← ဘလော့ဂ်သို့ ပြန်ရန်

ဝူဟန်မှာ ဘာတွေ အမှန်တကယ် ဖြစ်ခဲ့သလဲ

စာအုပ်တွေအကြောင်း
  • အမည် – ဝူဟန်မှာ ဘာတွေ အမှန်တကယ် ဖြစ်ခဲ့သလဲ
  • ဘာသာပြန်သူ – ရဲမင်းဝင်း
  • ထုတ်ဝေသူ – SATORI Publishing
  • ပထမအကြိမ်၊ ၂၀၂၄ ခု၊ ဇွန်လ
  • စာမျက်နှာ – ၅၇၅

CDC ရဲ့ တရားဝင် ထုတ်ပြန်ချက်အရဆိုရင် COVID-19 ကပ်ရောဂါက ၂၀၂၄ ခု ဒီဇင်ဘာလမှာ ၅ နှစ်တင်းတင်း ပြည့်သွားခဲ့ပြီ။ ဘာသာပြန်သူရဲ့ အပြောအရ ဒီစာအုပ်ကလည်း ငါးနှစ်ပြည့်အထိမ်းအမှတ်အတွက် ထုတ်ထားတယ်လို့ ဆိုပါတယ်။ စာအုပ်က ဘာအကြောင်း ရေးထားသလဲ ဆိုတာကို စာအုပ်နာမည် ကြည့်ရုံနဲ့ သိလောက်ပါပြီ။ သူ့ရဲ့ ခေါင်းစဉ်ပွားက ‌“ဗိုင်းရပ်စ်က လင်းနို့က စတာလား၊ ဓာတ်ခွဲခန်းက စတာလား။ COVID-19 မူလအစ၏ လျှို့ဝှက်ချက်ကို စုံစမ်းဖော်ထုတ်ခြင်း” တဲ့။

စာအုပ်အကြောင်း မပြောခင် မူရင်းစာရေးသူအကြောင်းကို အနည်းအကျဉ်းလောက် ပြောဖို့ လိုအပ်မယ် ထင်တယ်။ ဒီစာအုပ်ရေးသူက နှယ်နှယ်ရရ ပုဂ္ဂိုလ်တော့ မဟုတ်ဘူး။ ဂျာနယ်လစ်ဇင်နဲ့ ပတ်သက်ပြီး ဆုတွေ အများကြီး ရထားတဲ့ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ်တစ်ယောက်ပါ။ ဒါကြောင့် ဒီစာအုပ်တစ်အုပ်လုံးမှာ ဖော်ပြထားတဲ့ ပုံစံက အမှုတစ်ခုလိုက်သလို၊ ပြဿနာတစ်ခု ခြေရာခံသလို ရေဆုံးမြေဆုံး လိုက်ပြီး တွေ့သမျှကို သတင်းစာဆရာ ရှုထောင့်ကနေ မှတ်တမ်းတင်ထားတဲ့ ပုံစံမျိုး ရေးသားထားတာပါ။

ကျနော်အမြင်ပြောရရင် ဒီစာအုပ်တစ်အုပ်က hypothesis အဆိုကြမ်း သုံးခုကို အခြေခံထားတယ်။ အဲဒီအဆိုသုံးခုကို မှန်ကန်ကြောင်း စာရေးသူက သက်သေပြနိုင်ဖို့ ကြိုးစားထားတယ်လို့ ယူဆမိတယ်။ အဲဒီအဆိုသုံးခုက

  1. COVID-19 ကူးစက်ရောဂါပိုးသည် ဝူဟန်ဓာတ်ခွဲခန်းမှ လွတ်ထွက်လာခြင်း ဖြစ်သည်။ တစ်နည်းဆိုသော် ယင်းဓာတ်ခွဲခန်းတွင် ယခင်ကတည်းက ရှိနေခဲ့သည်။
  2. COVID-19 ရောဂါပိုးသည် လူလုပ်ရောဂါပိုး ဖြစ်သည်။ သဘာဝအလျောက် ဖြစ်ပေါ်တိုးတက်လာသော ပိုးမဖြစ်နိုင်။
  3. ၎င်းရောဂါပိုးကို တရုတ်အစိုးရက ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

အမှန်အတိုင်း ဝန်ခံရရင် ဒီစာအုပ်ကို ခေါင်းစဉ်မြင်နဲ့ ကျနော် ဖတ်ချင်စိတ် မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခု ကမ္ဘာပေါ်မှာ ခေတ်စားနေတဲ့ တရုတ်မုန်းရောဂါ၊ တရုတ်ကြောက်ရောဂါ (Sinophobia) နဲ့ ပတ်သက်နေလို့ပါ။ မူရင်းစာရေးသူကလည်း ဩစတေးလျနိုင်ငံသူဆိုတော့ ပိုတောင် စိတ်ဝင်စားမှု လျော့သွားသေးတယ်။ အခု ဩစတေးလျက တရုတ်ကို တော်တော် allergic ဖြစ်နေတာကိုး။ မြို့တော်ဝန်ရွေးကောက်ပွဲကိုတောင် တရုတ်က ဝင်စွက်နေပါတယ်လို့ စွတ်စွဲနေကြတာကလား။ ထားတော့။

ဒါပေမယ့် ဘာသာပြန်သူက ကိုယ့်သူငယ်ချင်းလည်း ဖြစ်နေပြန်၊ သူက ဖတ်ကြည့်ဖို့လည်း စာအုပ်လာပေးထားတာ ဆိုတော့ကာ နည်းနည်း မြည်းကြည့်တာပေါ့ ဆိုပြီး စဖတ်ဖြစ်လိုက်တယ်။ အဲဒီမှာ … အဲဒီမှာ ကျနော် စိတ်ဝင်စားတဲ့ အကြောင်းအရာ အတော်များများကို တွေ့လာ၊ ဖတ်လာရတယ်။

စာအုပ်နာမည်က ဝူဟန်မှာ ဘာတွေ ဖြစ်ခဲ့သလဲ လို့ ပေးထားပေမယ့် တကယ်တမ်းတော့ ဝူဟန်အကြောင်းတင်မကဘူး။ ကျနော် ဝူဟန်အကြောင်းကို စိတ်မဝင်ဘူး။ တကယ်ဆို ဒီစာအုပ်ကို ဝူဟန်မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာထက် “ဝူဟန်မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို စုံစမ်းဖို့အတွက် ကြိုးစားကြရင်း ဝါရှင်တန်မှာ ဘာတွေ အမှန်တကယ် ဖြစ်ခဲ့သလဲ” လို့ နာမည်ပေးရင် ပိုမှန်လိမ့်မယ် ထင်တယ်။ ကျနော် စိတ်ဝင်စားတာက အဲဒါ။ ဝါရှင်တန်မှာ ဘာတွေ ဖြစ်ခဲ့သလဲ။ အမေရိကန်မှာက သတင်းလွတ်လပ်ခွင့် ရှိတော့ အဲဒီအချိန်၊ အဲဒီကာလမှာ အိမ်ဖြူတော်အတွင်း ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာက သတင်းအချက်အလက်အရ မှားယွင်းချွတ်ချော်ဖို့ ခဲယဉ်းလှတယ်။ ဝူဟန်မှာ ဖြစ်တဲ့ကိစ္စကတော့ ရသလောက်သတင်းပေါ် မူတည်ပြီး မှန်းတုပ်ရတာ ဆိုတော့ မှားနိုင်ခြေဆိုတာ ရှိသေးတယ်။ ဒါကြောင့် ဝါရှင်တန်မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ကျနော်က ပိုစိတ်ဝင်စားတယ်။

ဝါရှင်တန်မှာ ဘာတွေ ဖြစ်ခဲ့သလဲ။ အတိအကျ ပြောရရင် အိမ်ဖြူတော်မှာ ဘာတွေ ဖြစ်ခဲ့သလဲ။ ကူးစက်ရောဂါတစ်ခု ဖြစ်နေပြီလို့ သတင်း မသိုးမသန့် ရစကတည်းက ဒေါ်နယ်ထရန့်ကို လက်တို့ခဲ့ကြတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ထရန့်က အဖတ်မလုပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်က တရုတ်နဲ့ယူစက်က ကျေအေးခါစအချိန် ဖြစ်နေတယ်။ ကုန်သွယ်ရေးစစ်ပွဲကို ရပ်ပြီး သဘောတူစာချုပ် ချုပ်ဖို့ လုပ်နေကြတဲ့အချိန်။ ဒီတော့ ထရန့်က သူ့ထုံးစံအတိုင်း သူ့ပြိုင်ဘက်ကို လိုတာထက်ပိုပြီး မြှောက်ပြောနေတဲ့အချိန်။ ရှီကျင့်ဖင်ကို ချီးမွမ်းနေတဲ့အချိန်။ ဒီတော့ ရှီ စိတ်ဆိုးအောင်၊ မျက်နှာညှိုးအောင် သူ မလုပ်ချင်ဘူး။ အဲဒီပေါ့ဆမှုကြောင့်ပဲ ကပ်ရောဂါပိုးက အမေရိကန်မြေကို လွယ်လွယ်နဲ့ ခြေချသွားနိုင်ခဲ့တယ်။

နောက်ပိုင်း ယူစက်မှာ ကိုဗစ်တွေ အသည်းအသန် ဖြစ်တော့ ကိုဗစ်၁၉ ကို စုံစမ်းနေတဲ့ အဖွဲ့ကလည်း အတော် ခရီးရောက်နေပြီ။ ပြောရရင် ထရန့်ကလည်း ရှီနဲ့ မတည့်ပြန်တော့ဘူး။ နောက်ပြီး ထရန့်ကိုလည်း သူ့ပြည်သူတွေက အတော် ချဉ်နေကြပြီ။ သောက်တလွဲတွေ လုပ်လို့။ ထရန့်ကလည်း China Virus ဆိုပြီး လူသိရှင်ကြား ပုတ်ခတ်လာနေတော့ တတ်သိပညာရှင်တွေက၊ သိပ္ပံပညာရှင်တွေက ဘယ်ဘက်က ပါမလဲလို့ ရွေးချယ်လာရသလို ဖြစ်လာတော့တယ်။ သဘောက ထရန့်ပြောတာကို ထောက်ခံရင် ထရန့်လူဖြစ်မယ်။ မထောက်ခံရင် တရုတ်လူဖြစ်မယ် ဆိုတာမျိုး။ ဒီတော့ သုတေသန လုပ်ငန်းနဲ့သာ ဆက်စပ်နေတဲ့ ခေါင်းစဉ်တစ်ခုက နိုင်ငံရေးဆန်လာတယ်။ တကယ်တမ်း ဆိုရင် ကိုဗစ်၁၉ က လူလုပ်‌ဗိုင်းရပ်စ် ဟုတ်မဟုတ် ဆိုတဲ့ ခေါင်းစဉ်က သုတေသနနယ်ပယ်နဲ့ပဲ စပ်ဆိုင်နေရမှာ မဟုတ်လား။ အခုတော့ ထရန့်လို၊ ပွန်ပီယိုလို နိုင်ငံရေးသမားတွေရဲ့ အသုံးချမှုကြောင့် နိုင်ငံရေးသဘော ဆန်လာတော့တယ်။ ဒါကြောင့်လည်း ထရန့်ကို ချဉ်တဲ့၊ ရွံတဲ့၊ မဆက်ဆံချင်တဲ့ လူတွေ၊ အဖွဲ့တွေက အဲဒီခေါင်းစဉ်ကို လက်ရှောင်ကုန်ကြတယ်။ ဒီစာအုပ်ထဲမှာ ပါတဲ့အတိုင်းဆိုရင် CIA တို့လို၊ DHA (Defense Health Agency) တို့လို အဖွဲ့အစည်းတွေကတောင် လက်ရှောင်လာကြတယ်။ ဒါကြောင့် အဲဒီကိုဗစ်ဗိုင်းရပ်စ်ကို နိုင်ငံတော်အဆင့်အနေနဲ့ စုံစမ်းထောက်လှမ်းဖို့ မဖြစ်နိုင်ခဲ့ဘူး။ WHO ကတော့ စုံစမ်းစစ်ဆေးရေး လုပ်ခဲ့တာပါပဲ။ ဒါပေမယ့် တရုတ်ကို ပင်းပါတယ်လို့ ထရန့်က စွပ်စွဲနေတော့ကာ ထရန့်ကို ယုံမလား၊ WHO ကို ယုံမလားလို့ ရွေးချယ်ရမလို ဖြစ်လာတယ်။ ဒီတော့ အများစုက ထရန့်ကို မယုံဖို့ ရွေးချယ်လိုက်ကြရော။

ပြောရရင် ဒီကိုဗစ်ရဲ့ မူလဘူတ ပြဿနာက နိုင်ငံရေးနဲ့ မနွှယ်ခဲ့ရင်၊ Sinophobia နဲ့ မပတ်သက်ခဲ့ရင် အဖြေရှာရတာ ဒီလောက် ခက်ခဲခဲ့လိမ့်မယ် မထင်ဘူး။ အခုတော့ ငါးနှစ်တာ ကုန်သွားတယ်။ ဘာအဖြေမှ တိတိကျကျ ထွက်မလာခဲ့ဘူး။ အမေရိကန်နိုင်ငံမှာကလည်း ထရန့်ရဲ့ ဆန္ဒအတိုင်း လိုက်ပြီး ခေါင်းညိတ်ရမှာကို ကြောက်နေခဲ့ကြတယ်။ CIA, CDC ညွှန်ချုပ်‌တွေကအစ ကြောက်နေခဲ့တာ။ ထရန့်ရဲ့ ဗီဇစရိုက်ကြောင့်ပဲ သူ့လက်ထက်မှာ အစိုးရအဖွဲ့က မသိမသာ နှစ်ခြမ်းကွဲသွားခဲ့တယ်။ ဘာလုပ်လုပ် ထရန့်ကို ထောက်ခံတဲ့အဖွဲ့နဲ့ ထောက်ခံမိသလို အထင်ခံရမှာ ကြောက်တဲ့အဖွဲ့။ ဒါကြောင့်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ သူ ရှုံးခဲ့တာ ဖြစ်မယ်။ အဲဒီအကြောင်းကို စာမျက်နှာ ၄၁၈ မှာ အခုလို ရေးထားတယ်။

ပထမတစ်ချက်ကတော့ ထရန့်က ဧပြီလမှာ ဗိုင်းရပ်စ်က ဓာတ်ခွဲခန်းက ပေါက်ကြားတာ ဖြစ်နိုင်တယ်ဆိုတဲ့ သီအိုရီကို ပြောကြားခဲ့ပြီး ဘယ်သူကမှ သူအမှန်ပြောနေ တယ်လို့ မယူဆခဲ့ကြလို့ပါ။ ဒုတိယအချက်အနေနဲ့ကတော့ အချို့ သိပ္ပံပညာရှင်တွေက သူတို့ရဲ့ သုတေသနတွေကို ပိတ်ပင်တားဆီးပြီး သူတို့ အပေါ် စည်းကမ်းသတ်မှတ်မှုတွေ လုပ်မှာကို ကာကွယ်ချင်တဲ့အတွက် ဖြစ်ပါတယ်။

“ဆိုးဆိုးရွားရွားဖြစ်ခဲ့တာက သက်သေအထောက်အထားနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေအပေါ် ပိတ်ပင်ခဲ့မှုတွေပဲ၊ ကျွန်တော်တို့မှာ ငြင်းခုံဆွေးနွေး နိုင်မယ့် ပတ်ဝန်းကျင်လိုအပ်တယ်” လို့ ဆာရစ်ချတ်က ပြောပါတယ်။ “ထရန့် ပြောခဲ့တာနဲ့ လုပ်ခဲ့တာတွေကြောင့် ဘယ်သူကမှ ထရန့် ဘက်တော်သား အဖြစ် အထင်မခံချင်ကြဘူး။ ဗိုင်းရပ်စ်ပညာရှင်တွေရဲ့ ရပ်တည်ချက်ကိုတော့ သူတို့အပေါ် နိုင်ငံတကာစည်းကမ်းကြပ်မတ်မှုတွေ ဖြစ်လာမှာကို ကြောက်ရွံ့တာကြောင့်ဆိုတဲ့အချက်နဲ့ ယေယုယျအားဖြင့် ရှင်းပြလို့ရပါတယ်။ သူတို့အပေါ် နိုင်ငံတကာစည်းကမ်းတွေနဲ့ ကန့်သတ်မှာကို မလိုလားကြဘူး။ သူတို့က ဒါကို ဇီဝစစ်ပွဲတစ်ခု၊ နိုင်ငံတကာစည်းကမ်းတွေနဲ့ ကြပ်မတ်ရမယ့် ကိစ္စတစ်ခုအနေနဲ့ ဆက်ဆံမှာကို မလိုလားကြဘူး”

ဒေးဗစ်စတီးဝဲလ်ကလည်း ထရန့်အပေါ်မှာရှိနေတဲ့ အမုန်းတရားတွေက သိပ္ပံပညာရပ်ဆိုင်ရာ ဆွေးနွေးမှုတွေအပေါ် လွှမ်းမိုးစေခဲ့တယ်ဆိုတဲ့ အချက်ကို ကောင်းကောင်း နားမလည်နိုင်ကြသေးဘူးလို့ ပြောခဲ့ပါတယ်။ “ဒါက လူတွေ သူ့ကို ဘယ်လောက်မုန်းတီးကြသလဲ ဆိုတာကို ပြသနေတယ်။ လူတွေဘက်က ပြတ်ပြတ်သားသား ဖြစ်သွားစေတဲ့ အရာတွေပဲ။ ဒေါ်နယ် ထရန့် ပြောခဲ့တာကြောင့် သိပ္ပံပညာရှင်တွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို စတေးပြီး ဓာတ်ခွဲခန်း ပေါက်ကြားမှုက မဖြစ်နိုင်ပါဘူးလို့ ပြောလိုက်ကြတာပဲ” လို့ ပြောပါတယ်။

အထက်မှာ ကျနော် ပြောခဲ့သလိုပဲ။ စာရေးသူက အဆိုကြမ်းသုံးခုကို သက်သေပြနိုင်ဖို့ ကြိုးစားခဲ့တယ်။ (၁) အဆိုဖြစ်တဲ့ ဝူဟန်ဓာတ်ခွဲခန်းကနေ လွတ်ထွက်သွားတာ မှန်ကြောင်း သက်သေပြဖို့အတွက် အဲဒီကိုဗစ်၁၉ ဗိုင်းရပ်စ်ဟာ ၂၀၁၉ ခု ဒီဇင်ဘာလ မတိုင်ခင်ကတည်းက ဝူဟန်ဓာတ်ခွဲခန်းထဲမှာ ရှိနေပါတယ်လို့ သက်သေပြနိုင်ဖို့ လိုတယ်။ အဲဒီလို သက်သေပြနိုင်အောင်လည်း ဘက်ပေါင်းစုံကနေ ကြိုးစားထားပါတယ်။

(၂) အဆိုဖြစ်တဲ့ ကိုဗစ်၁၉ ဗိုင်းရပ်စ်က လူလုပ်ဗိုင်းရပ်စ်ပါလို့ သက်သေပြနိုင်ဖို့ အတွက်လည်း အထောက်အထားတွေ အများကြီးနဲ့ တင်ပြထားတာ တွေ့ရပါတယ်။ အဲဒီအပိုင်းကတော့ Bioengineering အပိုင်း၊ technical အရမ်းဆန်တယ်လို့ ပြောလို့ ရတယ်။ ဒီအပိုင်းမှာ လူလုပ်ဗိုင်းရပ်စ်နဲ့ သဘာဝဖြစ်ဗိုင်းရပ်စ်က ဘာတွေ ကွာခြားသလဲ။ အခု ကူးစက်နေတဲ့ ကိုဗစ်၁၉ ဗိုင်းရပ်စ်ရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေက ဘာတွေလဲ။ အဲဒီအထဲက ဘယ်လက္ခဏာတွေက သဘာဝဗိုင်းရပ်စ်နဲ့ တူပြီး ဘယ်လက္ခဏာတွေကတော့ သဘာဝအလျောက် အလိုလို မဖြစ်နိုင်လို့ လူလုပ်တာပဲ ဖြစ်ရမယ်လို့ သတ်မှတ်နိုင်တယ် ဆိုတာမျိုး။

(၃) အဆိုဖြစ်တဲ့ ကိုဗစ်၁၉ ကို တရုတ်အစိုးရက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်ခဲ့တယ် ဆိုတာကတော့ နိုင်ငံရေးတော်တော်ကြီး ဆန်သွားပြီ။ ကျနော်အထင် စာရေးသူကိုယ်၌ကလည်း Sinophobia ရှိတယ် ထင်ပါရဲ့။ ဘာဖြစ်လို့လဲဆိုရင် မလိုအပ်ဘဲနဲ့ တရုတ်ကွန်မြူနစ်၊ တရုတ်ကွန်မြူနစ်ဆိုပြီး သုံးနေတာ ၁၀ ကြိမ်ထက် မနည်းဘူး။ တကယ်ဆို တရုတ်အစိုးရ၊ ဒါမှမဟုတ် ရှီကျင်းဖင်အစိုးရလို့ သုံးရင်ကိုပဲ လုံလောက်နေပါပြီ။ တရုတ်ကွန်မြူနစ်တွေက ဘယ်လို၊ တရုတ်ကွန်မြူနစ်ပါတီက ဘယ်နှယ် ဆိုတာမျိုး။ ပြီးတော့ တရုတ်အဖွဲ့အစည်း အတော်များများကို ကွန်မြူနစ်ပါတီနဲ့ ချိတ်ဆက်ပစ်တာမျိုးက virus ကို politicized နိုင်ငံရေးဇာတ်သွင်းတဲ့သဘောမျိုး သက်ရောက်နေတယ်။

ဒါကြောင့် ပြောသမျှကို အကျဉ်းချုပ်ရရင် ကျနော်အနေနဲ့က ပထမအဆိုနှစ်ခုကို လက်ခံချင်သလိုလို ရှိပေမယ့် တတိယအဆိုကိုတော့ လိုရာဆွဲယူတဲ့အဆိုလို့ပဲ လက်ခံလိုက်မိတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ။ အဲဒီအဆိုကြမ်းသုံးခုကို သက်သေပြနိုင်ဖို့အတွက် စာရေးသူက ဝူဟန်မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ရသလောက် သတင်းအချက်အလက်နဲ့ ဝေဖန်ပြတယ်။ ပြီးတော့ ဝါရှင်တန်မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကိုလည်း ပိုပြီး ခိုင်လုံတိကျတဲ့ အချက်အလက်တွေနဲ့ တင်ပြသွားခဲ့တယ်။ အဲဒီထက် ပိုပြီး သဘောကျ စိတ်ဝင်စားမိတာက ဝူဟန်ဓာတ်ခွဲခန်းအကြောင်း၊ အဲဒီဓာတ်ခွဲခန်းကို ဦးဆောင်နေတဲ့ လင်းနို့လေဒီအကြောင်း၊ ပြီးတော့ ဓာတ်ခွဲခန်းမှာ လုပ်နေတဲ့ သုတေသနတွေအကြောင်း၊ အဲဒီ သုတေသနတွေကို လူအားငွေအား ထောက်ပံ့နေကြ၊ ထောက်ပံ့ခဲ့ကြတဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာက အဖွဲ့အစည်းတွေအကြောင်း၊ နောက်တော့ ဗိုင်းရပ်စ်ရဲ့ မူလဘူတကို လေ့လာတဲ့အကြောင်း၊ ဗိုင်းရပ်စ်ရဲ့ သဘောလက္ခဏာအကြောင်း၊ လူလုပ်ဗိုင်းရပ်စ်အကြောင်း၊ စတဲ့ စတဲ့ အကြောင်းပေါင်းများစွာ၊ မသိသေးတဲ့ ဗဟုသုတပေါင်းများစွာကို ဖတ်ရှုခွင့် ရတဲ့အတွက်

ဘာသာပြန်သူ ရဲမင်းဝင်းကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း …..

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *