ဒီငါးနှစ် အတွင်းမှာ ကျွန်မဟာ ဝတ္ထုတွေ ရေးပြီး အသက်မွေးနေခဲ့တယ်။ အဲဒီအကြောင်းကြောင့်ပဲ ကျွန်မဟာ အရာဝတ္ထု အစုစုရဲ့ နက်ရှိုင်းတဲ့ အတွင်းမဏ္ဍိုင်တွေကို ရှုမြင်နိုင်ဖို့ အထူးတလည် စိတ်ဝင်စားနေခဲ့တယ်။
အရာဝတ္ထုတွေရဲ့ အတွင်းမဏ္ဍိုင်ကို ရှုမြင်ခြင်းဟာ ကိုယ့်ရဲ့ အဇ္ဈတ္တသန္တာန်နဲ့ အရာဝတ္ထုတွေကို ရှုမြင်ခြင်း ဆိုတာနဲ့ လုံးဝ တခြားစီပဲ။ ရှင့်ရဲ့ ဦးနှောက်က ကိုယ်ပိုင် အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ၊ အယူအဆတွေ၊ ဘက်လိုက်တဲ့ ခံစားမှုတွေ၊ စတဲ့ စတဲ့ အရာတွေကို ဖော်ထုတ်နေလိမ့်မယ်။ ဒါပေမယ့် အဲဒါတွေ ရပ်တန့်တွန့်ဆုတ် မသွားအောင် အားသွန်ခွန်စိုက် ကြိုးစားနေရတဲ့ အတွက်ကြောင့် နက်ရှိုင်းသထက် နက်ရှိုင်းအောင် နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းရှာဖွေနေရတော့တယ်။
အဲဒီလို ဆက်လုပ်သွားခြင်းအားဖြင့် တစ်နေ့နေ့မှာ နောက်ဆုံး ရှုမြင်ကွင်းကို ရောက်ရှိသွားလိမ့်မယ်။ လုံးဝ လွဲမှားသွေဖည်သွားစရာ မရှိတော့တဲ့ အရာဝတ္ထုရဲ့ နောက်ဆုံး ရှုမြင်ကွင်းပဲ။
အဲဒီနေရာကို ရောက်သွားပြီ ဆိုရင်တော့ လေထုက ငြိမ်သက်နေမယ်။ အရာရာတိုင်းက လင်းချင်းပြီး ပြောင်လက်နေမယ်။ စိတ်ထဲမှာလည်း မရေမရာ ခံစားလာရလိမ့်မယ်။ ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ အတွေးတွေက တစ်ဆို့နေပြန်ရော။
တစ်ယောက်တည်း၊ တစ်ကိုယ်တည်း၊ ထီးတည်း ဖြစ်နေတယ်လို့ ပြင်းပြင်းပြပြ ခံစားနေရပေမယ့် တိတိကျကျ သိနေတဲ့ အချက်တစ်ချက်ကတော့ တစ်နေရာရာ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က အဲဒီလို ထပ်တူညီတဲ့ ခံစားချက်နဲ့ ထပ်တူညီတဲ့ ရှုမြင်ကွင်းတစ်ခုကို တွေ့မြင်နေလိမ့်မယ်။ အဲဒီအတွက်ကြောင့် ဒီလောက်ကြီးလည်း အဖော်မဲ့မနေပါလား ဆိုတဲ့ ခံစားချက်မျိုး ရှင် ခံစားလာရလိမ့်မယ်။
ဒါပေမယ့် အဲဒီကိစ္စမှာ ကောင်းသလား၊ ဆိုးသလား ဆိုတာကိုတော့ ကျွန်မတို့ ဘယ်လိုနည်းနဲ့မှ နာမလည်နိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အလုပ်က ကြည့်ပြီး ခံစားနေရုံမျှပဲ။
တောင်ထူထပ်ပြီး မြစ်ကြီးတစ်စင်းရဲ့ ကမ်းနံဘေးမှာ ရှိတဲ့ မြို့လေးတစ်မြို့မှာ ကျွန်မကို မွေးဖွားခဲ့တယ်။ တစ်ဦးတည်းသော သမီးပါ။ သားချင်း တစ်ယောက်မှ မရှိဘူး။
အဖေက အဘိုးဆီကနေ အမွေရထားတဲ့ မြေတစ်ဝက်လောက်ကို ရောင်းချပစ်လိုက်ပြီး အဲဒီပိုက်ဆံနဲ့ စာအုပ်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ အမေက ဆိုင်မှာ ဈေးကူရောင်းပေးတယ်။ အဖေက စာဖတ်ဝါသနာပါတော့ စာအုပ်စာပေနဲ့ ပတ်သက်ရင် အတော်လေး ကျွမ်းကျင်နှံ့စပ်တယ်။ ရှားပါးတဲ့ စာအုပ်တွေ၊ ထူးခြားတဲ့ စာအုပ်တွေကို အများကြီး ဝယ်စုထားတော့ ဆိုင်ကို ဝါသနာအရင်းခံပြီး ဖွင့်ထားတယ် ဆိုပေမယ့် ဒီမြို့မှာတော့ အတော်လေး ပေါ်ပြူလာဖြစ်တဲ့ ဆိုင်တစ်ဆိုင်ပဲ။
ကျွန်မတို့က စာအုပ်ဆိုင်ရဲ့ အပေါ်ထပ်မှာ နေကြတယ်။ ဒါကြောင့် ကျွန်မက စာအုပ်ပုံကြားကနေ စာအုပ်အနံ့ခံရင်း ကြီးပြင်းလာခဲ့တယ်လို့ ဆိုနိုင်တယ်။ စာအုပ်ပုံ၊ စက္ကူပုံတွေ အကြားမှာ ရှိတတ်တဲ့ သွေ့ခြောက်တဲ့ လေထု ပတ်ဝန်းကျင်၊ နောက်ပြီး အသံမှန်သမျှကို စုတ်ယူထားတဲ့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မျိုးမှာပေါ့။
ကျွန်မရဲ့ ကိုယ်ခန္ဓာက အသန်မာကြီး မဟုတ်လေတော့၊ နောက်ပြီး အိမ်နီးနားချင်းက ကလေးတွေနဲ့ ကစားရတာမျိုးကို သဘောမကျလှတော့ ကျွန်မရဲ့ ကလေးဘဝ တစ်လျှောက်လုံးမှာ ဆိုင်ထဲက စာအုပ်တစ်အုပ်အုပ်ကို ယူပြီး ကျွန်မရဲ့ အခန်းထဲမှာပဲ စာဖတ်ရင်း ကုန်ဆုံးခဲ့တာ များတယ်။
ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်တော့ မြစ်ရေစီးကြောင်းကို လှမ်းမြင်နေရတယ်။
မြစ်ရေစီးကြောင်းက တကယ့်ကို ထူးဆန်းအံ့ဩဖို့ကောင်းတဲ့ အရာတစ်ခုပဲ။ ဘယ်အချိန် ဘယ်အခါပဲ ဖြစ်ဖြစ် လူကို ကြက်သီးမွေးညင်းထအောင် လုပ်နိုင်တဲ့ အစွမ်းသတ္တိတွေ ကိန်းအောင်းနေတယ်။ နေသာတဲ့ အချိန်မှာ မြစ်ရေဟာ တဝေါဝေါ စီးဆင်းနေပြီး နေရောင်ခြည်က မြစ်ကမ်းစပ်မှာ ကခုန်မြူးထူးနေတာကြောင့် ကမ်းစပ်ပေါ်က သစ်ပင်တွေက စိမ်းဖန့်ပြီး တောက်ပြောင်နေကြတယ်။ ဒါပေမယ့် ဘာကြောင့်ရယ် မသိဘူး။ ကျွန်မရဲ့ စိတ်ထဲမှာတော့ မြစ်ပြင်ဟာ နက်ရှိုင်းတဲ့၊ အမှောင်ဓာတ် စိုးမိုးနေတဲ့၊ ကြောက်လန့်စရာ ကောင်းတဲ့ တစ်စုံတစ်ရာနဲ့ ဆက်နွှယ်ပတ်သက်နေတယ်လို့ အမြဲတမ်း ခံစားနေရတယ်။
သို့ပေမယ့်လည်း တခြားမြို့တွေကို အလည်ရောက်သွားတဲ့ အခါမှာ မြို့ပြရှုခင်းရဲ့ တစ်ထောင့်တစ်နေရာမှာ မြစ်တစ်စင်းကိုတောင်မှ မမြင်မတွေ့ရဘူးဆိုရင် အဲဒီမြို့က ကျွန်မအတွက် နည်းနည်းကလေးတောင်မှ စိတ်ဝင်စားစရာ မကောင်းတော့သလိုပဲ။
ကျွန်မရဲ့ အေးဆေးငြိမ်သက်တဲ့ ပင်ကိုဗီဇ ဓာတ်ခံကြောင့် အပြောင်းအလဲများတဲ့ အရာဝတ္ထုတွေ ကြည့်ရတာကို သဘောကျ နှစ်ခြိုက်တာ ဖြစ်နိုင်လိမ့်မယ် ထင်တယ်။
အရွယ်ရောက်ပြီးတဲ့ နောက်မှာ ကျွန်မ ပါရီမြို့ကို သွားပြီး အဲဒီမှာ ပြင်သစ်စာကို နှစ်အနည်းငယ်လောက် သင်ယူခဲ့ဖူးတယ်။ ပထမ အကြောင်းအရင်းကတော့ ပြင်သစ်စာပေကို သဘောကျလို့ပါ။ ဘယ်လိုနည်းနဲ့မဆို မူရင်းစာအုပ်စာတမ်းတွေကို ကျွန်မ ဖတ်ကြည့်ချင်တယ်။ ဒုတိယ အကြောင်းကတော့ ပြင်သစ်စာပေကို နှစ်ခြိုက် သဘောကျပါလျက်နဲ့ ပါရီမြို့ကို မရောက်ဖူးဘူးဆိုရင် အတော် ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ကျွန်မ ခံစားမိနေတာကြောင့်ပါ။ အီတာလျှံစားသောက်ဆိုင် ဖွင့်ပြီး အီတလီမရောက်ဖူးတဲ့ လူလို ဖြစ်နေမှာပေါ့။ တကယ်တော့ အဲဒီလို လူမျိုးတွေက မတွေ့ချင်မှ အဆုံးပါလေ။
အဲဒီအချိန်ကာလအတွင်းမှာပဲ ကျွန်မ အကြောင်းအရာ တစ်ခုကို နားလည် သဘောပေါက်လာတယ်။ မြစ်ကမ်းနံဘေးမှာ ရှိတဲ့ မြို့တစ်မြို့မှာ ကျွန်မဟာ အလွယ်တကူပဲ နေသားတကျ ဖြစ်သွားတယ် ဆိုတဲ့ အချက်ပေါ့။
နောက်ပြီး ကော်ဖီဆိုင်ထဲမှာ ထိုင်ရင်း ဆိုင်ရှေ့က ဖြတ်သန်းသွားလာနေကြတဲ့ လူတွေကို ငေးမောကြည့်ရှုနေတဲ့ ကိစ္စဟာ မြစ်ရေစီးကြောင်းကို ငေးကြည့်နေရတာနဲ့ လုံးဝ အတူတူပဲ ဆိုတာကိုလည်း နားလည် သဘောပေါက်လာတယ်။
ဒါပေမယ့် အဲဒီအခြေအနေမျိုးက သမနိရှည်ကြာတဲ့ မြို့ဟောင်းတစ်မြို့ အတွင်းမှာပဲ ဖြစ်နိုင်လိမ့်မယ်။
အဆောက်အအုံတွေရဲ့ အရောင်အဆင်းနဲ့ ပုံသဏ္ဌာန်တွေက ရှေးကျပြီး ခြောက်ခြားစရာ ကောင်းလောက်အောင် ရှုပ်ထွေးဆန်းပြားနေမယ်။ ဒီခေတ် လူတွေက အဲဒီလို အဆောက်အအုံတွေ အရှေ့ကနေ ဖြတ်သန်းသွားလာနေမယ် ဆိုရင် အဲဒီမြင်ကွင်းက မြစ်ရေစီးကြောင်းနဲ့ ချွတ်စွပ်တူသွားတယ်။
ဒါနဲ့ ကျွန်မ သဘောပေါက်သွားတယ်။
မြစ်ရေစီးကြောင်းကို ကြောက်လန့်နေစေတဲ့ အကြောင်းအရင်းက ဘာလဲ ဆိုတော့ ကျောချမ်းချင်စရာ ကောင်းလောက်အောင် အကန့်အသတ်မဲ့ စီးဆင်းနေတဲ့ အချိန်စီးကြောင်းကြောင့်ပဲ။
အဲဒီလိုပဲ။ အလင်းနဲ့ ပတ်သက်တဲ့ ပြဿနာကိုလည်း ကျွန်မ တစ်ချိန်လုံး စဉ်းစားနေခဲ့ဖူးတယ်။
အားယားနေတာကြောင့်လည်း ပါမှာပေါ့။ ကျွန်မဟာ အကြောင်းအရာ တစ်ခုကို အဆက်မပြတ် သံသယဝင် ဒါမှမဟုတ် ဆင်ခြင်သုံးသပ် နေလေ့ရှိတယ်။ ဂျပန်မှာ အဲဒီလို လူမျိုးက အနည်းအကျဉ်းပဲ ရှိတာဆိုတော့ ကျွန်မက လူထူးလူဆန်းတစ်ယောက် ဖြစ်နေတာပေါ့။ ဒါပေမယ့် တိုင်းတစ်ပါးမှာ ပညာတော်သင် ထွက်လိုက်မှ အဲဒီလို လူမျိုးတွေက ဒုနဲ့ဒေးပါလား ဆိုတာကို ကျွန်မ သိလာရတယ်။ တကယ်လို့သာ ကိုယ့်ရဲ့ ထူးကဲတဲ့ အမြင်၊ တစ်မူထူးခြားတဲ့ ဂုဏ်သတ္တိကို ရှက်ရွံ့စရာအဖြစ် ချိုးနှိမ်ဖိနှိပ်မထားဘဲ ဆက်လက် ဆုပ်ကိုင်ပြီး အဖန်ဖန် သုံးသပ်ဆင်ခြင်သွားမယ် ဆိုရင် ဘဝဟာ အရင်ကထက် ပေါ့ပါးလွတ်လပ်ပြီး လွယ်ကူအေးဆေးလာလိမ့်မယ်။ ဒါကြောင့် အခုလို လုံးလုံးလျားလျား အသုံးမကျဘူးလို့ ယူဆနိုင်တဲ့ အတွေးတွေ အမျှင်မပြတ် ဖြစ်ပေါ်နေတဲ့အပေါ် ကျွန်မကိုယ်ကျွန်မ ရှက်ရွံ့စရာရယ်လို့ ယူဆမနေတော့ဘူး။
အဲဒီလို လုပ်လိုက်တဲ့အခါမှာ ကမ္ဘာလောကကြီးက အရင်လို မွန်းကျပ်မနေတော့ဘဲ နေရာတိုင်းမှာ ပန်းရောင်သန်းပြီး ပွင့်လန်းကြည်လင်လာတယ်။
ကျွန်မ ပုံမှန် နေနေတဲ့ ကမ္ဘာလောကကြီးက ပန်းရောင်ပဲ။ ကြီးမားကျယ်ပြန့်တဲ့ နေရာလွတ်နဲ့ ထုထည်ပမာဏ ရှိတယ်။ နောက်ပြီး စိတ်လိုလက်ရ ရှုရှိုက်နေနိုင်တဲ့ လေကောင်းလေသန့်လည်း ရှိတယ်။ ရှုပ်ထွေးများပြားတဲ့ အရာဝတ္ထုတွေဟာ မူးနောက်စေလောက်တဲ့ အမြန်နှုန်းနဲ့ ပိတ်ချည်ဖွင့်ချည် လုပ်နေကြတယ်။
တခြားလူတွေနဲ့သာ ပေါင်းသင်းဆက်ဆံမိရင် ကမ္ဘာကြီးက အနည်းအကျဉ်း ကျုံ့ဝင်သွားတတ်တယ်။ ဒါပေမယ့် ကျွန်မရဲ့ ကိုယ်ပိုင်ကမ္ဘာထဲကိုသာ ပြန်ပြေးဝင်လိုက်ရင် ဘာပြဿနာမှ မရှိနိုင်တော့ဘူး။ ဒါကြောင့် အဲဒီအတွက် ဘာမှ စိတ်အနှောင့်အယှက် မဖြစ်မိပါဘူး။
အဲဒီလိုနဲ့ ကျွန်မ စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မနဲ့ သဟဇာတဖြစ်တဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီပေါ့။
ကလေးဘဝက ကျွန်မ ဖတ်ခဲ့ဖူးတဲ့ ရုပ်ပြစာအုပ်တွေထဲမှာ ဆိုရင် အဝေးတစ်နေရာမှာ မြင်နေရတဲ့ အလင်းရောင်တွေဟာ နွေးထွေးတဲ့ နိမိတ်လက္ခဏာကို အမြဲ ဆောင်နေကြတယ်။
ဥပမာ ဆိုပါတော့။ တောတောင်တွေထဲမှာ လမ်းပျောက်နေတုန်း လှမ်းမြင်လိုက်ရတဲ့ မီးရောင်၊ တစ်ယောက်တည်း လေလွင့်နေတဲ့ အချိန်မှာ သူစိမ်းအိမ် တစ်အိမ်အိမ်က ထွက်ပေါ်လာတဲ့ မီးရောင်နဲ့ လူသံတွေကြောင့် အိမ်လွမ်းစိတ်ကို ရုတ်တရက် ခံစားလိုက်ရတာမျိုး။
မီးရောင်တွေ ပေါ်လာပြီး အရာရာဟာ ကြောက်စရာ ထိတ်စရာကောင်းတဲ့ အဆိုးဘက်ကို ဦးတည်သွားတတ်တဲ့ ဇာတ်လမ်းပုံပြင်တွေလည်း အများကြီး ရှိသေးတာ အမှန်ပဲ။ ဒါပေမယ့် မှောင်ကြီးမဲကြီးထဲမှာ အလင်းတစ်စကို လှမ်းမြင်လိုက်ရတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကတော့ အမြဲတမ်း တထေရာတည်းပဲ။ အလင်းရောင်ဟာ လူသူမရွေး လက်ခံထားတဲ့ ထာဝရ တည်ရှိနေတဲ့ နွေးထွေးမှုပဲ။
အလင်းရောင်နဲ့ ပတ်သက်ပြီး ကျွန်မမှာ ရှုပ်ထွေးဆန်းပြားတဲ့ အမှတ်ရစရာတွေ ရှိနေတယ်။
ငယ်ငယ်တုန်းက ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ပဲ ရှိခဲ့ဖူးတယ်။ သူက ယောက်ျားလေး ဖြစ်နေတော့ ကျွန်မရဲ့ ငယ်ချစ်ဦးလို့လည်း ပြောရင် မှားနိုင်လိမ့်မယ် မထင်ဘူး။
သူ့နာမည်က ‘မာကိုတို’ တဲ့။ အင်မတန်မှ အေးဆေးတည်ငြိမ်တယ်။ အပြောအဆို အနေအထိုင်က ဣန္ဒြေရတယ်။ လူကတော့ ခပ်ပျော့ပျော့ရယ်။ သူ့အိမ်က ‘ဝါဂါရှိ’ လို ဂျပန်ရိုးရာ သွားရည်စာရောင်းတဲ့ ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ သူ့မှာ သူ့ထက် အသက် ဆယ့်နှစ်နှစ်ကြီးတဲ့ အစ်မတစ်ယောက် ရှိတယ်။ သွက်လက်ချက်ချာပြီး ဖော်ဖော်ရွေရွေ ရှိတယ်။ အဲဒီအစ်မက ဂျပန်သွားရည်စာတွေအပေါ် စိတ်ဝင်တစား ရှိတာဆိုတော့ မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းကို တစ်ချိန်ကျရင် ဦးစီးဦးဆောင် လုပ်ဖို့ ဆုံးဖြတ်ချက် ချထားတယ်။ ဒါကြောင့် မာကိုတိုက သူ့အိမ်မှာ လူပိုတစ်ယောက်လို ဖြစ်နေတော့တာပေါ့။ သူ့က အိမ်မှာ အငယ်ဆုံး ကလေးလည်း ဖြစ်နေတာ ဆိုတော့ သူ့ကို ပါးစပ်ထဲ ငုံထားမတတ် ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ထားတယ်။ ဒီတော့ နူးညံ့တဲ့ သဘာဝ၊ နှစ်လိုဖွယ် ကောင်းတဲ့ သဘာဝက ပိုပြီး ထင်ရှားလာတော့တာပေါ့။
ကျွန်မ အတိအကျတော့ နားမလည်ပါဘူး။ ဒါပေမယ့် မာကိုတိုဟာ သူ့အဖေရဲ့ အပျော်မယားက မွေးတဲ့ကလေးလို့ ပြောကြတယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာအရ သားယောက်ျားလေး တစ်ယောက်ကို အပြင်မှာ ပစ်မထားသင့်ဘူးလို့ ယူဆတာကြောင့် ငွေကုန်ကြေးကျခံပြီး သူ့ကို မိသားစုထဲ ခေါ်သွင်းထားကြတယ်။
မာကိုတိုအနေနဲ့ အဲဒီမိသားစုထဲမှာ ဘယ်လောက် စိတ်ကျဉ်းကျပ်နေမလဲ ဆိုတာကို ကျွန်မ တွေးဆကြည့်နိုင်ပါတယ်။ ဒါပေမယ့် မာကိုတိုရဲ့ အဖေပဲ ဖြစ်ဖြစ်၊ မွေးစားအမေပဲ ဖြစ်ဖြစ်၊ သူတို့အားလုံးရဲ့ စိတ်ထားတွေက နူးညံ့ဖြူစင်ကြပါတယ်။ သူ့ကို ဘယ်သူကမှ အထင်သေး အမြင်သေးတဲ့ မျက်လုံးတွေနဲ့ မကြည့်တတ်ကြဘူး။ မာကိုတိုဟာ တခြားသော ညီအစ်ကိုမောင်နှမတွေနဲ့ တန်းတူ အခွင့်အရေး ရတယ်။ တန်းတူ ချစ်ခံရတယ်။ သူက အိမ်မွေးတိရစ္ဆာန် တစ်ကောင်လို သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေအားလုံးရဲ့ နှလုံးသားကို နွေးထွေးစေပြီး အားလုံးကို ပူးကပ်သွားအောင် လုပ်ဆောင်နိုင်တယ်။
ကျွန်မအထင် ပြောရရင် အဓိက အကျဆုံး အကြောင်းအရင်းကတော့ မာကိုတိုဟာ အင်မတိ အင်မတန် ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်နေလို့ပဲ ဖြစ်ရမယ်။
နတ်သားလေးတစ်ပါးလို နူးညံ့ဖြူစင်တဲ့ ပုံပန်းသဏ္ဌာန်ရယ်၊ ချိုသာညွတ်ပျောင်းတဲ့ ပင်ကိုစရိုက်ရယ်ကြောင့် သူ့ကို မုန်းနိုင်တဲ့သူ ဒီလောကမှာ ရှိနိုင်မယ် မထင်ဘူး။
ဥပမာဆိုပါစို့။ တစ်ယောက်ယောက်ကများ တဖြန်းဖြန်းနဲ့ ပိုးဟပ်ကို ရိုက်နေပြီ ဆိုရင် မာကိုတိုဟာ မျက်ရည်လဲ့နေတဲ့ မျက်ဝန်းတွေနဲ့ အဲဒီလူကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတတ်တယ်။ ပြီးတော့ အရွယ်နဲ့ မလိုက်တဲ့ စကားမျိုးတွေ သူ့ပါးစပ်ကနေ ထွက်ကျလာတတ်တယ်။ “စောစောတုန်းက ကျွန်တော်ရဲ့ အသက်နဲ့ အဲဒီပိုးဟပ်ရဲ့ အသက်ကို လဲလှယ်ခံထားရသလို ခံစားနေရတယ်”
သူ့အမေက ကျွန်မရဲ့ အမေကို အမြဲတမ်း ပြောပြတတ်တယ်။ “အဲဒီကလေးက ပါရမီဓာတ်ခံကောင်းတယ်။ တကယ်လို့သာ တောထွက်ပြီး တရားကျင့်မယ်ဆိုရင် ကျန်းမာသန်စွမ်းလာပြီး တရားတွေ ဘာတွေတောင် ပေါက်ချင် ပေါက်သွားနိုင်တယ်။ ဒီကလေး အရွယ်ရောက်လာရင်တော့ သူသာ ဆန္ဒရှိမယ်ဆိုရင် ဘုန်းကြီးကျောင်းကို ပို့ပေးရမယ်”
ပန်းခြံထဲမှာ မြက်တွေ ကူနုတ်ပေးရင်လည်း မာကိုတိုက ဂရုတစိုက်နဲ့ မြက်ကို အမြစ်ကနေ ပါအောင် ဆွဲနုတ်လေ့ရှိတယ်။ ဒါကြောင့် မာကိုတိုရဲ့ လက်နဲ့ ထိတွေ့ကိုင်တွယ်ထားတဲ့ အရာတွေဆိုရင် နတ်ပြည်အလား ထင်မှားရလောက်အောင် ထူးထူးခြားခြားကို သန့်ရှင်းတောက်ပြောင်နေတယ်။ အရာရာဟာ အဲဒီနေရာမှာ နေသားတကျ သက်တောင့်သက်သာ ရှိနေကြသလိုပဲ။ ဘာနဲ့ တူသလဲ ဆိုတော့ လူသားနဲ့ သဘာဝလောက နှစ်ခုပေါင်းပြီး အလှဆင်ထားတဲ့ နေရာတစ်ခုလို အသက်ဝင်ပြီး ဆွဲဆောင်မှု ရှိနေတယ်။
ကျွန်မတို့ နှစ်ယောက် အချိန်ကို ဘယ်ပုံဘယ်နည်းနဲ့ အတူတကွ ဖြတ်သန်းခဲ့ကြသလဲ ဆိုတော့ ကျွန်မတို့ရဲ့ ခင်မင်မှုသက်တမ်း တစ်လျှောက်လုံးမှာ များသောအားဖြင့် ကျွန်မဟာ အိမ်ကနေ စာအုပ်တွေနဲ့ ရုပ်ပြကာတွန်းတွေကို ယူပြီး မာကိုတို့အိမ်ကို သွားလည်လေ့ရှိတယ်။
နောက်ပြီး ကျွန်မတို့ လက်ချင်းတွဲပြီး မြစ်ကမ်းနံဘေးကို လမ်းလျှောက်ထွက်ကြတယ်။ စကားများတာ၊ ရန်ဖြစ်တာမျိုး တစ်ခါသားမှ မရှိခဲ့ဖူးဘူး။ သီချင်းလည်း အတူတူ မဆိုဖူးဘူး။ ကျွန်မတို့ လမ်းလျှောက်ကြရုံ သက်သက်ပဲ။
ချွေးစို့နေတဲ့ မာကိုတိုရဲ့ လက်ဟာ ကျွန်မရဲ့ လက်ဖဝါးထဲမှာ ဘယ်အချိန်မဆို သေးသေးလေး၊ ပျော့စိစိလေး၊ ချောကျိကျိလေးရယ်။
ဘာကြောင့်ရယ်တော့ မပြောတတ်ဘူး။ ကျွန်မရဲ့ ရင်ထဲမှာ ‘သူ့ကို ကောင်းကောင်း စောင့်ရှောက်ရမယ်’ ဆိုတဲ့ ခံစားချက်မျိုး အမြဲ ဖြစ်ပေါ်နေတတ်တယ်။
“ငါ နင့်ကိုယ်ထဲမှာ ဝိုင်းစက်ပြီး အင်မတန် လှတဲ့ အရာတစ်ခုကို တွေ့နေရတယ်။ ဒါပေမယ့် အတော်လေး အဖော်မဲ့နေတယ်။ ပိုးစုန်းကြူးလေး တစ်ကောင်လိုပဲ”
မာကိုတိုက ကျွန်မကို တစ်ခါက အဲဒီလို ပြောခဲ့ဖူးတယ်။
“အမြဲတမ်း ရှိနေတာလား”
ကျွန်မ မေးလိုက်တယ်။
“မဟုတ်ဘူး။ တိတ်ဆိတ်တဲ့ အချိန်မျိုးမှ မြင်ရတာ။ ကြည့်ရတာ ငါတော့ သဘောကျတယ်”
ကျွန်မ အနည်းအကျဉ်းတော့ စိတ်အားငယ်သွားတယ်။ ဘာဖြစ်လို့ ကျွန်မကို ချစ်စရာကောင်းတယ်လို့ မပြောရတာပါလိမ့်။ ဒါပေမယ့် ကျွန်မအတွက်ကတော့ သူပြောခဲ့တဲ့ စကားက ချစ်ရေးဆို ခံလိုက်ရတဲ့အလား ကျွန်မ သဘောကျ နှစ်ခြိုက်နေမိတယ်။
မာကိုတိုရဲ့ သူမတူတဲ့ မျက်ခုံးမွေးထူထူကြီး နှစ်ဘက်က လှပထူထဲတဲ့ မျဉ်းတစ်ကြောင်းအဖြစ် မကြာမကြာ ပြောင်းလဲသွားတတ်တယ်။ နောက်ပြီး သူ့ရဲ့ အရောင်တလဲ့လဲ့ ထွက်နေတတ်တဲ့ ကြည်မြတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ ကျွန်မကို စိတ်လိုလက်ရ စိုက်ကြည့်နေတတ်ပြန်တယ်။ သူက ကျွန်မရဲ့ ခန္ဓာထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်ရဲ့ အရောင်အလင်းလို အရာမျိုးကို စိုက်ကြည့်နေခဲ့တာပဲလို့ ကျွန်မ နောက်မှ သိလာရတယ်။
အဲဒီလိုဆိုတော့ ကျွန်မဟာ လူတစ်ဦးတစ်ယောက်ရဲ့ စောင့်ရှောက်မှု ကွန်ရက်ကို ရောက်နေရပါလားဆိုတဲ့ ခံစားချက်မျိုးကို ရရှိလာတယ်။ စိတ်ပူပန်မှုတွေ၊ စိတ်သောကတွေ အားလုံး အဝေးကို လွင့်စင်သွားကြသလိုပဲ။ ဥပမာ ပြောရရင် ပြန်ပေးဆွဲခံရမှာကို စိတ်ပူနေတာတို့၊ အိမ်စာ မပြီးမှာကို စိုးရိမ်တာမျိုးတို့၊ နောက်ပြီး အဖေအမေတို့ ရန်သတ်နေကြလို့ ကွာရှင်းသွားကြရင် ဘယ်နှယ့်လုပ်မလဲ ဆိုတာမျိုး၊ စသဖြင့်ပေါ့။
အားကောင်းပြီး တောင်ပရွှန်းစိုနေတဲ့ ပန်းဆီရောင် အလင်းတန်းက ကျွန်မကို ကာကွယ်ပေးထားတယ်။
အတော်လေး ကြာလာမှ ကျွန်မ သဘောပေါက်လာခဲ့တယ်။ အဲဒါဟာ ကျွန်မရဲ့ ကိုယ်ပေါ်က ထွက်နေတဲ့ အလင်းရောင်ပဲ။ မာကိုတိုက အဲဒီ အလင်းရောင်ကို သဘောကျနေခဲ့တာ။ ကျွန်မအတွက် အဲဒါကို အမြဲတမ်း စောင့်ရှောက်ကာကွယ်ပေးခဲ့နေတာ။
မာကိုတိုရဲ့ အိမ်ရှေ့ကနေ ဖြတ်သွားရတဲ့ အခါမှာ သူ့ရဲ့ ကြီးမားခန့်ထည်တဲ့ အိမ်ကြီးကို လှမ်းကြည့်မိတတ်တယ်။ ပြတင်းတံခါး အချပ်စီတိုင်းမှာသာ မီးအလင်းရောင်ကို တွေ့ရနေတယ် ဆိုရင် ကျွန်မရင်ထဲ စိတ်အေးသက်သာသွားတယ်။
အဲဒီအိမ်ကြီးထဲမှာ ရှေးကျတဲ့၊ မြဲမြံခိုင်ခန့်တဲ့၊ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြတဲ့ မိသားစုကြီးတစ်စု ရှိတယ်။ မိသားစုဝင်တွေသာ အလျှိုလျှို ပြောင်းလဲသွားကြပေမယ့် ဘယ်တော့မှ မပြောင်းလဲတဲ့ အရာကတော့ ရှိနေဆဲပဲ။
အဲဒီမိသားစုကြီးမှာ အလုပ်များနေကြတဲ့ မုန့်ဖုတ်ဆရာတွေ အများအပြား ရှိတယ်။ လက်ဖက်ရည်ပွဲတော်နဲ့ အမျိုးသားပွဲတော်ရက်တွေမှာ ဆိုရင် အမြဲတမ်း လက်မလည်အောင် အလုပ်ရှုပ်နေတတ်ကြတယ်။ အဖေလုပ်တဲ့သူက တစ်ခါတလေ စည်းဖောက်ပြီး အပြင်မှာ ကီပင်လေးတွေ ထားလို့ မာကိုတိုလို သားသမီးမျိုးကို အပြင်မှာ မွေးခဲ့တာမျိုး ရှိတတ်ပေမယ့် အဲဒီ မိသားစုကြီးမှာ အရာအားလုံးကို ခွင့်လွှတ်ပြီး ဖြစ်ခဲ့သမျှကို သင်ပုန်းချေနိုင်တဲ့ စွမ်းအင်ကြီးတစ်ခု ပိုင်ဆိုင်ထားကြတယ်။ သူတို့ဆီမှာ အဘိုးအဘွားတွေ ရှိတယ်။ မိဘတွေ ရှိတယ်။ ပြီးတော့ ကလေးတွေ ရှိတယ်။ အဲဒီမီးရောင်တွေထဲမှာ အဲဒီမိသားစုကြီးဟာ ဘယ်လိုနည်းနဲ့မဆို စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲနေဦးမှာပဲ။
ကျွန်မ အဲဒီလို ခံစားနေရတယ်။
ကျွန်မတို့ အိမ်မှာတော့ အဖေအမေရယ်၊ ကျွန်မရယ်၊ သုံးယောက်ပဲ ရှိတယ်။ နောက်ပြီး အဖေရော အမေရောက တခြားဒေသကနေ ဒီကို ပြောင်းရွှေ့လာကြတာ ဆိုတော့ အနီးနား ပတ်ဝန်းကျင်မှာ ဆွေမျိုးသားချင်းရယ်လို့ တစ်ယောက်မှ မရှိဘူး။ ဒါကြောင့် သက်ရှိဇီဝအဖွဲ့အစည်းကြီး တစ်ခုလို လုပ်ဆောင်နေတဲ့ မိသားစုကြီးတစ်ခုဟာ ကျွန်မရဲ့ အမြင်မှာတော့ ခွက်ဝင်နေတဲ့ အစိတ်အပိုင်း ရှိရင် ဖောင်းထွက်နေတဲ့ အစိတ်အပိုင်းမျိုး မဖြစ်မနေ ရှိတတ်စမြဲမို့ အင်မတန်မှ ကျစ်လစ်ခိုင်ခံ့တယ်လို့ ယူဆမိတယ်။
တစ်ခါတလေ စာအုပ်ဆိုင် ပိတ်ပြီးတဲ့နောက် သုံးယောက်သား ထမင်းလက်ဆုံ စားကြတဲ့အချိန်မှာ စားပွဲနံဘေး လူသုံးယောက်ပဲ ရှိလို့၊ မိသားစုဝင် နည်းလွန်းအားကြီးလို့ ကျွန်မ အားမလို အားမရ ဖြစ်နေတတ်တယ်။ အဖေသာ ကင်ဆာဖြစ်ရင် ဘယ်လို လုပ်ပါ့မလဲ။ အလုပ်ပင်ပန်းလွန်း အားကြီးလို့ အမေ ဒေါင်းသွားရင် ဘယ်နှယ့်လုပ်မလဲ။ အဲဒီလိုသာ ဆိုရင်တော့ မျက်မှောက်ဘဝမှာ ခံစားနေရတဲ့ ပျော်ရွှင်မှုတွေ … တီဗီက ထွက်တဲ့ အသံ၊ ပန်းကန်ခွက်ယောက်တွေ ထိခတ်လို့ မြည်တဲ့ အသံ၊ တိတ်ဆိတ်နေတဲ့ လေထုထဲကနေ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်တဲ့ စကားပြောသံ၊ ဒါတွေအားလုံး ပျောက်ဆုံးကုန်တော့မှာပဲ။ ဒါတွေအားလုံးက အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ကျွန်မ ခံစားနေရတယ်။ ဖြစ်ဖို့ လွယ်လွယ်လေးပဲဥစ္စာ။
မာကိုတိုရဲ့ အဘေး ဆုံးတဲ့ အချိန်တုန်းကဆိုရင် သူ့ရဲ့ နံဘေးမှာ ဝန်းရံနေကြတဲ့ ဆွေမျိုးသားချင်းတွေမှ နည်းတာ မဟုတ်ဘူး။ မာကိုတိုရဲ့ မိဘတွေ ခရီးလွန်ပြီး အိမ်မပြန်နိုင်တဲ့ အချိန်မျိုးမှာတောင်မှ အိမ်စေတွေက မီးတွေကို ထိန်ထိန်လင်းအောင် ထွန်းမြဲ ထွန်းပေးကြတယ်။ အစားအသောက်တွေကို ပြင်ဆင်မြဲ ပြင်ဆင်ပေးကြတယ်။
ဒါပေမယ့် ကျွန်မအိမ်မှာတော့ ကျွန်မတို့ သုံးယောက်တည်းရယ်။ အလွယ်တကူ ကျိုးကြေပျက်စီးသွားနိုင်တယ်လို့ ကျွန်မ တွေးနေမိတယ်။
သို့ပေမယ့် မာကိုတိုကတော့ အဲဒီလို ယူဆပုံ မရဘူး။
“ဒီနေ့ ငါ နင့်အိမ်ကို လာခဲ့မယ်”
ဖုန်းထဲကနေ သူ အဲဒီလို ပြောတာ ကြားရတိုင်း ကျွန်မ အခုလို ပြန်မေးတတ်တယ်။ “ဘာဖြစ်လို့လဲ။ နင့်အိမ်မှာက ပိုပြီး ကျယ်တယ်လေဟာ။ နောက်ပြီး မုန့်ကောင်းကောင်းက နင့်ဆီမှာပဲ ရှိတာ”
အဲဒီလို ဆိုရင် မာကိုတိုက အခုလို ပြန်ဖြေတယ်။ “မသိဘူး။ နင့်အိမ်မှာ နေရတာ ပိုပြီး လွတ်လပ်သလိုပဲ”
ကျွန်မ ငယ်ငယ်တုန်းက အမြဲလိုလို တွေးနေတတ်တယ်။ တစ်ညနေလုံး ကျွန်မရဲ့ အိမ်မှာ နေပြီး ကျဉ်းလည်းကျဉ်း၊ ညစ်လည်း ညစ်ပတ်တဲ့ အခန်းလေးထဲမှာ စာအုပ်အတူတူ ဖတ်ရင်း ကျွန်မအမေလုပ်ထားတဲ့ မာလည်းမာ စားရလည်းခက်တဲ့ မုန့်တွေကို စားနေရတာ ဘာများ လွတ်လပ်ပေါ့ပါးနေစရာ ရှိသလဲပေါ့။
ငယ်ရွယ်ပြီး လူ့လောကရဲ့ ဒုက္ခသုက္ခတွေကို နားမလည်သေးတဲ့ ကျွန်မအတွက်တော့ မာကိုတိုတို့ မိသားစုရဲ့ ပွေလီဆန်းပြားမှုတွေကို အဓိပ္ပာယ်ကောက်တတ်ဖို့ အရည်အချင်း မပြည့်မီသေးဘူးလေ။
ငွေကြေးဥစ္စာနဲ့ ပြည့်စုံလာတဲ့အခါမှာ သွေးအေးလာကြတယ်။ ဟိတ်ဟန်များလာတယ်။ ငွေသာလျှင် ပဓာန ဖြစ်လာတယ်။ … ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေမှာ တွေ့မြင်ရတတ်တဲ့ အဲဒီလို သွင်ပြင်လက္ခဏာမျိုးကို မာကိုတိုရဲ့ မိသားစုဝင်တွေမှာ မတွေ့ရတတ်ပါဘူး။ တကယ်လို့သာ သူတို့ဆီမှာ အဲဒီလို စရိုက်လက္ခဏာမျိုးတွေ ရှိနေမယ် ဆိုရင် အကင်းပါးတဲ့ ကျွန်မအတွက်တော့ လုံးဝ မရိပ်စားမိဘဲ နေမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် သူတို့အိမ်မှာတော့ ချစ်မေတ္တာနဲ့ ပြည့်လျှမ်းနေတဲ့ မိသားစုကြီးတစ်ခုမှာသာ ရှိနေတတ်တဲ့ ချစ်ခြင်းမေတ္တာတွေကို နက်နက်ရှိုင်းရှိုင်း ခံစားနေရတယ်။
အဲဒီလို ဆိုပေမယ့်လည်း မာကိုတိုရဲ့ အိမ်မှာ ဆန်းကြယ်တဲ့ မှောင်ရိပ်တစ်ခုက အမှန်တကယ်ပဲ သူတို့ရဲ့ ကိုယ်ပေါ်မှာ လွှမ်းမိုးဖြာကျလို့နေတယ်။ အဲဒါကတော့ မိသားစုပိုင် စီးပွားရေးလုပ်ငန်းကြီးကနေ သန္ဓေတည် ပေါက်ဖွားလာတယ်လို့ ဆိုရမှာပဲ။
ကျွန်မတို့ရဲ့ မိသားစုမှာကတော့ အင်မတန် ရိုးရှင်းပါတယ်။ အသက်မွေးတဲ့ လုပ်ငန်းကလည်း ရိုးရှင်းတယ်လေ။ အဲဒီခံစားချက်က မာကိုတိုအတွက်တော့ ဘယ်လောက်တောင် လုံခြုံလိုက်မလဲ။ ကျွန်မ အခုချိန် ပြန်တွေးကြည့်မိတော့ သူ့အစား မျက်ရည်များတောင် လည်လာမိတယ်။
ရံဖန်ရံခါ တိမ်ကင်းစင်တဲ့ ညတွေမှာ ကြယ်တာရာတွေ စုံစုံညီညီနဲ့ ပြိုးပြိုးပြက်ပြက် ရှိနေကြပြီဆိုရင် အိမ်တွေ အိမ်တွေမှာ ထွန်းထားတဲ့ မီးရောင်တွေကို ငေးကြည့်ရင်း မာကိုတို ပြောခဲ့ဖူးတဲ့ စကားကို ကြားယောင်လာလို့ ကျွန်မရဲ့ မျက်ရည်တွေ ဖြိုင်ဖြိုင် စီးကျခဲ့ရတယ်။
“ညအချိန် အိမ်ပြန်ဖို့ နင့်အိမ် လှေကားကနေ ဆင်းသွားတဲ့အခါမှာ နင့်အဖေက စာအုပ်ဆိုင်ထဲမှာပဲ အမြဲတမ်း ရှိနေတတ်တယ်။ ဧည့်သည်တွေလည်း တစ်ယောက်စ နှစ်ယောက်စ ရှိနေတတ်သေးတယ်။ စာအုပ်ရဲ့ မွှေးပျပျ အနံ့ကလေးကို ရနေသေးတယ်။ အဲဒီအရာတွေက ဘယ်တုန်းကမှ ပြောင်းလဲမသွားခဲ့ဘူး။ နောက်ပြီး ဝါထိန်နေတဲ့ မီးရောင်က မီးဖိုချောင်ရဲ့ ပြတင်းပေါက်မှာ လင်းလက်နေတယ်။ နင့်အမေ ညစာပြင်ဆင်နေတဲ့ အသံဗလံတွေကိုလည်း ကြားနေရတယ်။ ငါ အိမ်ပြန်တဲ့အခါတိုင်း အဲဒီလို မြင်ကွင်းတွေ မြင်တွေ့ရတာကို ငါ အရမ်း သဘောကျတာပဲ”
မာကိုတိုနဲ့ တွေ့တဲ့ နောက်ဆုံးညက သူ အိမ်မပြန်ချင်ဘူး ဖြစ်နေတယ်။
သူ့ကို ဘယ်လိုမှ အိမ်ပြန်ခိုင်းလို့ မရတာကြောင့် ကျွန်မအမေက သူ့အိမ်ကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ်။ သူ့ကို ကျွန်မအိမ်မှာ ညအိပ်ခွင့် ပြုဖို့ပေါ့။ အိမ်ကို အချိန်မှန် ပြန်တတ်တဲ့ မာကိုတိုအတွက်တော့ အခုအခြေအနေက အင်မတိ အင်မတန်မှ ထူးခြားလွန်းနေတယ်။
ကျွန်မရဲ့ အဖေက ခေတ်ဟောင်းစာပေနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတချို့ကို ပုံနှိပ်ထုတ်ဝေဖူးတယ်။ တစ်ခါတလေမှာလည်း တက္ကသိုလ်တွေ သွားပြီး ဟောပြောပွဲတွေ လုပ်ပေးရတတ်တယ်။ အဲဒါကြောင့် ထင်ပါတယ်။ မာကိုတိုရဲ့ မိသားစုဝင်တွေက သူတို့ရဲ့ ‘ပေါင်းသင်းဆက်ဆံရေး စည်းမျဉ်း’ တွေကို လျစ်လျူရှုပြီး ခြွင်းချက်အဖြစ်နဲ့ ကျွန်မတို့မိသားစုကို ဖော်ဖော်ရွေရွေ ဆက်ဆံလေ့ရှိတယ်။
ဒါပေမယ့် အဲဒီနေ့ကတော့ တစ်မျိုး။ နောက်တစ်နေ့ သူတို့အိမ်မှာ မိတ်ဆုံစားပွဲရှိလို့ ဆွေးမျိုးသားချင်းတွေ အများကြီး ရောက်လာကြမှာမို့ မာကိုတိုကို မဖြစ်မနေ အိမ်ပြန်ခဲ့ရမယ်လို့ သူတို့က တောင်းဆိုလာကြတယ်။ သူ့ကို လာခေါ်ဖို့ အိမ်စေတစ်ယောက်ကို သူတို့ လွှတ်လိုက်ကြတယ်။
အိမ်စေ ရောက်မလာခင် နာရီဝက်လောက် အလိုမှာ ဘာတွေ ဖြစ်ပျက်နေခဲ့သလဲ ဆိုတာကို ဘာသာစကားနဲ့ ကျွန်မ ဘယ်လို ဖော်ပြရပါ့မလဲ။
မာကိုတိုက သူ့မျက်နှာကို ကျွန်မရဲ့ လက်တွေထဲမှာ နှစ်မြှုပ်ထားတယ်။ စာအုပ်ကတော့ သူ့ပေါင်ပေါ်မှာ ဖွင့်လျက်သား ရှိနေဆဲပဲ။ အဲဒီလို မလှုပ်မယှက်နဲ့ မျက်နှာကို တစ်ချိန်လုံး ဝှက်ထားတယ်။ သူ ငိုနေတာတော့ မဟုတ်ဘူး။ ခွေးကလေး တစ်ကောင်လို ကျွန်မရဲ့ ကိုယ်မှာ ပူးကပ်ခိုးအောင်းနေတယ်။ တိတ်ဆိတ်ပြီး စိုစွတ်တဲ့ သူ့ရဲ့ ထွက်သက်တွေက ကျွန်မရဲ့ အင်္ကျီကို နွေးထွေးလာစေတယ်။
“ငါ မပြန်ချင်ဘူး။ ငါ ကြောက်တယ်” သူက ပြောတယ်။
သူ့ရဲ့ နူးညံ့ပျော့ပျောင်းတဲ့ ဆံပင်တွေကို ကျွန်မ ပွတ်သပ်ပေးနေရင်း ဘာမှ မဖြစ်နိုင်ပါဘူးလို့ ထပ်ခါထပ်ခါ ပြောနေမိတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်လေထုက ကျွန်မတို့အပေါ် သိပ်သည်းဖိစီးလာတာကို ကျွန်မ ရှင်းရှင်းပြတ်ပြတ် ခံစားနေရတယ်။ အန္တရာယ်တစ်ခုခုက ပြတင်းပေါက်ကနေ ချောင်းကြည့်နေသလိုမျိုး။ ကမ္ဘာမြေရဲ့ အလင်းရောင်၊ ပုစဉ်းအတောင်ပံရဲ့ ထွင်းဖောက်မြင်နိုင်မှု၊ ဝါဂါရှိမုန့်တွေက ညွှန်းဆိုနေကြတဲ့ ရာသီစုံအလှ၊ မြစ်ကမ်းနဖူးပေါ်က ချယ်ရီပန်းတွေရဲ့ စိုရွှန်းတဲ့ ပန်းနုရောင်၊ အရသာပြည့်ဝတဲ့ အစားအစာကို စားရခါနီးမှာ ဖြစ်ပေါ်လာတဲ့ အာသာဆန္ဒ၊ အပျော်ခရီးမထွက်ခင် ဖြစ်ပေါ်တတ်တဲ့ မြူးကြွပျော်ရွှင်မှု၊ စတဲ့ စတဲ့ ကောင်းပေ့ဆိုတဲ့ အရာတွေဟာ ကျွန်မတို့ နှစ်ယောက်ဆီကနေ အဝေးကို တဖြည်းဖြည်း လွင့်စင်ထွက်ခွာသွားနေကြတယ်လို့ ကျွန်မ ခံစားနေရတယ်။ အဲဒီညအတွက် အရုဏ်ဆိုတာ ရောက်လာနိုင်စရာ မရှိတော့ဘူး။
“တစ်နေ့ကျရင် ငါတို့ မင်္ဂလာဆောင်ကြရအောင်။ ဒါဆို ငါတို့ ဘယ်တော့မှ ခွဲနေစရာ မလိုတော့ဘူး”
အိမ်ထောင်ပြုခြင်းဟာ ဖွဲ့နှောင် ယှက်ချည်ထားတတ်တဲ့ သဘောသဘာဝ ရှိကြောင်းကို ကျွန်မ အဲဒီအရွယ်ကတည်းက သိနေခဲ့တယ်။ ဒါကြောင့်လည်း တကျက်ကျက် ရန်ဖြစ်တတ်ကြတဲ့ ကျွန်မရဲ့ မိဘတွေအတွက် ဦးနှောက်ခြောက်စရာ ဖြစ်နေရတာပေါ့။ ဒါကြောင့်လည်း မာကိုတိုရဲ့ အဖေက အိမ်ပြင်မှာ အငယ်အနှောင်း ရှိနေခဲ့တာတောင်မှ သူတို့လင်မယားက မကွာမရှင်းဘဲ တည်မြဲနေခဲ့တာပေါ့။ သူတို့ရဲ့ မိသားစုကြီး တစ်ခုလုံးက ဒုံရင်းဒုံရင်းပဲ ဆက်လက် လည်ပတ်နေတယ်လေ။ အဲဒီအကြောင်းအချက်တွေကို ကျွန်မ သိထားလေတော့ အဲဒါကို ကောင်းကွက်တစ်ကွက်ရယ်လို့ ကျွန်မက ယုံကြည်သတ်မှတ်ထားတယ်။ မာကိုတိုနဲ့ ကျွန်မကို ဖွဲ့နှောင်ထားနိုင်မယ့် လက်နက်အဖြစ် ကျွန်မ မှတ်ယူထားတယ်။ ဒါကြောင့် ကျွန်မ အဲဒီလို စကားမျိုး ပြောထွက်ခဲ့တာပဲ။
မာကိုတိုက ပြုံးစိစိ လုပ်နေပြီး သူကများတောင် ရှက်နေလိုက်သေးတယ်။ “အဲဒီလိုသာဆိုရင်တော့ အရမ်း ပျော်စရာကောင်းမှာပဲ။ ငါတို့ အမြဲတမ်း အတူတူ နေနိုင်ကြမယ်။ အတူတူ စာအုပ်ဖတ်ရင်း အတူတူ မုန့်စားကြမယ်။ နိုဘီနဲ့ ဒိုရာအေမွန်တို့လိုပေါ့”
“သူတို့က ယောက်ျားလေးတွေချည်းပဲလေ” ကျွန်မ ပြောလိုက်တယ်။ ကျွန်မက ရိုမန်တစ်ဆန်ဆန် တွေးနေပေမယ့် သူကတော့ အဲဒီလို ဟုတ်ပုံမရဘူး။ ကျွန်မ နည်းနည်းတော့ နင်သွားတယ်။ ဒါပေမယ့် မာကိုတိုကတော့ ရီဝေဝေကြည့်ရင်း ဘာမှ မဖြစ်သလို ဟန်ပန်နဲ့ ပြောလာတယ်။
“အဲဒါ ငါ ဖြစ်ချင်တဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက ပုံစံလေ။ သူတို့က ဆွဲတံခါးရဲ့ အရှေ့မှာရှိတဲ့ ကူရှင်တွေပေါ် လှဲနေကြရင်း ဒိုရာယာကီမုန့်ကို စားရင်း မန်ဂါကာတွန်းကို အတူတူ ဖတ်နေကြတယ်”
“နင့်အတွက် ဒိုရာယာကီလောက် ဆိုရင် ရပြီလား”
“အင်း။ အထဲမှာ တန်ဘာက ထွက်တဲ့ သစ်အယ်စေ့ မပါလည်း ရတယ်။ အပြင်သားကလည်း ပျော့တာ မာတာ အရေးမကြီးဘူး။ ရိုးရိုး ဒိုရာယာကီဆိုရင်ကို အဆင်ပြေတယ်” မာကိုတိုက ပြောတယ်။
အဲဒီ တဒင်္ဂကာလလေးမှာပဲ မာကိုတိုရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်ချမ်းမြေ့တဲ့ အရိပ်အယောင် ပါးပါးလေးကို တွေ့မြင်ရတယ်။
ချယ်ရီအဖူးအငုံကလေး ပွင့်အာလာသလို ကြွရွနေတယ်။ ချိုမြနေတယ်။ နုထွေးရွှန်းစိုနေတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ အိမ်စေမိန်းမကြီး ရောက်လာတယ်။ မာကိုတိုရဲ့ မျက်နှာက ငိုတော့မယောင် ညှိုးရော်လို့။ နောက်တော့ ကျွန်မကို တစ်ချက်လေးတောင် လှည့်မကြည့်တော့ဘဲ မှောင်မဲနေတဲ့ လမ်းမပေါ် လျှောက်လှမ်းထွက်ခွာသွားတယ်။
အထီးကျန်နေရှာတဲ့ ကိုယ်ရိပ်တစ်ခုဟာ လေးလံတဲ့ ခြေလှမ်းတွေနဲ့ ဒရွတ်တိုက် ရွေ့လျားနေရင်း ပခုံးတွေကလည်း အောက်ကို နိမ့်ကျလို့ရယ်။
အဲဒါ … အဲဒါ ကျွန်မ နောက်ဆုံးတွေ့လိုက်ရတဲ့ မာကိုတိုပါပဲ။
ညအချိန်မှာ ကျွန်မအိမ်ရဲ့ အပေါ်ထပ်ကနေ လှမ်းကြည့်လိုက်ရင် ပန်းခြံထဲမှာ ရှိတဲ့ သစ်ပင်ကြီးရဲ့ အနောက်က ကြီးကျယ်ခမ်းနားတဲ့ မာကိုတိုရဲ့ အိမ်ကြီးကို တွေ့မြင်နိုင်တယ်။
အဲဒီမီးရောင်ကို လှမ်းမြင်ရရင် ကျွန်မ စိတ်ချလက်ချ အိပ်ပျော်သွားတတ်တယ်။ အဲဒီနေရာမှာ မိသားစုတစ်စု နေတယ်။ သူတို့ရဲ့ ဘဝက အင်မတန်မှ တည်တံ့ခိုင်မြဲတယ်။ ဝတ်ရေးစားရေးကို ဘယ်တော့မှ ပူပင်စရာ မလိုဘူး။ အဲဒီလို ဘဝမျိုးကို ဟိုးရှေးရှေးကတည်းက ရရှိပိုင်ဆိုင်ထားကြတယ်။ အဲဒီလို ဘဝလုံခြုံမှု ရှိတဲ့ ရှုမြင်ကွင်းက ကျွန်မကိုတောင် အကာအကွယ် ပေးထားသလို ခံစားနေရတယ်။
ဒါပေမယ့် အဲဒီနေ့ကတော့ သူတို့အိမ်မှာ အရင်လို ဘယ်လောက်ပဲ မီးတွေ လင်းထိန်နေပါစေ။ ဘာကြောင့်ရယ် မသိဘူး။ အရင်လို စိတ်လက် မပေါ့ပါးနိုင်တာ အမှန်ပဲ။ မှောင်ရီဝိုးတဝါး အချိန်က မာကိုတိုရဲ့ ပုံသဏ္ဌာန်လိုပေါ့။ ညို့မှိုင်းနေတယ်။ အဖော်မဲ့နေတယ်။ အဲဒီမီးရောင်တွေက ပန်းခြံထဲက သစ်ပင်ကြီးကို ငေးငေးငိုင်ငိုင် ထိုးစိုက်လို့နေတယ်။
ဘာကြောင့်များပါလိမ့်။ ကျွန်မ တွေးရင်း တွေးရင်းနဲ့ အိပ်ပျော်သွားတယ်။ ဒါပေမယ့် အဲဒီညက လန့်လန့်နိုးခဲ့တာ အခါခါပဲ။ နောက်ပြီး ဘယ်တော့မှ အရုဏ်တက်မှာ မဟုတ်တော့ဘူး ဆိုတဲ့ ခံစားချက်မျိုးကိုလည်း တစ်ချိန်လုံး ခံစားနေရတယ်။ ဟိုးအဝေးတစ်နေရာမှာတော့ လူနာတင်ကားရဲ့ ဥဩသံက ကောင်းကင်လေထုထဲမှာ ပဲ့တင်ထပ်လို့။
နောက်တစ်နေ့ မနက်ခင်းမှာတော့ ရပ်ကွက်ထဲ အုတ်အော်သောင်းတင်း ဖြစ်လို့နေပြီ။
မာကိုတိုရဲ့ မွေးမိခင်က ရုတ်တရက် ရောက်ချလာပြီး မာကိုတိုကို ခေါ်သွားနိုင်ဖို့အတွက် စပယ်ရှယ် သောင်းကျန်းသွားခဲ့တယ်။ သူက မာကိုတိုရဲ့ အဖေကို ဓားနဲ့ ထိုးသွားတယ်။ မာကိုတိုကို အတင်း ဆွဲချီပြီး ကားနဲ့ ထွက်ပြေးသွားတယ်။ နောက်တော့ ကားကို ချောက်ကမ်းပါးပြတ်ထဲ ထိုးချပစ်လိုက်ရော။ သူ့အမေက သူ့ကိုယ်သူ သေကြောင်းကြံရင်း မာကိုတိုကိုပါ သူနဲ့ အပါခေါ်သွားခဲ့တယ်။
မာကိုတိုရဲ့ အဖေကတော့ ကံကောင်းထောက်မစွာ အသက်အန္တရာယ် မဖြစ်ခဲ့ဘူး။
ကျွန်မအတွက် အကြီးအကျယ် ထိတ်လန့်စေတဲ့ အချက်ကတော့ မာကိုတို သေဆုံးပြီးနောက်မှာ သူ့အဘေးသေတုန်းကလိုပဲ ဘာမှ ထူးထူးထွေထွေ ပြောင်းလဲမသွားခဲ့ဘူး။ အဲဒီမိသားစုရဲ့ ဘဝဟာ ဆံခြည်တစ်မျှင်လေးလောက်တောင် အပြောင်းအလဲ ဖြစ်မသွားခဲ့ဘူး။
အခုလို သတင်းမျိုးက ပေါ့သေးသေး မဟုတ်တော့ ရိုက်ခတ်မှုကလည်း အတော်လေး ပြင်းထန်ပါတယ်။ ဂျပန်တစ်နိုင်ငံလုံးမှာ ရှိသမျှ သတင်းဌာနအားလုံးက အဲဒီကိစ္စကိုပဲ ထုတ်လွှင့်နေကြတာ။ သတင်းတွေထဲမှာ ပါတဲ့ မာကိုတိုရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာက လူအများရဲ့ စိတ်နှလုံးကို ဖမ်းဆုပ်လှုပ်ခါနိုင်စွမ်း ရှိခဲ့တယ်။ သူတို့ မိသားစုက တစ်ခဏအတွင်းမှာပဲ ဂျပန်ပြည်ရဲ့ လူသိအများဆုံး မိသားစုတစ်စု ဖြစ်လာခဲ့တာပေါ့။ မာကိုတိုရဲ့ အဖေကတော့ ဂျပန်နိုင်ငံရဲ့ စက်ဆုပ်ဖွယ်အကောင်းဆုံး ဖခင်တစ်ယောက် ဖြစ်သွားရှာတယ်။
အဲဒီလို ဖြစ်သွားခဲ့တာဆိုတော့ အဲဒီမိသားစုဝင်တွေခမျာ အခိုက်အတန့်တော့ အနေအထိုင် ကျပ်တည်းသွားကြတာပေါ့။ ဒါပေမယ့် မကြာလိုက်ပါဘူး။ ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ပဲ မဟုတ်လား။ သူတို့ရဲ့ ဝါဂါရှိကို သူတို့ အရင်အတိုင်း ဆက်ရောင်းနေကြတယ်။ သူတို့ရဲ့ ဘဝက အရင်အတိုင်း စီးဆင်းမြဲ စီးဆင်းနေတယ်။
သေချာပါတယ်။ အဲဒီအိမ်မှာ ရှိတဲ့ လူတွေအားလုံးရဲ့ မျက်နှာပေါ်မှာ အဲဒီအဖြစ်အပျက်ရဲ့ အရိပ်မဲကြီးတစ်ခုက အစဉ်အမြဲ စွန်းထင် ကျန်ရစ်နေခဲ့လိမ့်မယ်။
မာကိုတိုရဲ့ အဖေခမျာ ဗိုက်ကို ဓားနဲ့ အထိုးခံခဲ့ရတာ ဆိုတော့ အချိန်တော်တော် ကြာတဲ့အထိ အဘိုးအိုကြီးတစ်ယောက်လို ခါးကြီးကုန်းပြီး လှုပ်လီလှုပ်လဲ့ လမ်းလျှောက်နေခဲ့ရတယ်။ တခြား မိသားစုဝင်တွေကလည်း ကျွန်မကို မြင်တာနဲ့ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေတတ်ကြတယ်။ အိမ်စေမိန်းမကြီးတောင် အဲဒီလိုကြီး ဖြစ်နေတာ။ မာကိုတိုရဲ့ မွေးစားအမေက ကျွန်မကို တွေ့တဲ့အခါတိုင်း “ခဏလောက်” လို့ဆိုပြီး ကျွန်မကို ပွေ့ဖက်ထားတတ်တယ်။ သူ့အစ်ကိုနဲ့ အစ်မတွေကလည်း ကျွန်မကိုမြင်တိုင်း ကြက်သေသေနေတတ်ကြတယ်။
ဘယ်သို့ဆိုစေပေါ့လေ။ သူတို့ရဲ့ အဆင့်အတန်းမြင့်တဲ့ ဝါဂါရှိမုန့်ဆိုင်ကတော့ ဘာသက်ရောက်မှုမှ မဖြစ်ခဲ့ဘူး။ နဂိုအတိုင်း ရောင်းကောင်းမြဲ ရောင်းကောင်းဆဲပဲ။
ကျွန်မ တွေးကြည့်တယ်။ အင်းပေါ့။ မျိုးရိုးအစဉ်အဆက် တည်ဆောက်လာခဲ့ကြတဲ့ ဂုဏ်သိက္ခာ၊ နာမည်တစ်လုံးက ဒီလောက်တောင် တာသွားတာပါလား။
ထောက်မှီရာ ဖြစ်ရုံတင် မကဘူး။ ခွန်အား ဖြစ်ရုံတင် မကဘူး။
သူတို့က ဒီမှာ အမြဲထာဝရ တည်ရှိနေတဲ့ မြစ်ရေစီးကြောင်းလိုပဲ။ လမ်းကြောင်းပေါ် ရောက်လာသမျှ အရာအားလုံးကို ဝါးမျိုပစ်လိုက်တယ်။ နောက်တော့ ဘာမှ မဖြစ်ခဲ့ဖူးတဲ့အတိုင်း ရှေ့ကိုပဲ ဆက်လက် ချီတက်သွားတယ်။
အခုဆိုရင် ကျွန်မက အရွယ်ရောက်တဲ့ လူတစ်ယောက် ဖြစ်လာပြီ။ မိဘအိမ်နဲ့ မလှမ်းမကမ်းလောက်မှာ အလုပ်ခန်းတစ်ခု ဖွင့်ထားပြီး အဲဒီမှာ ကျွန်မ စာရေးတယ်။ ဒါပေမယ့် စာရေးတာနဲ့ချည်း အသက်ဆက်ဖို့ရာကတော့ အတော်လေး မလွယ်လှဘူး။ ဒါကြောင့် စာပေယဉ်ကျေးမှု တက္ကသိုလ်လို နေရာမျိုးတွေမှာ ပြင်သစ်စာပေနဲ့ ပတ်သက်ပြီး ဟောပြောပွဲလေး ဘာလေး ကြိုးကြားကြိုးကြား လုပ်လေ့ရှိတယ်။ သို့တည်းမဟုတ် ကျူရှင်လိုဟာမျိုး ဖွင့်တာပေါ့။ ပါရီမှာ နေတုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ကျွန်မမှာ ရှိတယ်။ သူက ဒီမြို့ပေါ်မှာပဲ ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ ကျောင်းတက်တုန်းက ခင်ခဲ့ကြတဲ့ ဂီတရပ်ဝန်းက သူငယ်ချင်းတွေကို ဖိတ်ပြီး သူ့ရဲ့ ကော်ဖီဆိုင်မှာ စင်တင်ပွဲလေး လုပ်ပေးတတ်တယ်။ ကျွန်မလည်း တစ်ခါတလေ သွားကူပေးတယ်။
ဒါပေမယ့် မာကိုတိုလို သူငယ်ချင်းမျိုးကို ကျွန်မ ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး။ ကောင်လေးတချို့နဲ့ ဒိတ်လုပ်ခဲ့ဖူးပေမယ့် မာကိုတိုနဲ့ မင်္ဂလာဆောင်ချင်တဲ့ အချိန်တုန်းကလို ပြင်းပြတဲ့ လွမ်းဆွတ်တမ်းတမှုမျိုး တစ်ခါသားမှ ပေါ်မလာခဲ့ဖူးဘူး။
ကျွန်မ မကြာခဏ တွေးနေမိတယ်။ ဖြူဥနေတဲ့ ကြောင်တစ်ကောင်လို၊ နုညက်ပါးလွှာတဲ့ အတောင်ပံရှိတဲ့ ငှက်ကလေးတစ်ကောင်လို၊ ဖြူစင်သန့်ရှင်းလွန်းတဲ့ အရာတစ်ခုဟာ သက်တမ်း တိုလွန်းလှပါတကားပေါ့။
မြင့်မြတ်တဲ့ စိတ်သဘောထားနဲ့ စရိုက်လက္ခဏာတွေ ရှိနေပေမယ့်လည်း မာကိုတိုရဲ့ အရွယ်က ကလေးတစ်ယောက်ပဲ ရှိသေးတာ မဟုတ်လား။ သူ့ခမျာ လူကြီးဖြစ်ခွင့် မရလိုက်ခင်မှာပဲ “အိမ်မပြန်ချင်ဘူး” လို့ စကားတစ်ခွန်းပြောပြီး လူ့လောကကြီးထဲကနေ လုံးဝ ထွက်ခွာသွားခဲ့ရတယ်။ အဲဒီဖြစ်စဉ်ကြီး တစ်ခုလုံးက ကျွန်မရဲ့ ရင်ထဲမှာ အခုချိန်ထိ ပဲ့တင်ထပ်နေတုန်းပဲ။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လူတစ်ယောက်ယောက်ကို အိမ်ထောင်ပြုနိုင်လောက်တဲ့အထိ ချစ်မိသွားခဲ့မယ် ဆိုရင် ကျွန်မတို့ရဲ့ ရင်သွေးလေးကို မာကိုတိုလို့ ကျွန်မ နာမည်မှည့်လိုက်ချင်တယ်။
ကျွန်မရဲ့ မိဘတွေကတော့ စာအုပ်ဆိုင်ကို အခုထိ ဖွင့်နေကြတုန်း။ အဖေက တက်ကြွဖျတ်လတ်နေဆဲပဲ။ ဆိုင်ထဲမှာ စာအုပ် အဟောင်းနဲ့ အသစ်က တစ်ဝက်စီလောက် တင်ထားတယ်။ စာအုပ်ကို မတ်တတ်ရပ်ရင်း ဖတ်မလား၊ လက်ဖက်ရည်ကြမ်း သောက်ရင်း ထိုင်ဖတ်မလား၊ ကြိုက်သလို လုပ်နိုင်တယ်။ အဖေက ကျွန်မ ရေးထားတဲ့ စာအုပ်တွေကို အင်မတန် ဂုဏ်ယူစွာနဲ့ စင်ပေါ်မှာ ခန့်ခန့်ကြီး ရှိုးပြထားသေးတယ်။ ကျွန်မကတော့ မျက်နှာပူတာပေါ့လေ။ အမေရဲ့ ကျန်းမာရေးကလည်း အရင်အတိုင်း မာမာချာချာပါပဲ။ အမေရဲ့ ညီမ၊ ဒေါ်လေးက အိမ်ထောင်ကွဲပြီး စာအုပ်ဆိုင်မှာ လာကူလုပ်ပေးနေတယ်။
ကျွန်မ လုံးဝ ထင်မှတ်မထားတာကတော့ ကျွန်မရဲ့ မိသားစုနဲ့ ကျွန်မတို့ရဲ့ စာအုပ်ဆိုင်ကလေးက နှစ်ပရိစ္ဆေဒတွေ ကြာညောင်းလာပေမယ့် အများကြီး အပြောင်းအလဲ မရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက် လည်ပတ်နေသေးတယ် ဆိုတဲ့ အချက်ပဲ။
ဒီနေ့ဒီအချိန်ထိပဲ ဆိုပါတော့။ ကျွန်မမိဘအိမ်ရဲ့ အပေါ်ထပ်ကနေ မာကိုတိုရဲ့ အိမ်ပြတင်းပေါက်ကို ရံဖန်ရံခါ လှမ်းကြည့်မိနေတုန်းပဲ။
အရင်လို သစ်ပင်ကြီးရဲ့ အနောက်မှာ ပုန်းကွယ်နေတဲ့ အရင်လို ပုံသဏ္ဌာန် ရှိတဲ့ မီးရောင်ကို ငေးကြည့်မိနေတုန်းပဲ။
အခုဆိုရင် မာကိုတိုရဲ့ အစ်မက မိသားစုလုပ်ငန်းကို ဦးစီးဦးဆောင် လုပ်နေတယ်။ သူ့အစ်ကိုကတော့ စာရင်းအင်းနဲ့ အရောင်းပိုင်းကို တာဝန်ယူထားတယ်။ သူတို့ဆိုင်က ထွက်တဲ့ ဝါဂါရှိက အခုချိန်ထိ ရောင်းကောင်းနေဆဲပဲ။ အခုချိန်ထိ ဒီမြို့ရဲ့ နာမည်ကျော် အထူးထုတ်ကုန်တစ်ခု ဖြစ်နေတုန်းပဲ။ တခြားနယ်ကနေ တကူးတက လာဝယ်တဲ့ ဈေးဝယ်တွေတောင် ရှိသေးတယ် ဆိုပဲ။ သူ့ရဲ့ အစ်ကိုတွေ အစ်မတွေ အားလုံးက အခုဆိုရင် ကလေးတွေတောင် ရနေကြပြီ။ သူတို့အကြားမှာလည်း ပဋိပက္ခတွေက အသွင်အပြင်မျိုးစုံနဲ့ ရှိကောင်း ရှိမှာပေါ့လေ။ ဒါပေမယ့် အချိန်ရေစီးကြောင်းရဲ့ မနေမနား တိုက်ချွတ် ဆေးကြောပေးမှုကြောင့် မိသားစုကြီးဟာ တစိုးတစိမှ ပြောင်းလဲမသွားဘဲ ဆက်လက် ရွေ့လျားမြဲ ရွေ့လျားနေတယ်။
မာကိုတိုနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကိုလည်း အဲဒီအချိန်ရေစီးကြောင်းကပဲ စုပ်စမြုပ်စ မကျန်အောင် လုံးဝ ဝါးမျိုပစ်လိုက်တယ်။
“မာကိုတို၊ ဘာဖြစ်လို့ မီးရောင်က လူကို နွေးထွေးတဲ့ ခံစားမှုမျိုး ပေးနိုင်ရတာလဲ။ ညအချိန်မှာ မြင်ရတဲ့ မီးရောင်ကို ပြောတာ”
ကျွန်မတို့ တွေ့ဆုံနေကျ ညနေတစ်ခုမှာပေါ့။ ကျွန်မက မာကိုတိုရဲ့ ပေါင်ပေါ်မှာ ခေါင်းအုံးထားရင်း ကျွန်မ သူ့ကို အဲဒီလို မေးလိုက်တယ်။
သူ့ပေါင်ပေါ် ခေါင်းအုံးထားတာကို သူက တစ်ချက်ကလေးမှ ဗွေယူဟန် မပြဘူး။ ရုပ်ပြစာအုပ်ကို ဆိုဖာထိုင်ခုံရဲ့ နောက်မှီပေါ် တင်လိုက်ပြီး ကျွန်မ အမေ ဖုတ်ထားတဲ့ ကျောက်ခဲနီးပါးလောက် မာတဲ့ ကိတ်မုန့်ကို ပါးစပ်ပိတ်လျက်နဲ့ အံကြိတ်ပြီး ဝါးနေတယ်။ သူ့ရဲ့ မေးရိုးက ဘယ်လောက်တောင် အားမာန်အပြည့်နဲ့ ကိုက်ရသလဲ ဆိုရင် သူ့ရဲ့ ဒူးတွေတောင် တစ်ချက်တစ်ချက် မြောက်တက်သွားလို့ ကျွန်မရဲ့ ခေါင်းတောင် ဘယ်ညာယိမ်းထိုးနေတယ်။
“လူကို နွေးထွေးစေတာက အလင်းရောင် မဟုတ်ဘူးလေ” မာကိုတိုက ပြောတယ်။ “ငါတော့ အဲဒီလို ထင်တာပဲ”
ပြတင်းပေါက်ကနေ ဖြတ်ပြီး အပြင်ဘက်က မြစ်ရေစီးကြောင်းနဲ့ မိုးမခပင်တွေကို လှမ်းမြင်နေရတယ်။ မြစ်ရဲ့ ဟိုမှာဘက်ကမ်းမှာ ရှိတဲ့ ရှေးဟောင်းဆိုင်တစ်ဆိုင်ရဲ့ မီးရောင်က မှိတ်တုတ်မှိတ်တုတ်နဲ့။
“ဟုတ်လား။ ဒါပေမယ့် စာအုပ်ထဲမှာတော့ အဲဒီလို ရေးထားတာပဲ။ အဖော်မဲ့နေတဲ့လူက ညအချိန်မှာ ပြတင်းပေါက်က ဖြာကျလာတဲ့ မီးအလင်းရောင်ကို မြင်တွေ့ရရင် ရုတ်တရက် အိမ်လွမ်းစိတ်တွေ ဖြစ်လာတတ်တယ်တဲ့။ စာအုပ်တွေထဲမှာ အဲဒီလို ခဏခဏ တွေ့ရတတ်တာပဲ မဟုတ်ဘူးလား။ တကယ့် လက်တွေ့ဘဝမှာ ဆိုရင်လည်း ညအချိန် မှောင်လာလို့ အိမ်ပြန်ရောက်ရင် မီးရောင်တွေ လင်းချင်းအောင် ဖွင့်ထားတာ တွေ့လိုက်ရရင်ကိုပဲ လုံခြုံတဲ့ ခံစားချက်၊ စိတ်သက်သာရာ ရတဲ့ ခံစားချက်မျိုး ခံစားလာရတာပဲ မဟုတ်လား”
ကျွန်မ ဆက်ပြောလိုက်တယ်။ “လူတွေကလေ … ဘယ်လို ပြောရမလဲဟာ။ ဒီလောကကြီးထဲမှာ လင်းလက်နေတဲ့ အလင်းရောင်တွေက နွေးထွေးမှုကို ပေးနေကြတယ်လို့ ငါ ထင်တာပဲ”
မာကိုတိုက တဒင်္ဂလောက် တွေးဆနေပြီးမှ အခုလို ပြောလာတယ်။ “မဟုတ်ပါဘူး။ ငါ့အထင် ပြောရရင် နင် မြင်ရတဲ့ အလင်းရောင်ဆိုတာက အဲဒီလူရဲ့ အတွင်းထဲကနေ အပြင်ကို ဖြာထွက်နေတာ။ ဒါကြောင့် သူများတွေရဲ့ အမြင်မှာ လင်းထိန်ပြီး နွေးထွေးနေတယ်လို့ ခံစားနေရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ မီးလုံးတွေ အကုန်လုံးကို ဖွင့်ထား၊ ထွန်းထားရင်တောင် အထီးကျန်တဲ့ ခံစားမှုမျိုးကို လွယ်လွယ်နဲ့ ခံစားရနိုင်သေးတယ်လေ”
“လူတွေက လင်းလက်နေတယ်လို့ ပြောချင်တာလား”
“လူရဲ့ ရင်ထဲမှာ ရှိတဲ့ အလင်းရောင်တစ်မျိုးက သူ့ပတ်ဝန်းကျင်ကို လင်းလက်အောင် လုပ်ပေးနေတာလေ။ သေချာပါတယ်။ အဲဒါကြောင့်ပဲ လူတွေက သူ့အနားကို ကပ်ချင်ကြတယ်။ အဲဒါကြောင့်ပဲ လူတွေက အိမ်ပြန်ချင်ကြတယ်လေ”
အဲဒီလိုဆိုရင် အိမ်ဝယ်ချင်သူတွေကို ရှိုးပြဖို့ ထားတဲ့ မော်ဒယ်အိမ်ကြီးတစ်လုံးကို မီးပဒေသာတွေနဲ့ လင်းထိန်စူးရှနေအောင် ဘယ်လောက်ပဲ ထွန်းထား ထွန်းထား၊ မြင်ရသူအဖို့ ဘာခံစားချက်မှ ထူးထူးထွေထွေ ခံစားရမှာ မဟုတ်ဘူးပေါ့။ သူ့ရဲ့ အယူအဆကို ကျွန်မ လက်ခံလိုက်တယ်။ အဲဒီနောက်တော့ ကျွန်မက မာကိုတိုရဲ့ ခြေအိတ်ထိပ်မှာ ရှိတဲ့ ရှုံ့ကြိုးကို ကစားရင်း အချိန်ဖြုန်းနေလိုက်တယ်။
ဒီကမ္ဘာလောကကြီးထဲမှာ မာကိုတိုအတွက် အဆုံးအစ မရှိဘူးလို့ ထင်ရလောက်အောင် ပျင်းရိငြီးငွေ့ဖွယ် ကောင်းတဲ့ အချိန်တွေဟာ တကယ်တော့ သူဘဝရဲ့ အပျော်ရွှင်ရဆုံး၊ စိတ်လက် အပေါ့ပါးရဆုံးသော အချိန်တွေ ဖြစ်ခဲ့တယ်။ အဲဒီလို အချိန်တွေ အတွင်းမှာ သူနဲ့ စက္ကန့်မလပ် အဖော်ပြုဖို့ သူ ရွေးချယ်ခဲ့တဲ့ လက်တွဲဖော်ဟာ … တခြား ဘယ်သူမှ မဟုတ်ဘဲ ကျွန်မ ဖြစ်နေခဲ့တယ်။ အဲဒီအတွက် ကျွန်မ အခုချိန်ထိ ဝမ်းသာမဆုံး၊ ဂုဏ်ယူမဆုံး ဖြစ်နေတုန်းပါပဲ။