Show contents

သရဲအိမ်

“ဒါဆို ငါ ဟော့ပေါ့ စားချင်တယ်။ ဒါပေမယ့် အိမ်မှာ တစ်ယောက်တည်း စားရတာကတော့ ဘယ်လိုမှ ဖီးမလာဘူး။ ဒါကြောင့် ငါတို့ အတူတူ စားကြရအောင်လေ။ ဘယ်လိုလဲ”

“အလုပ်မှာတုန်းက နင့်ရဲ့ အကူအညီတွေ အများကြီး ရခဲ့တာဆိုတော့ ကျေးဇူးဆပ်တဲ့ အနေနဲ့ ငါ ရထားတဲ့ လုပ်အားခနဲ့ နင့်ကို တစ်ခုခု ဝယ်ကျွေးချင်တယ်” လို့ ကျွန်မ ပြောလိုက်မိတာပဲ။

ဒါနဲ့ အီဝါကုရဆီကနေ အထက်ကအတိုင်း စကားပြန် ရလာခဲ့တယ်။

ကိုယ်ပိုင် တိုက်ခန်းတစ်ခန်း ရှိတဲ့ ယောက်ျားလေးတစ်ယောက်ဆီကနေ အခုလို ဖိတ်ကြားချက်မျိုး ရလာခဲ့ရင် ဘယ်လို တုံ့ပြန်ရမယ် ဆိုတာကို ကျွန်မ သိပ်ပြီး နားလည်တာ မဟုတ်ပါဘူး။

ဒီလို စကားမျိုးကို အီဝါကုရရဲ့ ပါးစပ်ကနေ ပြောထွက်လာတာဆိုတော့ ကျွန်မအထင် ပြောရရင် သူက စကားကို ဝေ့လည်ကြောင်ပတ် ပြောနေတာမျိုးလည်း ဟုတ်ပုံ မရဘူး။ နောက်ပြီး သူ့တိုက်ခန်းက ဒီအနီးနားမှာပဲ ရှိနေတယ်လို့ သူ ပြောခဲ့ဖူးတယ်။

သူ ပြောပုံက ပေါ့ပေါ့ပါးပါးရယ်။ နောက်ပြီး သူ့မျက်နှာကလည်း ဘယ်လိုမှ အပြောင်းအလဲ မရှိလေတော့ ကျွန်မရဲ့ နှလုံးသားကလည်း တစ်ချက်ကလေးတောင်မှ တုန်ခါ လှုပ်ယမ်း မသွားခဲ့ဘူး။

သူ့ကိုယ်ပေါ်မှာ အလင်းနဲ့ အမှောင်ကို တွဲစပ်ထားတဲ့ စိတ်ဝင်စားဖွယ်ရာ တစ်စုံတစ်ခု ရှိနေတယ်။ တိမ်ထူထပ်နေတဲ့ ဆောင်းလယ်က မိုးကောင်ကင်ကြီးလိုပေါ့။ အဲဒီအချက်ကြောင့်ပဲ ဟိုးစတွေ့ကတည်းက သူ့ကို စိတ်ဝင်စားကြည့်ဖို့ ကျွန်မ တွန့်ဆုတ်နေခဲ့မိတယ်။ ဆယ်ကျော်သက် ချစ်သူတွေ အကြားမှာ ရှိတတ်ကြတဲ့ သွေးကြွတဲ့ ခံစားချက်မျိုး၊ ချစ်သူရဲ့ ရင်ခွင်ကို ဗြုန်းကနဲ ပြေးဝင်ချင်လောက် ဖြစ်ပေါ်လာတဲ့ ခံစားချက်မျိုးကို သူ့ကြောင့် ကျွန်မ တစ်ခါသားမှ မခံစားခဲ့ရဖူးဘူး။

“ငါ နင့်တိုက်ခန်းလာပြီး ချက်ပြုတ်ပေးမယ်လေ” အဲဒီလို ကျွန်မ ပြောလိုက်ပြီး စိတ်မပါ့တပါနဲ့ပဲ ကျွန်မတို့ ရက်တစ်ရက် သတ်မှတ်လိုက်ကြတယ်။

ကျွန်မတို့ဟာ တက္ကသိုလ်ကျောင်းဝင်းထဲက ဇယ်ကိုဗာပင်မြင့်ကြီးရဲ့ အောက်မှာ ရှိတဲ့ ခုံတန်းလျားပေါ်မှာ ထိုင်နေခဲ့ကြတာ။

ကျွန်မမှာ သူငယ်ချင်း များများစားစား ရှိတာ မဟုတ်ဘူး။ မရှိမဲ့ရှိမဲ့ သူငယ်ချင်း‌တွေကလည်း သူတို့ရဲ့ အချိန်ပိုင်း အလုပ်တွေကြောင့် အတန်းတက်ဖို့တောင် အနိုင်နိုင်ရယ်။ ကျွန်မတို့ရဲ့ တက္ကသိုလ်လို အခြေခံ လူတန်းစားတွေပဲ တက်တဲ့ ပုဂ္ဂလိကကျောင်းမှာတော့ အဲဒီလို အခြေအနေမျိုးက ထူးထွေဆန်းပြားတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူး။ ဒီလိုနဲ့ပဲ ကျောင်းဝင်းထဲမှာ အဖော်မဲ့နေကြတဲ့ အီဝါကုရနှင့် ကျွန်မတို့ နှစ်ယောက်ဟာ အလိုအလျောက်ပဲ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်လာကြတယ်။

 

ကျွန်မတို့နှစ်ယောက် စတွေ့ဖြစ်ခဲ့ကြတဲ့ အကြောင်းက ဒီလိုလေ။ သူ အလုပ်လုပ်နေတဲ့ ဘားဆိုင်မှာက တခြား ဖျော်ရည်နဲ့ အစားအစာတွေကိုလည်း ရောင်းတယ်။ အဲဒီဆိုင်မှာ ကျွန်မ သူငယ်ချင်းတစ်ယောက်က အချိန်ပိုင်း အလုပ်ဝင်နေတယ်။ တစ်နေ့တော့ သူ့ရဲ့ အလုပ်ချိန်ကို ကျွန်မက လူစားထိုးပြီး ဝင်လုပ်ပေးရင်းနဲ့ အီဝါကုရကို ပထမဆုံးအကြိမ် ဆုံဖူးခဲ့တာပဲ။

အဲဒီနောက်တော့ တက္ကသိုလ်ကျောင်းဝင်းထဲမှာ ကျွန်မတို့နှစ်ယောက် မျက်နှာချင်းဆိုင် ဆုံမိကြရင် ရပ်ပြီး စကားစမြည် ပြောဖြစ်ခဲ့ကြတယ်။ ဒါမှမဟုတ် တစ်နေရာရာမှာ နေ့လယ်စာ အတူ စားဖြစ်ခဲ့ကြတယ်။

သူ့မိဘတွေက ကျွန်မတို့မြို့မှာ နာမည်ကြီးတဲ့ ကိတ်မုန့်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားကြတာ။ အဲဒီမှာ တန်ဖိုးကြီးတဲ့ ကိတ်လိပ်တွေ ရောင်းတယ်။ သူက တစ်ဦးတည်းသောသား ဆိုပေမယ့် ဘွဲ့ရပြီးတဲ့အခါမှာ အဲဒီလုပ်ငန်းကို အမွေ မဆက်ခံချင်တာကြောင့် မိဘတွေရဲ့ ဆန္ဒကို ငြင်းဆန်နိုင်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးပမာဏကို စုမိဆောင်းမိအောင် အခုကတည်းက နည်းမျိုးစုံနဲ့ ကြိုးစားနေတယ် ဆိုပဲ။ ကျွန်မ သူ့ကို ယုံတယ်။ တကယ်လို့သာ သူ့အနေနဲ့ သူ့ကိုယ်ပိုင်လမ်းကို မခုတ်ထွင်နိုင်ခဲ့ဘူး ဆိုရင်တော့ သူ့ဘဝတစ်လျှောက်လုံး ကိတ်မုန့်ဖုတ်ရင်းနဲ့ ကုန်ဆုံးသွားရတော့မှာ။ အဲဒီအဖြစ်က သူ့အတွက်တော့ အင်မတန်မှ ကြောက်စရာ ကောင်းနေတယ်။ ရေရာသေချာတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်အဖို့လည်း သူ့ဆီမှာ ထူးခြားဆန်းပြားတဲ့ သောကတစ်မျိုးက ရှိနေတတ်သေးတာပဲလေ။ အီဝါကုရက အဲဒီလို လူစားမျိုးပေါ့။

“ကိတ်လိပ်လား … မိုက်တာပဲဟ။ နင်က ဘာကြောင့် ကကျည်ကကြောင် လုပ်နေရတာလဲ” ကျွန်မကတော့ ကိတ်လိပ်ကို စားရမှာ တစ်ခါမှ နှာခေါင်းမရှုံ့ခဲ့ဖူးဘူး။

“ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူးဟာ။ ဒါပေမယ့် ငါ့အမေက … သူက ပြိုင်စံရှားရယ်ဟ။ သူက ဆက်ဆံရေး ကောင်းတယ်။ ဖော်ရွေတယ်။ လူတွေရဲ့ အထာကို နပ်တယ်။ ပြီးတော့ အလုပ်လုပ်တာကလည်း ဇယ်ဆက်ထားသလိုပဲ။ နားတယ်ရယ်လို့ကို မရှိဘူး” အီဝါကုရက ပြောတယ်။

သူ့အမေက ကျွန်မတို့မြို့မှာ နာမည်ကြီးတာတော့ အမှန်ပဲ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ၊ အလုပ်အကိုင် စေ့စပ်သေချာတဲ့ နေရာမှာ လူတကာက သူ့ကို ချီးကျူးကြတယ်။ ဆိုင်ထဲ ဝင်လာတဲ့ ဈေးဝယ်တွေ အပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်လို့ပဲ သူတို့ဆိုင်က အခုလို ရောင်းကောင်းနေတာလို့လည်း လူတချို့က မှတ်ချက်ပြုကြတယ်။

“ငါ … ငါက ငါ့ကိုယ်ငါ အတော် လိမ္မာတဲ့ လူတစ်ယောက်လို့ ယူဆထားတာ” သူက ပြောတယ်။

“အင်း၊ ဟုတ်တယ်လေ”

သူနဲ့ ဘေးချင်းယှဉ်ပြီး လမ်းပေါ်မှာ အတူ လျှောက်သွားကြည့်ရုံနဲ့ သူဟာ လိမ္မာယဉ်ကျေးပြီး စိတ်သဘောထား ပြည့်ဝတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုတာကို ချက်ချင်းဆိုသလို နားလည် သဘောပေါက်နိုင်တယ်။ ဥပမာ ပန်းခြံထဲ ဖြတ်လျှောက်ကြတဲ့အခါမှာ လေတိုက်လို့ သစ်ပင်ပေါ်က သစ်ကိုင်း၊ သစ်ရွက်တွေ တရှဲရှဲ လှုပ်ယမ်းနေပြီး နေပြောက်တွေ ယိမ်းထိုးကခုန်နေတယ် ဆိုပါစို့။ သူက မျက်လုံးတွေ မှေးစင်းပြီး ‘လှလိုက်တာ’ ဆိုတဲ့ အတွေးမျိုးနဲ့ အဲဒီမြင်ကွင်းကို စိုက်ကြည့်နေတတ်တယ်။ တကယ်လို့ ကလေးတစ်ယောက် ချော်လဲသွားတာကို လှမ်းမြင်လိုက်ရရင် သူ့ခန္ဓာကိုယ်ကလည်း ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းသွားတတ်တယ်။ အဲဒီကလေးကို လူကြီးမိဘ တစ်ယောက်ယောက်က ပွေ့ချီလိုက်ပြီ ဆိုရင်တော့ သူ့မျက်နှာက ပျော့ပျောင်းသွားပြီး စိတ်သက်သာရာ ရသွားသလိုပဲ။ အဲဒီလို ရိုးသားဖြူစင်တဲ့ အပြုအမူမျိုးဟာ အတိုင်းအဆ မရှိတဲ့ မိဘမေတ္တာကို အပြည့်အဝ ခံစားခဲ့ရဖူးတဲ့ သားသမီးမျိုးတွေမှာမှ ရှိတတ်တဲ့ အပြုအမူ ဆိုတာကို ကျွန်မ သတိထားမိတယ်။

“တကယ်လို့သာ ငါ့ဘဝတစ်လျှောက်လုံး ငါ့မိသားစုနဲ့သာ အတူ နေသွားမယ်ဆိုရင် ဒီထက် ပိုပိုပြီး လိမ္မာတဲ့ လူတစ်ယောက် ဖြစ်သွားလိမ့်မယ်”

“ကောင်းတာပဲရော … ဒါနဲ့ ကိတ်လိပ်က ဘာဖြစ်နေလို့လဲ”

“သူ့ကြောင့်ရယ်လို့တော့ မဟုတ်ဘူးပေါ့ဟာ။ ဒါပေမယ့် ငါ့စိတ်ထဲမှာက အဲဒါကို စစ်မှန်တဲ့ ရိုးသားမှုလို့ ငါ မမြင်ဘူး။ တကယ်လို့သာ ဘဝက တည်ငြိမ်နေမယ်။ စားဝတ်နေရေးလည်း ပူစရာ မလိုဘူး။ စိတ်အပန်းဖြေဖို့ အားလပ်ရက်လည်း လုံလုံလောက်လောက် ရနေမယ် ဆိုရင် ဘယ်သူမဆို ရိုးသားဖြူစင်နိုင်တယ်လေ။ နင်ရော အဲဒီလို မထင်ဘူးလား။ ငါ ပြောချင်တာကဟာ … ငါ့ဘဝက ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူတို့ ပြဋ္ဌာန်းပေးထားတဲ့ အခြေအနေမျိုးမှာမှ ရိုးသားနိုင်သလို ဖြစ်နေတယ်။ မကျေနပ်ချက်တွေ၊ အကျည်းတန်မှုတွေဟာ ငါ့ရင်ထဲမှာ ကျိတ်ပြီး တစ်နေ့တခြား တိုးပွားလာချင်လည်း တိုးပွားလာလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း လူလိမ္မာဆိုတဲ့ မျက်နှာဖုံးကို စွပ်ပြီး သေတဲ့အထိ အဲဒီလိုကြီး နေချင် နေသွားရလိမ့်မယ်။ ငါရဲ့ ပင်ကိုစရိုက်အရ ဖြူစင်ရိုးသားတဲ့ လူတစ်ယောက် ဖြစ်နေတာကတော့ ငါ့အတွက် ကံကောင်းတာပဲ။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင် ဘယ်လို အခြေအနေမျိုးမှာမဆို ဖြူစင်ရိုးသားတဲ့ အဲဒီ စရိုက်လက္ခဏာကို ငါ တစ်သက်လုံး ထိန်းသိမ်းသွားချင်တယ်။ ယုတ်ညံ့တဲ့ စိတ်သဘောထားတွေ ငါ့ဆီ တွယ်ကပ်မလာအောင် ကြိုးစားသွားချင်တယ်”

“ပိုက်ဆံကို ခြစ်ကုတ်စုပြီး မိဘရဲ့ လောင်းရိပ်ကနေ ထွက်သွားနိုင်အောင် နင် ကြိုးစားနေတာ အဲဒါကြောင့်လား”

“အဲဒီသဘောပဲ ဆိုပါတော့ဟာ။ ငါက သူတို့ထက် ခြေတစ်လှမ်း ဦးအောင် ကြိုးစားထားတဲ့ သဘောပါပဲ။ အဲဒီလိုမှ ပြင်ဆင်မထားရင် ငါ့ဘဝက ကိတ်မုန့် ဖုတ်တာကလွဲလို့ ဘာမှ နားမလည်တဲ့ လူတစ်ယောက်အဖြစ်နဲ့ အဆုံးသတ်သွားရနိုင်တယ်လေ”

ကျွန်မတို့ တက်နေတဲ့ တက္ကသိုလ်က အင်မတန်မှ ဈေးကြီးတယ်။

ကျွန်မလား … ကျွန်မရဲ့ မိဘတွေက သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းအတွက် ခေါင်းမဖော်နိုင်အောင် အလုပ်များနေကြတဲ့ အချိန်မှာ ကျွန်မကို ဒီတက္ကသိုလ်ရဲ့ လက်အောက်ခံ ဖြစ်တဲ့ မူကြိုကျောင်းကို ပို့ထားခဲ့ကြတယ်။ ဒီလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့တယ်ပဲ ဆိုပါတော့။

ကျွန်မရဲ့ မိသားစုက ဒီနားကပ်လျက်က မြို့မှာ အတော်အသင့် နာမည်ရှိတဲ့ ယိုရှိုကု စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ အဲဒီဆိုင်ကို ကျွန်မရဲ့ အဘိုးအဘွားတွေက စတင် တည်ထောင်ခဲ့တာပေါ့။ အဲဒီ စားသောက်ဆိုင်ရဲ့ အကြောင်းကို ခရီးသွားလမ်းညွှန် စာအုပ်တွေမှာ ဖော်ပြထားကြတယ်။ တကယ်လို့သာ အိမ်အပြင်မှာ မိသားစုလိုက် ထမင်း ထွက်စားချင်တဲ့အခါမျိုး၊ ဒါမှမဟုတ် တစ်ကိုယ်တော် ရုံးဝန်ထမ်းတွေက အလုပ်ဆင်းလို့ ညစာကောင်းကောင်း စားချင်တဲ့ အခါမျိုး၊ ပြင်သစ်စားသောက်ဆိုင် တစ်ဆိုင်ကိုလည်း အလုပ်ရှုပ်ခံပြီး မရှာချင်တော့ဘူး ဆိုတဲ့ အခါမျိုးမှာ သူတို့ဟာ ကျွန်မတို့ရဲ့ ဆိုင်ကို ရောက်လာတတ်ကြတယ်။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီဆိုင်ကို ကျွန်မ ဦးစီးရလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ အမှန်အတိုင်း ဝန်ခံရရင် တက္ကသိုလ်ကနေ ဘွဲ့တစ်ခု ရတာထက် အဲဒီလုပ်ငန်းကို ဘယ်လို လည်ပတ်ရမလဲ ဆိုတာကို ပိုပြီး စိတ်ဝင်စားနေခဲ့တယ်။ စားသောက်ဆိုင်ရဲ့ ဟင်းလျာစာရင်းက ကျွန်မရဲ့ အဘိုးအဘွား လက်ထက်ကနဲ့စာရင် ဘာတစ်ခုမှ ပြောင်းလဲ မသွားခဲ့ဘူး။ ဒါကြောင့် ကြက်ဥလိပ်ထမင်းတို့၊ သီးစုံသားပြွမ်းထမင်းတို့၊ ဆော့စ်တို့ကို ကျွန်မ ငယ်ငယ်လေးကတည်းက လုပ်တတ်နေခဲ့ပြီ။ စားသောက်ဆိုင်တစ်ဆိုင်ကို ဦးစီးဦးဆောင် လုပ်ဖို့ ကျွန်မအတွက် လိုအပ်နေတာကတော့ စားဖိုမှူးလက်မှတ်ပဲ ကျန်တော့တယ်။

ကျွန်မရဲ့ အစ်ကိုကြီးက အစားအစာ လုပ်ငန်းကို စိတ်ဝင်စားတာ မဟုတ်ဘူး။ ဒါကြောင့် သူက အထက်တန်း ကျောင်းသားဘဝကတည်းက အိမ်ကထွက်ပြေးပြီး သူ့ဘာသာသူ တသီးတသန့် နေနေခဲ့တာ။ အခုတော့ ကြော်ငြာကုမ္ပဏီတစ်ခုမှာ အလုပ်ရပြီး အဆင်ပြေနေလေရဲ့။

မိသားစုပိုင် လုပ်ငန်းကို မဆက်ခံဘဲ သီးခြား အလုပ်တစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ အီဝါကုရရဲ့ ပြတ်သားရဲရင့်မှုကို ကြားသိရတော့ ကျွန်မရဲ့ အစ်ကိုကိုတောင် သတိရသွားမိတယ်။ အဲဒါကြောင့်လည်း သူနဲ့ ရင်ဘတ်ချင်း နီးစပ်တယ်လို့ ခံစားလိုက်ရတာလား မပြောတတ်တော့ဘူး။

ကျွန်မတို့ မောင်နှမနှစ်ယောက် အိမ်မှာ အတူတူ နေခဲ့ကြတုန်းကဆိုရင် ကျွန်မအစ်ကိုဟာ သူခံစားနေရတဲ့ ရင်ထဲက အကြိတ်အခဲတွေကို ညဉ့်နက်တဲ့အထိ ကျွန်မကို ရင်ဖွင့်နေတတ်တယ်။

ကျွန်မရဲ့ အစ်ကိုက ချစ်တတ်ခင်တတ်တယ်။ စူးစမ်းလိုစိတ်လည်း အင်မတန်မှ ပြင်းပြတယ်။ သူက စိတ်လှုပ်ရှားစရာ တစ်ခုခုကို အမြဲတမ်း ရှာဖွေနေတတ်တဲ့ လူမျိုး။ ထူးပေ့ဆန်းပေ့ ဆိုရင် သူက ရှေ့ဆုံးကပဲ။ သူ့လို လူမျိုးက ပုံသေအလုပ်တစ်ခုတည်းကို နိစ္စဓူဝ လုပ်နေရတဲ့ အလုပ်မျိုးနဲ့ ဘယ်လိုမှ အံဝင်ခွင်ကျ ဖြစ်မနေဘူး။ တစ်နေ့လာလည်း ဒါ၊ တစ်ပတ်နေလည်း ဒါ ဆိုတာမျိုးက သူနဲ့ ဘယ်လိုမှကို မဖြစ်တာပါ။ အစ်ကို့လို စိတ်ဓာတ်မျိုးရှိတဲ့ သားတစ်ယောက်ကို စာသောက်ဆိုင်တစ်ဆိုင် ဦးစီးခိုင်းမယ်လို့ ကြံစည်နေခဲ့မယ် ဆိုရင် အဲဒီ မိဘဟာ အင်မတန် မိုက်မဲပြီး အင်မတန်မှ အတ္တကြီးရာ ကျနေတော့မှာပဲ။

“စားသောက်ဆိုင် လုပ်ငန်းက ကိုကို့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်နေမှာပဲ။ အဲဒါကို ညီမလေး တာဝန်ယူလိုက်မယ်”

အဲဒီလို ကျွန်မ အမြဲတမ်း ပြန်ပြောတတ်တယ်။

အဲဒီလို ညမျိုးတွေမှာ ကျွန်မအစ်ကိုက မအီမသာ မျက်နှာထားနဲ့ သူ့ဟာသူ ပြန်ပြီး နှစ်သိမ့်နိုင်ဖို့ ကြိုးစားနေတတ်ပြန်တယ်။ ဒါပေမယ့် လက်တွေ့ လုပ်ရတဲ့ ကိစ္စတွေမှာ ငါက နင့်ထက် ပိုတော်တယ်၊ ပိုပြီး စိတ်ရှည်တယ်လေ။ နောက်ပြီး ငါရဲ့ ခန္ဓာကိုယ်က နင့်ထက် ပိုပြီး ကြံ့ခိုင်တယ် မဟုတ်လား။ အဖေနဲ့ အမေကတော့ ငါ့ကိုပဲ အမျှော်လင့်ကြီး မျှော်လင့်ထားကြမှာ။

တကယ်လို့သာ ကိုယ့်ရဲ့ နေရာကို တခြားလူတစ်ယောက်က အစားထိုး ဝင်ရောက်လာရင် စိတ်ထဲမှာ အနည်းနဲ့အများတော့ စနိုးစနောင့် ဖြစ်မိကြမှာပဲလေ။ အစ်ကိုလည်း အဲဒီလို ခံစားနေရတာပဲ ဖြစ်မယ်။

သူ အိမ်ကနေ ထွက်သွားပြီးကတည်းက သူနဲ့ ကျန်မိသားစုဝင်တွေရဲ့ ဆက်ဆံရေးက ဘာနဲ့ တူလာသလဲဆိုတော့ ရံဖန်ရံခါ ရောက်လာတတ်တဲ့ ဧည့်သည်တစ်ယောက်လို ဖြစ်နေတယ်။ သူက မထင်မှတ်တဲ့အချိန်မှာ အိမ်ကို အလည်ရောက်လာပြီး ညစာ အတူစားပြီးတာနဲ့ ပြန်သွားပြန်ရော။ သူ့ကို ကြည့်ရတာ သူ့ရဲ့ တစ်ကိုယ်ရေ တစ်ကာယဘဝကို ကျေနပ် ပျော်ရွှင်နေသလိုပဲ။ ဒါကြောင့် ကိုယ့်အိုးကိုယ့်အိမ်နဲ့ အတည်တကျ နေဖို့လည်း စိတ်ကူးရှိသေးပုံ မရဘူး။ ပြီးတော့ မိဘအိမ်ကို ပြန်လာပြီး စားသောက်ဆိုင်ကို ဦးစီးဦးရွက် လုပ်ဖို့ ဆိုတဲ့ ဖြစ်နိုင်ခြေကလည်း အချိန်ကြာလာတာနဲ့ အမျှ လုံးဝ မျှော်လင့်လို့ မရတော့တဲ့ အရှိတရားတစ်ခု ဖြစ်လာတယ်။

အဖေအမေတို့ကလည်း ဖြစ်နိုင်ခြေ အမျိုးမျိုးကို အပြန်အလှန် သုံးသပ်ဆင်ခြင်ထားပုံ ရတယ်။ မိသားစုလုပ်ငန်းကို ကျွန်မက ဆက်ခံမယ် ဆိုတဲ့ အကြောင်းကို ကြားသိရတော့ သူတို့ရဲ့ စိတ်ထဲမှာ ကျွန်မဟာ ဝတ္တရားအရ ဒီလိုစကားမျိုး ပြောလာတယ်လို့ သူတို့က ထင်နေခဲ့သေးတာ။ သူတို့က အစ်ကိုကြီးလို အဖြစ်မျိုး နောက်တစ်ခါထပ်ပြီး မကြုံချင်ကြတော့ဘူးလေ။ အဲဒီလို အမှားမျိုး နောက်တစ်ကြိမ်ထပ်ပြီး မမှားချင်ကြတော့ဘူး။ ဒါနဲ့ ကျွန်မကို ကိုယ်ပိုင် အစွမ်းအစနဲ့ လူ့လောကရဲ့ အတွေ့အကြုံလေး ဘာလေးရအောင် အရင်ဦးဆုံး ကြိုးစားကြည့်သင့်တယ်လို့ သူတို့က အကြံပြုကြတယ်။ အစ်ကိုဟာ မိသားစုလုပ်ငန်းကို မလွဲမသွေ ဆက်ခံ ဆောင်ရွက်သွားလိမ့်မယ်လို့ သူတို့က အပိုင်တွက်ထားခဲ့ကြပုံ ရတယ်။ တကယ့်လက်တွေ့မှာ သူတို့ ယုံကြည်မျှော်လင့်ထားသလို ဖြစ်မလာခဲ့တော့ အဲဒီ အမှန်တရားက သူတို့ကို အကြီးအကျယ် ထိုးနှက်သွားခဲ့တယ်။

ဒါကြောင့် ကျွန်မကို အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်လို့ ရအောင်နဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ချင်ရင် ပြင်ဆင်လို့ ရအောင် အချိန်တစ်ခု ပေးတဲ့အနေနဲ့ သူတို့က ကျွန်မကို တက္ကသိုလ်ပို့လိုက်ကြတယ်။

ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ခံစားချက်က အမြဲတမ်း တစ်သမတ်တည်း ရှိနေဆဲပါ။ ဒါကြောင့် တက္ကသိုလ်တက်ပြီး ပညာသင်ကြားရတယ် ဆိုတာကလည်း ကျွန်မအတွက်တော့ ဘဝအတွေ့အကြုံအသစ်တွေ စုဆောင်းနေရတဲ့ သဘောသက်သက်ပါပဲ။

ကျွန်မအတွက်ကတော့ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေကြတဲ့ မိဘတွေကို ကူညီဆောင်ရွက်ပေးရတာဟာ လောကဓမ္မတာပဲလို့ ယူဆတယ်။ အခုဆို အဘွားက မရှိတော့ဘူး။ အဘိုးကလည်း တစ်ခါတလေမှ ဆိုင်ထဲ ရောက်လာတတ်ပြီး သူ့ရဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ရင် ဝင်ပြီး ဧည့်ခံတတ်တယ်။ အဘိုးအဘွားတွေရဲ့ အရိုက်အရာကို အဖေအမေတို့က ဆက်ခံခဲ့တာ ဆိုတော့ ကျွန်မရဲ့ မိဘတွေ အသက်အရွယ် အိုမင်းလာတဲ့ အခါမှာ သူတို့ရဲ့ နေရာကို ကျွန်မက ဆက်ခံရမှာ လောကနိယာမတရားပဲ မဟုတ်လား။ အဲဒီကိစ္စသာလျှင် ကျွန်မဘဝအတွက် အရေးအကြီးဆုံး တစ်ခုတည်းသော ကိစ္စပဲလေ။ ဒီနိယာမတရားကို ကျွန်မအစ်ကိုက ဘာဖြစ်လို့ ကလန်ကဆန် လုပ်ခဲ့ရတာလဲ၊ ဘာဖြစ်လို့ အိမ်ကနေ ထွက်ပြေးခဲ့ရတာလဲ ဆိုတာကို ကျွန်မ နားမလည်နိုင်ခဲ့ဘူး။

ကျွန်မဟာ ဟိုးငယ်ငယ်ကတည်းက သမားရိုးကျသမား တစ်ယောက်လို့ ပြောလို့ရတယ်။ အဲဒီထက်တောင် နည်းနည်း ပိုနေမလား မပြောတတ်ဘူး။ အလုပ်တစ်ခုကို စလုပ်ပြီဆိုတာနဲ့ အဲဒီအလုပ်ကို စွဲစွဲမြဲမြဲ လုပ်နေတတ်တယ်။ ကျွန်မဟာ စုတ်တံနဲ့ လက်ရေးလှ လေ့ကျင့်တာကို ကလေးကတည်းက လေ့ကျင့်လာခဲ့တာ ဒီနေ့ဒီအရွယ်ထိ လေ့ကျင့်နေတုန်းပဲ။ ကိန်းဂဏန်းတွေကို အပေါင်းအနုတ် လုပ်တဲ့အခါမှာ စိတ်တွက်နဲ့ မြန်မြန် တွက်တတ်နေပြီမို့ ပေသီးခေါက်ပြီး တွက်ချက်တဲ့နည်းကို အသုံးမပြုတော့တာ ဘာမှ ကြာသေးတာ မဟုတ်ဘူး။ နောက်ပြီး ဝါသနာအရ အိုးထိန်းသည် လုပ်နေတာလည်း ဆယ်စုနှစ်တစ်ခု မကတော့ဘူး။ ကလေးဘဝက သူငယ်ချင်းသုံးယောက်နဲ့အတူ အီဝါတေမှာရှိတဲ့ ရေပူစမ်းတစ်ခုကို တစ်နှစ်တစ်ကြိမ် အလည်သွားနေခဲ့တာ အခုဆိုရင် ရှစ်နှစ်တောင် ရှိခဲ့ပြီ။

အဲဒီအကြောင်းအချက်တွေကြောင့်လည်း အီဝါကုရဟာ သူ့ရဲ့ မိသားစုပိုင် ကိတ်မုန့်လုပ်ငန်းကို ကျောခိုင်းဖို့ ဘာဖြစ်လို့ ဒီလောက် ပြတ်သားလွန်းနေတာလဲ ဆိုတာကို ကျွန်မ နားမလည်ဘူး။ သူတို့ရဲ့ ကိတ်လိပ်တွေက တော်တော်ကို အရသာ ရှိတာပါ။ သူတို့ရဲ့ ကိတ်မုန့်ဆိုင်က လူကြိုက်များပြီး အင်မတန်မှ အလားအလာ ရှိနေတာကိုပဲ သူက ဘာဖြစ်လို့ ငြင်းဆန်ချင်နေရတာလဲ။ တကယ်လို့သာ သူ့မှာ တခြား အစီအစဉ်တွေ ရှိနေတယ် ဆိုရင်တော့လည်း နားလည်ပေးလို့ ရပါသေးရဲ့။ ဒါပေမယ့် အဲဒီလို အစီအစဉ်မျိုးလည်း သူ့မှာ ရှိမနေပြန်ဘူး။ သူ ဘာလုပ်ချင်နေမှန်းကို ကျွန်မ နားမလည်နိုင်တော့ဘူး။

သူက သူ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို စေ့စေ့စုံစုံ ပြောပြတတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ သူ့ရဲ့ အတွေး၊ သူ့ရဲ့ ခံစားချက်တွေကို ဘယ်တုန်း ဘယ်အခါကမှ အတိအကျ ဖွင့်ဟပြီး မပြောဖူးလေတော့ သူ့ပုံစံက လက်တွေ့ဘဝကို ရှောင်ဖယ်ပြီး လေထဲမှာ တိုက်အိမ်ဆောက်ချင်တဲ့ စိတ်ကူးယဉ်သမား တစ်ယောက်လို ဖြစ်နေတယ်။

ဒါပေမယ့် ကျွန်မတို့နှစ်ယောက်က ဘဝတူတွေလေ။ ကျွန်မတို့ရဲ့ မိသားစုနှစ်စုစလုံးက ကိုယ့်ဖောက်သည်တွေကို မျိုးဆက်ပေါင်းများစွာ အလုပ်အကျွေး ပြုခဲ့ကြတာချည်းပဲ။ ဒီတော့ ကျွန်မတို့မှာ တူတဲ့အချက်တွေ များများစားစား ရှိပြီး တစ်ယောက်ကိုတစ်ယောက်လည်း နားလည်ပေးနိုင်ကြတယ်။

ကျွန်မတို့ရဲ့ အပေါ်မှာ ဝန်ထုပ်ဝန်ပိုးလို ဖိစီးနေတာမျိုး မဟုတ်ပေမယ့် မွေးရာပါ တာဝန်တစ်ရပ်အနေနဲ့ ကိုယ့်ဝတ္တရားကိုယ် နားလည် သဘောပေါက်ထားကြတာတော့ အမှန်ပဲ။

 

တွေ့ဆုံဖို့ ချိန်းဆိုထားတဲ့ ရက်မှာ ကျွန်မဟာ ဟော့ပေါ့ချက်ဖို့အတွက် လိုအပ်မယ့် ဟင်းလျာ အဆာပလာတွေကို ဝယ်ခြမ်းပြီး အီဝါကုရရဲ့ တိုက်ခန်းကို ပထမဆုံးအကြိမ် အဖြစ်နဲ့ ရောက်ရှိသွားတယ်။

သူ အခုနေနေတဲ့ တိုက်ကြီးကို မကြာခင်မှာ ဖြိုချပစ်တော့မှာ။ အဲဒီတိုက်ရဲ့ မြေနေရာကို သူ့ဦးလေးက ပိုင်တာလို့ သူ ကျွန်မကို ပြောပြခဲ့ဖူးတယ်။ သူ့ဦးလေးက သူ့ကို တိုက်မဖြိုခင်စပ်ကြား တစ်လ ယန်း ၅၀၀၀ နဲ့ ငှားရမ်းပေးထားတာ။ အဲဒီအချက်တွေကို ကျွန်မ ကြိုသိထားတယ် ဆိုပေမယ့်လည်း အဲဒီတိုက်ကြီးကို ကိုယ့်မျက်လုံးနဲ့ တပ်တပ်အပ်အပ် မြင်တွေ့လိုက်ရတော့ စိတ်အပျက်ကြီး ပျက်သွားခဲ့တယ်။

သစ်သားအိမ်အိုကြီးက ခနော်နီ ခနော်နဲ့နဲ့ရယ်။ ပြတင်းပေါက်တွေကလည်း ကျိုးပဲ့လို့။ အပြင်ဘက် ထုတ်ထားတဲ့ လှေကားအုံကလည်း ထိလိုက်ရင်ပဲ ပြိုကျသွားတော့မယ့် အလား။ ကြမ်းပြင်ကလည်း သတိလွတ်တာနဲ့ ကျွံကျသွားနိုင်တယ်။

ဘယ်လို အိမ်ကြီးတုံးဟ။ အတော် ကြောက်စရာ ကောင်းတာပဲ။ သူမို့လို့ ဒီလို အိမ်မျိုးမှာ တစ်ယောက်တည်း နေရဲတယ်။ ငါသာ ဆိုရင်တော့လား …

အိမ်ကြီးကို မြင်ရတဲ့အခါမှာ မှင်တက်ပြီး စိတ်ထဲက အဲဒီလို တွေးနေမိတယ်။

အိမ်ကြီးရဲ့ အခြေအနေက တကယ့်ကို ဖရိုဖရဲ နိုင်လွန်းလှတာမို့ ဒီအိမ်မှာ တခြားလူ ဘယ်သူမှ ငှားမနေကြဘူး ဆိုတဲ့ အချက်ကို အခုမှ ကျွန်မ ကောင်းကောင်းကြီး သဘောပေါက်သွားတယ်။

တစ်မူထူးခြားတဲ့ ထွင်းဖောက်မြင်နိုင်တဲ့ အရိပ်မဲတစ်ခု၊ အထီးကျန်တဲ့ အရိပ်အငွေ့နဲ့ လေးပင်ထိုင်းမှိုင်းမှုတွေဟာ အီဝါကုရရဲ့ ကိုယ်ပေါ်မှာ ဘာကြောင့် ကပ်ပါနေရသလဲ ဆိုတဲ့ အချက်ကို ကျွန်မ နားလည်လာတယ်။

ကျွန်မရဲ့ မာဖလာကို ခပ်တင်းတင်း ပတ်လိုက်ပြီး တိမ်ထူနေတဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်နေမိတယ်။ ရေခဲတမျှ အေးခဲနေတဲ့ ဆောင်းလေကို အားရပါးရ ရှူသွင်းပစ်လိုက်တယ်။ ဒီအိမ်ကြီးထဲ ဝင်သွားပြီးရင် ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဘာကြောင့်မှန်းမသိ တွေးနေမိပြန်ရော။

ဒုတိယထပ်က ထောင့်ခန်းတစ်ခန်းကို ရောက်တော့ အီဝါကုရက ဆွဲတံခါးအဟောင်းကြီးကို ဖွင့်ပြီး ကျွန်မကို အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တယ်။

“တကယ့်အိမ်ကြီးပဲဟ”

“ငါ မပြောဘူးလား။ ဒါပေမယ့် ဒီအခန်းက အိမ်ရှင်နေခဲ့တဲ့ အခန်းဆိုတော့ အတော်လေး ကျယ်တယ်”

သူ ပြုံးနေတယ်။

တကယ်ပါပဲ။ တံခါးကို ဆွဲဖွင့်လိုက်တာနဲ့ ကျွန်မရဲ့ အတွေးအမြင်တွေက တစ်မျိုးတစ်မည် ပြောင်းလဲသွားတယ်။ ဒီတိုက်ခန်းထဲမှာ အိပ်ခန်းနှစ်ခန်း၊ မီးဖိုခန်းတစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းအပြင် အနောက်ဘက်မှာ ထာထာမိမြက်ဖျာ ဆယ်ချပ်စာ ကျယ်ဝန်းတဲ့ ဂျပန်ရိုးရာ အခန်းတစ်ခန်းလည်း ရှိနေသေးတယ်။ မျက်နှာကျက်ကလည်း အမြင့်ကြီးဆိုတော့ လေဝင်လေထွက် ကောင်းတယ်။ ရေချိုးခန်းနဲ့ အိမ်သာကိုလည်း သီးသန့် ခွဲထားသေးတယ်။ ပြီးတော့ အိမ်နောက်ဘက် ပြတင်းပေါက်တွေကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်ရင် ပန်းခြံကိုလည်း မြင်နိုင်သေးတယ်။ ပန်းခြံထဲမှာ ညနေခင်း အစီအစဉ်တွေ စနေပြီမို့ အသံချဲ့စက်က ထွက်ပေါ်လာတဲ့ တေးသံသာကိုလည်း ကြားနေရပြန်တယ်။

တခြား အခန်းတွေရဲ့ အမှောင်ထုနဲ့ အကျည်းတန်မှုတွေကို မေ့ပျောက်ထားလိုက်ရင်တော့ ဒီနေရာကလေးက တကယ့် နေပျော်တဲ့ နတ်ဘုံနတ်နန်းပဲ။

“ဒယ်အိုးရှိတယ် မဟုတ်လား” ကျွန်မ မေးလိုက်တယ်။

“အင်း၊ ရှိတယ်။ နောက်ပြီး ပျော်ပွဲစား မီးဖိုလည်း ရှိတယ်”

“ရိုးရိုးဟော့ပေါ့ပဲ လုပ်တော့မယ်ဟာ။ ကြက်သားလုံးရယ်၊ မုန်ညင်းဖြူရယ်၊ ကြာဆံရယ် ပါမယ်။ နောက်ဆုံးကျမှ ဝူးတုံးခေါက်ဆွဲလာမယ်၊ ဘယ်လိုလဲ”

“ကောင်းတာပေါ့” အီဝါကုရက ရယ်မောနေတယ်။

“တကယ်တော့ ငါက အနောက်တိုင်း အစားအစာတွေကို ပိုပြီး ကျွမ်းကျင်တာဟ။ မျက်စိမှိတ်ပြီးတော့တောင် ချက်နိုင်သေးတယ်”

“အေးပေါ့။ အခု ပြန်စဉ်းစားကြည့်တော့ နင့်ကို အနောက်တိုင်း အစားအစာ ချက်ခိုင်းတာမှ ပိုကောင်းလိမ့်ဦးမယ်လို့ တွေးမိပြန်တယ်။ ဒါပေမယ့် ငါက ဟော့ပေါ့ကို ပိုပြီး အာသီသ ဖြစ်နေတာ”

“ငါ့အိမ်မှာ ရောင်းနေတဲ့ဟာတွေကို လုပ်ရမှာ ဖီးမလာပါဘူးဟာ”

မီးဖိုချောင်ထဲမှာ ကျွန်မက ဟော့ပေါ့ကို စိတ်ပါလက်ပါ ပြင်ဆင် ချက်ပြုတ်နေချိန်မှာ အီဝါကုရက သီချင်းဖွင့်ပြီး စာအုပ်တစ်အုပ် ဖတ်နေတယ်။ အိမ်အပြင်မှာတော့ မိုးကောင်းကင်က မဲမှောင်သထက် မဲမှောင်လာနေပြီ။ အခန်းထဲမှာလည်း အငွေ့တထောင်းထောင်းနဲ့။ အခန်းထဲက အငွေ့တွေကို အပြင်ထွက်သွားအောင် ပြတင်းပေါက်ကို ဖွင့်လိုက်တဲ့ အခါတိုင်းမှာ အေးမြတဲ့ လေတွေဟာ အခန်းထဲကို အတင်းကာရော တိုးဝင်လာကြတယ်။

ကျွန်မတို့ တီဗီကြည့်ရင်း ဟော့ပေါ့ကို တဝတပြဲ စားခဲ့ကြတယ်။

အချိန်တွေက တဖြည်းဖြည်း ကုန်လွန်သွားကြပေမယ့် ကျွန်မတို့ရဲ့ စကားစမြည်ထဲမှာ အချစ်နဲ့ ပတ်သက်တာ ဘာတစ်ခုမှ မပါခဲ့ဘူး။

လုပ်ငန်းရဲ့ သဘောသဘာဝကြောင့် ထင်တယ် (ဒါပေမယ့် စားဖိုမှူးတစ်ယောက်တော့ တရားဝင် မဖြစ်သေးဘူးပေါ့လေ)။ ထမင်းဟင်း ချက်ပြုတ်နေတုန်းမှာပဲ ဆေးစရာ ကြောစရာတွေကို အားလုံးနီးပါး ဆေးကြောထားပြီးခဲ့ပြီ။ ဒါကြောင့်လည်း ညစာစားပြီးတဲ့ အခါမှာ သိမ်းဆည်း ရှင်းလင်းတဲ့အလုပ်က အင်မတန်မှ ပေါ့ပါးနေတယ်။ နောက်ပြီး အီဝါကုရကလည်း အဲဒီအလုပ်တွေကို သူချည်းနီးပါး လုပ်သွားခဲ့တာ။ သန့်ရှင်းရေးတွေ လုပ်ပြီးသွားတော့ သူ ဖျော်ထားတဲ့ ကော်ဖီကို ကျွန်မတို့ သောက်ဖြစ်ကြတယ်။ သူ့ရဲ့ မိဘတွေအိမ်က ပို့လာပေးတဲ့ ကိတ်လိပ်ကို စားကြတယ်။ အပူပေးစားပွဲအောက် ခြေနှစ်ဘက်ကို ထိုးသွင်းပြီး ကျွန်မခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။

“ဒီအခန်းက တစ်မျိုးကြီးပဲနော်။ စိတ်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းတော့ ရှိပါရဲ့။ ဒါပေမယ့် တံခါးပေါက်ကနေ ဖြတ်ဝင်လာတော့ အချိန်တွေအားလုံး ရပ်တန့်သွားတယ်လို့ ခံစားနေရတယ်။ တခြားနေရာတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဒီနေရာက အတော်လေး တိတ်ဆိတ်နေသလိုပဲ။ ပြီးတော့ ငါ့စိတ်ကလည်း ဒီနေရာမှာ ငြိမ်းချမ်းနေတယ်လို့ ခံစားနေရတယ်။ ဒီနေရာမျိုးမှာ နင် နေခွင့်ရတာကို အရမ်း အားကျတာပဲ။ နောက်ပြီး အပြင်ကို အလုပ်ထွက်လုပ်ဖို့ ခွန်အားတွေ ရှိနေသေးတာကလည်း အံ့ဩစရာ။ ငါသာဆိုရင်တော့ ဒီအခန်းထဲမှာပဲ တစ်ချိန်လုံး နှပ်နေတော့မှာ”

အီဝါကုရက ခေါင်းညိတ်တယ်။

“ဟုတ်တယ်ဟ။ ဒီအခန်းထဲမှာဆိုရင် ငါ့စိတ်တွေက အတော်ကို အေးဆေးတည်ငြိမ်နေတာ။ အချိန်တွေ ရပ်တန့်သွားသလိုပဲ။ အဲဒီထက် ထူးခြားတာက တခြားလူတွေလည်း ဒီမှာ နေနေကြတယ်လို့ ငါ ခံစားနေရတာပဲ”

“ဒီအထပ်မှာလား”

ကျွန်မ ထိတ်ထိတ်ပျာပျာနဲ့ မေးလိုက်မိတယ်။ အိမ်မဲ့ရာမဲ့တွေ၊ ကလေကချေတွေများ ဒီအထပ်မှာ လာနေတတ်ကြသလားလို့ ကျွန်မစိတ်ထဲ ထင့်သွားခဲ့မိတယ်။

“မဟုတ်ဘူး။ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ငါ ဆိုလိုတာက … … အိမ်ရှင်လင်မယားလေ”

“အိမ်ရှင်တွေက ရှိကြသေးတာလား”

“ဘယ်လို ပြောရမလဲ။ ပြောရမှာတော့ တစ်မျိုးကြီးပဲ။ သူတို့က သေသွားကြပြီ။ ဒါပေမယ့် သူတို့ကိုယ်တိုင်က အဲဒါကို သတိထားမိကြသေးပုံ မရဘူး”

“အန် …”

“သူတို့ နှစ်ယောက်က မီးလင်းဖိုဘေးနားမှာ အိပ်ပျော်သွားခဲ့ကြတာ။ ပြီးတော့ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပြီး သေကုန်ကြတယ်။ အိမ်ရှင် လင်မယားနှစ်ယောက်လေ။ အသက်တွေတော့ အတော်လေး ကြီးကုန်ကြပါပြီ”

“ဒီအခန်းထဲမှာလား”

“ဟုတ်တယ်”

“နင် ငါ့ကို ဖြဲခြောက်နေတာလား။ ငါ့ကို ကြောက်အောင် လုပ်ပြီး ယီးတီးယားတား လုပ်မယ်တော့ မကြံနဲ့နော်”

“အဲဒီလို လုပ်ခွင့်ရရင်လည်း အကောင်းသား” သူ ပြုံးနေတယ်။ “ငါ တကယ် ပြောနေတာဟ။ တစ်ခါတလေကျရင် ဒီအခန်းထဲမှာ သူ့တို့နှစ်ယောက်ကို ငါ မြင်နေရတယ်”

ကျွန်မ ဆွံ့အသွားတယ်။

“အီဝါကုရ၊ အဲဒီလိုဟာမျိုးက အလုံးအကောင် မြင်ရနိုင်လို့လား” ကျွန်မ မေးလိုက်တယ်။

“ဟင့်အင်း၊ မမြင်ရဘူး။ သင်္ချိုင်းထဲမှာ တစ်ယောက်တည်း လျှောက်သွားနေတာတောင် အဲဒီလို အခြေအနေမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး”

“ဒါဖြင့် နင်က ဘာဖြစ်လို့ မြင်ဖူးတယ်လို့ ပြောရတာလဲ”

“အိမ်ထဲမှာ နေရင်း စိတ်လက်ပေါ့ပါးနေတော့ ယောင်ယောင်နနနဲ့ မြင်မိမြင်ရာ လျှောက်မြင်နေတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့ဟာ။ ဒါမှမဟုတ်ရင်လည်း အလုပ်လုပ်ရတာ ပင်ပန်းလွန်းလို့ ဖြစ်ချင် ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် အိပ်ပျော်ခါနီး အိပ်မှုန်စုံမွား ဖြစ်နေတဲ့ အချိန်မျိုး၊ ကိုယ့်ခြေထောက်ကိုတောင် ပြန်မသယ်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေပြီး အိမ်ရောက်လို့ အမောပြေ ရေနွေးကြမ်း သောက်နေတဲ့ အချိန်မျိုးမှာ အလင်းလောကနဲ့ အမှောင်လောကက ချိတ်ဆက်မိသွားပုံ ရတယ်။ အဲဒီအချိန် ဒီအိမ်ထဲမှာ ဟိုးရှေးရှေးကလို အိမ်ရှင်လင်မယားနှစ်ယောက် နေနေကြတဲ့ ပုံရိပ်တွေကို ငါ တွေ့မြင်နေရတယ်”

“အိမ်သန့်မင်္ဂလာလေး ဘာလေး မလုပ်ဘူးလား။ တစ်ခုခုပေါ့”

“ဒါပေမယ့် ဒီအိမ်ကြီးက မကြာခင်မှာပဲ ဖျက်ချပစ်တော့မှာလေ။ ဒါကြောင့် ငါစဉ်းစားကြည့်တယ်။ မဖျက်ခင်တော့ ဒီအတိုင်းပဲ ရှိပါစေတော့လို့။ နောက်ပြီး သူတို့ရဲ့ဘဝကို ကြည့်ရတာ အင်မတန်မှ ငြိမ်းချမ်းသာယာနေကြသလိုပဲ”

အီဝါကုရရဲ့ စိတ်နှလုံးက အဲဒီလောက်ကို နူးညံ့ပျော့ပျောင်းတာပါ။ သရဲတွေ အပေါ်မှာတောင် သူက ငဲ့ညှာသနားတတ်တယ်။

“ဪ”

ကျွန်မကတော့ မယုံတစ်ဝက် ယုံတစ်ဝက်ရယ်။ စိတ်ထဲမှာတော့ တွေးနေမိတယ်။

သူ့ရဲ့ အနာဂတ်အတွက် ဦးနှောက်ခြောက်နေတာက တစ်ဖက်၊ အလုပ်လုပ်နေရလို့ ပင်ပန်းနေတာက တစ်ဖက်နဲ့မို့ သူ့ဦးနှောက်က နည်းနည်း အဆန်ချောင်ချင်နေတာလား မသိဘူး။ ရှေ့လျှောက် သူ့ရဲ့ အပြောအဆို၊ အပြုအမူတွေကို ကောင်းကောင်း သတိထားကြည့်မှ ဖြစ်မယ်။

ကျွန်မတို့နှစ်ယောက်က အပူပေးစားပွဲအောက်မှာ ခြေထောက်တွေ သွင်းပြီး မျက်နှာချင်းဆိုင် ထိုင်နေကြရင်း ကိတ်လိပ်ကို အရသာခံနေကြတယ်။ သရဲတွေရဲ့ အကြောင်းကို မြိန်ရေရှက်ရေ ပြောနေကြတယ်။ တကယ့်ကို လင်အိုမယားအိုတွေ ကျနေတာပဲ။ အဲဒီ မြင်ကွင်း၊ အဲဒီ အခြေအနေကမှ တကယ့်ကို ထူးဆန်းနေတာပါ။

အိမ်ပြန်တဲ့အချိန်မှာ သူက ပစ္စည်းတချို့ သွားဝယ်စရာ ရှိလို့ ဆိုပြီး လျှပ်စစ်စက်ဘီးကို တွန်းလျက်နဲ့ ကျွန်မကို အိမ်ပေါက်ဝအရောက် ပြန်လိုက်ပို့ပေးတယ်။

“နင် ဘာဖြစ်လို့ တစ်ယောက်တည်း နေနေတာလဲ။ နင့်မိဘအိမ်က ဒီကနေ တစ်မှတ်တိုင်လောက်ပဲ ဝေးတာ မဟုတ်လား” သူက ပြောတယ်။

ခေါင်းပေါ်မှာ ကြယ်ပေါင်းစုံက ပြိုးပြိုးပြက်ပြက်နဲ့ တောက်ပနေကြတယ်။ ဖန်မီးအိမ်ကြီးလို ဝင်းလက်နေတဲ့ လမင်းကွေးကွေးကလည်း ကောင်းကင်ပေါ်မှာ တွဲလဲခိုလို့။ သူ့ရဲ့ ဖြူဝင်းနေတဲ့ အစိတ်အပိုင်းက ကတ်ကြေးနဲ့ အဖြတ်ခံထားရသလို တိတိရိရိနဲ့။

“ငါ့အမေက အပျင်းပြေဆိုပြီး ဟင်းချက်သင်တန်း ဖွင့်ထားတယ်လေ။ သင်တန်းဖွင့်ပြီးကတည်းက အိမ်ထဲကို ဝင်ထွက်နေတဲ့လူတွေက တစ်နေ့တခြား များလာတော့တာပဲ။ ပြီးတော့ ငါ့ရဲ့ အခန်းကိုလည်း မောင်ပိုင်စီးထားကြသေးတယ်။ ဒါပေမယ့် ဒီနေရာက အိပ်ဖို့နေရာ သက်သက်ပါပဲဟာ။ ကျန်တဲ့ အချိန်တွေမှာတော့ ငါ့အိမ်ကိုပဲ ငါ ပြန်နေဖြစ်တာ များပါတယ်။ အဲဒီမှာ ညစာစားပြီးမှ ဒီကို ပြန်လာအိပ်တယ်။ စားသောက်ဆိုင်မှာလည်း လုပ်စရာရှိတာ ကူလုပ်ပေးနေတုန်းပဲလေ”

“ကောင်းတာပေါ့။ နင့်ဘဝက ပုံမှန်စည်းချက်တွေမှာ စီးမျောနေနိုင်တုန်းပဲ။ ငါကတော့ မျောက်သစ်ကိုင်းလွတ် ဖြစ်နေပြီ”

“ဒါပေမယ့် သူတို့နဲ့ ခပ်ခွာခွာ နေနိုင်အောင်တော့ ကြိုးစားနေတယ်။ သူတို့နဲ့ နီးနီးကပ်ကပ် နေလွန်းအားကြီးသွားရင် ငါ့အတွက်ငါတောင် အချိန်ပေးနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ငါ့ဟာငါ တစ်ယောက်တည်း ထွက်နေနေတာပေါ့။ ငါ့ဟာငါ တစ်ယောက်တည်း ထွက်လည်တယ်။ ငါ့ဟာငါ တစ်ယောက်တည်း လုပ်စရာရှိတာ လုပ်တယ်”

“ငါလည်း အဲဒီလို ယူဆတာပဲ။ ငါလည်း သူတို့နဲ့ နီးနီးကပ်ကပ် နေခဲ့လွန်းလို့ စိတ်ပင်ပန်းခဲ့တာ ဖြစ်မယ်။ အဖေအမေတို့ ခရီးထွက်ကြတဲ့အခါမှာ၊ ဈေးဝယ် ထွက်ကြတဲ့အခါမှာ ငါက ကားမောင်းပေးရတယ်။ ဆွေမျိုးတွေ အိမ်ပြောင်းရင်လည်း ငါ ကူညီပေးတာပဲ။ … … အဲဒီလို အခြေအနေက ငါ့ဘဝရဲ့ ပုံသေလမ်းကြောင်းတစ်ခုလို အလိုအလျောက် ဖြစ်သွားတော့တာပဲပေါ့။ အဲဒါတွေ လုပ်နေကိုင်နေရတာကို စိတ်ပျက်နေတာ မဟုတ်ဘူး။ ကိတ်မုန့်ဖုတ်သမား ဘဝကိုလည်း မလိုချင်လို့ မဟုတ်ပါဘူး”

“အချိန်တွေအများကြီး ရပါသေးတယ်ဟာ။ ပိုက်ဆံတွေ စုပြီးရင် လုပ်ငန်းကိုင်ငန်းတစ်ခု ရှာပေါ့ဟ။ ဒါမှမဟုတ် နိုင်ငံခြားမှာ ပညာသွားသင်ပေါ့။ သားအလိမ္မာလေး တစ်ယောက်အဖြစ်နဲ့ နေနေရတာတော့ နင်လည်း စိတ်ကျဉ်းကျပ်မှာပဲ။ ကြာလာရင် အမြင်ကျဉ်းတဲ့ လူတစ်ယောက်လည်း ဖြစ်ချင် ဖြစ်သွားနိုင်တယ်”

“အဲဒါပေါ့။ ငါ့မိဘတွေကတော့ ငါ့ကို ကလေးလေးတစ်ယောက်လို့ အခုထိ မြင်နေကြတုန်းပဲ။ ဒါပေမယ့် ငါ့မှာလည်း ငါ့ဘဝနဲ့ငါ၊ ငါ့နှာခေါင်းပေါက်နဲ့ငါ အသက်ရှင်ရဦးမယ်လေ”

“ငါ့ကို အိမ်အထိ လိုက်ပို့တဲ့အတွက် ကျေးဇူးပါဟာ”

“ညစာအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကုန်ကျစရိတ်ကို ပြန်မပေးလိုက်ရလို့ စိတ်တောင် မကောင်းဘူး”

“စိတ်ထဲ မထားစမ်းပါနဲ့။ ကိတ်လိပ်က အတော်ကို အရသာရှိတယ်”

အီဝါကုရက လက်ပြပြီး လျှပ်စစ်စက်ဘီးကို စီးထွက်သွားတယ်။ စက်ဘီးက ဟောင်းနေပြီ ဆိုပေမယ့် ကြည့်ရတာ ဈေးကြီးမယ့်ပုံ။ ပြီးတော့ ထိန်းသိမ်းပြုပြင်ထားတာ အသစ်အတိုင်းပဲ။ အဲဒါကို ကြည့်ခြင်းအားဖြင့် အဲဒီပစ္စည်းအပေါ် သူ ဘယ်လောက် တန်ဖိုးထားသလဲ ဆိုတာ သိသာနေတယ်။

မိသားစုရဲ့ အခြေအနေအရ မကြောင့်မကြ နေနိုင်ပါလျက်နဲ့ မိသားစုကို စွန့်ခွာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားနေရတယ် ဆိုတာ ဘယ်လောက် ခက်ခဲ ပင်ပန်းတဲ့ အလုပ်လည်း ဆိုတာကို မှန်းဆကြည့်လို့ ရနိုင်ပါတယ်။ ဒါကြောင့်လည်း အဲဒီဝန်ထုပ်ဝန်ပိုးကြီးက သူ့အပေါ် ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာ အရပါ ဖိစီးနှိပ်စက်နေတာ နေမှာပေါ့။

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ အဲဒီနေ့ညနေ တစ်ချိန်လုံးမှာတော့ အရာရာဟာ ပုံမှန်အတိုင်း စီးမျောကုန်ဆုံးသွားခဲ့တယ်။ ကျွန်မရဲ့ ခံစားချက်တွေကလည်း တစ်ချိန်လုံး တည်ငြိမ်အေးဆေးလို့ပဲ။ ဒီတော့ ကျွန်မစိတ်ထဲမှာ ပိုင်ပိုင်နိုင်နိုင် ယုံကြည်ထားလိုက်တယ်။ ဒီအတိုင်းသာ ဆိုရင်တော့ ကျွန်မတို့နှစ်ယောက်ရဲ့ အကြားမှာ ဘယ်လိုနည်းနဲ့မှ အချစ်ဇာတ်လမ်းတွေ ဖြစ်လာနိုင်စရာ မရှိဘူး။ သူငယ်ချင်းတွေလောက်ပဲ။

 

“အမေ၊ ဟောဟိုနားက အိမ်အိုကြီးကို အမေ သိလား။ အိမ်ရှင်တွေက ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပြီး သေကုန်ကြတယ် ဆိုတာလေ”

ကျွန်မ အမေ့ကို မေးကြည့်တယ်။

“ကြားဖူးတယ်။ အဲဒီတုန်းက သတင်းထဲတောင် ပါလာသေးတယ်။ မီးလင်းဖိုမှာ မီးမွှေးထားပြီး ပြတင်းပေါက်တွေ အလုံပိတ်ထားရင်း အိပ်ပျော်သွားကြတယ် ဆိုလားပဲ”

“ဟုတ်တယ်။ အဲဒီအိမ်ပဲ။ သူတို့အကြောင်းကို တခြားရော ဘာတွေ သိထားသေးလဲ”

ကျွန်မအမေက ဒီဒေသမှာပဲ ကြီးပြင်းလာခဲ့တဲ့သူ ဆိုတော့ အဲဒီအကြောင်းတွေကို သူ မသိဘဲ နေမှာ မဟုတ်ဘူးလို့ ကျွန်မ ယူဆတယ်။

ကျွန်မတို့ ဆိုင်ပိတ်ပြီး စားပွဲတွေကို သန့်ရှင်းရေး လုပ်နေကြတာ။ အဲဒါတွေ ပြီးတော့ အမေနဲ့ ကျွန်မက ကောင်တာနောက်မှာ ထိုင်ရင်း ဂဏန်းထမင်းပေါင်းနဲ့ မီဆိုစွပ်ပြုတ်ကို စားနေကြတယ်။ မီဆိုစွပ်ပြုတ်က အဘွားရဲ့ အမွေပေါ့။ ကျွန်မဟာ အဲဒီ မီဆိုစွပ်ပြုတ်ရဲ့ ကောင်းမြတ်ထူးကဲတဲ့ အရသာကို နောင်လာနောက်သားတွေ မြည်းစမ်းနိုင်ဖို့အတွက် အမွေဆက်ခံဖို့ မွေးဖွားလာတာပါလို့ လူတွေက ကျွန်မကို ပြောလာရင်တောင် ကျွန်မ နည်းနည်းကလေးမှ စိတ်ဆိုးမှာ မဟုတ်ဘူး။ အဲဒီစွပ်ပြုတ်က အဲဒီလောက်ကို အရသာ ထူးကဲတာပါ။ မှော်အတတ်နဲ့ ဖမ်းစားထား ခံရသလိုကို သူ့မှာ ဆွဲဆောင်မှု ရှိနေတယ်။ တကယ်တော့ အဘွားက သူ့ရဲ့ မီဆိုအနှစ်ကို အစက‌နေ အဆုံးထိ သူ့လက်နဲ့သူ လုပ်ရမှ ကျေနပ်တဲ့လူစားမျိုးလေ။

“အဲဒီ လင်မယားနှစ်ယောက်က မကြာမကြာ ဒီဆိုင်ကို အတူတူ လာစားတတ်ကြတယ်။ အဘိုးကြီး ခြေထောက် မကောင်းတဲ့ နောက်ပိုင်းတော့ သိပ်မလာကြတော့ဘူး။ ဒါပေမယ့် ညပိုင်း ဧည့်နည်းတဲ့ အချိန်မျိုးမှာဆိုရင် သူတို့နှစ်ယောက်က တစ်ယောက်လက်ကို တစ်ယောက်တွဲပြီးတော့ ဆိုင်ကို ပေါက်လာတတ်တယ်။ သူတို့ ရောက်တိုင်းလည်း ဟောဟိုက နံပါတ် ၆ စားပွဲမှာပဲ ထိုင်ပြီး ကြက်ဥလိပ်ထမင်းနဲ့ ဝက်ကာရီထမင်းကို မှာတတ်တယ်။ ပြီးတော့ ပြောသေးတယ်။ နှစ်ယောက် မျှစားရအောင် ပန်းကန်အလွတ်နှစ်ချပ်လည်း ပေးပါဦးတဲ့”

“အိုး … အဲဒီလို ပြောလိုက်တော့ သမီးလည်း မှတ်မိလာသလိုပဲ။ မျက်စိထဲ ပြန်မြင်လာပြီ”

“ပြီးတော့ ဘီယာပုလင်းသေး တစ်ပုလင်းလည်း မှာသေးတယ်။ တကယ့်ကို ချစ်စရာကောင်းတဲ့ အဘိုးအဘွား စုံတွဲပါပဲ။ သူတို့ရဲ့ ဘဝက ရိုးရိုးရှင်းရှင်းကြီးလို့ ပြောလို့ ရတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် နှစ်ပေါင်းများစွာ ဖန်တီး တည်ဆောက်ထားတဲ့ စည်းကမ်းတွေ၊ ထုံးစံတွေကတော့ အနည်းအကျဉ်း ရှိနေတဲ့ပုံပဲ။ သူတို့ကို ကြည့်ရတာ အမြဲတမ်း ရယ်ရယ်မောမော ရှိနေကြတာမျိုး မဟုတ်ပေမယ့် သူတို့ရဲ့ ပုံပန်းသဏ္ဌာန်တွေက အေးချမ်းနေမှန်း မြင်ရုံနဲ့ သိသာတယ်။ ငါတောင် နင့်အဖေကို မကြာမကြာ ပြောဖြစ်သေးတယ်။ ‘ငါတို့ အဘိုးကြီး အဘွားကြီး ဖြစ်တဲ့အခါမှာ သူတို့လို နေရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ’ ပေါ့။ နောက်ပြီး သူတို့ရဲ့ အဖြစ်အပျက်ကို ကြားရပြီးတဲ့ နောက်မှာ နင့်အဖေကိုတောင် ပြောဖြစ်သေးတယ်။ သူတို့လို အတူတူ အိပ်နေကြရင်းနဲ့ ဘဝတစ်ခုကို အဆုံးသတ်သွားရတာမှ ခပ်ကောင်းကောင်းရယ်”

ဖေဖေနဲ့ မေမေက တစ်ယောက်ကိုတစ်ယောက် အင်မတန်မှ မြတ်နိုးတန်ဖိုးထားကြတဲ့ စုံတွဲတစ်တွဲပါ။

ဖေဖေဟာ အရင်တုန်းက ရိုးရိုး ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါ။ ဒီဆိုင်မှာ ထမင်းလာစားရင်းနဲ့ မေမေ့ကို တွေ့ပြီး ချစ်ကြိုးသွယ်သွားခဲ့တယ်။ ဒါနဲ့ အလုပ်ထွက်ပြီး ဟင်းချက်သင်တော့တာပဲ။ တစ်ချိန်ကျရင် မေမေနဲ့ လက်တွဲပြီး ဒီဆိုင်ကို ဦးစီးဦးဆောင် လုပ်သွားနိုင်အောင်ပေါ့။ တည်ငြိမ်နေတဲ့ ကုမ္ပဏီအလုပ်ကို ထွက်ပစ်ပြီး ကိုယ်ဘာမှန်း မသိတဲ့ လောကထဲကို ခြေစုံပစ်ဝင်ရဲတာ နည်းတဲ့ သတ္တိလားနော်။ ဖေဖေက မေမေ ဘာပြောပြော ခေါင်းညိတ်လိုက်ဖို့ အဆင်သင့်ပဲ။ စားဖိုမှူးသင်တန်း ဖွင့်မယ် ဆိုတုန်းကလည်း အဲဒီအတိုင်းပဲ။ ကျွန်မက ဘယ်လောက်ပဲ ဆန့်ကျင်နေနေ၊ မေမေရဲ့ စိတ်ကူးသာဆိုရင် ဖေဖေက ချက်ချင်း ခေါင်းညိတ်ပြဖို့ ဝန်မလေးခဲ့ဘူး။

“ဘုရား ဘုရား၊ သမီးကို သနားရင် သူတို့ နှစ်ယောက်လိုတော့ မနိုးသော အိပ်ခြင်းနဲ့ မအိပ်လိုက်ကြပါနဲ့” ကျွန်မ ပြောလိုက်တယ်။

“ဒီဆိုင်ကို သမီးလက်ထဲ အပ်ခဲ့နိုင်တာနဲ့ပဲ အသေဖြောင့်ပါပြီကွယ်” သူက ပြောရင်း ရယ်နေတယ်။

ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် အဲဒီလို စကားမျိုးက ကျွန်မအစ်ကိုကို ရည်ရွယ်ခဲ့တာချည်းပဲ။

မေမေကတော့ ဘာရယ် မဟုတ်ဘူး။ ရယ်ရယ်မောမောနဲ့ အဲဒီလို စကားမျိုးကို ပြောချလိုက်တာပဲ။ ဒါပေမယ့် အစ်ကိုရဲ့ စိတ်ထဲမှာတော့ ဝန်ထုပ်ဝန်ပိုးကြီးလို ဖြစ်လာခဲ့တယ်။ အစ်ကို့အတွက်ဆိုရင် အဲဒီစကားက ကြီးလေးတဲ့ ဖိအားကြီးတစ်ခုပဲလေ။

ကျွန်မအနေနဲ့ကတော့ မိဘအမွေကို ဆက်ခံရမယ့် အစ်ကို့ကို ကျိတ်ပြီး အားကျနေခဲ့မိတာပေါ့။

ကျွန်မ ဘာကြောင့် မိဘတွေရဲ့ လုပ်ငန်းကို ဆက်ခံချင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်က တကယ်တော့ ဘာမှ မည်မည်ရရ ရှိတာ မဟုတ်ဘူးရယ်။ ကျွန်မရဲ့ ခေါင်းမာတဲ့၊ အလျှော့မပေးချင်တဲ့ စိတ်ဓာတ်ကြောင့်ပဲလားတော့ မသိဘူး။ အစ်ကို့ကို မိဘတွေက ဒီလောက်တောင် ဖူးဖူးမှုတ်ထားပါလျက်နဲ့ သူက ဘာတွေကို မကျေမနပ် ဖြစ်နေရသေးတာလဲ ဆိုတာကို ကျွန်မ တကယ် နားမလည်ခဲ့ဘူး။ အဲဒီလို ဖြစ်နေတဲ့ အစ်ကိုရဲ့ စိတ်သဘောထားကို ကြားရဖန် များလာတော့ ကျွန်မရဲ့ ရင်ထဲမှာလည်း မသိလိုက် မသိဘာသာနဲ့ အကြိတ်အခဲကြီး တစ်ခုလို ဖြစ်လာခဲ့တယ်။ သူ့အနေနဲ့ အတန်တန် တွန်းဖယ်ဖို့ ကြိုးစားနေတဲ့ အရာဟာ ကျွန်မ ရင်ထဲမှာတော့ မရအရ ဖမ်းဆုပ်ထားရမယ့် အရာတစ်ခုလို ဖြစ်တည်လာခဲ့တယ်။ အဲဒီလောက်ပါပဲ။

ဒါပေမယ့် ကျွန်မအဘွား ဆုံးသွားတဲ့အချိန်မှာ ကျွန်မခေါင်းထဲ အတွေးသစ်တစ်ခု တိုးဝင်လာတယ်။

ဈာပန အခမ်းအနားကို အနက်ရောင်ဝတ်စုံ ဝတ်ထားကြတဲ့ ဦးလေးကြီးတွေ အတော်များများ ရောက်လာကြတယ်။ တစ်ချိန်က အဘွားရဲ့ လက်ရာဖြစ်တဲ့ ထမင်းဟင်းမျိုးစုံကို စားသုံးရင်း သူတို့ရဲ့ ဘဝတွေကို ဖြတ်သန်းလာကြတဲ့ လူတွေပေါ့။ ဟိုဟင်းက ကောင်းတယ်ဟဲ့၊ ဒီဟင်းနဲ့ ဒါနဲ့က လိုက်ဖက်တယ်ဟဲ့ ရယ်လို့ အဘွားရဲ့ အကြံပြုချက်ကို ရယူခဲ့ဖူးကြတဲ့ လူတွေပေါ့။ သူတို့တတွေက ဒီဆိုင်ထဲမှာပဲ ချစ်သူရည်းစားတွေနဲ့ ချိန်းတွေ့ခဲ့ကြ၊ ဒီဆိုင်ထဲမှာပဲ အသည်းကွဲရင်း အဘွားရဲ့ ပုစွန်ကင်နဲ့ အမြည်းလုပ်ခဲ့ရတဲ့ အကြောင်းတွေကို စုံနဖာစေ့အောင် ပြောနေခဲ့ကြတယ်။

ဒီပုံဒီနည်းနဲ့ တခြားလူတစ်ယောက်ယောက်ရဲ့ လျှောက်လှမ်းရာ ဘဝခရီးထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ခွင့်ရတာ တယ်ဟုတ်ပါလားလို့ ကျွန်မ ပထမဆုံးအကြိမ်အဖြစ် သတိထားမိလာတယ်။

ကျွန်မတို့ နေ့တိုင်း ကိုင်တွယ် အသုံးပြုနေတဲ့ အိုးခွက်ပန်းကန်တွေဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ၊ ပွတ်တိုက်ဆေးကြောတာ များလာတာနဲ့အမျှ သူတို့ရဲ့ အရောင်တွေကလည်း ပိုပိုပြီး ဝင်းပတောက်ပြောင်လာတယ်။ အဲဒီလိုပါပဲ။ ဒီစားသောက်ဆိုင်ထဲမှာ ထူးမခြားနားတဲ့ ဟင်းလျာတွေကို နေ့စဉ်ရက်ဆက် ချက်ပြုတ်ကြော်လှော် နေရပေမယ့် အဘွားရဲ့ ဘဝက ကျွန်မ နားလည် သဘောပေါက်နိုင်တာထက် ပိုပြီး နက်ရှိုင်းကျယ်ဝန်းတယ်လို့ ထင်နေရတယ်။

လောကမှာ ဒီထက် အဓိပ္ပာယ် ပြည့်ဝတဲ့ တခြားအလုပ်အကိုင်မျိုးကို ကျွန်မ မှန်းဆကြည့်လို့ မရတော့ဘူး။

 

နောက်အပတ်တွေမှာလည်း အီဝါကုရဟာ ဘားဆိုင်မှာ နာရီပေါင်းများစွာ သူ့အလုပ်သူ ဆက်လုပ်နေခဲ့တယ်။ ကျွန်မကလည်း ကျောင်းနဲ့ စားသောက်ဆိုင်ကို လွန်းထိုးနေရင်း တခြား ဝါသနာပါတဲ့ အလုပ်တချို့ကိုလည်း မပြတ်မလပ် ဆက်လုပ်နေရင်းပေါ့။

ကျွန်မတို့ရဲ့ စားသောက်ဆိုင်မှာ ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ ပန်းကန်ပြားနဲ့ ကြက်ဥလိပ်ထမင်းကို စပြီး တည်ခင်း ဧည့်ခံနေပြီ။ ဒါကြောင့် ကျွန်မရဲ့ အိုးထိန်းပညာက လက်တွေ့ အသုံးတည့်တဲ့ ပညာတစ်ခု ဖြစ်လာတယ်။ အလုပ်လည်း ပိုရှုပ်လာတယ်ပေါ့။ ဟင်းအမယ် ကြော်ငြာဆိုင်းဘုတ်ကိုလည်း ကျွန်မကိုယ်တိုင် စိတ်တိုင်းကျ ရေးသားတယ်။ ဒါကြောင့်လည်း ကျွန်မရဲ့ လက်ရေးလှ ကျင့်တဲ့ အချိန်ကို နည်းနည်းမှ လျှော့လို့ မဖြစ်ဘူး။ အလုပ်တစ်ခုကို စိုက်လိုက်မတ်တတ် လုပ်နေတတ်တာ ကျွန်မရဲ့ ဝသီတစ်ခုပဲလေ။ ဘယ်သို့သော ပညာရပ်ကိုပဲ သင်သင်၊ လက်တွေ့ အသုံးချနိုင်တဲ့အထိ ဇွဲရှိရှိနဲ့ စွဲစွဲမြဲမြဲ သင်ယူလေ့လာတတ်တယ်။ အဲဒါ ကျွန်မရဲ့ ခေါင်းမာတဲ့ အကျင့်လို့ပဲ ဆိုရမလား၊ ဒါမှမဟုတ် အားသာချက်လို့ပဲ ဆိုရမလား မပြောတတ်တော့ဘူး။ သေချာတာကတော့ အဲဒီအကျင့်ကို ဘယ်လိုမှ ပြင်လို့ မရတော့တာပဲ။ တက္ကသိုလ်ကနေ ဘွဲ့ရတဲ့ အခါမှာ ကျွန်မ ဘာဆက်လုပ်ရမယ် ဆိုတာကို အတိအကျ သိထားတာဆိုတော့ ကျွန်မရဲ့ စွမ်းအင်တွေကို ဘယ်နေရာမှာ အကောင်းဆုံး အသုံးချရမလဲ ဆိုတာကိုလည်း ကျွန်မ နားလည် သဘောပေါက်ထားတယ်။ တစ်နည်း ပြောရရင်တော့ တက္ကသိုလ်ကနေ သင်ပေးလိုက်တဲ့ ပညာတွေဟာ နောက်နောင်မှာ လက်တွေ့အသုံးချဖို့ မဖြစ်နိုင်လေတော့ အဲဒီဘာသာရပ်တွေကလည်း ကျွန်မကို ဘယ်လိုမှ မဆွဲဆောင်နိုင်ခဲ့ကြဘူး။

တက္ကသိုလ် ပရိဝုဏ်ထဲမှာ အီဝါကုရကို တွေ့ရတဲ့ အခါတိုင်း သူ့ကို ကြည့်ရတာ နွမ်းဖတ်နေသလိုပဲလို့ ကျွန်မ တွေးနေမိတယ်။

အဲဒါကလည်း သူ့မိသားစုရဲ့ အဝေးမှာ ဘဝကို ကိုယ့်လက်ကိုယ့်ခြေနဲ့ ထိန်းကျောင်းနေရလို့ ဖြစ်လာတဲ့ ဒဏ်ရာဒဏ်ချက်တွေ နေမှာပေါ့။ သူ့ရဲ့ အချိန်တွေ အားလုံးနီးပါးကို ဘားဆိုင်က အလုပ်နဲ့ ပညာရေးအတွက် အပြည့်အဝ အသုံးချနေရတယ် ဆိုတာကို ကျွန်မ သိတယ်။ သူက သူ့ကိုယ်သူ အရွယ်ရောက်တဲ့ လူကြီးတစ်ယောက်လို စတိုင်ဖမ်းပြီး ပြုမူနေထိုင်နေပေမယ့် သူက အခုမှ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲ ရှိသေးတာလေ။

ဘာကြောင့်ရယ် လို့တော့ မပြောတတ်ဘူး။ သူ အဲဒီလို ဖြစ်နေတာဟာ သူ့အခန်းထဲမှာ အတူ နေနေကြတဲ့ သရဲလင်မယားနဲ့ တစ်နည်းတစ်ဖုံ ပတ်သက် ဆက်စပ်နေလိမ့်မယ်လို့ ကျွန်မ တွေးထင်နေမိတယ်။

သရဲတွေရဲ့ ဝိညာဉ်လောကမှာ ကိုယ်ပိုင်အချိန် ဆိုတာမျိုး ရှိမလား မသိဘူး။ ကျွန်မတို့ လူ့လောကရဲ့ အချိန်နဲ့ ဘယ်လိုမှ မပတ်သက် မဆက်စပ်နိုင်ဘဲ သူတို့ရဲ့ ကိုယ်ပိုင် ကာလယန္တရားထဲမှာပဲ တစ်ချိန်လုံး စီးမျောနေကြတာ ဖြစ်မယ်။ တကယ်လို့သာ ဝိညာဉ်လောကထဲကို အနည်းအကျဉ်းပဲ ဖြစ်ဖြစ် ဝင်ရောက်စွက်ဖက်မိသွားရင် လူ့ဘဝရဲ့ စိတ်ခွန်အားလို စွမ်းအင်မျိုးတွေကို ထိခိုက်လျော့ပါး သွားစေနိုင်တယ်လေ။ ကျွန်မ စိတ်ပူနေမိတာလည်း အဲဒီအချက်ပဲ။

 

ကျွန်မကိုယ်ကျွန်မ နားလည်ထားတာထက် အီဝါကုရကို သဘောကျမိနေပြီလား မဆိုနိုင်ဘူး။

အိုးလုပ်တဲ့ အလုပ်ရုံမှာ ဆုံဆည်းခဲ့ကြတဲ့ အစ်ကိုကြီးတစ်ယောက်နဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်ကပဲ ကျွန်မ ကွာပြဲခဲ့တယ်။ အဲဒီတုန်းကတော့ တကယ့်ကို နှစ်နှစ်ကာကာ ချစ်ခဲ့မိတာပဲ။ သူက ကျွန်မထက် အသက်ကြီးတဲ့ လူပျိုလူလွတ်တစ်ယောက်ပေါ့။ သူနဲ့ အိမ်ထောင်တစ်ခု တည်ထောင်မယ် ဆိုတဲ့ အထိကို ကျွန်မ အရူးအမူး ဖြစ်ခဲ့မိတယ်။ နောက်ဆုံးကျတော့လည်း စိတ်သဘောထား မတိုက်ဆိုင်မှုတွေကြောင့် အချစ်ဇာတ်လမ်းလေးတစ်ခု အဆုံးသတ်သွားခဲ့တယ်။ ဒါပေမယ့် ကျွန်မ သူ့ကို မေ့မရနိုင်သေးဘူး။ အဲဒီလူက သူ့ကုမ္ပဏီက အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်သွားပြီး အိုးလုပ်တဲ့ သင်တန်းကိုလည်း လာမတက်တော့ဘူး။ ဒါနဲ့ပဲ ကျွန်မတို့လည်း တစ်ယောက်ကိုတစ်ယောက် ထပ်မတွေ့ဖြစ်ကြတော့ဘူး။

အဲဒီမိန်းမက သူ့အရင်ယောက်ျားရဲ့ အိမ်ထောင်ရေး အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အကြံဉာဏ် တောင်းရအောင် ကျွန်မရဲ့ ရည်းစားဟောင်းဆီကို ချဉ်းကပ်ခဲ့တယ်။ အဲဒီဘဲကြီးကလည်း ပစ်ထားလို့ မကောင်းတတ်တာနဲ့ သူတို့ရဲ့ ကိစ္စမှာ ဝင်ပါရင်းပါရင်း တဖြည်းဖြည်းနဲ့ အဲဒီမိန်းမရဲ့ ရင်ခွင်ထဲကို ရောက်သွားတော့တာပဲ။

ကျွန်မရဲ့ အားသာချက်ဆိုလို့ တစ်ခုတည်း ရှိတယ်။ ငယ်ရွယ်နုပျိုခြင်းပေါ့။ ဒီတော့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ညှို့ယူဖမ်းစားဖို့ ကြိုးစားနေကြတဲ့ ကိစ္စမှာ ကျွန်မအနေနဲ့ ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ ဘဝက စည်းအပြင်ကနေ ဖြစ်ပျက်သမျှကို လက်ပိုက်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။

ဘားဆိုင်မှာ အလုပ်ပါးတဲ့အချိန်ဆိုရင် ကျွန်မရဲ့ အကြောင်းကို အီဝါကုရကို ပြောပြဖြစ်တယ်။ ဟာသဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသလို ပေါ့ပေါ့ပါးပါးပါပဲ။ ဒါပေမယ့် သူက ပြောတယ်။ “အဲဒီလို လွယ်လွယ်နဲ့ ဘက်ပြောင်းတတ်တဲ့ ယောက်ျားတစ်ယောက်က ဘယ်တော့မှ ခြေငြိမ်မှာ မဟုတ်ဘူး။ ဟောတစ်ယောက်၊ ဟောတစ်ယောက် နေမှာပဲ။ နင် သူနဲ့ ကွဲသွားတာပဲ ကောင်းတယ်”

သူ့လို ငယ်ရွယ်တဲ့ ကောင်လေးတစ်ယောက်အနေနဲ့ အခုလို ကျိုးကြောင်းဆီလျော်တဲ့၊ သင့်တင့်လျောက်ပတ်တဲ့ ထင်မြင်ချက်မျိုး ပေးနိုင်တဲ့အတွက် ကျွန်မ သူ့အပေါ် အထင်ကြီးနေမိတယ်။

တကယ်တမ်းမှာလည်း သူ့ရဲ့ ထင်မြင်ချက်ဟာ ကျွန်မရဲ့ ရင်ကွဲနာကို ပျောက်ကင်းသက်သာစေခဲ့တဲ့ ဆေးစွမ်းကောင်းတစ်လက် ဖြစ်လာခဲ့တယ်။ တကယ်ပါပဲ။ အဲဒီအကြောင်းကို အီဝါကုရရဲ့ အရှေ့မှာ နောက်တစ်ခါ ထပ်မပြောဖြစ်တော့ဘူး။ အချိန်နည်းနည်းကြာတော့ အနာဟောင်းတွေ အကုန်လုံးကို ကျွန်မ အတိတ်မှာပဲ ထားပစ်နိုင်ခဲ့တယ်။ အဲဒီရည်းစားဟောင်း အိမ်ထောင်ကျပြီးသွားတာနဲ့ ကျွန်မရဲ့ ဘဝထဲမှာလည်း ခြေရာတောင် မကျန်ခဲ့တော့ဘူး။ ဒါပေမယ့် အဲဒီအချိန်က စပြီး ကျွန်မအရှေ့မှာ မတ်တတ်ရပ်လျက်နဲ့ ဖန်ခွက်တွေကို ရေခြောက်အောင် သုတ်နေတတ်တဲ့ နှာတံတိုတိုနဲ့ အီဝါကုရရဲ့ တည်ငြိမ်အေးဆေးတဲ့ ပုံရိပ်ဟာ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ သံမှိုစွဲသလို စွဲမြဲနေတော့တယ်။

 

အဲဒီနေ့ နေ့ခင်းက ဘူတာရုံမှာ အီဝါကုရနဲ့ မတော်တဆ တွေ့ဆုံမိကြတယ်။

“နေရထိုင်ရတာ အဆင်ပြေရဲ့လား” ကျွန်မက ပြုံးကာရယ်ကာနဲ့ သူ့ကို မေးလိုက်တယ်။

“ငါ နင်ပေးတဲ့ အကြံဉာဏ်အတိုင်း လုပ်ပစ်လိုက်တယ်” သူက ချက်ချင်း ပြန်ဖြေတယ်။ “နင် အခု အားတယ် မဟုတ်လား။ လမ်းလျှောက်ရင်း စကားပြောကြတာပေါ့”

“အင်း၊ ရတယ်လေ။ ငါ အခု အိမ်ပြန်မလို့ပဲ” ကျွန်မ ပြောလိုက်တယ်။ “အီဝါကုရ၊ နင် ဒီနေ့ အလုပ်ဆင်းရဦးမှာ မဟုတ်ဘူးလား”

“ဒီနေ့ ဆင်းစရာ မလိုဘူး။ ဒါပေမယ့် မနက်ဖြန် မနက်တော့ ၆ နာရီထမှ ဖြစ်မယ်”

ကျွန်မပဲ စိတ်ထင်နေတာလား မသိဘူး။ သူ့ရဲ့ပုံက အရင်ကထက် လန်းဆန်းပြီး တက်ကြွနေတယ်။

“အခုနောက်ပိုင်းရော သရဲတွေကို တွေ့ရသေးလား” ကျွန်မ မေးကြည့်လိုက်တယ်။

“အင်း၊ တစ်ခါတလေပေါ့။ အဘွားကြီးက လက်ဖက်ရည်နှပ်ပြီး လှန်းထားတဲ့ အဝတ်အစားတွေ ခေါက်နေတတ်တယ်။ အဘိုးကြီးကတော့ ကိုယ်လက် လေ့ကျင့်ခန်း လုပ်နေတာပေါ့”

“မိသားစုနဲ့ ခွဲနေပါတယ် ဆိုမှ နောက်ထပ် မိသားစုအသစ်နဲ့ လာတိုးနေတယ်နော်။ အခုလို နေနေတာကို တစ်ကိုယ်ရေ တစ်ကာယ နေတယ်လို့ ခေါ်လို့ ရပါ့မလား”

“အခုတော့ အသားကျနေပါပြီဟာ။ တော်တန်ရုံ သတိတောင် မထားမိတော့ဘူး။ မတော်တဆ တွေ့မိကြတော့လည်း နေကောင်းလားလို့ နှုတ်ဆက်လိုက်တာပေါ့။ သူတို့ကတော့ အနားမှာ ငါ ရှိနေမှန်းတောင် သိကြပုံ မရဘူး”

အချိန်က ဆောင်းဥတုရဲ့ နေ့လယ်ခင်း။ ကျွန်မတို့နှစ်ယောက်က လူသူကျဲပါးတဲ့ လမ်းမတွေအတိုင်း လမ်းလျှောက်နေကြတယ်။

လမ်းပေါ်မှာ ကားတွေက သွားလိုက်လာလိုက်နဲ့။ ရှေ့မီးကို ခပ်မှိန်မှိန်ထွန်းပြီး တစ်စီးကိုတစ်စီး အချက်ပြနေကြတယ်။ လမ်းဘေးဝဲယာ တစ်လျှောက်မှာ အစီအရီ ပေါက်ရောက်နေကြတဲ့ သစ်ပင်တွေပေါ်က ညှိုးရော်နေတဲ့ ဆောင်းရွက်ဝါတွေကလည်း မျက်စိတစ်ဆုံး ဆွဲဆန့်ခံထားရသလို မိုးကုပ်စက်ဝိုင်းထဲကို တိုးဝင်နေကြတယ်။

“ဆိုစမ်းပါဦး။ နင်က ငါ့ရဲ့ ဘယ်က အကြံဉာဏ်အတိုင်း လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ” ကျွန်မ မေးလိုက်တယ်။

“နိုင်ငံခြား သွားမယ်လေ။ ပါရီမှာ ရှိတဲ့ ကိတ်မုန့်ဖုတ် သင်တန်းကျောင်းကို သွားတက်မယ်လို့ ဆုံးဖြတ်ထားတယ်”

“ဒါဆို မိဘလုပ်ငန်းကို ဆက်ခံဖို့အတွက် ပညာဆည်းပူးတဲ့ သဘောပေါ့”

“ငါ တွေးကြည့်တယ်ဟ။ ပြင်သစ်ကို တစ်ခေါက်မှ မရောက်ဖူးဘဲနဲ့ ကိတ်မုန့်ဖုတ်သမားတစ်ယောက် လုပ်ရမယ် ဆိုတာကတော့ တစ်ခုခု လွဲနေသလားလို့”

“ငါ နားလည်ပါတယ်။ ငါသာ အီတာလျံစားသောက်ဆိုင် ဖွင့်ထားရင်လည်း နင် တွေးသလို တွေးမိမှာပဲ။ ကံကောင်းစွာနဲ့ပဲ ငါတို့ရဲ့ ယိုရှိုကူက ဂျပန်စာ ဖြစ်နေတယ်။ ဒါကြောင့် နင့်လို အဝေးကြီးကို သွားနေစရာ မလိုတော့ဘူး”

“ငါ့ဘိုးတော် တီထွင်ထားတဲ့ ကိတ်လိပ်ကို ပြောင်းလဲပစ်ဖို့ ငါ့မှာ စိတ်ကူး မရှိပါဘူး။ ဒါပေမယ့် အဲဒါထက် ပိုပြီး ထူးခြားတဲ့ အရာတစ်ခုခုများ လုပ်နိုင်ဦးမလား ဆိုတာကိုတော့ ငါ စမ်းကြည့်ချင်သေးတယ်။ တက်စရာ ရှိတဲ့ သင်တန်းကို ပြီးအောင် တက်ပြီး အဲဒီမှာ အလုပ်တစ်ခု ရှာကြည့်မယ်။ အတိအကျတော့ မပြောနိုင်သေးဘူးပေါ့ဟာ။ မီးစင် ကြည့်ကရမှာပေါ့။ ဒါပေမယ့် အခုချိန်ထိတော့ အဲဒီလို လုပ်ချင်စိတ်က အတော်လေးကို ပြင်းပြနေတယ်။ ကိုယ့်လက်နဲ့ ဂရုတစိုက် လုပ်ရတဲ့ အလုပ်မျိုးကို ငါက မုန်းတီးနေတာမှ မဟုတ်ဘဲ။ နောက်ပြီး ကိတ်မုန့်ဖုတ်တဲ့ အလုပ်ကိုလည်း ငါ အမြင်မကတ်ပါဘူး။ အချိုပွဲက လူတွေကို စိတ်ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်လေ။ စစချင်းတုန်းကတော့ ဂျပန်ပြည်မှာရှိတဲ့ သင်တန်းတစ်ခုခုကို ရှာခဲ့တာပဲ။ ဒါပေမယ့် ရှာရင်းရှာရင်းနဲ့ ပြင်သစ်ကို သွားချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတယ်”

“နင့်မိဘတွေကိုရော ပြောပြီးပြီလား”

“အင်း၊ ပြောပြီးပြီ။ သူတို့ကတော့ အသည်းအသန် ကန့်ကွက်နေကြတာပဲ”

“ဒါဆို ဘယ်လို လုပ်မလဲ”

“ငါ စုထားတဲ့ ပိုက်ဆံက အဲဒီဘက်မှာ ကျောင်းသွားတက်ဖို့အတွက်တော့ ကောင်းကောင်း လုံလောက်ပါတယ်။ နောက်ပြီး အလုပ်တစ်ခု ရှာမယ်ဟာ။ ဈေးသက်သာတဲ့ အဆောင်တစ်ဆောင် ငှားနေမယ်ဟာ။ နောက်ပြီး ငါ့မှာ ငယ်ငယ်ကတည်းက စုထားတဲ့ မုန့်ဖိုးတွေလည်း ရှိသေးတယ်။ အဲဒါတွေကို ငါ့မိဘတွေက စုပေးထားတာဆိုတော့ တတ်နိုင်ရင် အဲဒါတွေကို မထိချင်ဘူး”

“ဝိုး … အီဝါကုရ၊ နင်ကတော့ စံပဲ။ မိုက်လိုက်တာ။ နင်က ကိုယ့်ကျောင်းစရိတ်ကိုတောင် ကိုယ်ဘာသာ ရအောင် ရှာနိုင်ခဲ့တာပဲ”

“အင်း၊ မသုံးရက် မစွဲရက်နဲ့ တစ်ပြားမကျန် စုလာခဲ့ရတာ”

သူ သွားတော့မှာပါလားလို့ ကျွန်မ တွေးလိုက်မိစဉ်မှာပဲ ကျွန်မရင်ထဲ စူးကနဲ ထိုးအောင့်သွားတယ်။ မျှော်လင့်မထားတဲ့ အထီးကျန်မှုက ကျွန်မတစ်ကိုယ်လုံးမှာ ပျံ့နှံ့သွားသလိုပဲ။ ကျွန်မတို့ရဲ့ ခေါင်းပေါ်မှာ ရှိတဲ့ ကောင်းကင်ကြီးက ဟိုးအဝေးတစ်နေရာမှာ မှုန်တိမှုန်မှိုင်းနဲ့။ ကျွန်မ တွေးနေမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ နိုင်ငံခြားထွက်ပြီး ပညာသင်သွားတော့မှာ။ သူ့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို ရှာတွေ့သွားတော့မယ်။ နောက်ပြီး အဲဒီဘက်မှာ အခြေချပြီး ဒီကို ပြန်လာမှာ မဟုတ်တော့ဘူး။

အဲဒီအချိန်ကစပြီး ကျွန်မ သတိထားမိလာတယ်။ ဘာကြောင့်ရယ်လို့တော့ ကျွန်မလည်း အတိအကျ မပြောပြတတ်ဘူး။ ဒါပေမယ့် အီဝါကုရဟာ ကျွန်မနဲ့အတူ အိပ်ချင်နေတယ် ဆိုတာကိုတော့ ကျွန်မ သိနေတယ်။ သူ့ရဲ့ အမူအရာ၊ သူ့ရဲ့ အသံနေ အသံထားတွေထဲမှာ အဲဒီအကြောင်းကို တစ်နည်းတစ်ဖုံ ဖော်ပြနေကြသလိုပဲ။ ကျွန်မရဲ့ စိတ်ထဲမှာ အဲဒီလို ခံစားချက်မျိုးကြီး ဖြစ်နေတော့တယ်။ ကျွန်မတို့ နှစ်ယောက်အကြားမှာ ရှိတဲ့ နီးကပ်မှု ဆိုတဲ့ ခံစားချက်ကလည်း အချဉ်ဖောက်ထားတဲ့ ဂျုံမုန့်ညက်လို တိတ်တဆိတ်နဲ့ ဖြည်းဖြည်းချင်း ပွပြီး စေးကပ်လာနေတယ်။

“နင် ချက်ကျွေးတဲ့ ကြက်ဥလိပ်ထမင်းကို မြည်းစမ်းခွင့်တော့ ရချင်သေးတယ်” အီဝါကုရက ပြောလာတယ်။ “ဟိုတစ်နေ့က နင့်ကို ဟော့ပေါ့ ချက်ခိုင်းမိတဲ့အတွက် ငါ အခုထိ နောင်တရနေတုန်းပဲ။ ဒါပေမယ့် နင့်ဟော့ပေါ့ကလည်း အတော်လေး စားလို့ ကောင်းပါတယ်”

“ငါတို့ဆိုင်ကို လာရင် နင် အချိန်မရွေး စားလို့ရတာပဲ။ ဒါပေမယ့် အဲဒါကတော့ ငါ့အဖေအမေတို့ ချက်ထားတဲ့ဟာတွေ။ ငါချက်တာနဲ့လည်း အရသာက ဘာမှ ထူးမှာ မဟုတ်ပါဘူး။ ဆိုးတာက ငါရဲ့ လက်စလက်နက အခုချိန်ထိ တစ်သမတ်တည်း ဖြစ်မနေသေးဘူး”

“ကိစ္စ မရှိပါဘူးဟာ။ ကျောင်းပြီးဖို့လည်း အဝေးကြီး လိုသေးတာပဲ ဥစ္စာ”

အီဝါကုရက ရယ်နေတယ်။

“အခု သွားလုပ်မယ်လေ။ ဘယ်လိုလဲ” ကျွန်မ ပြောလိုက်တယ်။ “အဆာပလာ ဝယ်တဲ့ ပိုက်ဆံကိုတော့ နင် ထုတ်ရမှာနော်”

“အခု အဆင်ပြေလို့လား”

“ပြေပါတယ်”

အခုလို လွမ်းဆွတ်ဖွယ် အခါသမယလေးမှာ ကျွန်မတို့နှစ်ယောက်ဟာ ခုတင်ပေါ်တက်ဖို့ ဆွေးနွေး တိုင်ပင်နေကြတဲ့အလား နှစ်ယောက်စလုံး မှတ်ထင်နေကြလိမ့်မယ်လို့ ကျွန်မ ယူဆတယ်။

တိမ်ထူထပ်ပြီး မှုန်မှိုင်းနေတဲ့ မိုးကောင်းကင်ကြီးက လူကို မရိုးမရွ ဖြစ်စေတာ အမှန်ပဲ။ ငွေမျှင်တွေ ထူထူထဲထဲ သုတ်လိမ်းထားတဲ့ တိမ်တောင်ကြီးတွေရဲ့ အောက်နားကနေ လေညင်းတွေကလည်း တသုန်သုန် မြူးထူး တိုက်ခတ်လို့ရယ်။ အဲဒီလို ရာသီဥတုမျိုးမှာ တစ်ဦးတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ခိုဝင်နားစက်ဖို့ တွန်းအားပေးသလို။ သူ လုပ်တာနဲ့ပဲ အခန်းအောင်းပြီး မီးခိုရောင် လေထုထဲမှာ ရာသက်ပန် နေသွားချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာမိတယ်။ အခန်းတစ်ခန်းထဲမှာ သူစိမ်းတစ်ယောက်နဲ့ အကန့်အသတ် မရှိတဲ့ ရမ္မက်ဇောတွေကို မြိန်ရည်ရှက်ရည် သုံးဆောင်ကြရင်း အဲဒီ နေရာသာလျှင် ကျွန်မရဲ့ စိတ်ကို အပြည့်အဝ ဖြေလျှော့နိုင်တဲ့ နေရာတစ်နေရာရယ်လို့ ကျွန်မ ခံစားနေမိတယ်။

 

လိုအပ်တဲ့ အဆာပလာတွေကို ဝယ်ဖို့အတွက် ကျွန်မတို့ စူပါမားကတ်တစ်ခုကို သွားကြတယ်။ နောက်တော့ သရဲခြောက်တယ် ဆိုတဲ့ အိမ်ကြီးဆီ ပြန်ရောက်လာကြတယ်။

ဒီတစ်ကြိမ်မှာတော့ ကျွန်မစိတ်ထဲ ကြောက်ရလန့်ရ ကောင်းမှန်း မသိတော့ဘူး။ အခန်းကို ကြည့်ရတာ အရင်တစ်ခေါက်ကထက် အရောင်တွေ မှိန်ဖျော့နေတယ်။ အရာရာကို ဖောက်ထွင်းပြီး မြင်နိုင်တော့မလား လို့တောင် အောက်မေ့နေရတယ်။ လေထုကလည်း ခြောက်ကပ် ငြီးငွေ့ဖို့ ကောင်းနေပြီး ကြည်လင် ပြတ်သားနေတယ်။ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ရင်တော့ ဟိုးအဝေးတစ်နေရာမှာ တစ်နံတစ်လျား ခြေဆန့်ထားကြတဲ့ မီးခိုးရောင် တိမ်တိုက်ကြီးတွေကို တွေ့မြင်နေရတယ်။

ဟိုအကြောင်း၊ ဒီအကြောင်းတွေကို ရောက်တတ်ရာရာ ပြောကြရင်း ဂတ်စ်မီးဖိုက ထွက်လာတဲ့ အပူငွေ့တွေကို လွင့်ပျောက်သွားအောင် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တယ်။ ကျွန်မရဲ့ ကြက်ဥလိပ်ထမင်းကိုလည်း လုပ်လို့ ပြီးသွားပြီ။ ဆော့စ်လိုတဲ့ ဟင်းတစ်မျိုးမျိုးသာ ချက်ရမယ်ဆိုရင်တော့ အဲဒါမျိုးကို ကျွန်မအိမ်မှာပဲ ချက်လို့ ရလိမ့်မယ်။ ဒါပေမယ့် ကြက်ဥလိပ်ထမင်းကတော့ ဘယ်မှာသွားလုပ်လုပ် ဆိုင်က လက်ရာနဲ့ တထေရာတည်း တူအောင် ကျွန်မ ချက်နိုင်တယ်။ ပိုပြီး စားမြိန်သွားအောင် မုတ်ကောင်ပါတဲ့ မီဆိုစွပ်ပြုတ်ကိုပါ တွဲထည့်ပေးထားလိုက်တယ်။

ဒီလို ဟင်းလျာမျိုးက ကျွန်မအတွက် မျက်စိစုံမှိတ်ပြီး ချက်နိုင်လောက်အောင် ရိုးရှင်းလွယ်ကူနေတယ် ဆိုပေမယ့်လည်း အီဝါကုရကတော့ အရသာ တွေ့လွန်းလို့ပါ ဆိုပြီး ကျွန်မဆီက ကျန်တဲ့ ဟင်းတွေကိုတောင် တစ်စေ့မကျန် ပြောင်အောင် စားပစ်လိုက်တယ်။

ရေအိမ်ထဲကို အီဝါကုရ ဝင်သွားတဲ့ အချိန်တိုင်းမှာ ကျွန်မ ရင်တထိတ်ထိတ်နဲ့ ဖြစ်ကျန်ရစ်ခဲ့တယ်။ အဲဒီလို အချိန်မျိုးမှာ သရဲက ဘွားကနဲ ပေါ်လာခဲ့ရင် ဘယ်လိုလုပ်ရမလဲနော်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ အခန်းထဲမှာ ကျွန်မ တစ်ယောက်တည်းရယ်။ ဘေးနားမှာတော့ အပူပေးမီးဖိုက မီးတောက်မီးလျှံလို ရဲမှည့်လို့။

ည ၈ နာရီရောက်တော့ ကျွန်မတို့ အပူပေးစားပွဲအောက်မှာ ခြေထောက်သွင်းပြီး ရောက်တတ်ရာရာ လျှောက်ပြောနေကြပြန်တယ်။ တစ်ဖက်ကလည်း ကိတ်လိပ်ကို စားနေကြရင်းပေါ့။ ကိတ်လိပ်ရဲ့ အပြင်မျက်နှာပြင် ခပ်တင်းတင်းမှာ အချိုရည် အုပ်ထားပြီး အထဲမှာလည်း ခရင်မ်တွေကို ဖောဖောသီသီ ထည့်ပေးထားတယ်။

“ဘာဖြစ်လို့ ဒီမှာ ကိတ်လိပ်က အမြဲတမ်း ရှိနေရတာလဲ”

“ငါ့အမေ ပို့လာပေးတာလေ။ ဆန်အိတ်ရောပဲ”

“နင်တို့အိမ်ကတော့ ကိတ်လိပ်ကို ဘယ်တော့မှ မပြတ်မလပ်ရအောင် လုပ်ထားသလိုပဲ။ ငါ့အိမ်နဲ့ ဘာမှ မထူးဘူး။ တခြား အစားအစာတွေကသာ ခေတ်ကုန်လို့ ရိုးချင် ရိုးသွားလိမ့်မယ်။ ကိတ်လိပ်ကတော့ ဘယ်တော့မှ လူကြိုက်နည်းသွားမှာ မဟုတ်ဘူး”

“အနံ့အရသာနဲ့ အဆာပလာတွေကိုလည်း ရာသီအလိုက် အမျိုးမျိုး ပြောင်းလဲပြုပြင်လို့ ရသေးတာကိုး။ နောက်ပြီး ကိတ်လိပ်က အထားခံတယ်လေ။ ဒါကြောင့် သူများကို လက်ဆောင်ပေးလို့ ကောင်းတယ်။ ဂျပန်တွေကလည်း ကိတ်လိပ်ကို ကြိုက်နေကြသေးတာကိုး”

“ဒီနေ့ဟာက ဘာအရသာတွေ ထည့်ထားတာလဲ”

“လက်ဖက်၊ သစ်အယ်သီးနဲ့ လိမ္မော်”

“လိမ္မော်လား။ အဲဒါတော့ သိပ်မကြိုက်လှဘူး”

အဲဒီလို သူနဲ့ တောင်စဉ်ရေမရ လျှောက်ပြောနေကြတုန်းမှာ ကျွန်မစိတ်ဟာ ပြောမပြတတ်အောင် ပေါ့ပါးလွတ်လပ်နေတယ်။ ကိုယ့်ဆွေမျိုးသားချင်း တစ်ယောက်ယောက်နဲ့ ပြောနေကြရသလိုမျိုးလည်း မဟုတ်ဘူး။ စိတ်ထဲမှာ ကြည်နူးနှစ်သက်နေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ဘယ်လိုပြောရမလဲ။ အဆင်ပြေတဲ့ စကားလမ်းကြောင်းပေါ် ရောက်သွားရင် ထမင်းမေ့ ဟင်းမေ့ ပြောနိုင်သွားတာမျိုးပဲ။ ဘာမှ မပြောဘဲလည်း အချိန်အကြာကြီး နှစ်ယောက်သား တိတ်ဆိတ်နေကြတာမျိုးလည်း ရှိတယ်။ တခြား ယောက်ျားလေးတွေနဲ့ ဆက်ဆံရသလိုမျိုး လုံးဝ ဖြစ်မနေဘူး။ တခြားလူတွေနဲ့ ဆိုရင် အလှပြင်ထားတာ ပျက်များ ပျက်သွားပြီလား။ ဆံပင်တွေက ပုံစံရော ကျနေသေးရဲ့လားလို့ တစ်ချိန်လုံး စိတ်တထင့်ထင့် ဖြစ်နေရတာ။

“ပြန်ဖို့ အချိန်တန်ပြီ ထင်တယ်” ကျွန်မ ပြောလိုက်တယ်။ “ဒါပေမယ့် သရဲတွေကို မတွေ့ရတော့ စိတ်တောင် မကောင်းဘူး”

“သူတို့ကို တွေ့ချင်ရင် ဒီမှာ ညအိပ်လိုက်ပါလား”

ကျွန်မ အနည်းငယ် အံ့ဩသွားတယ်။ အနည်းငယ်မျှပါပဲ။

“သရဲကိုတော့ တကူးတကကြီး တွေ့မနေချင်ပါဘူး။ ဒါပေမယ့် ညအိပ်လိုက်ပါလား ဆိုတာက ဘာကို ဆိုလိုတာလဲ။ အဲဒါကိုတော့ တဆိတ်လောက် ရှင်းပြစမ်းပါဦး” ကျွန်မ ပြောလိုက်တယ်။

“အဲ … … ” အီဝါကုရက အလေးအနက် စဉ်းစားနေပြီးတော့ စကားစလာတယ်။ “ဘားဆိုင်လို နေရာမျိုးမှာ အလုပ်လုပ်နေရလို့ ထင်တယ်။ အဲဒီလို ကိစ္စမျိုးက ငါ့အတွက် ဘာမှ မထူးဆန်းတော့သလိုပဲ”

“နင့်ဟာက ဘာစကားလဲ” သူ့စကားကြောင့် ကျွန်မစိတ်ထဲ နည်းနည်း တင်းသွားတယ်။

“နင် အဲဒီလို အဓိပ္ပာယ်မျိုးနဲ့ ပြောတာ မဟုတ်ဘူးဆိုတာကို ငါ သိပါတယ်။ ဒါပေမယ့် တခြားနည်းနဲ့လည်း ပြောလို့ရသေးတာပဲ ဥစ္စာ။ ဥပမာ ‘နင်က သိပ်လှတာပဲ’ တို့၊ အဲဒီလိုမှ မဟုတ်ရင်လည်း ‘နင့်ကို ငါ သဘောကျတယ်’ တို့ … ပြောစရာတွေမှ အများကြီးပါဟာ”

“မဖြစ်မနေ ပြောရမယ် ဆိုရင်တော့ ငါ သိဖူးတဲ့ မိန်းကလေးတွေ အားလုံးထဲမှာ နင့်ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ စိတ်ဓာတ်ကို သဘောအကျဆုံးပဲ” အီဝါကုရက ပြောလိုက်တယ်။

တကယ်လို့ သူ့ပါးစပ်ကသာ အဲဒီလို စကားမျိုး ထွက်လာပြီ ဆိုရင်တော့ အဲဒါ မှားစရာအကြောင်း မရှိတော့ဘူး ဆိုတာ သေချာပါတယ်။ အဲဒီလို တွေးလိုက်မိတော့ ကျွန်မရင်ထဲ ဆစ်ကနဲ နာကျင်သွားတယ်။

“ငါဆိုလိုချင်တာကဟာ … ငါတို့လို ရွယ်တူ ကောင်လေး၊ ကောင်မလေးတွေက ဘီယာ၊ အရက်သောက်ပြီး ဆိုင်ထဲက ပြန်ထွက်ကြရင် ‘ငါ့အိမ် လိုက်ခဲ့ပါလား’ ဆိုတဲ့ စကားမျိုးက သူတို့ရဲ့ နေ့စဉ်သုံး နှုတ်ဆက်စကားလို့ ဖြစ်နေကြတယ်။ ငါက ဘားဆိုင်မှာ အလုပ်လုပ်နေရတာ ဆိုတော့ အဲဒီလို စကားတွေကို နားရည်ဝနေပြီလေ။ မြင်နေကျ ကြားနေကျ ဖြစ်သွားတော့ ရင်ထဲက ခံစားချက်တွေလည်း ဘယ်နားရောက်သွားမှန်း မသိတော့ဘူး”

“ဒါတော့ ငါ နားလည်ပေးလို့ ရပါတယ်”

“ပြီးတော့ မိန်းကလေးတစ်ယောက် အနေနဲ့ တခြား ယောက်ျားလေးတစ်ယောက်ရဲ့ အခန်းတစ်ခန်းထဲမှာ နှစ်ယောက်တည်း ရှိနေတဲ့ အခါမျိုးဆိုရင် နင်တို့က ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို အရိပ်တကြည့်ကြည့်နဲ့  အကဲခတ်နေတတ်တာပဲ မဟုတ်လား။ ငါပဲ အတွေးချော်နေတာလားတော့ မသိဘူး”

“ဒါကတော့ သဘာဝပဲလေ”

“ဒါပေမယ့် ငါတို့ ယောက်ျားလေးတွေ အတွက်ကတော့ ငါတို့ရဲ့ မျက်စိထဲမှာ ဟိုအပေါက်ကလေးကိုပဲ မြင်နေတယ်။ အလှပြင်ထားတာ ဘယ်လောက်ပဲ လှလှ၊ ဘယ်လို အဝတ်အစားမျိုးကိုပဲ ဝတ်ထားဝတ်ထား၊ ဘယ်လောက် ရိုးရှင်းတဲ့ စကားတွေကိုပဲ ပြောပြော၊ ယောက်ျားတွေရဲ့ စိတ်ထဲမှာ တစ်ခုပဲ တွေးနေတတ်တယ်။ အဲဒီလူရဲ့ ကိုယ်ပေါ်မှာ အပေါက်ကလေး တစ်ပေါက် ရှိတယ်။ စိုထန့်ထန့် အပေါက်ကလေး တစ်ပေါက် ရှိတယ်။ ငါတို့ ယောက်ျားတွေ မြင်ကြတာက အဲဒါပဲ။ အဲဒီလို အတွေးမျိုးသာ ခေါင်းထဲ ဝင်လာပြီ ဆိုရင်တော့ တခြား ဘာမှ တိုးမပေါက်နိုင်တော့ဘူး”

“အန်”

“ဒါကြောင့် ငါ့ခေါင်းထဲမှာလည်း အဲဒီအပေါက်ကလေးက စိုးမိုးနေတယ်။ နင် ပြုံးနေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ စကားပြောနေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ နင့်ဆီမှာ အပေါက်ကလေး တစ်ပေါက် ရှိတယ် ဆိုတဲ့ အတွေးကိုပဲ ငါ အမြဲ တွေးနေမိတယ်”

“နင့်ဆီကနေ အဲဒီလို စကားမျိုး ကြားရတာ ငါ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလားတောင် မသိတော့ဘူး”

“အဲဒါလေး ရှိနေပါလားလို့ တွေးမိလိုက်တာနဲ့ ကျူးကျော်ချင်စိတ်တွေကလည်း ထိန်းမနိုင် သိမ်းမရတော့ဘူး။ ဒါပေမယ့် ငါက ဂျပန်ကနေ မကြာခင် ထွက်ခွာသွားရတော့မှာ ဆိုတော့ ပူဆွေးသောကတွေကိုလည်း ချန်မထားခဲ့ချင်ဘူး”

“အင်း၊ ဘယ်လိုနည်းနဲ့မဆို ပူဆွေးသောကကတော့ ကျန်ရစ်ခဲ့မှာပဲလေ။ ငါတို့ အခုလို ခင်မြဲအတိုင်း ဆက်ခင်သွားရင်လည်း အဆုံးသတ်မှာ လွမ်းဆွေးရဦးမှာပဲ။ တကယ်လို့သာ ငါတို့ ဘောင်ကျော်လိုက်ရင် နင့်ကို ချစ်မိသွားနိုင်တယ်”

“ငါလည်း အဲဒီလို ထင်တာပဲ။ တစ်ခါလောက် ကျွံဝင်သွားတာနဲ့ ဘယ်လိုမှ ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး”

“ကောင်းပြီလေ။ ငါတို့ စည်းတစ်ခုတော့ ခြားထားရအောင်။ ငါတို့ စိတ်ကျေနပ်မှု ရသလောက် လုပ်ကြတာပေါ့” ကျွန်မ ပြောလိုက်တယ်။ “အခုလို အခြေအနေမျိုးမှာ အနာဂတ်တွေ ဘာတွေကိုလည်း ထည့်မစဉ်းစားနိုင်တော့ဘူး။ အခုချိန်မှာ ငါက လူလွတ်တစ်ယောက် ဖြစ်နေတဲ့ အပြင် ဟောဒီမှာလည်း အပေါက်တစ်ပေါက်က တကယ် ရှိနေတယ်”

“တကယ်ကြီး ရတာလား”

“အဲဒီလို မေးခွန်းမျိုး မမေးစမ်းနဲ့။ နင်က ငါ့ပေါ်ချည်း ပုံချဖို့ ကြိုးစားနေတာလား”

ကျွန်မကို သို့ကလို တစ်မူထူးခြားတဲ့ နည်းလမ်းမျိုးနဲ့ ကျုံးသွင်းသွားတဲ့ သူ့ရဲ့ နည်းဗျူဟာကိုတော့  ကျွန်မ ဆလံသမိပါရဲ့။ တတ်လည်း တတ်နိုင်တဲ့ အီဝါကုရရယ်လို့ ကျွန်မ တွေးနေမိတယ်။

 

ဒီလိုနဲ့ ကျွန်မ အီဝါကုရအိမ်မှာ ညအိပ်ဖြစ်ခဲ့တယ်။

သူ့ရဲ့ မွေ့ရာက မာပြီး ပြားကပ်နေလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် သူက သူဌေးသားတစ်ယောက် မဟုတ်လား။ သူ့ရဲ့ ဗီဒိုထဲမှာ အိုဟောင်းပေမယ့် အင်မတန်မှ အမျိုးအစား ကောင်းတဲ့ မွေ့ရာတစ်ခုနဲ့ သန့်ပြန့်နေတဲ့ အိပ်ရာခင်းတွေ ရှိနေတယ်။ မွေ့ရာက ထူပြီး အိညက်နေရောပဲ။

အပြင်ဘက်မှာတော့ ဆောင်းလေအေးတွေ တဗြုန်းဗြုန်းနဲ့ တိုက်ခတ်နေလို့ ပြတင်းတံခါးတွေတောင် တဂျောင်းဂျောင်းနဲ့ တုန်ခါနေကြတယ်။

အဲဒီညက မှုန်ပျပျ အလင်းရောင်အောက်မှာ ကျွန်မတို့ တစ်ကြိမ်တစ်ခါတည်း ချစ်တင်းနှောခဲ့ကြတယ်။ နှုတ်ကနေ စကားတွေ တစ်ခွန်းတစ်ပါဒမှတောင် ပြောမနေတော့ဘဲ ကျွန်မတို့ ကာမစည်းစိမ်ကို အပြည့်အဝ ခံစားခဲ့ကြတယ်။

ကျွန်မက တခြားယောက်ျားတစ်ယောက်နဲ့ပဲ အိပ်ခဲ့ဖူးတာပါ။ ဒါပေမယ့် အဲဒီညက အီဝါကုရရဲ့ အပြုစု အယုယမှာ ကျွန်မ နစ်မြောသွားခဲ့တယ်။ သူက ကျွန်မရဲ့ ခန္ဓာကိုယ်ကို ဘယ်နေရာမှာ ဘယ်လို ထိတွေ့ ကိုင်တွယ်ရမယ် ဆိုတာ ဂရုတစိုက် လေ့လာထားသလိုပဲ။ သူက တရှိန်ရှိန် တက်နေတဲ့ သူ့ရဲ့ ခံစားချက်ကို ခဏ မျိုသိပ်ထားပြီး ကျွန်မကို ဦးစားပေးလို့ ချော့မြူဆွဲခေါ်နေတယ်။ ဒီလိုနဲ့ ကျွန်မဟာ ပထမဆုံးအကြိမ်အဖြစ် တခြားလူတစ်ယောက်ရဲ့ မျက်စိအောက်မှာ အထွတ်အထိပ်ကို ရောက်ရှိသွားတယ်။ အဲဒီလို ဖြစ်သွားတာ သေချာပြီ ဆိုတော့မှ သူက ချိန်သားတကျ တစ်ခဏလောက် ရပ်တန့်လိုက်ပြီး ကျွန်မကိုယ်ထဲကို လျှိုဝင်လိုက်တော့တယ်။ အဲဒီ တဒင်္ဂ အချိန်လေးက အင်မတန်မှကို ထူးခြားတဲ့ အခိုက်အတန့်ကလေးပါ။ ကာမဂုဏ် အတွေ့ရဲ့ အရသာကို အခုမှ ဦးဦးဖျားဖျား ခံစားဖူးကြတဲ့ အရိုင်းကလေးများလို နှစ်ယောက်စလုံးရဲ့ ရင်မှာ လှိုက်ဖိုတုန်ယင်နေကြတယ်။ ကျွန်မ ထင်တယ်။ ထူးခြားဆန်းကြယ်ပြီး ပြီးပြည့်စုံတဲ့ ကျွန်မတို့ရဲ့ ပေါင်းစပ်မှု၊ ဘာသာစကားနဲ့ ခိုင်းနှိုင်းပြလို့ မရစကောင်းတဲ့ အထုံးအနှောင်ကို သက်သေပြချင်လို့သာလျှင် အခုလို ဆက်ဆံနေကြခြင်း ဖြစ်တယ်။ ကျွန်မတို့အကြားမှာ ဘာနာကျည်းမှုမှ မရှိဘူး။ ဘာအထေ့အငေါ့မှ မရှိဘူး။ နှစ်ကိုယ်ယှဉ်တွဲပြီး အနှိုင်းဆမဲ့တဲ့ ကျေနပ်မှုကို အတူတကွ ရယူခံစားကြတယ်။ အဆုံးအစ မရှိအောင် ဆက်ပြီး ဆွဲဆန့်ထားလိုက်ချင်တဲ့ အခိုက်အတန့်မှာပဲ ရပ်တန့် ပစ်လိုက်မယ်။ ပြီးတော့ နောက်တစ်ခါ ပြန်စကြပြန်ရော။ အဲဒီလို ခံစားမှုမျိုးကို ကျွန်မ ပထမဆုံးအကြိမ်အဖြစ် နားလည် သဘောပေါက်လာခဲ့တယ်။

ကိစ္စပြီးသွားတဲ့ အခါမှာတော့ ကျွန်မတို့ ဂွမ်းကပ်အောက်ထဲမှာ ပူးကပ်ပြီး အိပ်လိုက်ကြတယ်။ နီးနီးကပ်ကပ်၊ နွေးနွေးထွေးထွေးပေါ့။

ကျွန်မတို့ အိပ်မပျော်ခင်လေးမှာ အီဝါကုရက ဒီလို ပြောလာတယ်။ “ငါ အမှန်တကယ် လိုချင်နေခဲ့တာ ဒါပဲလေ။ အတူတူ ဟော့ပေါ့ စားကြရတာထက် အခုလို တစ်စုံတစ်ယောက်နဲ့ ဘေးချင်းကပ်ပြီး အိပ်နေရတာကို ပိုပြီး တမ်းတခဲ့တာ”

“ဒါကိုပဲ ဆယ်ကျော်သက် လူငယ်တွေရဲ့ ဒုက္ခလို့ ခေါ်ရမလား မပြောတတ်ဘူးနော်” ကျွန်မ ပြောလိုက်တယ်။ “နင့်မှာ နင့်ကို ကြိုဆိုနေတဲ့၊ နင့်ကို ချစ်တဲ့ မိသားစုတစ်စု ရှိနေတယ်။ ဒါပေမယ့် နင်က အထီးကျန်နေတုန်းပဲ” အဲဒီစကားလုံးတွေက ကျွန်မရဲ့ ကိုယ်ပိုင် ခံစားချက်တွေ ဆိုရင်လည်း မမှားပါဘူး။

ကျွန်မ နိုးလာတဲ့ အချိန်မှာ အီဝါကုရဟာ အိပ်ရာထ နောက်ကျနေတာကြောင့် အင်္ကျီလဲရင်း ကမန်းကတန်း သွားတိုက်နေလေရဲ့။ ပြီးတော့ “ငါ သွားနှင့်ပြီနော်။ အခန်းတံခါးကို သော့ခတ်ပြီးရင် သော့ကို စာတိုက်ပုံးထဲမှာ ထည့်ခဲ့လိုက်” လို့ ပြောပြီး ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ အောက်ကို ပြေးဆင်းသွားတယ်။

ဒါပေမယ့် အဲဒီလို ပြေးဆင်းမသွားခင်မှာ သူက ကျွန်မအနား ရောက်လာပြီး ကျွန်မကို နမ်းသွားသေးတယ်။ အဲဒီအချိန် ကျွန်မကတော့ ဂွမ်းကပ်အောက်မှာ ကိုယ်လုံးတီးနဲ့ ရှိနေတုန်းပဲ။ “နိုင်ငံခြား မထွက်ခင် ငါတို့ တွေ့ကြဦးမယ်လေ” လို့လည်း ပြောသွားလိုက်သေးတယ်။

 

နွေးထွေးနူးညံ့တဲ့ ဂွမ်းစောင် အောက်ထဲမှာ ကျွန်မရဲ့ စိတ်ကလည်း ကြည်လင်အေးမြလို့။ နှင်းကျဖို့ တာစူနေတဲ့ မီးခိုးရောင် တိမ်လိပ်တွေကို ငေးကြည့်နေရင်းနဲ့ ကျွန်မ နောက်တစ်ကြိမ် အိပ်ပျော်သွားပြန်တယ်။

နောက်တစ်ခေါက် နိုးထလာတဲ့ အချိန်မှာ ကျွန်မရင်ထဲ အထီးကျန်မှုနဲ့ ဝမ်းနည်းမှုတွေ လှိုက်တက်လာကြတယ်။ ဒါပေမယ့် အရမ်းလည်း ကျေနပ်နေမိပြန်တယ်။ အချိန်က နံနက် ၈ နာရီ ထိုးပြီးနေပြီ။

တကယ်လို့သာ အီဝါကုရရဲ့ ပိုင်နက်ထဲမှာ အခုလို ဆက်နေသွားမယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီး ဝမ်းနည်းလာအောင် လုပ်သလို ဖြစ်နေတော့မှာပဲ။ ကျွန်မရဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို ပြန်သွားပြီး တစ်နေ့တာ လုပ်ငန်းစဉ်တွေကို စလုပ်မှ တော်တော့မယ်။

အခန်းထဲ နွေးနွေးထွေးထွေး ဖြစ်သွားအောင် အပူပေးမီးဖိုကို ကျွန်မ ဖွင့်လိုက်တယ်။ မီးဖိုထဲကနေ ထိုးတက်လာတဲ့ မီးညွှန့်တွေကို ကျွန်မ ယောင်နနနဲ့ ငေးကြည့်နေတုန်းမှာပဲ မီးဖိုချောင်ထဲက လက်ဆေးကန်နားမှာ အရိပ်တစ်ခု လှုပ်ကနဲ ရွေ့လျားသွားတယ်လို့ ကျွန်မ ခံစားလိုက်ရတယ်။

“ဟုတ်တာပေါ့။ သရဲကိစ္စကို လုံးလုံး မေ့သွားခဲ့တာပဲ” ကျွန်မ တီးတိုး ရေရွတ်လိုက်မိတယ်။

အာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါ လက်ဆေးကန်နားမှာ အဘွားအိုတစ်ယောက်ရဲ့ ကျောပြင်ကို လှမ်းမြင်ရတယ်။ သူ့ရဲ့ ပုံရိပ်က လှုပ်လှုပ် လှုပ်လှုပ်နဲ့ လက်ဖက်ခြောက် ခတ်ဖို့ ရေနွေးအိုး တည်နေတာ ဖြစ်မယ်။ အဲဒီလို ပြောရတာကလည်း ရေနွေးခရားအိုးကြီး ရွေ့လျားနေတာကို မြင်လို့ရယ် မဟုတ်ဘူး။ ရေတွေ တပွတ်ပွတ် ဆူနေတာကို တွေ့လို့ရယ်ကြောင့်လည်း မဟုတ်ဘူး။ မထင့်တထင် ဖြစ်နေတဲ့ အဘွားအိုရဲ့ ပုံရိပ်က တံလျှပ်တွေ လှုပ်ရှားသလို တအိအိနဲ့ ပြောင်းလဲနေတာကြောင့် တစ်ခုခု လုပ်နေတာပဲ ဖြစ်ရမယ်လို့ ယူဆလိုက်မိခြင်းပါ။ တစ်လှမ်းပြီး တစ်လှမ်း၊ တစ်ခုပြီး တစ်ခု၊ ဖြည်းဖြည်းချင်း ရွေ့လျားနေလိုက်တာ အသားကျနေတဲ့ လှုပ်ရှားမှု၊ အသားကျနေတဲ့ အစီအစဉ်နဲ့ အသားကျနေတဲ့ အလေးဂရု ရှိမှုတွေဟာ သူ့ရဲ့ စေ့စပ်သေချာမှုနဲ့ မေတ္တာတရားကို ဖော်ပြနေကြတယ်။ အဲဒီအပြုအမူတွေဟာ တစ်ဆံခြည်လေးတောင် မချွတ်ချော်သွားတာကို ကြည့်ခြင်းအားဖြင့် နွေးထွေးပြီး လူကို လွတ်လပ်ပေါ့ပါးသွားစေတဲ့ အဲဒီအပြုအမူတွေဟာ အဘွားအိုရဲ့ အမေ၊ ဒါမှမဟုတ် အဘွားအိုရဲ့ ဘွားအေဆီကနေ တိုက်ရိုက် အမွေဆက်ခံထားတာပဲ ဖြစ်ရမယ်။

ကျွန်မရဲ့ အဘွားလည်း အခုလိုပဲ မီးဖိုချောင်ထဲမှာ တကုန်းကုန်းနဲ့ အလုပ်လုပ်နေတတ်တာကို သတိရမိသွားတယ်။ ဒါနဲ့ ငယ်ဘဝကို ပြန်ရောက်သွားတယ် ဆိုတဲ့ စိတ်ခံစားချက်မျိုးနဲ့ အဘွားအိုကို ငေးကြည့်နေမိတယ်။ ကျွန်မ ငယ်ငယ်က အဖျားတက်လို့ အိပ်ရာပေါ် လှဲနေရပြီ ဆိုရင်လည်း အခုလိုပဲ အဘွားရဲ့ လှုပ်ရှားဟန်ကို ငေးကြည့်နေတတ်တယ်။ နောက်တော့ အဘွားအိုက ဆန်ပြုတ်တစ်ခွက်ကို ပြင်ဆင်လာပြီး ကျွန်မဆီ ယူလာပေးတော့မယ့် အလား ခံစားလာရတယ်။ ရင်ထဲမှာ ရင်းနှီးခင်မင်စိတ်နဲ့ ကြည်နူးဆို့နင့်စိတ်တွေ လှိုက်ကနဲ လျှံတက်လာတယ်။ တစ်ချိန်တည်းမှာပဲ ရင်ထဲမှာ နွေးထွေးနေပြန်ရော။

မျက်နှာချင်းဆိုင်က အခန်းထဲမှာ အဘိုးအိုက ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေတယ်။ သူက ဘောင်းဘီတို ဝတ်ထားတယ်။ ကွေးထားတဲ့ သူ့ရဲ့ ခါးနဲ့ ခြေထောက်တွေကို ဖြည်းဖြည်းချင်း ဆန့်ထုတ်နေတယ်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းကို စိတ်ရှည်လက်ရှည်နဲ့ လုပ်နေလေရဲ့။ အခုလို လုပ်ခြင်းအားဖြင့် သူ့ခန္ဓာကိုယ်ဟာ ကျန်းမာသန်စွမ်းလာမှာပဲလို့ သူ အပြည့်အဝ ယုံကြည်နေမှာ အမှန်ပဲ။ မီးလင်းဖိုကြောင့် သူတို့ရဲ့ ကျဆုံးခန်း ဖြစ်လာလိမ့်မယ်လို့ သူတို့ နည်းနည်းလေးမှ တွေးမိကြလိမ့်မယ် မထင်ဘူး။

သူတို့ လင်မယား နှစ်ယောက်က အင်မတန်မှ ရိုးရှင်းတဲ့ ဘဝတစ်ခုကို ဖြတ်သန်းရှင်သန်နေကြတယ်။ သူတို့ရဲ့ အိမ်ငှားတွေကို နွေးနွေးထွေးထွေး နှုတ်ဆက် စကားပြောရင်း သူတို့ ရစရာ ရှိတဲ့ အိမ်ငှားခတွေကို စာရင်းနဲ့ဇယားနဲ့ တိတိကျကျ မှတ်သားထားကြတယ်။ တစ်လမှာ တစ်ကြိမ် ဆိုသလို သတ်မှတ်ထားတဲ့ စားသောက်ဆိုင်မှာ မှာနေကျ အစားအစာကို အရသာခံပြီး စားသောက်တတ်ကြတယ်။ ဒါကလည်း သူတို့ရဲ့ ရိုးရှင်းတဲ့ ဇိမ်ခံနည်း တစ်မျိုးပဲ။

ဘာဖြစ်လို့ သူတို့ကို နည်းနည်းလေးမှ ကြောက်မနေရတာလဲ။ တကယ်တော့ သူတို့က သေသွားကြတာ မဟုတ်ဘူး။ သူတို့ရဲ့ ဘဝကို သူတို့ရဲ့ စိတ်ကြိုက် ပုံစံနဲ့ ရိုးရိုးလေး ဆက်လက် ရှင်သန်နေကြတာပါ။

ဂွမ်းကပ်အောက်မှာ ကွေးနေရင်း ကျွန်မရဲ့ အတွေးက အီဝါကုရဆီ ရောက်သွားတယ်။ ဒီအိမ်ကြီးထဲမှာ သူက သူတို့နဲ့ အေးအေးချမ်းချမ်း နေနေပြီး သူတို့ကို နည်းနည်းလေးမှ အနှောင့်အယှက် မပေးဘဲ သူတို့ရဲ့ လှုပ်ရှားမှုနေတွေကို ငေးကြည့်နေတတ်တယ်။ သူ့ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ရိုးရိုးကုပ်ကုပ် နေတတ်တဲ့ စိတ်သဘောထားကို တွေးမိလိုက်တော့ ကျွန်မရင်ထဲ သိမ့်ကနဲ ဖြစ်သွားခဲ့တယ်။ သူ့ကို တကယ်ပဲ ချစ်မိသွားပြီ ထင်ပါရဲ့။ ကျွန်မ ခန္ဓာကိုယ် အနှံ့အပြားမှာ အခုချိန်ထိ သူ့ရဲ့ အထိအတွေ့ကို ခံစားလို့ ရနေတုန်းပဲ။ သူ့ရဲ့ လူပုံက ပျော့တယ်၊ ရိုးသားတယ်၊ နောက်ပြီး နူးညံ့သိမ်မွေ့တယ် ဆိုပေမယ့် တကယ့် အားမာန်ပြည့်တဲ့ ယောက်ျားကြီးတစ်ယောက်လို ကျွန်မကို ထွေးပွေ့ထားနိုင်ခဲ့တယ်။

အဘွားအိုက မီးဖိုချောင်ထဲမှာပဲ တစ်ချိန်လုံး တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတယ်။ အဘိုးအိုကတော့ သူ့လေ့ကျင့်ခန်းသူ လုပ်မြဲ လုပ်ဆဲ။ သူတို့ကို မြင်ရတာ ကိုယ့်ရဲ့ သွေးသားအရင်းအချာတွေလို နွေးထွေးမှု ရှိပြီး စိတ်ငြိမ်းချမ်းနေတယ်။ စားသောက်ဆိုင်မှာ သူတို့ကို မြင်ခဲ့ဖူးတဲ့ ပုံစံအတိုင်းပါပဲ။

သူတို့ကို အနှောင့်အယှက် မဖြစ်ရလေအောင် ဆိုပြီး ကျွန်မလည်း အဝတ်အစားကို ညင်ညင်သာသာ ဝတ်စားပြီး အခန်းထဲကနေ ခြေသံလုံလုံ ထွက်ခွာလာခဲ့တယ်။

တံခါးအပြင်ဘက်ရောက်မှ အတွင်းဘက်ကို လှည့်ပြီး ကျွန်မ သူတို့ကို နှုတ်ဆက်လိုက်တယ်။ “ကျွန်မ ပြန်လိုက်ပါဦးမယ်နော်။ အခုလို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဒါပေမယ့် သူတို့ ကျွန်မကို လှည့်မကြည့်ကြပါဘူး။ သူတို့ရဲ့ အေးဆေးတည်ငြိမ်တဲ့ ဘဝလေးထဲမှာပဲ ဆက်လက် စီးမျောနေကြတယ်။

 

အီဝါကုရရဲ့ အစီအစဉ်က နိုင်ငံခြား မထွက်ခင်အထိ သူသိထားတဲ့ ပြင်သစ်ကြီး တစ်ယောက်ဆီမှာ ပြင်သစ်စကားပြော သင်တန်းကို ဈေးပေါပေါနဲ့ သင်ယူဖို့ပဲ။ နောက်ပြီး ပြင်သစ်စကားကို ကောင်းကောင်း ပြောတတ်ပြီ ဆိုတာနဲ့ ပါရီမြို့စွန်မှာ ရှိတဲ့ မုန့်ဖုတ်သင်တန်းကျောင်းမှာ စာရင်းသွင်းမယ်။ ဒါကြောင့် သူဟာ နောက်ထပ်တစ်ကြိမ် ရက်ရက်စက်စက် အလုပ်ရှုပ်နေပြန်တယ်။ တက္ကသိုလ်မှာ ကျွန်မတို့ မျက်နှာချင်းဆိုင် ဆုံမိကြပြီ ဆိုရင်တောင် သူက အဝေးကနေ ကျွန်မကို လှမ်းပြီး လက်ပြရုံပဲ တတ်နိုင်တယ်။ ဒီလို ဒီလိုနဲ့ပဲ ခွဲခွာရတော့မယ့် ရက်က တဖြည်းဖြည်း နီးသထက် နီးလာခဲ့ပြီ။

ကျွန်မ ကိုယ်နှိုက်ကလည်း သူ့ကို တမင်သက်သက် ရှောင်ဖယ်ဖယ် လုပ်နေခဲ့မိတယ်လေ။ ကျွန်မတို့ရဲ့ အကြားမှာ စည်းတစ်ခု ခြားထားလိုက်ချင်တာလည်း ပါတာပေါ့။

သူ့ရဲ့ စကားတစ်ခွန်းကိုတော့ ကျွန်မ မမေ့နိုင်သေးဘူး။ “ငါတို့ ထပ်တွေ့ကြရအောင်” တဲ့။ အတိအကျ ပြောကြေး ဆိုရင်တော့ “ငါတို့ ထပ်လုပ်ကြရအောင်” ဖြစ်လိမ့်မယ် ထင်တယ်။ အင်း … ကျွန်မလည်း တွေ့ (လုပ်) ချင်ပါသေးတယ်။ သူလည်း ကျွန်မလို နေမှာပါပဲ။

ဒါပေမယ့် ကျွန်မဘက်ကတော့ သူ့ကို တကူးတက ဖုန်းဆက်တာတို့၊ စာတိုပို့တာတို့တော့ လုပ်မှာ မဟုတ်ဘူး။

ကျွန်မရဲ့ အယူအဆကို ပြောရမယ်ဆိုရင် အခါအခွင့်ဆိုတာမျိုးက သူ့ဟာသူ အလိုအလျောက် ပေါ်လာတာမျိုးပဲ ကောင်းတယ်။

ဒါနဲ့ပဲ သူ နိုင်ငံခြားထွက်ဖို့ နှစ်ပတ်အလို သောကြာနေ့ရဲ့ နံနက်ခင်းတစ်ခု ဘူတာရုံအရှေ့မှာ ကျွန်မတို့နှစ်ယောက် မျက်နှာချင်းဆိုင် ဆုံမိပါလေရော။ အဲဒီနေ့က မိုးကောင်းကင်ပေါ်မှာ မီးခိုးရောင် ဖဲကတ္တီပါကြီး ဖြန့်ကျက်ထားတဲ့အတိုင်း ညှို့မှိုင်းအုံ့ဆိုင်းပြီး လေကလည်း အဆက်မပြတ် တိုက်ခတ်နေတယ်။

နှစ်ယောက်စလုံးက ကိုယ်ပေါ်မှာ အနွေးထည် ထူထူကြီးတွေ ဝတ်ထားကြတာ ဆိုတော့ ကျွန်မတို့ အတူတူ အလုပ်လုပ်ခဲ့ကြတဲ့ နွေရာသီကာလက အခုချိန်နဲ့ဆို အင်မတန်မှ ဝေးကွာနေသယောင် ထင်မှတ်နေရတယ်။

“ဒီနေ့ ငါ စကားပြောသင်တန်း မသွားတော့ဘူး။ အထုပ်အပိုးတွေ ပြင်ဆင်စရာ ရှိသေးတယ်”

အီဝါကုရရဲ့ အကြည့်တွေက ချစ်သူရည်းစားကို ကြည့်တဲ့ ရွှန်းလဲ့လဲ့ အကြည့်မျိုးတွေ ဖြစ်နေတုန်းပဲ။ လက်ကနဲ လက်ကနဲ တောက်ပနေတတ်တဲ့ အကြည့်မျိုး။ ကျွန်မကို ရုတ်တရက် ပွေ့ဖက်လိုက်တော့မယ့် အလား ကြည့်နေတယ်။ ဒါပေမယ့် အဲဒီအကြည့်တွေက ငတ်မွတ်ဆာလောင်နေတဲ့ အကြည့်မျိုးတော့ မဟုတ်ဘူး။ သူ့ဘဝအတွက် အင်မတန်မှ အရေးပါတဲ့ အရာတစ်ခုခုကို စိုက်ကြည့်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့ အကြည့်မျိုးပါ။

“ငါလည်း အလုပ်နားထားတယ်” ကျွန်မ ပြောလိုက်တယ်။ “ဒါပေမယ့် ငါ အခု စာအုပ်ဆိုင် သွားမလားလို့”

ကျွန်မတို့ စာအုပ်ဆိုင်ကို သွားကြပြီး အတူတူ နေ့လယ်စာ စားလိုက်ကြတယ်။

“သူတို့ အိမ်ကြီးကို ဖျက်ကြတော့မယ်။ ငါ နိုင်ငံခြားထွက်တာနဲ့ ဖျက်ပစ်တော့မယ်တဲ့”

“ဒါဆို သူတို့နှစ်ယောက်က ဘယ်လိုလုပ်ကြမှာလဲ”

“နင် သူတို့ကို မြင်ဖူးတာလား”

“အင်း၊ သူတို့က သူတို့ရဲ့ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေကြတာလေ။ ငါ့ရဲ့ ဆိုင်မှာ ပုံမှန် ထမင်းလာစားကြသလိုပါပဲ။ ငါ သူတို့ရဲ့ ရုပ်ပုံတွေကို မှတ်မိနေသေးတယ်။ အဘွားအိုက လက်ဖက်ရည်အိုး ပြင်နေတယ်။ အဘိုးအိုက ကိုယ်လက် လေ့ကျင့်ခန်း လုပ်နေတယ်”

“ဘယ်လိုလဲ။ ကြောက်စရာ မကောင်းဘူး မဟုတ်လား”

“ဟင့်အင်း။ ဘယ်လို ပြောရမလဲ။ စိတ်ထဲမှာ နွေးနွေးထွေးထွေးနဲ့ ကိုယ့်အိမ်ကိုယ် ပြန်ရောက်နေတဲ့ အတိုင်းပဲ”

“သူတို့အတွက် အမွှေးတိုင်လေး ဘာလေးနဲ့ ကန်တော့ဖို့ လိုမယ် ထင်တယ်နော်”

“ဟုတ်တယ်။ ဒါမျိုးကိစ္စမှာ အကျွမ်းကျင်ကြီး မဟုတ်ပေမယ့် အမွှေးတိုင်လောက်နဲ့တော့ ကန်တော့သင့်တယ် ထင်တာပဲ”

ကျွန်မတို့နှစ်ယောက်က အိမ်ထောင်သက်ရင့်တဲ့ လင်မယားတွေအလား ဂန္ဓာမာပန်း ဖြူဖြူတစ်ပွင့်နဲ့ အမွှေးတိုင်တချို့ ဝယ်လိုက်ကြတယ်။ နောက်ပြီး ကျွန်မခေါင်းထဲ အတွေးတစ်ခု ဝင်လာပြန်တယ်။

“သူတို့ကို ကြက်ဥလိပ်ထမင်းနဲ့ ဝက်ကာရီထမင်းနဲ့သာ ဆက်ပေးနိုင်ရင် ကောင်းမှာနော်။ သူတို့လည်း အရမ်း စားချင်နေရှာမှာပဲ”

အီဝါကုရက သဘောတူကြောင်း ပြောလာတာနဲ့ ကျွန်မတို့ စူပါမားကတ်သွားပြီး လိုအပ်တဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်လိုက်ကြတယ်။

ညနေရောက်တော့ လိုအပ်တဲ့ ပစ္စည်း အစုံအလင်ကို ကျွန်မတို့ ဝယ်ပြီးကြပြီ။ လက်ထဲမှာ အိတ်အဖြူတွေက တိုးလိုးတွဲလောင်းနဲ့။ ဝတ်ထားကြတာက ပေါ့ပေါ့ပါးပါးဆိုတော့ ပုခုံးချင်းယှဉ်ပြီး လမ်းလျှောက်နေကြတဲ့ ကျွန်မတို့ နှစ်ယောက်ကို အများက ညားခါစ လင်မယားလို့ ထင်နေကြမှာပဲ။ ဒါမှမဟုတ် ချစ်ရည်ရွှန်း‌နေတဲ့ အတူနေ ချစ်သူမောင်နှံတွေပေါ့။ ဒါပေမယ့် ကျွန်မတို့ နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာတော့ နာကျင်မှုတွေနဲ့ပါ။ မကြာခင်မှာပဲ ခွဲခွာကြရတော့မှာလေ။

အခုချိန်မှာ ဘာပဲ လုပ်နေရ လုပ်နေရ၊ ကြည်နူးနေတယ်။ ပျော်ရွှင်နေတယ်။ ဆို့နင့်မှုကလေးကတော့ နည်းနည်းစီ စွက်နေတာပါပဲ။

အီဝါကုရက သူ့အခန်းကို အားလုံးနီးပါး သိမ်းဆည်း ထုပ်ပိုးပြီးသွားပြီ။ သူက ကျွန်မကို ပြောပြတယ်။ ဟိုဘက်ရောက်ရင် သူက မိသားစုတစ်စုရဲ့ အိမ်မှာ အခန်းတစ်ခန်း ရမယ်။ အပြန်အလှန်အားဖြင့် သူက အဲဒီမိသားစုရဲ့ ကလေးတွေကို ထိန်းကျောင်းပေးရမယ်တဲ့။ သူ့အဖေက ကြိုတင်ပြီး အဆက်အသွယ် လုပ်ပေးထားတယ်။

“ဒီလိုဆိုတော့ သူက နင် သွားမှာကို သဘောတူလိုက်ပြီ ဆိုတဲ့ သဘောလား”

“ဘိုးတော်က သဘောတူတယ်။ ဒါပေမယ့် ငါ့အမေက အခုထိ ကန့်ကွက်နေတုန်းပဲ။ ငါ ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူး ဆိုတာကို သူ သိနေပုံရတယ်။ ငါ မညာချင်ဘူးလေ။ ဒီတော့ ပြန်လာပါမယ်လို့လည်း သူတို့ကို ကတိမပေးချင်ဘူး။ ဟိုရောက်သွားရင် ငါ တတ်နိုင်တဲ့အချိန်မှာ ငါနဲ့ သင့်လျော်တဲ့ နေရာတစ်ခုကို ရှာတွေ့နိုင်မှာပါ”

သူ့ရဲ့ ရှေ့ရေးကို ပြောပြနေတဲ့ အချိန်မှာ သူ့မျက်နှာက ဝင်းပရွှန်းစိုနေတယ်။ တစ်ချိန်က တက္ကသိုလ်တက်ရင်း အလုပ်လုပ်ပြီး လမ်းပျောက်နေတဲ့ ယောင်နန လူငယ်တစ်ယောက်ရဲ့ မျက်နှာပေးနဲ့ နည်းနည်းမှ မတူတော့ဘူး။ ပြင်သစ်ပြည်မှာ သင်ယူရတဲ့ ပညာတွေက သူ့ကို ကောင်းကောင်းကြီး အထောက်အကူ ပြုနိုင်လိမ့်မယ် ဆိုတာကို သူ့မျက်လုံးတွေထဲမှာ ကျွန်မ တွေ့မြင်နေရတယ်။ ကျွန်မ သူ့အတွက် ဝမ်းသာနေမိတယ်။ မနာလိုလည်း မဖြစ်မိသလို နောင်တလည်း မရခဲ့ဘူး။ သူ့ကို အခုလို ပုံစံမျိုးနဲ့ တွေ့မြင်နေရတာကိုပဲ ကျွန်မ ပိုပြီး နှစ်သက်သဘောကျတယ်။ မျက်နှာ ဖြူဆုတ်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ အီဝါကုရကို ကျွန်မ မမြင်ရက်ဘူး။

သူ့အိမ်ခန်းထဲကို ကျွန်မတို့ ရောက်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အီဝါကုရနဲ့ ကျွန်မတို့ဟာ ဂွမ်းစောင်အောက်ထဲ တန်းဝင်သွားပြီး ‘ချစ်’ပစ်လိုက်ကြတယ်။ ပြီးတော့ ကိုယ်လုံးတီးနဲ့ပဲ ကျွန်မတို့နှစ်ယောက် ဟိုဟိုဒီဒီ လျှောက်ပြောနေကြသေးတယ်။ ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ ကျွန်မတို့ရဲ့ မိသားစုတွေ၊ ကျွန်မတို့ရဲ့ အကြိုက်တွေ၊ ကျွန်မတို့ရဲ့ အနာဂတ် ရည်မှန်းချက်တွေ။

ဘယ်သို့ဆိုစေ ဆို့နင့်တဲ့ ခံစားချက်ကတော့ တဝဲလည်လည်နဲ့ တစ်ချိန်လုံး အနားမှာ ရစ်သီနေတယ်။ ကျွန်မတို့ ဘာတွေပဲ လုပ်လုပ် မကြာခင် ခွဲခွာရတော့မယ် ဆိုတဲ့ အသိက ရွေ့လျားနေတဲ့ မိနစ်စက္ကန့်တိုင်းမှာ ကျွန်မကို တောင့်တင်း အေးခဲစေတယ်။ တစ်ယောက်ကိုတစ်ယောက် ရယ်စရာတွေ ပြောပြီး တဟားဟားနဲ့ ရယ်မောလိုက်ကြပေမယ့် ရယ်သံတစ်ခုချင်းစီရဲ့ အဆုံးသတ်မှာ ဝမ်းနည်းမှုကလေးက တဒင်္ဂလောက်ဖြစ်ဖြစ် ကပ်ပါလာတတ်စမြဲပဲ။ ဒါပေမယ့် အခုလို တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် ရှိနေကြရတာကို ကျွန်မ နှစ်ခြိုက် သဘောကျတယ်။ ဒါကြောင့်လည်း ပစ္စုပ္ပန်တည့်တည့်မှာ နေနိုင်ဖို့ ကျွန်မ ကြိုးစားနေမိတယ်။

ညနေ မှောင်ရီပျိုးလာတော့ ကျွန်မတို့ ဗိုက်ဆာလာကြပြီ။ ထုပ်ပိုးပြီးသား ဂျက်ဖာတွေထဲက ဒယ်ပြားတစ်ချပ်၊ ဓားတစ်ချောင်းနဲ့ စဉ်းတီပြားတစ်ပြားကို မရအရ ဆွဲထုတ်ပြီး ဝက်ကာရီထမင်းနဲ့ ကြက်ဥလိပ်ထမင်းကို ချက်ပြုတ်ဖို့ စတင် ပြင်ဆင်ကြတယ်။

ခါတိုင်း အချိန်ကထက်ကို ပိုပြီး ကျွန်မ စိတ်ပါလက်ပါနဲ့ ဟင်းတွေကို ပြင်ဆင်ချက်ပြုတ်ခဲ့တယ်။ ဒီအဘိုးအို၊ အမယ်အို နှစ်ယောက်က ကျွန်မတို့ဆိုင်ရဲ့ အစားအစာတွေကို တကူးတက ရွေးချယ်ခဲ့ကြတာဆိုတော့ သူတို့ရဲ့ နောက်ဆုံး အချိန်လေးမှာ ဘဝရဲ့ အရသာကို အကောင်းဆုံး ခံစားသွားကြစေချင်တယ်။ သူတို့နှစ်ယောက်ကို ဆက်ဖို့အတွက် ချက်ပြုတ်နေတာပါလားလို့ စဉ်းစားမိလိုက်တာနဲ့ ကျွန်မရဲ့ အာရုံတွေက ပိုမိုစူးရှလာပြီး စိတ်ဓာတ်ကလည်း ပိုမို လေးနက်တည်ကြည်လာတယ်။ သူတို့ နောက်နောင် ဘယ်တော့မှ လာနိုင်ကြမှာ မဟုတ်တော့ဘူး။ သူတို့ကို ဧည့်ခံချင်လို့တောင် ဧည့်ခံနိုင်မှာလည်း မဟုတ်တော့ဘူး။ ဒါပေမယ့် ဒီဟင်းလျာတွေထဲမှာ ရောသမမွှေထားတဲ့ ကျွန်မရဲ့ စေတနာ၊ မေတ္တာတွေကို သူတို့ မြည်းစမ်းနိုင်ပါစေလို့ ကျွန်မ တောင့်တနေမိတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ကျွန်မတို့ရဲ့ စားသောက်ဆိုင်ကို မပြတ်မကွက် လာရောက် အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘိုးဘိုးဘွားဘွားတို့ကို ကျွေးမွေးဧည့်ခံခွင့် ရတဲ့အတွက် ကျွန်မ ဂုဏ်ယူနေမိပါတယ်။

ချက်ပြုတ်ထားတဲ့ ဟင်းအများစုကတော့ အီဝါကုရနဲ့ ကျွန်မအတွက်ပါပဲ။ ဒါပေမယ့် အဲဒီအထဲက အနည်းအကျဉ်းကို စက္ကူပန်းကန်ပြားထဲ ထည့်ပြီး အဲဒါတွေကို ပြတင်းပေါက် ကျည်းဘောင်ပေါ် တင်ထားလိုက်တယ်။ ဂန္ဓမာပန်းပွင့်ကို စက္ကူခွက်ထဲ ထည့်ပြီး ပန်းကန်ပြားတွေရဲ့ ဘေးနားမှာ ချထားလိုက်တယ်။ အမွှေးတိုင်တချို့ ထွန်းပြီး ကျွန်မတို့နှစ်ယောက် အတူတကွ လက်အုပ်ချီ ရှိခိုးလိုက်ကြတယ်။ ဒီအဆောက်အအုံကြီးကို ဖြိုချလိုက်တဲ့အခါ သူတို့ရဲ့ ဝိညာဉ်တွေဟာ တခြားတစ်နေရာမှာ စံစားနိုင်ပါစေလို့ ကျွန်မတို့ ဆုတောင်းပေးကြတယ်။ သူတို့အတွက် ဘီယာပုလင်း အသေးတစ်လုံးလည်း ဆက်ခဲ့ပါသေးတယ်။

ကျွန်မ လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ခဲ့ပြီးပြီလို့ ကျွန်မ ခံစားလိုက်ရတယ်။ စိတ်လက်လည်း ပေါ့ပါးသွားတာပေါ့။

ကိုယ့်အိမ်က ချက်တဲ့ ဟင်းလျာတွေကို နှစ်သက်သဘောကျတဲ့ လူတွေအပေါ် ထိုက်သင့်သလို ကျေးဇူးတုံ့ပြန်ရမှာကလည်း ကျွန်မရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ဝတ္တရား တစ်ခုပဲ မဟုတ်လား။

ရှေ့တစ်ခေါက်ကလိုပဲ။ အီဝါကုရက ကျွန်မ ချက်ထားသမျှ ဟင်းတွေကို ခွေးလျက်စရာတောင် မကျန်အောင် အပြောင်အစင် စားပစ်လိုက်တယ်။ ရှယ်ပဲ၊ ရှယ်ပဲ ဆိုတာက ပါသေး။

ပြီးတော့ အနည်းငယ် ပိုပြီး တည်ငြိမ်အေးဆေးစွာနဲ့ ကျွန်မ နောက်တစ်ကြိမ် ‘ချစ်’လိုက်ကြပြန်တယ်။

“ပိုပိုပြီး ရင်းနှီးကျွမ်းဝင်လာခါမှ ခွဲခွာရတော့မယ် ဆိုတော့ ငါ့ရင်ထဲ မချိအောင် ခံစားနေရတယ်”

အီဝါကုရက ပြောလာတယ်။ ကျွန်မလည်း ထိုနည်းလည်းကောင်းပါပဲ။

သရဲတွေက ထပ်ပြီး ပေါ်မလာကြတော့ဘူး။ ကျွန်မအထင်တော့ အစားအသောက်တွေကို သူတို့ ကျေနပ် သဘောကျနိုင်ပါလိမ့်မယ်။

တကယ်လို့သာ ဒီမှာ ညအိပ်လိုက်မယ် ဆိုရင် ကျွန်မ ပိုပြီး ခံစားရတော့မှာ သေချာတယ်။ ဒါနဲ့ အိမ်ပြန်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ အီဝါကုရက ကျွန်မကို လိုက်ပို့တယ်။

ညဉ့်လမ်းမပေါ်မှာ ကျွန်မတို့ တစ်လှမ်းချင်း လျှောက်လှမ်းနေကြတယ်။ စိတ်ထဲမှာတော့ အတော်အတန် ပေါ့ပါးနေကြတာပေါ့။

“ငါ နင့်ဆီ အီးမေးလ် ရေးလာခဲ့မယ်”

“အင်း၊ ငါ အရမ်း ပျော်တာပဲ။ ကျေးဇူးပဲဟာ”

ကျွန်မတို့နှစ်ယောက် အပြုံးကိုယ်စီနဲ့ ပွေ့ဖက်လိုက်ကြတယ်။ ကျွန်မတို့ရဲ့ ကိုယ်အနွေးဓာတ်တွေက ကုတ်အင်္ကျီတွေထဲ စိမ့်ဝင်သွားပြီး အထဲမှာ ပေါင်းဆုံသွားကြတယ်။ ကျွန်မတို့ရဲ့ ရင်တွေက နွေးထွေးလို့။

“ငါတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဒီလောက်တောင် ချစ်နေပါလျက်နဲ့ မကြာခင်မှာ ခွဲခွာကြရတော့မယ်နော်”

ပြောပြီး ကျွန်မ ခေါင်းမော့ကြည့်လိုက်တော့ အီဝါကုရရဲ့ မျက်ဝန်းတစ်စုံမှာ မျက်ရည်တွေနဲ့ ပြည့်လျှမ်းနေတယ်။

“ငါတို့ နှစ်ယောက်စလုံးက သိပ်ကို လိမ္မာလွန်းနေကြတယ်လေ။ မွေ့ရာပေါ်က ကိစ္စကို အပျော်သဘော သက်သက်ရယ်လို့ သဘောမထားနိုင်ကြဘူး”

“နင်က သားလိမ္မာလေးတစ်ယောက် မဖြစ်ချင်လို့ပဲ ဂျပန်ကနေ လစ်ထွက်သွားတာ မဟုတ်လား”

“အင်း၊ ဒါပေမယ့် နင့်အရှေ့မှာတော့ အဲဒီလို နေလို့ မရဘူး။ နင်က ငါ့ကို အူမချေးခါးမကျန် အကုန်လုံး မြင်နေတာလေ”

“တစ်ချိန်ချိန်တော့ ပြန်ပြီး ရေစက်ဆုံကောင်းပါရဲ့ဟာ”

အဲဒီလိုနဲ့ ကျွန်မတို့ လမ်းခွဲလိုက်ကြတယ်။

အီဝါကုရက သူ့လက်ကို မနားတမ်း ဝှေ့ယမ်းနေပြီး ကျောခိုင်းသွားတဲ့ ကျွန်မကို ညဉ့်ယံလမ်းမထက်ကနေ ငေးကြည့်ကျန်ရစ်ခဲ့တယ်။

 

ကျွန်မတို့ နှစ်ယောက်စလုံးက တစ်ဖက်လူရဲ့ အနာဂတ်ရေးအတွက် တွေးပူပေးနေကြတယ် ထင်ပါရဲ့။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ဘယ်သူ့ဘယ်သူကမှ အဆက်အသွယ် မလုပ်ဖြစ်ကြဘူး။

အီဝါကုရဆီက အီးမေးလ်တစ်စောင်ပဲ ရဖူးခဲ့တယ်။ သူ့ရဲ့ လက်တလော အခြေအနေက လွဲလို့ သူ ရေးထားတာက “ဒီမှာရှိတဲ့ စကီလေးတွေက ငါ့ကို ရှိတယ်လို့တောင် ထင်ကြတာ မဟုတ်ဘူးဟ” တဲ့။

အဲဒီ လေသံ၊ စကားကို ပေါ့ပေါ့ပါးပါး ပြောတတ်တဲ့ သူ့ရဲ့ ဟန်ပန်က အတိတ်ရဲ့ ပုံရိပ်တွေ အားလုံးကို ပြန်လည် မြင်ယောင်လာစေတာကြောင့် ကျွန်မရဲ့ မျက်လုံးအိမ်ထဲ မျက်ရည်တွေ ရစ်ဝဲလာတယ်။

မတ်တတ်ရပ်ပြီး ဘယ်ဆီဘယ်ဝယ်မှန်း မသိ ငေးကြည့်နေတတ်တဲ့ အီဝါကုရရဲ့ ပုံရိပ်၊ ကျွန်မတို့အတူ ကောင်းကင်ကြီးရဲ့ အရောင်ကို ငေးကြည့်နေခဲ့တာတွေ၊ လက်ဝါးနှစ်ဘက်ကို ထပ်ပြီး ပွတ်နေတတ်တဲ့ သူ့ရဲ့ အမူအကျင့်တွေ၊ စတဲ့ စတဲ့ ပုံရိပ်တွေဟာ ကျွန်မ ခေါင်းထဲမှာ အလျှိုလျှို ပေါ်လာကြတယ်။

တကယ်လို့သာ တစ်စုံတစ်ရာ အပြောင်းအလဲ ရှိခဲ့မယ်ဆိုရင် ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက သေတစ်ပန် သက်တစ်ဆုံး မပျောက်မပျက် ခိုင်မြဲသွားနိုင်တယ်။ ဒါပေမယ့် အခုကျတော့ ကျွန်မတို့ ဘယ်လိုမှ ပြန်မတွေ့နိုင်ကြတော့ဘူးလေ။ အဲဒီလို တွေးမိလိုက်တာနဲ့ မျက်ရည်တွေဟာ တားမနိုင် ဆီးမရ လှိမ့်ကျလာတော့တယ်။

တစ်ရက်မှာ သူနေခဲ့ဖူးတဲ့ အိမ်အိုကြီးနားကို ကျွန်မ ရောက်သွားတယ်။ အဲဒီ အိမ်ကြီးက အစအနတောင် မကျန်တော့ဘဲ အဲဒီနေရာမှာ အင်မတန် ကြီးမားခန့်ညားတဲ့ အဆောက်အအုံကြီးတစ်လုံး အသစ် ဆောက်နေတာ တွေ့ခဲ့ရတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်ပျက် ပြောင်းလဲနေသလဲ ဆိုတာကို လေ့လာမှတ်သားတာက ကျွန်မရဲ့ လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခု ဆိုပေမယ့် အဲဒီမြင်ကွင်းက ကျွန်မရင်ကို တဆစ်ဆစ် နာကျင်စေခဲ့တယ်။ တစ်ချိန်က တောက်ပခဲ့ဖူးတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်မီးလျှံဟာ ဟိုအဘိုးအဘွား စုံတွဲနဲ့အတူ မြေကြီးအောက် အပြီးအပိုင် မြှုပ်နှံသင်္ဂြိုဟ် ခံလိုက်ရပြီလို့ ကျွန်မ ခံစားလိုက်ရတယ်။

အရာအားလုံး ကောင်းရာမွန်ရာ ရောက်နိုင်ပါစေ။

ရင်ထဲကနေ ဆုမွန်ကောင်းတောင်းရင်း ကျွန်မ ဆက်လျှောက်လာခဲ့တယ်။

နောက်တော့ အချိန်ကာလရဲ့ ရွေ့လျားမှုနဲ့အတူ အရာရာကို ကျွန်မ မေ့လျော့သွားတယ်။

 

ဒါပေမယ့် နောက် ၈ နှစ်အကြာမှာ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။ အဲဒါကို ရှေးရေစက်လို့ပဲ ဆိုရမလား။

 

အီဝါကုရရဲ့ အကြောင်းကို အရင် ပြောကြရအောင်။ လွန်ခဲ့တဲ့ ရှစ်နှစ်လုံးလုံးမှာ သူက ပါရီမြို့စွန်က စားသောက်ဆိုင်တစ်ဆိုင်မှာ ကိတ်မုန့်ဖုတ်ဆရာတစ်ယောက် လုပ်နေခဲ့တယ်။ ကျွန်မ ထင်ပါတယ်။ အဲဒီကာလအတွင်းမှာ သူလည်း အချစ်အမျိုးမျိုး၊ လောကဓံ အဖုံဖုံကို ကြုံတွေ့ခဲ့မှာ အမှန်ပဲ။

ကျွန်မကလည်း အဲဒီကြားကာလ အတွင်းမှာ ချစ်သူတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ မိသားစုရဲ့ လက်ငုတ်လက်ရင်း ဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းကို ဥပေက္ခာပြုပြီး ရိုးရိုး အိမ်ရှင်မတစ်ယောက်ပဲ လုပ်တော့မယ် လို့တောင် စဉ်းစားခဲ့ဖူးတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ လမ်းခွဲနှုတ်ဆက်ခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။ ဒီတော့ ကိုယ့်ရဲ့ မွေးရာပါ တာဝန်ကိုပဲ ဆက်လက် ထမ်းဆောင်ရတော့တာပေါ့။ တည်ငြိမ်အေးဆေးတဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ ထောင်ကဲမတစ်ယောက် ဖြစ်ဖို့ဆိုတာ ကျွန်မအတွက် အဝေးကြီး လိုသေးတာ အမှန်ပဲ။ ဒါပေမယ့် လုပ်ငန်းတာဝန်တွေကို ကျွန်မနဲ့ ပစ်ထားခဲ့ပြီး ရေပူစခန်းကို ပျော်ပွဲစား ထွက်ကြဖို့ အဖေနဲ့အမေကို အကြံပြုလိုက်တယ်။ သူတို့ မရှိတဲ့ တစ်ပတ်တာဆိုတဲ့ အချိန်အတွင်းမှာ စားသောက်ဆိုင်ကို ကျွန်မက အုပ်ချုပ်စီမံရတော့တာပေါ့။

အီဝါကုရရဲ့ အမေက နှလုံးရောဂါ ဖောက်လာလို့ အနိစ္စရောက်သွားတယ်။ အဲဒီနှစ် ၄ လပိုင်းကပေါ့။

ကျွန်မ နာရေးအခမ်းအနားကို မတက်လိုက်ရဘူး။ သူတို့သားနဲ့ အကြိမ်ကြိမ် အိပ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့မြင်ရရင် သူတို့လည်း နေရထိုင်ရ ခက်မှာ အမှန်ပဲလို့ တွေးလိုက်မိတာကြောင့်ပါ။ ဒါပေမယ့် ကျွန်မရဲ့ အတွင်းစိတ်ထဲမှာတော့ သူတို့နဲ့ ထပ်တူ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ အီဝါကုရရော ပြန်လာမလား မသိဘူး လို့တောင် တွေးလိုက်မိသေးတယ်။ အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ သူ့အပေါ် ထားတဲ့ ခံစားချက်ကလည်း ကျောင်းသူဘဝရဲ့ လွမ်းဆွတ်ဖွယ် အမှတ်တရတွေ အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားတယ်။ မှတ်ဉာဏ်တွေကလည်း ဝေဝါးသွားခဲ့ပြီ ဆိုတော့ သူ့ကို တွေ့ချင်တဲ့စိတ်ကလည်း ထူးထူးခြားခြား ဖြစ်ပေါ်မလာတော့ဘူး။

တခြား အကြောင်းအရင်း တစ်ခုလည်း ရှိနေပါသေးတယ်။ ကျွန်မတို့ ဆိုင်ကို ပုံမှန်လာပြီး အားပေးနေတဲ့ ဖောက်သည်တွေထဲမှာ ကျွန်မကို စိတ်ဝင်စားနေကြတဲ့ လူတချို့ ရှိနေတယ်လေ။ မိဘတွေကလည်း ဒါကို သတိထားမိလေတော့ သူတို့က ကျွန်မကို ပွဲထုတ်ဖို့ ကြိုးစားလာကြတယ်။ ဒါနဲ့ပဲ ကျွန်မက တစ်ဆိုင်လုံးမှာ စိတ်ဝင်စားစရာ အကောင်းဆုံး၊ အထင်ပေါ်ဆုံး ပစ်မှတ်တစ်ခု ဖြစ်လာတော့တာပေါ့။ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ အဲဒီလူတွေထဲက တစ်ယောက်ကို ကျွန်မ စိတ်ဝင်စားလာခဲ့တယ်။

နောက်ပြီး အဲဒီလူက စားဖိုမှူးသင်တန်း တက်နေတာဆိုတော့ ကျွန်မတို့ လျှောက်လှမ်းရမယ့် ဘဝခရီးလမ်းတွေက တစ်ထပ်တည်း တူညီနေကြတယ်လေ။ သူက ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး စွဲဆောင်မှု ရှိတယ်။ ကျွန်မ အဘိုးနဲ့တောင် နည်းနည်း တူသလိုပဲ။ အင်း … ဒီလူနဲ့ အိမ်ထောင်ပြုရရင်လည်း မဆိုးပါဘူးပေါ့။ အဲဒီအချိန်တုန်းက ကျွန်မ အဲဒီလို တွေးခဲ့ဖူးတယ်။

 

ဒါပေမယ့် အဲဒီလို အချိန်မှာပဲ ကျွန်မနဲ့ အီဝါကုရက အပြင်မှာ မတော်တဆ ပြန်ဆုံခဲ့ကြတယ်။ ကျွန်မတို့ နှစ်ယောက်စလုံးက မြို့ခံတွေဆိုတော့ အပြင်မှာ မတော်တဆ ဆုံတွေ့ကြတာ အထူးအဆန်းတော့ မဟုတ်ပါဘူးပေါ့‌လေ။ ဒါပေမယ့် ကိုယ်စီကိုယ်ငှ တာဝန်အသီးသီးနဲ့ အလုပ်ရှုပ်နေကြတဲ့ လူနှစ်ယောက်က ရှားရှားပါးပါး အားလပ်ချိန်ကလေး ရလို့ တစ်နေရာမှာ အပန်းဖြေ နေကာမှ ဘာဖြစ်လို့ အဲဒီ အနားယူတဲ့ နေရာမှာ တိုက်တိုက်ဆိုင်ဆိုင် လာဆုံကြရတာလဲ။

အဲဒီတုန်းက ကျွန်မဟာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည် သောက်နေတဲ့ အချိန်ပေါ့။ သူ ဆိုင်ထဲကို လျှောက်ဝင်လာတယ်။

သူမှန်း သတိမထားမိခင် သူ့ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အင်္ကျီရဲ့ ကြောင်ကြောင်ကြားကြား အရောင်တွေကို အရင်ဦးဆုံး သတိထားမိခဲ့တယ်။

မတော်တဆ ဆုံစည်းမိကြတဲ့အတွက် သူလည်း ကျွန်မလိုပဲ အံ့အားသင့်နေပုံ ရတယ်။ ဒါပေမယ့် ကျွန်မက သူ့ကို လက်လှမ်းပြလိုက်တော့ သူ ကျွန်မအနား ရောက်လာပြီး ကျွန်မရဲ့ အရှေ့မှာ ဝင်ထိုင်လိုက်တယ်။

နိုင်ငံခြားမှာ နှစ်တွေအကြာကြီး နေလာခဲ့တော့ သူ့ရဲ့ အသားအရေက အရင်နဲ့မတူ ပြောင်းလဲသွားတာကို ကျွန်မ သတိထားမိတယ်။ သူ့ရဲ့ ညာလက်ကလည်း အဆက်မပြတ် ဂျုံနယ်နေရတာဆိုတော့ ပိုပြီး သန်မာလာတယ်။ သူ့ရဲ့ ပခုံးကြွက်သားတွေကလည်း အရင်ကထက် ပိုပြီး တောင့်တင်းကျစ်လာတယ်။ သူ့မျက်နှာက ဓားနဲ့ အလှီးချ ခံထားရသလို သိသိသာသာ ချောင်ကျသွားလေရဲ့။ သူ့အကြည့်တွေကတော့ အရင်ကအတိုင်း ကြင်နာရိပ်ကလေးနဲ့ နူးညံ့နေတုန်း။ ဒါပေမယ့် ထူးခြားနေတာက လွတ်လပ်မှုနဲ့ အထီးကျန်မှု နှစ်ခုစလုံးကို ပိုင်ဆိုင်ထားတဲ့ ယောက်ျားတစ်ယောက်ရဲ့ စူးရှထက်မြက်တဲ့ အကြည့်တွေနဲ့ ဖြစ်နေခဲ့ပြီ။

သူ အဲဒီလို ဖြစ်ချင်ခဲ့တာပဲ မဟုတ်ဘူးလား။ နိုင်ငံခြားထွက်ပြီး အဲဒီလို မဖြစ်ဖြစ်အောင် သူကိုယ်တိုင် ကြိုးစားလုပ်ယူခဲ့တာပဲလေ။

ကျွန်မ အဲဒီလို တွေးနေမိတယ်။ အခုတော့ ရည်မှန်းချက် ပြည့်ဝခဲ့တဲ့ အဲဒီလူက ကျွန်မရဲ့ အရှေ့မှာ ရောက်နေခဲ့ပြီ။ ကျွန်မမျက်စိနဲ့ တပ်အပ် မြင်နေရပြီ။ အရင်တုန်းကတော့ သူ ပြောသမျှကို ကျွန်မက နားရှိလို့သာ ကြားခဲ့ရတယ်။ သူ ဘာကို လိုချင်နေမှန်း၊ ရှာဖွေနေမှန်း ကျွန်မ နားမလည်နိုင်ခဲ့ဘူး။

သူ့မျက်နှာပေါ်ကနေ အရင်ကလို အပြုံးတစ်ပွင့် ခုန်ထွက်လာတယ်။

“မတွေ့ရတာ ကြာပြီနော်။ နင့်ကို ကြည့်ရတာ အများကြီး ရင့်ကျက်လာသလိုပဲ” ကျွန်မက စကားစလိုက်တယ်။

“နင်လည်း ဘာထူးလို့လဲ” အီဝါကုရက ရယ်နေတယ်။

ဒီလက်ဖက်ရည်ဆိုင်က ဘူတာရုံထဲ ဝင်တဲ့ လမ်းမြောင်ကလေးရဲ့ ထိပ်မှာ ရှိတာ။ ကျွန်မတို့ ထိုင်နေတဲ့ နေရာအနီးမှာ ရှိတဲ့ ပြတင်းပေါက်ကနေ နွေနေရဲ့ လင်းရောင်ခြည်က အထဲကို အားပါးတရ ဖြာကျနေတယ်။ ဘူတာရုံထဲကနေ ထွက်လာကြတဲ့ လူတွေက အင်္ကျီလက်ပြတ်တွေနဲ့ ဆိုတော့ သူတို့ရဲ့ လက်မောင်းတွေက အလင်းရောင်ထဲမှာ ပြိုးပြိုးပြက်ပြက် တောက်ပနေကြတယ်။ လမ်းတစ်လျှောက်မှာ စိုက်ထားတဲ့ သစ်ပင်တွေရဲ့ အကိုင်းအခက်တွေကလည်း တိမ်တိုက်တွေနဲ့ ထိတွေ့နိုင်ဖို့ မိုးပေါ်ကို အလုအယက် ထောင်တက်နေကြတယ်။

“ကိတ်မုန့်ဆိုင်ကို ဦးစီးဖို့အတွက် ငါ ပြန်လာခဲ့တာ”

“ငါ ထင်သားပဲ”

သူ့အမေ ကွယ်လွန်သွားတော့ ဆိုင်မှာ သူ့အဖေတစ်ယောက်ပဲ ကျန်တော့တာလေ။ ဒီတော့ သူက သူ့အဖေကို ဘယ်လိုနည်းနဲ့မှ တစ်ယောက်တည်း ပစ်ထားမှာ မဟုတ်ဘူး။ အရင်ကတည်းက သူ အဲဒီလို လုပ်လိမ့်မယ်လို့တော့ ကျွန်မ တွေးထင်မိသား။

“နင့်အမေကို တွေ့လိုက်ရသေးတယ် မဟုတ်လား”

“အင်း၊ တွေ့လိုက်တယ်။ ပထမတစ်ကြိမ် ရောဂါဖောက်ပြီး ဆေးရုံတင်လိုက်ရကတည်းက သူနဲ့အတူ တစ်လလောက် ရှိနေခဲ့တာ။ နေ့တိုင်း သူ့အနားမှာပဲ ရှိနေခဲ့တယ်လေ။ ဆေးရုံက ဆင်းတော့တောင် ရေပူစမ်းကို အတူ သွားလိုက်ကြသေးတယ်။ အိမ်က အလုပ်ကိစ္စကိုတော့ ငါက တစ်ခွန်းမှ မဟခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ နောက်ဆုံးအချိန်မှာ အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ အတူ နေခွင့်ရလိုက်တာကိုပဲ ငါ ကျေနပ်လှပါပြီ။ အကြောင်းကိစ္စတွေ အတော်များများကို ငါ အပြန်ပြန် အထပ်ထပ် ဝေဖန်သုံးသပ်ခဲ့တယ်။ လွယ်လွယ်နဲ့ ဆုံးဖြတ်နိုင်ခဲ့တာတော့ မဟုတ်ခဲ့ဘူးပေါ့ဟာ။ အခုချိန်မှာ ပြင်သစ်ကို ပြန်သွားနိုင်မယ့် အကြောင်းပြချက်ကလည်း မယ်မယ်ရရ မရှိတော့ဘူး မဟုတ်လား။ နောက်ပြီး ငါ အလုပ်လုပ်နေတဲ့ ဆိုင်ကလည်း ဆိုင်ကြီးဖြစ်အောင် ချဲ့ဖို့ စီစဉ်နေတာဆိုတော့ ငယ်ရွယ်တဲ့ လူသစ်တွေ အများကြီးကို အလုပ်ခန့်ထားတယ်။ သူတို့ အားလုံးကို ငါက ထရိန်နင်တစ်ခေါက် ပေးပြီးသွားပြီ ဆိုတော့ ငါ မရှိလည်း ဘာပြဿနာမှ မရှိနိုင်တော့ဘူး။ အခုချိန်က အပြောင်းအလဲလုပ်ဖို့ အချိန်ကောင်းတစ်ခုပဲလေ”

“နင့်အဖေရော နေကောင်းရဲ့လား”

“သူလည်း တော်တော် စိတ်ထိခိုက်သွားပုံ ရတယ်။ သူ့ပုံက တကယ့်ကို မကြည့်ရက်စရာပဲ”

“ဒါဆို နင်တို့ဆိုင်ကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်လုပ်သွားဖို့ စိတ်ကူးထားလဲ။ နင့်အဖေရဲ့ ကိတ်လိပ်ကိုပဲ ဆက်လုပ်မှာလား။ ဒါမှမဟုတ် အနောက်တိုင်းစတိုင်လား”

“ငါလည်း အဲဒီ ကိစ္စကို အသည်းအသန် စဉ်းစားခဲ့ဖူးတယ်။ အခုတော့ ငါ ဒီလို စိတ်ကူးထားတယ်ဟာ။ ငါတို့ဆိုင်က ကိတ်လိပ်ကြောင့် နာမည်ရနေတယ် ဆိုတာကို နင်လည်း သိပြီးသားပဲ။ ဒီလောက်တောင် နှစ်တွေအများကြီး ကြာအောင် ကိတ်လိပ်ကို အထူးစပယ်ရှယ် လုပ်ပြီး ရောင်းလာခဲ့တာဆိုတော့ ဖျက်ပစ်လိုက်ရရင်လည်း နှမြောစရာကြီး။ ဒီတော့ ကိတ်လိပ်ကို ခရစ်စမတ်ပွဲတော်နဲ့ အထူးအော်ဒါတွေအတွက် ဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ အခုချိန် သေသေချာချာ စဉ်းစားကြည့်တော့ ငါ့ဘိုးတော်မှာ အတော် ထူးခြားတဲ့ ကိုယ်ပိုင်ဆန်းသစ်မှုနဲ့ နည်းပညာတွေ ရှိနေတယ်ဟ။ ငါ ဘယ်လောက်ပဲ ကြိုးစားပြီး သင်သင်၊ ဘိုးတော် ဖုတ်တာထက် ပိုပြီး ကောင်းအောင် ဘယ်လိုမှ မလုပ်နိုင်သေးဘူး။ သူ ဖုတ်ထားတဲ့ ကိတ်လိပ်ကို မီအောင် မဖုတ်တတ်သေးဘူး”

“အဲဒီတော့ ဘယ်လိုလုပ်မလဲ”

“ကိစ္စ မရှိပါဘူး။ စိတ်ရှည်ရှည် ထားပြီး လေ့ကျင့်သွားရုံပေါ့။ ငါ့ဘိုးတော်က တကယ့် ဆရာကြီးဟ။ ဖိုထဲကနေ ထွက်လာခါစ ကိတ်လိပ်က ကိုင်ကြည့်ရင် မပူဘူး။ ဒါပေမယ့် မွမွရွရွလေး။ နောက်ပြီး သူ အနှစ်မွှေတဲ့ ပုံစံက တစ်နေ့နဲ့တစ်နေ့ တူတာ မဟုတ်ဘူး။ အဆာပလာ ထည့်တဲ့ အချိုးအဆကလည်း ပုံသေ မရှိပြန်ဘူး။ သူ့ရဲ့ အချိုးအဆက ရာသီဥတုအပေါ် မူမတည်သလို အပူချိန်အပေါ်မှာလည်း မူမတည်ဘူး။ သူ့စကားအတိုင်း ပြောရရင်တော့ ဒီကိစ္စက ဘာသာစကားနဲ့ ရှင်းပြလို့ မဖြစ်နိုင်တော့ဘူးတဲ့။ ပြီးတော့ စားဆီလည်း အဲဒီအတိုင်းပဲ။ အနှစ် မွှေနေတဲ့ အချိန်မှာ ဘယ်လောက် ပမာဏ ထည့်ရမယ်၊ ဘယ်လို အချိန်မျိုးမှာ ထည့်ရမယ် ဆိုတဲ့ အချက်တွေက အင်မတန်မှ ပညာသားပါတယ်။ အရင်တုန်းက ငါ ထင်တာပေါ့ဟာ။ ဘိုးတော်ရဲ့ အဲဒီ အမြင်တွေက ကိတ်မုန့်ဖုတ်ပညာကို စနစ်တကျ မသင်ခဲ့ဖူးတဲ့ လူတွေရဲ့ အကြောင်းပြချက် သက်သက်ပါပဲလို့။ ဒါပေမယ့် ငါ ပြင်သစ်မှာ ရောက်နေတုန်း သိလာရတာက သင်တန်းကျောင်းမှာ သင်ခဲ့ရတာထက် ဆိုင်တွေမှာ ကိုယ်တိုင်လက်တွေ့ ကိတ်မုန့်ဖုတ်လို့ နားလည်လာရတဲ့ ပညာက ပိုပြီး တန်ဖိုးရှိနေတယ်။ ဒီတော့ ငါ့ဘိုးတော် ပြောခဲ့ဖူးတဲ့ စကားတွေကိုလည်း အဲဒီအခါကျမှ ပြန်ပြီး ဆင်ခြင် စဉ်းစားမိလာတယ်။ ငါ့ရဲ့ ဘုရားပေး တာဝန်က ငါ့အဖေ တီထွင်ခဲ့တဲ့ ကိတ်လိပ်တွေကို မျိုးဆက်ပျက်မသွားအောင် ဆက်ပြီး ထိန်းသိမ်းသွားဖို့ ဖြစ်ချင်ဖြစ်နေမှာ။ ဘယ်သူက အတိအကျ ပြောနိုင်ပါ့မလဲ။ မဟုတ်ဘူးလား။ ဒီတော့ သူ ဘာတွေကို ဘယ်လို လုပ်သလဲ ဆိုတာ ငါ နားလည်အောင် ကြိုးစားပြီး ငါ့ကိုယ်ပိုင် ဖြစ်အောင် လုပ်ချင်လာတယ်။ ဒါပေမယ့် ငါ တခြားကိတ်မုန့်တွေကိုလည်း ဖုတ်ဦးမှာပါ။ ငါ သင်ထားခဲ့ဖူးတဲ့ နည်းပညာအသစ်တွေ သူ့ကို ပြတဲ့အခါမှာ သူလည်း သဘောတွေ ကျလို့။ ငါတို့နှစ်ယောက် ပေါင်းလိုက်ရင် ကိတ်မုန့် အသစ်တွေတောင် ထွက်ချင် ထွက်လာနိုင်တယ်။ အဲဒီလိုမှလည်း ငါ့အဖေရဲ့ ရင်ထဲ မျှော်လင့်ချက် ရောင်ခြည်အသစ်တွေ ထွက်ပေါ်လာနိုင်မှာလေ”

“နင့်အမေ မရှိတော့ ဆိုင်ထဲမှာ ကမောက်ကမတွေ ဖြစ်ကုန်မယ် ထင်တယ်”

“အင်း၊ ဖြစ်ကုန်တာပေါ့။ လူတွေက အမေ့ဆီကနေ ကိတ်မုန့် ဝယ်ချင်ကြတာလေ။ အခုတော့ ငါတို့ နှစ်ယောက်ပဲ ကျန်တော့တာ ဆိုတော့ အပြောင်းအလဲတချို့တော့ လုပ်ရလိမ့်မယ် ထင်တယ်။ ဆိုင်ထဲမှာ ယောက်ျားသား နှစ်ယောက်ပဲ ကျန်တော့တာ မဟုတ်လား။ ဒီတော့ ဆိုင်အပြင်အဆင်ကအစ ကျားကျားယားယား ဖြစ်အောင် အနည်းအကျဉ်း ပြန်ပြင်ရတော့မှာပေါ့။ ဖောက်သည်တွေ အရင်အတိုင်း လက်သင့်ခံနိုင်အောင်လို့ အချိန်တော့ ယူရဦးမှာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ငါတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ အမေ ရှိနေတုန်းက အတိုင်းတော့ ပြန်ရဖို့ မလွယ်တော့ဘူး။ သူက ဧည့်ခံတဲ့နေရာမှာ ဆရာကျတယ်။ ငါ ဟိုဘက်မှာ နေပြီးတော့လည်း ပညာတွေ အများကြီး ရခဲ့တယ်။ လူကြီးမိဘတွေကို ဘယ်လို လေးစားရမယ်၊ ကိုယ့်ရဲ့ ရိုးရာဓလေ့ကို ဘယ်လို တန်ဖိုးထားရမယ် ဆိုတာတွေကို နားလည်လာတယ်။ ပြီးတော့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့လည်း နားလည်လာတာ မနည်းဘူးပဲ။ အဲဒါထက် ဘိုးတော်အပေါ်မှာလည်း လုံးဝ မှီခိုနေစရာ မလိုတော့ဘူး။ တကယ့်ကို ကိုယ့်လက်ကိုယ်ခြေနဲ့ ရှင်သန်နိုင်နေပြီ။ အခု ပြင်သစ်အစားအစာ တချို့ကိုတောင် ချက်တတ်နေပြီဟ”

“ဟဲ့ အီဝါကုရ … ပြင်သစ်စားသောက်ဆိုင် ဖွင့်ဖို့တော့ စိတ်ကူး မရှိပါဘူးနော်။ တော်ကြာ ငါတို့နှစ်ယောက် ပြိုင်ဖက်တွေ ဖြစ်နေကြပါဦးမယ်။ အစကတည်းကမှ စီးပွားရေး မတည်ငြိမ်လို့ ဆိုင်က ဖုတ်လိုက်ဖုတ်လိုက်ရယ်”

“လုပ်ပါ့မလားဟာ။ ဒါနဲ့ နင့်အလုပ်ကရော အဆင်ပြေရဲ့လား”

“ငါ့ဆိုင်လား။ ဆိုင်ရဲ့ ဖောက်သည်ဟောင်းကြီးတွေကတော့ အတော် ချေးများကြတာပဲ။ တစ်ခါတလေကျတော့ ဆိုင်ထဲမှာ ငါ တစ်ယောက်တည်း ရှိနေတတ်တယ်လေ။ အဲဒီလို အချိန်မျိုးဆိုရင် သူတို့ မျက်နှာတွေက အတော်ကို သည်းခံနေရတဲ့ မျက်နှာပေါက်တွေနဲ့”

“စိတ်မပူစမ်းပါနဲ့ဟာ။ နင်ချက်တဲ့ ဟင်းက စားလို့ ကောင်းနေတာပဲ ဥစ္စာ”

အခုဆို ကျွန်မတို့ရဲ့ စကားလုံးတွေက ပိုမို ရင်းနှီးကျွမ်းဝင်လာကြပြီ။ ရင်ထဲမှာကတော့ မချိုမချဉ်နဲ့။

အမှန်တကယ် အံ့ဩစရာ ကောင်းတဲ့ အချက်ကတော့ အချိန်ကာလရဲ့ ရွေ့လျားမှုပဲ။

ပြောင်းပြန် ပြန်သွားနေတာလဲ မဟုတ်ဘူး။ ရပ်တန့်သွားတာလည်း မဟုတ်ပြန်ဘူး။

အချိန်ဟာ စီးမျောနေရင်းကနေ အနည်းငယ် ပွင့်အာလာတယ်။ ပြီးတော့ တဖြည်းဖြည်း၊ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတယ်။ အချိန်က ကျွန်မတို့ နှစ်ယောက်စလုံးကို လင်းရောင်ခြည်ထဲမှာ ထွေးပွေ့ထားတယ်။ ကျွန်မတို့ ရှိနေတဲ့ နေရာက ကောင်းကင်ဘုံအထိ ရောက်အောင် ဆန့်ထွက်သွားပြီး အချိန်ကလည်း အဆုံးအစမဲ့ ပျံ့နှံ့သွားတယ်။

အဲဒါ ကျွန်မတစ်ယောက်တည်းရဲ့ တစ်ကိုယ်စာ ခံစားချက်လို့ပဲ ကျွန်မက ထင်နေခဲ့တာ။ နောက်ပိုင်းကျမှ အီဝါကုရကို မေးကြည့်တော့ သူလည်း ကျွန်မလို ထပ်တူ ခံစားနေခဲ့ရတယ်တဲ့။

အဲဒီအချိန်တုန်းက ကျွန်မတို့ နှစ်ယောက်ရဲ့ အကြားမှာ ရာဂရမ္မက် ဆိုတဲ့ အရာမျိုးက စိုးစဉ်းမှ ရှိမနေခဲ့ဘူး။

အလင်းရောင် ဖြန့်ကျက်ထားတဲ့ ပြတင်းပေါက် နံဘေးမှာ ထိုင်ရင်း လက်ဖက်ရည် သောက်နေကြတဲ့ ကျွန်မတို့ရဲ့ ကိုယ်ပေါ်မှာ နူးညံ့နွေးထွေးတဲ့ ငွေမျှင် လင်းရောင်ခြည်တွေက လွှမ်းခြုံထားကြတယ်။ အဲဒါ ကျွန်မတို့ အစဉ်ထာဝရ တောင့်တမျှော်လင့်ခဲ့ကြတဲ့ အလင်းရောင်ပဲ။ မွတ်သိပ်ခြောက်သွေ့နေတဲ့ ကျွန်မတို့ကို တံခါးခေါက်နေကြတယ်။

ဟုတ်တယ်။ ဒါပဲ။ ကျွန်မတို့ လိုအပ်နေတဲ့ အရာက အဲဒါပဲ။

အဲဒီတုန်းက ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို ဝေါဟာရတစ်လုံးနဲ့ ပုံဖော်ကြည့်ရမယ် ဆိုရင် ‘ကြည်နူးခြင်း’ ဆိုတဲ့ စကားလုံးနဲ့ အနီးစပ်ဆုံး ဖော်ပြလို့ ရမယ် ထင်တယ်။

နှစ်ပေါင်းများစွာ အတွင်းမှာ ကျွန်မတို့ နှစ်ယောက်ဟာ အမျိုးမျိုး အထွေထွေသော အရာဝတ္ထုတွေကို စဉ်ဆက်မပြတ် ရှာဖွေခဲ့ကြဖူးတယ်။ အဲဒီ တဒင်္ဂလေးမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကတော့ ‘ငါတို့ ရှာနေကြတာ လက်စသတ်တော့ ဒါကိုး’ ဆိုတဲ့ ခံစားချက်မျိုးပဲ။

အရင်တုန်းက ကျွန်မတို့ဟာ ငယ်ရွယ်နုနယ်ကြတုန်း အရွယ်ဆိုတော့ ကျွန်မတို့ နှစ်ယောက်ကို ဆက်သွယ်ယှက်နွှယ်ထားတဲ့ အရာဟာ လိင်ကိစ္စပဲလို့ မှတ်ထင်ထားခဲ့တယ်။ တကယ်တော့ အဲဒီလို မဟုတ်ခဲ့ဘူး။ အခုမှ ကျွန်မ သဘောပေါက်လာတယ်။ အခုလို့သာ စိတ်လက်ပေါ့ပါးစွာ စကားပြောခွင့် ရနေမယ် ဆိုရင် ဘာသာစကားနဲ့ ဖော်ပြလို့ မရနိုင်တဲ့ ဘဝစွမ်းအား တစ်ခုဟာ ကိုယ်ခန္ဓာရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ စိမ့်ထွက်လာတယ်။ ဟုတ်တယ်။ ကျွန်မ အဲဒါကို သတိထားမိနေတယ်။ ဒီအတိုင်း ဖြစ်သင့်တယ် လို့လည်း ကျွန်မ နားလည်နေမိတယ်။

အဲဒီ ခံစားချက်က တဖြည်းဖြည်းနဲ့ ယုံကြည်မှု အဆင့်ကို ကူးပြောင်းသွားတယ်။ တကယ်လို့သာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ပြုံးပြခွင့် ရရုံနဲ့တင်ကိုပဲ ပြီးပြည့်စုံနေပြီ။ အဲဒီ တဒင်္ဂလေးက ထာဝရ တည်မြဲနေတယ်လို့ ကျွန်မတို့ နှစ်ယောက်စလုံး ခံစားနေမိကြတယ်။

ဟိုးအရင် နှစ်တွေလတွေ ဒီလောက် အကြာကြီးအတွင်းမှာ တစ်ခုခု လစ်ဟာနေတယ်၊ တစ်ခုခု ပျောက်ဆုံးနေတယ်လို့ အစဉ်အမြဲ ခံစားနေခဲ့ရတယ်။ လက်စသတ်တော့ ဒါကြောင့်ကိုး။ နှလုံးသားရဲ့ တစ်နေရာရာကနေ ဒီအချက်ကို သိကောင်း သိနေတာ မှန်ပေမယ့် ဒီအချက်ကို အဓိကလက်သည်ရယ်လို့ မစဉ်းစားမိခဲ့ဘူး။ ကျွန်မတို့ ကာလကြာရှည် အထီးကျန် အဖော်မဲ့နေကြရတဲ့ အဓိကတရားခံက သူပဲ။ ကျွန်မတို့ရဲ့ ဘဝက သိပ်ကို အထီးကျန်လွန်းနေတော့ ဒါကို စဉ်းစားနိုင်ဖို့တောင် ခွန်အား မရှိခဲ့ကြဘူး။

ကျွန်မရဲ့ စိတ်ဝိညာဉ်က ကျွန်မကို အဲဒီလို ပြောနေတယ်။

ကျွန်မတို့ရဲ့ ကိုယ်တွင်းကနေ ထွက်ပေါ်လာတဲ့ ကြည်လင်ရှင်းပြတ်တဲ့ အလင်းရောင်နဲ့ ကျွန်မတို့ အနားမှာ ဖြာကျနေတဲ့ အလင်းရောင်နှစ်ခုဟာ အတူတကွ ပေါင်းစည်းသွားကြပြီး အနာဂတ်လမ်းကြောင်းတစ်ခုကို ထွန်းလင်းပေးနေကြတယ်။

ဆက်သွယ်လို့ ရမယ့် လိပ်စာတွေကို အပြန်အလှန် ဖလှယ်ကြပြီးတဲ့ နောက်တစ်ပတ် အကြာမှာ အီဝါကုရဆီက ဖုန်းဝင်လာပြီး အခုလို ပြောလာတယ်။ “တကယ်လို့သာ နင့်မှာ အိမ်ထောင်ဖက် မရှိသေးဘူး ဆိုရင် ငါတို့ လက်ထပ်ကြရအောင်လား”

ကျွန်မလည်း သူ့လို တွေးနေခဲ့တာ ကြာပေါ့။ ဒါနဲ့ ချက်ချင်းပဲ ကျွန်မ သဘောတူလိုက်တယ်။ “အခုချိန် ငါ့မှာ ဘာအနှောင်အဖွဲ့မှ မရှိသေးဘူးလေ။ နောက်ပြီး အပေါက်ကလေးတစ်ပေါက်လည်း ရှိနေသေးတယ်”

တယ်လီဖုန်းရဲ့ ဟိုဘက်တစ်ခြမ်းကနေ အီဝါကုရရဲ့ ဝါးလုံးကွဲ ရယ်သံတစ်သံ ထွက်ပေါ်လာတယ်။

ကျွန်မတို့ရဲ့ မိသားစုပိုင် လုပ်ငန်းတွေကို အရင်ကအတိုင်း ဆက်ပြီး လုပ်မြဲ လုပ်နေကြမယ် ဆိုတဲ့ သဘောတူညီချက်နဲ့ ကျွန်မတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို အချိန်ဆွဲမနေတော့ဘဲ အလျင်အမြန်ပဲ စီစဉ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အစပိုင်းမှာတော့ မိဘတွေက ထိတ်ထိတ်ပျာပျာနဲ့ အင်တင်တင် လုပ်နေကြသေးတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူတို့ရဲ့ အယူအဆတွေကို ပြောင်းလဲပစ်လိုက်ကြပြီး ကျွန်မတို့ကို အပြည့်အဝ ထောက်ခံအားပေးလာကြတယ်။

ထူးခြားတဲ့ ပြောင်းလဲမှု တစ်ခုကတော့ ကျွမ်းကျင် စားဖိုမှူးတစ်ယောက် (အရင်တုန်းက ကျွန်မ ကြိုက်ခဲ့ဖူးတဲ့ တစ်ယောက်တော့ မဟုတ်ဘူးပေါ့) ကို ကျွန်မ ငှားရမ်းလိုက်ခြင်းပဲ။ သူ့ကို ကျွန်မရဲ့ လက်ထောက်အဖြစ် ခန့်အပ်ထားတော့ အခုမှ ထောင်ကဲတစ်ယောက်နဲ့ နည်းနည်း ပိုတူလာတယ်။ ဒါမှလည်း ကိုယ့်မိသားစုကို ပြုစုစောင့်ရှောက်ဖို့ အချိန်ပေးနိုင်မှာ မဟုတ်လား။ နောက်ပြီး ကျွန်မရဲ့ စားသောက်ဆိုင်မှာလည်း ကိတ်လိပ်ကို မှာစားလို့ ရနေပြီလေ။

နံရံပေါ်က ဟင်းလျာစာရင်းထဲမှာ ‘ကိတ်လိပ် ¥600’ ဆိုပြီး ကျွန်မကိုယ်တိုင် ဂရုတစိုက် ရေးထည့်လိုက်တယ်။ ပြီးတော့ ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ အချိုတည် ပန်းကန်ပြားနဲ့ တစ်ပွဲကို ကိတ်လိပ်နှစ်ချပ် ပြင်ပေးလေ့ ရှိတယ်။

ကျွန်မရဲ့ ရှည်လျားထွေပြားတဲ့ ဘဝတစ်လျှောက်လုံးမှာ အလိုမကျ၊ စိတ်ပျက်စရာ ကောင်းတဲ့ အကြောင်းကိစ္စတွေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးတယ် ဆိုပေမယ့်လည်း တဖြည်းဖြည်းနဲ့တော့ အဲဒီအရာတွေကို လက်ခံနိုင်လာခဲ့ပြီ။ ဒါက ကိုယ့်ဘဝကိုယ် အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစားနေရခြင်း တစ်မျိုးပါပဲ။ တစ်နည်းပြောရရင် ကိုယ်ကိုယ်တိုင် ဖြတ်သန်း လျှောက်လှမ်းလာခဲ့တဲ့ ဘဝကို ကျေနပ်လက်ခံခြင်းက ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်ခြင်းပဲ မဟုတ်လား။

အဲဒီလို လုပ်နိုင်သွားတဲ့ အခါမှာတော့ ဘဝဟာ ကျွန်မအရင်က ထင်ထားခဲ့သလို တစ်စက်ကလေးမှ ပျင်းစရာ၊ ငြီးငွေ့စရာ ကောင်းမနေတော့ဘူး။

“မင်္ဂလာ ဧည့်ခံပွဲနေ့ကျရင် ဟိုအဘိုးကြီး၊ အဘွားကြီးနှစ်ယောက်ကို ငါ ဖိတ်ချင်လိုက်တာ”

အီဝါကုရရဲ့ စကား ဆုံးဆုံးချင်းမှာပဲ ကျွန်မ ချက်ချင်း ခေါင်းညိတ်လိုက်မိတယ်။ သူ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေသလဲ ဆိုတာကို ကျွန်မ သိနေတာကိုး။ ဘာတစ်ခုမှ ပြင်ဆင်မွမ်းမံ မထားရသေးတဲ့ အခန်းလွတ်ကို ကြည့်နေရင်း ကျွန်မလည်း သူတို့ကို သတိရနေမိတယ်လေ။

ကျွန်မတို့ နိစ် (Nice) ကို ပျားရည်ဆမ်းခရီး ထွက်ဖို့ ဆုံးဖြတ်ထားကြတယ်။ အီဝါကုရက ပြင်သစ်စကားကို ကောင်းကောင်း ပြောတတ်နေတာ ဆိုတော့ အဲဒီခရီးစဉ်က ကျွန်မအတွက် သိပ်ကို ရင်ခုန်စရာ ကောင်းနေခဲ့တယ်။ ဈေးဝယ် ထွက်ဖို့ပဲ ဖြစ်ဖြစ်၊ တည်းခိုဖို့ပဲ ဖြစ်ဖြစ် အီဝါကုရက နယ်မြေ ကျွမ်းကျင်ပြီးသား ဆိုတော့ ကျွန်မက သူ့နောက်ကနေ မျောလိုက်သွားရုံပဲ။ အဲဒီလိုနဲ့ ကျွန်မရဲ့ ကျဉ်းမြောင်းတဲ့ ကမ္ဘာလေးက တစ်စတစ်စနဲ့ ဖြည်းဖြည်းချင်း ကျယ်ပြန့်လာတယ်။ နောက်ကျတော့ ကျွန်မတို့ သီးခြားနေဖို့ အိမ်အသစ် လိုက်ရှာကြတယ်။ စိတ်တိုင်းကျတဲ့ အခန်းတစ်ခန်းကို မကြာခင်မှာပဲ တွေ့လာခဲ့တယ်။

သရဲတွေအကြောင်း ပြောတဲ့ အချီအချစကားက အဲဒီအခန်းသစ်ကို ပြောင်းမနေကြသေးခင် ပြတင်းပေါက်တွေရဲ့ အတိုင်းအတာကို တိုင်းတာနေကြတုန်း ပြောဖြစ်ခဲ့ကြတာပဲ။

“ဒီအခန်းထဲမှာ သရဲ လုံးဝ မရှိနိုင်လောက်ဘူးနော်” သူက ပြောတယ်။

၈ နှစ်ဆိုတဲ့ အချိန်ကာလက သူ့ကို လုံးလုံးလျားလျား ပြောင်းလဲသွားစေခဲ့တယ်။ ဒါပေမယ့် ဘယ်လိုမှ ပြောင်းလဲမသွားနိုင်တဲ့ နေရာတချို့ကလည်း တစိုးတစိမှ ပြောင်းလဲ မသွားခဲ့ဘူး။

ဂျပန်ပြည်မှာ ဘယ်သူမှ မဝတ်တဲ့ သူ့ကိုယ်ပေါ်က ဂျက်ကတ်အင်္ကျီ၊ ဟိုဘက်ကနေ သူ သယ်လာခဲ့တဲ့ မုန့်လုပ်တဲ့ ကိရိယာ တန်ဆာပလာတွေ၊ နိုင်ငံခြား ဖုန်းကောတွေမှာ ထွက်ပေါ်လာတတ်တဲ့ သူ့ရဲ့ ပြင်သစ်စကားသံတွေ၊ အဲဒီအရာတွေ အားလုံးက ကျွန်မကို မျှော်လင့်ချက်တွေ ဖြည့်ဆည်းပေးနေကြသလိုပဲ။

အဲဒီ သစ်ဆန်းတဲ့ အရာဝတ္ထုတွေ အားလုံးကို ကျွန်မရဲ့ ဘဝထဲ ဝင်ရောက်နိုင်ဖို့ ကျွန်မ လိုလိုချင်ချင်နဲ့ လက်ခံကြိုဆိုခဲ့တယ်။

ကျွန်မနဲ့ အတူနေရတာကို သူ ပျင်းရိလာလေမလားလို့ ကျွန်မ တစ်ခါတစ်ရံ စိုးရိမ်မိတတ်တယ်။ ကျွန်မက နေရာတစ်ခုတည်းမှာ ဒါတွေ ဒါတွေကိုပဲ ထပ်ခါထပ်ခါ လုပ်နေခဲ့ရတာကိုး။ သူ့ဘဝအတွက် ကျွန်မ ဖြည့်ဆည်းပေးနိုင်တဲ့ အရာတွေဆိုလို့ ဘာမှ စာမဖွဲ့လောက်တဲ့ ဇနီးမယားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားနဲ့ ကျွန်မရဲ့ ကြက်ဥလိပ်ထမင်းရယ်ပဲ ရှိတာ။ သူ့အနေနဲ့ သူ့အမေလို ဆက်ဆံရေးကောင်းတဲ့ တခြားမိန်းမတစ်ယောက်ကို ရရင် ပိုကောင်းလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ပိုပြီး ချောမောပြေပြစ်တဲ့ မိန်းမတစ်ယောက်ပေါ့။ မဟုတ်လည်း သူ့မှာ ကိုယ်ပိုင်အလုပ် ရှိနေပြီးသားဆိုတော့ သူ့ကို အပြည့်အဝ အကူအညီ ပေးနိုင်မယ့် မိန်းမမျိုးကို ပိုပြီး လိုအပ်မှာလေ။ ကျွန်မ အဲဒီလို နက်နက်နဲနဲ တွေးခဲ့ဖူးတယ်။

သူ့ကိုလည်း တစ်ကြိမ်မက မေးကြည့်ခဲ့ဖူးတယ်။ အဲဒီလို မေးလိုက်တိုင်း သူ ပြန်ဖြေတတ်တာက တစ်စက်ကလေးမှ ငြီးငွေ့စရာ မကောင်းပါဘူးတဲ့။ ကျွန်မနဲ့ အတူနေရတာ စိတ်လက်ပေါ့ပါးပြီး ကျွန်မရဲ့ ရုပ်ကြန်အင်နဲ့ ခန္ဓာကိုယ်ကို တစ်နေ့တခြား ပိုပိုပြီးတောင် သဘောကျလာမိတယ် ဆိုပဲ။

တကယ်ပါပဲ။ ကျွန်မရဲ့ ခန္ဓာကိုယ်ကလည်း ကလေးဆန်တဲ့ ပိန်တာရိုး ကောင်မလေးတစ်ယောက် အဖြစ်ကနေ ရင့်ကျက်တည်ငြိမ်တဲ့ မိန်းမတစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့ပြီလေ။ တစ်ခါတလေ ရေချိုးခန်းထဲက ကိုယ်လုံးပေါ် မှန်ထဲမှာ ကျွန်မကိုယ်ကျွန်မ ပြန်ကြည့်မိရင် ကျွန်မရဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်က အခုမှ က‌ဗျာဆန်နေတာကို သတိထားမိတယ်။ ကျစ်လစ်တင်းရင်းနေတဲ့ တင်သား၊ ဖြောင့်တန်းချောမွတ်နေတဲ့ ပေါင်တံ၊ လုံးဝန်းပြည့်ဖြိုးနေတဲ့ ရင်သားနဲ့ နူးညံ့နီမြန်းနေတဲ့ ဖူးငုံလေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု ပြည့်ဝလာခဲ့တယ်။ ဒါကလည်း နေ့စဉ်မပြတ် လှုပ်ရှားရုန်းကန်နေရတဲ့ အလုပ်အကိုင်တစ်ခုရဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါလိမ့်မယ်။

“အဲဒီ အဘိုးကြီး၊ အဘွားကြီးနှစ်ယောက်က ကျွတ်လွတ်သွားကြပြီလား မသိဘူးနော်”

“ကြက်ဥလိပ်ထမင်းနဲ့ ဝက်ကာရီထမင်းကိုတော့ သူတို့ ကျေနပ် သဘောကျကြမှာ သေချာပါတယ်။ နောက်ပိုင်းမှာ အဘိုးကြီးက ခြေထောက် မကောင်းတော့လို့ ဆိုင်ကို မသွားနိုင်ကြတော့ဘူးလေ”

“ဟုတ်မှာ။ ဒါကြောင့် သူတို့ သဘောကျကြမှာ သေချာပါတယ်”

ကျွန်မ ရယ်လိုက်တယ်။

အဲဒီအချိန်တုန်းက ချက်ခဲ့တဲ့ ဟင်းတွေလို အပြည့်အဝ စိတ်နှစ်ပြီး နောက်ဘယ်တော့မှ ပြန်ချက်နိုင်တော့မယ် မထင်ဘူး။ စိတ်ပန်းလူပန်း ဖြစ်ပြီး ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့တဲ့ အခါမျိုး၊ ဒါမှမဟုတ် ကျွန်မရဲ့ ဟင်းလျာတွေကို အရသာ ပျက်အောင် မတော်တဆ လုပ်မိလိုက်တဲ့ အခါမျိုးမှာ ကျွန်မရဲ့ အတွေးတွေကို ပြန်လည် စုစည်းပြီး တစ်ချိန်တုန်းက လူ့လောကကနေ ထွက်ခွာသွားတော့မယ့် သရဲလင်မယားနှစ်ယောက်ကို နှုတ်ဆက်ဖို့၊ ဂျပန်ပြည်ကနေ ထွက်ခွာသွားတော့မယ့် အီဝါကုရကို နှုတ်ဆက်ဖို့ နောက်ဆုံးအနေနဲ့ စိတ်ပါလက်ပါ ချက်ပြုတ်ပေးခဲ့တဲ့ နောက်ဆုံးထမင်းတစ်နပ်ကို ကျွန်မ ပြန်လည် မြင်ယောင်ကြည့်လိုက်တယ်။ အဲဒီအခါမှာ ကျွန်မရဲ့ စိတ်ဓာတ်ခွန်အားတွေကလည်း ပြန်လည် ပြည့်ဖြိုးလာခဲ့ကြတယ်။

ဘယ်သူ တစ်ဦးတစ်ယောက်အတွက်မဆို ကျွန်မ ချက်ပြုတ်ပေးလိုက်တဲ့ အစားအစာဟာ သူ့အတွက် နောက်ဆုံး ထမင်းတစ်နပ် ဖြစ်သွားနိုင်တာချည်းပဲ။ ဒါကြောင့် ဘယ်လို အချိန်မျိုးမှာပဲ ဖြစ်ဖြစ် ကျွန်မဟာ အဲဒီလို ထူးခြားတဲ့ တာဝန်တစ်ရပ်ကို ယူထားရတယ် ဆိုတဲ့ အကြောင်းကို ကျွန်မ ဘယ်တော့မှ မေ့လျော့သွားမှာ မဟုတ်ဘူး။

“ငါ စဉ်းစားနေတာ။ ငါတို့ အထိုင်ကျသွားတဲ့ အခါကျရင် မြို့ပေါ်မှာ တစ်ကိုယ်တည်း နေနေကြတဲ့ သက်ကြီးရွယ်အိုတွေအတွက် ထမင်းဟင်း ပို့ပေးတဲ့ ဝန်ဆောင်မှုတစ်ခု လုပ်ရင် ကောင်းမလားလို့။ ဈေးသက်သာတဲ့ ကြက်ဥလိပ်ထမင်းလို ဟာမျိုးတွေ ပို့ပေးမယ်‌လေ” ကျွန်မ ပြောလိုက်တယ်။

“ငါလည်း အဲဒီလိုမျိုး လုပ်ချင်နေတာ။ ပြင်သစ်မှာဆိုရင် အထူးသဖြင့် ပါရီမြို့စွန်တွေမှာပေါ့။ ပေါင်မုန့်ဆိုင် သေးသေးလေးတွေပါ မကျန် ဆိုင်တွေ အားလုံးက ဒေသတွင်း စားသုံးသူတွေကို သိပ်ပြီး အလေးထားကြတယ်။ တကယ်တော့ အဝေးက လာတဲ့ ခရီးသွားတွေကိုလည်း အလေးထားကြတာပါပဲ။ ဒါပေမယ့် ဒေသခံတွေ အပေါ်ကိုတော့ ထူးခြားတဲ့ အမြင်တစ်မျိုးနဲ့ ဆက်ဆံကြတယ်။ ဒေသခံ စားသုံးသူတွေရဲ့ စက္ကန့်တိုင်း မိနစ်တိုင်းကို အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ ဖြစ်အောင် ဖန်တီးပေးချင်တဲ့ ဆန္ဒက သူတို့ရဲ့ ထူးခြားတဲ့ ဝန်ဆောင်မှုတစ်ခုပဲ”

အီဝါကုရက သူ့စကားကို ဆက်ပြောတယ်။ “တစ်နေ့ကျရင် ငါတို့ရဲ့ စားသောက်ဆိုင်နဲ့ ကိတ်မုန့်ဆိုင်ကို ပေါင်းပစ်လိုက်ကြစို့လား”

“တကယ်လို့သာ ပိုပြီး ကျယ်တဲ့ နေရာတစ်နေရာ ရမယ်ဆိုရင် ငါတို့ရဲ့ အိမ်ကိုလည်း အဲဒီမှာပဲ တွဲထားနိုင်ရင် ကောင်းမယ်”

အဲဒီ အစီအစဉ်ကို အကောင်အထည် မဖော်နိုင်သေးခင် အထိတော့ ဒီတိုက်ခန်းက ကျွန်မတို့ရဲ့အိမ် ဖြစ်နေဦးမှာပဲ။

အခန်းက အလင်းရောင် ကောင်းကောင်း ရသလို လေဝင်လေထွက်လည်း ကောင်းတယ်။ ပြီးတော့ ပန်းခြံထဲက သစ်ပင်တွေကိုလည်း လှမ်းမြင်နေရတယ်။ အနီးနားမှာ ရှိတဲ့ မူကြိုကျောင်းက လွင့်ထွက်စီးမျောလာတဲ့ ကလေးငယ်တွေရဲ့ ရယ်ရွှင်မြူးထူးသံတွေကိုလည်း ကြားနေရသေးတယ်။ ဒီနေရာက အီဝါကုရရဲ့ အိမ်အိုကြီးနဲ့ စာရင် ဘာမှကို မဆိုင်ပါဘူး။ ကျွန်မတို့လည်း အထိုက်အလျောက် အိုမင်းလာကြပြီလေ။ သရဲတွေလည်း ဒီမှာ ရှိနိုင်လိမ့်မယ် မထင်ဘူး။

ကျွန်မတို့ဟာ ရင့်ကျက်ဖို့နဲ့ ဉာဏ်ပညာ ကြီးမြတ်ဖို့ တစ်ယောက်ကိုတစ်ယောက် ခွဲခွာခဲ့ကြရတယ်။ ဒီလိုနဲ့ ဒီနေ့ဒီအချိန် ရောက်လာမှသာ ကျွန်မတို့ သဘောပေါက် နားလည်လာတယ်။ နွေးထွေးတဲ့ မီးလင်းဖို နံဘေးမှာ ရင်းနှီးကျွမ်းဝင်တဲ့ လူတစ်ဦးနဲ့ အတူထိုင်ရင်း စကားစမြည် ပြောကြမယ်၊ ဒါမှမဟုတ် ဘာစကားမှ မပြောဘဲ ကြည်ကြည်နူးနူးနဲ့ တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် အဖော်ပြုနေကြမယ်၊ ဒါမှမဟုတ် တစ်ခါတစ်ရံမှာ အနည်းအကျဉ်း ပျင်းရိငြီးငွေ့ နေပေမယ့် တစ်ယောက်ကိုတစ်ယောက် ထေ့ငေါ့ငြူစူတာမျိုး လုံးဝ မလုပ်ဘဲ နေနေကြမယ်။ အဲဒီဘဝမျိုးတွေဟာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဆိုတဲ့ ဘဝမျိုးထက် အများကြီး ပိုပြီး တန်ဖိုးရှိတာ အမှန်ပဲ။

အခုလိုချိန် ပြန်စဉ်းစား ကြည့်တဲ့အခါမှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဆိုတဲ့ ဘဝမျိုးကို ပိုပြီး တန်ဖိုးထားတတ်တဲ့ စိတ်သဘောထားက မနူးမနပ်တဲ့ မကျက်တကျက် လူငယ်တွေရဲ့ စိတ်သဘောထားပဲလို့ သိမြင်လာတယ်။ ငယ်ရွယ်နုနယ် သေးလို့သာလျှင် ကိုယ်စီကိုယ်စီရဲ့ တန်ဖိုးကို နားမလည်နိုင်ကြသေးတာပေါ့။ တစ်ချိန်တည်းမှာပဲ နှလုံးသားရဲ့ ထောင့်တစ်နေရာကနေ ဒီအချက်ကို သိနေခဲ့လို့သာ နောင်တစ်ချိန်မှာ ပြန်ပြီး သုံးသပ်သိမြင်နိုင်စွမ်း ရှိခဲ့တာ ဖြစ်ရမယ်။

ဘယ်သို့ဆိုစေပေါ့လေ … ကျွန်မတို့ရဲ့ နေ့စဉ်ဘဝထဲမှာ ရုန်းကန်လှုပ်ရှားရင်း တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းကူးခတ် နေရတာတောင်မှ ‘အပေါက်’ နဲ့ ‘အချောင်း’ တို့ရဲ့ တည်ရှိနေမှုက ကျွန်မတို့ရဲ့ ဆက်ဆံရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် လူမသိ သူမသိ ဆက်လက် ဖြစ်တည်နေဦးမယ် ဆိုတာကို ကျွန်မ သိနေတယ်။ အရေးမပါတဲ့ အကြောင်းအရာတွေကို အာလူးဖုတ်ရင်း၊ ဒါမှမဟုတ် ချစ်ရည်လူးကြရင်း ကျွန်မတို့ရဲ့ ညအချိန်တွေကို ကုန်လွန်ကြလိမ့်မယ်။ ဒီလိုနဲ့ လက်တွေကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားရင်း အသက်တွေ ကြီးသထက် ကြီးလာကြရော။ ကျွန်မတို့ နှစ်ယောက်အကြားမှာ ရှိတဲ့ ဆက်သွယ်ချက် (ရုပ်ပိုင်းဆိုင်ရာချည်းသက်သက် မဟုတ်သလို စိတ်ပိုင်းဆိုင်ရာချည်း သက်သက်လည်း မဟုတ်ဘူး) ကို မြဲမြံခိုင်မာလာအောင် ပြုလုပ်ပေးရင်းနဲ့ ကျွန်မတို့ နှစ်ယောက်တည်းသာ ပိုင်ဆိုင်တဲ့ အဲဒီနေရာကလေးက တဖြည်းဖြည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာလိမ့်မယ်။ နောက်ဆုံး အဲဒီအထဲကနေ ဘယ်လိုမှ ရုန်းထွက်သွားလို့ မရနိုင်တော့တဲ့ အထိပေါ့။

ကျွန်မတို့ နိစ်မြို့ကို အရင်ဆုံး သွားလည်ခဲ့ကြတယ်။ တစ်ဖက်က နှစ်ကိုယ်တူ ဘဝလေးရဲ့ ချစ်ရည်ချစ်သွေးတွေကို အပြည့်အဝ ခံစားကြရင်း အခြားတစ်ဖက်က ဒေသအသီးသီးရဲ့ ထူးခြားအံ့ဖွယ် အဖုံဖုံတို့ကို မြိန်ရည်ရှက်ရည် ခံစားခဲ့ကြတယ်။

ဒါပေမယ့် တိမ်ထူထပ်တဲ့ ကောင်းကင်ကြီးအောက်က နွေးထွေးလှတဲ့ သရဲအိမ်ကြီးထဲမှာ ဂွမ်းစောင်ထူထူအတွင်း နွှဲခဲ့ကြတဲ့ ပွဲလောက်တော့ ဘယ်အရာကမှ မီနိုင်မယ် မထင်ဘူး။

အဲဒီအချိန်တုန်းက ရရှိခဲ့တဲ့ ခံစားချက်ဟာ ကျွန်မတို့ရဲ့ အချစ်အဆောက်အအုံကြီးရဲ့ အုတ်မြစ်အဖြစ်နဲ့ အစဉ်ထာဝရ တည်ရှိနေတော့မှာပါ။

တစ်နေ့နေ့ကျရင် ကျွန်မတို့လည်း ဟိုသရဲလင်မယားလို ခြေရာလက်ရာ မကျန်အောင် အပြီးအပိုင် ပျောက်ကွယ်သွားကြရဦးမှာပဲ။

ရုတ်တရက် ကြည့်လိုက်ရင်တော့ ဘဝက ရိုးရိုးရှင်းရှင်းကလေးပဲလို့ ထင်စရာ ရှိတယ်။ တကယ်တမ်းကျတော့ သမုဒ္ဒရာခုနစ်စင်းလောက် ကျယ်ပြန့်ကြီးမားတဲ့ ရေစီးကြောင်းတစ်ခုထဲမှာ သူက စီးမျောပါဝင်နေခဲ့တာ။ ကွယ်လွန်ပြီး ဖြစ်တဲ့ ကျွန်မရဲ့ အဘွားက အဲဒီရေစီးကြောင်းရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့တယ်။ နောက်ပြီး အီဝါကုရရဲ့ အမေ။ သရဲလင်မယားလည်း ပါတာပေါ့။ သူတို့အားလုံးဟာ အဲဒီ စီးကြောင်းထဲမှာ ရှင်သန်ခဲ့ဖူးတယ်။ ကျွန်မတို့ တစ်ယောက်စီတိုင်းဟာ ရေစီးကြောင်းရဲ့ အဟုန်ကို တုပြိုင်ပြီး လုံးထွေး သတ်ပုတ်ခဲ့ကြ၊ ရုန်းကန်ခဲ့ကြတာမျိုး ရှိခဲ့ပေမယ့်လည်း အဆုံးကျတော့ ကျွန်မတို့ အားလုံးက အဲဒီရေစီးကြောင်းရဲ့ တစ်စိတ်တစ်ဒေသတွေ ဖြစ်ကုန်တယ်။

တကယ်လို့သာ ဆိုရင်ပေါ့လေ။ အဲဒီအခန်းထဲမှာ သရဲလင်မယားကို ကျွန်မ မတွေ့ခဲ့မိဘူး ဆိုရင် ကျွန်မတို့နှစ်ယောက် လက်ထပ်ဖြစ်ကြပါ့မလား။

အဖြေက နိုး ဖြစ်လေမလား။

အဲဒါ ပဟေဠိတစ်ခုပဲ။ ကျွန်မအထင်တော့ လက်ထပ်ဖြစ်ကြလိမ့်မယ် မထင်ဘူး။ အဲဒီလိုပဲ အခိုင်အမာ ယုံကြည်ထားမိတယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *