ငါးနှစ်တိတိ စောင့်ဆိုင်းလာခဲ့တဲ့ ကိစ္စက မသိလိုက် မသိဘာသာနဲ့ အခုတော့ အကောင်အထည် ပေါ်လာခဲ့ပြီ။
ဘာဖြစ်လို့လဲ ဆိုတော့ သူ တိတ်တိတ်ပုန်း သဘောကျနေခဲ့မိတဲ့ အဲဒီလူက သူ့ကို သတိထားမိလာပြီလို့ ဆိုနိုင်တယ်။
တိုမိုချန်က စိတ်ကို တည်ငြိမ်သွားအောင် ကြိုးစားနေတယ်။
ဒါပေမယ့် အတွင်းစိတ်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာတော့ စိတ်သောက ရောက်နေတာမျိုး ရှိမနေဘူး။
ကျိတ်ကြွေနေရတဲ့ အဲဒီလူဆီက စာတွေ တရွှတ်ရွှတ် ဝင်နေပြီး သူ့ကို ညစာ အတူစားဖို့တောင် ဖိတ်နေပြီဆိုတော့ သူ့ရင်ထဲမှာ ပျော်လိုက်တာ ဆိုတဲ့ ခံစားချက်မျိုး ရှိနေရုံလောက်ပါပဲ။
တိုမိုချန် သဘောကျနေတဲ့ လူက တခြားအထပ်မှာ ရှိတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတာ။ သူ့ကုမ္ပဏီက ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဧည့်လမ်းညွှန် မဂ္ဂဇင်းမျိုး ထုတ်ဝေနေတာပါ။ ဒါပေမယ့် တိုမိုချန်က ခရီး များများစားစား မထွက်ဖူးလေတော့ အဲဒီမဂ္ဂဇင်းကိုလည်း သိပ်ပြီး စိတ်ဝင်စားလှတာ မဟုတ်ဘူး။
တိုမိုချန်က ဒီဇိုင်းကုမ္ပဏီလေးတစ်ခုရဲ့ စီမံဌာနမှာ တောက်တိုမယ်ရ လုပ်နေရတဲ့ ဝန်ထမ်းတစ်ယောက်ပါ။ သူက အလုပ်စားပွဲမှာ ထိုင်ခွင့်ရပြီ ဆိုရင် ရေဒီယို နားထောင်နေတော့တာပဲ။ သူ ကြိုက်တဲ့ အချစ်သီချင်း ကောင်းကောင်းတစ်ပုဒ် ကြားရပြီ ဆိုရင်တော့ ရုံးအနီးအနားမှာ ရှိတဲ့ သီချင်းခွေဆိုင်ကနေ စီဒီ သွားဝယ်တတ်တယ်။ အိမ်အပြန်လမ်းတစ်လျှောက်မှာ ကားမောင်းရင်း အဲဒီအခွေကို အပြန်ပြန် အထပ်ထပ် ဖွင့်နေတတ်တယ်။ ပြီးတော့ သူ့ရဲ့ နှာသံပါတဲ့ သေးသေးရှရှ အသံကလေးနဲ့ လိုက်ဆိုတတ်ပြန်သေးတယ်။ ဆိုရင်း ဆိုရင်းနဲ့ သူ့ရဲ့ အတွေးကမ္ဘာထဲမှာ အတိတ်က အမှတ်ရစရာတွေ အကုန်လုံးက အစီအရင် ထွက်ပေါ်လာကြရော။ အဲဒီလို ဆိုရင်တော့ သူက အနီးအနားမှာ ရှိတဲ့ မြစ်ကမ်းနံဘေးမှာ ကားကို ထိုးရပ်လိုက်ပြီး အဲဒီနေရာမှာ ပိုးကောင်တွေရဲ့ အော်မြည်သံကို တိတ်တဆိတ် နားထောင်နေတတ်တယ်။
အခုလို ငြိမ်ငြိမ်ဆိတ်ဆိတ် နေထိုင်ခြင်းဟာ တိုမိုချန်အတွက်တော့ အင်မတန်မှ အရေးပါတဲ့ ကိစ္စတစ်ခုပဲ။
အခုတလော သူ အရသာတွေ့နေတဲ့ သီချင်းတစ်ပုဒ်ကတော့ ပါ့ဖ် သီဆိုထားတဲ့ ဒိုင်နိုဆောသီချင်းပဲ။ အဲဒီအဆိုတော်က နာမည်ကြီးနေတာတော့ အတော်ကြာပါပြီ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သူ အဲဒီသီချင်းကို ကြားလိုက်ရရင် ဂျက်ကီရဲ့ စွန့်ပစ်မေ့ပျောက်ခြင်းကို ခံလိုက်ရတဲ့ သနားစရာ ပါ့ဖ်ရဲ့ အဖြစ်သနစ်ကို ရင်ထဲမှာ ပြင်းပြင်းပြပြ ခံစားလာရပြီး မျက်ရည်တွေက တားမနိုင် ဆီးမရ ထွက်ကျလာတော့တယ်။ မျက်ရည်တင် ကျသလားဆိုတော့ ဘယ်ကလိမ့်မလဲ။ ရှိုက်ရှိုက်ပြီးတော့ကို ငိုယိုနေမိတော့တာ။ ဒါကြောင့် ပုံမှန်အားဖြင့် ဆိုရင်တော့ သူက အဲဒီသီချင်းအကြောင်းကို မတွေးမိအောင် ကြိုးစားနေရတယ်။
တိုမိုချန်အတွက်တော့ အဲဒီလို အတွင်းစိတ်ရဲ့ လှိုင်းဂယက်နဲ့ ရုန်းကန်လှုပ်ရှားမှုဟာ ‘အလည်အပတ်ခရီး’ တစ်မျိုးလို ဖြစ်နေတယ်။ ဒါကြောင့် သူ့အနေနဲ့ တကူးတက ခရီးထွက်နေစရာ မလိုတော့ဘူးပေါ့။ လွန်ရောကျွံရောမှ သူငယ်ချင်းတွေ ခေါ်လို့ ရေပူစမ်းလို နေရာမျိုး သွားတာလောက်ပဲ ရှိတယ်။ ရှုခင်းတွေ ပြောင်းလဲသွားတာကို သတိထားမိလိုက်တယ် ဆိုရုံလေး။ ဒီလောက်ပါပဲ။ ဒီနေ့ဒီအချိန်အထိ တိုမိုချန်မှာ ရည်းစားနှစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူက အိမ်ပြင်ထွက်ရမှာ တွန့်ဆုတ်နေလွန်းတော့ သူတို့နဲ့ ကီးမကိုက်တော့ဘူး။ တိုမိုချန်ဟာ ပျင်းစရာကောင်းတဲ့ ဘဝကြီးထဲမှာ ပေကတ်နေနေတဲ့ ခေါင်းမာတဲ့ မိန်းကလေးတစ်ယောက်ပဲ။ ပြီးတော့ သူ ဘာတွေ တွေးနေသလဲ ဆိုတာကို ဘယ်လိုမှ နားမလည်နိုင်ကြဘူး။ လမ်းခွဲသွားကြတဲ့ ကောင်လေးနှစ်ယောက်စလုံးက အဲဒီလို ယူဆထားကြတာ။
တစ်ခါလောက် အဓမ္မပြုကျင့်တာ ခံထားရဖူးရင် အဲဒီမိန်းကလေးဟာ ယေဘုယျအားဖြင့်တော့ ယောက်ျားတွေကို အခါမလပ် လန့်နေတတ်တော့တာပဲ။
တိုမိုချန်ကတော့ အဲဒီလို မဟုတ်ဘူး။
၁၆ နှစ်သမီး အရွယ်တုန်းကပေါ့။ တိုမိုချန်နဲ့ ငယ်ငယ်က ကစားဖော် ဖြစ်ခဲ့ဖူးတဲ့ သူ့ထက် အသက်ကြီးတဲ့ အစ်ကိုကြီးတစ်ယောက်က သူ့ကို မြစ်ကမ်းနံဘေး ခေါ်သွားခဲ့တယ်။ အဲဒီကို ရောက်တော့ သူ့ကို ကားပေါ်က ဆွဲချပြီး ဗလက္ကာရ လုပ်တော့တာပဲ။ အဲဒါ သူ့အတွက်တော့ ပထမဦးဆုံး အကြိမ်လေ။ ဘာကြောင့်ရယ်တော့ မသိဘူး။ တိုမိုချန်က အဲဒီမြစ်ကမ်းနံဘေးက နေရာလေးကို ထူးထူးကဲကဲ မုန်းမနေမိဘူး။
အဲဒီကိစ္စထက်စာရင် သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထင်ကျန်နေစေတဲ့ အရာတွေကတော့ အဲဒီမြစ်ကမ်းနံဘေးမှာ ဆော့သွေးနေတဲ့ လေရူးကလေးတွေ၊ ထိုင်နေကျ ခုံတန်းရှည်ဟောင်းကြီးရဲ့ အေးခဲနေတဲ့ အထိအတွေ့နဲ့ ရာသီအလိုက် ပြောင်းလဲနေတတ်တဲ့ ရှုမျှော်ခင်းတွေပဲ။
ဒါပေါ့။ တိုမိုချန်က အဲဒီလူကိုတော့ ရွံသွားတာ အမှန်ပဲ။
သူတို့နှစ်ယောက် အတူတူ ထမင်းစားစဉ်ကတည်းက တိုမိုချန်က အဲဒီလူရဲ့ ပလုတ်ပလောင်း စားဟန်ကို ကြည့်ပြီး အမြင်ကတ်နေခဲ့တာ။ သူ့ရဲ့ ပုံစံက အစားအသောက်ကို နည်းနည်းလေး တန်ဖိုးထားတတ်ပုံ မရဘူး။ တိုမိုချန်က အစာစားရင် အချိန်ယူပြီး စိမ်ပြေနပြေ စားလေ့ရှိတယ်။ ဟိုလူကတော့ ပါးစပ်းထဲကို ဂေါ်နဲ့ ပက်သွင်းနေသလိုပဲ။ ကြောက်စရာတောင် ကောင်းနေသေးတော့တယ်။
တိုမိုချန်က ကွယ်လွန်သွားပြီ ဖြစ်တဲ့ သူ့အမေနဲ့ ဟိုးအရင် တစ်ချိန်တုန်းက ခြံဝင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ခဲ့ဖူးတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် နုနုထွတ်ထွတ်တွေကို သူက ဂရုတစိုက် ချက်ပြုတ်တာမျိုး၊ ဗိုလ်စားပဲကို တစ်နေ့တာ ထမင်းသုံးနပ်စလုံးမှာ ထည့်စားတတ်တာမျိုး၊ မုန်လာဥအဖြူရဲ့ ဦးစွန်းဖုတ် ဒါမှမဟုတ် ရှုံ့တွနေတဲ့ အာလူးကို လွှင့်မပစ်ရက်တာမျိုး၊ စတဲ့ အမူအကျင့်တွေနဲ့ သူ အသားကျနေခဲ့ပြီ။ ဒါကြောင့်လည်း သူက အဲဒီလူကို အတော်လေး အမြင်ကတ်နေခဲ့တယ်။ ဒါပေမယ့် တစ်ခဏတာလောက် ဂေါက်ကြောင်ကြောင် ဖြစ်ခဲ့သွားတယ် လို့ပဲ ပြောရမလား၊ ဒါမှမဟုတ် စူးစမ်းလိုစိတ်တွေ ပြင်းပြသွားတယ် လို့ပဲ ဆိုရမလား ပြောမတတ်တော့ဘူး။ တိုမိုချန်က နောက်ဆုံးတော့ သူ ခေါ်ရာကို လိုက်သွားခဲ့မိတယ်။ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ တိုမိုချန်အတွက်တော့ သူစိမ်း ယောက်ျားလေးတစ်ယောက်နဲ့ နှစ်ကိုယ်တည်း ပူးပူးကပ်ကပ် နေခွင့်ရတာ အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အတွေ့အကြုံသစ်တစ်ခုပဲ။ နောက်ပြီး ယောက်ျားလေးတွေရဲ့ အတွင်းစိတ်ကိုလည်း သူက နားလည်ချင်နေတယ်။ အတိုင်းအတာတစ်ခုအရ ငြီးငွေ့စရာ ကောင်းတယ် ဆိုပေမယ့်လည်း သူက အဲဒါကို စိတ်ဝင်စားနေမိတယ်။ နောက်ပြီး ယောက်ျားတွေရဲ့ လက်နဲ့ လည်ပင်းရဲ့ အသွင်သဏ္ဌာန်တွေက ကွဲပြားခြားနားနေတော့ အဲဒါတွေကလည်း သူ့ကို ဆွဲဆောင်နေပြန်တယ်။ ဒါနဲ့ပဲ သူ့ကားပေါ် တက်လိုက်သွားခဲ့တာ။
ယောက်ျားနဲ့မိန်းမ လိင်ဆက်ဆံကြတာကို တိုမိုချန်က ဇာတ်ကားတွေထဲမှာ မြင်ဖူးထားပြီးသားပါ။ သို့ပေမယ့် ကိုယ်တိုင် တွေ့ကြုံရတော့မယ် ဆိုရင် အဲဒီကိစ္စကို စိတ်ဝင်စားစရာ ကောင်းတယ်လို့လည်း မထင်မိဘူး။ သဘောကျစရာ ကောင်းတယ်လို့လည်း မယူဆမိဘူး။ ဒါပေမယ့် ဒီလမ်းကြောင်းကို သူဘာသာ ရွေးချယ်ခဲ့တာပဲ မဟုတ်လား။ မတတ်နိုင်ဘူးလေ။ သူ့အနေနဲ့ ငြိမ်ခံနေရုံပဲ ရှိတော့တာပေါ့။
တိုမိုချန်က ဘာသာရေးယုံကြည်မှုကို သိပ်ပြီး အလေးအနက် ထားတတ်တဲ့သူတော့ မဟုတ်ဘူး။ ဒါပေမယ့် ဗီဇဓာတ်ခံအရတော့ အစွဲအလမ်းကြီးတတ်တဲ့ သဘောသဘာဝ ရှိတယ်။ မသတီစရာ ကောင်းတဲ့ စွတ်စိုမှုက သူ့ပေါင်နှစ်လုံးကြား ပျံ့နှံ့နေတဲ့အချိန်မှာ သူ ထပ်ခါထပ်ခါ တွေးနေမိတယ်။
တစ်ဖက်လူရဲ့ သဘောတူညီမှုကိုတောင် တောင်းခံမနေတော့ဘဲ ဇွတ်အတင်းကို လုပ်နေတော့တာပဲ။ ဒါက ဗလအားကိုးနဲ့ လူတစ်ဖက်သားကို အနိုင်ကျင့်နေတာလို့ ခေါ်တယ်။ နင်လည်း တစ်နေ့တော့ ဝဋ်လည်ဦးမှာပါ။
တိုမိုချန်ရဲ့ စကားလုံးတွေက သူ့ကို ကျိန်ဆဲလိုက်တာမျိုး မဟုတ်ဘူး ဆိုပေမယ့် အင်မတန်မှ စွမ်းအားပြင်းထန်တဲ့ ကျိန်စာတစ်ခု ဖြစ်သွားခဲ့တယ်။
“မထင်မှတ်ထားတာတွေနဲ့ ကြုံတွေ့ရပါစေ” လမ်းခွဲကြတဲ့ အချိန်မှာ တိုမိုချန်က အေးစက်စက် လေသံနဲ့ သူ့ကို ပြောပစ်လိုက်တယ်။
ဒုတိယမြောက်အပတ်မှာ အဲဒီလူက ယာဉ်တိုက်မှု ဖြစ်ပြီး ခြေတွေ၊ လက်တွေ ကျိုးကြေကုန်တယ်။ ဝှေးစေ့တစ်စေ့တောင် အဆစ်ပါသွားလို့ ဆေးရုံကို နှစ်ဝက်လောက် တက်ယူလိုက်ရတယ်။
တစ်ကြိမ်စော်ကားရင် ခြောက်လ။
တိုမိုချန် တွေးမိတယ်။ ဒါလည်း သူ့အတွက် မဖြစ်မနေ လက်ခံရမယ့် အမှန်တရားတစ်ခုပဲ။
မီစာဝါစန်ကို တိုမိုချန် ဘာကြောင့် ချစ်မိသွားတာလဲ။ အကြောင်းအရင်းကို သူ ကိုယ်တိုင်တောင် တိတိပပ သိတာ မဟုတ်ဘူး။
တိုမိုချန်က မီစာဝါစန်ကို ရုံးအဆောက်အအုံရဲ့ ပထမထပ်မှာ ရှိတဲ့ ကော်ဖီဆိုင်ထဲမှာ အမြဲလိုလို တွေ့နေရတတ်တယ်။ မီစာဝါစန်ရဲ့ အသက်က ၄၀ ပတ်ဝန်းကျင်လောက် ရှိမယ်။ ပိန်ပိန်ရှည်ရှည်။ နဖူးက အတော်လေး ပြောင်နေပြီ။ လက်ချောင်းတွေပေါ်မှာ အမွေးအမျှင်တွေနဲ့။ ဆိုလိုတာကတော့ ရုပ်သွင်ပြင်အရ ဂိုက်ဆိုက်မိတဲ့ အစားထဲက မဟုတ်ဘူး။ ဒါပေမယ့် တိုမိုချန်ရဲ့ အကြည့်တွေက သူ့ဆီကနေ ဖယ်ခွာဖို့ ခက်နေခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ ဘယ်လိုမှ စပ်ဟပ်မှု မရှိတဲ့ ကြွရွတဲ့ ခံစားမှုတစ်မျိုးက တိုမိုချန်ရဲ့ ရင်ထဲမှာ လှိုင်းထလာတတ်လို့ပဲ။
တိုမိုချန်ရဲ့ ပင်ကိုစရိုက်က ဘာပဲလုပ်လုပ် အမြဲ အချိန်ယူပြီး လုပ်တတ်တဲ့ သဘောသဘာဝ ရှိတယ်။
မီစာဝါစန်နဲ့ အကြည့်ချင်း ဆုံရာကနေ လူချင်း စကားပြောတဲ့အဆင့်ထိ ရောက်ဖို့အတွက် နှစ်နှစ်ကြီးများတောင် အချိန်ယူလိုက်ရတယ်။
နောက်ပြီး နေ့ခင်း ထမင်းစား နားချိန်တွေမှာ မီစာဝါစန်က သူ့ကောင်မလေးနဲ့ နေ့လယ်စာ အတူ စားတတ်တယ်လေ။
အဲဒီလို မြင်ကွင်းကတော့ တိုမိုချန်အတွက် ရင်နင့်စရာ မြင်ကွင်းတစ်ခုပေါ့။ သူတို့နှစ်ယောက်က သိပ်ကို ပူးပူးကပ်ကပ် ရှိလွန်းလှတာကိုး။ မီစာဝါစန်ရဲ့ ချစ်သူက သိပ်အလှကြီးထဲက မဟုတ်ပေမယ့် ချစ်စရာတော့ အကောင်းသား။ ခန္ဓာကိုယ်က သွယ်လျလျ၊ ဘော်ဒီက ခပ်မိုက်မိုက်၊ ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေမှာ မျက်တောင်မွေးတွေက ကော့ပျံလို့။ နေတာထိုင်တာ သိပ်ကို ဣန္ဒြေရတယ်။ သူတို့ နှစ်ယောက်က စကားတွေ အများကြီး မပြောတတ်ကြပေမယ့် အမြဲတမ်းတော့ ပြုံးလို့ ရွှင်လို့ရယ်။
သူတို့နှစ်ယောက် တစ်နေ့နေ့ကျရင် မင်္ဂလာဆောင်ကြမှာပဲ။ အားကျချင်စရာကြီး။
တိုမိုချန်က တွေးနေတယ်။
တကယ်လို့သာ သူတို့နှစ်ယောက်ဟာ အခုအတိုင်း ချစ်မြဲ ချစ်နေကြဦးမယ် ဆိုရင် တတိယလူအဖြစ် ကြားကားဝင်ဆွဲဖို့ သူ ဘယ်တော့မှ စိတ်ကူးမှာ မဟုတ်ဘူး။ အဲဒါ တိုမိုချန်ရဲ့ သဘောကျစရာ ကောင်းတဲ့ အကျင့်စရိုက်တစ်ခုပေပဲ။
သို့ပေမယ့်လည်း ဆုံတွေ့ကြတဲ့ အကြိမ်အရေအတွက်က များလွန်းလေတော့ ဘယ်သူက စလိုက်မှန်းတောင် မသိဘူး။ သူတို့ တစ်ယောက်ကိုတစ်ယောက် ခေါင်းဆတ်ပြီး နှုတ်ဆက်ဖြစ်သွားကြတယ်။ တိုမိုချန်အတွက်တော့ ကောင်းတဲ့ အလားအလာပေါ့။
ကိုယ်နဲ့ မပိုင်မဆိုင်တဲ့ အရာတစ်ခုခုကို သူတစ်ပါးဆီကနေ လုယူတာမျိုးကို တိုမိုချန် အင်မတန်မှ စက်ဆုပ်တယ်။
တိုမိုချန်ရဲ့ အဖေက တခြား မိန်းမတစ်ယောက်ကို ချစ်မိသွားလို့ တိုမိုချန်နဲ့ သူ့အမေကို ပစ်ထားပြီး အိမ်ကနေ ဆင်းသွားခဲ့တယ်။ အဲဒီမိန်းမက သိပ်ပြီး ချစ်စရာကောင်းတဲ့ အစားထဲကတော့ မဟုတ်ဘူး။ အစတုန်းကတော့ သူက တိုမိုချန့်အဖေရဲ့ အတွင်းရေးမှူးပါ။ အလုပ်အကိုင် သဘောအရ တိုမိုချန်ရဲ့ အိမ်ကို အဝင်အထွက် များခဲ့တယ်။ သူက တိုမိုချန်အပေါ်လည်း ကောင်းရှာပါတယ်။ အိမ်အလုပ်တွေမှာလည်း ဝင်ကူလုပ်ပေးတတ်တယ်။
အဖေဖြစ်သူရဲ့ အိမ်တွင်း အလှဆင်လုပ်ငန်းက လက်မလည်အောင် လုပ်နေရတော့ ညဆိုရင်လည်း အတော်လေး ညဉ့်နက်မှ အိမ်ပြန်ရောက်တယ်။ ဒီတော့ ရုံးခန်းထဲက မီးဖိုဆောင်မှာ အဲဒီမိန်းမက အဖေအတွက် ညစာပြင်ပေးပြီး သူတို့ အတူတူ ထမင်းစားကြတယ်။ သူက အဲဒီအတွက် ဟင်းချက်သင်တန်းတောင် တကူးတက သွားတက်ခဲ့သေးတယ် ဆိုပဲ။ သူက အလုပ်ကိစ္စ ဆွေးနွေးစရာ ရှိလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ကို ညတိုင်း ဖုန်းဆက်လာတတ်တယ်။ အဖေ နေမကောင်းလို့ အိမ်မှာ အနားယူပြီ ဆိုရင်လည်း သစ်သီးခြင်းလေး ကိုင်ပြီး လူနာမေး ရောက်လာတတ်တယ်။ အမေက တိုမိုချန်ကို ခေါ်ပြီး ရွာက အဘိုးအဘွားတွေဆီ သွားလည်မယ့် ကိစ္စမျိုး ဆိုရင်လည်း နဂိုက အဖေနဲ့ အတူတူ သွားဖို့ စီစဉ်ထားပါလျက်နဲ့ ရုတ်တရက် အလုပ် ပေါ်လာလို့ပါဆိုပြီး မလိုက်ဖြစ်တော့ဘူး။
“တချို့လူတွေက ကိုယ်မပိုင်တဲ့ ပစ္စည်းကို ရဖို့အရေး အတော်လေး ဒုက္ခခံကြတာပဲနော်”
တိုမိုချန်ရဲ့ အမေက ရယ်ပြီး အဲဒီလို ပြောတတ်တယ်။ အဲဒီအချိန်တုန်းကတော့ သူက အသာစီး ရနေသေးတာကိုး။
ကုမ္ပဏီက စီစဉ်ပေးတဲ့ နှင်းလျှောစီး အပျော်ခရီးစဉ် တစ်ခုအတွင်းမှာ သူ့အဖေ ခြေထောက်ကျိုးသွားလို့ ဆေးရုံတက်လိုက်ရတယ်။ တိုမိုချန်နဲ့ သူ့အမေက ဟိုကိုင်းဒိုးဆေးရုံကို အပြေးကလေး ရောက်သွားကြတာပေါ့။ ဆေးရုံပေါ်မှာတော့ အတွင်းရေးမှူးမလေးက သူ့ရဲ့ နုပျိုတဲ့ ခန္ဓာကိုယ်ကို အဖေရဲ့ ရင်ဘတ်ပေါ် အပ်ပြီး တရှုံ့ရှုံ့ ငိုကြွေးနေလေရဲ့။ အဖေရဲ့ လက်ကို ကိုင်ပြီး သူ့ပါးပြင်ကို ပွတ်သပ်လို့ နေတယ်။
“တိတ်တိတ်၊ မငိုနဲ့တော့။ ခြေထောက်တစ်ချောင်းပဲ ကျိုးသွားတာပါ”
အဖေရဲ့ မျက်နှာက သာယာကျေနပ်နေတာမှန်း အသိသာကြီးပါ။
ဘယ်နှယ့် ဖြစ်ကုန်တာပါလိမ့်။ တိုမိုချန် တွေးနေမိတယ်။ သူနဲ့ အမေက အဲဒီနေရာမှာ ငူငူကြီး ရပ်လို့။ သူတို့ လေယာဉ်ကွင်း မသွားခင်မှာ အဖေ ကြိုက်တတ်တဲ့ အစားအစာတွေ ရနိုင်ဖို့အတွက် ဆိုင်တွေ အများကြီး ဝင်ပြီး စိတ်တိုင်းကျ ရွေးဝယ်ခဲ့ကြတယ်။ အခုတော့ အဲဒီမိန်းမရဲ့ ကယုကယ လုပ်ပြနေတာကို ဘယ်လိုမှ မယှဉ်နိုင်တော့ဘူးလား။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်လည်း အဖေက ဘာဖြစ်လို့ အဲဒီမိန်းမရဲ့ အကြံဆိုးကြီးကို မရိပ်မိရတာလဲ။
ဆေးရုံ မြေညီထပ်ရဲ့ ဧည့်ခံကောင်တာ မျက်နှာချင်းဆိုင်က စားသောက်ဆိုင်ထဲမှာ အဲဒီမိန်းမ ဆေးလိပ်သောက်နေတာကို တိုမိုချန် စောစောက မျက်စိနဲ့ တပ်အပ် မြင်ထားခဲ့တယ်။ လက်တစ်ဖက်နဲ့ ကြက်ဥလိပ်ထမင်းကို စားရင်း နောက်လက်တစ်ဖက်နဲ့ ဖုန်းကိုင်ပြီး တစ်ယောက်ယောက်ရဲ့ ဝမ်းသာအယ်လဲ စကားပြောနေတယ်။ စောစောကနဲ့ အခုလက်ရှိ အခြေအနေတွေက မိုးနဲ့မြေလို ကွာချင်တိုင်း ကွာလွန်းနေတယ်။ အပြောင်းအလဲက မြန်လွန်းအားကြီးတော့ တိုမိုချန်အတွက် ပါးစပ်အဟောင်းသား ဖြစ်နေရစ်တာပေါ့။ အဲဒီမိန်းမရဲ့ ဝမ်းနည်းကြေကွဲမှုက အတုအယောင်ပါလို့ ဘယ်သူမှ အပိုင် မပြောနိုင်ပေမယ့် လုံးဝ သေချာတဲ့ အချက်ကတော့ သူ့ရဲ့ အပြုအမူက အတော်အတန် အောက်တန်းကျတယ်လို့ မြင်ရသူအဖို့ ခံစားသွားရစေတာတော့ အမှန်ပဲ။
“ဆောရီးပဲ။ စိတ်မထိန်းနိုင်လို့ ငိုမိသွားတယ်။ ကျွန်မ အရမ်း စိတ်ပူနေလို့ပါ” အတွင်းရေးမှူးမက ပြောတယ်။
“အလုပ်အပေါ် တာဝန်ကျေပွန်မှုကတော့ လက်ဖျားခါလောက်ပါတယ်”
တိုမိုချန်ရဲ့ အမေက ခနဲ့တဲ့တဲ့ ပြောလိုက်တယ်။ အဲဒီလို အမေမျိုးကို တိုမိုချန်က ပိုပြီး သဘောကျတယ်။ အမေရဲ့ လုပ်ရပ်ကို သဘောကျလွန်းလို့ တိုမိုချန်က အမေရဲ့ လက်ကို ညစ်ပြီး အားပေးလိုက်မိတယ်။ လက်ရှိ အနေအထားမှာတော့ တိုမိုချန်ရော၊ သူ့အမေရောက ကမ်းကပ်စရာ နေရာရှာမတွေ့တဲ့ မုန်တိုင်းမိ လှေငယ်လေးတစ်စင်းလိုပဲ။
တစ်စက်ကလေးမှ သည်းခံချင်စရာ မကောင်းတဲ့ ဆေးရုံပေါ်က မြင်ကွင်းကို မြင်ပြီးတဲ့ နောက်မှာတော့ တိုမိုချန်က သင်ခန်းစာ ကောင်းကောင်း ရသွားတယ်။ သူက သူ့ကိုယ်သူ ကတိပေးလိုက်တယ်။ စိတ်သဘောထား ပြည့်ဝတဲ့ ယောက်ျားမျိုးကိုပဲ ရအောင် ရှာတော့မယ်။ အခုလို ညာတာပါတေး လုပ်နေတာမျိုးကို ခွဲခြားနားလည်တတ်တဲ့ ယောက်ျားမျိုး ဖြစ်ရမယ်။ အဲဒီလိုလူမျိုးက လောကမှာ မရှိဘဲ နေမှာတော့ မဟုတ်ဘူး။
တိုမိုချန်က မီစာဝါစန်ကို သဘောကျမိသွားရတဲ့ အကြောင်းအရင်းက သူနဲ့ သူ့ကောင်မလေးတို့ရဲ့ ပြောစကားကို ကြားသွားတာကြောင့်လည်း ဖြစ်လောက်တယ်။
“မကြာခင် သေတော့မယ့် ခွေးနဲ့ ကုမ္ပဏီကို နှိုင်းယှဉ်ကြည့်ရင် ခွေးကို ဦးစားပေးရမှာ အမှန်ပဲ။ ကုမ္ပဏီက ဘယ်ကိုမှ ထွက်ပြေးသွားတတ်တာမှ မဟုတ်တာ။ ပုံမှန်အချိန်တွေတိုင်းမှာ အလုပ်ကို ကောင်းကောင်း ကြိုးစားလုပ်တာဆိုတော့ အခုကိစ္စအတွက်နဲ့ သူတို့က မောင့်ကို ပြဿနာရှာလောက်မယ် မထင်ပါဘူး”
မီစာဝါစန်က သေအံ့ဆဲဆဲ ဖြစ်နေတဲ့ သူ့ရဲ့ ခွေးလေးကို ပြုစုစောင့်ရှောက်ဖို့အတွက် ကုမ္ပဏီကနေ ခွင့်နှစ်ရက် ယူလိုက်ပုံ ရတယ်။
“အင်း၊ ဟုတ်မှာပါပဲ”
သူ့ကောင်မလေးက ခေါင်းကို ညင်ညင်သာသာ ညိတ်လိုက်တယ်။
“မောင် ကျောင်းသားဘဝကတည်းက စပြီး ရှီရှီမာရူက မောင်တို့အိမ်ကို ရောက်လာခဲ့တာ။ ဒီတော့ သူ့ရဲ့ နောက်ဆုံးအချိန်မှာသာ သူ့အနား ရှိမနေနိုင်ခဲ့ရင် မောင် တစ်သက်လုံး နောင်တရလို့ ဆုံးမှာ မဟုတ်တော့ဘူး” မီစာဝါစန်က ပြောတယ်။
အတော် ချစ်စရာကောင်းတဲ့ စုံတွဲတစ်တွဲပါလားလို့ တိုမိုချန် တွေးနေမိတယ်။ ဒါပေမယ့် သူတို့ကို အားကျနေမယ့်အစား အဲဒီလို လူတစ်ယောက်လောက် ကိုယ်တိုင် ရှာလိုက်တာကမှ ဟုတ်တုတ်တုတ်ရယ်။ အဲဒီတုန်းက တိုမိုချန် အဲဒီလောက်ပဲ တွေးခဲ့မိတာပါ။
ငယ်ရွယ်နုပျိုတဲ့ ရုပ်ခန္ဓာတစ်ခုက ကိုယ့်ရင်ခွင်ထဲကို အတင်း ပြေးဝင်လာတဲ့အခါမှာ ဘယ်ယောက်ျားကမှ အဲဒီ ညှို့ဓာတ်ကို တွန်းလှန်နိုင်လိမ့်မယ် မထင်ဘူး။ ဒါပေမယ့် အတွင်းရေးမှူးမကို မင်္ဂလာဆောင်ရတဲ့အထိ နွားဖားကြိုး အထိုးခံရတဲ့ အဖြစ်ကတော့ တိုမိုချန့်အဖေရဲ့ အားနည်းချက်ပဲ။
တိုမိုချန်ရဲ့ အမေက ကွာရှင်းပြတ်စဲဖို့ ချက်ချင်းတော့ သဘောမတူခဲ့ဘူး။ သုံးနှစ်လောက် စောင့်ကြည့်သေးတာပေါ့လို့ ပြောခဲ့သေးတာ။ အဲဒီအချိန် ရောက်လို့မှ အဖေက ဦးလှည့်ဖို့ စိတ်ကူးမရှိသေးဘူး ဆိုရင်တော့လည်း လမ်းခွဲကြတာပေါ့တဲ့။
စောင့်ဆိုင်းနေတဲ့ ကာလအတွင်းမှာ အတွင်းရေးမှူးမက အဖေရဲ့ ရင်သွေးကို ဝမ်းမှာ လွယ်ထားရပြီ။ အဲဒီလို မဖြစ်ဖြစ်လာအောင် ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေသုံးပြီး အဖေကို မြှူဆွယ် သိမ်းသွင်းခဲ့တာ ဖြစ်မယ်။ စနစ်တကျ အကွက်ကျထားတဲ့ သူ့ရဲ့ မဟာစီမံကိန်းကြီးပဲပေါ့။
“ရှင် အခုလို လုပ်နေတာက ဘယ်သူ ကောင်းစားဖို့အတွက်လဲ”
အတွင်းရေးမှူးမနဲ့ နောက်တစ်ကြိမ် တွေ့ဖြစ်ကြတော့ တိုမိုချန်က သူ့ကို အဲဒီလို မေးလိုက်တယ်။ အမေဖြစ်သူက သူ့ကို မျက်နှာချင်းဆိုင်ဖို့ ခွန်အား မရှိတော့တာကြောင့် တိုမိုချန်က သူ့အမေအစား အဲဒီမိန်းမကို သွားတွေ့ခဲ့တာ။ တံဆိပ်နှိပ်ထားပြီးသား ကွာရှင်းပြတ်စဲစာချုပ်ကို သွားပေးတဲ့အချိန်ပေါ့။
တိုမိုချန်မှာ သူငယ်ချင်း များများစားစား မရှိဘူး ဆိုပေမယ့် သူ မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေကတော့ မနည်းမနောပဲ။ ဥပမာ ပြောရရင် ကုမ္ပဏီထဲက လုပ်ဖော်ကိုင်ဖက်တွေ၊ မိဘနှစ်ပါး၊ အရင်က မွေးခဲ့ဖူးတဲ့ ကြက်တူရွေးလေး၊ သူ စိုက်ခဲ့ဖူးတဲ့ စွယ်တော်ပင်၊ အချစ်ဇာတ်ကားတွေ … ။ တိုမိုချန် အတွက်ကတော့ သူ့အတွက် အရေးပါတဲ့ အဲဒီပစ္စည်းတွေ အားလုံးကို သူ့ပတ်ပတ်လည်မှာ သေသပ်လှပတဲ့ အဝန်းအဝိုင်းလေး ဖြစ်အောင် ဖန်တီးတည်ဆောက်ထားတယ်။ အဲဒါ သူ့ဘဝပဲ။
“ကိုယ်လိုချင်တဲ့ ပစ္စည်းကို ဘယ်လိုနည်းနဲ့ မဆို မရရအောင် ယူတတ်တာက ကျွန်မရဲ့ ဘဝရှင်သန်နည်းပဲ” အတွင်းရေးမှူးမက ပြောပြီး ပခုံးတွန့်လိုက်တယ်။
ဒီတစ်ကြိမ်တော့ သူ အမှန်အတိုင်း ပြောလိုက်တာပဲ။ တိုမိုချန်က တွေးတယ်။
တကယ်လို့သာ အမြဲတမ်း စကားကို အခုလို မှန်မှန်ကန်ကန် ပြောနေခဲ့မယ်ဆိုရင် ငါလည်း သူ့ကို သဘောကျမိချင် ကျမိနေမှာ။
ဗိုက်ထဲက ကလေးကြောင့်များ အခုလို ရိုးသားဖြောင့်မတ်လာတာလား မပြောတတ်ဘူး။ အဲဒီလို တွေးလိုက်မိတာနဲ့ တိုမိုချန်က သူ့အဖေကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဖေက ဟိုးအစောကြီးကတည်းက အဝေးကို ထွက်သွားချင်နေခဲ့တာလား မသိဘူး။ အတွေးသစ် အတွေးဆန်းတွေနဲ့ နေ့စဉ် အလုပ်လုပ်နေရတဲ့ ဒီဇိုင်နာ အဖေ့အတွက်ကတော့ အမေဟာ သိပ်ကို ပိန်းလွန်း၊ တုံးလွန်းနေလိမ့်မယ် ထင်တယ်။ တိုမိုချန်က တွေးရင်း တွေးရင်းနဲ့ အရှိတရားကို သဘောပေါက် လက်ခံလာတယ်။
တစ်ချိန်တစ်ခါတုန်းကတော့ တီဗီကြော်ငြာထဲမှာ ဟိုကိုင်းဒိုးကို တွေ့မြင်လိုက်ရရင်ပဲ တိုမိုချန်တစ်ယောက် ပျို့ချင်အန်ချို လာတော့တာပဲ။ တကယ်လည်း အော့အန်ခဲ့ဖူးသေးတယ်။ သူ့မျက်နှာပေါ် စိုစွတ်အေးခဲနေတဲ့ လေတွေ တိုးဝှေ့တိုက်ခတ်နေတာကို တွေးဆကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် ဟိုဆေးရုံအခန်းထဲ ပြန်ရောက်သွားသလား အောက်မေ့ရတယ်။ ရှက်စိတ်၊ ခံပြင်းစိတ်တွေက သူ့ရင်တွင်းကနေ လှိုက်လှိုက်ပြီး တက်လာတော့တယ်။ သူ ပိုင်ဆိုင်ခဲ့တယ်၊ ပိုင်ဆိုင်ထိုက်တယ်လို့ ယုံကြည်ယူဆထားခဲ့တဲ့ နေရာတစ်ခု၊ ဒါပေမယ့် အဲဒီနေရာက အခုဆို သူ့ကို မကြိုဆိုတော့ဘူး။ ခက်တာက အဲဒီနေရာကနေ ထွက်လည်း ထွက်မသွားရက်ပြန်ဘူး။ အဲဒီလို နေရာတစ်ခုမှာ ပိတ်လှောင်ခံထားရလို့ ဖြစ်ပေါ်လာတဲ့ ဒုက္ခဆင်းရဲဟာ သူ့ရဲ့ ရင်တွင်းတစ်နေရာကနေ အသစ်တဖန် ခေါင်းပြူထွက်ဖို့ ကြိုးစားနေတယ်။
အခုဆိုရင် မီစာဝါစန်က နေ့လယ်စာကို တစ်ယောက်တည်းပဲ စားနေတတ်တယ်။ အဲဒီလို ဖြစ်လာခဲ့တာ ဒီနှစ် နွေဦးပေါက်လောက်က စတာပဲ။
တိုမိုချန်က ထူးခြားတဲ့ အဲဒီ အခြေအနေကို ချက်ချင်း ရိပ်မိသွားတယ်။ သူ့ရဲ့ မျက်နှာက ညိုပုပ်လို့။ မျက်ပျဉ်းတွေက အောက်ကို တွဲကျနေပြီး လူက အားမရှိသလို ဖြစ်နေတယ်။
သူ စောင့်ဆိုင်းနေတဲ့ အခွင့်အလမ်းတော့ ပေါ်လာပြီလို့ တိုမိုချန် တွေးပျော်နေတယ်။ ဒါပေမယ့် ကြေကွဲဆုတ်နစ်နေတဲ့ လူတစ်ယောက်အတွက် တိတ်ဆိတ်အေးချမ်းတဲ့ ခိုနားရာလေးတစ်ခု သီးသန့်ရှိနေဖို့ လိုအပ်တယ် မဟုတ်လား။ အဲဒီလို တွေးလိုက်မိတော့ လတ်တလော သူနဲ့ ခပ်ခွာခွာ နေနေတာပဲ ကောင်းပါတယ်လေလို့ ဆုံးဖြတ်ပြီး အဝေးကနေပဲ အခြေအနေကို တိတ်တဆိတ် အကဲခတ်နေတော့တယ်။ ဒီရက်ပိုင်းအတွင်း သူ့ကို တခြားသူက လုယူသွားမှာ မစိုးရိမ်ဘူးလား ဆိုတော့ သူ စိုးရိမ်တာပဲ။ ဒါပေမယ့် မီစာဝါစန်က သူ့မျက်စိရှေ့မှာတင်ပဲ တစ်နေ့တခြား ပိန်သထက် ပိန်လာတယ်။ ဒီတော့ သူ့ကိုယ်သူ ချုပ်တည်းထားနေရတယ်။ မလောနဲ့။ မလောနဲ့။ စောလွန်းသေးတယ်။ တကယ်လို့ အတင်းအကျပ် သွားလုပ်မယ်ဆိုရင် ငှက်နာတစ်ကောင်ကို အစာ အတင်းထိုးကျွေးသလို ဖြစ်နေလိမ့်မယ်။
သူ စောင့်နေခဲ့တယ်။ သိန်းငှက်တစ်ကောင်က သူ့ရဲ့ သားကောင်ကို ချောင်းမြောင်း စောင့်ကြည့်နေသလိုတော့ မဟုတ်ဘူး။ ညင်ညင်သာသာပဲ။ အဖူးအငုံကလေး တစ်ခုက ပွင့်အာလာမယ့် အချိန်ကို စောင့်ဆိုင်းနေသလိုပေါ့။
တစ်နေ့မှာတော့ ထင်မှတ်မထားတဲ့ ကိစ္စတစ်ခု ဖြစ်ပေါ်လာတယ်။
အဲဒီနေ့က ကော်ဖီဆိုင်ထဲမှာ လူတွေ ပြည့်နေတယ်။ တိုမိုချန်အနေနဲ့ တစ်ယောင်တည်း ထိုင်နေရာကနေ မီစာဝါစန်၊ သူ့ လုပ်ဖော်ကိုင်ဖက် လင်မယားနှစ်ယောက်နဲ့ တစ်စားပွဲတည်းမှာ မျှထိုင်လိုက်ကြရသလို ဖြစ်သွားခဲ့တယ်။
မီစာဝါစန်က တိုမိုချန်ကို ပြောတယ်။ “ဆောရီးပဲဗျာ။ ခင်ဗျားကို နေရထိုင်ရ ကျပ်အောင် လုပ်လိုက်သလို ဖြစ်သွားတယ်”
တိုမိုချန်က ဘာမှ မပြောဘဲ ပြုံးရုံပဲ ပြုံးပြလိုက်တယ်။ မီစာဝါစန်ရဲ့ အမူအရာက ယဉ်ကျေးလွန်းနေတော့ သူ ရယ်ချင်သွားတာလည်း ပါတာပေါ့။
အစပိုင်းမှာတော့ မီစာဝါစန်နဲ့ သူ့ဘော်ဒါတွေ အချင်းချင်းပဲ စကားပြောနေကြတာပါ။ တိုမိုချန်က အနားမှာ ကြက်သားမှုန့်ထမင်းကို စားရင်း သူ့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကြည်နူးပျော်ရွှင်မှုကို ဖြည်းဖြည်းချင်း အရသာခံနေတယ်။ မကြာခင်မှာပဲ လင်မယား စုံတွဲက ခရီးထွက်ဖို့ အစီအစဉ်တွေကို သူတို့ချင်း စပြီး ဆွေးနွေးနေကြရော။ သူတို့ နှစ်ယောက်ရဲ့ စကားဝိုင်းမှာ ဝင်မပါနိုင်တော့တဲ့ မီစာဝါစန်က ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ အကြည့်ကို တိုမိုချန်အပေါ် ရွှေ့ပြောင်းလိုက်တယ်။
“ရှင်က ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်ကို လုပ်နေတာလား”
မီစာဝါစန်က ခေါင်းညိတ်ပြတယ်။
တိုမိုချန် စဉ်းစားနေမိတယ်။ သူ့ရဲ့ လက်ချောင်းတွေပေါ်က အမွှေးအမျှင်တွေ၊ ရှည်လျားနေတဲ့ လက်သည်းခွံတွေကအစ အားလုံး အားလုံးကို သူ သဘောကျနေမိတယ်။ သူ့အပေါ် အဲဒီလောက်တောင် သဘောကျနေမိတာ ဘာဖြစ်လို့များပါလိမ့်။
ဘာနဲ့ တူသလဲဆိုတော့ ငှက်ချစ်တတ်တဲ့ တိုမိုချန်အဖို့ ကြက်တူရွေးရဲ့ ကိကိကာကာ အော်သံတွေကိုတောင်မှ သဘောကျမိနေသလိုမျိုးပဲ။
“တစ်ခုလောက် မေးပါရစေ။ ဟိုကိုင်းဒိုးမှာ ကျွန်မကို ကြွေဆင်းသွားအောင် လုပ်ပေးနိုင်မယ့် နေရာလေးများ မရှိဘူးလား” တိုမိုချန်က မေးလိုက်တယ်။
“အဲ … အဲဒီလို ဆိုရင်တော့ ကျွန်တော်ကို ယူလိုက်ပေတော့ဗျာ။ ပြီးရင် ကျွန်တော်နဲ့ အိုတာရူကိုသာ လိုက်ခဲ့ပေတော့။ ဘယ်လိုလဲ” မီစာဝါစန်က ပြောပြီး ရယ်နေတယ်။
တိုမိုချန်ရဲ့ နှလုံးက အပြင်ကို ခုန်ထွက်လာတော့မလားတောင် အောက်မေ့ရတယ်။ ဒါပေမယ့် မီစာဝါစန်ကတော့ ဘာမှ မဖြစ်သလိုပဲ။ စောစောကအတိုင်း ပြုံးမြဲ ပြုံးနေတယ်။
“ကျွန်တော် နောက်လိုက်မိတာ စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော်က အိုတာရူကပါ။ ဒါပေမယ့် အဲဒီမှာတော့ နေရာကောင်းတွေ အတော်များများ ရှိတာ အမှန်ပါပဲ။ ခင်ဗျား ဟိုကိုင်းဒိုးကို သဘောမကျဘူးလား”
“ဟုတ်တယ်။ ကျွန်မ တစ်ခေါက်တော့ ရောက်ဖူးတာပဲ။ ပထမဆုံး အတွေ့အကြုံကတော့ သိပ်ပြီး မနိပ်လှဘူး”
“အဲဒီလိုကြီးလား။ ဒါဆို အမြင်တွေ ပြောင်းလဲသွားအောင် လုပ်ဖို့ လိုတာပေါ့။ ကျွန်တော်က ဟိုကိုင်းဒိုးကို အရမ်း သဘောကျတာ”
မီစာဝါစန်က ရယ်နေတယ်။ အဲဒီလို ပြုံးပျော်နေတဲ့ မျက်နှာကို ကြည့်ရတာ စိတ်ချမ်းသာတယ်လေ။ ကျွန်တော် ဘာကြောင့် သဘောကျရသလဲ ဆိုတာ သိရအောင် ခင်ဗျားကို ပြောပြမယ် ဆိုတဲ့ သဘောမျိုးပါတဲ့ ရိုးရှင်းစစ်မှန်တဲ့ အပြုံးမျိုး။ တိုမိုချန်က သူ့ရဲ့ အီးမေးလ်လိပ်စာကို မီစာဝါစန်ကို ပြောပြလိုက်တယ်။ အဲဒီအချိန်က စပြီး သူတို့ အပြန်အလှန် စာပို့ဖြစ်ကြတော့တာပါပဲ။
သူတို့နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ထမင်းအတူတူ ထွက်စားဖြစ်တာက သန့်ရှင်းသပ်ရပ်တဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာပါ။ ကုမ္ပဏီကနေ ၁၅ မိနစ်လောက် လမ်းလျှောက်သွားရတယ်။
မီစာဝါစန်က ရေပူစမ်းနဲ့ ဆိုင်တဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ သူတို့ရဲ့ မဂ္ဂဇင်းဟောင်းတွေ၊ စတာတွေကို တကူးတက စုစည်းပြီး တိုမိုချန်ကို ပြဖို့အတွက် အိတ်ကြီးတစ်လုံးနဲ့ ထည့်ယူလာခဲ့တယ်။
“မြို့ထဲကနေ အပြင်ကို နည်းနည်း ထွက်လိုက်တာနဲ့ ရှုခင်းကောင်းကောင်း ရှိတဲ့ နေရာတွေ အများကြီးကို တွေ့ရလိမ့်မယ်။ ခင်ဗျားရဲ့ ချစ်သူနဲ့ အတူသွားမလို့လား” မီစာဝါစန်က မေးတယ်။
“အစကတော့ အမေနဲ့ အတူတူ သွားမလားလို့ စိတ်ကူးထားတာ။ ဒါပေမယ့် အမေက သိပ်မကြာခင်ကပဲ ဆုံးသွားခဲ့တယ်။ ဒါကြောင့် တစ်ယောက်တည်းပဲ သွားဖြစ်မှာပါ။ ဒါမှ အမေလည်း ဟိုကိုင်းဒိုးကို သဘောကျပြီး တမလွန်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေသွားနိုင်မှာ”
“ခင်ဗျားအမေက ဘာရောဂါနဲ့ ဆုံးသွားတာလဲ”
“ဦးနှောက်သွေးကြောပေါက်တာ။ ရုတ်တရက်ကြီး ဖြစ်သွားခဲ့တာပဲ”
အဲဒီနေ့ညက တိုမိုချန် ဆေးရုံကို အပြေးလေး ရောက်သွားခဲ့တယ်။ တစ်ယောက်တည်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေတာပေါ့။ သူ သူ့အဖေကို ပြေးခေါ်လိုက်ချင်တာ လွန်ရောပဲ။ ဒါပေမယ့် အဖေနဲ့ မျက်နှာချင်း မဆိုင်ဖြစ်တာ ကြာကြာလှပေါ့။ အခုဆိုရင် တိုမိုချန်ရဲ့ စိတ်ထဲကနေ အဖေလို့ ခေါ်ချင်နေတဲ့ လူက ဒီလောကမှာ မရှိတော့ဘူး။ သူ ခေါ်ချင်နေတဲ့ အဖေက အတိတ်တုန်းက ကြင်နာတတ်တဲ့ အဖေလေ။ လက်ရှိအဖေက အိမ်အသစ်မှာ အိမ်သားအသစ်တွေနဲ့ တီဗီကြည့်ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေလောက်တယ်။ အခုချိန်မှာ အဲဒီလူက မိုတိုချန်အတွက်တော့ သူစိမ်းတစ်ယောက် ဖြစ်သွားပြီ။
ရွာမှာ နေကြတဲ့ အဘွားနဲ့ ဒေါ်လေးတို့က ဆေးရုံကို လိုက်လာကြပြီ ဆိုပေမယ့် ဆေးရုံကို ရောက်ဖို့ အဝေးကြီး လိုနေသေးတယ်။ သူ့အမေက ခဏခဏ လေဖြတ်ခဲ့ဖူးတယ်။ ဒီတစ်ကြိမ်တော့ သူ ဆေးရုံကို ရောက်သွားတဲ့အခါမှာ သူ့အမေက အသက်မရှူတော့ဘူး။ အရေးပေါ်ဆေးကုဌာန ဆိုတော့ ဘေးပတ်ပတ်လည်မှာ ရှိတဲ့ လူတွေအားလုံးက ပျာယာခတ်လို့။ လူနာတင်ကားနဲ့ ရောက်လာတဲ့ လူနာတစ်ယောက်ကို သူ တွေ့လိုက်ရတယ်။ နောက်ဆုံးမှာတော့ အသက်ချမ်းသာရာ ရပြီး မိသားစုနဲ့အတူ အိမ်ပြန်ခွင့် ရသွားတယ်။ ဒီမြင်ကွင်းကြောင့် သူ့မျက်ဝန်းတွေထဲ မျက်ရည်တွေ လျှံကျလာတယ်။
အမေ့ကိုလည်း အဲဒီလို အိမ်ကို ပြန်ခေါ်သွားနိုင်ရမယ်။ သူ အဲဒီလို တွေးနေမိတယ်လေ။
ဒါပေမယ့် အခြေအနေက အားလုံး နှောင်းသွားခဲ့ပြီ။ ဖြစ်စရာ ရှိတာတွေက ဖြစ်ပျက်သွားခဲ့ပြီမို့ အမှန်တရားကို ရင်ဆိုင်ရုံက လွဲလို့ သူ့အတွက် ဘာမှ ရွေးချယ်စရာ မရှိတော့ဘူး။ ဆေးရုံရဲ့ မှောင်မိုက်နေတဲ့ ပန်းခြံထဲမှာ သစ်ပင်တစ်ပင်ကို မှီရင်း ကောင်းကင်ကို ငေးမောကြည့်နေမိတယ်။ မဲနက်နေတဲ့ သစ်ကိုင်းသစ်ခက်တွေဟာ မှောင်မိုက်နေတဲ့ အာကာပြင်မှာ ဇာပန်းထိုးထားတဲ့ ကနုတ်တွေလို လှလှပပ ထင်ဟပ်နေကြတယ်။ သူတို့တွေက ကောင်းကင်ထက်မှာ ယိမ်းလို့ကလို့။ သူ့ရဲ့ နောက်ကျောမှာ မှီကပ်ထားတဲ့ သစ်ပင်ကြီးရဲ့ ပင်စည်ကလည်း နွေးထွေးနေတယ်။
အဲဒီအကြောင်းအရာတွေကို တွေးမိပြီး တိုမိုချန် ငိုချင်သလိုလိုတောင် ဖြစ်သွားတယ်။
“ဟုတ်လား … ဝမ်းနည်းပါတယ်ဗျာ” မီစာဝါစန်က ပြောတယ်။ “ကျွန်တော် အကြံတစ်ခုလောက် ပေးလို့ ရမလား။ ခင်ဗျားရဲ့ ခရီးစဉ်ကို ခင်ဗျား စိတ်တိုင်းကျလေး ဖြစ်သွားစေချင်လို့ပါ။ ကျွန်တော်ရဲ့ လေသံက ခရီးသွားကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့ တူသွားပြီ ထင်တယ်။ ဒါပေမယ့် ကျွန်တော်က အဲဒီဒေသမှာ ကြီးပြင်းလာခဲ့တာဆိုတော့ ကျွန်တော် ပေးနိုင်တဲ့ သတင်းအချက်အလက်က သူတို့ထက်တော့ အောက်မကျစေရပါဘူး”
တိုမိုချန်က ခေါင်းညိတ်လိုက်တယ်။
မီစာဝါစန်ရဲ့ ခြေအစုံက သတင်းတွေ စုစည်းနိုင်ဖို့ အရေးအတွက် ဟိုဟိုဒီဒီ ပြေးလွှားလှုပ်ရှားထားရလို့ ထင်ပါရဲ့၊ ကျန်းမာကြံ့ခိုင်နေတယ်။ နောက်ပြီး လေးလံတဲ့ အိတ်ကြီးတစ်လုံးကို တောင်မြောက်လေးပါး လျှောက်သယ်သွားတာတောင် ဘာမှ မဖြစ်တဲ့ မျက်နှာပေးမျိုးနဲ့ နေနိုင်လောက်အောင် သူ့မှာ ခွန်အားဗလနဲ့ ပြည့်စုံနေတယ်။
“ရှင်နဲ့သာ ဟိုကိုင်းဒိုးကို အတူတူ သွားခွင့်ရမယ်ဆိုရင် အဲဒီနေရာကို ကျွန်မ ချစ်မိသွားမှာ အမှန်ပဲ”
အဲဒီစကားလုံးတွေက သူ့ပါးစပ်ဖျားကို ရောက်လာပြီးခါမှ သူ ဘယ်လိုမှ ပြောမထွက်ခဲ့ဘူး။
အဲဒီစကားလုံးတွေကို စိတ်ကူးထဲကနေ ပြောကြည့်တာနဲ့တင် ရှက်လွန်းလို့ မျက်နှာကနေ လည်ပင်းအထိတောင် ရဲတွတ်သွားတယ်။
အခု တခြား ခေါင်းစဉ်တစ်ခုကို ပြောင်းကြဦးစို့ရဲ့။
ဒီဇာတ်လမ်းအကြောင်းကို ရေးတဲ့သူက တိုမိုချန်ကိုယ်တိုင် မဟုတ်ပါဘူး။ တိုမိုချန်ရဲ့ ဘဝအကြောင်းကို တွေ့မြင်သိရှိထားတဲ့ စာရေးဆရာတစ်ယောက်က ရေးထားတာပါ။ ဒါပေမယ့် အဲဒီ စာရေးဆရာက တိုမိုချန်အကြောင်းကို တကူးတက လေ့လာပြီး စာတစ်စောင် ပေတစ်ဖွဲ့ ရေးနေတာမျိုးလည်း မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ။ စွမ်းအင်ကြီးမားတဲ့ တန်ခိုးရှင်တစ်ယောက်ရဲ့ ကိုယ်စား ရေးသားပေးနေတယ်ပေါ့။ ဒီနေရာမှာ အဲဒီပုဂ္ဂိုလ်ကို နတ်ဘုရားလို့ပဲ ဆိုကြပါစို့။
“ဘာကြောင့်လဲ။ ဒီလိုကိစ္စမျိုးက ဘာဖြစ်လို့ ငါ့ကျမှ လာဖြစ်နေရတာလဲ” နေ့စဉ်နေ့တိုင်း လိုလိုပဲ။ လောကမှာ ရှိတဲ့ လူအတော်များများဟာ အဲဒီလို မေးခွန်းမျိုးကို မေးနေတတ်ကြတယ်။ ဟုတ်ပါတယ်၊ နတ်ဘုရားက ကျွန်မတို့အတွက် ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး။ သူက တိုမိုချန်ရဲ့ အဖေကို အမြင်မှန်ရအောင်လည်း လုပ်မပေးနိုင်ခဲ့ဘူး။ တိုမိုချန်ကို လူတစ်ယောက်က ဗလက္ကာရ ပြုနေတုန်းမှာလည်း မိုးကြိုးပစ်ပြီး တားဆီးမပေးခဲ့ဘူး။ တိုမိုချန်တစ်ယောက်တည်း ဆေးရုံထဲမှာ ခိုကိုးရာမဲ့ပြီး ငိုရှိုက်နေခဲ့တုန်းကလည်း နတ်ဘုရားက ရုတ်တရက် ကိုယ်ထင်ပြပြီး တိုမိုချန်ကို ထွေးပိုက်မပေးခဲ့ဘူး။
မီစာဝါစန်နဲ့ တိုမိုချန်တို့ရဲ့ အချစ်ဇာတ်လမ်းက ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်လာလိမ့်မယ် လို့လည်း မသေချာလှဘူး။ ဟိုကိုင်းဒိုးကို သူတို့နှစ်ယောက် အတူတူ ခရီးထွက်ဖြစ်တယ်ပဲ ထားဦး။ တိုမိုချန်ရဲ့ ပြားကပ်နေတဲ့ ရင်သားကို တွေ့မြင်သွားပြီး မီစာဝါစန်က စိတ်ပျက်သွားတာလည်း ဖြစ်နိုင်သေးတယ်။ ဒါမှမဟုတ် တိုမိုချန်ရဲ့ ကိုယ်ပေါ်မှာ တည်ရှိနေတဲ့ နားလည်ရခက်တဲ့ ခံစားသိစိတ်က မီစာဝါစန်ကို ဆွဲဆောင်ထားချင်လည်း ထားနေနိုင်တယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း သူတို့နှစ်ယောက်စလုံးက လျှို့ဝှက်နက်နဲတဲ့ စွမ်းအင်တစ်ခုရဲ့ ဆွဲငင်မှုကို နေ့နေ့ညည ခံစားနေရကြတာကြောင့် နောက်ဆုံးမှာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ကြတာမျိုးလည်း ဖြစ်နိုင်သေးတယ်။ အဲဒီလို အိမ်ထောင်ပြုခွင့် ရတယ် ဆိုပေမယ့် တိုမိုချန်ရဲ့ ဘဝခရီးက ချမ်းမြေ့ပျော်ရွှင် နိုင်လိမ့်မယ်လို့လည်း အာမခံချက် ရှိမနေဘူး။ မီစာဝါစန်က တိုမိုချန်ရဲ့ အဖေလို ကောင်မငယ်ငယ်လေးတစ်ယောက်နဲ့ ထွက်မပြေးပါဘူးလို့ အာမ မခံနိုင်ဘူး။
ဘယ်လိုပဲ ဖြစ်နေဖြစ်နေပါ။ အဲဒီ နတ်ဘုရားကတော့ ကျွန်မတို့ကို လက်ပိုက်ပြီး ကြည့်မြဲ ကြည့်နေမှာပဲ။
သူ ပိုင်ဆိုင်ထားတဲ့ စွမ်းအင်တွေဟာ နတ်ဘုရားလို့ မခေါ်ထိုက်လောက်အောင် အားနည်းပျော့ညံ့လွန်းနေတယ် ဆိုပေမယ့် သူက တိုမိုချန်ကိုတော့ မျက်စိဒေါက်ထောက်ပြီး ကြည့်နေခဲ့တာတော့ အမှန်ပဲ။ သူက တိုမိုချန်ကို နွေးထွေးတဲ့ မေတ္တာတွေ မပေးခဲ့သလို မျက်ရည်တွေ၊ အားပေးတိုက်တွန်းမှုတွေကိုလည်း မပေးခဲ့ဘူး။ ဒါပေမယ့် တိုမိုချန်ကို ကြည်လင်ရှင်းပြတ်တဲ့ အကြည့်တစ်စုံနဲ့ စောင့်ကြည့်နေခဲ့တယ်။ တိုမိုချန်ရဲ့ ဘဝအတွက် အင်မတန်မှ တန်ဖိုးရှိတဲ့ အရာတွေကို နေ့မနား ညမအား စုဆောင်းသိမ်းဆည်းနေတာကို သူက မမှိတ်မသုန် စောင့်ကြည့်နေခဲ့တယ်။
အတွေးရေးမှူးမက သူ့မျက်စိ ရှေ့မှာတင် သူ့အဖေကို မြှူဆွယ်ပြီး အဝေးတစ်နေရာကို ခေါ်ထုတ်သွားခဲ့လို့ ညအချိန်တွေမှာ တိုမိုချန်တစ်ယောက်တည်း လူးလှိမ့်ငိုယိုခဲ့ရတာကို နတ်ဘုရားက စောင့်ကြည့်နေခဲ့တယ်။ တိုမိုချန်ရဲ့ ရင်ထဲ နာကျင်ခဲ့ရတာကို နတ်ဘုရားက စောင့်ကြည့်နေခဲ့တယ်။ ကွေးညွတ်နေခဲ့တဲ့ တိုမိုချန်ရဲ့ ကျောပြင်ကို နတ်ဘုရားက စောင့်ကြည့်နေခဲ့တယ်။ ကလေးဘဝတုန်းက အတူကစားခဲ့ကြတဲ့ မြစ်ကမ်းနံဘေးမှာ ကစားဖော် ဖြစ်ခဲ့ဖူးတဲ့ ကောင်လေးက သူ့ရဲ့ အလိုရမ္မက်ကို ဖြေဖျောက်ချင်ရုံသက်သက်နဲ့ တိုမိုချန်ကို အတင်းအဓမ္မ ပြုကျင့်ခဲ့တာကိုလည်း နတ်ဘုရားက စောင့်ကြည့်နေခဲ့တယ်။ မြစ်ကမ်းနံဘေးကနေ တစ်ယောက်တည်း အိမ်ပြန်သွားတဲ့ အခါမှာလည်း တိုမိုချန်ရဲ့ ငေးငိုင်နေတဲ့၊ ခိုကိုးရာမဲ့နေတဲ့ မျက်နှာကို နတ်ဘုရားက စောင့်ကြည့်နေခဲ့တယ်။
မိခင် ကွယ်လွန်သွားပြီးတဲ့နောက် မဲမှောင်တဲ့ ညဉ့်နက်ကြီးထဲမှာ တိုမိုချန်ခမျာ အနှိုင်းအဆ မရှိတဲ့ အထီးကျန်မှုကို ခံစားနေရပေမယ့် တစ်စုံတစ်ရာက သူ့ကို ထွေးပွေ့ပေးထားတယ်။ ကတ္တီပါစလို နူးညံ့တဲ့ ညဉ့်ခြုံလွှာ၊ ပွတ်တိုက်ရှပ်ပြေးနေတဲ့ ညဉ့်လေရဲ့ ပျောင်းနွဲ့တဲ့ အထိအတွေ့၊ တဖျတ်ဖျတ် လင်းလက်နေကြတဲ့ ကြယ်တာရာတွေ၊ ပိုးကောင်တွေရဲ့ ကျည်ကျည်ကျာကျာ အော်မြည်သံတွေ။
တိုမိုချန်ရဲ့ ရင်တွင်း အနက်ရှိုင်းဆုံး တစ်နေရာကနေ အဲဒီအချက်ကို နားလည်သဘောပေါက်လာခဲ့တယ်။ ဒါကြောင့် ဘယ်လိုအချိန်မှာပဲ ဖြစ်နေနေ တိုမိုချန်ဟာ တစ်ယောက်တည်း အဖော်မဲ့နေမှာတော့ မဟုတ်ဘူး။