အဲဒီနေ့က နိရှိယာမာနဲ့အတူ အနီးအနားမှာ ရှိတဲ့ ပန်းခြံလေးတစ်ခုထဲမှာ ထမင်းအတူ စားခဲ့ကြတယ်။
အစကတော့ နေ့လယ်စာ အတူစားရအောင် ဆိုပြီး ချိန်းလိုက်တယ် ထင်တာပဲ။ အတိအကျတော့ ကျွန်မလည်း ကောင်းကောင်း မမှတ်မိတော့ဘူး။
ဘာအလုပ်မှ လုပ်စရာ မရှိတာနဲ့ အပေါ်ထပ်မှာ လတ်လျားလတ်လျား ဖြစ်နေခဲ့တယ်။ စောစောကလေးတင် အဝတ်အစားတွေကို လက်နဲ့ လျှော်ဖွပ်ပြီး နေလှန်းထားခဲ့တာ။ ဝတ်စရာ အဝတ်အစား မကျန်တော့တာနဲ့ မတတ်နိုင်တဲ့အဆုံး လက်နဲ့ လျှော်လိုက်ရတာပဲ။ လုပ်စရာ ရှိတာတွေ လုပ်ပြီးလို့ ထိုင်ခုံမှာ ထိုင်ပြီး သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။ အဲဒီ အချိန်လောက်မှာပဲ နိရှိယာမာက ဆိုင်မဖွင့်ခင် လုပ်စရာ ရှိတာ၊ ပြင်ဆင်စရာ ရှိတာတွေကို လုပ်ကိုင်လို့ နေတယ်။ ခဏနေတော့ အောက်ထပ်ကနေ သူ ကျွန်မကို လှမ်းခေါ်တယ်။
“ဟေ့ … မီမီ”
“အင်း၊ ပြောလေ”
“နေ့လယ်စာ မစားရသေးဘူး မဟုတ်လား”
“အင်း၊ မစားရသေးဘူး”
“ငါလည်း မစားရသေးဘူး။ အတူတူ သွားစားရအောင်လေ”
“ကောင်းသားပဲ”
တကယ်တော့ ကျွန်မက သိပ်ကို သတ္တိနည်းတဲ့လူပါ။ အိမ်အပြင်ကို ထွက်တဲ့အခါတိုင်းမှာ ကျွန်မ အမြဲတမ်း စိုးရိမ်ပြီး တွေးပူနေတတ်တယ်။ လမ်းမှာ ဟိုလူတွေနဲ့တွေ့ရင် ဘယ်နှယ့် လုပ်ရပါ့မလဲပေါ့။ ဒါပေမယ့် အနားမှာ နိရှိယာမာ ရှိနေရင်တော့ စိတ်ချရပါတယ်။ ဒါနဲ့ပဲ အိမ်အပြင် ထွက်ချင်စိတ်တွေ ပြင်းပြလာတော့တယ်။
အပေါ်ကနေ ဂျက်ကတ်တစ်ထည် ထပ်ဝတ်လိုက်ပြီး အလှပြင်မနေတော့ဘဲ ပိတ်ဖျင်ဘိနပ်တစ်ရန်နဲ့ အိမ်အပြင် ထွက်လာခဲ့တယ်။
ဆောင်းဦးရာသီရဲ့ မိုးကောင်းကင်က မှန်အကြည်တစ်ချပ်လို ထွင်းဖောက်မြင်နိုင်တဲ့ အရောင်အဆင်းမျိုုးနဲ့ အရာရာကို ကောင်းကင်ပြင်မှာ တစ်သားတည်း ဖြစ်သွားအောင် စိမ့်ဝင်ရောယှက်သွားစေတယ်။ ဘယ်ကိုပဲ ကြည့်ကြည့် မှုန်တိမှုန်ဝါး ဖြစ်နေတာကြောင့် တိကျပြတ်သားတဲ့ ခံစားမှုမျိုးကိုတော့ ရနိုင်မှာ မဟုတ်ဘူး။ သောင်မတင် ရေမကျ ဖြစ်နေတဲ့ ကျွန်မအတွက်တော့ နူးညံ့တဲ့ နှစ်သိမ့်မှုတစ်ခု ရလိုက်သလိုပါပဲ။
လျှောက်ရင်း လျှောက်ရင်းနဲ့ ခန္ဓာကိုယ်ကလည်း နေရောင်ကြောင့် နွေးထွေးလာတယ်။
ဒီလိုအချိန်၊ ဒီလိုရာသီဥတုမျိုးက အလောတော်ပဲ။
“ရာသီဥတုက ကောင်းလိုက်တာ။ ပန်းခြံထဲမှာ သွားစားရအောင်လား”
နိရှိယာမာက အားတက်သရော အကြံပြုတယ်။
ဒါနဲ့ ပန်းခြံအရှေ့မှာ ရှိတဲ့ ဘာဂါဆိုင်မှာ စားစရာ သောက်စရာတွေကို ဝယ်ခြမ်းပြီး ပန်းခြံထဲက မြက်ခင်းပြင်ပေါ်မှာ ထိုင်စားကြတယ်။ အာလူးချောင်းကြော်ရယ်၊ ဟော့ဒေါ့ရယ်၊ မုန့်ချိုတွေရယ်၊ ပြီးတော့ ကော်ဖီရယ်။ များလွန်းလို့ စားလို့ ကုန်ပါ့မလားတောင် စိတ်ပူရတယ်။ အထုပ်ကြီးကြီး တစ်ထုပ်ပဲ။ ကုန်ကျစရိတ်ကိုတော့ တစ်ယောက်တစ်ဝက် မျှခံကြတာပေါ့။
သာယာတဲ့ ရာသီဥတုရယ်၊ ဆော်သွေးနေတဲ့ လေနုအေးလေးရယ်၊ ရွှေဝါရောင် လင်းလက်နေတဲ့ နေခြည်နွေးနွေးရယ်။ လမ်းဘေးဝဲယာမှာ အတန်းလိုက် ပေါက်နေကြတဲ့ သစ်ပင်တွေက နွေရာသီရဲ့ လက်ကျန် စွမ်းအင်တွေကို စုရုံးပြီး လေပြည်နဲ့အတူ တိတ်တဆိတ် ယိမ်းကနေကြတယ်။
“နေလို့ကောင်းလိုက်တာ။ ဒီလို သဘာဝရဲ့ အစိတ်အပိုင်း သေးသေးလေးထဲမှာ အခုလို ထိုင်ပြီး အစာစားရတာ အတော်ကို ခံတွင်းတွေ့တာပဲ”
နိရှိယာမာက ကျေနပ်အားရတဲ့ မျက်နှာထားနဲ့ ပြောနေတယ်။
သူ ပျော်နေတဲ့ ပုံကို ကျွန်မ သဘောကျတယ်။ သူ့ကိုယ်ပေါ်မှာ ထူးခြားတာတစ်ခုခု အမြဲ ရှိနေတတ်တယ်။ ပျော်ရွှင်မှုနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်လို့ ကျွန်မ စဉ်းစားမိပေမယ့် အဲဒါ ဘာလဲ ဆိုတာကိုတော့ ကျွန်မ ပြောမပြတတ်ဘူး။
“ငါ့ကို ပြောပြစမ်းပါ။ နင့်အတွက် ပျော်ရွှင်မှုဆိုတာ ဘယ်လို ဟာမျိုးလဲ” ကျွန်မ မေးလိုက်တယ်။
“ဘာလဲ။ ငါ့ကို ဖလော်မေးခွန်းတွေ လာမေးနေတာလား”
“မဟုတ်ပါဘူးဟ။ ငါ ဆိုလိုတာကဟာ … ပျော်ရွှင်မှုအကြောင်း ပြောကြကြေးဆိုရင် ဘာတွေက နင့်အတွေးထဲကို ဦးဆုံး ရောက်လာတတ်သလဲ”
“အန် … မီမီ၊ နင်ကရော ဘာတွေကို စဉ်းစားမိသလဲ”
သူများကိုသာ မေးနေတာ။ ကိုယ့်ဟာကိုယ်ကျတော့ ပြောမပြတတ်ဘူး။ အတော်တော့ ထူးဆန်းတဲ့ ကိစ္စပဲ။ ကျွန်မ အဲဒီလို တွေးနေရင်းနဲ့ ခေါင်းထဲ ထွက်ပေါ်လာမယ့် အဖြေတစ်ခုခုကို စောင့်ဆိုင်းနေတယ်။
အဲဒီကာလကလေးက ငါးမိနစ်လောက်တော့ ကြာသွားမယ် ထင်တယ်။
နှစ်ယောက်စလုံး ဘာမှ မပြောဘဲ နှုတ်ဆိတ်နေကြရင်း မြက်ခင်းပေါ် ခြေပစ်လက်ပစ် ထိုင်နေကြတယ်။ သတိရတဲ့အချိန်မှာ အာလူးချောင်းကြော်လေးကို နှိုက်စားလို့ပေါ့။
“ငါ စဉ်းစားမိတာတော့ နိုဘီနဲ့ ဒိုရာအေမွန်ပဲ” ကျွန်မ ပြောလိုက်တယ်။
“အဲဒါ ကလေးတွေဖတ်တဲ့ ကာတွန်းဇာတ်ကောင်တွေ မဟုတ်လား” နိရှိယာမာက ပြောတယ်။
“ငါ့မှာ နှိုးစက်နာရီတစ်လုံး ရှိတယ်။ အဲဒီအပေါ်မှာ သူတို့ပုံ ဆွဲထားတယ်။ နိုဘီရဲ့ အခန်းတံခါးရှေ့မှာ သူတို့နှစ်ယောက် အတူတူ ကာတွန်းဖတ်နေကြတဲ့ပုံ။ နှစ်ယောက်စလုံးရဲ့ မျက်နှာတွေပေါ်မှာ အပြုံးတွေ ကိုယ်စီနဲ့။ သူတို့ရဲ့ ဘေးနားမှာလည်း ကာတွန်းစာအုပ်တွေ ပုံထားသေးတယ်။ နိုဘီက ခေါက်ကူရှင်ပေါ်မှာ ဒူးတုတ်ထိုင်ပြီး လက်နှစ်ဘက်က ကြမ်းပြင်ပေါ် ထောက်ထားတယ်။ ဒိုရာအေမွန်က တင်ပလ္လင်ခွေပြီး ထိုင်နေတယ်။ သူတို့က ကာတွန်းစာအုပ် ဖတ်ရင်း ဒိုရာယာကီ စားနေကြတယ်။ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးခင်မင်မှုရယ်၊ ဂျပန်လူလတ်တန်းစားတွေရဲ့ သက်သောင့်သက်သာ ရှိတဲ့ လူနေမှုပုံစံရယ်၊ နောက်ပြီး နိုဘီရဲ့အိမ်မှာ နေနေရတဲ့ ဒိုရာအေမွန်ရဲ့ ဘဝရယ်၊ အဲဒါတွေ အားလုံးကို အကုန်လုံး ပေါင်းချလိုက်ရင် အဲဒါ ပျော်ရွှင်ချမ်းမြေ့မှုပဲ”
“ဒါဆို အခု ငါတို့နှစ်ယောက်ရဲ့ ပုံစံက သူတို့နဲ့ တထေရာတည်း တူမနေဘူးလား။ အခု နင်လည်း သူများအိမ်မှာ နေနေရတာပဲ” နိရှိယာမာက ပြောတယ်။ “နွေးထွေးသာယာတဲ့ ရာသီဥတုမှာ မြက်ခင်းပြင်ပေါ် ထိုင်ပြီး အစားကောင်းတွေကို စားရင်း ရင်းရင်းနှီးနှီး ပေါ့ပေါ့ပါးပါးနဲ့”
“ဟုတ်တယ်။ အခု လောလောလတ်လတ် အချိန်မှာ ငါ ပျော်ရွှင်နေတာ ဖြစ်နိုင်လောက်တယ်” ကျွန်မ ပြောတယ်။
တစ်ဖက်သတ် ချောင်ပိတ်ခံရတဲ့ ခံစားချက်ကို ကျွန်မ အခုချိန်ထိ ကောင်းကောင်း မကိုင်တွယ်တတ်သေးဘူး ဖြစ်နေတယ်။ ပစ္စုပ္ပန် တည့်တည့်မှာ နေပါ။ ပစ္စုပ္ပန်ကနေ လမ်းချော်သွားခဲ့ရင် ကြေကွဲစရာတွေရဲ့ လွှမ်းမိုးမှုကို အလူးအလိမ့် ခံရလိမ့်မယ်။
အဲဒီအတွေးက ကျွန်မရဲ့ ခေါင်းထဲမှာ တဝဲလည်လည် ရှိနေခဲ့တယ်။ အဲဒီလို ဆိုပေမယ့်လည်း အခုလို နေ့ရက်တွေမှာ ဘာကြောင့်ရယ် မသိဘူး။ အဲဒီလို အတွေးကြောင့်ပဲ ထူးခြားတဲ့ ပျော်ရွှင်မှု တစ်မျိုးကို ကျွန်မ ခံစားနေရတယ်။ ကျွန်မကိုယ်တိုင်လည်း အဲဒီအချက်ကို သတိထားမိနေပြီ။ ဘာကိုပဲ ကြည့်ကြည့် အရာရာတိုင်းက ဝမ်းနည်းကြေကွဲဖို့ ကောင်းနေတယ်။ ဒါပေမယ့် ဟိုတစ်ချိန်ကလို ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေခဲ့ရတဲ့ နေ့ရက်တွေနဲ့ နှိုင်းစာကြည့်ရင်တော့ စိတ်သောကတွေနဲ့ ထင်ထင်ရှားရှား ရက်ဖောက် စီခြယ်ထားတဲ့ လောကသစ်ကြီးကမှ ကျေးဇူးတင်စရာ ကောင်းလောက်အောင် ထူးထူးခြားခြား လွတ်လပ်ပေါ့ပါးနေတယ်။
“ငါ့အတွက်တော့ ပျော်ရွှင်မှုဆိုတာ လွတ်လပ်တဲ့ ခံစားမှုကို ခေါ်တယ် ထင်တာပဲ။ နောင်တတရားကို မခံစားရတော့တဲ့ အချိန်က စပြီး ဘယ်ကိုပဲ သွားသွား၊ ဘာပဲ လုပ်လုပ်၊ ကိုယ့်စိတ်ကြိုက် လုပ်ချင်ရာ လုပ်လို့ ရသွားတယ်။ အဲဒီလို အချိန်မျိုးမှာဆိုရင် ငါ့ရင်ထဲမှာ စွမ်းအားတစ်ခုခု ရှိနေသလိုပဲ။ ဘယ်နေရာကိုပဲဖြစ်ဖြစ် သွားနိုင်နေသလိုပဲ။ တစ်နေရာရာကို သွားရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဘယ်လို ပြောမလဲ ဆိုတော့ စိတ်ကြိုက် လုပ်နိုင်တယ် ဆိုတဲ့ စွမ်းအင်တစ်မျိုးကို ရင်ထဲမှာ အပြည့်အဝ ခံစားနေရတာမျိုး။ အဲဒါက ပျော်ရွှင်မှုပဲ”
နိရှိယာမာက ကောင်းကင်ကို ငေးကြည့်ရင်း ပြောနေတယ်။
သူ့ရဲ့ ကိုယ်နေဟန်ထားက သွက်လက်ချက်ချာပြီး သူ့အနားမှာ ရှိနေကြတဲ့ လူတွေကို ကျေနပ်နှစ်သိမ့်စေတဲ့ ခံစားမှုနဲ့ ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးနိုင်တယ်။ အဲဒီ အရည်အချင်းတွေက လွတ်လပ်မှုအပေါ် လိုလားတောင့်တနေတဲ့ သူ့ရဲ့ စိတ်ဆန္ဒတွေကြောင့် ဖြစ်ပေါ်လာကြတာ ဖြစ်မယ်။
အခုချိန်ကျမှသာ အဲဒီသဘောတရားကို ကျွန်မ နားလည်လာခဲ့တာပါ။ အဲဒီတုန်းကတော့ ကျွန်မရဲ့ စိတ်အခြေအနေက အဆိုးရွားဆုံးသော အနေအထားမှာ ရှိနေသေးတယ် ဆိုပေမယ့် တကယ်တမ်းကျတော့ အကြီးမားဆုံးသော ပျော်ရွှင်မှုထဲမှာ နစ်မြုပ်ပျော်ဝင်နေခဲ့တယ်။
ဖြစ်နိုင်မယ်ဆိုရင် အဲဒီနေ့ရဲ့ အဲဒီကာလ အပိုင်းအခြားလေးကို ဘဝတစ်သက်တာ တန်ဖိုးထားရမယ့် အဖိုးထိုက် ရတနာအဖြစ်နဲ့ ကျောက်မျက်သေတ္တာထဲမှာ သိမ်းဆည်းထားလိုက်ချင်တယ်။ ပျော်ရွှင်မှုဟာ ကျွန်မရဲ့ ကိုယ်ပေါ်ကို ရုတ်ချည်း ဆိုက်ရောက်လာခဲ့တယ်။ အဲဒီတုန်းက ဖြစ်ပျက်နေတဲ့ အခြေအနေ၊ အချိန်အခါတွေနဲ့ ဘယ်လိုမှ ပတ်သက် ဆက်နွှယ်မှု မရှိဘူး။ ကျွန်မက ဘယ်လို အနေအထားမျိုးမှာပဲ ရှိနေပါစေ၊ ဘယ်သူနဲ့ပဲ အတူတူ ရှိနေပါစေ၊ ဘာဆို ဘာနဲ့မှကို တိုက်ရိုက် သက်ဆိုင်မှု မရှိဘူး။
တစ်ခုပဲ ရှိတယ်။ အဲဒီလို ကိစ္စမျိုးကို ကျွန်မတို့ ဘယ်တော့မှ ကြိုသိနိုင်မှာ မဟုတ်ဘူး။
ကျွန်မတို့က အဲဒါကို ဖြစ်ချင်တိုင်း ဖြစ်အောင် လုပ်ယူလို့လည်း မရဘူး။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ ပျော်ရွှင်မှုက တစ်မုဟုတ်ချင်း ရောက်ချင် ရောက်လာတတ်တယ်။ ဒါမှမဟုတ် တစ်သက်လုံး ထိုင်စောင့်နေလည်း ပေါ်ချင်မှ ပေါ်လာတတ်တာမျိုး။ ပင်လယ်လှိုင်းလုံးတွေနဲ့ မိုးသက်မုန်တိုင်းတွေရဲ့ နားလည်ရခက်တဲ့ အပြောင်းအလဲတွေလိုပေါ့။ ဘယ်သူမှ အပ်ကျမပ်ကျ ပြောနိုင်ကြတာ မဟုတ်ဘူး။ အံ့ဩဖွယ်ရာ အဖြစ်အပျက်တွေက ဘယ်သူ့အပေါ်မဆို အချိန်မရွေး ကျရောက်လာတတ်တယ်လေ။
အဲဒီအချိန်တုန်းကတော့ အဲဒီသဘောတရားကို ကျွန်မ နားမလည်နိုင်ခဲ့ဘူး။
နိရှိယာမာရဲ့ အဖေက နာမည်ကြီးတဲ့ တက္ကသိုလ် ပါမောက္ခတစ်ယောက်ပါ။ ဗြိတိသျှနဲ့ အမေရိကန်စာပေကို သုတေသန လုပ်နေတဲ့ ပညာရှင်တစ်ယောက်ပေါ့။ တစ်ချိန်တည်းမှာပဲ စုံထောက်ဝတ္ထုတွေကိုလည်း ရေးနေသေးတယ်။ အတော်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးပါ။ နိရှိယာမာရဲ့ ငယ်ဘဝက ဖခင်ရဲ့ အကျဉ်းချမှုကို ခံနေရတဲ့ ဘဝမျိုးပဲ။ အာဟာရ ပြတ်လပ်တာကြောင့် သေတော့မလို့ တဲတဲလေးပဲ လိုတော့တယ်။
အဲဒီလို ယောက်ျားမျိုးနဲ့ အတူ မနေနိုင်တော့တာကြောင့် နိရှိယာမာရဲ့ အမေက အိမ်ကနေ ဆင်းသွားခဲ့တယ်လို့ ပြောကြတယ်။ အဖေလုပ်သူကလည်း ကလေးကို ဘယ်လို ပြုစုစောင့်ရှောက်ရမလဲ ဆိုတာ နားလည်တာ မဟုတ်ဘူး။ ဒါကြောင့် အဲဒီနှစ်နှစ်အတွင်းမှာ သူ့ကို အိမ်ထဲမှာပဲ အသေ ပိတ်ထားခဲ့တယ်။ အိမ်အပြင်ကို လုံးဝ မထွက်ရသလောက်ပဲ။ နေ့ထမင်း၊ ညထမင်းကိုတောင်မှ သူ သတိရလာမှ ကလေးကို ထကျွေးတတ်တာ။ အပြင်သွားပြီ ဆိုရင်လည်း ကလေးကို အိမ်ထဲမှာ သော့ခတ်ပြီး ပိတ်ပစ်ထားခဲ့ရော။ နောက်ပြီး သူတို့ နေတာက နာဂါနိုခရိုင်ထဲက တောတွင်းတစ်နေရာမှာ ဆိုတော့ နိရှိယာမာရဲ့ ဆွေမျိုးတွေက ရဲကို အမှုဖွင့်ပြီး သူ့ကို မရအရ ကယ်ထုတ်လာခဲ့ရတဲ့ သဘောပဲ။ အဲဒီအချိန်တုန်းက ကလေးသူငယ် အကြမ်းဖက်မှု ဆိုတဲ့ ခေါင်းစဉ်က ခေတ်စားခါစပေါ့။ အချိန်သင့် အခါသင့် ဖြစ်သွားလို့ ထင်ပါရဲ့။ အဲဒီအမှုက နဂိုဖြစ်သင့်တာထက် ပိုပြီး အများပြည်သူရဲ့ အကြားမှာ အတော်လေး ပေါ်ပြူလာ ဖြစ်သွားခဲ့တယ်။
အဲဒီတုန်းက တီဗီသတင်းမှာ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကို ကျွန်မ ကောင်းကောင်း မှတ်မိနေပါသေးတယ်။ နိရှိယာမာလေးကို ကယ်ထုတ်ခဲ့တုန်းက သူ့မျက်နှာပေါ်မှာ ထင်ရှားပေါ်လွင်နေတဲ့ ငူငူငိုင်ငိုင် ဖြစ်နေတဲ့ သူ့ရဲ့ အကြည့်တွေ၊ ကြောင်အမ်းအမ်း ဖြစ်နေတဲ့ အကြည့်တွေ။ ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေထဲမှာ မှိန်ဖျော့ဖျော့ အလင်းရောင်လေးတစ်ခု တွယ်ကပ်နေတယ်။ နောက်ပြီး သူ့ရဲ့ မျက်နှာ အမူအရာမှာလည်း မျှော်လင့်ချက် အစအနကို တွေ့မြင်နေရသေးတယ်။
“အပြင်မှာ နေရတာကို ကျွန်တော် သဘောကျတယ်။ အရမ်း လှတာပဲ။ သစ်ရွက်တွေရဲ့ အရောင်က မျက်စိထဲမှာ တောက်ပနေတာရော” နိရှိယာမာက အိပ်မက်မက်နေတဲ့အလား ပြောနေတယ်။
အဲဒီနောက်မှာတော့ နိရှိယာမာကို သူ့အဖေအနားကနေ ခေါ်ထုတ်လာပြီး သူ့အဒေါ်ဆီကို ပို့ထားလိုက်တယ်။ သူ့အဒေါ်က ပိုက်ဆံချမ်းသာပြီး ကလေးကို ချုပ်ချုပ်ချယ်ချယ် ထားတတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ ဒီတော့ လွတ်လွတ်လပ်လပ် နေချင်သလို နေခွင့် ရခဲ့တာပေါ့။ ပြောရရင်တော့ အကျဉ်းစံ ကလေးဘဝနဲ့ လုံးဝလုံးဝကို ဆန့်ကျင်ဘက်ပဲ။
အခုဆို သူက အသက် ၃၀ ရှိပြီ။ ဆိုင်လေးတစ်ဆိုင်ကို စီမံအုပ်ချုပ်နေတယ်။ ညကလပ်လို ဟာမျိုးလည်း မဟုတ်ဘူး။ အရက်ဘားလို့လည်း မခေါ်နိုင်ဘူး။ နေရာတကာမှာ မြင်ရတတ်တဲ့ သီချင်းဖွင့်ထားပြီး အရက်သောက်နိုင်တဲ့ နေရာမျိုး။ သူက အဲဒီဆိုင်ကလေးရဲ့ မန်နေဂျာပဲ ဆိုပါတော့။
ကျွန်မထင်တယ်။ သူဟာ အကျဉ်းစံဘဝနဲ့ နောက်ပိုင်း လွတ်လပ်တဲ့ဘဝ၊ အဲဒီလို ဆန့်ကျင်ဘက် ဘဝနှစ်ခုကို ဖြတ်သန်းပြီးတဲ့အခါမှာ လျှို့ဝှက်နက်နဲတဲ့ အရာတစ်ခုခုကို နားလည် သဘောပေါက်သွားခဲ့ပုံ ရတယ်။ ရုပ်ခန္ဓာနဲ့ အရင်းပြုပြီးမှသာ ရရှိလာနိုင်တဲ့ အသိတရားတစ်ခု၊ အင်မတန် စွမ်းအင် ပြည့်ဝတဲ့ ထိုးထွင်းသိမြင်မှု တစ်မျိုးမျိုး ဖြစ်လိမ့်မယ်။ အဲဒါကြောင့်သာလျှင် သူ့ရဲ့ မျက်ဝန်းတွေက လင်းလက်တောက်ပနေကြတာ ဖြစ်မယ်။ နောက်ပြီး အလိုအလျောက် သိသိနေတတ်တဲ့ သူ့ရဲ့ ဗီဇသိစိတ်ကြောင့် မျက်လုံးတွေက တဖျတ်ဖျတ် လက်လို့။
နိရှိယာမာ အုပ်ချုပ်နေရတဲ့ ဆိုင်ကလေးရဲ့ နာမည်က ‘လမ်းဆုံး’ တဲ့။ တကယ်လည်း လမ်းဆုံးပါပဲ။ လမ်းငယ်လေးရဲ့ အဆုံးမှာ ရှိတဲ့ လူနေတိုက်တစ်တိုက်ရဲ့ မြေညီထပ်ကို ပြန်ရွှိုင်းပြီး ဆိုင်ဖွင့်ထားတာ။ အဲဒီတိုက်ဟောင်းကြီးကို မကြာခင် ဖျက်ချပစ်တော့မှာ။ နောက်နှစ်ကျရင်တော့ အဲဒီဆိုင်ကို နည်းနည်း ပိုကျယ်တဲ့ နေရာတစ်နေရာဆီ ပြောင်းရွှေ့ကြလိမ့်မယ်။ နိရှိယာမာလည်း အဲဒါကို အခွင့်ကောင်းယူပြီး တိုကျိုက နာမည်ကြီး ကော့တေးဘားတစ်ခုမှာ အရက်စပ်သူတစ်ယောက်အဖြစ် ထရိန်နင် သွားဆင်းလိမ့်မယ်။
ဒီဆိုင်ရဲ့ ဆိုင်ရှင်က ကျွန်မရဲ့ လေးလေးပါ။ သူက ဆိုင်ဟောင်းကို မဖြိုဖျက်ခင်လေးမှာ ခေတ္တအနားယူတဲ့ အနေနဲ့ နိုင်ငံခြားကို အပျော်ခရီး ထွက်နေတယ်။ ကျွန်မက အိမ်ကနေ ထွက်ခွာဖို့ အမြဲ စိတ်ကူးနေခဲ့ပေမယ့် နောက်ဆုံးအချိန်ထိ အိမ်ကို မခွဲနိုင် မခွာရက်တဲ့ သမီးအလိမ္မာတစ်ယောက် ဖြစ်နေတုန်းပဲ။ မေမေက သူ့မောင်ကို ဖုန်းဆက်ပြီး ဆိုင်ရဲ့ အပေါ်ထပ်မှာ ရှိတဲ့ အခန်းကလေးမှာ ကျွန်မကို ယာယီ နေခွင့်ပြုဖို့ ခွင့်တောင်းပေးခဲ့တယ်။
ဒီဆိုင်က မြို့ကြီးတစ်မြို့ပေါ်မှာ ဖွင့်ထားတာ။ ကျွန်မရဲ့ အိမ်ကနေ ဆိုရင် တစ်နာရီလောက် ကားမောင်းလာရလိမ့်မယ်။
မြို့ကြီး ဆိုပေမယ့် တိုကျိုလို မြို့ကြီးပြကြီးမျိုးတော့ မဟုတ်ဘူး။ တိုကျိုနဲ့ ကပ်လျက်မှာရှိတဲ့ အကြီးဆုံးမြို့ရံတစ်မြို့ပေါ့။ ဘူတာရုံမှာ ကျည်ဆန်ရထား စီးလို့ ရတယ်။ ဒီမှာ ကုန်စုံဆိုင်ကြီးတွေ ရှိပြီး အရောင်အသွေး အခင်းအကျင်းစုံတဲ့ ဈေးတန်းတွေလည်း ရှိတယ်။
ကျွန်မနဲ့ စေ့စပ်ထားတဲ့ တာကာနာရှိက ဒီမြို့ပေါ်ကို အလုပ်ကိစ္စနဲ့ ပြောင်းလာတာ မကြာသေးဘူး။
သူ အလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့ ရုံးချုပ်က ဒီမြို့မှာ အခြေစိုက်ထားလို့ပါ။ ကျွန်မတို့က တက္ကသိုလ် ကျောင်းသားဘဝကတည်းက သမီးရည်းစားတွေ ဖြစ်ခဲ့ကြတာ။ နှစ်ဘက်မိဘတွေနဲ့လည်း စေ့စပ်ကြောင်းလမ်းထားပြီး ဖြစ်လို့ စေ့စပ်လက်စွပ်တောင် လဲလှယ်ထားကြပြီးပြီ။ ကျွန်မရဲ့ မြို့ကလေးဆီကို ရာထူးတိုးနဲ့ ပြန်ပြောင်းလာတဲ့ အခါမှာ ကျွန်မတို့ မင်္ဂလာဆောင်ကြမယ်လို့ စီစဉ်ထားကြတယ်။ ကျွန်မတို့ရဲ့ အခြေအနေက အဲဒီလောက်အထိကို ရောက်နေခဲ့ပြီ။
ဒါပေမယ့်ပေါ့လေ။ ဒီနှစ်နွေဦးလောက်ကနေ စမယ် ထင်တယ်။ တာကာနာရှိရဲ့ အီးမေးလ် စာအပြန်နဲ့ အသံမေးလ် ပြန်ဆိုမှုက သိသိသာသာကို နောက်ကျသထက် နောက်ကျလာတယ်။
အလုပ်တွေ သိပ်များနေလို့ ထင်ပါရဲ့လို့ ကျွန်မက ဖြေတွေးလေး တွေးလိုက်မိတာကြောင့် သူ့ကို နားပူနားဆာ လုပ်မနေတော့ဘဲ အိမ်ပြန်အလာကိုပဲ စောင့်မျှော်နေခဲ့တယ်။
ရုံးပိတ်ရက်တွေ အိမ်ပြန်လာတဲ့ အခါမှာ သူ့ကို ကြည့်ရတာ ဘာမှ ထူးထူးခြားခြား ဖြစ်မနေသလိုပဲ။
ကျွန်မတို့ အရင်ကလိုပဲ ဆက်ပြီး ချိန်းတွေ့ကြ၊ နမ်းရှုပ်ကြ၊ လက်ချင်းချိတ်ပြီး လမ်းလျှောက်ဖြစ်ကြတယ်။ ခါတိုင်းလိုပဲ အပြင်မှာ ထမင်းထွက်စားကြတယ်။
ကျွန်မတို့ တစ်ခါတလေတော့ ဟိုတယ်ကို ရောက်သွားတတ်ကြတယ်။ တက္ကသိုလ် ကျောင်းသားဘဝတုန်းကလို ကိုယ်စီကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အပြန်အလှန် ဖလှယ်ဖြစ်ကြတယ်။ အင်မတန်မှ တည်ငြိမ်အေးဆေးတဲ့ ဘဝလေးကို ဖြတ်သန်းခဲ့ကြတယ်။
ဒါပေမယ့် တစ်နေ့ကျတော့ သူက ရုံးပိတ်တွေမှာတောင် အိမ်ပြန်မလာတော့ဘူး။ သူ့ကို ဖုန်းဆက်ရင်လည်း ဘယ်တော့မှ ချက်ချင်း အကြောင်းမပြန်ဘူး။
အဲဒီလို ဆိုပေမယ့်လည်း ကျွန်မကတော့ အရင်အတိုင်း သူ့ကို စောင့်မြဲ စောင့်နေခဲ့တာပဲ။ တွဲလာခဲ့ကြတဲ့ အချိန်က ကြာပြီဆိုတော့ သိပ်ပြီး ရေးကြီးခွင်ကျယ် လုပ်မနေတတ်တော့ဘူး။
သူနဲ့ အဆက်အသွယ် ပြတ်သလောက်နီးပါး ဖြစ်သွားတာကြောင့် ကျွန်မက သူ့ရဲ့ အစ်ကိုအစ်မတွေဆီ ဆက်သွယ်ပြီး အကျိုးအကြောင်း မေးကြည့်ရတယ်။ ဒါနဲ့ တစ်ပတ်လောက် ကြာသွားတော့ အဆူခံလိုက်ရလို့ ထင်ပါရဲ့၊ သူက ကျွန်မဆီ ဖုန်းဆက်လာပြန်တယ်။ ကျွန်မတို့ အဲဒီပုံစံမျိုးနဲ့ ဒရွတ်တိုက် သွားနေခဲ့ကြတာပေါ့။
ကျွန်မက ဘယ်လောက်ပဲ ပိန်းတဲ့၊ အ,တဲ့ လူတစ်ယောက် ဖြစ်နေပါစေ၊ ကျွန်မရဲ့ စိတ်ထဲမှာတော့ တစ်ခုခု လွဲနေပြီ ဆိုတာကို ခံစားနေရတယ်။ အဲဒီလို ခံစားလာခဲ့ရတာက သူ အိမ်ကို လုံးဝ ပြန်မလာတော့တဲ့ ဒီနှစ် နွေရာသီမှာပါ။ ကျွန်မတို့ရဲ့ ဇာတိမြို့ကလေးက ပင်လယ်ကမ်းစပ်မှာ ရှိတယ်။ သူက ပင်လယ်ထဲ ရေဆင်းကူးရတာကို အင်မတန်မှ သဘောကျတယ်။ ဒါတောင်မှ နွေရာသီတစ်လျှောက်လုံး အိမ်ကို တစ်ခေါက်ကလေးတောင် ပြန်မလာခဲ့ဘူး။ အဲဒီအချိန်မှာပဲ ကျွန်မ ပထမဆုံးအကြိမ်အဖြစ်နဲ့ တစ်နေရာရာတော့ မှားနေပြီလို့ ခံစားလိုက်ရတယ်။
ဒီကိစ္စကြီး တစ်လုံးကို ကျွန်မ ပေါ့တိပေါ့ဆ ကိုင်တွယ်နေမိမှန်း ကျွန်မကိုယ်ကျွန်မလည်း သိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းကျတော့ ကျွန်မ တစ်စုံတစ်ခုကို သတိထားခဲ့မိသလိုလိုပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မိုးကောင်းကင်ကို ငေးမောနေတဲ့ အချိန်တိုင်းမှာ ကျွန်မက သက်ပြင်းရှည်ကြီး ချနေတတ်တယ်။ အရက်သောက်ဖြစ်တဲ့ အချိန်တွေမှာလည်း အကြောင်းမရှိဘဲ မျက်ရည်တွေ တဒီးဒီး ကျနေတတ်တယ်။
ကျွန်မက မိဘအိမ်မှာ မိဘနှစ်ပါးအပြင် ညီမနဲ့ အတူတူ နေတာဆိုတော့ နေ့စဉ်နေ့တိုင်းမှာ တောင်တောင်ဤဤ ကိစ္စဝိစ္စတွေနဲ့ လက်မလည်ရဘူး။ လက်ပေါက်ကတ်တဲ့၊ အရေးကြီးတဲ့၊ ပွတ်လောရိုက်နေတဲ့ ကိစ္စဝိစ္စတွေက စုံလို့။ နောက်ပြီး အမေက အရောင်းကောင်တာသာ ရှိပြီး စားပွဲမရှိတဲ့ ဆန်းဝစ်ဆိုင်ကလေး ဖွင့်ထားတာ။ ကျွန်မက အဲဒီမှာ နေ့တိုင်းနီးပါး ကူလုပ်ပေးနေရတာ ဆိုတော့ ကျွန်မရဲ့ နေ့စဉ်ဘဝက များသောအားဖြင့် ယားလို့တောင် မကုတ်အားတဲ့ ဘဝမျိုး ဖြစ်နေတယ်။ ဒီတော့ အချိန်တွေကလည်း မသိလိုက် မသိဘာသာနဲ့ ကုန်ဆုံးသွားတော့တာပေါ့။
အားလပ်ရက်တွေမှာတော့ ကျွန်မက မိဘတွေရဲ့ ကားကို ခဏငှားပြီး တစ်ယောက်တည်း ပင်လယ်ဘက်ကို ထွက်သွားတတ်တယ်။
ပင်လယ်နံဘေးမှာ ကျွန်မနဲ့ တာကာနာရှိတို့ရဲ့ အမှတ်ရစရာတွေက နည်းတာ မဟုတ်ဘူး။ ဒါကြောင့် ဆောင်းဝင်ခါနီး အချိန်ရဲ့ သဲသောင်ပြင်က ကျွန်မကို အရိုးကွဲမတတ် အထီးကျန်ဖြစ်စေတယ်။
သို့ကလို ဆိုပေမယ့်လည်း အမှတ်ရစရာတွေက အမြဲတမ်း ကျွန်မကို နွေးထွေးစေတာချည်းပဲ။ ဥပမာ ပြောရရင် ကျွန်မတို့နှစ်ယောက် ပြောခဲ့ကြတဲ့ တီတီတာတာ စကားလုံးတွေ၊ ကျွန်မတို့ နှစ်ယောက်ရဲ့ တူညီနေတဲ့ စရိုက်လက္ခဏာတွေ၊ ဝယ်လာတဲ့ ဒါမှမဟုတ် ငှားလာတဲ့ စီဒီအခွေကို နှစ်ယောက်သား နားထောင်ရင်း ကားနဲ့ လေညင်းခံထွက်ကြတာတွေ၊ ရင်နင့်စရာ ကောင်းတဲ့ သီချင်းစာသားကို နားထောင်မိလို့ စိတ်မထိန်းနိုင်ဘဲ မျက်ရည်ကျမိတာတွေ၊ စတာ စတာတွေပေါ့။ ကျွန်မတို့ တစ်မြေစီ ခြားနေရခါစက ဆိုရင် မခွဲနိုင် မခွာရက်လွန်းလို့ တစ်ယောက်လက်ကို တစ်ယောက်က ခပ်တင်းတင်း ဆုပ်ကိုင်ထားတတ်ကြတယ်။ နောင်ရေးနဲ့ ပတ်သက်ပြီးလည်း တတွတ်တွတ် ပြောလို့ မပြီးနိုင်တော့ဘူး။ မင်္ဂလာဆောင်ပြီးရင် ဘယ်လိုပုံစံမျိုး နေကြမယ် ဆိုတာမျိုး၊ ဘယ်အချိန်မှာ ကလေးယူမယ် ဆိုတာမျိုး၊ ဘယ်လိုနေရာမျိုးမှာ ကိုယ်ပိုင်အိမ်ကလေးနဲ့ နေကြမယ် ဆိုတာမျိုးတွေပေါ့။ နောက်ပြီး ရှိသေးတယ်။ နွေရာသီကျရင် အတူတူ ရေကူးကြမယ်၊ ငါးကြည့်ကြမယ်၊ ကျောက်ဆောင်ပေါတဲ့ နေရာကို သွားပြီး ခရုကောက်ကြမယ်။ ကမ်းခြေမှာ မီးပုံပွဲ ကျင်းပကြမယ်။ အဲဒီ အမှတ်ရစရာတွေကို ပြန်စဉ်းစားမိတိုင်း ကျွန်မရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းတစ်ပွင့်က အမြဲတမ်း ပွင့်လန်းလာတတ်တယ်။
“ငါ သူ့ဆီ သွားကြည့်ကြည့်လိုက်မှ ထင်တယ်” ကျွန်မက ညီမနဲ့ တိုင်ပင်ကြည့်တယ်။
အဲဒါက တစ်ရက်သော ညအချိန်မှာပေါ့။ ကျွန်မနဲ့ ညီမက ရောင်းလို့ မကုန်တဲ့ ဆန်းဝစ်တွေကို စားနေရင်း စကားပြောနေကြတယ်။
“အင်း … မမ စိတ်ခိုင်တယ်ဆိုရင် သွားပေါ့” ညီမက ပြောတယ်။ “သူ့ဘက်က မဆက်သွယ်ဘူး ဆိုကတည်းက မမနဲ့ မဆက်သွယ်ချင်လို့ ဆိုတာ ရှင်းနေတာပဲဟာ။ ဒီတော့ … အခုလို မသိလိုက် မသိဘာသာနဲ့ ဇာတ်သိမ်းသွားတာ ပိုမကောင်းဘူးလား”
ညီမလေးက ကျွန်မအောက် ငါးနှစ်ငယ်တယ်။ ဒါပေမယ့် တစ်ခါတလေကျတော့ သူ့ရဲ့ တွေးပုံခေါ်ပုံက လူကြီးတစ်ယောက်လိုပဲ။
သစ်သီးဆန်းဝစ်ကို ကိုက်စားနေတဲ့ သူ့ပုံက ကလေးပိစိကွေးတုန်းက စားပုံနဲ့ တထေရာတည်းပဲ။ ဒါပေမယ့် အခုတော့ လူကြီးဆန်တဲ့ စကားလုံးတွေက သူ့ပါးစပ်ထဲကနေ ထွက်တတ်နေပြီ။
“ဒါပေမယ့် လူတွေ စေ့စပ်ကြောင်းလမ်း ထားကြရတဲ့ အဓိက အကြောင်းအရင်းက အခုလို လွယ်လွယ်နဲ့ လက်တွဲဖြုတ်သွားတာမျိုးကို ကာကွယ်နိုင်ဖို့အတွက် စီစဉ်ထားကြတာ မဟုတ်ဘူးလား။ စေ့စပ်ထားပြီးပြီ ဆိုမှတော့ တာဝန်ယူမှု တစ်ခုခုတော့ ရှိရမှာပေါ့” ကျွန်မ ပြောလိုက်တယ်။
“သဘောသဘာဝအရတော့ ဟုတ်တာပေါ့။ ဒါပေမယ့် လက်တွေ့မှာကျတော့ ဟိုက ဆက်မှ မဆက်သွယ်တော့ဘဲဟာ။ မမက အ,တီးအ,တနဲ့မို့ ဟိုလူကြီး အမူအရာ ပျက်နေတာကို သတိမထားမိတာ နေမှာပေါ့။ တကယ်လို့သာ မမက အခုပုံစံအတိုင်း အေးတိအေးစက်ကြီး နေနေတာကို သဘောကျတယ် ဆိုရင်တော့လည်း မတတ်နိုင်ဘူးလေ။ ဒါပေမယ့် သဘောမကျဘူး ဆိုရင်တော့ လမ်းခွဲလိုက်တာပဲ ကောင်းမယ်။ ညီမအရင်း တစ်ယောက်မို့ ပြောရဦးမယ်။ ကိုယ့်အပေါ် မျက်နှာလွှဲခဲပစ် သဘောထားတတ်တဲ့ ယောက်ျားမျိုးကို ညီမကတော့ လုံးဝ စိတ်မဝင်စားဘူး”
“တာကာနာရှိက အမြဲ ပြောတတ်တယ်။ သူက ငါ ရိုးအ,နေတာလေးကို သဘောကျတာတဲ့။ ငါ သူငယ်ချင်း မိတ်ဆုံစားပွဲတွေ မတက်တာကို သဘောကျတယ်တဲ့။ တက္ကသိုလ်မှာတုန်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ဘာသိဘာသာ နေတတ်တာကို သဘောကျတယ်တဲ့။ နောက်ပြီး ငါ့အထင်တော့ သူ တကယ်ကိုပဲ မအားလို့ နေမှာပါ။ သူက ငါ့ကို လုံးဝ စိတ်ချထားတယ်လေ။ ဒါကြောင့်လည်း ဘယ်အချိန် ဆက်သွယ်သွယ် ရတယ်လို့ ယူဆထားတာ နေမှာပေါ့”
အဲဒီလို ပြောရင်းပြောရင်းနဲ့ တာကာနာရှိရဲ့ မျက်နှာက ကျွန်မရဲ့ အတွေးအာရုံထဲမှာ ထင်ထင်ရှားရှား ထွက်ပေါ်လာလို့ ကျွန်မရင်ထဲ ထိုးအောင့်သွားပြန်တယ်။
ကြင်နာတတ်တဲ့၊ သနားကမား ရုပ်ရည်ရှိတဲ့၊ အရာရာမှာ ကျွမ်းကျင်နှံ့စပ်တဲ့၊ အပေါင်းအသင်း ဝင်ဆံ့တဲ့ ကျွန်မရဲ့ ချစ်သူ တာကာနာရှိ။ သူက တခြား မိန်းကလေး သူငယ်ချင်းတွေနဲ့ မကြာမကြာ ထွက်လည်တတ်ပေမယ့် ကျွန်မကိုတော့ ပထမဦးစားပေးအဖြစ် အမြဲ သတ်မှတ်ထားတတ်တယ်။ သူက ကျွန်မဆီ နေ့တိုင်း ဖုန်းဆက်လာတတ်ပြီး ရုံးပိတ်ရက်ဆိုရင်တော့ ကျွန်မတို့ တစ်နေရာမှာ ချိန်းတွေ့တတ်ကြတယ်။ အဲဒါ ကျွန်မတို့ လေးနှစ်တာ လျှောက်လှမ်းခဲ့ကြတဲ့ ချိုမြိန်ဖွယ် အချစ်ခရီးကလေးပေါ့။
“ဒါပေမယ့် အခုတောင် ဒီလိုကြီး ဖြစ်နေပြီဆိုရင် အိမ်ထောင်သည်ဘဝကိုတော့ မတွေးဝံ့စရာပဲ။ ပြီးတော့ ယောက်ျားတွေက အလုပ်စလုပ်ပြီ ဆိုတာနဲ့ သူတို့ရဲ့ ဦးစားပေး အစီအစဉ်တွေက ပြောင်းသွားတတ်တယ်တဲ့လေ” ညီမက ပြောတယ်။
“နင်ပြောတာလည်း ဟုတ်တုတ်တုတ်ရယ်။ ငါ သူ့ကို တကယ်ပဲ လက်လွှတ်လိုက်ရတော့မှာလား”
“အခုဆို မမက သူ့ကို ဆက်သွယ်ချင်လို့တောင် ဆက်သွယ်လို့မှ မရတော့တဲ့ဟာပဲ။ ဆက်စောင့်နေလို့ရော ဘာထူးဦးမှာလဲ။ ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေမှာပေါ့”
“စောင့်နေတယ် လို့သာ ပြောရတာပါ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ညာနေတယ်လို့ ခံစားနေရတယ်။ အခြေအနေက ဒီလောက်တောင် ဆိုးရွားနေပြီ ဆိုတာကို ငါက လက်ခံဖို့ ငြင်းဆန်နေခဲ့မိတာလေ။ ဒီလို လုပ်ရင် မကောင်းဘူးလား။ သေချာသွားအောင် ငါ သူ့ကို သွားတွေ့လိုက်မယ်။ ရှင်းစရာ ရှိတာကို ပြတ်ပြတ်သားသား ရှင်းပစ်လိုက်ရင် မကောင်းဘူးလား”
“မမက တကယ်ရော အဲဒီလောက် သတ္တိရှိလို့လား”
ညီမရဲ့ မျက်လုံးအစုံက ဇီးကွက်တစ်ကောင်လို ပြူးကျယ်နေတယ်။
“ငါက အကင်းမပါးဘူး၊ လူရည်မလည်ဘူး ဆိုပေမယ့် အခုဆို အသက် ၂၅ နှစ်တောင် ရှိပြီလေ။ လူကြီးတစ်ယောက် ဖြစ်နေပြီ။ ဒီတော့ သတ္တိရှိရမှာပေါ့။ ကိစ္စ မရှိပါဘူး”
နောက်ပြီး ကျွန်မ တွေးနေတာက ဘာပဲဖြစ်ဖြစ် သူ့ကို နောက်ဆုံးအနေနဲ့ တစ်ကြိမ်လောက်တော့ တွေ့ချင်သေးတယ် ဆိုတာပါပဲ။
မျက်နှာချင်းဆိုင် ဆုံတွေ့မိကြရင် သူက ကျွန်မကို ထွေးဖက်ထားပြီး အခုလို ပြောချင် ပြောနေလောက်တယ်။ “မီမီ၊ ဆောရီးပဲဟာ။ အလုပ်တွေက များလိုက်တာမှ လွန်ရောပဲ။ နင့်ကို တွေ့ချင်နေတာ တစ်ပိုင်းကို သေလို့”
ကျွန်မကတော့ စိတ်ကူးယဉ်လို့ ကောင်းတုန်း။
“မမနဲ့ အဖော် လိုက်ခဲ့ပေးမယ်လေ” ညီမက ပြောတယ်။
“စိတ်မပူပါနဲ့။ ကိစ္စ မရှိပါဘူး။ ငါက အကြီးပဲဟာ။ ငါ့ကိစ္စကို ငါ့ဟာငါ ရှင်းနိုင်ပါတယ်။ ငါနဲ့ အဖော်လိုက်မယ့်အစား ဆိုင်မှာ အမေ့ကိုသာ ကူလုပ်ပေးလိုက်တော့”
“အင်းလေ၊ ဒါဆိုလည်း ပြီးရော။ ဒါပေမယ့် စိတ်အခန့်မသင့်တာတွေ ကြုံလာရရင်တော့ စိတ်လိုက်မာန်ပါ လျှောက်လုပ်မနေနဲ့ဦးနော်။ ညလေးဆီ အရင်ဆုံး ဖုန်းဆက်”
သူ ဘယ်တုန်းက ဒီလောက်တောင် ရင့်ကျက်သွားတာပါလိမ့်။ ကျွန်မ တွေးနေမိတယ်။ ကျွန်မတို့ ညီအစ်မနှစ်ယောက် အခုလို စကားမျိုးတွေကို အပြန်အလှန် ဆွေးနွေးလို့ ရတဲ့ အချိန်ကတည်းက စပြီး ကျွန်မတို့က ညဉ့်နက်ချိန်မျိုးမှာ အခန်းထဲ စကားစမြည် ပြောတတ်ကြတယ်။ မုန့်အတူ စားကြတယ်။ ရန်ဖြစ်ကြတယ်။ ကိုယ်စီ အချစ်ဇာတ်လမ်းတွေကို ပြန်ပြောပြတတ်ကြတယ်။ အဲဒီလိုနဲ့ပဲ ကျွန်မတို့က ညီအစ်မတွေ ဆိုတာထက် သူငယ်ချင်းတွေလို ဖြစ်လာခဲ့ကြတယ်။
တကယ်လို့ ညအချိန်တွေမှာ နှစ်ယောက်စလုံး အပြင် မထွက်ဖြစ်ကြဘူး ဆိုရင် တစ်ယောက်ယောက်ရဲ့ အိပ်ခန်းထဲကို နောက်တစ်ယောက်က အလိုလို ရောက်သွားတတ်တယ်။ ကျွန်မတို့က နေ့တစ်နေ့ ကုန်ဆုံးပြီ ဆိုတာနဲ့ အပန်းဖြေတဲ့ အနေနဲ့ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဆန်းဝစ်တို့၊ ဘီယာတို့၊ လက်ဖက်ရည်တို့၊ သရေစာတို့ကို မြိန်ရည်ရှက်ရည် စားသောက်တတ်ကြတယ်။ ညကြီး အချိန်မတော်မှာလည်း အခန်းထဲမှာ တီဗီကို ဖွင့်ထားတတ်တယ်။ ဘာကြောင့်ရယ် မသိဘူး။ အခန်းထဲမှာက လူကို ပိုပြီး နွေးထွေးစေတယ်။ အဲဒီအထဲမှာ နေနေရတာက ကမ္ဘာလောကရဲ့ အထီးကျန်မှုတွေနဲ့ ကြောက်မက်ဖွယ်ရာတွေကို လုံးဝ မေ့ပျောက်သွားစေနိုင်တယ်။
အခုတလော ကျွန်မတို့ အပြန်အလှန် ပြောဖြစ်နေတဲ့ စကားက ‘အိမ်ထောင်ကျသွားရင် အခုလို စကားပြောခွင့် ရတော့မှာ မဟုတ်တော့ဘူးနော်’ ဆိုတဲ့ စကားမျိုးတွေပဲ။ သို့ပေမယ့် လက်ရှိအခြေအနေ အရတော့ ညီမလုပ်တဲ့သူ သတို့သမီး ဖြစ်မှပဲ ပြောင်းလဲနိုင်တော့မယ် ထင်တယ်။
ကျွန်မတို့နှစ်ယောက် အတူတူ ရှိနေကြတဲ့ အချိန်တွေမှာ ကျွန်မအနေနဲ့ ကလေးဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်။ တကယ်လို့သာ ကိုယ့်နံဘေးမှာ တီးတိုးပြောဖော်တစ်ယောက် ရှိနေမယ် ဆိုရင် သူက အိမ်သားတစ်ယောက်ပဲ ဖြစ်နေပါစေ၊ ကျွန်မရဲ့ ကိုယ်ပိုင်အခက်အခဲ၊ ကိုယ်ပိုင် ဘဝပြဿနာတွေကို လုံးဝ မေ့ပျောက်သွားစေနိုင်တာ အမှန်ပဲ။
ဘယ်လိုပဲ ဖြစ်လာဖြစ်လာပေါ့လေ။ တာကာနာရှိကို အချိန်တိုအတွင်းမှာတော့ ဘယ်လိုမှ မေ့ပျောက်လို့ ရနိုင်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မရဲ့ ဦးနှောက်ထဲမှာ အဲဒီလို ပြတ်သားစူးရှတဲ့ စနစ်တွေ ရှိမနေဘူး။ ကိုယ် မျှော်လင့်မထားတဲ့ အဆိုးဆုံး ရလဒ်တွေကို နဖူးတွေ့ ဒူးတွေ့ ကြုံလာရပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ချက်ချင်း တည့်မတ်အောင် ပြန်လုပ်ဖို့ မစွမ်းနိုင်ဘူး။ ကျွန်မရဲ့ ပင်ကိုဗီဇကိုက ဘာလုပ်လုပ် အီးလေးဆွဲပြီး အချိန်ယူရတတ်တယ်။
ကျွန်မက ကိုယ့်ဘဝ ပြီးပြည့်စုံနိုင်ဖို့အတွက် ယောက်ျားတစ်ယောက် မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ အစားထဲကတော့ မဟုတ်ဘူး။ ဒါပေမယ့် တာကာနာရှိကတော့ ခြွင်းချက်ပေါ့လေ။ သူကသာလျှင် ကျွန်မကို ထိတ်ထိတ်ပျာပျာ ဖြစ်အောင် လုပ်နိုင်တယ်။ ကျွန်မကို ပူဆွေးဝမ်းနည်းအောင်၊ ကျွန်မကို မြူးကြွပျော်ရွှင်အောင် သူသာလျှင် တတ်နိုင်ခဲ့တယ်။ အဲဒါ ကျွန်မတို့ရဲ့ ရေစက်လို့ပဲ ဆိုရလေမလား။ သူကတော့ အမြဲတမ်း ပြေးလွှားလှုပ်ရှားနေတယ်။ ကျွန်မကတော့ ငြိမ်ငြိမ်ဆိတ်ဆိတ်နဲ့ ဖြစ်လာသမျှကို ခေါင်းငုံ့ခံဖို့ အသင့် စောင့်ဆိုင်းနေခဲ့တယ်။ အဲဒါကိုက ကျွန်မတို့ရဲ့ ကံကြမ္မာပေပဲ။
ကျွန်မက မွေးရာပါ တွန့်ဆုတ်နုံအတယ် ဆိုပေမယ့် မိသားစုမှာက သားဦးဖြစ်လေတော့ တာကာနာရှိက အလိုအလျောက်ပဲ ကျွန်မ ဂျီကျလို့ ရမယ့်၊ ကလေးဆန်ပြလို့ ရမယ့်၊ မှီတွယ်လို့ ရမယ့် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့တယ်။
ရလဒ်ကတော့ ကျွန်မ စိုးရိမ်နေတာထက် ပိုပြီး ဆိုးရွားနေတယ်။
ကျွန်မ သူ့ဆီ အီးမေးလ်သုံးစောင် ရေးပို့လိုက်တယ်။ အဓိပ္ပာယ် အနှစ်ချုပ်ကတော့ ဘာပဲဖြစ်ဖြစ် အေးအေးဆေးဆေး ဆွေးနွေးကြည့်ချင်တယ်ပေါ့။ “နင့်ကို လာတွေ့မယ်” လို့ ကျွန်မ ထည့်မရေးခဲ့ဘူး။ နောက်ပြီး အသံမေးလ် နှစ်ခုကိုလည်း ချန်ထားပေးလိုက်တယ်။ အကြောင်းအရာကတော့ အီးမေးလ်ထဲကနဲ့ မထူးလှပါဘူး။
“ဘာတွေပဲ ဖြစ်နေဖြစ်နေ ငါ နင်နဲ့ စကားပြောချင်တယ်။ အခုလိုကြီး ဆက်သွားနေလို့ ဘာမှ အဓိပ္ပာယ် မရှိဘူးလို့ ငါ ထင်တယ်။ လေထဲမှာ တိုက်အိမ်ဆောက်နေရသလိုပဲ။ ဒါကြောင့် ပြောစရာ ရှိတာကို ပြတ်ပြတ်သားသား ပြောလိုက်ကြရရင် ပိုမကောင်းဘူးလား။ ဒီတော့ ငါတို့ ဆုံတွေ့ပြီး ပြောစရာရှိတာ ပြောကြရအောင်”
အသံသွင်းတဲ့အခါမှာ ဝမ်းနည်းကြေကွဲနေတဲ့ အသံမျိုး မဖြစ်အောင် ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။
သို့ပေမယ့် အဖြေစကား ရောက်မလာခဲ့ဘူး။
ဒါနဲ့ သုံးရက်စာ အထုပ်အပိုးပြင်ပြီး တာကာနာရှိ နေတဲ့ မြို့ကို ကျွန်မ ခရီးထွက်လာခဲ့တယ်။
ဘူတာရုံနဲ့ နီးတဲ့ တည်းခိုခန်းတစ်ခုမှာ ကျွန်မ တည်းခိုလိုက်ပြီး ညနေခင်း ရောက်အလာကို ကျွန်မ စောင့်ဆိုင်းနေလိုက်တယ်။
တည်းခိုခန်းမှာ အထုပ်အပိုးတွေ ထားပြီးတာနဲ့ ကျွန်မ နေ့လယ်စာစားဖို့ တစ်ယောက်တည်း အပြင် ထွက်လာခဲ့တယ်။ အမှန်အတိုင်း ဝန်ခံရရင်တော့ စိတ်ထဲမှာ အနည်းငယ်တော့ ပျော်သား။ ဒီည သူ့ကို တွေ့ရတော့မယ်လေ။ နောက်ပြီး ကျွန်မကို တွေ့တဲ့အခါမှာ သူက လွမ်းနာကျပြီး အရင်က ပုံစံအတိုင်း ပြန်ဖြစ်ချင် ဖြစ်သွားမှာ။ ကျွန်မတို့နှစ်ယောက် အရင်ကလို ဟိုဟိုဒီဒီ စကားတွေ လျှောက်ပြောရင်း ကြည်နူးတီတူးလို့။ … ကျွန်မ အဲဒီလို စိတ်ကူးယဉ်နေခဲ့တယ်။ တာကာနာရှိက ဒီမြို့မှာ နေတာပါလားလို့ တွေးလိုက်မိရုံနဲ့ ကျွန်မရဲ့ ရင်ထဲမှာ အီစိမ့်နေအောင် ပီတိတွေ ဖြာလို့။ သူရော ဒီဆိုင်မှာ နေ့လယ်စာ စားဖူးလား မသိဘူး။ အဲဒီအတွေးကြောင့် သူ့ကို လွမ်းဆွတ်လာပါရော။
တည်းခိုခန်း ပြန်ရောက်တော့ ကျွန်မ တစ်ရေးတစ်မောလောက် အိပ်ပစ်လိုက်တယ်။ အိပ်မက်ဆိုးတစ်ခု မက်လို့ရယ်။
အိပ်မက်ထဲမှာ ကျွန်မတစ်ယောက်တည်း သူစိမ်းမြို့တစ်မြို့မှာ မျက်စိလည်ပြီး လမ်းပျောက်နေတယ်။ ဒူးတွေက တုန်နေကြပြီ။ လမ်းပျောက်နေလို့ ဘယ်သူ့ကိုပဲ မေးမေး၊ တချို့က ကျွန်မကို တစ်စက်ကလေးတောင် အဖက်မလုပ်ကြဘူး။ တချို့ကျပြန်တော့ ကျွန်မ ဘယ်လိုမှ နားမလည်နိုင်တဲ့ စကားတွေနဲ့ ပြန်ပြောနေတယ်။ လေထုထဲမှာ ဖြူလွလွ သက်တံရောင် မြူနှင်းတွေက ပိန်းပိတ်အုပ်စိုးနေတယ်။ အဲဒီမြူစိုင်ထဲမှာ ပိတ်လှောင်နေတဲ့ ကျွန်မက ဝမ်းနည်းပြီး ဘာကိုမှ မစဉ်းစားတတ်အောင် ဖြစ်နေခဲ့တယ်။
အဲဒီနေ့ ည ၉ နာရီမှာ ဆုံးဖြတ်ချက် ရဲရဲချပြီး တာကာနာရှိရဲ့ အိမ်ကို ကျွန်မ ချီတက်ခဲ့တယ်။
သူ အဲဒီတိုက်ခန်းကို ပြောင်းသွားပြီးကတည်းက ကျွန်မကို လာလည်ဖို့ တစ်ခါလေးမှတောင် မဖိတ်ခဲ့ဖူးဘူး။ ကျွန်မ ရောက်ဖူးဖို့ဆိုတာ ဝေလာဝေးပေါ့။
မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ယာဉ်ရပ်နားကွင်းထဲမှာတော့ ကျွန်မနဲ့ စိမ်းမနေတဲ့ ကားတစ်စီးကို လှမ်းမြင်နေရတယ်။
အခန်းထဲမှာလည်း မီးလင်းလို့။ လှုပ်ရှားနေတဲ့ လူရိပ်လူရောင်ကိုလည်း တွေ့နေရတယ်။ စိတ်ချရပြီ ဆိုတာနဲ့ ကျွန်မ လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်တယ်။
အထဲကနေ ထွက်လာတဲ့သူက အမျိုးသမီးတစ်ယောက်။ အင်မတန်မှ လှတယ်။ ရင့်ကျက်တည်ငြိမ်တဲ့ ပုံမျိုး။ ပြောရရင် ကျွန်မနဲ့ လုံးဝ ဆန့်ကျင်ဘက်ပေါ့။ အလုပ်လုပ်ရင် စည်းစနစ်တကျ လုပ်တတ်တဲ့ လူစားမျိုး ဖြစ်လိမ့်မယ်။ သူ့ရဲ့ မျက်နှာပေါက်က တာကာနာရှိရဲ့ အမေနဲ့ အနည်းအကျဉ်း တူနေသယောင် ရှိလို့ ကျွန်မ တုန်လှုပ်ချောက်ချားသွားတယ်။
“ဂျင်နဲ့ တွေ့ချင်လို့လား။ သူ အိမ်ပြန်မရောက်သေးဘူး” သူက ပြောတယ်။
“ဟိုဟာ … ကျွန်မက … ယိုကိုယာမာ မီမီပါ။ ကျွန်မက တာကာနာရှိရဲ့ … တကယ်တော့ ကျွန်မက သူနဲ့ စေ့စပ်ထားတဲ့သူပါ”
ကျွန်မ အခုလို ပြောလိုက်ရတဲ့ အကြောင်းအရင်းက ကိုယ့်အတွက် အသားစီးရတဲ့ အနေအထားတစ်ခုကို ဖန်တီးထားလိုက်ချင်လို့ပဲ။ ဒါပေမယ့် တာကာနာရှိရဲ့ နာမည်ကို သူ ရင်းရင်းနှီးနှီး ခေါ်လိုက်တာ ကြားရကတည်းက စစ်ရှုံးတော့မယ် ဆိုတာကို ကျွန်မ ရိပ်မိနေခဲ့ပါပြီ။
“ဪ … သူ ကျွန်မကို ပြောပြဖူးတယ်။ အထဲကို ကြွပါရှင်” သူက ပြောတယ်။
သူ့ရဲ့ ကိုယ်ပေါ်မှာ တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားတယ်။ ဆံပင်ကို နောက်စေ့မှာ သပ်သပ်ရပ်ရပ် စုချည်ထားတယ်။ ကျွန်မ ရောက်မလာသေးခင်က ညစာအတွက် ချက်ပြုတ်စီမံနေတာ ဖြစ်မယ်။ နောက်ပြီး အခန်းထဲမှာလည်း သန့်လို့ပြန့်လို့။ ဧည့်ခန်းကိုလည်း လှတပတ ပစ္စည်းကလေးတွေနဲ့ အလှဆင်ထားသေးတယ်။ တကယ့်ကို ချစ်သူတွေရဲ့ ချစ်ဘုံဗိမာန်ကလေးနဲ့ တူနေတယ်။ အဲဒီ အခင်းအကျင်းတွေထဲမှာ ကျွန်မရဲ့ ဓာတ်ပုံက တစ်ပုံတလေတောင် ရှိမနေဘူး။ ကျွန်မတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ကိုယ်စားပြုတဲ့ ဘာ အမှတ်တရ ပစ္စည်းကိုမှ မတွေ့ရဘူး။ ကျွန်မ မှတ်မိနိုင်တာဆိုလို့ အင်္ကျီချိတ်မှာ ချိတ်ထားတဲ့ အနောက်တိုင်း ဝတ်စုံတစ်ထည်ပဲ။ သူ့မိဘအိမ်မှာတုန်းက အမြဲလိုလို ဝတ်တတ်တဲ့ ကုတ်အင်္ကျီပေါ့။ အဲဒီအင်္ကျီကိုတော့ ငါ မြင်ဖူးတယ်လို့ တွေးလိုက်မိရုံ ရှိသေး။ မျက်ရည်တွေက လျှံကျလာဖို့ တာစူနေကြပြီ။ ဪ … လွမ်းစရာ၊ လွမ်းစရာ။
“စစချင်းတုန်းကတော့ ကျွန်မက သူ့ရဲ့ ဒီမြို့ပေါ်က ချစ်သူရည်းစားလောက် ဖြစ်ရရင်ကိုပဲ ကျေနပ်ပါပြီလို့ တွေးထားခဲ့တာ”
သူက ကျွန်မအတွက် လက်ဖက်ရည် ငှဲ့ပေးရင်း ပြောနေတယ်။ ကျွန်မရဲ့ ခေါင်းထဲမှာ မူးနောက်နောက် ဖြစ်လာနေပြီ။
“ဒါပေမယ့် တွဲလာတဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ ကျွန်မတို့မှာ တူညီတာတွေ အတော်များများ ရှိနေပါလားလို့ တစ်နေ့တခြား ပိုပိုပြီး သိလာခဲ့ကြတယ်။ ဂျင်က အမြဲ ပြောတတ်တယ်။ ငါ့ကို အချိန်နည်းနည်း ပေးပါဦး။ မီမီက သိပ်ကို ရိုမန်တစ်ဆန်လွန်းတယ်။ သူ အဖြစ်မှန်ကို ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူးတဲ့။ နောက်တော့ ကျွန်မရဲ့ မိဘတွေနဲ့ သူ့အမေက ကျွန်မတို့ အတူတူ နေနေကြတာကို သိသွားကြတယ်။ ဒါနဲ့ပဲ ကျွန်မတို့လည်း တရားဝင် ဖြစ်သွားအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ … သူ အခုချိန်ထိ ရှင့်ကို အဲဒီအကြောင်းတွေ ပြောမပြရသေးဘူး ဆိုတာ သိရတော့ ကျွန်မ စိတ်မကောင်းဘူး”
“ဘာကို လာတောင်းပန်နေတာလဲ။ ရှင် ဘာတွေ ပြောနေတာလဲ”
“ကျွန်မတို့ မကြာခင်မှာ လက်ထပ်ကြတော့မလို့ စီစဉ်ထားကြတယ်။ ရုံးချုပ်မှာ ရှိတဲ့ သူ့အလုပ်ကလည်း အတော်လေး အထိုင်ကျနေပြီ။ ဒါကြောင့် ကုမ္ပဏီက သူ့ရဲ့ သဘောဆန္ဒကို လိုက်လျောတဲ့အနေနဲ့ သူ့ကို ရုံးခွဲ ပြန်ပို့ဖို့ ယာယီ ဆိုင်းငံ့ထားပြီး ရုံးချုပ်မှာ ဆက်နေဖို့ သဘောတူထားတယ်”
“ရှင် …”
ကျွန်မရဲ့ အသံက လုံးဝကို အားမရှိတော့ဘူး။ နေ့ခင်းကြောင်တောင် ကောင်းကင်ပြာပြာအောက်မှာ မိုးကြိုးပစ်ခံလိုက်ရသလိုပဲ။ ဒါကြောင့်များ ကျွန်မနာမည်ကို မီမီလို့ မှည့်ခဲ့လေရော့သလား။ ကျွန်မ ဆောက်တည်ရာမရ ဖြစ်ပြီး ခေါင်းထဲမှာလည်း ဘာမှ အဓိပ္ပာယ် မရှိတဲ့ အတွေးပေါင်းစုံနဲ့ ချာချာလည်နေတယ်။
ငိုဖို့ရာကလည်း ငိုလို့ မထွက်ပြန်ဘူး။ တယ်တုံး၊ တယ်အ,တဲ့ ငါပါလားလို့ ကိုယ့်ကိုယ်ကိုယ်သာ ကျိန်ဆဲနေမိတော့တယ်။ သူ့ရင်ထဲမှာ ကိုယ့်အတွက် နေရာလေးတစ်ခုတောင် မရှိတော့တဲ့ဟာကို ငါမို့လို့ အရှက်မရှိ၊ မျက်နှာပြောင်တိုက်ပြီး စာပို့ရတာနဲ့။ ဖုန်းဆက်ရတာနဲ့။ ပြီးတော့ သူ့ညီအစ်မတွေကို ဆက်သွယ်ပြီး တိုင်ပင်ရတာနဲ့။
အဲဒီလောက်တင် ဘယ်ကဦးမလဲ။ အဆိုးရွားဆုံးကိစ္စက အဲဒီအချိန်မှာပဲ “ကို ပြန်ရောက်ပြီ” ဆိုတဲ့ အသံနဲ့အတူ တာကာနာရှိ အိမ်ထဲကို လျှောက်ဝင်လာတယ်။
ပြန်ရောက်ပြီ … … ဟုတ်တာပေါ့ … အိမ်ပြန်ရောက်ပြီ။ သူ့ရဲ့ အိမ် … သူတို့ရဲ့ အိမ်ကို … ။
သူက ကျွန်မကို မြင်ပြီး တအံ့တဩ ဖြစ်သွားတယ်။ နောက်တော့ ကျွန်မနဲ့ သူ့ဟိုဟာမနဲ့ မျက်နှာချင်းဆိုင် ထိုင်နေကြတာကို မြင်သွားတဲ့ အခါမှာ သူ အဖြစ်အပျက်တစ်ခုလုံးကို သဘောပေါက် နားလည်သွားတယ်။
“ဆောရီးပဲ၊ မီမီ။ ဒီဆောင်းတွင်းရောက်မှ ကိစ္စတွေ အကုန်လုံးကို အပြတ်ရှင်းလိုက်တော့မယ်လို့ ငါ စိတ်ကူးထားတာ။ ငါ နင့်ကို အမြင်ကတ်လို့ မဟုတ်ပါဘူး။ ပိုပြီး သဘောကျတဲ့ လူကို တွေ့သွားလို့ပါ။ ငါ ဆုံးဖြတ်ချက် ချပြီးသွားပြီ” သူက ပြောတယ်။
စကားပြောနေတဲ့ အချိန်မှာ သူ့မျက်နှာက ပြိုတော့မယ့် မိုးလို ညိုမှောင်နေတယ်။ သူ့ရဲ့ အကြည့်တွေကလည်း မမုန်းရက်အောင် ဖန်နေကြသလိုပဲ။
ရိုက်ချက်က ကျွန်မအတွက်တော့ အတော်ကို ပြင်းထန်လွန်းနေတယ်။ မျက်ရည်တွေက တာကျိုးတဲ့အတိုင်း ထိန်းမနိုင် သိမ်းမရ တသွင်သွင် စီးကျနေကြတယ်။ တစ်ခုခုတော့ ပြောချပစ်လိုက်ချင်တယ်။ ဒါပေမယ့် စကားလုံးတွေ ရှာမတွေ့တော့ဘူး။ စကားတစ်ခွန်းကိုပဲ ကျွန်မ အတော်ကြီး ကြိုးစားပြီး ပြောဖြစ်ခဲ့တယ်။
“အခြေအနေက ဒီလောက်တောင် ဖြစ်နေပြီ ဆိုမှတော့ ဘာတတ်နိုင်ဦးမှာလဲ။ မီ သဘောပေါက်ပါပြီ”
နောက်ဆုံးတော့ ကျွန်မတစ်ယောက်တည်း အဲဒီ နွေးထွေးပြီး လင်းလက်နေတဲ့ အိမ်ခန်းထဲကနေ ထွက်လာခဲ့တယ်။ အမှောင်ထုထဲကို ခြေစုံပစ် ပြေးဝင်ရင်းပေါ့။
ခြေဦးတည့်ရာကို လျှောက်သွားနေလိုက်တာ ဘယ်လောက်တောင် ကြာသွားသလဲ မသိဘူး။ အဲဒီစပ်ကြားမှာ ဘားဆိုင်တစ်ဆိုင်ထဲကို ကျွန်မ ဝင်လိုက်သေးတယ်။ ကော့တေး ၃ ခွက်ကို မှာသောက်ပစ်လိုက်တယ်။ ကျွန်မထိုင်နေတဲ့ ထိုင်ခုံကပ်လျက်မှာ ရှိတဲ့ ဘဲတစ်ပွေက ကျွန်မကို ရစ်သီရစ်သီ လုပ်နေသေးတယ်။ ဒါပေမယ့် ကမ္ဘာပျက်နေတဲ့ ကျွန်မရဲ့ အဖြစ်ကို ဘားဝန်ထမ်းက သတိထားမိသွားတာကြောင့် သူက ကြားဝင် ဖြေရှင်းပေးလိုက်လို့ ကျွန်မ သက်သာရာ ရသွားတယ်။ အဲဒီနောက်တော့ ခေါင်းကြည်သွားအောင် ဆိုပြီး ကျွန်မ လမ်းမပေါ် လျှောက်သွားနေခဲ့တယ်။ ဒီလောက် မုန်းစရာကောင်းတဲ့ မြို့ကြီးပေါ်မှာ လူတိုင်းလူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်နေရာလေးတွေကို ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ မနာလိုစရာ ကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားကြတယ်။ ကျွန်မမှာတော့ လမ်းသလားနေတဲ့ တစ်ကောင်ကြွက်ရယ်ပါ။
ကျွန်မမှာ ချစ်စရာကောင်းတဲ့ မိသားစုတစ်စု ရှိတယ်။ တက္ကသိုလ် ဘွဲ့ရတစ်ယောက်။ အလုပ်အကိုင် ရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ စေ့စပ်ထားတယ်။ ကျွန်မရဲ့ ဘဝက ဒီနေ့မနက် အထိတော့ အားလုံးက အိုကေမှ စိုပြေလို့။ အခုကျတော့ရော … ။ ဒီလိုနေရာမျိုးမှာ ဘာကြောင့် တစ်ယောက်တည်း ယောင်နနနဲ့ လျှောက်သွားနေရတာလဲ။
ဒါပေမယ့် တစ်ချိန်တည်းမှပဲ ကျွန်မ တွေးနေမိပြန်တယ်။ အို … ဒါမျိုးကိစ္စက ကိုယ်တစ်ယောက်တည်း ကြုံရတတ်တာမှ မဟုတ်တာ။ ကြုံဖူးတဲ့ လူတွေမှ ပုံအောလို့။
ကျွန်မ တည်းခိုခန်းကို ပြန်ရောက်တော့ ရေပူနဲ့ အားရပါးရ ရေချိုးပစ်လိုက်တယ်။ အဲဒီအခါကျမှပဲ အမှန်တကယ် ငိုချပစ်လိုက်နိုင်တော့တယ်။ အားလုံးက အဆုံးသတ်သွားခဲ့တာ ကြာပေါ့။ ဒါပေမယ့် ကျွန်မ ဘာမှ မသိခဲ့ဘူး။
ညီမဆီက ဖုန်းကောတွေ ဝင်ထားတာ မနည်းဘူး။ စာတိုတွေလည်း အများကြီးပဲ။
ကျွန်မ ငိုယိုပြီး ညီမဆီကို ဖုန်းခေါ်လိုက်တယ်။ ကဲ မပြောဘူးလား။ အစကတည်းက အဲဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်သားပဲ။ မမကိုက တုံးတာ။ လူရိုးကြီး။ ငအမ။ စတဲ့ စကားလုံးတွေနဲ့ ညီမက ကျွန်မကို အပြစ်တင်ရင်း သူကိုယ်တိုင်ကလည်း ရှိုက်နေလေရဲ့။ မြန်မြန် ပြန်လာခဲ့နော်။ ညလေးတို့ စိတ်ပူတယ်၊ သိလား။ မြန်မြန်နော်။ သူက အဲဒီလို ထပ်ခါထပ်ခါ ပြောနေခဲ့တယ်။
ကျွန်မရဲ့ ရူးမိုက်မှုကို ကျွန်မကိုယ်တိုင်တောင် စိုးရိမ်လာမိတဲ့ အထိပဲ။
ဒီလို ဇာတ်သိမ်းရလိမ့်မယ်လို့ အစောကြီးကတည်းက သိနေပါလျက်နဲ့ ဘာဖြစ်လို့ ဒီနေရာကို ပြေးလာခဲ့ရသေးတာလဲ။ အခုတော့ အိပ်မက်ကနေ နိုးထလာပြီလို့ ကျွန်မ ခံစားနေရတယ်။
စိတ်ရဲ့ တစ်စိတ်တစ်ဒေသကတော့ အိမ်ကို ပြန်ချင်နေတယ်။ အတိတ်က ဘဝထဲကို ပြန်သွားပြီး အရာအားလုံးကို မေ့ပျောက်ပစ်လိုက်ချင်တယ်။ အချိန်အကြာကြီး မျှော်လင့်တောင့်တခဲ့တဲ့ တာကာနာရှိနဲ့ ဘဝသစ် ထူထောင်ဖို့ စိတ်ကူးက ဘယ်လိုမှ ဖြစ်မလာနိုင်တော့ဘူး ဆိုပေမယ့် ကျွန်မ ပိုင်ဆိုင်ခဲ့ဖူးတဲ့ သာယာငြိမ့်ညောင်းတဲ့ မိသားစု ဘဝထဲမှာ ကျွန်မကိုယ်ကျွန်မ ခေါင်းမဖော်စတမ်း နှစ်မြှုပ်ထားလိုက်ချင်တယ်။ ဒါပေမယ့် အခုချက်ချင်းသာ အိမ်ပြန်သွားခဲ့မယ် ဆိုရင် နားလည်ရခက်တဲ့ ခံစားမှုထောင်ချောက်ထဲမှာ လုံးဝ ပိတ်လှောင်ခံနေရလိမ့်မယ်လို့ ကျွန်မ ခံစားနေရတယ်။
စေ့စပ်ကြောင်းလမ်းခြင်း ဆိုတဲ့ လုပ်ရပ်ကြောင့် ရရှိလာမယ့် ပျော်ရွှင်မှုအတွက် အာမခံချက်နဲ့ တည်မြဲခိုင်မာမှုတွေကို ကျွန်မက တရားသေ ဖမ်းဆုပ် ယုံကြည်ထားခဲ့မိတယ်။ သူ့မှာ စွမ်းအင်တစ်မျိုး ရှိနေတယ်။ ပျော်ရွှင်ချမ်းမြေ့မှုကို မလွဲမသွေ ရလာလိမ့်မယ်လို့ လူတိုင်းကို ရဲရဲကြီး အာမခံထားသလိုပဲ။ သိပ်ကို သေချာလွန်းတယ်။ ဒီတော့ အေးဆေးသာနေ ဆိုတဲ့ သဘောမျိုး။
တကယ်တော့လည်း ကျွန်မက ဖွတ်ထွက်မှ တောင်ပို့မှန်း သိခဲ့ရတာ။ အဲဒါကြီးကိုပဲ ကျွန်မက တစ်ချိန်လုံး တမြတ်တနိုးနဲ့ တရှိုက်မက်မက် ကိုးကွယ်ထားခဲ့မိတာ ရှက်စရာတောင် ကောင်းနေပါပကောလား။
မိဘစုံရာနဲ့ စေ့တောင် စေ့စပ်ထားပြီးပြီပဲ။ ဒီတော့ လမ်းခွဲကြတယ် ဆိုတဲ့ ကိစ္စမျိုးက ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး။ အဲဒီလို ကျွန်မကိုယ်ကျွန်မ တစ်ချိန်လုံး လိမ်ညာခဲ့တယ်။
မနက် နိုးလာတော့ မျက်လုံးတွေက မို့အစ်နီရဲနေတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာ ရောက်နေမှန်းတောင် မသိတော့ဘူး။ နောက်တော့ သတိပြန်လည်လာပြီး ‘အား’ကနဲ ထအော်လိုက်မိတယ်။
အတိတ်ရဲ့ မှတ်ဉာဏ်တွေထဲမှာ ယစ်မူးသာယာနေတဲ့ ကျွန်မရဲ့ သကာအုပ်ထားတဲ့ နေ့ရက်တွေက ကုန်လွန်သွားခဲ့ပြီလေ။
အရင်ကဆိုရင် နံနက်စောစော အိပ်ယာနိုးတာနဲ့ “အခုချိန်ဆို တာကာနာရှိ ဘာတွေ လုပ်နေပါ့မလဲ” ဆိုပြီး အမြဲ တွေးနေတတ်တယ်။ ဒါပေမယ့် ကျွန်မ တစ်သက်လုံး အဲဒီလို ထပ်တွေးနေဖို့ မလိုတော့ပါဘူး။ သူက ကျွန်မရဲ့ ဘဝနဲ့ လုံးလုံးမှ မပတ်သက်တော့တာပဲဟာ။
တည်းခိုခန်းရဲ့ ဖြူစွတ်နေတဲ့ မျက်နှာကျက်ကို ငေးကြည့်ရင်း ကျွန်မ စဉ်းစားနေမိတယ်။ ဘာဆက်လုပ်ရင် ကောင်းမလဲ။
အဖြေက ဘာကြီးပဲ ဖြစ်နေနေ ကျွန်မရဲ့ ဘဝဟောင်းဆီကို ချက်ချင်း ပြန်သွားဖို့ အဆင်သင့် ဖြစ်မနေသေးဘူး ဆိုတာကိုတော့ ကျွန်မ သိနေတယ်။
ကျွန်မ ဖုန်းကို ကောက်ကိုင်လိုက်ပြီး အဖေနဲ့ အမေ့ဆီ ဖုန်းခေါ်လိုက်တယ်။ သူတို့ကို ဖြစ်ကြောင်းကုန်စင် အကုန် ပြောပြလိုက်တယ်။
ထင်ထားတဲ့ အတိုင်းပါပဲ။ သူတို့ သိပ်ကို စိတ်တိုနေကြတယ်။ တာကာနာရှိရဲ့ မိဘတွေဆီ သွားချဲဖို့ စိတ်ကူးနေကြတယ်။ ကျွန်မ သူတို့ကို ပြောလိုက်ပါတယ်။ စေ့စပ်ပွဲ ဖျက်သိမ်းခြင်း၊ မဖျက်သိမ်းခြင်းက ကျွန်မအတွက် ဘာမှ မထူးခြားတော့ပါဘူး။ ကျွန်မ သူ့ကို စိတ်ကုန်နေပြီ ဆိုတော့ အဲဒီလို ဖြစ်သွားတာကပဲ ကျွန်မအတွက် ခပ်ကောင်းကောင်းရယ်ပါ။ ကျွန်မ သူတို့ကို ညာပြောလိုက်တယ်။
သူတို့ ကျွန်မကို စိတ်ပူလို့ ပြောနေကြတယ် ဆိုတာကို ကျွန်မ သိပေမယ့် သူတို့ အဲဒီလို ပြူးတူးပျာတာ ဖြစ်နေတာကြောင့်ပဲ ကျွန်မ အိမ်ပြန်ဖို့ ပိုပြီး မဝံ့မရဲ ဖြစ်နေမိတယ်။ ဒါနဲ့ စိတ်တည်ငြိမ်သွားတဲ့အထိ ဒီမှာပဲ ခဏလောက် နေလိုက်ချင်သေးတယ်လို့ ကျွန်မ ပြောလိုက်တယ်။ တစ်အိမ်သားလုံးက ကျွန်မကို ချက်ချင်း အိမ်ပြန်လာခဲ့ဖို့ ချော့မော့ ပြောနေကြပေမယ့် ကျွန်မမှာ ရထားစီးနိုင်တဲ့ ခွန်အားတောင် မကျန်တော့ဘူး။ နောက်ပြီး အိမ်ပြန်ရောက်လို့ သူတို့က ကျွန်မကို သနားသလို၊ စာနာသလိုနဲ့ ဝိုင်းပြီး နှစ်သိမ့်နေကြမယ် ဆိုရင် ကျွန်မ သေကြောင်းကြံမိမလားတောင် မပြောတတ်ဘူး။
ကျွန်မရဲ့ အိပ်ခန်းထဲမှာက နေရာအနှံ့မှာ အမှတ်တရ ဓာတ်ပုံတွေ အပြည့် ကပ်ထားတယ်။ နောက်ပြီး ဒိုင်ယာရီရယ်၊ သူ ကျွန်မကို ပို့ပေးထားတဲ့ လက်ဆောင်တွေရယ်၊ ပစ္စည်းတွေမှ အများကြီး အများကြီးရယ်။ အဲဒါတွေကိုလည်း ကျွန်မ အခုချိန်မှာ လုံးဝ မမြင်ချင်သေးဘူး။
နောက်ထပ် ရှိသေးတယ်။ အချိန် ကြာလာတာနဲ့အမျှ အမေက ကျွန်မရဲ့ ခံစားချက်အမှန်ကို မရိပ်မိဘဲ နေမှာ မဟုတ်ဘူး။ ဒီတော့ သူက ကျွန်မကို သဲသဲလှုပ် လုပ်ပြလေလေ ကျွန်မရဲ့ ဒဏ်ရာက အနာကျက်ဖို့ ပိုခက်လာလေလေ ဖြစ်လာလိမ့်မယ်။
နက်ရှိုင်းတဲ့ မိသားစုရဲ့ ချစ်ခြင်းမေတ္တာက ကျွန်မအပေါ် လွှမ်းခြုံထားတယ်။ အရင်ကတည်းက အဲဒီလိုပါပဲ။
အမေရယ်၊ ကျွန်မရယ်၊ ညီမလေးရယ်က ညီအစ်မ သုံးယောက်လိုပဲ။ အမေက ဝါသနာအရ ဆန်းဝစ်ဆိုင်တစ်ဆိုင် ဖွင့်ထားပြီး မနက်ခင်းနဲ့ နေ့ခင်းမှာပဲ ဈေးရောင်းလေ့ရှိတယ်။ ရိုးရှင်းပေမယ့် စိတ်ပျော်စေတာတော့ အမှန်ပဲ။ အဖေက ကုမ္ပဏီဝန်ထမ်းပါ။ မိသားစုအပေါ်လည်း သစ္စာရှိတယ်။ အခုချိန်မှာ ကျွန်မတို့ မိသားတစ်စုလုံးက ကျန်းကျန်းမာမာနဲ့ အေးအေးချမ်းချမ်း ရှိနေကြတယ်။
ဘာများ မကောင်းတာ ပါလို့လဲနော်။
ဒါပေမယ့် အခုလို ကိစ္စမျိုး ကြုံပြီးတဲ့ နောက်မှာတော့ ကျွန်မ နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်လာတယ်။ ဒီလိုမိသားစုလေးရဲ့ နှောင်ကြိုးက သိပ်ကို မြဲမြံလွန်း အားကြီးနေတယ်။ တင်းကျပ်လွန်း အားကြီးနေတယ်။ တကယ်လို့သာ တစ်ယောက်တည်း မနေနိုင်ဘူး ဆိုရင် ရင်တွင်းဒဏ်ရာက ဘယ်တော့မှ ကျက်နိုင်တော့မှာ မဟုတ်ဘူး။ ဒီနေ့ဒီအချိန်အထိ တာကာနာရှိနဲ့ ပေါင်းသင်းဆက်ဆံနေခဲ့တာ ကျွန်မ တစ်ယောက်တည်းလေ။ ဒီတော့ ဒီဒဏ်ရာက ကျွန်မတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်နေတာပေါ့။ အချိန်တိုကလေးပဲ ဖြစ်နေပါစေ၊ ကျွန်မ အဲဒါကို ရဲရဲရင်ဆိုင်မှ ဖြစ်မယ်။
နောက်ဆုံးတော့ အမေက ဒီမြို့ပေါ်မှာ နေတဲ့ သူ့မောင်ကို (ကျွန်မရဲ့ ဦးလေးပေါ့လေ) အကူအညီ တောင်းပြီး ကျွန်မကို သူ့ရဲ့ တိုက်ခန်းထဲမှာ ခဏနေနိုင်ဖို့ စီစဉ်ပေးခဲ့တယ်။ သူပိုင်တဲ့ ဆိုင်ကလေးရဲ့ အပေါ်ထပ်မှာပါ။ အဲဒီလို ဆိုတော့ ကျွန်မရဲ့ မိဘတွေလည်း အဝေးကနေ စိတ်ချလက်ချ နေနိုင်သွားတာပေါ့။ ကျွန်မက သူတို့ကို ကတိပေးလိုက်တယ်။ အဲဒီမှာ နှစ်ပတ်ပဲ နေမယ်။ စိတ်ပြေလက်ပျောက် နေပြီးတာနဲ့ အိမ်ကို ချက်ချင်း ပြန်လာခဲ့မယ်။ နေ့တိုင်း အိမ်ကို ဖုန်းဆက်မယ်။ စိတ်လိုက်မာန်ပါ ဘာမှ လျှောက်မလုပ်ဘူး။
မိဘအိမ်ကနေ တစ်ဖဝါးမှ မခွာခဲ့ဖူးတဲ့ ကျွန်မအတွက်တော့ အခုချိန်က ပထမဆုံးအကြိမ်မြောက် မိဘနဲ့ ဝေးရာမှာ နေထိုင်ရခြင်းပဲ။
အတိတ်က အကြောင်းတွေကို ကျွန်မ ပြန်ပြီး သုံးသပ်ဆင်ခြင်မိတယ်။ နံနက် နိုးလာတဲ့အခါမှာ ဂွမ်းစောင်ထဲကနေ မထွက်သေးဘဲ အပြင်က ကောင်းကင်ပြာကြီးကို ငေးကြည့်ရင်း အတွေးနယ် ချဲ့နေတတ်တယ်။ ဪ … တာကာနာရှိလည်း ဒီကောင်းကင်ပြင်ကြီးရဲ့ အောက်မှာ အတူ ရှိနေတာပဲ။ အဲဒီလို လွမ်းတသသ ဖြစ်နေတဲ့ အတွေးက ကျွန်မရဲ့ တစ်စိတ်တစ်ဒေသကို ပျော်ရွှင်မှုတွေနဲ့ ဖြည့်စွက်ပေးတယ်။ တစ်ချိန်တည်းမှာပဲ အထိန်းအကွပ်မဲ့ ငိုချပစ်လိုက်ချင်တယ်။ တကယ့်ကို အရူးတစ်ပိုင်းပါပဲ။
ဒါပေမယ့် ကျွန်မ တာကာနာရှိကို အရမ်း တွေ့ချင်နေခဲ့တာ၊ သူ ဒီကမ္ဘာမှာ အသက်ရှင်နေသေးတာကို သိရရုံနဲ့ ကျွန်မ ကျေနပ်ပျော်ရွှင်နေမိတာ၊ ဒါတွေအားလုံးက တကယ့် အမှန်တရားတွေပဲ။
ကိုယ် တကယ် နှစ်နှစ်ကာကာ မြတ်နိုးရတဲ့ လူတစ်ယောက်နဲ့ ချစ်ခွင့်ရတာ၊ နောက်ပြီး စေ့စပ်ခွင့် ရခဲ့တာ အင်မတန်မှ ကံကောင်းပါတယ်။ ကျွန်မကိုယ်ကျွန်မ နှစ်သိမ့်နေမိတယ်။
ဒီလိုဒုက္ခမျိုးက ကိုယ်တစ်ယောက်တည်း ကြုံရတတ်တာမျိုး မဟုတ်ဘူး။ ဘယ်သူမဆို အချိန်မရွေး ကြုံတွေ့လာနိုင်တယ်။ နောက်ပြီး ဟိုမိန်းမခမျာ တာကာနာရှိနဲ့ နီးနီးကပ်ကပ် နေခွင့် ရနေပေမယ့် တစ်ချိန်လုံး ခိုးကြောင်ခိုးဝှက် နေနေကြရတာ။ သူ့ ဒုက္ခကလည်း သေးမှာ မဟုတ်ဘူး။ ဒီတော့ ငါတို့ ကျေကြရောပေါ့။
အဲဒီလို တွေးပြီး မျက်ရည်တွေ ကျလာပြန်တယ်။
လေးလေးက အကူအညီ တောင်းထားလို့ ထင်တယ်။ ကျွန်မကိုယ်ကျွန်မ အဆုံးစီရင်တာမျိုး မဖြစ်ရလေအောင် ဆိုပြီး ဆိုင်မန်နေဂျာ နိရှိယာမာက ကျွန်မဆီကို မကြာမကြာ လာပြီး စကားစမြည် ပြောနေတတ်တယ်။ ညနေပိုင်း ဆိုင်ဖွင့်ရမှာ ဆိုတော့ နေ့လယ်ခင်းလောက်မှာ သူက ဆိုင်ကို ရောက်လာတတ်ပြီး ဆိုင်သန့်ရှင်းရေးတို့၊ ဆိုင်အတွက် ပစ္စည်းဝယ်တာတို့ လာလုပ်လေ့ရှိတယ်။
အစပိုင်းမှာတော့ ကျွန်မက ခရုတစ်ကောင်လို ဂွမ်းစောင်အောက်ထဲမှာ ကွေးနေရင်း သူ့စကားကို အင်းအဲလုပ်ပြီး ပြန်ဖြေတတ်တယ်။ ဒါပေမယ့် တတိယမြောက် နေ့လောက်ကနေစပြီး သူနဲ့ စကားပြောရတာကို တဖြည်းဖြည်း အသားကျလာခဲ့တယ်။ ကျွန်မတို့ နှစ်ယောက်အကြားမှာ မေးထူးခေါ်ပြောလောက်က လွဲလို့ အပြင်စကားတွေ သိပ်ပြောဖြစ်တာ မဟုတ်ဘူး။ အလုပ်သဘောအရ ဆက်ဆံနေရသလိုပဲ။ ဒါလည်း ကျွန်မအတွက်တော့ ခပ်ကောင်းကောင်းရယ်။
နောက်တော့ သူ့ကို အားနာသလိုလို ဘာလိုလို ခံစားလာရတယ်။ ဒါနဲ့ ညပိုင်း သူ အလုပ်ရှုပ်နေလောက်မယ့် အချိန်မျိုးဆိုရင် ဆိုင်ထဲသွားပြီး ကူစရာ ရှိတာတွေ သွားကူလုပ်ပေးလိုက်တယ်။
နိရှိယာမာအတွက်တော့ ကျွန်မက ကူရာ မကျဘဲ ဝင်ရှုပ်နေသလိုတောင် ဖြစ်နေမလား မပြောတတ်ဘူး။ ဒါပေမယ့် သူက ကျွန်မရဲ့ ဖြစ်အင်ကို သိထားလို့များလား မဆိုနိုင်ဘူး။ ဘာမှ စောဒက တက်မနေတော့ဘဲ ကျွန်မ ကူညီပေးသမျှကို နှုတ်ဆိတ်ပြီး လက်ခံနေခဲ့တယ်။ ဒီလိုနဲ့ ကျွန်မက သူကို အနှောင့်အယှက် မဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားနေရင်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ လက်တိုလက်တောင်း ကူလုပ်ပေးနေခဲ့တယ်။
နောက်ပြီး ကျွန်မက ဧည့်သည်တွေနဲ့ စကား မပြောသလောက်ပဲ။ နိရှိယာမာရဲ့ လူမှုပတ်ဝန်းကျင် အနေအထားကိုပဲ တိတ်တဆိတ် အကဲခတ်နေမိတယ်။
ဆိုင်ကလေးကို အမြဲမပြတ် အားပေးနေကြတဲ့ ဖောက်သည်တွေက နိရှိယာမာကို အတော်လေး ခင်ကြ၊ သဘောကျကြတယ်။ သူနဲ့ တွေ့ချင်လို့ကို ဒီဆိုင်ကို မရောက်ရောက်အောင် လာနေကြသလိုပဲ။
တဖြည်းဖြည်းနဲ့ ကျွန်မလည်း တခြားလူတွေလိုပဲ နိရှိယာမာရဲ့ ဆွဲဆောင်မှု စက်ကွင်းထဲကို ရောက်မှန်းမသိ ရောက်ရှိသွားတယ်။ သူ့ခန္ဓာကိုယ်အနှံ့မှာ အမြဲ ပျံ့နှံ့နေတတ်တဲ့ ကြင်နာယုယတဲ့ အငွေ့အသက်၊ ဘယ်သူ့ကိုမဆို နွေးနွေးထွေးထွေး ခံစားရစေတဲ့ သူ့ရဲ့ ရင်းနှီးဖော်ရွေတဲ့ အပြုအမူ၊ နောက်ပြီး နေသာတဲ့ နေ့တစ်နေ့မှာ ပင်လယ်ပြင်ကြီးကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေညင်းလေးလို ခံစားမှုမျိုး၊ အဲဒီအရာ အားလုံးက လူတိုင်းအပေါ်ကို လွှမ်းခြုံထားပြီး သူ့အနားမှာ ရှိတဲ့ လူတိုင်းလူတိုင်းကို လင်းလက်တောက်ပအောင်၊ နူးညံ့သိမ်မွေ့အောင် ပြုလုပ်ပေးနေတယ်။
သူနဲ့သာ အတူ ရှိနေမယ်ဆိုရင် ကျွန်မ လွတ်လပ်ပေါ့ပါးနေတယ်လို့ ခံစားနေရတယ်။
အခုလို ခိုင်းနှိုင်းလိုက်တာ နည်းနည်းများ အောက်နေမလား မသိဘူး။ ဒါပေမယ့် နိရှိယာမာက ဘာနဲ့ တူသလဲ ဆိုတော့ ဆည်းဆာကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနေတဲ့ ငှက်တစ်ကောင်လိုပဲ။ လေဟုန်ရဲ့ စည်းချက်တိုင်းမှာ သူ့ရဲ့ စွမ်းအင်ပြည့်ဝတဲ့ အတောင်ပံတစ်စုံနဲ့ အားကုန် ပျံသန်းနေတယ်။ သူ တိုးထွက်သွားတဲ့ လေထုက သူ့မျက်နှာကို တိုးဝှေ့နေတယ်။ သူက ကောင်းကင်ရဲ့ အမြင့်တစ်နေရာကနေ ကမ္ဘာမြေကို ငုံ့ကြည့်နေတယ်။ … ကျွန်မရဲ့ အမြင်မှာတော့ သူက အဲဒီလိုပဲ။
နိရှိယာမာရဲ့ ဘာလာလာ ဒေါင်းတဲ့ စရိုက်လက္ခဏာနဲ့ ဘယ်သူနဲ့မဆို အလိုက်အထိုက် နေတတ်တဲ့ သဘာဝက ဒီဒေသမှာတော့ နာမည်ကြီးပဲ။ ဒါကြောင့် သူ့မှာ တရားဝင် ချစ်သူရည်းစား မရှိဘူး ဆိုပေမယ့် သူ့နား ဝိုင်းဝိုင်းလည်နေတဲ့ မိန်းကလေး အဖော်တွေကတော့ နည်းတာ မဟုတ်ဘူး။ ဒါလည်း နာမည်ကြီးတာပဲ။ သူကတော့ ပွင့်ပွင့်လင်းလင်း ဝန်ခံထားတယ်။ အားလုံးကို သူ သဘောကျတယ်တဲ့။ ဒါပေမယ့် လက်တလော အချိန်ထိတော့ ထူးထူးခြားခြား သဘောကျလောက်တဲ့ ကောင်မလေးကို မတွေ့သေးဘူး ဆိုပဲ။ သူက ဘယ်သူ့မဆို အဲဒီလိုချည်း ပြောနေတတ်တယ်။ သူ့မှာက လက်ကိုင်ဖုန်း မရှိတော့ သူနဲ့ ဆက်သွယ်ဖို့ရာ သိပ်တော့ လွယ်လှတာ မဟုတ်ဘူး။ ဒါကြောင့်လည်း သူ့ဘဝထဲကို ကောင်မလေးတွေက တော်တန်ရုံ ချဉ်းကပ်ဖို့ မလွယ်လှဘူး။
သူနဲ့ နီးနီးကပ်ကပ် နေခွင့်ရလို့ ကျွန်မကို မနာလိုတိုရှည် ဖြစ်နေကြတဲ့ လူတွေလည်း ရှိတာပေါ့။ အံ့ပါရဲ့၊ ကျွန်မမှာတော့ အဲဒီအကြောင်းကို စဉ်းစားဖို့ အချိန်တောင် မရှိဘူး။ ကိုယ့်ကိစ္စနဲ့ကိုယ်တောင် စိတ်ပန်းလူပန်းနဲ့ လုံးပါးပါးနေခဲ့ရတဲ့ အထဲ။ ဘယ်သူတွေ ဘယ်လောက်ပဲ သွားပုပ်လေလွင့် ပြောပြော ကျွန်မအတွက်တော့ ဖုတ်လေတဲ့ ငါးပိ ရှိနေတယ်လို့တောင် မအောက်မေ့တော့ဘူး။ ကျွန်မက မကြာခင်မှာ ဒီနေရာကို စွန့်ခွာ သွားတော့မှာပဲ ဥစ္စာ။ နောက်ပြီး ဒီနေရာက လေးလေးရဲ့ ဆိုင်လေ။ တိုက်တိုက်ဆိုင်ဆိုင် ရေစက်လာဆုံရတာတော့ မတတ်နိုင်ဘူး။ အဲဒီလို တွေးလိုက်တော့ ခေါင်းထဲ ဘာမှကို မထည့်ဖြစ်တော့ဘူး။
နိရှိယာမာကို စိတ်ဆိုးတဲ့လူ၊ မနာလိုတဲ့ လူတွေကလည်း ဆိုင်ထဲမှာ ရှိသေးတာပဲ။ နောက်ပြီး သူ့ကို လက်ချာရိုက်နေကြတဲ့ ကိုကိုမမ၊ ဦးဦးဒေါ်ဒေါ်တွေကလည်း မနည်းမနော ရှိနေကြသေးတယ်။ သူ့ရဲ့ အပြုအမူတွေက မှန်းဆရ၊ နားလည်ရ အတော်ခက်တာဆိုတော့ အားလုံးကလည်း သူ့အတွက် ဝိုင်းပြီး စိတ်ပူပေးနေကြတာ နေမှာပေါ့လေ။
ကျွန်မအမြင်ကို ပြောရမယ် ဆိုရင်တော့ နိရှိယာမာရဲ့ စိတ်ရင်းက ကျွန်မတို့ မြင်နေရတဲ့အတိုင်း ရိုးရိုးစင်းစင်းကြီးပဲလို့ ထင်တယ်။ လူတွေက သူ့အကြောင်းကို တောင်တောင်ဤဤ လျှောက်ပြီး တွေးဆနေကြပေမယ့် သူက တကယ့်ကို ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူပါ။ မှန်မှန်ကန်ကန် နေထိုင်ရှင်သန်နေတဲ့ သူပေါ့။ ဒါပေမယ့် ကျွန်မတို့ အများစုအတွက်တော့ အဲဒီအတိုင်း နေနိုင်ဖို့က အင်မတန်မှ ခက်ခဲနက်နဲလွန်းတယ် မဟုတ်လား။
ရုပ်ပိုင်းဆိုင်ရာအရ နိရှိယာမာရဲ့ ဆွဲဆောင်မှုကို ကျွန်မ မခံခဲ့ရဘူးလို့တော့ ကျွန်မ မငြင်းကွယ်ချင်ပါဘူး။ သူ့ရဲ့ ယဉ်ကျေးသိမ့်မွေ့တဲ့ ဟန်အမူအရာတွေက လူတိုင်းကို မိန်းမူးသွားစေလောက်တဲ့ လက်နက်ကိရိယာတွေပါ။ သူ့ရဲ့ ရုပ်ရည်ရူပကာက ရွက်ကြမ်းရေကျို ဆိုပေမယ့် မျက်ဝန်းတစ်စုံကတော့ စိန်ပွင့်နှစ်ပွင့်လို ရွှန်းအိနေကြတယ်။ နှာတံက စင်းစင်း။ ဆံပင်တွေက သဘာဝအတိုင်း အနည်းငယ် တွန့်လိမ်လို့။ ခြုံပြောရရင်တော့ သဘောကျချင်စရာ ရုပ်မျိုး။
လိပ်ပတ်လည်အောင် ကျွန်မ ရှင်းမပြတတ်ပေမယ့် ကျွန်မလို သုံးပွင့်ဆိုင် အချစ်မျိုးနဲ့ တစ်ခါမှ မကြုံဖူးတဲ့ လူတစ်ယောက်အဖို့၊ တစ်ခါမှ အလုပ်ထွက်မလုပ်ဖူးတဲ့ မိန်းမတစ်ယောက်အဖို့၊ အချစ်ကို အတင်းကာရော ဖက်တွယ်ထားပြီး နောက်ဆုံးကျတော့ မျက်ရည်နဲ့မျက်ခွက် နိဂုံးချုပ်ခဲ့ရတဲ့ မယ်ကျန်ရစ်တစ်ယောက်အဖို့ ကျွန်မအတွက် ဆွဲဆောင်မှု အရှိဆုံး အပိုင်းကတော့ နိရှိယာမာရဲ့ ဘဝဒဿန၊ ဒါမှမဟုတ် ဘဝနေနည်းပဲ ဖြစ်လိမ့်မယ် ထင်တယ်။
ကျွန်မက သူ့အပေါ် မေတ္တာသက်ဝင်နေတာမျိုး မဟုတ်လေတော့ အဲဒီခံစားချက်ကပဲ ကျွန်မကို အများဆုံး လွှမ်းမိုးနေတယ်လို့ ဆိုရတော့မှာပဲ။
ဒီကောင်းကင်ကြီးရဲ့ အောက်မှာပဲ တာကာနာရှိဟာ ကျွန်မ မဟုတ်တဲ့ တခြားလူတစ်ယောက်နဲ့ ချိုမြိန်တဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေတယ်။ အဲဒီအချက်က ကျွန်မရဲ့ ရင်ကို နေ့တိုင်းလိုလို နာကျင်စူးအောင့်စေတယ်။ သူတို့နှစ်ယောက်ဟာ ကျွန်မ ရသင့်ရထိုက်ခဲ့တဲ့ ဘဝကို အတူတကွ ဖြတ်သန်းနေကြတယ်။ တကယ်လို့ အထုပ်အပိုးတွေက လေးလံနေရင် တာကာနာရှိက သူ့အစား ကူသယ်ပေးမှာပဲ။ သူကလည်း တာကာနာရှိ ကြိုက်တတ်တဲ့ ကာရီထမင်းကို ချက်ပေးလောက်တယ်။ အထဲမှာ ကုလားတည်အစား ကြက်သွန်နီကလေးတွေပဲ ထည့်ထားတဲ့ ကာရီမျိုး။
အဲဒီအကြောင်းအရာတွေကို ကျွန်မတစ်ယောက်တည်း ကြေကြေကွဲကွဲနဲ့ စုံစီနဖာ လျှောက်စဉ်းစားနေတာကလည်း စိတ်ဝေဒနာကို ပျောက်ကင်းသက်သာစေတဲ့ ဆေးကောင်းတစ်လက် ဖြစ်နေသလားတော့ မပြောတတ်ဘူး။
“ငါက ပတ်ဝန်းကျင် အသစ်တွေမှာ လွယ်လွယ်နဲ့ အသားကျသွားတတ်တယ်။ ဖြစ်လာသမျှကိုလည်း ရင်ကော့ပြီး ခံလိုက်ဖို့ ဘယ်တော့မှ ဝန်မလေးဘူး”
တစ်ခုသောည ဆိုင်သိမ်းပြီးတဲ့ အချိန်မှာ နိရှိယာမာက အိမ်မပြန်သေးခင် ကော်ဖီတစ်ခွက် သောက်ရင်း အဲဒီလို ပြောတယ်။
“ဒါပေမယ့် နင် ငယ်ငယ်တုန်းက ဆိုးဆိုးရွားရွား ကြုံခဲ့ရဖူးတာဆိုတော့ စိတ်ဒဏ်ရာတော့ မရှိဘဲ နေမှာ မဟုတ်ဘူး။ ဒါမှမဟုတ် သည်းမခံနိုင်လောက်တဲ့ အခြေအနေမျိုး တစ်ခုခုတော့ ရှိနိုင်တာပေါ့” ကျွန်မ မေးလိုက်တယ်။
“နင်က ဒီမေးခွန်းကို စိတ်ဝင်စားလို့ မေးတယ် ဆိုပါတော့”
“အင်း၊ စိတ်ဝင်စားလို့ပေါ့။ နောက်ပြီး ငါ ဒီမှာ ရှိနေတဲ့ ကာလအတွင်းမှာ နင့်ကို စနိုးစနောင့် ဖြစ်သွားစေမယ့် အလုပ်မျိုး ငါ မလုပ်ချင်ဘူး”
သူက ပြုံးပြီး ပြန်ဖြေတယ်။ “အင်း … အမှန်အတိုင်း ဝန်ခံရရင် အခန်းထဲ လှောင်ပိတ်ခံထားရတဲ့ ကိစ္စကို အခုချိန် ပြန်တွေးကြည့်ရင်တောင် စိတ်ထဲ ခိုးလိုးခုလု ဖြစ်နေတုန်းပဲ။ တချို့မိန်းမတွေက အဲဒီလို ခံစားမှုမျိုးကို ပေးတတ်ကြတယ်။ ငါ အဲဒီလို မိန်းမမျိုးတွေကိုတော့ အတော်လေး အမြင်ကတ်တယ်။ မျက်စိအောက်ကနေ တစ်စက္ကန့်လေးမှ အပျောက်မခံချင်တဲ့ လူမျိုးတွေပေါ့။ ငါနဲ့တော့ မဖြစ်ပါဘူး။ ဝေရာမဏိပဲ”
“အဲဒါတော့ ဟုတ်လောက်ပါတယ်” ကျွန်မ ပြောတယ်။ “ဒါပေမယ့် လူတွေက နင်နဲ့ အတူတူ နေချင်နေကြတာလေ။ အဲဒါက ဘာဖြစ်လို့လဲ”
“ငါဆိုတဲ့ကောင်က ဘယ်တော့မဆို ကိုယ့်ကိစ္စကို ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်လို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ငယ်ငယ်တုန်းကတော့ တစ်ချိန်လုံးပဲ အိမ်ထဲမှာ ပိတ်လှောင်ခံထားရတယ်။ နောက်ကျတော့ ဘဝက လွတ်လပ်လွန်း အားကြီးနေတယ်။ အခြေအနေ နှစ်ရပ်လုံးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ငါက လက်တွေ့ ခံစားကြည့်ပြီးသွားပြီလေ။ ဒါကြောင့် ဘက်မျှအောင် နေတတ်တဲ့ စွမ်းရည်တွေ ရလာခဲ့တယ်။ နောက်ပြီး ငါက ရုပ်ဝတ္ထုတွေအပေါ် တစ်စွဲလမ်းလမ်း ဖြစ်နေတာ မဟုတ်ဘူးလေ။ ငါ့အဖေကို လူတွေက ဂေါက်နေတယ်လို့ အထင်ရောက်နေကြတယ်။ တကယ်တော့ သူက ဘဝကို ဘက်မျှအောင် မနေတတ်တာပဲ ရှိတာပါ။ သတင်းတွေထဲကလို နေ့တိုင်း ကြောင်တောင်တောင် ဖြစ်နေတာမျိုး မဟုတ်ဘူး။ သူက တစ်ခုလပ် ဖြစ်နေတဲ့ သုတေသန ပညာရှင်တစ်ယောက်လေ။ တောကြီးမျက်မဲထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်နဲ့ အသက်ရှင်နိုင်ဖို့ တတ်စွမ်းသလောက် ကြိုးစားနေကြရတဲ့ သဘောပါပဲ။ မီဒီယာတွေက အစာရေစာ ငတ်ပြတ်နေတဲ့ ငါ့အကြောင်းကို ရေးကြီးခွင်ကျယ် ထည့်ရေးခဲ့ကြတယ်။ တကယ်တော့ ငါ့အဖေကိုယ်တိုင်ကလည်း ပိန်ချုံးပြီး ယဲ့ယဲ့ပဲ ကျန်တော့တာ။ သူက အလုပ်တစ်ခုခုကို စိတ်ဝင်စားသွားပြီဆိုရင် ထမင်းမေ့ဟင်းမေ့ရယ်။ ငါတို့ အခုချိန်ထိလည်း ကြိုးကြားကြိုးကြား ဆုံဖြစ်ကြသေးတယ်။ သူက လူထူးလူဆန်းတစ်ယောက် ဆိုပေမယ့် သူ့ဘဝနဲ့သူတော့ ပျော်နေတာပဲ။ ငါ့အတွက်ကတော့ အဲဒီအဖြစ်အပျက်ကြီး ဖြစ်ပြီးတဲ့နောက်မှာ လူတွေက ငါ့ကို ဝိုင်းသနားနေကြတာနဲ့တင် အတော်လေးကို နေရထိုင်ရ ခက်နေပြီ။ ခင်ဗျားတို့က ဘယ်လောက် သိထားတာမို့လို့လဲလို့ မေးပစ်လိုက်ချင်တယ်။ ဘဝခရီးလမ်းမှာ ဝမ်းနည်းစရာကောင်းတဲ့၊ ထူးခြားဆန်းကျယ်တဲ့ အဖြစ်အပျက်တချို့ကို ကြုံဖူးခဲ့မှန်း သိထားရုံလေးနဲ့ လူတွေက ငါ့ကို နားလည်သယောင်ယောင်၊ ကိုယ်ချင်းစာသယောင်ယောင် လုပ်ပြနေကြတာ အတော်တော့ ရယ်စရာ ကောင်းတယ်”
“ဒါကြောင့်ပဲ နင်က လူတွေနဲ့ ခပ်ခွာခွာ နေနေတာပေါ့လေ။ ဒါပေမယ့် တကယ်လို့သာ ဒီဆိုင်ကလေး ပိတ်သိမ်းသွားရင် နင် စိတ်မကောင်း မဖြစ်ဘဲ နေမှာ မဟုတ်ဘူး။ ဆိုင်လေးက မဆိုးဘူးနော်။ ပုံမှန် ဖောက်သည်တွေလည်း အတော်များများ ရှိတယ်”
“အင်း၊ နည်းနည်းတော့ ဖြစ်တာပေါ့။ ဒါပေမယ့် ခရီးသစ် ထွက်ရသလိုပေါ့။ တိုကျိုမှာ ဘဝသစ်ကို ပြန်စရမယ်လေ”
“ငါကတော့ ငါ့အိမ်က ဆန်းဝစ်ဆိုင်ကလေး နားသွားခဲ့ရင် … ဆိုပြီး တွေးကြည့်ရုံနဲ့တင် စိတ်မကောင်း ဖြစ်နေတတ်တာ။ ကိုယ့်ဖောက်သည်တွေကို နောက် ဘယ်တော့မှ မမြင်ရတော့ဘူး။ တုန်ချိတုန်ချိနဲ့ အဘွားအိုကြီးက နေ့တိုင်း သူ့မြေးအတွက် သစ်သီးဆန်းဝစ်ကို လာဝယ်ပေးနေကျ။ သူတော့ ဒုက္ခပဲ။ ဘယ်လို လုပ်မလဲ မသိဘူး။ …… အဲဒီကိစ္စမျိုးတွေကို စိတ်ကူးကြည့်ရုံနဲ့တင် ငိုချမိလောက်တယ်”
“တကယ့်ဟာပဲ။ အဲဒီလို ဘဝမျိုးက အတော် ပျော်စရာ ကောင်းလောက်တယ်”
“ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ငါက ငါ့ပတ်ဝန်းကျင်မှာ ကလေးတစ်ယောက်လို နေနေရပြီး မိသားစုကို ပျော်တော်ဆက်နေရသလို ခံစားနေရတယ်”
တာကာနာရှိကလည်း ကျွန်မရဲ့ ကလေးဆန်မှုကို သတိထားမိခဲ့မှာ သေချာတယ်လေ။
“တည်ငြိမ်အေးချမ်းတဲ့ ငယ်ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရတဲ့အတွက် ဘာမှ ရှက်နေစရာ မလိုပါဘူးဟာ။ အဲဒါ နင့်ရဲ့ အားသာချက်ပဲ။ အဲဒီအားသာချက်ကို နင် ကောင်းကောင်း အသုံးချသင့်တာ။ နင့်မြို့ကို ပြန်သွားပြီးတဲ့နောက်မှာ ချစ်သူအသစ်တစ်ယောက် တွေ့ပြီး သာယာချမ်းအေးတဲ့ အချစ်ကမ္ဘာလေးတစ်ခု တည်ဆောက်နိုင်ပါသေးတယ်။ အမိအဖတွေနဲ့ ပုံမှန် တွေ့။ နင့်ညီမနဲ့လည်း အရင်အတိုင်း ရင်းရင်းနှီးနှီး ဆက်နေပေါ့။ နောက်တော့ နင့်ရဲ့ ပတ်ဝန်းကျင်က ပိုပြီး ကြီးမားကျယ်ပြန့်တဲ့ လူမှုစက်ဝန်းတစ်ခု ဖြစ်လာလိမ့်မယ်။ နင် လုပ်နိုင်ပါတယ်။ နောက်ပြီး အဲဒါ နင့်ရဲ့ ကိုယ်ပိုင်ဘဝလေ။ ဒါကြောင့် ဘယ်သူ့အတွက်မှ နင့်ဘဝကို အလိုက်အထိုက် ပြောင်းလဲပေးနေစရာ မလိုဘူး။ သူ့ကို နင့်ဘဝထဲကနေ နင်ကိုယ်တိုင် ကန်ထုတ်ပစ်လိုက်တယ်လို့ တွေးကြည့်လိုက်ပေါ့”
“နင့်စကား ကြားရတော့ ငါ့ရင်ထဲ အတော်လေး ပေါ့ပါးသွားတယ်။ ငါပဲ တစ်နေရာရာမှာ အမှားလုပ်ခဲ့မိလို့ ဒီအခြေအနေကို ရောက်သွားရတယ်လို့ ငါ တွေးနေခဲ့တာ။ ငါကိုယ်တိုင်က ပျော်ရွှင်မှု ဆိုတာကို တစ်မျိုး အဓိပ္ပာယ် ဖွင့်ထားမိလေတော့ အဲဒီအတိုင်းမှ မဟုတ်ရင် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ တွက်ထားခဲ့တာ။ ကျေးဇူးပဲဟာ။ ငါ အဆင်သင့် ဖြစ်ပြီ ဆိုတာနဲ့ အိမ်ပြန်သွားပြီး ဘဝအသစ်တစ်ခုကို ပြန်စတော့မယ်”
“ဒါပဲပေါ့။ စိတ်အခန့်မသင့် ဖြစ်တိုင်း အိမ်နဲ့ဝေးရာကို ထွက်ပြေးဖို့ ကြိုးစားနေမယ် ဆိုရင် သိပ်ကို မိုက်မဲလွန်းရာ ကျနေမှာပဲ။ ဘယ်သူမဆို အပူကိုယ်စီတော့ ရှိကြတာချည်းပဲဟ။ ဒီကမ္ဘာပေါ်မှာ ငါတို့နှစ်ယောက်ထက် ကံမကောင်းတဲ့လူတွေ အများကြီး ရှိပါသေးတယ်။ သူတို့လိုသာ ဒုက္ခသုတ်ခတွေ ကြုံရမယ် ဆိုရင် ငါတို့ ရူးတောင် သွားလိမ့်ဦးမယ် ထင်တယ်။ လန့်ပြီး သေချင်လည်း သေသွားနိုင်တယ်။ ငါတို့ရဲ့ ဘဝတွေက သိပ်ကို တည်ငြိမ်အေးချမ်းလွန်းနေသေးတာကိုး။ ဒါကလည်း ရှက်စရာ ကိစ္စတော့ မဟုတ်ပါဘူးဟာ”
နိရှိယာမာက ပြုံးချိုတဲ့ မျက်နှာနဲ့ ခါးသက်တဲ့ အမှန်တရားတွေကို ပြောပြနေတယ်။ ဒါပေမယ့် ကျွန်မအတွက် တစ်စက်ကလေးမှ စိတ်အနှောင့်အယှက် ဖြစ်မနေခဲ့ဘူး။ သူ ပြောတာက အဓိပ္ပာယ် ရှိနေတယ်လေ။
“ငါ့အမြင် ပြောရရင်တော့ အဲဒီလို မိသားစုထဲမှာ ငါ မွေးဖွားလာရတယ်။ နောက်ပြီး အိမ်သူအိမ်သားတွေ အားလုံးနဲ့လည်း အဲဒီလောက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရှိနေခဲ့တယ်။ အဲဒါတွေအားလုံးက ငါ့ရဲ့ အဖိုးတန် ရတနာတွေပဲ။ ငါ့ရဲ့ ဘဝပေး ကုသိုလ်ဆိုရင်လည်း ဟုတ်တာပဲ။ အခုလိုပြောလို့ သိပ်ကို ဒဏ္ဍာရီဆန်နေမလားတော့ မပြောတတ်ဘူး။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ မွေးဖွားရှင်သန်နိုင်ဖို့ တစ်ချိန်ချိန်တုန်းက တစ်နေရာရာမှာ ငါ ကိုယ်တိုင် ရွေးချယ်ခဲ့သလိုပဲ။ အခုအချိန်ကတော့ ခေတ္တ အနားယူနေတဲ့ ဘရိတ်တိုင်း (break time) သဘောမျိုး ဖြစ်မယ်ထင်တယ်။ လူတိုင်းအတွက် အခုလို အနားယူမှုမျိုး ရံဖန်ရံခါ လိုအပ်လောက်တယ်”
“အင်း၊ နင် သဘောပေါက်သွားပြီ ဆိုတာ သိရတော့ သိပ်ကို ဝမ်းသာတာပဲ။ နင်သာ ဒီနေရာမှာ နေရင်းနဲ့ မကြံကောင်း မစည်ရာတွေ လျှောက်စဉ်းစားနေမယ် ဆိုရင် ငါ့မှာလည်း တာဝန်မကင်းဘူးလို့ ငါ ခံစားနေရတယ်။ ဒါပေမယ့် နင်က ငါ ထင်ထားတာထက် ပိုပြီး စိတ်ခိုင်ပါတယ်။ အေးချမ်းသာယာတဲ့ မိသားစုတစ်ခုမှာ ကြီးပြင်းခွင့် ရခဲ့တဲ့ အကျိုးရလဒ်တွေ ဖြစ်မယ်” သူက မျက်လုံးနှစ်ဘက်ကို မှေးစင်းသွားတဲ့အထိ နောက်တစ်ကြိမ် ထပ် ပြုံးနေပြန်တယ်။
“အခု ဖြစ်သွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တစ်ခါတလေတော့ ကိုယ့်ကိုယ်ကိုယ် အသနားတွေ ပိုနေမိပြီး တစ်ခါတစ်ခါကျတော့လည်း ကိုယ့်ကိုယ်ကိုယ် မကြည့်ချင်လောက်အောင် အမြင်ကတ်နေမိတယ်။ ဒါပေမယ့် အဲဒီအတွက်နဲ့တော့ ရှင်သန်ဖြတ်သန်းခဲ့တဲ့ ဘဝဟောင်းကို ကျောခိုင်းထွက်ခွာဖို့ စိတ်ကူးမရှိပါဘူး”
ကျွန်မ ပြောရင်း တွေးနေမိတယ်။ နိရှိယာမာရဲ့ ဘက်မျှအောင် တွေးခေါ်တတ်တဲ့ စွမ်းရည်က လက်ဖျားခါလောက်တယ်။ နောက်ပြီး သူက သူ့ရဲ့ အရည်အချင်းကိုလည်း လူတစ်ဖက်သား နားဝင်အောင် ပြောပြတတ်သေးတယ်။ အတော်ကို ချီးကျူးစရာ ကောင်းတဲ့ လူပဲ။
လိပ်ပတ်လည်အောင်တော့ ကျွန်မ ပြောမပြတတ်ဘူး။ ဘယ်လိုပြောရမလဲ။ နိရှိယာမာကို ကြည့်ရတာ တစ်ဘဝလုံးစာရဲ့ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံး ဒုက္ခသုက္ခတွေ အားလုံးကို ကလေးဘဝကတည်းက တွေ့ကြုံဖြတ်သန်းလာခဲ့သလိုပဲ။ ဒါကြောင့်လည်း နတ်ဘုရားတွေရဲ့ ဖေးမစောင့်ရှောက်မှုကို ခံယူရရှိပြီး သူ့ရဲ့ လက်ကျန် ဘဝအစိတ်အပိုင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းကုန်ဆုံးခွင့် ရနေတာလား မပြောတတ်ဘူး။
အခန်းထဲမှာ နိရှိယာမာ ရှိနေပြီ ဆိုရင် ကျွန်မရဲ့ စိတ်ထဲမှာ ဒီအခန်းက ပိုပြီး နွေးထွေးလာတယ်လို့ ခံစားနေရတယ်။ ပြီးတော့ ထူးထူးကဲကဲ စိတ်ချမ်းသာနေတယ်။ လူတွေက ဘာဖြစ်လို့ သူ့အနားမှာ နေနေချင်ကြတာလဲ ဆိုတာကို ကျွန်မ သဘောပေါက်လာတယ်။ သူက အဆောင်လက်ဖွဲ့တစ်ခုလို ဖြစ်နေတာကိုး။ နိရှိယာမာကိုသာ သင့်အနား အမြဲ ရှိနေပါစေ။ ကံကောင်းခြင်းတွေ သင့်ထံ ရောက်လာပါလိမ့်မယ်။ ဒီကမ္ဘာကြီးရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ မသေချာ မရေရာမှုတွေကနေ လွတ်ငြိမ်းချမ်းသာရာ ရလာပါလိမ့်မယ်။
ဘာဖြစ်လို့ အဲဒီလို ခံစားမှုမျိုးကို ရနေခဲ့ရတာလဲ။ နိရှိယာမာနဲ့ ထွေရာလေးပါး လျှောက်ပြောပြီးတဲ့နောက်မှာ ရင်တွင်းမှာ ရှိတဲ့ အထီးကျန်မှုတွေဟာ လုံးဝကို အစအန မကျန်အောင် လွင့်ပြယ်သွားကုန်ကြလို့ပဲ ဖြစ်လိမ့်မယ် ထင်တယ်။
နောက်တော့ ကျွန်မရဲ့ ခန္ဓာကိုယ်က သက်သောင့်သက်သာ ဖြစ်လာတယ်။ ကျွန်မရဲ့ အတွေးတွေ မြူးကြွလာတယ်။ အနာဂတ်ဘဝမှာ ပျော်ရွှင်စရာ ကောင်းတဲ့ အခိုက်အတန့်ပေါင်း များစွာက ကျွန်မကို ဆီးကြို စောင့်မျှော်နေတယ်လို့တောင် ကျွန်မ ထင်မှတ်လာတယ်။ နောက်ပြီး အဲဒီလို ခံစားချက်မျိုးက ဦးနှောက်ထဲကို ရုတ်တရက် ဆောင့်ပြီး တိုးဝင်လာတာမျိုး မဟုတ်ဘဲနဲ့ ဖြည်းဖြည်းငြိမ့်ငြိမ့် စီးဝင်ပျံ့နှံ့သွားသလိုမျိုး။
ကောင်းလိုက်တာ။ လောကမှာ ဒီလို သူငယ်ချင်းကောင်းတစ်ယောက် ရှိနေရင်ကို ပြည့်စုံနေပြီ။ သူ့ကို ပိုင်ဆိုင်ခြင်း၊ မပိုင်ဆိုင်ခြင်းက အဓိက မကျတော့ဘူး။
ကျွန်မ တွေးနေမိတယ်။ သူက ပန်းခြံထဲက အခက်အလက် ဝေဖြာနေတဲ့ သစ်ပင်ကြီးတစ်ပင်လိုပဲ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ပိုင်ဆိုင်ထားတာ မဟုတ်ဘူး။ ဒါပေမယ့် သစ်ပင်အောက်ကို ရောက်လာကြတဲ့ သူသူငါငါ သတ္တဝါတိုင်းကိုတော့ ကျောသားရင်သား မခွဲခြားဘဲ အေးမြတဲ့ အရိပ်အာဝါသနဲ့ စိတ်ချမ်းမြေ့မှုကို ဖြန့်ကျက်ပေးနေတယ်။ ကျွန်မ သူ့ကို အဲဒီလို ခိုင်းနှိုင်းပြီး ပြောလိုက်ချင်တယ်။
သူဟာ အများရဲ့ ဘုံပိုင်ပစ္စည်း တစ်ခုပဲလို့ ကျွန်မ အစောကြီးကတည်းက ယုံကြည်ထားခဲ့တယ်။ ကျွန်မအတွက်တော့ သူက ကျွန်မရဲ့ မုန့်ချို၊ ကျွန်မရဲ့ ဂီတ၊ ကျွန်မရဲ့ ရေပူစမ်းပဲ။ တကူးတက လုပ်ယူရတာမျိုး မဟုတ်ဘဲ လိုအပ်တဲ့ အချိန်တိုင်းမှာ အမြဲတမ်း အနားမှာ ရှိနေပြီး လူကို စိတ်လက်ပေါ့ပါးစေတယ်။ သူက အဲဒီလိုလူမျိုးပါ။
ဆိုင်ထဲ ဧည့်သည်တွေ မရှိတော့တဲ့ ညတစ်ညမှာ ကျွန်မဟာ တောင်ဆိတ်တစ်ကောင်လို ခေါင်းငုံ့ပြီး ဆိုင်မှာ ချက်ထားတဲ့ အသီးအရွက်ပြုတ်တွေကို ပါးဖြဲနားဖြဲ လွှေးနေတုန်း နိရှိယာမာက ရုတ်တရက် စကားစလာတယ်။ “ဟေ့ မီမီ … နင့်မှာ တခြားအကြောင်းကိစ္စ ရှိသေးတယ် မဟုတ်လား။ အချစ်ရေးကိစ္စအပြင် နင် မတင်မကျ ဖြစ်နေတာ တစ်ခုခုတော့ ရှိရဦးမယ် ထင်တယ်”
ရုတ်တရက် အမေးခံလိုက်ရတော့ စိတ်ထဲ ရှိတဲ့အတိုင်း ပါးစပ်ကနေ လွှတ်ကနဲ ထွက်သွားပါရော။ “သူ ငါ့ဆီကနေ ပိုက်ဆံ ချေးထားတာ ပြန်မဆပ်ရသေးဘူး”
ဘာကြောင့်များ ပြောချလိုက်မိပါလိမ့်။ ဒီကိစ္စကို ကျွန်မရဲ့ မိဘတွေ၊ ညီမ၊ ဆွေမျိုးတွေ၊ သူ့မိဘတွေနဲ့ သူ့ကောင်မလေးကိုတောင် ကျွန်မ ပြောပြခဲ့ဖူးတာ မဟုတ်ဘူး။ နောက်ပြီး အခုကိစ္စကို တစ်သက်လုံး ရေငုံနှုတ်ပိတ် နေလိုက်တော့မယ်လို့ ကျွန်မ ဆုံးဖြတ်ထားပြီးသား။
ကျွန်မကိုယ်ကျွန်မတောင် တအံ့တဩ ဖြစ်နေမိတယ်။
အဲဒီအခါကျမှ ကျွန်မ သတိထားလိုက်မိတယ်။ ကျွန်မရဲ့ စိတ်ရင်းက ပြောပြချင်နေခဲ့တာပဲ။
ဒီလိုဆိုရင် အဲဒီကိစ္စကို ကျွန်မ နဂိုက ဘယ်သူ့ကိုများ ပြောပြချင်နေတာပါလိမ့်။ သူများကို ပြောပြပြီး အသနားခံချင်နေတာများလား။ ပြောပြော မပြောပြော၊ စာရင်းချုပ်လိုက်ရင်တော့ ကျန်ရစ်က ကျန်ရစ်ပါပဲ။
မျက်ရည်ဥတွေက မျက်လုံးအိမ်တွေမှာ ပြွတ်သီလာတယ်။
“သူ့ကို ဘယ်လောက် ချေးထားတာလဲ”
နိရှိယာမာက မေးတယ်။ ကျွန်မ မျက်ရည်ဝဲနေတာကို မြင်ရတော့ မျက်မှောင်ကို အနည်းငယ် ကုတ်လိုက်တယ်။ သူ့မျက်နှာပေါ်မှာ စိုးရိမ်တဲ့ အရိပ်အယောင်တွေက ယှက်သန်းလို့။
“တစ် … တစ်သန်း”
သူ့မျက်လုံးတွေ ပြူးကျယ်လာတယ်။
“ဝိုး … နည်းတာ မဟုတ်ဘူးပဲဟ။ ဘယ်နှယ့်ကြောင့် အဲဒီလောက် အများကြီးတောင် ချေးပေးထားရတာလဲ။ နင်တို့က စေ့စပ်ရုံ စေ့စပ်ထားတဲ့ သူစိမ်းတွေပဲ ရှိသေးတာလေ”
“ငါက မင်္ဂလာဆောင်ပြီးလို့ အရေးအကြောင်း ရှိလာတဲ့အခါ သုံးဖို့ ဆိုပြီး စုထားခဲ့တာ။ အိမ်အသစ်မှာ လိုအပ်တဲ့ ပရိဘောဂတွေ ဘာတွေ ဝယ်ဖို့ပေါ့ဟာ။ အဲဒါ ငါ ငယ်ငယ်ကတည်းက စုလာခဲ့တဲ့ ပိုက်ဆံတွေပဲ။ ငါ့ရဲ့ မုန့်ဖိုးတွေ၊ နှစ်ကူးအန်ပေါင်းတွေ၊ နောက်ပြီး အလုပ်လုပ်လို့ ရထားတဲ့ လုပ်အားခတွေပေါ့။ သူ ကားဝယ်မယ် ဆိုတုန်းက သူ့ကို ချေးပေးလိုက်တာပဲ။ မဟုတ်လည်း နောက်ပိုင်းကျရင် အဲဒီကားက ငါတို့ နှစ်ယောက်ပိုင် ဖြစ်သွားမှာပဲလို့ တွေးထားခဲ့တာလေ။ ကားသွားဝယ်တုန်းကလည်း အတူတူ သွားဝယ်ကြတာပဲ။ ကားကို အစမ်းစီးကြည့်တော့လည်း အတူတူပဲ”
ပြောရင်းပြောရင်းနဲ့ ရင်ထဲ ဆို့နင့်လာတယ်။
“အတော် အ,တာပဲ” နိရှိယာမာက ပြောတယ်။
“ငါက အဲဒီငွေအတွက်ကြောင့် အိမ်မပြန်သေးဘဲ ဒီမှာ ပေကတ်နေနေတာ မဟုတ်ဘူး။ သူ့ကို ပြန်ဆပ်ခိုင်းဖို့လည်း စိတ်ကူး မရှိတော့ဘူး။ အခုဟာကလည်း ငါ့ရင်ထဲမှာ မျိုသိပ်ထားရတာကို တစ်ယောက်ယောက် သိအောင် ပြောပြလိုက်ချင်တာပဲ ရှိတာ။ အဲဒီလို ခံစားနေရတယ် ဆိုတာကိုလည်း ငါ အခုမှ နားလည်လာတာပဲ။ ဒါကြောင့် နင် ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့။ ငါ့ဦးလေးကိုလည်း လုံးဝ သွားမပြောနဲ့နော်။ လေးလေးသာ သိသွားရင် ငါ့အမေကို မပြောဘဲ နေမှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ငါ့အတွက် ပိုပြီး နေရထိုင်ရ ကျပ်သွားလိမ့်မယ်”
သူက ဘာမှ မပြောဘဲ တူရူရာကိုသာ ငေးစိုက်ကြည့်နေတယ်။
“ငွေကိစ္စက ဒီမှာပဲ ထားလိုက်တော့။ ပိုက်ဆံ ပြန်ရတာနဲ့ နှိုင်းစာရင် အခု ငါနေချင်တဲ့ ပုံစံက …”
… ရေလှိုင်းပေါ်မှာ တငြိမ့်ငြိမ့် စီးမျောနေတဲ့ ငါးဖန်ခွက် (jellyfish) တစ်ကောင်လို ဆောင်းဦးကနေ ဆောင်းတွင်းကို ချဉ်းနင်း ဝင်ရောက်ချိန် ကြည်လင်သန့်ရှင်းနေတဲ့ ပြာလဲ့လဲ့ မိုးကောင်းကင်အောက်မှာ ကျွန်မ တစ်ယောက်တည်း။ ဒီမြို့ထဲမှာ ဘာမှ မဟုတ်တဲ့ အညတရတစ်ယောက် အဖြစ်နဲ့ပေါ့။
ကျွန်မ မျက်ရည်တွေကို သုတ်ပစ်လိုက်တယ်။
“မတုံးချင်စမ်းပါနဲ့ဟာ။ အဲဒီပိုက်ဆံတွေက နင့်ပိုက်ဆံတွေလေ”
“တုံးလို့ပဲ အခုလို အခြေအနေမျိုးနဲ့ ကြုံခဲ့ရတာပေါ့ဟ။ ထားလိုက်ပါတော့ဟာ။ နင်သာ အဲဒီပိုက်ဆံကို ရအောင် ပြန်တောင်းနိုင်ခဲ့ရင် နင်ပဲ အပိုင်ယူလိုက်တော့”
“နင်က ပိုက်ဆံအတွက်နဲ့ ဦးနှောက်ခြောက်ခဲ့ရဖူးတဲ့ လူမှ မဟုတ်တာ။ အဲဒီလို လူမျိုးတွေကို ငါ ကြည့်လို့ မရဆုံးပဲ။ ယန်းတစ်သန်း ဆိုတဲ့ ပမာဏက နည်းနည်းနောနော မှတ်လို့။ ပြီးပြီးရော လုပ်ပစ်လို့ ဘယ်ဖြစ်ပါ့မလဲ။ လူတချို့က အဲဒီလောက် ပိုက်ဆံအတွက်နဲ့ ဘဝတွေ ပျက်နေကြရတာ”
ကျွန်မကို သူ့ရဲ့ သူငယ်နှပ်စား ညီမတစ်ယောက်လို သဘောထားပြီး ပြောနေလေရဲ့။
ဟင့်အင်း။ ကျွန်မအတွက်တော့ ထုတ်ပြောပြခွင့် ရလိုက်တာနဲ့တင် အတော်လေး စိတ်သက်သာရာ ရနေခဲ့ပြီ။ နောက်ပြီး နားထောင်ပေးမယ့်သူ ရှိနေတာကလည်း ကျွန်မအတွက် အတိုင်းထက်အလွန်ပါပဲ။
ကျွန်မရဲ့ ပါးစပ်ကနေတော့ ဘာမှ ပြောမထွက်ခဲ့ဘူး။ ပြောဖြစ်တာကတော့ တစ်ခွန်းတည်းရယ်။ “ကဲပါ၊ ကဲပါ။ လက်ဖက်ရည်သောက်မလား။ ငါ သွားနှပ်လိုက်မယ်”
ကျွန်မ စကားလမ်းကြောင်းကို အမြန် ပြောင်းပစ်လိုက်တယ်။
“မနေ့က လက်ဆောင်ရထားတဲ့ မုန့်တွေလည်း ရှိသေးတယ်” နိရှိယာမာက ပြောတယ်။
“ရှယ်ပဲ”
“ချိစ်ကိတ်ရယ်၊ စတော်ဘယ်ရီကိတ်ရယ်၊ ပူတင်းရယ် ရှိတယ်။ ဘယ်ဟာ စားမလဲ” နိရှိယာမာက ကြမ်းပြင်ပေါ် ငုတ်တုတ် ထိုင်ချလိုက်ပြီး ရေခဲသေတ္တာကို ဖွင့်ရင်း လှမ်းမေးလိုက်တယ်။
“စတော်ဘယ်ရီကိတ် စားမယ်”
“အိုကေ”
“လက်ဖက်ရည်ကရော၊ ဘာသောက်ရင်ကောင်းမလဲ။ ရိုးရိုး လက်ဖက်ရည်ကြမ်းပဲ သောက်မလား”
“အင်း၊ လက်ဖက်ရည်ကြမ်းပဲဆို ရပြီ”
ကျွန်မ ရေနွေးအိုး တည်လိုက်တယ်။
စိတ်ထဲမှာ ရှိနေတဲ့ တင်းကျပ်မှုတွေက ငွေ့ရည်ဖွဲ့ပြီး ပျံကုန်ကြပြီ။ ဘယ်ကြည့်ကြည့် အားလုံးက လင်းလက်နေကြသလိုပဲ။ ပြီးတော့ လက်ဖက်ရည်ကြမ်းနဲ့ ကိတ်မုန့်ရဲ့ အရသာတွေကလည်း လတ်ဆတ်လို့။ အခုမှ ပထမဆုံးအကြိမ် စားဖူးတာ ကျနေတာပဲ။
ရင်ထဲက စကားတွေကို ထုတ်အန်ဖွင့်ချဖို့ ဒီလောက်ကြီးတောင် တောင့်တမျှော်လင့် နေခဲ့တာပါလား။ ရင်ထဲမှာ ဒီလောက်တောင် တနုံ့နုံ့ ခံစားနေခဲ့ရတာပါလား။ အဲဒီအတွက် တော်တော်ကြာတဲ့အထိ ကျွန်မကိုယ်ကျွန်မ အံ့ဩမိနေတုန်းပဲ။
နောက်တော့ နိရှိယာမာက အဲဒီအကြောင်းကို ထပ်ပြီး မဟတော့ဘူး။
“ဝိုး … ဒီကြက်ဥပူတင်းက အတော် ချိုတာပဲ”
“အဲဒါ ကြက်ဥပူတင်းမဟုတ်ဘူး။ ကပ်စ်တပ်ပူတင်းလို့ ခေါ်တယ်”
“ဘာကွာတာမှတ်လို့”
“ကွာတယ်လေ။ သူ့ရဲ့ မျက်နှာပြင်က သကြားကို မီးဖုတ်ထားတာ”
“ဟုတ်လား”
ကျွန်မတို့ အဲဒီလို ရောက်တတ်ရာရာတွေ လျှောက်ပြောနေကြရင်း ဧည့်သည်အလာကို စောင့်ဆိုင်းနေကြတဲ့ ဆိတ်ငြိမ်ကာလလေးအတွင်းမှာ ကျွန်မရဲ့ သောကတွေကလည်း တဖြည်းဖြည်းချင်း လွင့်စင်ပျောက်ကွယ်သွားတော့တယ်။
အမှန်အတိုင်း ဝန်ခံရရင်တော့ ငွေချေးထားတဲ့ ကိစ္စကို ကျွန်မ အကြိမ်ကြိမ် အထပ်ထပ် တွေးနေမိပြီး ရင်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေခဲ့ရတာပါ။
ကျွန်မမှာ တခြားစုငွေတွေ ကျန်ပါသေးတယ်။ ဆန်းဝစ်ဆိုင်မှာ ကူလုပ်နေရတာကလည်း အခမဲ့တော့ မဟုတ်ဘူး။ အခုချိန်မှာ ကျွန်မအတွက်တော့ ငွေရေးကြေးရေးက ပူစရာ မရှိဘူး။ နောက်ပြီး ကျွန်မတို့ အဆက်အသွယ် မပြတ်ကြသေးခင် အချိန်တုန်းက အဲဒီကားကို ကျွန်မ မကြာမကြာ ငှားမောင်းခဲ့ဖူးတယ်။ မဟုတ်လည်း အဲဒီကားက ကျွန်မတို့ရဲ့ နှစ်ဦးပိုင်ပစ္စည်း ဖြစ်လာတော့မှာပဲ ဥစ္စာ။ ပြောရရင် ထမင်းထွက်စားတိုင်း သူကချည်း ပိုက်ဆံရှင်းပေးတာ။ တန်ဖိုးမသေးလှတဲ့ စေ့စပ်လက်စွပ်ကိုလည်း သူ့ကို ပြန်မပေးရသေးဘူး။ အခုထိ ကျွန်မရဲ့ ပိုက်ဆံအိတ်ထဲမှာပဲ ရှိနေသေးတယ်။
အဲဒီလို ဆိုပေမယ့်လည်း သောက်မြင်ကတ်ကတ်နဲ့ သူ့ကို ပိုက်ဆံပြန်ဆပ်ခိုင်းဖို့ ကျွန်မ စိတ်ကူးခဲ့ဖူးသေးတယ်။ တကယ်လို့သာ လမ်းခွဲဖို့ ပြောမထွက်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းက ကျွန်မကို စာနာထောက်ထားလို့၊ ကျွန်မကို ချစ်နေသေးလို့၊ ဒါမှမဟုတ် ကျွန်မကို စိတ်မထိခိုက်စေချင်လို့ မဟုတ်ဘဲ ကျွန်မကို ပိုက်ဆံ ပြန်မဆပ်နိုင်သေးလို့ ဆိုရင်ရော။ အဲဒီလို တွေးလိုက်မိတာနဲ့ ပိုမိုနာကျင်၊ ပိုမိုထိခိုက်လာတော့မှာ စိုးကြောက်ပြီး ဆက်တောင် မတွေးရဲတော့ဘူး။
ပိုက်ဆံတွေ ပြန်ရလာတော့ရော ဘာဖြစ်သေးလဲ။ သူကတော့ ကျွန်မအနားကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ဘူးလေ။ ဒါပေမယ့်လေ … အဲဒီငွေပမာဏနဲ့ဆိုရင် ညီမလေးကို ခေါ်ပြီး နိုင်ငံခြားကို ခရီးတစ်ခေါက်လောက် ထွက်လို့ ရတယ်။ ကျွန်မရဲ့ အတွေးတွေက ချာလပတ်ယမ်းလို့။
ကျွန်မ တွေးလိုက်မိသေးတယ်။ တကယ်လို့သာ သူ့ဆီက ပိုက်ဆံပြန်တောင်းမယ် ဆိုရင် သူ့ကို နောက်တစ်ကြိမ်လောက်တော့ ထပ်တွေ့ခွင့်ရဦးမှာပဲ။
သူ ကျွန်မကို မြင်ရတဲ့အခါမှာ စိတ်တွေ ယောက်ယက်ခတ်ပြီး ကျွန်မတို့နှစ်ယောက် ပြန်ပေါင်းထုပ်ချင် ထုပ်ရလောက်တယ်။ အဲဒီလို တွေးလိုက်မိပြန်တော့လည်း မျှော်လင့်ချက်တွေက ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ပေါ့။ ဒါပေမယ့် သိပ်မကြာပါဘူး။ အဲဒီလို တွေးနေတဲ့ ကိုယ့်ကိုယ်ကိုယ်ကိုတောင် ပြန်ပြီး သနားလာမိတယ်။
အခုလိုဆိုတော့ ငွေဆိုတဲ့ အရာက အမှန်တကယ် တည်ရှိနေတဲ့ ရုပ်ဝတ္ထုကနေ စိတ္တဇဆန်တဲ့ အရာဝတ္ထုအဖြစ်ကို ကူးပြောင်းသွားတယ်။
အဲဒီပိုက်ဆံကို သုံးပြီး ညီမလေးနဲ့အတူ ခရီးထွက်နိုင်တယ်လို့ တွေးလိုက်တဲ့အချိန်မှာ အဲဒီပိုက်ဆံက ကျွန်မရဲ့ စိတ်အာရုံထဲမှာ ပြိုးပြက်နေတဲ့ လိမ္မော်ရောင် အရာဝတ္ထုအဖြစ် ပြောင်းလဲသွားတယ်။ သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့နိုင်ဖို့ အကြောင်းပြချက်အဖြစ် အသုံးပြုနိုင်တယ်လို့ တွေးလိုက်တဲ့ အခိုက်မှာတော့ ညစ်မဲစုတ်ပဲ့တဲ့ အစွန်းအထင်းတစ်ခု အဖြစ် ပြောင်းလဲသွားတယ်။ သူက ကျွန်မကို တမင်သက်သက် ပြန်မဆပ်ချင်လို့ မဆပ်တာပဲလို့ တွေးလိုက်မိတဲ့ အခါမှာတော့ သူ့ရဲ့ ယုတ်မာကောက်ကျစ်မှုကြောင့် ကျွန်မရဲ့ စိတ်တွေ နောက်ကျိလာပြီး အမဲစက်ကလည်း ပိုပိုပြီး မဲသထက် ပိုမဲလာတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း သနားစရာ သတ္တဝါပါလားလို့ ခံစားလာရပြီး ရန်လိုမုန်းတီးခြင်း သဘောဆောင်တဲ့ ရွှံ့နွံရောင် အရိအရွဲတွေက မျက်စိထဲမှာ ထင်းလို့။
တကယ်လို့သာ ငွေပမာဏတစ်ခုဟာ အရောင်အဆင်း မျိုးစုံအဖြစ် ပြောင်းလဲသွားနိုင်တယ် ဆိုရင် တကယ့် လက်တွေ့ဘဝမှာတော့ လှပချိုမြိန်တဲ့ အရောင်တွေနဲ့ပဲ ပတ်သက်ဆက်စပ်ချင်တယ်။ ဒါပေမယ့် အဲဒီအတိုင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကိုလည်း ကျွန်မ ကောင်းကောင်းကြီး သိနေတယ်။ ကျွန်မရဲ့ ရင်ထဲမှာ အိပ်မောကျနေတဲ့ ရောင်စုံပန်းစကြာကြီးကို ကျွန်မကိုယ်တိုင် အိပ်ချင်မူးတူးနဲ့ ပြန်ကြည့်နေရသလို ကျွန်မ ခံစားနေရတယ်။ တစ်စက္ကန့်ကလေးရယ်မှ မရပ်မနားဘဲ အရောင်အဆင်းတွေက တစ်မျိုးပြီးတစ်မျိုး ဖျိုးဖျိုးဖျပ်ဖျပ် ပြောင်းလဲနေကြတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ မြင်ကွင်းတစ်ခုကို အဝေးတစ်နေရာကနေ လှမ်းကြည့်နေရသလိုပါပဲ။
ကျွန်မရဲ့ အမြင်မှာတော့ မိသားစု၊ အလုပ်အကိုင်၊ အပေါင်းအသင်း၊ နောက်ပြီး စေ့စပ်ကြောင်းလမ်းခြင်း၊ စတဲ့ စတဲ့ အရာအားလုံးက ကျွန်မကို ပင့်ကူအိမ်တွေလို ကွန်ဖြန့်ပြီး ကာကွယ်ပေးထားကြတယ်။ ကျွန်မရဲ့ ရင်ထဲမှာ အိပ်မောကျနေတဲ့ ကြောက်မက်ဖွယ်ရာ အရောင်အဆင်းတွေကနေ ဝေးကွာသွားအောင် ကျွန်မကို ကာကွယ်ပေးထားကြတယ်။ အဲဒီလို လုံခြုံရေးကွန်ရက်တွေ များလာတာနဲ့အမျှ ခြေချော်လက်ချော် ပြုတ်ကျတဲ့ အကွာအဝေးကလည်း နည်းလာလိမ့်မယ်။ ကံကောင်းမယ် ဆိုရင်တော့ အောက်ဘက်မှာ ဘာတွေ ရှိနေမှန်းတောင် လုံးဝ မသိလိုက်ရဘဲ တစ်သက်လုံး မကြောင့်မကြ နေနိုင်သွားလိမ့်မယ်။
လောကမှာရှိတဲ့ မိဘတိုင်းက ကိုယ့်ရဲ့ သားသမီးတွေကို “အောက်ခြေမှာ အနက် ဘယ်လောက်ရှိသလဲ” ဆိုတာ သိစရာမလိုအောင် ကာကွယ် စောင့်ရှောက်ပေးသွားချင်ကြတာပဲ မဟုတ်လား။ ဒါကြောင့်လည်း ကျွန်မရဲ့ မိဘတွေက အခုကိစ္စကို ကျွန်မထက်တောင် ပိုပြီး ရေးကြီးခွင်ကျယ် လုပ်နေကြတာပဲ ဖြစ်လိမ့်မယ်။ သူတို့ အရမ်းကို စိတ်ပူနေကြမှာပဲ။ ကျွန်မကို ဒီမှာ အထိမနာပါစေနဲ့လို့ သူတို့ မျှော်လင့်နေကြမှာပဲ။
ဒါကြောင့်လည်း လူသားတွေက အတူတကွ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေကြတာပဲ။ ဆက်လက် ရှင်သန်နိုင်ဖို့၊ အက်ကွဲကြောင်းတွေကြားထဲ ဘယ်သူမှ ပြုတ်ကျမသွားနိုင်အောင်လို့ … ။ ကျွန်မရဲ့ အတွေးကမ္ဘာကို ချဲ့ထွင်ပြီး ခြေဆန့်ကြည့်လိုက်တဲ့ အခါမှာ ခွေးမစင်တွေ ပြန့်ကျဲနေတဲ့ အိန္ဒိယနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ ရှင်သန်ရုန်းကန်နေကြတဲ့ လူတွေ၊ အကြွေးသံသရာထဲမှာ နစ်မွန်းပြီး သန်းခေါင်အချိန် လူမသိသူမသိ ထွက်ပြေးနေကြရတဲ့ လူတွေ၊ အရက်နွံနစ်ပြီး သားကွဲမယားကွဲ ခွဲခွာနေကြရတဲ့ လူတွေ၊ စိုးရိမ်စိတ်လွန်ပြီး ကိုယ့်သားသမီးအပေါ် အကြမ်းဖက်မိနေကြတဲ့ တစ်ကိုယ်တော်မိခင်တွေ၊ အနိုင်ကျင့်ခံရတာကို သည်းမခံနိုင်တော့လို့ ယောက္ခမကို သတ်လိုက်မိတဲ့ ချွေးမတွေ၊ စတဲ့ အကြောင်းအရာတွေကို ညစ်နွမ်းတဲ့၊ ကြီးလေးတဲ့၊ ထိတ်လန့်စရာကောင်းတဲ့ ဖြစ်ရပ်တွေလောက်ပဲလို့ ကျွန်မ မမြင်တော့ဘူး။
‘လမ်းဆုံး’ လို့ နာမည်ပေးထားတဲ့ ဒီဆိုင်ရဲ့ အပေါ်ထပ်မှာ နေရင်း အတွေ့အကြုံ နုနယ်သေးတဲ့ ကျောင်းသားငယ်လေးတစ်ယောက်လို ကျွန်မ နက်နက်နဲနဲ တွေးတောနေမိတယ်။ အခု ကြုံခဲ့ရသမျှက ပိုကောင်းဖို့ ဖြစ်လာခဲ့တယ်လို့ ဆိုရတော့မှာပဲ။ ကျွန်မလို ဉာဏ်တိမ်တဲ့ လူတစ်ယောက် အဖို့တော့ ကျွန်မ တွေ့မြင်ခဲ့သမျှက ဘာနဲ့ တူသလဲ ဆိုရင် ညံ့ပျောင်းတဲ့ ဂွမ်းတိမ်လွှာတစ်ခုရဲ့ အပေါက်သေးသေးလေး တစ်ပေါက်ကနေ အောက်ဘက်ကို ငုံ့ကြည့်နေရသလိုပဲ။ နောက်ပြီး ကျွန်မ မြင်နေရသမျှက အောက်ခြေလောကရဲ့ အဆင်းသဏ္ဌာန်တွေမှ ဟုတ်ပါလေစလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ အဲဒါ ကျွန်မရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကြည့်ချင်လို့ ကြည့်ခဲ့တာပဲ မဟုတ်လား။ အဲဒါက ပိုပြီး အရေးကြီးပါတယ်။
လူတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေကို အလေးဂရုပြုပြီး အာရုံစိုက်နေခဲ့သလဲ။ အဲဒါတွေက အဲဒီလူရဲ့ ကမ္ဘာလောကတစ်ခု ဖြစ်လာတော့တာပဲ။
ကျွန်မ အဲဒီလို ကောက်ချက်ချနိုင်ခဲ့တယ်။
အဲဒီလိုဆိုတော့ တာကာနာရှိက ကျွန်မနဲ့ အတော်ဝေးတဲ့ ခပ်လှမ်းလှမ်း တစ်နေရာကို ရောက်ရှိသွားတယ်။ ပထမဆုံးကြိမ်အဖြစ် ကျွန်မ နားလည်သဘောပေါက်လာတာကတော့ သူက ကျွန်မ မျှော်လင့်တောင့်တနေခဲ့တဲ့ လက် – ကျွန်မရဲ့ လက်တစ်ဖက်ကို နွေးထွေးစွာ တွဲကိုင်ထားတဲ့ လက်တစ်ဖက် မဟုတ်တော့ဘူး။ ကျွန်မနဲ့ တန်ဖိုးထားမှုတွေ ကွဲလွဲနေတဲ့ သူစိမ်းတစ်ယောက်သာ ဖြစ်နေတယ်။
တကယ်လို့ ကျွန်မသာ သူ့နေရာမှာဆိုရင် တခြားလူတစ်ယောက်ကို (အမှန်အကန်) ချစ်မိသွားပြီ ဆိုတာနဲ့ သူ့ကို ချက်ချင်း အသိပေးဖြစ်မှာပဲ။
ဒါပေမယ့် သူက အဲဒီလို မလုပ်ခဲ့ဘူး။ အချိန်ကို ဆွဲနေလိုက်တာ ဒီနေ့လို အဖြစ်မျိုး ကြုံလာရတဲ့ အထိပဲ။ သူ့ရဲ့ အဲဒီလို စရိုက်မျိုးကြောင့် ကျွန်မတို့ဟာ ဘယ်လိုမှကို ရှေ့သွားနောက်လိုက် မညီတဲ့ လူနှစ်ယောက် ဖြစ်နေပြီလို့ ကျွန်မ နားလည် သဘောပေါက်လာတယ်။
ကျွန်မရဲ့ အတွေးတွေက တောင်ရောက်လိုက် မြောက်ရောက်လိုက်နဲ့ ဘယ်လိုမှ ရပ်တန့်လို့ မရနိုင်တော့ဘူး။ အဲဒီလို တောင်တောင်ဤဤ လျှောက်တွေးနေရင်း စိတ်က မသိလိုက် မသိဘာသာနဲ့ပဲ တည်ငြိမ်အေးဆေးလာတယ်။ မြီးကောင်ပေါက်ဘဝကို ပြန်ရောက်သွားသလားလို့တောင် အောက်မေ့နေရတယ်။
ဟိုးရှေးရှေးတုန်းကပေါ့။ ကျွန်မက သန်းခေါင်ယံ မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး ဘာရယ်မဟုတ်ဘဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်တွေးနေခဲ့ဖူးတယ်။ ဥပမာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း အကြောင်းတို့၊ လူ့ဘဝကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာမျိုးတို့ပေါ့။
တဖိတ်ဖိတ် လင်းလက်နေကြတဲ့ ကြယ်တာရာတွေက အာကာပြင် တနံတလျားမှာ အဆုံးအစမဲ့ ဖြန့်ကျက်လို့နေတယ်။
အဲဒီတုန်းက လေထုထဲမှာ ရောစွက်နေတဲ့ အအေးဓာတ်ကလေးရယ်၊ မှုန်မှိုင်းပြီး ကြီးမားကျယ်ပြန့်တဲ့ အနာဂတ်ရယ်၊ မြို့ကလေးကို လွှမ်းခြုံထားတဲ့ ပင်လယ်ရနံ့လေးရယ်၊ စတဲ့ အရာအားလုံးက ကျွန်မရဲ့ စိတ်အာရုံမှာ အထင်အရှား ပြန်ပေါ်လာကြတယ်။
လွတ်လပ်ပေါ့ပါးတဲ့ စိတ်အခြေအနေမျိုး၊ သံစဉ်တေးသွားတစ်ပုဒ်လို အဆုံးအစမဲ့ လွတ်လွတ်လပ်လပ် သိမ့်ခါလှုပ်ယမ်းသွားနိုင်တဲ့ စိတ်အစဉ်မျိုးကို ပိုင်ဆိုင်လာနိုင်ဖို့ ကျွန်မကိုယ်တိုင် နေ့ညမပြတ် ရှာဖွေနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်နေမိတယ်။ လုံးဝ ဖြစ်နိုင်ပါတယ်။ အဲဒီခံစားချက်က ဘာနဲ့ တူသလဲ ဆိုတော့ ကျွန်မရဲ့ အသားမာတက်နေတဲ့ နှလုံးသား၊ နာကျင်မှုတွေအပေါ် ထုံထိုင်းနေပြီ ဖြစ်တဲ့ ကျွန်မရဲ့ နှလုံးသားကို ခပ်ပါးပါး လှီးချခံနေရသလိုပဲ။ သေချာပါတယ်။ အနည်းနဲ့အများတော့ နာကျင်နေဦးမှာပါပဲ။ ဒါပေမယ့် နေ့ရက်တွေကို ရူးကြောင်မူးကြောင် ဖြတ်သန်းနေရတာနဲ့ နှိုင်းစာလိုက်ရင်တော့ နှလုံးသားပေါ် ထိကပ်လာတဲ့ လေထုက အရင်ကထက် အများကြီး ပိုပြီး လတ်ဆတ်သွားခဲ့ပြီ။
အိုကေလေ။ အိမ်ပြန်ပြီး ဘဝသစ်ကို ပြန်စဖို့ ရယ်ဒီပဲပေါ့။
နိရှိယာမာကို နှုတ်ဆက်စကား ပြောဖို့ရာအတွက်တော့ ကျွန်မ ဝန်လေးနေတယ်။ ဒါပေမယ့် သူ ကျွန်မကို အများကြီး ကူညီခဲ့ပြီးပြီပဲ။ နောက်ပြီး သူ့ဆီကနေလည်း ပညာတွေ အများကြီး ရလာခဲ့တယ်။ ဒီတော့ ကံမကုန်ရင် ပြန်ဆုံကြဦးမှာပေါ့ လို့သာ ကျွန်မကိုယ်ကျွန်မ ဖြေသိမ့်လိုက်တော့တယ်။
“ငါ အိမ်ပြန်တော့မယ်။ လူလည်း အတော်လေးကို နေလို့ထိုင်လို့ ကောင်းသွားပြီ”
ကျွန်မ ဆိုင်ထဲကို လျှောက်ဝင်သွားရင်း နိရှိယာမာကို ပြောလိုက်တယ်။
“ဟာ … ငါ နင့်ကို လွမ်းကျန်ရစ်တော့မှာပဲ” နိရှိယာမာရဲ့ မျက်နှာက တကယ့်ကို စိတ်မကောင်းတဲ့ပုံ ပေါက်နေတယ်။ “တစ်မျိုးတော့ မထင်လိုက်ပါနဲ့ဟာ။ ဒါပေမယ့် ဒီရက်တွေအတွင်းမှာ အရမ်းပျော်ခဲ့တာတော့ အမှန်ပဲ”
“ငါလည်း ပျော်တာပါပဲ။ တစ်သက်လုံး ဒီအတိုင်း နေသွားရရင် ကောင်းမလား လို့တောင် တွေးမိတော့မလောက်ပဲ” ကျွန်မ ပြောလိုက်တယ်။
ဧည့်သည်တွေက ရောက်မလာကြသေးဘူး။ ကျွန်မ ဖန်ခွက်တွေကို သုတ်ပေးနေတယ်။ ဒီခွက်တွေက လေးလေး တစ်လုံး တစ်လုံးချင်းစီ ဝယ်စုထားတဲ့ ရတနာတွေ ဖြစ်လိမ့်မယ် ထင်တယ်။ ဒီတော့ သူ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အနည်းဆုံးတော့ ပြောင်လက်နေအောင် သုတ်ပေးမှ ဖြစ်မယ်။
ဒီမှာ နေနေတဲ့ ကာလအတွင်းမှာ ကျွန်မအတွက် စဉ်းစားပေးထားလို့ ထင်ပါရဲ့။ လေးလေးက ကျွန်မကို အဆက်အသွယ် လုံးဝ မလုပ်ခဲ့ဘူး။ ကျွန်မ သူ့ကို အူထဲ အသဲထဲကနေ ကျေးဇူးတင်နေမိတယ်။ သူ့ရဲ့ တရားလွန် ဂရုစိုက်မှုကို မခံခဲ့ရလို့လည်းပဲ ကျွန်မ ဒီမှာ ပေါ့ပေါ့ပါးပါးနဲ့ နေနိုင်ခဲ့တာပေါ့။ တကယ်လို့သာ နောက်နှစ် နှစ်သစ်ကူးမှာ ဒီကို လာလည်ဖြစ်ရင် သူ့ကို ကောင်းကောင်းကြီး ကျေးဇူးတင်စကား ပြောရဦးမယ်လို့ ကျွန်မ တွေးနေမိတယ်။ လေးလေးသာ အနားမှာ ရှိနေခဲ့ရင် ကျွန်မကို အသည်းအသန် ချော့မော့နေမှာ အသေအချာပဲ။ ကျွန်မကို စိတ်ပြေလက်ပျောက် ဆိုပြီး ဟိုဟိုဒီဒီ လျှောက်ပို့နေရင်တော့ သူလုပ်တာနဲ့ ပိုပြီး မွန်းကျပ်လာလိမ့်မယ်။ ကျွန်မရဲ့ နံဘေးမှာ မျက်နှာစိမ်းတွေပဲ ရှိနေလို့သာ ကျွန်မ ဒီလောက် ပေါ့ပေါ့ပါးပါး နေနိုင်ခဲ့တာပေါ့။ ခွဲတောင် မခွဲရသေးဘူး။ ဒီမှာ နေခဲ့တဲ့ နေ့ရက်တွေကို စပြီး လွမ်းဆွတ်နေမိပြီကော။
ကျွန်မက ဒီမှာ ဘာမှ မည်မည်ရရ လုပ်ရတာ မဟုတ်ဘူး ဆိုပေမယ့်၊ ကူလုပ်ပေးတဲ့အတွက်လည်း တစ်ပြားတစ်ချပ်မှ မရဘူး ဆိုပေမယ့် နိရှိယာမာရဲ့ အစောင့်အရှောက်၊ သူ့ရဲ့ ဖေးမကူညီမှုကိုတော့ အပြည့်အဝ ရရှိခဲ့တယ်။ နောက်ပြီး စိတ်လက် မအီမသာ ဖြစ်နေရင်လည်း အပေါ်ထပ်မှာ အချိန်မရွေး သွားလှဲနေလို့ ရသေးတယ်။ ကျွန်မ ဘယ်လောက်ပဲ အတွေးနယ် ကျွံနေပါစေ၊ ဘယ်သူကမှ ကျွန်မကို လာနှောင့်ယှက်မှာ မဟုတ်ဘူး။ လိမ်းထားတဲ့ မိတ်ကပ်တွေ ထူပိန်းနေလည်း ဘယ်သူကမှ အထူးအထွေ လာဂရုစိုက်မနေဘူး။ မျက်ခွံတွေကို ဖောင်းအစ်နေအောင် ငိုထားလည်း ဘယ်သူကမှ တောင်ပြောမြောက်ပြော လျှောက်မပြောဘူး။ နောက်ပြီး နေ့ခင်းဘက်မှာ မြို့ပေါ် လမ်းလျှောက်ထွက်လိုက်တာနဲ့ ချက်ချင်းဆိုသလို ခရီးသွားတစ်ယောက် ဖြစ်သွားတော့တာပဲ။ တစ်ယောက်တည်း နေရလို့ ထင်တယ်။ ကျွန်မ ဖတ်နေတဲ့ စာအုပ်ထဲက စကားလုံးတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း စုပ်ယူထားနိုင်ခဲ့တယ်။ နောက်ပြီး ကျွန်မရဲ့ အာရုံသိစိတ်တွေကလည်း အဆိုးလောကဓံကြောင့် ပိုပြီး စူးရှထက်မြက်လာတယ်။ အခုဆိုရင် ရာသီဥတုရဲ့ နူးညံ့ညင်သာတဲ့ အပြောင်းအလဲကို ရှင်းရှင်းပြတ်ပြတ် ခံစားသိနေတတ်ပြီ။ ဒီလောက် ကြည်လင်နှစ်လိုဖွယ်ကောင်းတဲ့ ဆောင်းရက်တွေကို စိတ်လိုလက်ရ မခံစားဖြစ်ခဲ့တာ အတော်တောင် ကြာခဲ့ရောပေါ့။
နောက်ပြီး ကျွန်မမှာ ပြန်စရာ အိမ်တစ်အိမ် ရှိနေတာပဲဥစ္စာ။ ဒီလိုသာ လျှောက်ပြီး လေလွင့်နေဦးမယ် ဆိုရင် မတော်တရော်တွေပဲ ဖြစ်လာစရာ ရှိတော့တယ်လေ။
ကျွန်မ နားလည်လာမိတဲ့ အချက်တစ်ခုက ဘာလဲဆိုတော့ ကျွန်မဟာ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ထင်မထားမိလောက်အောင် တွက်ကတ်နေတယ် ဆိုတာပါပဲ။ နောက်ပြီး ပိန်းတယ်။ တရားလွန် ယုံတတ်တယ်။ ရင့်ကျက်မှု မရှိဘူး။
ဒီမှာ နေခဲ့ရတဲ့ အချိန်တိုတိုလေး အတွင်းမှာ ပူဆွေးမှုဆိုတဲ့ မှန်ပြောင်းထဲကနေ လှမ်းမြင်နေရတဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတယ်။ ဖန်ခွက်တစ်ခွက်ရဲ့ အောက်ခြေကနေ လှမ်းကြည့်နေရသလိုပေါ့။ အဲဒီကာလတိုကလေးက ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ကျောက်ထက်အက္ခရာ တင်ထားတဲ့အလား မြဲမြံခိုင်ခန့်နေတယ်။ ကျွန်မ ဘယ်ကိုပဲ ရောက်ရောက် အဲဒီမှတ်ဉာဏ်တွေက ကျွန်မကို အကျိုးပြုနေဦးမှာပဲ။ သူ့ကြောင့်သာလျှင် လွှတ်ချသင့်တဲ့ အရာကို ကျွန််မ လွှတ်ချနိုင်ခဲ့တယ်။ သူ့ကြောင့်သာလျှင် ခရီးရှည်ကြီးတစ်ခုကို အဆုံးသတ်လိုက်ရသလို လွတ်လပ်ပေါ့ပါးသွားခဲ့တယ်။
ဒီမြို့ထဲမှာ ဒီနေ့ဒီအချိန်ထိ နေခွင့်ရတာ သိပ်ကို ကံထူးတာပဲလို့ ကျွန်မ ခံစားလာရတယ်။
“ဘယ်အချိန် ပြန်မှာလဲ။ မနက်ဖြန်တော့ မဟုတ်ပါဘူးနော်”
နိရှိယာမာက မိန်းကလေးတစ်ယောက်လို လိမ်တွန့်ပြီး ဘာမှ ဖုံးကွယ်မနေဘဲ ဘွင်းဘွင်းကြီး မေးချလိုက်တယ်။ သူ့ပုံစံက ချက်ချင်းပဲ ငိုချလိုက်တော့မယ့် ဟန်မျိုး။
ကျွန်မ တွေးကြည့်တယ်။ အဲဒါကလည်း သူ့ကို လူချစ်လူခင် များစေတဲ့ နည်းဗျူဟာ တစ်ခုပေပဲ။ ဒီလောက် ရိုးဖြောင့်တဲ့ လူမျိုးက အတော်ကို ရှာရခက်သွားပြီ။
“ငါ့ရဲ့ ကိုယ်ပိုင်ဘဝထဲကို ပြန်တော့မှာ ဆိုပေမယ့် နင့်ကိုတော့ ဘယ်တော့မှ မေ့ရနိုင်မယ် မထင်ဘူး။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ငါ သန်ဘက်ခါ ပြန်မယ်”
ကျွန်မလည်း ငိုချင်ချင် ဖြစ်နေပြီ။ ဒါပေမယ့် နိရှိယာမာနဲ့ ကျွန်မရဲ့ အဓိက ကွာခြားချက်ကတော့ ကျွန်မကိုယ်ကျွန်မ ဒီနေရာမှာ ငိုခွင့်ပြုမှာ မဟုတ်ဘူး။
“အင်း၊ ငါတော့ တစ်ယောက်တည်း အထီးကျန်နေတော့မှာပဲ။ ဒါပေမယ့် နင်ကတော့ ပြန်ချိန်တန်ပါပြီ။ အဲဒါ နင် အလုပ်သင့်ဆုံး အရာပဲ” သူက ငိုမဲ့မဲ့ လေသံနဲ့ စကားကို ဆက်ပြောတယ်။ “ငါတို့ ထပ်တွေ့ကြရဦးမှာပါ။ မဟုတ်ဘူးလား။ သေသွားတာမှ မဟုတ်ပဲ။ …. အား၊ စိတ်ထဲ တစ်မျိုးကြီးပဲ …”
နောက်တော့ သူက သူ့ရဲ့ ကြေကွဲဝမ်းနည်းမှုတွေကို ဖုံးဖိထားလိုဟန်နဲ့ ဆိုင်ထဲက အလုပ်တွေကိုပဲ ဖိလုပ်နေတော့တယ်။ ဒါပေမယ့် စိတ်ပါလက်ပါတော့ ဘယ်ဟုတ်ပါ့မလဲ။ တစ်ချက်တစ်ချက် သက်ပြင်းကြီး ချလို့။
ထူးခြားတာက ကျွန်မစိတ်ထဲ ပျော်သလိုလို ခံစားသွားရတယ် ဆိုတာပါပဲ။ ဒီလောက် တိုတောင်းတဲ့ ကာလလေးအတွင်းမှာ ကျွန်မရဲ့ တည်ရှိမှုကို ဒီနေရာ ဒီဒေသမှာ ကျွန်မ တံဆိပ်နှိပ်နိုင်ခဲ့ပြီ မဟုတ်လား။
နောက်နောင်မှာ သူ့လို ရိုးဖြောင့်တည်ကြည်တဲ့ လူတစ်ယောက်အဖြစ် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်မှန်း သိနေပေမယ့်လည်း သူ့လို ကိုယ့်ဘဝကိုယ် အစစ်အမှန် ဖြတ်သန်း ရှင်သန်နေတဲ့သူမျိုး ဖြစ်အောင်တော့ ကြိုးစားမယ်လို့ ကျွန်မ ရည်မှန်းထားတယ်။
နောက်တစ်ရက်မှာ လေးလေးအတွက် စာတစ်စောင် ရေးထားခဲ့မယ်လို့ စိတ်ကူးမိတာကြောင့် စာတစ်စောင် ရေးနေရင်း ရေးလို့မပြီးခင်မှာပဲ အိပ်ပျော်သွားခဲ့တယ်။ နောက်တော့ ပြတင်းပေါက်ကနေ ကားဟွန်းသံတစ်သံ လွင့်ပျံလာတော့တာပဲ။
ရင်းနှီးနေတဲ့ အသံတစ်သံက ကျွန်မရဲ့ အိပ်မက်ထဲမှာ ပဲ့တင်ထပ်နေတယ်။
အိပ်မက်ထဲမှာတော့ ကျွန်မက ချိုမြတဲ့ နို့နှစ်ရောင် ဟေမန်ကောင်းကင်အောက်မှာ တာကာနာရှိနဲ့အတူ ရှိနေခဲ့တယ်။
လက်စသတ်တော့ ဒါတွေ အားလုံးက အိပ်မက်ဆိုးတစ်ခုပါလား။ ကြည့်လေ။ ငါတို့နှစ်ယောက် အတူတူ ရှိနေတယ် မဟုတ်လား။ သူက ငါ့ကို ကားနဲ့ လာခေါ်တယ်။ အခု ငါတို့ တစ်နေရာမှာ တစ်ခုခု သွားစားကြမယ်။ တွတ်တီးတွတ်တာတွေ ပြောကြမယ်။ နောက်နောင်ကို ဘယ်တော့မှ ခွဲခွာမသွားဘူးရယ်လို့ တစ်ယောက်ကိုတစ်ယောက် ကတိတွေ အထပ်ထပ် ပေးကြဦးမယ်။ ရှေ့တစ်ခေါက်ကတော့ တစ်ခုခု လွဲမှားနေလို့ပဲ ဖြစ်ရမယ်။ ဟိုမိန်းမရဲ့ အရှေ့မှာ သူ အမှန်အတိုင်း ဖွင့်ပြောခွင့် မရတာပဲ နေမှာ။ အမလေး … ပျော်စရာ ကောင်းလိုက်တာ။
အဲဒီလိုတွေးရင်း ကျွန်မ အိပ်မက်ထဲမှာ ပြုံးနေမိတယ်။ မျက်လုံးအိမ်ထဲမှာတော့ မျက်ရည်တွေ ပြည့်လို့ပေါ့။
ခဏနေတော့ ကားဟွန်းသံက နောက်တစ်ကြိမ် ထပ်မြည်လာပြန်တယ်။ ကျွန်မ လုံးဝ နိုးလာခဲ့ပြီ။
ကျွန်မ ပြတင်းပေါက်ကနေ အောက်ကို လှမ်းကြည့်လိုက်တော့ အိပ်မက်ထဲကအတိုင်း ဖြစ်နေပါရောလား။ တာကာနာရှိရဲ့ ကားက အောက်ထပ်မှာ ရပ်ထားတယ်လေ။
အမှန်အတိုင်း ပြောရရင် ကျွန်မ ဝမ်းသာလုံး ဆို့ပြီး ပြတင်းပေါက်ကနေတောင် ခုန်ချသွားလိုက်ချင်တယ်။ ဪ … နောက်ဆုံးတော့ သူ ဒီကို ရောက်လာခဲ့ပြီကိုး။ သူ ငါ့ကို မခွဲနိုင်ပါဘူး။ တကယ်တော့ သူက ငါ့ကို အချစ်ဆုံးပါ။ ဒီလောက် နှစ်ကာလတွေ အများကြီး ယှက်ဖွဲ့လာခဲ့တဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ ဖြတ်တောက်ပစ်နိုင်မှာလဲနော်။ … ကျွန်မ အဲဒီလို တွေးနေမိတယ်။
ဒါပေမယ့် နောက်တစ်ခဏအတွင်းမှာပဲ ကျွန်မရဲ့ စိတ်ကူးယဉ် ပူဖောင်းလေး ပေါက်ကွဲသွားတော့တယ်။
ဘယ်လိုဖြစ်တာလဲ။ ယာဉ်မောင်းထိုင်ခုံကနေ ခေါင်းပြူထွက်လာတဲ့ သူက နိရှိယာမာ ဖြစ်နေပါပကောလား။
ရှုပ်ထွေးပွေလီတဲ့ စိတ်ခံစားချက်တွေကို ရင်မှာပိုက်ရင်း အောက်ထပ်ကို အပြေး ဆင်းသွားလိုက်တယ်။
“ဘယ် … ဘယ်လို ဖြစ်ရတာလဲ။ ဒီကား … ခိုးလာတာလား” ကျွန်မ မေးလိုက်တယ်။
“ဒီကားကို … သူက နင့်ကို ပေးလိုက်ပြီတဲ့။ ငါ သူ့ဆီကနေ ငွေတစ်သန်း သွားတောင်းတာ။ သူက ဒီကားကို ပေးလိုက်တာပဲ။ စာရွက်စာတမ်းတွေ အားလုံးကို ဒက်ရှ်ဘုတ်ထဲမှာ ထည့်ထားတယ်။ ကားအာမခံနဲ့ တခြား လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သူ့မိဘတွေ ဒါမှမဟုတ် နင့်မိသားစုက ဆက်လုပ်ပေးကြလိမ့်မယ်။ သူလည်း လုပ်ပေးနိုင်သလောက် လုပ်ပေးပါ့မယ်တဲ့” နိရှိယာမာက ပြောတယ်။
“ဒါပေမယ့် … ” အဖြစ်အပျက်က ဘယ်လိုမှ မယုံနိုင်လောက်အောင် ပြောင်းလဲသွားတာကြောင့် ကျွန်မ ဆွံ့အနေမိတယ်။ “နင် သူ့ကို သွားတွေ့တာလား”
“အင်း၊ သူ စိတ်ချလက်ချ ဖြစ်သွားအောင် နင်နဲ့ငါ ချစ်သူတွေ ဖြစ်နေပြီလို့ ငါ သူ့ကို ညာပြောလိုက်တာပေါ့။ နောက်တော့ သူ့ကို အကြွေးပြန်ဆပ်ဖို့ ပြောလိုက်တယ်။ သူက အခုချက်ချင်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့။ ဒါနဲ့ ငါလည်း စမ်းကြည့်တဲ့အနေနဲ့ အဲဒီပိုက်ဆံနဲ့ ဝယ်ထားတဲ့ကားကို ငါတို့ကို ပြန်ပေးပါလို့ တောင်းကြည့်လိုက်တယ်။ ဒီတော့ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်းကြီးကို သဘောတူလိုက်တယ်။ ငါ ထင်တောင် ထင်မထားဘူး။ အဲဒီဘဲက ဘယ်ဆိုးလို့လဲ။ ငါက သူ့ကို အင်မတန် လက်ပေါက်ကတ်မယ့် လူစားမျိုး ဖြစ်လိမ့်မယ်လို့ ထင်ထားတာ”
“ဟုတ် … ဟုတ်လား။ ငါ ကြိုက်ခဲ့တဲ့ လူပဲ ဥစ္စာ၊ ဒီလောက်တော့ ရှိမှာပေါ့။ ဟား ဟား ဟား။ ဒါပေမယ့် သူက နင့်ကို လူဆိုးဂိုဏ်းထဲကလို့ ထင်ပြီး ကြောက်ကြောက်နဲ့ ခေါင်းညိတ်လိုက်ရတာလား မသိဘူး”
“မဟုတ်နိုင်လောက်ပါဘူး။ ငါတော့ အဲဒီလို မထင်ဘူး။ နင် သူ့ကို သွားတွေ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူက အံ့ဩနေတာတဲ့။ သူက ပြဿနာကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့တဲ့အတွက် နင့်ကို စိတ်ဒဏ်ရာရအောင် လုပ်မိသွားလို့ စိတ်မကောင်း ဖြစ်နေတာ။ ဒါကြောင့် သူက နင့်ကို တောင်းပန်တဲ့အနေနဲ့ သူ တတ်နိုင်တဲ့ နည်းလမ်းတစ်ခုခုနဲ့ ဘာပြန်လုပ်ပေးရရင် ကောင်းမလဲလို့ စဉ်းစားနေတယ် ဆိုပဲ။ နောက်ပြီး သူက ပြောသေးတယ်။ တကယ်လို့သာ နင်က ဒီကားကို ပြန်လက်ခံဖို့ ဆန္ဒရှိမယ် ဆိုရင် သူလည်း စိတ်သက်သာရာ ရသွားတာပေါ့တဲ့။ ကိစ္စက အဲဒီလို ချောချောမောမောနဲ့ ပြီးသွားတယ်”
ဘာကြောင့်ရယ် မသိဘူး။ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ဘယ်အရာကမှ ကျွန်မအတွက် အမှန်တကယ် အရေးကြီးမနေတော့ဘူး။ ကျွန်မ အဲဒီလို ခံစားနေရတယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့လို့ပဲ ကျွန်မ ယူဆထားတယ်။ ဒါပေမယ့် နိရှိယာမာကတော့ ဒီကိစ္စကို ဒီအတိုင်းပဲ ဖြေရှင်းရမယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသလိုပဲ။ ဒါကြောင့် သူ့ရဲ့ အယူအဆကို သူ့ရဲ့ လုပ်ရပ်နဲ့ ထင်သာမြင်သာအောင် သက်သေပြလိုက်တယ်။
“ဒါပေမယ့် ဒီကားထဲမှာ ဟိုမိန်းမရဲ့ အငွေ့အသက်တွေ ရှိနေရောပဲ။ အမြင်ကတ်စရာကြီး။ ပြန်ရောင်းပစ်လိုက်ရင် မကောင်းဘူးလား” ကျွန်မ ပြောလိုက်တယ်။
“အဲဒါကတော့ နင် အိမ်ပြန်ရောက်မှပဲ ဆုံးဖြတ်ပေတော့။ ဝင်မထိုင်တော့ဘူး။ လေညင်းခံ ထွက်ရအောင်လေ။ ဒီမြို့ပေါ်မှာရှိတဲ့ အကြီးဆုံး ပန်းခြံကို နင် မရောက်ဖူးသေးဘူး မဟုတ်လား”
နိရှိယာမာက ရယ်ရင်း ပြောနေတယ်။ ဒါနဲ့ ကျွန်မလည်း ပေကတ်မနေတော့ဘဲ တာကာနာရှိနဲ့သာ အတူ စီးခဲ့ဖူးတဲ့ ကားထဲကို လျှိုဝင်လိုက်တယ်။
ကားထဲ ဝင်လိုက်တာနဲ့ အမှတ်ရစရာတွေက တစ်ခုပြီးတစ်ခု တစ်သီတစ်တန်းကြီး တိုးထွက်လာကြပါရော။ ဘေးထိုင်ခုံကနေ မြင်နေရတဲ့ မြင်ကွင်း၊ ထိုင်ခုံခါးပတ်ရဲ့ အထိအတွေ့၊ မှန်ပြတင်းရဲ့ ကွေးညွတ်မှု။ … သို့ပေမယ့်လည်း ဘေးမှာ ထိုင်နေတဲ့သူက နိရှိယာမာ ဖြစ်နေတယ်။ တာကာနာရှိထက် ပိန်ပြီး ကားလည်း သူ့လောက် ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ပုံ မရဘူး။
ဟူး … ဒါက ပစ္စုပ္ပန်ပဲ၊ အတိတ်မှ မဟုတ်တာ။ ပြီးခဲ့တာတွေလည်း အားလုံး ပြီးပါစေတော့။ ကျွန်မ တွေးလိုက်မိတယ်။
ဒါနဲ့ ကျွန်မရဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ကားထဲကနေ ဘေးဘီဝဲယာကို ငေးကြည့်နေလိုက်တယ်။ နိရှိယာမာက ဒီကားကို ကျွန်မဆီ ယူမလာခင်မှာ ကျွန်မအတွက် ကားကို သန့်ရှင်းရေး လုပ်ပေးထားပုံ ရတယ်။ ဆေးလိပ်ပြာခွက်ကို သန့်ရှင်းထားတယ်။ ကားရဲ့ အတွင်းပိုင်းကိုလည်း သုတ်သင်ထားတယ်။ ပြီးတော့ ဆီလည်း အပြည့်ဖြည့်ပေးထားသေးတယ်။ အဲဒီလို ဂရုတစိုက် ရှိလှတဲ့ နိရှိယာမာကို ကျွန်မ ရင်နဲ့အပြည့် ကျေးဇူးတင်နေမိတယ်။
အခုလို သေးနုပ်တဲ့ ဖေးမမှုတွေက ကျွန်မအတွက် ဘယ်လောက်တောင် ကြီးမားတဲ့ ခွန်အားသတ္တိတွေကို ဖြစ်ပွားစေနိုင်သလဲ ဆိုတာ သူ သိတောင် သိရှာမှာ မဟုတ်ဘူး။ အဲဒီလို မသိဘဲနဲ့တောင်မှ သူ ကျွန်မအတွက် လုပ်ဆောင်ပေးနေသေးတယ်။ အဲဒါကြောင့် ကျွန်မ သူ့ကို ကျေးဇူးတင်နေမိတာပေါ့။ နောက်ထပ် အကြောင်းအရင်း တစ်ခုလည်း ရှိပါသေးတယ်။ တကယ်တော့ သူက ကျွန်မကို မျက်နှာလို မျက်နှာရ လုပ်ပေးနေတာ မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်နေတယ်လို့ပဲ သူက သဘောထားတာ။ သူက အဲဒီလောက်ကို ဗီဇဓာတ်ခံအရ စိတ်ရင်းစေတနာ ကောင်းတဲ့ လူတစ်ယောက်ပါ။
ကျွန်မလည်း စိတ်လက်ပေါ့ပါးလာတယ်။ ဒါနဲ့ ဒီကားကို အိမ်ထဲက ဘယ်နေရာမှာ ထိုးထားရမလဲ၊ မနက်ဖြန်ကျရင် ဒီကားကို မောင်းပြီး အိမ်ပြန်သွားရမယ် စတဲ့ စိတ်ချမ်းသာစရာ အကြောင်းအရာတွေကို စဉ်းစားနေမိတယ်။
ကျွန်မနဲ့ မရင်းနှီးတဲ့ မြို့ပြရှုခင်းတွေက ကျွန်မရဲ့ မြင်ကွင်းထဲကနေ လျှောထွက် ပျောက်ကွယ်ကုန်တယ်။
နောက်နောင်ကျရင် ဒီမှာ လာနေဖြစ်မယ် မထင်တော့ဘူး။ နောက်ပြီး ကိုယ်နဲ့အတူ ဘဝတစ်ခု တည်ထောင်မယ်လို့ စိတ်ကူးထားတဲ့ လူကလည်း အခုဆိုရင် တခြားလူတစ်ယောက်နဲ့ ဒီနေရာမှာ ဘဝတစ်ခု တည်ဆောက်နေကြပြီ။ လူ့ဘဝဆိုတာမျိုးက မထင်မှတ်ထားတဲ့ အရာတွေကိုလည်း မကြာမကြာ တွေ့မြင်ရတတ်တာပဲ မဟုတ်လား။ ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒီတစ်ခေါက် ဖြစ်သွားတဲ့ ကိစ္စက ကျွန်မကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့တယ်။ နောက်ပြီး အခုချိန်ထိကို အဲဒီဂယက်က ပျောက်ချင်သေးတာ မဟုတ်ဘူး။ ဒါပေမယ့်လေ၊ အဲဒီလို ဖြစ်ပျက်ခဲ့လို့လည်းပဲ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းခွင့် ရခဲ့တယ် မဟုတ်လား။ ဒါလည်း ဝမ်းသာစရာ ကိစ္စတစ်ခုပဲ။ အခုဆို ဘားတစ်ခုမှာ အလုပ်လုပ်ဖူးသွားပြီ။ ဂျက်ဇ်ဂီတကိုလည်း အနည်းအကျဉ်းတော့ တီးခေါက်မိသွားပြီ။ မတူကွဲပြားတဲ့ နေနည်းထိုင်နည်းတွေကိုလည်း တွေ့မြင်သွားပြီ။ နိုင်ငံခြားကို ပညာတော်သင် ထွက်လိုက်ရသလိုပဲ။ ဒါတွေ အားလုံးကို ပိုင်ဆိုင်ခွင့် ရခဲ့တဲ့ အကြောင်းရင်းခံကတော့ ကံကောင်းထောက်မစွာနဲ့ ဒီလမ်းညွှန်ကောင်းတစ်ယောက်ကို ဆုံဆည်းခွင့် ရလိုက်လို့ပေါ့။ မှန်ပြတင်း အပြင်ဘက်က ရှုခင်းတွေကို ငေးကြည့်နေရင်းနဲ့ ကျွန်မ တိတ်တဆိတ် တွေးနေမိတယ်။
“မီမီ၊ နင်က ဘယ်အရာကိုမဆို ပေါ့ပေါ့လေး မထားဘဲ နက်နက်ရှိုင်းရှိုင်း တွေးတတ်ခေါ်တတ်တယ်။ ပြီးတော့ နင်ရဲ့ပုံက အပြင်ပန်းအရတော့ ဘာကိုမှ အရေးမစိုက်သလိုပဲ။ တကယ်တမ်းကျတော့ နင်က ထင်မထားလောက်အောင် လေ့လာဆည်းပူးအား ကောင်းတယ်။ ပြီးတော့ ထင်ထားတာထက်တောင် ပိုပြီး တည်ငြိမ် ရင့်ကျက်နေတယ်။ နင့်မှာ အဲဒီလို အရည်အချင်းတွေ ရှိတယ် ဆိုတာ၊ ဘဝအတွက် နင် ဘာတွေ ရည်မှန်းထားတယ် ဆိုတာတွေကို ဟိုလူက တစ်ဝက်လောက်တောင် နားလည်လိမ့်မယ် မထင်ဘူး။ နင်တို့ ဒီလောက်တောင် နှစ်တွေအကြာကြီး တွဲလာခဲ့တာကိုပဲ” နိရှိယာမာက ပြောတယ်။
“နင်က အဲဒီလို ထင်တာလား။ ငါတို့ တွဲလာကြတဲ့ နှစ်ကာလတွေအတွင်းမှာ အဲဒီကိစ္စမျိုးတွေကို ငါ သူနဲ့ ဆွေးနွေးခဲ့ဖူးတယ် ထင်တာပဲ”
“အဲဒီလူရဲ့ မျက်နှာပေးကိုက … တခြားလူရဲ့ စကားကို စိတ်ပါလက်ပါ နားထောင်တတ်တဲ့ ပုံမျိုး မဟုတ်ဘူး။ အဲဒီလိုကောင်တွေက အလကားဟာတွေ။ မိန်းမတွေကို မျက်နှာနဲ့ ကိုယ်ခန္ဓာလောက် ကြည့်ပြီး အကဲဖြတ်တတ်တဲ့ လူစားမျိုးတွေ”
“အဲဒီလောက်ကြီးတော့ မဟုတ်ဘူး ထင်ပါတယ်ဟာ”
“ငါ့ကို ယုံလိုက်စမ်းပါ။ အဲဒီကောင်က ဖိုဝါဒကြီးစိုးတဲ့ ကောင်မျိုး။ သူလိုလူမျိုးက ဘယ်တော့မှ မိန်းမတွေကို ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးမှာ မဟုတ်ဘူး”
“ဟမ် … နင် ပြောတဲ့အတိုင်း ဆိုရင်တော့ လမ်းခွဲခဲ့တာတောင် ခပ်ကောင်းကောင်း ဖြစ်နေပြီ”
“အတည်ပြောတာ။ ငါ လူကဲ ကောင်းကောင်း ခတ်တတ်ပါတယ်။ သူတို့လို လူမျိုးတွေက လောကကြီးကို ကြည့်တဲ့အခါမှာ မှန်းဆချက်တွေကနေ တစ်ဆင့်ပဲ ကြည့်မြင်တတ်ကြတယ်။ ငါ ပြောမယ်ဟာ။ အိမ်ထဲမှာပဲ တစ်နေကုန် နေနေရတယ်၊ ဒါမှမဟုတ် နေရာတစ်ခုတည်းမှာပဲ ကျောက်ချနေရပြီး ဖန်တစ်ရာတေနေတဲ့ နေ့ရက်တွေကိုပဲ ဖြတ်သန်းနေရမယ် ဆိုရင် အမြင်အရတော့ တည်ငြိမ်အေးချမ်းတယ်လို့ ထင်ရမှာပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ကို ကျပ်ကျပ်တည်းတည်း ပိတ်လှောင်ထားမိတာကိုပဲ တိတ်ဆိတ်တယ်၊ ရိုးရှင်းတယ်လို့ ထင်ချင်နေကြသေးတယ်။ တကယ်တော့ အဲဒါက အပေါ်ယံဆန်တဲ့၊ သိမ်ဖျင်းတဲ့ အတွေးမျိုးပဲ။ ဒါပေမယ့် သာမန်အားဖြင့်တော့ လူအများစုက အဲဒီလိုပဲ တွေးမိနေကြမှာ။ လူတစ်ယောက်ရဲ့ အတွင်းစိတ်ထဲမှာ အဆုံးအစ မရှိအောင် ဖြန့်ကျက်ထားနိုင်တဲ့ အရာတွေ ရှိနေပါလျက်နဲ့ ဒီလောကမှာ ရှိတဲ့ လူအတော်များများက ကိုယ့်ရင်တွင်းမှာ နစ်မြုပ်ပျောက်ကွယ်နေတဲ့ ရတနာတွေ ဘယ်လောက်တောင် ရှိနေမှန်း ဘယ်သူမှ စဉ်းတောင် မစဉ်းစားကြည့်ဖြစ်ကြဘူး” နိရှိယာမာက ပြောတယ်။
ဟုတ်မှာပါပဲ။ နိရှိယာမာက သူ့ရဲ့ ယုံကြည်ရာကို ပြောနေခဲ့တာ။ သူ့အကြောင်းကို ပြောနေခဲ့တာ။
မော်တော်ကားက ပန်းခြံကြီးတစ်ခုရဲ့ ဂိတ်ဝကို ဖြတ်ကျော်ပြီး ကျယ်ပြန့်တဲ့ လမ်းတစ်လမ်းပေါ်မှာ ဖြည်းဖြည်းချင်း ရွေ့လျားသွားနေတယ်။ ဒီလောက် ကြီးတဲ့ ပန်းခြံကြီးတစ်ခု ရှိနေမှန်း ကျွန်မ သိတောင် မသိခဲ့ဘူး။ ရုံးဖွင့်ရက်မို့လို့ ထင်တယ်။ ပန်းခြံထဲမှာ လူတွေ အုံခဲမနေဘူး။ ကျောင်းပြန်လာတဲ့ ကလေးတစ်စုက ရယ်ရယ်မောမောနဲ့ ဘေးကနေ ဖြတ်လျှောက်သွားတယ်။ သားသည်မိခင်တွေက ကလေးလက်တွန်းလှည်းတွေကို တွန်းလို့။ ခုံတန်းလျားပေါ်မှာ လူငယ်စုံတွဲတွေက တိတ်တဆိတ် ချိန်းတွေ့ကြလို့။ အပြေးလေ့ကျင့်နေကြတဲ့ လူတွေက ကျွန်မတို့ အနားကနေ လှစ်ကနဲ ဖြတ်ပြေးလို့။
နောက်ဆုံးတော့ ကျွန်မတို့ကားက ဂင်ဂိုပင်ကြီးတစ်ပင်ရဲ့ အောက်မှာ ရပ်တန့်သွားတယ်။ လမ်းဘေးဝဲယာမှာတော့ အဲဒီလို ဂင်ဂိုပင်ကြီးတွေက အတန်းလိုက် မိုးထိုးနေကြတယ်။
လူကို မိန်းမောသွားစေတဲ့ ရှုခင်းပဲ။ မိုးထိုးနေတဲ့ ဂင်ဂိုပင်ကြီးတွေရဲ့ ခြေရင်းမှာ ရွှေဝါရောင် ဂင်ဂိုရွက်ခြောက်တွေက ရွှေပင်လယ်ကြီးလို ပုံအောပျံ့နှံ့နေတယ်။ ရှုမြင်ကွင်းတစ်ခုလုံးက အလင်းတန်းတွေကြောင့် ရွှန်းအိနေတယ်။ လမ်းမကြီး တစ်ခုလုံးကို ဖုံးအုပ်ထားကြတဲ့ ရော်ရွက်ကြွေတွေက ရွှေရောင်ဆီးနှင်းတွေ ကျထားတဲ့ အတိုင်းပဲ။ ဟိုး တစ်မျှော်တစ်ခေါ်အထိ အဆုံးမရှိ ဝင်းဝါလင်းလက်နေတယ်။
“ဝိုး … တော်တော် လှတာပဲ” ကျွန်မ ပြောလိုက်တယ်။
“နှင်းတွေနဲ့ မတူဘူးလား”
ကျွန်မ ကားပေါ်က ဆင်းပြီး ရွက်ကြွေတွေပေါ် ခြေချလိုက်မိတာနဲ့ ဂျွတ်ဂျွတ် မြည်သံတွေ ကြားနေရတယ်။ အရှေ့ကို တိုးလျှောက်သွားတော့ ကြွရွနေတဲ့၊ လူကို လန်းရွှင်စေတဲ့ ရွက်ခြောက်နံ့နဲ့ ပေါ့ပါးလွင့်လူနေတဲ့ အထိအတွေ့ကို ခံစားနေရတယ်။
နေရောင်ခြည်တွေက သစ်ပင်တွေပေါ်ကို ဖြာကျလို့။ အဲဒီမှာ လူဆိုလို့ ကျွန်မတို့ နှစ်ယောက်တည်းရယ်။ ကျွန်မရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားနေရသလဲ ဆိုတော့ မြင့်မြတ်တဲ့ ကောင်းကင်ဘုံတစ်ခုကို ရောက်သွားသလိုပဲ။ နတ်ပြည်ကိုပဲ တကယ် ရောက်နေသလိုလို၊ ဒါမှမဟုတ် တကယ့် နှင်းတောထဲကိုပဲ ရောက်သွားသလိုလို ခံစားနေရတယ်။ ရွက်ကြွေတွေက ကျွန်မရဲ့ ဒူးနားတောင် ရောက်တော့မလားပဲ။ ကျွန်မရဲ့ ခြေထောက်အောက်မှာ ရုန်းကန်ကြွရွနေကြတယ်။ လေရူးနဲ့အတူ ကခုန်မြူးထူးနေကြတယ်။
အရာရာတိုင်းက အဲဒီ နူးညံ့တဲ့ ရော်ရွက်ပုံကြီးရဲ့ အတွင်းကို ဆွဲစုပ်ခံနေရသလိုပဲ။ ငှက်ကလေးတွေရဲ့ အော်မြည်သံနဲ့ မြို့ပြရဲ့ အသံဗလံတွေက ကျွန်မအတွက်တော့ အဝေးတစ်နေရာမှာ ပြတ်ကျန်ခဲ့ကြပြီ။
နိရှိယာမာ ဝယ်လာတဲ့ ကော်ဖီဗူးကို ကျွန်မတို့ သောက်နေကြတယ်။ ကျွန်မတို့ဟာ သစ်ရွက်တွေကို တဂျွတ်ဂျွတ် မြည်အောင် တမင်တကာ လိုက်နင်းရင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေကြတယ်။ ကလေးတွေလို ဒူးခေါင်းတွေ ပေအောင် လျှောက်ဆော့နေကြတယ်။
အတိတ်တွေ၊ အနာဂတ်တွေ၊ စကားလုံးတွေ ဘာဆို ဘာမှ မရှိတော့ဘူး။ အလင်းရောင်ရယ်၊ ရွှေဝါရောင်ရယ်၊ နေရောင်အောက်က မွှေးထုံထုံ ရွက်ကြွေနံ့ရယ်၊ ဒါပဲ ရှိတယ်။
အဲဒီကာလလေးအတွင်းမှာ အတိုင်းအဆ မရှိတဲ့ ပျော်ရွှင်မှုက ကျွန်မကို ဝိုင်းပတ်ခြံရံထားတယ်လို့ ခံစားနေရတယ်။
နောက်တစ်နေ့ မနက်မှာတော့ ကျွန်မ ကားမောင်းပြီး အိမ်ကို ပြန်လာခဲ့တယ်။
အိမ်သူအိမ်သားတွေက ဘာမှ မဖြစ်ခဲ့တဲ့အလား ပြုမူနေထိုင်ကြဖို့ ကြိုပြီး တိုင်ပင်ထားကြသလိုပဲ။ ကျွန်မကို အရင်လိုပဲ ထွက်ကြိုကြတယ်။ ညီမလေးကတော့ သူ့ဘဲနဲ့ ချိန်းထားလို့ အိမ်မှာ ရှိမနေဘူး။ အဖေနဲ့အမေက ကားကိစ္စကို ဘာမှ ဟုတ်တိပတ်တိ မမေးကြဘူး။ နာမည်ပြောင်းဖို့ ကိစ္စကို သေသေချာချာ လုပ်ဖို့သာ ကျွန်မကို ပြောကြတယ်။ လိုအပ်ရင် သူတို့ အချိန်မရွေး ကူညီပေးပါ့မယ်တဲ့။
ကျွန်မက ရယ်သလို မောသလိုနဲ့ ပြောလိုက်တယ်။ နောက်ကျရင် ကျွန်မ ဒီကားနဲ့ လျှောက်ဒိုးနေတော့မှာလို့။
တကယ်လည်း ကျွန်မ အဲဒီလို လုပ်ဖို့ စိတ်ကူးထားတယ်။
ဘာကြောင့်ရယ်တော့ မပြောတတ်ဘူး။ ကျွန်မ အရင်လောက် ဝမ်းနည်း မနေတော့ဘူး။ ပြီးတော့ ကျွန်မရဲ့ အခန်းထဲကို ဝင်ကြည့်တဲ့ အခါမှာ သူစိမ်းတစ်ယောက်ရဲ့ အခန်းထဲကို ဝင်သွားရသလို ခံစားနေရတယ်။
အံဆွဲထဲမှာ သိမ်းထားတဲ့ ဓာတ်ပုံတွေကို ထုတ်ပြီး စုတ်ဖြဲလွှင့်ပစ်ဖို့ စီစဉ်နေတဲ့ အချိန်မှာပဲ ညီမလေး ပြန်ရောက်လာတယ်။
“မမ မရှိတော့ တစ်နေကုန် ပျင်းခြောက်ခြောက်ကြီးရယ်” ညီမလေးက ရယ်ပြီး ပြောနေတယ်။
ကျွန်မ သူ့ကို ပြောလိုက်တယ်။ “လောလောဆယ်တော့ ငါ ဒီအိမ်ကနေ ဘယ်မှ သွားဖို့ အစီအစဉ် မရှိဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နင် အိမ်စောင့်ပေးခဲ့ရတာကို ကျေးဇူးဆပ်တဲ့အနေနဲ့ နောက်နေ့ကျရင် နင့်ကို ကားနဲ့ ဟိုဟိုဒီဒီ လျှောက်လိုက်ပို့ပေးမယ်။ ပြီးတော့ နင် စားချင်တာကိုလည်း လိုက်ဝယ်ကျွေးမယ်”
သူ့မျက်နှာလေးက ကလေးလေးတစ်ယောက်လို ဝင်းပပြီး ပြုံးဖြဲဖြဲနဲ့။
ဒီလို နေခွင့်ရတာ သိပ်ကောင်းတာပဲလို့ ကျွန်မ တွေးနေမိတယ်။ ကျွန်မ စဉ်းစားကြည့်တယ်။ ဒါတွေအားလုံးက နိရှိယာမာနဲ့ သူ့စကားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်တွေပဲလေ။
စိတ်ထဲမှာလည်း လွမ်းဆွတ် သတိရနေတာနဲ့ အိမ်ရောက်ပြီး ဒုတိယမြောက်ညမှာ နိရှိယာမာဆီကို ဖုန်းခေါ်လိုက်တယ်။
“အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်” ကျွန်မ ပြောလိုက်တယ်။
“ငါလည်း နင့်ကို ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ဖြတ်သန်းခွင့် ရခဲ့တယ်လေ” နိရှိယာမာက ပြောတယ်။
ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတာပဲ ဖြစ်မယ်။ ဖုန်းခွက်ထဲကနေ အိုးခွက်သံတွေကို ကြားနေရတယ်။ ဟုတ်ပါ့။ ဖိအားသုံးပေါင်းအိုးရဲ့ အဖုံးသံပဲ။ သူက အဲဒီပေါင်းအိုးကို သုံးပြီး နေ့တိုင်း အိုဒန်နဲ့ မုန်လာဥပေါင်းကို ချက်နေကျပဲဟာ။
‘လမ်းဆုံး’ ဆိုင်ရဲ့ အပေါ်ထပ်က ကျွန်မ နေခဲ့တဲ့ အခန်းရဲ့ ပြတင်းပေါက် (လမ်းဆုံးရဲ့ ချောင်အကျဆုံး ပြတင်းပေါက်) ကနေ လှမ်းကြည့်လိုက်ရင် မျက်နှာချင်းဆိုင် လမ်းမကြီးပေါ်မှာ ဥဒဟို ဖြတ်သန်းနေကြတဲ့ ကားကြီးကားငယ်တွေကို တွေ့မြင်နေရတယ်။ မှောင်ရည်လေး ပျိုးလာပြီ ဆိုရင်တော့ လမ်းကလေးပေါ်မှာ ရှိတဲ့ ဆိုင်ခန်းတွေကနေ မီးရောင်တွေ ပြိုးပြက်လင်းလက်လာတယ်။ မှုန်မှိုင်းနေတဲ့ မှောင်ရိပ်ထဲမှာ လွင့်မျောနေကြသလိုပဲ။ အောက်ထပ်ကို ဆင်းလိုက်ပြီ ဆိုရင် ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတဲ့ နိရှိယာမာကို တွေ့ရစမြဲ။ လေထုထဲမှာလည်း ဟင်းနံ့တွေက ဝေ့ဝဲနေတယ်။ ကောင်တာကို သန့်ရှင်းထားလိုက်တာကလည်း ပြောင်လက်လို့။ အဲဒါတွေ အားလုံးကို ကျွန်မရဲ့ မျက်လုံးထဲမှာ အခုချိန်ထိ တွေ့မြင်နေနိုင်သေးတယ်။
“နင် တိုကျိုမှာ အခြေကျပြီ ဆိုတာနဲ့ ငါ့ကို နင့်လိပ်စာ ပေးဦး။ လမ်းကြုံရင် ဝင်လည်မယ်လေ”
“အေးပါ။ ပေးမှာပေါ့”
ကျွန်မ သိပါတယ်။ ကျွန်မတို့တွေက အခုလို အပြန်အလှန် ပြောနေကြပေမယ့် ကျွန်မတို့ရဲ့ စိတ်ထဲမှာတော့ နားလည်ထားကြပြီး ဖြစ်မှာပါ။ ပျော်ရွှင်ခဲ့ဖူးတဲ့ နေ့ရက်တွေက ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး။ ဒါမှမဟုတ် နောက်နောင် ဘယ်တော့မှ ထပ်ဆုံဖြစ်ကြတော့မှာ မဟုတ်ဘူးလေ။
အဲဒီ အချိန်တိုကလေးက ဘာနဲ့ တူသလဲ ဆိုတော့ နတ်ဘုရားက လမ်းပျောက်နေတဲ့ ကျွန်မကို နုထွေးညက်ပျောင်းတဲ့ သားမွေးကမ္ဗလာနဲ့ ထွေးအုပ်ပေးထားသလိုပဲ။ ကျွန်မဘဝအတွက် တစ်သက်မှာ တစ်ခါပဲ ရလိုက်တဲ့ ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီး တစ်ခုပါ။
ကာရီဟင်းတစ်ခွက် ချက်ရသလိုပေါ့။ လက်ကျန်ရှိနေတဲ့ ဒိန်ချဉ်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ပန်းသီးတွေ၊ အကုန်လုံးကို ဟင်းအိုးထဲ ပစ်ထည့်လိုက်တယ်။ နောက်ပြီး ကြက်သွန်နီကိုလည်း လိုတာထက် ပိုပြီး များများစားစား ထည့်ပစ်လိုက်တယ်။ နောက်ဆုံးတော့ တစ်သန်းပုံတစ်ပုံသာ ရှိတဲ့ ကံကောင်းထောက်မမှုမျိုးနဲ့ အရသာ ပြီးပြည့်စုံတဲ့ လျှာလည်လောက်တဲ့ ဟင်းကောင်းတစ်ခွက် ရလာခဲ့တယ်။ သို့ပေမယ့်လည်း အဲဒီလို ရအောင် နောက်တစ်ခေါက် ပြန်လုပ်ပါလား ဆိုရင်တော့ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ အဲဒီလိုပဲပေါ့။
အဲဒီရက်တွေအတွင်းမှာ ကျွန်မ ဘယ်သူ့ပေါ်မှာပဲဖြစ်ဖြစ် ဘယ်သို့သော မျှော်လင့်ချက်မျိုးကိုမှ မထားခဲ့ဘူး။ ဘာရည်မှန်းချက်မှလည်း မရှိခဲ့ဘူး။ ဒါကြောင့်လည်းပဲ အရောင်တွေ တဖျတ်ဖျတ် တောက်ပသွားခဲ့တာ ဖြစ်မယ်။
အဲဒီအချက်ကို သိနေတဲ့ အတွက်ကြောင့်လည်း ကျွန်မ ရင်ထဲမှာ အတိုင်းအဆ မရှိ ဝမ်းနည်းနေမိတယ်။ နောက်ပြီး အတိုင်းအဆ မရှိ ကျေးဇူးတင်နေမိတယ်။
“ငါ့ကို အများကြီး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘယ်လို ပြောရမလဲ။ အဲဒီမှာ နေခဲ့တဲ့ နေ့ရက်တွေက တကယ့်ကို အဖိုးမဖြတ်နိုင်အောင်ပဲ။ နင့်ကို အရမ်း ကျေးဇူးတင်တာပဲ။ တစ်သက်လုံးကို ကျေးဇူးတင်နေဦးမှာ။ တစ်သက်လုံးလည်း မေ့နိုင်မှာ မဟုတ်တော့ဘူး”
“ရပါတယ်ဟာ။ ငါလည်း အတူတူပဲပေါ့။ တကယ်ကို ပျော်ရွှင်ခဲ့ရတဲ့ နေ့ရက်တွေပါ။ ငါ့အတွက်လည်း ဒီနေရာရဲ့ အဖိုးတန်တဲ့ အမှတ်ရစရာတွေ ဖြစ်ကျန်ရစ်ခဲ့တာပဲ”
နိရှိယာမာက ထင်ထားတာထက် ပိုပြီး ခံစားလွယ်တဲ့ လူတစ်ယောက် ဖြစ်နေတယ်။ သူ့အသံက မသိမသာ တုန်ယင်လို့။
ဘယ်သို့ဆိုစေပေါ့။ နိရှိယာမာကတော့ ကျွန်မနဲ့ အတူရှိခဲ့တဲ့ နေ့ရက်တွေကို မြန်မြန်ကြီး မေ့ပျောက်သွားပြီး သူ့ဘဝရဲ့ ကဏ္ဍအသစ်ထဲကို လျှောကနဲ စီးမျော နစ်ဝင်သွားလိမ့်မယ်။
“ကားကိစ္စအတွက်လည်း နင့်ကို ကျေးဇူးတင်တယ် သိလား။ ငါ သူ့ကို သိမ်းထားဖို့ ဆုံးဖြတ်လိုက်ပြီ”
“အဲဒီလို လုပ်တာ အကောင်းဆုံးပဲပေါ့။ ဟိုလူလည်း စိတ်စနိုးစနောင့် မဖြစ်ရတော့ဘူးပေါ့”
“ကျန်းမာရေး ဂရုစိုက်ဦးနော်”
“အင်း၊ နင်လည်း အတူတူပဲ။ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ငါ ဆုတောင်းပေးလိုက်တယ်”
“နင်ရောပဲ။ နောက်နောင် ပျော်ရွှင်မှုတွေ အများကြီး အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့ ငါ ဆုတောင်းပေးတယ်”
ကျွန်မရဲ့ မျက်လုံးအစုံကလည်း မျက်ရည်တွေကြောင့် ဝေဝါးလာတယ်။ ဖုန်းချပြီးတဲ့ နောက်မှာ တစ်ခဏလောက် ကျွန်မ ငိုနေမိသေးတယ်။ ဒါတွေက ပျော်ရွှင်ကြည်နူးတဲ့ မျက်ရည်တွေလေ။ ရိုးရှင်းပြီး အံ့ဩဖွယ် ကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ဆို့နင့်ပြီး ယိုစိမ့်ထွက်လာတဲ့၊ ကျွန်မရဲ့ နှလုံးအိမ်ထဲက ညှစ်ထုတ်ပေးလိုက်တဲ့ တောက်ပဝင်းလက်တဲ့ မျက်ရည်တွေပါ။
အခုဆိုရင် မတူညီတဲ့ မိုးကောင်းကင်အောက်မှာ တစ်ကွဲတစ်ပြားစီ ရှိနေကြတဲ့ ကျွန်မတို့နှစ်ယောက်ဟာ နာကျင်ကြေကွဲတဲ့ ဝေဒနာကို သီးခြားစီ ခံစားနေရမှာပဲလို့လည်း အပြန်အလှန် နားလည်နေကြတယ်။ ဆိုင်ရဲ့ အပေါ်ထပ် ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ မြင်ကွင်းက ကျွန်မရဲ့ စိတ်အာရုံထဲမှာ ပြန်ပေါ်လာတယ်။ နောက်ပြီး မြေပြင်ပေါ်မှာ ရာသက်ပန် ငြိမ်ဝပ်လဲလျောင်းနေကြတဲ့ ဂင်ဂိုရွက်ကြွေတွေ ရှိတဲ့ တိတ်ဆိတ်တဲ့ ရွှေဝါရောင် လောကဓာတ်ကြီးရောပေါ့။
အဲဒီအရာတွေကို ကျွန်မရဲ့ ရင်တွင်းက ရတနာသေတ္တာထဲ တယုတယ သိမ်းဆည်းထားမှာ လုံးဝ သေချာပါတယ်။ ကျွန်မ အဲဒီမြင်ကွင်းတွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့မြင်ခဲ့ပါလိမ့်၊ အဲဒီတုန်းက ဘယ်လိုများ ခံစားခဲ့ရပါလိမ့်လို့ တစ်နေ့သောအခါမှာ မေ့ပျောက်ကောင်း မေ့ပျောက်သွားနိုင်တယ်။ ဒါပေမယ့် ကျွန်မ ထင်တယ်။ ကျွန်မဘဝရဲ့ နောက်ဆုံးအချိန်၊ မရဏာသန္နဇော စောတဲ့အချိန်မှာ အဲဒီပုံရိပ်တွေ၊ အဲဒီမှတ်ဉာဏ်တွေဟာ ပျော်ရွှင်ခြင်းရဲ့ အရိပ်နိမိတ်တွေ အဖြစ်နဲ့ ကျွန်မကို ကြိုဆိုနေကြမယ်၊ လင်းလက်စွာနဲ့ ကျွန်မကို လမ်းပြနေကြလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေမိတယ်။
ဖြိုးကျော်
၁၄ ရက်၊ အောက်တိုဘာလ၊ ၂၀၂၃ ခု၊ စနေနေ့။
နေ့ခင်း ၂ နာရီ ၂၉ မိနစ်။