- စာအုပ်အမည် – သာဓုအင်ဆန်းစ်
- ရေးသူ – သာဓု၊ မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူ
- ထုတ်ဝေသူ – စိတ်ကူးချိုချို၊ ပဉ္စမအကြိမ်
- စာမျက်နှာ – ၂၂၃
- တန်ဖိုး – ၄၀၀၀
ဤစာအုပ်ကို ဖတ်သင့်သူများ – စာရေးဝါသနာပါသူ၊ စာပေဝေဖန်ရေးကို စိတ်ဝင်စားသူ။
စာအုပ်နာမည်က သာဓုအင်ဆန်းစ် (Thardu and Sons)၊ မြန်မာလိုတော့ သာဓုနှင့်သားများပေါ့။ သာဓု ဆိုတာက သူ့ခေတ်သူ့အခါမှာ နာမည်သိပ်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်။ စာရေးဆရာအဖြစ်နဲ့လည်း နာမည်ကြီးခဲ့သလို ရုပ်ရှင်ဒါရိုက်တာ အဖြစ်နဲ့လည်း နာမည်ကြီးခဲ့တယ်။ သူ့မှာ သားငါးယောက် ရှိတယ်။ ငါးယောက်စလုံးက နှယ်နှယ်ရရတွေ မဟုတ်ဘူး။ အဲဒီအထဲမှာ သုံးယောက်ကတော့ နိုင်ငံကျော်တွေ ဖြစ်ခဲ့ကြတယ်။ ‘ခဲ့’ လို့ သုံးလိုက်ရပေမယ့် ပြောရရင် အခုထိ နာမည်ကြီးနေတုန်းပဲ။ တစ်ယောက်က ရုပ်ရှင်လောကမှာ နာမည်ကြီးတယ်။ တစ်ယောက်က စာပေလောကမှာ နာမည်ကြီးတယ်။ နောက်တစ်ယောက်ကတော့ စွယ်စုံရပုဂ္ဂိုလ်အဖြစ်နဲ့ နာမည်ကြီးတယ်။
သူတို့သုံးယောက်ရဲ့ နာမည်တွေက ဝဏ္ဏ၊ ဗလ၊ နဲ့ ဉာဏ်ပေါ်။ ဝဏ္ဏ ဆိုတာက ဒါရိုက်တာမောင်ဝဏ္ဏ။ မောင်ဝဏ္ဏ နာမည်နဲ့ စာလည်း ရေးတယ်။ ဒါပေမယ့် စာပေလောကမှာ သိပ်ပြီး နာမည် မရဘူး။ နောက်တစ်ယောက်က ဗလကြီးလို့ ခေါ်ကြတဲ့ သုမောင်။ သူကတော့ စွယ်စုံရ။ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ စာရေးဆရာ။ မင်းသားကြီး ဝင်းဦးလိုပဲ။ တစ်ခုပဲ ကွာတာက ဝင်းဦးလို တိုက်ပိုင်၊ အယ်ဒီတာချုပ်တော့ မလုပ်ခဲ့ဖူးလောက်ဘူး။ သရုပ်ဆောင်ကလည်း ကောင်း၊ အဆိုကလည်း ပိုင်၊ စာရေးတာမှာလည်း မိုက် ဆိုတော့ စွယ်စုံရပေါ့။ နောက်တစ်ယောက်က ဉာဏ်ပေါ်။ ကလောင်နာမည်ကတော့ မင်းလူ။ မင်းလူ ဆိုရင် အထူးမိတ်ဆက်စရာ မလိုတော့ဘူး ထင်ပါတယ်။
ဒီစာအုပ်က ထူးခြားပါတယ်။ ဘာထူးခြားသလဲ ဆိုတော့ စာရေးဆရာ သားအဖ လေးယောက်ရဲ့ အရေးအသားတွေကို တစ်အုပ်ထဲမှာ စုပြီး ဖတ်ရမှာကြောင့်ပါ။ ဒီထက် ပိုပြီး ထူးခြားတာက သားသုံးယောက် ဖြစ်တဲ့ မောင်ဝဏ္ဏ၊ သုမောင်နဲ့ မင်းလူရဲ့ အရေးအသား (ဝတ္ထုတို သုံးပုဒ်)ကို အဖေဖြစ်သူ သာဓုက ဒီစာအုပ်ထဲမှာ သုံးသပ်ပြထားတယ်။ ဝါရင့်စာရေးဆရာ အဘိုးကြီးရဲ့ အမြင်ကို လူငယ်နောက်တက် စာရေးဆရာပေါက်စ သုံးယောက်ကို ပြောပြတဲ့ ပုံစံမျိုး တင်ပြထားတယ်။ အမှန်ကတော့ သာဓုရဲ့ သုံးသပ်ချက် စကားတွေကို မှတ်တမ်းယူ တင်ပြထားတဲ့ သဘောပါပဲ။
တစ်နေ့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ကြော်ငြာတစ်ပုဒ် ဖတ်လိုက်ရတယ်။ စာအုပ်အညွှန်းပဲ ဆိုပါတော့။ အဲဒီစာကို ဖတ်လိုက်ရလို့ ကျနော် ဒီစာအုပ်ကို ဖတ်ချင်စိတ် အရမ်း ပြင်းပြသွားတယ်။ စာရေးတာ ဝါသနာပါတဲ့ လူတိုင်း ဖတ်သင့်တဲ့ စာအုပ်လို့ ယူဆမိတယ်။ ကျနော် ဖတ်လိုက်ရတဲ့ ကြော်ငြာထဲမှာ ရေးထားတာက …
“ဟေ့… သုမောင်၊ အရင့်အရင် ဝတ္ထုတွေတုန်းက ဖေဖေ ဘာမှမပြောခဲ့ဘူး။ ခု မင်းတို့က ဖတ်ခိုင်းတယ်။ ဝေဖန်ပါလို့ ပါးစပ်က ဖွင့်မပြောကြပေမဲ့ စားစရာတစ်ခုကို မြည်းကြည့်စမ်းပါဆိုတဲ့ အဓိပ္ပာယ်ဟာ ချိုငန်စပ် အဟပ် တည့်၊ မတည့် သိချင်တဲ့သဘော ပါနေတယ်။ ခု ဖေဖေ မြည်းကြည့်ပြီး ဝဏ္ဏကို ပြောပြီးပြီ။ ခု မင်းအလှည့်ပဲ”
ကျွန်တော်ကတော့ မည်သူ ကြားရစေရယ် ဟူ၍။ … ဥဩကို သနားကြသည်တဲ့လေ။ ဘာကြောင့် ကျွန်တော့်ကို သနားနေကြသနည်း။ ခံစားလွယ်သော သဘောရှိသည်မို့
ဒီလို ဒီသဘော စာပေအရေးအသားထဲမှာ အရပ်သုံး အချင်းချင်း ပြောစကားတွေ ညှပ်ညှပ်ရေးတာ ငါ မကြိုက်ဘူး။ ရေးချင်သပဆိုရင် အရပ်သုံး ချည်းသက်သက် စကားပြောသလို တောက်လျှောက်ရေး။ ဒါမှမဟုတ်လည်း စာပေအရေးအသားအတိုင်း “မူ”မပျက် မဖျက်ဘဲ ရေးပေါ့။ အေး… ပြောရတာတော့ တယ်မကောင်းဘူးလေ၊ ဒီလို “ကပြား”စာပေတွေ ဖြစ်လာတာက ကြာနေပြီကော၊ ဘယ်သူကမှ ကြပ်ကြပ်မတ်မတ် မထိန်းကြဘူး၊ စာပေဘက် ဆိုင်ရာ ပညာရှင်ကြီးတွေကလည်း စကားနည်း ရန်စဲသဘော အမုန်းမခံချင် ကြတော့ ခက်သားပဲ။ …
“ကျွန်တော် မျက်ရည်မကျရအောင် မနည်းကြီး ချုပ်တည်းထားရပါသည်။ ဒါပေမဲ့တော့ကာ” ဆိုတာမျိုးတွေက စာပေသဘော မရေးတတ်လို့လည်း ဖြစ်နိုင်တယ်။ ထွင်တာဆိုလည်း မမှားဘူး။ ဘာပဲဖြစ်ဖြစ် အဲသလို ရောထွေးယှက်တင် ရေးရတာက ပိုလွယ်နေ သကိုး။ ဘာမှ ထိန်းစရာမလိုဘူး။ “ကာရန်မဲ့ကဗျာ” ဆိုတာလိုပေါ့။
… အေး၊ ဒီအတိုင်းသာ ရေးနေကြရင် နောက်တစ်ခေတ် ကျောင်းတွေမှာ “စာစီစာကုံး”ဆိုတာတောင် ပျောက်သွားမှာ စိုးရတယ်။
… အေး၊ မင်းတို့က ပြုံးတယ်နော်၊ ဒါက ပြက်လုံး မဟုတ်ဘူးကွ၊ ဒီ စာပေအရေးအသားတွေ “ကပြား” ဖြစ်ပြီး ပုံပျက်လာတာက ဟို ဒုတိယ ကမ္ဘာစစ်ရဲ့ စစ်ကြိုခေတ် တက္ကသိုလ်က စခဲ့တာပဲကွ၊ အေး… အဲဒီကာလက မုန့်ဖက်ထုပ် လည်ရောင်းတဲ့လူဖြစ်စေ၊ ဘုန်းကြီးကျောင်းသားကဖြစ်စေ…
“သူ မှိုင်နေပါသည်၊ ဒါပေမဲ့တော့ကာ သူ စိတ်ညစ်နေတာလို့လည်း ယူဆနိုင်ပါသည်။”
… အဲသလိုစာမျိုးကို ရေးရင် ဘယ်စာနယ်ဇင်းကမှ ထည့်ပေးမှာ မဟုတ်ဘူး၊ အဲ… တက္ကသိုလ်ကျောင်းတော်သားက ရေးတာဆိုတော့ အင်း … “ထွင်”တာပေါ့လေ။ ဆန်းသစ်တာ ဘာညာနဲ့ တာဝန်ရှိတဲ့ ပညာရေးဆိုင်ရာတွေကလည်း ဝင်မထိန်းရုံမကဘဲ ဝိုင်းပင့်ပေးကြတယ်။ အဲဒီကစပြီး တို့မြန်မာစာပေဟာ ကမောက်ကမတွေ ဖြစ်လာတာပဲ။ .. ပြီးတော့ အရေးအသား သဒ္ဒါဝါကျဘက်က ကြည့်ဦး၊ ဖရိုဖရဲပဲ၊ ခု တဖြည်းဖြည်း ပိုဆိုးလာပြီ။
“… သူမသည် အိမ်မှ ထွက်လာကတည်းက ရင်တလေးလေး စိတ်တထင့်ထင့်၊ ဗိုလ်ချုပ်ဈေးသို့ ရောက်သောအခါ အလှကုန်ဆိုင် တစ်ဆိုင်ထဲ သို့ ကြော့ကြော့မော့မော့ ဝင်သွားသတည်း…” တဲ့။ ရင်လေးတာ စိတ်ထင့်တာတွေ ဗိုလ်ချုပ်ဈေးရောက်တာနဲ့ အလိုလို ပျောက်ကုန်တယ်။
.. ပြီးတော့ ရှိသေးတယ်၊ ရေးတတ်ကြသေးတယ်။ “.. အမှန်အားဖြင့်ဆိုတော့ မ သည် ပြောရအခက်၊ မပြောရအခက် ဖြစ်နေပါရောလား…” တဲ့။
… ဒါ ဘာတွေလဲကွ။ မြန်မာစာပေလား။ ခေတ်စမ်းပြီးရင်း စမ်းရင်း စာပေတွေလား။ “အမှန်အားဖြင့်”လို့ အစချီလိုက်တာနဲ့ တစ်ပြိုင်နက် ဒီနောက် ဘာအကြောင်းအရာ လာရမယ်ဆိုတာ သိရမှာပေါ့။ တစ်ခုခုပြောဖို့ လုပ်ဖို့ ဆုံးဖြတ်ဖို့သာ ရှိတယ်။ ဒါမှမဟုတ် ရေးသူရဲ့ အာဘော်အရ ပြောသင့် လုပ်သင့်သည်။ ပြောသင့်ပါလျက် လုပ်သင့်ပါလျက် စသဖြင့်ပေါ့ကွာ။ “အမှန်အားဖြင့်”၊ “အမှန်အတိုင်းဆိုလျှင်” ဒါတွေရဲ့ နောက်ပိုင်းအကြောင်းအရာ ဝါကျတွေထဲမှာ ပြီးကို မပြီးပြတ်သေးတဲ့ သဘောပဲ ဖြစ်ရမယ်။ ဒါ မင်းတို့လည်းသိတယ်။ “အမှန်အားဖြင့်” နဲ့ “အမှန်မှာမူ” ဆိုတာတောင် မတူဘူးကွ။
အေး၊ စာရေးဆရာတွေ အများစုလည်း သိတယ်။ သိလျက်နဲ့ ဇွတ် လမ်းလွဲနေကြတာကတော့ သူများယောင်လို့ ယောင်တာရယ်၊ ခေတ်မီ တယ်ထင်လို့ ရေးလိုက်တာရယ်၊ ထွင်တဲ့သဘောရယ်.. ခက်တာပဲကွာ။ ထိပ်သီး စာရေးဆရာ အကျော်အမော်တချို့ကတောင်…
“တိုးတက်လာသည့် အရိပ်လက္ခဏာဟု ထင်ရပေသည်။ တကယ်တော့…”
.. ဒါ ဘာအရေးအသားတွေလဲကွ၊ အင်း… ဒီအတိုင်းသာ ဆက်ပြီး ပုံပျက်နေရင်တော့ သိပ်မကြာတော့တဲ့အချိန်မှာ “မြန်မာစာစီစာကုံး” ဆိုတဲ့ သင်နည်းထုံးဟာ လုံးလုံးပျောက်တော့မှာပဲ။
နှာ – ၁၂၇၊ ၁၂၈၊ ၁၂၉။
ဒီစာအုပ်ထဲမှာ မောင်ဝဏ္ဏရယ်၊ သုမောင်ရယ်၊ မင်းလူရယ်က ဝတ္ထုတိုတစ်ပုဒ်စီ ရေးထားကြတယ်။ ၁၉၇၈ ခုလောက်ကဆိုတော့ မင်းလူတို့၊ သုမောင်တို့က လူငယ် လူသစ်တွေ။ သူတို့ရေးတဲ့ ဝတ္ထုတိုကို သူ့အဖေ သာဓုကို ပြပြီး သုံးသပ်ခိုင်းတယ်။ မောင်ဝဏ္ဏက ‘လမ်းပေါ်မှာလေ’၊ သုမောင်က ‘သစ်ပုပ်ပင်စောင့်နတ်’၊ မင်းလူက ‘တစ္ဆေ ငါကိုယ်တိုင်ပါပဲ’။ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က သုံးယောက်စလုံးက ဖအေတူ သားတွေဆိုပေမယ့် ရေးဟန်တွေက တစ်မူစီ ကွဲပြားနေတယ်။ အတိအကျ ပြောရရင် ရေးဟန်က လေးမျိုး။ တင်ပြပုံ လေးမျိုး။ နောက်ပြီး သာဓုရဲ့ ဝေဖန်သုံးသပ်ချက်။
ဒီတော့ စာအုပ်ကို ဘယ်သူတွေ မဖြစ်မနေ ဖတ်သင့်သလဲ ဆိုတော့ စာရေးဝါသနာ ပါတဲ့လူတွေ၊ စာရေးဆရာ ဖြစ်ချင်တဲ့သူတွေ၊ စာပေဝေဖန်ရေးသမား ဖြစ်ချင်တဲ့သူတွေ ဖတ်သင့်တယ်။ တစ်ခုတော့ ရှိတာပေါ့။ သာဓု သုံးသပ်ပြသမျှကို မှန်ပါတယ်လို့ ဆိုလိုချင်တာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ခေတ် သူ့အမြင်အရ ပွင့်ပွင့်လင်းလင်း ဝေဖန်ထားတာတွေက အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ စာပေရေးသားပုံနဲ့ ပတ်သက်ပြီး ပညာရတယ်။ သားသုံးယောက်ရဲ့ ဝတ္ထုတိုတွေကို မပြောတော့ဘဲ အဖေဖြစ်သူ သာဓုရဲ့ သုံးသပ်စကားတချို့ကို အမြည်းအဖြစ်နဲ့ တင်ပြပေးလိုက်ပါတယ်။
.. ဒီမှာ မင်းလူ၊ မင်း ခုဝတ္ထုမှာ ရေးထားတယ်။
သူနှင့် ခွဲခွာရသောအခါတွင် ကျွန်တော် ဘယ်လိုနေပါလိမ့်မည်နည်း။
ကောင်းပါသလား မကောင်းပါဘူးလား ဆိုတာလည်း မသိပါ။ ဘယ်သူတွေကများ ဝမ်းနည်းခြင်း ရှိကြပါမည်နည်း။ ❞
ဖေဖေတို့ခေတ်က ကျောင်းတွေမှာ အဲဒီအတိုင်းသာ စာစီစာကုံး တစ်ဝက်၊ စကားပြောသလို တစ်ဝက်ရေးရင် ကြက်ခြေခတ်ပဲ ရမှာတင် မကဘူး၊။ ဆူလိုက် ကြိမ်းလိုက်မယ့် ဖြစ်ခြင်း၊ အရိုက်ပါ လွတ်မှာမဟုတ်ဘူး။ မြန်မာစာပေ အရေးအသားကို ကမောက်ကမ လုပ်တယ်ဆိုပြီး…
… ဟေ့ ရေးပါကွ၊ ဒီမှာ…
“သူနဲ့သာ ခွဲသွားရရင် ကျွန်တော် ဘယ်လိုများ ဖြစ်နေမှာပါလိမ့်။ ဘယ်လို ခံစားရမှာပါလိမ့်ဆိုပြီး တွေးကြည့်မိပါတယ်။“
ပြတ်ပြတ်သားသားပေါ့ကွာ။
“သူနှင့် ခွဲခွာလိုက်ရသောအခါတွင် ကျွန်တော် မည်သို့ ဖြစ်လာမည်နည်း။ မည်သို့သော ဝေဒနာမျိုး ခံစားရမည်ကို စိတ်ကူးကြည့်တတ်ပါ၏။”
သူ အံ့သြလိုက်သည်။ တကယ် မအံ့သြကြောင်း ကျွန်တော် သိနေသည် ထင်ပါသည်။
… ဒီအရေးအသားကို ဖေဖေ သဘောကျတယ်။ လဲ့ဖြူက ဟန်လုပ်ပြီး အံ့သြတဲ့သဘောသာ မဟုတ်ဘူး။ ဉာဏ်ဗိုကပါ သိပုံသိနည်းထဲမှာ အချစ်နဲ့ ပတ်သက်လို့ ရှန့်တန့်တန့် ဖြစ်နေသေးတဲ့သဘော ပေါ်လွင်နေတယ်။ “သိတယ်” လို့မှ မဆိုဘဲ။ “ထင်နေတာ” သာ ဖြစ်လို့လေ။ စာပေမှာ ဒါတွေ သိပ်အရေးကြီးတယ်။ ဂရုစိုက် လေ့လာလေ နက်နဲလေပဲ။
… သားတို့မေမေ ပြောဖူးတယ်။ သူ ကျောင်းသူဘဝက “ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့” ဆိုတာ ပိုပြီးရှင်းအောင် ဘယ်လိုပြောမလဲလို့ အမေးခံရတော့ “ပြုံးစနဲ့နဲ့ပေါ့ ဆရာ” လို့ ပြန်ဖြေခဲ့ဖူးသတဲ့။ အဲဒီနှစ်မျိုးကိုပဲ တွေးကြစမ်း၊ တွေးလေ လေးနက်လေပဲ။
ဟော… မင့်စာမူ ဒီနေရာမှာ မမကို ပြန်ပေးတဲ့စာတွေ “နတ်အုန်းသီးက ရံပန်းထည်အနီစနဲ့ ပြန်ချည်ပေးလိုက်သည်” လို့ ရေးထားတယ်။ ဒါ မင်းထွင်တာပဲ။ အထွင်လွဲနေပြီ။ ဒီမှာကွ။ စာပေသမားဆိုတာ ဖတ်သူတိုင်းက “ခင်” ဖို့လိုတယ်။ ခုလို နတ်အုန်းသီးက ရှံပန်းထည်လို့ ရေးလိုက်တော့ နတ်အုန်းသီးကို ယုံကြည်ကိုးကွယ်သူတွေက ဘယ်လိုယူဆမလဲ။ ဘာပဲဖြစ်ဖြစ် ဆန့်ကျင်ဘက်ဖြစ်သွားပြီ။ ကိုယ့်စာ ဘယ်လောက်ကောင်းကောင်း နတ်ကိုးကွယ် သူ ယုံကြည်သူက မ “ခင်” ဘဲ “ဟင်” သွားရင် နှစ်ဖက်စလုံးအဖို့ မကောင်းဘူး။ နောက် ဒီစာရေးဆရာ မဖတ်ဘူးဆိုရင်ကော နှစ်ဖက်စလုံး မနာဘူးလား။
… သူ့အုပ်စုနဲ့သူ ရှိနေသေးတော့ အနှောင့်အသွား မလွတ်တဲ့ အရေးအသားတွေ ရှောင်ကြကွာ။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသလို လွတ်လပ်စွာ မယုံကြည်ဘဲ နေခွင့်လည်းရှိတယ်။ လူသိရှင်ကြား မလုပ် မရေးသင့်တာတွေလည်း သတိထား။
… ဒါနဲ့ နေစမ်းပါဦး၊ မင်း “တုန်ယင်” သော အသံ၊ တုန်ယင်နေပါသည် တို့နဲ့ ပတ်သက်လို့ ပြောချင်တာ တစ်ခုရှိတယ်။ ဖေဖေတို့အနေနဲ့ တုန်ယင်ဆိုတာ မသုံးခဲ့ဖူးဘူး။ “တုန်ခါ”၊ “တုန်တုန်ရီရီ”၊ “တုန်တုန်ယင်ယင်” အဲသလိုသာ ရေးခဲ့ဖူးတယ်။ “တုန်ယင်” လို့ နှစ်လုံးတည်း သုံးကြတော့ တစ်မျိုးပဲကွာ။ နီးစပ်ရာ သတ်ပုံသတ်ညွှန်းဆရာတွေ မေးကြည့်ကြစမ်းပါဦး။ ဖေဖေတော့ မတွေ့မိသေးဘူးကွ။ “စပါးပင်တွေကလည်း ထိုးထိုးထောင်ထောင် ပါလားဟေ့” နဲ့ “စပါးပင်တွေကလည်း ထိုးထောင်ပါလားဟေ့” ဆိုသလို အဓိပ္ပာယ်တော့ ပေါ်ပါတယ်လေ။ နည်းနည်းတော့ ထောင့်သလိုလိုပဲ။ ဟော… ပြောရင်းနဲ့ တစ်ခုပေါ်လာပြီ။ “ထောင့်သလိုလိုပဲ” “ထောင့်သလိုပဲ”၊ “ရွာမလိုလို” နဲ့ “ရွာမလို” နဲ့ အရသာ မတူဘူးကွာ။
… ဟော သတိရပြီ မင်းလူ။ မင်းရေးတဲ့ထဲ ပါတယ်။ “ပြာမလိုလိုနဲ့ စိမ်း၊ လာမလိုလိုနဲ့ တိမ်း” အဲဒီအစား “ပြာမလိုနဲ့ စိမ်း၊ လာမလိုနဲ့ ယိမ်း” လို့ရေးရင် အပျော့အမာနဲ့ နွဲ့ပုံ မတူဘူးကွ။ အေး… “တုန်ယင်သော အသံ” နဲ့ “အသံတုန်တုန်ယင်ယင်ဖြင့်” ဘယ်ဟာ ပိုပြီး အိညက်တယ်ဆိုတာ တွက်ပေါ့ကွာ။
… အဲ… တစ်ခါက သတင်းစာတစ်စောင်မှာ မုဒိမ်းသတင်း ပါလာတယ်။ “ဦးထွားကြီးသည် အိမ်ဖော် မိန်းမပျိုအား အခန်းထဲတွင် အနှိပ်ခိုင်းနေရာမှ အဓမ္မ ဖက်လှဲပြီး ထဘီကို အတင်းလှန်၍…” တဲ့။
… တောက်၊ ခွေးမသား… မုဒိမ်းကျင့်တော့မယ့်နောက် အဝတ်အစား မှန်သမျှ ဇွတ်ချွတ်ရတယ်ဆိုတာ တစ်ကမ္ဘာလုံး သိနေတဲ့ကိစ္စ။ သတင်းထောက်က ဘာလှန်ပြနေစရာ လိုသေးလဲကွ။ ထွီ… အယ်ဒီတာကလည်း ခံတွင်းတွေ့သွားထင်ပါရဲ့၊ မပြင်ဘူး။ ဒီအတိုင်း လွှတ်ပေးလိုက်တယ်။
… အဲဒါပဲ၊ ဝတ္ထုထဲမှာ ခြင်ထောင်အခန်း ရေးချင်ရေးပါ။ ဒိပြင် သိမ်မွေ့ စွာ ဖော်ပြနိုင်တဲ့ ရေးနည်းတွေ ရှိပါတယ်ကွာ။ စာရေးဆရာက ချွတ်ပြနေစရာ မလိုပါဘူး။
