- စာအုပ်အမည် – အသူရာ
- ဘာသာပြန်သူ – ဧက
- ထုတ်ဝေသူ – စာပေလောက
- ပထမအကြိမ်၊ စက်တင်ဘာ ၂၀၂၃။
တကယ်တော့ ဒီအသူရာဝတ္ထုကို ဖတ်ပြီးခဲ့တာ အတော်လေးကြာသွားပြီ။ ပုံမှန်အားဖြင့်တော့ ကျနော်က စာအုပ်ကို ဖတ်ပြီးပြီးချင်းမှာပဲ စာအုပ်အပေါ် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို စာအဖြစ် တန်းရေးလေ့ရှိတယ်။ ဒါပေမယ့် ဒီစာအုပ်မှာကျတော့ အင်တာနက် လိုင်းမကောင်းတာကတစ်ကြောင်း၊ နောက်တစ်ကြောင်းက ဝတ္ထုဖတ်ပြီးပြီးချင်းမှာ ကိုယ့်ရဲ့ mood မု(ဒ်)က အဆိုးမြင်ဘက် ရောက်နေသလားလို့ တွေးမိတာကြောင့် ဒီစာကို တန်းမရေးဖြစ်ဘဲ စာဖတ်ပြီး ၂ လ၊ ၃ လကြာမှ ရေးဖြစ်တော့တယ်။ ဒီတော့ ဖတ်ပြီးပြီးချင်း ဖြစ်ပေါ်လာခဲ့တဲ့ ခံစားချက်တချို့ကတော့ ဒီစာမှာ ပါနိုင်မယ် မထင်တော့ဘူး။ အခု ခံစားချက်တချို့ကို မှတ်မိသလောက်ပဲ ပြန်ရေးတော့မယ်။
အခုလို ဘာသာပြန်ဝတ္ထုတွေအကြောင်း ပြန်ပြောပြတဲ့အခါမှာ (ဒီမှာ ဝေဖန်တယ်လို့ ကျနော် မသုံးချင်ဘူး။ ကျနော်ရဲ့ ခံစားချက်တချို့ကိုပဲ တင်ပြချင်တာပါ) ကျနော်အနေနဲ့ ပုံမှန်အားဖြင့် အပိုင်းသုံးပိုင်း ခွဲပြီး ရေးပြလေ့ရှိတယ်။ ပထမဆုံးက မူရင်းဝတ္ထုအကြောင်းနဲ့ ပတ်သက်တဲ့ ခံစားမှုကို ပြောပြမယ်။ ဒုတိယပိုင်းအနေနဲ့ ဘာသာပြန်သူနဲ့ သူ့ရဲ့ ဘာသာပြန်လက်ရာအကြောင်း ပြောပြမယ်။ တတိယပိုင်းအနေနဲ့ စာအုပ်ထုတ်ဝေသူကို အကြံပြုချင်တာမျိုး ပါရင် ဒီအပိုင်းမှာ ထည့်ရေးတတ်တယ်။ ဒါပေမယ့် အခုဒီစာမှာတော့ ကျနော် မူရင်းဝတ္ထုနဲ့ ပတ်သက်တာကိုပဲ ပြောပြချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာပြန်လက်ရာနဲ့ ပတ်သက်ပြီး ကျနော်အဖို့ ပြောစရာ များများစားစား ရှိမနေလို့ပါ။ နောက်ပြီး တတိယပိုင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကိုလည်း ဘာသာပြန်သူ ဧကနဲ့ အနည်းအကျဉ်း ဆွေးနွေးထားပြီးပြီ ဖြစ်လို့ ဒီမှာ ထည့်မရေးတော့ဘူး။ ဒါကြောင့် ဒီစာမှာ အဓိက ဖွင့်ပြချင်တာကတော့ မူရင်းဝတ္ထုအကြောင်းပါပဲ။
ဒသဂီရိတို့၊ သီတာရာမတို့၊ ရာမာယနဝတ္ထုတို့ဆိုတဲ့ နာမည်တွေက မြန်မာတွေအတွက် စိမ်းဆတ်နေတဲ့ နာမည်တွေ မဟုတ်ဘူး။ ဟိုးအရင်း ကုန်းဘောင်ခေတ်နှောင်းကတည်းက မြန်မာပြည်မှာ ခေတ်စားနေခဲ့တဲ့ ပုံဝတ္ထုဇာတ်လမ်းတွေပါ။ ခေတ်သစ်ကို ရောက်လာတော့ ဆရာချစ်ဦးညိုလို ပုဂ္ဂိုလ်မျိုးက လင်္ကာဒီပချစ်သူ ဆိုပြီး ခေတ်အမြင်၊ ခေတ်အရေးအသားနဲ့ ဝတ္ထုတစ်စောင် ထပ်ဖွဲ့ထားလေတော့ ဒီခေတ်စာဖတ်ပရိသတ်အတွက်လည်း ဒသဂီရိဆိုတဲ့ ဇာတ်ကောင်က စိမ်းသက်သက် ဖြစ်မနေတော့ဘူး။ အခု လာပြန်ပြီ။ အသူရာ တဲ့။ ရာမာယနဝတ္ထုနဲ့ ပတ်သက်ပြီး မူကွဲတွေ ရာချီထောင်ချီ ရှိနေပေမယ့် အမှန်အတိုင်း ဝန်ခံရရင် ကျနော် များများစားစား မဖတ်ဖူးဘူး။ ဖတ်ဖူးသလောက်ကလည်း တင်ပြပုံ ရှုထောင့်ကသာ ကွဲလွဲချင် ကွဲလွဲမယ်။ ပင်မဇာတ်အိမ်အထိုင်ကတော့ အများကြီး ကွဲလွဲမှု မရှိဘူး။ ဥပမာပြောရရင် ရှေးရှေးတုန်းက ထွက်ခဲ့တဲ့ ပြဇာတ်ဆန်ဆန် ရာမာယနဝတ္ထု အားလုံးမှာ ဒသဂီရိကို ဗီလိန် (လူဆိုး) အဖြစ် ဖွဲ့နွဲ့ထားကြတယ်။ ရာမကတော့ မင်းသား၊ ဇာတ်လိုက်၊ အဓိကဇာတ်ကောင်ပေါ့။ ရှေးဟောင်းဣန္ဒိယကလည်း ရာမကို ဘုရားအဖြစ်တောင် ကိုးကွယ်ထားကြတာ မဟုတ်လား။ ဒါပေမယ့် ဆရာချစ်ဦးညိုကတော့ ဒသဂီရိကို ဗီလိန်အဖြစ်ကနေ လူသားဆန်တဲ့ ဇာတ်လိုက်တစ်ယောက်အဖြစ် သူ့ရဲ့ လင်္ကာဒီပချစ်သူ ထဲမှာ သရုပ်ဖော်ပြသွားတယ်။ ဒါပေမယ့် ရှုထောင့်သာ ကွဲသွားတယ်။ ဇာတ်အိမ်ကျောရိုးကတော့ မူရင်းဝတ္ထုကြီးနဲ့ ဘာမှ သိပ်မကွဲပြားဘူး။
ဒါပေမယ့် အခုပြောပြမယ့် ဒီ ‘အသူရာ’ ဝတ္ထုမှာတော့ အဲဒီလို မဟုတ်ဘူး။ စာရေးဆရာက သူ့ရဲ့ လုပ်ကိုင်ခွင့်ကို အသုံးချပြီး ဇာတ်အိမ်ကျောရိုးတချို့ကို သူ့စိတ်ကြိုက် ပြောင်းလဲထားတယ်။ ဥပမာ ပြောရရင် သီတာက ဒသဂီရိ (ဒီဝတ္ထုထဲမှာတော့ ရာဝဏ) ရဲ့ သမီးအရင်း ဖြစ်နေတယ်။ ဒီတော့ သီတာကို ခိုးယူခဲ့တာက တဏှာပေမကြောင့် မဟုတ်ဘဲ သမီးတော်ကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်နေတယ်။ ဒါက ဒီဝတ္ထုရဲ့ အကြီးမားဆုံး twist တစ်ခုလို့ ပြောလို့ရမယ် ထင်တယ်။ နောက်ပြီး ဒီဝတ္ထုမှာ ရာဝဏ (ဒသဂီရိ) ကို ဆရာချစ်ဦးညိုလိုပဲ လူမျိုးစုတစ်ခုရဲ့ (အတိအကျပြောရရင် ဒွာဗီဒီယန်တွေရဲ့၊ တနည်းပြောရရင် အသားမည်းတွေရဲ့) သူရဲကောင်းအဖြစ်၊ ခေါင်းဆောင်အဖြစ် ရေးဖွဲ့ထားတယ်။
ကျနော်အမြင် ဒီဝတ္ထုရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက ဘဒ္ဒရာဆိုတဲ့ အောက်တန်းစားကျွေးကျွန်တစ်ယောက်ကို အဓိကဇာတ်ကောင်အဖြစ် ထပ်ပေါင်းထည့်ထားခြင်းပဲ။ ဣန္ဒိယရဲ့ မူရင်းဝတ္ထုကြီးထဲမှာ ဘဒ္ဒရာဆိုတဲ့လူ မပါဘူး။ ဒါကို စာရေးဆရာက သူ့စိတ်ကူးနဲ့ ထည့်ထားတယ်။ ဒီဝတ္ထုထဲမှာ အဓိကဇာတ်ကောင်ကြီး နှစ်ယောက်ပါတယ်။ တစ်ယောက်က ရာဝဏ (ဒသဂီရိ)၊ နောက်တစ်ယောက်က ဘဒ္ဒရာ။ မူရင်းဝတ္ထုကြီးမှာတော့ ရာမနဲ့ ဒသဂီရီပေါ့။ ဒီမှာက ရာဝဏနဲ့ ဘဒ္ဒရာ။ စာမျက်နှာ ၈၀၀ ကျော်ပါတဲ့ ဒီဝတ္ထုထဲမှာ ဇာတ်ကြောင်းပြောသူက နှစ်ယောက်ပဲ ပါတယ်။ ရာဝဏနဲ့ ဘဒ္ဒရာ၊ သူတို့နှစ်ယောက်ပဲ။ ဆိုလိုတာက ဒီဝတ္ထုဇာတ်ကြောင်းတစ်ခုလုံးက ရာဝဏရဲ့အမြင်၊ ဘဒ္ဒရာရဲ့အမြင်၊ အဲဒီအမြင်နှစ်ခုနဲ့ တင်ပြသွားတယ်။
တကယ်တော့ ရာဝဏနဲ့ ဘဒ္ဒရာက ဆန့်ကျင်ဘက်ဇာတ်ကောင်တွေပါ။ ရာဝဏက အာဏာကို ကိုယ်စားပြုတယ်။ ကြွယ်ဝမှုကို ကိုယ်စားပြုတယ်။ ကြီးမြတ်မှုကို ကိုယ်စားပြုတယ်။ ဘဒ္ဒရာကကျတော့ နိမ့်ကျမှုကို ကိုယ်စားပြုတယ်။ မွဲတေမှုကို ကိုယ်စားပြုတယ်။ ယို့ယွင်းမှုကို ကိုယ်စားပြုတယ်။ ဒါကြောင့် ဒီဝတ္ထုကို တင်ပြတဲ့အခါမှာ ကြီးမြတ်သူရဲ့ ရှုထောင့်ကနေ တင်ပြသွားသလို နိမ့်ကျသူရဲ့ ရှုထောင့်ကနေလည်း တင်ပြသွားတယ်။ ဒါ ဒီဝတ္ထုရဲ့ အားသာချက်လို့ ပြောရမယ် ထင်တယ်။ ကြီးမြတ်တဲ့သူက ဘယ်လောက်တောင် စည်းစိမ်တွေ ယစ်မူးနေကြသလဲ ဆိုတာကို တင်ပြနေရင်းမှာပဲ ဂုဏ်သိမ်သူတွေ ဘယ်လောက်တောင် နုံချာနိမ့်ကျနေကြသလဲ ဆိုတာကို တစ်ဖက်လှည့် တင်ပြထားတယ်။ ဒီတော့ ဆန့်ကျင်ဘက် ဘဝနှစ်ခုကို တစ်ခန်းစီးလှည့်ပြီး သရုပ်ဖော်သွားတဲ့ သဘောပေါ့။
ဒီမူရင်းဝတ္ထုကြီးရဲ့ သက်တမ်းက နှစ်ပေါင်း ၃၀၀၀ မကတော့ဘူး။ classic ဖြစ်လွန်းအားကြီးလို့ ဒီထဲမှာပါတဲ့ ဇာတ်ကောင်တွေကတောင် ကိုးကွယ်ခံ ဘုရားတွေ၊ နတ်မင်းကြီးတွေ ဖြစ်ကုန်ကြပြီ။ ဒီတော့ ရာဝဏ (ဒသဂီရိ) လို့ ကြားလိုက်တာနဲ့၊ ရာမလို့ ကြားလိုက်တာနဲ့၊ ဟနုမာန်လို့ ကြားလိုက်တာနဲ့၊ ဝရုဏလို့ ကြားလိုက်တာနဲ လူတွေရဲ့ အသိအာရုံထဲမှာ လူသားစင်စစ်လို့ မမြင်တော့ဘဲ၊ မထင်တော့ဘဲ ဘုရားတွေ၊ နတ်မင်းကြီးတွေတို့ မှတ်ယူနေကြတယ်။ ဒီတော့ အဲဒီဇာတ်ကောင်တွေရဲ့ လူသားဆန်မှုက ကိုးကွယ်ရာ ဘာသာရေးကြောင့် ပျောက်ဆုံးကုန်ကြတော့တာပေါ့။ ဒါကြောင့် ထင်ပါတယ်။ ဒီဝတ္ထုရဲ့ မူရင်းစာရေးဆရာ အာနန်က ဇာတ်ကောင်တွေရဲ့ လူသားဆန်မှုကို အဓိက ဖော်ထုတ်နိုင်ဖို့ ကြိုးစားထားတယ်။ ဒါပေမယ့် … …
ကျနော်အမြင် ပြောရရင် အာနန်ရဲ့ ကြိုးပမ်းချက်က နည်းနည်း လက်လွန်သွားတယ်လို့ ယူဆမိတယ်။ သူ့ဆန္ဒက ရာဝဏကို လူသားတစ်ယောက်အနေနဲ့ ကျနော်တို့ကို မြင်စေချင်တယ်။ ဒီတော့ လူသားတစ်ယောက်မှာ ရှိတဲ့ emotion တွေ၊ mood swing သဘောထားပြောင်းလဲမှုတွေကို တွင်တွင်ကြီး ထည့်သုံးထားတယ်။ ဒါပေမယ့် mood swing တာတွေ များလွန်းအားကြီးတော့ ရာဝဏရဲ့ ပင်ကိုစရိုက်က ဘာမှန်းတောင် မသိနိုင်တော့ဘူး။ ဥပမာ ပြောရရင် ရာဝဏက ကတိတည်တဲ့သူလား၊ သစ္စာမရှိတဲ့သူလား။ သတ္တိရှိတဲ့သူလား၊ သူရဲဘောကြောင်တဲ့သူလား။ စာနာထောက်ထားတတ်တဲ့သူလား၊ ရက်စက်ကြမ်းကြုတ်သူလား။ အဲဒီလို လူတစ်ယောက်ရဲ့ အခြေခံကျတဲ့ စရိုက်လက္ခဏာတွေကို ဒီဝတ္ထုရဲ့ ရာဝဏဆီမှာ ဖမ်းဆုပ်ရခက်သွားတယ်။ ပြောရရင် ဇာတ်ကောင်စရိုက်က ဘာမှန်းကို မသိတော့ဘူး။ ဝတ္ထုက နောက်ပိုင်းရောက်လာလေလေ ဇာတ်ကောင်စရိုက်ကို ဖမ်းဆုပ်ရ ခက်လေလေ ဖြစ်လာတယ်။ ဒါကို post-modern လို့ ခေါ်ချင်ရင်တော့ မပြောတတ်ဘူး။ ကျနော့်အမြင်ကတော့ လူတစ်ယောက်မှာ လွယ်လွယ်နဲ့ ပြောင်းလဲလို့ မရတဲ့ အခြေခံ၊ မွေးရာပါစရိုက်တွေ ရှိတယ်။ အဲဒီစရိုက်တွေကို ဟိုပြောင်းလိုက် ဒီပြောင်းလိုက် လုပ်နေမယ်ဆိုရင် လူတစ်ယောက်နဲ့ မတူတော့ဘဲ ဇာတ်ဆရာအလိုကျ ရုပ်သေးရုပ်နဲ့ပဲ တူတယ်လို့ ခံစားလာရတယ်။
ဒီဝတ္ထုထဲမှာ ဘဒ္ဒရာဆိုတဲ့ ဇာတ်ကောင်အသစ်တစ်ခုကို စာရေးဆရာက ဖန်တီးယူထားတယ်လို့ ကျနော် ပြောခဲ့ပြီးသွားပြီနော်။ ဒါက စာရေးဆရာရဲ့ ကိုယ်ပိုင်စိတ်ကူး imagination တစ်ခုပဲ။ ဒါကြောင့်လည်း … အားမနာတမ်း ပြောရရင် … ဘဒ္ဒရာနဲ့ ပတ်သက်တဲ့ ဇာတ်ကြောင်းတွေထဲမှာ အားနည်းချက်တွေ၊ ယုတ္တိမဲ့တာတွေ အများကြီး တွေ့နေရတယ်။ ဇာတ်လမ်းတစ်ပုဒ်ကို ရေးသားတဲ့အခါမှာ တိုက်ဆိုင်မှုတွေကို လိုသလို ထည့်သုံးတာ သဘာဝပါပဲ။ ဒါပေမယ့် တိုက်ဆိုင်မှုတွေ ထည့်တာ များလွန်းသွားရင် ဇာတ်လမ်းက ယုတ္တိမဲ့သွားတတ်တယ်။ တိုက်ပဲ တိုက်ဆိုင်နိုင်လွန်း အားကြီးတယ် ဆိုပြီး စာဖတ်သူအဖို့ ဖီးကျဲသွားတာပေါ့။ ဒီဝတ္ထုမှာလည်း ဘဒ္ဒရာရဲ့ အကြောင်းတွေက တိုက်ဆိုင်မှုတွေ များလွန်းအားကြီးတော့ ယုတ္တိမဲ့တဲ့အဆင့်ကို ကူးပြောင်းသွားတယ်။
ပြောရရင် ဘဒ္ဒရာဆိုတာက လင်္ကာကျွန်းမှာ အဆင့်အနိမ့်ဆုံး ပုဂ္ဂိုလ်။ သူတို့အခေါ်အရ untouchable မသတီစရာ လူတန်းစားထဲမှာ ပါတယ်။ ဒီတော့ အဲဒီလို အောက်တန်းစား လူတစ်ယောက်က တိုင်းပြည်မှာရှိတဲ့ အမြင့်ဆုံးပုဂ္ဂိုလ် (ဘုရင်) ဖြစ်တဲ့ ရာဝဏအကြောင်းကို ပြောပြမယ် ဆိုတော့ ရာဝဏနဲ့ဘဒ္ဒရာက အမြဲတမ်း ထိတွေ့နေမှ ဖြစ်မယ်။ စာရေးဆရာအနေနဲ့ သူတို့နှစ်ယောက်ကို မဆုံဆုံအောင် ဖန်တီးပေးမှ ဖြစ်တော့မယ်။ ဒါမှလည်း ဘဒ္ဒရာက ရာဝဏအကြောင်းကို ကောင်းကောင်း ပြောနိုင်တော့မှာပေါ့။ အဲဒီမှာ ပြဿနာ စတက်တာပဲ။ စဉ်းစားကြည့်လေ။ တစ်နေကုန် မူးရူးနေတဲ့ စားရမဲ့ သောက်ရမဲ့ အောက်တန်းစားတစ်ယောက်က လူအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ကို တွေ့ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ တစ်ခါနှစ်ခါလောက်ဆို ပြဿနာ မရှိဘူး။ လူတစ်ယောက်ရဲ့ အကြောင်းကို လုံးစေ့ပတ်စေ့ ပြောပြနိုင်ဖို့ ဆိုရင်တော့ ဇာတ်လမ်းလိုအပ်ချက်အရ ဘဒ္ဒရာက ရာဝဏကို ကောင်းကောင်းကြီး သိနေမှ ဖြစ်တော့မယ်။ ဒီတော့ စာရေးဆရာက ဘဒ္ဒရာနဲ့ ရာဝဏကို မကြာမကြာ ဆုံဖြစ်အောင် ဇာတ်လမ်းဆင်ရတော့တယ်။ ဒီတော့ ယုတ္တိမတန်တာတွေ ဖြစ်ကုန်တော့တာပေါ့။
ဥပမာ ပြောရရင် ရာဝဏရဲ့ လသားအရွယ်ရှိတဲ့ သမီး သီတာကို မှူးမတ်တွေက သတ်ပစ်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ မဆီမဆိုင် ဘဒ္ဒရာကို တာဝန်ပေးပြီး သတ်ခိုင်းတာမျိုး။ ဝရုဏကို သင်္ဘောပေါ်တက်ပြီး လုပ်ကြံတဲ့အခါမှာ ရာဝဏကို ကယ်တင်ခဲ့တဲ့သူက ဘဒ္ဒရာ ဖြစ်နေတာမျိုး။ ရာဝဏရဲ့ နှမနဲ့ နန်းတွင်းထဲမှာ တိတ်တဆိတ် ချိန်းတွေ့နေတဲ့ ရာဝဏရဲ့ ယောက်ဖလောင်းကို ဖမ်းဖို့ ရာဝဏကို သွားတိုင်တဲ့သူကလည်း ဘဒ္ဒရာပဲ။ နောက်ပြီး လွှတ်တော်ထဲမှာ ရာဝဏနဲ့ မှူးကြီးမတ်ကြီး၊ စစ်သူကြီးတွေ တိုင်ပင်တာကို ရေးပြနိုင်ဖို့အတွက် လွှတ်တော်အပြင်ကနေ ဘဒ္ဒရာက ခိုးနားထောင်နိုင်တယ်ဆိုတော့ အတော်ကို ယုတ္တိမဲ့သွားတယ်။ အဲဒီအချိန်မှာ ဘဒ္ဒရာက လွှတ်တော်တံခါးစောင့် ဖြစ်နေရင်လည်း ဟုတ်တုတ်တုတ်ရယ်။ သူက တပ်သားတစ်ယောက်တောင် မဟုတ်ဘူး။ သာမန် အရပ်သားတစ်ယောက်က နန်းတွင်းထဲဝင်ပြီး လွှတ်တော်ထဲမှာ ဘုရင်နဲ့မှူးကြီးမတ်ကြီးတွေ ဆွေးနွေးနေကြတာကို ခိုးနားထောင်တယ်ဆိုတော့ …. ။ ပြီးတော့ ဓားပြဗိုလ်ကို သွားလုပ်ကြံဖို့ ခေါ်ပြီး တာဝန်ပေးခံရတာလည်း မဆီမဆိုင် ဘဒ္ဒရာ ဖြစ်နေပြန်တယ်။ ဘဒ္ဒရာက လင်္ကာဒီပရဲ့ hitman မို့ တကူးတက ခေါ်ခိုင်းတာပါ ဆိုရင်တော့လည်း ယုတ္တိရှိတာပေါ့။ ဘာမှ မဟုတ်တဲ့ အညတရ တပ်သားလေးတစ်ယောက်ကို အင်အားသောင်းချီရှိတဲ့ ဓားပြဗိုလ်တစ်ယောက်ရဲ့ စခန်းထဲဝင်ပြီး ဓားပြဗိုလ်ကို တစ်ယောက်တည်း သွားလုပ်ကြံခိုင်းတယ် ဆိုတာကတော့ အတော်လေး နားလည်ရခက်သွားတယ်။
နောက်ပြီး သီတာဒေဝက ဒီဝတ္ထုထဲမှာ ရာဝဏ (ဒသဂီရိ) ရဲ့ သမီးပါလို့ ကျနော် ပြောခဲ့ပြီးပြီ။ ဒါကလည်း စာရေးဆရာ အာနန်ရဲ့ imagination တစ်ခုပဲ။ ဒီတော့ ဒီကိစ္စမှာလည်း အားနည်းချက်တချို့၊ ယုတ္တိမဲ့တာတချို့ တွေ့လာရတယ်။ ဥပမာ ပြောရရင် လသားအရွယ် သီတာလေးတွေကို မှူးမတ်တွေက လုပ်ကြံမှာ စိုးလို့ဆိုပြီး နန်းတွင်းထဲမှာ သူ့အမေနဲ့ မထားခဲ့ဘဲ စစ်ထွက်တိုက်တဲ့ စစ်မြေပြင်ကို ရာဝဏနဲ့အတူ ခေါ်သွားတာမျိုး။ ဒါကို ယုတ္တိမရှိလှဘူးလို့ ကျနော်တော့ မြင်တာပဲ။ အမေအရင်းက နန်းတော်ထဲမှာ ကျန်နေရစ်ခဲ့တယ်။ ရာဝဏက သူ့သမီးကို စိတ်မချလို့ဆိုပြီး သူစစ်ထွက်တဲ့ စစ်မြေပြင်ကို ခေါ်သွားတယ်။ (အဲဒီလို ခေါ်သွားမှလည်းပဲ ဗြဟ္မဏတွေရဲ့ မြေမှာ သီတာဒေဝီကို ဇာတ်လမ်းအရ လွှင့်ပစ်ခဲ့လို့ ရမှာကိုး။ ဒါမှလည်း မိတ္ထီလာဘုရင်က သီတာလေးကို မြင်ပြီး ခေါ်ယူမွေးစားနိုင်မှာကိုး) ဒါ့အပြင် သီတာဒေဝီနဲ့ ပတ်သက်ပြီး ယုတ္တိယုတ္တာ အားနည်းတာတွေလည်း ရှိပါသေးတယ်။ စာရှည်နေပြီမို့ အကျယ်ချဲ့ မရေးတော့ပါဘူး။ ဥပမာ ပြောရရင် သီတာဒေဝီကို ရာဝဏက ဖမ်းခေါ်လာပြီးတဲ့နောက်မှာ သမီးအရင်းခေါက်ခေါက်ကြီး ဖြစ်ပါလျက်နဲ့ မန္ဓောဒရီက သူ့သမီးကို တစ်ခါလေးတောင် သွားမတွေ့ခဲ့ဘူး။ ဒါမှမဟုတ် သူတို့ သားအမိနှစ်ယောက် တွေ့ဆုံတဲ့အခန်းကို တစ်ခါလေးတောင် ထည့်ရေးမထားဘူး။
အထက်မှာ ရေးခဲ့သမျှက ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ ကျနော်ရဲ့ ခံစားချက်တွေပါပဲ။ အရေးအသားပိုင်းကိုလည်း နည်းနည်းလောက် ပြောချင်ပါသေးတယ်။ ကျနော်ရဲ့ အကျင့်က ဝတ္ထုတစ်ပုဒ်ကို ဖတ်တဲ့အခါမှာ အဲဒီဝတ္ထုရဲ့ နောက်ခံကျောရိုး ခေတ်ကာလကို စိတ်ထဲမှာ မှန်းဆပြီးမှ ဖတ်လေ့ရှိတယ်။ မု(ဒ်) အရင် သွင်းတဲ့သဘောပေါ့။ ကုန်းဘောင်ခေတ်အကြောင်း ဖတ်ရင် စိတ်ထဲမှာ ကိုယ်တိုင် ကုန်းဘောင်ခေတ်ပဲ ရောက်နေသလိုလို ခံစားကြည့်ပြီးမှ စိတ်နှစ်ပြီး ဖတ်တတ်တယ်။ ဒါမှ ပိုပြီး အရသာ ရှိတာကိုး။ ဒါကြောင့် ဝတ္ထုထဲမှာ အဲဒီခေတ်နဲ့ မဆိုင်တဲ့ အသုံးအနှုန်း၊ ဝေါဟာရတွေ ပါလာခဲ့ရင် ကျနော်အဖို့ တော်တော်ကို ဖီးအောက်သွားတယ်။ ဥပမာ ပြောရရင် အလောင်းမင်းတရားအကြောင်း ဖတ်နေရင်း စာထဲမှာ လေယာဉ်ပျံဆိုတဲ့ ဝေါဟာရ ပါလာတာမျိုး။ မြင်သာအောင် ဥပမာ ပေးကြည့်တာပါ။ အဲဒီလောက်လည်း စာရေးဆရာတွေက လွန်လွန်ကျူးကျူး မမှားတတ်ကြပါဘူး။ ဒါပေမယ့် နီးနီးစပ်စပ်တော့ ကျူးလွန်တတ်ကြတယ်။
ဒီဝတ္ထုရဲ့ နောက်ခံခေတ်ကာလက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ – ၃၀၀၀ လောက်ကပါ။ ကျနော်အနေနဲ့ အဲဒီခေတ်ကလူတွေ ဘယ်လိုနေလဲ၊ ဘယ်လိုဝတ်စားသလဲ ဆိုတာကို အတိအကျ မသိနိုင်ပေမယ့် အဲဒီခေတ်မှာ မရှိနိုင်တဲ့ ပစ္စည်းတွေကိုတော့ ကျနော် ကောင်းကောင်း သိထားတယ်။ ဥပမာ ပန်းစကြာမှန်ပြောင်း လိုဟာမျိုး။ အသူရာ ပတွဲရဲ့ စာမျက်နှာ ၁၄ မှာ ရာဝဏက ‘ပန်းစကြာမှန်ပြောင်းလို အရောင်အသွေး စုံလင်လှသော …’ ဆိုပြီး ထည့်ရေးထားတယ်။ တခြားသူတော့ မသိဘူး။ ကျနော်တော့ အဲဒီစာကြောင်းကို ဖတ်ပြီး တော်တော် ဖီးအောက်သွားတယ်။ ဘာနဲ့တူသလဲဆိုတော့ အလောင်းဘုရားက သူ့မြင်းကို အီလွန်မက်ရဲ့ ဒုံးပျံလောက် မြန်ပါပေတယ်လို့ ချီးကျူးနေတာ ဖတ်လိုက်ရသလိုပဲ။ အဲဒီခေတ်အခါမှာ မရှိနိုင်တဲ့ ပစ္စည်းတွေကို ထည့်သုံးတာ၊ ဒါမှမဟုတ် ဥပမာအနေနဲ့ ခိုင်းနှိုင်းပြီး ပြောတာတွေက မဖြစ်သင့်တဲ့ အမှားတစ်ခုလို့ ကျနော်တော့ မြင်တာပဲ။
ဥပမာအလင်္ကာနဲ့ ပတ်သက်ပြီး ကျနော် မှတ်မိနေသေးတာ တစ်ခု ရှိတယ်။ အဲဒါလည်း ဘာသာပြန်သူရဲ့ လွဲမှားမှု ဖြစ်လိမ့်မယ်လို့တော့ ကျနော် မထင်ဘူး။ စာလုံး အတိအကျတော့ ကျနော် မမှတ်မိတော့ဘူး။ စာမျက်နှာနံပါတ်လည်း မှတ်မထားမိတော့ မသိတော့ဘူး။ ဒါပေမယ့် စာကြောင်းရဲ့ ယေဘုယျသဘောကိုတော့ မှတ်မိနေသေးတယ်။ သူ ရေးထားတာက … ငါးတစ်ကောင်လို မျက်လုံးကို ပေကလပ် ပေကလပ် လုပ်နေတယ် … အဲဒီလိုလားပဲ။ ဒီစာကြောင်းကို ဖတ်မိတော့ ကျနော် အသံထွက်အောင် ရယ်မိသွားတယ်။ အရင်တုန်းကလည်း တစ်ခါ ကြုံဖူးတယ်။ အဲဒီတုန်းက စာအုပ်တစ်အုပ်ထဲမှာ ‘မျှစ်ခူးတယ်’ လို့ ရေးထားလို့ ကျနော် အော်ရယ်လိုက်မိတာပါ။ မျှစ်ချိုးတယ် ဆိုတဲ့ အသုံးကို မသိလို့ ဘာသာပြန်သူခမျာ မျှစ်ခူးတယ်လို့ ထည့်ရေးထားတာ သိတဲ့သူအဖို့ကတော့ အတော် ရယ်စရာ ကောင်းနေတာပေါ့။ အခု ဒီမှာလည်း ကျနော်အဖို့တော့ ရယ်စရာ ဖြစ်နေတယ်။ ငါးဆိုတဲ့ သတ္တဝါမှာ မျက်ခွံမှ မပါတာဘဲ။ ဘယ်နှယ့်လုပ်ပြီး ပေကလပ် ပေကလပ် လုပ်နိုင်ပါ့မလဲ။ ဒါက ဘာသာပြန်သူရဲ့ လွဲမှားမှုတော့ မဟုတ်လောက်ဘူးလို့ ထင်မိပါရဲ့။
နောက်တစ်ခုကတော့ ကျနော်ရဲ့ အားနည်းချက်များ ဖြစ်နေမလား မသိဘူး။ အဲဒီစာကြောင်းကို ဖတ်ပြီး နားမလည်လို့ပါ။ စာကြောင်းက ဒီလို … ။ “လူသားတို့၏ စိတ်ကို လှုံ့ဆော်မှု အပေးနိုင်ဆုံးသော စွမ်းအားမှာ အဘိဇ္ဈာစိတ် ဖြစ်သည်။ အင်ပါယာဘုရင်များသည် အဘယ်ကြောင့် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်နေကြသနည်း၊ သူ့ထက်ငါသာအောင် ကြိုးစားနေကြသည်မှာ သူတို့မှာရှိသော အဘိဇ္ဈာစိတ်ကြောင့် မဟုတ်ခဲ့လျှင် အဘယ်ကြောင့်နည်း။” စာကြောင်းက ရိုးရိုးရှင်းရှင်းလေးပါ။ ဒါပေမယ့် အဲဒီစာကြောင်းမှာ ကျနော် နားမလည်နိုင်တာက အဘိဇ္ဈာစိတ် ဆိုတာပဲ။ ပါဠိမှာ အဘိဇ္ဈာ ဆိုတာက သူတစ်ပါးပိုင်ဆိုင်မှုကို မတရားနည်းနဲ့ လိုချင်တပ်မက်တာ။ ဒီတော့ မူရင်း အင်္ဂလိပ်အသုံးက ဘယ်လို ရှိမလဲတော့ မသိဘူး။ ဒီစာကြောင်းမှာ ဆိုလိုရင်းသဘောက အဘိဇ္ဈာစိတ် ဆိုတာနဲ့ ကွဲလွဲနေသလားလို့။ ကျနော် ဉာဏ်မမီတာလားတော့ မပြောတတ်ဘူး။
ကဲဗျာ … စာလည်း ရှည်ပြီ။ မှတ်မိသလောက်လည်း ပြောပြီးသွားပြီ။ အခု ပြောခဲ့သမျှက ဒီဝတ္ထုကို ကျနော် မကြိုက်လို့ ပြောနေတာ မဟုတ်ဘူးဆိုတာကိုတော့ သဘောပေါက်စေချင်ပါတယ်။ ဝတ္ထုကြီးတစ်ပုဒ်က သာမန်ကာလျှံကာလောက်ပဲ ဆွဲဆောင်မှု ရှိနေမယ်ဆိုရင် စာမျက်နှာ ၈၀၀ ကျော်မပြောနဲ့ စာမျက်နှာ ၂၀၀ ကိုတောင် ဖြိုဖို့ လွယ်လှတာ မဟုတ်ဘူး။ ဒီတော့ စာမျက်နှာ ၈၀၀ ကျော်ကို တရှိုက်မက်မက် ဖတ်ဖြစ်သွားခဲ့တာဆိုတော့ ဒီဝတ္ထုရဲ့ ကောင်းကြောင်းကို အထူးအထွေ စာဖွဲ့နေဖို့ မလိုလောက်ဘူး ထင်ပါတယ်။ ဇာတ်လမ်းသိပြီးသား ဝတ္ထုတွေကို ဖတ်တဲ့အခါမှာ ကျနော်က စာရေးသူရဲ့ တင်ပြပုံ၊ အရေးအသားနဲ့ ဝေါဟာရအသုံးပြုမှုတွေကို ဦးစားပေးပြီး ဖတ်မှတ်လေ့ရှိတယ်။ စာရေးသူ ဆိုတဲ့နေရာမှာ မူရင်းစာရေးသူရော၊ ဘာသာပြန်သူရော ပါပါတယ်။ ဒီဝတ္ထုမှာဆိုရင် မူရင်းစာရေးသူက ဝတ္ထုရဲ့ ဇာတ်လမ်းထက် လောကအမြင်၊ ဘဝအမြင်နဲ့ လူသားဆန်မှုသဘောကို ဦးစားပေးပြီး ရေးသားဖွဲ့နွဲ့ထားတာကြောင့်မို့ ဒဿနဆန်တဲ့ အရေးအသားတွေ အများကြီး ရှိပါတယ်။ ဒါကလည်း ဒီအသူရာဝတ္ထုရဲ့ ဆွဲဆောင်မှုတစ်ခုပေါ့။ နိဂုံးချုပ်အနေနဲ့ ဒီဝတ္ထုထဲမှာ ပါတဲ့ ကျနော်အကြိုက်ဆုံး စာကြောင်းတစ်ကြောင်းကို တင်ပြပြီး အဆုံးသတ်ခွင့်ပြုပါလို့ …….
❝ ဦးနှောက်၏ စကားများကို နားထောင်ခဲ့သည်ရှိသော် ကံကြမ္မာက ကွဲပြားကောင်းကွဲပြားသွားပေမည်။ သို့သော် ကျွန်ုပ်ဆိုသည်မှာ အမြဲတစေ စိတ်ပြင်းပြမှု၏ သားကောင်ပင်ဖြစ်သည်။ ရာဝဏအဖြစ် အသက်ရှင်ခဲ့ ပြီး ရာဝဏအဖြစ် သေသွားမည်သာဖြစ်သည်။ ရာမကဲ့သို့ ပြီးပြည့်စုံသောလူ၊ ဘုရားတစ်ပါးအဖြစ်ကို ကျွန်ုပ် မရည်ရွယ်လို။ ကျွန်ုပ်တိုင်းပြည်၌ ဘုရားမရှား။ လူသာရှား၏ ❞
