← ဘလော့ဂ်သို့ ပြန်ရန်

Brain On Fire – Susannah Cahalan

စာအုပ်တွေအကြောင်း

နယူးယောက် မက်ဟန်တန်မှာ နေတဲ့ အသက် ၂၀ ကျော် ကောင်မလေးတစ်ယောက်။ သူ့နာမည်က စူဆန်နာ (Susannah Cahalan)၊ သူက New York Post သတင်းစာတိုက်မှာ Reporter အနေနဲ့ အလုပ်လုပ်နေတယ်။ တစ်နေ့ည အိပ်မက်တစ်ခု မက်တယ်။ သူ အိပ်နေတဲ့ သူ့အိမ်က အိပ်ရာထဲမှာ ကြမ်းပိုးတွေ ရှိနေတယ်တဲ့။ အိပ်ရာက လန့်နိုးလာတော့ သူ့လက်ဖျံပေါ်မှာ အနီကွက်နှစ်ကွက် တွေ့လိုက်ရတော့ သူ လန့်ဖျပ်သွားတယ်။ ဒါနဲ့ ကြမ်းပိုးနှိမ့်နင်းရေး ကုမ္ပဏီကို ဆက်သွယ်ပြီး ကြမ်းပိုးသတ်ခိုင်းပါလေရော။ ကုမ္ပဏီက လာကြည့်ပေးတယ်။ စစ်ဆေးပေးတယ်။ ဘာမှ မတွေ့ဘူး။ တစ်ကောင်တလေတောင် မတွေ့ဘူး။ အဲဒီအကြောင်းကို စူဆန်နာကို ပြောပြတော့ သူက မယုံဘူး။ ဒီလူတွေ အလုပ်အကိုင် ပေါ့လျော့တယ်၊ ပြီးစလွယ်လုပ်တယ်ပဲ ထင်တာ။ ဒါနဲ့ ကွန်ပလိန်းတက်ရော။ ကုမ္ပဏီကလည်း နောက်တစ်ပတ်နေရင် ပြန်လာကြည့်ပေးပါမယ်ပေါ့။ နောက်တစ်ပတ် ထပ်လာစစ်တော့လည်း မတွေ့ဘူး။ တစ်ခန်းလုံး လှန်လှောရှာတယ်။ မရှိဘူး။

ကြမ်းပိုးရှာပုံတော် ဖွင့်ပြီး ရက်အနည်းငယ်အကြာမှာ နောက်တစ်ခု ထပ်ဖြစ်လာပြန်တယ်။ စူဆန်နာရဲ့ စိတ်ထဲမှာ သူ့ဘဲကို အလိုလို မယုံကြည်နိုင် ဖြစ်လာတယ်။ သူ့ဘဲက သူ့ကို သစ္စာဖောက်ဖို့ ကြံနေတယ်လို့ ထင်တယ်။ ဒါနဲ့ တစ်နေ့ သူ့ဘဲရဲ့ တိုက်ခန်းမှာ သူတစ်ယောက်တည်း ရှိနေတုန်း သူ့ဘဲရဲ့ ပစ္စည်းတွေကို မွှေရှာတော့တာပဲ။ သူ့ဘဲရဲ့ အီးမေးလ်တွေကိုလည်း လျှောက်စစ်တယ်။ သစ္စာဖောက်တဲ့ သက်သေအထောက်အထားများ ရမလားလို့။ နောက်ပိုင်း နောက်ပိုင်း ရက်တွေမှာ အခြေအနေက ပိုပိုပြီး ဆိုးလာတယ်။ ခေါင်းတွေ ကိုက်လာတယ်။ ဘယ်ဘက် လက် တုန်လာတယ်။ နောက်တော့ ထုံပြီး လေဖြတ်သလို လက်တစ်ဖက် သေသလို ဖြစ်သွားတယ်။ နောက်ဆုံး သတိလစ်သွားတာနဲ့ ဆေးရုံတင်လိုက်ရပါရော။

သူရဲ့ ရောဂါလက္ခဏာတွေက စိတ်ရောဂါလက္ခဏာတွေနဲ့ လုံးဝနီးပါး တူနေတယ်။ ဒါကြောင့် ဆရာဝန်တွေက သူ့ကို စိတ်ရောဂါအနေနဲ့ ကုကြတယ်။ စိတ်ဖိအားများလွန်းလို့ စိတ်ဖောက်ပြန်သွားတယ်လို့ ထင်တယ်။ စိတ်ငြိမ်ဆေး ဘာညာသာရကာနဲ့ ကုပေမယ့် မပျောက်တဲ့အပြင် အခြေအနေက ဆိုးသထက် ဆိုးလာတယ်။ နောက်ကျတော့ အလုပ်လည်း မဝင်နိုင်တော့ဘူး။ တကယ့်အရူးတစ်ယောက်လို အော်ဟစ်ဆဲဆိုပြီး ထင်ရာစိုင်းနေတော့တယ်။ တငိုငို တရယ်ရယ်နဲ့ ဖြစ်ချင်ဖြစ်နေတော့တယ်။ သူ့ကို စိတ်ဖိအားများလို့ ဖြစ်တာပါ ဆိုပြီး ဆေးကုနေကာမှ အခြေအနေ ပိုဆိုးလာတယ်။ လျှာကိုတောင် မလှုပ်နိုင်တော့ဘူး။ ပန်းသီးကို ပြပြီး အဲဒါ ဘာသီးလဲလို့ မေးတာတောင် မဖြေတတ်တော့ဘူး။ ဂောက်ကြောင်ကြောင် ဖြစ်သွားတယ်။

ဒါပေမယ့် စူဆန်နာက တော်တော်ကို ကံကောင်းတယ်လို့ ပြောရမယ်။ ကမ္ဘာပေါ်မှာ Neuroscience ကို လေ့လာတဲ့ သုတေသီတွေထဲမှာ စက်ကိရိယာ အစုံဆုံး၊ နည်းပညာ အမြင့်ဆုံး တက္ကသိုလ်တစ်ခု ဖြစ်တဲ့ နယူးယောက်တက္ကသိုလ်ရဲ့ တွဲဖက်ဆေးရုံမှာ ခုတင်တစ်လုံး လွတ်နေတာကြောင့် သူ အဲဒီဆေးရုံကို တက်ခွင့်ရလိုက်တယ်။ အဲဒီ တက္ကသိုလ်ဆေးရုံမှာ အရူးတစ်ပိုင်း ဖြစ်ပျက်နေခဲ့တာတွေကို စာအုပ်ထဲမှာ ထည့်ရေးထားပေမယ့် ဒီမှာ မပြောတော့ဘဲ အတိုချုပ်လိုက်တော့မယ်။ နောက်နောက်ဆုံးမှာ သူ ဖြစ်နေတဲ့ ရောဂါကို ဖော်လို့ ရသွားတယ်။

ဆရာဝန်က ဘာပြောသလဲဆိုတော့ “သူ့ဦးနှောက်က မီးလောင်နေတာဗျ။ သူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သူ့ ဦးနှောက်ကို ဝိုင်းပြီး တိုက်ခိုက်နေကြတယ်” တဲ့။ သူ့ရောဂါကို ဘယ်လို နာမည်တပ်သလဲဆိုတော့ Anti-NMDA receptor encephalitis လို့ ခေါ်တယ်။ ဦးနှောက်ထဲမှာ NMDA receptor ဆိုတာတွေ ရှိတယ်။ အဲဒီ receptor တွေကို ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံအားစနစ်က (မျက်စိလည်ပြီး) ပြန်တိုက်လို့ ရောင်ရမ်းကုန်တယ်။ ပြောရရင် autoimmune ရောဂါတစ်မျိုးပဲ။ autoimmune ကြောင့် ဦးနှောက်ရောင်ရမ်းသွားတာ။ သူက ဦးနှောက်ရဲ့ အစိတ်အပိုင်းတချို့ကို ဖျက်ဆီးပစ်တော့ စိတ်ဂယောင်ချောက်ချားဖြစ်လာတယ်။ မရှိတဲ့ အသံ၊ အဆင်းတွေ မြင်ကြားလာတယ်။ ကျိုးကြောင်းဆက်စပ်ပြီး မတွေးနိုင်တော့ဘူး။ ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘူး။ ဒီတော့ အပြင်ပန်းအရ ကြည့်ရင် အရူးတစ်ယောက်နဲ့ ဘာမှ မခြားတော့ဘူး။ ပိုဆိုးတာက စကားပြောစွမ်းရည်တွေလည်း ကျဆင်းသွားတယ်။ စကား မပြောနိုင်တော့တာ၊ ဝူးဝူးဝါးဝါး ဖြစ်တာအပြင် တချို့လူနာတွေဆိုရင် အသံသေးအသံကြောင်နဲ့ ဘာတွေ လျှောက်အော်နေမှန်း မသိတော့ဘူး။ ဂြိုဟ်သားစကားတွေ ပြောသလို ဘာတွေပြောနေမှန်း ဝေခွဲမရတော့ဘူး။

ဒါကြောင့် ဒီရောဂါကို ရှေးရှေးတုန်းက မကောင်းဆိုးဝါး ပူးတယ်၊ နတ်ကိုင်တယ်၊ စုန်းပြုစားတယ်ဆိုပြီး အထက်လမ်း အောက်လမ်းတွေနဲ့ ကုကြတယ်။ တချို့ကျတော့ မကောင်းဆိုးဝါး ဖြစ်သွားတယ်ဆိုပြီး အရှင်လတ်လတ် မီးရှို့သတ်ပစ်တာတောင် ရှိခဲ့တယ်။ အဲဒီလောက် မဆိုးဝါးရင်တောင် အဲဒီဝေဒနာရှင်တွေကို အရူး၊ ဒါမှမဟုတ် Autism တွေအဖြစ် သတ်မှတ်ကြတယ်။ အဲဒီရောဂါကလည်း အရွယ်မရောက်သေးတဲ့ ကလေးတွေမှာ ပိုပြီး အဖြစ်များသတဲ့။ ဟုတ်တယ်။ ဒီရောဂါမျိုးက ဟိုးပဝေသဏီကတည်းက ရှိခဲ့တာပဲ။ ဒါပေမယ့် အဲဒီရောဂါလက္ခဏာတွေကို အခြေခံပြီး အဲဒီရောဂါကို Anti-NMDA receptor encephalitis ပါလို့ နာမည်တပ်နိုင်ခဲ့တာလည်း မကြာသေးဘူး။ မကြာသေးဆို စူဆန်နာကို မကုခင် သုံးလအလိုလောက်ကမှ နာမည်တပ်နိုင်ခဲ့တာ။ ဒါကြောင့်လည်း စူဆန်နာကို ကံကောင်းတယ်လို့ ပြောရတာပေါ့။

ရောဂါကို diagnose တာ လုပ်နိုင်ခဲ့တာ။ ရောဂါအမည် တပ်နိုင်ခဲ့တာ။ ဘယ်လို ကုသရမှန်း မယ်မယ်ရရ သိကြသေးတာ မဟုတ်ဘူး။ ဘာကြောင့် အဲဒီရောဂါ ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကိုလည်း ရှာမတွေ့သေးဘူး။ ဒါပေမယ့် စူဆန်နာကိုတော့ ပျောက်ကင်းအောင် ကုပေးနိုင်ခဲ့တယ်။ အနည်းဆုံးတော့ ဒီစာအုပ်ထွက်တဲ့အချိန်ထိ ပြန်မဖောက်ခဲ့ဘူးပေါ့။ သူကလည်း ကင်ဆာရောဂါလိုပဲ။ ဘယ်အချိန် ထဖောက်မလဲဆိုတာ ဘယ်သူမှ အတပ် မပြောနိုင်ဘူး။ ရောဂါရဲ့ ကုသစရိတ်ကလည်း နည်းတာမဟုတ်ဘူး။ လူအယောက်တစ်ထောင်ဆီက antibody တွေ ယူပြီး သူ့ကို ထိုးသွင်းပေးရတယ်။ ဒါကြောင့် ဆေးတစ်ချောင်းကို ဒေါ်လာ နှစ်သောင်းလောက် ကုန်ကျသတဲ့။ စူဆန်နာက New York Post သတင်းစာရဲ့ သတင်းထောက်ဆိုတော့ သူ့မှာ ကျန်းမာရေးအာမခံ ရှိနေတာကလည်း သူ့အတွက် အားသာချက်တစ်ခု ဖြစ်သွားတယ်။ အဲဒီ အာမခံကုမ္ပဏီချည်းပဲကိုက ဒေါ်လာတစ်သန်းလောက် ကုန်သွားတယ်။ စူဆန်နာရဲ့ မိဘတွေဆီကလည်း ပိုက်ဆံအတော် ပါသွားတယ်။ ပြောရရင် ဒီရောဂါက ငမွဲဆို ကုနိုင်မှာ မဟုတ်ဘူး။

ထားတော့။ ဒီစာအုပ်ထဲမှာ စူဆန်နာက သူရဲ့ ရောဂါလက္ခဏာတွေကို အတိအကျ ရေးပြထားတယ်။ သူ ဆေးရုံတက်နေတုန်းမှာ ဖြစ်ပေါ်နေတဲ့ သူရဲ့ စိတ်ခံစားမှုတွေ၊ အတော်လေး သက်သာလာတော့ ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေကိုလည်း အတော် စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားထားတယ်။ နောက်ပြီး ဆေးရုံကဆင်းလို့ အိမ်မှာ အနားယူချိန်၊ အဲဒီကြားကာလမှာ ပျော်ပွဲရွှင်ပွဲ‌တွေ တက်တော့ လူကြားသူကြားမှာ ဘယ်လိုနေ၊ ဘယ်လို ခံစားရပုံ၊ နောက်ပိုင်း အလုပ်ပြန်ဝင်ဖို့ ကြိုးစားပုံ၊ အလုပ်စဝင်တဲ့အခါမှာ ဖြစ်လာတဲ့ စိတ်ခံစားမှုတွေကို အသေးစိတ် ဖော်ပြထားတယ်။ ဘာနဲ့ ဥပမာ တူသလဲဆိုတော့ အရူးတစ်ယောက် အရူးစိတ်ပျောက်လို့ လူကောင်းတစ်ယောက်အဖြစ်နဲ့ လူ့လောကထဲ ပြန်ရောက်လာသလိုပဲ။ ဘေးလူတွေကလည်း သူ့ကို ဘယ်လို ဆက်ဆံရမှန်း မသိကြဘူး။ သူကလည်း လူပုံအလယ်မှာ ဘယ်လို နေရမှန်း မသိဘူး။ ဘယ်လို စိတ်ထားမှန်း မသိဘူး။ ပြောရရင် သူ့ကိုယ်သူတောင် မယုံချင်ဘူး ဖြစ်နေတယ်။ ရောဂါပျောက်လို့ လူကောင်းပကတိ ပြန်ဖြစ်နေပေမယ့် သူကြားရတဲ့ အသံတချို့ကို တကယ်ရော အစစ်အမှန် ဟုတ်ရဲ့လား။ သူ မြင်ရတဲ့ အလင်းတန်း/အဆင်းကို တကယ့် အစစ်အမှန်မှ ဟုတ်ရဲ့လားလို့ သံသယ ဝင်နေတုန်းပဲ။ ငါ ဘယ်အချိန် ပြန်ရူးသွားဦးမှာလဲ ဆိုတဲ့ trauma ကို အတော်လေး ဖျောက်ယူခဲ့ရတယ်။

နောက်ကျတော့ New York Post ရဲ့ အယ်ဒီတာတစ်ယောက်က သူ့ကို သူ့ရောဂါအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးပေးပါလားလို့ သူ့ကို ခိုင်းလိုက်တယ်။ သူ ရေးချင်တဲ့ ဆန္ဒရှိရင်ပေါ့။ ဒါနဲ့ သူ ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ ဆောင်းပါးရေးမယ် ဆိုတော့ ဆေးရုံတက်စဉ်တုန်းက သူရဲ့ အခြေအနေမှန်ကို သိဖို့လိုလာတယ်။ အဲဒီတုန်းက လွယ်လွယ်ပြောရရင် ရူး (သလိုဖြစ်) နေတာဆိုတော့ သူ့ကိုယ်သူ ဘာဖြစ်လို့ ဖြစ်ခဲ့မှန်း သိတာမဟုတ်ဘူး။ ဒါနဲ့ သူ့ကို ကုပေးခဲ့တဲ့ ဆရာဝန်တွေ၊ သူ့ကို ပြုစုခဲ့တဲ့ နာ့စ်မတွေကို ပြန်ပြီး အင်တာဗျူးရတယ်။ ဒီလိုနဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်သွားခဲ့တယ် ဆိုပါတော့။

အဲဒီဆောင်းပါးက NYP သတင်းစာထဲ ပါလာပြီး အတော်လေး ဟော့ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက အရူးလို့ သတ်မှတ်ခံထားရတဲ့ လူနာတွေရဲ့ လူနာရှင်တွေက အဲဒီဆောင်းပါးကို ဖတ်ရတဲ့အခါမှာ အဲဒီဆောင်းပါးကို ကိုင်ပြီး သူတို့ရဲ့ ဆရာဝန်တွေကို ကွန်ပလိန်းတက်ကြတော့တာပဲ။ အရင်တုန်းက စိတ်ကယောင်ချောက်ချား ဖြစ်ရင် စိတ္တဇရောဂါလို့ပဲ လွယ်လွယ်လေး နာမည်တပ်လိုက်ကြတာ။ ဆရာဝန် အတော်များများကလည်း ဒီလို ရောဂါမျိုး ရှိမှန်းတောင် မသိကြဘူး။ အခုတော့ ဒီဆောင်းပါးကြောင့် ဆရာဝန်တွေရော၊ လူနာရှင်တွေပါ မျက်စိပွင့်သွားကြတယ်။ စူဆန်နာဆီမှာ လူနာရှင် အတော်များများက ဖုန်းဆက်လာကြတယ်။ အကြံဉာဏ်တောင်းကြတယ်။ စူဆန်နာကတော့ သူ့ ဖြစ်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ သူပြခဲ့တဲ့ ဆရာဝန်တွေကို ပြန်ပြောပြပေးတာပေါ့။ ဒါနဲ့ပဲ အဲဒီဆောင်းပါးကို အကြောင်းပြုပြီး အနာသိ ဆေးရှိလို့ ပျောက်ကင်းသွားတဲ့ ဝေဒနာရှင်တွေလည်း အများကြီး ပေါ်လာတယ်။

စာအုပ်ရဲ့ အဆုံးမှာ လူတစ်ယောက်က စူဆန်နာကို ဘာမေးသလဲဆိုတော့ သူ ရောဂါဖြစ်ခဲ့တဲ့ ကာလနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်အပိုင်းအစကို ဦးနှောက်ထဲက ဖယ်ထုတ်ပစ်လို့ ရမယ်ဆိုရင် ဖယ်ထုတ်ပစ်ချင်သလားတဲ့။ သူက ဘယ်လို ပြန်ဖြေသလဲ ဆိုတော့ ဖယ်မပစ်ချင်တော့ဘူးတဲ့။ ဒီမှတ်ဉာဏ်အပိုင်းအစကို အကြောင်းပြုပြီး အခုဆိုရင် လူအသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီလေ တဲ့။

ဒီစာအုပ်ကို မြန်မာဘာသာပြန်အဖြစ်နဲ့ ရှိသင့်တဲ့ စာအုပ်တစ်အုပ်လို့ ယူဆမိပါတယ်။ ဘာသာပြန်မယ့်သူက ဆရာဝန်၊ Neuroscience ကို တီးမိခေါက်မိတဲ့ သူဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ယူဆမိပါကြောင်း။

မှတ်ချက်။ Netflix မှာ ရုပ်ရှင်ကားရှိပါတယ်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *