” အဆုယာကပါ ဝင်ထောက်ခံလိုက်သည်။ “ဘယ်သူ့ဘက်က မိဘတွေပဲ ဖြစ်ဖြစ်ပေါ့။ သူရဲ့ ရောဂါအခြေအနေကို ပြောပြလိုက်ဖို့ပဲ။ ဒါဆို ယုန်စန္ဒာကို ဘယ်သူကမှ အိုလံပစ် ပြိုင်စေချင်မှာ မဟုတ်တော့ဘူး။ ရှိုတာ၊ အဲဒီလိုပဲ ရေးကွာ”
“အင်း … ကောင်းပြီလေ” ပြောရင်း ရှိုတာသည် ဘောပင်ကို ကောက်ကိုင်လိုက်သည်။
ရေးထားသော ပြန်စာမှာ အောက်ပါအတိုင်း ဖြစ်သည်။
❝ မင်းရဲ့ အတွင်းစိတ်ထဲမှာ မတင်မကျ ဖြစ်နေမယ် ဆိုတာကို ငါ ကိုယ်ချင်းစာ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ငါ့ကို ယုံပါ။ အညာခံလိုက်ရတယ်လို့ သဘောထားချင်လည်း ထားပေါ့။ ငါပြောတဲ့အတိုင်းသာ လုပ်ပါ။
ပွင့်ပွင့်လင်းလင်း ပြောရရင် သူ မှားနေတယ်။
ပြိုင်ပွဲတစ်ပွဲပဲဟာ။ အိုလံပစ်ပွဲတော် ဆိုပေမယ့်လည်း ပုံကြီးချဲ့ထားတဲ့ ပြိုင်ပွဲတစ်ပွဲပဲ မဟုတ်ဘူးလား။ အဲဒီကိစ္စအတွက်ကြောင့် ကိုယ့်ချစ်သူနဲ့ အတူ ရှိနေခွင့်ရမယ့် အများကြီး မကျန်တော့တဲ့ အချိန်ကာလတွေကို ဖြုန်းတီးပစ်တာဟာ မိုက်မဲရာ ကျမနေဘူးလား။ ဒါကို သူ ကောင်းကောင်း နားလည်ဖို့ လိုတယ်။
ဖြစ်နိုင်မယ်ဆိုရင် ငါကိုယ်တိုင် မင်းအစား သူ့ကို အဲဒီစကားတွေ ပြောပြလိုက်ချင်တယ်။ ဖြစ်မှ မဖြစ်နိုင်ဘဲလေ။
ဒါကြောင့် အခုကိစ္စကို မင်းရဲ့ ဒါမှမဟုတ် သူ့ရဲ့ မိဘတွေကို ပြောပြပါ။ သူရဲ့ ရောဂါအခြေအနေကို သူတို့ သိသွားပြီးရင် သူတို့ အားလုံး မင်းဘက်က ရပ်တည်ပေးကြမှာပဲ။
ထပ်ပြီး တွေဝေ မနေပါနဲ့တော့။ အိုလံပစ်ကို မေ့ပစ်လိုက်။ ငါ မင်းကို ဒုက္ခရောက်အောင် မလုပ်ပါဘူး။ ငါ ပြောတဲ့အတိုင်းသာ လုပ်။ နောက်နောင်ကျရင် ငါ့စကားအတိုင်း လုပ်ခဲ့မိလို့ မင်း ဝမ်းသာနေရလိမ့်မယ်။
နာမီယာကုန်စုံဆိုင် ❞
စာကို နွားနို့သေတ္တာထဲ ထည့်ပြီးနောက် ရှိုတာသည် နောက်ဖေးတံခါးပေါက်မှ ပြန်ရောက်လာသည်။ “သူ့ကို ဒီလောက် အထပ်ထပ် အခါခါ ပြောထားပြီးပြီပဲ။ ဒီတစ်ခါတော့ အဆင်ပြေလောက်ပါပြီ”
“ကိုဟိုင်” အဆုယာက ဆိုင်တံခါးမဘက်သို့ လှမ်းအော်နေသည်။ “ပြန်စာ ရောက်ပြီလား”
“ဟင့်အင်း၊ ထူးတော့ ထူးနေပြီ” ရှိုတာက ဇဝေဇဝါဖြင့် ပြောသည်။ “အရင်ကဆိုရင် ချက်ချင်း ရောက်လာတာပဲ။ နောက်ဖေးပေါက် မပိတ်တာနဲ့များ ဆိုင်နေမလား” သူသည် ထိုင်ခုံမှ ထရပ်လိုက်သည်။ သေချာအောင် အနောက်ဘက်သို့ သွားစစ်ကြည့်တော့မည့် ပုံမျိုး။
ထိုစဉ် “လာပြီဟေ့” ဟု ကိုဟိုင်သည် ဆိုင်အတွင်းမှ အော်လိုက်သည်။ ထို့နောက် စာတစ်စောင်ကိုင်ပြီး ရောက်လာသည်။
❝ သို့ – နာမီယာကုန်စုံဆိုင်
ဦးဆီကို စာမရေးဖြစ်တာတောင် အတော် ကြာသွားခဲ့ပြီ။ ကျွန်မ ယုန်စန္ဒာပါ။ စာမပြန်ဖြစ်တာ တစ်လလောက်တောင် ရှိသွားပြီ။ တောင်းပန်ပါတယ်ရှင်။
ပထမကတော့ ဦးဆီ စာပြန်မလို့ပါပဲ။ ဒါပေမယ့် အနီးကပ် စခန်းသွင်း လေ့ကျင့်ဖို့ အချိန်ရောက်လာလို့ စာမပြန်နိုင်တော့ဘူး။
အဲဒါက အကြောင်းပြချက်လည်း ဖြစ်ကောင်း ဖြစ်မယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ဘာပြန်ရေးရမှန်း မသိဘူး ဖြစ်နေခဲ့တယ်။
ဦးရဲ့ စာပေါ်မှာ ‘သူမှားနေတယ်’ ဆိုတဲ့ စကားလုံးကို ဖတ်လိုက်ရတော့ ကျွန်မ အံ့အားသင့်သွားခဲ့တယ်။ သူဟာ ခုတင်ပေါ် လဲနေတဲ့ အရေးပေါ် လူနာတစ်ယောက် ဖြစ်နေပေမယ့် ဦးအနေနဲ့ သူ့လုပ်ရပ်ကို မှားတယ်လို့ ယူဆထားရင် ဘာကိုမှ ငဲ့ညာမနေဘဲ မှားတဲ့အကြောင်း တဲ့တိုး ညွှန်ပြရဲတာ တွေ့ရတော့ ဦးရဲ့ ပြတ်သားတဲ့ သတ္တိဟာ ကျွန်မကို ကျောချမ်းသွားစေတာ အမှန်ပဲ။
‘ပြိုင်ပွဲတစ်ပွဲပဲဟာ။ အိုလံပစ်ပွဲတော် ဆိုပေမယ့်လည်း ပုံကြီးချဲ့ထားတဲ့ ပြိုင်ပွဲတစ်ပွဲပဲ မဟုတ်ဘူးလား။’ အဲဒီအတိုင်း ဦး ရေးခဲ့တယ်နော်။ အဲဒီလို ဟုတ်ကောင်း ဟုတ်မှာပေါ့လေ။ ဟင့်အင်း။ အဲဒါက အမှန်တရားတစ်ခု ဖြစ်နေမလားပဲ။ တကယ်တော့ ကျွန်မတို့ ဦးနှောက်ခြောက်နေတဲ့ ကိစ္စဟာ လက်တွေ့ဘဝမှာ ဘာမှ မပြောပလောက်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ချင် ဖြစ်နေမှာ။
ဒါပေမယ့် အဲဒီလို စကားမျိုးကို ကျွန်မ ဘယ်လိုနည်းနဲ့မှ ပြောမထွက်ခဲ့ဘူး။ အပြင်လူတစ်ယောက်အတွက် ဘာမှ မပြောပလောက်ဘူး ဆိုတာ ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် သူနဲ့ ကျွန်မဟာ ဒီအားကစား ပြိုင်ပွဲလေးအတွက် အရိုးကြေကြေ အရေခန်းခန်း ကြိုးစားခဲ့ကြဖူးတာလေ။
သူရဲ့ ရောဂါအခြေအနေအကြောင်း ကျွန်မတို့ရဲ့ နှစ်ဘက်မိဘတွေကို အနှေးနဲ့အမြန်တော့ အသိပေးရမှာပဲ။ ဒါပေမယ့် အခုချိန် ပြောလို့ မဖြစ်သေးဘူး။ သူ့နှမက မီးဖွားပြီးတာ မကြာသေးဘူး။ သူ့မိဘတွေက အခုမှ မင်္ဂလာယူကောင်းတုန်း ရှိကြသေးတာ။ သူ့မိဘတွေကို စိတ်ချမ်းချမ်းသာသာနဲ့ အချိန်တစ်ခုထိ နေသွားစေချင်သေးတယ်တဲ့လေ။ သူ့ရဲ့ ခံစားချက်ကို ကျွန်မ အပြည့်အဝ နားလည်ပေးနိုင်ပါတယ်။
အခု အနီးကပ် ထရိန်နင် ဆင်းနေတုန်း ကျွန်မ သူ့ဆီကို မကြာခဏ ဖုန်းဆက်ဖြစ်တယ်။ ကျွန်မရဲ့ စခန်းသွင်း လေ့ကျင့်ရေးအကြောင်းကို ပြောပြနေတဲ့ အချိန်မှာဆိုရင် သူ အရမ်း ဝမ်းသာနေတာပဲ။ သူ ဟန်ဆောင်ပန်ဆောင် လုပ်ပြနေတာ မဟုတ်ဘူး ဆိုတာကို ကျွန်မ ခံစားလို့ရတယ်။
ဒါပေမယ့် ကျွန်မအနေနဲ့ အိုလံပစ်ပြိုင်ပွဲကို မေ့ပစ်လိုက် သင့်တယ် ထင်တယ်။ ပြိုင်ပွဲကို စွန့်လွှတ်လိုက်ပြီး သူ့ကိုပဲ ကိုယ်ဖိရင်ဖိ စောင့်ရှောက်သင့်သလားပဲ။ ဒါကလည်း သူ ကောင်းဖို့ အတွက်ပဲလေ၊ မဟုတ်ဘူးလား။
ကျွန်မဖြင့် တွေးရင်းတွေးရင်းနဲ့ ရူးချင်လာပြီ။
ယုန်စန္ဒာ ❞
အဆုယာသည် အားရပါးရ အော်ဆဲပစ်လိုက်ချင်သည်။ ထိုစာကို ဖတ်ရင်း ဖတ်ရင်းနှင့် ရင်ထဲမှ ဒေါသများ တလိပ်လိပ် တက်လာနေကြသည်။
“ဘာတုန်းဟ၊ ဒီစောက်ကောင်မက။ ရပ်လိုက်ပါတော့လို့ သူ့ကို ပြောထားတာကိုပဲ အနီးကပ် ထရိန်နင်က ဆင်းနေလိုက်သေးတယ်။ ထရိန်နင် ဆင်းနေတုန်း ဟိုကောင် သေသွားရင် ဘယ်နှယ့် လုပ်မလဲ”
“သူ့ကောင်လေးက စောင့်ကြည့်နေမှတော့ ထရိန်နင် မဆင်းချင်လည်း ဆင်းရတော့မှာပဲလေ” ကိုဟိုင်က မပွင့်တပွင့် ပြောသည်။
“ထရိန်နင်းဆင်းလည်း နောက်ဆုံးတော့ ခွန်အားတွေ အလဟဿ ဖြုန်းတီးပစ်ရာ ရောက်နေတော့မှာပဲ။ ‘တွေးရင်းတွေးရင်းနဲ့ ရူးချင်လာပြီ’ လို့ သူမို့လို့ ရေးရဲတယ်။ ငါတို့မှာဖြင့် ဒီလောက် အပင်ပန်းခံပြီး စဉ်းစားပေးထားရတာ။ သူကတော့ ဘာမှကို အရေးမလုပ်ဘူး”
“သူ့ကို ဒဏ်ရာရအောင် တမင် လုပ်ခိုင်းရင်ရော” ကိုဟိုင်က ပြောသည်။ “တကယ်လို့ ဒဏ်ရာရပြီး အိုလံပစ် မဝင်ရရင် သူ့ကောင်လေးလည်း ဘာမှ မတတ်နိုင်တော့ဘူး။ လက်ခံရတော့မှာပဲ”
“အေးဟ၊ အဲဒါ အလုပ်ဖြစ်နိုင်တယ်”
အဆုယာက သဘောတူသည်။ သို့သော် ရှိုတာကတော့ သဘောကျဟန် မပြ။
“အဲဒီလို လုပ်လို့ မဖြစ်ဘူး။ ကောင်လေးရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တာနဲ့ ဘာထူးတော့မလဲ။ ယုန်စန္ဒာက အဲဒီလို မလုပ်ရက်လို့ပဲ ဒီလောက် စိတ်ဆင်းရဲနေတာပေါ့”
အဆုယာက မျက်မှောင်ကြုတ်လိုက်သည်။ “မျှော်လင့်တာ မမျှော်လင့်တာနဲ့၊ စောက်လုပ်ကို ရှုပ်တယ်။ မျှော်လင့်ချက်ထားစရာ အိုလံပစ်တစ်ခုတည်း ရှိတာမှ မဟုတ်တာ”
ထိုစကားကို ကြားပြီး ရှိုတာသည် မျက်လုံးများ ပြူးကျယ်သွားသည်။ တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားနေသည့်ဟန်။
“သိပ် ဟုတ်တာပေါ့။ မျှော်လင့်ချက် ထားစရာ အိုလံပစ်တစ်ခုတည်း ရှိတာမှ မဟုတ်တာ။ ဒါကို သူနားလည်အောင် လုပ်မှ ဖြစ်မယ်။ ပြီးတော့ အဲဒီ အိုလံပစ်အိပ်မက်ကို ကောင်းကောင်း အစားထိုးနိုင်မယ့် တခြား မျှော်လင့်ချက်တစ်ခု ဖန်တီးပေးရမယ်။ ဥပမာ …..” သူက ခဏတာ စဉ်းစားလိုက်ပြီး ဆက်ပြောသည်။ “ကလေး”
“ကလေး?”
“ကိုယ်ဝန်ကို ပြောတာ။ သူ့မှာ ကိုယ်ဝန် ရှိနေပြီလို့ ကောင်လေးကို ပြောခိုင်းလိုက်လေ။ အဲဒီ ကောင်လေးနဲ့ ရတဲ့ ကိုယ်ဝန်ဆိုတာတော့ ပြောစရာ မလိုဘူးပေါ့ကွာ။ ဒါဆိုရင် အိုလံပစ်ပွဲကိုလည်း စွန့်လွှတ်ရတော့မယ်။ တကယ်လို့ ကိုယ်ပိုင် ကလေးတစ်ယောက် ပိုင်ဆိုင်တော့မယ်လို့ မျှော်လင့်ချက် ရှိလာခဲ့ရင် ဆက်လက် ရှင်သန်ဖို့ သူ့အတွက် ခွန်အားတွေလည်း ရလာနိုင်တယ်”
အဆုယာသည် ထိုအကြံကို ဦးနှောက်ထဲတွင် ဆင်ခြင်သုံးသပ် ကြည့်နေသည်။ တစ်ခဏ အကြာတွင်မှ သူသည် လက်ခုတ်တီးကာ အားပေးထောက်ခံလေသည်။ “ရှိုတာ၊ မင်း အတော် အကြံပိုင်တဲ့ကောင်ပဲ။ အဲဒီအတိုင်း လုပ်ကွာ။ လုံးဝရှယ်ပဲ။ အဲဒီကောင်လေးက ၆ လပဲ ခံတော့မှာ မဟုတ်လား။ ဒါဆို အလိမ်ပေါ်စရာလည်း အကြောင်း မရှိတော့ဘူး”
ရှိုတာက “အင်း” ဟုဖြေပြီး စားပွဲရှေ့ ထိုင်လိုက်သည်။
‘ဒီတစ်ခါတော့ အဆင်ပြေလောက်ပြီပေါ့’ အဆုယာက တွေးနေသည်။ သူ့ကောင်လေး၏ ရောဂါအခြေအနေကို စတင် ရိပ်စားမိသော အချိန်ကာလကို မသိရှိထားသော်လည်း ရရှိထားပြီးသော စာများအရ ဆိုလျှင် သိပ်ကြာဦးမည် မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။ ထိုအချိန် မတိုင်ခင်က သူတို့သည် သာမန် နေရိုးနေစဉ် အတိုင်းသာ နေထိုင်သွားမည် ဖြစ်သောကြောင့် လိင်ဆက်ယှက်မှုများလည်း ဖြစ်ပွားခဲ့မည်မှာ သေချာသည်။ သန္ဓေတားခြင်း သုံးခဲ့သည် ဆိုဦးတော့။ ၁၀၀% တားဆီးနိုင်ခြင်းမျိုး မဟုတ်ရကား နည်းအမျိုးမျိုးဖြင့် ယုတ္တိတန်အောင် ပြောနိုင်သည်သာ။
ထိုစာကို နွားနို့သေတ္တာထဲသို့ ထည့်လိုက်ပြီးနောက် စာထည့်ပေါက်မှ ကျလာသော ပြန်စာတွင် အောက်ပါအတိုင်း ရေးထားသည်ကို တွေ့ရသည်။
❝ သို့ – နာမီယာကုန်စုံဆိုင်
ဦးရဲ့ စာကို ဖတ်ပြီးသွားပါပြီ။ လုံးဝ ထင်မှတ်မထားတဲ့ ဦးရဲ့ အကြံပေးချက်က ကျွန်မကို အင်မတန် အံ့အားသင့်စေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဦးကို ချီးကျူးနေမိတယ်။ ဟုတ်ပါတယ်။ အိုလံပစ်အစား သူ့ကို တခြား မျှော်လင့်ချက်တစ်ခုနဲ့ အစားထိုးပေးခြင်းဟာလည်း အသုံးတည့်နိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။ တကယ်လို့ ကျွန်မမှာ ကိုယ်ဝန်ရှိနေတယ်လို့ သူသိသွားရင် အိုလံပစ်ပွဲအတွက်နဲ့ ကျွန်မကို ကိုယ်ဝန်ဖျက်ချခိုင်းမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက် မွေးဖွားလာဖို့ပဲ သူ မျှော်လင့်မှာ။
ဒါပေမယ့် ဒီအစီအစဉ်မှာ ပြဿနာတချို့ ရှိနေတယ်။ ပထမဆုံးအနေနဲ့ ပြောရရင်တော့ ကိုယ်ဝန်ဆောင်တဲ့ အချိန်ပေါ့။ သူနဲ့ကျွန်မ နောက်ဆုံးတစ်ကြိမ် အတူအိပ်ခဲ့ကြတာဟာ လွန်ခဲ့တဲ့ သုံးလကျော်လောက်ကပါ။ အခုချိန်ကျမှ ကိုယ်ဝန်ရှိနေပြီလို့ ပြောလိုက်ရင် နည်းနည်း သဘာဝ မကျသလို ဖြစ်နေတယ်။ တကယ်လို့ သူက ကျွန်မကို သက်သေတောင်းခံလာရင် ကျွန်မ ဘယ်လို လုပ်ရပါ့မလဲ။
သူက ယုံတယ်ပဲ ထားဦး။ ဒီကိစ္စမျိုးက သူ့မိဘတွေကိုလည်း အသိပေးရဦးမှာလေ။ ကျွန်မရဲ့ မိဘတွေကိုရောပေါ့။ နောက်တော့ ဆွေမျိုးသားချင်းနဲ့ သူငယ်ချင်းတွေ အကြားလည်း ပျံ့နှံ့သွားဦးမှာ။ ဒါပေမယ့် ကျွန်မ အမှန်တကယ် ကိုယ်ဝန် မရှိဘူး ဆိုတဲ့အကြောင်းကို သူတို့ သိသွားလို့လည်း မဖြစ်ပြန်ဘူး။ အသိပေးပြန်ရင်လည်း ကျွန်မက ဘာဖြစ်လို့ အဲဒီလို ညာပြောရသလဲ ဆိုတာကိုပါ ရှင်းပြနေရတော့မှာ။
ကျွန်မက ဟန်ဆောင်တတ်တဲ့သူမျိုး မဟုတ်ဘူး။ လိမ်ပြီးလည်း မပြောတတ်ဘူး။ ကျွန်မ ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေ အားလုံးက ကျွန်မကိုယ်ဝန်ရလို့ ပျော်ရွှင်နေကြတဲ့ အချိန်မှာ ကျွန်မဘက်က ပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်မယ်လို့ ကျွန်မမှာ ယုံကြည်မှု မရှိဘူး။ အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ ဗိုက်က ကြီးမလာဘူး ဆိုရင်လည်း အတော် ထူးဆန်းစရာ ဖြစ်နေပြီ။ ဒါကြောင့် ထိုက်သင့်တဲ့ ပြင်ဆင်မှုတွေကလည်း လုပ်ရဦးတော့မယ်။ ကျွန်မ အထင်တော့ မကြာခင် အလိမ်ပေါ်ကုန်မှာပဲ။
နောက်ထပ် အရေးကြီးတဲ့ ပြဿနာတစ်ခုလည်း ရှိသေးတယ်။ တကယ်လို့ သူရဲ့ ရောဂါအခြေအနေက အကောင်းဘက် သမ်းပြီး အချိန်ဆွဲထားနိုင်ခဲ့ရင် မီးဖွားချိန် ရောက်လာတဲ့အချိန်ထိ သူ ရှိကောင်း ရှိနေနိုင်တယ်။ အချိန်တန်လို့မှ ကလေးမမွေးရင် ကျွန်မ ညာခဲ့သမျှ ဘူးပေါ်သလို ပေါ်သွားမှာပဲ။ သူ ကျွန်မအပေါ် စိတ်ပျက်သွားမယ့် မျက်နှာအမူအရာမျိုးကို မြင်ယောင်မိတိုင်း ကျွန်မရင်ထဲမှာ တဆစ်ဆစ် နာကျင်ရပါတယ်။
ဦးရဲ့ အကြံက အင်မတန်မှ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်မ ပြောခဲ့တဲ့ အထက်က အကြောင်းအရင်းတွေကြောင့် ကျွန်မ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။
မစ္စတာ နာမီယာ၊ ကျွန်မအတွက် ဦးနှောက်အခြောက်ခံပြီး စဉ်းစားပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ တစ်ကြိမ်မကတဲ့ ဦးရဲ့ အကြံပေးချက်တွေအတွက် ကျွန်မရဲ့ အတွင်းစိတ်ထဲကနေ အင်မတန်မှ ကျေနပ် ဝမ်းမြောက်မိပါတယ်။ ဒါပေမယ့် ကျွန်မ နားလည်မိတာ တစ်ခုက ဒီလိုကိစ္စမျိုးဟာ ကာယကံရှင်ကိုယ်တိုင် အဖြေရှာရမယ့် ပြဿနာတစ်ခု ဆိုတာပါပဲ။ ဒီစာကို မပြန်ပါနဲ့တော့။ ဦးကို စိတ်ဒုက္ခတွေ ပေးမိမယ်ဆိုရင် ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ်။
ယုန်စန္ဒာ ❞
“ဘာလဲဟ” အဆုယာသည် စာကို တစ်ဘက်သို့ ပစ်ချပြီး ဆတ်ခနဲ ကောက်ထလိုက်သည်။ “စာတွေ အဲဒီလောက် အများကြီး အပြန်အလှန် ရေးပြီးတော့မှ နောက်ဆုံးကျတော့ စာမပြန်ပါနဲ့တော့တဲ့။ အဲဒါ ဘာအဓိပ္ပာယ်လဲ။ အဲဒီကောင်မက အစကတည်းက ငါတို့ရဲ့ အကြံဉာဏ်ကို အမှန်တကယ် လိုချင်တာရော ဟုတ်ရဲ့လားလို့ ငါ သံသယ ဝင်မိတယ်။ ငါတို့ ပြောသမျှ ဘာတစ်ခုမှ အဖက်လုပ်ခဲ့တာ မဟုတ်ဘူး”
“ဒါပေမယ့် သူပြောတာလည်း မမှားဘူးလေ။ အဲဒီလိုကြီး အချိန်ပြည့် ဟန်ဆောင်နေလို့ တကယ့် လက်တွေ့မှာလည်း လွယ်မှ မလွယ်တာ” ကိုဟိုင်က ပြောသည်။
“မင်း ဘာနားလည်လို့လဲ။ အခုဟာက သူ့ကောင်လေးရဲ့ သေရေးရှင်ရေး ကိစ္စလေကွာ။ ပေါ့ပေါ့တန်တန် ပြောလို့ ဘယ်ရမလဲ။ တကယ်လို့သာ စိတ်ပါလက်ပါနဲ့ အားသွန်ခွန်စိုက် လုပ်ရင် မဖြစ်နိုင်ဘူးဆိုတဲ့ ကိစ္စ ရှိဦးမှာလား” အဆုယာသည် မီးဖိုခန်းထဲရှိ ထမင်းစား စားပွဲရှေ့တွင် သွားထိုင်သည်။
“အဆုယာ၊ မင်း ပြန်စာရေးမလို့လား။ လက်ရေးမတူဘဲ ဖြစ်နေဦးမယ်” ရှိုတာက မေးလိုက်သည်။
“ဘာဖြစ်လဲကွာ။ ငါ ပြောချင်တာကို ပြောရမှ ဖြစ်မယ်။ အောင့်မထားနိုင်တော့ဘူး”
“ကောင်းပြီလေ။ အဲဒါဆို မင်းပြော၊ ငါ ရေးပေးမယ်” ရှိုတာသည် အဆုယာ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
❝ သို့ – ယုန်စန္ဒာ
မင်း ဦးနှောက်ရော မှန်သေးရဲ့လား။ မဖြေချင် မဖြေပါနဲ့။ မင်း မဖြေလည်း ငါသိပြီးသားပါ။
ဘာဖြစ်လို့ ငါ ပြောခဲ့သမျှ အကြံကောင်း ဉာဏ်ကောင်းတွေကို လိုက်မလုပ်ချင်ရတာလဲ။
မင်းကို ဘယ်နှခါပြောမှ မင်း နားလည်နိုင်မှာလဲ။ အိုလံပစ်ကို မေ့ပစ်လိုက်စမ်းပါကွာ။
မင်း ဘယ်လောက်ပဲ ကြိုးစားပြီး လေ့ကျင့် လေ့ကျင့်၊ အိုလံပစ်ပွဲမှာ ဝင်ပြိုင်ချင်တာဟာ အဓိပ္ပာယ်ကို မရှိတာပဲ။
မင်း ပါခွင့် ရမှာကို မဟုတ်ဘူး။ ဒါကြောင့် မေ့ပစ်လိုက်စမ်းပါ။ အချိန်ဖြုန်းနေရုံ သက်သက်ပဲ။
ဟိုဟာ လုပ်ရနိုးနိုး၊ ဒီဟာ လုပ်ရနိုးနိုး၊ တွေဝေနေတာဟာလည်းပဲ ကိုယ့်ရဲ့ ခွန်အားနဲ့ အချိန်ကို ဖြုန်းတီးနေခြင်း တစ်မျိုးပဲ။ မင်း အဲဒီလောက်မှ အားနေရင် သူနဲ့သာ အဲဒီအချိန်ကို သုံးပစ်လိုက်စမ်းပါ။
မင်း အိုလံပစ်ပွဲကို စွန့်လွှတ်လိုက်ရင် သူက စိတ်ဆင်းရဲမှာတဲ့လား။ စိတ်ဆင်းရဲပြီး ရောဂါ အခြေအနေ ဆိုးရွားလာနိုင်တယ်တဲ့လား။
နောက်မနေစမ်းပါနဲ့။ အိုလံပစ် တက်ခွင့်မရတာ ဘယ်လောက် ကြီးကျယ်တဲ့ ကိစ္စမို့လို့လဲ။
အခုခေတ် ကမ္ဘာကြီးပေါ်မှာ စစ်မီးတွေ တဟုန်းဟုန်း ထနေတာ။ အိုလံပစ် ဝင်ပါခွင့် မရတဲ့ နိုင်ငံတွေမှ ဒုနဲ့ဒေးပဲ။ ဂျပန်ကလည်း မသိချင်ယောင် ဆောင်နေလို့ ဖြစ်မှာ မဟုတ်ဘူး။ ငါ ဘာပြောချင်တယ်ဆိုတာ မင်း မကြာခင် နားလည်လာပါလိမ့်မယ်။
ဒါပေမယ့် ထားပါတော့လေ။ မင်းသဘောနဲ့မင်းသာ လုပ်ချင်ရာ လုပ်ပေတော့။ မင်းဆန္ဒအတိုင်း လုပ်ပြီးမှ အားရပါးရ နောင်တရပေတော့။
နောက်ဆုံးတစ်ခွန်းတော့ ပြောလိုက်ဦးမယ်။ မင်းဟာ စောက်ရူးပဲ။
နာမီယာကုန်စုံဆိုင် ❞
(စ)
ရှိုတာက ဖယောင်းတိုင်း အသစ်တစ်ချောင်းကို မီးညှိလိုက်သည်။ မျက်စိက အမှောင်နှင့် အသားကျနေသောကြောင့် ဖြစ်မည် ထင်သည်။ ဖယောင်းတိုင် အနည်းငယ် ထွန်းရုံဖြင့် တစ်ခန်းလုံးကို ကောင်းကောင်း မြင်နေရသည်။
“စာ မလာတော့ဘူးလား” ကိုဟိုင်က တီးတိုးပြောလိုက်သည်။ “အရင်ကဆို ဒီလောက် စောင့်စရာ မလိုဘူး။ သူ စာမပြန်တော့ဘူး ထင်တယ်”
“စာ မပြန်လောက်တော့ဘူး ထင်တယ်” ရှိုတာက သက်ပြင်းချရင်း ပြောနေသည်။ “ကိုယ့်ကို ပက်ပက်စက်စက် အပြောခံလိုက်ရတာဆိုတော့ စိတ်ပျက်ရင် ပျက်၊ မပျက်ရင်လည်း ဒေါကန်နေမှာ သေချာတယ်။ ဘယ်လိုပဲ တုံ့ပြန် တုံ့ပြန်၊ သူ စာရေးဖို့ စိတ်ပါမှာ မဟုတ်တော့ဘူး”
“ဘာအဓိပ္ပာယ်တုန်း။ မင်းက ငါ့ကို အပြစ်တင်နေတာပေါ့” အဆုယာက ရှိုတာကို ပြူးကြည့်နေသည်။
“ငါ အဲဒီလို မပြောပါဘူး။ တကယ်တော့ ငါရဲ့ အတွေးက မင်းနဲ့ အတူတူပဲ။ နည်းနည်းလေး ဖိပြောပေးမှ ကောင်းမယ်လို့ ယူဆတာပဲ။ ဒါပေမယ့် ပြောသင့်တာတွေလည်း ပြောပြီးနေပြီ။ သူ စာမပြန်တော့လည်း ငါတို့က ဘာတတ်နိုင်မှာလဲ။ မဟုတ်ဘူးလား”
“….. အဲဒီလို လုပ်ပါ” အဆုယာက မျက်နှာလွှဲလိုက်သည်။
“ဒါပေမယ့် …. သူ ဘယ်လို နေနေမလဲ မသိဘူးနော်” ကိုဟိုင်က ပြောသည်။ “ဆက်ပြီးပဲ စခန်းသွင်း လေ့ကျင့်နေမလား။ ပြီးတော့ အိုလံပစ် လက်ရွေးစင်အဖြစ် အရွေးခံရမှာလား။ နောက်ပိုင်း ဂျပန်နိုင်ငံက အဲဒီလောက် အရေးပါတဲ့ အိုလံပစ်ပွဲကို သပိတ်မှောက်လိုက်တာဆိုတော့ သူ အရမ်းပဲ တုန်လှုပ်သွားမယ် ထင်တယ်”
“အဲဒီလို ဖြစ်သွားလည်း သူ့အပြစ်နဲ့ သူပဲ။ ငါတို့ ပြောတဲ့စကားမှ နားမထောင်တာ” အဆုယာက ဒေါသသံ နှော၍ ပြောသည်။
“သူ့ကောင်လေးရော ဘယ်လို ဖြစ်သွားသလဲ မသိဘူး။ ဘယ်အချိန်ထိ အသက်ရှင်နိုင်မလဲ မသိဘူး။ ဂျပန်အစိုးရက အိုလံပစ်ပွဲကို သပိတ်မှောက်ကြောင်း ထုတ်ပြန်ကြေညာတဲ့ နေ့အထိ နေနိုင်ပါ့မလား”
အဆုယာသည် ငြိမ်သက်နေသည်။ တိတ်ဆိတ်မှုက တစ်ခန်းလုံးကို အုပ်မိုးနေသည့် အလား။
“ဟေ့ … ဒီလိုကြီး ဘယ်လောက်ကြာကြာ နေဦးမှာလဲ” အဆုယာက ရုတ်တရက် မေးလိုက်သည်။ “နောက်ဖေးတံခါးကို ပြောတာ။ ဒီလိုကြီး အမြဲ ပိတ်ထားရင် အချိန်ကလည်း ရွေ့လျားမှာ မဟုတ်တော့ဘူး”
“ဒါပေမယ့် တံခါးကို ဖွင့်လိုက်ရင် အတိတ်နဲ့ အဆက်အသွယ် ပြတ်သွားမှာပေါ့။ သူဘက်က စာထည့်လိုက်တယ်ပဲ ထားဦး။ ဒီကို ရောက်လာမှာ မဟုတ်တော့ဘူး” ရှိုတာက အဆုယာကို လှည့်ကြည့်သည်။ “ဘယ်လို လုပ်မလဲ”
အဆုယာသည် အောက်နှုတ်ခမ်းကို ကိုက်ပြီး လက်ဆစ်များကို ချိုးနေသည်။ ဘယ်ဘက် လက်ချောင်း ငါးချောင်းစလုံး စုံအောင် ချိုးပြီးသောအခါ သူသည် ကိုဟိုင်ကို လှမ်းကြည့်သည်။ “ကိုဟိုင်၊ နောက်ဖေးတံခါးကို သွားဖွင့်လိုက်”
“ကောင်းပါ့မလား” ရှိုတာက မေးသည်။
“တော်ပြီကွာ။ အဲဒီ ယုန်စန္ဒာဆိုတဲ့ ဟာမကို မေ့ထားလိုက်တော့။ မဟုတ်လည်း ငါတို့နဲ့ ဘာမှမှ မဆိုင်ဘဲ။ ကိုဟိုင်၊ မသွားသေးဘူးလား”
“အင်း” ကိုဟိုင်သည် ပြောရင်း မတ်တတ်ထရပ်သည်။
ထိုစဉ် ‘ဘုတ်၊ ဘုတ်’ ဟူသော အသံက ရှေ့တံခါးဘက်မှ ထွက်ပေါ်လာသည်။
သုံးယောက်စလုံး ငြိမ်သက်သွားပြီး တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် အားလုံးပြိုင်တူ အရှေ့တံခါးဆီသို့ စိုက်ကြည့်နေမိသည်။
အဆုယာသည် ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး ဆိုင်ထဲသို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်သွားသည်။ ရှိုတာနှင့် ကိုဟိုင်တို့လည်း အနောက်မှ လိုက်လာသည်။
ထိုစဉ် ‘ဘုတ်၊ ဘုတ်’ ဟူသော အသံ ထပ်မြည်လာသည်။ တစ်ဦးတစ်ယောက်က ယင်းလိပ်တံခါးကို ရိုက်ပုတ်နေသည့် အသံ။ ဆိုင်အတွင်းတွင် လူရှိမရှိ အကဲခတ်သည့် သဘောမျိုး။ အဆုယာသည် ရပ်တန့်လိုက်ပြီး အသက်အောင့်ထားသည်။
တစ်ခဏအကြာတွင် စာထည့်ပေါက်မှ စာတစ်စောင် ထွက်ကျလာသည်။
❝ သို့ – နာမီယာကုန်စုံဆိုင်
မစ္စတာနာမီယာ ဒီမှာ နေသေးလား မသိဘူးနော်။ အကယ်၍ ဒီမှာ မနေတော့ဘူးဆိုရင် ဒီစာကို လက်ခံတဲ့သူအနေနဲ့ ကျေးဇူးပြုပြီး စာကို ဆက်မဖတ်တော့ဘဲ မီးရှို့ဖျက်ဆီးပေးပါလို့ တောင်းပန်ပါရစေရှင်။ အထဲမှာ ရေးထားတဲ့ စာတွေဟာ လူကြီးမင်းအတွက် အရေးမပါသလို ဘာမှလည်း အကျိုးရှိမှာ မဟုတ်ပါဘူး။
ဒီအောက်က စာသားတွေဟာ မစ္စတာနာမီယာကို ရည်ရွယ်ပြီး ရေးထားခြင်း ဖြစ်ပါတယ်ရှင်။
ဦးဆီ မဆက်သွယ်မိတာလည်း အတော်ကြာသွားပြီ။ ကျွန်မကို မှတ်မိပါဦးမလား မသိဘူး။ ကျွန်မက ဦးဆီကို အကြိမ်ပေါင်းများစွာ စာရေးဆက်သွယ်ခဲ့တဲ့ ယုန်စန္ဒာပါ။ နေ့ကိုလစား ဆိုသလိုပဲ မျက်စိတစ်မှိတ် အတွင်းမှာပဲ ခြောက်လတောင် ကြာသွားခဲ့ပြီ။ ဦးရော နေကောင်းရဲ့လား။
အတိတ်ကို တွေးမိတိုင်း ဦးကို ကျေးဇူးတင်နေမိတာပါ။ ဦးက ကျွန်မကို မေတ္တာကရုဏာအပြည့်နဲ့ အကြံဉာဏ်တွေ ပေးခဲ့တယ်။ ကျွန်မတစ်သက်တော့ မေ့နိုင်မယ် မထင်တော့ဘူး။ ဦးရဲ့ စာတစ်စောင်စီတိုင်းမှာ ဦးရဲ့ စေတနာတွေက ထင်ဟပ်နေခဲ့ပါတယ်။
ဦးကို ကျွန်မအနေနဲ့ ပြောပြချင်တဲ့ အချက် နှစ်ချက် ရှိပါတယ်။
ပထမအချက်ကိုတော့ ဦးလည်း သိနေပြီး ဖြစ်မှာပါ။ ဂျပန်အစိုးရက အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ကြောင်း တရားဝင် ကြေညာခဲ့တယ်လေ။ ကျွန်မကိုယ်ကျွန်မ တတ်နိုင်သလောက် အားတင်းထားပေမယ့် သူတို့ တရားဝင် ကြေညာချက် ထုတ်တဲ့ အချိန်တုန်းက ကျွန်မ အတော်လေး တုန်လှုပ်သွားခဲ့တယ်။ ကျွန်မကို လက်ရွေးစင်အဖြစ်နဲ့ အရွေးမခံခဲ့ရပေမယ့် အရွေးခံခဲ့ရတဲ့ သူငယ်ချင်းတွေကိုယ်စား စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပဲ။
နိုင်ငံရေးနဲ့ အားကစား …. ဘယ်လိုမှကို မပတ်သက်တဲ့ ကိစ္စနှစ်ခုပဲ။ ဒါပေမယ့် နိုင်ငံ အချင်းချင်း ပဋိပက္ခ ဖြစ်လာပြီ ဆိုရင်တော့ အားလုံးဟာ ဒွေးရောယှက်တင် ပတ်သက်သွားကြတာပဲနော်။
ဒုတိယအချက်ကတော့ ကျွန်မရဲ့ ချစ်သူ အကြောင်းပါ။
သေခြင်းတရားနဲ့ အဆက်မပြတ် စစ်ခင်းနေရတဲ့ သူဟာ ဒီနှစ် ၂ လပိုင်း ၁၅ ရက်နေ့ကပဲ ဆေးရုံမှာ ဆုံးရှာပါတယ်။ အဲဒီအချိန်က အခန့်သင့်ပဲ ကျွန်မ အားနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ကျွန်မ ဆေးရုံကို အမီ သွားနိုင်ခဲ့တယ်။ သူ့လက်ကို မြဲမြဲဆုပ်ကိုင်ရင်း သူရဲ့ နောက်ဆုံးအချိန်ကို အဖော်ပြုပေးနိုင်ခဲ့တယ်။
သူ ကျွန်မကို နောက်ဆုံး ပြောခဲ့တဲ့ စကားတစ်ခွန်းက “ငါ့ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးတဲ့အတွက် ကျေးဇူးပါပဲ” တဲ့။
သူ့ဘဝရဲ့ နောက်ဆုံး အချိန်အထိ အိုလံပစ်ဝင်ပြိုင်မယ့် ကျွန်မရဲ့ ရုပ်ပုံကို မြင်ယောင်နေတုန်းပဲ။ ကျွန်မ ထင်တယ်။ အဲဒါက သူ အသက်ဆက် ရှင်သန်နိုင်ဖို့အတွက် တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်လိမ့်မယ်။
ဒါကြောင့် သူရဲ့ နာရေးကိစ္စတွေ စီမံပြီးတာနဲ့ ကျွန်မ လေ့ကျင့်ရေးစခန်းကို အမြန် ပြန်သွားခဲ့တယ်။ လက်ရွေးစင်ရွေးမယ့် ပြိုင်ပွဲကလည်း အတော်လေး နီးကပ်နေပြီ။ အရေးကြီးဆုံး အချက်ကတော့ အဲဒီ နောက်ဆုံး အခွင့်အရေးမှာ သူ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်မ အစွမ်းကုန် ကြိုးစားချင်တယ်။
ရလဒ်ကို စောစောကလည်း ပြောခဲ့ပြီးပါပြီ။ နိုင်ငံ့လက်ရွေးစင်အဖြစ် ကျွန်မ အရွေးမခံခဲ့ရဘူး။ အရည်အချင်း မပြည့်မီလို့ပေါ့။ ဒါပေမယ့် ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့တာပဲ။ ဒါကြောင့် ကျွန်မ စိတ်မပျက်ခဲ့ပါဘူး။
လက်ရွေးစင်အဖြစ် အရွေးခံရတယ်ပဲ ထားဦး။ နောက်ဆုံးတော့လည်း အိုလံပစ်ကို ဝင်ပြိုင်ခွင့် ရမှာမှ မဟုတ်ဘဲ။ ဒါပေမယ့် အဲဒီအတွက်နဲ့ ဒီတစ်နှစ်အတွင်းမှာ ကျွန်မ ချခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တ မရမိပါဘူး။
ဒီအချိန်မှာ အဲဒီလို စိတ်ထားနိုင်တာကလည်း ဦးရဲ့ ကျေးဇူးကြောင့်ပါ။
ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးဆီကို စာ စရေးကတည်းက ကျွန်မရဲ့ အတွင်းစိတ်မှာ အိုလံပစ်ပွဲကို စွန့်လွှတ်ချင်နေခဲ့ပြီ။ ကိုယ်ချစ်တဲ့ သူရဲ့ အနားမှာ သူရဲ့ နောက်ဆုံးအချိန်ထိ အဖော်ပြုပြီး စောင့်ရှောက်ပေးနေချင်လို့ ဆိုတဲ့ အကြောင်းအရင်းကြောင့်ပေါ့။ ဒါပေမယ့် အဲဒါက တစ်ခုတည်းသော အကြောင်းအရင်းတော့ မဟုတ်ဘူး။
အဲဒီအချိန်က ကျွန်မဟာ ထရိန်နင်မှာ အကြီးအကျယ် စိတ်ဓာတ် ကျနေခဲ့တယ်။ ကျွန်မ ဘယ်လောက်ပဲ အားစိုက် အားစိုက် ရလဒ်က ပိုကောင်းမလာခဲ့ဘူး။ ကျွန်မရဲ့ စွမ်းရည်တွေဟာ အကန့်အသတ် ရှိနေတယ်လို့ နေ့စဉ် နေ့တိုင်းပဲ စိတ်ပူပန်နေခဲ့တယ်။ ပြိုင်ဖက်နဲ့ ယှဉ်ပြိုင်နေရတာကိုလည်း ငြီးငွေ့လာပြီ။ ပြီးတော့ အိုလံပစ်မှာ ဝင် ပြိုင်ခွင့်မရမှာကို စိုးကြောက်တဲ့ ဖိအားကိုလည်း သည်းမခံနိုင်တော့ဘူး။ ကျွန်မ အဲဒါတွေ အားလုံးကနေ ရှောင်ပြေးချင်ခဲ့တယ်။
အဲဒီလို အချိန်မျိုးမှာပဲ သူ့ ရောဂါအခြေအနေကို ကျွန်မတို့ သိခဲ့ရတယ်။
ကျွန်မ အမှန်အတိုင်း ဝန်ခံပါရစေ။ အဲဒီသတင်းဟာ ကျွန်မအတွက် ခက်ထန်တဲ့ ပြိုင်ဆိုင်မှုတွေကြားကနေ ရှောင်ထွက်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုပဲလို့ ကျွန်မ မြင်မိခဲ့တယ်။ ကိုယ်ရဲ့ ချစ်သူတစ်ယောက်ဟာ အခုလို ကုသမရနိုင်တဲ့ ရောဂါဆိုးနဲ့ ရင်ဆိုင်နေရပြီဆိုရင် သူ့ကို ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပေးရမယ် ဆိုတာ ဓမ္မတာပဲလေ။ ဒီအတွက် ဘယ်သူကမှ ကျွန်မကို ပြစ်တင် ကဲ့ရဲ့နေမှာ မဟုတ်ဘူး။ ဒီထက် ပိုအရေးကြီးတာက အဲဒီလို ဆုံးဖြတ်ထားတဲ့ ကျွန်မကိုယ်ကို ကျွန်မကိုယ်တိုင် ခွင့်လွှတ်ပေးနိုင်တယ်။
ဒါပေမယ့် သူက ကျွန်မရဲ့ ပျော့ကွက်ကို သတိထားမိသွားတယ်။ ဒါကြောင့်လည်း ဘာအကြောင်းပြချက်နဲ့မှ အိုလံပစ်ကို မစွန့်လွှတ်ရဘူး။ သူရဲ့ အိပ်မက်ကို မချေဖျက်ပစ်ပါနဲ့လို့ သူ ကျွန်မကို အမြဲတမ်း ပြောနေခဲ့တယ်။ သူ နဂိုက အဲဒီလို ခေါင်းမာတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။
ကျွန်မ ဘယ်လို ဆက်လုပ်ရမှန်း မသိတော့ဘူး။ ကျွန်မ သူ့ကို ပြုစုချင်တယ်။ အိုလံပစ်ပွဲကနေ ရှောင်ပြေးချင်တယ်။ သူရဲ့ အိပ်မက်ကိုလည်း အကောင်အထည် ဖော်ပေးချင်တယ်။ အဲဒီ အကြောင်းအရာတွေ အားလုံးဟာ ကျွန်မ ခေါင်းထဲမှာ ရှုပ်ထွေးနေကြပြီး နောက်ဆုံး ကိုယ့်ဘာသာကိုယ် ဘာလိုချင်လို့ ဘာဖြစ်ချင်မှန်းတောင် မသိတော့ဘူး။
အဲဒီ စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေတုန်းမှာပဲ ကျွန်မ ဦးဆီကို ပထမဆုံး စာတစ်စောင် စရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်မ စာထဲမှာ အမှန်အတိုင်း ပြောမပြခဲ့မိဘူး။ အတွင်းစိတ်ထဲမှာ အိုလံပစ်ကနေ ရှောင်ထွက်ပြေးချင်တဲ့ အမှန်တရားကို ဖုံးဖိထားခဲ့မိတယ်။
ဒါပေမယ့် မစ္စတာနာမီယာက ကျွန်မ ကလိမ်ကကျစ် ကျနေခဲ့တာတွေကို လွယ်လွယ်နဲ့ပဲ ရိပ်စားမိခဲ့တယ် မဟုတ်လား။
ကျွန်မတို့ အကြိမ်အနည်းငယ် စာအသွားအပြန် လုပ်ပြီးတဲ့နောက်မှာ ဦးက ပြတ်ပြတ်သားသားပဲ ကျွန်မကို ပြောခဲ့တယ်။ “မင်းကောင်လေးကို တကယ် ချစ်တယ် ဆိုရင် သူရဲ့ နောက်ဆုံးစက္ကန့်အထိ သူနဲ့ အတူ ရှိနေသင့်တယ်” အဲဒီစာကြောင်းကို ဖတ်လိုက်ရတဲ့ အချိန်မှာ ကျွန်မရဲ့ ခေါင်းကို သံတူတစ်ချောင်းနဲ့ အထုခံလိုက်ရသလို အဲဒီစကားလုံးတွေက ကျွန်မ ဦးနှောက်ထဲကို ဆောင့်ဝင်လာခဲ့တယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်က ဖြူမှ မဖြူစင်ဘဲကော။ ကျွန်မဟာ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကနေ ရှောင်ပြေးဖို့ ကောက်ကျစ်စွာ၊ မိုက်မဲစွာ၊ အရုပ်ဆိုးစွာ ကြိုးစားနေခဲ့တာကိုး။
အဲဒီနောက်လည်း ဦးက တိကျပြတ်သားတဲ့ အကြံဉာဏ်တွေကို အဆက်အပြတ် ပေးနေခဲ့တယ်။
“ပြိုင်ပွဲတစ်ပွဲပဲဟာ။ အိုလံပစ်ပွဲတော် ဆိုပေမယ့်လည်း ပုံကြီးချဲ့ထားတဲ့ ပြိုင်ပွဲတစ်ပွဲပဲ မဟုတ်ဘူးလား”
“တွေဝေနေလည်း အပိုပဲ။ အခုပဲ သူ့ဆီ သွားလိုက်တော့”
သိပ် အံ့ဩဖို့ ကောင်းတာပဲ။ ဦးက ဘာဖြစ်လို့ အဲဒီလောက် ယုံကြည်ချက်အပြည့်နဲ့ ပြတ်ပြတ်သားသား ပြောနိုင်ရတာလဲ။ ကျွန်မ နောက်ပိုင်းမှ နားလည်လာတယ်။ ဦးက ကျွန်မကို စမ်းသပ်နေတာပဲ။
တကယ်လို့ အိုလံပစ်ကို မေ့ပစ်လိုက်ဖို့ ဦးက ကျွန်မကို တိုက်တွန်းခဲ့တာမှာ ကျွန်မက လွယ်လွယ်နဲ့ လက်ခံလိုက်မယ် ဆိုရင် ကျွန်မရဲ့ ရင်ထဲမှာ အိုလံပစ်ဟာ ဘာမှ အရေးမပါဘူးလို့ ဝန်ခံလိုက်ရာ ရောက်သွားတယ်။ ဒါဆို ကျွန်မအနေနဲ့ ထရိန်နင်း ဆင်းနေတာတွေကို စွန့်လွှတ်လိုက်ပြီး သူ့ကိုပဲ ကိုယ်ဖိရင်ဖိ ပြုစုနေသင့်တော့တာ။ ဒါပေမယ့် ဦးက ကျွန်မကို ထပ်ကာ ထပ်ကာ စွန့်လွှတ်ဖို့ ပြောနေပေမယ့် ကျွန်မ ဆုံးဖြတ်ချက်ကို ဘယ်လိုမှ မချနိုင်ခဲ့ဘူး။ ဒါက ဘာကို ဆိုလိုသလဲဆိုတော့ အိုလံပစ်ပွဲ အပေါ်မှာ ထားတဲ့ ကျွန်မရဲ့ သံယောဇဉ်ဟာ အတော်ကို ခိုင်မာနေတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။
အဲဒီလို စဉ်းစားမိလိုက်တော့ ကျွန်မ အမှန်တရားတစ်ခုကို မျက်ဝါးထင်ထင် တွေ့မြင်လာတယ်။
ကျွန်မရဲ့ အတွင်းစိတ်ဟာ အိုလံပစ်ပွဲတော်ကို စိတ်ညွတ်နေတုန်းပဲ။ အဲဒါက ကျွန်မရဲ့ ကလေးဘဝ ကတည်းက အိပ်မက်လေ။ ကျွန်မ ဘယ်လိုမှ လွယ်လွယ်နဲ့ စွန့်ပစ်နိုင်မယ် မထင်ဘူး။
တစ်နေ့မှာ ကျွန်မ သူ့ကို ပြောခဲ့တယ်။
“ငါ ဘယ်သူ့ထက်မဆို မင်းကို ပိုချစ်တယ်။ မင်းနဲ့ တစ်သက်လုံး အတူ နေသွားချင်တယ်။ ပြိုင်ပွဲကို စွန့်လွှတ်လိုက်လို့ မင်းရဲ့ ကျန်းမာရေး ပြန်ကောင်းလာမယ်ဆိုရင် ငါ တစ်ချက်ကလေးမှ တွေဝေမနေဘဲ စွန့်လွှတ်ပစ်လိုက်မှာပဲ။ အဲဒီလိုမျိုးမှ မဟုတ်ဘူးဆိုရင် ငါ့ရဲ့ အိပ်မက်ကို ဆက်ပြီး အကောင်အထည် ဖော်သွားချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ အဆက်မပြတ် ကြိုးစားနေမှသာလျှင် ငါဟာ ရှင်သန်ရကျိုး၊ လူဖြစ်ရကျိုး နပ်နေမှာ။ မင်းက အဲဒီလို ပုံစံမျိုးနဲ့ ရှင်သန်နေတဲ့ ငါ့ကိုမှ ချစ်တာ မဟုတ်လား။ ငါ မင်းကို တစ်စက္ကန့်လေးမှ မေ့မရခဲ့ဘူး။ ဒါပေမယ့် ငါရဲ့ အိပ်မက်ကို ဆက်လက် အကောင်အထည် ဖော်ခွင့်ပေးပါ”
အဲဒီစကားကို ကြားပြီးတဲ့နောက်မှာ သူဟာ ခုတင်ပေါ် လဲလျောင်းနေရင်းက မျက်ရည်ဖြိုင်ဖြိုင် ကျနေခဲ့တယ်။ သူ ကျွန်မကို ပြောတယ်။
“ငါ မင်းဆီက အဲဒီစကားကို စောင့်နေခဲ့တာ ကြာလှပြီ။ ငါ့အတွက်နဲ့ မင်း စိတ်ဆင်းရဲနေတာ မြင်ရတော့ ငါ အတော် စိတ်မကောင်းဘူး။ ကိုယ်သိပ်ချစ်တဲ့ လူရဲ့ အိပ်မက်ကို စွန့်လွှတ်ခိုင်းဖို့ ဆိုတာ ငါ့အတွက်တော့ သေလိုက်ရတာထက် ပိုခံစားရတယ်။ ငါတို့ တစ်နေရာစီမှာ ခွဲနေကြရပေမယ့် ငါတို့နှလုံးသားတွေဟာ အမြဲတမ်း အတူတူ ရှိနေခဲ့ပါတယ်။ မင်း ဘာမှ တွေဝေ မနေပါနဲ့။ ကိုယ့်အိပ်မက်ကို ဘာ အပူအပင်မှ မရှိဘဲ မဆုတ်မနစ် အကောင်အထည် ဖော်နေတဲ့ မင်းကိုပဲ ငါ မြင်ချင်တယ်”
အဲဒီနေ့ကစပြီး ကျွန်မ ထပ်ပြီး မတွေဝေတော့ဘူး။ ထရိန်နင်တွေထဲမှာပဲ ပြန်ပြီး စိတ်နှစ်ထားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အနားမှာ နေနေခြင်းဟာ သူ့ကို စောင့်ရှောက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူးဆိုတာကို ကျွန်မ သဘောပေါက်လာခဲ့တယ်။
အဲဒီရက်ပိုင်းတွေမှာပဲ သူ လူ့လောကထဲကနေ ထွက်ခွာသွားခဲ့တယ်။ “ငါရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်” ဆိုတဲ့ သူရဲ့ နောက်ဆုံးစကားကို ကျေကျေနပ်နပ်ကြီး ပြောနေတာ မြင်ရတော့ အဲဒါဟာ ကျွန်မအတွက် အကြီးမား ဆုလဒ်ကြီး တစ်ခုပါပဲ။ အိုလံပစ်ပြိုင်ပွဲမှာ ဝင်မပါလိုက်ရဘူး ဆိုပေမယ့် ရွှေတံဆိပ်ဆုထက် ပိုပြီး တန်ဖိုးကြီးတဲ့ အရာကို ကျွန်မ ရခဲ့ပြီးပါပြီ။
မစ္စတာနာမီယာ၊ ကျွန်မ ဦးကို ရင်ထဲက နှစ်နှစ်ကာကာ ကျေးဇူးတင်ပါတယ်။ တကယ်လို့ ဦးနဲ့ စာအဆက်အသွယ် မလုပ်ခဲ့ဘူးဆိုရင် ကျွန်မဟာ ဘဝမှာ အရေးပါဆုံး အရာတစ်ခုကို ဆုံးရှုံးသွားနိုင်တယ်။ အဲဒီအတွက် တစ်ဘဝလုံး ယူကျုံးမရ ဖြစ်နေတော့မှာ။ ဦးရဲ့ အမြင်စူးရှမှုအတွက် ကျွန်မ ဦးကို မလေးစားဘဲ မနေနိုင်ဘူး။ ကျေးဇူး မတင်ဘဲလည်း မနေနိုင်ဘူး။
ဦး ဒီမှာ နေချင်မှ နေတော့မှာပဲ။ ဒါပေမယ့် ဒီစာကို လက်ခံရရှိပါစေလို့ ကျွန်မ ဆုတောင်းနေမိပါတယ်။
ယုန်စန္ဒာ ❞
ရှိုတာနှင့် ကိုဟိုင်တို့ နှစ်ယောက်စလုံး ငြိမ်သက်နေကြသည်။ မည်သို့ ပြောရမည်မှန်း မသိကြခြင်း ဖြစ်ပေမည်ဟု အဆုယာ တွေးနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ထိုကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။
‘ယုန်စန္ဒာ’၏ နောက်ဆုံး ပြန်စာသည် သူတို့ လုံးဝ မျှော်လင့်မထားသော စာမျိုး ဖြစ်နေသည်။ သူသည် အိုလံပစ်လက်ရွေးစင်တစ်ယောက် ဖြစ်ဖို့အတွက် လက်မလျှော့ခဲ့။ အဆုံးအစွန်ထိ ကြိုးစားခဲ့သော်လည်း လက်ရွေးစင်အဖြစ် အရွေးချယ် မခံခဲ့ရသည့်အပြင် ဂျပန်နိုင်ငံအနေဖြင့် ပြောရလျှင် အိုလံပစ်ပွဲဆိုသည်မှာ ရှိပင် မရှိခဲ့ချေ။ သို့သော် ထိုကိစ္စအတွက် သူ နောင်တမရ။ ရွှေတံဆိပ်ထက် များစွာ ပိုတန်ဖိုးရှိသော အရာကို သူ ရရှိခဲ့သည်ဟု သူ ခံယူနေသည်။ ထို့အတွက်လည်း ရင်ထဲ အသည်းထဲမှ ကြည်နူးဝမ်းမြောက်နေခဲ့သည်။
ထို့ပြင် ထိုသို့ ဖြစ်ခဲ့ရသည်မှာ မစ္စတာနာမီယာ၏ ကူညီဖေးမပေးမှုကြောင့်ဟု သူ ယူဆနေပြန်သည်။ အဆုယာတို့ လူစုက စိတ်ဆိုးမာန်ဆိုးဖြင့် ရေးချခဲ့သော စာများသည် သူ့အတွက် လမ်းကြောင်းမှန်ကို ညွှန်ပြပေးခဲ့သည်ဟု ယုံကြည်နေသည်။ သူတို့ကို ကျီစယ်လှောင်ပြောင်လို၍ ရေးခဲ့ခြင်းလော။ ထိုသို့သော ရည်ရွယ်ချက်ဖြင့် ထိုမျှ ရှည်လျားသော စာတစ်စောင်ကို မည်သူမျှ ရေးသားမည် မဟုတ်ချေ။
အပြုံးတစ်ခုက အဆုယာ၏ မျက်နှာပေါ်တွင် ထပ်ဟပ်လာသည်။ ဟားတိုက် ရယ်ပစ်လိုက်ချင်စိတ်များ တဖွားဖွား ပေါ်လာကြသည်။ အဆုယာ၏ ရင်ထဲတွင် လှိုက်လှိုက်တက်လာပြီး မကြာခင်ပင် အသံထွက်အောင် အော်ရယ်နေမိတော့သည်။
“မင်းက ဘာဖြစ်ရတာလဲ” ရှိုတာက မေးသည်။
“အင်မတန်မှ ရယ်စရာကောင်းတယ်လို့ မင်း မထင်ဘူးလား။ အဲဒီကောင်မက အတော် ကြောင်တာပဲ။ အိုလံပစ်ကို မေ့ပစ်လိုက်ဖို့ ငါတို့က အသည်းအသန် ပြောတာကိုပဲ သူ့သဘောနဲ့သူ နားလည်ချင်သလို နားလည်ပစ်လိုက်တယ်။ အားလုံးဟာ အဆင်ပြေပြေ ဖြစ်လာတော့ ငါတို့ကို ကျေးဇူးတင်နေပြန်ရော။ ပြီးတော့ ရေးထားသေးတယ်။ ‘ဦးရဲ့ အမြင်စူးရှမှုအတွက် ကျွန်မ ဦးကို မလေးစားဘဲ မနေနိုင်ဘူး’ တဲ့။ ဟား ဟား ဟား ဟား။ ငါတို့ဆီမှာ အဲဒါတွေ ဘယ်ကလာ ရှိရမှာလဲကွာ”
ရှိုတာက စပ်ဖြဲဖြဲနှင့် ပြန်ပြောသည်။ “ဒါပေမယ့် အဆင်ပြေသွားဖို့ အရေးကြီးတာပဲ မဟုတ်လား”
“အေးလေ။ ငါကတော့ စိတ်ထဲ အတော် ကျေနပ်နေမိတယ်” ကိုဟိုင်က ပြောသည်။ “ငါ အရင်က ဘယ်သူ့ကိုမှ ကူပြီး ပြဿနာ ဖြေရှင်းပေးခဲ့ဖူးတာ မဟုတ်ဘူး။ ရမ်းတုတ်လို့ မှန်သွားတယ်ပဲ ပြောပြော။ ကိုယ့်ကို အကူအညီ တောင်းခံလာလို့ ကူညီပေးလိုက်ရတာ အင်မတန်မှ ဝမ်းသာစရာ ကောင်းတာပဲ။ အဆုယာ၊ မင်းရော အဲဒီလို မခံစားရဘူးလား”
အဆုယာသည် မျက်မှောင်ကြုတ်ပြီး သူ၏ နှာသီးဖျားကို ပွတ်နေသည်။ “အင်း … စိတ်ပျက်စရာလို့တော့ မခံစားရဘူး”
“တွေ့လား။ အဲဒီလိုပဲ ဖြစ်ရမှာပေါ့”
“ဒါပေမယ့် ငါကတော့ အဲဒီလောက် ဝမ်းမသာနိုင်ဘူး။ ဒီကိစ္စကို ဒီမှာပဲ တော်ကြဦးစို့။ အခု နောက်ဖေးတံခါးကို ဖွင့်ထားသင့်ပြီ။ အခုတိုင်းသာ ဆက်ပိတ်ထားရင် အချိန်က ဘယ်တော့မှ ကုန်မှာ မဟုတ်တော့ဘူး” အဆုယာသည် နောက်ဖေးတံခါးဆီသို့ သွားနေသည်။
သူသည် နောက်ဖေးတံခါး လက်ကိုင်ကို ကိုင်လိုက်ပြီး တံခါးဖွင့်ရန် ဟန်ပြင်နေစဉ်မှာပင် ရှိုတာထံမှ အသံထွက်ပေါ်လာသည်။ “ခဏနေဦး”
“ဘာတုန်း”
ရှိုတာက ပြန်မဖြေဘဲ အိမ်ရှေ့ ဆိုင်ဘက်ဆီသို့ ထွက်သွားသည်။
“ဘာဖြစ်တာလဲ” အဆုယာက ကိုဟိုင်ကို မေးလိုက်သည်။ သူကလည်း ဘာမှန်း မသိကြောင်း ခေါင်းခါ၍ ပြသည်။
မကြာခင် ရှိုတာသည် မီးဖိုချောင်ထဲသို့ ပြန်ရောက်လာသည်။ စိတ်မကြည်လင်သော မျက်နှာထားက သူ့ထံတွင် ပေါ်လွင်နေသည်။
“ဘာဖြစ်ရပြန်တာလဲ” အဆုယာက မေးသည်။
“လာပြန်ပြီ” ရှိုတာက ပြောရင်း ညာဘက်လက်ကို ဖြည်းဖြည်းချင်း လှုပ်ယမ်းပြသည်။ “ကြည့်ရတာ နောက်ထပ်တစ်ယောက် ရေးလာတာ ဖြစ်မယ် ထင်တယ်”
သူ၏ လက်ထဲတွင် အညိုရောင် စာအိတ်တစ်လုံးကို ကိုင်ထားလျက်။