Show contents

မေမေရေ … !

အဲဒီအချိန်တုန်းက ကျွန်မရဲ့ အမြင်အာရုံထဲ အရင်ဆုံး ဝင်လာတာကတော့ ဝန်ထမ်းစားသောက်ဆိုင်ရဲ့ ဟင်းလျာစာရင်းပဲ။

ပန်းဂျုံခေါက်ဆွဲပြုတ်၊ ပုစွန်ကြော်ထမင်းနဲ့ သီးရွက်စုံ ကာရီထမင်း။

ဗိုက်က အရမ်းဆာနေပြီ။

ဘာစားရင်ကောင်းမလဲ။ ဟင်းလျာစာရင်း ရေးထားတဲ့ ဝှိုက်ဘုတ်အရှေ့မှာ ကျွန်မ တစ်ခဏလောက် ရပ်နေပြီး ဘာ မှာစားရရင် ကောင်းမလဲလို့ ကျွန်မ စဉ်းစားနေမိတယ်။

သီးရွက်စုံ ကာရီထမင်း … ကျွန်မ ဆုံးဖြတ်လိုက်တယ်။ အဲဒီ စက္ကန့်ပိုင်းလေး အတွင်းမှာပဲ ဝါကာယာမာရဲ့ ဟင်းအဆိပ်ခတ်မှုဟာ ကျွန်မခေါင်းထဲ တိုးဝင်လာတယ်။ ကျွန်မ အဲဒါကို ကောင်းကောင်းကြီး မှတ်မိနေသေးတယ်။

ကျွန်မရဲ့ ဗီဇသိစိတ်က ကျွန်မကို အချက်ပြနေတယ် လို့ပဲ ပြောရမလား မသိဘူး။ အဲဒီနေ့ မတိုင်ခင် ရှေ့တစ်ရက်က အထူးအစီအစဉ်တစ်ခုကို တီဗီထဲမှာ ကြည့်လိုက်ရတယ်။ ရိုးရာပွဲတော်တစ်ပွဲမှာ ဟင်းထဲကို အာဆန်းနစ်တွေ ထည့်ခဲ့တဲ့ အိမ်ရှင်မတစ်ယောက် အကြောင်းပေါ့။ စိတ်ထဲ သရိုးသရီ ဖြစ်သွားခဲ့ပေမယ့် ကိစ္စက ဒီမှာတင် ရပ်တန်းက ရပ်သွားခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲနော်။

ဒါပေမယ့် မှေးမှိန်ဖျော့တော့တဲ့ ဗီဇသိစိတ်ရဲ့ အချက်ပြမှုဟာ ကျွန်မကို သတိကြီးကြီး ထားအောင် တွန်းအား မပေးနိုင်ခဲ့ဘူး။ ကျွန်မရဲ့ လှုပ်ရှားမှုကို ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ဘူး။ အဲဒီလှုပ်ရှားမှုကပဲ ကျွန်မကို အရှုပ်ထုပ်ထဲ ရှောကနဲ စီးဝင်သွားအောင် လုပ်လိုက်သလိုပဲ။

အရင့်အရင်တုန်းက အဲဒီလို တစ်ခါမှ မတွေးခဲ့ဖူးပေမယ့် အဲဒီတစ်ခေါက်တုန်းကတော့ ကျွန်မဟာ အဲဒီနေရာကို လိုအပ်ချက်တစ်ခုအရ မဖြစ်မနေ ရောက်သွားခဲ့ရတယ်လို့ တွေးထင်နေမိတယ်။ ကျွန်မထင်တယ်။ ကံဇာတ်ဆရာရဲ့ ထိန်းချုပ်ချယ်လှယ်မှု အောက်မှာ နဂိုက ဝေးလံသီခေါင်တဲ့ ကြိုးလေးတစ်မျှင်က ရုတ်တရက်ဆိုသလို ကျွန်မနဲ့ လာပြီး ယှက်နွှယ်ပတ်သက်သွားတယ်။ နောက်တော့ လုံးလားထွေးလေး ဖြစ်ကုန်ကြရော။ တကယ်တော့ ကျွန်မရဲ့ ခေါင်းထဲမှာ ဘာကိုမှ စဉ်းစားနေခဲ့တာ မဟုတ်ဘူး။ ဘာအတွက်မှလည်း ဦးနှောက် ခြောက်မနေခဲ့ဘူး။ ပြောရရင် ဘယ်လို ပြောင်းလဲမှုကိုမှ လိုလား တောင့်တနေတာမျိုးလည်း မရှိခဲ့ဘူး။

ကျွန်မရဲ့ ခေါင်းထဲမှာ ရှိတဲ့ တစ်ခုတည်းသော အတွေးက ‘အလိုလေးလေး၊ ဗိုက် အရမ်းဆာလိုက်တာ’ ဆိုတာပါပဲ။

အကြော်အလှော်ဟင်းတွေနဲ့ ပန်းဂျုံခေါက်ဆွဲကို ဆန္ဒမရှိလှဘူး။ အရင်တစ်ပတ်ကလိုသာ ဘဲပေါင်းခေါက်ဆွဲ ရှိမယ် ဆိုရင်တော့လည်း ခေါက်ဆွဲတစ်ပွဲ မှာစားတာပေါ့။ ကျွန်မ အဲဒီလို တွေးရင်း ဆိုင်ထဲ ဝင်လာခဲ့တယ်။

စားသောက်ဆိုင်ထဲ ဝင်လိုက်တဲ့ အချိန်မှာ ဆိုင်ထဲက ထွက်လာတဲ့ ယောက်ျားတစ်ယောက်နဲ့ ပခုံးချင်း တိုက်မိတော့မလို ဖြစ်သွားခဲ့တယ်။ နည်းနည်းတောင် ထိမိသွားသေးတယ် ထင်ပါရဲ့။ သက်လတ်ပိုင်း ယောက်ျားတစ်ယောက်ပါ။ သူ့ခေါင်းပေါ်မှာလည်း ဆံပင်တွေ ရှုပ်ပွခတ်နေတာပဲ။ လူပုံကို ကြည့်လိုက်တာနဲ့ စိတ်နဲ့ကိုယ် မကပ်မှန်း သိသာလွန်းတယ်။ အနက်ရောင် အင်္ကျီကို ဝတ်ထားတယ်။ အပေါ်မှာ ကုတ်အင်္ကျီတော့ မပါဘူး။ ကျွန်မက မျက်လွှာချထားလျက်နဲ့ လမ်းလျှောက်နေတာကြောင့်ရယ်၊ နောက်ပြီး လျှပ်တပြက် ဖြစ်ပျက်သွားခဲ့တာ ဆိုတော့ သူ ဘယ်သူလဲ ဆိုတာကို ကျွန်မ လုံးဝ သတိမထားလိုက်မိဘူး။

အမှန်တော့ ကျွန်မ အဲဒီလူကို သိတယ်။ သူ့နာမည်က ယာမာဇိုအေတဲ့။ အရင်တုန်းက ကျွန်မတို့နဲ့ အထပ်တစ်ထပ်တည်းမှာ အတူတူ အလုပ်လုပ်ခဲ့ကြရတာ။ ဒါပေမယ့် ကျွန်မတို့ရဲ့ စာတည်းအဖွဲ့ထဲကတော့ မဟုတ်ဘူး။

အဲဒီလူက ယာမာဇိုအေပါ ဆိုတာကိုတော့ ကျွန်မ လုံးလုံးလျားလျား သတိမထားမိခဲ့ဘူး။

အလုပ်တွေက သိပ်ရှုပ်လွန်းနေတော့ နေ့လယ်စာ အလုပ်နားချိန်ကို အတော်လေး နောက်ကျမှ အပြင်ထွက်လာဖြစ်တယ်။ ဒါကြောင့် မီစူကိုလည်း စားသောက်ဆိုင်ထဲမှာ မရှိတော့ဘူး။ သူက စီမံဌာနမှာ အလုပ်လုပ်တာ။ ကျွန်မတို့က ထမင်းစားချိန်ဆိုရင် အမြဲတမ်း ဆိုင်ထဲမှာ ဆုံနေကျပဲ။ သူက ဒီကုမ္ပဏီထဲမှာ ရှိတဲ့ ကျွန်မရဲ့ အခင်ဆုံး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းပေါ့။ ဆိုင်ထဲမှာ ဆုံမိကြပြီ ဆိုတာနဲ့ ကျွန်မတို့က စားရင်းသောက်ရင်းနဲ့ ဟိုဟိုဒီဒီ လျှောက်ပြောဖြစ်ကြတော့တာ။

စားသောက်ဆိုင်ထဲမှာ ဘယ်တုန်းကမှ အခုလို ဟာလာဟင်းလင်း ဖြစ်မနေဖူးဘူး။ အခု ဆိုင်ထဲမှာ ရှိတဲ့ လူအနည်းအကျဉ်းကတော့ အစားကို စိမ်ပြေနပြေနဲ့ အိပဲ့အိပဲ့ ထိုင်စားနေကြတဲ့ လူတွေပဲ။ ဆိုင်ထဲမှာ စားပွဲတွေရဲ့ လေးပုံတစ်ပုံလောက်မှာပဲ လူရှိတယ်။ ကျွန်မက တစ်ခဏလောက် စဉ်းစားပြီးမှ ပြတင်းပေါက်နား ကပ်နေတဲ့ စားပွဲတစ်လုံးပေါ် ကျွန်မရဲ့ ဖိုင်တွဲတွေကို ပစ်တင်လိုက်တယ်။ ပြတင်းပေါက်ကနေ လှမ်းကြည့်ရင် အပြင်ဘက်က ကားပါကင်ကို လှမ်းမြင်နေရတယ်။ ဝါထွေးနေတဲ့ ရော်ရွက်တွေက ဂင်ဂိုပင်တွေရဲ့ အောက်ခြေမှာ အလိပ်လိုက် အလိပ်လိုက် လှိုင်းထနေကြတယ်။ ကျွန်မက ပိုက်ဆံအိတ်ကိုပဲ ကောက်ယူပြီး လက်ဖက်ရည်နဲ့ ကာရီထမင်းဝယ်ဖို့ မတ်တတ်ထရပ်လိုက်တယ်။

ကျွန်မ တိုကင်ပြားကို အရင် သွားဝယ်ပြီး ကောင်တာက အန်တီကြီးကို ထိုးပေးလိုက်တယ်။ အင်္ကျီအဖြူ ဝတ်ထားတဲ့ ရင်းနှီးဖော်ရွေတဲ့ အန်တီကြီးက ပြုံးပြီး ပြောလိုက်တယ်။ “ကာရီထမင်းတစ်ပွဲ၊ ရမယ်” ပြီးတော့ မီးဖိုခန်းထဲ လျှောက်ဝင်သွားတယ်။

ကျွန်မက လက်ဖက်ရည်စက် ရှိတဲ့ဆီ လျှောက်သွားပြီး လက်ဖက်ရည်တစ်ခွက် ထည့်လိုက်တယ်။ ပြီးတော့ ကောင်တာဆီ ပြန်သွားပြီး ကျွန်မရဲ့ ကာရီထမင်းကို သွားယူတယ်။

အခုလို အလုပ်တွေကို တစ်ဆင့်ချင်းစီ လုပ်သွားရတာ ဘယ်လောက် အထာကျလိုက်သလဲ၊ ဘယ်လောက် အဆင်ပြေလိုက်သလဲလို့ ကျွန်မ တွေးနေခဲ့မိတာကို ကျွန်မ မှတ်မိနေတယ်။ အစားအစာအပေါ် ကျေနပ်နှစ်သက်မှုကတော့ နောက်တစ်ဆင့်ပေါ့။ အားလုံးက တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ချင်း တစ်ဆင့် ဖြစ်ပေါ်လာနေတယ်။ အဲဒါကိုက နေ့လယ် အနားယူချိန်ရဲ့ ပျော်ရွှင်မှုတစ်မျိုးပေပဲ။ ကမ္ဘာလောကကြီးကို နည်းနည်းမှ ဂရုမစိုက်ဘဲ ကျွန်မ တွေးနေခဲ့မိတယ်။ သီချင်းတစ်ပုဒ်ကို ပါးစပ်ကနေ အသံထွက်ပြီး ညည်းလိုက်မိတော့မလောက် စိတ်လက် ပေါ့ပါးနေတယ်။

မကြာခင် ကြုံတွေ့လာတော့မယ့် ဒုက္ခပင်လယ်ကြီးမှာ နစ်မွန်းသွားရတော့မယ့် အဖြစ်ကို ဘုရားသခင်က စာနာထောက်ထားမိလို့ ကျွန်မကို တဒင်္ဂ သာယာပါစေတော့ ဆိုပြီး ပျော်ရွှင်မှုတွေ ပေးသနားခဲ့တာပဲ ဖြစ်မလား မပြောတတ်တော့ဘူး။

ဘာကြောင့်ရယ် မသိဘူး။ ကျွန်မရဲ့ ရင်ထဲမှာ ရှိန်းတိန်းဖိန်းတိန်းလေး ခံစားနေရတယ်။ မကြာခင် အချိန်အတွင်းမှာ ပျော်ရွှင်ဖို့ကောင်းတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့လာရတော့မယ့် အတိုင်းပဲ။

တကယ်တမ်းကတော့ အဖြစ်မှန်နဲ့ လားလားမှ နီးစပ် မနေခဲ့ဘူးရယ်။ ဒါပေမယ့် အဲဒီလို ဘုမသိ ဘမသိ အူမြူးနေခဲ့တဲ့ ကိုယ့်အဖြစ်ကို အခုချိန် ပြန်ပြီး မြင်ယောင်ကြည့်တဲ့အခါမှာ ‘ဖြစ်မှ ဖြစ်ရလေ’ ဆိုပြီး ပြုံးစိစိတောင် ဖြစ်မိသွားသေးတယ်။

အဲဒီအချိန်တုန်းက ကျွန်မကို ဘယ်သူကမှ အာရုံမစိုက်မိခဲ့ကြဘူး။

လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စ၊ ဒါမှမဟုတ် စကားဝိုင်းထဲက အကြောင်းအရာကိုပဲ အာရုံကျနေကြတယ်။ စားသောက်ဆိုင်ထဲမှာ အစကတည်းကမှ လူများများစားစား မရှိလေတော့ ဘယ်သူကမှလည်း အဲဒီကိစ္စကို သတိမထားမိကြဘူး။

နောက်တော့ ကျွန်မနေရာကို ပြန်လာထိုင်လိုက်တယ်။ ဘာအသံမှ မထွက်ဘဲ မျက်လုံးက စာမူကြမ်းကို ဖတ်ရင်း ပါးစပ်က ကာရီထမင်းကို စားမျိုနေတော့တယ်။

ကံဆိုးတဲ့ အချက်က ဘာလဲဆိုတော့ ပြီးခဲ့တဲ့ အပတ်ကမှ ကျွန်မ အသည်းအသန် ဖျားထားခဲ့တာ။ လည်ချောင်းက အခုထိ မသက်သာသေးဘူး။ ပြီးတော့ မွန်းလွဲနေရဲ့ ပူပြင်းစူးရှတဲ့ နေရောင်က ပြတင်းပေါက်ကနေ ကျွန်မအပေါ် ဖြာကျနေတာ ဆိုတော့ ကျွန်မရဲ့ အမြင်အာရုံတွေက ဝေဝါးပြီး တော်တော်တန်တန် အာရုံမစိုက်နိုင်တော့ဘူး။

ကျွန်မ လက်ထဲမှာ ကိုင်ထားတဲ့ စာဖိုင်က စာအုပ်တစ်အုပ်ရဲ့ စာမူကြမ်းတွေပါ။ မကြာခင်မှာပဲ ထမင်းဟင်းရဲ့ အရသာထက် ကျွန်မရဲ့ အလုပ်အပေါ် ပိုပြီး အာရုံစူးစိုက်နေမိတော့တယ်။ ဒီတော့ ဆိတ်တစ်ကောင်လို ပါးစပ်ထဲ ဝင်လာသမျှကို ကြိတ်ချေဝါးမျိုနေမိတော့တာပေါ့။ အဲဒီထက် ပိုဆိုးတဲ့အချက်က ဒီဆိုင်ရဲ့ ကာရီထမင်းက တော်တော်ကို စပ်တယ်။ ဒါကြောင့် ခါးသက်သက် အရသာတချို့ကို ကျွန်မ ခံစားလိုက်ရပေမယ့် ‘ဒီနေ့ရဲ့ ကာရီထမင်းကိုက ဒီလိုပဲ နေမှာပါလေ’ ဆိုပြီး ခပ်ပေါ့ပေါ့ တွေးလိုက်မိတယ်။

နောက်တော့ … ညနေပိုင်း ရောက်တဲ့ အချိန်မှာ ကျွန်မရဲ့ ဗိုက်ထဲမှာ တဖြည်းဖြည်းနဲ့ အော်ဂလီဆန်လာတယ်။ စစချင်းမှာတော့ ကျွန်မရဲ့ ထိုင်ခုံကနေ ထပြီး သန့်စင်ခန်းထဲမှာ တစ်ကြိမ် အန်လိုက်သေးတယ်။ ဒါပေမယ့် နည်းနည်းလေးမှ သက်သာ မလာခဲ့ဘူး။ အဲဒီနောက် အကြိမ်ကြိမ် အခါခါ အန်ပြီးရင်း အန်နေရတော့ နောက်ဆုံး ရေဓာတ်ကုန်ခန်းတဲ့ လက္ခဏာတွေ ပြလာတော့တယ်။ သန့်စင်ခန်းထဲမှာ သတိလစ် မေ့မျောသွားတဲ့ အထိပဲ။ ကုမ္ပဏီက ကားနဲ့ ကျွန်မကို အရေးပေါ်ဆေးရုံကြီးတစ်ရုံကို ပို့လိုက်ကြတယ်။ အဲဒီဆေးရုံက ကျွန်မ အလုပ်ဝင်နေတဲ့ စာအုပ်ထုတ်ဝေရေး ကုမ္ပဏီရဲ့ အနားမှာတင်။

 

“တော်တော် ဆိုးဆိုးပါဟယ်”

ဒုတိယမြောက်နေ့ မီစူကို ကျွန်မဆီ လူနာလာမေးတဲ့ အချိန်မှာ ကျွန်မ အတော်လေး သက်သာနေပြီ။ ခုတင်ပေါ် ထိုင်ရင်း ရှေ့တစ်ရက်က စာမူကြမ်းကို ဖတ်နေတဲ့အချိန်မှာ သူ ရောက်လာတာပဲ။

အဲဒီစာမူကြမ်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ စာရေးဆရာကလည်း ကျွန်မဆီ ပန်းစည်းတစ်စည်း ပို့လာပေးတယ်။ ကတ်ပြားပေါ်မှာ ရေးထားသေးတယ်။ “ကျွန်တော်ရဲ့ စာအုပ်ကို နည်းနည်း နောက်ကျမှ ထုတ်ဝေရရင်လည်း ကိစ္စ မရှိပါဘူး။ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။ အေးအေးဆေးဆေး အနားယူပါဦး။ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

ရှင့်ဘက်က နည်းနည်း နောက်ကျမှ ထုတ်ဝေရရင်လည်း ကိစ္စ မရှိပါဘူး ဆိုပေမယ့် ထုတ်ဝေသူဘက်က ဘယ်မှာ အချိန်ဆိုင်းထားချင်ပါ့မလဲ။ ကျွန်မက နည်းနည်းလေးမှတောင် သေးသေးတင် ခံချင်တဲ့ မိန်းမ မဟုတ်ဘူး။ ကျွန်မ အဲဒီလို အတွေးတွေနဲ့ပဲ ဆေးရုံထဲက ခုတင်ပေါ်မှာ ကိုယ့်အလုပ်ကို မလစ်ဟင်းရအောင် ထိုင်လုပ်နေခဲ့တယ်။

တစ်နည်းပြောရရင် ကျွန်မက ကိုယ့်ခန္ဓာကိုယ်ရဲ့ အခြေအနေကို သိပ်ပြီး ဂရုစိုက်တတ်တာ မဟုတ်ဘူး။ နောက်ပြီးတော့ ဒီလို အရေးကိစ္စလောက်လေးနဲ့ အလုပ်ကို မပျက်ချင်တာလည်း ပါပါတယ်။

“လူ‌တွေရဲ့ ရှေ့မှာ ရုပ်ဆိုးပန်းဆိုးနဲ့ အော့လိုက် အန်လိုက် လုပ်ခဲ့မိတာဆိုတော့ ကုမ္ပဏီမှာ မျက်နှာပြရမှာတောင် ရှက်လာပြီ။ အဲဒီအချိန်တုန်းက အခုလို အတွေးမျိုး မရှိခဲ့ဘူး ဆိုပေမယ့် ကုမ္ပဏီပြန်ရောက်ရင် အများကို ဘယ်လို မျက်နှာပြရပါ့မလဲတောင် မစဉ်းစားတတ်တော့ဘူးဟာ။ ပြီးတော့ သတင်းစာထဲမှာ စာလုံးမဲကြီးနဲ့တောင် ပါသေးတာဆိုတော့ ငိုသာ ငိုလိုက်ချင်တော့တာပဲ” ကျွန်မ ရယ်ရင်း ပြောလိုက်တယ်။

“ကုမ္ပဏီထဲမှာတော့ ပွက်ပွက်ကို ညံလို့ပဲဟ” မီစူကိုကလည်း ရယ်ရင်း ပြောနေတယ်။ “အခုဆို နင်က လူတကာရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာဟဲ့။ အခုလိုအခြေအနေမျိုးမှာ ဘယ်လောက် ဂေါ်တဲ့ ဘဲပဲဖြစ်ဖြစ် နင့်ကို ဒိတ်ချင်နေလောက်တယ်၊ သိလား”

“အဲဒါတော့ နားလိုက်တော့ ကောင်မ။ ငါ့မှာ ချစ်သူရှိပြီးသား။ ဒါပေမယ့် မနေ့က ငါ့ကို ကုမ္ပဏီသူဌေး လာတွေ့တော့ ငါ့မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်လို့ဟဲ့။ အယ်လယ် … ကိုယ့်ဟာကိုယ် ဘဝင်မြင့်ချင်ချင်တောင် ဖြစ်သွားသေးတယ်” ကျွန်မ အားရပါးရ ရယ်လိုက်တယ်။

“သူဌေးက အခုတော့ တစ်ခုလပ် လူလွတ်ကြီးပေါ့ဟာ။ သူ့အသက်က ၆၀ နား နီးနေပြီ ဆိုပေမယ့် အခုထိ တောင့်တုန်းဖြောင့်တုန်းပဲ”

“ဟုတ်တယ်နော်။ ဝတ်တတ်စားတတ်တော့ စမတ်ကျတာပေါ့။ မင်္ဂလာမရှိတဲ့ ဆေးရုံလို နေရာမျိုးမှာတောင် သူ့ကို ကြည့်ရတာ အရောင်အဝါ တောက်ပတဲ့ နတ်သားတစ်ပါးလို ဖြစ်နေတယ်။ သူက ပန်းတွေဘာတွေ လက်ဆောင် ယူလာသေးတာဟ။ သူ့ရဲ့ အတွင်းရေးမှူး တာနာကာစန်လည်း အတူပါလာတယ်။ သူဌေးကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ငါ ထင်တောင် ထင်မထားဘူး။ သူ ရောက်လာတဲ့ အချိန်တုန်းက ငါ့မှာ ဆေးရုံဝတ်စုံ ဖိုးရိုးဖားရားကြီးနဲ့။ လက်မောင်းမှာလည်း ဒရစ်တန်းလန်းနဲ့ဟ။ မျက်နှာပူစရာကြီး”

“နင်က ကုမ္ပဏီရဲ့ ဝန်ထမ်း စားသောက်ဆိုင်ထဲမှာ အဆိပ်မိတာလေဟာ။ ဒီတော့ သူဌေးက နင့်ကို လာကြည့်ရတော့မှာပေါ့” မီစူကိုက ပြောနေရင်းနဲ့ မျက်နှာမှာ မခံမရပ်နိုင်တဲ့ အမူအရာက ထင်ရှားလာတယ်။ “ကြားရသလောက်တော့ နင် ထမင်းသွားစားတဲ့ အချိန်က နေ့လယ် ထမင်းစားနားချိန် ကုန်တော့မှာမို့ ကာရီထမင်းကို စားတဲ့သူက နင့်နောက်မှာ ဘယ်သူမှ မရှိတော့ဘူးတဲ့”

“ဘုရားသိကြား မ,လို့။ ငါ့အပြင် တခြား ဘယ်သူမှ မဖြစ်တာ တော်သေးတာပေါ့။ အဲဒီအချိန်တုန်းကတော့ ခံစားလိုက်ရတာ သေတော့မလားတောင် အောက်မေ့လိုက်မိတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိတော့ဘူး”

“မသေကောင်း မပျောက်ကောင်းပါဟယ်။ နင် ယာမာဇိုအေ ဆိုတဲ့ ဘဲအကြောင်း ကြားဖူးတယ် မဟုတ်လား။ စာရေးဆရာမ ငယ်ငယ်လေးတစ်ယောက်ကို အယ်ဒီတာ လုပ်ပေးနေရာကနေ တာဝန်အပြောင်းခံလိုက်ရတော့ နောက်ပိုင်း အဲဒီ ဆရာမလေးကို အမြဲ နောက်ယောင်ခံလိုက်နေတော့တာ တဲ့လေ။ အဲဒီကိစ္စက ဖြစ်သွားတာ တစ်နှစ်လောက်တော့ ရှိသွားပါပြီ။ သူက ညကြီးသန်းခေါင်လည်း ဆရာမလေးရဲ့ အိမ်ကို သွားတတ်တယ်။ ပြီးတော့ ဖုန်းကိုလည်း တဂွမ်ဂွမ် ဆက်နေခဲ့တာ။ ဆရာမလေးကိုလည်း နောက်ယောင်ခံပြီး တကောက်ကောက် လိုက်နေတော့တာ။ တော်တော်ဆိုးဆိုးရယ်။ နောက်တော့ အလုပ်ဖြုတ်ခံလိုက်ရပါရော။ ဒီတော့ ကုမ္ပဏီက သူ့ရဲ့ ပစ်မှတ်အသစ် ဖြစ်လာတော့တာပေါ့။ သူက စိတ်ကုဆရာဝန်နဲ့ ပြနေတယ်လို့လည်း ကြားမိတာပဲ။ နောက်ပိုင်းကျတော့ သူက ကုမ္ပဏီကို တစ်မျိုးပြီးတစ်မျိုး တရားစွဲနေတတ်တယ်။ ကုမ္ပဏီက ထွက်တဲ့ ဘတ်ဆဲလာ စာရေးဆရာရဲ့ ဘယ်စာအုပ်မှာ သူ့ရဲ့ ဉာဏလုပ်အားတွေ ပါတယ် ဆိုတာမျိုးပေါ့။ အဲဒီအတွက် သူ့မှာ ဘာခံစားခွင့်မှ မရခဲ့ပါဘူး ဆိုပြီး အမှုဖွင့် ပြဿနာရှာတတ်တယ်။ နောက်တော့ ကုမ္ပဏီက အဲဒီစာရေးဆရာကို အိမ်ပြောင်းနေဖို့ ပိုက်ဆံတောင် ထုတ်ပေးခဲ့တယ်လို့ ကြားမိတယ်။ ပြီးတော့ သူ့ရဲ့ အယ်ဒီတာအသစ်က သူ့ရဲ့ ဘော်ဒီဂတ်အဖြစ်နဲ့တောင် အချိန်တစ်ခုထိ လုပ်ပေးခဲ့ရသေးတယ်တဲ့။ အဲဒီဌာနက လူတွေအားလုံးကတော့ အဲဒီကိစ္စကို သိနေကြတာပဲ။ ဒါပေမယ့် အပြင်ကို သတင်းမပေါက်ကြားအောင်တော့ ထိန်းထားတာပေါ့”

ကျွန်မသာ အဲဒီဌာနရဲ့ အုပ်ချုပ်ရေးမှူးဆိုရင် ကျွန်မလည်း သူတို့ကို အဲဒီလို တောင်းဆိုထားမှာပဲ။ ဒါပေမယ့် အခုလောက်ထိ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ကြိုတင် တွက်ဆထားနိုင်လိမ့်မယ် မထင်ဘူး။ ကုမ္ပဏီကနေ ယာမာဇိုအေ ထွက်မသွားခင်က ကျွန်မလည်း သူနဲ့ မကြာမကြာ လျှောက်လမ်းပေါ်မှာ ဆုံတွေ့နေကျပဲဟာ။ ကျွန်မအမြင်မှာတော့ သူက အဝတ်အစား သေသပ်တယ်။ အလုပ်လုပ်တာလည်း ပိပိရိရိ ရှိတယ်။ ဒါကြောင့် စားသောက်ဆိုင်မှာတုန်းက သူ့ကို လုံးလုံး မမှတ်မိခဲ့ဘူး။ နိုက်ဂျူတီကြောင့် နွမ်းနယ်နေတဲ့ ပြည်သူ့ဆက်ဆံဌာနက ဝန်ထမ်းတစ်ယောက်လို့ပဲ ထင်နေခဲ့တာ။ ဒါပေမယ့် ကံကောင်းတဲ့ အချက်က သူ့ကို အမြန်ဆုံး ဖမ်းမိနိုင်လိုက်တော့ သူ ခတ်ထားတဲ့ အဆိပ်ရဲ့ အမျိုးအစားကို မြန်မြန် သိနိုင်ခဲ့တယ်။ အဆိပ်ဖြေဖို့ အချိန်မီ လုပ်နိုင်ခဲ့တာကတော့ ကျွန်မအတွက် အဆိုးထဲက အကောင်းပဲပေါ့။ အဲဒါတွေကို ဆရာဝန်ဆီကနေ သိထားခဲ့တာ။

“သူ လုပ်ခဲ့တဲ့ လုပ်ရပ်က ခွင့်လွှတ်နိုင်စရာ မရှိဘူး ဆိုပေမယ့်လည်း ယာမာဇိုအေနဲ့ ပခုံးချင်းယှဉ်ပြီး ဖြတ်လျှောက်သွားတုန်းက မြင်လိုက်ရတဲ့ သူ့ရဲ့ ပုံပန်းသဏ္ဌာန်ကြောင့် သူ့ကို ပစ်ပစ်နှစ်နှစ် မပြောရက်တော့ဘူး။ အခုဟာက အရင် ယာမာဇိုအေနဲ့ ဘာမှကို မဆိုင်တော့တာ”

အဲဒါ ကျွန်မရဲ့ တကယ့် ရင်တွင်းစကားပါ။

အရင် ယာမာဇိုအေက ကုမ္ပဏီရဲ့ လုပ်ငန်းခွင် အနေအထားနဲ့ လုံးဝ အံဝင်ခွင်ကျ ဖြစ်နေခဲ့တာ။ ဟန်ချက်ပျက်နေတာမျိုး၊ စည်းကမ်းဖောက်တာမျိုး တစိုးတစိမှ တွေ့နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီနေ့က တွေ့လိုက်ရတဲ့ သူ့ရဲ့ ကူကယ်ရာမဲ့နေတဲ့ မျက်နှာပေး၊ အဆုံးစွန်ထိ စိတ်ဓာတ်ကျနေတဲ့ ဟန်ပန်နဲ့ ထွက်ပေါက်ပျောက်နေတဲ့ အမူအရာတွေကို အခုချိန်မှာ ပြန်ပြီး မြင်ယောင်ကြည့်ရင်တောင် မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါသေးတယ်။

အဲဒီပုံစံက ဘာနဲ့ တူသလဲ ဆိုတော့ နောက်ကြောင်းပြန်လို့ မရတဲ့ လမ်းပေါ် လျှောက်နေရတဲ့ လူတစ်ယောက်နဲ့ ချွတ်စွပ်တူနေတယ်။

သူ ကိုယ်တိုင်လည်း ဒီလိုအဖြစ်မျိုးနဲ့ ကြုံဆုံချင်မှာ မဟုတ်ဘူးရယ်။

အရင်တုန်းက သူနဲ့ ဟိုစာရေးဆရာမလေးရဲ့ အကြားမှာ အချစ်ဇာတ်လမ်းတွေ ဘာတွေ ရှိခဲ့ကြဖူးမယ် ထင်တယ်။ စာအုပ်ကို အတူတွဲရေးခဲ့တယ် ဆိုတာက အလိမ်အညာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နိုင်ပေမယ့် သူ့အနေနဲ့ အကြံဉာဏ် ပေးတာမျိုးလောက်တော့ အနည်းအကျဉ်းဖြစ်ဖြစ် မပါဘဲ နေမှာ မဟုတ်ဘူး။

သူတို့နှစ်ယောက် အကြားမှာ ရှိတဲ့ ထူးခြားတဲ့ ဆက်ဆံရေးကြောင့် သူ့ရင်တွင်းမှာ ပုန်းခိုနေခဲ့တဲ့ လေးလံတဲ့ တစ်စုံတစ်ရာဟာ ရုတ်တရက် ပွင့်အန်ထွက်ကျလာပြီး သူ့ရဲ့ မူလရည်ရွယ်ရာကနေ ဝေးသထက် ဝေးအောင် သူ့ကို တဖြည်းဖြည်းနဲ့ လမ်းလွဲသွားစေခဲ့တယ်။ နောက်ဆုံး လုံးဝ လုံးဝ အထိန်းအကွပ် ကင်းမဲ့သွားတဲ့ အထိပေါ့။

“နင်က သိပ်ရိုးတာပဲနော်” မီစူကိုက ရယ်နေတယ်။ “အခုတိုင်းဆိုရင် နင်က သူများ‌တွေရဲ့ ဒရမ်မာထဲမှာ ကြားညပ်နေတာ။ တစ်ခုပဲ ရှိတယ်။ နင်က အဲဒီလူတွေကို လုံးလုံး သိတာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကတော့ နင့်ရဲ့ အသက်ကိုတောင် ရန်ရှာချင်နေတယ်လေ။ နင် အခုထက် ပိုပြီး စိတ်တိုနေဖို့ ကောင်းတယ်”

“အမှန်အတိုင်း ဝန်ခံရရင် အခုလို ကိစ္စမျိုးက ငါ့ခေါင်းပေါ် ကျလာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့ဖူးတာမှ မဟုတ်ဘဲ။ အဲဒီလို ကိစ္စမျိုးက ငါနဲ့ လားလားမှ မသက်ဆိုင်ဘူးလို့ အမြဲပဲ ယူဆထားခဲ့တာလေ။ အခုချိန် လက်မောင်းမှာ ပိုက်တန်းလန်းနဲ့ ဖြစ်နေတာတောင် အိပ်မက်မက်နေတယ်လို့ ထင်ချင်နေတုန်းပဲ”

အဲဒါ ကျွန်မရဲ့ လတ်တလော စိတ်အခြေအနေပဲ။ တစ်ဦးတစ်ယောက်ကို စိတ်ဆိုးဖို့ ဆိုတာထက် ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို နားလည်နိုင်ဖို့ ပိုပြီး စိတ်ဝင်စားနေခဲ့တယ်။

မီစူကိုက ခေါင်းတဆတ်ဆတ် ညိတ်ရင်း မျက်နှာတည်နဲ့ ပြောလာတယ်။ “ဒါပေါ့၊ ဒါပေါ့။ ဒီနှစ်ပိုင်းတွေမှာ စိတ်မူမမှန်လို့ ဆိုပြီး အလုပ်ထွက်ကြရတဲ့ လူတွေ များလာတယ်။ ဒါပေမယ့် ယာမာဇိုအေက စားသောက်ဆိုင်မှာ အဆိပ်ခတ်ဖို့ မပြောနဲ့ လူတစ်ယောက်ယောက်ကို တကောက်ကောက် လိုက်ကြောင်နေလိမ့်မယ်လို့ ငါ ထင်တောင် ထင်မထားခဲ့ဘူး။ အခုတော့ အဲဒီလို ကိစ္စမျိုးက ငါတို့ရဲ့ မျက်စိရှေ့မှာတင် ဖြစ်လာခဲ့ပြီလေ။ နည်းနည်းမှ မထင်ရက်စရာပဲ။ လိုက်အကြောင်ခံရတဲ့ စာရေးဆရာမက တီဗီပေါ်ကနေ နင့်ကို ငိုပြီး တောင်းပန်နေသေးတာ။ တကယ်ပါပဲ။ ပေါက်ပေါက်ရှာရှာ နင့်ကျမှ မဲပေါက်ရတယ်လို့။ ဆိုးဆိုးဝါးဝါး ဖြစ်မသွားခဲ့တာကိုပဲ ကြံဖန်ကျေးဇူးတင်ရတော့မယ်”

ခဏနားပြီး သူ ဆက်ပြောတယ်။ “စဉ်းစားကြည့်စမ်းပါဦး။ တကယ်လို့သာ အဆိပ်က ဒီထက် ပိုပြင်းမယ်ဆိုရင် နင်လည်း လူ့လောကမှာ ရှိမှာ မဟုတ်တော့ဘူး။ အဲဒီလိုသာ ဖြစ်သွားခဲ့ရင်တော့ ငါ အတော်လေး ရှော့ရသွားပြီး အထီးကျန်တာနဲ့ ဒီအလုပ်ကနေ ထွက်ပစ်လိုက်မှာပဲ။ နင့်အပြင် တခြား လူတွေ အများကြီးလည်း အသက်အန္တရာယ် ရှိလာနိုင်တယ်လေ။ အဲဒီလို ဖြစ်နိုင်ခြေကို တွေးကြည့်ရုံနဲ့တင် ကြက်သီးတွေ တဖြန်းဖြန်း ထလာမိတယ်”

မီစူကိုရဲ့ ရိုးသားတဲ့ စကားပြောဆိုဟန်ကြောင့် ကျွန်မရင်ထဲ စိတ်ချလက်ချ ရှိသွားခဲ့တယ်။ သူက ကျွန်မကို မြန်မြန် အလုပ်ပြန်ဝင်ပြီး အရင်အတိုင်း ပုံမှန် ပြန်နေသွားဖို့ မျှော်လင့်နေမှာ အမှန်ပဲ။

“အခုလောလောဆယ်တော့ ဝန်ထမ်းစားသောက်ဆိုင်ကနေ ဘာမှ ဝယ်စားချင်စိတ် မရှိသေးဘူး”

ကျွန်မ ရယ်ရင်း ပြောလိုက်တယ်။

“အေးပေါ့ဟ။ ဘယ်လိုလုပ် ဖီးလာတော့မလဲ။ လူအတော်များများလည်း ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြတယ်လို့ ကြားတယ်” မီစူကိုကလည်း ရယ်နေတယ်။ “ဆိုင်က အန်တီကြီးတော့ သနားစရာပဲ”

“တကယ်ကြီးလား။ နောက်ကျရင်တော့ ငါ အဲဒီကို သွားဖြစ်အောင် သွားမှာပါ။ ငါ့အထင်တော့ ဒီလိုကိစ္စမျိုးက ဒုတိယအကြိမ် ဖြစ်လာနိုင်စရာ မရှိတော့ပါဘူး”

“ဒါပေမယ့် နင့်စိတ်ထဲမှာ သရိုးသရီ ဖြစ်နေမယ် ဆိုရင်တော့ ငါ့ကို အချိန်မရွေး လာခေါ်နော်။ မဟုတ်လည်း ငါက နေ့လယ်စာကို အချိန်မှန်မှန် စားတတ်တာမှ မဟုတ်တာ။ ဘယ်အချိန်ဖြစ်ဖြစ်ဟာ၊ ဟုတ်ပြီလား။ ငါတို့နှစ်ယောက် အပြင်မှာ ထွက်စားကြမယ်”

မီစူကိုက ကျွန်မလက်ကို ဆွဲရင်း ပြောနေတယ်။

“ကျေးဇူးပဲ” လူတစ်ဖက်သားအတွက် စိတ်ပူပန်ပေးတတ်တဲ့ မီစူကိုရဲ့ စကားကြောင့် ကျွန်မ ဝမ်းသာနေမိတယ်။

အဲဒီတုန်းက ကျွန်မရဲ့ အနေအထားက အရေးပေါ်အခြေအနေ၊ ဒါမှမဟုတ် ဆေးရုံမှာ အသက်လုနေရတဲ့ အခြေအနေလို့ တစ်နည်းတစ်ဖုံ ပြောလို့ရတယ်။ နောက်ပြီး အခုလို ကြောက်စရာကောင်းတဲ့ ပဋိပက္ခတစ်ခုအတွင်းကို ခြေချော်လက်ချော် ကျရောက်သွားခဲ့တဲ့ အတွက်ကြောင့် သူဌေးအပါအဝင် ကုမ္ပဏီက လူကြီးတွေရဲ့ ဂရုတစိုက် စုံစမ်းမေးမြန်းတာကိုပါ ခံလာခဲ့ရပြန်တယ်။ အဲဒီလို ရုတ်ချည်း မျက်နှာပန်းပွင့်လာတဲ့ စန်းထမှု၊ သေမင်းရဲ့ လက်ခုပ်ထဲက ရုန်းထွက်နိုင်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဝမ်းမြောက်ပျော်ရွှင်မှု၊ နောက်ပြီး ဆေးရုံမှာ နေနေရတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ လုံခြုံစိတ်ချမှု စတဲ့ စတဲ့ အကြောင်းအချက်တွေကြောင့် ကျွန်မရဲ့ အသည်းကို ဘယ်လောက်တောင် ထိခိုက်ပျက်စီးသွားစေခဲ့သလဲ၊ ကျွန်မရဲ့ အနာဂတ်ဘဝကို ဘယ်အတိုင်းအတာအထိ သက်ရောက်မှု ရှိလာဦးမှာလဲ ဆိုတဲ့ အချက်တွေကို စဉ်းစားဆင်ခြင်ဖို့ လုံးလုံးလျားလျား မေ့လျော့နေခဲ့တယ်။

ကာရီထမင်းထဲမှာ တရားခံ ယာမာဇိုအေ ခတ်ခဲ့တဲ့ အဆိပ်က ပမာဏ အတော်များတဲ့ အကိုက်အခဲပျောက်ဆေးတွေပါ။

ကျွန်မရဲ့ အစာအိမ်ကို ဆေးကြောပေးပြီးတဲ့နောက်မှာ တစ်ချိန်လုံး ဒရစ်သွင်းပေးခဲ့တယ်။ ပြီးတော့ ဆေးစစ်ရတာတွေကလည်း အမျိုးကို စုံနေတာပဲ။ ဆောင်ရန်ရှောင်ရန်အတွက် ဆရာဝန်က အခုလို မှာကြားထားတယ်။ “လတ်တလော ကာလအတွင်းမှာ အရက်သေစာ မသောက်ပါနဲ့။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလည်း ရှောင်ကြဉ်ပါ။ စိတ်ဖိအားနည်းအောင် ကြိုးစားနေထိုင်ပါ။ ပြီးတော့ အပူအစပ်တွေ ပါတဲ့ အစားအစာတွေကိုလည်း မစားပါနဲ့။ ဆေးရုံက အွန်လိုက်တဲ့ ဆေးတွေကလွဲလို့ တခြားဆေးတွေကို မသောက်ပါနဲ့ဦး။ တတ်နိုင်သလောက် အနားယူလိုက်ပါဦး။ နောက်တစ်ခါ ဆေးစစ်ဖို့ လိုပါလိမ့်ဦးမယ်။ တကယ်လို့ စိတ်တွေ ကယောက်ကယက် ဖြစ်နေတယ်လို့ ခံစားနေရရင် ကျွန်တော်တို့ဆီမှာ အချိန်မရွေး အကြံဉာဏ် တောင်းခံနိုင်ပါတယ်”

ဒီလိုနဲ့ ဆေးရုံတက်ပြီး ငါးရက်အကြာမှာ ကျွန်မ ဆေးရုံဆင်းခဲ့တယ်။

ဆေးရုံက ခုတင်မှာ လဲနေရတုန်းကတော့ လုံးဝ မသိခဲ့ဘူး။ အိမ်ပြန်ရောက်တော့မှ ကိုယ့်ကိုယ်ကို မှန်ထဲမှာ ကြည့်လိုက်မိတယ်။ ကျွန်မရဲ့ မျက်နှာမှာ သွေးရောင်တောင် မရှိတော့ပါလား။ ပြီးတော့ ပါးချောင်နားချောင်တွေ ကျလို့။

အဲဒီခံစားချက်ကို ကျွန်မ ဘယ်လို ပြောပြရမှန်းတောင် မသိတော့ဘူး။ ခေါင်းအစ ခြေအဆုံး ဆံစကနေ ခြေဖျားအထိ အစိတ်အပိုင်း အားလုံးက ချိနဲ့နေသလိုကြီး။ စိတ်ထဲမှာလည်း လေးလံထိုင်းမှိုင်းနေတယ်။ ဘာအလုပ်မှ မလုပ်ဘဲ နေနေတာတောင်မှ ခွန်အားတွေက ရေလို ခန္ဓာကိုယ်ထဲကနေ တစိမ့်စိမ့် ယိုထွက်နေကြတယ်။ ခန္ဓာကိုယ်ထဲမှာ စိုစွတ်နေတဲ့ ကြမ်းတိုက်အဝတ်စုတ်လို ဟာမျိုးပဲ ကျန်ရစ်ခဲ့တယ်။ အဲဒီလို ခံစားချက်မျိုးပဲ။

ဘယ်သို့ဆိုစေပေါ့လေ။ ကျွန်မက ခြေလက်မလှုပ်နိုင်တဲ့ ဒုက္ခိတ မဟုတ်လေတော့ တစ်နေကုန်လည်း အိမ်ထဲမှာ လှဲမနေချင်ဘူး။ ဒါကြောင့် ကုမ္ပဏီမှာ ကျွန်မအကြောင်းကို တီးတိုးတီးတိုး သဖန်းပိုး လုပ်ကောင်းနေတုန်း အချိန်မှာပဲ ကျွန်မ အရင်အတိုင်း အလုပ်ပြန်ဝင်ခဲ့တယ်။ ကျွန်မရဲ့ စိတ်ဓာတ်တွေ ဗုန်းဗုန်းလဲသွားပြီလို့ အထင်မခံနိုင်ဘူးလေ။

တကယ်တမ်းကျတော့ ကုမ္ပဏီကို ရောက်ဖို့ ဓာတ်ရထား စီးရတာတောင် ရှိသမျှ ခွန်အားတွေ အကုန်လုံးကို ညှစ်ထုတ်လိုက်ရသလိုပဲ။ ဒါပေမယ့် ဘယ်လောက်ပဲ ကိုယ်လက်နုံးချိနေပါစေပေါ့။ ကိုယ့်အလုပ်ကိုတော့ ပြီးပြတ်အောင် ကြိုးစားလုပ်နိုင်မှ တော်မယ်လေ။ နောက်ပြီး အစားရှောင်နေရတာကြောင့် ဧည့်ခံပွဲတွေကိုလည်း တက်စရာ မလိုသေးဘူး။ ဒီတော့ အိမ်ကို စောစော ပြန်လို့ရတယ်။ ဒါနဲ့ပဲ အနီးအပါးမှာ ရှိတဲ့ လူတွေက ကျွန်မရဲ့ ပျော့ညံ့မှုတွေကို သတိမထားမိကြတော့ဘူးပေါ့။

အစပိုင်းမှာတော့ လူတွေက ကျွန်မကို စပ်စပ်စုစုနဲ့ စူးစမ်းအကဲခတ် နေကြတယ်။ တောင်မေးမြောက်မေး လုပ်နေကြတယ်။ စင်္ကြံလမ်းမှာ ဖြစ်ဖြစ်၊ သန့်စင်ခန်းထဲမှာ ဖြစ်ဖြစ် “သူပေါ့။ အဆိပ်မိတယ် ဆိုတာ … ” ဒါမှမဟုတ် “ကြည့်ရတာ ထမ်းခေါ်သွားရတုန်းကထက်တော့ အတော် နေကောင်းသွားပုံ ရပြီ” ဆိုတဲ့ စကားမျိုးတွေကို ကြားနေရတတ်တယ်။ စိတ်အိုက်လိုက်တဲ့ ဖြစ်ခြင်း။ ဒါပေမယ့် အချိန်တွေ ရွေ့လျားသွားတာနဲ့အမျှ နွမ်းလျချိနဲ့ခြင်း ဆိုတဲ့ ရေအိုင်ထဲမှာ ကျွန်မ နစ်မြုပ်နေတုန်းမှာပဲ အပြင်လောကရဲ့ အရောင်အသွေးက တစ်နေ့တခြား ပြောင်းလဲလာတယ်။

ခင်မင်နေတဲ့ အန်တီကြီးကို အားပေးချင်တာနဲ့ ကျွန်မ သတ္တိမွေးပြီး မီစူကိုနဲ့အတူ ဝန်ထမ်းစားသောက်ဆိုင်ကို အရောက်သွားခဲ့တယ်။ ကျွန်မ ဘဲသားခေါက်ဆွဲပြုတ်ကို စားလိုက်တဲ့ အချိန်မှာ အနီးနားမှာ ရှိတဲ့ လူတွေအားလုံးက ကျွန်မကို လက်ခုပ်တီးပြီး အားပေးဂုဏ်ပြုကြတယ်။

အဲဒီတစ်ယောက် ပြန်ကောင်းသွားပြီပဲ။

အဲဒီလို နားလည်မှုမျိုး လူတိုင်းမှာ ဖြစ်ပေါ်လာကြတယ်။ ဒါနဲ့ ကျွန်မကို အကဲခတ်နေတဲ့ လူကလည်း တဖြည်းဖြည်းနဲ့ လျော့နည်းသွားတော့တယ်။ ဒီလိုဆိုတော့ ကျွန်မရဲ့ အတွင်းစိတ်ကလွဲလို့ အရာအားလုံးက တစ်စတစ်စ ငြိမ်သက်လာပြီး ပုံမှန် အနေအထားကို ပြန်ရောက်သွားကြပြီပေါ့။

ဒါပေမယ့် ကျွန်မရဲ့ ရင်ထဲမှာတော့ တစ်စုံတစ်ရာဟာ ကုတ်ကတ်ပြီး တွယ်မြဲ တွယ်ကပ်နေတုန်းပဲ။ ကျွန်မကိုယ်တိုင် သတိမထားမိလိုက်ခင်မှာပဲ မျက်နှာပြင်ထက်ကို ထိုးတက်နိုင်ဖို့ အခွင့်အခါကို စောင့်ဆိုင်းနေလေရဲ့။

သေချာပြန်စဉ်းစားကြည့်ရင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ချိနဲ့အားနည်းနေတယ်လို့သာ အထင်ရောက်နေတာ။ ရဲသားတွေ၊ ဆရာဝန်တွေက ကျွန်မကို ဟိုဟာမေးလိုက် ဒီဟာမေးလိုက် လုပ်လာကြပြီ ဆိုရင်တော့ ကျွန်မစိတ်က မသိလိုက် မသိဘာသာ တင်းမာခက်ထန်လာပြီး ဘုနဲ့ဘောက်တွေ ဖြစ်ကုန်ရော။

ဒေါသတွေက တလိပ်လိပ် တက်လာပြီး ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲထွက်ကုန်တယ်။ တော်ပါတော့။ ဆက်ပြီး မမေးပါနဲ့တော့။

အဲဒီဒဏ်ကို အခံရဆုံး သူကတော့ ကျွန်မရဲ့ ချစ်ရသူ ‘ယူ’ ပဲပေါ့။

ယူနဲ့ ကျွန်မတို့ ချစ်ကြိုက်နေကြတာ သုံးနှစ်ကျော်သွားခဲ့ပြီ။ အဲဒီတုန်းကတော့ အိမ်ထောင်ပြုဖို့အတွက် စမ်းသပ်ကာလအဖြစ်နဲ့ အတူတူ နေနေကြတဲ့ အချိန်ပေါ့။ ဒါကြောင့် ကျွန်မနဲ့ ခင်မင်တဲ့ လူတိုင်းက သူ့ကို ဘယ်လို ဆက်သွယ်ရမလဲ ဆိုတာကို သိနေကြတယ်။ ပြဿနာ ဖြစ်ပြီးတာနဲ့ မကြာခင်မှာပဲ သူ့ကို အကြောင်းကြားနိုင်ခဲ့တယ်။ သူက ဆေးရုံကို အမြန်လိုက်လာတယ်။ ကျွန်မကို မွေးစားခဲ့ကြတဲ့ အဘိုးအဘွားတွေကို အကြောင်းကြားပေးခဲ့တာလည်း သူပဲ။

သူက ကုမ္ပဏီမှာ ခွင့်တိုင်ပြီး အလုပ်စောစော ဆင်းခဲ့တယ်။ ကျွန်မကို အစာအိမ်ဆေးပြီး ခုတင်ပေါ် ပြန်ပို့တာကနေ ဟိုလူဒီလူတွေရဲ့ အမေးအမြန်းကို ခံနေရတဲ့အထိ အဲဒီ ကြားကာလအတွင်းမှာ သူက ကျွန်မအနားကနေ တစ်ဖဝါးမှ မခွာခဲ့ဘူး။

ဆေးရုံကို အပြေးရောက်လာတဲ့ ယူကို မြင်တော့ ကျွန်မ တွေးလိုက်မိတယ်။ လူကသာ အခုလို နုံးချိမနေဘူးဆိုရင် ဒီထက်ပိုပြီး ဝမ်းသာနေမိမှာ အမှန်ပဲ။

အခုချိန်မှာ ယူနဲ့ နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်ထားကြတာဆိုတော့ သူက ကျွန်မရဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်ပဲလေ။

ပြဿနာဖြစ်ပြီး နောက်ပိုင်းရက်တွေမှာ လူတိုင်းက ကျွန်မကို လိုလေသေး မရှိအောင် ဖူးဖူးမှုတ်ထားကြတယ်။ ဆေးရုံထမင်းကို စားမကောင်းမှာ စိုးလို့ ဆိုပြီး ယူက သူ့အမေကို နူးညံ့ပြီး အရသာရှိတဲ့ ဆန်ပြုတ်နဲ့ စွပ်ပြုတ်တွေ ချက်ခိုင်းပြီး ဆေးရုံကို ယူလာတတ်တယ်။ ပြီးတော့ ဆေးရုံက မိုက်ခရိုဝေ့မီးဖိုနဲ့ ကျွန်မအတွက် နွှေးပေးတတ်တယ်။ ကျွန်မရဲ့ အဘွားက ကျွန်မအတွက် လျှော်ဖွပ်ပြီး အဝတ်အစားနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းပစ္စယတွေ လာပို့တဲ့ အခါတိုင်းမှာလည်း ယူနဲ့ လေပေးဖြောင့်လို့။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း အတော်ကြီးကို တိုးတက်ကောင်းမွန်သွားတယ်။ ကျွန်မရဲ့ ခုတင်ဘေးမှာလည်း စည်းကားသိုက်မြိုက်လို့ပေါ့။

အင်း … မိသားစုဝင် အသစ်တစ်ယောက် တိုးသွားတယ် ဆိုတဲ့ ခံစားချက်မျိုး ရလာတယ်။ ကျွန်မတစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို နုံးချိပျော့ခွေနေတယ် ဆိုပေမယ့် ရင်ထဲမှာတော့ ကလိကလိနဲ့ ဝမ်းသာလို့ပေါ့။ မူမမှန်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာပြီ ဆိုရင်တော့ အကျိုးဆက်အနေနဲ့ အနှောင်အဖွဲ့တွေက ခိုင်မြဲသထက် ခိုင်မြဲလာတတ်တယ်လေ။

ကျွန်မရဲ့ မိသားစုက ယာမာဇိုအေနဲ့ ကုမ္ပဏီကို ပစ်တင်မောင်းမဲ နေတဲ့ အခါတိုင်း၊ စိတ်ဆိုးမာန်ဆိုး ဖြစ်နေတဲ့ အခါတိုင်း၊ မျက်ရည်စက်လက် ကျနေတဲ့ အခါတိုင်းမှာ ကျွန်မ ဝန်လေးစွာနဲ့ တွေးနေမိတယ်။ ‘ဒီကမ္ဘာပေါ်မှာ ငါ့ကို ချစ်တဲ့သူတွေ ရှိနေသေးပါရော’

“အရင်တုန်းက မင်းအနားမှာ မိဘတွေမရှိခဲ့ဘူး ဆိုတဲ့ အကြောင်းကို ငါ သိမထားခဲ့ဘူး။ ဆောရီးပဲ”

တစ်နေ့ည ဧည့်တွေ့ချိန် ကုန်သွားတော့ ယူက ပန်းသီးတစ်လုံးကိုင်ပြီး ကျွန်မအနားကို ရောက်လာတယ်။ သူက အသံတိုးထားတဲ့ တီဗီကို ငေးကြည့်နေရင်း ကျွန်မကို စကားလှမ်းပြောနေတယ်။ လက်ထဲမှာလည်း ပန်းသီးကို အထစ်အငေါ့မရှိ အခွံနွှာနေလေရဲ့။

ကုမ္ပဏီက ကျွန်မအတွက် သီးသန့်အခန်း စီစဉ်ပေးထားတော့ သူနာပြုတွေကလည်း ဧည့်တွေ့ချိန်နဲ့ ပတ်သက်ပြီး ကကျည်ကကြောင် လုပ်မနေကြတော့ဘူး။

ညအချိန် ဆေးရုံရဲ့ တိတ်ဆိတ် ငြိမ်သက်မှုကြောင့် ကမ္ဘာပေါ်မှာ ကျွန်မနဲ့ ယူ နှစ်ယောက်တည်းပဲ ရှိနေတော့သလို။ ကျွန်မတို့ နှစ်ယောက်ဟာ အရင်တစ်ခါမှ မကြုံခဲ့ဖူးတဲ့ ကျဉ်းမြောင်းပြီး တိတ်ဆိတ်တဲ့ ကမ္ဘာလေးထဲမှာ ထိုင်နေကြရင်း ကျွန်မတို့ရဲ့ စကားသံတွေကလည်း အလိုက်သင့် တိုးလျနေကြတယ်။

အဲဒီညက ကျွန်မတစ်ကိုယ်လုံး အားပြတ်နေပြီး လှုပ်ချင်သလို မလှုပ်နိုင်တဲ့အပြင် စိတ်ကလည်း လေးလံထိုင်းမှိုင်းနေတယ်။ စိတ်ဓာတ်ကျနေတယ်လို့ ခေါ်ရမလားပဲ။

ဘာစကားမှ မပြောဘဲ ကျွန်မအတွက် သူ လှီးသင်ပေးထားတဲ့ ပန်းသီး ကြွပ်ကြွပ်ရွရွကို ဝါးစားနေလိုက်တယ်။ ပန်းသီးရဲ့ ချိုချဉ် အရသာကြောင့် ကျွန်မစိတ်ထဲ ရုတ်ချည်း လန်းဆန်းသလို ခံစားလာရတယ်။ ဒါပေမယ့် မတ်မတ်ထိုင်နေရတာကိုပဲ ပင်ပန်းတယ်လို့ ထင်နေတုန်း။ ကိုယ့်ခြေကိုယ့်လက်ကိုတောင် သယ်ချင်စိတ် မရှိဘူး။ ဒရစ်ချိတ်ရတဲ့ ကိစ္စကိုလည်း တစ်နေ့တခြား မုန်းလာတယ်။ လက်ဖျံပေါ်မှာ အသေထိုးစိုက်ထားတဲ့ လိပ်ပြာအပ်ပေါ်က ပလာစတာ ပတ်ဝန်းကျင်မှာလည်း ယားကျိကျိနဲ့။ ခုတင်ပေါ်မှာ လှဲချည်း လှဲနေရတာဆိုတော့ ခါးကလည်း နာလှပြီ။

ကျွန်မကို ဘယ်လောက်ပဲ ချစ်ပါတယ် ပြောပြော၊ ချစ်ခဲ့ကြတဲ့ သက်တမ်းတွေ ဘယ်လောက် ရှည်ကြာခဲ့ပြီပဲ ဆိုဆို၊ လေးနက်တဲ့ စကားမျိုးကို အဲဒီလို အချိန်မျိုးမှာ ကျွန်မ မပြောချင်ဆုံး၊ မကြားချင်ဆုံးပဲ။

“မင်း ဆေးရုံတက်နေတဲ့ အချိန်လေးအတွင်းမှာ မင့်းအဘွားနဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ်။ အကြောင်းအရာ အတော်များများကိုတော့ ငါ အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ အရင်တုန်းကလည်း မင်းကို တစ်ခါမှ တကူးတက မေးမကြည့်ခဲ့ဖူးဘူး။ ငါ တကယ်ပဲ စိတ်မကောင်းဘူး” သူက ပြောတယ်။

“တော် … တော်တော့။ ဆက်မပြောနဲ့တော့”

ကျွန်မရဲ့ လေသံက အဲဒီလောက်ထိ မာကြောသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ကျွန်မရဲ့ စူးရှခက်ထန်တဲ့ အသံက တိတ်ဆိတ်တဲ့ အခန်းတွင်းမှာ အချိန်ကြာကြာ ဘောင်ဘင်ခတ်နေတယ်။ ဒေါမနဿ‌တွေက စမ်းရေလို ကျွန်မရဲ့ ကိုယ်တွင်းတစ်နေရာကနေ အထက်ကို အလုံးအရင်းနဲ့ ဆန်တက်ဖို့ ကြိုးစားနေတယ်။ ပွင့်အန်ပြီး ပေါက်ကွဲမထွက်အောင် ကျွန်မ ချိုးနှိမ်ထားနိုင်မှ ဖြစ်မယ်။

နောက်ဆုံးတော့ တင်းမာမှုကို ပန်းသီးက ထိန်းချုပ်ပေးနိုင်ခဲ့တယ်။

လှပတဲ့ အနီရောင် ပန်းသီးအခွံက လင်ပန်းထဲမှာ အခွေလိုက်ကလေး လဲလျောင်းနေတယ်။ ယူအနေနဲ့ တစ်နေကုန် အလုပ်ဝင်ထားရတာဆိုတော့ အတော်လေး ပင်ပန်းနေရော့မယ်။ ကျွန်မဆီ တကူးတက ရောက်လာပြီး ကျွန်မအတွက် ပန်းသီးတောင် အခွံနွှာပေးနေသေးတယ်လေ။ ဒါကိုပဲ ကျွန်မက ကြက်ခေါင်းဆိတ်မခံ ကက်ကက်လန် ရန်တွေ့နေမိပြန်တော့ သူက ကျွန်မရဲ့ အပြုအမူကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေလေရဲ့။ တအံ့တဩ ဖြစ်နေတဲ့ သူ့ရဲ့ အမူအရာက အပြစ်ကင်းပြီး မျက်စိရှေ့က လှပနေတဲ့ ပန်းသီးလေးလိုပဲ။

ကျွန်မ ကြိုးစားပြီး အသံကို ထိန်းပြောလိုက်တယ်။

“ငါ အကြောင်းအရာ အများစုကို ဘယ် မှတ်မိနိုင်ပါတော့မလဲ။ နောက်ပြီး နင့်အဖေလည်း နင့်အမေ ဆုံးတော့ နောက်အိမ်ထောင်တစ်ခု ထပ်ထူထောင်လိုက်တာ မဟုတ်လား။ ငါ ထင်တယ်။ နင့်မှာလည်း စိတ်သောကအမျိုးမျိုး ရှိနေနိုင်တယ်။ အဲဒါတွေကို နားလည်အောင် ရှင်းပြဖို့ဆိုတာ အတော်ကို ခက်တဲ့ကိစ္စပဲ။ ဒါကြောင့် ယူ၊ နင် အဲဒီအကြောင်းတွေကို ငါ့ကို တကူးတက မမေးခဲ့ပေမယ့် မေးခဲ့ရင်တောင် ဘာတွေ ထူးခြားသွားနိုင်မှာမို့လဲ”

ကျွန်မ ဆက်ပြောလိုက်တယ်။ “အခုချိန်မှာ ငါ့ကျန်းမာရေးက အတော်လေး ဆိုးရွားနေသေးတယ် ဆိုပေမယ့် တဖြည်းဖြည်းတော့ ကောင်းလာမှာပါ။ နောက်ပြီး ကိုယ်ပိုင်မိသားစုလေးတစ်ခုကို မကြာခင် ထူထောင်ဖို့ စိတ်ကူးထားတာဆိုတော့ ငါ့ရင်ထဲမှာ မျှော်လင့်ချက်တွေနဲ့ပဲ ပြည့်နေတယ်။ ဖြစ်ပြီးခဲ့တဲ့ အတိတ်ကအကြောင်းတွေကို စဉ်းစားနေဖို့ အချိန်မရဘူး။ ငါ့ရင်ထဲက တစ်နေရာရာမှာ ဒဏ်ရာရခဲ့ဖူးတာ မှန်ပေမယ့် အဲဒါတွေကို ဘယ်တုန်းကမှ လျစ်လျူရှုထားဖို့ မကြိုးစားခဲ့ဖူးဘူး။ အမှန်အတိုင်း ဝန်ခံရရင် အဲဒီ ရင်တွင်းပဋိပက္ခတွေကို အပြည့်အဝ ချေဖျက်နိုင်စွမ်း မရှိသေးတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ငယ်ငယ်တုန်းက အကြောင်းတွေကို ကောင်းကောင်းတောင် မမှတ်မိတော့ဘူးရယ်။ အဘိုးနဲ့ အဘွားတွေက ငါ့ကို သူတို့ရဲ့ ရင်သွေးတစ်ယောက်လို ချစ်ကြတာ ဆိုတော့ ငါ ဘယ်တုန်း ဘယ်အခါကမှ အချစ်မငတ်ခဲ့ရဘူး။ ရင်ထဲမှာလည်း ဖုံးဖိမျိုသိပ်ထားရတာမျိုး ဘာမှ မရှိဘူးလေ။ နင် ဘာမှ စိတ်ပူမနေနဲ့”

“မင်းနဲ့ငါ ချစ်သူတွေ ဖြစ်လာကြတာလည်း ကြာပြီဆိုတော့ အဲဒီအချက်ကို ငါ အစောကြီးကတည်းက သဘောပေါက်ပါတယ်။ မင့်းအဘိုးအဘွားတွေကလည်း မင်းအပေါ် တကယ် ကောင်းကြတယ်” သူက ပြောတယ်။ “ဒါပေမယ့် အခုလို ပြဿနာမျိုး ဖြစ်ထားပြီးတဲ့ အချိန်မှာ ပတ်ဝန်းကျင်ကလည်း ကောလာဟလ အမျိုးမျိုးနဲ့။ ပြီးတော့ လူတွေကလည်း မင်းကို စစ်လားဆေးလား လုပ်နေကြသေးတာဆိုတော့ အခုချိန် မင်းခေါင်းထဲမှာ မူးနောက်နေလောက်တယ်”

သူက အဲဒီလို ယထာဘူတကျကျ ဆင်ခြင်သုံးသပ်နိုင်တဲ့ ဉာဏ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ သူပါ။ ပုံမှန်ဆိုရင်တော့ ‘ပျော်ပျော်နေ သေခဲ’ ဆိုတဲ့ မူကို ကျင့်သုံးပြီး ကျွန်မကို လေးနက်တဲ့ မေးခွန်းမျိုးတွေ မေးလေ့မေးထ မရှိတတ်ဘူး။ ဒါပေမယ့် လူတစ်ဖက်သားရဲ့ မျက်နှာအမူအရာနဲ့ အသံ‌နေအသံထားကိုတော့ အမြဲတစေ ဂရုတစိုက် လေ့လာနေတတ်တယ်။

“အင်း၊ ဟုတ်မှာပါ။ အခြေအနေတွေအားလုံး ငြိမ်သက်သွားရင်တော့ ငါ့စိတ်လည်း ငြိမ်သက်သွားနိုင်လောက်ပါတယ်” ကျွန်မ ပြောလိုက်တယ်။

“ဒီပြဿနာ ဖြစ်ပြီးကတည်းက မင်းမျက်နှာက ကြည့်ရတာ တစ်မျိုးကြီးပဲ။ အဲဒါကို ငါ စိတ်ပူနေတာ။ ဒါပေမယ့် သေတွင်းနှုတ်ခမ်းပေါ် ဖြတ်လျှောက်ခဲ့ရပါလျက်နဲ့ ဘာမှ မဖြစ်သလို နေနိုင်မယ့်သူ ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှ ရှိနိုင်မယ် မထင်ဘူး” သူ ပြောပြီး ရယ်နေတယ်။

သူ ပြောလည်း ပြောချင်စရာပဲ။ ကျွန်မရဲ့ မိဘတွေ၊ မိသားစုတွေ၊ ငယ်ဘဝအကြောင်းတွေ၊ စတဲ့ အကြောင်းအရာတွေကို စကားဆက်မိတာနဲ့ ကျွန်မရဲ့ မျက်စိထဲမှာ ကမ္ဘာလောကကြီး တစ်ခုလုံးက မဲမှောင် အုံ့မှိုင်းသွားသလို အမြဲတမ်း ခံစားခဲ့ရတယ်။ ကျွန်မရဲ့ ရင်တွင်းတစ်နေရာမှာ လေးလံမာကျောတဲ့ အရာတစ်ခုခု စုဖွဲ့ဖြစ်တည်နေသလိုပဲ။ ဒါပေမယ့် အဲဒီခံစားချက်က တဒင်္ဂအတွင်းမှာပဲ လွင့်ပြယ်သွားတတ်ပြန်တယ်။

အခု ကျွန်မဟာ ပစ္စုပ္ပန် နေ့ရက်တွေမှာပဲ လက်တွေ့ကျကျ နေထိုင်နေတယ်။ ကျွန်မမှာ အလုပ်အကိုင် ရှိတယ်။ အတူတူ နေနေတဲ့ ချစ်သူ ရည်းစားရှိတယ်။ သူ့မှာ တည်ငြိမ်ရင့်ကျက်တဲ့ နှလုံးသားတစ်ခု ပိုင်ဆိုင်ထားတာကြောင့် ကျွန်မနဲ့ အစစအရာရာ အဆင်ပြေ သင့်မြတ်နေတယ်။

ရည်းစားသနာ ရှာနေကြတဲ့ အတန်းဖော်တွေနဲ့ ပတ်ချာလည် ဝိုင်းနေတဲ့ မြီးကောင်ပေါက် ဘဝမှာပဲ ဖြစ်ဖြစ်၊ အိမ်ထောင်ဖက်တွေနဲ့ လုံးချာလည်လိုက်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြားမှာပဲ ဖြစ်ဖြစ်၊ ကျွန်မဟာ ကျွန်မရဲ့ အတွင်းစိတ်ကို မထိခိုက် မပွန်းပဲ့ရလေအောင် အမြဲထာဝရ စောင့်ရှောက်ထားခဲ့တယ်။ ကာကွယ်ထားခဲ့တယ်။

ဒါပေမယ့် ရင်တွင်း တစ်နေရာကနေတော့ သူတို့ကို အားကျနေခဲ့မိတယ်။

အချစ်စိတ်ကြောင့် ထိန်းမနိုင် သိမ်းမရ မွှန်ထူနေတတ်ကြတဲ့ လူမျိုးတွေဟာ အချစ်ကို တန်ဖိုးထားမှု နည်းပါးတဲ့ လူတွေပဲလို့ ကျွန်မ ထင်တယ်။ ရေပိုက်ခေါင်းကနေ ရေတွေကို တဝေါဝေါနဲ့ စည်းမဲ့ကမ်းမဲ့ ဖွင့်ချပြီး အလဟဿ ဖြုန်းတီးပစ်ကြသလို သူတို့ရဲ့ ရင်ထဲက ဖြစ်ပေါ်နေတဲ့ အချစ်ဆိုတဲ့ အရာတွေကို အထိန်းအကွပ်မဲ့ ဖွင့်ထုတ်ပြီး ဖြုန်းတီးပစ်တတ်ကြတယ်။

ခြွင်းချက်တော့ ရှိတာပေါ့လေ။ ဒါပေမယ့် ကျွန်မရဲ့ အနီးပတ်ဝန်းကျင်က ‘ကလူ၏သို့ မြူ၏သို့’ လုပ်နေကြတဲ့ အထီးအမတွေကတော့ အကုန်လုံး အဲဒီအတိုင်းချည်းပဲ။ ကျွန်မ တွေးကြည့်တယ်။ ဒါလည်း မဆိုးပါဘူးပေါ့လေ။ သူတို့ရဲ့ ဘဝက ချစ်ရရင် ပြီးရော၊ ဘာကိုမှ ဂရုစိုက်မနေနိုင်ဘူး ဆိုတဲ့ အထာမျိုး။

ကျွန်မအဘိုးအဘွားတွေရဲ့ အချစ်ကို ဘယ်တုန်း ဘယ်အခါကမှ ကျွန်မ သံသယ မဝင်ခဲ့ဖူးဘူး။ ဒါပေမယ့် ဘယ်သို့သော အကြောင်းရယ်ကြောင့်တော့ မသိဘူး။ ‘ငါက အမွေးစားခံထားရတာ’ ဆိုတဲ့ ခံစားချက်က ဝန်ထုပ်ဝန်ပိုးတစ်ခု အနေနဲ့ ကျွန်မရဲ့ ရင်ထဲမှာ အမြဲ တည်ရှိနေခဲ့တယ်။ ဘာနဲ့ တူသလဲဆိုတော့ ကျွန်မ သဘောကျတဲ့ လူတွေရဲ့ အိမ်မှာ အခန်းငှားနေရသလိုပဲ။ အတိုင်းအတာ တစ်ခုထိ သူတို့အပေါ် ကျွန်မ ဂျီကျလို့ ရကောင်း ရနိုင်တယ်။ အဲဒီလို ဂျီကျတဲ့အတွက် သူတို့ ပျော်ရွှင်ကောင်း ပျော်ရွှင်နိုင်ပေမယ့် သူတို့အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်တော့ ကျွန်မ နေတတ်ရမယ်။ အဲဒီလို အသိတရားတစ်ခုက ကျွန်မရင်ထဲ အမြဲ ရှိနေခဲ့တာ။

နောက်ပြီး ကျွန်မ တဖြည်းဖြည်းနဲ့ နားလည်လာတဲ့ အချက်က ဒီကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ အားလုံးဟာ မိသားစုဝင်တွေကြောင့် တစ်နည်းမဟုတ်တစ်နည်း စိတ်ဒဏ်ရာ ရခဲ့ဖူးကြတယ် ဆိုတာပါပဲ။ ကျွန်မမှာ ဘာထူးခြားချက်မှ မရှိပါဘူး။ တခြားလူတွေလည်း အဲဒီအတိုင်းပဲ နေမှာပါပဲ။ ဒါပေမယ့် တချို့လူတွေက အဲဒီအချက်ကို ကောင်းကောင်း ကိုင်တွယ်တတ်တယ်။ တချို့က မကိုင်တွယ်တတ်ဘူး။ ဒါလေးပဲ ခြားနားသွားကြတာ။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ။ ကျွန်မတို့ အားလုံးကို ကျွန်မတို့ရဲ့ မိသားစုဝင်တွေက ကျွေးမွေးစောင့်ရှောက်ကြတယ်။ ချစ်ခင်မြတ်နိုးကြတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ကို သူတို့က ကန့်သတ်ချုပ်ချယ်ကြတယ်။ ထိန်းကွပ်ပုံသွင်းကြတယ်။ အဲဒါကိုက လူ့ဘဝပေပဲလို့ ကျွန်မ သဘောပေါက်လာတယ်။

ဒါကြောင့် ကိုယ်ပိုင် မိသားစုတစ်စု တည်ဆောက်ရတော့မယ် ဆိုတော့ ကျွန်မ အဲဒါကို ပေါ့သေးသေးရယ်လို့ သဘောမထားနိုင်ခဲ့ဘူး။ ယူက တစ်ခါတည်း မင်္ဂလာတန်းဆောင်ကြဖို့ အကြံပြုပေမယ့် ကျွန်မကတော့ တစ်နှစ်လောက် အတူတူ နေကြည့်ချင်သေးတယ်လို့ တောင်းဆိုလိုက်တယ်။

နောက်ပြီး ကျွန်မဆိုတဲ့ မိန်းမက ဒီအသက် ဒီအရွယ်အထိ ယောက်ျားသုံးယောက်နဲ့ပဲ တွဲခဲ့ဖူးတယ်။ ပလီပလာ လုပ်တာတို့၊ အီစီကလီ လုပ်တာတို့က ကျွန်မရဲ့ အဘိဓာန်မှာ မရှိခဲ့ဖူးဘူး။ လုပ်ရင် အတည်တကျ စွဲစွဲမြဲမြဲပဲ လုပ်တတ်တယ်။

ယူနဲ့ ကျွန်မဟာ အခုလို စမ်းသပ်ပြီး အတူနေကြည့်လိုက်မှ ထင်ထားတာထက် ပိုပြီး ရှေ့သွားနောက်လိုက် ညီနေတာကို တွေ့လိုက်ရတယ်။ ကျွန်မတို့ ကြိုက်နှစ်သက်တဲ့ အစားအစာတွေကလည်း တစ်ထပ်တည်းနီးပါး တူညီနေတယ်။ အိမ်မှုကိစ္စတွေကိုလည်း သူက ကူလုပ်ပေးတတ်တယ်။ သူက သူ့အမေနဲ့ နှစ်ယောက်တည်း နှစ်ရှည်လများ နေခဲ့ဖူးတာ ဆိုတော့ ကျွန်မနဲ့ အတူနေတဲ့ အခါမှာလည်း သူ့စည်းကိုယ့်စည်းကို သဘာဝကျစွာ ပိုင်းခြားထားနိုင်တယ်။ စနေနေ့ ညတိုင်းမှာ ကျွန်မတို့ ချစ်တင်းနှောတတ်ကြပြီး အဲဒါပြီးတာနဲ့ အတူတူ ရေစိမ်ရေချိုးကြတယ်။ ပြီးတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ရင်းပြုံးရင်း အိပ်ပျော်သွားကြတယ်။

အတူနေဘဝမှာက ချိန်းတွေ့စဉ် ဘဝကထက် ပိုပြီး တည်ငြိမ်အေးချမ်းတယ်။ ပိုပြီး စိတ်ချမ်းသာရတယ်။ အဲဒီအချက်က ကျွန်မကို အံ့အားသင့်စေတာ အမှန်ပဲ။

ကျွန်မ နေချင်၊ ရချင်ခဲ့တဲ့ ဘဝမျိုးက ဒီလိုဘဝမျိုးပဲ ဖြစ်မယ်လို့ ကျွန်မ တွေးလာမိတယ်။ ဘာဆင်ခြေမှ မလိုဘူး။ စိတ်အေးချမ်းနေမယ်။ စိတ်ချလက်ချ နေလို့ရမယ်။ ဒီလိုပုံစံမျိုးနဲ့ပဲ ဘဝကို တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းသွားပါရစေလို့ မျှော်လင့်နေမယ်။ ကျွန်မ လိုချင်တဲ့ ဘဝက အဲဒီလို ဘဝမျိုးပဲ။

ချစ်ခြင်း‌မေတ္တာကို ပစ္စလက်ခတ် သဘောထားတတ်တယ်လို့ ကျွန်မ ထင်ထားခဲ့တဲ့ လူတွေအားလုံးဟာ နဂိုကတည်းက အဲဒီလို ဘဝမျိုးမှာ နေထိုင်ခွင့် ရနေကြလို့များလား။ ဒါကြောင့်ပဲ အရာရာအပေါ် အမှုမဲ့ အမှတ်မဲ့ နေနေကြတာလားတော့ မပြောတတ်ဘူး။ အဲဒီလိုသာ ဆိုရင်တော့ တစ်နေ့ကျရင် ကျွန်မလည်း သူတို့လိုပုံမျိုး တဖြည်းဖြည်း ပေါက်သွားနိုင်တယ်။ အိမ်ထောင်သားမွေးကိစ္စကို ကျွန်မ အနည်းအကျဉ်း စိုးရွံ့မိတယ် ဆိုပေမယ့်လည်း တကယ်တမ်း ကြောက်စရာ ကောင်းချင်မှ ကောင်းမှာပါ။ အဲဒီလို တွေးကြည့်လိုက်တော့ ကျွန်မရင်ထဲ အတော်လေး ပေါ့ပါးသွားတယ်။

နားလည်ရခက်တဲ့ စိတ်ကြောင့်ကြမှုက ကျွန်မကို လွှမ်းခြုံထားလေတော့ ယနေ့ယခုအချိန်ထိ ကျွန်မဟာ ယူကလွဲလို့ တခြား တခြားသော ယောက်ျားလေးတွေနဲ့ မသိလိုက် မသိဘာသာ ဆိုသလို ကင်းကွာသထက် ကင်းကွာသွားတယ်။ ကျွန်မရဲ့ ဘဝကို အချိန်အကြာကြီး စိုးမိုးလာခဲ့တဲ့ အဲဒီ ကြောင့်ကြစိတ်က ကျွန်မရဲ့ ကိုယ်ပေါ်ကနေ တဖြည်းဖြည်း ပြေလျော့စ ပြုလာတဲ့ အချိန်မှာပဲ ကာရီထမင်းပြဿနာက ကျွန်မဆီ ဒုတ်ဒုတ်ထိ ရောက်ရှိလာတော့တယ်။

အဲဒီညက ဆေးရုံအခန်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကျွန်မရဲ့ စိတ်ပေါက်ကွဲမှုကလေးကို ချစ်သူအပေါ် ဂျီကျအနိုင်ယူမှုအဖြစ် စိတ်ထဲက ပြောင်းလဲသတ်မှတ်ပြီး ကြိတ်ချေပစ်လိုက်တယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ အားလုံး မေ့ပျောက်သွားကြရော။

ညတစ်ည၊ ဆေးရုံက ဆင်းရခါနီးပြီ။ ကျွန်မ ဘယ်လိုမှ အိပ်မပျော်နိုင်ဘူး ဖြစ်နေတယ်။ ကျွန်မကို ဒရစ်သွင်းတာမျိုး လုံးဝ မလုပ်တော့ဘူး ဆိုပေမယ့် ဒရစ်သွင်းတုန်းက ပလာစတာ ကပ်ထားဖူးတဲ့နေရာမှာ သည်းမခံနိုင်အောင် ယားနေတာကြောင့် အိပ်မရဘဲ မျက်လုံးကြောင်နေတယ်။ ပျင်းပျင်းရှိတာနဲ့ အခန်းထဲက ထွက်ပြီး သန်းခေါင်ယံညရဲ့ ဆေးရုံဝင်းထဲကို ရောက်လာခဲ့တယ်။ ညအချိန် ဆေးရုံရဲ့ တိတ်ဆိတ်မှုကလည်း လွန်ပါရောလား။ ခေါင်းမော့ကြည့်လိုက်တော့လည်း ကျွန်မ လျှောက်ထွက်လာခဲ့တဲ့ အဆောက်အအုံကြီးကိုပဲ မြင်နေရတယ်။ ပြတင်းပေါက်တွေက လင်းတစ်ကွက်၊ မှောင်တစ်ကွက်နဲ့ မှောင်ရီဖျိုးဖျထဲမှာ ကျားကွက်တွေလို ဟိုဟိုဒီဒီ ပြန့်ကျဲနေကြတယ်။

ညအိပ်ဝတ်စုံကို ဝတ်ထားလျက်နဲ့ မျက်လုံးကို မှေးပြီး အထက်ကို မော့ကြည့်လိုက်တယ်။

ဒီအဆောက်အအုံကြီးထဲမှာ ရှိနေတဲ့ လူတွေက အနည်းနဲ့အများဆိုသလို အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ ပြဿနာတစ်ခုခုတော့ ရှိနေကြတယ်။ ရုတ်တရက် ကျွန်မ စိတ်သက်သာရာ ရသွားတယ်။ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှပေမယ့် အပြင်ဘက်က လတ်ဆတ်တဲ့ လေထုကို ရင်ဘတ်ထဲ အားရပါးရ ရှူသွင်းခွင့် ရတဲ့အပြင် ကိုယ့်ရဲ့ ခြေထောက်နှစ်ချောင်းနဲ့ ဒီနေရာရောက်အောင် ကိုယ်တိုင် လမ်းလျှောက်ထွက်လာနိုင်ခဲ့သေးတယ်။ ဒါပေမယ့် တချို့ တချို့သော လူတွေခမျာတော့ ဒီနေရာရောက်အောင် ထွက်လာခွင့် ဘယ်တော့မှ ရကြရှာမှာ မဟုတ်ဘူး။

ပြီးတော့ ဒီနေရာက သိပ်ကို ဆိတ်ငြိမ်လွန်းတယ်။

တိတ်ဆိတ်မှုက ကျွန်မကို မျိုချလိုက်ပြီး အတွင်းမှာ လုံးဝ ပျောက်ကွယ်သွားတော့မလားရယ်လို့ ကျွန်မ ခံစားနေမိတယ်။

အဲဒီအချိန်တုန်းက ကျွန်မဟာ အဲဒီလောက်တောင် သေးကွေးခဲ့ပါလားလို့ တွေးလိုက်မိတိုင်း အခုချိန်ထိ ကျွန်မရင်ထဲမှာ အထီးကျန်မှုကို ခံစားနေရသေးတုန်းပဲ။

ကျွန်မရဲ့ ကျောပြင်သေးသေးကလေး၊ လက်ချောင်းသေးသေးကလေးတွေနဲ့ ခြေထောက် သေးသေးကလေးတွေ။ အားအင်ချိနဲ့နေတဲ့ ခန္ဓာကိုယ်ထဲကနေ ရှိသမျှ ခွန်အားတွေကို အစွမ်းကုန်ထုတ်ပြီး မိုးကောင်းကင်အထက်က ကြယ်တာရာတွေကို မော့ကြည့်လိုက်တယ်။ ဒါပေမယ့် ကျွန်မက သိပ်ကို အားနည်းလွန်းနေတော့ လေတစ်ဝေ့မှာ လွင့်ပါသွားမလားလို့တောင် အောက်မေ့နေရတယ်။

ပုံမှန်အချိန်တွေမှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ဘဝနေရေးထိုင်ရေးအတွက် လုံးပမ်းနေရတာနဲ့ပဲ အချိန်ကုန်နေတတ်တော့ ကြီးမားခိုင်ခံ့တဲ့ မွေးရာပါ အရည်အချင်း ဆိုတဲ့ အရာတွေရဲ့ တည်ရှိနေမှုကို ကျွန်မ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အဲဒီအခိုက်အတန့်မှာတော့ အဲဒီအရာတွေဟာ တိတ်ဆိတ်မှုနဲ့အတူ ကျွန်မကို ကြိတ်ချေပစ်ဖို့ ကြိုးစားနေကြတယ်။ ကျွန်မဟာ အဲဒီလို ဘုမသိဘမသိနဲ့ အခုအခံမဲ့စွာ အမှောင်ထုထဲ လျှောက်ဝင်လာခဲ့တယ်။ ကိုယ့်ရဲ့ သေးကွေးနုံချာမှုကို နားလည်ချင်ရုံသက်သက်ပါပဲ။

ဒီလိုနဲ့ ကျွန်မ ဆေးရုံကဆင်းပြီး အလုပ်စားပွဲပေါ် ပြန်ရောက်လာတယ်။

ကျွန်မ ထင်ထားတာက ကိုယ်ခန္ဓာ အပြည့်အဝ ကျန်းမာလာအောင် အချိန်အတိုင်းအတာ တစ်ခုထိ စောင့်လိုက်ရင် အရာရာဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာလိမ့်မယ်ပေါ့ … … ။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ဘာမှ ကြီးကြီးမားမား ထိခိုက်ခဲ့တာမျိုး မရှိတော့ ကျန်းကျန်းမာမာနဲ့ ထူထူထောင်ထောင် ဖြစ်လာတယ် ဆိုတာမျိုးက နံနက်ခင်းတစ်ခုခုမှာ သူ့ဟာသူ ရုတ်တရက် ရောက်လာလိမ့်မယ်လို့ ကျွန်မ ထင်ထားခဲ့တယ်။ အအေးမိ၊ ဖျားနာသလိုပေါ့။ ညအချိန်မှာ ကိုယ်တွေ ကျစ်ကျစ်တောက် ပူနေပေမယ့် နောက်တစ်နေ့ မိုးလင်းလို့ အိပ်ရာက နိုးထလာတာနဲ့ တစ်ပြိုင်နက် အဖျားက ကျသွားပြီ။ နေရထိုင်ရ သက်သာသွားပြီ။ အဲဒီလို ခံစားချက်မျိုးပဲ နေမယ်။

တကယ့်လက်တွေ့မှာကျတော့ ကျန်းမာရေး အခြေအနေက ရထားလွန်းထိုးနေသလိုပဲ။ ရှေ့ရောက်သွားလိုက်၊ နောက်ရောက်သွားလိုက်နဲ့။ ပြီးတော့ တိုးတက်မှုကလည်း လှုပ်ပဲ့လှုပ်ပဲ့ရယ်။ ထင်ထားတဲ့အတိုင်း ဖြစ်မလာလေတော့ စိတ်ထဲမှာလည်း မကျေနိုင် မချမ်းနိုင် ဖြစ်လာခဲ့ပြီ။ အရင်တုန်းက ဆေးရုံလို နေရာမျိုးကို ကျွန်မ မသွားဖူးလေတော့ အခုလို ဆေးရုံကို ခဏခဏ သွားနေရတဲ့ အခါမှာ မြင်ရတဲ့ မြင်ကွင်းတွေ၊ စိတ်ခံစားချက်တွေက ကျွန်မရဲ့ အတိတ်ကို ပြန်လည် မြင်ယောင်စေခဲ့တယ်။ ကျွန်မရဲ့ စိတ်ဓာတ်ကျမှုနဲ့ လေးလံထိုင်းမှိုင်းမှုကို ပိုပြီး အားကောင်းအောင် လုပ်ပေးလိုက်သလို ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ လူ့လောကကြီးက ဖြစ်ပွားခဲ့တဲ့ ဘေးဒုက္ခကြီး တစ်ခုလုံးကို လုံးလုံးလျားလျား မေ့ဖျောက်ပစ်ပြီး ရှေ့ကို ဆက်သွားဖို့သာ တာစူနေကြလေတော့ ကျွန်မကရော ဘာများ တတ်နိုင်ဦးမှာတဲ့လဲ။

တကယ်လို့သာ ယူနဲ့ ကျွန်မရဲ့ အလုပ်နားရက်တွေ တိုက်ဆိုင်ခဲ့မယ် ဆိုရင် သူက ကျွန်မကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ရှာတယ်။ ကားနဲ့ ကျွန်မကို ခေါ်ပြီး ရှုခင်းသာယာတဲ့ နေရာတွေဆီ လေညင်းခံထွက်တတ်ကြတယ်။

အဲဒီလို လုပ်ရတာကို ကျွန်မ အနှစ်သက်ဆုံးပဲ ဆိုတာ သူက သိထားတယ်လေ။

ဒါပေမယ့် ကားထဲမှာ ထိုင်လိုက်တယ် ဆိုရင်ပဲ မကြာခင်မှာ ကားမူးလာပါရော။ ရေတစ်ငုံလောက် သောက်ရင်တောင် လူက အန်ချင်ချင် ဖြစ်လာတယ်။ ကားမမူးဘူး ဆိုရင်တောင်မှ ကျွန်မရဲ့ အမြင်အာရုံထဲက ကမ္ဘာလောကကြီးက မှောင်မိုက်နေတယ်။ လှပါတယ် ဆိုတဲ့ ရှုမျှော်ခင်းတွေက အဲဒီ မိုက်မှောင်နေတဲ့ နောက်ခံပိတ်ကားကြီးပေါ်မှာ တဖျပ်ဖျပ် ရွေ့လျားနေပြီး ကျွန်မကို ဖိအားတစ်ခုအနေနဲ့ တင်စီးနှိပ်စက်နေတယ်။

စိမ်းဖန့်ဖန့် အရောင်တွေနဲ့ ပင်လယ်လှိုင်းလုံးတွေက ချိနဲ့နေတဲ့ ကျွန်မအတွက်တော့ စူးရှတောက်ပလွန်းနေတယ်။ ကျွန်မကို နာကျင်ခံခက်အောင် ထိုးနှက်နေကြတယ်။

အိုး၊ မိုက်လိုက်တာ။ လှလိုက်တာ။ ဒါပေမယ့် ကျွန်မကို အိမ်ပြန်ပို့ပါတော့။ အိမ်ကို မြန်မြန်ပြန်ပြီး စောင်ထဲမှာပဲ ကွေးနေချင်တော့တယ်။ အိပ်ချင်နေတာ မဟုတ်ပေမယ့် တောက်ပတဲ့ နေရောင်အောက်မှာ အချိန်ကြာကြာ နေထားရတော့ မျက်လုံးတွေက ညောင်းညာ ပင်ပန်းနေကြပြီ။

အရသာ ရှိပါတယ်ဆိုတဲ့ အစားအစာတွေကိုတောင် စားချင်စိတ် မရှိတော့ဘူး။ တစ်နေ့တခြား ပိန်ကပ်ချိနဲ့လာတယ်။ လမ်းလျှောက်တဲ့ အခါမှာ ကျွန်မရဲ့ ခြေထောက်တွေက လေးလံလွန်းနေတော့ ဒရွတ်တိုက်ပြီး ဆွဲနေမိသလားတောင် အောက်မေ့မိတယ်။

ဒါပေမယ့် ကျွန်မရဲ့ အခြေအနေက ထိန်းမနိုင် သိမ်းမရလောက်အောင် ဆိုးရွားနေတဲ့ အနေအထားမျိုး မဟုတ်လေတော့ ကျွန်မအပေါ် ထောက်ထားညှာတာလွန်းတဲ့ ယူကို ကျွန်မရဲ့ အားနည်းချိနဲ့မှုတွေအကြောင်း ပြောမပြဖြစ်ခဲ့ဘူး။

ဒီလောက်တောင် လှပဆန်းကြယ်တဲ့ ရှုမျှော်ခင်းတွေရဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်လောက်အောင် ဘယ်အချိန်ကျမှ နေကောင်းလာနိုင်မှာလဲ။ ကျွန်မ သိချင်နေမိတယ်။ ဒါပေမယ့် ကျွန်မအတွက်တော့ လမ်းမမြင် ကမ်းမမြင်ပဲ။

အဲဒီလို အချိန်အတောအတွင်းမှာပဲ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာခဲ့တယ်။

“အဲဒါ ခင်ဗျားလား။ အဆိပ်ခတ်ခံရတယ် ဆိုတဲ့ လူလေ”

အသက် ၄၅ နှစ် ပတ်ချာလည်လောက် ရှိတဲ့ စာရေးဆရာက သဘောရိုးနဲ့ မေးလိုက်တာမှန်း ကျွန်မ သိပါတယ်။ ကျွန်မတို့ချင်းက အခုမှ ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ဖူးကြတာ ဆိုတော့ သူက စကားမရှိ စကားရှာပြီး ပြောလိုက်တယ် ဆိုတာမှန်းလည်း ကျွန်မ သိပါတယ်။ ဒါပေမယ့် သူ့စကားကြောင့် ကျွန်မ ဇောချွေးတွေ ပြန်လာတယ်။ အဲဒီစာရေးဆရာရဲ့ စာတွေကို တာဝန်ယူပြီး တည်းဖြတ်ပေးနေတဲ့ စာတည်းက အူအတက်ရောင်လို့ ခွင့်ယူထားတာကြောင့် ကျွန်မက သူ့ကိုယ်စား စာရေးဆရာအိမ်ကို စာမူတွေ သွားယူပေးရတယ်။ ဒါကြောင့် ဆရာက အိမ်ထဲကို ဝင်ခိုင်းတာနဲ့ အခုလို စကားတွေ ပြောဖြစ်တော့တာပဲ။

ဒါပေမယ့် စာတည်းတစ်ယောက်အနေနဲ့ စာရေးဆရာကို “အဲဒီလို စကားမျိုးတွေ မပြောစမ်းပါနဲ့” ဆိုပြီး ကျွန်မမှာ ပြောပိုင်ခွင့် မရှိဘူးလေ။

တကယ်တော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခင်းစဖြစ်ကတည်းက ကျွန်မဟာ အဲဒီလို မေးခွန်းမျိုးကို အကြိမ်ကြိမ် အထပ်ထပ် အဆက်မပြတ် ကြားလာခဲ့ဖူးပြီးသားပါ။ အဲဒါတွေက ချိနဲ့နေတဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်အတွက်တော့ ထိုးနှက်ချက်တွေပဲ။ ခါတိုင်း ပုံမှန်နေ့ရက်တွေမှာ လန်းဆန်းတက်ကြွနေတတ်တဲ့ ကျွန်မအတွက် ဒီလို စကားမျိုးက ဘာမှ မပြောပလောက်ဘူးလို့ လူအများက ယူဆကောင်း ယူဆနေကြမှာပေါ့။ ဒါပေမယ့် ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိအောင် နုံးချိနေတဲ့ ကျွန်မအတွက်တော့ သေးငယ်ပေါ့ပါးတဲ့ ပစ္စည်းကလေးကတောင်မှ ကျွန်မကို ပိပြားသွားအောင်၊ လေးလံထိုင်းမှိုင်းသွားအောင် ပြုလုပ်ပစ်နိုင်တယ်။

“ကျွန်မပါ။ ဒါပေမယ့် အဖြစ်အပျက်တွေက မြန်ဆန်လွန်းတာကတစ်ကြောင်း၊ ဆေးရုံကို အချိန်မီ ရောက်သွားခဲ့တာက တစ်ကြောင်းမို့ ဘာမှ မယ်မယ်ရရ မခံစားလိုက်ရပါဘူး။ နောက်ပြီး ကျွန်မကို ဒုက္ခရောက်စေတော့ရယ်လို့ တမင် ရည်ရွယ်ပြီး လုပ်တာမျိုး မဟုတ်တော့ ကျွန်မလည်း သိပ်ပြီး ခံစားမနေတော့ပါဘူး။ ခွေးတစ်ကောင် အကိုက်ခံလိုက်ရသလို၊ မတော်တဆ ယာဉ်တိုက်မှု ဖြစ်ခဲ့သလိုပဲ သဘောထားလိုက်တော့တယ်” ကျွန်မ ပြောလိုက်တယ်။

“တရားခံရဲ့ မျက်နှာကို မြင်လိုက်ရသေးလား”

စာရေးဆရာနဲ့ သူ့ဇနီးက အင်မတန်မှ စိတ်ဝင်စားနေတဲ့ အမူအရာနဲ့ ကျွန်မဘက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတယ်။

မျက်လုံးနှစ်စုံက ဘာကိုမှ အရေးမထားတော့ဘဲ ကျွန်မရဲ့ မျက်နှာပေါ် ကျောက်ချထားကြတယ်။ အဲဒီအကြည့်တွေက ကျွန်မရဲ့ ကိုယ်ပေါ်မှာ တွယ်ကပ်နေသလား လို့တောင် အောက်မေ့ မှတ်ထင်ရတယ်။ စပ်စုချင်တဲ့ စိတ်မျိုးက လူတိုင်းမှာ ရှိတတ်တာပဲလေ။ ကျွန်မသာဆိုရင်လည်း ဒီလို ထူးခြားဆန်းပြားတဲ့ အဖြစ်မျိုးနဲ့ ကြုံဆုံခဲ့ဖူးတဲ့ လူတစ်ယောက်က ကိုယ့်အိမ်ကို အလည်ရောက်လာခဲ့ရင် အခုလို တစ်ဖက်သားကို အားမနာလျှာမကျိုး စိုက်ကြည့်နေမိမှာ သံသယ ဖြစ်စရာ မလိုဘူး။ ကျွန်မရဲ့ စိတ်ထဲမှာ အဲဒီလို တွေးနေပေမယ့်လည်း ကျွန်မ ဘယ်လိုမှ ခေါင်းမဖော်နိုင်အောင် ဖြစ်နေခဲ့တယ်။ သူစိမ်းတွေရဲ့ အိမ်မှာ ကျွန်မ မသိတဲ့ လူတွေက ကျွန်မကို ပြောင်ကျကျ စူးစိုက်ကြည့်နေကြတယ်။ တော်တော်ကို ကသိကအောက်နိုင်တဲ့ ကိစ္စပဲ။

“ဟုတ်၊ မြင်လိုက်ပါတယ်။ ဒါပေမယ့် တစ်ထပ်တည်းမှာ အတူတူ အလုပ်လုပ်ခဲ့ကြရတုန်းက ပုံနဲ့တော့ တခြားစီပဲ။ ဒါကြောင့် ကျွန်မ သူမှန်း မမှတ်မိခဲ့ဘူး။ ဝန်ထမ်းစားသောက်ဆိုင်မှာ အဲဒီလိုကိစ္စမျိုး လုပ်လာလိမ့်မယ်လို့ ဘယ်လိုမှ ထင်မထားခဲ့ဘူး”

စကားလုံးတွေက ကျွန်မရဲ့ ပါးစပ်ထဲကနေ ခုန်ထွက်သွားကြတာ မှန်ပေမယ့် ကျွန်မရဲ့ နားထဲမှာတော့ သူစိမ်းတစ်ယောက်ကပဲ သူတို့နှစ်ယောက်ကို စိတ်ကျေနပ်အောင် ကျွန်မကိုယ်စား ပြောပေးနေသလိုလို။ စကားသံက ကျွန်မနဲ့ ကွာလှမ်းနေတယ်။

သူတို့က မေးခွန်း‌တွေ အများကြီးကို ဆင့်ကာဆင့်ကာ မေးလာကြပြန်တယ်။

“ဟိုစာရေးဆရာမလေးရဲ့ စာတည်းအသစ်က ခင်ဗျားတော့ မဟုတ်ပါဘူးနော်”

“တကယ်လို့သာ ခင်ဗျားတစ်ယောက်တင် မကဘဲ ကာရီထမင်းစားပြီး လူတွေအများကြီး မေ့လဲသွားကြမယ် ဆိုရင် ကုမ္ပဏီတော့ ငါးပါးမှောက်တော့မှာပဲ”

“အဲဒီလူက ကုမ္ပဏီမှာ အလုပ်လုပ်နေတုန်းက ဘယ်လို အခြေအနေမျိုး ရှိလဲ။ နည်းနည်း မူမမှန်တာမျိုး မခံစားခဲ့ဖူးဘူးလား”

“ဗိုက်ထဲကို အကိုက်အခဲပျောက်ဆေးတွေ အများကြီး ဝင်သွားတော့ ဘယ်လိုမျိုး ခံစားရလဲ။ အကိုက်အခဲ ပျောက်ဆေးက လူကို တကယ်ပဲ အသက်အန္တရာယ် ပေးနိုင်ပါ့မလား”

“အဲဒီလူက အသက်အန္တရာယ် ဖြစ်လောက်တဲ့အထိ ကြံစည်တာမျိုး ဖြစ်နိုင်ပါ့မလား။ တကယ်လို့သာ အသေသတ်ချင်တယ် ဆိုရင် ဒီထက် ပြင်းတဲ့ အဆိပ်မျိုး ရှာနိုင်တာပဲ”

စစချင်းမှာတော့ ကျွန်မ ပြန်ဖြေဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဦးနှောက်ထဲမှာ အကန့်တွေ လွတ်ကုန်တယ်။ စကားလုံးတွေကလည်း ဝိုးတိုးဝါးတား ဖြစ်လာတယ်။ စကားပြောချင်နေပါလျက်နဲ့ ပါးစပ်ကနေ ဘာစကားလုံးမှ ထွက်ကျမလာတော့ဘူး။ စကားလုံးနဲ့ ဖော်ပြနိုင်စွမ်း မရှိတဲ့ ကြောင့်ကြပူပန်မှုတွေက ကျွန်မကို ဝိုင်းအုံထားကြတယ်။ တရိပ်ရိပ် ခံစားနေရတဲ့ တင်းမာမှုကြောင့် ဘယ်လောက်တောင် မွန်းကြပ်လာသလဲ ဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲကနေ ဖောက်ထွက်ပြီး အပြင်ကို လွတ်ရာကျွတ်ရာ ပြေးထွက်သွားချင်လောက်အောင် ဖြစ်နေတာပဲ။ ဆေးရုံအခန်းထဲမှာ ယူနဲ့အတူ ရှိနေခဲ့တုန်းက ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအတိုင်း ကျွန်မရဲ့ ဒေါသတွေဟာ ပေါက်ကွဲဖို့ တာဆူနေကြတယ်။ အရာရာဟာ ထိန်းချုပ်နိုင်တဲ့ အကန့်အသတ်ကနေ ကျော်လွန်သွားဖို့ လက်တစ်လုံးသာသာပဲ လိုတော့တာ။

ခဏနေတော့ ကျွန်မဟာ လက်ထဲကိုင်ထားတဲ့ ရေနွေးကြမ်း ပန်းကန်လုံးကို ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်မိတယ်။

သပ်ရပ်လှပတဲ့ ပန်းကန်လုံးလေးခမျာ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားရှာတယ်။ ကွဲကြေကျိုးပဲ့သွားတဲ့ အသံတွေက ကျွန်မရဲ့ရင်ကို စူးနစ်နာကျင်စေခဲ့တယ်။ အားလုံး အားလုံးထက်၊ ကျွန်မ ဖော်ပြနိုင်တာထက် ပိုပြီး ခံစားလိုက်ရတာ အမှန်ပဲ။

လက်ဖက်ရည် ပန်းကန်လေးကို ရိုက်ခွဲလိုက်မိတဲ့အတွက် ကျွန်မရဲ့စိတ်ထဲ အတော်ကြီး စိတ်မကောင်း ဖြစ်သွားတယ်။

ဒီလောက် လှတဲ့ ပန်းကန်လုံးလေး … သူ့ခမျာ ဘယ်လိုနည်းနဲ့မှ အကောင်းပကတိ ပြန်ဖြစ်လာနိုင်မှာ မဟုတ်တော့ဘူးလေ။ အချိန်ကို နောက်ပြန်လှည့်လို့ မရနိုင်သလို ခံစားချက်တွေကလည်း လှိုင်းလုံးပမာ တလှိမ့်လှိမ့် တက်လာပြီး ထိမ်းမနိုင် သိမ်းမရ ဖြစ်နေတော့တယ်။

ကျွန်မရဲ့ ကိုယ်လက်အင်္ဂါတွေက နတ်ပူးသလို စတင် ယမ်းခါလာတာကြောင့် စာရေးဆရာက အနားကို အပြေးအလွှား ရောက်လာပြီး ကျွန်မကို စိတ်ငြိမ်သွားအောင် ဖျောင်းဖျနှစ်သိမ့်ဖို့ ကြိုးစားတော့တယ်။ သူ ဘယ်လိုပဲ ကြိုးကြိုးစားစား၊ ကျွန်မရဲ့ လက်တွေက သူ့ကို တွန်းဖယ်ရုန်းကန်ပြီး ပါးစပ်ကလည်း အားရပါးရ အော်ဟစ်ငိုကြွေးတော့တယ်။

“အဲဒီလို မေးခွန်းတွေကို အရမ်း အမြင်ကပ်တယ်။ အရမ်းအရမ်းကို အမြင်ကပ်တယ်”

အဲဒါက အာခေါင်ကွဲမတတ် အော်ဟစ်နေတဲ့ ကျွန်မရဲ့ အသံပဲ။

ဒါပေမယ့် ကျွန်မ နောက်တစ်ယောက်ကတော့ အင်မတန်မှ တည်ငြိမ်အေးဆေးနေတယ်။ သူက အဝေးတစ်နေရာကနေ ဖြစ်ပျက်နေသမျှကို သွေးအေးအေးနဲ့ စိုက်ကြည့်နေတယ်။

အခု ရောက်နေတဲ့ နေရာက စာရေးဆရာရဲ့ အိမ်လေ။ ကျွန်မက အငယ်တန်း အယ်ဒီတာတစ်ယောက်မျှပဲ။ တာဝန်ပေးချက်အရ စာမူကြမ်းကို လာယူရတဲ့ လူတစ်ယောက်ပါ။ နောက်ပြီး ကျွန်မက သူစိမ်းအိမ်မှာ သူတို့ရဲ့ ဧည့်ခံ လက်ဖက်ရည်ပန်းကန်လုံးကိုတောင် ရိုက်ခွဲပြီး ငိုယိုသောင်းကျန်းနေမိပါပကော။

အခုလို လုပ်ရပ်မျိုးက ယာမာဇိုအေနဲ့ ဘာများ ထူးတော့လို့တုံး … … ။ ကုမ္ပဏီက ကျွန်မကို အလုပ်ဖြုတ်ပစ်နိုင်တယ်လေ။ သို့ပေမယ့် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး လက်ပိုက်ကြည့်နေရသလို ဖြစ်နေတယ်။

ကျွန်မက စာရေးဆရာရဲ့ လက်တွေကို ဇွတ်ရော အတင်းရော တွန်းဖယ်ပစ်လိုက်တော့ ကြမ်းပြင်ပေါ် ပုံလဲကျသွားတယ်။ ဒါနဲ့ ကြမ်းပြင်ကို လက်နဲ့ တအုံးအုံးထုပြီး ဆက်ငိုနေပြန်ရော။

သွားပြီ။ ကျွန်မ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး။

အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာတယ်။

ဆရာကတော်က ရုတ်တရက် ကိုယ်ကို ညွှတ်ချလိုက်ပြီး ကြမ်းပြင်ပေါ် ဒူးထောက် ထိုင်ချလိုက်တယ်။ ပြီးတော့ ကျွန်မရဲ့ ခေါင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ခေါင်းကို ကြင်ကြင်နာနာ ပွတ်သပ်ပေးနေတယ်။ သူ့ရဲ့ နူးညံ့ပျော့ပျောင်းတဲ့ စိတ်စေတနာနဲ့ ကလေးတစ်ယောက်ကို ဆက်ဆံသလို ကျွန်မရဲ့ ခေါင်းကို ညင်ညင်သာသာ ပွတ်သပ်ပြီးရင်း ပွတ်သပ်ပေးနေတယ်။ ပြီးတော့ သူက ပြောသေးတယ်။ “အန်တီ တောင်းပန်ပါတယ်။ အန်တီတို့က ကိုယ်ချင်းမစာသလို ဖြစ်သွားတယ်”

ဆရာကတော်ရဲ့ မျက်လုံးအိမ်ထဲမှာ မျက်ရည်ဥတွေ ဝေ့လို့။ ခဏနေတော့ သူက သူ့ယောက်ျားဘက်ကို လှည့်ပြီး မျက်နှာထားနဲ့ လှမ်းပြောတယ်။ “ရှင်ကိုက မဟုတ်တာပဲ။ လူတစ်ဖက်သားကို မထောက်မညှာ အမေးအမြန်းကို ထူလွန်းအားကြီးတယ်”

“သမီးကို တောင်းပန်ပါတယ်။ အန်ကယ်လည်း သိချင်စိတ် အားကြီးသွားလို့ပါ” စာရေးဆရာကလည်း အတော်ကြီး စိတ်မကောင်းဖြစ်သွားတဲ့ ဟန်ပန်နဲ့ ခေါင်းငိုက်စိုက် ချထားရှာတယ်။ “အန်ကယ်ကိုက အရိပ်သုံးပါး နားမလည်တာပါ။ တောင်းပန်ပါတယ်”

အဲဒီအချိန်ထိ ကျွန်မ အငိုမတိတ်သေးဘူး။ ငိုရင်းရှိုက်ရင်း မျက်ရည်တွေကြားက အသက်ရှူဖို့ ကြိုးစားရင်းပေါ့။

လက်ဖက်ရည်ပန်းကန်ကို ကျွန်မ ခွဲပစ်လိုက်မိတယ်။ ကျသင့်တဲ့ တန်ဖိုးကို ကျွန်မ ပေးလျော်ပါ့မယ်။ အခု ဖြစ်သွားတဲ့ ကိစ္စကို ဆရာတို့က ကုမ္ပဏီမှာ တိုင်ချက်ဖွင့်မယ် ဆိုရင်လည်း ကိစ္စမရှိပါဘူး။ အခုလို ဖြစ်သွားတဲ့အတွက် ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်က အပြည့်အဝ ကျန်းမာသေးတာ မဟုတ်တော့ ကိုယ်ရောစိတ်ပါ ပင်ပန်းနေတယ်။ ဒါပေမယ့် အခုလို တောင်းပန်စကားလေး ပြောလိုက်ရုံနဲ့ ကျွန်မရဲ့ အပြုအမူအပေါ် ဆရာတို့ ခွင့်လွှတ်ကျေနပ်လာလိမ့်မယ် လို့တော့ ကျွန်မ မမျှော်လင့်ပါဘူး။ ဆရာတို့ လုပ်ရိုးလုပ်စဉ်အတိုင်း အရေးယူ ဆောင်ရွက်နိုင်ပါတယ်။

အဲဒီလို အဓိပ္ပာယ်မျိုး ရှိတဲ့ စကားတွေကို ကျွန်မ ကြိုးစားပမ်းစား ပြောလိုက်နိုင်ခဲ့တယ်။ စာရေးဆရာ လင်မယားက ခေါင်းတွေကို ပြိုင်တူ ခါယမ်းလိုက်ကြတယ်။

အန်ကယ်တို့က မဟုတ်တာပါ။ အန်ကယ်တို့ ကိုယ်တိုင် မိဘတွေ ဖြစ်နေကြပါလျက်နဲ့ သားသမီးချင်း ကိုယ်ချင်းမစာတဲ့ အလုပ်မျိုးကို ဘယ်လိုလုပ် လုပ်ရက်နိုင်ပါ့မလဲ။ သမီးရဲ့ ခံစားချက်ကို နည်းနည်းလေးမှ ကိုယ်ချင်းမစာဘဲ ကိုယ်သိချင်ရာပဲ လျှောက်မေးနေခဲ့မိတာ အန်ကယ်ရဲ့ အပြစ်ပါ … ။ သူတို့ နှစ်ယောက်စလုံး ကြမ်းပြင်ပေါ် ထိုင်ပြီး စိုးရိမ်စွာနဲ့ ကျွန်မကို အားပေးနှစ်သိမ့်နေကြတယ်။

“ဒီနေ့လို ခေတ်အခါမျိုးမှာ ပုံမှန် တွေ့မြင်နေကျ လူတစ်ယောက်က နေ့မြင်ညပျောက် ဆိုသလို မျက်စိအောက်ကနေ အချိန်မရွေး ရုတ်တရက် ပျောက်ကွယ်သွားနိုင်တယ်လေ။ အဲဒီအချက်ကို စဉ်းစားလိုက်မိတော့ ဟိုကိစ္စနဲ့ ဆက်စပ်ပြီး တောင်တောင်ဤဤ လျှောက်တွေးလိုက်မိတော့တာပဲ။ ဒါနဲ့ သိချင်စိတ်တွေက တဖွားဖွား ပေါ်လာကြရောပေါ့ဗျာ။ အန်ကယ်တို့နဲ့ သမီးက အခုမှ ပထမဆုံးအကြိမ် တွေ့ဆုံကြဖူးတယ် ဆိုတာကိုတောင် မေ့သွားခဲ့တယ်။ သိချင်စိတ်စောပြီး သမီးကို အားမနာ ပါးမနာ လျှောက်မေးနေခဲ့မိတယ်။ တကယ်ကို တောင်းပန်ပါတယ် သမီးရယ်” စာရေးဆရာက ပြောတယ်။ “ကာယကံရှင်ရဲ့ ခံစားချက်ကို ထည့်မတွက်ခဲ့မိတာ အန်ကယ်ရဲ့ အမှားပါ။ အန်ကယ်တို့အားလုံး အခုကိစ္စကို မေ့ပစ်လိုက်ကြပါစို့လား။ အေးအေးဆေးဆေး ထိုင်ပြီး လက်ဖက်ရည် သောက်ကြရအောင်”

“ပန်းကန်လုံး ကိစ္စကို စိတ်ထဲ မထားနဲ့တော့နော်။ ဟုတ်ပြီလား။ သမီး ခံစားခဲ့ရတာနဲ့ နှိုင်းစာရင် ဘာမှ မပြောပလောက်ပါဘူး” ဆရာကတော်က ပြောရင်း ကြမ်းပြင်ပေါ်က ပန်းကန်လုံး အပိုင်းအစတွေကို သိမ်းဆည်းနေတယ်။ နောက်တော့ မီးဖိုချောင်ထဲ ဝင်သွားပြီး ကျွန်မအတွက် ကော်ဖီပူပူလေးတစ်ခွက် ဖျော်လာပေးတယ်။ အနံ့မွှေးကြိုင်တဲ့ သစ်အယ်စေ့ယိုကိုလည်း ပန်းကန်လှလှလေးထဲ ထည့်ပြီး ကျွန်မကို ဧည့်ခံနေသေးတယ်။ ဘာမှ အားမနာနဲ့နော်။ ကိုယ့်အိမ်လို့ သဘောထားပြီး စိတ်အေးလက်အေး သုံးဆောင်ပါ။

ကျွန်မ တော်တော်လေးကို အားနာနေမိတယ်။ ခေါင်းတောင် မဖော်နိုင်အောင်ပဲ။ သစ်အယ်စေ့ယိုတချို့ကို ပါးစပ်ထဲ ထည့်ဝါးပြီး အစာအိမ်ထဲရောက်အောင် မျိုချလိုက်တော့ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်းနဲ့ နွေးထွေးလာတယ်။

ကျွန်မအတွက် အဆိုးဆုံးအချက်က ကျွန်မ ဘယ်လောက်တောင် ကြမ်းကြမ်းရမ်းရမ်း ပြုမူခဲ့သလဲ ဆိုတဲ့ အချက်ကို ကျွန်မကိုယ်တိုင် သိမနေခဲ့ခြင်းပဲ။ အဲဒီထက် ပိုဆိုးတာက ဒီလူတွေကို ကျွန်မက အခုမှ စတွေ့ဖူးတာလေ။ ပြီးတော့ ကိုယ့်ရဲ့ ထမင်းရှင်တွေ ဆိုရင်လည်း မမှားဘူး။

ကျွန်မ အချက်တစ်ချက်ကို အခုမှ သဘောပေါက် နားလည်လာတယ်။ လူတစ်ယောက်က သေဘေးကနေ သီသီကလေး လွတ်မြောက်လာခဲ့ပြီး ရဲတွေနဲ့ တွေ့တဲ့အခါမှာ စိတ်ချမ်းသာစရာ မကောင်းတဲ့ အတိတ်ရဲ့ အဖြစ်အပျက်ကို မတွေးမဖြစ် ပြန်တွေးနေရတယ်။ မပြောမဖြစ် ပြန်ပြောပြနေရတယ်။ သတင်းတွေထဲမှာလည်း ပါလိုပါ၊ တခြားလူတွေရဲ့ အတင်းအဓမ္မ မေးမြန်းခြင်းကိုလည်း ခံရလို ခံရနဲ့ ဆိုတော့ အဲဒီလူအနေနဲ့ သူ့ဘဝကို ဘာမှ မဖြစ်ခဲ့ဖူးတဲ့အတိုင်း ဘယ်လိုနည်းနဲ့မှ ဆက်ပြီး ရိုးရိုးလေး ဖြတ်သန်းရှင်သန်သွားဖို့ မဖြစ်နိုင်တော့ဘူး။

ဒီလိုမှန်းသာ ကြိုသိခဲ့ရင် စိတ်ကျန်းမာရေးအတွက် ဆွေးနွေးလမ်းညွှန်မှုကို ခံယူဖို့ ကျွန်မ ခေါင်းညိတ်ခဲ့သင့်တာ။ ကျွန်မ အဲဒီလို တွေးရင်း အရှက်ကြီး ရှက်နေမိတယ်။

ကျွန်မရဲ့ မျက်နှာက ရှက်စိတ် ဝင်လေလေ ဆရာတို့ လင်မယားရဲ့ အပြုအမူက နူးညံ့ပျော့ပျောင်းလာလေလေပဲ။

“အခုကိစ္စမှာ သမီးရဲ့အလွန် ဘာတစ်ခုမှ မပါဘူး။ ဒါက ဖြစ်တတ်တဲ့ သဘာဝပဲလေ။ ဒါပေမယ့် အန်တီတို့ကတော့ အတော်ကို အဆင်အခြင် မဲ့ခဲ့တယ် ပြောရမယ်။ အန်တီတို့ရဲ့ လုပ်ရပ်ကြောင့် အရိုက်ခံရမယ် ဆိုရင်တောင် ရိုက်တဲ့လူကို လွန်တယ်လို့ မဆိုနိုင်ဘူး။ သမီးကို အနူးအညွတ် တောင်းပန်ပါတယ်”

ဆရာကတော်က ကျွန်မကို နှစ်သိမ့်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်။ စာရေးဆရာကလည်း သူ့ဇနီးရဲ့ စကားကို ခေါင်းတဆတ်ဆတ် ညိတ်ရင်း ကျွန်မကို တောင်းပန်နေတယ်။

နှစ်ဦးနှစ်ဘက် ကျေနပ်နှစ်သိမ့်အောင် ကျွန်မ အစွမ်းကုန် ကြိုးစားပြီးတော့ အဲဒီအိမ်ကနေ နှုတ်ဆက် ထွက်ခွာခဲ့တယ်။

အခု ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယူ့ကို ကျွန်မ ပြောမပြရဲခဲ့ဘူး။ အိပ်ရာဝင်တဲ့အထိ အိပ်ရာပေါ်မှာ တလူးလူး တလိမ့်လိမ့်နဲ့ စိတ်ဂနာမငြိမ် ဖြစ်နေတုန်းပဲ။ ဖြစ်နိုင်ရင် ရွက်စုတ်ပြက္ခဒိန်လို ဒီနေ့တစ်ရက်စာကို ကျွန်မဘဝထဲကနေ စုတ်ဖြဲ ဖယ်ထုတ်ပစ်လိုက်ချင်တယ်။

ဒါပေမယ့် …

ဒီနေ့တစ်နေ့တာ ကျွန်မ ပြုမူခဲ့သမျှကို ဘေးဖယ်ထားလိုက်မယ် ဆိုရင် သူတို့လင်မယားရဲ့ ရိုးသားဖြူစင်တဲ့ မျက်နှာတွေကို ကျွန်မ ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်နိုင်သေးတယ်။ ရန်ဖြစ်ပြီးလို့ ပြန်ကျေအေးပြီးခါစ ကလေးငယ်တွေလို အပြစ်ကင်းစင်တဲ့ မျက်နှာတွေ။ ကျွန်မရဲ့ ခေါင်းကို ညင်ညင်သာသာ ပွတ်သပ်ပေးနေတဲ့ ဆရာကတော်ရဲ့ နူးညံ့နွေးထွေးတဲ့ အထိအတွေ့။ ဘာနဲ့ တူသလဲ ဆိုတော့ ကိုယ်လုံးဝ မျှော်လင့်မထားတဲ့ လူတစ်ယောက်ဆီကနေ ပန်းစည်းတစ်စည်း လက်ဆောင်ရလိုက်သလို ကျွန်မရဲ့ စိတ်ခံစားချက်တွေကလည်း ရုတ်ချည်း နူးညံ့သိမ်မွေ့ကုန်ကြတယ်။

သဘောသဘာဝအရ ဆိုရင် စာရေးဆရာ ဆိုတဲ့ လူတွေဟာ တခြားလူတွေဆီကနေ ရလာတဲ့ အကြောင်းအရာတွေကို ဘာကိုမှ ဂရုစိုက်မနေဘဲ သွေးအေးအေးနဲ့ သူတို့ရဲ့ ကုန်ကြမ်းအဖြစ် သဘောထားပြီး အဲဒါတွေကို ဘတ်ဆယ်လာတွေ ဖြစ်အောင် ဂုဏ်ယူစွာနဲ့ အသွင်ပြောင်းယူတတ်ကြတယ်။ ဒါပေမယ့် ကျွန်မရဲ့ အားနည်းချက်တွေကို သူတို့အရှေ့မှာ မတော်တဆ ချပြမိသလို ဖြစ်သွားတဲ့ အခါမှာတော့ သူတို့ကလည်း ကျွန်မလို လိုက်လုပ်ကြတော့တာပဲ။ ကျွန်မတို့ဟာ ရွယ်တူတန်းတူ ကလေးငယ်တွေလို အပြန်အလှန် ဆက်ဆံမိကြတယ်။

ဒီစာရေးဆရာရဲ့ စာအုပ်တွေက ဘာကြောင့် ဒီလောက်တောင် လူကြိုက်များနေရသလဲ ဆိုတာကို ကျွန်မ အခုမှ လုံးဝဥဿုံ နားလည်သွားနိုင်တော့တယ်။

ကျွန်မ ထင်တယ်။ ကျွန်မတို့ အားလုံးဟာ အပြင်ပန်းအရ လူ့ဘောင်လူ့စည်းကမ်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်ဆံနေကြတယ် ဆိုပေမယ့် တကယ်တမ်းကျတော့ ကျွန်မတို့ရဲ့ အတွင်းပိုင်းတစ်နေရာမှာ သိုမှီးသိမ်းဆည်းထားတဲ့ အဖိုးတန် အရာတွေကို အပြန်အလှန် ဖလှယ်နေကြတာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။

ကျွန်မရဲ့ လုပ်ရပ်က နည်းနည်းမှ လက်ခံနိုင်ဖွယ် မရှိဘူး ဆိုတဲ့ အချက်ကိုတော့ ကျွန်မ ကောင်းကောင်းကြီး နားလည် သဘောပေါက်ထားတယ်။

သို့ပေမယ့်လည်း အဲဒီနေ့မှာပဲ ကျွန်မဟာ ကယ်တင်ရှင်နဲ့ တွေ့လိုက်ရသလို ခံစားချက်မျိုးကို ရရှိခဲ့တယ်။ အဲဒီနေ့က ကျွန်မဟာ ယာမာဇိုအေလို အဓိပ္ပာယ် ကင်းမဲ့တဲ့ ရူးသွပ်မှုလမ်းကြောင်းပေါ် ကျရောက်ဖို့ လက်တစ်လုံးပဲ လိုတော့တယ်။ အကြောင်းပြချက်မရှိ၊ အာမခံချက် မရှိဘဲ အချိန်မရွေး ဒုက္ခရောက်သွားနိုင်တဲ့ ဒီကမ္ဘာလောကကြီးထဲမှာ ရှင်သန်သက်ဝင်နေတဲ့ လူသားတွေရဲ့ မေတ္တာစိတ်ကသာ ကျွန်မကို ကယ်မထုတ်ခဲ့ဘူး ဆိုရင်တော့ ကျွန်မရဲ့ဘဝက မတွေးဝံ့စရာပဲ။

“မင်းကို ကြည့်ရတာ အခုထိ နေမကောင်းသေးသလိုပဲ”

စာရေးဆရာအိမ်မှာ သောင်းကျန်းခဲ့ပြီးနောက် များမကြာခင် ညနေချိန်တစ်ချိန်မှာ စာစာမိုတို အမည်ရှိတဲ့ အထက်အရာရှိတစ်ယောက်က ကျွန်မကို စင်္ကြံလမ်းပေါ်မှာ ရုတ်တရက် နှုတ်ဆက်လိုက်တယ်။ မနှစ်က သူ လေဖြတ်ထားခဲ့တာကြောင့် စကားပြောရာမှာ တစ်ခါတစ်ရံ အခက်အခဲ ရှိတာက လွဲပြီး အခုဆိုရင် ပုံမှန်အတိုင်း ရုံးပြန် တက်နိုင်နေပြီ။

“ကျွန်မရဲ့ အသည်းက အခုမှ နလန်ထူနိုင်ဖို့ အရှိန်ယူနေတုန်းနေမှာ။ ဒါပေမယ့် နေလို့ထိုင်လို့တော့ အတော်လေး ကောင်းနေပါပြီ” ကျွန်မ ပြောလိုက်တယ်။ “ဆရာ့ကို အခုလို ကျန်းကျန်းမာမာ တွေ့ရလို့လည်း ဝမ်းသာပါတယ်”

“ကျေးဇူးပဲ။ ငါတို့ ခဏလောက် စကားပြောလို့ ရမလား” စာစာမိုတိုစန်က မေးတယ်။

“ဟုတ်ကဲ့။ ကျွန်မ အခု အားနေပါတယ်”

“ဒါဆို နားနေဆောင်ကို သွားရအောင်”

အခြေအနေ မဟန်ဘူးလို့ ကျွန်မ ခံစားနေရတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ အခု စကားလာပြောတဲ့ စာစာမိုတိုစန်က ဟိုစာရေးဆရာရဲ့ အယ်ဒီတာဖြစ်တဲ့ အူအတက်ရောင်လို့ ဆေးရုံတက်နေရတဲ့ ရှီဘာယာမစန်ရဲ့ မန်နေဂျာ ဖြစ်နေလို့ပဲ။

နားနေဆောင်ထဲမှာတော့ လူတွေ ရှင်းလို့။ လူတစ်စုပဲ စကားလက်ဆုံ ကျနေကြတယ်။

စာစာမိုတိုစန်က အိစက်နေတဲ့ ဆိုဖာခုံပေါ် ထိုင်ရင်း လက်ဖက်ရည်တစ်ကျိုက် မော့သောက်ပြီး စကားစလာတယ်။ “တကယ်တော့ အခုကိစ္စကို ရှီဘာယာမစန်ဆီက သိခဲ့ရတာ မဟုတ်ပါဘူး။ ဆရာ xxx ရဲ့ အမျိုးသမီးဆီကနေ တိုက်ရိုက် ကြားခဲ့ရတာပါ။ မင်း … အခုတလော ကျန်းမာရေးအခြေအနေ သိပ်မကောင်းဘူးဆို။ အဆင်ရော ပြေရဲ့လား”

“ဟုတ်။ တကယ်လို့သာ ဟိုကိစ္စနဲ့ ပတ်သက်တာ ဆိုရင်တော့ ကျွန်မ အားလုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးပါပြီ” ကျွန်မ ပြန်ဖြေလိုက်တယ်။

“ငါ့မိန်းမနဲ့ ဆရာကတော်နဲ့က အတော်လေး ခင်မင်ရင်းနှီးကြတာ။ ဆရာကတော်က ငါတို့အိမ်ကို မကြာမကြာ လာလည်တတ်တယ်။ ဒါပေမယ့် ဆရာကတော်က အတော်လေးကို လူမှုရေးနားလည်တဲ့လူပါ။ ငါ့မိန်းမကို ထွေထွေထူးထူး ပြောခဲ့တာမျိုး မရှိပေမယ့် သူကိုယ်တိုင်ကလည်း ဘာအရေးယူမှုမျိုးကိုမှ လိုလားပုံ မရဘူး။ ပြောရရင် သူကတောင် ငါ့ကို ပြန်ပြီး တောင်းပန်နေသေးတယ်။ မင်းရဲ့ အခြေအနေကိုလည်း အတော်လေး စိုးရိမ်နေပုံပဲ။ ဒါကြောင့် ငါက မင်းရဲ့ အခြေအနေကို မေးကြည့်ချင်ရုံ သက်သက်ပါ။ မနိုင်ဝန် ထမ်းနေသလို ဖြစ်နေမှာ စိုးလို့”

“ကျွန်မလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာပါပဲ။ ဒါပေမယ့် ကိုယ်ရောစိတ်ပါ အပြည့်အဝ ကျန်းမာသေးပုံ မရသေးဘူး ထင်ပါရဲ့။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်မကိုယ်ကျွန်မလည်း သိပ်ပြီး အားရလှတာ မဟုတ်ဘူး”

ကျွန်မက ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့ စာစာမိုတိုစန်က ခေါင်းညိတ်ပြတယ်။

“အဲဒီဆရာက ငယ်ငယ်ရွယ်ရွယ်ရဲ့ နာမည်ကျော် စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တာ။ ဉာဏ်က သိပ်ပြေးတယ်။ ဒါပေမယ့် သူလည်း တစ်ခါတစ်ခါကျတော့ လူမှုရေးပိုင်းမှာ လစ်ဟာသွားတတ်တယ် ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သဘောရိုးနဲ့ လုပ်မိတာပဲ နေမှာပါ။ ကလေးတစ်ယောက်လို စူးစမ်းချင်စိတ်တွေ ပေါ်လာတာနဲ့ မေးခွန်းတွေ အဆက်မပြတ် မေးမိတာ ဖြစ်မယ်” စာစာမိုတိုစန်က ပြောတယ်။

“ကျွန်မ နားလည်ပါတယ်။ အဲဒါကပဲ သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတစ်ခု ဖြစ်မယ်လို့ ကျွန်မ ထင်တယ်။ သူ မေးသမျှကို စိတ်လက်ကြည်ကြည်သာသာ ပြန်မဖြေနိုင်ခဲ့လို့ ကျွန်မလည်း စိတ်မကောင်းပါဘူး” ကျွန်မ ပြောလိုက်တယ်။ “ဆရာ့ကိုလည်း ဒုက္ခပေးသလို ဖြစ်သွားတယ်”

အဲဒီလို ဖြစ်ပွားပြီးတဲ့ နောက်မှာ လှပတဲ့ ပုံမှန်အိမ်သုံး လက်ဖက်ရည်အချိုစုံတစ်စုံကို ဝယ်ပြီး စာရေးဆရာအိမ်ကို ကျွန်မ ပို့ပေးခဲ့တယ်။ ကျွန်မ ခွဲပစ်လိုက်တဲ့ ပန်းကန်လုံးနဲ့တော့ ဈေးနှုန်းအရ ဘယ်လိုမှ မနှိုင်းသာဘူးပေါ့လေ။ ဒါပေမယ့် အခုလို လုပ်လိုက်ရုံနဲ့ ဖြစ်ပြီးသမျှ အရာအားလုံးကို သင်ပုန်းချေပစ်နိုင်လိမ့်မယ် လို့တော့ ကျွန်မ မမျှော်လင့်ပါဘူး။ ဒါကြောင့် တခြားနည်းလမ်း တစ်ခုခုကိုလည်း ပြင်ဆင်ထားသေးတယ်။ စာစာမိုတိုစန်နဲ့အတူ အိမ်တိုင်ရာရောက် သွားပြီး တရားဝင် ဦးချတောင်းပန်ရင် ကောင်းလေမလားလို့ ကျွန်မ စိတ်ကူးကြည့်တယ်။ ဒါပေမယ့် စာစာမိုတိုစန်က ကျွန်မကို အခုလို ပြောလာတယ်။

“တကယ်လို့ မင်းကိုယ်မင်း ပင်ပန်းနွမ်းနယ်နေသေးတယ်လို့ ခံစားနေရရင်၊ ဒါမှမဟုတ် စိတ်ထဲက ကိုယ့်ကိုယ်ကိုယ် အားမရတာမျိုး ရှိနေသေးရင် ခွင့်တင်ပြီး အနားယူလိုက်ပါလား။ ငါ သူဌေးကို သွားပြောလိုက်မယ်။ အခု ဖြစ်သွားခဲ့တဲ့ ကိစ္စကို ငါ ဘယ်သူ့ကိုမှ ပြန်ပြောပြမှာ မဟုတ်ပါဘူး။ သူဌေးကိုလည်း မပြောပါဘူး။ ဆရာ xxx ကိုလည်း အဲဒီအတိုင်း ငါ ဖွင့်ပြောပြထားတယ်။ သူတို့လင်မယားက နည်းနည်းလေးမှ စိတ်တိုနေတာမျိုး မရှိဘူး။ သူတို့က မင်းအတွက် စိတ်မကောင်းတောင် ဖြစ်နေကြတာ။ ဒါကြောင့် မင်း စိတ်မပူပါနဲ့။ အချိန်တစ်ခုလောက်အထိ အနားယူပြီးရင် မင်း လုပ်ရမယ့် အလုပ်တွေကို မင်း ဆက်လုပ်ပေါ့။ စိတ်ကို တင်းမထားနဲ့။ ခွင့်ယူဖို့ စိတ်ကူးရှိရင် ငါ့ကို အချိန်မရွေး လာပြောလှည့်”

“အခုလို ဂရုတစိုက် စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဪ … ပြဿနာတွေ ဒီထက်ပိုပြီး များမလာခင် ခွင့်ယူလိုက်ပါလို့ ငါ့ကို အနုနည်းနဲ့ ပြောနေသလိုပါပဲလား။ ကျွန်မ စိတ်ထဲက အဲဒီလို တွေးနေမိတယ်။ သူ့စကားက အဲဒီလို အဓိပ္ပာယ်မျိုး ရောက်နေတယ် ဆိုတာ သိပ်ကို သိသာလွန်းပါတယ်။ ခွင့်ယူဖို့ အထက်အရာရှိက လာပြီး ချော့ပြောနေရတဲ့ အဆင့်တောင် ရောက်နေပါကောလား။ ကျွန်မရင်ထဲ အောင့်တောင့်တောင့် ဖြစ်သွားတယ်။ အခုလို အချိုသတ်ပြီး ပြောနေမယ့်အစား ဆူဆဲပြီး အလုပ်ဖြုတ်ပစ်လိုက်တာကမှ တော်လိမ့်ဦးမယ်။

ဒါပေမယ့် စာစာမိုတိုစန်ကတော့ နူးညံ့တဲ့ မျက်နှာထားနဲ့ ဆက်ပြောတယ်။

“မင်းက သူများရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့သူလေ။ မင်းကတော့ အဲဒီအတိုင်း လက်ခံချင်မှ လက်ခံနိုင်လိမ့်မယ်။ ဘာမှ မဖြစ်ခဲ့သလို နေချင်ကောင်း နေချင်နေမှာပဲ။ ဒါပေမယ့် အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီးသမျှကို မဖြစ်ဟန်ဆောင်နေလို့လည်း ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူး။ ငါနဲ့ ယာမာဇိုအေနဲ့က အတော်ကြာကြာကြီးကို လက်တွဲပြီး အလုပ်လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ငါလည်း ကိုယ့်ရောဂါနဲ့ကိုယ်ဆိုတော့ ခေါင်းထဲမှာ သူများအကြောင်းတွေ စဉ်းစားမပေးနိုင်ခဲ့ဘူး။ ဒီတော့ သူ့ကိုလည်း ဘာမှ မကူညီနိုင်ခဲ့ဘူးပေါ့။ တကယ်ဆို ငါ့မှာလည်း အတိုင်းအတာတစ်ခုထိ တာဝန်ရှိပါတယ်။ မင်းကို ယာမာဇိုအေနဲ့ ခိုင်းနှိုင်းပြီး ပြောနေတာ မဟုတ်ဘူးနော်။ မင်းကို ကူညီပေးချင်ရုံ သက်သက်ပါ”

“ကျေးဇူးပါ ဆရာ။ ကျွန်မ သေချာ စဉ်းစားကြည့်ပါ့မယ်”

“အင်း၊ ငါလည်း တစ်ခါတလေကျရင် အဲဒီစာရေးဆရာရဲ့ မေးခွန်းတွေကို လက်မြှောက်ပြီး ဆလံသ,ရတာပဲဟ။ ငါ လေဖြတ်ပြီး ပြန်ကောင်းခါစတုန်းကလည်း သူက အဲဒီရောဂါအကြောင်း လုံးစေ့ပတ်စေ့ သိချင်နေသေးတာ”

စာစာမိုတိုစန်က ပြောပြီး ရယ်နေတယ်။

“ဒါပေမယ့် အဲဒီတုန်းက ကျွန်မကိုယ်နှိုက်ကိုက မူမမှန်တာပါ” ကျွန်မ ပြောလိုက်တယ်။ “ကျွန်မ အလေးအနက်ထားပြီး စဉ်းစားကြည့်ပါ့မယ်။ ခွင့်ယူလိုက်တာက ကုမ္ပဏီအတွက် ပိုပြီး အကျိုးရှိချင် ရှိနေဦးမှာ”

“ကောင်းပြီလေ။ စိတ်ကို အေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပေါ့။ တကယ်လို့ ကိစ္စမရှိဘူး၊ ခွင့်ယူစရာ မလိုဘူးလို့ ယူဆရင်လည်း ပြဿနာ မရှိပါဘူး။ ပြီးခဲ့တဲ့ ကိစ္စကို ပြီးပြီလို့ပဲ သဘောထားလိုက်တော့။ ဪ … မင်းကို ပြောစရာ နောက်တစ်ခု ကျန်နေသေးတယ်” စာစာမိုတိုစန်ရဲ့ စကားလမ်းကြောင်းက တခြားဘက်ကို ပြောင်းလဲသွားတယ်။ မျက်နှာကတော့ ပြုံးလို့။ “ငါ တရုတ်တိုင်းရင်းဆေးရုံကို သွားပြတော့ ဆရာဝန်က ငါ့ကို တိုင်းရင်းဆေးတွေ ပေးလိုက်တယ်။ သူ့ဆေးတွေကို သောက်ပြီးတဲ့အခါမှာ အတော်လေး လန်းဆန်းလာသလို ခံစားရတယ်။ တကယ်လို့သာ မင်း စိတ်ဝင်စားမယ်ဆိုရင် အဲဒီဆရာဝန်နဲ့ မိတ်ဆက်ပေးမယ်။ ငါ့အထင်တော့ တိုင်းရင်းဆေးပညာက အသည်းကို ဒုက္ခမပေးဘဲ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖြေလျှော့ပေးနိုင်လိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်တဲ့ ခံစားမှုမျိုး ရှိနေသေးတယ် ဆိုရင်တော့ မင်း စမ်းကြည့်ကြည့်ပါလား”

လေမဖြတ်ခင်ကတော့ စာစာမိုတိုစန်ဟာ လူကောင်းတစ်ယောက်ပါပဲ။ ဒါပေမယ့် အလုပ်ရှုပ်လာပြီ ဆိုတာနဲ့ ထစ်ကနဲဆို ဒေါသထွက်လာတတ်ရော။ စကားပြောတာလည်း မြန်ပြီး ဗလုံးဗထွေး ဖြစ်လာလို့ သူ့စကားကို တော်ရုံ နားမလည်တော့ဘူး။ ပြီးတော့ ဘုနဲ့ဘောက် ပြောလာတတ်တော့ သူ့အနားကို ဘယ်သူမှ မကပ်ချင်ကြတော့ဘူး။ ဒါပေမယ့် ဆေးရုံကနေ ဆင်းလာတဲ့အခါကျတော့ အတော်အတန် ပြောင်းလဲသွားတယ်။ သူ့မျက်နှာပေါ်မှာ နူးညံ့သိမ်မွေ့တဲ့ ခံစားချက်တွေကို မြင်လာရတယ်။ အသားအရောင်လည်း ပိုပြီး စိုပြေလာတယ်။ နောက်ပြီး စကားကိုလည်း အရင်လို မြန်မြန် မပြောနိုင်တော့ဘူး ဆိုတော့ သူ့စိတ်သူ ထိန်းပြီး အရာအားလုံးကို တည်ငြိမ်အေးဆေးစွာ ဆက်ဆံတတ်လာတယ်။

အရင့်အရင်တုန်းကတော့ စကားပြောမြန်တဲ့ သူ့ရဲ့ ဟန်ပန်အမူအရာကို အတုခိုးပြီး သူ့ကွယ်ရာမှာ သူ့ကို လှောင်ပြောင်တတ်ကြတာပေါ့။ အခုတော့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေနဲ့ အတော်လေး အဆင်ပြေ သင့်မြတ်နေတယ်။ “အဲဒီလူကြီးက နေမကောင်း ဖြစ်ပြီးမှ ဆက်ဆံရတာ အတော်လေး အဆင်ပြေလာတယ်” လို့တောင် အများစုက ပြောနေကြတယ်။ ကျွန်မရဲ့ တစ်ကိုယ်တည်း အမြင်အရဆိုရင်တော့ အခု မျက်စိအရှေ့မှာ မြင်နေရတဲ့ စာစာမိုတိုစန်ဟာ အတိတ်က ကြုံခဲ့ရတဲ့ လှောင်ပြောင်သရော်မှုတွေကို ခေါင်းထဲမှာ နည်းနည်းလေးမှ သိမ်းထားမှာ မဟုတ်တော့ဘူး။ သူက အခုဆိုရင် ပိုပြီး ကျယ်ပြန့်နက်ရှိုင်းတဲ့ ကမ္ဘာလောက အသစ်ထဲမှာ ကျင်လည်ရှင်သန်နေရသလိုပဲ။

‘ငါ့ကို ခွင့်ယူစေချင်နေတာပါလား’ လို့ ကျွန်မ အစက တွေးခဲ့မိတော့ ရင်ထဲမှာ ခိုးလို့ခုလုနဲ့ရယ်။ အခု သူ့ရဲ့ စေတနာမှန်ကို သဘောပေါက်လာတော့လည်း စိတ်ထဲ ကြည်နူးနေမိပြန်ရော။

ကျွန်မက ကလေးငယ်တစ်ယောက်လို ဦးနှောက်တစ်ခုလုံးမှာ ကိုယ့်အကြောင်းကိုပဲ တွေးနေခဲ့မိတယ်။ ဒါကြောင့် ဘာလုပ်လုပ် ထင်ရာစိုင်းတတ်တာ ဝသီလို ဖြစ်နေပြီ။ ကုမ္ပဏီထဲမှာဆိုရင် ကိုယ်နဲ့ မျက်နှာကြော မတည့်တဲ့လူတွေ ရှိသလို စာစာမိုတိုစန်လို လူတစ်ဖက်သားကို အမှန်အကန် စာနာ နားလည်ပေးတတ်တဲ့ လူမျိုးတွေလည်း ရှိတတ်ပါသေးတယ်။ လူတစ်ဖက်သားကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးဖို့ ကြိုးစားတတ်တဲ့ လူမျိုးလည်း ရှိတတ်ပါသေးတယ်။

တစ်ချိန်က ဂေါက်တောက်တောက် ဖြစ်ခဲ့ဖူးတဲ့၊ ဆတ်ဆတ်ထိမခံတဲ့ စာစာမိုတိုစန်ဟာ သေတွင်းနှုတ်ခမ်းပေါ်ကနေ ဖြတ်လျှောက်အပြီးမှာတော့ ပြုံးရွှင်တဲ့ မျက်နှာထား၊ ရင်းနှီးဖော်ရွေတဲ့ အကြည့်တွေနဲ့ ကျွန်မကို စိုက်ကြည့်နေတယ်။ ကျွန်မကိုယ်တိုင်ကလည်းပဲ သူ့လို သေတွင်းနှုတ်ခမ်းကို ဖြတ်လျှောက်ခဲ့ရသူ မဟုတ်လား။ ကံကောင်း ထောက်မလို့သာလျှင် အခုလို သူ့ရဲ့ ကြင်နာမှုတွေကို ဒီနေရာ ဒီဌာနမှာ ကျွန်မ ထွေးပွေ့ခွင့် ရနေတာလေ။

အဖြစ်အပျက်ကြီး တစ်ခုလုံးဟာ အံ့ဩဖွယ်ရာကောင်းတဲ့ ထူးဆန်းထွေလာတစ်ခုလို့ ကျွန်မ ခံစားနေရတယ်။

“ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမယ့် အဆင်ပြေမှ လုပ်ပါရှင်။ ဆရာ့ကို ဒုက္ခ ထပ်မပေးချင်တော့ဘူး” ကျွန်မ ပြောလိုက်တယ်။

“မိတ်ဆက်ပေးမယ် ဆိုတာက တကူးတက လူချင်းတွေ့ပေးမှာမျိုး ပြောတာ မဟုတ်ပါဘူး။ ဆေးရုံလိပ်စာနဲ့ ဖုန်းနံပါတ်ပါတဲ့ ကတ်ပြားတစ်ပြား မင်းကို ပေးလိုက်မှာပါ။ မင်း စိတ်ဝင်စားတဲ့အချိန်မှာ သွားစမ်းကြည့်ကြည့်ပေါ့။ အရေးအကြောင်း ရှိလာရင် အဲဒီလို နေရာတစ်နေရာ ရှိပါသေးသလားလို့ သိထားဖို့ပါပဲ။ စိတ်ပူပန်ရတာတွေ နည်းနည်းပါးပါးတော့ လျော့နည်းသွားနိုင်တာပေါ့၊ မဟုတ်ဘူးလား”

ပြောပြီး စာစာမိုတိုစန်က ဆေးရုံရဲ့ လိပ်စာကတ်ကို ကျွန်မဆီ ကမ်းပေးတယ်။

စာစာမိုတိုစန်ရဲ့ လက်က အနွေးဓာတ်ကြောင့် လိပ်စာကတ်က နွေးထွေးလို့နေတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကဆိုရင် သူကိုယ်တိုင် သူ့ဘဝရဲ့ သေရေးရှင်ရေးအကြောင်းကို ကိုယ်ရောစိတ်ပါ နှစ်ပြီး အသည်းအသန် စဉ်းစားဆင်ခြင်ခဲ့ဖူးမှာပဲ။ ဇနီးမယားအကြောင်း၊ သားသမီးအကြောင်း၊ နေအိမ်အကြောင်း၊ နောက်နောင် အလုပ်အကိုင်အကြောင်း၊ စတဲ့ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်နေခဲ့ဖူးမှာ အမှန်ပဲ။

အဲဒီလို လေးနက်တဲ့ ဘဝအတွေ့အကြုံကို ခံစားခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားက ကျွန်မဆီ ကူးစက်ပျံ့နှံ့လာတယ်လို့ ကျွန်မ ခံစားလိုက်ရတယ်။

“ကျေးဇူးပါ ဆရာ”

သူက လက်တစ်ဖက်ကို မြှောက်ရင်း အဝေးကို ထွက်ခွာသွားတယ်။

လူဆိုတဲ့ သတ္တဝါအကြောင်းကို ကောင်းကောင်း နားလည်ထားတယ်လို့ ကျွန်မ ထင်ထားခဲ့တာ။ အခုတော့ အဲဒီ လူဆိုတဲ့ သတ္တဝါကြောင့်ပဲ ကျွန်မ သေတော့မလို ဖြစ်သွားခဲ့ရတယ်။ အဲ … နောက်တော့ အဲဒီ လူသတ္တဝါတွေရဲ့ ကယ်မမှုကို ခံခဲ့ရပြန်ရော။ ဖြစ်ပျက်ခဲ့သမျှ ဖြစ်စဉ်ကြီး တစ်ခုလုံးက ကြိုတင် အကွက်ချထားတဲ့ ပြဇာတ်တစ်ပုဒ်ကို ကပြနေရသလိုပဲ။

ကောင်းမြတ်တဲ့ နေ့ရက်တွေနဲ့ ဆိုးယုတ်တဲ့ နေ့ရက်တွေက တစ်လှည့်စီ ကပြနေကြတယ်။

ကျွန်မရဲ့ ရည်းစားဟောင်းတွေက ကျွန်မကို တီဗီသတင်းမှာ မြင်လို့ ဆိုပြီး ကျွန်မဆီ ဖုန်းဆက်လာကြတယ်။ စပ်စုချင်ကြတာလည်း ပါတာပေါ့လေ။ ကျွန်မအတွက်တော့ သိပ် အဆင်မပြေလှဘူး။ ဒါပေမယ့် ကလေးဘဝတုန်းက အိမ်နီးချင်း ဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်းမဆီကနေလည်း အဆက်အသွယ် ရခဲ့ပြန်တယ်။ မမြင်တာ ကြာပြီ ဖြစ်တဲ့ ကျွန်မရဲ့ ရုပ်ပုံကို တီဗီဖန်သားပြင်ပေါ်မှာ မြင်လိုက်ရလို့ အံ့ဩထိတ်လန့်မိတယ် ဆိုပေမယ့် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေသေးမှန်း သိရလို့ ဝမ်းမြောက်မိပါကြောင်း ဆိုတဲ့ စာတိုတစ်စောင် ကျွန်မဆီ ပို့လာခဲ့တယ်။

နောက်တစ်ခါ ထပ်ပြီး ‘လွတ်’ မသွားနိုင်တော့ဘူးလို့တော့ ကျွန်မကိုယ်ကျွန်မ ထင်နေမိတာပဲလေ။

နုံးချိနေတဲ့ ခံစားချက်တွေကတော့ ပျောက်ကွယ်မသွားသေးဘူး။ စာစာမိုတိုစန် သွားပြဖူးတဲ့ တိုင်းရင်းဆေးရုံကို ကျွန်မ သွားပြလိုက်တယ်။ ဘေးထွက်ဆိုးကျိုး မရှိနိုင်တဲ့ တိုင်းရင်းဆေးတွေကို သောက်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ အသားအရေတွေ ပိုပြီး စိုပြေလာတယ်။ ဒါကြောင့်လည်း ပတ်ဝန်းကျင်က လှိုင်းတံပိုးတွေက ငြိမ်သက်သထက် ငြိမ်သက်လာတယ်။

တစ်ခါတစ်ခါ ကောင်းကင်ကြီးကို ငေးကြည့်ပြီး ကျွန်မ အတွေးနယ် ချဲ့နေတတ်တယ်။

အဲဒီအချိန်တုန်းက ခတ်တဲ့အဆိပ်ဟာ အကိုက်အခဲပျောက်ဆေး မဟုတ်ဘဲ အာဆန်းနစ် ဒါမှမဟုတ် ဆိုင်ယာနိုက်သာ ဆိုရင် ကျွန်မ အခုလောက်ဆို မာလကီးယားနေလောက်ပြီ။ ဒီကမ္ဘာမြေကြီးကို အပြီးအပိုင် စွန့်ခွာသွားရလောက်ရောပေါ့။

မိုးကောင်းကင်ကြီးက ပြာလဲ့ပြီး ကြည်လင်တောက်ပနေတယ်။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ တိမ်မျှင်တိမ်သားတွေက အာကာပြင်မှာ စုတ်တံနဲ့ ခပ်သော့သော့ကလေး ပွတ်ဆွဲထားသလိုပဲ။ လေယာဉ်က မိုးပြာရောင် ကောင်းကင်ပေါ်မှာ ဂွမ်းစိုင်ခဲလေးတွေ ချထားခဲ့တယ်။ လေပြေကတော့ တသုန်သုန် ဆော်ဖြူးလို့။

ရင်ထဲ ရက်ပေါင်းများစွာ ပိတ်လှောင်နေခဲ့တဲ့ နွမ်းနယ်မှုကို အဲဒီတဒင်္ဂလေးမှာ ကျွန်မ မေ့လျော့နေတယ်။ စိတ်ရောကိုယ်ပါ နှစ်ပြီး အရာရာကို ခံစားသုံးသပ်နေမိတယ်။

ကျွန်မ တကယ်ပဲ ခြေချော်လက်ချော် ဖြစ်သွားခဲ့ရင်ရော။ ဒီကမ္ဘာလောကက ဘာများ ထူးထူးခြားခြား ပြောင်းလဲသွားနိုင်မှာမို့လဲ။ ကာလယန္တရားကြီးက ပုံမှန်အတိုင်း လည်မြဲ ဆက်လည်နေဦးမှာပဲ မဟုတ်လား။ ယာမာဇိုအေအတွက်တော့ အပြစ် ပိုကြီးသွားနိုင်တာပေါ့။ ဘိုးဘိုးဘွားဘွားတို့လည်း တစ်နေ့ပြီးတစ်နေ့ မျက်ရည်လည်ရွှဲနဲ့ အိုမင်းချိနဲ့သွားမှာပဲ။ သူတို့က ကျွန်မကို သတိရနေကြဦးမှာ။ ကျွန်မရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ကြည့်ပြီး သက်ပြင်းတချချနဲ့ ဖြစ်နေလောက်တယ်။ ယာမာဇိုအေကို မြန်မြန် သေပါစေလို့ ကျိန်ဆဲမိလောက်အောင် မုန်းတီးနေလောက်တယ်။ ဘွားဘွားဆိုရင် ကျွန်မရဲ့ လက်ကျန် ပစ္စည်းတွေကို သေသေသပ်သပ် သိမ်းဆည်းရင်း တစ်ချိန်လုံး ငိုယိုနေမှာ။ အင်္ကျီတစ်ထည်ချင်းစီကို အသေအချာ ခေါက်ပြီး လျှောဖွပ်ဖို့ ဒိုဘီကို အပ်လိမ့်မယ်။ လက်ဝတ်လက်စားတွေကို တောက်ပြောင်သွားအောင် သုတ်လိမ့်မယ်။ ကျွန်မရဲ့ ပန်းကန်ခွက်ယောက်တွေကို သေတ္တာထဲ သေချာ သိမ်းလိမ့်မယ်။ ကျွန်မ သဘောကျတတ်တဲ့ စေ့စပ်သေချာမှုမျိုးကို အသုံးချပြီး သူ့ရဲ့ အရေတွန့်နေတဲ့ လက်တစ်စုံနဲ့ ကျွန်မ ချန်ထားခဲ့တဲ့ အရှုပ်ထုပ်တွေကို သန့်ရှင်းသိမ်းဆည်းနေလိမ့်မယ်။ ကျွန်မကို တယုတယ ပြုစုစောင့်ရှောက်နေတဲ့ ပုံစံမျိုးနဲ့ပေါ့။

ယူကတော့ရော … ကျွန်မတို့ရဲ့ တိုက်ခန်းထဲမှာ သူ တစ်ယောက်တည်း ကျန်ရစ်တော့မှာပဲ။

တစ်ယောက်တည်း အထီးကျန်စွာ ထမင်းစားနေရလိမ့်မယ်။ ကျွန်မတို့နှစ်ယောက် အသုံးပြုခဲ့တဲ့ ပန်းကန်ခွက်ယောက်တွေကို တစ်ကိုယ်တည်း ဆေးကြောနေရလိမ့်မယ်။ ကျွန်မတို့နှစ်ယောက် အတူ အိပ်ခဲ့ဖူးတဲ့ ခုတင်ပေါ်မှာ အထီးကျန်စွာ အိပ်ရလိမ့်မယ်။ ရုံးပိတ်ရက်ကျရင် ကျွန်မတို့ အတူသွားခဲ့ဖူးတဲ့ ရေကူးကန်ကို တစ်ယောက်တည်း သွားရလိမ့်မယ်။ အဲဒီကနေမှတစ်ဆင့် ကျွန်မတို့ အမြဲတမ်း သွားနေကျဖြစ်တဲ့ စာအုပ်ဆိုင်ကို တစ်ယောက်တည်း သွားကြည့်လိမ့်မယ်။

အဲဒီလို စဉ်းစားရင်း မျက်ရည်တွေကို ကျွန်မ တားမရတော့ဘူး။

တစ်နေ့နေ့ကျရင် သူက ကျွန်မထက် ငယ်ရွယ်ပျိုမျစ်တဲ့ မိန်းမချောလေးတစ်ယောက်နဲ့ အတူ လမ်းလျှောက်နေပြီး သူ့ကို ပြောပြလိမ့်မယ်။ “တစ်ချိန်တုန်းက ငါ့မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ဖူးတယ်။ မသမာသူရဲ့ လက်ချက်ကြောင့် အဆိပ်မိပြီး ဆုံးသွားရှာတယ်” အဲဒီစကား ကြားရတော့ ကောင်မလေးခမျာ မျက်ရည်တွေ ကျပြီး ယူ့ကို သနားချစ်နဲ့ ပိုလို့တောင် ချစ်မိသွားလိမ့်မယ်။

ဒါပေမေယ့် အဲဒီအချိန်မှာ ကျွန်မဟာ ယူရဲ့ ဘဝထဲကနေ လုံးဝ ပျောက်ကွယ်သွားရလိမ့်မယ်။ အသုဘ အခမ်းအနားပြီးလို့ ကျွန်မတို့နှစ်ယောက်ရဲ့ တိုက်ခန်းကို တစ်ယောက်တည်း ပြန်သွားရတဲ့ ယူ။ အနက်ရောင် နာရေးဝတ်စုံ ဝတ်ထားတဲ့ တဆတ်ဆတ် တုန်ခါနေတဲ့ ကျောပြင်တစ်ခု။ သူ ကျွမ်းကျင်တဲ့ တစ်ခုတည်းသော အလုပ်ဖြစ်တဲ့ အိမ်သန့်ရှင်းရေးအလုပ်ကို သူ့တစ်ယောက်တည်းအတွက် လုပ်ကိုင်နေရတဲ့ ယူ။ ကျွန်မလုပ်ပေးတဲ့ ပါစတာ (အီတာလျှံခေါက်ဆွဲ) ကို နောက် ဘယ်တော့မှ စားခွင့်မရတော့တဲ့ ယူ။

ကျွန်မ အမြဲ တွေးနေမိတယ်။ ကျွန်မလို လူတစ်ယောက်ဟာ အသက်ရှင်နေရတယ် ဆိုရင်လည်း ဒီကမ္ဘာမြေပေါ်မှာ ကျွန်မအတွက်တော့ နေရာများများစားစား လိုလိမ့်မယ် မထင်ဘူး။ ဒီလောကထဲမှာ ကျွန်မ ရှိနေသည် ဖြစ်စေ၊ ရှိမနေသည် ဖြစ်စေ၊ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားနိုင်လိမ့်မယ် မထင်ဘူး။ လူတစ်ယောက်ဟာ တစ်ချိန်ချိန်မှာ ဒီလောကကြီးထဲကနေ ထွက်ခွာသွားရမယ်။ ကျန်ရှိသူ အားလုံးကလည်း တဖြည်းဖြည်းနဲ့ ပြန်ပြီး အသားကျသွားကြမှာပဲ။ ဒါက အမှန်တရားပဲလေ။

ဒါပေမယ့် ကိုယ်သေသွားပြီးနောက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ၊ နောက်ပြီး ဆက်လက် အသက်ရှင် ကျန်ရစ်ကြမယ့် ကိုယ်ချစ်တဲ့ လူတွေရဲ့ အကြောင်းတွေကို မြင်ယောင်ကြည့်လိုက်မယ် ဆိုရင် ကျွန်မ ဘယ်လိုနည်းနဲ့မှ ဆောက်တည်ရာ မရနိုင်တော့ဘူး။

ကမ္ဘ့ာဇာတ်ခုံပေါ်မှာ လစ်ဟာသွားတာကတော့ ကျွန်မရဲ့ ရုပ်ခန္ဓာတစ်ခုတည်းပါပဲ။ ဒါပေမယ့် ဘာကြောင့်ရယ် မသိဘူး။ တော်တော်ကြီးကို အထီးကျန် ဆန်လွန်းသွားတယ်။ ကျွန်မ ချန်ရစ်ထားခဲ့တဲ့ လစ်ဟာမှုဟာ တစ်ခဏမျှသာ ဆိုပေမယ့်လည်း၊ ဇာတ်ကောင်တွေ အားလုံးဟာ အနှေးနဲ့အမြန် ဆိုသလို ကာလယန္တရားရဲ့ အစွန်းတစ်ဖက်မှာ ကျဆုံးပျောက်ကွယ်သွားကြရမယ် ဆိုပေမယ့်လည်း ကျွန်မ ဖြစ်တည်ခဲ့ဖူးတဲ့ နေရာလေးဟာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးလို အရောင်တဖျတ်ဖျတ် လင်းလက်နေတယ်။

သစ်ပင်တွေလို၊ နေရောင်ခြည်လို၊ နောက်ပြီး လမ်းပေါ်မှာ ဆုံတွေ့လိုက်ရတဲ့ ကြောင်လေးတစ်ကောင်လို ချစ်စရာကောင်းနေတယ်။

အဲဒီလို ဆန်းကြယ်တဲ့ အသိတရားနဲ့အတူ ကျွန်မ မိုးကောင်းကင်ကို ခဏခဏ မော့ကြည့်နေမိတယ်။ ရုပ်ခန္ဓာတစ်ခု ပိုင်ဆိုင်ထားဆဲ၊ နေရာတစ်ခုမှာ ရပ်တည်နေဆဲ၊ မိုးကောင်းကင်ကို မော့ကြည့်နေတဲ့ ကျွန်မ။ ကျွန်မ ရှင်သန် ဖြစ်တည်နေဆဲ ဖြစ်တဲ့ နေရာလေးတစ်ခု။

ဟိုးအဝေးတစ်နေရာက နေဝင်ဖျိုးဖျအချိန်လို ဝင်းပနှစ်လိုဖွယ်ကောင်းတဲ့၊ ရုပ်ခန္ဓာထဲမှာ ကိန်းအောင်းနေတဲ့၊ ကျွန်မရဲ့ တစ်ခုတည်းသော အသက်ဝိညာဉ်ရယ်ပါ။

ယူက အလုပ်ကိစ္စနဲ့ နှစ်ပတ် ခရီးထွက်ရလိမ့်မယ်။ သူနဲ့ အတူနေလာတဲ့ ကာလအတွင်းမှာ ဒါက ပထမဆုံးအကြိမ် တစ်ယောက်တည်း အိမ်မှာ နေရခြင်းပဲ။

အရင်တုန်းက အဘိုးအဘွားနဲ့ အတူတူ နေခဲ့ရတယ်။ ကိုယ့်ဘာသာ အခန်းငှားနေနိုင်ဖို့ ပိုက်ဆံစုနေရင်း ပိုက်ဆံပြည့်သွားပြီး သိပ်မကြာခင်မှာပဲ ယူနဲ့ ဆုံဆည်းခဲ့တယ်။ ဒါကြောင့် ကျွန်မဘဝမှာ တစ်ယောက်တည်း နေထိုင်ရှင်သန်ခဲ့ရတယ် ဆိုတဲ့ နေ့ရက်မျိုးက လုံးဝ မရှိခဲ့ဖူးသလောက်ပဲ။ ဒီတော့ မကြုံဖူးတဲ့ အတွေ့အကြုံမို့ လတ်ဆတ်တဲ့ ခံစားမှုမျိုးကို ခံစားနေရတာပေါ့။ အရင်ကထက် အလုပ်အတော်များများကို အိမ်သယ်လာခဲ့တယ်။ ကိုယ်ကြိုက်တဲ့အချိန်မှာ ထမင်းစားတယ်။ အလုပ်လုပ်တယ်။ အဝတ်အစား လျှော်ဖွပ်တယ်။ အထီးကျန်ဆန်တဲ့ ခံစားမှုမျိုးကို နည်းနည်းလေးမှ ခံစားမနေရတဲ့အတွက် အံ့တောင် အံ့ဩမိသေး။

အဲဒီလို ဆိုပေမယ့်လည်း နှစ်ယောက်အတူနေတဲ့ အခန်းကျယ်ကြီးထဲမှာ ကျွန်မတစ်ယောက်တည်း ရှိနေရတော့ မနေနိုင် မထိုင်နိုင် တွေးမိပြန်ရော။ ‘ငါတစ်ယောက်တည်း ဒီမှာ ဘာလုပ်နေတာတုံး’

လူကြီးတွေက ယူ ခရီးထွက်နေတဲ့ သတင်းကို ကြားတော့ ကျွန်မကို အိမ်ပြန်လာဖို့ အတင်း ခေါ်တော့တာပဲ။ ဒါနဲ့ ပထမအပတ်ထဲမှာပဲ ကျွန်မ သူတို့ဆီ သွားလည်လိုက်တယ်။

အိမ်ဆိုတာက ကျွန်မရဲ့ မိဘအိမ်တော့ မဟုတ်ဘူး။ အဘိုးအဘွားတွေရဲ့ အိမ်ပေါ့။ ကျွန်မ ရှင်သန်ကြီးပြင်းခဲ့ရာ ကျွန်မရဲ့ တစ်ခုတည်းသော အိမ်ပေါ့။

ကျွန်မက ဘိုးဘိုးကို ကူပြီး ခြံဝင်းထဲ သန့်ရှင်းရေး လုပ်ပေးတယ်။ ဘွားဘွားရဲ့ ကောက်ညှင်းပေါင်းကို အားရပါးရ စားတယ်။ ဘွားဘွားနဲ့အတူ အိမ်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ရေချိုးကန်ကို သွားကြတယ်။ အပြန်အလှန် ချေးတွန်းပေးကြတယ်။ ဘွားဘွားရဲ့ ကျောပြင်က ပြောင်ချောနေတုန်းပဲ။ ရေလောင်းချလိုက်ရင် တစ်စက်ကလေးမှတောင် ကျောပေါ် တင်ကျန်ရစ်မနေခဲ့ဘူး။ နုပျိုနေဆဲပါလား။ ဘွားဘွားက အသက်ရှည်ဦးမှာပဲလို့ တွေးလိုက်မိတော့ ကျွန်မ စိတ်သက်သာရာ ရသွားတယ်။

အဲဒီနောက်တော့ ကျွန်မတို့ဟာ နွေးနွေးထွေးထွေးနဲ့ နေဝင်ဆည်းဆာရဲ့ အလှကို ခံစားရင်း အိမ်ကို လမ်းလျှောက်ပြန်ခဲ့ကြတယ်။ လမ်းကြုံ ဈေးဝင်ဝယ်ရင်း ကျွန်မရဲ့ ငယ်ဘဝတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား လမ်းမတွေထက် နှစ်ယောက်သား လျှောက်လှမ်းလာခဲ့ကြတယ်။

“စတော်ဘယ်ရီ စားချင်လိုက်တာ”

ကျွန်မ အဲဒီလို ပြောလိုက်ကာ ရှိသေး။ ဘွားဘွားက ဝမ်းပမ်းတသာနဲ့ ကျွန်မအတွက် စတော်ဘယ်ရီနှစ်ဗူး ချက်ချင်း ကောက်ဝယ်လိုက်တယ်။

ညစာအဖြစ်နဲ့ အမဲသားဟော့ပေါ့ စားကြတဲ့အခါမှာ ကျွန်မတို့ဟာ အရင်က စားနေကျထုံးစံအတိုင်း ထမင်းဖြူကို နောက်ဆုံးမှ ဟင်းရည်နဲ့ ရောပြီး စားကြတယ်။ ကျွန်မတို့ သုံးယောက်က ယခင့်ယခင်ကတည်းက အဲဒီပုံစံအတိုင်း စားလာခဲ့ကြတာ။ ကျွန်မတို့ အားလုံးက တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်ပြီး စားပုံက ရုပ်ဆိုးပန်းဆိုးပဲလို့ လှောင်ပြောင်ရင်း၊ စားလို့ ကောင်းလိုက်တာလို့ ကောင်းချီးပေးရင်းပေါ့။ နောက်ဆုံးမှာ အစားပိတ်အနေနဲ့ စေးပျစ်နေတဲ့ အာလူးကက်တလိတ်ကို ထပ်ထည့်ပြီး ဗိုက်မပြည့်မချင်း အဝအပြဲ စားပစ်လိုက်တယ်။

နောက်တော့ ဟိုကိစ္စအကြောင်းကို အစကနေ အဆုံးထိ အကြမ်းဖျင်းတစ်ခေါက် ပြန်ပြောပြရတယ်။ သူတို့က ကျွန်မကို မေးခွန်းတွေ တစ်ပုံကြီး မေးလာကြပါရော။ သမီး ကုမ္ပဏီက စိတ်ရော ချရပါ့မလားတို့၊ အလုပ်ထွက်ပစ်လိုက်တာ ပိုမကောင်းဘူးလားတို့။

ကျွန်မက သူတို့ကို အသေအချာ ရှင်းပြရတယ်။ တကယ်လို့သာ အခုကိစ္စမျိုး မကြာမကြာ ဖြစ်နေတတ်ရင် ကုမ္ပဏီလည်း အရင်းပြုတ်ရောပေါ့။ ဒီတော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ကျွန်မ အဲဒီမှာ ဆက်ပြီး လုပ်ချင်သေးတယ်လေ။ စာရေးဆရာရဲ့ အိမ်မှာ ငိုကြီးချက်မ ဖြစ်ခဲ့တဲ့ ကိစ္စကိုတော့ ကျွန်မ တစ်လုံးတစ်ပါဒမှ မပြောဘဲ ရေငုံနှုတ်ပိတ် နေထားရတယ်။

အဲဒါတွေ ပြောပြီးတဲ့နောက်မှာ သူတို့က ယူနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို တန်းစီပြီး မေးလာပြန်ပါရော။ မင်္ဂလာဆောင်ပွဲက ကျင်းပတော့မှာလားတို့၊ ဘယ်တော့လောက် လုပ်မယ် စိတ်ကူးထားသလဲတို့၊ ကလေးယူဦးမှာလားတို့၊ စသဖြင့်ပေါ့။

ကျွန်မ ပြန်ဖြေလိုက်ပါတယ်။ အတိအကျ ဘာကိုမှ မစဉ်းစားရသေးဘူး။ ဒါပေမယ့် ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေကို ဖိတ်နေရမှာ အလုပ်ရှုပ်လွန်းလို့ ဆွေမျိုးသားချင်းတွေကိုပဲ ဖိတ်ပြီး မင်္ဂလာပွဲကို အကျဉ်းရုံးပဲ လုပ်ဖို့ စိတ်ကူးထားတယ်။ နောက်ပြီး ယူရဲ့ အမေနဲ့လည်း သုံး၊ လေးကြိမ်လောက် တွေ့ဆုံခဲ့ဖူးတယ်လို့ သူတို့ကို ပြောပြရတယ်။ သူနဲ့ သူ့ရဲ့ နောက်ယောက်ျားနဲ့လည်း တော်တော်လေး အဆင်ပြေပုံ ရကြပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ရယ်၊ နောက်ပြီး ဘိုးဘိုးနဲ့ဘွားဘွားရယ်၊ ကျွန်မတို့ အတွဲသုံးတွဲ တစ်နေရာရာမှာ ထမင်းအတူ သွားစားကြမယ်ပေါ့။

“ကောင်းလိုက်တာ သမီးရယ်။ အဲဒီတစ်နေ့ကို အဘွား စောင့်နေခဲ့တာပဲ” ဘွားဘွားက ပြောတယ်။

ဒါပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကျွန်မရဲ့ မွေးသမိခင်အကြောင်းကို စကားတောင် မဟခဲ့ကြဘူး။ ဘိုးဘိုးပဲ ဖြစ်ဖြစ်၊ ဘွားဘွားပဲ ဖြစ်ဖြစ်၊ ကျွန်မအမေရဲ့ တည်ရှိမှုကို ပြတ်ပြတ်သားသား မေ့ဖျောက်ထားခဲ့ကြတယ်။

ဒီအဘိုးအဘွား ဆိုတာတွေက ကျွန်မအဖေရဲ့ မိဘတွေပါ။ အဖေက ကျွန်မ ဥမမယ် စာမမြောက်ခင်ကတည်းက ဆုံးပါးသွားခဲ့တယ်။

အချိန်အကြာကြီး ခွဲခွာပြီးတဲ့နောက်မှာ ကျွန်မဟာ ကျွန်မရဲ့ ကိုယ်ပိုင်အခန်းထဲက ကိုယ့်ခုတင်ပေါ်မှာ နောက်တစ်ကြိမ် ပြန်အိပ်ခွင့် ရခဲ့ပြန်တယ်။

တစ်ချိန်တုန်းက ကျွန်မ အရမ်း သဘောကျခဲ့တဲ့ ဂျွန်လန်နွန်ရဲ့ ပိုစတာကလည်း နံရံပေါ်မှာ မွဲခြောက်ခြောက် တည်ရှိနေဆဲပဲ။ အလယ်တန်း ကျောင်းသူဘဝက ကျွန်မအတွက် ဝယ်ပေးထားတဲ့ စာရေးစားပွဲခုံကလည်း နေရာမယွင်းဘဲ မလှုပ်မယှက် တည်ရှိနေတုန်းပဲ။ လွမ်းတသတဲ့ စိတ်အလျဉ်ကြောင့် ကျွန်မရင်မှာ တဆတ်ဆတ် လှုပ်ရှားလာတယ်။

သန့်ပြန့်နေအောင် လျှော်ဖွပ်ထားပြီး သပ်သပ်ရပ်ရပ် ခေါက်သိမ်းထားတဲ့ ညဝတ်အင်္ကျီကလေးကို ကျွန်မရဲ့ ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတယ်။ ဗိုက်က ပြည့်ဖောင်းလို့။ ရက်ပေါင်းများစွာ ခံစားခဲ့ရတဲ့ နွမ်းနယ်ချိနဲ့မှုတွေကို အကုန်အစင် မေ့ပျောက်သွားခဲ့ပြီ။

ကျွန်မ ရုတ်တရက် စဉ်းစားလိုက်မိတယ်။ စာစာမိုတိုစန် အကြံပေးတဲ့အတိုင်း ကျွန်မ စုထားခဲ့တဲ့ ခွင့်ရက်ခံစားခွင့်တွေနဲ့ ရက်ရှည် ခွင့်ယူလိုက်ရရင် ကောင်းမလား။ မကြာမတင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ကျွန်မတို့ရဲ့ ပျားရည်ဆမ်းခရီးအတွက် ယူရမယ့် ခွင့်ရက်တွေကို ဖယ်ထားလိုက်မယ် ဆိုရင်တောင် ကျွန်မမှာ နောက်ထပ် တစ်လနီးပါးလောက် ခွင့်ယူလို့ ရနိုင်သေးတယ်။

ရယ်စရာကောင်းတဲ့ အချက်က ဘာလဲဆိုတော့ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေက အရင်ကထက် ပိုပြီး တိုးတက်ကောင်းမွန်လာလို့သာ အရင်တုန်းက ကျွန်မ ဘယ်လောက်တောင် အားနည်းချိနဲ့ခဲ့သလဲ၊ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ဘဲ ရူးရူးမိုက်မိုက်နဲ့ ရုံးကို ပေပြီး သွားခဲ့တယ် ဆိုတဲ့ အချက်တွေကို ကျွန်မ ဝိုးတိုးဝါးတား နားလည် သဘောပေါက်လာခဲ့တယ်။

တကယ်လို့သာ ခေါင်းမမာဘဲ စာစာမိုတိုစန်နဲ့သာ စောစောစီးစီး တိုင်ပင်ဖြစ်ခဲ့ရင် သူက ကျွန်မကို နားလည်ခွင့်လွတ်ပေးမှာ အမှန်ပဲ။ နောက်ပြီး အခုချိန်က အလုပ်ရှုပ်တဲ့ ရာသီမျိုး မဟုတ်ဘူးလေ။ ကျွန်မကို လိုလိုချင်ချင်နဲ့ ခွင့်ရက်ရှည် ပေးချင်ပေးဦးမှာ။ ကျွန်မ အဲဒီလို တွေးဆနေမိတယ်။

အဲဒီလိုသာဆိုရင် ကျွန်မအနေနဲ့ အိပ်ချင်တဲ့အချိန် အိပ်၊ ထချင်တဲ့အချိန် ထ၊ စိတ်ပါတဲ့အချိန်ကျရင် ယူ ကြိုက်တတ်တဲ့ တကယ့်အိမ်တွင်းဖြစ် ပါစတာခေါက်ဆွဲလေး လုပ်ပေးလိုက်မယ်။ သိပ်ကို အေးချမ်းသာယာတဲ့ နေ့လေးတစ်နေ့ကို အဲဒီလို ဖြတ်သန်းလိုက်ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။ အဲဒီလို ကြုံတောင့်ကြုံခဲ ဘေးဒုက္ခမျိုးနဲ့ ကြုံတွေ့ထားရတဲ့ ကျွန်မအဖို့တော့ ဒီတောင်းဆိုချက်ကလေးက မလွန်လွန်းပါဘူးနော်။ ကျွန်မ အဲဒီအတိုင်း မလုပ်တာကိုပဲ ပတ်ဝန်းကျင် လူတွေက ကျွန်မကို အထူးအဆန်းကြီးလို ကြည့်နေကြမလား မပြောနိုင်ဘူး။

ကျွန်မကိုယ်ကျွန်မကတော့ အားလုံး ပြန်ကောင်းသွားပြီ၊ နဂိုအတိုင်း ပြန်ဖြစ်သွားပြီလို့ ယူဆခဲ့တာ။ ဒါပေမယ့် အဲဒီလိုကြီး တငိုငို တရယ်ရယ် လုပ်နေတာကိုက ပြဿနာ ရှိနေသေးတဲ့ လက္ခဏာပဲလေ။ ပြဿနာက ဒီလောက်နဲ့ ပြီးပြတ်သွားခဲ့တာ ကံကောင်းတယ်လို့ ဆိုရပေမယ့် တကယ်လို့သာ တစ်ဖက်လူက စိတ်ဓာတ် ယုတ်ညံ့ခဲ့ရင်တော့ နောက်ဆုံးမှာ ကျွန်မ အလုပ်မပြုတ်ဘဲ နေမှာ မဟုတ်ဘူး။ အခုလို အချိန်မှာ သတိရှိရှိနဲ့ ဘေးရန်ကင်းအောင် နေတတ်ဖို့က အရေးကြီးဆုံးပဲလေ။ မိုးမပြို ပြိုခဲ့သည် ရှိသော်ပေါ့။

ကိုယ့်အိမ်ကို အချိန်ကြာ ခွဲခွာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် ပြန်ရောက်လာတဲ့ ဆွေရိပ်မျိုးရိပ် အောက်မှာ ကျွန်မရဲ့ နှလုံးသားဟာ တည်ငြိမ်အေးချမ်းလို့ နေတယ်။ ‘အရင်က ဘာဖြစ်လို့ အခုလို မတွေးခဲ့မိပါလိမ့်’ လို့လည်း တွေးနေမိပြန်တယ်။

စာအုပ်တစ်အုပ်မှာ အခုလို ရေးထားတာကို ကျွန်မ ရုတ်ချည်း သတိရသွားတယ်။

အကြမ်းဖက် ခံရခဲ့ဖူးတဲ့ ကလေးငယ်တစ်ယောက်ဟာ သူ့ရဲ့ စိတ်ဝိညာဉ်ကို နာကျင်နေတဲ့ ရုပ်ခန္ဓာကနေ ဖယ်ခွာထားနိုင်စွမ်း ရှိတယ်။

ဒါကြောင့်ပဲ ကျွန်မ ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်နေတယ် ဆိုတာကို ကျွန်မကိုယ်တိုင် သတိမထားမိတာများလား။ ဒါမှမဟုတ် ကျွန်မရဲ့ အသည်းက နလန်ထနိုင်ဖို့ ကြိုးစားနေရဆဲ အချိန်မှာ အားအင်ချိနဲ့နေတာကို သတိမထားမိဘဲ ကိုယ့်ကိုယ်ကိုယ် အပျင်းကြီးရ ကောင်းလားဆိုပြီး အပြစ်တင်နေမိတာ၊ အပြစ်ရှိတယ်လို့ ခံစားနေမိတာဟာ ဒါကြောင့်များလား။ အဲဒီလို စဉ်းစားလိုက်မိတော့ ကျွန်မရဲ့ ဦးနှောက်ထဲ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားတယ်။

ကျွန်မက တစ်ဦးတည်းသော သမီးပါ။ ကျွန်မ လေးနှစ်သမီး အရွယ်မှာ အဖေဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ သူက ဘိုးဘိုးရဲ့ ကုမ္ပဏီက အလုပ်အမှုဆောင်တစ်ယောက်ပေါ့။ သူ မဆုံးခင် အချိန်ကာလတွေတုန်းက အတော်လေးကို အလုပ်ရှုပ်ခဲ့ကြတယ်လို့ ပြောတာပဲ။

ကျွန်မရဲ့ အမေက အဖေထက် အနှစ် ၂၀ လောက် ငယ်တယ်။ သူဌေးသမီးတစ်ယောက်ပဲ။ အိမ်အလုပ်ကို ဘာမှ မလုပ်ဖူးဘဲ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေခဲ့ရတဲ့ သူပေါ့။ ပြောရရင် သူ့မိဘအိမ်ကနေတောင် တစ်ခါမှ ခွဲခွာခဲ့ဖူးတာ မဟုတ်ဘူး။ ကျွန်မကို ကိုယ်ဝန်လွယ်ခဲ့ရလို့သာလျှင် သူတို့ကို မင်္ဂလာဆောင်ခွင့် ပြုခဲ့တာလို့ ကြားရတယ်။ ဒါပေမယ့် ကျွန်မကို မျက်နှာမြင်ပြီးတဲ့ နောက်မှာတော့ သူက မိခင်တစ်ယောက်ရဲ့ အခန်းကဏ္ဍကို တာဝန်ကျေကျေ မထမ်းဆောင်နိုင်ခဲ့ဘူး။ ဘယ်တော့မဆို သူ့ကို ကြည့်ရတာ တခြားလူရဲ့ ကလေးတစ်ယောက်ကို ချီထားရသလိုပဲ။

တကယ်ဆို ဒီအကြောင်းတွေ အားလုံးကို ကျွန်မ အဘိုးအဘွားတွေဆီကနေ ကြားထားရတာပါ။ ဒါကြောင့် တစ်ဖက်စောင်းနင်းနိုင်တဲ့ စကားတွေ မပါဘဲ နေမှာ မဟုတ်ဘူး။

အဖေက ကလေးစိတ် မကုန်သေးတဲ့ အမေ့အပေါ် နှစ်နှစ်ကာကာ ချစ်ရှာပေမယ့် အဘိုးနဲ့ အဘွားကတော့ အဖေ့ကို အိမ်ထောင်ရေးကိစ္စအပေါ် ပေါ့ပြက်ပြက် သဘောထားတယ်လို့ ယူဆတာကြောင့် နည်းနည်းလေးမှ စိတ်မချခဲ့ကြဘူး။ ဒါကြောင့်လည်း သူတို့လူကြီးတွေက အဲဒီမင်္ဂလာကိစ္စကို အစောကြီးကတည်းက ကန့်ကွက်နေခဲ့ကြတာပဲ။ နောက်ပိုင်းကျတော့ ကျွန်မကို ခေါ်ယူမွေးစားဖို့ အမြဲတမ်း အခါအခွင့် စောင့်နေခဲ့ကြတယ်။

ထူးဆန်းတာက ကျွန်မအတွက် ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ အမှတ်တရတွေ ဘာတစ်ခုမှ ကျန်မနေခဲ့ခြင်းပဲ။

အဖေ ဆုံးသွားတော့ အမေ အသည်းအသန် ငိုနေခဲ့တယ် ဆိုတာလောက်တော့ မှတ်မိနေသေးတယ်။ ကျွန်မလည်း သူနဲ့အတူ လိုက်ငိုလို့။ နောက်ပြီး သူက ကျွန်မကို ကြင်ကြင်နာနာ ထွေးပွေ့ထားတယ်။ ကျွန်မကို ပါးချင်းအပ်ထားပြီး ကျွန်မရဲ့ လက်ကလေးကို ကိုင်ရင်း ကျွန်မဘေးနားမှာ အိပ်ပျော်နေတာကို ကျွန်မ မှတ်မိတယ်။ အမေက အသားအရေ ဖြူလျပြီး အသံစူးတယ်။ ခန္ဓာကိုယ် ပြည့်ဖြိုးပြီး ခါးတုတ်တယ်လို့ ပြောနိုင်တယ်။

သူ ကျွန်မအတွက် သီချင်းဆိုပြခဲ့တာကို ကျွန်မ မှတ်မိနေသေးတယ်။ တီဗီထဲက ဖျော်ဖြေရေး အစီအစဉ်တစ်ခုနဲ့အတူ ကျွန်မတို့ သီချင်းလိုက်ဆိုပြီး ကနေခဲ့ကြတာကို အမှတ်ရနေသေးတယ်။

ဒါကြောင့် မှတ်ဉာဏ်ထဲမှာ အဆိုးမြင်စရာ တစ်ကွက်တလေမှတောင် ရှိမနေခဲ့ဘူး။ ဘာဖြစ်လို့ပါလိမ့်။

ဒါပေမယ့် တကယ့်အဖြစ်အမှန်က အဲဒီလို မဟုတ်ခဲ့ဘူးတဲ့လေ။

ဘယ်အရာက အမှန်များ ဖြစ်မလဲ။ ကျွန်မ နားမလည်နိုင်အောင်ပဲ။ တကယ် ဖြစ်ပျက်ခဲ့တာ ဘယ်လောက်များ ရှိမလဲ။ ကျွန်မဘာသာ စိတ်ကူးယဉ်ပြီး ဖန်တီးယူထားတာ ဘယ်လောက်များ ပါမလဲ။ တကယ်တမ်းကျတော့ ကျွန်မကိုယ်တိုင်တောင် လုံးဝလုံးဝ သေချာသိမနေခဲ့ဘူး။

လုံးဝ သေချာတဲ့ အမှန်တရားက တစ်ခုတော့ ရှိတယ်။ ကျွန်မ မူကြိုတက်နေတုန်းက ကိုယ်ပေါ်မှာ ညိုမဲဆွဲနေတာ ဒါမှမဟုတ် မီးလောင်ဒဏ်ရာကို တစ်ခုမဟုတ်တစ်ခု အမြဲတမ်းလိုလို တွေ့ရတတ်တယ်။ ဒါကြောင့် ကျွန်မဟာ မူကြိုမှာ အထူးဂရုစိုက်ပြီး စောင့်ကြည့်ခံရတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တယ်။

တစ်ခါမှာတော့ အခြေအနေက အရိုးကျိုးတဲ့အထိ ဆိုးရွားလာတာကြောင့် ဆေးရုံပေါ်မှာ အမေဟာ အလွန်အကျွံ စိတ်မကောင်းဖြစ်ပြီး ငိုကြွေးခဲ့တယ်။ အဲဒီကိစ္စအတွက် အမေ့ကို တာဝန်ရှိသူတွေက ထိန်းသိမ်းလိုက်ကြတယ်။

ဆေးရုံက ဆင်းပြီး သိပ်မကြာခင်မှာပဲ အဘိုးအဘွားတို့က ကျွန်မကို သူတို့အိမ်မှာ အပြီးအပိုင် ခေါ်ထားလိုက်တော့တာပဲ။

သဘောသဘာဝ အရဆိုရင် အဖေဆုံးသွားတဲ့ နောက်မှာ အမေဟာ ကျွန်မကို ခေါ်ပြီး သူ့မိဘအိမ်ကို ပြန်သွားရမှာပေါ့လေ။ ဒါပေမယ့် အမေရဲ့ ညီမက အဲဒီအချိန်လောက်မှာ အိမ်ထောင်ပြုပြီး သူ့ယောက်ျားနဲ့အတူ မိဘအိမ်မှာ ပြန်နေနေကြတယ်။ အမေက သူ့ညီမနဲ့လည်း တည့်တာ မဟုတ်တော့ မိဘအိမ်ကို ပြန်ဖို့ စိတ်မကူးတော့ဘူး။ ဒါပေမယ့် ကျွန်မလို လူမမယ် ကလေးတစ်ယောက်ကို သူတစ်ယောက်တည်း ကျွေးမွေးပြုစုသွားနိုင်ဖို့ သူ့မှာ ကိုယ်ပိုင် အစွမ်းအစကလည်း မရှိလေတော့ ဖိအားတွေ များပြီး စိတ်ဓာတ်က စိုးရိမ်စရာ ကောင်းလောက်အောင် မတည်မငြိမ် ဖြစ်လာတော့တယ်။

အမေ အထိန်းသိမ်းခံရတာရယ်၊ ကျွန်မ ဆေးရုံတက်ရတာရယ်၊ စတဲ့ အခြေအနေ အရပ်ရပ်တွေ ဖြစ်ပွားပြီးတဲ့ နောက်မှာတော့ အမေဟာ ကျွန်မရဲ့ ဘဝထဲကနေ လုံးဝ ပျောက်ကွယ်သွားတော့တယ်။ သူဟာ ဒီလောကထဲမှာ အသက်ရှင်လျက် ရှိကောင်း ရှိနေဦးမှာပဲ။ သူ့မိဘအိမ်မှာ နေနေလောက်တယ်၊ ဒါမှမဟုတ် နောက်အိမ်ထောင်နဲ့ တခြားတစ်နေရာရာမှာ ရှိနေလောက်တယ်လို့ ကျွန်မ တွေးမိပေမယ့် ကျွန်မရဲ့ အဘိုးအဘွားတွေကတော့ ဒေါသစိတ် မပြယ်သေးလို့ အမေကို ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်နိုင်ဦးမှာ မဟုတ်ဘူး။ မတတ်နိုင်တဲ့အဆုံး ကျွန်မလည်း အမေနဲ့ လုံးဝဥဿုံ အဆက်အသွယ် ဖြတ်ခဲ့ရတယ်။ သူ့ကို ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်လိုက်ရတယ်။

ကျွန်မအနေနဲ့ အဘိုးကြီး အဘွားကြီးနှစ်ယောက်ရဲ့ ငုံထားမတတ် ချစ်တဲ့အချစ်ကို တုံ့ပြန်ပေးဆပ်နိုင်ဖို့အတွက် သူတို့ရဲ့ ဆန္ဒကို လိုက်လျောရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။

အဲဒီလို ဆိုပေမယ့်လည်း ကျွန်မက မိရင်းဖရင်းနဲ့အတူ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် နေခဲ့ရတဲ့ အချိန်ကာလကလေးကို ဒီနေ့ဒီအချိန်အထိ မေ့ဖျောက်ပစ်လို့ မရနိုင်သေးဘူး။ နှင်းတောင်လို ဖြူဆွတ်နေတဲ့ နံရံ၊ ပန်းပေါင်းစုံ ဝေဆာနေတဲ့ အလှပန်းအိုး၊ သားရေဆိုဖာ အကြီးကြီး၊ အပြာရောင် ခန်းစီးလိုက်ကာ။

ကျွန်မ မကြာခဏ တွေးကြည့်မိတယ်။ အနည်းဆုံးတော့ သူ ကျွန်မကို ထိခိုက်နာကျင်အောင် လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ တစ်ခုခုလောက်ကိုတော့ အမှတ်ရနေသင့်တယ် မဟုတ်လား။ အဲဒီလိုသာဆိုရင်တော့ ကျွန်မ သူ့ကို မုန်းပစ်လိုက်နိုင်တယ်။ ငြိုးပစ်လိုက်နိုင်တယ်။

အရိုးတွေ ကျိုးတုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ကျွန်မ ကောင်းကောင်း မှတ်မိနေသေးတယ်။ ကျွန်မ အဲဒီတုန်းက အကြောင်းတစ်ခုခုကြောင့် အူမြူးနေခဲ့တယ်။ ပြီးတော့ အော့အန်တယ်။ ပြီးတော့ နာကျင်မှုကို ခံစားရတော့တာပဲ။ အဲဒီနောက်ပိုင်းကို ကျွန်မ မှတ်မိသလောက် ပြောရရင်တော့ အမေက ငိုယိုပြီး ကျွန်မကို တောင်းပန်နေတယ်။ သူ့ကိုယ်ပေါ်ကနေ ချဉ်စူးစူး ချွေးနံ့ကလေး ရနေတယ်။ ကျွန်မကို သူက ခပ်တင်းတင်း ပွေ့ဖက်ထားတယ်။ လူနာတင်ကားရဲ့ ဥဩသံ၊ နောက်ပြီး လူတွေအများကြီးက ဟိုလိုမေးလိုက် ဒီလိုမေးလိုက် ဝိုင်းမေးနေကြတဲ့ စကားသံတွေ၊ ကျွန်မ အဲဒီလောက်ပဲ မှတ်မိတော့တယ်။

အဲဒီအကြောင်းအချက်တွေလောက်နဲ့ လူတစ်ယောက်ကို မုန်းပစ်လိုက်ဖို့ ဆိုတာကတော့ ထင်သလောက် လွယ်တဲ့ ကိစ္စမဟုတ်ဘူး။

ကျွန်မ အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေတဲ့ အချိန်မှာပဲ တယ်လီဖုန်းက အသံမြည်လာတယ်။

“အိပ်ပြီလား”

ဖုန်းဝင်သွားတာနဲ့ ယူရဲ့ အသံကို ကြားလိုက်ရတယ်။

“အင်း၊ လူကြီးတွေက အိပ်ချိန်စောတယ်လေ။ ဒီတော့ ငါလည်း စောစော ဝင်အိပ်လိုက်တာပေါ့”

“ဆောရီး၊ ဆောရီး။ ငါ အခုမှ ဟိုတယ် ပြန်ရောက်တာ။ ဘယ်လိုလဲ။ အိမ်မှာ နေရတာ”

“အေးဟာ၊ ကလေးလေးတစ်ယောက် ပြန်ဖြစ်သွားသလိုပဲ။ စားချင်တဲ့ အစားအစာတွေက နည်းတာမဟုတ်ဘူး။ ဝတောင် ဝလာဦးမလား မပြောနိုင်ဘူး” ကျွန်မ ဆက်ပြောလိုက်တယ်။ “ယူ … အခု စကားပြောလို့ အဆင်ပြေမလား”

“ပြေတယ်လေ။ ဒါပေမယ့် အခုကိုယ်ပေါ်မှာ ဘောင်းဘီတစ်ထည်ပဲ ဝတ်ထားရသေးတယ်။ အင်္ကျီလဲရင်း မင်းဆီ ဖုန်းခေါ်နေတာ”

“အင်း၊ အအေးမိနေဦးမယ်။ ငါလေ … ကျန်းမာရေးက အခုထိ နဂိုအတိုင်း ပြန်မဖြစ်သေးဘူးလို့ ထင်တာပဲ”

ကျွန်မ ပြောလိုက်တယ်။ စာရေးဆရာရဲ့ အိမ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စဟာ ကျွန်မရဲ့ အလုပ်ကိစ္စနဲ့ပဲ သက်ဆိုင်နေတာ ဆိုတော့ ကျွန်မ သူ့ကို ပြောမပြဖို့ ဆုံးဖြတ်လိုက်တယ်။

“ငါ့အထက်လူကြီးက ငါ့ကို ပြောတယ်။ ခွင့်ယူချင်ရင် ယူနိုင်တယ်တဲ့။ ဒါကြောင့် ငါ အခု စဉ်းစားနေတာ။ ခွင့်ရက်ရှည် ယူလိုက်ရင် ကောင်းမလားလို့”

“အဲဒီလိုလည်း ကောင်းတာပဲ။ ဖြစ်နိုင်တယ် ဆိုရင်တော့ ခွင့်ယူလိုက်ပါ။ အမှန်အတိုင်း ပြောရရင် ငါ မင်းကို စိတ်ပူနေတာ။ ဆေးရုံက ဆင်းဆင်းချင်း အလုပ်တန်းဝင်တာဆိုတော့ မင်းကိုယ်မင်း နှိပ်စက်နေသလိုကြီး ဖြစ်နေတယ်။ တကယ်လို့သာ အားပြည့်အင်ပြည့်နဲ့ အလုပ်လုပ်ချင်တယ် ဆိုရင်တော့ အနားယူသင့်တဲ့ အချိန်မှာ အနားယူတတ်မှ ဖြစ်မယ်။ အဲဒါကလည်း အလုပ်ရဲ့ တစ်စိတ်တစ်ဒေသပဲ”

“အချိန် နည်းနည်းလေး နောက်ကျသွားတယ် ဆိုပေမယ့် ငါ့မှာ အဲဒီလို စဉ်းစားနိုင်ဖို့ အတော်လေး ကြိုးစားယူလိုက်ရတယ်။ လွယ်တာမဟုတ်ဘူး”

“အေးပေါ့။ ပြဿနာ ဖြစ်ပြီးကတည်းက မင်းကို ကြည့်ရတာ နည်းနည်းလေးမှ အားမရဘူး။ အားနည်းနေတဲ့ အချိန်ဆိုရင် ပြဿနာကို ဓမ္မဓိဋ္ဌာန်ကျကျ ဘယ်သူမှ စဉ်းစားနိုင်မှာ မဟုတ်ဘူးလေ” သူက ပြောတယ်။ “ဒါကြောင့် … အခါအခွင့် သင့်တုန်းလို့ ပြောရတာတော့ တစ်မျိုးကြီးပဲ။ အခုလို ရတောင့်ရခဲ ရတဲ့ ခွင့်ရက်အတွင်းမှာ ငါတို့ မင်္ဂလာဆောင်ပြီး ပျားရည်ဆမ်းခရီး ထွက်ကြရရင် မကောင်းဘူးလား။ အရင်မှန်းထားတာထက်တော့ နည်းနည်း စောသွားတာပေါ့လေ”

“အန် … တစ်နှစ်လောက် အစမ်း နေကြည့်ကြမယ်လို့ ပြောထားတာလေ။ ယူ၊ နင်လည်း သဘောတူထားတာပဲ မဟုတ်ဘူးလား” ကျွန်မက ထိတ်ထိတ်ပျာပျာ ပြောလိုက်မိတယ်။

အဲဒီအချိန်မှာပဲ ကျွန်မရဲ့ ခေါင်းမာတဲ့ စိတ်ဓာတ်ကို ကျွန်မ တအံ့တဩ တွေ့လိုက်ရတယ်။ ကိုယ်တိုင် ဆုံးဖြတ်ထားပြီးတဲ့ ကိစ္စတစ်ခုကို ပြောင်းဖို့ ပြင်ဖို့ ကြုံလာခဲ့ရင် ကျွန်မဟာ တစ်ပြားသားမှ အလျှော့မပေးဘဲ ဆန့်ကျင်နေတတ်တယ်။ နောက်ပြီး အဲဒီလို လွန်လွန်ကျွံကျွံ ခေါင်းမာနေလို့လည်းပဲ ပတ်ဝန်းကျင်က လူတွေရဲ့ အကြံဉာဏ်ကို နားထောင်ပေးဖို့ တွန့်ဆုတ်နေခဲ့တယ်။

နူးညံ့ပျော့ပျောင်းတဲ့ လှိုင်းတစ်ခုက ကျွန်မရဲ့ ရင်ထဲကို တိုးဝင် တိုက်ခတ်လာတယ်။ အဲဒီအချိန်လောက်မှာပဲ ယူဆီက အသံထွက်လာတယ်။

“ငါ မင်းကို လက်လွှတ်လိုက်ရတော့မလို့ တည်းတည်းလေးပဲ လိုတော့တာလေဟာ”

ယူရဲ့ အသံက နာကျင်ကြေကွဲနေတဲ့ အသံမျိုး။ “အဲဒီလောက်တောင် ဖြစ်ထားခဲ့တာကို ဘာဖြစ်လို့ အရင်က ချထားတဲ့ အစီအစဉ်အတိုင်း ဆက်သွားချင်နေရသေးတာလဲ။ အဲဒီကိစ္စအတွက် ဒီလောက် တင်းခံနေဖို့ မလိုအပ်ဘူးလို့ ငါထင်တာပဲ”

“နင် ပြောတာ ဟုတ်တော့ ဟုတ်ပါတယ်”

“မင်းက ဘယ်တုန်းကမှ ကိုယ့်အတွက်ကိုယ် ထည့်စဉ်းစားပေးတတ်တာ မဟုတ်ဘူး” ယူက ပြောတယ်။ “အခုဆို မဟုတ်လည်း ခွင့်ရက်ရှည်ယူဖို့ စာတင်တော့မှာပဲ ဥစ္စာ။ အကြောင်းအရင်းကတော့ ဟိုကိစ္စကြောင့် အားရပါးရ အနားယူမယ်ပေါ့။ တစ်ချိန်တည်းမှာပဲ လက်ထပ်ကြဖို့ စီစဉ်ထားတယ် ဆိုရင် ခွင့်ရက်ရှည်ရဖို့ ပိုပြီး လွယ်ကူသွားနိုင်တယ် မဟုတ်လား။ ပြီးရင် ငါတို့ ဟာဝိုင်ယီကို သွားကြရအောင်”

“အာတာမီက ရေပူစမ်းကို သွားရင်လည်း ကောင်းတာပဲ”

“အဲဒါ နောက်မှ တိုင်ပင်ကြတာပေါ့။ ငါ့ဘက်ကတော့ နှစ်ပတ်လောက် အချိန်ဆိုရင် ဘယ်တော့ ခွင့်ယူယူ ရနိုင်တယ်။ တကယ်လို့သာ ဧည့်ခံပွဲ ကြီးကြီးမားမား မလုပ်ဘူးဆိုရင် ရုံးပိတ်ရက်မျိုးမှာ ညစာစားပွဲတစ်ခုလောက် လုပ်လိုက်ရင် ရပြီ။ ဘာပဲဖြစ်ဖြစ်ပါ။ အသေးစိတ် အချက်အလက်တွေကိုတော့ ငါ ပြန်ရောက်မှ တိုင်ပင်ကြတာပေါ့”

ဖုန်းခွက်ထဲကနေ ယူရဲ့ အဝတ်အစားဝတ်နေတဲ့ တရှဲရှဲအသံတွေ ထွက်ပေါ်လာတယ်။

တစ်ယောက်အိပ်ခန်းထဲမှာ အထက်ပိုင်း ကိုယ်ဗလာနဲ့ မင်္ဂလာကိစ္စအကြောင်း စကားပြောနေတဲ့ ယူရဲ့ ရုပ်အသွင်အပြင်က ကျွန်မရဲ့ စိတ်အာရုံထဲမှာ ထင်ပေါ်လာတယ်။

“အင်း၊ သိပြီ။ ကျေးဇူးပဲ။ ဂွတ်နိုက်”

“ဂွတ်နိုက်”

ကျွန်မဟာ အရာရာကို သတိထားလွန်း အားကြီးတာ၊ ခေါင်းမာလွန်း အားကြီးတာ၊ ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်လောက်အောင် ကာကွယ်ထားလွန်း အားကြီးတာ၊ ပျော်ရွှင်ချမ်းမြေ့မှုအပေါ် ထူးထူးကဲကဲ ကြောက်ရွံ့တုန်လှုပ်နေတာ၊ ဒါတွေဟာ ကျွန်မရဲ့ ငယ်ဘဝကို ကောင်းကောင်း မမှတ်မိတော့တဲ့ အကြောင်းအရင်းကြောင့် ဖြစ်ပေါ်လာကြတာလားလို့ ကျွန်မ စဉ်းစားနေမိတယ်။

ဒါပေမယ့် သုံး၊ လေးနှစ်သားတုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ကောင်းကောင်း မှတ်မိနေသေးတဲ့ လူမျိုးကို ကျွန်မ တစ်ခါမှ မတွေ့ဖူးသေးဘူး။

ကိုယ့်ရဲ့ မွေးသမိခင်နဲ့ လုံးဝ အဆက်အသွယ် ဖြတ်ထားရတာဟာ အင်မတန်မှ စိတ်ထိခိုက်စရာ ကောင်းတဲ့ ကိစ္စတစ်ခု ဆိုပေမယ့် ကြီးမားတဲ့ အရင်းခံ အကြောင်းအရင်းတော့ မရှိဘဲ နေမှာ မဟုတ်ဘူး။ နောက်ပြီး တစ်ဖက်က အမေဖြစ်သူကလည်း ကျွန်မကို တစ်ခါကလေးမှ ပြန်မဆက်သွယ်ခဲ့ဘူး။ သူ့ရဲ့ ဘဝသစ်မှာ ပျော်နေပြီ ထင်ပါရဲ့။ တကယ်လို့သာ သူ့ဘဝနဲ့သူ ပျော်ရွှင်နေမယ် ဆိုရင်လည်း ဒါ ကောင်းတဲ့ ကိစ္စပါပဲ။

ကျွန်မ အိမ်ထောင်ပြုတော့မယ့် ကိစ္စကိုတော့ အဘိုးအဘွားတွေက အမေ့ကို အသိပေးချင်ကြမှာ မဟုတ်တာ သေချာတယ်။ တကယ်ဆို သူက ကျွန်မရဲ့ ဘဝထဲမှာ လုံးလုံးလျားလျား ရှိမနေတော့ဘူးလေ။

ကျွန်မ အမြဲတမ်း ယုံကြည်ထားခဲ့သလိုပေါ့။ ပစ္စုပ္ပန်ဘဝသာ ပျော်ရွှင်ချမ်းမြေ့နေမယ်ဆိုရင် ပြီးပြည့်စုံနေပါပြီ။ ဒါကြောင့် အခုလည်း ကျွန်မ အဲဒီအတိုင်းပဲ စဉ်းစားဆုံးဖြတ်ထားတယ်။ ဒီအတိုင်းလေးပဲ ကောင်းပါတယ်ပေါ့။

ကံကြမ္မာက ကျွန်မကို ဘယ်တုန်းကမှ မျက်နှာသာ မပေးခဲ့ဘူး။ ဒါပေမယ့် ကျွန်မရဲ့ငယ်ဘဝက ဘယ်လောက်ပဲ ယုတ်ညံ့ခဲ့ ယုတ်ညံ့ခဲ့၊ ကျွန်မမှာ ပျော်ရွှင်တဲ့ အေးချမ်းတည်ငြိမ်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ပိုင်ခွင့် ရှိတယ်လို့ ကျွန်မ အမြဲတမ်း ယုံကြည်မှတ်ယူထားတယ်။

ဒါပေမယ့် အင်း … ဘယ်လိုပြောမလဲ။ အလုပ်ကိစ္စနဲ့ နယ်အဝေး ရောက်နေတာတောင် ကိုယ့်ဆီကို ဂရုတစိုက် ဖုန်းခေါ်ပြီး အားပေးတတ်တဲ့၊ သိပ်ကို ချစ်တတ်တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားလေတော့ ကျွန်မက သူ့ရဲ့ အလေးဂရုပြုမှုနဲ့ တကယ် တန်ရော တန်ရဲ့လားလို့ ကျွန်မ သံသယ ဝင်လာမိပြန်တယ်။ ကျွန်မ ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ ယူရဲ့ အိပ်စက်ချိန်နဲ့ အမြဲ လိုက်လျောညီထွေ နေတတ်ဖို့တော့ လိုအပ်လိမ့်မယ်။

တစ်ခါတလေ ကျွန်မ စဉ်းစားမိတယ်။ ဒီကိစ္စတွေက ကျွန်မအမေနဲ့ တစ်နည်းတစ်ဖုံ ပတ်သတ်နေလေမလားပေါ့။

ဟုတ်တယ် ဆိုရင်ရော ကျွန်မ ဘာများ တတ်နိုင်မှာမို့လဲ။

အဲဒါကြောင့် ထင်ပါတယ်။ ကျွန်မရဲ့ ရင်ထဲမှာ မကြာခဏ ဆိုသလို မွန်းကျပ်နေတတ်တယ်။ ဒါမှမဟုတ် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေတတ်တာမျိုး။ ကျွန်မ ဘာတွေ ဖြစ်သလဲ ဆိုတာကို ကျွန်မကိုယ်တိုင်တောင် နားမလည်နိုင်တော့ဘူးရယ်။

တကယ်လို့များ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မျှော်လင့်မထားဘဲ နောက်တစ်ကြိမ်ထပ်ပြီး လွတ်ထွက်သွားခဲ့ရင် ဘယ်လိုလုပ်ရပါ့။ ယာမာဇိုအေလို ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့ အဖျက်အမှောက်စိတ်တွေ ကိန်းအောင်းနေခဲ့ရင် ဘယ်လို လုပ်မလဲ။ ကလေးရလာတဲ့အခါမှာ သူ့ကို အကြမ်းပတမ်း ဆက်ဆံနေမိရင် ဘယ်လို လုပ်ရပါ့မလဲ။ ရှေ့တစ်ခေါက်တုန်းကလို ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ရင်ရော။ ယူ့အပေါ်ကို ကာယကံ၊ ဝစီကံနဲ့ လွန်လွန်ကျူးကျူး ပြုမူလာမိရင်ရော။

ကျွန်မရဲ့ အတွေးတွေက အနားယူမယ့်ကိစ္စ၊ မင်္ဂလာဆောင်မယ့် ကိစ္စတွေဆီ စီးမျောသွားပြန်တယ်။ ဒီအတိုင်း မီးဖွင့်ထားလျက်နဲ့ အိပ်ပျော်သွားဖို့ မဖြစ်သေးဘူး။ ထပြီး မီးပိတ်လိုက်ဦးမှပဲလို့ စဉ်းစားလိုက်မိတဲ့ အချိန်မှာ ကျွန်မရဲ့ အတွေးကမ္ဘာထဲမှာ မာတာမိခင်က လုံးဝ ရှိမနေတော့ဘူး ဆိုတာကို သတိထားလိုက်မိတယ်။ ကျွန်မ မတ်တတ်ထပြီး မီးပိတ်လိုက်တယ်။

ဒီအခန်းမှာ လူမနေတာ ကြာခဲ့ပြီဆိုတော့ နေရာအနှံ့မှာ ဖုန်တွေချည်းပဲ။ ကျွန်မရဲ့ လည်ချောင်းထဲ ယားကျိကျိ ဖြစ်လာတာနဲ့ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တယ်။ လတ်ဆတ်အေးမြတဲ့ လေပြေတွေက အခန်းထဲ ပြေးဝင်ဆော့မြူးလို့ နေတယ်။ မှောင်မိုက်နေတဲ့ ပြတင်းပေါက်ကနေတစ်ဆင့် မိုးကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ကြယ်တာရာအပေါင်းက မှိတ်တုတ်မှိတ်တုတ်နဲ့။ အယ် … လှလိုက်တာ။ ကျွန်မ ရေရွတ်လိုက်မိတယ်။ အဆုတ်ထဲကို လတ်ဆတ်တဲ့ လေတွေ ပြည့်သွားတဲ့အခါမှာ ကျွန်မရဲ့ တစ်ကိုယ်လုံးက အေးမြပြီး လတ်ဆတ်ကြည်လင်တဲ့ ခံစားမှုမျိုး ရလာတယ်။

အခန်းထဲက လေတွေ မသန့်လို့သာလျှင် ကျွန်မရဲ့ အတွေးတွေ ညစ်ထေးသွားခဲ့တာ ဖြစ်ရမယ်။

ကျွန်မရဲ့ အသည်းထဲမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ အရာတွေဟာ ဟိုးအရင်ကတည်းက ကျွန်မရဲ့ ကိုယ်အတွင်းမှာ ခိုအောင်းနေကြတဲ့ အဆိပ်တွေလည်း ဖြစ်ချင် ဖြစ်နေမှာပဲ။ ကုမ္ပဏီက အလုပ်ဖြုတ်ပစ်လိုက်တဲ့ ယာမာဇိုအေ ခတ်ခဲ့တဲ့ အဆိပ်တွေက အဲဒါတွေနဲ့ ရောယှက်သွားတာ ဖြစ်မယ်။ ဒီကမ္ဘာပေါ်မှာ ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်အပျက်တွေက မရေမတွက်နိုင်အောင် ဖြစ်ပျက်နေကြတာ။ သူနဲ့ ကျွန်မက တစ်နည်းနည်းနဲ့ ရေစက်ဆုံသွားကြပြီးတော့ ချိတ်ချိတ်ချင်း ချိတ်မိသွားကြတယ်။ အရာဝတ္ထုတစ်ခုဟာ အဆိပ်ဆိုတဲ့ အသွင်သဏ္ဌာန်နဲ့ ကိုယ်ခန္ဓာအတွင်းမှာ လှည့်လည်နေတယ်။ ဒီတော့ စိတ်ဓာတ်ခွန်အားတွေကလည်း တစ်နေ့တခြား ယုတ်လျော့လာတော့တာပေါ့။

အဲဒီလို ဒုက္ခဝဲဂယက်ထဲမှာ ဆိုပေမယ့် ကျွန်မက ကံကောင်းတယ်လို့ ပြောနိုင်သေးတယ်။ ပျော်ရွှင်မှု အသေးစားလေးတွေက ကျွန်မကို ပတ်ပတ်လည်ကနေ ဝန်းရံပေးထားပြီး ကျွန်မကို လိုလေသေး မရှိအောင် ဖေးမပေးနေကြတယ်။

ကိုယ်ရော စိတ်ပါ အားရပါးရ အနားယူပြီး ပြန်လည်ကျန်းမာလာတဲ့ နောက်မှာတော့ မကောင်းတဲ့ အတွေးတွေ လုံးဝ ပျောက်ကွယ်သွားမှာ သေချာသလောက်ပဲ။ လတ်ဆတ်တဲ့ ဒီညလေအေးတွေလို ကျွန်မရဲ့ ကိုယ်တွင်းမှာ လည်ပတ်နေကြတဲ့ သွေးတွေကလည်း သန့်ရှင်းလတ်ဆတ် လာကြလိမ့်မယ်။ အရင်ကထက် ပိုမို ကျန်းမာသန်စွမ်းတဲ့သူ ဖြစ်လာလိမ့်မယ်လို့ ကျွန်မ အပြည့်အဝ ယုံကြည်ထားတယ်။ တကယ်လို့သာ အရင့်အရင်ကတည်းက ရှိနေခဲ့တဲ့ အဆိပ်အတောက်တွေ အကုန်လုံးကိုပါ ဖယ်ရှားပစ်လိုက်နိုင်ရင်တော့ အတိုင်းထက် အလွန်ပဲပေါ့။ အခုကတည်းက စဖြစ်လာရင် ပိုကောင်းမှာပဲ။

ဒီလိုနဲ့ ကျွန်မဟာ စိတ်လက်ကြည်ကြည်သာသာနဲ့ ပြတင်းပေါက်ကို ပြန်ပိတ်လိုက်တယ်။ နွေးထွေးတဲ့ ဂွမ်းစောင်နဲ့ ကိုယ်ကို ထွေးပတ်ပြီး အိပ်ပစ်လိုက်တယ်။

အဲဒီနောက်မှာတော့ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကို ကျွန်မ မက်ခဲ့တယ်။

စိတ်ကူးအိမ်ထဲက ဧည့်ခန်းထဲမှာ ကျွန်မ ရောက်နေတယ်။ အဲဒါ ကျွန်မ ကလေးဘဝတုန်းက နေခဲ့ဖူးတဲ့ အိမ်လေ။

ကျွန်မရဲ့ မွေးသဖခင်နဲ့ မိခင်က အဖြူရောင်စားပွဲဘေးမှာ ထိုင်ပြီး ညစာစားနေကြတယ်။ တီဗီမှာက ညပိုင်းသတင်းအစီအစဉ်ကို ထုတ်လွှင့်နေတယ်။

အဖေရဲ့ မျက်နှာပုံပန်းကို အသေအချာ မမြင်ရဘူး ဆိုပေမယ့် သူက အနောက်တိုင်းဝတ်စုံကို ချွတ်ပြီး အိမ်နေရင်း အဝတ်ကို ဝတ်ထားတယ်။ အေးဆေးပေါ့ပါးနေတဲ့ ပုံမျိုး။ အဲဒီမှာ ထိုင်နေတဲ့ သူ့ရဲ့ ပုံပန်းသဏ္ဌာန်က မြင်ရတဲ့လူရဲ့ စိတ်ထဲမှာ စိတ်ဓာတ်ခိုင်မာတဲ့၊ အားကိုးလောက်တဲ့ မေတ္တာတရား ပြည့်ဝတဲ့ ခံစားမှုမျိုးကို ရရှိစေတယ်။

ကျွန်မက ထိုင်ခုံကလေးပေါ်မှာ ခါးကို မတ်မတ်ထားပြီး ထိုင်လို့။ ကျွန်မရဲ့ ကိုယ်ပိုင်ဇွန်းကလေးနဲ့ ပန်းကန်လုံးထဲက ထမင်းတွေကို စားနေတယ်။ ပန်းကန်လုံးက အတော်ကို ချစ်စရာကောင်းတဲ့ ကလေးသုံး ပန်းကန်လုံးကလေးပါ။ အပေါ်မှာ ဆင်ပုံကလေးနဲ့။

အဖေနဲ့အမေက အကြောင်းအရာ တစ်ခုခုကို အသည်းအသန် ဆွေးနွေးနေကြတယ်။ ကျွန်မက တီဗီကို လှမ်းကြည့်လိုက်၊ သူတို့ကို မော့ကြည့်လိုက်နဲ့ တိတ်တဆိတ် ထမင်းစားနေတယ်။

ပန်းကန်လုံးထဲက ထမင်းတွေထဲမှာ ဆန်ဖြူတင်မကဘဲ တခြား အရောင်တွေ ရောနေတဲ့ ဆန်တွေရောပါရဲ့။ ညိုတိုတို အရောင်တွေပေါ့။ ငချိပ်ဆန်လို့ ခေါ်တဲ့ဟာတွေ။ အိပ်မက်ထဲက အမေဟာ ကျန်းမာရေးကို အင်မတန်မှ ဂရုစိုက်တဲ့ လူတစ်ယောက်။ ထမင်းချက်တဲ့အခါမှာ အာဟာရ ပြည့်အောင် ဆိုပြီး ဆန်အပြင် ဂျုံ၊ လူး၊ ဆတ် စတဲ့ တခြားအနှံတွေပါ ရောထည့်တတ်တယ်။

ကျွန်မနဲ့ အမေက အဲဒါကို တစ်ချိန်တည်း တစ်ပြိုင်တည်း သတိထားမိလိုက်ကြတယ်။

ထမင်းပန်းကန်ထဲက မဲမဲငချိပ်တွေက ခြေထောက်တွေပေါက်လို့။

“အဲဒါ ဘာတွေတုံး။ သမီး ဘာတွေ စားနေတာလဲ။ ငါ ဒီနေ့ ထမင်းဖြူပဲ ချက်ထားတာလေ” အမေက အထိတ်တလန့် အော်ပြောတယ်။ “အဲဒါ ပိုးကောင်တွေ၊ စားလို့ မရဘူး။ အခုချက်ချင်း ထွေးထုတ်ပစ်လိုက်”

အမေက လက်ကို ဆန့်တန်းလိုက်တယ်။ ကျွန်မကျောထဲ စိမ့်ကနဲ ဖြစ်သွားပြီး အမေရဲ့ လက်ထဲကို ပါးစပ်ထဲဟာတွေ အကုန်လုံး အလျင်အမြန် ထွေးချပစ်လိုက်တယ်။ နောက်တော့ ကျွန်မဟာ ပန်းကန်လုံးကို အဝေး ပစ်ထုတ်လိုက်ပြီး အမေရဲ့ ပေါင်ပေါ် ပြေးတက်သွားတယ်။

“မေမေ … မေမေ … မေမေ”

ကျွန်မ အမေ့ကို ဖက်ထားလိုက်တယ်။ လက်နှစ်ဘက်က သူ့ရဲ့ လည်ပင်းကို မြဲမြဲ ဖက်ထားတာ မလွှတ်တော့ဘူး။

ကျွန်မရဲ့ ပါးစပ်ထဲကနေ ထွက်လာပြီး သူ့လက်ထဲမှာ ရောက်နေကြတဲ့ ပိုးကောင်တွေ အပြည့်ပါတဲ့ ထမင်းဝါးဖက်တွေကို အမေက နည်းနည်းလေးမှ စိတ်မဝင်စားဘဲ လက်သုတ်ပဝါနဲ့ သုတ်ချလိုက်ပြီး ကျွန်မကို အားရပါးရ ပြန်ဖက်ထားတယ်။

“တောင်းပန်ပါတယ်နော်။ ထမင်းထဲမှာ ပိုးကောင်တွေ ပါမှန်း မေမေ လုံးဝ သတိမထားမိလိုက်ဘူး” အမေက နူးညံ့တဲ့ လေသံနဲ့ ပြောနေတယ်။ “သမီးလေး လန့်သွားမှာပေါ့။ တောင်ပန်ပါတယ်နော်။ မေမေ့ရဲ့ အပြစ်ပါ”

အဖေက ပြုံးပြီး ကျွန်မတို့ကို ကြည့်နေတယ်။

“သမီးက တကယ်ပဲ ပိုးကောင်တွေကို ဝါးစားပစ်လိုက်တာလား” သူက ပြောတယ်။ “စိတ်တော့ မကောင်းဘူး။ ဒါပေမယ့် အတော်တော့ ရယ်စရာကောင်းသား”

“ရှင့်ဗိုက်ထဲလည်း ဝင်ချင် ဝင်သွားလောက်တယ်”

“ချက်ထားတာပဲ မဟုတ်လား။ ကိစ္စ မရှိပါဘူးကွာ”

“အမြင်ကတ်ချင်စရာကြီး”

“အိမ်မှုကိစ္စတွေကို နင် မကျွမ်းကျင်ဘူး ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် အနည်းဆုံး ဆန်သစ်နဲ့ ဆန်ဟောင်းကိုတော့ ခွဲတတ်ဖို့ လိုတာပေါ့ဟာ။ နင် ချက်တဲ့ ဆန်တွေက ဆန်ဟောင်းတွေ ဖြစ်လိမ့်မယ် ထင်တယ်”

“ဟုတ်မှာပါ။ ဘာတွေ ဖြစ်ကုန်မှန်းကို မသိတော့ပါဘူး။ ကဲပါလေ။ နောက်တစ်ခါ အခုလို ထပ်မဖြစ်စေရပါဘူး။ ကတိပေးပါတယ်။ … အခုလို ဖြစ်သွားရတာက မေမေ သမီးကို မချစ်လို့ မဟုတ်ဘူးနော်။ မေမေက ထမင်းကို ကောင်းကောင်း မချက်တတ်လို့ ကိုးယိုးကားယားတွေ ဖြစ်ကုန်ရတာပါ။ မေမေရဲ့ ပိစိကွေးလေး၊ မေမေရဲ့ အချစ်တုံးလေး၊ မေ့မေ့ကို စိတ်မဆိုးဘူး မဟုတ်လား” အမေက ပြောတယ်။

အဲဒီတော့ ကျွန်မက မျက်ရည်တွေ ကြားကနေ ပြုံးနေမိတယ်။ ကျွန်မရဲ့ လည်ချောင်းက ယားကျိကျိ ခံစားနေရပေမယ့် အမေရဲ့ ပေါင်နှစ်ဘက်နဲ့ လည်တိုင်က နွေးထွေးလို့ နေတယ်။ ကျွန်မလည်း အဲဒီအတိုင်းပဲ အမေရဲ့ ပေါင်ပေါ်မှာ သူ့ကို တစ်ချိန်လုံး အားပါးတရ ဖက်ထားနေမိတယ်။

ကျွန်မ နိုးလာတဲ့ အချိန် အဲဒီအခိုက်အတန့်လေး အတွင်းမှာ ကျွန်မရဲ့ လက်မောင်းတွေနဲ့ အမေ့လည်တိုင်တွေရဲ့ အထိအတွေ့ရယ်၊ ကျွန်မတို့ ရင်ဘတ်ချင်း အပ်ထားတဲ့ အထိအတွေ့ရယ်ကို ကျွန်မ လောလောလတ်လတ် ခံစားနေရတုန်းပဲ။ အဲဒီအထိအတွေ့က ကျွန်မကို အတိုင်းအဆမရှိ လွမ်းဆွတ်သွားစေခဲ့တယ်။ ကျွန်မ ငိုချပစ်လိုက်တယ်။ ကျွန်မ ဘဝမှာ ဘယ်တုန်းကမှ အခုလို မငိုခဲ့ဖူးဘူး။ ကျွန်မရဲ့ အခန်းဟောင်းထဲမှာ၊ အဘိုးအဘွားတွေရဲ့ အိပ်ခန်းနံဘေးက အခန်းထဲမှာ မျက်ရည်လည်ရွှဲ ငိုနေမိတော့တယ်။

အသည်းကွဲခဲ့တုန်းကတောင် ဒီလောက် တစ်ခါမှ မငိုခဲ့ဖူးဘူး။ စာရေးဆရာရဲ့ အိမ်မှာတုန်းကလည်း အခုလောက် စိတ်လွတ်ကိုယ်လွတ် မငိုခဲ့မိဘူး။

အဲဒါက အိပ်မက်တစ်ခုပါ ဆိုတာကိုလည်း ကျွန်မ သိပါတယ်။ အိပ်မက်ထဲက အဖြစ်အပျက်တွေက လက်ရှိ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ရောယှက်ဆက်စပ်နေတယ်။ အိပ်မက်ထဲကအတိုင်းတော့ အပြင်မှာ ဖြစ်လာနိုင်မှာ မဟုတ်ဘူးပေါ့။

ဒါပေမယ့် ကျွန်မ ငိုပြီးရင်းသာ ငိုနေမိတယ်။

အကြမ်းဖက် ခံခဲ့ရတဲ့၊ မိခင်ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကျွန်မဟာ အများအမြင်မှာ အတော်ပဲ သနားစရာ ကောင်းနေသလား။ ဖြစ်ပြီးခဲ့သမျှကို ဘာတစ်ခုမှ အမှုမထားဘဲ ကိုယ့်ဘာသာကိုယ် အားတင်းပြီး ဒီနေ့ဒီရက်အထိ ကြိုးစားရှင်သန်လာခဲ့တဲ့ ကျွန်မဟာ အများအမြင်မှာ ကရုဏာသက်စရာများ ဖြစ်နေရော့သလား။

သံသယ ဝင်စရာ လိုမယ် မထင်ပါဘူး။ အဲဒီလို အခြေအနေမျိုးက ရှိကို ရှိခဲ့ဖူးမှာပဲ။

ဒါပေမယ့် အဲဒီအိပ်မက်က တခြားအရာတွေ အားလုံးကို ဖယ်ရှားပစ်လိုက်တဲ့ အိပ်မက်တစ်ခု ဖြစ်နေတယ်။ အဲဒီအိပ်မက်က ကျွန်မရဲ့ မှတ်ဉာဏ် အစစ်အမှန်တွေကို သုတ်သင်ပစ်လိုက်တယ်။ ကလေးဘဝတုန်းက အမှန်တကယ် ကြုံခဲ့ရပေမယ့် ဝိုးတိုးဝါးတား ဖြစ်နေခဲ့တဲ့ ထိတ်လန့်စရာ မှတ်ဉာဏ်တွေကို ရှင်းလင်းပစ်လိုက်တယ်။ အဲဒီအိပ်မက်က နူးညံ့တဲ့၊ ချိုသာတဲ့၊ ရင်းနှီးကျွမ်းဝင်တဲ့၊ စစ်မှန်တဲ့ ခံစားမှုတွေကို ရရှိစေတယ်။ အိပ်မက်ထဲမှာ ကျွန်မတို့ သုံးယောက်ဟာ တစ်ယောက်အပေါ်တစ်ယောက် နွေးနွေးထွေးထွေး၊ ကြင်ကြင်နာနာ၊ ချစ်ချစ်ခင်ခင် ဆက်ဆံကြလို့။ ကျွန်မတို့ရဲ့ ကမ္ဘာလေးဟာ ပျော်ရွှင်ချမ်းမြေ့မှု ဆိုတဲ့ အလင်းရောင်နဲ့ ပြည့်လျှမ်းဝင်းပနေတယ်။

တကယ်တမ်းတော့ အဖေဟာ မိသားစုကို မျက်နှာလွှဲခဲပစ် လုပ်ချင်တဲ့ လူမျိုးမဟုတ်ဘူး။ အမေ ဆိုရင်လည်း ကျွန်မကို တစ်စုံတစ်ရာ ထိခိုက်နာကျင်စေတာမျိုး ဖြစ်စေချင်မှာ မဟုတ်ဘူး။ ကျွန်မကိုယ်နှိုက်ကလည်း ကျွန်မတို့ တစ်မိသားစုလုံး တစ်သက်တာ အမြဲ အတူတူ နေချင်ခဲ့တာပါ။

ကျွန်မတို့ သုံးယောက်စလုံး ဘယ်တုန်း ဘယ်အခါကမှ အကောင်အထည် မဖော်နိုင်ခဲ့တဲ့ အချစ်ရဲတိုက်ကြီးဟာ ကျွန်မရဲ့ အိပ်မက်ကမ္ဘာ သေးသေးလေးထဲမှာ သွတ်သွင်းခံရထားတယ်။

ဆောင်းရာသီမှာ ရင့်မှည့်လာကြတဲ့ သစ်သီးတွေလို ကျွန်မရဲ့ ဆန္ဒအစစ်အမှန်ဟာ အိပ်မက်ကမ္ဘာထဲမှာ ရင့်မှည့်လာတယ်။

ကိစ္စ မရှိပါဘူး။ ဒီသုံးယောက်ဟာ အဲဒီအိပ်မက်ထဲမှာ အစဉ်ထာဝရ ရှင်သန်သွားကြမှာပဲ။

အဲဒီအိပ်မက်ဟာ ကျွန်မရဲ့ ပြင်ပဘဝလို အစစ်အမှန်ပဲ ဆိုတာကို ကျွန်မရဲ့ မျက်ရည်တွေနဲ့ ရှိုက်ငင်သံတွေက သက်သေပြနေကြတယ်။ လွဲစရာ မရှိပါဘူး။ အဲဒါဟာ လုံးဝ အစစ်အမှန်ပဲဆိုတာ သေချာပါတယ်။

မနားတမ်း စီးကျနေတဲ့ မျက်ရည်ပူတွေဟာ ကျွန်မကိုယ်တွင်းမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဆေးကြောပစ်လိုက်ကြတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ဘဝသစ်တစ်ခုကို စတင်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။ … ကျွန်မ အဲဒီလို ခံစားနေရတယ်။

အဲဒါက လှည့်စားမှုတစ်ခု ဖြစ်နေပါစေ၊ လိမ်ညာမှုတစ်ခု ဖြစ်နေပါစေပေါ့။ ကျွန်မကတော့ မမှိတ်မသုန် ယုံကြည်နေတယ်။

သိပ်မကြာခင်မှာ အဘွား နိုးလာတော့မယ်။ မီဆိုစွပ်ပြုတ်ရဲ့ မွှေးရနံ့က မီးဖိုချောင်ကနေ လွင့်ပျံလာလိမ့်မယ်။ အဘိုးလည်း ကာယလေ့ကျင့်ခန်း စလုပ်လိမ့်မယ်။ အဲဒီအချိန် မတိုင်ခင်တော့ ကျွန်မ တစ်ရေးတစ်မော အိပ်ပစ်လိုက်တယ်။ နံနက်ခင်းရဲ့ နေရောင်နွေးနွေးအောက်မှာ ကျွန်မ နိုးထလာလိမ့်မယ် ထင်တာပဲ။ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ ကိန်းအောင်းစုပုံနေခဲ့တဲ့ အဆိပ်အတောက်တွေဟာ ကာရီထမင်းထဲက အဆိပ်ကြောင့် အထက် မျက်နှာပြင်ပေါ်ကို အလျှိုလျှို ပွင့်အန်ထွက်ကျလာခဲ့ကြတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်မရဲ့ မျက်ရည်တွေနဲ့အတူ အကုန်လုံးကို ဆေးကြောသုတ်သင်ပစ်လိုက်ပြီလို့ ကျွန်မ ခံစားနေရတယ်။ ကျွန်မဟာ အစ်မို့နေတဲ့ မျက်ခွံတွေကို ပိတ်ချလိုက်ပြီး အိပ်ချင်မူးတူးနဲ့ နောက်တစ်ကြိမ် အိပ်ပျော်သွားခဲ့ပြန်တယ်။

အဲဒီအချိန်ကစပြီး ကျွန်မရဲ့ ကျန်းမာရေးက နလန်ထလာခဲ့တယ်။

အနာဂတ်ကို လှမ်းမျှော်ကြည့်လိုက်မယ် ဆိုရင် ဘာအာမခံချက်မှ မယ်မယ်ရရ မရှိပါဘူး။ ဘဝမှာ အချိန်တိုင်း သွားလမ်းသာလို့ လာလမ်းဖြောင့်ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး မဟုတ်လား။ ဒီတော့ ဘယ်အချိန် ကျွန်မရဲ့ ရင်ထဲမှာ အဲဒီလို စိတ်ကယောက်ကယက် ဖြစ်မှုမျိုး ပြန်ပေါ်လာနိုင်ဦးမလဲ ဆိုတာကိုလည်း ကြိုသိနိုင်လိမ့်မယ် မထင်ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်ခန္ဓာက နောက်တစ်ကြိမ် ထပ်ဖောက်လာဦးမယ် ဆိုရင် စိတ်ဓာတ်ကလည်း ကစဉ့်ကလျား ဖြစ်သွားနိုင်သေးတာပဲ။ အဲဒီလို ဆိုပေမယ့်လည်း အဲဒီစိုးရိမ်စိတ်က ကျွန်မကို ကြာကြာ လွှမ်းမိုးမထားနိုင်ခဲ့ပါဘူး။ နေ့ရက်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရွေ့လျားနေကြတယ်။

နောက်တစ်လအကြာမှာ ကျွန်မ ခွင့်ရလာခဲ့တယ်။ ကျွန်မရဲ့ လက်ရှိ မိသားစုဝင်တွေနဲ့ ညစာစားပွဲတစ်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တယ်။ နောက်တစ်ရက် မနက်မှာတော့ ယူနဲ့အတူ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ အိမ်ထောင်ပြုကြောင်း မှတ်ပုံတင်လိုက်ကြတယ်။

အဲဒီနောက် ကျွန်မတို့ဟာ ဟာဝိုင်ယီကို ပျားရည်ဆမ်းခရီး ထွက်တယ်။ ပြန်ရောက်တော့ ကျွန်မတို့ရဲ့ အသားအရေတွေက နေရောင်ကြောင့် ညိုပြီး လူတွေက ကျန်းမာ လန်းဆန်းနေတယ်။ ကိုယ်အလေးချိန်က နှစ်ကီလိုတောင် တက်သွားသေးတယ်။ မီစူကိုနဲ့ ဝန်ထမ်း စားသောက်ဆိုင်မှာ နေ့လယ်စာ အတူ စားကြရင်း သူ့အတွက် ဝယ်လာတဲ့ လက်ဆောင်ပစ္စည်းကို ပေးလိုက်တယ်။

ကျွန်မရဲ့ အလုပ်တာဝန်တွေ အားလုံးကို ကျွန်မ အပြည့်အဝ ပြန်ပြီး ထမ်းဆောင်နေနိုင်ပါပြီ။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ကြုံတိုင်း နောက်ပြောင်နေကြတယ်။ “သေမလောက် ခံလိုက်ရတော့ သူ့ကို လက်မလွှတ်ချင်တော့ဘူး ထင်တယ်။ တစ်ခါတည်းကို တန်းပြီး မင်္ဂလာဆောင်တော့တာပဲ။ အဆိုးထဲက အကောင်းပေါ့”

အခုဆိုရင် အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်နေပြီမို့ ကျွန်မရဲ့ တစ်နေ့တာ အချိန်ဇယားက အလုပ်တွေနဲ့ ပြည့်နှက်လို့နေတယ်။

ကျွန်မ မကြာမကြာ စဉ်းစားကြည့်မိတယ်။ အဲဒီကိစ္စက ဘာကြောင့် ကျွန်မဆီမှာမှ လာဖြစ်ခဲ့ရတာလဲ။

အခုချိန် ပြန်စဉ်းစားကြည့်တော့ အဲဒီနေ့က ဖြစ်ပျက်သွားခဲ့သမျှ ကိစ္စအားလုံးဟာ မျက်စိတစ်မှိတ် လျှပ်တပြက်အတွင်းမှာ ဖြစ်ပျက်သွားခဲ့တာချည်းပဲ။ ဘယ်လိုနည်းနဲ့မှ တားမြစ်ပိတ်ပင်နိုင်မှာ မဟုတ်ဘူးလို့ ယူဆတယ်။

ဖြစ်စဉ်တစ်ခုလုံးဟာ အစကနေ အဆုံးထိ ဆက်စပ်ဖြစ်ပျက်သွားလိုက်တာ မှော်ဆန်နေသလိုပဲ။ ဒါကြောင့်မို့လည်း ကျွန်မမှာ အိပ်မက်ဆန်းတစ်ခုကို မက်ခဲ့ရသလိုမျိုး ကိုးယိုးကားယား ဖြစ်ကျန်ရစ်ခဲ့တယ်။ ပြန်လှန်သုံးသပ်ကြည့်တော့ အဲဒါကို ဘေးဒုက္ခတစ်ခုလို့ ခေါ်ရလေမလား၊ ဘာလို့ ခေါ်ရမလဲ ဆိုတာကိုတောင် မဝေခွဲနိုင်အောင် ဖြစ်နေရတယ်။

ကျွန်မ နောင်တရမိခဲ့တာတော့ အမှန်ပဲ။

တကယ်လို့သာ အဲဒီအချိန်တုန်းက ကျွန်မ ပိုပြီး သတိဝီရိယ ရှိနေခဲ့မယ် ဆိုရင်၊ တကယ်လို့သာ အဲဒီအချိန်တုန်းက တခြားဟင်းကိုသာ မှာစားခဲ့မယ် ဆိုရင်၊ တကယ်လို့သာ ကျွန်မ ၅ မိနစ်နောက်ကျပြီးမှ စားသောက်ဆိုင်ကို ရောက်သွားခဲ့မယ် ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ကျွန်မရဲ့ ဘဝက ပုံမှန်အတိုင်း ဆက်ပြီး လည်ပတ်နေတော့မှာပဲ။

ကံဆိုးမိုးမှောင် ကျခဲ့ကြတဲ့ လူအများစုလိုပါပဲ။ ကျွန်မဟာ အရင်က ရှိခဲ့ဖူးတဲ့ ကျွန်မရဲ့ တည်ငြိမ်အေးဆေးတဲ့ ဘဝ၊ ငြိမ်းချမ်းတဲ့ ဘဝ၊ တန်ဖိုးရှိတဲ့ ဘဝလေးကို တန်ဖိုးထားရကောင်းမှန်း အရင်က မသိခဲ့ဘူး ဆိုတာကို ကျွန်မ သတိထားလာမိတယ်။

နေကောင်းတာလိုလို၊ မကောင်းတာလိုလို မတင်မကျ ဖြစ်နေတဲ့ ကိစ္စဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာကို ကျွန်မ နဖူးတွေ့ ဒူးတွေ့ ခံစားနားလည်လာတယ်။ ကိုယ်ခန္ဓာမှာ အဖျား ငွေ့ငွေ့ကလေး ရှိနေသလိုပေါ့။ ရှင့်ကို အိပ်ရာက မထနိုင်အောင်၊ အလုပ် မသွားနိုင်အောင်၊ မရယ်နိုင်အောင်၊ ဒါမှမဟုတ် မငိုနိုင်အောင်တော့ သူက လုပ်ထားနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရှင့်ကို တစ်နေကုန်လုံး နုံးချိနေအောင်၊ မူးနောက်ပြီး ခြေမသယ်ချင် လက်မသယ်ချင် ဖြစ်အောင်တော့ လုပ်ထားနိုင်တယ်။ ဒါကြောင့် ဘာလုပ်သင့်သလဲ၊ ဘယ်လို လုပ်သင့်သလဲ ဆိုတာတွေကို လုံးဝ မပိုင်းခြားနိုင်တော့ဘူး။ ကျွန်မ လုပ်နိုင်တာ တစ်ခုပဲ ရှိတယ် ဆိုတာကို ကျွန်မ နားလည်လာတယ်။ ဦးနှောက်ကြည်လင်လာတဲ့အထိ စိတ်ရှည်ရှည်နဲ့ သည်းခံပြီး စောင့်ဆိုင်းနေရုံပဲ။

ဘာတွေပဲ ဖြစ်လာဖြစ်လာ ကျွန်မရဲ့ ဗီဇဓာတ်ခံက အတိတ်ကို လှည့်မကြည့်တတ်ခြင်းပဲ။ အနာဂတ်အတွက် ဟိုဟိုဒီဒီ ပူပန်နေရတာမျိုးကိုလည်း မကြိုက်ဘူး။ ဒါကြောင့် ကျွန်မရဲ့ ရင်ထဲတစ်နေရာမှာ ဝမ်းနည်းစရာ ကောင်းတဲ့ မှုန်မှိုင်းနေတဲ့ ရွှံ့ညွန်အိုင်တစ်ခု ဖြစ်တည်နေခဲ့တယ် ဆိုတာကို ကျွန်မ လုံးဝ သတိမထားမိခဲ့ဘူး။ မျှော်လင့်မထားတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်း တစ်ခုကြောင့်သာ အဲဒီရေသေအိုင်ရဲ့ အစွန်းအစလေးတစ်ခုက မျက်နှာပြင်အထက်ကို ထိုးထွက်လာခဲ့တယ်။

အဲဒီနေ့ရက်တွေ၊ အဲဒီအိပ်မက်က ကျွန်မ ရင်တွင်းမှာ ရှိတဲ့ တစ်စုံတစ်ရာကို လှစ်ပြခဲ့တယ်။ ပြောင်းလဲပစ်ခဲ့တယ်။

အိမ်မှာ အလှမွေးတဲ့ ငှက်ကလေးတစ်ကောင်က သူ့ရဲ့ လှောင်အိမ်ထဲကနေ အပြင်လောကကို မတော်တဆ ပျံထွက်ခွင့် ရသွားသလိုပေါ့။ ပြဿနာ စဖြစ်တဲ့ နေ့ကနေ အစပြုလို့ အဲဒီရက်ပိုင်း အတွင်းမှာ ကျွန်မဟာ ကျွန်မနားလည်သိမြင်ထားတဲ့ လောကရဲ့ အပြင်ဘက်ဆီကို မသိလိုက် မသိဘာသာ ထွက်လာခဲ့မိတယ်။

အပြင်မှာ မဲမှောင်နေတယ်။ လေရူးတွေကလည်း တဝုန်းဝုန်း တိုက်ခတ်လို့။ ကြယ်ရောင်က သူစိမ်းဆန်ဆန် မျက်တောင်ခတ်နေကြတယ်။

ကျွန်မကိုယ်ကျွန်မ မေးနေမိတယ်။ ကျွန်မလို လှောင်အိမ်ထဲက ငှက်ကလေးတစ်ကောင်ဟာ လှောင်အိမ်ထဲကို အချိန်မရွေး ပြန်လာရမယ်မှန်း သိနေပါလျက်နဲ့ ပြင်ပလောကကို တစ်ခဏလောက် ထွက်ကြည့်ကြည့်တာမျိုး လုပ်ရော လုပ်သင့်ရဲ့လား။

ဘယ်အချိန်မေးမေး၊ ရလာတဲ့ အဖြေကတော့ တစ်မျိုးတည်းပါပဲ။

“လုပ်သင့်တာပေါ့”

နူးညံ့ချိုသာတဲ့ အသံတစ်သံကို ကျွန်မ ကြားလိုက်ရတယ်။

ဘယ်ကနေ လွင့်ပျံလာမှန်း မသိဘူး။ ထပ်ခါထပ်ခါ ကြားနေရတယ်။ သားချော့တေးလိုပဲ။ ကျွန်မ အသက်ရှင်ဆဲ ရှိနေသေးကြောင်း သက်သေပြနေသလိုပဲ။ အဲဒီအသံက ဘာနဲ့ တူသလဲဆိုတော့ နွေဦးကာလ သစ်ပင်တွေပေါ်ကနေ ထွက်လာကြတဲ့ အညွန့်အညောင့်တွေနဲ့ တစ်လောကလုံးကို စိမ်းဖန့်သွားအောင် လုပ်ပစ်လိုက်သလို အားမာန်အပြည့်နဲ့ နူးညံ့ပျော့ပျောင်းနေတယ်။

ဒါကြောင့် ကျွန်မဟာ မျက်စိကို စုံမှိတ်ပြီး ကျွန်မရဲ့ ကိုယ်ပိုင်ကမ္ဘာလေးအကြောင်းကို တွေးကြည့်လိုက်တယ်။ ကံကြမ္မာရဲ့ ထူးဆန်းတဲ့ အလှည့်အပြောင်းတစ်ခုရဲ့ အထောက်အကူကြောင့် ထင်ပါရဲ့။ ကျွန်မဟာ အပြင်ကနေ ကျွန်မရဲ့ ကမ္ဘာလေးကို လှမ်းမြင်လိုက်ရတယ်။ အဲဒီနောက်မှာတော့ နှစ်ပေါင်းများစွာအတွင်း ကျွန်မကို ထားရစ်ခွဲခွာသွားကြတဲ့ လူတွေအတွက် ကျွန်မ ဆုတောင်းပေးလိုက်တယ်။

အခြေအနေတွေသာ တစ်မျိုးတစ်မည် ဖြစ်ခဲ့မယ်ဆိုရင် အဲဒီလူတွေနဲ့ အတူတူ နေခွင့်ကို ကျွန်မ ရချင် ရခဲ့မှာပါ။ ဒါပေမယ့် ဖြစ်ချင်တိုင်း ဖြစ်ခွင့် ရကြတာမှ မဟုတ်တာ။ ကျွန်မရဲ့ မွေးသဖခင်နဲ့ မိခင်၊ ရည်းစားဟောင်းတွေ၊ ပြန်မတွေ့နိုင်တော့တဲ့ သူငယ်ချင်းတွေ၊ ယာမာဇိုအေတောင် ဒီအထဲမှာ ပါနေမလား မပြောတတ်ဘူး။ သူတို့တွေက ကျွန်မနဲ့ တစ်ဘဝတစ်ခါ ရေစက်ဆုံခဲ့ကြတဲ့ လူတွေပေါ့။

ဒီလောကကြီးထဲမှာ ကျွန်မတို့ဟာ အဲဒီပုံစံမျိုး ဆုံတွေ့ခွင့် ရခဲ့လို့သာလျှင် ကျွန်မနဲ့ အဲဒီလူတွေရဲ့ အကြားမှာ ဘယ်လိုမှ စေ့စပ်ညှိနှိုင်းလို့ မရတော့တာ ဖြစ်မယ်။ ဘယ်လိုနည်းနဲ့မှ ပေါင်းစည်းလို့ မရနိုင်တော့တာ ဖြစ်မယ်။

ဒါပေမယ့် တခြားသော ကမ္ဘာတစ်ခု၊ ဟိုး … အဝေးတစ်နေရာက ကမ္ဘာတစ်ခု၊ လှပတဲ့ ရေကန်လေး နံဘေးမှာ ကျွန်မတို့ဟာ ပြုံးလို့၊ ပျော်လို့၊ တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်ကြင်နာလို့ လောက အလှတရားတွေကို အတူတကွ ခံစားနေကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *