← Back to blog

အကြမ်းပတမ်းခရီးဆန်း

စာအုပ်တွေအကြောင်း

“သူများ လုပ်ထားတဲ့ အလုပ်တစ်ခုက ကိုယ့်အတွက် ဘယ်လောက်ပဲ အမြင်မတော် ဖြစ်နေပါစေ ကိုယ်က မလုပ်နိုင်ဘူး၊ ဒါမှမဟုတ် အဲဒီထက် ကောင်းအောင် လုပ်မပြနိုင်ဘူး ဆိုရင် ရေငုံနှုတ်ပိတ် နေနေတာက အကောင်းဆုံးပဲ။ အနည်းဆုံးတော့ ကိုယ့်အတွက် အကောင်းဆုံးပဲ” တဲ့။ အဲဒါ ဦးလေးတစ်ယောက်က ကျနော့်ကို ဆုံးမခဲ့ဖူးတဲ့ ဆုံးမစကားပါ။ အနှစ်ချုပ်ရရင်တော့ အကြောင်းမဲ့ လျှောက်ပြီး ဘလိန်းမနေနဲ့ တဲ့။

ဒါပေမယ့် ကျနော် မနေနိုင်ဘူး။ 😅

တရုတ်ဝတ္ထုတွေကို မြန်မာဘာသာပြန် ဖတ်ရင် ဘာသာပြန် အရည်အသွေးက ဘယ်လောက်ပဲ ကောင်းကောင်း၊ အမြဲလိုလို ကြုံရတတ်တဲ့ စိတ်ကသိကအောက် ဖြစ်စရာက တရုတ်နာမည်တွေကို အသံဖလှယ်တဲ့နေရာမှာ တလွဲတွေ ဖြစ်နေတတ်တာကြောင့်ပဲ။ ဒါပေမယ့် မတတ်နိုင်ဘူး။ ဘာသာပြန်ထားတာ အဆင့်မီတော့ နာမည်တွေက ကိုးယိုးကားယား ဖြစ်နေလည်း သည်းညည်းခံပြီး ဖတ်ရတာပါပဲ။ နည်းနည်းတော့ နင်တာပေါ့လေ။

အခု ဒီ Journey to the West ကို ဘာသာပြန်ထားတဲ့ အကြမ်းပတမ်း ခရီးဆန်းကို ဖတ်ရတဲ့ အခါမှာလည်း အဲဒီပြဿနာက ပြန်ပေါ်လာတယ်။ ဘာသာပြန်တဲ့သူ တက္ကသိုလ်နေလင်းအောင်က တရုတ်သိုင်းဝတ္ထုတွေ အတော်များများကို ဘာသာပြန်ထားတဲ့ သူပါ။ ကျနော် တစ်အုပ်မှ မဖတ်ဖူးပေမယ့် သူ့နာမည်ကိုတော့ ရင်းနှီးနေတယ်။ သိုင်းဝတ္ထုတွေ အများကြီးကို ဘာသာပြန်ထားတော့ သူ့ကို တရုတ်စာတတ်တဲ့သူပဲ ဖြစ်ရလိမ့်မယ်လို့ ကျနော် အပိုင်တွက်ထားခဲ့တယ်။

ဒါပေမယ့် ဒီစာအုပ် အတွဲ ၁ ကို စဖတ်တော့ ကျနော် မျက်စိတွေ လည်ကုန်တယ်။ သံသယတွေ ဝင်လာတယ်။ ဒီလူကြီးက တရုတ်စာ မတတ်ဘူးလား ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီစာအုပ်ထဲမှာ သုံးထားတဲ့ နာမည်တွေက ကျနော်တို့ ရင်းနှီးထားတဲ့ အသံထွက်တွေအတိုင်း ဖြစ်မနေလို့ပဲ။ ဝူခုန်းဇာတ်လမ်းတွဲကို အတော်များများ ကြည့်ဖူးကြမှာပါ။ ဒီတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ နာမည်ကို အတော်များများ သိထားနှင့်ကြပြီးသား။

စာအုပ်အကြောင်း မပြောခင် ရုပ်ရှင်အကြောင်း အရင် ပြောရဦးမယ်။ ကျနော်တို့ ခပ်ငယ်ငယ်က ခွေအငှားဆိုင်ဆိုတာ ရှာမှ ရှားပါပဲ။ အထူးသဖြင့် သိုင်းဇာတ်လမ်းတွဲတွေ ရနိုင်တဲ့ ဆိုင်မျိုးပေါ့။ ၈၈ အရေးအခင်းဖြစ်တော့ ကျောင်းတွေကပိတ်၊ လုပ်စရာက မရှိတော့ ကျနော်တို့ ကလေးတွေက ရပ်ကွက်ထဲမှာ ပြေးလွားဆော့ကစားတာက လွဲလို့ ဘာအလုပ်မှ မရှိဘူး။ ဆော့မယ်၊ စားမယ်၊ အိပ်မယ်၊ ဒါပဲ။ တစ်နေ့တော့ အဖေက သူ့သူငယ်ချင်းအိမ်ကနေ အခွေ ၆ ခွေ မ,လာတယ်။ အဲဒါ ရှီးယိုးကျိ လို့ခေါ်တဲ့ ဝူခုန်းကားပဲ။ ဝူခုန်းကားက တကယ်တော့ အပိုင်း ၃၀ ကျော် ရှိမယ် ထင်တယ်။ ဒါပေမယ့် အဖေ့သူငယ်ချင်းဆီမှာလည်း အဲဒီ ၆ ခွေပဲ ရှိတယ်။

ဒီတော့ ကျနော်တို့ ညီအစ်ကိုတစ်သိုက်က အဲဒီ ၆ ကားကို မပျင်းမချင်း အခါခါ အထပ်ထပ် ကြည့်ကြတော့တာပဲ။ မှတ်မှတ်ရရ ပြောရရင် ခွေနံပါတ် ၆ က နတ်ပြည်မှာ သောင်းကျန်းပြီး မြတ်စွာဘုရားက ဝူခုန်းကို တောင်နဲ့ ဖိချတဲ့ အခန်းမှာ ဆုံးတယ်။ အဲဒီ ၆ ခွေကို ကျနော်တို့က အလွတ်ရမတတ် ကြည့်ခဲ့ရတာ ကျောင်းတွေ ပြန်ဖွင့်တဲ့အထိပဲ။ တကယ်ကို အလွတ်တောင် ရနေခဲ့တာပါ။ အဲ .… ပြောရရင် ကလေးဆိုတော့ နတ်ပြည်က နတ်တွေကိုတော့ ဘယ်သိပါ့မလဲ။ ဘုရားတွေ၊ ဘုရားလောင်း ဗောဓိသတ္တတွေတောင် ခွဲတတ်သေးတာ မဟုတ်ဘူး။

နောက်ပိုင်း ၁၉၉၀ ကျော်နှစ်တွေ ရောက်တော့ မန္တလေးမှာ ခွေအတော်စုံတဲ့ ခွေငှားဆိုင် ၂ ဆိုင်လောက် ရှိလာတယ်။ အဲဒီအခါကျမှ ဇာတ်လမ်းကို အစအဆုံး ထပ်ကြည့်ရတယ်။ နောက်တော့ မြန်မာ့အသံက ပြတယ်။ နောက်ထပ် DVD ခေတ်မှာ ဝူခုန်းခွေ ရှာဝယ်ပြီး ကြည့်ပြန်တယ်။ ၁၉၈၀ မှာ စရိုက်ခဲ့တဲ့ ဝူခုန်းတို့ ဆရာတပည့်အတွဲက စုစုပေါင်း ရှီးယိုးကျိ သုံးတွဲအထိ ရိုက်ခဲ့တယ်။ ထားတော့။ ပြောရရင် ထန်စိန်း၊ ဝူခုန်း၊ ကျူးပါးကျဲ့၊ ဆားဝူးကျင်း၊ နတ်မင်းကြီး ယွိဟွမ်တာ့တိ၊ နတ်သူငယ် နဲကျား၊ မျက်လုံးသုံးလုံးပါတဲ့ အော့လန်စိန် စတဲ့ စတဲ့ နာမည်တွေက မြန်မာတွေနဲ့ ရင်းနှီးနေပြီးသားပါ။

ကဲ … စာအုပ်အကြောင်း ပြောကြပါစို့။ ဒီစာအုပ်မှာက ဘာသာပြန်တဲ့ အပိုင်းမှာ ဘာမှ ပြောစရာ မရှိဘူး။ ဝါရင့်ဆရာကြီးပဲကိုးဗျာ။ ဒါပေမယ့် နာမည်တွေ ဖတ်ရတော့ ကြားနေကျ မဟုတ်လို့ အတော် စိတ်လေသွားတယ်။

  • ဟွားကော်စန်း ကို ဟွာကိုးစန်း လို့ သုံးထားတယ်။
  • ယွိဟွမ်တာ့တိ ကို ယို့ဟွမ်တတိ လို့ သုံးတယ်။
  • နဲကျား (တချို့က နီကျားလို့ မြန်မာလို ရေးကြတယ်) ကို လိုချား လို့ သုံးတယ်။
  • ထန်စန်းကျန့် (ထန်စိန်း) ကို ထန်စန်းကျွမ်း လို့ သုံးတယ်။
  • စွန်းဟန်ကျယ် (စွန်းဝူခုန်း) ကို စွန်းဟိန်ကျဲ လို့ သုံးတယ်။
  • ကျူးပါးကျဲ့ ကို ကျူးပက်ကိုင် လို့ သုံးတယ်။
  • ဆားဝူးကျင်း ကို ဆားဝူကျိန်း လို့ သုံးတယ်။

ဒါက လူသိများနိုင်တဲ့ နာမည်တချို့ကိုပဲ ဥပမာ ထုတ်ပြတာပါ။ နာမည်တွေက ကိုယ်သိထားတဲ့ ကိုယ်ကြားဖူးထားတဲ့ ကိုယ်သိကျွမ်းထားတဲ့ နာမည်တွေ မဟုတ်တော့ ဖတ်ရတာ ကသိကအောက်နဲ့။ အဲဒီနာမည်တွေကို ဖတ်လိုက်ရတော့ ကျနော် ပထမဆုံး တွေးမိတာက တက္ကသိုလ်နေလင်းအောင်က တရုတ်လို မတတ်ဘူးလား ပေါ့။ ပြောရရင် သူ့ရဲ့ အသံဖလှယ်ပုံက ငါးပိသံပေါက်နေတာလိုလို ဘာလိုလို။ သူက အင်္ဂလိပ်မူကနေ ဘာသာပြန်လို့ပဲ ဒီအသံထွက်တွေ ဖြစ်နေတာလား။ ကျနော် စဉ်းစားကြည့်မိတယ်။ ဒါနဲ့ အင်္ဂလိပ်ဘာသာပြန်မူ နှစ်ခုကို အင်တာနက်မှာ ရှာကြည့်ရတယ်။

အပြည့်အစုံ လုံးစေ့ပတ်စေ့ ဘာသာပြန်ထားတဲ့ အင်္ဂလိပ်မူက နှစ်မူပဲ ရှိတယ်။ အဲဒီနှစ်မူစလုံးကို အကြမ်းဖျင်း လိုက်ကြည့်ကြည့်တော့ သူက ဝူခုန်း၊ ပါကျဲ၊ ဝူကျင်းတို့ကို ရိုးရှင်းအောင် နာမည်မရေးတော့ဘဲ Monkey, Pig, Sand ဆိုပြီး သုံးထားတာ တွေ့တယ်။ ဘုန်းကြီး စန်းကျန့်ကို Monk ဒါမှမဟုတ် Tripitaka လို့ သုံးတယ်။ ဟုတ်တယ်၊ စန်းကျန့်ဆိုတာ မြန်မာလို တိပိဋကလို့ အဓိပ္ပာယ် ရပါတယ်။ ဒါပေမယ့် တက္ကသိုလ်နေလင်းအောင်က နာမည်အပြည့်အစုံနဲ့ ရေးထားတာ ဆိုတော့ သူက တရုတ်မူရင်းကိုပဲ ကြည့်တာ ဖြစ်မယ်လို့ ခန့်မှန်းရတယ်။ အဲ … နောက်တစ်ခု ခက်နေပြန်တာက အခန်းခွဲတာ။ တရုတ်မူရင်းမှာက အစကနေ အဆုံးအထိ အခန်းပေါင်း ၁၀၀ ခွဲထားတယ်။ အခု မြန်မာပြန်က အဲဒီ မူရင်းအတိုင်း မခွဲဘဲ ပထမတွဲမှာတင် အခန်းက ၇၅ ရောက်နေပြီ။ မြန်မာပြန်က စုစုပေါင်း လေးတွဲ ရှိတယ်။ ဒီတော့ ဘာသာပြန်ဆရာက အခန်းကို သူ ခွဲချင်သလိုပဲ ခွဲထားတာလား။ ဒါမှမဟုတ် ကျနော် မသိတဲ့ မူတစ်ခုခုကို မူတည်ပြီး ခွဲထားတာလား။ ကျနော် မသိဘူး။

အဲ … နာမည်ပြောရာကနေ လမ်းကြောင်းပြောင်းသွားပြီ။ ဘာသာပြန်ဆရာက အဲဒီအသံထွက်တွေကို ဘယ်က ရသလဲလို့ စဉ်းစားရင်း စဉ်းစားရင်း ဖတ်သွားလိုက်တာ တစ်နေရာရောက်တော့မှ ဉာဏ်ထဲ လင်းကနဲ ဖြစ်သွားတယ်။ ဝက်ကြီး စထွက်လာတဲ့ အခန်းပေါ့။ ကျနော်တို့အားလုံး ရင်းနှီးထားတာက ဝက်ကြီးကို ပါကျဲ လို့ ခေါ်တယ်။ ကလေးကအစ သိတယ်။ ဒါပေမယ့် ဘာသာပြန်ဆရာက ပက်ကိုင်လို့ သုံးထားတယ်။ အဲဒီ ပက်ကိုင် ဆိုတဲ့ စကားလုံးကို ဖတ်လိုက်ရမှ ကျနော့်ဦးနှောက်ထဲ လင်းကနဲ ဖြစ်သွားတယ်။ လက်စသတ်တော့ ဒီလိုကိုးပေါ့။

လက်စသတ်တော့ တက္ကသိုလ်နေလင်းအောင်က ဇာတ်ကောင်တွေရဲ့ နာမည်အများစုကို (အကုန်လုံးတော့ မဟုတ်ဘူး) ကွမ်တုံဒေသိယအသံနဲ့ အသံထွက်ထားတယ်။ ပါကျဲ ကို ကမ်တုံလူမျိုးက အသံထွက်ရင် ပက်ကိုင် လို့ ထွက်တယ်။ ဟန်ကျယ် ကို ကမ်တုံလို အသံထွက်ရင် ဟိန်ကျဲ လို့ ဖတ်တယ်။ ယွိဟွမ်တာ့တိ ကို ကမ်တုံလို ယို့ဟွမ်တာ့တေ လို့ ဖတ်ရမယ် ထင်တယ်။ သူကတော့ ယို့ဟွမ်တတိ လို့ ရေးထားတယ်။ သူက ဘာကြောင့် ကမ္ဘာသုံးဖြစ်တဲ့ အစိုးရစံဖြစ်တဲ့ Mandarin လို အသံမထွက်ရတာလဲ။ ဒါတော့ ကျနော်လည်း မသိဘူး။ ကာယကံရှင်ကို မေးမှ သိရတော့မှာပဲ။ ပြဿနာက မြင်နေကျ ကြားနေကျ သိနေကျ အသံထွက် မဟုတ်တော့ စာဖတ်ရတာ ဖီးအောက်တာတော့ အမှန်ပဲ။

ကျန်တာ ဇာတ်လမ်းအနေနဲ့ ပြောရရင်တော့ တချို့အခန်းတွေက ဝတ္ထုထဲမှာပဲ ပါပြီး ရုပ်ရှင်ထဲမှာ ထည့်ရိုက်မထားဘူး။ ဥပမာ ပြောရရင် တရုတ်ဘုရင် သေပြီး ငရဲပြည်ရောက်သွားတဲ့အခန်း၊ ငရဲပြည်က ပြန်လာပြီး ငရဲပြည်ကို ဖရဲသွားပို့ခိုင်းတဲ့ အခန်းတွေကို ရုပ်ရှင်ဇာတ်တွဲထဲမှာ မတွေ့ရဘူး။ နောက်ပြီး စာအုပ်ထဲမှာက ဝူခုန်းကို နာမည်ပြောင်းပစ်ပြီး ဟိန်ကျဲ လို့ ဆရာတော်က ခေါ်ခေါ်နေတာ ဖတ်ရသူအဖို့ တစ်မျိုးကြီးပဲ။ ရုပ်ရှင်ထဲမှာတော့ ဇာတ်လမ်းအဆုံးထိ ဘုန်းကြီးက မျောက်ကို ဝူခုန်းလို့ပဲ ခေါ်တယ်။ ဒါပေမယ့် စာအုပ်ထဲမှာတော့ ဟိန်ကျဲလို့ ခေါ်တယ်။ အဓိပ္ပာယ်က ခရီးသွားသူပေါ့။

အချုပ်ပြောရရင် ဘာသာပြန်ထားတာ အတော် ကောင်းတယ်။ စာသွက်တယ်။ ဖတ်ရ အဆင်ပြေတယ်။ ဒါကြောင့် ကျနော်ဆို တစ်နာရီကို စာမျက်နှာ ၅၀ ကျော် ဖတ်ပြီးတယ်။ ဒါပေမယ့် ဘာသာပြန်ဆရာက စာတချို့ ချုံ့ထားတယ်။ မူရင်းမှာ ပါတဲ့ ကဗျာလင်္ကာတွေ လုံးဝ ဖြုတ်ပစ်ထားတယ်။ အခန်းကို သူ ခွဲချင်သလို ခွဲထားတယ်။ နောက်ဆုံး ကျနော့်တစ်ကိုယ်စာအနေနဲ့ မသက်မသာ အဖြစ်ရဆုံးကတော့ နာမည်တွေကို ကြားနေကျအတိုင်း အသံထွက်မထားတာပဲ။ ဘာပဲဖြစ်ဖြစ် စာအုပ်ဖတ်ရင်း ဝူခုန်းရဲ့ ခွီး ဆိုပြီး ဒေါသထွက်နေတဲ့ မျက်နှာကို မကြာခဏ မြင်ယောင်မိနေတော့တယ်။

Leave a comment

Your email address will not be published. Required fields are marked *